← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 10 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 10 Ch. 151-152

အပိုင်း (၁၅၁) ကျင်းဘုရင်၏ ဒေါသ။

ကျင်းဘုရင်တို့ အဖွဲ့သည် နန်းတော်ပြင်သို့ မထွက်ခွာမီ သာမန် အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ခဲ့ကြသည်။

ဝတ်ဆင်ထားပုံ ခမ်းနားထည်ဝါနေသည်ကတော့ ဆိုဖွယ်ရာ မရှိသော်လည်း ထိုအိမ်စေက ကျင်းဘုရင်အား ချမ်းသာသော ကုန်သည် သို့မဟုတ် မြေပိုင်ရှင် သူဌေးတစ်ဦးဟု ထင်မှတ်သွားသည်မှာ သိသာလှ၏။

သာမန် ကုန်သည်တစ်ဦးက သူတို့၏ သခင်လေးနှင့် တစ်နေရာတည်းတွင် အတူတူ နေထိုင်ရန် ထိုက်တန်ပါမည်လား။ သေချာပေါက် မထိုက်တန်ချေ။

ကျင်းဘုရင်၏ ခန္ဓာကိုယ်ကြီးက တောင့်တင်းသွားကာ ခဏလောက် တိတ်ဆိတ်သွား၏။

သာမန် စာမေးပွဲအောင် တစ်ဦးကများ... ပညာတတ်တို့သည် ဤမျှလောက်ပင် ပျက်စီးနေကြချေပြီလား။

မိမိအနေဖြင့် ဤအသက်အရွယ် ရောက်ရှိလာပြီးနောက် တစ်စုံတစ်ယောက်၏ ဤကဲ့သို့သော ဆဲဆိုမှုကို ပထမဆုံးအကြိမ် ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သုံးနှုန်းသွားသော စကားလုံးများမှာလည်း အလွန်ပင် ရိုင်းစိုင်းလှသည်။ သာမန် အိမ်စေတစ်ဦးကပင် သခင်ကို အားကိုးကာ ဤမျှလောက်ထိ မောက်မာရဲသည်လား။

ကျင်းဘုရင်၏ နောက်ကွယ်ရှိ လူအချို့မှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။

အခြေအနေမှာ တိတ်ဆိတ်သွား၏။ အရှင်မင်းကြီး ဆဲဆိုခံလိုက်ရသည်။ ထိုမျှမက အလွန်ကို့ ရိုင်းရိုင်းစိုင်းစိုင်း ဖြစ်သည်။ ဤအသက်အရွယ် ရောက်မှ သူတို့၏ ဗဟုသုတများ တိုးပွားလာရပြန်၏။

အရှင်မင်းကြီးနှင့် အတူပါလာသော အစောင့်ရဲမက်များ၏ မျက်နှာများမှာ အစောကြီးကတည်းက မည်းမှောင်နေပြီ ဖြစ်ကာ လက်များကို ခါးပေါ်တွင် တိတ်တဆိတ် တင်ထားလျက် ကျင်းဘုရင်၏ အမိန့်ပေးသံ တစ်ချက်ကို စောင့်ဆိုင်းနေကြသည်။ အမိန့်ပေးသည်နှင့် ထိုလူများ၏ ခေါင်းကို ဖြတ်ချလိုက်မည်ပင်။

အစောင့်များသည် ဓားများအား တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ လက်ခုံပေါ်တွင် သွေးကြောများပင် ထောင်ထနေသည်။ ရင်ထဲတွင်မူ ကျင်းဘုရင်၏ အမိန့်ကိုသာ မျှော်လင့်နေကြ၏။

ကောင်းကင်မှ မိုးခြိမ်းသံများ ကြီးကျယ်စွာ ထွက်ပေါ်နေသည်။ လှေဘေးပေါ်သို့ လက်တင်ထားကာ အားကုန် တွန်းနေဆဲဖြစ်သည့် သာမန်ပြည်သူများကို ထပ်မံ၍ တစ်ချက် ကြည့်လိုက်ပြီးနောက် ကျင်းဘုရင်က အဆုံးတွင် ခါးကို ကိုင်းညွှတ်လိုက်သည်။

အရှင်မင်းကြီးနှင့် အတူပါလာသော အခြားသူများသည်လည်း ထိုမြင်ကွင်းကို မြင်ချိန်တွင် အရှေ့သို့ တိုးလာကာ လှေကို ဝိုင်းတွန်းပေးကြ၏။

လူတိုင်း အတူတကွ အားသုံးလိုက်ရာ ရုတ်တရက် သစ်သား ကျိုးပဲ့သွားသည့် အသံကိုပင် ကြားလိုက်ရသည်။ လှေငယ်မှာ လှုပ်ရှားသွားခဲ့သည်။

လှေပေါ်ရှိ သခင်လေးအချို့၏ မျက်နှာပေါ်တွင် ချက်ချင်းဆိုသလိုပဲ ဝမ်းသာမှုများ ပေါ်ပေါက်လာကာ သူတို့၏ အစောင့်များကို အော်ဟစ်လိုက်ကြ၏။ "မြန်မြန် လှေပေါ်တက် … ဒီနေရာမှာ အကြာကြီး မနေနဲ့တော့။"

