အခန်း (၁၅၇-၁၅၈)
Vol. 10 Ch. 157-158
အပိုင်း (၁၅၇)
တုန်းကျင်းရပ်ကွက်အတွင်း ယန်ကော်အန်း တစ်ယောက် အလွန်အမင်း စိုးရိမ်ပူပန်နေ၏။
လောင်းကြေးထပ်ထားသည့် အချိန်ရောက်လာပြီ ဖြစ်သော်လည်း အကြောင်းပြချက်မရှိဘဲ မိုးသည်းထန်စွာ ရွာသွန်းနေသည်။
သူ့ကိုယ်သူ အနိုင်ရရန် သေချာနေပြီဟု ထင်ထားသော်လည်း သူက ငယ်ငယ်ကတည်းက နိုင်လာခဲ့သူ ဖြစ်သောကြောင့် နိုင်မည်ဆိုလျှင်တောင် လှလှပပ အနိုင်ရချင်သည်။ ပြတ်ပြတ်သားသား အနိုင်ရခြင်းကသာ သူ့လိုလူမျိုး လိုလားသည့် အရာဖြစ်၏။
ထို့ကြောင့် တုန်းကျင်းရပ်ကွက်တွင် ရေကြီးလာသည်နှင့် တစ်ပြိုင်နက် ယန်ကော်အန်းက လက်အောက်ငယ်သားများကို ရပ်ကွက်အတွင်း ကင်းလှည့်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
လက်အောက်ခံ အရာရှိငယ်များမှာ အလွန် ဆင်းရဲဒုက္ခရောက်ကာ ညစ်ညမ်းသော ရေများထဲတွင် အဆက်မပြတ် ပြေးလွှားနေရ၏။
ယန်ကော်အန်းက ရုံးတော်ခန်းမထဲတွင် အပြန်ပြန်အလှန်လှန် လမ်းလျှောက်နေစဉ် အပြင်ဘက်မှ အရာရှိငယ်တစ်ဦး အပြေးအလွှား ဝင်လာသည်။
သူက အပေါ်အောက် အကဲခတ်လိုက်ရာ အရာရှိငယ်၏ ကိုယ်တစ်ပိုင်းလုံး ရွှံ့များ ပေကျံနေပြီး တစ်ကိုယ်လုံး စိုရွှဲနေသည်ကို မြင်လိုက်သည်။ ထို့ကြောင့် မျက်မှောင်ကြုတ်သွား၏။ "အခြေအနေ ဘယ်လိုရှိလဲ"
အရာရှိငယ်က မောဟိုက်နေသော်လည်း အားတင်း ပြုံးပြကာ ပြောလိုက်သည်။ "မြို့ဝန်မင်း …. လူလွှတ်ပြီး မေးမြန်းထားပြီးပါပြီ။ သခင်လေးကျန်း နဲ့ သခင်လေးစု တို့အိမ်တွေကတော့ အန္တရာယ် မရှိပါဘူး"
"ဒါပေမဲ့ အရှေ့ဘက်က သခင်လေးလီ အိမ်ကတော့ နိမ့်လို့ ရေမြုပ်သွားပါပြီ။ နည်းနည်း ဆိုးရွားပါတယ်။ ကျုပ်တို့ အရေးပေါ် လူလွှတ်ပြီး လှေတွေနဲ့ လူသွားကယ်ခိုင်းထားပါတယ်။ လောလောဆယ် စားသောက်ဆိုင်တစ်ဆိုင်ကို ချောဆွဲပြီး သေချာ နေရာချထားပေးလိုက်ပါပြီ။
ပညာတတ် သခင်လေးတော်တော်များများက မြို့ဝန်မင်းကို ကျေးဇူးတင်နေကြပါတယ်။ မြို့ဝန်မင်းက အုပ်ချုပ်မှု ကောင်းမွန်ပြီး ဂရုစိုက်မှု အပြည့်ရှိတယ်ဆိုပြီး မြို့ဝန်မင်းရဲ့ ဂုဏ်ကျေးဇူးကို ချီးမွမ်းဖို့ စာချွန်လွှာ တင်သွင်းချင်နေ ကြပါတယ်။
တချို့ကလည်း ရေကျသွားရင် ပြည်သူတွေကို စုစည်းပြီး မြို့ဝန်မင်းက ပြည်သူတွေကို သားသမီးလို ချစ်ခင်တဲ့အကြောင်း ကျေးဇူးဆပ်တဲ့အနေနဲ့ သောင်းပြောင်းထွေလာ စာလွှာတစ်စောင် ရေးပေးမယ်လို့ ပြောနေကြပါတယ်။
ဒါပေမဲ့ ရွှမ်မင်နန်းဆောင်ထဲက ပညာတတ် တစ်ချို့ကတော့ ကိုယ်ပိုင် ထမ်းစင်နဲ့ ထွက်သွားကြတယ်၊ မြို့ဝန်မင်းကို ဒုက္ခပေးသလို ဖြစ်မှာ စိုးလို့တဲ့။ မြို့ဝန်မင်းရဲ့ ကျေးဇူးက ဆပ်လို့ မကုန်နိုင်ဘူး၊ ပြန်ရောက်မှ မြို့ဝန်မင်းကို ကျေးဇူးစကား လာပြောမယ်လို့ ပြောပါတယ်"
သောင်းပြောင်းထွေလာ စာလွှာ။ သူ အရာရှိလုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သော်လည်း ထိုကဲ့သို့သော အရာမျိုးကို မရဖူးသေးပေ။
ဤအရာက အရာရှိတစ်ဦးအတွက် အမြင့်မားဆုံးသော ချီးကျူးဂုဏ်ပြုမှုနှင့် တူညီသည်။ နောင်တစ်ချိန် အရှင်မင်းကြီး ရှေ့မှောက် ရောက်သွားလျှင်... ပိုပြီး မျက်နှာပန်း လှသွားမည် မဟုတ်လား။
ဖန်ကျန်းရီ အသေအလဲ ကြိုးစားလျှင်တောင် ဤသို့ဂုဏ်ကျက်သရေမျိုး ရနိုင်မှာ မဟုတ်ဘူးဟူ သူ ယုံကြည်ထား၏။
ယန်ကော်အန်း၏ မျက်နှာတွင် ဝမ်းသာပီတိများ ထင်ပေါ်နေသည်။ လက်နောက်ပစ်လျက် ခန်းမထဲရှိ ဆိုင်းဘုတ်ကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။ "ဒါက ဘာမှမဟုတ်ပါဘူး။ ငါ တုန်းကျင်းရပ်ကွက်ကို ရောက်လာပြီဆိုမှတော့ ဒေသခံတွေ အကျိုးအတွက် အစွမ်းကုန် ကြိုးစားရမှာပေါ့။ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ အရာပဲ။ ဒါပေမဲ့ ငါ မကြာခင် ထွက်သွားရတော့မယ်။ ရပ်ကွက်ထဲက ပြည်သူတွေအတွက် အများကြီး မလုပ်ပေးနိုင်တော့တာ နှမြောစရာပဲ။"
