ပစ္စုပ္ပန် ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုကျမ်း
Vol. 12 Ch. 1143
ပိုင်ရှောင်ချန်းမှာ ယပ်တောင်စုတ်ကြီးကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်းရှိခဲ့ပါသော်လည်း အစောင့်အရှောက်ဝိညာဥ်လေးကို မကျော်နိုင်ခဲ့ပေ။ သို့ဖြစ်၍ သူက ထိုဝိညာဥ်လေးကို လုံးဝမြင်နိုင်စွမ်း မရှိခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယခု သူသည် အဆင့်ငါးဆယ်အထိ အောင်မြင်သွားပြီဖြစ်ပြီး အလယ်ပိုင်း ကောင်းကင်ဧကရာဇ်အဆင့်သို့ပါ တက်လှမ်းနိုင်ခဲ့သည်ဖြစ်၍ သူ၏အာရုံများမှာ ပို၍တိကျလာတော့သည်။
သူသည် အစောင့်အရှောက်ဝိညာဥ်လေးကို မမြင်ရသေးပါသော်လည်း သူ ရှိနေကြောင်းကို အာရုံခံမိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ရုတ်တရက် ထိုအစောင့်အရှောက်ဝိညာဥ် မတ်တတ်ရပ်နေသည့် ယပ်တောင်ရိုးကို လှမ်းကြည့်လိုက်သည်။
ကောင်လေးမှာ ထိုအချင်းအရာကို သတိထားမိလိုက်သဖြင့် နောက်သို့ တအံ့တသြ ဆုတ်ခွာသွားပြီး ပျောက်ဆုံးသွားတော့သည်။
ပိုင်ရှောင်ချန်းကမူ မျက်လုံးများ မှေးလိုက်ပြီး အသာအယာ နှာမှုတ်လိုက်သည်။
" သေချာတယ် အဲဒါ အစောင့်အရှောက်ဝိညာဥ်က ငါ့ကို စောင့်ကြည့်နေတာပဲ ဖြစ်ရမယ်။ အဲဒီကောင်မှာ စိတ်ရောဂါတစ်ခုခု ရှိနေလောက်တယ်။ နို့မို့ဆို ဘာလို့ သူက လူတွေကို ချောင်းကြည့်ရတာ အရမ်းသဘောကျနေမှာတုန်း "
သူသည် တစ်ကိုယ်ထဲရေရွတ်လိုက်ပြီး အကြည့်လွှဲကာ ယခုအကြိမ် ဉာဏ်အလင်းပွင့်ခဲ့ရာမှ ရရှိခဲ့သော အကျိုးကျေးဇူးများကို ပြန်လည် ဆန်းစစ်ကြည့်လိုက်တော့သည်။
" မိုးမြေဧကရာဇ်အဆင့် ကျင့်ကြံသူတွေရဲ့ တာအိုအနှစ်သာရတွေက ဂုဏ်သတင်းကျော်စောမှုနဲ့ ထိုက်တန်ပါပေတယ်။ အပိုင်းအစ နည်းနည်းလေးပဲသုံးလိုက်တာတောင် ငါ့ရဲ့ ပစ္စုပ္ပန်စိတ်ဆန္ဒနဲ့ပတ်သတ်တဲ့ နိမိတ်ဖတ်ခြင်းအတတ်တွေကို အားဖြည့်ပေးနိုင်စွမ်းရှိတာပဲ။ ပြီးတော့ ရှင်သန်ခြင်းနဲ့သေခြင်းတရားတို့ရဲ့ အဓိပ္ပါယ်အချို့ပါ ပါသေးတာ။ ဒါ ငါ့ရဲ့ ဒုတိယမြောက် စွမ်းအားကြီး နတ်ဘုရားအတတ်ပဲ "
" ပစ္စုပ္ပန် ရှင်သန်ခြင်းနဲ့သေခြင်းတရားကျမ်း "
