ဖက်တီးပိုင်
Vol. 12 Ch. 1139
ဤသက်စောင့်အားများမှာ အလွန်အားကောင်းလှသောကြောင့် ထာဝရထီးနက်မှာ သိသိသာသာ တုန်ရီနေတော့သည်။ ထီးရွက်အပေါ်ရှိ သရဲမျက်နှာကြီးမှာမူ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာကာ အသက်ဝင်နေသည့်ပုံပေါ်သွားသည်။ သရဲမျက်နှာကြီးက ငိုလည်းမငို၊ ရယ်လည်း ရယ်မနေဘဲ မျက်လုံးများသာ အဆမတန်ပြူးကျယ်လာခြင်းဖြစ်သည်။
သက်စောင့်အားများကို စုပ်ယူလာခဲ့သည့် ၎င်း၏ဘဝတလျှောက် ယခုလိုကြောက်ခမန်းလိလိ သက်စောင့်အားများဖြင့် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရသည့် နေ့တစ်နေ့ကို တစ်ခါမှ စိတ်မကူးမိခဲ့ဖူးသည့်အလားပင်။
ဘေးတွင် ကုန်းစွန်းဝမ်အာမှာ တအံ့တသြဖြင့် ကြည့်နေရှာ၏။
" နင် ... နင် သူ့သက်စောင့်အားတွေကို ခိုးနေတာလား...."
သူမက ဘာမှမစဥ်းစားနေတော့ဘဲ ရေရွတ်လိုက်သည်။ ပိုင်ရှောင်ချန်းက ဤကဲ့သို့အတင့်ရဲကာ ရူးမိုက်သောအဆင့်ကို ထုတ်ဖော်ပြသနေခြင်းအား မြင်ရသည်မှာ သူမ စိတ်ကူးယဥ်နိုင်သမျှထက် ကျော်လွန်နေပေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ပိုင်ရှောင်ချန်းက က္ကန္ဒြေမပျက် အကုန်လုံး ယူနေပုံရ၏။ အမှန်တွင် သူ၏စိတ်အစဥ်ကို အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်ကာ ဘာမှမတွေးတောနိုင်အောင်ဖြစ်စေပြီး သူ၏ခန္ဓာကိုယ်ထဲစီးဝင်နေသော တောင်တန်းများပြိုလဲ၍ ပင်လယ်တို့ခမ်းခြောက်သွားစေသည့် သက်စောင့်အားများကြောင့်သာ ဖြစ်ပေသည်။
သူ၏ ဦးနှောက်မှာ ကောင်းကင်ဘုံမှလာသော မိုးကြိုးတစ်သန်းဖြင့် အပစ်ချခံလိုက်ရသည့်အလားပင်။ တခြားကောင်းကင်ဧကရာဇ်တစ်ပါးပင် ဤမျှများပြားသော သက်စောင့်အားများကို လက်ခံနိုင်မည်မဟုတ်ပေ။ သို့သော် သူ၏အပြင်ခန္ဓာကိုယ်အဆင့်နှင့် ထာဝရအသက်ရှည်နည်းပညာရပ်အား ကျင့်ကြံထားသည်ကို ထည့်တွက်ပါက ဤသက်စောင့်အားနှင့် ရင်ဆိုင်ရသည်မှာ ပန်းခြံထဲ လမ်းလျှောက်နေသည့်အလား ဖြစ်လေသည်။
အချိန်အနည်းငယ်ကြာသော် သူ၏အရိုးမှ တဂျွတ်ဂျွတ်အက်ကွဲသံများထွက်လာပြီး သူ၏အသွေးအသားတို့ ဖောင်းကားလာသည်။ သူက အကန့်အသတ်ရောက်သည်အထိ လုံးဝပြည့်ကျယ်လာနေသည်ကို ခံစားနေရပြီဖြစ်သည်။ ထိုသည်က အသက်တစ်ရှိုက်သာ ကြာသေးသည်။
