← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 10 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 10 Ch. 161-162

အပိုင်း (၁၆၁) စားနပ်ရိက္ခာ ဘေးအန္တရာယ် အငြင်းပွားမှု။

ကန်စွန်းဥများမှာ မွှေးကြိုင်နေပေသည်။ စားပြီးလျှင်တော့ ထုတ်ရန် ပြင်ထားကြရမည်။

ပညာတတ်တို့၏ ဂုဏ်သိက္ခာတို့၊ ယဉ်ကျေးသိမ်မွေ့မှုတို့ ဆိုသည်မှာ မည်သည့်အရာများနည်း။ သူ ဖန်ကျန်းရီက သူတို့၏ဟန်ဆောင်ကောင်းသော မျက်နှာဖုံးများကို မခွာချလျှင် သူတို့ကိုယ်သူတို့ အညစ်အကြေးကင်းစင်သည့် ပြီးပြည့်စုံသူများဟု ထင်မှတ်နေကြပေလိမ့်မည်။

တစ်ယောက်ချင်းစီမှာ လူယောင်ဆောင်ထားသော ခွေးများနှင့်ပင် တူလှ၏။ သိပ်မကြာမီတွင် သူတို့၏ ဂုဏ်သိက္ခာများ အားလုံး ပျက်စီးသွားစေရမည်။ ဝင်ကြေးလက်မှတ်ရောင်း၍ သူတို့ကို ပြသစားသောက်နိုင်လျှင် အကောင်းဆုံးပင် ဖြစ်၏။ ပန်းရှန်းရပ်ကွက်သို့ သွားကာ ကြော်ငြာလိုက်လျှင် ငွေအနည်းငယ်ပင် ရနိုင်သေးသည်။

ဖန်ကျန်းရီ သူ၏ တွက်ခြေကိုက်မည့် အစီအစဉ်လေးအား စဉ်းစားနေချိန်တွင် ကျင်းဘုရင်က အရေးကြီးကိစ္စများကို စတင် ဆွေးနွေးနေပြီ ဖြစ်၏။

ကျိန့်ချောင်က လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး၊ တောင်ပိုင်းက စားနပ်ရိက္ခာ ဘေးအန္တရာယ် အခြေအနေ ဆက်လက် ကြီးထွားနေတယ်လို့ မနေ့က ဘဏ္ဍာရေးဌာနကနေ တင်ပြထားပါတယ်။ အရှင်မင်းကြီး ဖတ်ပြီးပြီလား မသိပါဘူး။"

ကျင်းဘုရင်က တည်ငြိမ်စွာ မိန့်တော်မူ၏။ "ကိုယ်တော် ကြည့်ပြီးပြီ။ အမတ်တို့ ဘယ်လိုမြင်လဲ။"

ကျိန့်ချောင်က ပြန်လည် တင်ပြလိုက်ပေသည်။ "အရှင်မင်းကြီး … အခုအချိန်မှာ စပါးကျီတွေကို စနစ်တကျ ဖွင့်ပြီး ရိက္ခာတွေ ဝေငှဖို့ အမိန့်ပေးသင့်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ ဒီထက် ပိုနောက်ကျသွားပြီး သတင်းက တောင်ပိုင်းတစ်ခွင်လုံးကို ပျံ့နှံ့သွားရင် ပြည်သူတွေ ပုန်ကန်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီနှစ် ဆောင်းဦးရာသီ ရိတ်သိမ်းချိန်အထိ တောင့်ခံနိုင်ရင် အခြေအနေ အေးသွားပါလိမ့်မယ်။"

ကျင်းဘုရင်က ခဏမျှ စဉ်းစားလိုက်၏။ "ကျန်းမြစ် ရေဘေးက အရမ်း ဆိုးရွားတယ်။ စပါးကျီ တစ်ဝက်ကျော်လောက် ရေမြုပ်သွားပြီ။ ဆောင်းဦးရာသီ ရိတ်သိမ်းချိန်အထိ တောင့်ခံနိုင်ပါ့မလား မသိဘူး။"

ကျန်းရှီက ရှေ့ထွက်လာပြီး လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ရိက္ခာက သေချာပေါက် မလောက်နိုင်ပါဘူး။ ဆောင်းဦးရာသီ ရိတ်သိမ်းချိန် ရောက်ရင်တောင် ဒီနှစ် အထွက်နှုန်းက အများကြီး လျော့ကျသွားနိုင်ပါတယ်။ ပြည်သူတွေ ရိက္ခာ မဝယ်နိုင်တာမျိုး မဖြစ်ရအောင် အခုအချိန်မှာ ဒေသ အသီးသီးက ရိက္ခာဈေးနှုန်းတွေကို မြန်မြန် လျှော့ချဖို့ အမိန့်ပေးသင့်ပါတယ်။

ဒါ့အပြင် ဒေသအသီးသီးက သူဌေးကြီးတွေနဲ့ ဩဇာတိက္ကမရှိသူတွေရဲ့အိမ်မှာ သိုလှောင်ထားတဲ့ ရိက္ခာတွေ အများကြီး ရှိနေမှာ သေချာပါတယ်။ အဲဒီလူတွေဆီကနေ ရိက္ခာတွေ ကောက်ခံတာဖြစ်ဖြစ်၊ ချေးယူတာဖြစ်ဖြစ် လုပ်လို့ ရပါတယ်။"

ဖန်ကျန်းရီက ထိုစကားကို ကြားသောအခါ အဆက်မပြတ် သက်ပြင်းချနေမိ၏။

တောက်ယွမ်ခရိုင်မှ လူများ ထွက်သွားသည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပြီ ဖြစ်၏။ တောင်ပိုင်းမှ ရိက္ခာဈေးနှုန်းများမှာ ကန်စွန်းဥ သတင်းကြောင့် ထိခိုက်မှု မရှိသည့်အပြင် သိသိသာသာကို မြင့်တက်နေကြောင်း သူ့ထံ စာပြန်ပို့ထားသည်။

