← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 10 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 10 Ch. 159-160

အပိုင်း (၁၅၉) အမတ်များ၏ သေမဖြစ် အသနားခံခြင်း။ လူယုတ်မာ ဖန်ကျန်းရီကို ရှောင်ကြဉ်ရန်။

ယန်ကော်အန်း သေဆုံးသွားသည့် သတင်းက မြို့တော်တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွား၏။

ရေတွက်၍မရသော အရာရှိများမှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။

အမတ်တစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ သတ်ခြင်းက ကြင်နာတတ်သော ဧကရာဇ်တစ်ပါး၏ လုပ်ရပ် အဘယ်မှာ ဖြစ်နိုင်မည်နည်း။ ယခုအခါ အရပ်လေးမျက်နှာလုံး ငြိမ်းချမ်းနေပြီး အနာဂတ်တွင် တိုင်းပြည်ကို ကောင်းစွာ အုပ်ချုပ်ရမည် ဖြစ်သော်လည်း ငြိမ်းချမ်းရေးရသည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးချိန်တွင် အရှင်မင်းကြီးက အရေးပါသော အမတ်ကို ဓားဖြင့် စတင် ခုတ်ပိုင်းနေပြီ ဖြစ်၏။

ဓားနှင့် ခုတ်လျှင်ခုတ်၍ ရသည်။ သို့ပေမည့် အကြောင်းပြချက်တော့ ပေးသည် မဟုတ်ပါလား။ ရပ်ကွက်တစ်ခုကို စီမံခန့်ခွဲတာ စိတ်တိုင်းမကျရုံဖြင့် အဘယ့်ကြောင့် လူသတ်ရသနည်း။

သဘာဝ ဘေးအန္တရယ်ဆိုသည်မှာ မည်သည့်နေရာတွင် မရှိသနည်း။ အဘယ့်ကြောင့် ယန်ကော်အန်းကို သတ်ရသနည်း။

အမတ်များအားလုံး ဒေါသထွက်နေကြပြီး အံ့အားသင့် ထိတ်လန့်နေကြ၏။ တရားရေး လုပ်ထုံးလုပ်နည်းအတိုင်း လူကို သတ်ပါက အားလုံးက ဤမျှ ကြီးမားသော တုံ့ပြန်မှုမျိုး ပြုလုပ်မည် မဟုတ်ပေ။ သို့ပေမည့် ယခုအခါ အရှင်မင်းကြီးက အတားအဆီးမရှိဘဲ သတ်ချင်သူကို သတ်နေသောကြောင့် နောင်တစ်ချိန် မိမိတို့အလှည့် ရောက်လာပါက မိမိတို့အတွက် စကားပြောပေးမည့်သူ ရှိပါဦးမည်လား။

ဒေါသထွက်မှုများအောက်တွင် လူအများက သံသယရှိသူ ဖန်ကျန်းရီကို ချက်ချင်း ပစ်မှတ်ထားလိုက်ကြသည်။

အရှင်မင်းကြီးက ယန်ကော်အန်းကို အကြောင်းပြချက်မရှိဘဲ သတ်ခြင်းတွင် အကြောင်းပြချက် တစ်ခုတည်းသာ ရှိနိုင်သည်။ ယင်းမှာ ဖန်ကျန်းရီ ကြားဝင် စွက်ဖက်ခြင်းပင်။

နန်းတော်ထဲတွင် သူတို့နှစ်ယောက်ကြား မသင့်မြတ်မှုများ ရှိနေသည်ကို မည်သူ မသိဘဲ နေမည်နည်း။ ထင်တောင် မထင်ထားပေ။ ဤကောင်လေးက အဆိပ်ပြင်းလွန်းလှသည်။

နောင်တစ်ချိန် အိမ်ရှေ့စံ နန်းတက်လာပါက ဖန်ကျန်းရီက ဒုက္ခပေးချင်သူကို ဒုက္ခပေးတော့မည်လား။

...

ဒုတိယနေ့ ညီလာခံတွင် ကျင်းဘုရင်သည် နဂါးပလ္လင်ပေါ်၌ မြင့်မားစွာ ထိုင်နေလေ၏။

အောက်ဘက်တွင် အမတ်များ အများအပြား ဒူးထောက်နေကြပြီး မတ်တပ်ရပ်နေသူ အချို့လည်း ကျိုးတိုးကျဲတဲ ရှိနေသည်။

မတ်တပ်ရပ်နေသူ အများစုမှာ အကြောင်းစုံကို သိထားသော အမတ်ကြီးများ ဖြစ်ကြပြီး ဒူးထောက်နေသူ အများစုမှာ ဟန်လင်အကယ်ဒမီမှ ပညာတတ်များ ဖြစ်ကြ၏။

ထိုသူများ၏ ခေါင်းဆောင်မှာ ဟန်လင်ပညာရှိ ယန်ရင်းချိုက်ပင် ဖြစ်သည်။

ယခုအချိန်တွင် သူက မြေပြင်ပေါ်၌ ဒူးထောက်လျက် မျက်နှာတစ်ခုလုံး နီမြန်းနေသည်။ စိတ်လှုပ်ရှားစွာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး၊ ယန်ကော်အန်းကို ဘာကြောင့် အကြောင်းပြချက်မရှိဘဲ ကွပ်မျက်ရတာလဲ။ လူယုတ်မာတွေက ကုန်းချောစကားတွေ ပြောနေလို့လား။ ဒီကိစ္စက အရမ်းကို ကြီးမားတဲ့ ကိစ္စပါ။ အကျိုးသင့်အကြောင်းသင့် ရှင်းပြချက် တစ်ခုမှ မရှိဘူးဆိုရင် တိုင်းပြည်က ပညာတတ်တွေ စိတ်ပျက်သွားမှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်။