"မင်း သွားပြီး အဲဒီ ပညာတတ်တွေကို ပြောလိုက်။ ငါ မထွက်သွားခင် သူတို့ဆီကို တစ်ယောက်ချင်း လာလည်ပြီး ပညာရပ်တွေ ဖလှယ်မယ်လို့။ ဒါကလည်း တုန်းကျင်းရပ်ကွက်အတွက် ငါ လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပဲ"
"သွားတော့"
အရာရှိငယ်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွား၏။ ထပ်သွားရဦးမည်လား။
အပြင်ဘက်တွင် မိုးတိတ်သွားပြီ ဆိုပေမဲ့ တစ်ခေါက်သွားရန်မှာ အလွန် ခက်ခဲလှသည်။ ခြေထောက်များက ယခုပင် တုန်ယင်နေသလို ခံစားနေရ၏။
ပြန်ရောက်လာချိန်က မခံစားရသော်လည်း ခန်းမထဲတွင် ခဏနားပြီးချိန်မှာတော့ ခြေထောက်များက ခဲဆွဲထားသလို လေးလံနေပြီ ဖြစ်သည်။
သို့သော်လည်း ယန်ကော်အန်းက ခိုင်းထားသောကြောင့် သူ ဘာမှမတတ်နိုင်ဘဲ ခေါင်းညိတ် သဘောတူလိုက်ရသည်။ ပြီးနောက် ခြေလှမ်းများကို အားယူကာ ခက်ခက်ခဲခဲ ထွက်သွား၏။
သူ ထွက်သွားသည်ကို ကြည့်ပြီးနောက် မြေပြင်ပေါ်ရှိ ရွှံ့ရေများကို ကြည့်ကာ ယန်ကော်အန်းက အော်ပြောလိုက်သည်။ "လူလာကြစမ်း။ မြေပြင်ကို ပြန်လှည်းလိုက်။ ခန်းမကို ညစ်ပတ်ခံလို့ မဖြစ်ဘူး"
ပြောပြီးနောက် ပါးစပ်မှ အမည်မသိ သီချင်းတစ်ပုဒ်ကို ညည်းတွားရင်း ခန်းမအပြင်ဘက်ရှိ မိုးဖွဲဖွဲကို ကြည့်ကာ စိတ်များ ပေါ့ပါးလာ၏။
ဖန်ကျန်းရီ၊ ဖန်ကျန်းရီ... မင်း ဘယ်လို ရှုံးနိမ့်သွားမလဲဆိုတာ ငါ ကြည့်နေမယ်။
ထိုအချိန်တွင် မိုးတိတ်သွားပြီ ဖြစ်ပြီး မြင်းလှည်းအချို့က တုန်းကျင်းရပ်ကွက်ဆီသို့ အလျင်အမြန် ဦးတည်သွားနေကြ၏။
ဖန်ကျန်းရီနှင့် ကျင်းဘုရင်တို့က မြင်းလှည်းတစ်စီးတည်း အတူစီးလာကြပြီး လှည်းအတွင်းရှိ လေထုက အနည်းငယ် အနေခက်နေသည်။
ကျင်းဘုရင်က နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ စကားတစ်ခွန်းမှ မဟဘဲ ပြတင်းပေါက် အပြင်ဘက်ကိုသာ ငေးကြည့်နေ၏။
ဖန်ကျန်းရီကတော့ ဘာဖြစ်နေမှန်း မသိသောကြောင့် မျက်နှာမှာ ကြောင်တောင်တောင် ဖြစ်နေသည်။
ဖူယွမ်ဘုရားကျောင်း ကိစ္စအပြီးတွင် သူက တုန်းကျင်းရပ်ကွက်ကို စုံစမ်းရန် လူမလွှတ်တော့ပေ။ ပထမအချက်က ယန်ကော်အန်းကို ကြောက်စရာမလိုဟု ထင်သောကြောင့် ဖြစ်ပြီး ဒုတိယအချက်ကလည်း အဓိပ္ပာယ် မရှိသောကြောင့် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သူက ပန်းရှန်းရပ်ကွက်ကိုသာ သေချာ စီမံခန့်ခွဲချင်ပြီး အခြားကိစ္စများကို စိတ်မဝင်စားပေ။
အကြိမ်အတော်များများတွင် ဖန်ကျန်းရီက ကျင်းဘုရင်နှင့် စကားပြောချင်သော်လည်း သူ၏မျက်နှာ အနည်းငယ် တည်တင်းနေသည်ကို မြင်သောကြောင့် မပြောတော့ဘဲ နေလိုက်သည်။
ကျင်းဘုရင်ကတော့ လမ်းတစ်လျှောက်လုံး ယန်ကော်အန်းကို မည်သို့ အရေးယူရမည်နည်းဟု တွေးတောနေ၏။
ပန်းရှန်းရပ်ကွက်ကိုသာ မတွေ့ခဲ့ရလျှင် သူက ဤမျှ ပြင်းထန်သော ပြစ်ဒဏ်မျိုး ပေးမည် မဟုတ်ဘဲ အများဆုံး ပြစ်တင် ကြိမ်းမောင်းရုံသာ ပြုလုပ်ပေမည်။ အကြောင်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်သည်က များသောကြောင့်ပင်။
နိုင်ငံ ပညာတတ် အများစုမှာ ဤသို့ပင် ဖြစ်ကြ၏။ အချို့ကိစ္စများက နေ့ချင်းညချင်း ပြောင်းလဲနိုင်သည် မဟုတ်ပေ။
သို့ပေမည့် ပြဿနာမှာ ပန်းရှန်းရပ်ကွက်ကို ရောက်ဖူးသွားခြင်းပင်။ ပစ္စည်းချင်း ယှဉ်လျှင် လွှင့်ပစ်ရမည် ဖြစ်ပြီး လူချင်း ယှဉ်လျှင် သေရမည် ဖြစ်သည်။
