အခန်း (၁၆၅-၁၆၆)
Vol. 10 Ch. 165-166
အပိုင်း (၁၆၅) အရှင်မင်းကြီး ကြည့်တော်မူပါ။ ရေတွေဆူပွက်လာပါပြီ။
ပထမဆုံး လေလည်သံနှင့်အတူ လေပူဖောင်းလေးတစ်ခု ရေပြင်ထက်သို့ ပေါ်ထွက်လာချိန်တွင်တော့ ဖန်ကျန်းရီက ပြုံးဖြီးဖြီး လုပ်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ အောက်ပိုင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို သူက အပြည့်အဝ တော့ကစားခဲ့ခြင်းပင်။
လီယွမ်ကျောက်ကလည်း အသံထွက်၍ ရယ်မောမိသွားမည်ကို စိုးရိမ်သောကြောင့် ပါးစပ်ကို ပိတ်ထားလိုက်၏။
ဟန်လင်အကယ်ဒမီမှ လူအားလုံးက ထိုလေလည်လိုက်သူကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။ ဖန်ကျန်းရီက ကြည့်နေချိန်၌ လေတစ်ချက်လေးမျှ မအောင့်ထားနိုင်ပေဘူးလား။ အရှက်မရှိဘူးလား။ သူတို့၏ မျက်နှာများကို မည်သည့်နေရာတွင် ထားရမည်နည်း။
လေလည်လိုက်သူမှာမူ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားသည်။ ဤနေရာသို့ ရောက်လာခဲ့မိသည့်အတွက် သူ၏ စိတ်ထဲတွင် အဆုံးမဲ့ နောင်တရနေခဲ့၏။
ဖန်ကျန်းရီက ရင်ထဲမှ ဝမ်းသာပီတိများကို ဖိနှိပ်ထားရင်း ကျင်းဘုရင်ကို သွားခေါ်ရန် အမြန် ထွက်လာခဲ့တော့သည်။ သူက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး။ ကျွန်တော်မျိုး ပြင်ဆင်ထားတဲ့ ဇာတ်လမ်းကောင်းကြီး လာတော့မှာမို့ အပြင်ထွက်ပြီး ကြည့်ရှုတော်မူပါ။"
ကျင်းဘုရင်က ရယ်မောရင်း ရထားလုံးထဲမှ ထွက်လာ၏။ "ကိုယ်တော်က တော်တော်လေးကို မျှော်လင့်ထားတာနော်။ ကောင်းပြီလေ။ မင်းရဲ့လက်စွမ်းက ဒီလူတွေကို ဘယ်လိုများ စိတ်ပြောင်းသွားစေမလဲဆိုတာ ကိုယ်တော် ကြည့်ရသေးတာပေါ့။"
ဖန်ကျန်းရီက ပြန်လည်လျှောက်တင်လိုက်ပေသည်။ "အရှင်မင်းကြီး အပြင်မှာ ခဏလောက် စောင့်နေပေးတော်မူပါ။ မစသေးပါဘူး။ အရှင်မင်းကြီး သေချာပေါက် ကျေနပ်သွားစေရပါမယ်။"
ကျင်းဘုရင်က ပြုံးရင်း ရထားလုံးပေါ်တွင် ရပ်ကာ လူအုပ်ကြီးကို ငုံ့ကြည့်လိုက်၏။
မကြာမီမှာပဲ ရေအောက်ထဲမှ ဒုတိယမြောက် လေပူဖောင်းလေးက ပလုံဆိုသည့် အသံနှင့်အတူ ပေါ်ထွက်လာပြန်သည်။
ဖန်ကျန်းရီက ကျင်းဘုရင်၏ အင်္ကျီလက်စကို ဆွဲကာ ရေထဲသို့ လက်ညှိုးထိုးရင်း အံ့သြနေသည့် မျက်နှာဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး ကြည့်တော်မူပါ။ ရေတွေ ဆူပွက်လာပါပြီ။"
"အင်း။" ကျင်းဘုရင်က ရေရွတ်လိုက်၏။ သူက စကားပင် မဆိုနိုင်အောင် ဖြစ်သွားရသည်။ သို့သော်ငြား ဘာမှတော့ မပြောသာချေ။ လူ့ခန္ဓာကိုယ်၏ သဘာဝ ဇီဝကမ္မဖြစ်စဉ် ဖြစ်သောကြောင့် မအောင့်ထားနိုင်သည်မှာလည်း ပုံမှန်သာ ဖြစ်သည်။
သို့ရာတွင် ရေထဲ၌ လေပူဖောင်းများ ထွက်လာသည်မှာကား အလွန် ထူးဆန်းနေ၏။ ထို့အပြင် လူများစွာက ဤကဲ့သို့ လုပ်ဆောင်နေသည်ကို အမှန်တကယ် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။
လေပူဖောင်းတစ်ခု ထွက်လာတိုင်း ဤနေရာသို့ ရောက်လာမိသည့်အတွက် နောင်တရနေသူ တစ်ယောက် ရှိလာခဲ့၏။ ဒုက္ခခံရသည်ကို မဆိုထားနှင့်တော့၊ အရှက်တွေပါ အကုန်ကွဲရသည်။
သို့သော်ငြား ရှက်ရွံ့မှုများက အလျင်အမြန်ပင် ပြေလျော့သွားသည်။ ရေပြင်ထက်တွင် လေပူဖောင်းများက တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာခဲ့၏။ တစ်ချို့လူများက သူတို့ဘာသာ ပိတ်ဆို့ထားရန် ကြိုးစားရင်း တိတ်တဆိတ် လှုပ်ရှားမှုလေးများ စတင်လုပ်ဆောင်လာကြ၏။
သို့ဆိုစေကာမူ အချည်းနှီးသာ ဖြစ်၏။ ရေပြင်ထက်တွင် တဖြည်းဖြည်း သိပ်သည်းလာသော လေပူဖောင်းများက ပြဿနာကို ရှင်းပြနေလေသည်။ သိပ်သည်းလှသော ရေပူဖောင်းများက တစ်ခုပြီး တစ်ခု တက်လာရာ ရေများ အမှန်တကယ် ဆူပွက်နေသကဲ့သို့ပင် ထင်မှတ်ရသည်။