အဲဒီအချိန်ကျရင် တိုင်းပြည်က ပညာတတ်တွေ သွေးကွဲသွားလိမ့်မယ်။ ဒါက တိုင်းပြည်အတွက် ကောင်းကျိုး မဟုတ်ပါဘူး။" အခု ဟန်လင်အကယ်ဒမီက လူတစ်ရာနှစ်ဆယ်လောက် နန်းတော်တံခါး အပြင်ဘက်မှာ ဒူးထောက်နေကြပါတယ်။ အရှင်မင်းကြီး ရှင်းလင်းစွာ သိမြင်တော်မူပါ။

ကုန်းချောစကားတွေကို နားယောင်ပြီး သစ္စာရှိတဲ့ အမတ်တွေကို ဖယ်ရှားမယ်ဆိုရင် အရှင်မင်းကြီးက ပညာရှိ အမတ်တွေကို မချဉ်းကပ်ဘဲ လူယုတ်မာတွေနဲ့ ပူးပေါင်းသလို ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော်မျိုးတို့က အရှင်မင်းကြီးရှေ့မှာ အမြဲတမ်း ဒူးထောက်နေပါ့မယ်။"

လီယန်စုန်နှင့် အခြားသူများမှာမူ အဆက်မပြတ် သက်ပြင်းချနေကြ၏။ တကယ်တော့ ပုဂ္ဂိုလ်ရေးအရ အသိပေးထားပြီး ဖြစ်သော်လည်း ထိုသူတို့က အကြံပေးစကားကို နားမထောင်ကြပေ။

ယန်ကော်အန်းသည် ဟန်လင်အကယ်ဒမီ၏ မျိုးဆက်သစ် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် အလားအလာ ရှိနေပြီး လူအများအကြား ရေပန်းစားကာ ပညာဗဟုသုတလည်း ကြွယ်ဝလှသည်။

ထို့ကြောင့်ပင် လူအများအပြားက သူ့နောက် လိုလိုလားလား လိုက်ချင်ကြပြီး ဟန်လင်အကယ်ဒမီမှ လူအများအပြား က ဖန်ကျန်းရီကို မလိုမုန်းထား ဖြစ်နေကြခြင်းပင်။

အထူးသဖြင့် လူငယ်မျိုးဆက်များမှာ ပို၍ပင် သွေးဆူလွယ်ကြပြီး ဖန်ကျန်းရီက ကုန်းချောစကားများဖြင့် အရှင်မင်းကြီးကို လှည့်စားထားသည်ဟု ထင်မြင်နေကြ၏။ ပြဿနာ၏တုံ့ပြန်မှုက ဤမျှ မြန်ဆန်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ချေ။

ကော်ထျန်းယန်ကမူ ဤလူအုပ်ကို ခံစားချက်မဲ့စွာ ကြည့်နေပြီး ရင်ထဲတွင် အလွန် အထင်သေးလျက် ရှိနေသည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း နန်းတော်၏ အောက်ခြေအလွှာတွင် အပြောင်းအလဲများ အလွန် မြန်ဆန်ခဲ့ပြီး လူအများအပြားမှာ အရှင်မင်းကြီး၏ နည်းလမ်းများကို မသိကြပေ။ စာဖတ်ရင်း တုံးအသွားကြသည်ပင်။ ဓားက မည်သူ့လက်ထဲတွင် ရှိနေသည်ကိုတောင် မသိကြချေ။

ကျင်းဘုရင်က အောက်ဘက်ရှိ လူများကို စိတ်ဝင်တစား ကြည့်နေပြီး ခန်းမအပြင်ဘက်တွင် ဒူးထောက်နေသူ အများအပြားကိုလည်း တွေ့လိုက်ရ၏။ ထို့နောက် မေးလိုက်၏။ "ဒါဆိုရင် မင်းတို့ ပြောတဲ့ လူယုတ်မာက ဘယ်သူလဲ။"

"လူယုတ်မာက ဖန်ကျန်းရီပါပဲ။"

ယန်ရင်းချိုက် စကားမဟရသေးမီ တန်းစီနေသော အတန်းနောက်ဆုံးမှ ဟန်လင်အရာရှိတစ်ဦးက မတ်တပ် ရပ်လိုက်သည်။

ကျင်းဘုရင်က ထိုသူ့ကို ကြည့်လိုက်ပြီး ထိုသူ၏ဘေးတွင် လူတစ်ယောက် မတ်တပ်ရပ်နေသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "ဟင် … မင်းက ဘာလို့ ဒူးမထောက်တာလဲ။"

မတ်တပ်ရပ်နေသူမှာ ဟန်လင်စာတည်းမှူး ယန်ဖုန်းဖန်ပင် ဖြစ်သည်။

ယန်ဖုန်းဖန်က မျက်နှာကို တည်လိုက်ပြီး ရိုသေစွာ လျှောက်တင်၏။ "အရှင်မင်းကြီး … အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားပြီး အနားမှာ လူယုတ်မာတွေ မရှိဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။ အရှင်မင်းကြီး လုပ်တဲ့ကိစ္စတိုင်းမှာ အရှင်မင်းကြီးရဲ့ အကြောင်းပြချက် ရှိပါတယ်။"

ကျင်းဘုရင်က ပြုံးလိုက်သည်။ ဤလူက တကယ့် လူယုတ်မာပင်။ ဟန်လင်အကယ်ဒမီတွင် သစ္စာဖောက် ပေါ်လာပြီ ဖြစ်ရာ စိတ်ဝင်စားစရာပင် ဖြစ်လာသည်။

ဖန်ကျန်းရီသည်လည်း စပ်စုချင်စိတ်ဖြင့် နောက်လှည့်ကြည့်လိုက်ရာ ယန်ဖုန်းဖန်က သူ့အား မျက်စိမှိတ်ပြနေကြောင်း တွေ့လိုက်ရ၏။