သို့သော် ပြည့်ကြည်နေသည့်တိုင် သက်စောင့်အားက သူ့ကိုယ်ထဲ ဆက်စီးနေသေးသည်။ ကြည့်သရွေ့ ဥအိတ်ကြီးမှာ စောစောက လုံးဝပြီးမြောက်လုနီးပါးအဆင့်တစ်ခုကို ရောက်ခဲ့ပြီးဟန်တူသည်။ ထို့ကြောင့် ထာဝရထီးကို ၄င်းအတွင်း ထိုးထည့်လိုပ်သောအခါ ရုတ်တရက် လေလျော့သွားသော ပူဖောင်းကဲ့သို့ သက်စောင့်အားများ တဟုန်ထိုးထွက်လာခြင်း ဖြစ်သည်။
ဥအိတ်ကြီးကို ထိုးစိုက်စဥ်ကတည်းက ကုန်လွန်သွားသော အချိန်၏ ဒုတိယတစ်ရှိုက်တွင် သူ၏ ထာဝရအသက်ရှည်နည်းပညာရပ်၏အခြေခံမှာ ပျက်စီးတော့မတတ် တုန်ခါလာပြီးနောက် ရောစပ်ခံလိုက်ရသည့်အလား တောင့်တင်းခိုင်မာလာ၏။ ထို့နောက် စွမ်းအားအထွတ်အထိပ်ကို ရောက်နေပြီးဖြစ်သော သူ၏ထာဝရအသက်ရှည်နည်းပညာရပ်ကား စတင်ပြောင်းလဲလာတော့သည်။
ပိုင်ရှောင်ချန်း၏အရှိန်အဝါက ပို၍အားကောင်းလာကာ တဟုန်ထိုး မြင့်တက်သွားသဖြင့် တဂျိန်းဂျိန်းထစ်ခြုန်းသံများ ပဲ့တင်ထပ်သွား၏။ သူသည် အစောပိုင်း ကောင်းကင်ဧကရာဇ်အဆင့်တွင် ဖြစ်နေသေးသော်လည်း သူ၏အဆင့်ကို ကြည့်နိုင်သည့် မည်သူမဆို သူ့ကို အလယ်ပိုင်း ကောင်းကင်ဧကရာဇ်အဆင့်၏ အထွတ်အထိပ်ဟူ၍သာ မှတ်ချက်ချလိမ့်မည် ဖြစ်သည်။
ထို့နောက် တတိယတစ်ရှိုက်။ ပိုင်ရှောင်ချန်း ခန္ဓာကိုယ်၏ အခြေခံများသည် အကန့်အသတ်ကို ရောက်ခဲ့ပြီးသည့်ပုံပေါ်သည့်တိုင် သက်စောင့်အားများကား သူ့ကိုယ်ထဲ ဆက်လက်စီးဝင်နေသေးရာ သူ့ကို လေပူဖောင်းကြီးတစ်လုံးကဲ့သို့ ဖောင်းပွလာစေတော့သည်။ မျက်စိတစ်မှိတ်အတွင်း ကုန်းစွန်းဝမ်အာကြည့်နေဆဲမှာပင် ယခင်က အချိုးအစားကျသော ပိုင်ရှောင်ချန်ကား ဧရာမလူဝကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားလေပြီ။
သူသည် အဆီတောင်တစ်လုံးမဟုတ်ဘဲ ဝိုင်းစက်သော ဘောလုံးကဲ့သို့ ဖက်တီးကြီးဖြစ်နေပေသည်။
ဤအချိန်တွင် သူက ယခင်ခန္ဓာကိုယ်၏ ဆယ်ဆ ကြီးမားနေတော့သည်။ အမှန်တကယ်ဆိုရလျှင် ထိုအခိုက်တန့်တွင် သူအသိ ပြန်ဝင်သွားပါက သူ့ကိုယ်သူ သေချာပေါက်ကြည့်၍ စိတ်စွမ်းအင်နတ်ရေဂိုဏ်း၏ စားဖိုဆောင်၌ ပထမဆုံးတွေ့ခဲ့တုန်းက ဖက်တီးကျန်းကြီး၏ အသွင်ကို ပြန်တွေးမိမည် ဖြစ်သည်။
ဤအရာအားလုံးအား ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း တကယ်တမ်း အသက်ရှူချိန်သုံးကြိမ်အတွင်းသာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ အသက်ရှူချိန်လေးကြိမ်မြောက် ရောက်လာသောအခါ ဥအိတ်ကြီးက ဟိန်းဟောက်သံကြီးတစ်ခု အော်ထုတ်လိုက်ရာ ရွှမ်ကျုံးပြည်နယ်တစ်ခုလုံး တုန်လှုပ်သွားတော့သည်။