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး မတ်တတ်ထရပ်ကာ သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ပတ်ပတ်လည်ရှိ လေထုကြီးမှာ တွန့်လိမ်ကာ ဆုတ်ပြဲသွားတော့သည်။ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးပင် သူရှိရာဘက်သို့ တွန့်ခေါက်လာနေကြသည့်အတိုင်းပင်။
တချိန်တည်းမှာပင် သူ၏နောက်တွင် ထိတ်လန့်အံ့သြဖွယ်ကောင်းသော အနက်ရောင် ဧရာမကျောက်တံခါးပေါက်ကြီးတစ်ပေါက် ပေါ်ထွက်လာသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် ရက်စက်ကြမ်းကြုတ်ဖွယ် သရဲမျက်နှာများ မရေမတွက်နိုင်လောက်အောင် ထုဆစ်ထားပြီး ရွှမ်ကျုံးပြည်နယ်ထဲတွင် ပိုင်ရှောင်ချန်း မြင်ခဲ့ရသည့် အလွန်ထူးဆန်းသော သတ္တဝါကြီး ဖြစ်သည့် ကြိုးဆွဲ ရုပ်သေးရုပ်တစ်ရုပ်၏ ပန်းပုရုပ်ထုကိုလည်း ထုဆစ်ထားသည်။
ထိုတံခါးပေါက်၏ အလယ်တည့်တည့်တွင် အသက်မရှိတော့သော အဘိုးကြီးတစ်ယောက်၏ ဦးခေါင်းကိုလည်း ပန်းပုထုဆစ်ထားသည်။ ထိုတံခါးပေါက်ထံမှ ပေါ်ထွက်နေသည့် အားပြင်းလှသော သေခြင်းတရားအငွေ့အသက်ကိုကြည့်၍ ဤတံခါးမှာ သေခြင်းတရားကို ကိုယ်စားပြုနေကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။
၎င်းသည်ကား သေမင်း တံခါးပေါက်ပင် ဖြစ်သည်။
ထိုတံခါးတွင် ဆင်ယင်ထားသည့် မိစ္ဆာသရဲများမှာ ပိုင်ရှောင်ချန်း သူ၏ဘဝတစ်လျှောက် ကြုံတွေ့ရင်ဆိုင်ခဲ့ရသည့် အမျိုးမျိုးသော ကြောက်မက်ဖွယ် သရဲများ ဖြစ်ကြသည်။ အဘိုးကြီးကို ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုအနှစ်သာရမှ ဖန်တီးထားခြင်းဖြစ်ပြီး ၎င်း၏ မျက်နှာမှာမူ သေဆုံးခြင်းကို ကိုယ်စားပြုနေသည့် နောက်ဆုံးအဆင့် ဖော်ပြချက်ပင် ဖြစ်သည်။
ထို့နောက် ပိုင်ရှောင်ချန်း၏မျက်လုံးများ အရောင်လက်သွားပြီး သူ၏ညာလက်ညှိုးကို ယပ်တောင်ရိုးများရှိရာဘက်နှင့် အစောင့်အရှောင်ဝိညာဥ်က သူ့အားစောင့်ကြည့်နေသည့် နေရာဟု သူယုံကြည်ထားသော နေရာသို့ ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ချက်ချင်းပင် ထိုနေရာတွင် ဒုတိယမြောက်ကျောက်တံခါးတစ်ပေါက် ပေါ်ထွက်လာပြန်သည်။ ထိုတံခါးပေါက်ကြီးမှာ အဖြူရောင်ရှိပြီး ပိုင်ရှောင်ချန်းက သူ၏ဘဝတစ်လျှောက်လုံးတွင် မြင်တွေ့ခဲ့ရသည့် ခံနိုင်ရည်၊ သက်စောင့်အားများနှင့် ပွင့်လန်းဝေဆာမှုရှိသော အပင်နှင့်အသီးအရွက်များဖြင့် အလှဆင်ထားသည်။
ထိုအဖြူရောင် တံခါးပေါက်ကြီး၏ အလယ်တွင် မွေးကင်းစကလေးငယ်တစ်ဦး၏ မျက်နှာကို ထုဆစ်ထား၏။