ဖန်ကျန်းရီကို ဖော်လံဖားပြီးတည်းက ယန်ဖုန်းဖန်မှာ ဟန်လင်အကယ်ဒမီတွင် နာမည်ပျက်သွားပြီး နေ့တိုင်း ဖယ်ကျဉ်ခံနေရ၏။ သို့ပေမည့် သူက ဂရုမစိုက်ချေ။ ဖန်ကျန်းရီကိုသာ အားကိုးထားပါက အနာဂတ်က အလွန် တောက်ပနေသေးသည် မဟုတ်ပါလား။

လူယုတ်မာဖြစ်ဖြစ် ၊ မဖြစ်ဖြစ် ယန်ဖုန်းဖန် သဘောပေါက်သွားပြီ ဖြစ်သည်။ အရှင်မင်းကြီးက ဖန်ကျန်းရီကို အလွန် မျက်နှာသာပေးနေသဖြင့် သူက ဖန်ကျန်းရီ၏ အနောက်မှ လိုက်၍ ဖော်လံဖားနေရုံဖြင့် အဆင်ပြေပြီ ဖြစ်သည်။

"အမတ်ဖန်၊ သူတို့က မင်းကို လူယုတ်မာလို့ ပြောနေကြတယ်။ မင်း ဘယ်လိုမြင်လဲ။"

ဖန်ကျန်းရီကတော့ ရင်ထဲတွင် ကြိတ်ဆဲနေခဲ့ပြီ ဖြစ်၏။ အရှင်မင်းကြီးက ပြဿနာရှာသည့် နေရာတွင် တကယ်ကို ကျွမ်းကျင်ပေသည်။ သူလည်း ယန်ကော်အန်းကို မသေစေချင်ပေ။ အားနေ၍ အားအားယားယား ထိုင်နေသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသည်၊ ယခုလို ကြီးမားသော ပြဿနာကြီးက အကြောင်းပြချက်မရှိဘဲ ခေါင်းပေါ် ရောက်လာသည်။ နောင်ကျလျှင် သူ ဘယ်လိုလုပ် အဆင်ပြေတော့မည်နည်း။

မော့ကြည့်လိုက်ရာ လီယွမ်ကျောက်ကလည်း မျက်စိမှိတ်ပြနေကြောင်း မြင်လိုက်ရသဖြင့် ဒေါသတကြီး လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးက လူယုတ်မာ မဟုတ်ပါဘူး။ အမတ်ယန်သာ အသက်ကြီးပြီး ပျော့ညံ့တဲ့လူနဲ့ တူနေတာပါ။"

ပျော့ညံ့တဲ့လူလား။ ညီလာခံထဲရှိ လူအုပ်ကြီးမှာ အချိန်ခဏမျှ ဘာအဓိပ္ပာယ်လဲဆိုသည်ကို နားမလည်နိုင်ဘဲ ကြောင်အမ်းသွားကြ၏။

ခဏကြာ စဉ်းစားပြီးမှ နားလည်သွားကြရာ မြေပြင်ပေါ်တွင် ဒူးထောက်နေသူ အများအပြားမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်လာကြသည်။

ယန်ရင်းချိုက်၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး မျက်လုံးပြူးကာဖြင့် ဖန်ကျန်းရီအား မုန်းတီးစွာ စိုက်ကြည့်လိုက်လေ၏။

ဤကောင်က ညီလာခံ၌ ညစ်ညမ်းသော စကားများ ပြောနေသေးသည်။

ကျင်းဘုရင်က မျက်လုံးပြူးကာ မိန့်လိုက်၏။ "လျှောက်မပြောစမ်းနဲ့။"

"အမတ်ယန်၊ မင်းတို့က ဘယ်အချိန်အထိ ဒူးထောက်နေဖို့ စဉ်းစားထားကြလဲ။"

"အရှင်မင်းကြီးက ပညာရှိ အမတ်တွေကို မချဉ်းကပ်ဘဲ လူယုတ်မာတွေဘက် လိုက်နေမယ်ဆိုရင် ကျွန်တော်မျိုးတို့က အရှင်မင်းကြီးရှေ့မှာ အမြဲတမ်း ဒူးထောက်နေပါ့မယ်။"

ဖန်ကျန်းရီက သူ၏နာမည်ကို ပြောင်းသင့်မပြောင်းသင့် စဉ်းစားနေပြီး ပညာရှိအမတ်ဖန်ဟု ပြောင်းလိုက်လျှင် ကောင်းမလား တွေးနေစဉ် ခေါင်းမော့လိုက်ရာ ကျင်းဘုရင်၏ အေးစက်သော အပြုံးကို မြင်လိုက်ရသဖြင့် ချက်ချင်း စိတ်အားတက်ကြွသွားသည်။

အရှင်မင်းကြီး၏ ပုံစံကို ကြည့်ရသည်မှာ လုံးဝ အလျှော့ပေးမည့်ပုံ မပေါ်ပေ။ နောက်ထပ် မည်သည့် အစီအစဉ် ရှိသေးသည်ကို မသိရသေးချေ။

ကျင်းဘုရင်က မိန့်လိုက်၏။ "ကောင်းပြီ။ မင်းတို့အားလုံးက ဒီလောက်တောင် ဒူးထောက်ချင်နေမှတော့ ဆက်ပြီး ဒူးထောက်နေကြပေါ့။ ဗိုက်ဆာရင် ကိုယ်တော်က နန်းတွင်းမီးဖိုချောင်ကနေ အစားအသောက်တွေ လာပို့ခိုင်းမယ်။"

ကျုပ်က ခင်ဗျားတို့ကို ဝမ်းနုတ်ဆေး နည်းနည်း ထည့်ပေးမယ်။ ဖန်ကျန်းရီက ကျိတ်ကာ တွေးလိုက်သည်။

ဖန်ကျန်းရီမှာ စတင် စိတ်လှုပ်ရှားလာခဲ့သည်။ ဤခွေးကောင်များက သူ့ကို ဒုက္ခပေးရဲနေသည်။ ပြန်မချေပရင် သူက ဖန်ကျန်းရီ မဟုတ်တော့ပေ။

