← Chapters

ပစ္စုပ္ပန် စိတ်ဆန္ဒ

Vol. 12 Ch. 1142

ပစ္စုပ္ပန် စိတ်ဆန္ဒ

Vol. 12 Ch. 1142

ထိုအညှောင့် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စွမ်းအားကြီးအငွေ့အသက်များ ပေါ်ထွက်လာကာ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားကြပြီး လမ်းတလျှောက်တွင် အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။ သူက အနည်းငယ်ပင် အရပ်ရှည်လာပြီး ထူးဆန်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေတော့သည်။

၎င်းမှာ သူ၏စိတ်ဆန္ဒစွမ်းအားပင်ဖြစ်သည်။ ယခင်က ထိုအငွေ့အသက်မှာ သူ၏တာအိုသစ်စေ့ထဲတွင် ပုန်းကွယ်နေခဲ့ပါသော်လည်း ယခုတွင်မူ သူ၏တာအိုသစ်စေ့က အညှောင့်ပေါက်လာပြီဖြစ်၍ အပြင်သို့ထွက်လာပြီ ဖြစ်သည်။

ယခု ပိုင်ရှောင်ချန်းက သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးကို အခြေခံကျကျ ထိန်းချုပ်လွှမ်းမိုးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သူသည် သူ၏ဘေးနားတစ်ဝိုက်ရှိ လူများ၏ ခံစားချက်များကိုပင် လွှမ်းမိုးနိုင်နေပြီဖြစ်သည်။ ၎င်းမှာ နက်ရှိုင်းလွန်းလှသော စွမ်းအားမျိုးပင် ဖြစ်သည်။

ထိုမျှ မကသေးပေ။ စိတ်ဆန္ဒစွမ်းအား အပြောင်းအလဲများအပြင် သူ၏ကျင့်ကြံခြင်းအခြေခံတိုးတက်လာခြင်းကြောင့် သူ၏တိုက်ပွဲစွမ်းရည်မှာ ယခင်ကထက် ဆယ်ဆနီးပါး မြင့်တက်သွားပြီ ဖြစ်သည်။

ယခင်က ပိုင်ရှောင်ချန်းသည် မြောက်ပိုင်း၏ဓားကြီးကို အသုံးပြုလျှင် အလယ်ပိုင်း ကောင်းကင်ဧကရာဇ်အဆင့်တွင်ရှိသော ကျင့်ကြံသူကိုတိုက်ခိုက်နိုင်ပြီး ကံကောင်းပါက နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ယောက်ကို ထိန်းထားနိုင်စွမ်းရှိသည်။ သို့သော် ယခုတွင်မူ သူသည် မြောက်ပိုင်း၏ဓားကြီးမပါပဲ ထိုသို့ စွမ်းဆောင်နိုင်ပြီ ဖြစ်သည်။

အကယ်၍ သူသာ ထိုဓားကိုအသုံးပြုမည်ဆိုပါက အလယ်ပိုင်း ကောင်းကင်ဧကရာဇ်အဆင့်ရှိ ကျင့်ကြံသူများကြားထဲတွင် ထိပ်သီးအဆင့်ကို ပိုင်ဆိုင်သွားမည်သာ ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ သူ၏ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များကို ခွဲခြမ်းစိတ်ဖြာနေပြီး စိတ်ဆန္ဒစွမ်းအား ထိန်းချုပ်နိုင်စွမ်းအသစ်တို့ကို စမ်းသပ်လိုက်သောအခါ သူသည် ယခင်ကနှင့် လုံးဝမတူတော့ဘဲ ပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ၏စိတ်နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။ ရွှမ်ကျုံးပြည်နယ်ထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကြောင့်သာ မဟုတ်ပါက ဤအဆင့်တက်မှုမှာ အချိန်ကြာနေမည်ဖြစ်ပြီး အထောက်အပံ့ပစ္စည်းများစွာ ပို၍လိုအပ်နေမည်ဖြစ်ကြောင်း သူက သိသည်။ နှစ်ပေါင်းတစ်ရာတိတိ စုဆောင်းလျှင်တောင် လောက်မည် မဟုတ်ပေ။