ထို့ပြင် ဈေးနှုန်းမှာ တစ်နေ့ထက်တစ်နေ့ ပို၍ မြင့်တက်နေသည်။ မည်သည့်နေရာတွင် ပြဿနာ တက်နေမှန်း မသိရသော်လည်း ဤသို့သော အခြေအနေမျိုး ဖြစ်လာမည်ကို ဖန်ကျန်းရီက စောစောကတည်းက မျှော်လင့်ထားပြီး ဖြစ်၏။

နန်းတော်ထဲတွင် သူ၏ လှည့်ကွက်ကို ရိပ်မိမည့်သူ သေချာပေါက် ရှိနေပေလိမ့်မည်။ သို့သော်လည်း သူတို့၏ လှုပ်ရှားမှုက သူ့ထက် ပို၍ မြန်ဆန်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

သတင်းက မည်သူ့ထံမှ ပေါက်ကြားသွားမှန်း မသိရပေ။

ယခုအခါ ဤအမတ်များက အသီးသီး အကြံဉာဏ်များ ပေးနေကြသော်လည်း ဖန်ကျန်းရီ နားထောင်ကြည့်ရသလောက် အားလုံးမှာ အလကား စကားများသာ ဖြစ်နေသည်။

စပါးကျီဖွင့်၍ ရိက္ခာဝေငှရမည်က သေချာပေါက် ပြုလုပ်ရမည် ကိစ္စဖြစ်သော်လည်း ရိက္ခာက သေချာပေါက် လောက်ငှမည် မဟုတ်ပေ။

သို့ဆိုလျှင် တစ်ခုတည်းသော အားကိုးစရာမှာ သူဌေးကြီးများနှင့် ဩဇာတိက္ကမရှိသူများသာ ရှိတော့၏။ သို့ပေမည့် ကောက်ခံသည်ဖြစ်စေ၊ ချေးယူသည်ဖြစ်စေ ရိက္ခာကို သေချာပေါက် ရမည်မဟုတ်ချေ။ အလွန်ဆုံး အနည်းငယ်မျှသာ ရနိုင်လိမ့်မည်။

မည်သူက ကိုယ့်အသားကို ကိုယ်လှီးပေးချင်ပါမည်နည်း။ အိမ်တိုင်ရာရောက် လာတောင်းလျှင်တောင် မရှိဘူးဟု ပြောကြပေမည်။ အစိုးရက ပြည်သူတို့၏ ရိက္ခာများကို အတင်းအဓမ္မ လုယူနိုင်ပါမည်လား။

ဖန်ကျန်းရီက ကျောက်စာရေးထိုးပြီး ဂုဏ်ပြုမှတ်တမ်းတင်ပေးမည့် အသုံးမကျသော နည်းလမ်းကိုပင် စဉ်းစားကြည့်ဖူးသေး၏။ သို့သော်လည်း နယ်ဘက်များတွင် ထိုနည်းလမ်းကို သွားသုံးလျှင် သေချာပေါက် ဘာမှ အသုံးဝင်မည် မဟုတ်ပေ။

ဘေးအန္တရာယ် ကျရောက်နေသော နှစ်တွင် တကယ့် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးအမြတ်က မည်သည့်အရာထက်မဆို ပိုအရေးကြီး၏။

နောက်တစ်ချက် ပြောရလျှင် သူဌေးကြီးများနှင့် ဩဇာတိက္ကမရှိသူများသာ ဂုဏ်သိက္ခာကို ဂရုစိုက်နေမည်ဆိုပါက ဤသို့ သူဌေးကြီးများ ဖြစ်လာမည် မဟုတ်ချေ။

ဤလူစုကို အခြေခံ အရင်းအနှီးနှင့် အာဏာ ပေါင်းစပ်မှုဟု မြင်၍ရပြီး အခြေခံအားဖြင့် လောဘလည်း ကြီးသလို တစ်ကိုယ်ကောင်းလည်း ဆန်ကြသည်။

အချုပ်အားဖြင့် ပြောရလျှင် အလွန် ခက်ခဲလှ၏။

ယခု တောက်ယွမ်ခရိုင်မှ လွှတ်လိုက်သော လူများ မည်သို့နေမည်ကို မသိရချေ။ သတင်းအသွားအပြန် လုပ်ရသည်မှာ ရက်နှစ်ဆယ်ကျော် ကြာမြင့်သည်။

ကျင်းဘုရင်က ဖန်ကျန်းရီ၏ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိသွားပြီး လှမ်းမေးလိုက်သည်။ "အမတ်ဖန် … မင်းမှာ ဘာအကြံဉာဏ် ရှိလို့လဲ။"

ဖန်ကျန်းရီက လက်သီးဆုပ်ကာ အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး … ရိက္ခာဈေးနှုန်းတွေကို မထိန်းချုပ်သင့်ဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။ သူ့ဟာသူ လွှတ်ထားသင့်ပါတယ်။ ရိက္ခာဈေးနှုန်းတွေ အမြင့်ဆုံး ရောက်သွားချိန်မှာ တစ်တိုင်းပြည်လုံးက ရိက္ခာကုန်သည်တွေက ဘေးအန္တရာယ် ကျရောက်နေတဲ့ ဒေသတွေဆီကို အလုအယက် ရောက်လာကြပါလိမ့်မယ်။ ဒီနည်းနဲ့ အချိန်ကာလတစ်ခုလောက် တောင့်ခံထားနိုင်ရင် ရိက္ခာ ဈေးနှုန်းတွေက ပြန်ကျသွားနိုင်ပါတယ်။"

သို့ပေမည့် ဤသို့လုပ်ပါက နောက်ဆုံးတွင် လူတစ်စိတ်တစ်ပိုင်း ငတ်သေသွားနိုင်သည် ဆိုသည့် စကားကိုတော့ ဖန်ကျန်းရီ မပြောခဲ့ပေ။