အစောင့်နှစ်ယောက်က လှေပေါ်သို့ ခပ်သုတ်သုတ် ခုန်တက်သွားကာ လှေလှော်တက်များကို ကိုင်လျက် စတင် လှော်ခတ်လေတော့သည်။

ကျင်းဘုရင်မှာ အလွန်အမင်း ဒေါသထွက်သွားသည်။ သာမန်ပြည်သူများကို လက်ညှိုးထိုးလျက် ပြောလိုက်၏။ "ခင်ဗျားတို့ ဘာလောနေတာလဲ။ သူတို့ လှေပေါ် မတက်ရသေးဘူးလေ။ ခင်ဗျားတို့ ကတိဖျက်ချင်နေတာလား။"

"မြန်မြန်လှော်။ မြန်မြန်လှော်။" သခင်လေးအချို့က ကျင်းဘုရင်၏ စကားကို လုံးဝ ဂရုမစိုက်ဘဲ အစောင့်များကိုသာ အားကုန် လှော်ခတ်ရန် အဆက်မပြတ် တိုက်တွန်းနေကြသည်။

ကျင်းဘုရင်က လူလွှတ်၍ သူတို့ကို တားဆီးရန် ပြင်လိုက်ချိန်မှာပဲ ရုတ်တရက် အသံသဲ့သဲ့ကို ထပ်မံ ကြားလိုက်ရပြန်၏။

ထို့နောက် သက်ကြီးရွယ်အိုတစ်ဦး၏ အော်ဟစ်ညည်းတွားသံ ထွက်ပေါ်လာသည်။ "အာယား … သခင်လေးတို့ လူကို တိုက်မိသွားပြီ... မြန်မြန် ကယ်ကြပါအုံး။ ကလေးတစ်ယောက်လည်း ပါသွားတယ်။ ကျေးဇူးပြုပြီး ကူညီကြပါအုံး....။"

ကျင်းဘုရင်က တစ်ချက် လှမ်းကြည့်လိုက်ရာ ချက်ချင်းပဲ မျက်လုံးများ ပြူးကျယ်သွား၏။ အစောပိုင်းက ကလေးချီထားသော အမျိုးသမီးသည် လှေဦးပိုင်းတွင် လှေကို တွန်းနေခဲ့ခြင်း ဖြစ်သည်။ ရေထဲတွင် မူလတည်းက ရပ်ရသည်မှာ မငြိမ်မသက် ဖြစ်နေပြီး ထိုအစောင့်နှစ်ယောက်က ရေစီးကြောင်းအတိုင်း အလွန် မြန်ဆန်စွာ လှော်ခတ်လိုက်သောကြောင့် သားအမိနှစ်ယောက်မှာ ရေထဲသို့ လဲကျသွားခဲ့၏။

ကျင်းဘုရင်၏ ဘေးရှိ အစောင့်က ရေထဲသို့ ရုတ်တရက် ခုန်ဆင်းသွားပြီး သားအမိနှစ်ယောက်ကို ခပ်သုတ်သုတ် ဆယ်ယူလာခဲ့သော်လည်း သတိမေ့မြောနေကြပြီး အသက်ရှင်မလား၊ သေမလား မသိရသေးချေ။

ထိုမြင်ကွင်းကို မြင်ချိန်တွင် လှေပေါ်ရှိ သခင်လေးများမှာ ကူညီရန် လက်မကမ်းပေးသည့်အပြင် ပို၍ပင် ဆော်ဩလိုက်ကြ၏။

တစ်ခဏအတွင်း လှေသည် အတော်လေး အဝေးသို့ ရောက်သွားခဲ့ပြီဖြစ်ပြီး ရုတ်တရက် ရယ်မောသံများက ကျင်းဘုရင်၏ နားထဲသို့ ရောက်ရှိလာသည်။

ထို့နောက် ကြေးပြား ဆယ်ပြားကျော်ခန့်သည် အရှေ့ရှိ ရေထဲသို့ ကျဆင်းလာ၏။

"ဟားဟားဟား။ ယူထားလိုက် …. ခင်ဗျားတို့ကို ဆုချတာ။"

လေသံ၊ မိုးသံ၊ လျှပ်စီးသံများ ကြီးကျယ်စွာ ထွက်ပေါ်နေပြီး ကျင်းဘုရင်မှာ ခေါင်းတစ်ခုလုံး မူးနောက်သွားသလို ခံစားလိုက်ရသည်။

ကြေးပြားများ ကျဆင်းသွားသော နေရာကို စိုက်ကြည့်နေရင်း မျက်နှာပေါ်တွင် ရေခဲလွှာများ တဖြည်းဖြည်း ဖုံးလွှမ်းလာကာ ရင်ထဲတွင်လည်း အလွန်အမင်း အေးစက်လာ၏။

ထို့နောက် ခေါင်းထဲတွင် လီယွမ်ကျောက်၏ ပုံရိပ်သည် အကြောင်းပြချက်မရှိ ရုတ်တရက် ပေါ်လာသည်။