၄င်းမှာ တစ်ခါမှ မကြုံဖူးသော အမျက် ၊ဒေါသနှင့် စိတ်ပျက်ခြင်းတို့ဖြင့် ပြည့်နှက်နေသည့် ဟိန်းဟောက်သံကြီးတစ်သံ ဖြစ်၏။ ထိုအသံထဲတွင် အံ့သြခြင်းနှင့်အတူ မယုံကြည်နိုင်မှူအနည်းငယ်လည်း ကိန်းအောင်းနေသည်။ ဟိန်းဟောက်သံကြီးက ကုန်းစွန်းဝမ်အာ၏နားထဲ ရောက်လာသောအခါ သူမ၏ နတ်ဘုရားအာရုံနှင့် ရုပ်ခန္ဓာကိုယ်ပင် အပိုင်းပိုင်းစုတ်ပြဲတော့မတတ် ခံစားလိုက်ရတော့သည်။
သူမ၏ ပါးစပ်မှ သွေးများပန်းထွက်လာကာ သူမက အံ့ဩတုန်လှုပ်စွာ နောက်သို့ တဟုန်ထိုး ဆုတ်လိုက်သည်။ ထိုဒေါသတကြီးဟိန်းဟောက်သံအတွင်း ပါရှိသည့် စွမ်းအားက ကောင်းကင်ဧကရာဇ်တစ်ပါးထက် သာလွန်လေရာ သူမ၏မျက်ဝန်းလေးများထဲတွင် စိတ်ပျက်သွားသောအရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူမမှာ မျက်လုံးများ၊ နားများ၊ နှာခေါင်း၊ ပါးစပ်နှင့် မွှေးညှင်းပေါက်များမှပင် သွေးများစီးကျလျက်သာ နောက်ဆုတ်နိုင်လိုက်တော့သည်။
၄င်းတို့အားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွား၏။ ကုန်းစွန်းဝမ်အာ နောက်ဆုတ်လိုက်စဥ် ပိုင်ရှောင်ချန်းသည် သူ့ကို ရန်လိုနေသော ဟိန်းဟောက်သံ၏ စွမ်းအားကို ခံစားလိုက်ရပြီး ထာဝရထီးနက်မှာမူ ဥအိတ်ကြီးအတွင်းမှ ၄င်းထံ ဦးတည်လာနေသော ဧရာမအားကြီးတစ်ခုကို ခံစားလိုက်ရလေသည်။
ထီးနက်၏ လက်ကိုင်တွင် အက်ကြောင်းများ ပျံ့နှံ့လာပြီး ၄င်း၏အကိုင်းများမှာ အစိတ်စိတ်အမြွှာမြွှာကွဲကြေတော့မည့် လက္ခဏာများ စတင်ပြသလာလေသည်။ သရဲမျက်နှာကြီးမှာ ၄င်းကိုယ်တိုင်ထက် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုဖြင့် ရင်ဆိုင်နေရကြောင်း သဘောပေါက်လိုက်သဖြင့် တဆတ်ဆတ်တုန်ရီနေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းသာ ဖြစ်ပျက်နေသည်များကို ရင်ဆိုင်နိုင်ဟန်တူ၏။ သူသည် ယခုတွင် သူမတူထူးကဲစွာ ဝတုတ်နေပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်အတွင်း၌ သက်စောင့်အားများစွာရှိသောကြောင့် ဟိန်းဟောက်သံက သူ့ကို မဆိုစလောက်သာ မူးဝေသွားစေသည်။ သို့သော် အသက်ရှုချိန်အနည်းငယ်ကြာပြီး သူအသိပြန်ဝင်လာသောအခါ ဟိန်းဟောက်သံ၏ ပြင်းအားက ပို၍တိုးပွားလာတော့သည်။ ကုန်းစွန်းဝမ်အာ၏ ပါးစပ်မှ သွေးများတရပ်စပ်စီးကျလာပြီး အချိန်မရွေး ပြိုလဲတော့မည့်အလား ဒယိမ်းဒယိုင်ဖြစ်နေလေပြီ။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ဟိန်းဟောက်သံကြီးထဲရှိ အမျက်ဒေါသကို အာရုံရလိုက်လေသည်။
သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် တဝေါဝေါတိုက်ခတ်နေသော လေမုန်တိုင်းကဲ့သို့ အရာတစ်ခုကိုလည်း ခံစားလိုက်ရ၏။ နှစ်ခုလုံးက သူ့မျက်နှာကို ပျက်ယွင်းသွားစေပြီး ပါးစပ်ထောင့်မှ သွေးများစီးကျလာစေတော့သည်။ ကံကောင်းထောက်မစွာ အရွယ်အစားကြီးသည့်တိုင် သူက အတော်လေးသွက်လက်စွာ လှုပ်ရှားနိုင်သေးသည်။ ကုန်းစွန်းဝမ်အာက သွေးများဖြင့်ရွှဲရွှဲစိုနေပြီး သတိလစ်တော့မည်ကို သတိထားမိပြီးနောက် သူက အင်္ကျီလက်စကိုခါယမ်းပြီး သူ၏ဧရာမဗိုက်ကြီးအပေါ် ပွေ့ထားလိုက်သည်။
သူက ရင်တဒိန်းဒိန်းခုန်လျက် ဧရာမအက်ကြောင်းကြီးထဲမှ တတ်နိုင်သမျှ မြန်မြန်ထွက်ရန် မျှော်လင့်၍ နောက်ဆုတ်လိုက်သည်။ တချိန်တည်းမှာပင် ဟိန်းဟောက်နေသော ဥအိတ်ကြီးပေါက်ပြဲလာ၏။ အက်ကြောင်းများ ၄င်း၏မျက်နှာပြင်ပေါ်တွင် တဖျစ်ဖျစ် ပေါ်လာတော့သည်။ များသောအားဖြင့် ထာဝရထီးနက်၏ ထိုးစိုက်ခံခဲ့ရသည့် နေရာမှဖြစ်သည်။ သိသာစွာပင် ၄င်းထဲတွင် ကြီးထွားလာခဲ့သော သတ္တဝါကား ထွက်ပေါ်လာတော့ပေမည်။
ပိုင်ရှောင်ချန်းမှာ အသက်မနည်းရှူ၍ မယုံကြည်နိုင်ဖွယ်ကောင်းသော အမြန်နှုန်းရရှိရန် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား အားလုံးနှင့်အတူ သူ့ကိုယ်တွင်းရှိ အရန်သက်စောင့်အားများကို ဆင့်ခေါ်လိုက်သည်။
သူ အက်ကြောင်းမှ ထွက်ခွာတော့မည်ဆဲဆဲ၊ ဥအိတ်ကြီး၏ တစ်ပိုင်းတစပေါက်ကွဲသွားပြီး စေးပျစ်ပျစ်အရည်များ တစ်စက်စက်ကျနေလျက် အကြေးခွံများဖုံးနေသော သွေးရောင်လက်ကြီးထွက်လာသဖြင့် ပြင်းထန်သောအက်ကွဲသံများ လေထဲ ပြည့်နှက်သွားလေသည်။
၄င်းတွင် လက်လေးချောင်းသာရှိပြီး လက်ချောင်းများ၏အဆုံးတွင် ဓားသွားတမျှ စူးရှချွန်ထက်သော လက်သည်းများရှိ၏။ ၄င်းသည် နက်နက်နဲနဲ သေစေနိုင်သော မကောင်းဆိုးဝါးအာရုံတစ်ခုကို ထုတ်လွှတ်နေလေသည်။
လက်ကြီးထွက်လာသည်နှင့် ရွှမ်ကျုံး ပြည်နယ်အတွင်းတွင်သာမက အပြင်ဘက်ကမ္ဘာ မိုးကောင်းကင်ကြီး တဖျပ်ဖျပ်လက်သွား၏။
ထို့နောက် ကြက်သွေးရောင်အကြေးခွံကြီးသည် ထွက်ပြေးနေသော ပိုင်ရှောင်ချန်းရှိရာဘက် တဟုန်ထိုးထွက်သွားတော့သည်။
၄င်းသည် ကောင်းကင်ဧကရာဇ်အဆင့်ထက် ကျော်လွန်သော ကောင်းကင်ဖျက်စီးကာ ကမ္ဘာပျက်သုဥ်းစေသည့် အင်အားကြီးတိုက်ကွက်တစ်ကွက်ကို ထုတ်လိုက်သည်။
