← Chapters

အခန်း (၁၈၉-၁၉၁)

Vol. 14 Ch. 189-191

အခန်း (၁၈၉-၁၉၁)

Vol. 14 Ch. 189-191

အပိုင်း(၁၈၉) ဧကရီ မျက်ရည်ကျခြင်း၊ သတ်မှတ်ချက်နှစ်ခု

နန်းတော်တွင် ဧကရီနှင့် ဓားသူတော်စင်တို့ ထိပ်တိုက်ရင်ဆိုင်ရစဉ် လေထုမှာ လေးလံပြီး တင်းမာနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်...

တုန်းဖန်လျူလီက အနည်းငယ် အပြစ်ရှိသလို ခံစားရပုံရသည်။ အထူးသဖြင့် ခင်ပွန်းဖြစ်သူက မိမိအပေါ် ဒေါသထွက်သည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သောကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့သွားပြီး ကန့်လန့်ကာနောက်တွင် ပုန်းအောင်းကာ တိုးတိုးလေး ရေရွတ်နေမိသည်။

ဘာလို့ အရမ်း ကြမ်းတမ်းနေရတာလဲ။ ဒီငါးပိကောင်အရူး... ငါးပိကောင်ငတုံး...

ကျွန်မက ရှင့်ကို စိတ်ပူလို့ပါ။ ရှင်က ဘာလို့ ဒီလိုမျိုး ဆက်ဆံနေရတာလဲ...

တုန်းဖန်လျူလီ၏ မျက်လုံးများ နီရဲနေ၏။ သူက ခေါင်းအုံးကို ရင်ဘတ်တွင် ဖက်ထားပြီး သွယ်လျသော လက်ချောင်းလေးများက ခေါင်းအုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ မျက်ရည်တစ်ပေါက် ပါးပြင်ပေါ်သို့ စီးကျလာသည်။

အမြဲ ခိုင်မာပြီး ဗိုလ်ကျတတ်သော ဧကရီက အပြင်လူများ အရှေ့တွင် အားနည်းချက် မရှိပုံရသည်။

သို့သော် အိမ်တွင်မူ တုန်းဖန်လျူလီက အသက် ၁၈နှစ်၊ ၁၉နှစ် အရွယ်မျှသာရှိသော မိန်းကလေးတစ်ဦးသာ ဖြစ်ပြီး မုန့်ချင်ကျိုး၏ ဤမျှ ပြင်းထန်သော ကြိမ်းမောင်းမှုကို တစ်ခါမျှ မခံခဲ့ရဖူးပေ။

၎င်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေပြီး နှလုံးသားထဲတွင် ကျောက်တုံးကြီးတစ်ခု ပိတ်ဆို့နေသကဲ့သို့ ခံစားရစေသည်။

ရပါတယ်... ရပါတယ်။ ငါးပိကောင်က ငါ့ရဲ့ သရုပ်မှန်ကို မသိဘူးလေ။ သူက တုန်းဖန်လျူလီကို ကြမ်းတမ်းနေတာ မဟုတ်ဘဲ ဧကရီကို ကြမ်းတမ်းနေတာပဲ။ ဟုတ်တယ်... အဲဒါ မှန်တယ်...

ဧကရီက ကြမ်းတမ်းခံရတာ။ အဲဒါက ငါ တုန်းဖန်လျူလီနဲ့ ဘာဆိုင်လို့လဲ။

တုန်းဖန်လျူလီက ရင်ဘတ်ကို ညင်သာစွာ ပုတ်ကာ ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် နှစ်သိမ့်လိုက်ရာ သူ၏ စိတ်အခြေအနေ အနည်းငယ် ကောင်းမွန်လာသည်။

သို့သော် ပြန်တွေးကြည့်လိုက်မိရာ...

ဒီအသုံးမကျတဲ့ အပျင်းကြီးကောင်... ကျွန်မက မဟာကျင်းရဲ့ တာဝန်ကို မထမ်းဆောင်နိုင်ဘူးလို့ ရှင်က ဘယ်လိုလုပ် ပြောရဲတာလဲ။ ရှင်ပြောတာ မှန်ပေမဲ့...

ကျွန်မ တကယ် ငိုချင်နေပြီ...

...

ပလ္လင်၏ ကန့်လန့်ကာတွင် ကိုယ်ပိုင် အကာအကွယ် အတားအဆီးတစ်ခု ရှိသဖြင့် ဝန်ကြီးများရော မုန့်ချင်ကျိုးပါ ၎င်းကို မသိရှိခဲ့ကြပေ။

မဟာကျင်း၏ ကြီးကျယ်ခမ်းနားလှသော ဧကရီက ကန့်လန့်ကာနောက်တွင် ပုန်းအောင်းကာ တိတ်တဆိတ် မျက်ရည်များသုတ်ရင်း ခေါင်းအုံးကို ဖိကာ ငိုယိုနေခဲ့သည်။

"အရှင်မ... ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လို စဉ်းစားထားလဲ။"

"ပြီးတော့ ထပ်ပြီး သတိပေးပါရစေ။ ကျုပ်က အရှင်မရဲ့ သဘောတူညီချက်ကို တောင်းခံနေတာ မဟုတ်ဘဲ အသိပေးနေတာပါ... "

"အရှင်မက မမျှော်လင့်ထားတဲ့ ရှုပ်ထွေးမှုတွေ ဖန်တီးပြီး ကျုပ်ရဲ့အစီအစဉ်တွေကို နှောင့်ယှက်မှာကို စိုးရိမ်လို့သာ သက်သက် မေးနေတာပါ။"

မုန့်ချင်ကျိုးက လက်ကိုင်ထုတ်ကို မှီကာ လက်ချောင်းထိပ်များဖြင့် လက်ကိုင်ကို ပွတ်သပ်နေသည်။

သူ ဂရုမစိုက်သလို ထင်ရသော်လည်း၊ အမှန်တကယ်တွင်မူ သူက တုန်းဖန်လျူလီအတွက် အနည်းငယ် စိတ်မကောင်းဖြစ်နေသည်။

ဧကရီမှာ တုန်းဖန်လျူလီ ဖြစ်ကြောင်း သိလိုက်ရချိန် မုန့်ချင်ကျိုးက ကမ္ဘာကြီးတစ်ခုလုံး ဧရာမ ထရူးမန်းရှိုး တစ်ခု ဖြစ်နေသကဲ့သို့ ခေါင်းမူးသွားပြီး ထို့နောက် သူ၏ ဇနီးကို သနားသွား၏။

ယနေ့တွင် သူက ဧကရီကို နန်းတော်တွင် လူသိရှင်ကြား ကြိမ်းမောင်းခဲ့သည်။

၎င်းမှာ မုန့်ချင်ကျိုး၏ မူလရည်ရွယ်ချက် မဟုတ်ပေ။ အကယ်၍ သူသာ ပိုမို၍ ပြတ်သားမှု မရှိခဲ့လျှင် တုန်းဖန်လျူလီ၏ စရိုက်အရ သူ၏ အကြံပြုချက်ကို သေချာပေါက် ငြင်းပယ်လိမ့်မည်ဖြစ်၍ပင်။

တုန်းဖန်လျူလီ၏ လုံခြုံရေးအတွက် မုန့်ချင်ကျိုး အနည်းငယ် ဗိုလ်ကျရပေမည်။

အချိန်အတော်ကြာပြီးနောက်...

ကန့်လန့်ကာနောက်မှ တိုးညင်းသော အသံတစ်ခု နောက်ဆုံးတွင် ထွက်ပေါ်လာသည်။

"ငါ... ခွင့်ပြုတယ်။"

"ငါ ခွင့်မပြုရင်တောင်မှ မင်းကို တားလို့မရတာကို။ ဘာလို့ ငါ့သဘောထားကို အတင်းတောင်းနေရတာလဲ... "

"ကျေးဇူးတင်ပါတယ် အရှင်မ။"

မုန့်ချင်ကျိုး မတ်မတ်ရပ်ကာ မလှုပ်မယှက်နေပြီး၊ သူ၏ခန္ဓာကိုယ်မှာ လုံးဝ ငြိမ်သက်နေချိန်တွင် ပါးစပ်ကိုသာ လှုပ်ရှားလိုက်သည်။

သို့သော် သူက နားရွက်ကို အနည်းငယ် လှုပ်လိုက်ရာ ဧကရီ၏ အသံတွင် ရှိုက်သံပါနေသည်ကို ကြားလိုက်ရပြီး တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သိလိုက်၏။

ငါ့ဇနီးက ကန့်လန့်ကာနောက်မှာ တိတ်တဆိတ် ငိုနေတာများလား...