ယွမ်ကျောက် ဘက်တွင်ရော ဤနေရာလိုမျိုး အခြေအနေ ဆိုးရွားနေမည်လား မသိနိုင်ချေ။

လီယန်စုန်တို့မှာ အရှေ့ရှိ ဤဝမ်းနည်းဖွယ် မြင်ကွင်းကို ထုံပေပေဖြင့် ကြည့်နေကြ၏။ မျက်နှာပေါ်သို့ မိုးရေများ ရိုက်ခတ်ခြင်းကို ခွင့်ပြုထားပြီး စိုရွှဲနေသော အင်္ကျီစများက လေထဲတွင် လွင့်လူးနေကာ ရင်ထဲတွင် သက်ပြင်းရှည်ကြီး တစ်ချက်ကိုသာ ကိုယ်စီ ချနိုင်တော့သည်။

အရှေ့ရှိ အခြေအနေကို မြင်တွေ့ရချိန်တွင် လီယန်စုန်၏ ရင်ထဲ၌ အကဲဖြတ်မှုတစ်ခု ရှိနေပြီ ဖြစ်၏။

ယန်ကော်အန်းသည် တုန်းကျင်းရပ်ကွက်ကို အုပ်ချုပ်ရန်သွားချိန်တွင် ဒေသခံ ပညာတတ်များနှင့် သူဌေးများကို အရင် ဆက်သွယ်ခဲ့သည်မှာ သေချာသည်။

ဤလူများမှာ ပုံမှန်အားဖြင့် ယဉ်ကျေးသိမ်မွေ့ပြီး အမူအကျင့် ကောင်းမွန်သော ပုံစံများကို ဖမ်းထားတတ်ကြသော်လည်း အရင်းစစ်ကြည့်လျှင် မည်သူကမှ ဒေသခံများနှင့် တန်းတူ မဟုတ်ခဲ့ချေ။ အိမ်စေများနှင့် အစောင့်များပင် အခြားသူများထက် အဆင့်အတန်း ပိုမြင့်နေသော ပုံစံမျိုး ရှိကြ၏။

မည်သို့ပင်ဆိုစေ ဆင်းရဲသားများမှာ စာသင်နိုင်စွမ်း အလွန် ရှားပါးသည် မဟုတ်ပါလား။

ဤလူများမှာ ဂုဏ်သိက္ခာ ဆိုလျှင်လည်း ဂုဏ်သိက္ခာရှိပြီး၊ ပိုက်ဆံ ဆိုလျှင်လည်း ပိုက်ဆံ ရှိကြသည်။ ယန်ကော်အန်း ရပ်ကွက်ကို အုပ်ချုပ်ရာတွင် ဤလူများမပါဘဲ မဖြစ်နိုင်ချေ။ ယန်ကော်အန်းမှ မဟုတ်ဘဲ အစိုးရရုံးပင်လျှင် ဒေသတစ်ခုကို အုပ်ချုပ်လိုပါက ဒေသခံ ပညာတတ်များကို မဖြစ်မနေ ဆက်သွယ်ရပေမည်။

မည်သို့ပင်ဆိုစေ သူတို့သည် လူတကာထက် သာလွန်သူများဖြစ်ပြီး အရင်းအမြစ်များကို လက်ဝယ် ကိုင်ဆောင်ထားကြသည်။ သာမန်ပြည်သူများကရော မည်သည့်နေရာ အရေးပါသနည်း။ ရက်စက်စွာ ပြောရလျှင် အစိုးရအရာရှိ အများအပြားအတွက် သာမန်ပြည်သူဆိုသည်မှာ စာရွက်ပေါ်ရှိ ဂဏန်းများသာ ဖြစ်သည်။

သို့သော်လည်း ဤလူများကို ဖယ်ရှားလိုက်မည်ဆိုပါက အလုပ်လုပ်ရန် မဖြစ်နိုင်တော့ချေ။ အင်အားကြီးသော နဂါးက ဒေသခံမြွေကို မဖိနှိပ်နိုင် ဆိုသကဲ့သို့ ဤလူများမှာ မိမိတို့၏နယ်မြေတွင် အင်အား အလွန် ကြီးမားသည်။ အကယ်၍ သူတို့နှင့် ဆန့်ကျင်ဘက် လုပ်ပါက ကြိုးစားသလောက် အကျိုးမခံစားရသည့် အခြေအနေ ဖြစ်သွားလိမ့်မည်။

ဒေသခံ သူဌေးများနှင့် ပညာတတ်များကို အထင်မသေးသင့်ပေ။ သူတို့က သာမန်ပြည်သူများကို တိုက်ရိုက်ဆိုသလိုပဲ သွေးထိုးလှုံ့ဆော်ပြီး အစိုးရ အရာရှိများကို အညစ်အကြေးဖြင့် ပက်ခိုင်းပေလိမ့်မည်။ အရာရှိတစ်ယောက် အနေဖြင့် ဂုဏ်သိက္ခာ၊ အရှက်တရား ပျက်ရွင်းသွားလျှင် နောက်ပိုင်း အရာရှိ ဆက်လုပ်၍ ရတော့မည် မဟုတ်ပေ။

လီယန်စုန်က တစ်ပါးသူ၏နေရာတွင် ဝင်ရောက် စဉ်းစားကြည့်ပြီးန အနည်းငယ် နားလည်ပေးနိုင်လာ၏။

သို့သော်လည်း ယခု တွေ့မြင်နေရသော အခြေအနေမှာ ရုံးတော်ပေါ်သို့ ရောက်လာသော သတင်းများနှင့် လုံးဝ မတူညီပေ။