ယန်ရင်းချိုက်၏ မျက်နှာအိုကြီးက နီမြန်းနေပြီး ညစ်ပတ်နေသော ရေထဲသို့ ခေါင်းစိုက်ကာ ရေနစ် သေချင်စိတ်ပင် ပေါက်သွာ၏။ ဤအချိန်တွင်တော့ သူသည် အနောင်တရဆုံး လူတစ်ယောက် ဖြစ်နေခဲ့၏။
သူ၏ နာမည်ကောင်းတွေကား ပျက်စီးရလေပြီ။ နာမည်ကောင်းတွေတော့ ပျက်စီးရလေပြီတကား။
နောင်လာမည့် သားစဉ်မြေးဆက်များက သူ့ကို မည်သို့များ ဝေဖန်ကြပါမည်နည်း။
ကျင်းဘုရင်က ဖန်ကျန်းရီကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ဒါက မင်း ကိုယ်တော့်ကို ပြချင်တဲ့ ဇာတ်လမ်းကောင်းဆိုတာလား။ ကန်စွန်းဥတွေထဲမှာ ဆေးခတ်ထားတာလား။ တကယ်ကို အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေပဲ။"
ဖန်ကျန်းရီကလည်း မကျေမနပ်ဖြစ်နေသည့် မျက်နှာထားဖြင့် ငြင်းဆိုလိုက်၏။ “မဟုတ်ရပါဘူး။ ကျွန်တော်မျိုးက ဒီလို ကလေးဆန်တဲ့ အလုပ်မျိုးကို ဘယ်လုပ်ပါ့မလဲ။ ဒါကို ဘယ်လိုလုပ် ဇာတ်လမ်းကောင်းလို့ ခေါ်လို့ရမှာလဲ။"
သူက ဆက်လက်လျှောက်တင်လိုက်သည်။ "ဒါက သူတို့ ရေထဲမှာ စိမ်နေလို့များလား။ ရေထဲက ညစ်ပတ်တဲ့ အရာတွေ ဝင်သွားလို့များလား မသိပါဘူး။ ကျွန်တော်မျိုးကတော့ အပြစ်ကင်းပါတယ်။"
ထိုအခါမှပင် ကျင်းဘုရင်က စိတ်သက်သာရာ ရသွား၏။ ဟုတ်ပေသည်။ ကလေးကလား ဆန်လွန်းလှ၏။ ဖန်ကျန်းရီက ဤသို့သော ကိစ္စမျိုးကိုတော့ ဘယ်လိုမှ လုပ်ဆောင်မည် မဟုတ်ပေ။
ကျင်းဘုရင်က မိန့်ဆိုလိုက်သည်။ "ဟူး … ဂုဏ်သိက္ခာကျစရာတွေပဲ။ ကိုယ်တော်ကတော့ ဆက်မကြည့်ချင်တော့ဘူး။ မင်းပြောတဲ့ ဇာတ်လမ်းကောင်းလာချိန်မှ ကိုယ်တော့်ကို ပြန်ခေါ်လိုက်ပါ။"
ထိုသို့ပြောပြီးနောက် ကျင်းဘုရင်က ရထားလုံးထဲသို့ ပြန်ဝင်သွားတော့၏။
ဖန်ကျန်းရီက လူအုပ်ကြီးကို ကြည့်ကာ သက်ပြင်းချရင်း ခေါင်းခါလိုက်၏။ "အသုံးမကျလိုက်တာ။ လေတစ်ချက်လေးတောင် မအောင့်ထားနိုင်ကြဘူးလား။ ခင်ဗျားတို့ ဘယ်လို စာအုပ်မျိုးတွေ ဖတ်လာကြတာလဲ။"
ကုထျန်းက မျက်နှာနီမြန်းစွာဖြင့် မေးလိုက်သည်။ "ခင်ဗျား ကျုပ်တို့ရဲ့ အစားအသောက်တွေထဲမှာ ဆေးခတ်ထားတာ မဟုတ်လား။"
ဖန်ကျန်းရီက မထီမဲ့မြင် ပြန်လည်ချေပလိုက်၏။ "ဘာတွေ အော်နေတာလဲ။ ကျုပ်လည်း စားထားတာပဲလေ။ လူတွေကို လေလည်စေတဲ့ ဆေးမျိုးက ဘယ်မှာ ရှိလို့လဲ။ ခင်ဗျားမှာ ဦးနှောက် မပါဘူးလား။"
တစ်ချိန်တည်းမှာပဲ သူ၏ စိတ်ထဲတွင် အချိန်ကို တွက်ချက်နေပေသည်။ သာမန်အားဖြင့်ဆိုလျှင် သူ စီစဉ်ထားသော လူများ ရောက်လာသင့်နေပြီ ဖြစ်၏။
သူက ဆက်ပြောလိုက်သည်။ "လေတစ်ချက်လေးတောင် မအောင့်ထားနိုင်တဲ့ လူတွေက လောကအကြောင်း၊ ကိုယ်ကျင့်တရားအကြောင်းကို ပါးစပ်ကနေ အမြဲပြောနေကြသေးတယ်။ အရှက်မရှိလိုက်ကြတာ။"
ထို့နောက် ထပ်ပြောလိုက်ပြန်သည်။ "ကျုပ်ကြည့်ရတာ ခင်ဗျားတို့က ယန်ကော်အန်းကိုတောင် မမီဘူး။ တုန်းကျင်းရပ်ကွက်ကို ခင်ဗျားတို့ အုပ်ချုပ်ခိုင်းမယ်ဆိုရင် ဘယ်လို ပုံစံပေါက်သွားမလဲတောင် မသိဘူး။"
တောက်၊ သူတို့က ယန်ကော်အန်းကဲ့သို့ အသုံးမကျသောသူထက် ညံ့ရပါဦးမည်လား။
အောက်ဘက်ရှိ ဟန်လင်အကယ်ဒမီမှ ပညာရှိများက အံကြိတ်ကာ အခမ်းအနားတံခါးဝရှိ ယန်ကော်အန်း၏ ခေါင်းကို မုန်းတီးစွာဖြင့် လှမ်းကြည့်လိုက်ကြ၏။
ဖန်ကျန်းရီက အောက်ဘက်ရှိ လူများ၏ တိုးတိုးတိတ်တိတ် ကျိန်ဆဲသံများကို ဂရုမစိုက်ဘဲ အဝေးသို့ လှမ်းကြည့်လိုက်သည်။ အဝေးတွင် လူတစ်စု ပေါ်လာသည်ကို ဝေဝေဝါးဝါး မြင်လိုက်ရ၏။ လမ်းပေါ်ရှိ အခြေအနေအရ သာမန် ပြည်သူများ စုဝေးနေခြင်း မဟုတ်တန်ရာ … သူ့လူများသာ ဖြစ်ရပေမည်။