မဖြစ်နိုင်ဘူး...

ဒုက္ခပဲ... တခြားသူသာ သူ့ကို စော်ကားခဲ့ရင် လျူလီက သေချာပေါက် ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါသာဆိုရင်တော့…

မုန့်ချင်ကျိုးက သူ၏ နဖူးကို ပုတ်လိုက်ပြီး ပို၍ပင် စိတ်မကောင်းဖြစ်သွားသည်။

သူ့ဇနီးက တိုင်းပြည်သားများ၏ အသက်မွေးဝမ်းကျောင်းမှု၊ အစိုးရရေးရာများ၊ စစ်ရေးနှင့် တိုင်းပြည် မူဝါဒများ အပါအဝင် အမျိုးသားရေးရာ ကိစ္စရပ်များကို စီမံခန့်ခွဲရသဖြင့် သူ၏ သက်တမ်း အစိတ်အပိုင်းတစ်ခုကိုပင် ကုန်ဆုံးစေခဲ့ပြီး ယခုအခါ သူ၏အသက်မှာ မျှင်မျှင်လေးသာ ကျန်တော့သည်။

အခုလုပ်ဖို့ အကောင်းဆုံးအရာက အနောက်ဘက်မှာ နေရာယူထားတဲ့ ဗုဒ္ဓတိုင်းပြည်ကို အမြန်ဆုံး ဖြေရှင်းဖို့ပဲ။ မဟာကျင်းက တောရိုင်းမြေကို စည်းလုံးညီညွတ်အောင် လုပ်ပြီးတော့ ဗုဒ္ဓတိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို သိမ်းပိုက်လိုက်တဲ့အချိန် အသက်ဆက်ပေးနိုင်တဲ့ ရှားပါးရတနာတွေကို ရှာတွေ့ရင် ပိုကောင်းတာပေါ့။

အဲဒီလိုမှ မရှိရင်တော့... စနစ်ကပေးမယ့် ဆုလာဘ်ပေါ်မှာပဲ လောင်းကြေးထပ်ရတော့မှာပေါ့။

စနစ်မှ လက်ရှိပေးထားသော အဓိကတာဝန်မှာ မဟာကျင်း၏ အင်အားကို ပိုမို၍ အားကောင်းလာစေရန်အတွက် ကူညီပေးရန်ဖြစ်သည်။

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို သိမ်းပိုက်ခြင်းဖြင့် ကြီးမြတ်သော ဧကရာဇ်အဆင့်ရှိ အမြင့်ဆုံး ဧကရာဇ်အဆင့် လက်နက်တစ်ခုကို ရရှိခဲ့သည်။ အကယ်၍ ဗုဒ္ဓတိုင်းပြည်ကို သိမ်းပိုက်ကာ တောရိုင်းမြေကို လုံးဝ စည်းလုံးညီညွတ်စေပြီး ကြီးစိုးသော အင်အားစုအဖြစ် တက်လှမ်းနိုင်မည်ဆိုပါက ဆုလာဘ်များမှာ သေချာပေါက် ပို၍ ကြီးမားလာပေလိမ့်မည်။

…

…

"ငါ ပင်ပန်းနေပြီ။ ညီလာခံ ရပ်နားမယ်။"

"မုန့်ချင်း၊ ငါ့ရဲ့ ကိုယ်ရံတော်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ပြီး ငါ့ကို နန်းဆောင်ဆီ ပြန်ပို့ပေး။"

"ကျွန်တော်မျိုးတို့ ခွင့်ပန်ပါတယ်။"

တုန်းဖန်လျူလီက ညီလာခံ ရပ်နားကြောင်း ကြေညာလိုက်ပြီး ဝန်ကြီးအားလုံး ဦးညွှတ်ကာ ရွှေနန်းဆောင်မှ ထွက်ခွာသွားကြသည်။

ဝန်ကြီးများ နောက်ဆုတ်ထွက်ခွာသွားကြစဉ် မုန့်ချင်ကျိုးကို ဖြတ်သွားသည့်အခါ သူတို့၏ မျက်လုံးများတွင် အနည်းငယ် ထူးဆန်းသော အကြည့်များ ပါဝင်နေသည်။

ဒီနှစ်ယောက်က... နန်းတော်ထဲမှာ အတူနေဖို့များ အစီအစဉ် ရှိနေကြတာလား...

ဧကရာဇ်က နန်းတော်အနက်ပိုင်းတွင် နေထိုင်ကြောင်းကို သတိပြုသင့်ပြီး မကြာသေးမီက ကျိမိသားစု၏ ဧည့်သည်များကို အတင်းအကျပ် ဆုတ်ခွာစေခဲ့ကာ သူ၏ မြင့်မားသော အဆင့်အတန်းရှိ စွမ်းအားများကို ရှင်းလင်းစွာ ပြသခဲ့သည်။

နန်းတော်အတွင်း၌ သွားလာခြင်းက ဧကရာဇ်၏ မျက်စိအောက်တွင် သွားလာခြင်းနှင့် အတူတူပင်။

ဧကရာဇ်ရဲ့ဂုဏ်သိက္ခာကို တကယ်ပဲ လုံးဝ ဂရုမစိုက်တာလား။ ဒါမှမဟုတ် လက်ရှိ ဧကရာဇ်က ဖောက်ပြန်တာကို သဘောကျနေတာများလား...

အမှန်တရားကို မသိသော ဝန်ကြီးများက သူတို့၏ စိတ်ကူးယဉ်မှုများဖြင့် ရူးသွပ်နေကြပြီး ပစ္စုပ္ပန်ရွာတွင် တစ်ပိုင်းတစ်စ နေထိုင်သူများဖြစ်သော ဝန်ကြီးများကမူ သိတတ်စွာဖြင့် ပြုံးလိုက်ကြသည်။

ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်။ ငယ်ရွယ်တုန်းမှာ မင်းသားလေးတွေ၊ မြေးလေးတွေ အများကြီး မွေးနိုင်အောင် မြန်မြန် ကြိုးစားကြ။

မဟာကျင်းကို ချဲ့ထွင်ပြီး လူဦးရေ တိုးပွားလာစေမယ့် အရေးကြီးတဲ့ တာဝန်ကြီးကို ဓားသူတော်စင်မုန့်ဆီပဲ အပ်ထားလို့ရတော့မယ်။

သွားလိုက်ပါ ဓားသူတော်စင်။ မင်းမှာသာ သတ္တိရှိမယ်ဆိုရင် ဧကရာဇ်က မင်းကို မီးဖွားခွင့် ပေးလိမ့်မယ်...

တရားရေးဝန်ကြီးက တိတ်တဆိတ် ဝမ်းသာအားရဖြင့် ကျယ်လောင်စွာ ပြုံးလိုက်သည်။

…

...

ဇာမဏီနန်းဆောင်။

မုန့်ချင်ကျိုးက တုန်းဖန်လျူလီနောက်သို့ လိုက်သွားပြီး ဧကရီ၏ နန်းဆောင်သို့ ရောက်သောအခါ စုချင်ချိုးက တံခါးဝတွင် စောင့်နေပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။

"အရှင်မ၊ စောစော အနားယူပါ။ ကျုပ်ကို အခု ပြန်ခွင့်ပြုပါဦး။"

မုန့်ချင်ကျိုးက အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။

"နေဦး... "

တုန်းဖန်လျူလီ၏ အသံမှာ အေးစက်ပြီး ကြည်လင်နေသည်။ သူက ဇာမဏီမျက်လုံးများဖြင့် စုချင်ချိုးကို လှမ်းကြည့်ကာ ပြောလိုက်သည်။ "မင်း အခု နောက်ဆုတ်လို့ရပြီ။"

"မုန့်ချင်း…မင်းအတွက်တော့ ငါနဲ့ အထဲကို လိုက်ခဲ့... "

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး၏ မျက်လုံးများ အထိန်းအကွပ်မရှိ တုန်လှုပ်သွား၏။

ဒုက္ခပါပဲ...

ငါ့ဇနီးမိုက်လေးက ငါ့ကို လက်စားချေဖို့ ကြံစည်နေတာများလား...

လက်စားချေမယ့် နည်းလမ်းနဲ့ ပတ်သက်လို့ကတော့...

အရူးတောင်မှ အဲဒါကို သိနိုင်တယ်လေ...