ယပ်တောင်စုတ်ကြီးသည်လည်း ဤအဆင့်တက်မှုတွင် အရေးကြီးသော ကဏ္ဍမှပါဝင်နေသည်။ သူ၏ ပဝေသဏီအတွဲရှိ အတိတ်စိတ်ဆန္ဒမှ ဖောက်ထွက်ရန်အတွက်မူ သာမန်ဆိုလျှင် သူသည် အဆင့်တစ်ရာထိ အောင်မြင်အောင်လုပ်ပြီး ယပ်တောင်စုတ်ကြီး၏ ပိုင်ရှင်အစစ်ဖြစ်ပြီးသည့်အချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

သို့သော်လည်း ကံမကောင်းစွာပင် အစောပိုင်း ကောင်းကင်ဧကရာဇ်အဆင့်ရှိသော ကျင့်ကြံခြင်းအခြေခံတစ်ခုက သူ့အား အဆင့်ငါးဆယ်အထိသာ တွန်းပို့ပေးနိုင်ခဲ့သည်။ သို့သော် ယခုတွင်မူ အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။

" ငါ့ကျင့်ကြံခြင်းအခြေခံက နောက်ထပ်တစ်ကြိမ် ပိုပြီးတော့ မြန်မြန် ဖောက်ထွက်နိုင်မှာ အသေအချာပဲ။ ငါအဆင့်တစ်ရာထိအောင်မြင်ပြီးတာနဲ့ ဖောက်ထွက်နိုင်လောက်မယ်နဲ့တူတယ်။ အဲဒါဆိုရင် ငါကနှောင်းပိုင်း ကောင်းကင်ဧကရာဇ်အဆင့် ဒါမှမဟုတ် ကောင်းကင်ဧကရာဇ်အဆင့်မဟာစက်ဝန်းကိုတောင် ရောက်ရင် ရောက်နေလောက်ပြီ "

သူသည် ထိုသို့တွေးတောလိုက်သောအခါ သူ၏မျက်ခုံးမွှေးများမှာ ကျေနပ်မှုများနှင့်အတူ ကျုံ့ချည်၊ဆန့်ချည် ဖြစ်နေတော့သည်။ အနာဂတ်တွင် ထိုသို့သာ တိုးတက်ပြောင်းလဲသွားမည်ဆိုပါက မည်မျှပင် အံ့သြဖွယ်ကောင်းမည်ကို သူ မတွေးရဲလောက်အောင်ပင်။

" ငါသာ ယပ်တောင်စုတ်ကြီးရဲ့ ပိုင်ရှင်အစစ်ဖြစ်သွားပြီး ကောင်းကင်ဧကရာဇ်အဆင့် မဟာစက်ဝန်းအထိ ရောက်သွားမယ်ဆိုရင် ... ယပ်တောင်ကြီးနဲ့ မြောက်ပိုင်းရဲ့ဓားကြီးတို့ကိုသုံးပြီး လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတွေကိုတောင် အနိုင်တိုက်ရင် တိုက်နိုင်လောက်တယ် "

သူသည် လောကနတ်ဘုရားအဆင့်သို့ မရောက်သေးခင်မှာပင် ဩချရလောက်အောင် စွမ်းအားကြီးမားနိုင်စွမ်းရှိနေသည့်အကြောင်းကို မတွေးတောပဲ မနေနိုင်တော့ပေ။

အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် သူသည် ထိုအတွေးစများကို သူ၏နှလုံးသားထဲတွင် မြှုပ်နှံလိုက်သည်။ ထိုအရာများကို စိတ်ကူးယဥ်နေခြင်းမှာ ယခုလောလောဆယ်တွင် အကျိုးရှိမည် မဟုတ်ပေ။

" ငါရရှိခဲ့တဲ့ ပစ္စည်းကောင်းတွေကြောင့် ငါ့ အတိတ်စိတ်ဆန္ဒက မဟာစက်ဝန်းအဆင့်ထိ ရောက်နေပြီ။ အခုငါက အလယ်ပိုင်း ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်နေပြီဆိုတော့ ငါ့ကို နှောင်းပိုင်း ကောင်းကင်ဧကရာဇ်အဆင့်ရောက်အောင် တွန်းပို့ပေးနိုင်မဲ့ ပဝေသဏီအတွဲထဲက ဒုတိယအဆင့်ကို စကျင့်ဖို့လိုပြီ "