သေစေနိုင်သော အန္တရာယ်ကြီး၏ ပြင်းထန်သော အာရုံကြီးက ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်လာသည့်အတွက် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ သူ၏ ပထမအသိမှာ ကုန်းစွန်းဝမ်အာထံ ယပ်တောင်အစုတ်ကြီး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြမည်ဟုဆိုလျှင်တောင်မှ ယပ်တောင်အစုတ်ကြီးထံ သွားရန်ကိစ္စ ရှိနေသည်။
ကံဆိုးစွာပင် ပိုင်ရှောင်ချန်း၏လက်ရှိစွမ်းအားအဆင့်ဖြင့် ဖြတ်မသွားနိုင်သော အတားအဆီးဖြစ်သည့် ပြည်နယ်တစ်ခုလုံးကို ပိတ်ဆို့ထားသော ပင့်ကူအိမ်များက စွမ်းအင်ချိတ်ဆက်မှုအမျိုးအစားအားလုံးကိုလည်း ဖြတ်တောက်ထားပေသည်။
ထိုဘေးကြပ်နံကြပ်အခိုက်အတန့်ကြီးတွင် ပိုင်ရှောင်ချန်းမှာ ကမူးရှူးထိုးဖြစ်သွား၏။ သူက ဟိန်းဟောက်ကာ မြောက်ပိုင်း၏မဟာဓားကို ဆင့်ခေါ်၍ သူ့နောက်ရှိလေထုကို ခုတ်ပိုင်းပစ်လိုက်ရာ အကာအကွယ် ဒိုင်းတစ်ခုအသွင် ပုံပြောင်းသွားလေသည်။ ကုန်းစွန်းဝမ်အာမှာမူ သတိလစ်ခါနီးဆဲဆဲဖြစ်နေသည့်တိုင် လျှာကိုကိုက်ပြီး မှော်အတတ်တစ်ခုကို ထုတ်လွှတ်ကာ အရပ်မျက်နှာတစ်ခွင် အနက်ရောက်မီးခိုးများ ပြည့်နှက်သွားစေလိုက်သည်။ သူမ၏ စစ်သင်္ဘောဖြင့် အားဖြည့်ပေးထားသော အကာအကွယ်ဒိုင်းတစ်ခုဖန်တီးရန်အတွက် ပူးပေါင်းနေကြသည့် မရေမတွက်နိုင်သော သရဲတစ္ဆေများဖြင့် သရဲကမ္ဘာကြီးတစ်ခု ဖြစ်တည်လာလေသည်။
တခဏကြာသော် ပြင်းထန်သောပေါက်ကွဲသံကြီး ပဲ့တင်ထပ်လာ၏။ ပေါက်ကွဲမှုမှ တုန်ခါလှိုင်းများက မယုံကြည်နိုင်ဖွယ် ဖျက်စီးခြင်းစွမ်းအားများဖြင့် ဧရာမလှိုင်းလုံးကြီးပမာ သူတို့ကို ရိုက်ခတ်သွားပြီး သူတို့နှစ်ဦးမှာ လေမုန်တိုင်းထဲက လှေငယ်လေးပမာ ဖြစ်သွားတော့သည်။
သူတို့သည်သာ ပေါက်ကွဲမှုအားကြီး သက်ရောက်ခံရလိုက်သည်မဟုတ်။ပိုင်ရှောင်ချန်းက ဥအိတ်ကြီးထဲရှိ ဖြစ်တည်မှု၏ သက်စောင့်အားအချို့ကို စုပ်ယူခဲ့သောကြောင့် ၄င်း၏ တိုးတက်မှု ဟန့်တားခံလိုက်ရလေသည်။ ၄င်းမှာ ယခုတွင် သေစေနိုင်လောက်အောင် အားနည်းနေပြီဖြစ်၏။ ၄င်းတွင် မယုံကြည်နိုင်ဖွယ်စွမ်းအားရှိသည့်တိုင် မည်မည်ရရ အာရုံမစိုက်နိုင်ပေ။ ထို့ကြောင့် ၄င်းက နတ်ဘုရားအာရုံထုတ်လိုက်သောအခါ ၄င်းသည် ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သောအရာ ဖြစ်လာသည်။
ထစ်ခြုန်းမြည်သံများ လေထဲတွင် ပြည်နှက်သွားပြီး ပြည်နယ်တစ်ခုထက်ကြီးမားသော လက်ကြီးတစ်ဖက်အောက်သို့ ရွှမ်ကျုံးပြည်နယ် ရောက်သွားတော့သည်။ နောက်ဆက်တွဲအနေဖြင့် တစ်မြို့လုံး စတင်ပျက်စီးလာတော့သည်။