ဈေးကွက် ပြဿနာကို ဈေးကွက်က ဖြေရှင်းရမည်။ ရှေးခေတ် အစိုးရ၏ တုံ့ပြန်မှု အမြန်နှုန်းမှာ ခေတ်သစ် အစိုးရများနှင့် ယှဉ်လျှင် အလွန် နှေးကွေးလွန်းလှရာ အားနည်းချက်များ ရှိနေသည်။

ခေတ်သစ်တွင် စီးပွားရေး ပြဿနာများကို ဖြေရှင်းလျှင်တောင် ဈေးကွက်ကို အဓိကထားပြီး လုပ်ရသည်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ နိယာမများကို ဆန့်ကျင်၍ လုပ်ဆောင်ပါက ကောင်းကျိုးရရန် ခက်ခဲလှ၏။

ဘေးအန္တရာယ် ကျရောက်နေသော ဒေသများတွင် ရိက္ခာဈေးနှုန်းများ အဆမတန် မြင့်တက်လာလျှင် ရေတွက်၍မရသော သူဌေးကြီးများက သူတို့အိမ်၌ ပိုလျှံနေသည့် ရိက္ခာများကို ယူဆောင်လာကာ အလုအယက် လာရောင်းကြလိမ့်မည်။

ထိုအချိန်ကျလျှင် ကုန်သည်များ အတူတကွ ပြည့်နှက်နေသည်ကို တွေ့ရပြီး ရောင်းလိုအားက ဝယ်လိုအားထက် ကျော်လွန်သွားမည်ဖြစ်ရာ၊ ရိက္ခာဈေးနှုန်းများမှာ ချက်ချင်း ပြန်ကျသွားလိမ့်မည်။

သို့ပေမည့် ဤသို့သော နည်းလမ်းမျိုးက လူအများစု၏ ယေဘုယျ အသိဉာဏ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် ကျင်းဘုရင် သဘောတူလိမ့်မည်ဟု ဖန်ကျန်းရီ ထင်မှတ် မထားခဲ့ချေ။

တကယ်ပင် ကျင်းဘုရင် စကားမဟရသေးမီ ကျန်းရှီက အရင် မကျေမနပ် ဖြစ်သွားလေသည်။

"အမတ်ဖန် ပြောသလိုသာ တကယ်လုပ်မယ်ဆိုရင် တိုင်းပြည်ထဲ လူတွေရဲ့ ဝေဖန်မှုတွေ ဆူညံသွားလိမ့်မယ်။ အစိုးရက ဘာမှ မလုပ်ဘူးဆိုရင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ မဟုတ်ဘူးလား။"

ဖန်ကျန်းရီက ပြန်လည် ချေပလိုက်၏။ "အမတ်ကျန်း … ဘာမှ ဝင်မစွက်ဖက်ဘဲ အုပ်ချုပ်တာလည်း အုပ်ချုပ်တာ တစ်မျိုးပါပဲ။ ဒေသအသီးသီးက အစိုးရတွေက ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် လုပ်ဖို့ပဲ လိုပါတယ်။ နယ်မြေဒေသ ငြိမ်းချမ်းရေးကို ကာကွယ်ပြီး ပြည်သူတွေ အနိုင်ကျင့် မခံရအောင် လုပ်ပေးလိုက်ရင်ရပြီ။ ပြည်သူတွေမှာ သူတို့ဘာသာ အသက်ရှင်သန်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ တခြားလူတွေက ဝင်သင်ပေးနေစရာ မလိုပါဘူး။ ဒါ့အပြင် လမ်းမှား ရွေးမိသွားရင် ပိုကြိုးစားလေ ပိုဝမ်းနည်းရလေ ဖြစ်မယ်။ အရှင်မင်းကြီး … ဒီနည်းလမ်းက ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ စမ်းကြည့်သင့်ပါတယ်။"

ကျန်းရှီက ချက်ချင်း ကြမ်းတမ်းစွာ ပြောလိုက်သည်။ "မရဘူး။ တကယ်လို့ လွှတ်ထားလိုက်ရင် ကုန်သည်တွေကို တိုင်းပြည်ရဲ့ ဘေးအန္တရာယ်ကနေ ကြီးကြီးမားမား အမြတ်ထုတ်ခွင့် ပေးလိုက်သလို ဖြစ်မသွားဘူးလား။"

ဖန်ကျန်းရီက လုံးဝ အားနာမနေဘဲ ပြန်ပြောလိုက်၏။ "ဘေးဒုက္ခသည်တွေအတွက်တော့ အခုအချိန်က အသက်ရှင်မလား ၊ သေမလားဆိုတဲ့ အချိန်ပဲ။ အမတ်ကျန်း ပြောတဲ့ တိုင်းပြည်ဒုက္ခကနေ အမြတ်ထုတ်တဲ့သူတွေက သူတို့အတွက် ရွေးချယ်စရာတစ်ခု ပေးနိုင်တယ်။ အဲဒီရွေးချယ်စရာက မမီနိုင်လောက်အောင် မြင့်မားနေတယ် ဆိုပေမဲ့ အနည်းဆုံးတော့ အသက်ရှင်ဖို့ မျှော်လင့်ချက် ပေးနိုင်သေးတာပဲလေ။ ဒီလိုလုပ်တာ ဘာဖြစ်လို့လဲ။"

ကျန်းရှီက အထင်သေးစွာ ပြောလိုက်သည်။ "မင်းပြောသလိုဆိုရင် ကိုယ်ကျင့်တရားနဲ့ စည်းကမ်းက ဘယ်မှာလဲ။ ဒီလိုသာ ဆက်သွားရင် တိုင်းပြည်မှာ လူတိုင်းက လှည့်စားဖို့လောက်ပဲ တွေးနေကြတော့မှာပေါ့။ မကောင်းကြံတဲ့သူတွေက တမင်သက်သက် ဘေးအန္တရာယ်တွေ ဖန်တီးလာရင် ဘယ်လိုလုပ်မလဲ။"