ထိုအချိန်တွင်တော့ တင်းချွမ်က ပြည်သူတစ်စုကို ဦးဆောင်ကာ တုန်းကျင်းရပ်ကွက်သို့ အလျင်အမြန် လာနေ၏။ ထိုလူများအားလုံး၏ မျက်နှာများက မြေကြီးရောင်ပေါက်နေပြီး သနားစရာကောင်းသော အမူအရာများ ရှိနေကြသည်။ လမ်းလျှောက်နေသည့်ပုံစံကလည်း အသက်မပါသော လူသေကောင်များကဲ့သို့ပင် ဖြစ်၏။
အခမ်းအနားတံခါးဝနှင့် မလှမ်းမကမ်းသို့ ရောက်ချိန်တွင်တော့ တင်းချွမ်က သတိပေးလိုက်သည်။ "အားလုံး စိုးရိမ်မနေကြပါနဲ့။ ပျောက်ဆုံးသွားတဲ့ ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေကို မြို့ဝန်ဖန်က ကိုယ်စား ရှာပေးပါလိမ့်မယ်။ အသေဖြစ်ဖြစ် ၊ အရှင်ဖြစ်ဖြစ် ခင်ဗျားတို့ကို သေချာပေါက် အဖြေတစ်ခု ပေးပါလိမ့်မယ်။"
သူက ဆက်ပြောလိုက်၏။ "အခု ရှေ့မှာ ဒူးထောက်နေတဲ့ လူတွေက ပုံမှန်အားဖြင့် ခင်ဗျားတို့ရဲ့ ရပ်ကွက်ကို အုပ်ချုပ်နေတဲ့ အရာရှိတွေပဲ။ အခုတော့ မြို့ဝန်ဖန်က သူတို့ကို အပြစ်ပေးနေပါတယ်။"
ထို့နောက် ထပ်ပြောလိုက်ပြန်သည်။ "ဒါကြောင့် ခင်ဗျားတို့ကို ခေါ်လာရတာက ရန်ငြိုးရှိရင် တုံ့ပြန်ဖို့ပဲ။ လူမသေဘူးဆိုရင် ဘယ်လိုလုပ်လုပ် ရပါတယ်။"
ထို့အပြင် ဆိုလိုက်သေး၏။ "ခင်ဗျားတို့ ကြည့်လိုက် … ရထားလုံးပေါ်မှာ ရပ်နေတာက မြို့ဝန်ဖန်ပဲ။"
နောက်ဆုံးအနေဖြင့် ပြောကြားလိုက်သည်။ "လုံးဝ မကြောက်ကြပါနဲ့။ ခင်ဗျားတို့အတွက် မြို့ဝန်ဖန်က နေရာယူပေးထားတယ်။ ဒီအကျင့်ပျက် အရာရှိတွေက ကောင်းတဲ့သူတွေ မဟုတ်ဘူး။"
ထိုစကားကို ကြားချိန်တွင်တော့ ပြည်သူများ၏ မူလက အသက်မပါသော မျက်လုံးများထဲ၌ ဒေါသအမျက်များ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ သူတို့က ပြိုင်တူ ပြောလိုက်ကြသည်။ "မြို့ဝန်ဖန်ကို ကျေးဇူးတင်ပါတယ်။"
တင်းချွမ်က ပြောလိုက်၏။ "ကောင်းပြီ။ ကျုပ် ပေးထားတဲ့ ပစ္စည်းတွေကို သေချာ ကိုင်ထားကြ။ မြန်မြန်သွားကြတော့။ ကျုပ်က အရင်ပြန်ပြီး အစီရင်ခံလိုက်အုံးမယ်။"
ထိုသို့ပြောပြီးနောက် တင်းချွမ်က ချက်ချင်း လှည့်ထွက်သွားသည်။
ထို့နောက် ပြည်သူတစ်စုက ထမ်းပိုးများ၊ ဒလိမ့်တုံးများ၊ ခုံတန်းလျားများ စသည့် ပစ္စည်းများကို ကိုင်ဆောင်ကာ ဟန်လင်အကယ်ဒမီမှ ပညာရှိများရှေ့သို့ ဒေါသတကြီးဖြင့် ရောက်လာကြ၏။
ထိုအချိန်၌ ကျင်းဘုရင်ကို ဖန်ကျန်းရီက ထပ်မံခေါ်ထုတ်လာခဲ့သည်။
ကျင်းဘုရင်က ဤမြင်ကွင်းကို ကြည့်ကာ အနည်းငယ် ကြောင်အမ်းသွား၏။
ပါးစပ်ဟကာ မေးမြန်းရန် ပြင်လိုက်ချိန်မှာပဲ ခေါင်းဆောင်ဖြစ်သူ အမျိုးသမီးက ထမ်းပိုးကို ကိုင်ကာ ပထမတန်းတွင် ရှိနေသော ယန်ရင်းချိုက်၏ ခေါင်းဆီသို့ ရိုက်ချလိုက်သည်။
သူမက မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်၏။ "ရှင်လို အကျင့်ပျက် အရာရှိကို ကျွန်မ သတ်ပစ်မယ်။ ကျွန်မ သားရဲ့ အသက်ကို ပြန်ပေး။"
ယန်ရင်းချိုက်၏ မျက်နှာက ကြောင်အမ်းသွားသော်လည်း တုံ့ပြန်ရန် အချိန်မရှိပေ။ ခေါင်းမော့လိုက်သည့် အခိုက်အတန့်တွင် အမည်းရောင် အရိပ်တစ်ခု ဖြတ်သန်းသွားသည်ကို မြင်လိုက်ရပြီး သူ၏ မျက်နှာပေါ်သို့ ထမ်းပိုးတစ်ချောင်း ကျရောက်လာခဲ့သည်။
ယန်ရင်းချိုက်က ဆက်တိုက် အော်ဟစ်ရင်း ထိတ်လန့်တကြားဖြင့် ပြောလိုက်၏။ "ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားက ဘယ်သူလဲ။ ဒီမိန်းမယုတ်ကို အမြန်လာဖမ်းကြစမ်း။"
ဖန်ကျန်းရီက စောစောစီးစီးတည်းက သတိပေးထားပြီး ဖြစ်သောကြောင့် သူ့ကို ကူညီမည့်သူ မရှိခဲ့ချေ။