"အဟမ်း၊ ဒီရက်ပိုင်း ကျုပ် နေသိပ်မကောင်းဘူး။ ပြီးတော့ ကျုပ်ရဲ့ မိန်းမကလည်း အိမ်ပြန်သွားပြီ။ သူ နေမကောင်းတာကနေ သက်သာလာအောင် ပြုစုစောင့်ရှောက်ပေးဖို့ အိမ်ပြန်ရဦးမယ်။" မုန့်ချင်ကျိုးက ပါးစပ်ကို လက်သီးဆုပ်ဖြင့် အုပ်ကာ အကြိမ်အနည်းငယ် ပြင်းပြင်းထန်ထန် ချောင်းဆိုးပြလိုက်သည်။

"ဝါကြီးလည်း ဗိုက်ကြီးနေတဲ့ပုံပဲ။ သူတို့ကို ပြန်ပြီး ပြုစုစောင့်ရှောက်ရဦးမယ်။"

"အိုး ပြီးတော့... အိမ်က ဂျုံခင်းကလည်း မှည့်လုနီးပါး ဖြစ်နေပြီ။ ရိတ်သိမ်းဖို့ ရွာကို ပြန်ရဦးမယ်။"

"လုပ်စရာတွေ အများကြီး ရှိနေသေးလို့ပါ။ နှုတ်ဆက်ပါတယ်... "

ရွှီး...

မုန့်ချင်ကျိုး နောက်လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် တုန်းဖန်လျူလီ၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူ၏ရှေ့တွင် ချက်ချင်း ပေါ်လာသည်။ သူက ဖြူဝင်းသော လက်ကို မုန့်ချင်ကျိုး၏ ရင်ဘတ်ပေါ် တင်ကာ ဇာမဏီနန်းဆောင်ဆီသို့ သူ့ကို အနောက်သို့ တွန်းပို့လိုက်သည်။

သွားနေစဉ်အတွင်း တုန်းဖန်လျူလီက ကြည်လင်အေးစက်သော အသံဖြင့် ပြောလိုက်သည်။

"မင်းက ဘာကို ကြောက်နေတာလဲ..."

"ဧကရာဇ်က နန်းတော်ထဲမှာ ရှိနေသေးတယ်၊ ငါတောင် မကြောက်တာ။ မင်းက ဘာကြောက်စရာ ရှိလို့လဲ။"

"ပြီးတော့ ညီလာခံမှာ ငါ့ကို လူသိရှင်ကြား ကြိမ်းမောင်းရဲတယ်ပေါ့။ ငါ့ဒေါသကို မဖြေဖျောက်ရဘူးဆိုရင် မင်းကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ။"

"အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို မင်းသွားဖို့ ငါ သဘောတူတယ်၊ ဒါပေမဲ့ သတ်မှတ်ချက် နှစ်ခုတော့ ရှိတယ်။"

မုန့်ချင်ကျိုး အသက်ပြင်းပြင်း ရှူလိုက်ပြီး မကောင်းသော ခံစားချက်တစ်ခု သူ့ကို လွှမ်းခြုံလာကာ အတင်းအကျပ် ပြောလိုက်သည်။ "ပြောပါ။"

တုန်းဖန်လျူလီ၏ နှုတ်ခမ်းနီနီလေးများကို အနည်းငယ် စေ့ထားပြီး နှုတ်ခမ်းပေါ်တွင် သဲ့သဲ့လေး အပြုံးတစ်ခု ပေါ်လာသည်။

"ပထမအချက်က လဝက်နေမှ သွား။ ဒီအချိန်အတွင်း ဗုဒ္ဓတိုင်းပြည်ရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းဖို့ ငါ သူလျှိုတွေ လွှတ်ထားမယ်။ ဗုဒ္ဓတိုင်းပြည်အကြောင်း ငါ နားလည်ထားသလောက်ဆိုရင်တော့ သူတို့က မဟာကျင်းကို ထောင်ချောက်ထဲ သွေးဆောင်ဖို့ ပွင့်လင်းတဲ့အကြံအစည်ကို သုံးနေတာဆိုတော့ နန်းရင်းဝန်ကို လွယ်လွယ်နဲ့ ပစ်မှတ်ထားမှာ မဟုတ်ဘူး။ မင်းကို တစ်ယောက်တည်း သွားခွင့်ပြုဖို့ စိတ်အေးရအောင် လုံလောက်တဲ့ သတင်းအချက်အလက်တွေ စုဆောင်းဖို့ လိုတယ်။"

"ဒုတိယအချက်၊ ဒီယင်ယန်ကောင်းကင်ချိတ်ဆက်ကြေးမုံကို မင်းနဲ့အတူ အမြဲတမ်း ယူသွားရမယ်။ ဒါမှ ငါက မင်းကို အဝေးကနေ စောင့်ကြည့်လို့ ရမှာ။"

မုန့်ချင်ကျိုး၏ လည်စေ့မှာ လှုပ်ရှားသွားပြီး သူ၏ နဖူးပေါ်တွင် ချွေးအေးများ ထွက်လာ၏။

ချီးပဲ။ ကြွားဝါရတာက ခဏလေးတော့ ကောင်းတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ဘေးဒုက္ခ ဖြစ်လိမ့်မယ်...

ဒုတိယ သတ်မှတ်ချက်က ရိုးရှင်းပေမဲ့ ပထမ သတ်မှတ်ချက်ကတော့...

ငါ လဝက်လုံးလုံး တုန်းဖန်လျူလီနဲ့ အတူနေရမှာလား...

"အရှင်မကို မေးပါရစေ။ အရှင်မနဲ့ ကျုပ်က ဘယ်လို... လဝက်လုံးလုံး အတူနေရမလဲ..." မုန့်ချင်ကျိုး၏ နှုတ်ခမ်းများ ဖြူရော်သွား၏။

"သေချာတာပေါ့... မင်းထင်သလိုပဲလေ။"

ထိုသို့ပြောရင်း တုန်းဖန်လျူလီ၏ နူးညံ့သော လက်ဖြင့် မုန့်ချင်ကျိုးကို ညင်သာစွာ တွန်းလိုက်ရာ မုန့်ချင်ကျိုးမှာ ကုတင်ပေါ်သို့ လဲကျသွားတော့သည်။

ထိုအခါမှသာ သူ သတိမထားမိဘဲ ဇာမဏီနန်းဆောင်ထဲသို့ နောက်ပြန် လျှောက်လာခဲ့ပြီး အိပ်ခန်းထဲသို့ ရောက်ရှိလာကြောင်း သဘောပေါက်သွား၏။

"တောက်... "

"ကောင်မ။ မင်း ပြစ်မှုကျူးလွန်နေတယ်ဆိုတာ မင်းသိလား။ လဝက်လုံးလုံးကြီးတောင်။. ငါ့ကို မြည်းလို့ ထင်နေတာလား..."

"ချင်းလျူလီ... ငါ့ကို လွှတ်စမ်း... "

"ငါ့အဝတ်တွေကို မဖြဲနဲ့လေ။ ဘုရားရေ၊ ငါ့အဝတ်တွေ အကုန်လုံးကို ဘာလို့ မီးရှို့ပစ်ရတာလဲ... "

…

အပိုင်း(၁၉၀) နန်းရင်းဝန်၏ လက်ရှိအခြေအနေ၊ ဧကရာဇ် နံရံကို မှီနေရပြီ

အနောက်ဘက်အစွန်ဆုံးရှိ ကျယ်ပြောလှသော ကန္တာရကြီးတွင် သဲမုန်တိုင်းများ မကြာခဏ တိုက်ခတ်လေ့ရှိပြီး ကောင်းကင်ယံကို ဖုံးကွယ်ကာ ကမ္ဘာပျက်မည့် မြင်ကွင်းနှင့် ဆင်တူပြီး တောင်တန်းကြီးများကိုပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်နိုင်သည်။

နေ့ဘက်တွင် အပူချိန်မှာ အလွန်ပြင်းထန်ပြီး ချော်ရည်များပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခြေထောက်များ အလွန်ပူလောင်၏။

ညဘက်တွင်မူ အလွန်အမင်း အေးခဲပြီး သာမန်လူတစ်ယောက် ရှူရှိုက်လိုက်သော လေတိုင်းက အဆုတ်ထဲတွင် ရေခဲပွင့်များအဖြစ် အေးခဲသွားနိုင်သည်။

ထိုသို့ကြမ်းတမ်းသော ပတ်ဝန်းကျင်ကြောင့် ကျယ်ပြောလှသော အနောက်ဘက် ဗုဒ္ဓတိုင်းပြည်တွင် သာမန်လူများ နေထိုင်ရန် မဖြစ်နိုင်ပေ။

ဤနေရာတွင် စုဝေးနေကြသူများမှာ တောရိုင်းမြေတစ်ခုလုံးမှ ဇန်ကျင့်ကြံသူများ ဖြစ်ကြသည်။