ဖန်ကျန်းရီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "အမတ်ကျန်း … ခင်ဗျား လမ်းလွဲနေပြီ။ အခု ကျုပ်တို့ ပြောနေတာက ဘေးဒုက္ခသည်တွေ အကြောင်းပါ။ ဂုဏ်သိက္ခာက အရေးကြီးတာလား အသက်က အရေးကြီးတာလား။ ပါးစပ်ဟလိုက်ရင် တိုင်းပြည်၊ ပါးစပ်ပိတ်လိုက်ရင် ကိုယ်ကျင့်တရား။ အပေါ်ယံ စကားကြီး စကားကျယ်တွေ ပြောနေလို့ ဘာအသုံးကျမှာလဲ။ ထမင်းစားလို့ ရသလား။ အရှင်မင်းကြီး … ကျွန်တော်မျိုး ဘဏ္ဍာရေးအမတ် ကျန်းရှီကို တိုင်ကြားပါတယ်။ သူက ရာထူးယူထားပြီး အလုပ်မလုပ်ဘူး၊ သူ့နေရာနဲ့သူ တာဝန်မကျေပါဘူး။"

"မင်း"

ကျန်းရှီမှာ မှင်သက်သွား၏။ စကားနည်းနည်းလေး အဆင်မပြေသည်နှင့် တစ်ခါတည်း တန်းကာ တိုင်တောနေသည်။ ဘာသဘောနည်း။

ထိုနေရာရှိ လူအားလုံး၏ မျက်နှာများမှာလည်း မည်းမှောင်သွားကြသည်။

ဖန်ကျန်းရီဆိုသည့် ကောင်လေးက ပုံမှန်ဆိုလျှင် စကားသိပ်မပြောချေ။ သို့ပေမည့် တစ်ယောက်ယောက်က သူ့ကို စကားလာပြောလျှင်တော့ ထိုသူ အတိုင်ခံရဖို့ ရာခိုင်နှုန်း များသွားပြီ ဖြစ်၏။ မည်သည့် စည်းကမ်းမှကို မရှိပေ။ ထင်ရာစိုင်း တိုင်နေခြင်းပင်။

ကျန်းရှီ တစ်ယောက် အတိုင်ခံရသည်မှာ ဘယ်နှကြိမ် ရှိနေပြီနည်း။

ကျင်းဘုရင်က ဖန်ကျန်းရီကို တစ်ချက်ကြည့်ပြီးနောက် စိတ်မရှည်စွာ မိန့်တော်မူ၏။ "တော်တော့ … ဖန်ကျန်းရီ၊ မင်း ပြောလေလေ အဓိပ္ပာယ် မရှိလေလေ ဖြစ်နေပြီ။ အမတ်လီ … ဘယ်လိုမြင်လဲ။"

လီယန်စုန်က တုံ့ဆိုင်းစွာ လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးကတော့ အမတ်ဖန် ပြောတာ အနည်းငယ် အဓိပ္ပာယ်ရှိတယ်လို့ ထင်ပါတယ်။"

ဖန်ကျန်းရီက ပြုံးလိုက်၏။

တကယ်ပင်၊ ရှေးလူများက အလွန်ထက်မြက်ကြပေသည်။ အထူးသဖြင့် ညီလာခံထဲမှ ဤသို့ ပါးနပ်သော လူများပင်။

သူတို့က စီးပွားရေးပညာ ဆိုသည်ကို နားမလည်ကောင်း နားမလည်နိုင်ပေမဲ့ စီးပွားရေး၏ သဘောတရား ကိုတော့ သေချာပေါက် နားလည်ကြသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးပညာ ဆိုသည်ကလည်း လောကနိယာမများကို အကျဉ်းချုံးထားခြင်းသာ ဖြစ်သောကြောင့်ပင်။

ရောင်းလိုအား ပြဿနာကဲ့သို့ ရိုးရှင်းသော ယုတ္တိဗေဒဆက်စပ်မှုကို သူတို့ သဘောမပေါက်စရာ အကြောင်းမရှိချေ။

လီယန်စုန်က စကားလွှဲလိုက်ပြန်သည်။ "ဒါပေမဲ့ အန္တရာယ် အရမ်းများလွန်းပါတယ်။ အဲဒီအချိန်ကျရင် တိုင်းပြည်က ဝေဖန်မှုတွေ ဆူညံသွားလိမ့်မယ်။ ကျွန်တော်မျိုးကတော့ အမတ်ကျန်းရဲ့ အကြံပြုချက် ကိုပဲ ထောက်ခံပါတယ်။"

"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။"

"ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ်။"

ကျင်းဘုရင်က ခေါင်းညိတ်ကာ မိန့်လိုက်၏။ "ကောင်းပြီ။ ဒါဆိုရင် ဒီနည်းလမ်းအတိုင်းပဲ စီမံလိုက်ပါ။ ကျန်းရှီ … နန်းတော်ကို ပြန်ရောက်ရင် အသေးစိတ် မှတ်တမ်းတစ်ခု ရေးပြီး တင်ပြလိုက်စမ်း။"

"မှန်လှပါ။ အရှင်မင်းကြီး။"

ဖန်ကျန်းရီက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။

အာဏာက အန္တရာယ်ကို အကြောက်ဆုံး ဖြစ်၏။ တစ်တိုင်းပြည်လုံး၏ ဆဲဆိုမှုကို ခံရမည့် အကျိုးဆက်ကို မည်သူကမှတာဝန်မယူရဲကြချေ။

အကြောင်းပြချက်ကို အားလုံးက နားလည်ကြသော်လည်း လူတို့၏ စိတ်ထဲမှ ဤအတားအဆီးကိုတော့ မည်သူမှ မချိုးဖျက်နိုင်ကြပေ။