မည်သို့ပင်ဖြစ်စေ ရန်သူဖြစ်သွားပြီဆိုမှတော့ အသေအလဲ တိုက်ခိုက်ရတော့မည်ပင်။

ဖန်ကျန်းရီက ထိုလူများကို မည်သို့ ဒုက္ခပေးရမည်နည်းဟု စဉ်းစားနေစဉ် ယန်ရင်းချိုက်က စကားပြောလာသည်။ သူ၏အသံမှာ အလွန် ဝမ်းနည်းဖွယ် ကောင်းလှ၏။ "ကျွန်တော်မျိုးတို့က သေသည့်တိုင်အောင် အသနားခံ လျှောက်တင်ပါမယ်။"

"သေသည့်တိုင် လျှောက်တင်မယ်ပေါ့။"

ကျင်းဘုရင်က မတ်တပ်ရပ်ကာ အမတ်များကို အထက်စီးမှ စိုက်ကြည့်လိုက်သည်။ "မင်းတို့က ပါးစပ်ဟလိုက်ရင် တစ်တိုင်းပြည်လုံး၊ ပါးစပ်ပိတ်လိုက်ရင် တစ်တိုင်းပြည်လုံးလို့ ပြောနေပေမဲ့ တိုင်းပြည်က ပြည်သူတွေကို မျက်စိထဲ ထည့်ထားဖူးရဲ့လား။ ယန်ကော်အန်းလို လူမျိုးတွေကို ကိုယ်တော်က တွေ့တာနဲ့ သတ်ပစ်မှာပဲ။"

အခု မင်းတို့က သူ့အတွက် ရပ်တည်ချင်တယ်ဆိုရင်လည်း ကိုယ်တော် ဘာမှမပြောလိုဘူး။ မင်းတို့ ဒူးထောက်ချင်ရင်လည်း ဒူးထောက်ကြပေါ့။ ဒီတိုင်းပြည်က ဘယ်သူရှိရှိ ၊ မရှိရှိ ပျက်စီးမသွားဘူး။ အမတ်တွေရဲ့ စိတ်ဓာတ်နဲ့ သတ္တိကို ကိုယ်တော် အခု မြင်တွေ့ခွင့် ရသွားတာပေါ့။ ညီလာခံ သိမ်းပြီ။"

ထိုစကားကို ကြားသောအခါ အောက်ဘက်ရှိ လူအများအပြားမှာ ချက်ချင်းပင် ယိမ်းယိုင်သွားကြ၏။

အားလုံးက ပြဿနာရှာရန် လာကြသည်မှာ မှန်သော်လည်း၊ တကယ်ကြီး အမြဲတမ်း ဒူးထောက်နေရန် မစဉ်းစားထားခဲ့ကြပေ။ တစ်နာရီခန့် ဒူးထောက်ရသည်မှာပင် အသက်ထွက်မတတ် ဖြစ်နေချေသည်။ ယခု မည်သို့ ဖြေရှင်းရမည်နည်း။

ယန်ရင်းချိုက်မှာ စိတ်ပျက်အားငယ်သွားသည်။ သူက ဒူးထောက်ရမှာကို မကြောက်သော်လည်း၊ ကျင်းဘုရင်၏ ဤကဲ့သို့သော သဘောထားကို ကြောက်ရွံ့သည်။

ဤသို့သာ ဆက်သွားလျှင် တိုင်းပြည်က တိုင်းပြည်နှင့် မတူတော့ချေ။

ကျင်းဘုရင် ထွက်ခွာတော့မည့်အချိန်တွင် ဖန်ကျန်းရီက ရှေ့ထွက်လာပြီး အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး …. ခဏလောက် နေပါအုံး။"

"ဟင် … မင်း ပြောစရာ ရှိသေးလို့လား။"

ဖန်ကျန်းရီက အသံကိုနှိမ့်ကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး .. သူတို့ ဒီလို ဆက်ဒူးထောက်နေရင် အသက် သေနိုင်ပါတယ်။ ညီလာခံထဲက အမတ်တွေ အားလုံးက တိုင်းပြည်ရဲ့ အမာခံတွေပါ။ သူတို့ တစ်ခုခုဖြစ်သွားရင် တိုင်းပြည်က ပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်နိုင်တယ် မဟုတ်လား။"

လူအများအပြားက အံ့အားသင့်စွာဖြင့် ဖန်ကျန်းရီအား ခေါင်းမော့ကြည့်လိုက်ကြသည်။

အဘယ်သို့ ဖြစ်သွားသနည်း။ အရှင်မင်းကြီးက အလျှော့မပေးသေးခင် ဤခွေးလေးက အရင် သစ္စာဖောက်နေပြီလား။ သူတို့အတွက် မျှော်လင့်ချက် ရှိနေသေး၏။

ကျင်းဘုရင်သည် ဖန်ကျန်းရီကပါ သူ့ကို ဆန့်ကျင်နေကြောင်း ကြားချိန်မှာတော့ အလွန်အမင်း စိတ်ပျက်သွားလေ၏။ ထို့ကြောင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်း ဘာဆိုလိုတာလဲ။ ကိုယ်တော် မှားတယ်လို့ ပြောချင်တာလား။"

ဖန်ကျန်းရီက ရိုသေစွာ လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ မြေပြင်ပေါ်မှာ ဒူးထောက်ရတာ အရမ်း ပင်ပန်းတယ်လို့ ပြောချင်တာပါ။ အရှင်မင်းကြီး၊ တုန်းကျင်းရပ်ကွက်ကို ရွှေ့ပြောင်းပေးတော်မူပါ။ အဲဒီမှာ ရေအရည်အသွေး ကောင်းတယ်၊ အဲတော့ ဒူးထောက်ရတာ မပင်ပန်းတော့ဘူးလေ။"