ကန္တာရ၏ အရှေ့တောင်ဘက်တွင် မိုင်ထောင်ချီ ကျယ်ဝန်းသော အိုအေစစ်တစ်ခု ရှိပြီး နေရာအနှံ့အပြားတွင် စခန်းများ ချထားကာ အိုအေစစ်အထက် ကောင်းကင်ယံတွင် လွင့်မျောနေသော တိုက်ကြီးတစ်ခု ရှိသည်။

အထက်တွင် လွင့်မျောနေသော တိုက်ကြီးတစ်ခု၊ အောက်တွင် စစ်သည် တစ်သန်းကျော် တပ်စွဲထားသော အိုအေစစ်တစ်ခု ရှိပြီး အပြင်ဘက် ပတ်လည်တွင်မူ စစ်သည်များ နေ့ရောညပါ လေ့ကျင့်နေကြသော ဧကရာဇ်အဆင့် အခင်းအကျင်း(၃)ခု ရှိသည်။

ဤအချိန်တွင်။

လွင့်မျောနေသော တိုက်ကြီးပေါ်ရှိ နန်းတော်တစ်ခုအတွင်း၌။

နန်းရင်းဝန် ကျန်းစန်းဟိုင်နှင့် စစ်ဘက်ဝန်ကြီး တစ်စုတို့သည် အလွန်လေးနက်သော မျက်နှာထားများဖြင့် အတူတကွ စုဝေးနေကြသည်။

ကျန်းစန်းဟိုင်သည် ယခင်ကကဲ့သို့ ယဉ်ကျေးပြီး ပေါ့ပေါ့ပါးပါး နေတတ်သူ မဟုတ်တော့ပေ။ လေနှင့် သဲများကြောင့် ကြမ်းတမ်းနေသော သူ၏မျက်နှာမှာ အလွန် ကြမ်းတမ်းနေပုံရသည်။ သူက ကျောက်မျက်ရ တနာများဖြင့် အလှဆင်ထားသော ဝတ်ရုံမှ ချပ်ဝတ်တန်ဆာနှင့် ဓားများဆီသို့ အဝတ်အစားကို ပြောင်းလဲဝတ်ဆင်ထားသည်။ သူ၏ ဆံပင်ဖြူများမှာ ဖရိုဖရဲဖြစ်နေပြီး မျက်လုံးများမှာ ထူးထူးခြားခြား စူးရှနေသည်။

"အားလုံးပဲ၊ အတ္တကင်းမဲ့ဗုဒ္ဓက ကျင့်ကြံရာကနေ ထွက်လာပြီဆိုတဲ့ သတင်းကို ကြားပြီးလောက်ပြီထင်ပါတယ်။" ကျန်းစန်းဟိုင်က ပြောလိုက်သည်။

"စစ်မြေပြင်က အခြေအနေတွေက အမြန်ပြောင်းလဲနေပြီးတော့ ဗုဒ္ဓတိုင်းပြည်ရဲ့ ရည်ရွယ်ချက်ကလည်း ရှင်းလင်းနေပါတယ်။ သူတို့က ငါတို့ကို ဝိုင်းရံပိတ်ဆို့ထားပြီး ဧကရီကို စစ်တပ်နဲ့အတူ ငါတို့ကို ကယ်ဆယ်ဖို့ အတင်းအကျပ် တွန်းအားပေးနေတာ။"

"ဧကရီ လာရဲသရွေ့တော့ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေ အားသာချက်နဲ့ဆိုရင် အတ္တကင်းမဲ့ဗုဒ္ဓကိုယ်တိုင် လှုပ်ရှားစရာတောင် မလိုဘဲ မဟာကျင်းကို အလွယ်တကူ ချေမှုန်းနိုင်မှာပဲ။"

"လွန်ခဲ့တဲ့ အချိန်တိုလေးက မဟာကျင်းနဲ့ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့တို့ တိုက်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ကြတယ်။ ဓားသူတော်စင်ရဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့ ကြိုးစားအားထုတ်မှုတွေ ရှိခဲ့ပေမဲ့လည်း ဒါက အရှုံးနဲ့ရင်းရတဲ့ အောင်ပွဲ တစ်ခုပဲ ဖြစ်ခဲ့တယ်။ ဒီအောင်ပွဲမှာ ကောင်းကင်ပြည်နယ်က ကျိမိသားစုရဲ့ အကူအညီကလည်း မပါမဖြစ်ပါပဲ... "

"ငါတို့ရဲ့ ရန်သူတွေက ဗုဒ္ဓတိုင်းပြည်တင် မကဘဲ တိတ်တဆိတ် အဖျက်အမှောင့်လုပ်ဖို့ ကြံစည်နေတဲ့ ကောင်းကင်ပြည်နယ်က ကျိမိသားစုလည်း ပါနေတယ်။"

ထိုအကြောင်း ပြောနေရင်း…

ကျန်းစန်းဟိုင်၏ စူးရှမှုများ ပေါ်လွင်လာပြီး သူ၏ မျက်လုံးများမှာ သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် အေးစက်စွာ ပြောလိုက်သည်။

"ဗုဒ္ဓတိုင်းပြည်က ငါတို့ကို ငါးစာအဖြစ်သုံးပြီး ဧကရီ အရှင်မနဲ့ အချိန်-နေရာလွတ် ဓားသူတော်စင်တို့ကို သေတွင်းထဲ မျှားခေါ်ဖို့ ရည်ရွယ်ထားတယ်။ ငါတို့က ဒီနေရာမှာ ထိုင်ပြီး အသေခံဖို့ တကယ်ပဲ စောင့်နေကြ တော့မှာလား..."

ထိုစကားကို ကြားသောအခါ အဆင့်မြင့် အရာရှိများ လေးနက်သွားကြပြီး စတင်စကားပြောကြလေသည်။

"လုံးဝ မဖြစ်နိုင်ဘူး။ နန်းရင်းဝန်ရဲ့ အစီအစဉ်က တစ်ဝက် အောင်မြင်နေပြီ။ ကောင်းကင်ပြည်နယ်က ကျိမိသားစုကသာ ရုတ်တရက် အဖျက်အမှောင့် မလုပ်ခဲ့ဘဲ ဧကရီ အရှင်မနဲ့ ဓားသူတော်စင်ရဲ့ စစ်တပ် ဘယ်မှာရှိနေလဲဆိုတာကို ကြိုတင် ပေါက်ကြားမသွားခဲ့ရင်၊ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က ဒီထက်တောင် ပိုမြန်မြန် ရှုံးနိမ့်သွားမှာ။ ဗုဒ္ဓတိုင်းပြည်က ကတုံးဘုန်းကြီးတွေတောင် တုံ့ပြန်ဖို့ အချိန်မရလိုက်အောင်ကို မြန်မှာ။"

"ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က ပျက်စီးသွားပြီ။ အဲဒါကို ပြိုကွဲခွင့်ပေးပြီး ဗုဒ္ဓတိုင်းပြည်ကို အကျိုးအမြတ်တွေ ရယူခွင့် ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ တိုက်မယ်။ ကျုပ်တော့ အရှုံးပေးမယ့်အစား သေလိုက်တာကမှ ပိုပြီးတော့ ကောင်းဦးမယ်။ မသေခင်မှာ ဒီကတုံးဘုန်းကြီးတွေကို အကြီးအကျယ် ထိခိုက်အောင် လုပ်သွားမယ်။"

ကျန်းစန်းဟိုင် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး စုဝေးနေသော မျိုးချစ်ပုဂ္ဂိုလ်များကို ကြည့်ကာ နောက်ဆုံးတွင် သဲ့သဲ့လေး ပြုံးလျက် ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ ကျန်းစန်းဟိုင်က အဲဒီလောက် မမိုက်မဲပါဘူး။"

"စစ်သည် တစ်သန်းနဲ့ ဗုဒ္ဓတိုင်းပြည်က ကတုံးဘုန်းကြီးတွေကို အပြန်အလှန် ပျက်စီးသွားအောင် ဦးဆောင်ပြီး ငါက သေတဲ့အထိ တိုက်မယ်လို့ လူတိုင်းက ထင်ခဲ့ကြတာ။ ဒါကြောင့်မို့လို့ ဒီကတုံးဘုန်းကြီးတွေက မိုင်သောင်းချီ အကွာအဝေးကနေ စောင့်ကြည့်ရဲရုံပဲရှိပြီး တစ်လက်မတောင် ရှေ့မတိုးရဲကြတာလေ။ အဟက်... "