ကျင်းဘုရင်၏ ရင်ထဲမှ ဒေါသများက မပြေပျောက်သွားသည့်အပြင် တဖြည်းဖြည်း ပိုမို ကြီးထွားလာ၏။
မကြာမီမှာပဲ မြင်းလှည်းက တုန်းကျင်းရပ်ကွက် အနီးသို့ ရောက်ရှိလာသည်။
အပြင်ဘက်တွင် ကြီးမားသော လူအုပ်ကြီးက တုန်းကျင်းရပ်ကွက်ကို လုံခြုံစွာ ဝန်းရံထားပြီး ဖန်ကျန်းရီက ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
ကျင်းဘုရင်တို့၏ မြင်းလှည်းက လူအုပ်ကို ဖြတ်ကျော်ကာ ရုံးတော်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
ယန်ကော်အန်းဘက်တွင် ပုံမှန်မဟုတ်သည်ကို သတိထားမိသူတစ်ချို့ ရှိနေပြီး အထိတ်တလန့်ဖြင့် အလုပ်ခန်း ထဲသို့ ဝင်ရောက်လာကြ၏။
ယန်ကော်အန်းက စာအုပ်ကို လက်မှမချဘဲ တစ်ခုခုကို ဖတ်နေသည်။ လူတစ်ယောက် ဝင်လာသည်ကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး ဆက်လက် ဖတ်နေလိုက်သည်။
အရာရှိငယ်က ဝင်လာသည်နှင့် ပြောလိုက်၏။ "မြို့ဝန်မင်း … မကောင်းတော့ဘူး၊ ရပ်ကွက်ထဲမှာ ရုတ်တရက် လူအုပ်ကြီး ရောက်လာပြီး မြင်းလှည်းတစ်ချို့က ကျုပ်တို့ဆီကို လာနေပါတယ်"
ယန်ကော်အန်းက အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ လူအုပ်ကြီးလား။ မြို့တော်စောင့်တပ်က ငါ့ကို ကူညီဖို့ လူလွှတ်လိုက်တာများလား။
ထို့နောက် မော့ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။ "ဘယ်လို လူတွေလဲ"
အရာရှိငယ်က စိုးရိမ်တကြီး ပြောလိုက်၏။ "ကြည့်ရတာ စုံထောက်တပ်ဖွဲ့တွေနဲ့ တူပါတယ်။ ဒါပေမဲ့ ကျုပ် မသိတဲ့သူ တချို့လည်း ပါပါတယ်။"
စုံထောက်တပ်ဖွဲ့တွေ ထွက်လာတယ်၊ မသိတဲ့သူတွေလည်း ပါတယ်လား။ စုံထောက်တပ်ဖွဲ့ကို သုံးနိုင်တာက အရှင်မင်းကြီးပဲ ရှိတယ်။ အရှင်မင်းကြီးက လောင်းကြေးကို ဒီလောက် အလေးထားပြီး တုန်းကျင်းရပ်ကွက်ကို ကိုယ်တိုင် ကြွလာလိမ့်မယ်လို့ မထင်ထားဘူး။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချီးကျူးစကားတွေကို ကြားပြီး ငါ့ရဲ့ အောင်မြင်မှုတွေကို အမြန်ဆုံး လာကြည့်ချင်နေတာများလား။
ယန်ကော်အန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။
ဟန်လင်အကယ်ဒမီက လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူသိတဲ့ အမတ်ဟောင်းတချို့ရဲ့ စကားတွေက အလုပ်ဖြစ်သွားတာပဲ။ အရှင်မင်းကြီး ကိုယ်တိုင် ကြွလာတာလည်း ဖြစ်နိုင်တယ်။
ယန်ကော်အန်းက တွေးလေတွေးလေ ပိုသေချာလေ ဖြစ်ကာ စိတ်ကြည်နူးသွားပြီး အရာရှိငယ်ကို လက်ကာပြကာ ပြောလိုက်သည်။ "မြန်မြန် လူစုပြီး အရှင်မင်းကြီးကို ကြိုဆိုဖို့ ပြင်ဆင်ကြစမ်း။"
ပြောပြီးနောက် သူကိုယ်တိုင် အလျင်စလို ပြေးထွက်သွား၏။
ရုံးတော်ဂိတ်ပေါက်သို့ ရောက်သောအခါ ခြေရင်းတွင် စီးဆင်းနေသော ညစ်ညမ်းသည့် ရေများကို ကြည့်ကာ တုံ့ဆိုင်းသွားပြီး ရှေ့သို့လှမ်းထားသော ခြေတစ်လှမ်းကို ပြန်ရုပ်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် ရေထဲသို့ ဆင်းသွားရာ ညစ်ညမ်းသော ရေများက ဒူးအထိ နစ်မြုပ်သွားသည်။ ခြေချော်ပြီး လဲကျလုနီးပါး ဖြစ်သွား၏။
ဆိုးရွားလှသော အနံ့ဆိုးများက မျက်နှာကို ရိုက်ခတ်လာရာ ယန်ကော်အန်းက နှာခေါင်းကို ပိတ်ထားပြီး အပြင်ဘက်သို့ ဂရုတစိုက် လျှောက်သွားသည်။
လူစုံသွားပြီး ယန်ကော်အန်း ရပ်လိုက်ချိန်မှာတော့ ကျင်းဘုရင်၏ မြင်းလှည်း ရောက်လာခဲ့သည်။
ယန်ကော်အန်းက လိုက်ကာကြားမှ ပေါ်လာသော မျက်နှာကို စိတ်လှုပ်ရှားစွာ ကြည့်နေပြီး အရှင်မင်းကြီး လှည်းထဲမှ ဖြည်းညင်းစွာ ထွက်လာမည်ကို ကြည့်နေ၏။
ယန်ကော်အန်းက မနေနိုင်ဘဲ သတိပေးလိုက်သည်။ "အရှင်မင်းကြီး၊ သတိ..."