ဤသည်က သာမန်ပြည်သူများကို သားသမီးကဲ့သို့ ချစ်ခင်ပြီး ပညာပေးသည့် နေရာတွင် အောင်မြင်မှု ရထားသည့် အမတ်ယန်၏ ပုံစံလား။

ဤပညာတတ်ဟု ခေါ်သော လူများမှာ သာမန်ပြည်သူများကို နှိပ်စက်ပြီး ဒုက္ခပေးနေခြင်းပင်။ ကရုဏာတရား နည်းနည်းလေးမှ မရှိချေ။ လူကို ဒေါသထွက်စေ၏။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျင်းဘုရင်က လှည့်ကာ ရထားလုံးထဲသို့ ပြန်ဝင်သွားသည်။ ဘေးရှိ အစောင့်များနှင့် အမတ်ကြီး သုံးယောက်မှာ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။

အရှင်မင်းကြီး၏ ယခင်က စိတ်သဘောထား အရဆိုလျှင် ဤလူများ၏ ခေါင်းများမှာ အစောကြီးတည်းက ပြတ်ကျနေလောက်ပြီ ဖြစ်သည်။ ယခုတော့ ချက်ချင်း လှည့်ထွက်လာခဲ့၏။

"အဲဒီအမျိုးသမီးနဲ့ ကလေးကို ရထားလုံးပေါ် ခေါ်လာခဲ့။ လူ့အသက် ကယ်ဖို့က အရေးကြီးတယ်။ ရထားလုံးပေါ် တက်။"

ဘုရင့်အမိန့်ကို မနာခံဘဲ မနေရဲကြသောကြောင့် အားလုံးက ရထားလုံးထဲသို့ တိတ်ဆိတ်စွာ ပြန်ဝင်လိုက်ကြ၏။

ရထားလုံးထဲတွင် ကျင်းဘုရင်သည် ခေါင်းငုံ့ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။ ပြီးမှ မျက်နှာပေါ်ရှိ မိုးရေများကို သုတ်ဖယ်လိုက်ကာ မျက်နှာ အမူအရာမှာ ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားသည်။ "ကော်ပန်ပန်။ မင်း နန်းတော်ကို ပြန်သွား။ အရှေ့တပ်ဖွဲ့ရဲ့ အတွင်းကိုယ်ရံတော်တွေ အားလုံးကို ထွက်လာခဲ့ဖို့ ပြောလိုက်။

ဒီနေရာကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားရမယ်။ တစ်ယောက်မှ ထွက်သွားခွင့် မပြုဘူး။ ပြီးတော့ ခုနက လူတွေလည်း တစ်ယောက်မှ လွတ်သွားလို့ မရဘူး။ အကယ်၍ ချွတ်ယွင်းချက် တစ်ခုခု ရှိရင် မင်းကိုပဲ အပြစ်ပေးမယ်။"

ကော်ထျန်းယန်၏ ရင်ထဲတွင် တင်းကြပ်သွားသည်။ တစ်ချိန်တည်းမှာပဲ ကျေနပ်မှု တစ်ခုကိုလည်း ခံစားလိုက်ရ၏။

အရှင်မင်းကြီးက နောက်ဆုံးတော့ အကြီးအကျယ် သတ်ဖြတ်တော့မည့်ပုံပင်။ ယန်ကော်အန်းတော့ ပြီးဆုံးလေပြီ။

အပိုင်း (၁၅၂) ဘုရင်မင်းမြတ် ပန်းရှန်းရပ်ကွက်သို့ ရောက်ရှိလာခြင်း။

ကော်ထျန်းယန်က သတိကြီးစွာဖြင့် မေးလိုက်၏။ "အရှင်မင်းကြီး …. ဒါဆို အရှင်မင်းကြီးရော နန်းတော် ပြန်မလား။"

"မပြန်ဘူး။ ကိုယ်တော် ပန်းရှန်းရပ်ကွက်ကို သွားမယ်။ အိမ်ရှေ့စံမင်းသား ဘက်မှာ ဘယ်လိုနေလဲ မသိဘူး။ ကိုယ်တော် တကယ် စိတ်ပူတယ်။ မင်း အရင် ပြန်သွားလိုက်ပါ။ ပြန်ရောက်ရင် လူထပ်လွှတ်လိုက်မယ်။ မင်း နန်းတော်ထဲမှာ အရင် ဒဏ်ရာ သက်သာအောင် နေလိုက်အုံး။"

ကော်ထျန်းယန်က အစောင့်ရဲမက် တစ်ဦးကို ခေါ်ဆောင်ကာ လှည့်၍ ရထားလုံးပေါ်မှ ဆင်းသွားသည်။

ရပ်ကွက်များကြားတွင် စုံထောက်တပ်ဖွဲ့၏ ဆက်သွယ်ရေး နေရာများ ရှိသော်လည်း အတွင်း ကိုယ်ရံတော်များကိုမူ နန်းတော်သို့ ပြန်၍ ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးရန် လိုအပ်ဆဲ ဖြစ်၏။

အစောပိုင်းက ဖြစ်ပျက်ခဲ့သော ကိစ္စများကို ပြန်တွေးကြည့်မိချိန်တွင် ကော်ထျန်းယန်မှာ မနေနိုင်ဘဲ အနည်းငယ် ကြောက်လန့်သွားမိသည်။