ထိုတံခါးပေါက်ကိုကြည့်လိုက်သူတိုင်း ကလေးငယ်တစ်ယောက်၏ အော်ငိုသံကို ရုတ်တရက်ကြားလိုက်ရမည်သာဖြစ်သည်။ ဤသည်ကား ရှင်သန်ခြင်း တံခါးပေါက်ပင် ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ ပစ္စုပ္ပန် ရှင်သန်ခြင်းနှင့်သေခြင်းတရားကျမ်းမှာ သေခြင်းတရားအတွက် တံခါးပေါက်တစ်ပေါက်၊ ရှင်သန်ခြင်းအတွက်တံခါးပေါက် တစ်ပေါက် စုစုပေါင်းနှစ်ပေါက် ဖန်တီးပေးခြင်းဖြစ်သည်။ သူသည် သေခြင်းတရားတံခါးပေါက်၏ အရှေ့တွင်ရပ်၍ သူ၏ပြိုင်ဘက်အား ရှင်သန်ခြင်းတံခါးပေါက်ရှိရာဘက်မှ သူ့ဆီသို့ ချဥ်းကပ်လာစေမည်ဖြစ်သည်။ သူ့ထံသို့ သူတို့ချဥ်းကပ်လာသည်နှင့်အမျှ သူတို့၏ သေတွင်းသို့ ချဥ်းကပ်သွားနေသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အာအင်ယုတ်လျော့သွားမည်ဖြစ်သည်။ ၎င်းတွင် အချိန်တာအိုလည်း ပါဝင်နေသေးသဖြင့် ပို၍ပင် အစွမ်းထက်နေသေးသည်။ ရှင်သန်ခြင်းတံခါးပေါက်ထံမှ သူ့ဆီသို့ချဥ်းကပ်လာသူတိုင်း ညနေစောင်းအချိန်ရောက်၍ အနောက်ဂါယာကျွန်းထံ တိုးဝင်သွားနေသည့် နေမင်းကြီးပမာ တဖြည်းဖြည်း အိုစာလာမည်ဖြစ်သည်။
လူတစ်ယောက်အား အသက်ရှင်ခြင်းမှ သေဆုံးခြင်းသို့ ကြုံသလိုတွန်းပို့နိုင်သည့်အစွမ်းမှာ ကြီးမားလွန်းလှသည်။ ပိုင်ရှောင်ချန်းပင် ထိုအစွမ်းကြောင့် အံ့အားသင့်နေရသည်။ အရေးအကြီးဆုံးအချက်မှာ ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုအနှစ်သာရကို ယခင်က မိုးမြေဧရာဇ်ကြီး ပိုင်ဆိုင်ခဲ့သည်ဆိုသောအချက်ပင် ဖြစ်သည်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အကဲခတ်လိုက်သည်။ ထို့နောက် သူသည် မေးငေါ့လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို လူများထံမှ ဖုန်းကွယ်ထားတော့မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။
" ငါဖောက်ထွက်နိုင်သွားတာကို လူတွေသိသွားမယ်ဆိုရင် သူတို့က ငါပစ္စည်းကောင်းတွေ ရခဲ့တယ်လို့ထင်ကြမှာပဲ။ ဒါပေမဲ့ ဘာဖြစ်တုန်း။ ထူးဆန်းတဲ့ ဥအိတ်ကြီးတစ်လုံးကိုစားခဲ့မိလို့ သက်စောင့်အားတွေ အများကြီးရခဲ့တာလို့ ဖြေလိုက်ရုံပဲလေ "
သူသည် အနည်းငယ်ထပ်၍ တွေးတောလိုက်ပြီးနောက် ၎င်းမှာ အကောင်းဆုံးအစီအစဥ်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။ ထိုအချိန်တွင် သူသည် ရှင်သန်ခြင်းတံခါးပေါက်ကို တစ်ခဏမျှ ဖျတ်ခနဲလှမ်းကြည့်လိုက်ပြီး သူ၏လက်ချောင်းဖြင့် လှမ်းခေါ်သည့်အမူအရာတစ်ခုကို ပြုလုပ်လိုက်သည်။
