အခန်း (၁၅၃-၁၅၄)
Vol. 10 Ch. 153-154
အပိုင်း ( ၁၅၃) ပန်းရှန်းရပ်ကွက်၏ ရုပ်သွင်သစ်။
ရှေးဦးသူနာပြုစုနည်း သင်ယူပြီးနောက် သန့်ရှင်းရေး အဖွဲ့ဝင် တစ်စုသည် ကျင်းဘုရင်တို့ ရှိရာဘက်သို့ ဆက်လက် ထွက်ခွာလာကြသည်။
သူတို့ဆီသို့ တဖြည်းဖြည်း နီးကပ်လာသော သန့်ရှင်းရေး အဖွဲ့ကို ကျင်းဘုရင်တို့ အဖွဲ့က မျက်နှာထား တင်းတင်းဖြင့် ကြည့်နေကြ၏။
သူတို့ စကားမပြောရသေးမီမှာပဲ ခေါင်းဆောင်ဝမ်က သူတို့ကို မြင်သွားပြီး အထက်အောက် တစ်ချက် အကဲခတ်ကာ စိတ်ဝင်တစား မေးလိုက်သည်။ "ခင်ဗျားတို့ မိုးသည်းထန်နေတဲ့ နေ့ကြီးမှာ အပြင်ထွက်ပြီး ဘာလို့ မိုးစိုခံနေကြတာလဲ။ မိုးခိုဖို့ အိမ်ထဲ ဘာလို့ မသွားကြတာလဲ။"
"အဟမ်း... ကျုပ်တို့က ရပ်ကွက်ထဲကို အခုမှ ရောက်လာတာပါ။ လမ်းမှာ ရုတ်တရက် ဖျားနာနေတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ကလေး တစ်ယောက်ကို တွေ့လို့။ ဆေးခန်းက ဘယ်မှာလဲ မသိဘူး။"
ကျင်းဘုရင်က အနည်းငယ် နေရခက်နေပြီး ခေါင်းဆောင်ဝမ်၏ မေးခွန်းကို တိုက်ရိုက် မဖြေဆိုချေ။
"ဒီလို ရာသီဥတုကြီးမှာ ဘယ်ဆေးခန်းက ဖွင့်မှာလဲ။ ခင်ဗျားတို့ ရှေ့ကို နည်းနည်း ဆက်လျှောက်သွားလိုက်။ ဝမ်ဖုန်း စားသောက်ဆိုင် ရှိတယ်။ အဲဒီနေရာက အစိုးရရုံးရဲ့ နေရာချထားရေး စခန်းပဲ။ ခင်ဗျားတို့ အဲဒီမှာ အရင် မိုးခိုလိုက်။ အထဲမှာ သမားတော်လည်း စီစဉ်ပေးထားတယ်။ ခင်ဗျားတို့နဲ့ စကားမပြောအားတော့ဘူး။ ကျုပ်တို့ သွားတော့မယ်။" စကားဆုံးသည်နှင့် ခေါင်းဆောင်ဝမ်က အလောတကြီး ထွက်ခွာရန် ပြင်လိုက်၏။
ကျင်းဘုရင်က အမြန် လက်လှမ်းကာ လူကို တားလိုက်သည်။ "ခင်ဗျားတို့ ဘာသွားလုပ်မလို့လဲ။"
"ဘာမှ မဟုတ်ပါဘူး။ အရှေ့က ရပ်ကွက် အချို့မှာ ရေမြောင်းတွေ ပိတ်ဆို့နေလို့ ရေကြီးတာ ဆိုးရွားနေတယ်။ လူတချို့ရဲ့ အိမ်တွေ ပြိုကျသွားတယ်လို့ ကြားလို့ လူသွားကယ်ပြီး ရေမြောင်း ဖောက်ပေးမလို့။"
ပြောပြီးနောက် ဦးထုပ်ကို ဆွဲချလိုက်ကာ ကျင်းဘုရင်၏ မေးခွန်းကို ဂရုမစိုက်တော့ဘဲ၊ ကျင်းဘုရင်နှင့် ဆန့်ကျင်ဘက် လမ်းကြောင်းသို့ ခပ်သုတ်သုတ် ပြေးထွက်သွား၏။
ကျင်းဘုရင်တို့အဖွဲ့၏ ရင်ထဲတွင် အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရ၏။ ဤလူများမှာ ပုံမှန်ပင် ဖြစ်သည်။ သို့သော်လည်း လမ်းမပေါ်တွင်မူ ....... တကယ်ကို ထူးဆန်းလွန်းလှသည်။
ခေါင်းဆောင်ဝမ်၏ လမ်းညွှန်မှုအရ ကျင်းဘုရင်က အရှေ့ဘက်ရှိ ဝမ်ဖုန်း စားသောက်ဆိုင်သို့ လျှောက်သွားရာ သိပ်မကြာခင်မှာပဲ ဝမ်ဖုန်း စားသောက်ဆိုင်၏ ဆိုင်းဘုတ်ကို မြင်တွေ့လိုက်ရ၏။
တံခါးဝမှနေ၍ အထဲတွင် မီးလင်းနေသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်ပြီး လူသံများလည်း ထွက်ပေါ်နေကာ အတော်လေး စည်ကားနေပုံ ရသည်။
ကျင်းဘုရင်က တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။ သို့သော်ငြား ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဖော်ရွေသော စားပွဲထိုးတစ်ဦးက ချက်ချင်း လာရောက် ကြိုဆိုလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုစားပွဲထိုးက ဝမ်းသာအားရ မျက်နှာထားဖြင့် ပြောလိုက်၏။ "ဧည့်သည်တော်တို့ ဘယ်နှစ်ယောက်လဲ ခင်ဗျာ။ အထဲကို ကြွပါ။"