" ပဝေသဏီအတွဲရဲ့ ပထမအဆင့်က တာအိုသစ်စေ့ကို အညှောက်ပေါက်လာအောင်လုပ်ဖို့သင့်တော်တဲ့ ... အတိတ်စိတ်ဆန္ဒပဲ "

" ဒုတိယအဆင့်အတွက်ဆိုရင် ငါ အဲဒီတာအိုသစ်စေ့ကို အပွင့်ပွင့်လာအောင် လုပ်ဖို့လိုတယ် "

" အခုအချိန်ထိ လုပ်ခဲ့သမျှအရာအားလုံးက အတိတ်စိတ်ဆန္ဒအတွက်ပဲ။ ဒါပေမဲ့အခု တာအိုသစ်စေ့က အညှောက်ပေါက်လာပြီဆိုတော့ ပစ္စုပ္ပန်စိတ်ဆန္ဒအတွက် အချိန်ရောက်ပြီ "

မှောင်သိုင်းကွက်အသစ်များဖန်တီးရာတွင် အခြေခံစနစ်တစ်ခုရှိရမည်ဖြစ်ကြောင်း ပိုင်ရှောင်းချန် သိပေသည်။ ဥပမာဆိုရပါက သူ၏အတိတ်စိတ်ဆန္ဒမှာ ကောင်းကင်တံတားနယ်မြေထဲတွင် ရှိခဲ့သည့် သူ၏မှတ်ဉာဏ်နှင့် အတွေ့အကြုံများပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။

ယခုတွင် သူသည် ပဝေသဏီအတွဲ၏ ဒုတိယအဆင့်ကို ကျင့်ကြံနေပြီဖြစ်သည်။ ကံမကောင်းသည်မှာ သူ၏ကျင့်ကြံခြင်းအခြေခံ ဖောက်ထွက်မှုသည် ထင်ထားသည်ထက် ပိုစောနေခဲ့သဖြင့် ပညာရပ်တစ်ခုအတွက် လိုအပ်သော အခြေခံကောင်းကောင်းတစ်ခုကို မဖန်တီးခဲ့ရပေ။ သူသည် ဝင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်ပြီး အဆင့်ငါးဆယ်မှရသည့် ဆုလာဘ်များထဲမှတစ်ခုဖြစ်သော ဝါးပေလွှာကိုထုတ်ယူလိုက်သည်။

" ဒါပေမဲ့ ငါ့ဆီမှာ ဒါရှိနေတာပဲ "

သူက ရေရွတ်လိုက်သည်။ အစက သူသည် အင်မော်တယ်ကမ္ဘာမှ မိုးမြေဧကရာဇ်ကြီး၏ တာအိုအနှစ်သာရကို ရယူကာ သူ၏ စစ်မှန်သော အမွေဆက်ခံသူတစ်ယောက်ဖြစ်လာရန် မရည်ရွယ်ခဲ့ပေ။ သူသည် ထိုတာအိုအနှစ်သာရကို လေ့လာ၍ သူ၏ကိုယ်ပိုင်လမ်းကို ဖောက်ချင်ခဲ့သည်။

ဤဝါးပေလွှာထဲတွင် ရှင်သန်ခြင်းနှင့်သေခြင်းတရားတာအိုအနှစ်သာရ အပြည့်အဝပါရှိနေပါက ၎င်းကိုရယူနိုင်ရန်အတွက် သူလက်ရှိပိုင်ဆိုင်ထားသော ဉာဏ်အလင်းပွင့်မှုနှင့်စွမ်းအားများထက် များစွာပိုသော ပမာဏကို အသုံးပြုရမည်သာ ဖြစ်သည်။ သို့သော် ယခု ထိုပေလွှာထဲ၌ တာအိုအနှစ်သာရ တစ်စိတ်တစ်ပိုင်းသာပါဝင်သဖြင့် သူသည် ၎င်းကိုရယူရန် စိတ်အေးလက်အေးနှင့် ကြိုးစားနိုင်စွမ်း ရှိသွားတော့သည်။