သူ ဦးဆောင်လာခဲ့သော လက်ရွေးစင် စစ်သည်တစ်သန်းမှာ မဟာကျင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ အကယ်၍ သူတို့အားလုံး ဆုံးရှုံးသွားပါက အနာဂတ်တွင် ဗုဒ္ဓတိုင်းပြည်ကို အနိုင်ရရှိခဲ့လျှင်ပင် သူတို့၏ အင်အားကို ပြန်လည်ရရှိရန် အချိန်အတော်ကြာ ခက်ခဲပေလိမ့်မည်။

"နန်းရင်းဝန်မှာ ဘယ်လို အကြံဉာဏ်ကောင်းတွေ ရှိလဲဆိုတာ မေးခွင့်ပြုပါ။" အစောင့်တပ်ဖွဲ့၏ တပ်မှူး လင်းလုက မေးလိုက်သည်။

ကျန်းစန်းဟိုင်က ထိုလူကို ကြည့်လိုက်သည်။ မြို့တော်မှ ပထမဆုံး ထွက်လာစဉ် သူသည် သန့်ရှင်းသပ်ရပ်သော လူငယ်လေးတစ်ဦး ဖြစ်သည်။ လအနည်းငယ် အတွင်းမှာပင် လင်းလုသည် စစ်သူကြီးဟောင်းတစ်ဦး၏ တည်ငြိမ်အေးဆေးသော ဟန်ပန်မျိုးကို ရရှိလာခဲ့သည်။

"ရိုးရှင်းပါတယ်။ ဗုဒ္ဓတိုင်းပြည်က ငါတို့ကို ငါးစာအဖြစ် သုံးတယ်။ ငါတို့ကို မတိုက်ခိုက်ဘဲ ဝိုင်းရံထားပြီးတော့ ငါတို့ရဲ့ ရိက္ခာနဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ကာ သေတဲ့အထိ ပင်ပန်းနွမ်းနယ်သွားအောင် အတင်းအကျပ် လုပ်နေတာ... "

"ပြီးတော့ အဲဒါက သူတို့ရဲ့ အားနည်းချက်ပဲ... "

ကျန်းစန်းဟိုင်၏ အကြည့်များ နက်ရှိုင်းသွားပြီး စားပွဲကို လက်ညှိုးဖြင့် ညင်သာစွာ ခေါက်ရင်း အေးဆေးစွာ ပြောလိုက်သည်။

"ဗုဒ္ဓတိုင်းပြည်ရဲ့ နယ်စပ်နဲ့ ကပ်လျက်မှာ လျှို့ဝှက်နယ်မြေတစ်ခု ရှိတယ်။ အဲဒီမှာ လမျိုးနွယ်လို့ခေါ်တဲ့ ရှေးဟောင်း မျိုးနွယ်စုတစ်စု နေထိုင်ကြတယ်။"

"လမျိုးနွယ်တွေဟာ မူလက ကျယ်ပြောလှတဲ့ အနောက်ပိုင်း ဗုဒ္ဓတိုင်းပြည် ကန္တာရထဲက နေထိုင်သူတွေပဲ။ နောက်ပိုင်းမှာ အင်အားကြီးမားတဲ့ ဗုဒ္ဓတိုင်းပြည်ရဲ့ ဖိအားကြောင့် လမျိုးနွယ် ၉၀%လောက် မျိုးတုံး သတ်ဖြတ်ခံခဲ့ရပြီးတော့ ၁၀% လောက်ပဲ ပျောက်ဆုံးပုလဲ လျှို့ဝှက်နယ်မြေထဲမှာ ပုန်းအောင်းကျန်ရစ်ခဲ့တယ်။"

"နှစ်ပေါင်းထောင်ချီကြာအောင် အင်အားပြန်လည် ဖြည့်တင်းပြီးနောက်မှာ ပျောက်ဆုံးပုလဲ လျှို့ဝှက်နယ်မြေမှာ အခြေခံအုတ်မြစ် အတိုင်းအတာတစ်ခုအထိ ရှိလာခဲ့တယ်။ ဗုဒ္ဓတိုင်းပြည်တစ်ခုလုံးကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပေမဲ့၊ သူတို့ ငါတို့နဲ့သာ ပူးပေါင်းမယ်ဆိုရင် တိုက်ခိုက်နိုင်စွမ်း မရှိဘူးလို့တော့ မဆိုနိုင်ဘူး။"

"ဗုဒ္ဓတိုင်းပြည်က မတိုက်ခိုက်ဘဲ ဝိုင်းရံထားဖို့ပဲ မူဝါဒ ချမှတ်ထားတဲ့အတွက် သူတို့က ငါတို့ကို စောင့်ကြည့်နေပြီး ဗုဒ္ဓတိုင်းပြည်ကနေ ထွက်မသွားအောင်ပဲ တားဆီးထားလိမ့်မယ်။ သူတို့က ဘယ်တော့မှ အရင်စပြီး တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါတို့ရဲ့ စစ်တပ်ကို အုပ်စုသုံးစု ခွဲမယ်။"

"လမ်းတစ်လျှောက်မှာ ပြောက်ကျားစစ်ဆင်ရေးတွေ လုပ်ပြီးတော့ ဗုဒ္ဓတိုင်းပြည်ရဲ့ အာရုံစိုက်မှုကို ရအောင် ရုတ်ရုတ်သဲသဲ လုပ်မယ်။ ကျန်တဲ့အုပ်စုကတော့ လမျိုးနွယ်တွေနဲ့ ဆက်သွယ်ဖို့ ပျောက်ဆုံးပုလဲ လျှို့ဝှက် နယ်မြေဆီ တိတ်တဆိတ် သွားမယ်။"

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းစန်းဟိုင်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ ပြောလိုက်သည်။

"နောက်ဆုံးခရီးစဉ်ကိုတော့ ဒီအဘိုးကြီး တာဝန်ယူမယ်... "

"တောင်တန်းနဲ့မြစ်မြေပုံနဲ့ အိုအေစစ်ကို ငါစောင့်ရှောက်မယ်။ လိုအပ်လာရင် ကောင်းကင်ယံမှာ ပုန်းနေတဲ့ ဗုဒ္ဓတိုင်းပြည်ဆီကို တိုက်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ ငါ ရိုက်ချပစ်မယ်။"

ကျန်းစန်းဟိုင်၏ အသံမှာ ပြတ်သားနေပြီး တိမ်ကင်းစင်နေသော ကောင်းကင်ကို မော့ကြည့်လိုက်၏။

၎င်းမှာ သူ၏ နောက်ဆုံးတိုက်ကွက်ပင်...

ထိုအရာက ဧကရာဇ်ဆီကလာသော စကားများး ဖြစ်သည်။

ဗုဒ္ဓတိုင်းပြည်၏ လျှို့ဝှက်ဌာနချုပ်က ကောင်းကင်ယံတွင် ပုန်းကွယ်နေကြောင်း ဧကရာဇ် တစ်ခါက ဖွင့်ဟပြောပြခဲ့ဖူး၏။

သူတို့က မမြင်ရရုံသာ။ သို့သော်လည်း သူတို့က ထိုနေရာတွင် အမြဲတမ်း ရှိနေကြသည်။

ယခုအချိန်မှာပင် မရေမတွက်နိုင်သော ဗုဒ္ဓများက သူတို့ကို အပေါ်မှ ပြုံးပြီး ကြည့်နေသည်မျိုးပင် ဖြစ်နိုင်၏။

"နန်းရင်းဝန်... " စစ်သူကြီးများ တိတ်ဆိတ်နေကြသည်။

သွေးနှင့် မီးတောက်များဖြင့် နှစ်ခြင်းခံခဲ့ရသော ဤကာလအပြီးတွင် သူတို့အားလုံး ပြောင်းလဲသွားခဲ့ကြပြီး ဤသည်မှာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ကြောင်းကို သိရှိကြ၏။

မည်သူကမျှ ကျန်းစန်းဟိုင်ကို တားဆီးရန် မကြိုးစားခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ လက်ရှိတွင် အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ကြောင်းကို သူတို့ သိသောကြောင့်ပင်။

သူတို့တစ်ဦးစီတိုင်းက မဟာကျင်းကို စည်းလုံးညီညွတ်စေရေးအတွက် စွန့်လွှတ်အနစ်နာခံရန် ဆန္ဒရှိကြသည်၊ နန်းရင်းဝန် ကျန်းစန်းဟိုင် အပါအဝင်ပင်။

…

...