စားသောက်ဆိုင် အတွင်းရှိ မြင်ကွင်းကို ကြည့်ရင်း ကျင်းဘုရင်မှာ အနည်းငယ် အံ့ဩသွားမိသည်။ ဤအထဲမှ လူများက ဤမျှလောက်ပင် များပြားနေပါလား။
လူအများအပြားသည် စားပွဲရှေ့တွင် ဝိုင်းထိုင်နေကြ၏။ စားပွဲမှာ စားပွဲငယ် လေးလုံးကို ပေါင်းစပ်ထားသော စားပွဲကြီး တစ်လုံး ဖြစ်ပြီး၊ စားပွဲပေါ်တွင် ထမင်း၊ ဟင်းများ၊ နေကြာစေ့နှင့် အဆာပြေ မုန့်များ ရှိနေသည်။
စားသောက်ဆိုင်က ရာသီဥတု အေးမည်ကို စိုးရိမ်သောကြောင့် အခန်းထဲတွင် မီးဖိုများ ဖိုပေးထားရာ တည်နေရာတစ်ခုလုံး နွေးထွေးနေ၏။
စားသုံးသူများက ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြပြီး အလွန်လည်း စည်ကားနေသည်။ သို့သော်ငြား တစ်ဦးချင်းစီလာသူ အချို့မှလွဲ၍ လူအုပ်မှာ အုပ်စုနှစ်စု ကွဲနေကြောင်း တွေ့ရသည်။
တစ်စုမှာ ပညာတတ်များ ဖြစ်သည်မှာ သိသာလှပြီး အခြားတစ်စုကမူ အလွန် ပေါ့ပေါ့ပါးပါး ဖြစ်ကာ စကားပြောရာတွင် ဆဲဆိုသံများ ပါဝင်နေ၏။
စားပွဲထိုးက ကျင်းဘုရင် စကားမပြောသည်ကို မြင်သောကြောင့် ဆက်လက်၍ တက်ကြွစွာ ပြောလာ၏။ "အိုက်ယား … ဧည့်သည်တော်တို့ … ဧည့်သည်တော်တို့ရဲ့ အဝတ်အစားတွေ စိုနေပြီဆိုတော့ ဆိုင်မှာ အကြမ်းထည် အဝတ်အစားလေးတွေ ရှိပါတယ်။ အရင် လဲထားလိုက်ပါလား။ စိုနေတဲ့ အဝတ်အစားတွေကို တစ်ယောက်ယောက်က ယူသွားပြီး ကင်ပေးထားပါ့မယ်။"
ကျင်းဘုရင်က ပြုံးလိုက်သည်။ သာမန် စားသောက်ဆိုင်ငယ်လေး တစ်ခုက စားပွဲထိုးလေးကပင် ဤမျှ သေချာ စဉ်းစားပေးလိမ့်မည်ဟု ထင်မထားခဲ့ချေ။
"ဆိုင်မှာ သမားတော် ရှိလား။ ကျုပ်တို့မှာ ဖျားနာနေတဲ့သူ ပါလာလို့... တစ်ယောက်လောက် ရှာပြီး ကြည့်ခိုင်းပေးပါ။ ပိုက်ဆံကတော့ တစ်ပြားမှ မလျော့စေရပါဘူး။"
စားပွဲထိုးက လူအုပ်ထဲရှိ မုတ်ဆိတ်ဖြူ အဘိုးကြီးတစ်ဦးဘက်သို့ လှည့်ကာ အော်ဟစ်လိုက်၏။ "ဟာ … ခင်ဗျား ပြောတာကလည်း။ ပိုက်ဆံတွေ ဘာတွေ ပြောမနေပါနဲ့။ သမားတော်ရှဲ့ … ဖျားနာနေတဲ့သူ ရှိတယ်တဲ့။ အရင်ဆုံး ဖျားနာနေတဲ့သူကို အထဲ သယ်သွားလိုက်အုံး။"
ကျင်းဘုရင်မှာ အနည်းငယ် တွေဝေသွားသည်။ ပိုက်ဆံ မယူဘူးတဲ့လား။ လူများ၏ စိတ်ထားက ဤမျှလောက် ရိုးသားနေပြီလား။
သို့ပေမည့် သူလည်း အများကြီး မတွေးတော့ဘဲ လက်ဝှေ့ယမ်းပြလိုက်ရာ အစောင့်နှစ်ယောက်က ရထားလုံးထဲမှ အမျိုးသမီးနှင့် ကလေးကို စားသောက်ဆိုင်ထဲသို့ ပွေ့ချီသွားကြ၏။
သမားတော်ရှဲ့က မုတ်ဆိတ်ကို သပ်ကာ တဟားဟား ရယ်မောလိုက်သည်။ "နောက်ဆုံးတော့ လူနာ ရောက်လာပြီပဲ။ ဒီရက်ပိုင်းအတွင်း ကျုပ် အတော်လေး အားနေတာ။"
ပြောပြီးနောက် ချက်ချင်းပဲ အမျိုးသမီးကို သွေးစမ်းပေးလိုက်သည်။ ပြီးနောက် ခေါင်းယမ်းကာ နှမြောတသစွာဖြင့် ပြောလိုက်၏။ "ကျွတ် … ပါးပါးလေးပါ။ သာမန် ဒဏ်ရာရုံတင်မကဘူး သွေးအားနည်းနေတာ။ စားပွဲထိုး … သူ့ကို ပျားရည်လေး နည်းနည်း သွားဖျော်ပြီး တိုက်လိုက်။ အားပြန်ပြည့်လာအောင်လို့။ သီးသန့်ခန်းထဲ ပို့ပေးလိုက်ပါ။ သတိရလာရင် ကောင်းကောင်းလေး စားလိုက်ရုံနဲ့ ရပါပြီ။ အဲဒီကလေးလည်း အတူတူပဲ။ ဘာရောဂါကြီးမှ မရှိဘူး။"
ပြောပြီးနောက် သမားတော်ရှဲ့က လက်နှစ်ဖက် နောက်ပိုက်ကာ ထွက်သွားသည်။
ကျင်းဘုရင်သည် ထိုစကားကို ကြားချိန်မှ စိတ်အေးသွားပြီး လွတ်နေသော စားပွဲတစ်လုံးကို ရှာ၍ ထိုင်လိုက်သည်။ လီယန်စုန်တို့လည်း နောက်မှ လိုက်ထိုင်ကြ၏။