ယန်ကော်အန်းသည် အရှင်မင်းကြီးကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ အိမ်ရှေ့စံ မင်းသား ဘက်တွင် ထပ်မံ ပြဿနာတက်၍ မဖြစ်တော့ပေ။

ရထားလုံးက ဦးတည်ရာ ပြောင်းကာ ပန်းရှန်းရပ်ကွက်သို့ ဖြည်းညင်းစွာ မောင်းနှင်သွား၏။

လီယန်စုန်တို့ အဖွဲ့ကြားရှိ လေထုမှာ အလွန် လေးလံနေသည်။ မူလက ရိုးရိုးရှင်းရှင်း အပြင်ထွက်လာခြင်းဟု ထင်မှတ်ထားခဲ့ကြ၏။

ယန်ကော်အန်း၏ အုပ်ချုပ်မှု စွမ်းရည်ကိုလည်း အခွင့်အရေးရခိုက် သွားရောက်လေ့လာမည်ဟု တွေးတော ထားခဲ့သည်။ ဤသို့သော စိတ်ရှုပ်စရာ ကိစ္စများ ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။

အရှင်မင်းကြီးက အကြီးအကျယ် ဒေါသထွက်နေပြီ ဖြစ်၏။ မနက်ဖြန် ညီလာခံတွင် ယန်ကော်အန်း မည်သို့ ရှင်းပြမည်ကို မသိနိုင်ချေ။ သို့သော်လည်း မည်သို့ရှင်းပြစေကာမူ အသုံးဝင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အောက်လူများက ကိစ္စကို လုံးဝ လမ်းဆုံးအောင် လုပ်ဆောင်လိုက်ပြီ ဖြစ်သောကြောင့်ပင်။

လမ်းတစ်လျှောက်လုံး စကားမပြောကြဘဲ ရထားလုံးမှာ မိုးရေထဲတွင် ခက်ခဲစွာ ရှေ့ဆက်သွားနေ၏။

မည်မျှကြာအောင် သွားလိုက်သည်မသိပေ။ အားလုံးက ရထားလုံး အနည်းငယ် ပေါ့ပါးသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။ အဝတ်ခန်းဆီးကို လှန်ကာ အပြင်ဘက်ကို ကြည့်လိုက်ကြရာ မြင်တွေ့ရသည်မှာ ရေလွှမ်းမိုးနေသော နေရာ ဖြစ်နေဆဲ ဖြစ်သော်လည်း ရေမှာ ထိုမျှလောက် မနက်တော့သလို ခံစားရသည်။

လီယန်စုန်က ခေါင်းငုံ့၍ တစ်ချက် ကြည့်လိုက်ရာ ရေမျက်နှာပြင်မှာ တကယ်ပင် တိမ်သွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ မူလက ရထားလုံးဘီး၏ တစ်ဝက်ကျော်ကို ရေလွှမ်းနေသော်လည်း ယခုအခါ ရေမျက်နှာပြင်မှာ ဘီး၏ အလယ်ဗဟို နေရာခန့်တွင်သာ ရှိတော့၏။

ရင်ထဲတွင် မနေနိုင်ဘဲ အနည်းငယ် သက်သာရာ ရသွား၏။ ကြည့်ရသည်မှာ ဤဘက်ရှိ အခြေအနေမှာ တုန်းကျင်းရပ်ကွက်ထက် ပိုကောင်းနိုင်ခြေ ရှိသည်။

ရထားလုံးက ဆက်လက် ထွက်ခွာသွားခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ အရှိန်က ပို၍ ပို၍ မြန်ဆန်လာသလို ခံစားလာရ၏။

နောက်ဆုံးတော့ အမြဲတမ်း စိတ်မအေး ဖြစ်နေသော ကျင်းဘုရင်ပင် ထူးခြားသော အပြောင်းအလဲများကို ခံစားလိုက်ရပြီး အဝတ်ခန်းဆီးကို လှန်ကာ အပြင်ဘက်ကို ကြည့်လိုက်ရာ အံ့အားသင့်သွားသည်။

မျက်စိရှေ့တွင် မြင်တွေ့ရသည်မှာ ပြန့်ပြူးညီညာသော ကျောက်ပြားလမ်းများ ဖြစ်ပြီး လမ်းပေါ်တွင် ရေအိုင် အနည်းငယ်သာ ရှိကာ ရေကြီးနေခြင်း မရှိချေ။

သို့သော်လည်း ကောင်းကင်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးက အနည်းငယ်မှ လျော့နည်းသွားမည့် အရိပ်အယောင် မရှိပေ။ အဘယ်ကြောင့် ဤနေရာတွင် ရေမကြီးရသနည်း။

ကျင်းဘုရင်က ရထားလုံးမောင်းသမားကို အလောတကြီး မေးလိုက်၏။ "ဒီနေရာက ဘယ်နေရာလဲ။"

ရထားလုံး မောင်းသမားက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ "အရှင်မင်းကြီး … ခုနကတင် ပန်းရှန်းရပ်ကွက် နယ်မြေထဲကို ဝင်လာတာပါ။"

"ပန်းရှန်းရပ်ကွက်... ပန်းရှန်းရပ်ကွက်..." ကျင်းဘုရင်က ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုနေပြီး မျက်လုံးများထဲတွင် တောက်ပမှုများ ထွက်ပေါ်လာ၏။