နှစ်ပတ်အကြာ။

နောက်တစ်နေ့ မနက်ခင်းဝယ်။

နှစ်ပတ်လုံးလုံး ဧကရီက ညီလာခံသို့ တစ်ကြိမ်မျှ မတက်ရောက်ခဲ့သလို ဓားသူတော်စင် မုန့်ချင်းသည်လည်း လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။

ဝန်ကြီးများက အသံတစ်သံမျှ မထွက်ရဲကြသလို ဆွေးနွေးခြင်းကိုလည်း ပို၍ပင် မလုပ်ရဲကြပေ။

ကိစ္စများကို လူတိုင်းသိကြသော်လည်း မည်သူကမျှ ဖွင့်ဟမပြောရဲကြပေ။

ယနေ့ရောက်သည်အထိ စုချင်ချိုးက စာကြည့်ဆောင်ထဲမှ မှတ်တမ်းလွှာ တစ်ပုံကြီးကို ပိုက်ကာ ကမန်းကတန်း ထွက်လာခဲ့သည်။ ဤကာလအတွင်း ဧကရီက တိုင်းပြည်ရေးရာများကို လျစ်လျူရှုထားပြီး မနက်ခင်း ညီလာခံများသို့လည်း မတက်ရောက်ခဲ့သဖြင့် ကိစ္စအကြီးအသေး အားလုံးကို စုချင်ချိုးထံ လွှဲအပ်ထားခဲ့သည်။

စုချင်ချိုးမှာ အလွန် အလုပ်များနေသဖြင့် ဖနောင့်နှင့် ခေါင်းနောက်စေ့ပင် ထိလုမတတ်ဖြစ်နေပြီး သူ၏ လှပသော မျက်လုံးလေးများတွင် မျှော်လင့်ချက်မဲ့မှုများ အပြည့်အဝ ရှိနေသည်။

"ဧကရီ အရှင်မက အချိန်တိုင်း အရမ်း အလုပ်များနေမှာပဲ။ တာဝန် နည်းနည်းလေးကို ငါ ယူထားရတာတောင် အရမ်း ပင်ပန်းလွန်းလို့ ဆက်တောင် မရှင်ချင်တော့ဘူး။"

စုချင်ချိုးက ပက်လက်လှန်နေပြီး မျက်နှာပေါ်တွင် မျှော်လင့်ချက် လုံးဝမဲ့နေသည့် အမူအရာများ ပြည့်နှက်နေ၏။

"ဧကရီ အရှင်မနဲ့ ဧကရာဇ်တို့ ဘာတွေလုပ်နေကြတာလဲ။ လဝက်တောင် ရှိနေပြီ။ သူတို့တွေ နတ်ဘုရား စွမ်းရည်တွေကို သုတေသန လုပ်နေကြတာလား။"

"ဟွန်း... ဒီလိုကောင်းတဲ့ကိစ္စမျိုးမှာ ငါ ဘာလို့ မပါရတာလဲ... "

"ငါလည်း တိုးတက်ချင်တာပဲ... "

စုချင်ချိုးက မကျေနပ်ချက်များကို တိုးတိုးလေး ညည်းတွားနေစဉ်မှာပင် ခါးကိုင်းနေသော ပုံရိပ်တစ်ခုက နံရံကို မှီကာ တုန်တုန်ယင်ယင်နှင့် ဖြတ်လျှောက်သွားသည်။

"ဟင်..."

စုချင်ချိုး ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ထွက်သွားသော ပုံရိပ်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ မဝံ့မရဲဖြင့် လှမ်းခေါ်လိုက်သည်။ "..."

အဲဒါ... မိန်းမစိုးလား...

"ရှင့်နာမည် ဘယ်လိုခေါ်လဲ။ နန်းတော်ထဲမှာ ရှင့်ကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး။"

ထိုလူက မငြိမ်မသက်ဖြင့် နောက်လှည့်လာပြီး ပြောလိုက်သည်။ "ချင်ချိုး၊ မင်းပဲ။ ငါ့ကို အိမ်အထိ ကူတွဲပေးဦး။"

စုချင်ချိုး၏ လှပသော မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်ကို အုပ်ကာ မယုံကြည်နိုင်စွာ အာမေဍိတ်သံ ထွက်သွားသည်။

"သခင်လေး... "

"သခင်လေး ဘာဖြစ်သွားတာလဲ။ တစ်ယောက်ယောက်က ဆရာ့ကို အကုန်စုပ်ယူသွားတာလား..."

မုန့်ချင်ကျိုး၏ နှုတ်ခမ်းများမှာ ဖြူရော်နေပြီး သွေးဆုတ်နေကာ ပါးပြင်များ အနည်းငယ် ချိုင့်ဝင်နေပြီး သူ၏ မျက်ကွင်းညိုမှုများမှာ အလွန်သိသာထင်ရှားနေသဖြင့် သူ၏ ဝိညာဉ်ကို ဆုံးရှုံးသွားသကဲ့သို့ ပုံပေါက်နေ၏။

"ဘာမှမမေးနဲ့။ ငါ့ကိုသာ အိမ်ပြန်ရောက်အောင် ကူတွဲပေး။"

မုန့်ချင်ကျိုးက လက်ဝှေ့ယမ်းလိုက်၏။

ရယ်စရာကောင်းလိုက်တာ...

၁၅ရက်၊ ၁၅ညတိတိ နေ့ရောညပါ အနားမရဘဲ “အပြစ်ပေးခံရတာ”က အသန်မာဆုံး ယောကျ်ားကိုတောင် ချိုးဖျက်ပစ်နိုင်တယ်လေ။

သူ ခံနိုင်ရည် ရှိခဲ့သည်မှာ တကယ်ကို မှတ်သားလောက်စရာပင်။

သူက အလွန်တရာကို သန်မာပြီး ထူးကဲလွန်းလှ၏။

….

အပိုင်း(၁၉၁) မထွက်ခွာခင် မိန်းကလေးနှစ်ဦး၏ တောင်းဆိုချက်

ဇာမဏီနန်းဆောင်။

တုန်းဖန်လျူလီက တင်ပလ္လင်ခွေထိုင်နေပြီး မျက်လုံးအိမ်များတွင် တောင်ပံခတ်နေသော ဇာမဏီငှက်၏ ပုံရိပ်တစ်ခု ထင်ဟပ်နေကာ ၎င်း၏အဟုန်မှာ ရိုက်ခတ်ပြီးနောက် တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာသွားသော လှိုင်းလုံးကြီးများနှင့် တူနေ၏။

"ကံကောင်းလို့ ငါ့မှာ ဧကရာဇ်အဆင့် အစစ်အမှန် ဇာမဏီခန္ဓာကိုယ် ရှိနေပြီးတော့ အစစ်အမှန် ဇာမဏီ အမွေအနှစ်ကြောင့် အခုချိန်အထိ တောင့်ခံထားနိုင်တာ။"

"ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်းကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ အဲဒီအဆင့်ရောက်ရင် သက်တမ်းက အများကြီး ရှည်လာလိမ့်မယ်။ သုံးနှစ်လောက်တော့ ခန့်မှန်းရတယ်။"

"ဒါပေမဲ့ တိုက်ပွဲဝင်ရတိုင်း ငါ့ရဲ့ သက်တမ်းတွေကို လောင်ကျွမ်းနေရတယ်။ ကောင်းကင်ထောက်တိုင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ဖောက်ထွက်နိုင်မှပဲ ဒီအန္တရာယ်ကို လုံးဝ ဖယ်ရှားပစ်နိုင်လိမ့်မယ်... "

တုန်းဖန်လျူလီ၏ လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးဖြာမှု အနည်းငယ် ကျန်ရစ်နေဆဲဖြင့် တိတ်တဆိတ် ရေရွတ်လိုက်သည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း ရူးသွပ်မှုများကို ပြန်အမှတ်ရကာ သူ၏ ပန်းရောင်လျှာလေးဖြင့် နှုတ်ခမ်းနီနီလေးများကို သပ်လိုက်ပြီး ၎င်းကို အနည်းငယ် စွဲလမ်းနေသလို ခံစားလိုက်ရသည်။

"ချင်ကျိုးရဲ့ အနှစ်သာရ သွေးတွေထဲမှာ ဖန်ဆင်းခြင်းစွမ်းအားတွေ ပါဝင်နေပြီးတော့ ဒါက အထွတ်အမြတ် ခန္ဓာကိုယ်တစ်ခုရဲ့ လက္ခဏာပဲဆိုတာ ရှင်းနေတယ်။ ထူးဆန်းတာကတော့ သူက ဓားကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူးလား။"

လူသားမျိုးနွယ်၏ အထွတ်အမြတ်ခန္ဓာကိုယ် ဆိုသည်မှာ ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်ပြီး နှစ်သောင်းချီကြာမှ တစ်ကြိမ်သာ ပေါ်ပေါက်လာတတ်၏။