သူသည် အသက်ပြင်းပြင်းရှူကာ စိတ်ကိုဖြေလျှော့လိုက်ပြီး ဝါးပေလွှာပေါ်တွင် ရေးထိုးထားသည့် မှော်သင်္ကေတနှစ်ခုထဲသို့ နတ်ဘုရားအာရုံအချို့ စေလွှတ်လိုက်တော့သည်။ ချက်ချင်းပင် သေခြင်းတရား၏ စွမ်းအားကြီးသောအငွေ့အသက်ကြီး ထပ်မံပေါ်ထွက်လာပြန်သည်။ ထို့နောက် သူ၏နတ်ဘုရားအာရုံက ဒုတိယမှော်သင်္ကေတဆီသို့ ရောက်ရှိသွားသောအခါတွင် ရှင်သန်ခြင်းအငွေ့အသက်များနှင့် ပြည့်နှက်နေသော ခံစားချက်တစ်ခုလည်း ပေါ်ထွက်လာတော့သည်။

ရှင်သန်ခြင်းနှင့် သေခြင်းတရားအကြားရှိ ဆုံချက်မှာ တာအိုအနှစ်သာရများနှင့် ပတ်သတ်သည့် ပိုင်ရှောင်ချန်း၏ ပထမဦးဆုံး အတွေ့အကြုံ ဖြစ်သည်။ သူသည် ထိုခံစားချက်ထဲတွင် နစ်မျောသွားသောအခါ အချိန်ကို မမှတ်သားနိုင်တော့ပဲ သူရောက်ရှိနေသောနေရာကိုပင် မေ့ပျောက်သွားတော့သည်။ သူ မမေ့ပျောက်သည့် တစ်ခုတည်းသောအရာမှာ ပစ္စုပ္ပန်စိတ်ဆန္ဒနှင့်ပတ်သက်သည့် သူ၏အတွေးစများပင်ဖြစ်သည်။

သူသည် အချိန် မည်မျှကြာကြာမှန်း မသိလောက်အောင် ထိုသို့နစ်မျောနေရင်း ဉာဏ်အလင်းပွင့်မှုများကို ရှာဖွေနေတော့သည်။ တစ်ခေါက်တွင် အစောင့်အရှောက်ဝိညာဥ်လေးက ရုတ်တရက် သူမသိအောင် ထွက်ပေါ်လာတော့သည်။

ထိုကောင်လေးသည် ကူရာကယ်ရာမဲ့နေသည့် ခံစားချက်ကြီးဖြင့် ပိုင်ရှောင်ချန်းအား မမှိတ်မသုန် စိုက်ကြည့်နေသည်။ သူသည် ယပ်တောင်ကြီး၏ အစောင့်အရှောက်ဝိညာဥ်သာ ဖြစ်သည့်အတွက် အဆင့်များထဲတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်းရှိပါသော်လည်း ယခုတွင်မူ သူ၏အနေအထားဖြင့် ပိုင်ရှောင်ချန်းကို မည်သည့်အရာမှ မလုပ်နိုင်ပေ။

သူသည် အဆင့်များထဲတွင် တစ်ကြိမ်ပြီးတစ်ကြိမ် အနိုင်ယူခံခဲ့ရသောကြောင့် ထိုအကြောင်းများကို သူတွေးမိလိုက်တိုင်း ရူးသွပ်လုမတတ် ဖြစ်သွားရစမြဲပင်။

သူသည် စမ်းသပ်ပွဲထဲရှိ ပြိုင်ပွဲဝင်များကို အပြစ်ပေးနိုင်ပါသော်လည်း ပိုင်ရှောင်ချန်းမှာ ယပ်တောင်စုတ်ကြီး၏ တစ်ဝက်တိတိကို သိမ်းပိုက်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် အစောင့်အရှောက်ဝိညာဥ်လေးမှာ သူ့ကိုဘာမှမလုပ်နိုင်သည့်အပြင် ပိုင်ရှောင်ချန်းအား သူ၏သခင်အဖြစ်ပင် အတိုင်းအတာတစ်ခုအထိ သတ်မှတ်ပေးနေရပြီပင် ဖြစ်သည်။