" လာစမ်းပါ "
သူက ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်။
အစောင့်အရှောက်ဝိညာဥ်မှာ ကောင်လေးတစ်ယောက်အသွင်ဖြင့် ရှင်သန်ခြင်းတံခါးပေါက်၏ ဘေးတွင် ရပ်နေပြီး ပိုင်ရှောင်ချန်းအား မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။ အကယ်၍ သူသာ စွမ်းအားရှိပါက ပိုင်ရှောင်ချန်းအား အကြိမ်တစ်ထောင်မဟုတ်ပဲ အကြိမ်တစ်သန်းကျော်ခန့် သတ်ဖြတ်ပြီးသား ဖြစ်နေမည်သာဖြစ်သည်။ သို့သော်လည်း သူသည် ဘာမှမလုပ်နိုင်လောက်အောင် စွမ်းအားကင်းမဲ့နေသည်။
" သက်သက်မဲ့ အနိုင်ကျင့်တာပဲ "
သူသည် အသားများတုန်ရီနေပြီး ညည်းတွားလိုက်တော့သည်။ အနှီပိုင်ရှောင်ချန်းဆိုသူမှာ သူ၏ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရမျှ လူများထဲတွင် အရှက်မရှိဆုံးလူဖြစ်ပြီး သူ သေသွားရန်အတွက် အကြိမ်ပေါင်းမြောက်မြားစွာ သစ္စာဆိုပြီးသွားပြီ ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ အစောင့်အရှောက်ဝိညာဥ်လေးကို မမြင်ရပါသော်လည်း သူ ထိုနေရာတွင် မတ်တတ်ရပ်နေသည်ကို အာရုံခံနိုင်စွမ်းရှိပေသည်။ ထို့ကြောင့် သူသည် အဆင့်များကို စိန်ခေါ်ရန်ပင် မတွေးတော့ပေ။ ကောင်လေးထပ်၍ အိပ်ပျော်သွားသည်ကို စောင့်ဆိုင်းနေတော့သည်။ သူသည် တစ်ချက်မျှ တွေးလိုက်ပြီးနောက် ယပ်တောင်စုတ်ကြီးပေါ်မှ ပျောက်ကွယ်သွားတော့သည်။
သူ ပျောက်ကွယ်သွားသောအခါ အစောင့်အရှောက်ဝိညာဥ်လေးမှာ ယပ်တောင်အစွန်းတစ်ဖက်မှ အခြားတစ်ဖက်အထိ ပဲ့တင်ထပ်သွားစေနိုင်မည့် အသံကြီးဖြင့် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူသည် စိတ်ကောက်နေသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ ဒေါသတကြီး ပျံသန်းနေပြီး သူ ပိုင်ရှောင်ချန်းကို ဖျက်ဆီးပစ်မည့် နည်းလမ်းများအား အော်ဟစ်နေတော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်းမှာ ယွမ်ဟိုင်စီရင်စုနယ်မြေထဲရှိ သူ၏ကိုယ်ပိုင်အခန်းထဲတွင် ပြန်ပေါ်လာသည်။ သူ ပထမဆုံး လုပ်လိုက်သည့်အရာမှာ မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်တို့ထံမှ သူ မရှိခဲ့စဥ်ကဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို အသေးစိတ်ရှင်းပြထားသည့် သတင်းများကို ဖတ်လိုက်ခြင်းပင် ဖြစ်သည်။