မကြာမီမှာပဲ စားပွဲထိုးက အဝတ်အစားကြမ်း တစ်ထပ်ကို ကိုင်လျက် ကျင်းဘုရင်တို့ဆီသို့ ပို့ဆောင်ပေးလာသည်။
အားလုံးက ခြောက်သွေ့သော အကြမ်းထည် အဝတ်အစားများကို လဲလှယ်ပြီးနောက် စားပွဲတစ်လုံးတည်းတွင် ပြန်ထိုင်ကြ၏။
ကျိန့်ချောင်က သက်ပြင်းချလိုက်သည်။ "ကောင်းတယ်။ တကယ် ကောင်းတယ်။ လူတွေရဲ့ စိတ်ထားက ရိုးသားလိုက်တာ။ မလာဖြစ်တာ ကြာပြီ ဆိုပေမဲ့ ပန်းရှန်းရပ်ကွက်ရဲ့ အပြောင်းအလဲက ဒီလောက်တောင် ကြီးမားနေတာပဲ။ အမြဲတမ်း အပြင်လူတွေက ဒီနေရာက ဘယ်လိုဘယ်လို ဆိုပြီး ပြောနေကြတာ ကြားရတာ၊ တကယ့်ကို တစ်ခါမြင်ရတာက အကြိမ်တစ်ရာ ကြားရတာထက် ပိုကောင်းတာပဲ။"
ကျင်းဘုရင်က ပြုံးလိုက်ရာ အပြုံးတွင် အနည်းငယ် ကျေနပ်မှုများ ပါဝင်နေ၏။
"စားပွဲထိုး။ အရက်နွေးနွေး နှစ်အိုးလောက် ယူခဲ့စမ်း။"
စားပွဲထိုးက ပြန်ထူးလိုက်ပြီး မကြာမီမှာပဲ ထမင်းဟင်း အတော်များများနှင့် အရက်ပူပူ နှစ်အိုး၊ ဂျင်းပြုတ်ရည်များကို ကျင်းဘုရင်၏ စားပွဲရှေ့သို့ လာချပေးသည်။
ကျင်းဘုရင်က အံ့ဩစွာ မေးလိုက်၏။ "ကျုပ်တို့ ထမင်းဟင်း မမှာထားဘူးလေ။"
စားပွဲထိုးက ပါးနပ်စွာ ပြုံးလိုက်သည်။ "ခင်ဗျားတို့ စားသာ စားပါ။ ကျုပ်တို့ဆီမှာ ဒီရက်ပိုင်းအတွင်း ထမင်းစား၊ တည်းခိုတာ အားလုံး အခမဲ့ပဲ။ အဝစားလို့ ရတယ်။ အစိုးရရုံးက ပိုက်ဆံ ပေးမှာပါ။"
လီယန်စုန်က စိတ်ဝင်တစား မေးလိုက်၏။ "ဘာ …. ခင်ဗျား ပြောချင်တာက ဒီစားသောက်ဆိုင်ထဲက လူတွေ စားသောက်နေတာ အကုန်လုံး အစိုးရရုံးက ဒကာခံတာပေါ့။"
"အင်း။ ဟုတ်ပါတယ်။ ဒီရက်ပိုင်း မိုးသည်းထန်လို့ ရေကြီးနေတာကြောင့် ရပ်ကွက်ထဲမှာ ယာယီ နေရာချထားရေး စခန်း အတော်များများ ဖွင့်ထားတယ်။ ဆိုင်ထဲက ကုန်ကျစရိတ် အားလုံးကို အစိုးရရုံးက ပေးတာပါ။ ဒါကြောင့် ခင်ဗျားတို့ စိတ်အေးအေးထားပြီး စားသာ စားပါ။ ခဏနေရင် ကျုပ် သစ်သီးခြောက် တစ်ပွဲ လာပို့ပေးပါအုံးမယ်။ အဲဒီသစ်သီးခြောက်က သာမန် မဟုတ်ဘူးနော်။ ဘေးအိမ်က ချန်မှတ် ကုန်စုံဆိုင်ပိုင်ရှင် ပေးထားတာ။ ဆရာတော်တွေ အန္တရာယ်ကင်း ပုတီးစိပ်ပေးထားတာတဲ့။ ကြားရသလောက် သူတို့ဆိုင်မှာ အခု သွေးဗောဓိပင် ရောင်းနေတယ်တဲ့။ ဒါပေမဲ့ အဲဒါတွေက ဆိုင်ရဲ့ အဖိုးတန် ပစ္စည်းတွေ ဖြစ်သွားပြီ။"
ပြောပြီးနောက် စားပွဲထိုးက နှုတ်ခမ်းသပ်လိုက်ပြီး ခေါင်းထဲတွင် သွေးဗောဓိ၏ အရသာကို စိတ်ကူးယဉ်နေ၏။
ကျင်းဘုရင်က နားမလည်စွာ မေးလိုက်သည်။ "ဒီဘေးအိမ်က ပစ္စည်းတွေကိုလည်း အစိုးရရုံးက ပိုက်ဆံ ပေးရတာလား။"
"အဲဒါကတော့ မဟုတ်ဘူး။ ချန်မှတ် ကုန်စုံဆိုင်က အရမ်း လည်တယ်။ သူတို့ဆီမှာလည်း ဒီနှစ်ရက်အတွင်း အရောင်းအဝယ် မရှိလို့ ကျုပ်တို့ဆီ လာပြီး အဆင်ပြေသလို ကြော်ငြာလာလုပ်တာ။ ခင်ဗျားတို့ စားလို့ ကောင်းရင် သူတို့ဆိုင်ကို တိုက်ရိုက် သွားဝယ်လို့ ရတယ်။ အင်းလေ သူတို့ ချမ်းသာလာတာက အကြောင်းမဲ့ မဟုတ်ပါဘူး။ ဒီလို ဦးနှောက်မျိုး ရှိနေတာကိုး။"
ကျင်းဘုရင်က အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်ရှိ ဂျင်းပြုတ်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ရာ ချက်ချင်းပင် တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရ၏။