ဤအခြေအနေကို သူ မနှစ်သက်ပါသော်လည်း အကျိုးမထူးပေ။ ပို၍ဆိုးသည်မှာ ယခု ပိုင်ရှောင်ချန်းက အဆင့်ငါးဆယ်ကို ကျော်ဖြတ်သွားပြီးဖြစ်၍ သူနှင့် အဆင့်တူညီလုနီးပါး ဖြစ်နေခြင်းပင် ဖြစ်သည်။

" ဒီလိုသာဆက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ငါဘာလုပ်ရတော့မှာလဲ... "

အစောင့်အရှောက်ဝိညာဥ်လေးမှာ ငိုချင်နေပြီဖြစ်သည်။ ဤအရှက်မရှိသော ကလိမ်ကကျစ်ကောင်က သူ၏သခင်ဖြစ်လာမည်ဟု တွေးလိုက်ရုံနှင့် ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှပေသည်။ သူ၏နာမည်ကိုမေးလာသောအခါ မည်သို့ပြန်ဖြေရမည်ကိုလည်း တွေးတောနေတော့သည်...

သူသည် ယခင်က ပိုင်ရှောင်ချန်းသာ ထိုတစ်ဆင့်ကို ကျော်ဖြတ်နိုင်မည်ဆိုပါက သူ၏မျိုးရိုးနာမည်အတိုင်း လိုက်ပြောင်းမည်ဟု ကျိန်ဆိုထားခဲ့သည် မဟုတ်ပါလော....

သူသည် သက်ပြင်းချလိုက်ပြီး အံကြိတ်၍ ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်တော့သည်။ အနည်းငယ်ကြာပြီးနောက် သူက မျက်တောင်တဖျတ်ဖျတ်ခတ်သွားကာ ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် သူ၏မျက်ခုံးများကို ကျုံ့ချည်၊ဆန့်ချည် ကစားလိုက်တော့သည်။

" ဟားဟားဟား။ အရူးပဲ … သူက အချိန်တာအိုရဲ့ ဉာဏ်အလင်းပွင့်မှုကို ပိုင်ဆိုင်ဖို့ တကယ်ကြိုးစားနေတာလား။ ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုအနှစ်သာရကို အသုံးပြုပြီး အချိန်နဲ့ပတ်သတ်တဲ့ ဉာဏ်အလင်းပွင့်မှုကို ရှာဖွေနေတာပဲကွ။ ဒီကောင်တော့ သေပြီပဲ။ ကိစ္စပြတ်ပြီ။ သူလုပ်ဖို့ ကြိုးစားနေတဲ့အရာက လုံးဝမဖြစ်နိုင်ဘူး။ အချိန်တာအိုဆိုတာ ရှိရှိသမျှတာအိုတွေထဲမှာ စွမ်းအားအကြီးဆုံးတာအို တစ်ခုပဲ။ အဲဒီတာအိုက ရှင်သန်ခြင်းနဲ့သေခြင်းတရားကိုတောင် ထိန်းချုပ်နိုင်တာ။ အရူးပဲ … ဟားဟားဟား… "

သူသည် လက်ခုပ်များတီး၍ သူ၏ သုံးသပ်မှု မှန်၊မမှန် ဆန်းစစ်ရန်အတွက် သေသေချာချာ အနီးကပ်ကြည့်ရှုလိုက်ပြီးနောက် အေးစက်စက်နှာမှုတ်ကာ စိတ်တက်ကြွစွာဖြင့် ထွက်ခွာသွားတော့သည်။ သူ့အတွက်မူ တိမ်များကင်းစင်သွားပြီး နေမင်းကြီး အရှိန်တညီးညီး တောက်ပနေသည့် အတိုင်း ပြန်ဖြစ်သွားတော့သည်။

တစ်လကြာပြီးနောက် ပိုင်ရှောင်ချန်းမှာ ထိုနေရာတွင် မလှုပ်မယှက်နှင့် တင်ပျဥ်ခွေ ထိုင်နေဆဲပင်။ တစ်ခေါက်တွင် သူသည် တုန်ရီသွားပြီး ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုအနှစ်သာရ ပါဝင်သော ဝါးပေလွှာလေးမှာ ပြာကျသွားသည်။ ထို့နောက် ပိုင်ရှောင်ချန်း၏မျက်လုံးများပွင့်လာပြီး သူက ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ သူ၏ပတ်ပတ်လည်ရှိလေထုကြီးမှာ တုန်ရီကာ တွန့်လိမ်ကွေးကောက်လာပြီး သူ၏အတိတ်စိတ်ဆန္ဒနှင့် လုံးလုံးလျားလျား မတူညီသော အငွေ့အသက်များ စတင်ပေါ်ထွက်လာတော့သည်။