၎င်းက ခွန်အားနှင့် ခန္ဓာကိုယ် အမျိုးအစား နှစ်ခုစလုံး၏ အထွတ်အထိပ်ဟု ဆိုနိုင်သည်။ ထိုခန္ဓာကိုယ်မျိုး မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် ရွှေခေတ်တစ်ခုကို သေချာပေါက် ဆောင်ကြဉ်းလာမည်ဖြစ်ကာ ပါရမီရှင်များ အားလုံးသည် အထွတ်အမြတ်ခန္ဓာကိုယ်ဘုရင်တစ်ပါး ဖြစ်လာမည့် လမ်းကြောင်းပေါ်တွင် အလောင်းကောင်များ အဖြစ်သို့ ပြောင်းလဲသွားရမည် ဖြစ်သည်။

အထွတ်အမြတ်ခန္ဓာကိုယ် အပြည့်အဝ ဖွံ့ဖြိုးလာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ အဆုံးအစမရှိသော စွမ်းအားက မိုင်သောင်းချီ အကွာအဝေးမှပင် ရန်သူ၏ ခေါင်းကို ရိုက်ချေနိုင်စွမ်း ရှိစေသည်။

အခြားတစ်ဖက်တွင်မူ ဓားကျင့်ကြံသူများက ကောင်းကင်နှင့် လူသားတို့၏ ပေါင်းစည်းမှု၊ ဓားအသိကို နားလည်သဘောပေါက်မှု၊ တာအို၊ အဟုန်၊ နည်းလမ်းများ ၊အတတ်များ စသည်တို့ကို အလေးပေးကြသည်။

ဘဝကို ဓားသိုင်းပညာ လေ့လာခြင်းနှင့် ဓားများကို သူ၏မိတ်ဆွေများအဖြစ် သတ်မှတ်ခြင်းတွင် ကုန်ဆုံးခဲ့သည်။

အတိုင်းအတာတစ်ခုအထိ ပြောရလျှင် ဓားကျင့်ကြံသူများက အထူးသဖြင့် အားကောင်းသော ကျင့်ကြံမှုပါရမီကို မလိုအပ်ပေ။ သူတို့တွင် လုံလောက်သော နားလည်သဘောပေါက်နိုင်စွမ်း ရှိပြီး လုံလောက်စွာ အစွမ်းထက်သော ဓားတာအိုကို နားလည်သဘောပေါက်နိုင်သရွေ့ သူတို့၏ အရည်အချင်း ညံ့ဖျင်းနေလျှင်ပင် အဆင့်တူသော ကြောက်မက်ဖွယ် ပါရမီရှိသူများကိုပင် အနိုင်ယူနိုင်၏။

"ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ... "

တုန်းဖန်လျူလီ ခဏတာ တွေးတောနေပြီးနောက် ထိုသံသယကို ရင်ထဲတွင် မျိုသိပ်ထားလိုက်သည်။

ထို့နောက် ချက်ချင်းပင် သူ၏ အကြည့်က ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး မြို့တော်ရှိ ချင်းစံအိမ်တွင် အားဆေးများကို ဂမူးရှူးထိုး သောက်နေသော မုန့်ချင်ကျိုးကို မြင်လိုက်ရသည်။

"ကြည့်ရတာ ချင်ကျိုးက သိပ်မကြာခင် ဗုဒ္ဓတိုင်းပြည်ဆီကို ထွက်ခွာတော့မယ့်ပုံပဲ။"

ထိုအကြောင်းကို တွေးမိပြီး တုန်းဖန်လျူလီက လက်လှမ်းကာ စာကြည့်ဆောင်ရှိ စားပွဲပေါ်မှ လျှို့ဝှက်စာလွှာ အထပ်လိုက်ကို ယူလိုက်သည်။

လျှို့ဝှက်စာလွှာကို "[ဧကရီကိုယ်တိုင် ဖွင့်ဖတ်ရန်]" ဟူ၍ ရေးသားထားသော စည်းတံဆိပ်ဖြင့် ချိတ်ပိတ်ထားသည်။

ချိတ်ပိတ်ထားသော တံဆိပ်ကို ဖောက်၍ စာအိတ်ထဲမှ စာရွက်ကို ထုတ်ယူလိုက်သည်။ ခေါင်းစဉ်တွင် [အနောက်ဘက် ဗုဒ္ဓတိုင်းပြည်မှ လျှို့ဝှက်သတင်းပေးပို့ချက်] ဟု ရေးသားထား၏။

အချိန်အနည်းငယ် ကြာပြီးနောက်။

လျှို့ဝှက်စာလွှာကို ဖတ်ပြီးနောက် တုန်းဖန်လျူလီ မတ်တပ်ရပ်လိုက်ပြီး သူ၏ နက်ရှိုင်းသော အကြည့်များက အနောက်ဘက်သို့ စူးစိုက်နေကာ နေရာလွတ်တွင် လှိုင်းဂယက်တစ်ခု ပျံ့နှံ့သွားသည်။

ဧကရီ၏ ပုံရိပ်က ဇာမဏီနန်းဆောင်မှ ပျောက်ကွယ်သွားတော့သည်။

…

...

တိုင်းပြည်၏ မဏ္ဍိုင်ကြီးဖြစ်သော စစ်သူကြီး၏ စံအိမ်။

ဓားသိုင်း လေ့ကျင့်နေသော ချင်းဖုန်းဟော်က ဧကရီ၏အသံကို သူ၏နားထဲတွင် ရုတ်တရက် ကြားလိုက်ရသည်။

"အပြင်မှာ ကိစ္စနည်းနည်း ရှိလို့ သွားရမယ်။ ငါမရှိတဲ့ အချိန်အတွင်း မြို့တော်ကို စောင့်ရှောက်ဖို့ မင်းမှာ တာဝန်ရှိတယ်။ ပြီးတော့ ဒါကို လျှို့ဝှက်ထားပါ။ ဧကရာဇ်ကိုတောင် လုံးဝ မပြောရဘူး။"

"ဒါပဲ။ မင်း ကြိုးကြိုးစားစား ကျင့်ကြံသင့်တယ်။ ဧကရာဇ်က နန်းရင်းဝန်ကို ကယ်တင်ပြီးတာနဲ့ မင်းရဲ့ဓားက ဗုဒ္ဓကျင့်ကြံသူတွေရဲ့ သွေးတွေနဲ့ ပြည့်နှက်သွားစေရမယ်လို့ ငါ ကတိပေးတယ်။"

မထွက်ခွာမီ တုန်းဖန်လျူလီက တိမ်တိုက်များထက်တွင် ရပ်နေကာ စည်ကားနေသော မြို့တော်ကြီးကို နောက်လှည့်ကြည့်လိုက်၏။

ဤနေရာသည် သူ မွေးဖွားကြီးပြင်းခဲ့သော နေရာဖြစ်သည်။

သူက ဤမြေ၏ ထောင့်တိုင်းကို ရင်းနှီးကျွမ်းဝင်၏။

သူ၏ အကြည့်သည် မြို့တော်၏ လမ်းမများနှင့် လမ်းကြားများ၊ နန်းတော်၊ စာကြည့်ဆောင်၊ ပစ္စုပ္ပန်ရွာ၏ အုပ်ကြွပ်စိမ်း အိမ်လေးများ၊ ချင်းစံအိမ်... တို့အပေါ်သို့ ဝေ့ကြည့်သွားသည်။

အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် တုန်းဖန်လျူလီက ပြတ်သားစွာ နောက်လှည့်လိုက်ပြီး အကြည့်များမှာ စူးရှသွားတော့သည်။

ထို့နောက် သူက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်း မိုင်ထောင်ချီ ခရီးကို ဖြတ်ကျော်သွားပြီး မဟာကျင်း၏ မြို့တော်မှ ထွက်ခွာကာ အနောက်ဘက်သို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

ချင်းဖုန်းဟော်၏ ဓားကိုင်ထားသော လှုပ်ရှားမှုများ တောင့်တင်းသွားပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ၊ ရုတ်တရက် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ဓားကို မြေကြီးထဲသို့ စိုက်ချလိုက်သည်။

"အရှင်မ... "

"ဒီဝန်ကြီးက မြို့တော်ကို အသက်ပေးပြီး ကာကွယ်ပါ့မယ်လို့ သစ္စာဆိုပါတယ်... "

…

...