ဟန်လင်ပညာတတ် အားလုံးမှာ ဖန်ကျန်းရီကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ကြသည်။

"ဖန်ကျန်းရီ .. ခွေးသလိပ်ဆန်။"

အပိုင်း (၁၆၀) မင်းတို့တွေ ကျုပ် ဖန်ကျန်းရီကို ရန်စချင်နေကြတာပေါ့လေ။

ဖန်ကျန်းရီ ပီသပါပေတယ်။

ကော်ထျန်းယန်က ဖန်ကျန်းရီကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်၏။

ကျင်းဘုရင်ကလည်း ပြုံးလိုက်သည်။ "ကောင်းပြီ။ အမတ်ဖန် ပြောတာက ကိုယ်တော့် စိတ်နဲ့ ကိုက်ညီတယ်။ ဒါဆိုရင် တုန်းကျင်းရပ်ကွက်ကို ရွှေ့ပြောင်းကြတာပေါ့။ မင်းတို့အားလုံး သာမန်ဝတ်စုံတွေ လဲဝတ်ကြ။ အပြင်ရောက်ရင် ကိုယ်တော့် မျက်နှာကို အိုးမဲ သုတ်တဲ့ အလုပ်တွေ မလုပ်နဲ့။"

လီယန်စုန်နှင့် အခြားသူများက ဒူးထောက်နေသော ဟန်လင်ပညာတတ် တစ်စုကို ကြည့်ကာ ခေါင်းခါရင်း သက်ပြင်းချလိုက်ကြ၏။

ဟန်လင်ပညာတတ် အားလုံးက ဖန်ကျန်းရီအား ဒေါသတကြီး စိုက်ကြည့်နေကြသော်လည်း ကိစ္စ၏ ကြီးလေးမှုကို နားမလည်ကြသေးသည်မှာ ထင်ရှား၏။

တုန်းကျင်းရပ်ကွက်လို နေရာမျိုးကို သူတို့ လုံးဝ မသွားဖူးကြချေ။

သိပ်မကြာမီ လူအုပ်ကြီးသည် တုန်းကျင်းရပ်ကွက်ဆီသို့ အလျင်အမြန် စတင် ထွက်ခွာသွားကြပြီး လမ်းခုလတ်တွင် ဟန်လင်ပညာတတ်များက စကားပြောရင်း လိုက်ပါလာကြသော်လည်း တဖြည်းဖြည်းနှင့် မျက်နှာထားများ ပြောင်းလဲလာကြသည်။

မြို့ပြင်ဘက်သို့ ရောက်လေလေ ရေကြီးမှုက ပို၍ နက်လေလေ ဖြစ်လာ၏။

တုန်းကျင်းရပ်ကွက်သို့ ရောက်သောအခါ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ညစ်ညမ်းသော ဤရေများက မြင်းလှည်းဘီး တစ်ဝက်ကျော်အထိ နစ်မြုပ်နေသည်ကို ကြည့်ပြီး၊ ဒူးထောက်လိုက်ပါက ရင်ဘတ်အထိ ရောက်နိုင်သည်။

မနေ့က လေတိုက်ပြီးနောက် ညတစ်ဝက်ခန့် မိုးထပ်ရွာသောကြောင့် ရေမျက်နှာပြင်က မကျဆင်းသည့်အပြင် မနေ့ကထက်ပင် ပိုမို မြင့်တက်လာခဲ့၏။

ဖန်ကျန်းရီကတော့ ဤမြင်ကွင်းမျိုးကို မြင်တွေ့ရသည်ကို အလွန် ကျေနပ်နေသည်။

ခင်ဗျားတို့ အရှက်မရှိတဲ့သူတွေ။ လူကြီးလူကောင်း ဟန်ဆောင်ချင်တယ်ပေါ့လေ။ ဒါဆိုရင် ဒီမှာ ဒူးထောက်ပြီး သေချာ ကြည့်ထားကြ။ ယန်ကော်အန်းက ရပ်ကွက်ကို ဘယ်လို စီမံခန့်ခွဲခဲ့လဲ။ ပြည်သူတွေက ဘယ်လို ဘဝမျိုးနဲ့ နေထိုင်ရလဲဆိုတာကို။

ကျင်းဘုရင်သည် မြင်းလှည်းပေါ်တွင် ထိုင်နေရင်း ခန္ဓာကိုယ်ကို အပြင်သို့ ထုတ်ကာ အမတ်များကို မိန့်လိုက်၏။ "မင်းတို့ တံခါးဝ အပြင်ဘက်မှာပဲ ဒူးထောက်နေကြ။ ယန်ကော်အန်းရဲ့ ခေါင်းကို အဲဒီမှာ ချိတ်ဆွဲထားတယ်။ မင်းတို့ကို သေချာ ကြည့်ခွင့်ပေးထားတယ်။ နားလည်သွားပြီဆိုမှ ကိုယ်တော့်ဆီ လာပြောကြ။"

ပြောပြီးနောက် မြင်းလှည်းကို မောင်းကာ ရုံးတော်ခန်းမဆီသို့ ထွက်သွားသည်။

ဖန်ကျန်းရီနှင့် အခြားသူများလည်း အမြန် လိုက်သွားကြ၏။

ဟန်လင်ပညာတတ် တစ်စုမှာမူ ယခုချိန်ထိ မြင်းလှည်းပေါ်တွင် ထိုင်နေကြဆဲဖြစ်ပြီး ရေပြင်ကို မှိုင်တွေစွာ ကြည့်နေကြလေ၏။ ရေပြင်ပေါ်တွင် အမှိုက်သရိုက်များ ရံဖန်ရံခါ မျောပါလာပြီး၊ အနံ့ဆိုးများလည်း ထွက်ပေါ်နေသည်။