ရင်ထဲတွင်လည်း အနည်းငယ် ခံစားသွားရသည်။ အသေးစိတ် စီစဉ်ထားပုံက ပြည့်စုံသည်။ ဖန်ကျန်းရီ နှင့် ယွမ်ကျောက်တို့သည် သူ့အား စိတ်မပျက်စေခဲ့ပေ။
လီယန်စုန်တို့ အဖွဲ့လည်း ဂျင်းပြုတ်ရည်ကို သောက်ရင်း အဆက်မပြတ် ခေါင်းညိတ်နေကြ၏။
သက်သောင့်သက်သာ ရှိလိုက်သည်ဖြစ်ခြင်း။ ယနေ့ နေ့တစ်ဝက်လုံး ဒုက္ခခံခဲ့ရကာ ယခုမှ စားသောက်ဆိုင်တွင် ဂျင်းပြုတ်ရည်လေး တစ်ခွက် သောက်ပြီး ပူပူနွေးနွေး ထမင်းဟင်းလေး စားလိုက်ရခြင်း ဖြစ်သည်။ ကောင်းလိုက်လေစွ။
ရေထဲတွင် အချိန်အတော်ကြာ စိမ်နေခဲ့ရပြီး လမ်းအဝေးကြီးကိုလည်း လျှောက်ခဲ့ရသောကြောင့် လူအချို့မှာ အစောကြီးကတည်းက ဆာလောင်နေကြပြီ ဖြစ်သည်။
ကျင်းဘုရင် စတင် စားသောက်ပြီးနောက် အားလုံးလည်း စတင် စားသောက်ကြသည်။ စားသောက်နေစဉ်တွင် မည်သူမှ စကားမပြောကြဘဲ စားသောက်ဆိုင် အတွင်းရှိ စားသုံးသူများ၏ စကားစမြည် ပြောဆိုသံများကိုသာ နားထောင်နေကြ၏။
ပြဇာတ်အကြောင်း ပြောနေသူများ ရှိသလို သိုင်းလောက အကြောင်း ဆွေးနွေးနေသူများလည်း ရှိပြီး မိမိတို့၏ အိမ်များ ပြိုကျသွားသည်ကို ဝမ်းနည်းနေသူများလည်းရှိကာ သာမန်ပြည်သူများ၏ ဘဝပုံစံ အစုံအလင်ကို ဤနေရာတွင် မြင်တွေ့နိုင်သည်။
ထမင်း တစ်ဝက်ခန့် စားပြီးချိန်တွင် မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့၏။
အစောပိုင်းက လမ်းတွင် တွေ့ခဲ့ရသော ခေါင်းဆောင်ဝမ်က တံခါးကို အလောတကြီး တွန်းဖွင့်ကာ ဝင်လာသည်။
စားသောက်ဆိုင် အတွင်းရှိ လူများကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ဘေးရပ်ကွက်က အိမ်တွေ ပြိုကျကုန်ပြီ။ ကျုပ်တို့မှာ လူအင်အား မလောက်လို့။ လာကူညီနိုင်မယ့်သူ ရှိလား။"
ခဏခန့် စောင့်နေသော်လည်း တုံ့ပြန်မှု မရှိသောကြောင့် ခေါင်းဆောင်ဝမ်က လောလာကာ ထပ်မံ အော်ဟစ်လိုက်သည်။ "လာကူညီနိုင်မယ့်သူ ရှိလား။ သတ္တိရှိတဲ့သူ ရှိလား။"
ထိုအထဲမှ ပညာတတ် တစ်ဦးက ရုတ်တရက် မတ်တတ်ရပ်လိုက်၏။ "မအော်နဲ့တော့။ ကျုပ် လိုက်မယ်။"
"တစ်ယောက်တည်း မလောက်ဘူး။ နောက်ထပ် လူလိုသေးတယ်။"
ပညာတတ်က သူနှင့် တစ်စားပွဲတည်း ထိုင်နေသူများကို ပြောလိုက်သည်။ "အားလုံးပဲ လိုက်မယ့်သူ ရှိလား။"
ဘေးရှိ လူတစ်ယောက်က သူ၏ အင်္ကျီလက်ကို ဆွဲကာ တိုးတိုးလေး ပြောလိုက်၏။ "အစ်ကိုရှန် … အပြင်မှာ မိုးသည်းနေတယ်။ ခုနကမှ အဝတ်အစားတွေက ကင်လို့ ခြောက်သွားတာကို ပြန်စိုသွားလိမ့်မယ်။"
ရှန်ယီက သူ့လက်ကို ခါချလိုက်ပြီး ပြောလိုက်သည်။ "စိုရင်လည်း စိုပါစေပေါ့။ လူ့အသက်က အရေးကြီးလား၊ အဝတ်အစားက အရေးကြီးလား။ ခင်ဗျားတို့ မသွားရင် ကျုပ် သွားပြီ။"
သူ ခြေလှမ်းကျဲကြီးများဖြင့် စတင် ထွက်ခွာသွားသည်ကို မြင်သောကြောင့် တစ်စားပွဲတည်း ထိုင်နေသူများလည်း ဆက်ထိုင်နေရန် အားနာသွားကြပြီး အသီးသီး မတ်တတ်ရပ်ကာ ပြောလိုက်ကြ၏။ "ကျုပ်တို့လည်း သွားမယ်။"
ခေါင်းဆောင်ဝမ်က ပါးစပ်ကြီး ဖြဲကာ ရယ်မောလိုက်သည်။ "ကောင်းတယ်။ လူလောက်ပြီ။ အချိန်မဆွဲနဲ့။ မြန်မြန် ကျုပ်နောက်လိုက်ခဲ့။"
ထို့နောက် ပညာတတ် တစ်သိုက်က ခေါင်းဆောင်ဝမ်၏ နောက်မှ အလုအယက် လိုက်ပါသွားကာ စားသောက်ဆိုင် ထဲမှ ထွက်ခွာသွားကြ၏။
မလှမ်းမကမ်းတွင် ထိုင်နေသော လူမိုက်ခေါင်းဆောင်က ခေါင်းဆောင်ဝမ်၏ ကျောပြင်ကို ကြည့်ကာ ရုတ်တရက် အရက်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။ "ညီအစ်ကိုတို့ … သွားမယ်။ ကျုပ်တို့လည်း သွားမယ်။"