စကားမဆုံးမီမှာပင် ကျင်းဘုရင်က ရေထဲသို့ တိုက်ရိုက် ခုန်ဆင်းလာ၏။
ယန်ကော်အန်းမှာ အံ့သြမှင်သက်သွား၏။ ထို့နောက် ချက်ချင်း သတိဝင်လာကာ အံကြိတ်ပြီး ရေထဲတွင် ဒူးထောက်ချလိုက်ကာ ခေါင်းကို ပြင်းပြင်းထန်ထန် ဦးညွှတ်လိုက်သည်။
တစ်ကိုယ်လုံး ရေများ စိုရွှဲနေပြီး အနံ့ဆိုးများ ထွက်ပေါ်နေ၏။
ယန်ကော်အန်းက အားတင်းပြုံးကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို ကြိုဆိုပါတယ်။ နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပေးတော်မူပါ။"
ထို့နောက် ကျင်းဘုရင်၏ အနောက်မှ ထွက်လာသော ဖန်ကျန်းရီကို လှမ်းမြင်လိုက်ရာ သူက နှာခေါင်းကို ပိတ်ထားပြီး ရေပြင်ကို ရွံရှာစွာ ကြည့်နေသည်။
ယန်ကော်အန်းမှာ ဇဝေဇဝါ ဖြစ်သွား၏။ သူ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။
ဖန်ကျန်းရီလည်း အံ့အားသင့်သွားသည်။ ဒီလူ တော်လှချည်လား။ ရေငုပ်ပြီးတောင် အရိုအသေပြုတာပဲ။ အရှက်မရှိတဲ့ ဖော်လံဖား။
ဖန်ကျန်းရီက တွေးလေ ဒေါသထွက်လေ ဖြစ်ကာ မည်သို့မှမနေနိုင်ဘဲ သတိပေးလိုက်သည်။ "မြို့ဝန်ယန် … ရေထဲမှာ ချေးတွေ ရှိတယ်"
ယန်ကော်အန်းက ချက်ချင်း အန်ချင်စိတ်ပေါက်သွားကာ နဖူးမှ သွေးကြောများပင် ထောင်ထလာသည်။ ပြီးနောက် ဖန်ကျန်းရီကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
ထိုနေရာရှိ လူအားလုံး၏ နဖူးပေါ်တွင် မျဉ်းမည်းသုံးကြောင်း ပေါ်လာ၏။
ကျင်းဘုရင်၏ မျက်နှာမှာလည်း ပျက်ယွင်းသွားသည်။ မူလတည်းက လေးလံနေသော စိတ်နှလုံးက ရုတ်တရက် ဖျက်ဆီးခံလိုက်ရသလို ဖြစ်သွားပြီး ဖန်ကျန်းရီကို နောက်လှည့်ကြည့်လိုက်မိသည်။
ကိုယ်တော်လည်း ရေထဲမှာ ရပ်နေတယ်လေ။ မင်း ဘာတွေ လျှောက်ပြောနေတာလဲ။
စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားပြီးနောက် ကျင်းဘုရင်က ယန်ကော်အန်းကို ကျော်ဖြတ်ကာ အထဲသို့ ဝင်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "အထဲမှာ စကားပြောကြတာပေါ့"
ဧကရာဇ် ထိုင်လိုက်ပြီးနောက် အရေးကြီး ပုဂ္ဂိုလ်များ အားလုံး ခန်းမထဲသို့ ဝင်လာကြသည်။
ကျင်းဘုရင်က သိမ်မွေ့စွာ ပြောလိုက်၏။ "အမတ်ယန် … ခင်ဗျားက အုပ်ချုပ်မှု ကောင်းမွန်တယ်လို့ ကိုယ်တော် အမြဲ ကြားနေရတယ်။ နန်းတော်မှာလည်း ခင်ဗျားက ပြည်သူတွေကို သားသမီးလို ချစ်တယ်လို့ ပြောကြတယ်။ ဒါကြောင့် ကိုယ်တော် အခြေအနေမှန်ကို ကိုယ်တိုင် လာကြည့်တာ။ တကယ်ပဲ အဲဒီလို ဖြစ်နေတာလား။"
ယန်ကော်အန်း၏ ရင်ထဲတွင် အရမ်းကို ဝမ်းသာသွား၏။
တကယ်ပါပဲ။ အရှင်မင်းကြီးက ငါ့ရဲ့ နာမည်ကောင်းကို ကြားပြီး မစောင့်နိုင်တော့ဘဲ လာကြည့်တာပဲ။ ဒါပေမဲ့ ပညာတတ်တွေက ဖန်ကျန်းရီလို ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလုပ် အမြဲ ချီးမွမ်းနေလို့ ရပါ့မလဲ။
ယန်ကော်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "အရှင်မင်းကြီး၊ ကျွန်တော်မျိုးက နေ့တိုင်း အလုပ်မှာပဲ အာရုံစိုက်နေတာပါ။ ဒီကိစ္စတွေကို မကြားဖူးပါဘူး။ သတင်းအမှားတွေပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ကောင်းကောင်း လုပ်နိုင်ရင်တောင် ချီးကျူးစရာ မလိုပါဘူး။ ဒါက ကျွန်တော်မျိုးရဲ့ တာဝန်ပဲလေ။ ပြည်သူတွေကို သားသမီးလို ချစ်တယ်ဆိုတာလည်း လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ"
ခန်းမထဲရှိ လူအားလုံး၏ မျက်နှာများက ကြောင်တောင်တောင် ဖြစ်သွားကြ၏။
ဖန်ကျန်းရီက နားစွင့်ကာ မျက်နှာထားကို တည်လိုက်သည်။ ကောင်းကောင်း ပြောတတ်တာပဲ။ ငါလည်း လေ့လာသင်ယူရအုံးမယ်၊ ဒီ ယန်ကော်အန်းက တကယ် ပညာရှိတာပဲ။
လီယွမ်ကျောက်ကတော့ နှာခေါင်းကို ကလော်ရင်း အထင်သေးသည့် မျက်နှာထားဖြင့် ရှိနေ၏။
ဘာတွေလဲ။ လမ်းတွေက ဒီလို ဖြစ်နေတာကို ခင်ဗျားက ဘယ်လိုလုပ် မျက်နှာပြောင်တိုက်ပြီး ဒီစကားတွေ ပြောရဲရတာလဲ။
ကျင်းဘုရင်၏ မျက်နှာထားက တဖြည်းဖြည်း လေးနက်လာသည်။ "ဒါဆိုရင်... အမတ်ယန်က တကယ်ပဲ ပြည်သူတွေကို သားသမီးလို ချစ်ရဲ့လား။"
ယန်ကော်အန်းက ကျင်းဘုရင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ခန်းမထဲရှိ အခြားလူများကိုလည်း ကြည့်လိုက်သည်။
အမတ်ကြီး သုံးပါးကလည်း သူ့ကို အေးစက်စွာ ကြည့်နေကြ၏။