သူသည် ကျောက်စိမ်းပေလွှာကို စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်သွားတော့သည်။
" လွန်ခဲ့တဲ့ ခုနစ်ရက်တုန်းက မိစ္ဆာဧကရာဇ်က ကောင်းကင်ဧကရာဇ် သရဲမယ်တော်ကို မိစ္ဆာဧကရာဇ်မြို့တော်ဆီကို ပြန်ပြီး နေရာချခဲ့တယ်။ ပြီးတော့ မြောက်ပိုင်းကိုကြီးကြပ်ဖို့ ကောင်းကင်ဧကရာဇ် ကျဲ့တိကို စေလွှတ်ခဲ့တယ် ဟုတ်လား "
ပိုင်ရှောင်ချန်းမှာ မျက်လုံးမှေးကြီးများဖြင့် ထိုကိစ္စကို တွေးတောသုံးသပ်နေတော့သည်။ တစ်ခုရှိသည်မှာ ကုန်းစွန်းဝမ်အာကို သူ လွမ်းနေရတော့မည် ဖြစ်သည်။ နောက်တစ်ခုမှာ ဤကောင်းကင်ဧကရာဇ် ကျဲ့တိဆိုသူကို သူ မသိခြင်းပင်။ ထာဝရနယ်မြေများထဲတွင် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူဆယ့်နှစ်ယောက်သာရှိသဖြင့် သူ၏နာမည်ကိုတော့ ကြားဖူးထားပေသည်။
မိစ္ဆာဧကရာဇ်မင်းဆက်တွင် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူ ခုနစ်ယောက်ရှိပြီး ပိုင်ရှောင်ချန်းမှာ ငါးယောက်ကို သူကိုယ်တိုင် မြင်တွေ့ဖူးသည်။ ကုန်းစွန်းဝမ်အာနှင့် ကောင်းကင်တံတားတာအိုတို့အပြင် ကောင်းကင်ဧကရာဇ်ဝိရူပက္ခနတ်မင်း၊ မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင် တို့ကို သူမြင်ဖူးပေသည်။
ကျောက်စိန်းပေလွှာပါ အချက်အလက်အရဆိုလျှင် ကုန်းစွန်းဝမ်အာ ထွက်ခွာသွားသည့်အတွက် မြောက်ပိုင်းစီရင်စုနယ်မြေများရှိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်သော ကူးသန်းရောင်းဝယ်ရေးမှာ ယာယီဆိုင်းငန့်လိုက်ရကြောင်း သိရသည်။ မဟာကောင်းကင်သခင်က ဤပြောင်းလဲမှုကြီးကို သတိကြီးကြီးဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ သူသည် ထိုကိစ္စများကို ဖြေရှင်းရန် လူကိုယ်တိုင်သွားရောက်ခြင်း မပြုပဲ မိစ္ဆာဧကရာဇ်မင်းဆက်မှ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ဆက်သွယ်ခဲ့ပြီး ကောင်းကင်ဧကရာဇ် ကျဲ့တိ ဆီသို့ ဂုဏ်ပြုကြောင်း သတင်းတစ်ခုနှင့်အတူ မိတ်ဆက်လက်ဆောင်အချို့ပေးရန် စီစဥ်လိုက်သည်။
သူတို့မှာ အကြောင်းပြန်စာကို စောင့်မျှော်နေဆဲပင်။