ဘေးရှိ တပည့်ငယ် တစ်သိုက်မှာ အံ့ဩသွားကြသည်။ "ခေါင်းဆောင်။ သူတို့သွားရင် သူတို့ဘာသာ သွားပါစေပေါ့။ လူလည်း လောက်နေပြီ။ ကျုပ်တို့ အရက်သောက်နေတာ မကောင်းဘူးလား။"
လူမိုက်ခေါင်းဆောင်က တိုးတိုးလေး ပြောလိုက်၏။ "မင်း အရူးလား။ အခု မြောက်ပိုင်း မြို့တော်က လူဆိုးတွေ အကုန်လုံး ငါတို့ လက်ချက်နဲ့ ရှင်းသွားလောက်ပြီ။ နောက်ပိုင်း အစိုးရရုံးက ရှင်းလင်းရေး လုပ်ရင် ငါတို့ပဲ အရိုက်ခံရမှာ။ အဲဒီအချိန်ကျရင် ဘယ်သူမှ ပြေးလို့ လွတ်မှာ မဟုတ်ဘူး။ ကယ်ဆယ်ရေး လုပ်မယ့် အခွင့်အရေးကို အသုံးချပြီး အစိုးရရုံးကို ငါ့တို့အရည်အချင်း ပြရမယ်။ နောက်ပိုင်း အသွင်ပြောင်းဖို့လည်း လွယ်တာပေါ့။ ငါ တစ်ယောက်တည်း ပြေးချင်ရင် အချိန်မရွေး ပြေးလို့ ရတယ်။ အခုက ဘယ်သူ့အတွက်လဲ။ မင်းတို့အတွက် မဟုတ်ဘူးလား။"
တပည့်ငယ် တစ်သိုက်မှာ လေးစားကြည်ညိုသွားကြ၏။ "ခေါင်းဆောင် … တကယ့်ကို သစ္စာရှိတာပဲ။"
လူမိုက်ခေါင်းဆောင်က ပြုံးလိုက်သည်။ "မင်းတို့ သိရင် ရပြီ။ ညီအစ်ကိုတို့ ….. ငါ့နောက် လိုက်ခဲ့။"
ထို့နောက် လူဆိုးတစ်သိုက်က စားသောက်ဆိုင်ထဲမှ ထွက်ခွာကာ ကယ်ဆယ်ရေး လုပ်ရန် ပြေးသွားကြ လေတော့၏။
အပိုင်း (၁၅၄) ခေတ်မီဆန်းသစ်သော ပန်းရှန်းရပ်ကွက်။
စားသောက်ဆိုင်ထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် ကျင်းဘုရင်နှင့် အမတ်ကြီး သုံးယောက်စလုံး အံ့အားသင့်သွားကြသည်။
ကျန်းတုန်ရှန်းက စဉ်းစားဟန်ဖြင့် တတွတ်တွတ် ပြောလိုက်၏။ "သာမန်ပြည်သူတွေက ခေါင်းမာပြီး မိုက်မဲကြတယ်။ ကုန်သည်တွေက တရားမျှတမှုကို မသိကြဘူးလို့ အားလုံးက ပြောကြတယ်။ ဒါပေမဲ့ ဒီက သာမန်ပြည်သူတွေက တခြားသူတွေကို ကူညီဖို့ စိတ်အားထက်သန်ကြပြီး ကုန်သည်တွေကလည်း တရားမျှတတဲ့ ကုန်သည်တွေ ဖြစ်နေတယ်။ ထင်မထားခဲ့ဘူး။ ပန်းရှန်းရပ်ကွက်ကို ဒီလို အုပ်ချုပ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ တကယ်ကို ရှက်စရာပဲ။"
လီယန်စုန်က လူမရှိတော့သော စားပွဲအလွတ်ကို ကြည့်ကာ ပြောလိုက်သည်။ "အကျိုးအမြတ် လိုလားတာက လူ့သဘာဝပဲ။ လောကရဲ့ ကုန်သည်တိုင်း ဒီလိုပဲ။ ဒါပေမဲ့ စားသောက်ဆိုင်နဲ့ ဘေးအိမ်က ချန်မှတ် ကုန်စုံဆိုင်ကတော့ သာမန်ကုန်သည်တွေလို အသေးစိတ် တွက်ချက်နေတာမျိုး မရှိဘူး။
အကြောင်းရင်း တစ်စိတ်တစ်ပိုင်းကတော့ အစိုးရရုံးက ကုန်ကျစရိတ်တွေကို တာဝန်ယူပေးထားလို့ ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ကျုပ် အမြင်တော့ ပိုအရေးကြီးတာက ဒီလို လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရမှသာ သူတို့က စိတ်အေးချမ်းသာစွာနဲ့ အချိန်ကြာကြာ စီးပွားရေး လုပ်နိုင်မှာမို့လို့ပဲ။
တစ်ချိန်တည်းမှာပဲ တခြားသူတွေကို ကူညီဖို့လည်း ဝန်မလေးကြဘူး။ အကယ်၍ ဒီကုန်သည်တွေသာ တုန်းကျင်းရပ်ကွက်မှာ ရှိနေမယ် ဆိုရင်တော့ တံခါးပိတ်ပြီး ဧည့်သည် လက်မခံဘဲ ကိုယ့်အသက်အန္တရာယ် လုံခြုံအောင် နေနိုင်ရင်တောင် ကံကောင်းတယ်လို့ ပြောရမှာပဲ။
ပန်းရှန်းရပ်ကွက်ကတော့ သာမန်ပြည်သူတွေတောင်မှ သူတစ်ပါးကို ကူညီချင်စိတ်တွေ ဖြစ်လာကြတယ်။ ကောင်းတယ်။ တကယ် ကောင်းတယ်။"