ပုံမှန်ဆိုလျှင် ဒီလူတွေက သူ့ကို အထင်ကြီးကြတာပဲ၊ ဒီနေ့ ဘာလို့ ဒီလို မျက်နှာထားမျိုး ဖြစ်နေကြတာလဲ။ ပြီးတော့ အရှင်မင်းကြီးက ဒီစကားကို ဘာသဘောနဲ့ ပြောတာလဲ။
အခြေအနေက အနည်းငယ် ထူးဆန်းနေသဖြင့် ယန်ကော်အန်း၏ ရင်ဘတ်ထဲတွင် ဒိန်းဒိန်းဒိုင်းဒိုင်း ခုန်လာ၏။ သူက အားတင်းကာ ပြောလိုက်သည်။ "ချစ်ပါတယ်"
ကျင်းဘုရင်က ပြုံးလိုက်သော်လည်း မည်သည့် ခံစားချက်မှ မပါဝင်ပေ။ "ဒါပေမဲ့ ကိုယ်တော် လာတဲ့အချိန်မှာ ပြည်သူတွေ အများကြီး ရေထဲမှာ ရပ်နေပြီး ကူညီမယ့်သူ မရှိတာကို တွေ့ခဲ့တယ်။ ဒါကို ပြည်သူတွေကို သားသမီးလို ချစ်တယ်လို့ သတ်မှတ်လို့ ရလား။"
ယန်ကော်အန်း၏ စိုးရိမ်စိတ်များ ပြေလျော့သွား၏။ ဤကိစ္စကြောင့်ကိုး ၊ အရှင်မင်းကြီးက အခြေအနေကို နားမလည်လို့ပဲ ဖြစ်ရမည်။ ထို့ကြောင့် ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်သည်။ "အရှင်မင်းကြီး … ကျွန်တော်မျိုးလည်း ဒီအခြေအနေကို တွေ့တော့ စိုးရိမ်ပူပန်နေပါတယ်။ ဒါပေမဲ့ ဒါက သဘာဝ ဘေးအန္တရာယ်ဖြစ်လို့ လူ့စွမ်းအားနဲ့ မတတ်နိုင်ပါဘူး။
မြို့တော်မှာ နှစ်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းပြီး ဘေးအန္တရာယ် ဖြစ်ခဲ့တဲ့ မှတ်တမ်းတွေကို စုံစမ်းဖို့ လူလွှတ်ခဲ့ဖူးပါတယ်။ အခုချိန်ထိ ပြည့်စုံတဲ့ ဖြေရှင်းနည်း မရှိသေးပါဘူး... ဒါကြောင့် ကျွန်တော်မျိုးလည်း တတ်နိုင်သလောက်ပဲ လုပ်နိုင်ပါတယ်။ ကျွန်တော်မျိုး ရှက်ရွံ့မိပါတယ်"
ကြီးမားသော စိတ်ပျက်အားငယ်မှုတစ်ခုက ကျင်းဘုရင်ကို ရုတ်တရက် လွှမ်းခြုံသွား၏။ သူက မနေနိုင်ဘဲ မျက်လုံးကို မှိတ်ကာ သက်ပြင်းချလိုက်၏။
ကိုယ်တော် ခင်ဗျားကို အခွင့်အရေး ပေးခဲ့ပြီးပြီ။
ပြန်ဖွင့်လိုက်ချိန်မှာတော့ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး ကျင်းဘုရင်က ယန်ကော်အန်းကို လက်ညှိုးထိုးကာ အေးစက်စွာ ပြောလိုက်သည်။ "ဒီလူကို ဖမ်းပြီး ကွပ်မျက်လိုက်စမ်း"
အပိုင်း (၁၅၈) ယခင်ဧကရာဇ်လည်း မကယ်နိုင်ဘူး
ပေါ့ပေါ့ပါးပါး ထွက်ကျလာသော ကွပ်မျက်ဆိုသည့် စကားတစ်ခွန်းကြောင့် ထိုနေရာရှိ လူအားလုံး၏ စိတ်နှလုံးများ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရ၏။
ဖန်ကျန်းရီပင်လျှင် အနည်းငယ် လွန်ကဲနေသည်ဟု ခံစားလိုက်ရသည်။ ဘာဖြစ်လို့လဲ။ ဘာလို့ ရုတ်တရက်ကြီး သတ်ပစ်လိုက်တာလဲ။ ပြည်သူတွေကို သားသမီးလို မချစ်လို့လား။ ဒါက သိပ်ကို ကြောက်စရာကောင်းလွန်းတယ်။
အတွေ့အကြုံရှိပြီး တည်ငြိမ်သော အမတ်ကြီးများပင် အလွန်အမင်း အံ့အားသင့်သွားကြသည်။
ယန်ကော်အန်းက အနည်းငယ် လွန်ကဲသည်ဆိုသော်လည်း အများဆုံး ပြစ်တင်ကြိမ်းမောင်းပြီးနောက် ရာထူးချလိုက်လျှင် လုံလောက်ပြီ ဖြစ်သည်။ အဆိုးရွားဆုံး ပြစ်ဒဏ်အနေဖြင့် သာမန်အရပ်သားအဖြစ် လျှော့ချလိုက်လျှင်ပင် ရသည်။ သေဒဏ်ပေးစရာ မလိုပေ။
သို့ပေမည့် အမတ်ကြီးများက အချင်းချင်း မျက်လုံးချင်း ဖလှယ်ပြီးနောက် မည်သူမှ စကားမပြောကြပေ။
ယခုအချိန်တွင် အရှင်မင်းကြီးက ယန်ကော်အန်းအပေါ် အလွန်အမင်း စိတ်ပျက်ကာ ဒေါသထွက်နေသည်မှာ ရှင်းလင်းနေ၏။
အရှင်မင်းကြီးက မြင်းပေါ်တွင် ကြီးပြင်းလာသော ဧကရာဇ်တစ်ပါး၊ အလောင်းကောင်များ၊ သွေးချောင်းများကြားမှ ဖြတ်သန်းလာခဲ့ပြီး လူမြောက်မြားစွာကို သတ်ဖြတ်ခဲ့ဖူးသည်။
သို့ပေမည့် ကျင်းဘုရင်က ကြင်နာတတ်သောကြောင့် တိုင်းပြည်ကို စည်းလုံးပြီးနောက်ပိုင်းတွင် သတ်ဖြတ်မှုများကို အလွန်နည်းပါးစွာ ပြုလုပ်ခဲ့၏။
ကြင်နာတတ်သော အချိန်ကာလက ကြာမြင့်လွန်းသောကြောင့် လူအများစုက ကျင်းဘုရင်မည်ကဲ့သို့သော ဧကရာဇ်မျိုး ဖြစ်ကြောင်း မေ့လျော့နေကြသည်။
ယန်ကော်အန်းကဲ့သို့ လူတစ်ယောက်ကို သတ်ခြင်းက အရှင်မင်းကြီးအတွက် အမှန်တကယ် ဘာမှမဟုတ်ပေ။
နှစ်ဖက်စလုံးတွင် ပြင်ဆင်ထားပြီးဖြစ်သော စုံထောက်တပ်ဖွဲ့ဝင်များက ရှေ့သို့တိုးလာပြီး ယန်ကော်အန်း၏ လက်မောင်းနှစ်ဖက်ကို ဖမ်းချုပ်လိုက်ကြ၏။
ယန်ကော်အန်းမှာ မိုးကြိုးပစ်ခံရသလို ဖြစ်သွားပြီး ဦးနှောက်ထဲတွင် ဗလာကျင်းသွားကာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ပေ။