မဟာကောင်းကင်သခင်၏ သုံးသပ်ချက်အရဆိုလျှင် ကုန်းစွန်းဝမ်အာထွက်ခွာသွားခြင်းမှာ ကောင်းမွန်သောကိစ္စရပ်တစ်ခု ဖြစ်နိုင်ပေသည်။ သူမသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်သည့် ကူးသန်းရောင်းဝယ်ရေးကိစ္စများ၏ သတင်းများကို မိစ္ဆာဧကရာဇ်မင်းဆက်ထဲရှိ အခြားအင်မော်တယ်နယ်မြေများဆီသို့ ဖြန့်ပေးနိုင်မည်ဖြစ်၍ ယွမ်ဟိုင်စီရင်စုနယ်မြေ၏ ဂုဏ်သတင်းကို ပို၍ကျော်စောလာစေမည် ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ အစီရင်ခံစာများကို ဖတ်ပြီးသွားသောအခါ ရွှမ်ကျုံးပြည်နယ်နှင့်ပတ်သတ်သည့် သတင်းအသစ်မရှိကြောင်း သိလိုက်သည်။ ခြုံငုံကြည့်လိုက်မည်ဆိုပါက ဒုတိယအင်မော်တယ်နယ်မြေမှာ အလွန်ငြိမ်းချမ်းကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်သာ ဖြစ်သည်။ ရွှမ်ကျုံးပြည်နယ်ထဲရှိ ဖြစ်ရပ်ကြီးမှာ တိုက်ဆိုင်မှုတစ်ခုဟူ၍ပင် ထင်မှတ်ရသည်။
သို့သော် ပိုင်ရှောင်ချန်းမှာ ထိုကိစ္စရပ်တစ်ခုလုံးကို စိုးရိမ်ထိတ်လန့်နေဆဲပင်။ ဥအိတ်ကြီးထဲမှ အနီရောင်အကြေးခွံများ ဖုံးလွှမ်းနေသည့် လက်ကြီးကို ဆန့်ထုတ်ခဲ့သော အမည်မသိသည့် သတ္တဝါကြီးမှာ ကောင်းကင်ကြီးကိုဖျက်ဆီးကာ ကမ္ဘာမြေကြီးကို ချေမှုန်းနိုင်ပြီး ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများ ခုခံနိုင်မည်မဟုတ်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားကြောင်း သူက သိသည်။
၎င်း၏ သက်စောင့်အားအချို့ အစုပ်ယူခံလိုက်ရခြင်းကြောင့် ၎င်းမှာ အနည်းငယ်အခက်တွေ့သွားရပါသော်လည်း ထိုအခက်အခဲများမှာ ပျောက်ကွယ်သွားမည်သာဖြစ်သည်။ သူသည် တစ်ကိုယ်ထဲရေရွတ်ကာ မတ်တတ်ထရပ်လိုက်ပြီး ယွမ်ဟိုင်စီရင်စုနယ်မြေကို တစ်ကြိမ်လောက် အလျင်အမြန်စစ်ဆေးရန် ပြင်လိုက်သည်။
ထိုအချိန်တွင် မဟာကောင်းကင်သခင်ထံမှ နတ်ဘုရားအာရုံများ ပေါ်ထွက်လာတော့သည်။ သူသည် တစ်စုံတစ်ခုကြောင့် စိုးထိတ်နေသည်မှာ အထင်အရှားပင်။ မဟာကောင်းကင်သခင်မှာ စကားအပိုများ ပြောမနေတော့ပဲ အလောတကြီးလျှောက်တင်လိုက်တော့သည်။
" မြင့်မြတ်လှသော ကောင်းကင်ဧကရာဇ်ခင်ဗျား ... ကျွန်တော်မျိုးဆီမှာ အရေးကြီးတဲ့ သတင်းတွေ ရှိပါတယ် "
" ကောင်းကင်ဧကရာဇ်ကျဲ့တိက ကောင်းကင်တံတားနယ်မြေက လူတွေကို အလွန့်အလွန် မုန်းတီးနေတာပါ။ ကျွန်တော်မျိုး သူ့ကိူ ဂုဏ်ပြုကြောင်းသတင်းပေးပို့နိုင်ဖို့ ကူညီပေးခဲ့တဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူက ချက်ချင်းပဲ အကျဥ်းချခံလိုက်ရပါတယ် "