ထို့ကြောင့် လူအများအပြားမှာ နောက်ဆုတ်ချင်စိတ်များ ပေါ်ပေါက်လာကြ၏။

ဤသို့ ညစ်ပတ်စက်ဆုပ်စရာကောင်းသော ရေထဲတွင် ဒူးထောက်ရမည်ဆိုလျှင် ပညာတတ်တစ်ယောက်၏ ဂုဏ်သိက္ခာ ကျဆင်းသွားမည် မဟုတ်ပါလား။

ဂုဏ်သိက္ခာက ဘယ်မှာ ရှိတော့မည်နည်း။

သို့ပေမည့် တံခါးဝတွင် ချိတ်ဆွဲထားသော ယန်ကော်အန်း၏ ခေါင်းကို မြင်လိုက်ရသောအခါ ယိမ်းယိုင်နေသော စိတ်နှလုံးများက ရုတ်တရက် ပြန်လည် ခိုင်မာလာကြပြန်သည်။

ယုန်သေ၍မြေခွေးငိုသော ခံစားချက်မျိုးက ရင်ထဲတွင် အလိုအလျောက် ဖြစ်ပေါ်လာ၏။ ဖန်ကျန်းရီဆိုသည့် လူယုတ်မာကို မဖယ်ရှားနိုင်သရွေ့ နန်းတော်က ငြိမ်းချမ်းမည် မဟုတ်ချေ။

ယန်ရင်းချိုက်က အံကြိတ်ကာ ရေထဲသို့ ဆင်းသွားပြီး ကြည့်ကောင်းမည့် နေရာတစ်ခုကို ရွေးချယ်ကာ စိတ်ကို ဒုံးဒုံးချ၍ ဒူးထောက်လိုက်၏။

ထိုသို့ ဒူးထောက်လိုက်သည်နှင့် ညစ်ညမ်းရေများက ရင်ဘတ်အထိ ရောက်ရှိသွားသည်။

ယန်ရင်းချိုက်က အသက်တစ်ချက် ရှူလိုက်ရာ မေ့လဲမကျသွားရုံတမယ် ဖြစ်သွားပြီး ရေထဲတွင် အမည်မသိ အမှိုက်သရိုက်များကို ရေးရေးမျှ မြင်နေရတော့သည်။ သို့သော်ငြား ရေပေါ် ပေါလောပေါ်နိုင်စွမ်းကြောင့် ဒူးထောက်ရသည်မှာ အမှန်တကယ်ပင် ပေါ့ပါးနေ၏။

ယန်ရင်းချိုက် ဒူးထောက်သည်ကို မြင်ချိန်မှာတော့ အခြား ဟန်လင်ပညာတတ်များလည်း အံကြိတ်ပြီး လိုက်လံ ဒူးထောက်ကြသည်။

သိပ်မကြာမီ တံခါးဝ အပြင်ဘက်တွင် လူအုပ်ကြီးက အင်ပြည့်အားပြည့်ဖြင့် ဒူးထောက်နေကြပြီး၊ ကိုယ်တစ်ပိုင်း ပေါ်နေသည်ကို အဝေးမှ ကြည့်လျှင် ရေထဲမှ ပေါက်ဖွားလာသော မျိုးစိတ်သစ် တစ်မျိုးနှင့်ပင် တူနေ၏။

ကော်ထျန်းယန်က လူအားလုံး ဒူးထောက်ပြီးသည်ကို မြင်ချိန်မှာတော့ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "အမတ်မင်းတို့ စိတ်အေးအေးထားပြီး ဒူးထောက်နေကြပါ။ အရှင်မင်းကြီးက မိန့်တော်မူပါတယ်။ နားလည်သွားပြီဆိုရင် အိမ်ကို တိုက်ရိုက် ပြန်နိုင်ပါတယ်တဲ့။ ဗိုက်ဆာရင် အစားအသောက် လာပို့ပေးပါမယ်။ တကယ်လို့ …"

ကော်ထျန်းယန် စကားမဆုံးမီ ပွဲကြည့်ရန် လာသော ဖန်ကျန်းရီက သူ့စကားကို ဆက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "တကယ်လို့ ရေဆာရင်လည်း ရေတွေ အများကြီး ရှိပါတယ်။"

လူအားလုံးက ဖန်ကျန်းရီအား ရက်စက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြပြီး အရှင်လတ်လတ် ဆွဲဖြဲချင်စိတ် ပေါက်သွားကြသည်။ ထို့ကြောင့် အော်ဟစ် ဆဲဆိုကြတော့သည်။

"ဖန်ကျန်းရီ …. မင်း လူမဆန်တဲ့ကောင်။ အရှက်မရှိတဲ့ကောင်၊ ဒီနေရာမှာတောင် လာပြီး လေကျယ် ရဲသေးတယ်ပေါ့။ အရှင်မင်းကြီးက မင်းရဲ့ လှည့်စားမှုကို ခဏတာ ခံနေရပေမဲ့ တရားမျှတမှု ဆိုတာ ရှိတယ်။ တစ်နေ့နေ့ကျရင် မင်းရဲ့ ခေါင်းလည်း တံခါးဝမှာ ချိတ်ဆွဲခံရလိမ့်မယ်။"

"ဖန်ကျန်းရီ … ငါ မင်းကို သေချာပေါက် သတ်မယ်။"

ဖန်ကျန်းရီ၏ မျက်လုံးများက အရောင်လက်သွားပြီး၊ ရင်ဘတ်ထဲမှ မှတ်စုစာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်ကာ ရေထဲမှ လူတစ်ယောက်ကို လက်ညှိုးထိုးလျက် မေးလိုက်သည်။ "ခုနက ကျုပ်ကို သတ်မယ်ဆိုတဲ့ တစ်ယောက် … နာမည်ပြောစမ်း။"

ထို ဟန်လင်ပညာတတ်ကလည်း မကြောက်မရွံ့ဘဲ အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။ "ဟားဟားဟား … ကောင်းပြီ၊ ငါ့နာမည် ကုထျန်။ လူယုတ်မာ သေချာ မှတ်ထားစမ်း။"