"ရပ်လိုက်။ ကိုယ်တော် ရထားလုံးပေါ်က ဆင်းမယ်။"

ရထားလုံး ရပ်တန့်သွားပြီးနောက် ကျင်းဘုရင်က အဝတ်ခန်းဆီးကို ဖွင့်ကာ ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို အဆက်မပြတ် ကြည့်ရှုနေသည်။

နေရာတိုင်းတွင် သန့်ရှင်းသပ်ရပ်နေသော ကျောက်ပြားလမ်းများသာ ရှိပြီး ရေကြီးခြင်း မရှိ၊ အမှိုက်များ မရှိသကဲ့သို့ လူတစ်ဦးတစ်ယောက်မှလည်း မရှိချေ။

အနောက်ဘက် ရထားလုံးမှ လီယန်စုန်တို့ သုံးယောက်လည်း တိုးကပ်လာကြ၏။ အားလုံး၏ မျက်နှာပေါ်တွင် အပြုံးများ ထွက်ပေါ်လာကြ၏။ ထို့ကြောင့် ကျင်းဘုရင်အား အသံကျယ်ကျယ်ဖြင့် ဂုဏ်ပြုစကား ဆိုလိုက်ကြ၏။

"ဂုဏ်ပြုပါတယ် အရှင်မင်းကြီး …. အိမ်ရှေ့စံမင်းသား ဘက်မှာတော့ ဘေးကင်းပါတယ်။ လမ်းတွေပေါ်မှာ ရေမကြီးဘူး ဆိုတာ ပုံမှန်အချိန်တွေမှာ အုပ်ချုပ်မှု ကောင်းမွန်လို့ဖြစ်ကြောင်း သိသာပါတယ်။"

ကောင်းကင်ကြီးက အလွန် မှိုင်းညို့နေဆဲ ဖြစ်ပြီး မိုးခြိမ်းသံ၊ လျှပ်စီးသံများ ထွက်ပေါ်နေသော်လည်း ထိုသန့်ရှင်းသပ်ရပ်နေသော လမ်းများကြောင့် လူအချို့၏ စိတ်ခံစားချက်မှာ ကောင်းမွန်လာခဲ့၏။

ကျင်းဘုရင်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "ကောင်းတယ်။ ဒါပေမဲ့ ဒီနေရာက မင်းသားရဲ့ အောင်မြင်မှုတော့ မဟုတ်လောက်ဘူး။ အမတ်ဖန်ရဲ့ အောင်မြင်မှုတွေ ဖြစ်ဖို့ များတယ်။ ဒီကျောက်ပြားလမ်းတွေ ကို တောက်ယွမ်ခရိုင်မှာ အပြည့် ခင်းထားတာ မဟုတ်ဘူးလား။ ဒါက သူ့ရဲ့ ပုံစံပဲလေ။ ဒီလို သတိမထားမိနိုင်တဲ့ နေရာတွေမှာ သူ ငွေအများကြီး သုံးရဲတယ်။"

လီယန်စုန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး … ဒီနေရာမှာ မိုးသည်းထန်တာကြောင့် သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်ခဲ့မှတော့ ကျွန်တော်မျိုးတို့ အရင်နားခိုဖို့ နေရာတစ်ခု ရှာကြတာ ပိုကောင်းပါလိမ့်မယ်။ ဒီမိုးက ဘယ်တော့တိတ်မလဲ မသိနိုင်ဘူး။ အရှင်မင်းကြီးရဲ့ ကျန်းမာရေးက အရေးကြီးတယ်။"

ကျင်းဘုရင်က ခေါင်းညိတ်လိုက်၏။ ယခုအချိန်တွင် လမ်းမေးရန် လူတစ်ဦး ရှာဖွေခြင်းကသာ အရေးကြီး ကိစ္စ ဖြစ်သည်။

ရထားလုံးပေါ်တွင် ဖျားနာနေသော အမျိုးသမီးနှင့် ကလေးတစ်ဦး ရှိနေသေးသည် မဟုတ်ပါလား။

သို့သော်လည်း လူအချို့မှာ ရထားလုံးပေါ်သို့ ပြန်တက်ရန် စိတ်မဝင်စားကြတော့ချေ။ မည်သို့ပင်ဖြစ်စေ တစ်ကိုယ်လုံး စိုရွှဲနေပြီ ဖြစ်ရာ ထိုင်နေလျှင် စေးကပ်ကပ်ဖြင့် ပို၍ နေရခက်သောကြောင့် မိုးရေထဲတွင်သာ လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်ကြ၏။

ကျင်းဘုရင်က စိတ်ဝင်တစားဖြင့် ပန်းရှန်းရပ်ကွက်ရှိ အရာအားလုံးကို အကဲခတ်နေသည်။

ရုတ်တရက် အဝေးမှနေ၍ မိုးကာအင်္ကျီ ဝတ်ဆင်ထားသော လူငါးယောက် ပြေးလာသည်ကို မြင်လိုက်ရပြီး သူတို့က ကျင်းဘုရင်တို့ ရှိရာဘက်သို့ စည်းကမ်းတကျ ပြေးလာနေကြ၏။