ကျင်းဘုရင်က ခေါင်းညိတ်ကာ ပြုံးလိုက်ပြီးနောက် စားပွဲထိုးကို လက်လှမ်းခေါ်လိုက်၏။
စားပွဲထိုးက ပြေးလာပြီး တက်ကြွစွာ မေးလိုက်သည်။ "ဧည့်သည်တော် .. ဘာများ ခိုင်းစရာ ရှိလို့လဲ။"
ကျင်းဘုရင်က မေးလိုက်၏။ "ကျုပ် မေးပါရစေ။ ခုနက ထွက်သွားတဲ့လူတွေကို သိလား။ သူတို့က ဘယ်သူတွေလဲ။"
စားပွဲထိုးက လက်ခုပ်တီးကာ ရယ်မောလိုက်သည်။ "သိတာပေါ့။ အဲဒီ ပညာတတ်တွေက ကျုပ်တို့ ပန်းရှန်းရပ်ကွက်မှာ အတော်လေး နာမည်ကြီးတာ။ ခေါင်းဆောင်က ရှန်ယီ လို့ ခေါ်တယ်။ အားလုံးက ပြဇာတ် ဝါသနာရှင်တွေချည်းပဲ။ နေ့တိုင်း ပန်းရှန်းရပ်ကွက်က ပြဇာတ် ဝေဖန်ရေး ထောင့်မှာ ပြဇာတ်တွေကို ဝေဖန် ဆွေးနွေးကြတယ်။ ဒါမှမဟုတ် စာဖတ်ထောင့်မှာ စာဖတ်ကြတယ်။
ပုံမှန်အချိန်တွေမှာ သူတို့ ပျော်လာရင်လည်း အားလုံးကို ပြောပြတတ်ကြတယ်။ အချိန်ကြာလာတော့ သူတို့က ပန်းရှန်းရပ်ကွက်က ပြဇာတ်တွေကို အမှတ်ပေးပြီး အဆင့်သတ်မှတ်ပေးလာကြတယ်။ ပြောရရင် သူတို့ ပေးတဲ့ အမှတ်တွေက တကယ်ကို တိကျတယ်။ အခုဆို ရင်ပြင်မှာ နေ့တိုင်း ကပြနေတဲ့ ပြဇာတ်တွေတောင် သူတို့ရဲ့ လွှမ်းမိုးမှုကို ခံနေရပြီ။ နှမြောစရာ ကောင်းတာက ဒီရက်ပိုင်း မိုးဆက်တိုက် ရွာနေလို့ ရင်ပြင်ကို ဖွင့်မရတာပဲ။ နေရခက်လိုက်တာ။"
ပြောပြီးနောက် စားပွဲထိုးက နှမြောတသစွာဖြင့် ခေါင်းယမ်းလိုက်၏။ အခမဲ့ ပြဇာတ် ကြည့်ရမည့် နေ့ရက်များကို ဖြတ်သန်းရသည်မှာ တကယ်ကို မလွယ်ကူချေ။
ကျိန့်ချောင်ကလည်း ပြဇာတ်များကို အနည်းငယ် စိတ်ဝင်စားသူ ဖြစ်ရာ ဝင်ပြောလိုက်သည်။ "ဒါဆို လွန်ခဲ့တဲ့ ရက်ပိုင်းက ဘာပြဇာတ်ကောင်းတွေ ရှိလဲ။"
စားပွဲထိုးက လက်ချောင်းများကို ချိုးကာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "ရှိတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြဇာတ်သစ် တစ်ပုဒ် ရှိတယ်။ အရမ်း ကြည့်ကောင်းတာပဲ။ ဆရာစိုက် ကိုယ်တိုင် ရေးထားတာ။ ဇာတ်လမ်းကတော့ အရှင်မင်းကြီးက တိုင်းပြည်အရေးတွေကြောင့် ပင်ပန်းဆင်းရဲ ခံနေရလို့ ထမင်းမစားနိုင်၊ ရေမသောက်နိုင် ဖြစ်နေချိန်မှာ ဆရာစိုက်က မမောမပန်းနိုင်ဘဲ အရှင်မင်းကြီးအတွက် ကိုယ်တိုင်ကိုယ်ကျ တောင်ကြာပန်းကြိတ်ပေးခဲ့တယ်တဲ့။ အဲဒီနောက် ဆရာစိုက်က ထပ်ပြီးတော့...
နောက်ဆုံးမှာ အရှင်မင်းကြီးက အဲဒါကို သောက်သုံးပြီးနောက် ခွန်အားတွေ ပြည့်ဖြိုးလာတယ်။ တိုင်းပြည်ကို ကောင်းကောင်း အုပ်ချုပ်နိုင်သွားတဲ့ အကြောင်းပဲ။ ပြဇာတ်နာမည်ကတော့... ကျုပ် နိုင်ငံတော်အတွက် တောင်ကြာပန်း ကြိတ်ပေးမယ် တဲ့။ ပြဇာတ် ဝေဖန်ရေး ထောင့်မှာ အမှတ်ကိုးမှတ် ရထားတယ်။"
စားပွဲထိုး စကားဆုံးချိန်မှာတော့ တစ်စားပွဲလုံး တိတ်ဆိတ်သွား၏။
ကျိန့်ချောင်မှာ ကိုယ့်ကိုယ်ကိုယ် ပါးနှစ်ချက်လောက် ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။
သူ အဘယ်ကြောင့် လျှာရှည်၍ မေးလိုက်ရသနည်း။ ဖန်ကျန်းရီ ခွေးကောင်က သွားလေရာ ပေါက်ပန်းလေးဆယ် လုပ်လေသည်။ ဘုရင်မင်းမြတ်ကို ဖားယားသည် ဆိုလျှင်တောင် အတိုင်းအတာ တစ်ခုတော့ ရှိသင့်သည်။ သောက်ကျိုးနည်း … တောင်ကြာပန်းကို ဘာကြောင့်ကြိတ်ရသနည်း။
ကျင်းဘုရင်မှာ အံ့အားသင့်သွား၏။ အဘယ်ကြောင့်ဆိုသော် ဖန်ကျန်းရီက လွန်ခဲ့သော ရက်အနည်းငယ်က နန်းတော်ထဲသို့ တောင်ကြာပန်းဆီတစ်ပုံး တကယ် ပို့လာခဲ့သောကြောင့်ပင်။ သူက အနောက်နန်းဆောင်ကိုပင် ကြော်ငြာ ခိုင်းခဲ့သေး၏။