ဖန်ကျန်းရီက မှတ်စုစာအုပ်ပေါ်တွင် အမြန် ရေးခြစ်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"ကုထျန်က အထက်လူကြီးကို လုပ်ကြံဖို့ ကြံစည်တယ်။ သက်သေအထောက်အထားတွေ အပြည့်အစုံ ရှိတယ်။ ကျုပ် ခဏနေရင် ခင်ဗျားကို တိုင်စာ ပို့လိုက်မယ်။ အစ်ကိုကြီးကော် .. ခင်ဗျားလည်း ကြားတယ်နော်။ သူ သားကို သတ်မယ်တဲ့။"

ကော်ထျန်းယန်မှာ ရွံရှာသည့် မျက်နှာထား ဖြစ်သွားသည်။ ဤဖန်ကျန်းရီက အဘယ့်ကြောင့် ဤမျှ စိတ်အနှောင့်အယှက် ပေးနေရသနည်း။

ထို့ကြောင့် စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။ "ကြားပါတယ်။ ကြားပါတယ်။"

ကုထျန်၏ မျက်နှာမှာ ချက်ချင်း မြေကြီးရောင် ပြောင်းသွားပြီး တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသည်။ ဤကိစ္စသာ အရှင်မင်းကြီးဆီ တကယ် ရောက်သွားပါက ဒုက္ခရောက်တော့မည် မဟုတ်ပါလား။ ယခုအချိန်တွင် သူက မိမိပါးစပ်ကို နှစ်ချက်လောက် ပြန်ရိုက်ချင်စိတ် ပေါက်နေ၏။

သူ နောင်တရနေစဉ်မှာပဲ ဘေးရှိ လူများက ရုတ်တရက် စိတ်လှုပ်ရှားလာကြပြီး ဖန်ကျန်းရီကို သတ်မည်ဟု အော်ဟစ်ကြပြန်သည်။

ကုထျန်၏ သတ္တိများ ပြန်လည် ကြီးထွားလာပြန်၏။ မည်သို့ပင်ဆိုစေ တရားဥပဒေက လူအများစုကို အရေးယူ၍ မရနိုင်ပေ။

"ဖန်ကျန်းရီ ….မင်းက အောက်တန်းကျတဲ့ လူယုတ်မာ၊ အရှင်မင်းကြီးရဲ့ ကျေးဇူးကို အလကား စားနေတဲ့ကောင်၊ မင်းက ပညာတတ်တစ်ယောက် ဖြစ်ဖို့ တန်လို့လား။"

"အလကား ထိုင်စားနေတဲ့ကောင်။ မင်းက ငါတို့ကို တိုင်အုံးမလို့လား။ မင်း ဒုက္ခရောက်တော့မယ်။"

အောက်ဘက်ရှိ ဟန်လင်ပညာတတ်တစ်စုက ထိုစကား အနည်းငယ်ကိုသာ အပြန်ပြန်အလှန်လှန် ပြောနေကြကြောင်း ကြားရချိန်မှာတော့ ဖန်ကျန်းရီက ခေါင်းခါလိုက်မိသည်။

သို့နှင့် သက်ပြင်းချကာ ပြောလိုက်၏။ "စာကို ဖတ်ပဲ ဖတ်တတ်သူတွေက ဘာမှ သုံးမရဘူးဆိုတာ တကယ်ပဲ။ ကျွတ် ကျွတ် ကျွတ်။ ငတုံးတွေ … ယီးပဲဟေ့။"

ဖန်ကျန်းရီသည်လည်း အားနာမနေတော့ဘဲ ဆဲဆိုခြင်း အနုပညာများဖြင့် တိုက်ရိုက် ပြန်လည် နှုတ်ဆက် လိုက်တော့သည်။

ဆဲသည့်နေရာတွင် ဘာတွေ ကွေ့ဝိုက်နေစရာ လိုမည်နည်း။ တိုက်ရိုက် ဆဲလိုက်ရုံပင်။

ဟန်လင်ပညာတတ်များမှာ ဒေါသထွက်သွားကြပြီး ဖန်ကျန်းရီအား လက်ညှိုးထိုးကာ အော်ဟစ်ကြသည်။ "မင်း ရိုင်းစိုင်းလိုက်တာ။ ဘာဂုဏ်သိက္ခာမှ မရှိဘူး၊ လူယုတ်မာရဲ့ လုပ်ရပ်တွေ။"

လူအားလုံးကလည်း ထောက်ခံပြောဆိုလာကြ၏။

ဖန်ကျန်းရီမှာ လုံးဝ သည်းမခံနိုင်တော့ဘဲ မြင်းလှည်းပေါ်၌ ရပ်ကာ လူအားလုံးကို အထက်စီးမှ ကြည့်ရင်း ခါးပတ်ကို ဖြည်းဖြည်းချင်း ဖြုတ်လိုက်သည်။

ထို့နောက် ဖြည်းညင်းစွာ ပြောလိုက်၏။ "ဘယ်သူတွေ ဘာပြောနေတာလဲဆိုတာ ကျုပ် နားထောင်ကြည့်ရအောင်။ ကျုပ် ခင်ဗျားတို့ကို နွေးနွေးထွေးထွေးလေး နည်းနည်း တိုက်လိုက်ရမလား။"

လူအားလုံး ချက်ချင်း တိတ်ဆိတ်သွားကြပြီး ခေါင်းများကို အတူတကွ ငုံ့သွားကြသည်။ တကယ် နွေးနွေးထွေးထွေး လာလုပ်ပေးမည်ကို ကြောက်ရွံ့သွားကြခြင်း ဖြစ်သည်။