အမလေး … သောက်ကျိုးနည်း …. သူ ဖန်ကျန်းရီအတွက် ခက်ခဲလိုက်လေခြင်း ….။

အပိုင်း (၁၆၂) ငွေရှာမယ့် လုပ်ငန်းငယ်လေး။

ထိုနောက်ပိုင်း ကိစ္စများကိုတော့ ဖန်ကျန်းရီက ဆက်၍ နားမထောင်ချင်တော့ပေ။

အဓိကအားဖြင့် မြို့တော်ထဲမှ မိုးဘေးအန္တရာယ် သို့မဟုတ် နယ်ဘက်မှ ကိစ္စအမျိုးမျိုးကို ဆွေးနွေး ပြောဆိုနေကြပြီး ခပ်သေးသေး ပြဿနာများ၊ ဓားပြများ၊ နိမိတ်ကောင်းများ စသည်တို့ပါ ရောနှောနေသဖြင့် ကြားရသည်မှာ အရမ်းကို ပျင်းရိဖွယ် ကောင်းလှ၏။

ပြီးတော့ သူကိုယ်တိုင်လည်း ဘာမှ ကူညီနိုင်မည် မဟုတ်သောကြောင့် ပါးစပ်မှနေ၍ အင်းအဲသာ လိုက်လုပ်နေလိုက်သည်။

နောက်ဆုံးပြီးဆုံးသွားချိန်တွင် အမတ်အသီးသီးက နန်းတော်သို့ ပြန်ရန် ပြင်ဆင်ကြပြီး ကျင်းဘုရင် ကတော့ တုန်းကျင်းရပ်ကွက်တွင် ကျန်ရစ်ခဲ့၏။

ဖန်ကျန်းရီက ရုံးတော်ခန်းမထဲမှ ထွက်လာရာ လီယွမ်ကျောက်က နောက်မှ ပြေးလိုက်လာသည်။

"ဖန်ကြီး … ခင်ဗျား ပြောတဲ့ ကယ်ဆယ်ရေး နည်းလမ်းက အသုံးဝင်မယ်လို့ ကျုပ် ထင်တယ်။"

"ဟင်၊ ဘယ်လိုလုပ် အဲဒီလို ပြောရတာလဲ။" ဖန်ကျန်းရီက အနည်းငယ် စပ်စုချင်စိတ် ဖြစ်သွား၏။

လီယွမ်ကျောက်က ခေါင်းခါလိုက်သည်။ "သေချာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ နေ့တိုင်း ရပ်ကွက်ထဲမှာ အလုပ်လုပ်နေတော့ ခံစားချက်တချို့တော့ ရတယ်။ ဒါပေမဲ့ ခမည်းတော်က ဆုံးဖြတ်ပြီးသွားပြီဆိုတော့ ကျုပ်တို့လည်း ဘာမှ ဆက်လုပ်လို့ မရတော့ဘူးလေ။"

ထို့နောက် လီယွမ်ကျောက်က နှုတ်ခမ်းကို မဲ့လိုက်၏။ "ဒါတွေ ထားလိုက်ပါ။ အပြင်ဘက်က ဟန်လင်ပညာတတ်တွေကို ကျုပ်တို့ ဘယ်လို ဒုက္ခပေးရမလဲ ပြောပါအုံး။"

ဖန်ကျန်းရီက ပြန်ပြောလိုက်သည်။ "အိမ်ရှေ့စံ၊ ကျုပ်က စိတ်ထားကောင်းတဲ့သူပါ။ ဘယ်လိုလုပ် သူများကို ဒုက္ခပေးဖို့ စဉ်းစားနေလို့ ရပါ့မလဲ။ သူတို့ကို အေးအေးဆေးဆေးပဲ ဒူးထောက်ခိုင်း ထားလိုက်ပါ။"

...

တံခါးဝ အပြင်ဘက်တွင် ရိုးသားအေးချမ်းပုံရပြီး စုတ်ပြဲနေသော အဝတ်အစားကို ဝတ်ဆင်သော အမျိုးသားတစ်ဦးက လျှောက်လာ၏။

သူက ရေထဲတွင် ဒူးထောက်နေသော ဟန်လင်ပညာတတ်များကို ချက်ချင်း သတိထားမိသွားပြီး စပ်စုချင်စိတ်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

လူအုပ်ကြီးကို တစ်ပတ်ပြီးတစ်ပတ် အဆက်မပြတ် လှည့်ပတ်သွားလာ ကြည့်ရှုနေ၏။

နောက်ဆုံးမှာတော့ ထိုဟန်လင်ပညာတတ်များအတွက် စိတ်အနှောင့်အယှက် ဖြစ်လာစေသည်။

သူ့ကို အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "ဘာတွေ လာလုပ်နေတာလဲ။ ဝေးဝေး သွားစမ်း။"

"ဟင် … ခင်ဗျားတို့က ဘာလို့ ရေထဲမှာ ဒူးထောက်နေကြတာလဲ။ ဒီရေက ညစ်ပတ်ပြီး အရမ်းနံနေတာပဲ။"

ကုထျန်က ဒေါသတကြီး အော်လိုက်သည်။ "ခင်ဗျားလည်း ညစ်ပတ်မှန်း နံမှန်း သိရက်နဲ့ ရေထဲ လမ်းလျှောက်နေတာ မဟုတ်ဘူးလား။ အမြန် ထွက်သွားစမ်း။"

ထိုလူက ရိုးသားစွာ ပြုံးလိုက်ပြီး နှာခေါင်းထဲမှ ဝါဂွမ်းလုံး နှစ်လုံးကို ထုတ်ပြလိုက်၏။ "အိမ်မှာ ကိစ္စရှိလို့သာ မဟုတ်ရင် ဘယ်သူက ဒီညစ်ပတ်တဲ့ ရေထဲကို ဆင်းချင်မှာလဲ။ ဒါပေမဲ့ ကျုပ်ဆီမှာ ဒါရှိတယ်။ အနံ့မရဘူးလေ။"