ကျင်းဘုရင်က အမှတ်တမဲ့ သက်ပြင်းချလိုက်သည်။ "ဖန်ကျန်းရီက စေတနာ ရှိသားပဲ။"
“....” အားလုံး တိတ်ဆိတ်သွားသည်။ တကယ်ပဲ အသုံးဝင်တာလား။
အမတ်ကြီး သုံးယောက်၏ အိုမင်းနေသော မျက်နှာများမှာ ရုတ်တရက် တဆတ်ဆတ် တုန်ခါသွားကြ၏။
ကျင်းဘုရင်က ဆက်ကာ မေးလိုက်သည်။ "ဒါဆို အနက်ရောင် ဝတ်ထားတဲ့ နောက်တစ်စားပွဲက လူတွေက ဘယ်သူတွေလဲ။"
"အဲဒီအဖွဲ့က ဒေသခံ နာမည်ကြီး ဂိုဏ်းတစ်ခုလေ။ ဖုန်းဟော့ဂိုဏ်း တဲ့။ လူဆိုးတစ်သိုက်ပါ။" စားပွဲထိုးက ဂရုမစိုက်သော အမူအရာဖြင့် ပြန်ဖြေလိုက်၏။
ကျင်းဘုရင်တို့ အဖွဲ့မှာ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။ ဤအဖွဲ့က လူဆိုးတစ်သိုက် ဖြစ်နေသော်လည်း ဤမျှလောက် စေတနာ ကောင်းနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
"သူတို့က ဂိုဏ်းဝင် လူဆိုးတွေဆိုရင် ခင်ဗျားတို့က သူတို့ကို မကြောက်ဘူးလား။"
စားပွဲထိုးက တဟားဟား ရယ်မောလိုက်သည်။ "အရင်ကတော့ ကြောက်တာပေါ့။ လတ်တလော ဘာဖြစ်သွားလဲ မသိဘူး။ ရုတ်တရက်ကြီး လမ်းမှန်ပေါ် ရောက်လာကြတယ်။ ပုံမှန်အချိန်တွေလို ဆူဆူညံညံ လုပ်ပြီး သူများတွေကို ခြိမ်းခြောက်တာမျိုး မလုပ်တော့ဘဲ ကောင်းတဲ့အလုပ်တွေ မကြာခဏ လုပ်လာကြတယ်။ ရပ်ကွက်ထဲက လူတွေ အကုန်လုံးလည်း ကျင့်သားရနေပါပြီ။ သူတို့ ရှိနေတာလည်း ကောင်းပါတယ်။"
ကျင်းဘုရင်တို့ အဖွဲ့မှာ တိတ်ဆိတ်သွားကြ၏။
ဤသည်က မည်သို့သော နတ်ဘုရား နည်းလမ်းနည်း။ လူများကို ရုတ်တရက် လမ်းမှားမှ ပြန်လှည့်လာအောင် လုပ်နိုင်သည်လား ... အောက်လမ်းနည်းများလား။
လူမိုက်ခေါင်းဆောင် နှင့် ဖန်ကျန်းရီတို့ ကြားရှိ ကိစ္စများကို သူတို့ မည်သို့သိနိုင်မည်နည်း။
အစိုးရရုံးကို အညံ့ခံပြီးကတည်းက ကျန်းပြောင်သည် ထိုလူမိုက်ခေါင်းဆောင်နှင့်အတူ မြောက်ပိုင်း မြို့တော်ရှိ ကြီးငယ်မဟူ လူဆိုးဂိုဏ်း အားလုံးကို ရှင်းလင်းပစ်ခဲ့၏။
မူလကတော့ ထိုခေါင်းဆောင်သည် အလွန် ဂုဏ်ယူနေပြီး မိမိက မြို့တော်၏ ဩဇာခံ တစ်ဦး ဖြစ်လာပြီဟု ထင်မှတ်နေခဲ့သည်။ သို့သော်ငြား စိတ်လှုပ်ရှားမှု လွန်ကဲသွားပြီးနောက် လူက စတင် ကြောက်လန့်လာသည်။
မြောက်ပိုင်း မြို့တော်ရှိ လူဆိုးဂိုဏ်း အားလုံး ရှင်းလင်းခံလိုက်ရပြီ ဆိုတော့၊ အစိုးရရုံးက ဆက်လက်၍ ရှင်းလင်းရေး လုပ်မည်ဆိုလျှင် သူ တစ်ဦးတည်းသာ ကျန်တော့၏။
သူ မဟုတ်လျှင် မည်သူ ဖြစ်နိုင်ဦးမည်နည်း။
သူက ဂိုဏ်းခေါင်းဆောင် အဆင့်အထိ ရောက်လာသူ ဖြစ်ရာ အရူးတော့ မဟုတ်ပေ။ မြောက်ပိုင်း မြို့တော်ကို သိမ်းပိုက်ပြီး မကြာမီမှာပဲ ရူးသွပ်စွာ အသွင်ပြောင်းရေး လုပ်ငန်းစဉ်ကို စတင်ခဲ့၏။
အစကနေ စတင်ကာ ဂိုဏ်းစည်းကမ်းများကို တင်းကျပ်စွာ ချမှတ်ပြီး ကောင်းသော အလုပ်များကို အပြိုင်အဆိုင် လုပ်ဆောင်သည်။
လက်အောက်ငယ်သား တစ်ချို့က သိက္ခာကျစရာဟု ထင်မြင်ကြသော်လည်း သူက ဂရုမစိုက်ဘဲ ဆန့်ကျင်ရဲသူများ ကို အခန်းထဲ ဆွဲသွင်းကာ အညံ့ခံသည်အထိ ရိုက်နှက်၏။
ထို့အပြင် တခြားမျက်မြင်ရှိ သင်ယူစရာများကို လေ့လာသင့်ယူကာ ဂိုဏ်းသားများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုင်းတာခြင်း အမှတ်များကိုပါ ဖန်တီးခဲ့သေးသည်။ ထိုကိစ္စနှင့် ပတ်သက်၍ လူကြီးမင်းစိုက် က သေချာ သင်ပြ ပေးခဲ့သေးသည်။