ဒူးခေါက်ကွေးတွင် နာကျင်မှုတစ်ခုကို ခံစားရပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားချိန်မှသာ သတိဝင်လာပြီး မျက်နှာတစ်ခုလုံး ဖြူလျော့သွားကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူက ကျင်းဘုရင်ကို ထိတ်လန့်စွာ ကြည့်ကာ မေးလိုက်သည်။ "ကျွန်တော်မျိုးကို ဘာလို့ ဖမ်းတာလဲ... ကျွန်တော်မျိုးကို ဘာလို့ ဖမ်းတာလဲ... အရှင်မင်းကြီး။ ကျွန်တော်မျိုး... ကျွန်တော်မျိုး ဘာအမှားလုပ်မိလို့လဲ"
ကျင်းဘုရင်က သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် ခန်းမအပေါ်ဘက်ရှိ ဆိုင်းဘုတ်ကို အသံတိတ် လှည့်ကြည့်လိုက်၏။
စုံထောက်တပ်ဖွဲ့ဝင်များက သူ၏ လက်မောင်းနှစ်ဖက်ကို နောက်ပြန်ချိုးကာ အပြင်သို့ ဆွဲထုတ်သွားကြသည်။
ယန်ကော်အန်းမှာ အလွန်အမင်း ထိတ်လန့်သွားပြီး အော်ဟစ်လိုက်၏။ "အရှင်မင်းကြီး …. အမတ်တစ်ယောက်ကို ဒီလို အလွယ်တကူ သတ်လို့ မရပါဘူး။ တရားရေးဌာနက စစ်ဆေးမှု မရှိဘဲ ဘယ်လိုလုပ် ကျွန်တော်မျိုးကို သတ်နိုင်မှာလဲ၊ ကျွန်တော်မျိုး မကျေနပ်ဘူး။ ကျွန်တော်မျိုး မကျေနပ်ဘူး"
ကျင်းဘုရင်က မည်သည့် လှုပ်ရှားမှုမှ မလုပ်ပေ။
ယန်ကော်အန်း၏ မျက်လုံးများတွင် သွေးကြောများ ယှက်သန်းနေပြီး လက်မောင်းမှ ပြင်းထန်သော နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အသေခံ ရုန်းကန်ကာ အော်ဟစ်လိုက်သည်။ "ရာဇဝတ်မှုက အရာရှိကြီးတွေဆီ မရောက်ဘူး။ အရှင်မင်းကြီး ကျွန်တော်မျိုးကို သတ်လို့ မရဘူး။ အမတ်တစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ သတ်ရင် တစ်နိုင်ငံလုံးက ဝေဖန်ကြလိမ့်မယ်။ ပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းသွားလိမ့်မယ်။ အရှင်မင်းကြီး သေချာ စဉ်းစားတော်မူပါ။ ကျွန်တော်မျိုး... ကျွန်တော်မျိုး အိမ်မှာ အရင်ဧကရာဇ် ပေးသနားထားတဲ့ သေဒဏ်ကင်းလွတ်ခွင့် သံမဏိပြား ရှိတယ်"
ထိုသို့ အော်ဟစ်လိုက်သောအခါ ကျင်းဘုရင်က ရုတ်တရက် လှုပ်ရှားသွား၏။ ဖြည်းညင်းစွာ လှည့်လာပြီး ယန်ကော်အန်းကို ကြည့်လိုက်၏။
အခြားသူများလည်း သူ၏ကိုယ်စား သက်ပြင်းချလိုက်မိကြ၏။ သေဒဏ်ကင်းလွတ်ခွင့် သံမဏိပြား ရှိနေမှတော့ သေရတော့မည် မဟုတ်ပေ။
အရှင်မင်းကြီးလည်း သိထားမည်ဖြစ်ပြီး ယခုလုပ်ရပ်က တမင်တကာ လုပ်ပြခြင်း ဖြစ်နိုင်သည်။ "သေဒဏ်ကင်းလွတ်ခွင့် သံမဏိပြားက အရင်ဧကရာဇ်က ခင်ဗျားအဖေကို ပေးသနားခဲ့တာ မဟုတ်ဘူးလား"
ကျင်းဘုရင်စကားပြောလိုက်သည်ကို ကြားချိန်မှာတော့ ယန်ကော်အန်းကို ဆွဲထားသော စုံထောက် တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှု ရပ်တန့်သွား၏။
ယန်ကော်အန်းမှာ ကြီးမားသော ခွင့်လွှတ်မှု ရရှိလိုက်သလို ဖြစ်သွားပြီး ဆံပင်ဖားလျားဖြင့် ဒူးထောက်ကာ အဆက်မပြတ် ဦးညွှတ်လိုက်သည်။
မကြာမီမှာပဲ မြေပြင်ပေါ်တွင် သွေးကွက်များ ပေါ်လာ၏။
သူက ရူးသွပ်နေသူတစ်ယောက်လို ရှင်းပြလိုက်သည်။ "ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အရင်ဧကရာဇ်က ကျွန်တော်မျိုးရဲ့ အဖေကို ပေးသနားခဲ့တဲ့ သေဒဏ်ကင်းလွတ်ခွင့် သံမဏိပြားပါ။"
ကျင်းဘုရင်က အထင်သေးစွာ ပြုံးလိုက်၏။ "အဲဒါက ခင်ဗျားအဖေကို ပေးသနားခဲ့တာလေ။ ခင်ဗျားက ဘယ်လိုလုပ် သုံးခွင့်ရှိမှာလဲ။"
လက်မောင်းနှစ်ဖက်မှ ပြင်းထန်သော နာကျင်မှုက ပြန်လည် ထိုးနှက်လာရာ ယန်ကော်အန်းက နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။
ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ။ ဘာတွေ ဖြစ်သွားတာလဲ။
"ကျွန်တော်မျိုး..." ယန်ကော်အန်းမှာ စကားမပြောနိုင်တော့ဘဲ ငိုကြွေးနေ၏။
ကျင်းဘုရင်က ယန်ကော်အန်းရှေ့သို့ လျှောက်သွားပြီး အထက်စီးမှနေ၍ ကြည့်လိုက်သည်။ မျက်လုံးများထဲတွင် အေးစက်မှုများ ပြည့်နှက်နေသည်။
"ပြောစရာ စကားမရှိတော့ဘူးလား။ ဒီနေ့ ဘယ်သူမှ ခင်ဗျားကို မကယ်နိုင်ဘူး။ သေဒဏ်ကင်းလွတ်ခွင့် သံမဏိပြားကို မဆိုထားနဲ့ အရင်ဧကရာဇ် ဒီမှာရှိနေရင်တောင် ခင်ဗျားရဲ့အသက်ကို မကယ်နိုင်ဘူးလို့ ကိုယ်တော် ပြောလိုက်မယ်"
ယန်ကော်အန်း၏ မျက်ရည်များက စမ်းရေပေါက်ကဲ့သို့ စီးကျလာပြီး စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်၏။ "ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ အရှင်မင်းကြီး ကျွန်တော်မျိုးကို သေခိုင်းရင်တောင် ရှင်းရှင်းလင်းလင်း သိပြီးမှ သေပါရစေ..."