ဟန်လင်ပညာတတ် အားလုံး၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကြ၏။

ဤပစ္စည်းလေးသာ ရှိလျှင် အနံ့ဆိုးကြီးကို အောင့်အီး သည်းခံစရာ မလိုတော့ချေ။ ဤသည်က ပစ္စည်းကောင်းဖြစ်ပြီး အချိန်ကိုက် ရောက်လာခြင်းပင်။

သူတို့က အသီးသီးက အော်ဟစ်လိုက်ကြသည်။ "ဒီပစ္စည်း ဘယ်ကရတာလဲ။ ကျုပ်တို့ကို အမြန် ပေးစမ်း။"

ထိုလူက အဝတ်အစား အပေါက်မှနေ၍ ဝါဂွမ်း တစ်ဆုပ်ကြီးကို ဆွဲထုတ်လိုက်ပြီး ရိုးသားသော အသံဖြင့် ပြောလိုက်၏။ "အိုး … ဒီပစ္စည်းတွေ ကျုပ်ဆီမှာ အများကြီး ရှိသေးတယ်။ ခင်ဗျားတို့ လိုချင်လို့လား။"

ဟန်လင်ပညာတတ်များမှာ အနည်းငယ် ကြောင်အမ်းသွားကြသည်။

ချည်ထည် အနွေးထည်လား။ နွေရာသီကြီးဖြစ်သောကြောင့် ဤရက်ပိုင်း နည်းနည်း အေးသည် ဆိုသော်လည်း အနွေးထည် ဝတ်စရာ မလိုချေ။

ထို့အပြင် ဤမျှဆင်းရဲပုံပေါက်နေသောသူက အဘယ့်ကြောင့် အနွေးထည် ဝယ်ဖို့ ပိုက်ဆံ ရှိရသနည်း။ တော်တော်လေး စုတ်ပြဲနေသည်ဆိုလျှင်တောင် ဈေးကြီးသည့် အရာမျိုးပင်။

ပြီးတော့ ဤမျှ ဆင်းရဲနေသည့် ပုံပေါက်နေသူက ဘယ်လိုလုပ် အနွေးထည် ဝတ်ရန် ပိုက်ဆံရှိမည်နည်း။ အတော်လေး စုတ်ပြဲနေသည် ဆိုသော်ငြားပေါ့။

"ဟေး … အဲဒီ အနွေးထည်က ဘယ်ကရတာလဲ။ ခိုးလာတာလား၊ လုလာတာလား။" တစ်စုံတစ်ယောက် က လုံးဝ အားနာမနေဘဲ မေးလိုက်သည်။

ရိုးသားပုံရသော အမျိုးသားက အနည်းငယ် ဒေါသထွက်သွား၏။ "ခင်ဗျား ဘယ်လို စကားပြောလိုက်တာလဲ။ ဒါ ကျုပ် ကောက်ရလာတာပါ။ အဝတ်အစား ကောက်ရတာ ပြစ်မှု မြောက်လို့လား။ လိုချင်လား ၊ မလိုချင်ဘူးလား ဆိုတာသာ ပြောစမ်းပါ။"

"လိုချင်တယ်။ လိုချင်တယ်။ မြန်မြန် ယူလာခဲ့။ နာမည် ဘယ်လိုခေါ်လဲ။" လူအားလုံးကလည်း ဆက်၍ မတွေးချင်ကြတော့ပေ။ စုတ်ပြဲနေသော အနွေးထည် တစ်ထည်က တစ်စုံတစ်ယောက် လွှင့်ပစ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။

"ကျုပ် နာမည် ကျန်းဆန် လို့ ခေါ်တယ်။"

ကုထျန်က ပြုံးလိုက်၏။ "ကျန်းဆန်လား။ နာမည်ကောင်းပဲ။ ကျုပ်ဆီ ဝါဂွမ်း နှစ်လုံး မြန်မြန် ယူခဲ့စမ်း။"

ကျန်းဆန်က မကျေမနပ် ဖြစ်သွားသည်။ "ခင်ဗျားတို့လိုချင်တာနဲ့ ဘာလို့ ပေးရမှာလဲ။ ငွေမှ မပေးတာ။"

ကုထျန် ချက်ချင်း ဒေါသကြီးသွား၏။ "ကျုပ်က ဟန်လင်စာတည်းမှူးကွ။ ခင်ဗျားလို လူရိုင်းက ဝါဂွမ်း တစ်လုံးအတွက်တောင် ငွေတောင်းချင်နေသေးတာလား။"

"အရာရှိ ဖြစ်တော့ရော ဘာဖြစ်လဲ။ လုချင်လို့လား။ ကျုပ် သွားပြီ။" ကျန်းဆန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ခြေလှမ်းသွက်သွက်ဖြင့် ချက်ချင်း ထွက်သွားလေတော့သည်။

"ဟေ့။ မသွားနဲ့အုံး။ အမြန် ပြန်လာခဲ့။" လူအားလုံးက အသီးသီး အော်ဟစ်လိုက်ကြသည်။

ရေထဲမှ ဤအနံ့ဆိုးကြီးကို သူတို့ တကယ် သည်းမခံနိုင်တော့ချေ။ နှာခေါင်းထဲတွင် ဝါဂွမ်း နှစ်လုံးခန့် ပိတ်ထားလိုက်လျှင် အကောင်းဆုံး ဖြစ်သွားမည်။ ပိုက်ဆံ အနည်းငယ်ခန့် သုံးရလည်း ကျေနပ်ကြသည်။ အလွန်ဆုံး ကြေးပြား အနည်းငယ် ပေးလိုက်ရုံပင်။

ကျန်းဆန်က နောက်လှည့်လာပြီး ဝါဂွမ်းကို ထုတ်ပြကာ မေးလိုက်၏။ "ခင်ဗျားတို့ ဝယ်ချင်လို့လား။"

"ဝယ်မယ်။"