လူမိုက်များအား အကဲဖြတ်မှု၊ အရည်အသွေးအပေါ် အာမခံချက်။
သာမန်ပြည်သူများက အချင်းချင်း ချီးမွမ်းပြောဆိုနေကြ၏။
ဤသို့ဖြင့် အချိန်သိပ်မကြာခင်မှာပင် သူသည် နာမည် ကျော်ကြားလာသည်။
ဖန်ကျန်းရီမှာတော့ အံကြိတ်ကာ ဒေါသထွက်နေရ၏။ ဤခွေးကောင်က ဤမျှလောက် လည်လိမ့်မည်ဟု ထင်မထားခဲ့ချေ။
ဤအကောင်ကို ဖြုတ်ချရန် အခွင့်အရေး မကြာခဏ ရှာဖွေနေခဲ့သော်လည်း မည်သည့် အားနည်းချက်မှ ထုတ်မပြပေ။
ထို ကောင်းသော အလုပ်များ ဆိုသည်ကို ဖန်ကျန်းရီက လုံးဝ မယုံကြည်ပေ။
သူ တစ်ခုတည်းကိုသာ ယုံကြည်သည်။ ခွေးဆိုသည်မှာ အမြဲတမ်း လူကို ကိုက်တတ်စမြဲပင်။
ဖန်ကျန်းရီ၏ ရူးသွပ်စွာ ပြဿနာ ရှာမှုများအောက်တွင် လူမိုက်ခေါင်းဆောင်၏ လုပ်ရပ်များက ပို၍ပို၍ လွန်ကဲလာသည်။
ယခုအခါ ဖုန်းဟော့ဂိုဏ်းသည် ပန်းရှန်းရပ်ကွက်၏ အကြီးဆုံး အိမ်ခြံမြေ စီမံခန့်ခွဲရေး အဖွဲ့အစည်း အဖြစ်သို့ တိတ်တဆိတ် ရောက်ရှိနေပြီ ဖြစ်၏။
ကျင်းဘုရင်နှင့် အမတ်ကြီးတစ်ချို့မှာ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် စားပွဲထိုးကို ဆက်မေးလိုက်သည်။ "ဒါဆို ဆရာစိုက် အခု ဘယ်မှာလဲ ဆိုတာ ခင်ဗျား သိလား။ ကျုပ်တို့ သူ့ကို တွေ့ချင်လို့။"
"ခင်ဗျားတို့ လာတာ တကယ် အချိန်ကိုက်ပဲ။ ခုနကပဲ လူတွေ ပြောနေတာ ကြားလိုက်တယ်။ ဆရာစိုက်နဲ့ သခင်လေးလီတို့ တောင်ဘက် လမ်းမပေါ်က အသစ်ဖွင့်ထားတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ ရှိနေတယ်တဲ့။ ရှန်းဟန် စားသောက်ဆိုင် လို့ ခေါ်တယ်။ ပုံမှန်ဆိုရင်လည်း ဆရာစိုက်က အဲဒီမှာပဲ။ စမုန်စပါးစေ့ တစ်ပွဲ မှာပြီး နေ့တစ်ဝက်လောက် ထိုင်နေတတ်တယ်။ အားနေရင် ကလေးတွေကို စာသင်ပေးတယ်။ ခင်ဗျားတို့ အခု သွားရင် သူ အဲဒီမှာ ရှိလောက်တယ်။"
ကျင်းဘုရင်က လက်ဝှေ့ယမ်းကာ စားပွဲထိုးကို ထွက်သွားခိုင်းလိုက်ပြီးနောက် ရှေ့ရှိသုံးယောက်ကို ပြောလိုက်၏။ "အခု ဖန်ကျန်းရီတို့ကို သွားကြည့်ကြရအောင်။ ကိုယ်တော်ကတော့ မစောင့်နိုင်တော့ဘူး။"
အမတ်ကြီး သုံးယောက်က အပြုံးလေးများဖြင့် ခေါင်းညိတ် သဘောတူလိုက်ကြသည်။
…..
ရှန်းဟန် စားသောက်ဆိုင်ထဲတွင် ဖန်ကျန်းရီသည် စားသောက်ဆိုင်၏ ကောင်တာဘေးတွင် ပျင်းရိစွာ ထိုင်နေ၏။
ကောင်တာပေါ်တွင် ဆိုင်ရှင်က ပေသီးကို တဒေါက်ဒေါက် မြည်အောင် တွက်ချက်နေသည်။
ဧည့်ခန်းမထဲတွင် စားပွဲ အနည်းငယ်ကို ပေါင်းစပ်ထားပြီး စားပွဲပေါ်တွင် ဟင်းသီးဟင်းရွက်နှင့် အသားများ အပြည့် တင်ထားကာ ဟော့ပေါ့ စားနေကြ၏။
သာမန်ပြည်သူများက စားပွဲကို ဝိုင်းထိုင်နေကြပြီး ထိုအထဲတွင် ကလေးငယ် အတော်များများလည်း ပါဝင်နေသည်။
လီယွမ်ကျောက်က စိတ်အားထက်သန်စွာဖြင့် လေလုံးထွားနေပြီး သူ ဤရက်ပိုင်းအတွင်း လုပ်ခဲ့သော ကိစ္စအမျိုးမျိုးကို ဝါဒဖြန့်နေကာ ကလေးငယ် တစ်သိုက်ကို အလွန် အားကျနေစေ၏။
စိတ်လှုပ်ရှားလာချိန်တွင် လီယွမ်ကျောက်သည် ခါးထောက်ကာ တဟားဟား ရယ်မောသည်။
ဖန်ကျန်းရီက လက်တစ်ဖက်ဖြင့် ကောင်တာကို ထောက်ထားကာ စမုန်စပါးစေ့ တစ်စေ့ကို ကိုင်လျက် လီယွမ်ကျောက်ကို မျက်စောင်းထိုး ကြည့်နေပြီး တစ်ခါတစ်ရံ ခေါင်းယမ်းကာ တစ်ခါတစ်ရံ သက်ပြင်းချ နေလေတော့၏။