ကျင်းဘုရင်က ခေါင်းခါလိုက်ပြီး လှည့်ကာ ခန်းမအပေါ်ရှိ ဆိုင်းဘုတ်ကို ထပ်မံ ကြည့်လိုက်သည်။
"မှန်ကန်မှုနဲ့ တောက်ပမှု။ မှန်ကန်မှုနဲ့ တောက်ပမှု။ ခင်ဗျားက ဒီစာလုံးလေးလုံး အောက်မှာ ထိုင်ဖို့ မတန်ဘူး။ အားလုံး မှတ်ထားကြ။ ဒီကမ္ဘာပေါ်မှာ ကိုယ်တော် မမြင်နိုင်တဲ့ နေရာတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေက ကိုယ်တော့်ကိုယ်စား ကြည့်ပေးနေလိမ့်မယ်။ မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းပေါ်မှာ ညစ်ညမ်းရေတွေ စီးဆင်းနေတယ်။ ပြည်သူတွေ နေစရာ နေရာမရှိဘူး။ ဒါက ခင်ဗျား … ယန်ကော်အန်းရဲ့ ပြည်သူတွေကို သားသမီးလို ချစ်တဲ့ပုံစံပဲ...။ နားမလည်သေးရင် အောက်ကိုဆင်းပြီး လမ်းပေါ်မှာ ရေနစ်သေသွားတဲ့ ကလေးတွေကို သွားမေးလိုက်တော့။ အပြင်ကို ဆွဲထုတ်ပြီး ကွပ်မျက်လိုက်စမ်း"
ယန်ကော်အန်းက အော်ဟစ်ညည်းတွားရင်း အပြင်သို့ ဆက်လက် ဆွဲထုတ်ခံရသည်။ ပါးစပ်မှလည်း အဆက်မပြတ် အော်ဟစ်နေ၏။ "အရှင်မင်းကြီး ကျွန်တော်မျိုးကို သတ်လို့ မရဘူး။ ကျွန်တော်မျိုးက ဒီနိုင်ငံရဲ့ ထိပ်တန်းစာမေးပွဲ အောင်မြင်ထားသူပါ။ ကျွန်တော်မျိုးက ဟန်လင်အကယ်ဒမီက..."
စကားမဆုံးမီမှာပင် ယန်ကော်အန်းက သူ့ရှေ့တွင် ဒူးထောက်နေသော လူခြောက်ယောက်ကို ကြောင်အမ်းအမ်း ကြည့်လိုက်မိသည်။
ထိုသူများမှာ ကျင်းဘုရင် တွေ့ခဲ့သော လူများပင် ဖြစ်၏။
လူအုပ်ကြီးကလည်း အော်ဟစ်ငိုယိုနေကြပြီး ယန်ကော်အန်းကို မြင်သောအခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ အော်ဟစ်လိုက်ကြသည်။
စုရုံရွှမ် လည်း ထိုအထဲတွင် ပါဝင်၏။
သူက ယန်ကော်အန်း၏ ပုံစံကို မြင်သောအခါ စိတ်နှလုံးများ အောက်ခြေအထိ ကျဆင်းသွားသည်။ သို့သော်လည်း အလိုအလျောက် အော်ဟစ်လိုက်မိသည်။ "မြို့ဝန်ယန် …. ကယ်ပါအုံး။ ကျုပ်တို့ကို ကယ်ပါဦး၊ မြို့ဝန်ယန် ဘာတွေ ဖြစ်ကုန်တာလဲ။"
ယန်ကော်အန်းက ပါးစပ်အဟောင်းသားဖြင့် မျက်ရည်များ ကျဆင်းနေသော်လည်း စကားတစ်ခွန်းမှ မထွက်နိုင်ဘဲ ခေါင်းကို လွှဲလိုက်မိသည်။
ပညာတတ်တစ်ယောက်၏ ဂုဏ်သိက္ခာက သူ့ကို ဤရုပ်အသွင်ဖြင့် သူတစ်ပါးကို မပြသလိုသည့် ဆန္ဒကို ဖြစ်ပေါ်စေ၏။
သို့သော်လည်း သေမည့်ဘေးကို ကြောက်ရွံ့မှုအောက်တွင်တော့ ရင်ထဲမှစကားများက လည်ချောင်းမှ ဖောက်ထွက်လာခဲ့သည်။ "ကျွန်တော်မျိုး မတရားခံရတာပါ..."