"နှစ်လုံး … ငွေငါးတေလ်း။" ကျန်းဆန်က ရိုးသားအေးချမ်းသည့် ပုံစံဖြင့် ရှိနေသေးသည်။

"ဘာ … ခင်ဗျားလို လူရိုင်းက ငွေလုနေတာလား။ ငါးတေလ်းတဲ့၊ ငွေလိုချင်လို့ ရူးသွားပြီ ထင်တယ်။ အမြန် ထွက်သွားစမ်း။" ဟန်လင်ပညာတတ် တစ်စုက အသီးသီး ဆဲဆိုလိုက်ကြ၏။

ဤလူရိုင်းက တကယ်ကို ရွံစရာ ကောင်းလှ၏။ ရေတွင်းထဲ ကျနေသူကို ခဲနှင့် ထပ်ပေါက်နေသည်နှင့် အတူတူပင် ဖြစ်သည်။

ပြောပလောက်အောင် တန်ဖိုးမရှိသည့် ဝါဂွမ်း သေးသေးလေး တစ်လုံးကိုပင် ငွေငါးတေလ်း တောင်းရဲနေသေး၏။

ကျန်းဆန်က ဂရုမစိုက်ဘဲ ရေပြင်အနီးသို့ ကပ်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ "အင်း … ပိတ်ထားပြီးရင် တကယ် ဘာအနံ့မှ မရတော့ဘူး။ လေဝင်လေထွက်လည်း ကောင်းသေးတယ်။ ခင်ဗျားတို့ မဝယ်ရင် ကျုပ် သွားတော့မယ်။ ဒါနဲ့ ကျုပ်နဲ့ ခင်ဗျား ရေစက်ပါလို့ တစ်လုံး အလကား ပေးလိုက်မယ်။"

ပြောပြီးနောက် ဝါဂွမ်း တစ်လုံးထဲမှ တစ်ဖဲ့ကို ဆွဲဖဲ့လိုက်ပြီး အလုံးလေး ဖြစ်အောင် လုံးကာ ကုထျန်၏ နှာခေါင်းပေါက် တစ်ဖက်ထဲသို့ ထည့်ပေးလိုက်၏။

ကုထျန်၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်း သက်သာသွားသလို ခံစားလိုက်ရသည်။

အနံ့ဆိုးက သိပ်မပြင်းတော့သော်လည်း နှာခေါင်းပေါက် တစ်ဖက်က ပွင့်နေပြီး ကျန်တစ်ဖက်က ပိတ်နေသဖြင့် အတော်လေး ခံရခက်၏။

သူက လက်တစ်ဖက်ကို ထုတ်ပြီး နှာခေါင်းပေါက် တစ်ဖက်ကို ပိတ်ထားချင်သော်လည်း လက်နှစ်ဖက်စလုံးက ရေထဲတွင် နစ်နေသဖြင့် အလွန် ညစ်ပတ်နေသည်။ ထို့ကြောင့် လက်လျှော့လိုက်ရသည်။

သို့နှင့် ကျန်းဆန်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ "တစ်လုံး ဝယ်မယ်။ ငွေ နှစ်တေလ်းခွဲပေါ့၊ ရော့။"

ကျန်းဆန်က ရိုးသားစွာဖြင့် နောက်စေ့ကို ပွတ်လိုက်သည်။ "နှစ်လုံးကို ငွေငါးတေလ်း ရောင်းတယ်။ တစ်လုံးကိုလည်း ငွေငါးတေလ်းပါပဲ။"

"ခင်ဗျား ..."

ကုထျန်မှာ သွေးအန်လုမတတ် ဖြစ်သွားရ၏။

ယခု နှာခေါင်းပေါက် တစ်ဖက် ပိတ်ခံထားရသဖြင့် ခံစားချက်က ဟိုမရောက်ဒီမရောက် ဖြစ်နေသည်။ ထို့ကြောင့် မဝယ်၍လည်း မရတော့ပေ။

ကျန်းဆန်ကို မုန်းတီးစွာ စိုက်ကြည့်ပြီး ပြောလိုက်၏။ "ကောင်းပြီ။ ငါးတေလ်း ယူလိုက်။ နောက်တစ်လုံး ပေးစမ်း။"

ပြောပြီးနောက် ညစ်ပတ်နေသော ရေထဲမှ လက်တစ်ဖက်ကို ထုတ်လိုက်ရာ လက်ထဲတွင် ငွေငါးတေလ်း ကိုင်ထားကြောင်း မြင်ရသည်။

ကျန်းဆန်က ရွံရှာမနေဘဲ ငွေကို တိုက်ရိုက် လှမ်းယူလိုက်ပြီး နောက်ထပ် ဝါဂွမ်း တစ်လုံးကို ကုထျန်၏ နှာခေါင်းထဲသို့ ထည့်ပေးလိုက်၏။

ကုထျန်က ချက်ချင်း သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။

ယခုတော့ သက်သောင့်သက်သာ ဖြစ်သွားပြီ။

လူအားလုံးက ကုထျန်၏ သာယာနေသော ပုံစံကို ကြည့်ပြီး အသီးသီး တံတွေးမျိုချလိုက်ကြသည်။ နောက်ဆုံးတွင် လူတစ်ယောက်က မအောင့်အည်းနိုင်တော့ဘဲ ပြောလာ၏။ "ကျုပ်ကိုလည်း နှစ်လုံး ပေးစမ်းပါ။"

"ကောင်းပါပြီဗျာ။"

ကျန်းဆန်က ပြေးသွားပြီး ထိုလူ့ နှာခေါင်းထဲ ဝါဂွမ်း နှစ်လုံး ထည့်ပေးကာ ငွေငါးတေလ်း ထပ်မံ ရရှိသွားပြန်သည်။

ထိုလူလည်း ချက်ချင်း သက်သောင့်သက်သာ ဖြစ်သွား၏။

တစ်ယောက်ရှိလျှင် နှစ်ယောက် ရှိလာသည်သာပင်။ ထို့နောက်တွင်တော့ ဟန်လင်ပညာတတ် အားလုံးက တစ်ယောက်ပြီးတစ်ယောက် ဝါဂွမ်းများ စတင် ဝယ်ယူကြတော့သည်။