ယန်ရင်းချိုက်က လျှင်လျှင်မြန်မြန်ဖြင့် အမျိုးသမီး၏ ထမ်းပိုးကို လုယူလိုက်သော်လည်း ဤနှစ်ရက်အတွင်း ဒုက္ခများစွာ ခံစားခဲ့ရသောကြောင့် ခွန်အားမရှိဘဲ လုယူ၍ မရခဲ့ချေ။ ထို့ကြောင့် အမျိုးသမီးနှင့် အပြန်အလှန် လွန်ဆွဲနေကြသည်။
အမျိုးသမီးက လွန်ဆွဲနေရသည်ကို မြင်ချိန်တွင်တော့ ထမ်းပိုးကို အမြန်လွှင့်ပစ်လိုက်ပြီး ယန်ရင်းချိုက်ဆီသို့ တိုက်ရိုက် ခုန်ဝင်သွားရာ ဤတစ်ကြိမ်၌ သူ့ကို ရေထဲသို့ လဲကျသွားစေခဲ့၏။
အမျိုးသမီးက ရူးသွပ်နေသူပမာ အော်ဟစ်ငိုယိုကာ လက်ဖြင့် ယန်ရင်းချိုက်ကို အဆက်မပြတ် ဆွဲဆိတ်နေသည်။ သူမက အော်ဟစ်နေသည်။ "ကျွန်မ သားကို ပြန်ပေး။ အကျင့်ပျက် အရာရှိ။ လူယုတ်မာ။ ကျွန်မ သားကို ပြန်ပေး။"
ယန်ရင်းချိုက်၏ အနောက်ဘက်တွင်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးက အဆက်မပြတ် ဖြစ်ပေါ်နေပြီး မူလက ကြောက်ရွံ့တတ်သော ပြည်သူများက မုန်းတီးမှု၏ တွန်းအားကြောင့် အလွန် ရက်စက်ကြမ်းကြုတ်လာခဲ့ကြ၏။
မိမိ၏ ဆွေမျိုးသားချင်းများသည် မိုးသည်းထန်စွာ ရွာသွန်းမှုတစ်ခုကြောင့် ရေထဲတွင် သေဆုံးသွားရမည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
မိဘ၊ ဇနီး၊ သားသမီး၊ ညီအစ်ကို မောင်နှမများကို ဆုံးရှုံးလိုက်ရသည့် နာကျင်မှုက ဤသာမန် ပြည်သူများ၏ အာရုံကြောများကို အဆက်မပြတ် လှုံ့ဆော်ပေးနေသည်။
ယခု မြို့ဝန်ဖန်က အခွင့်အရေး ပေးထားသောကြောင့် နောက်ဆုံးတွင် သူတို့၏ ရင်ထဲမှ ဒေါသများကို ဖွင့်ထုတ်နိုင်ခဲ့၏။
ယန်ရင်းချိုက်မှာ အဆိတ်ခံရလွန်းသောကြောင့် တစ်ကိုယ်လုံး ပြာနှမ်းနေပြီး ပြန်လည် ခုခံချင်သော်ငြား အမျိုးသမီး၏ မျက်လုံးထဲရှိ ပျောက်ပျက်မသွားနိုင်သော မျှော်လင့်ချက် ကင်းမဲ့မှုနှင့် သနားစရာကောင်းမှုများကို မြင်ရချိန်တွင် ရုတ်တရက် ကြောက်ရွံ့သွားခဲ့သည်။
လက်နှစ်ဖက်က အားအင် အနည်းငယ်မျှ မရှိတော့သကဲ့သို့ ဖြစ်သွားရ၏။
အမျိုးသမီးက ကျယ်လောင်စွာ ငိုယိုရင်း လက်ရော ပါးစပ်ပါ သုံးကာ ဆွဲဆိတ်ရင်း ကိုက်နေတော့သည်။
ကျင်းဘုရင်က ပါးစပ်အဟောင်းသားဖြင့် တစ်ခုခု ပြောချင်နေ၏။
ဖန်ကျန်းရီက အရင်စကားစလိုက်သည်။ "အရှင်မင်းကြီး … ဒီလူတွေက လတ်တလော ရက်ပိုင်းအတွင်း ရေဘေးကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေပါ။ သူတို့အားလုံးက ဆွေမျိုးသားချင်းတွေ ပျောက်ဆုံးနေတာ ဒါမှမဟုတ် သေဆုံးသွားတာတွေ ဖြစ်ပါတယ်။ ကျွန်တော်မျိုး သူတို့ကို ရှာခေါ်လာခဲ့တာပါ။"
ကျင်းဘုရင်က သက်ပြင်းချလိုက်၏။ "ဟူး … ဒါတွေအားလုံးက တုန်းကျင်းရပ်ကွက်က ရေဘေးသင့် ပြည်သူတွေလား။"
ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်။ ဒါပေမဲ့ အနီးအနားက လူတွေလည်း ပါပါတယ်။"
ကျင်းဘုရင်က မေးလိုက်၏။ "မင်း သူတို့ကို ခေါ်လာပြီးတဲ့နောက် ဘယ်လို ဖြေရှင်းမှာလဲ။"
ဖန်ကျန်းရီ၏ မျက်နှာက လေးနက်သွားသည်။ ပြီးနောက် ပြန်ဖြေလိုက်သည်။ "အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ ကျွန်တော်မျိုး သူတို့ရဲ့ဆွေမျိုးတွေကို သွားရှာဖို့ လူလွှတ်ထားပြီးပါပြီ။ ဒါပေမဲ့ ဒီအချိန်အထိ အိမ်ပြန်မရောက်သေးဘူးဆိုရင်တော့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေဆုံး သွားလောက်ပါပြီ။"
သူက ဆက်ပြောလိုက်ပြန်၏။ "ဒါကြောင့် ကျွန်တော်မျိုး သူတို့ကို လျော်ကြေးတချို့ ပေးချင်ပါတယ်။ ကျွန်တော်မျိုးဆီမှာ ရှိတဲ့ ငွေ ၅၈၀ ကို သူတို့အတွက် လှူဒါန်းလိုက်ပါပြီ။ ဒီလိုဆိုရင် သူတို့ အိမ်က လုပ်အားတွေ မရှိတော့ဘူး ဆိုရင်တောင် နောက်ပိုင်း နေ့ရက်တွေမှာ အဆင်ပြေပြေ ဖြတ်သန်း သွားနိုင်ပါလိမ့်မယ်။"