လီယန်စုန်က လက်လှမ်းပြကာ အဝေးမှ လူများကို ခေါ်ရန် ပြင်လိုက်ချိန်မှာပဲ ထိုလူငါးယောက်၏ နောက်မှနေ၍ မိုးကာအင်္ကျီ ဝတ်ဆင်ထားသော နောက်ထပ် လူနှစ်ယောက် ထပ်မံ ပြေးလိုက်လာပြီး ပါးစပ်မှလည်း တစ်ခုခုကို အော်ဟစ်နေကြသည်။

"ခေါင်းဆောင်ဝမ်။ ခေါင်းဆောင်ဝမ်။"

သန့်ရှင်းရေး အဖွဲ့ဝင် နှစ်ယောက်က အရှေ့မှ လူငါးယောက်ကို အသံကျယ်ကျယ်ဖြင့် အော်ဟစ်ခေါ်လိုက်ကြ၏။

ခေါင်းဆောင်ဝမ်က ခေါင်းလှည့်ကြည့်လိုက်ရာ ရင်းနှီးနေသူ နှစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်၏။ "ရှောင်လု၊ စီးလျူ … ခင်ဗျားတို့ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။ ကျုပ်တို့က ကယ်ဆယ်ရေး သွားဖို့ အလျင်လိုနေတာ။ ဘာကိစ္စရှိလဲ မြန်မြန် ပြန်ပြော။"

အနီးသို့ ပြေးလာပြီးနောက် ရှောင်လုက အမောတကော ပြောလိုက်သည်။ "ကျုပ်... ကျုပ် သိတယ်။ ခင်ဗျားတို့ ကယ်ဆယ်ရေးသွားမယ် ဆိုတာ။ ဆရာစိုက်က မှာလိုက်တယ်။ ရေနစ်တဲ့သူတွေနဲ့ တွေ့ရင် ရှေးဦးသူနာပြုစုနည်း ကို မှန်မှန်ကန်ကန် သုံးရမယ်။ လွယ်လွယ်နဲ့ လက်မလျှော့လိုက်နဲ့တဲ့။"

ခေါင်းဆောင်ဝမ်က နားမလည်စွာ မေးလိုက်၏။ "သေချာပေါက် ကယ်ရမှာပေါ့။ ဒါကို ပြောနေစရာ လိုသေးလို့လား။"

"မ... မဟုတ်ဘူး။ ဆရာစိုက်က ခုနကမှ နည်းလမ်း တစ်ခုကို သတိရလာလို့ ကျုပ်ကို လာသင်ပေးခိုင်းတာ... လူတွေကို ကယ်နိုင်တယ်တဲ့။"

"ဘာနည်းလမ်းလဲ။ မြန်မြန်ပြော။"

ရှောင်လုက ပြန်လည် စဉ်းစားနေ၏။ "အရေးပေါ် ရှေးဦးသူနာပြုစုနည်းလို့ ခေါ်တာထင်တယ်။ အိုက်ယား …. အဲဒါက အရေးမကြီးပါဘူး။ ကျုပ် သရုပ်ပြပေးမယ်။ အားလုံး သေချာ ကြည့်ထားကြနော်။"

အဖွဲ့ဝင်များက စက်ဝိုင်းခြမ်းပုံစံ ဝိုင်းဖွဲ့ကာ ရှောင်လု၏ သရုပ်ပြမှုကို စတင် ကြည့်ရှုကြ၏။ ရှောင်လုက ခေါင်းဆောင်ဝမ်၏ အနောက်သို့ လျှောက်သွားကာ ခါးကို ဖက်ပြီး ကျောကို အနည်းငယ် နှိမ့်ချလိုက်သည်။

"ခေါင်းဆောင်ဝမ်။ မလှုပ်နဲ့နော်။ လှုပ်ရှားမှု တစ်ခုတည်းပဲ။ အရမ်း လွယ်တယ်။ ရေနစ်တဲ့သူတွေအတွက် အသုံးဝင်တယ်။"

ခေါင်းဆောင်ဝမ်က အကြည့်များ တင်းမာနေသည်။ သို့သော်လည်း ခေါင်းညိတ်လိုက်၏။ "မြန်မြန် စလိုက်ပါ။ အရေးကြီး ကိစ္စ ရှိသေးတယ်။"

"ကောင်းပါပြီ။"

ခေါင်းဆောင်ဝမ်၏ စကားသံ ဆုံးသည်နှင့် ရှောင်လုက လှုပ်ရှားတော့သည်။

သို့သော် ဤဟိုင်းမူလီခယ် ရှေးဦးသူနာပြုစုနည်းကို သင်ယူထားသည်မှာ မကြာသေးချေ။ ထို့ကြောင့် ကိုယ်နေဟန်ထားက လုံးဝ စံနှုန်း မမီပေ။

ရှောင်လုက ခေါင်းဆောင်ဝမ်၏ ခါးကို ဖက်ကာ အောက်ပိုင်းကို ရူးသွပ်စွာ လှုပ်ရှားနေကြောင်း အားလုံးက မြင်တွေ့လိုက်ရသည်။

ပတ်ဝန်းကျင်မှ လူအားလုံးက အော်ကြီးဟစ်ကျယ် ထရယ်မိမည်ကို စိုးရိမ်သဖြင့် ပါးစပ်များကို လက်ဖြင့် အုပ်ထားလိုက်ကြ၏။