ငွေမပါသူများက မိတ်ဆွေများထံမှ ငွေချေးကြပြီး သိပ်မကြာမီမှာပဲ လူအားလုံး၏ နှာခေါင်းထဲတွင် ဝါဂွမ်းများ ပိတ်ထားပြီး ဖြစ်၏။

လူအားလုံးက မိမိတို့ ပြန်လည် အသက်ဝင်လာသလို ခံစားလိုက်ရသည်။

ကျန်းဆန်ကတော့ လေးလံလှသော ငွေများကို သိမ်းဆည်းကာ ထွက်ခွာသွားပြီ ဖြစ်၏။

လူအားလုံးက သူ၏ ကျောပြင်ကို မုန်းတီးစွာ ကြည့်နေကြပြီး စိတ်ထဲတွင်လည်း ရှုပ်ထွေးနေကြသည်။

"ဒါက ယန်ကော်အန်း အုပ်ချုပ်တဲ့အောက်က ပြည်သူတွေပဲလား။ ကောင်းကောင်း ပညာပေးထားပြီး ရိုးသားကြတယ်ဆိုတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလို ပုံစံမျိုး ဖြစ်နေရတာလဲ။ တကယ်ကို အရှက်မရှိ အောက်တန်းကျလွန်းတယ်။"

"တကယ်ကို စိတ်ပျက်စရာပဲ။ အခွင့်ကောင်းယူပြီး ဓားပြတိုက်နေတာ။ ဓားပြတွေရဲ့ လုပ်ရပ်ပဲ။"

"အေးပါကွာ၊ မပြောကြပါနဲ့တော့။ ပိုက်ကွန်ပေါက်ကနေ လွတ်သွားတဲ့ ငါးတွေလည်း ရှိမှာပေါ့။"

ဆွေးနွေးမှုများ အချိန်မီ ရပ်တန့်သွားပြီးနောက် လူအားလုံးက တိုက်ဆိုင်စွာပင် တံခါးဝရှိ ယန်ကော်အန်း၏ ခေါင်းကို ရှုပ်ထွေးသော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။

ရင်ထဲတွင် အနည်းငယ် ယိမ်းယိုင်လာမိ၏။ ကိုယ်တိုင် ဤသို့ ဒူးထောက်နေခြင်းက တန်ပါရဲ့လား။

...

ကျန်းဆန်သည် ငွေများကိုယူ၍ အဝေးသို့ ရောက်သွားပြီးနောက် နောက်လှည့်ကြည့်လိုက်ရာ ဟန်လင်ပညာတတ်များကို မမြင်ရတော့ပေ။

ရိုးသားအေးချမ်းသော အပြုံးက ချက်ချင်း ကောက်ကျစ်စဉ်းလဲမှုအဖြစ် ပြောင်းလဲသွားပြီး လမ်းကြောင်းပေါင်းကာ ရုံးတော်ဆီသို့ အပြေးကလေး ပြန်လာခဲ့၏။

ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့က ဤနေရာတွင် စောင့်ဆိုင်းနေသည်မှာ အတော်ကြာပြီ ဖြစ်သည်။

ကျန်းဆန်က လေးလံသော ငွေများကို ထုတ်ပြကာ ဖန်ကျန်းရီကို ပြောလိုက်၏။ "ဆရာစိုက် … ဒီမှာ ငွေခြောက်ရာတန် ပါပါတယ်။ သူတို့ အကုန်လုံး ဝယ်ကြတယ်။"

ဖန်ကျန်းရီက ငွေများကို လှမ်းယူလိုက်ရာ လွတ်ကျမတတ် ဖြစ်သွားသည်။

ထိုအထဲမှ ငွေနှစ်ဆယ်တန်ကို ထုတ်ကာ ကျန်းဆန်ကို ကမ်းပေးလိုက်၏။ "ဒါက လုပ်အားခပဲ။ အရင် အလျင်စလို မသွားနဲ့အုံး၊ ခင်ဗျားကို အလုပ် ပေးစရာ ရှိသေးတယ်။ ခြံထဲမှာ သွားစောင့်နေလိုက်။"

ကျန်းဆန်က ငွေများကို ဝမ်းသာအားရ လှမ်းယူလိုက်သည်။ ရိုးရိုးရှင်းရှင်း တစ်ခေါက်တည်းနှင့် ငွေနှစ်ဆယ်တေလ်းတောင် ရလိုက်သည်။ တကယ့်ကို ထီပေါက်ခြင်းပင်။

ထို့နောက် တင်ပါးကို လှုပ်ခါကာ ခြံထဲသို့ ပြေးဝင်သွားပြီး အမိန့်ကို စောင့်ဆိုင်းနေလေတော့သည်။

လီယွမ်ကျောက်က ငွေအိတ်ကို ကြည့်ကာ နှုတ်ခမ်းသပ်လိုက်၏။ "ခင်ဗျားကတော့ ခင်ဗျားပါပဲ ဖန်ကြီးရယ်။ ဒီငွေတွေက ကောက်ရလာတာနဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့ကို ဘာအလုပ် ပေးစရာ ရှိသေးလို့လဲ။"

ဖန်ကျန်းရီက ခေါင်းခါလိုက်ပြီး မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံဖြင့် ပြောလိုက်၏။ "ပြောလို့ မရသေးဘူး။ ပြောလို့ မရသေးဘူး။ အိမ်ရှေ့စံ ပွဲကောင်းကို စောင့်ကြည့်လိုက်ပါ။"

လီယွမ်ကျောက်က အထင်သေးစွာ ပြုံးလိုက်သည်။ "ကျုပ်မှာလည်း အစီအစဉ် ရှိတယ်။ စောင့်ကြည့်နေလိုက်ပါ။"

ဖန်ကျန်းရီက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "ဘာအစီအစဉ်လဲ။"

"ပြောလို့ မရသေးဘူး။ ပြောလို့ မရသေးဘူး။"

All Chapters