ကျင်းဘုရင်မှာ စိတ်လှုပ်ရှားစွာဖြင့် ဖန်ကျန်းရီ၏ ပခုံးကို ပုတ်လိုက်သည်။
ကျင်းဘုရင်က ပြောလိုက်၏။ "ကောင်းတယ်။ တကယ် ကောင်းတာပဲ အမတ်ဖန်။ ကိုယ်တော် မင်းကို အထင်မမှားခဲ့ဘူးပဲ။"
အပိုင်း (၁၆၆) ဖန်ကျန်းရီက အမတ်များကို ဒေါသတကြီး ဆူပူကြိမ်းမောင်းခြင်း။
ရထားလုံးပေါ်တွင် ကျင်းဘုရင်နှင့် ဖန်ကျန်းရီတို့ နှစ်ဦးက အချင်းချင်း မြှောက်ပင့်ပြောဆိုနေကြဆဲ ဖြစ်သော်လည်း အောက်ဘက်တွင်တော့ ပြဿနာ အကြီးအကျယ် တက်နေခဲ့ပြီ ဖြစ်၏။
တကယ်ပဲ မည်သူမှ ဝင်မတားသည်ကို မြင်ချိန်မှာတော့ ပြည်သူများက ပို၍ အားတက်သရော ရိုက်နှက်လာကြပြီး တိုက်ခိုက်ရေးစွမ်းရည်များက အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။
ဟန်လင်အကယ်ဒမီမှ ပညာတတ်အမတ်များကို ပြန်ကြည့်မည်ဆိုလျှင် ကြက်တစ်ကောင်ကိုပင် သတ်နိုင်စွမ်း မရှိသူများဟု မဆိုသာနိုင်ပေမဲ့ သူတို့၏ ခွန်အားများက စောစောစီးစီးတည်းက ကုန်ခမ်းနေခဲ့ပြီ ဖြစ်၏။
အမျိုးသမီးများ ရိုက်နှက်လျှင် အနည်းငယ် တောင့်ခံနိုင်သေးသော်လည်း အမျိုးသားများဆိုလျှင် နေရာမှာပဲ ရေထဲသို့ ကန်ချခံလိုက်ရပေသည်။
ဘေးနားရှိ လူများက ကြည့်ရှုရင်း အတိုင်းမသိ ကြောက်လန့်တကြား ဖြစ်ကုန်၏။ သူတို့က ကူညီပေးဖို့ မဆိုထားနှင့် ပို၍ ဝေးဝေးသို့ ရှောင်ဖယ်သွားကြ၏။
လူဆယ်ဂဏန်းလောက်က ဒူးထောက်နေသည့် လူတစ်ရာကျော်ကို မှောက်လှန်ပစ်လိုက်ခြင်းပင်။
ဤမြင်ကွင်းက ကျင်းဘုရင်၏ မျက်လုံးထဲသို့ ဝင်ရောက်လာချိန်မှာတော့ သဘာဝကျစွာပဲ သူ့ကို အတိုင်းမသိ စိတ်ပျက်သွားစေခဲ့သည်။
သူ၏ အမတ်များက တကယ့်ကို အစားပုပ်၊ အအိပ်ကြူးသည့် အသုံးမကျသူများ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
သနားစရာ အကောင်းဆုံးသူက ယန်ရင်းချိုက်ပဲ ဖြစ်၏။ မူလက ထိုအမျိုးသမီးက သူ၏ လက်မောင်းကို ကိုက်လိုက်၊ ဆိတ်လိုက် လုပ်နေခဲ့သော်လည်း ယခုချိန်မှာတော့ အပေါ်ဘက် ပခုံးဆီသို့ တဖြည်းဖြည်း တက်၍ ကိုက်နေခဲ့ပြီ ဖြစ်သည်။
အခြေအနေက ထိန်းချုပ်၍ မရနိုင်တော့သည်ကို မျက်မြင်ကိုယ်တွေ့ မြင်နေရ၏။
ဖန်ကျန်းရီက ခေါင်းလှည့်ကာ ကျင်းဘုရင်ကို ပြောလိုက်၏။ "အရှင်မင်းကြီး။ ဒီကိစ္စကို ကျွန်တော်မျိုးဆီ သာ လွှဲထားလိုက်ပါ။ ကျွန်တော်မျိုးကို စကားနည်းနည်းလောက် ပြောခွင့်ပြုပါ။"
"ကောင်းပြီ။"
ဖန်ကျန်းရီက ခေါင်းလှည့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အားလုံးပဲ။ ရပ်လိုက်ကြစမ်း။ လာကြစမ်း။ ဒီလူတွေကို အမြန် ခေါ်သွားလိုက်ကြ။"
အစောင့်များက အမိန့်ကို ကြားချိန်မှာတော့ အလျင်အမြန် ဆင်းသွားပြီး ဒေါသထွက်နေသည့် ပြည်သူများကို ဘေးဘက်သို့ ဆွဲခေါ်သွားကြ၏။
ဟန်လင်အမတ်များက ယခုအချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေကြပြီး ခန္ဓာကိုယ်ထက်တွင် ပြင်းထန်သည့် နာကျင်မှုများ ရှိနေသော်လည်း စကားတစ်ခွန်းမှ မဟဝံ့ကြချေ။ ထို့နောက် မူလနေရာသို့ ပြန်သွားပြီး သေသေချာချာ ဒူးထောက်နေကြပြန်သည်။
သူတို့၏ စိတ်ထဲတွင်တော့ ဟာလာဟင်းလင်းကြီး ဖြစ်ပေါ်နေခဲ့၏။
ဖန်ကျန်းရီက မြင့်မားသည့်နေရာတွင် ရပ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ "ခင်ဗျားတို့ စိတ်ထဲမှာ မကျေနပ်ဘူး ဆိုတာကို ကျုပ်သိတယ်။ ခင်ဗျားတို့က ကျုပ် ဖန်ကျန်းရီကို ယုတ်မာကောက်ကျစ်တဲ့ လူယုတ်မာလို့ ထင်နေကြတယ်။ ဒါပေမဲ့ စောစောက ပြည်သူတွေ ဘာကြောင့် အကြမ်းဖက်ရသလဲ ဆိုတာကို ခင်ဗျား တို့ သိကြရဲ့လား။