" ပြီးတော့ လွန်ခဲ့တဲ့နှစ်နာရီက ကောင်းကင်ဧကရာဇ်ကျဲ့တိက သူ့ပိုင်နက်ထဲမှာ ရှိသမျှ ကောင်းကင်တံတားနယ်မြေက လူတိုင်းကိုဖမ်းဆီးဖို့ အမိန့်ထုတ်ခဲ့တာပါ။ အဖမ်းခံလိုက်ရတဲ့လူအများစုက အဲဒီမှာ ဖွင့်ထားကြတဲ့ ဆိုင်တွေက အလုပ်သမားတွေပါ "
" ပိုဆိုးတာက သူက အဲဒီဖမ်းမိတဲ့လူတွေအားလုံးကို မိစ္ဆာဧကရာဇ်မင်းဆက်ဆီ ပို့ပြီး မိစ္ဆာမင်းသား စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနဲ့ပတ်သတ်တဲ့ လျှို့ဝှက်ချက်တွေကို လေ့လာတဲ့နေရာမှာ အကူအညီပေးနိုင်ဖို့အတွက် လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သခဲ့သေးတာပါ "
" ကျွန်တော်မျိုးရဲ့ သုံးသပ်ချက်သာမှန်မယ်ဆိုရင် ဒီအခြေအနေက ဒီလောက်မရိုးရှင်းဘူး။ ငွေကြေးအနည်းငယ်ကို အသုံးပြုပြီး ဒီအခြေအနေကို ဖြေရှင်းလို့ရတယ်ဆိုပေမဲ့ အရှင်ကိုယ်တိုင် ဦးဆောင်မှရပါမယ် "
မဟာကောင်းကင်သခင်၏ စကားများမှာ နတ်ဘုရားအာရုံမှတစ်ဆင့် ပိုင်ရှောင်ချန်း၏နားထဲ ပဲ့တင်ထပ်နေစဥ် သူက ပျံသန်းလာပြီး လူကိုယ်တိုင် လာတွေ့လိုက်သည်။ ပိုင်ရှောင်ချန်းကမူ မြောက်ဘက်ကို လှမ်းကြည့်လိုက်သည်။
" ခြိမ်းခြောက်ပြီး ငွေညှစ်နေတာလား "
ပိုင်ရှောင်ချန်းက သူ၏ကျင့်ကြံခြင်းအခြေခံကို အကဲခတ်လိုက်ပြီးနောက် သူ့ဆီသို့ လာနေသည့် မဟာကောင်းကင်သခင်ဆီသို့ နတ်ဘုရားအာရုံအချို့ကို စေလွှတ်၍မေးလိုက်သည်။
" သူ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ "
" အစောပိုင်း ကောင်းကင်ဧကရာဇ်အဆင့်ပါ " မဟာကောင်းကင်သခင်က ပြန်ဖြေလိုက်သည်။
" သေချာလား "
" သေချာပါတယ်။ သူ့ကိုပေးဖို့ လိုအပ်တဲ့လက်ဆောင်တွေကိုတောင် ကျွန်တော်မျိုး ပြင်ဆင်ပြီးသွားပါပြီ မြင့်မြတ်လှသော ကောင်းကင်ဧကရာဇ်ခင်ဗျား။ အရှင်... "
သို့သော် သူ မည်သည့်စကားမှ ထပ်မပြောနိုင်ခင် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ စူးရှတောက်ပသွားတော့သည်။
" လက်ဆောင်ဟုတ်လား။ ဒီကောင်းကင်ဧကရာဇ် ကျဲ့တိ ဆိုတဲ့ကောင်က အတော်ကို လူပါးဝနေတာပဲ "
သူသည် တရိပ်ရိပ်မြင့်တက်နေသည့် စွမ်းအင်များဖြင့်အတူ မြောက်ပိုင်းသို့ ပျံသန်းသွားတော့သည်။