ခေါင်းဆောင်ဝမ်၏ အိုမင်းနေသော မျက်နှာကြီးမှာ သွေးထွက်မတတ် နီရဲလာပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ရှောင်လု … ခင်ဗျား ကျုပ်ကို လူကြားထဲမှာ ဘာလုပ်တာလဲ။"

ရှောင်လုမှာ မျက်နှာ အလွန် တည်ကြည်နေပြီး လက်နှင့် ခါးမှ လှုပ်ရှားမှုများကလည်း မရပ်တန့်ချေ။ "တစ်ခုခု ခံစားရလား။ အန်ချင်တဲ့ ခံစားချက် ရှိလား။"

ခေါင်းဆောင်ဝမ်က မပီမသ ပြောလိုက်၏။ "မရှိဘူး...။"

အဝေးမှ ကျင်းဘုရင်တို့အဖွဲ့သည် ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ ဦးနှောက်က လုံးဝ ဗလာကျင်းသွား၏။

လီယန်စုန်၏ လက်က လေထဲတွင် ဆန့်ထုတ်ထားဆဲ ဖြစ်ပြီး မျက်နှာပေါ်ရှိ အပြုံးမှာတော့ တောင့်တင်းသွားသည်။

ဤသည်မှာ အဘယ်သို့သော အခြေအနေမျိုးနည်း။ မိုးသည်းထန်နေသော နေ့ခင်းကြီးတွင် လူတစ်စုက ယောကျ်ားနှစ်ယောက် ထိုကိစ္စ လုပ်နေသည်ကို ဝိုင်းကြည့်နေကြသည်လား။ ထူးဆန်းသည်မှာ အဝတ်အစားများပင် ဝတ်ထားသေးသည်။ ကျင့်ဝတ်သိက္ခာများ ပျက်စီးကုန်ပြီလား။

ကျန်းတုန်ရှန်းက ရင်ဘတ်ကိုထုကာ ပြောလိုက်သည်။ "ကောင်းကင်ဘုံ …. ဒါဘာလုပ်တာလဲ။ လောကကြီးမှာ ဘယ်လိုလုပ် ဒီလို ကိစ္စမျိုး ဖြစ်လာရတာလဲ။ ကျုပ်ရဲ့ မျက်လုံးတွေ ကန်းတော့မယ်။"

ရှောင်လုက အသက်ကယ်နည်းကို အဆက်မပြတ် ပြသနေသော်လည်း ခေါင်းဆောင်ဝမ်ကတော့ မည်သည့် ခံစားချက်မျှ မရှိသေးချေ။

ဘေးရှိ စီးလျူမှာ လောလာပြီး ရှောင်လုကို ဆွဲဖယ်လိုက်ကာ ပြောလိုက်၏။ "ကျုပ် လုပ်မယ်။ ခင်ဗျား လုပ်နေတာ ဘာတွေမှန်း မသိဘူး။ လုံးဝ စံနှုန်း မမီဘူး။"

ပြောပြီးနောက် ခေါင်းဆောင်ဝမ်၏ ခါးကို ဖက်ကာ ရူးသွပ်စွာ လှုပ်ရှားလာပြန်သည်။

"ဝေါ့ …"

ဤတစ်ခေါက်တော့ မှန်ကန်သွားပြီ ဖြစ်၏။ ခေါင်းဆောင်ဝမ်က ဝမ်းဗိုက်ထဲမှ အရည်ချဉ်များကို မြေပြင်ပေါ်သို့ အန်ချလိုက်ပြီး ခက်ခဲစွာ ပြောလိုက်၏။ "အားလုံး တတ်သွားကြပြီလား... တတ်ပြီဆိုရင် မြန်မြန်သွားကြ...။"

"တတ်ပါပြီ။" သန့်ရှင်းရေး အဖွဲ့ဝင် တစ်စုမှာ လေးစားကြည်ညိုသွားကြ၏။ ခေါင်းဆောင် ဆိုသည့်အတိုင်းပင် တော်လွန်းလှသည်။

ကျင်းဘုရင်တို့ အဖွဲ့မှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြပြီး ယခုလေးတင် ပြသသွားသော ဇာတ်လမ်းသစ်ကို မှင်သက်စွာ ကြည့်နေမိကြသည်။ ဦးနှောက်ထဲတွင် တစ်ခုခု ကျိုးပဲ့သွားသလို ခံစားလိုက်ရ၏။

နေ့ခင်းကြောင်တောင်ကြီး အချိန်ကြီးမှာပင် လူရှေ့သူရှေ့ တစ်ယောက်ပြီး တစ်ယောက် လုပ်ကြသည်လား။

လီယန်စုန်က တတွတ်တွတ် ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ နန်းတော် ပြန်ကြရအောင်။ ကျွန်တော်မျိုး တကယ်ကို ဆက်မကြည့်ရဲတော့ဘူး...။"

ကျင်းဘုရင်၏ မျက်နှာက ဖြူလိုက် စိမ်းလိုက် ဖြစ်နေ၏။ ဤသည်က သူ့သားတော် အုပ်ချုပ်နေသော ပန်းရှန်းရပ်ကွက်လား။

အရှက်ကွဲခံမည့်အစား သေလိုက်သည်ကမှ ကောင်းပေဦးမည်။

All Chapters