ကျုပ် ပြောပြမယ်။ အဲဒီလူတွေရဲ့ ဆွေမျိုးသားချင်းတွေက ရေဘေးမှာ ပျောက်ဆုံးသွားခဲ့ပြီး အခုချိန်အထိ သဲလွန်စ ရှာမရသေးဘူး။ ပြီးတော့ တရားခံက ယန်ကော်အန်းပဲ။
သာမန်နေ့ရက်တွေမှာတောင် သူတို့က ဝတ်စရာအဝတ် အလုံအလောက် မရှိ၊ စားစရာ အလုံအလောက် မရှိကြဘူး။ အခုတော့ သာမန် မိုးတစ်ပြိုက်ကြောင့်နဲ့ ဒီလို အခြေအနေမျိုးကို ကျရောက်သွားခဲ့ရတယ်။
သူတို့တွေ နေ့ရောညပါ ဆွေမျိုးတွေကို ရှာဖွေနေချိန်မှာ ခင်ဗျားတို့ ဘာလုပ်နေခဲ့ကြသလဲ ဆိုတာ မေးကြည့်ရစေ။ စားဖွယ်သောက်ဖွယ်တွေကို ပြင်ဆင်ပြီး လှပတဲ့ ဇနီးမယား၊ မောင်းမမိဿံတွေနဲ့ ဇိမ်ခံနေကြတာ မဟုတ်ဘူးလား။
ခင်ဗျားတို့က ပြည်သူတွေကို သားသမီးလို ချစ်မြတ်နိုးပါတယ်လို့ ပါးစပ်ကနေ အမြဲ ပြောနေကြတယ်။ ဒါက ပြည်သူကို သားသမီးလို ချစ်တဲ့ ရလဒ်လား။
မုန်တိုင်းကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေက ဘယ်သူ့ရဲ့ သားတွေလဲ။ ဘယ်သူ့ရဲ့ ခင်ပွန်းတွေလဲ။ ပြီးတော့ ဘယ်သူ့ရဲ့ ဖခင်တွေလဲ။
"ဒီလောက်ထိ ဖြစ်နေတာတောင်မှ ခင်ဗျားတို့က ယန်ကော်အန်းရဲ့ အုပ်ချုပ်မှု ကောင်းမွန်တယ်လို့ ထင်နေကြတုန်းပဲလား။"
စကားပြောပြီးချိန်မှာတော့ ဖန်ကျန်းရီက ကျင်းဘုရင်ကို တစ်ချက် ခိုးကြည့်လိုက်၏။
ကျင်းဘုရင်၏ မျက်နှာတွင် မည်သည့် အမူအရာမှ မရှိသည်ကို မြင်သောကြောင့် ခါးကြားမှ စာရွက်စာတမ်း အလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ဖြန့်ကျက်ကာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ "တုန်းကျင်းရပ်ကွက်မှာ ရေဘေးကြောင့် ဘေးဒုက္ခ ရောက်ခဲ့ရပြီး သေဆုံးသူ စုစုပေါင်း နှစ်ဆယ့်လေးယောက် နဲ့ ပျောက်ဆုံးသူ လေးဆယ့်ရှစ်ယောက် ရှိတယ်။ ပြိုကျသွားတဲ့ အိမ်ခြေ စုစုပေါင်း ခုနစ်ဆယ့်ကိုးလုံး ရှိတယ်။
အိမ်ထောင်စု ရာကျော်က ရေဘေးထဲမှာ သူခိုး အခိုးခံခဲ့ရတယ်။ ဒီမှတ်တမ်းတွေက ယန်ကော်အန်း မသေခင်က မှတ်တမ်းတွေပဲ။ ပြည်သူတွေက မိုးသည်းထန်စွာ ရွာသွန်းမှုထဲမှာ သုံးရက်သုံးညတိတိ ဒုက္ခခံခဲ့ရတယ်။ ယန်ကော်အန်းက ဘာလုပ်နေလဲ။ တကယ်ပဲ ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူး။ အဲဒီအစား ရပ်ကွက်ထဲက စာမေးပွဲအောင်မြင်ထားသူတွေနဲ့ သူဌေးသူကြွယ်တွေကို ကယ်တင်ဖို့ လူလွှတ် ခဲ့သေးတယ်။
အဲဒီလူတွေမှာ မူလတည်းက အစေခံတွေ အများကြီး ရှိနေပြီးသားပဲ။ ကယ်တင်ဖို့ လူလွှတ်နေစရာ ဘာလိုသေးလို့လဲ။ ဒါက လူအင်အားနဲ့ ပစ္စည်းအင်အားကို ဖြုန်းတီးပစ်တာပဲ။ အတိုင်းမသိ မိုက်မဲလွန်းတယ်။
ပိုပြီး လွန်ကျူးတာကို ကျုပ် မပြောရသေးဘူး။ ယန်ကော်အန်းက အမှုစီရင်တဲ့အခါမှာ ပညာတတ်တွေကို အမြဲ မျက်နှာလိုက်လေ့ရှိတယ်။ ရပ်ကွက်ထဲမှာ ကျန်းမျိုးရိုးနဲ့ စာမေးပွဲအောင်ထားသူ တစ်ယောက်က ပြည်သူတစ်ယောက်ကို ရိုက်နှက်ခဲ့တယ်။
ပြည်သူက မကျေနပ်လို့ အထက်ကို တိုင်ကြားပေမဲ့ ရလဒ်အနေနဲ့ အဲဒီလူက ကြိမ်ဒဏ် ဆယ်ချက် အရိုက်ခံရပြီး အမှုကို ပြီးစလွယ် ပိတ်သိမ်းပစ်ခဲ့တယ်။
နောက်ဆုံး မှတ်တမ်းတင်ထားတဲ့ အမှုတွဲမှာတော့ ရိုးရိုးရှင်းရှင်းလေး စာတစ်ကြောင်းတည်းပဲ။ လူဆိုးလူသွမ်းများ၏ မဟုတ်မမှန် စွပ်စွဲချက် တဲ့လေ။ ရယ်စရာကောင်းတယ်။ တကယ့်ကို ရယ်စရာကောင်းတာပဲ။"
ဖန်ကျန်းရီက အမှုအကြောင်း မှတ်တမ်းတင်ထားသည့် စာရွက်စာတမ်းကို ကြည့်ရင်း ရင်ထဲတွင် ဒေါသမီးများ တောက်လောင်လာခဲ့၏။ အကယ်၍ သူသာ မသိခဲ့လျှင် သူ၏ တောက်ယွမ်ခရိုင်က မှတ်တမ်းများလားဟု ထင်ရသည်။
ခင်ဗျား .. ယန်ကော်အန်းက ကျုပ်ထက် ပိုပြီး မိုက်ရိုင်းဖို့ ထိုက်တန်လို့လား။ ကျုပ်ကို လာမယှဉ်နဲ့။