ဓားရောင် တစ်ချက် လက်သွား၏။
ယန်ကော်အန်း စကားမဆုံးမီမှာပဲ ခေါင်းပြတ်ကျသွားခဲ့သည်။
ခန္ဓာကိုယ်ကသာ မတ်မတ် ဒူးထောက်နေဆဲဖြစ်ပြီး သွေးများက ကောင်းကင်သို့ ပန်းထွက်သွားကာ သွေးမိုး ရွာကျလာသကဲ့သို့ ဖြစ်သွား၏။
ဤမျှ ပြတ်သားသော ဓားတစ်ချက်က ယန်ကော်အန်း၏ စိတ်ကြီးဝင်မှုနှင့် ဂုဏ်ကျက်သရေ အားလုံးကို ယူဆောင်သွားခဲ့သည်။
ထွက်ခွာသွားချိန်တွင် မည်သည့် ဂုဏ်သိက္ခာမှ မရှိတော့ဘဲ အလောင်းကောင်ပင် ညစ်ညမ်းသော ရေထဲ၌ နစ်မြုပ်သွားသည်။ သူ မည်သို့သော မျက်နှာထား ရှိနေကြောင်း မည်သူကမှ ဂရုမစိုက်ကြတော့ပေ။
သွေးရည်များက စုရုံရွှမ်၏ မျက်နှာပေါ်သို့ ကျဆင်းလာရာ ဤအခိုက်အတန့်တွင် သူ၏ နှလုံးသားများ ကွဲအက်သွား၏။
ရုပ်ရည်ချောမောပြီး မောက်မာထောင်လွှားသော မြို့ဝန်ယန်က ဤသို့သေသွားသည်လား။ ထိုသူ ဘာအပြစ် လုပ်ထားသနည်း။ သူရော ဘာအပြစ်လုပ်ခဲ့သနည်း။
အလောင်းကောင် လဲကျသွားသည်နှင့် ညစ်ညမ်းသော ရေထဲတွင် အနီရောင်များ ပြန့်နှံ့သွား၏။
ခန်းမအတွင်းတွင် လီယန်စုန် နှင့် အခြားသူများက ခေါင်းခါကာ သက်ပြင်းချရင်း ဖန်ကျန်းရီကို မျက်လုံးထောင့်မှ ကြည့်နေကြသည်။
အရှင်မင်းကြီးက ဤတစ်ကြိမ်တွင် အမတ်တစ်ယောက်ကို အမှန်တကယ်ပင် မတရားသတ်ဖြတ်လိုက်ခြင်း ဖြစ်ပြီး တရားဝင် စစ်ဆေးမှု မရှိဘဲ သတ်ဖြတ်လိုက်သောကြောင့် နန်းတော်ထဲတွင် မည်မျှကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း မသိနိုင်ပေ။
ဖန်ကျန်းရီနှင့် သိပ်မသက်ဆိုင်သော်လည်း လူမည်မျှက သူ့ကို ဤကိစ္စနှင့် ဆက်စပ်တွေးတောကြမည်နည်း။
နောင်တွင် ဤကောင်လေးအတွက် ပြဿနာ မနည်းနိုင်တော့ပေ။ အနည်းဆုံးတော့ အချိန်တိုအတွင်း မည်သူမှ သူ့ကို စကားပြောရဲမည် မဟုတ်ပေ။
ဖန်ကျန်းရီမှာတော့ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
တကယ် ခေါင်းဖြတ်လိုက်သည်လား။ ထိုသူ ဘာတွေလုပ်ခဲ့သနည်း။ ရပ်ကွက်တစ်ခုကို သေချာ မစီမံနိုင်ရုံမျှဖြင့် ခေါင်းဖြတ်ခြင်းမှာတော့ လွန်လွန်းလှသည်။
ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်နေပြီး စဉ်းစား၍မရသောကြောင့် အလိုအလျောက် ဘေးရှိ လီယွမ်ကျောက်ကို တံတောင်နှင့် တွတ်လိုက်သည်။ သို့သော်ငြား မည်သည့် တုံ့ပြန်မှုမှ မရှိပေ။
ဖန်ကျန်းရီ လှည့်ကြည့်လိုက်ရာ လီယွမ်ကျောက်၏မျက်နှာမှာ ဖြူလျော့နေပြီး အဆက်မပြတ် တုန်ယင်နေကြောင်း တွေ့လိုက်ရသဖြင့် ခေါင်းသာ ခါလိုက်မိသည်။
ခင်ဗျားလည်း သုံးစားမရဘူးပဲ။ ပုံမှန်ဆို စစ်တိုက်မယ်၊ ရန်ဖြစ်မယ်နဲ့ အော်ဟစ်နေပြီးတော့။ ခေါင်းဖြတ်တာကို မြင်တော့ ဒီလောက်တောင် ကြောက်လန့်နေတာ၊ ကြည့်ရတာ အရှင်မင်းကြီးက ခင်ဗျားကို ပုံမှန်အချိန်တွေမှာ သေချာ ကာကွယ်ပေးထားပုံရတယ်။
အချိန်အနည်းငယ် အကြာတွင် ယန်ကော်အန်း၏ အလောင်းကို သိမ်းဆည်းသွားသည်။ စုံထောက်တပ်ဖွဲ့ဝင် တစ်ဦးက သတင်းပို့လာသည်။
"အရှင်မင်းကြီး၊ ပြစ်မှုကျူးလွန်သူကို ကွပ်မျက်ပြီးပါပြီ။ ခေါင်းပြတ်ကျသွားပါပြီ"
"ကောင်းပြီ။ ခေါင်းကို တံခါးဝမှာ ချိတ်ဆွဲထားပြီး အားလုံးကို သတိပေးလိုက်။ မြို့တော်ထဲက အရာရှိတွေ အားလုံးကို သေချာ ကြည့်ခိုင်းလိုက်စမ်း။ ပြည်သူတွေကို သားသမီးလို ချစ်တယ်ဆိုတာ ပြောရတာ လွယ်တယ်။ နိုင်ငံရဲ့ အရာရှိ ဘယ်နှစ်ယောက်က ပြည်သူတွေကို ဝက်တွေ၊ ခွေးတွေလို သဘောထားနေကြလဲ။ ဒီလိုလူမျိုးတွေကို နန်းတော်မှာ ခန့်ထားမိတဲ့ ကိုယ်တော့်မှာလည်း တာဝန်မကင်းဘူး။ နန်းတော်ကို ပြန်မယ်"
ကျင်းဘုရင်က လူတစ်စုကို ခေါ်ကာ ခန်းမထဲမှ ထွက်ခွာသွားပြီး အပြင်တွင် ဒူးထောက်နေသော လူခြောက်ယောက် အနီးမှ ဖြတ်သွား၏။
စုရုံရွှမ် ၏ ရင်ထဲတွင် ကြောက်ရွံ့မှုနှင့်အတူ ဇဝေဇဝါဖြစ်မှုများ ရောယှက်နေပြီး သူ့ရှေ့မှ လူက မည်သူဖြစ်ကြောင်း မသိပေ။ ထွက်သွားသည်ကို မြင်သောအခါ စိတ်အနည်းငယ် သက်သာရာရသွားပြီး ဘေးရှိ စုံထောက်တပ်ဖွဲ့ဝင်ကို စကားပြောရန် ခေါင်းမော့လိုက်စဉ် ဓားတစ်လက် ကျဆင်းလာသည်ကို မြင်လိုက်ရသည်။
ငွေရောင်ဓားရောင် ခြောက်ချက် လင်းလက်သွားပြီး ခန်းမထဲတွင် အလောင်းအချို့ ထပ်တိုးလာပြန်၏။
သိပ်မကြာခင်မှာပဲ လေတိုက်လာပြန်သည်။
ယန်ကော်အန်း၏ ခေါင်းက တံခါးဝတွင် တွဲလောင်းကျနေပြီး မျက်လုံးများ ပြူးကျယ်နေကာ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပြည့်နှက်နေ၏။