ဖန်ကျန်းရီ က တကယ် လုပ်ရဲလောက်၏။

ကော်ထျန်းယန်ပင် ဆက်မကြည့်နိုင်တော့ဘဲ အလျင်အမြန် ပြောလိုက်သည်။ "တော်လောက်ပြီ ညီလေး။ အရှင်မင်းကြီး ဟိုဘက်မှာ စောင့်နေတယ်။ သူတို့ကို တကယ် သေလောက်အောင် သွားစော်ကားရင် မင်းအတွက် ဘာအကျိုးရှိမှာလဲ။

စောစောစီးစီးကို စော်ကားပြီးသွားပြီလေ။ အစ်ကိုကြီးကော် စိတ်ချပါ၊ ကျုပ် ဖန်ကျန်းရီက အကုန်ကြောက်ပေမဲ့ အသုံးမကျတဲ့ကောင်တွေကိုတော့ မကြောက်ဘူး။"

ဟန်လင်ပညာတတ်များက ဒေါသတကြီး ခေါင်းမော့ကြည့်လိုက်ရာ ဖန်ကျန်းရီ၏ လက်က ခါးပတ်ပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း မြင်ချိန်မှာတော့ အမြန် ခေါင်းပြန်ငုံ့သွားကြသည်။

လူအားလုံး ငြိမ်ကျသွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက ခါးပတ်ကို ပြန်ပတ်လိုက်ပြီး နောက်လှည့်ကာ မြင်းလှည်းထဲသို့ ဝင်သွား၏။

သိပ်မကြာမီ ဖန်ကျန်းရီနှင့် ကော်ထျန်းယန်တို့ ရုံးတော်ခန်းမထဲသို့ ပြန်ရောက်လာကြသည်။

ကျန်ရစ်သူ အရေအတွက် နည်းပါးသောကြောင့် ကျင်းဘုရင်က လူတိုင်းကို နေရာထိုင်ခင်းများ စီစဉ်ပေးထားပြီး အမတ်ကြီးများ အားလုံးလည်း နေရာယူပြီး ဖြစ်ကြ၏။

ကျင်းဘုရင်သည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး ဖန်ကျန်းရီကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "အမတ်ဖန် .. ဘာလုပ်နေတာလဲ။ ဘာလို့ ဒီလောက် ကြာနေတာလဲ။"

"အရှင်မင်းကြီး။ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော်မျိုးအပေါ် အထင်လွဲမှားမှုတွေ အများကြီး ရှိနေတာ တွေ့ရလို့ သူတို့နဲ့ စကားနည်းနည်း သွားပြောနေတာပါ။"

ကျင်းဘုရင်က နှာခေါင်းရှုံ့လိုက်သည်။ "အမတ်တစ်ယောက်ဆိုတာ တည်ငြိမ်ရင့်ကျက်ရမယ်။ ထိုင်တော့။"

ဖန်ကျန်းရီက အနေခက်စွာ ပြုံးလိုက်၏။ အရှင်မင်းကြီး၏ မျက်လုံးများကို မည်သည့်နည်းလမ်းနှင့်မှ လျှို့ဝှက်ထား၍ မရနိုင်သည်မှာ ထင်ရှားလှ၏။

သူ ထိုင်ပြီးနောက် ကျင်းဘုရင်က မိန့်လိုက်သည်။ "အမတ်မင်းတို့ …. အရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ်။ ဒီနေ့ ညီလာခံကို ဒီမှာပဲ ဆက်လုပ်ကြတာပေါ့။ တင်ပြစရာရှိရင် တင်ပြကြ။"

ဖန်ကျန်းရီက ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ "အရှင်မင်းကြီး၊ ကျွန်တော်မျိုး ပြောစရာ ရှိပါတယ်။"

"ပြော။"

"အရှင်မင်းကြီး၊ အပြင်က ဟန်လင်ပညာတတ်တွေ ရေထဲမှာ ဒူးထောက်နေရတာ တကယ် ပင်ပန်းပါတယ်။ ဒီလို ကြုံတွေ့ရပြီးရင် ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို သူတို့ ခံစားမိလောက်ပြီလို့ ထင်ပါတယ်။

ဒါပေမဲ့ ဒါက မလုံလောက်သေးပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ တစ်နေ့တာ သုံးနပ်စာကို ကန်စွန်းဥ နဲ့ အစားထိုးပေးဖို့ အကြံပြုချင်ပါတယ်။ ဒါမှအားလုံးက သာမန် ပြည်သူတွေရဲ့ အနာဂတ် ဘဝကို ခံစားကြည့်လို့ ရမှာပါ။

ကန်စွန်းဥ က စားလို့ကောင်းပေမဲ့ အမြဲတမ်း စားရင်တော့ ရင်ပူတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ကိုယ်တိုင် ကိုယ်ကျ ခံစားဖူးသွားရင် နောင်ကျရင် ပြည်သူတွေ ထမင်းစားရရုံနဲ့ တခြား အခက်အခဲတွေကို လျစ်လျူရှုမိတာမျိုး မဖြစ်တော့ဘူးလို့ ထင်ပါတယ်။"

လူအားလုံးမှာ ဖန်ကျန်းရီကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ဤကောင်လေး၌ ဤသို့ ခွင့်လွှတ်နားလည်နိုင်သော စိတ်ဓာတ်မျိုး ရှိနေမည်ဟု မထင်ထားခဲ့ချေ။ သူတို့ အထင်မှားသွားခဲ့သည်ပင်။

ကျင်းဘုရင်က လက်ခုပ်တီးကာ ရယ်မောလိုက်၏။ "အရမ်း ကောင်းတယ်။ အမတ်ဖန်က စိတ်ထားကောင်းမယ်လို့ မထင်ထားဘူး။ မင်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ အပြင်က လူတွေရဲ့ တစ်နေ့တာ သုံးနပ်စာကို ကန်စွန်းဥ နဲ့ ပြောင်းပေးလိုက်။ သူတို့ကိုလည်း ပြည်သူတွေရဲ့ ဘဝကို ခံစားကြည့်ခိုင်းလိုက်။"

"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။"

ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်လာ၏။

All Chapters