"ဒီလိုဆိုတော့... ခင်ဗျားတို့ ပြောစရာ စကား ကျန်သေးလား။"
အောက်ဘက်ရှိ ပြည်သူများက ဝုန်းခနဲ ဒူးထောက်ချလိုက်ကြပြီး ပါးစပ်မှ မြို့ဝန်ဖန် ဟု အော်ဟစ်နေကြ၏။
သူတို့လို သာမန် ပြည်သူများအတွက် ဤမျှလောက်အထိ ကိုယ်စားပြု ပြောဆိုပေးသည့် အရာရှိမျိုး ယခင်က တစ်ခါမှ မရှိခဲ့ဖူးချေ။
ပျောက်ဆုံးနေသည့် သူတို့၏ မိသားစုဝင်များကို တွေးမိပြန်သောအခါ ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်လာပြီး တစ်ယောက်ပြီးတစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးလာကြသည်။
ယန်ရင်းချိုက်နှင့် အခြားသူများက ယန်ကော်အန်း၏ ဆိုးယုတ်သည့် လုပ်ရပ်များကို နားထောင်ပြီး၊ ပြည်သူများ၏ ငိုကြွေးသံများကို ကြားချိန်မှာတော့ ခါးသက်သည့် တံတွေးများကို မြိုချလိုက်မိပြီး ခေါင်းငုံ့သွားကြ၏။
သူတို့၏ စိတ်ထဲတွင်တော့ အထွတ်အထိပ်သို့တိုင်အောင် နောင်တရနေခဲ့ပြီ ဖြစ်သည်။
မူလက ကိစ္စမအောင်မြင်လျှင်တောင် သူတို့အတွက် နာမည်ကောင်း ကျန်ရစ်လိမ့်မည်ဟု တွေးထင်ထားခဲ့သော်လည်း ယခုတော့ အကုန်လွဲချော်ခဲ့သည်။ ဒုက္ခမျိုးစုံခံရသည်သာမက အဆုံးတွင် လူဆိုးများသာ ဖြစ်သွားခဲ့ရ၏။
ဖန်ကျန်းရီက မည်သူမှစကားမပြောသည်ကို မြင်ချိန်မှာတော့ သက်ပြင်းတစ်ချက် ချလိုက်၏။
ကောင်းတယ်။ အားလုံးက အစီအစဉ်ထဲမှာပဲ။ နောက်တစ်ဆင့်ကတော့ အမြင်ဖွင့်ပြဖို့ပဲ။
ထို့နောက် စိတ်ခံစားချက်ကို အနည်းငယ် ထိန်းညှိလိုက်ပြီး ပြင်းထန်စွာ နာကျင်နေသည့် အမူအရာအား သရုပ်ဆောင်လိုက်သည်။
"အမတ်ကြီး ယန်ကော်အန်းက ခင်ဗျားတို့ မျက်လုံးထဲမှာ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးပေါ့။ အရှင်မင်းကြီးက အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီး တိုင်းပြည်ကို တည်ထောင်ခဲ့ရတယ်။ သူ့ရဲ့ ခြေတော်ရင်းမှာတောင် ဒီလို ပုံစံမျိုး ဖြစ်အောင် လုပ်တယ်ဆိုတော့ အရှင်မင်းကြီးရဲ့ ရင်ထဲမှာ ဘယ်လောက်တောင် နာကျင်နေမလဲ။ ခင်ဗျားတို့ တွေးကြည့်ဖူးလား။
ယန်ကော်အန်းက တိုင်းပြည်အပေါ်မှာရော၊ ဘိုးဘေးတွေ အပေါ်မှာရော၊ ကောင်းကင်နဲ့ မြေကြီး အပေါ်မှာပါ အကြွေးတင်သွားခဲ့ပြီ။
ပြီးတော့ ခင်ဗျားတို့တွေ... တစ်ယောက်ချင်းစီက ခြောက်သွေ့တဲ့ ကမ်းစပ်မှာ ထည်ထည်ဝါဝါ ရပ်နေကြပေမဲ့ အဲဒီလောက်ထိ သန့်ရှင်းနေလို့လား။ ခင်ဗျားတို့ထဲက တချို့လူတွေက ယန်ကော်အန်းကို စံပြပုဂ္ဂိုလ်အနေနဲ့တောင် သဘောထားနေကြတယ် ဆိုတာ ကျုပ်သိတယ်။ ကျုပ် ခင်ဗျားတို့ကို တစ်ခွန်း အကြံပေးမယ်။ ခင်ဗျားတို့ရဲ့ အသည်းနှလုံးတွေ၊ အူတွေကို ထုတ်ပြီး နေလှန်းလိုက်ကြ။ ဆေးကြောပြီး သပ်သပ်ရပ်ရပ် သိမ်းဆည်းလိုက်ကြစမ်း။
ယခုချိန်မှာတော့ အရပ်လေးမျက်နှာလုံး ငြိမ်းချမ်းနေခဲ့ပြီ။ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ ရင်တွင်းအပူက နယ်စပ်မှာ မဟုတ်ဘဲ နန်းတော်ထဲမှာပဲ။ ကျုပ်တို့ ဒီနေရာက နည်းနည်းလေး ပုပ်သိုးသွားတာနဲ့ ကျင်းတိုင်းပြည်ကြီး တစ်ခုလုံး ပုပ်သိုးသွားမှာပဲ။ အားလုံး သေသေချာချာ စဉ်းစားကြည့်ကြ။
ဟူး..."
စကားပြောပြီးချိန်မှာတော့ ဖန်ကျန်းရီက လက်ကို နောက်ပစ်လိုက်ပြီး အပြည့်အဝ ဟန်ရေးပြလိုက်၏။
တကယ်ပဲ ကျင်းဘုရင်က ထပ်မံ၍ စိတ်လှုပ်ရှားသွားခဲ့သည်။ ကျားမျက်လုံးများထဲတွင် မျက်ရည်စများ ရေးရေးပေါ်လာပြီး လက်နှစ်ဖက်ဖြင့် ဖန်ကျန်းရီ၏ ပခုံးနှစ်ဖက်ကို လေးလံစွာ ပုတ်လိုက်သည်။
"ကောင်းကောင်း ပြောနိုင်ခဲ့တယ်။ အမတ်ဖန်... မင်းရဲ့ ဒီစကားတွေက ကိုယ်တော့်ရဲ့ ရင်ထဲကို တည့်တည့်ထိသွားခဲ့တယ်..."