ထိုအငွေ့အသက်များကြောင့် သူ ရှိနေသည့်နေရာတိုင်းမှာ မည်မျှပင် ရှေးဟောင်းဆန်နေစေကာမူ အချိန်စီးကြောင်းထဲတွင် မရွေ့လျားပဲ ရပ်တန့်နေနိုင်စွမ်းရှိသည့် သူ့စိတ်ဆန္ဒ၏ ဖုံးလွှမ်းခြင်းကိုခံလိုက်ရပြီး ပစ္စုပ္ပန်တွင် ထာဝရတည်ရှိနေနိုင်စွမ်း ရှိသွားတော့သည်။

အချိန်စီးကြောင်းမှာ သူ့အပေါ်သို့ အကျိုးသက်ရောက်မှု မရှိသည့်အလားပင်။

သူ၏ စိတ်ဆန္ဒစွမ်းအားမှာ အတိုင်းအတာတစ်ခုအထိ အချိန်ကို ရပ်တန့်နိုင်ပေသည်။

" ပစ္စုပ္ပန်စိတ်ဆန္ဒက "

သူကရေရွတ်လိုက်သည်။

" အင်မတန် စွမ်းအားကြီးတာပါလား "

ထိုစဥ် အစောင့်အရှောက်ဝိညာဥ်လေးမှာ ပိုင်ရှောင်ချန်း မမြင်နိုင်သည့် နည်းလမ်းဖြင့် အပြင်သို့ ထပ်၍ ထွက်လာသည်။ သူသည် ရှင်သန်ခြင်းနှင့်သေခြင်းတရားတာအိုအနှစ်သာရမှ အငွေ့အသက်များကို အာရုံခံမိလိုက်ပြီး ပိုင်ရှောင်ချန်းကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားတော့သည်။

" အချိန်တာအိုပါလား။ ဘုရား ဘုရား … အဲဒီတာအိုက ရှင်သန်ခြင်းနဲ့သေဆုံးခြင်း တာအိုအနှစ်သာရထက် အဆင့်ပိုမြင့်တဲ့ မြင့်မြတ်တဲ့ တာအိုတစ်ခုလေ။ သူ့လို အရှက်မရှိတဲ့ ကလိမ်ကကျစ်ကောင်က ဘာလို့ အဲဒီတာအိုရဲ့ ဉာဏ်အလင်းပွင့်မှုကို ရသွားရတာတုန်း။ ကောင်းကင်ကြီး ကန်းများကန်းနေပြီလားဗျာ "

အစောင့်အရှောက်ဝိညာဥ်လေးမှာ အမှန်တကယ် ရူးသွပ်နေပြီဖြစ်သည်။ သူသည် စိတ်ထဲတွင် အာခံလိုစိတ်အပြည့်ဖြင့် အော်ဟစ်မြည်တမ်းလိုက်ပြီး မျက်ထောင့်နီကြီးများဖြင့် မည်သို့ပင် ပေးဆပ်ရပါစေ အနှီအရှက်မရှိသောကောင်ကို အနိုင်ယူမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

" မင်းစောင့်နေဦးပေါ့ကွာ "

သူက တတွတ်တွတ် ရေရွတ်၍ သူ၏ဆံပင်များကို မခံမရပ်နိုင်စွာ ဆောင့်ဆွဲနေတော့သည်။ ထို့နောက် သူသည် တစ်ကျော့ပြန်လာရန် တာစူနေသည့် ရှုံးနိမ့်သွားသော လောင်းကစားသမားတစ်ယောက်အလား ပြုပြင်ပြောင်းလဲရန် အသင့်တော်ဆုံးဖြစ်သည့် အဆင့်ကို ရှာဖွေရန် ထွက်သွားတော့သည်။

All Chapters