ဖန်ကျန်းရီက လေးနက်သော အမူအရာဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်၏။
သုံးပြည်ထောင် စာအုပ် ဖတ်ခဲ့တဲ့ အကျိုးပဲ။ အထဲက စာသားတွေ တကယ်ကောင်းတယ်။
"အရှင်မင်းကြီး … ကျွန်တော်မျိုးက ရင်ထဲမှာ မျိုသိပ်မထားနိုင်လို့ ပြောလိုက်မိတာပါ။ အမတ်တစ်ယောက်အနေနဲ့ သစ္စာစောင့်သိမှုနဲ့ ခွင့်လွှတ်မှု တရားကို တင်းကျပ်စွာ လိုက်နာသင့်ပါတယ်။ ဒါက ကျွန်တော်မျိုးရဲ့ တာဝန်ပါ။"
ကျင်းဘုရင်က သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။ "အကယ်၍ နိုင်ငံရဲ့ အမတ်တွေ အားလုံးသာ အမတ်ဖန်လိုမျိုး ဖြစ်နေမယ်ဆိုရင် ကျင်းတိုင်းပြည် မတိုးတက်မှာကို ပူပန်နေစရာ မလိုဘူး။"
ဖန်ကျန်းရီက နှိမ့်ချစွာ ပြောလိုက်၏။ "ဘယ်ကသာ... ကျွန်တော်မျိုးက ဉာဏ်ပညာ ကြီးမားတဲ့ အရှင်သခင်နဲ့ တွေ့ဆုံခဲ့ရလို့သာ ခွန်ဖန်ငှက်ကြီးလို ရည်မှန်းချက်တွေကို ဖြန့်ကျက်နိုင်ခဲ့တာပါ။"
ကျင်းဘုရင်က ပြုံးကာ ပြောသည်။ "မဆိုးဘူး … အမတ်ဖန်ရဲ့ အရည်အချင်းက ခွန်ဖန်ငှက်ကြီးနဲ့ ယှဉ်နိုင်တယ်။"
"မဝံ့ရဲပါဘူး။ မဝံ့ရဲပါဘူး။ ကျွန်တော်မျိုးက ခွန်ငှက်ကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက်သတ်သတ်ပါ။"
ရေထဲတွင် ဒူးထောက်နေသည့် ဟန်လင်အမတ်များက ကျင်းဘုရင်နှင့် ဖန်ကျန်းရီတို့ နှစ်ဦး အချင်းချင်း မြှောက်ပင့်နေကြသည်ကို နားထောင်ရင်း စိတ်ထဲတွင် ပြာပုံလို သေဆုံးနေခဲ့ကြ၏။
ဖားယားမြှောက်ပင့်တတ်သူ တစ်ယောက်က ကိုယ်ကျင့်တရားရဲ့ အမြင့်ဆုံး နေရာကို လုယူသွားခဲ့ပြီး သူတို့လို ရေကြည်များကတော့ ပြောင်းပြန် အညစ်အကြေးရေတွေ ဖြစ်သွားခဲ့ရသည်။
ရှုံးသွားပြီ... တကယ့်ကို အခြေအမြစ်ပါ မကျန်အောင် ရှုံးနိမ့်သွားခဲ့ပြီ။
မျက်နှာပြစရာ နေရာလေးတောင် မရှိတော့အောင် အရှုံးကြီး ရှုံးသွားခဲ့ပြီပဲ။
လူအုပ်ထဲတွင် အဆက်မပြတ် စိတ်ပျက်လက်ပျက် ပြောဆိုသံများ ထွက်ပေါ်လာ၏။ "ငါတို့... ဆက်ပြီး ဒူးထောက်နေရအုံးမှာလား။"
ယန်ရင်းချိုက်က နားထဲတွင် ကြားနေရသည့် ဆွေးနွေးသံများကို နားထောင်ရင်း ရင်ထဲ သွေးထွက်နေခဲ့သည်။
နောက်ဆုံးတွင်တော့ မအောင့်အည်းနိုင်တော့ဘဲ စကားပြောလိုက်၏။ "အရှင်မင်းကြီး … ယန်ကော်အန်းမှာ အပြစ်ရှိတာ မှန်ပေမဲ့... ဒီလို သဘာဝဘေးအန္တရာယ် အောက်မှာ ဘယ်သူကများ လွတ်မြောက်နိုင်မှာလဲ။
တုန်းကျင်းရပ်ကွက်က မူလကတည်းက မြေနိမ့်ပိုင်းဖြစ်ပြီး တည်နေရာကလည်း ဆိုးရွားပါတယ်။ ပုံမှန်နေ့ရက်တွေမှာလည်း လူဆိုးလူသွမ်းတွေ အရမ်းများပါတယ်။ ဒီအတွက်နဲ့ ယန်ကော်အန်းကို ခေါင်းဖြတ်သတ်ဖို့ လုံလောက်သွားပြီလား။ ကျွန်တော်မျိုး မကျေနပ်ပါဘူး။"
"ပါးစပ်ပိတ်ထားစမ်း။" ကျင်းဘုရင်က ယခုတစ်ကြိမ်တွင် တကယ် ဒေါသထွက်သွားခဲ့ပြီ ဖြစ်၏။
သက်သေအထောက်အထား အပြည့်အစုံ ရှိနေတာတောင် မင်းက အတင်းအဓမ္မ ငြင်းဆိုရဲသေးတယ်ပေါ့။
ဒေါသပေါက်ကွဲတော့မည့် ဆဲဆဲတွင် ဖန်ကျန်းရီက ဝင်ပြောလိုက်သည်။ "အရှင်မင်းကြီး … သူတို့ကို ပန်းရှန်းရပ်ကွက်ဆီ တစ်ချက် သွားကြည့်ခိုင်းလိုက်ပါလား။ ကျွန်တော်မျိုး... အားလုံး စီစဉ်ထားပြီးပါပြီ။"
ကျင်းဘုရင်က ဖန်ကျန်းရီကို ချီးကျူးသည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်၏။
ကောင်းတယ်။ တကယ့်ကို အံ့ဩစရာကောင်းတယ်။ စကားပြောတာရော၊ အလုပ်လုပ်တာရော လူတွေကို လုံးဝ အညံ့ခံသွားအောင် လုပ်နိုင်တာပဲ။
နှိုင်းယှဉ်ကြည့်လိုက်ချိန်မှာတော့ ကော်ပန်ပန်က တကယ်ပဲ ပိုပိုပြီး အသုံးမကျတာပဲ။
ကျင်းဘုရင်က တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး ဘေးနားရှိ ကော်ထျန်းယန်ကို မအောင့်အည်းနိုင်ဘဲ တစ်ချက် စိုက်ကြည့်လိုက်သည်။
ကော်ထျန်းယန်ခမျာ ကြောင်တောင်တောင် ဖြစ်သွားခဲ့၏။
ကော်ထျန်းယန်က လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။
"ခွင့်ပြုတယ်။ … ပန်းရှန်းရပ်ကွက်ကို သွားကြမယ်။"