တစ်ချိန်တည်းမှာပင်။

ချင်းစံအိမ်။

မုန့်ချင်ကျိုးက အမှောင်ထုထဲတွင် တစ်ခုခုကို အာရုံခံမိသကဲ့သို့ ရုတ်တရက် နောက်လှည့်ကြည့်ပြီး တကိုယ်တည်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဝေးကြီးကနေ ဘယ်သူကများ လှမ်းကြည့်နေတာလဲ။ တော်တော်လေး ရင်းနှီးနေသလိုပဲ။"

သေချာ စဉ်းစားကြည့်ပြီးနောက် အတွေးလွန်နေသည်ဟု တွေးကာ လှမ်းခေါ်လိုက်သည်။

"ချင်ချိုး။ လျူလီ အိမ်မပြန်လာသေးဘူးလား။"

စုချင်ချိုးက အလျင်စလို ရေးသားနေမှုကို ရပ်တန့်လိုက်ရာ မှတ်တမ်းလွှာက စားပွဲပေါ်သို့ ပြုတ်ကျသွားသည်။ မုန့်ချင်ကျိုး၏ အသံကို ကြားမှသာ သူ တွေဝေရာမှ သတိဝင်လာပြီး ပြောလိုက်သည်။

"မမလေးက... "

"သူ လောလောဆယ် ပြန်လာမှာ မဟုတ်ဘူး။ အရေးတကြီး ကိစ္စရှိလို့ဆိုပြီး ပြောသွားတယ်။"

မုန့်ချင်ကျိုး ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

လူလည်မလေး။ မင်းက ဒီမှာ လှဲနေပြီး ဆင်ခြေတွေ ပေးနေတာပဲ။ မင်း ဇာမဏီနန်းဆောင်ထဲမှာ ပုန်းအောင်းပြီး ခွန်အားတွေကို တိတ်တဆိတ် ပြန်လည်ဖြည့်တင်းနေတာ ဖြစ်ရမယ်။

"သူ့ကို တွေ့ချင်နေသေးတာ၊ နှမြောစရာပဲ။"

မုန့်ချင်ကျိုးက ကျန်ရှိနေသေးသော နတ်ဘုရားအဆင့် ခွေးစာအနည်းငယ်ကို ထုတ်ယူကာ ဝူတျဲထံ အားလုံး ပစ်ပေးလိုက်ပြီး ညွှန်ကြားလိုက်သည်။

"မှတ်ထား။ တစ်နေ့ကို ထမင်းတစ်ပန်းကန်ဆို လုံလောက်ပြီ။ ဝါကြီးကို အများကြီး မကျွေးနဲ့။"

ခွေးစာအိတ်ကို ဖက်ထားသော ဝူတျဲက နှုတ်ဆက်ခွဲခွာမည့် လေသံကို ကြားရာ တင်းမာသွားပြီး ပြောလိုက်သည်။

"သခင်လေး... သခင်လေးက ဗုဒ္ဓတိုင်းပြည်ကို သွားမလို့လား။"

ဧကရာဇ် မြို့တော်သို့ပြန်လာပြီးကတည်းက သူသည် အိမ်သို့ ရှားရှားပါးပါး ပြန်လာလေ့ရှိပြီး သူတို့က အချိန် အကြာကြီး ခွဲခွာနေခဲ့ရသည်။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို အနိုင်ယူပြီး မကြာမီ မြို့တော်သို့ ပြန်လာခဲ့ပြီး လဝက်ခန့် ကြာခဲ့သော်လည်း သူသည် ညီလာခံ တစ်ခုကိုမျှ မတက်ရောက်ခဲ့ပေ။ နန်းတော်ထဲတွင် ပုန်းအောင်းနေပြီး ဧကရီနှင့်အတူ အသက်မွေးဝမ်းကျောင်းမှု အကြောင်းများ ဆွေးနွေးရန် အလုပ်များနေခဲ့၏။ သူ အိမ်ပြန်လာတိုင်း သူတို့ ထပ်မံ ခွဲခွာရပြန်သည်။ ဝူတျဲအတွက် ၎င်းကို လက်ခံရန် ခက်ခဲလှ၏

"သခင်လေး။ ဝူတျဲကို သခင်လေးနဲ့အတူ ခေါ်သွားလို့ ရမလား။ ကျွန်မလည်း သခင်လေးနဲ့အတူ ဆိုးတူ ကောင်းဖက် ရပ်တည်ချင်ပါတယ်... "

"ချင်ချိုးလည်း လိုက်ချင်တယ်... "

မုန့်ချင်ကျိုး အနည်းငယ် မှင်သက်သွားပြီးနောက် စုချင်ချိုး၏ ခေါင်းကို ပွတ်သပ်ကာ ရယ်မောလိုက်သည်၊ "မင်းတို့ ဘာတွေ တွေးနေတာလဲ။"

ဒီကောင်မလေး လွန်ခဲ့တဲ့ နှစ်ပတ်လုံးလုံး အရမ်း အလုပ်များနေခဲ့တာ၊ အလုပ်ထွက်ချင်စိတ် ပေါက်နေလောက်ပြီ ဆိုတာ ငါ လောင်းရဲတယ်။ သူ ငါနဲ့အတူ အပြင်ထွက်ပြီး စူးစမ်းလေ့လာတာ ပိုကောင်းမယ်။

ဝူတျဲအတွက်တော့...

"သခင်လေး... " ဝူတျဲက စုချင်ချိုးကို ပွတ်သပ်ပေးနေသော မုန့်ချင်ကျိုး၏ လက်ကြီးကို မနာလိုစွာ ကြည့်နေပြီး သူ၏ နှုတ်ခမ်းများမှာ ဝမ်းနည်းမှုကြောင့် တုန်ယင်နေကာ လှပသော မျက်လုံးလေးများတွင် မနာလိုမှု၊ တောင့်တမှုနှင့် စိတ်ပျက်မှု အရိပ်အယောင် အနည်းငယ် ပြည့်နှက်နေ၏။

ငါက နောက်ဆုံးတော့ ဒီမိသားစုမှာ အပြင်လူတစ်ယောက် ဖြစ်နေတာလား...

"ဝူတျဲ၊ ငါ မင်းကို မခေါ်သွားချင်လို့ မဟုတ်ပါဘူး။ ဗုဒ္ဓတိုင်းပြည်ဆီ သွားမယ့် ခရီးစဉ်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီး ငါကိုယ်တိုင်တောင် အသက်ရှင်လျက် ပြန်လာနိုင်မယ်လို့ အာမမခံနိုင်ဘူး။"

"ငါ မင်းကို မကာကွယ်နိုင်မှာ စိုးရိမ်လို့ပါ။" မုန့်ချင်ကျိုးက လေးနက်စွာ ပြောလိုက်သည်။

ယခင်ဘဝတွင် သူသည် တရုတ်မှ လူတစ်ဦး ဖြစ်ခဲ့သည်။ သူ အတန်ဖိုးထားဆုံးအရာမှာ မိသားစု ဖြစ်သည်။ သူ မည်မျှကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်ရပါစေ သူ၏ မိသားစုသာ မပါဝင်ပါက ကိစ္စမရှိပေ။

"ကျွန်မ မကြောက်ပါဘူး။ လူသူကင်းမဲ့နေတဲ့ ခြံဝင်းထဲမှာ ဆက်မနေချင်တော့ဘူး။ နေ့တိုင်း ကြောက်ရွံ့မှုတွေနဲ့ အသက်ရှင်နေရပြီး သခင်လေးရဲ့ အခြေအနေကို ဟိုဟိုဒီဒီ ပျံ့နှံ့နေတဲ့ စကားလုံး အနည်းငယ်ကနေပဲ သိရတာမျိုး မလိုချင်တော့ဘူး။ ဝူတျဲက သခင်လေးနဲ့အတူ ထာဝရ နေချင်တယ်။ သေရမယ်ဆိုရင်တောင်မှပဲ... " ဝူတျဲက ပြတ်သားစွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများ နီရဲနေသော်လည်း အသံမှာ ပြတ်သားနေပြီး စကားလုံးတိုင်းကို လေးလေးနက်နက် အသံထွက် ပြောဆိုလိုက်၏။

စုချင်ချိုးသည် သူ၏ ချစ်စရာကောင်းပြီး အရူးအမူးဖြစ်တတ်သော အမူအရာကို ဖုံးကွယ်လိုက်ပြီး ခေါင်းပေါ်တွင် ဝဲပျံနေသော လက်ကြီးတစ်ဖက်နှင့်အတူ အလွန်လေးနက်စွာ ပြောလိုက်သည်။

"သခင်လေး။ ဝူတျဲနဲ့ ကျွန်မ အတွေးတူတူပါပဲ... "

"ပြီးတော့ သခင်လေး ကျွန်မတို့ကို ကလေးတွေလို ဆက်ဆံလို့ မရတော့ဘူး။ ကျွန်မက အခုဆိုရင် လရောင်ထွန်းလင်းနယ်ပယ်တစ်ပိုင်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ၊ ပြီးတော့ ဝူတျဲကလည်း ပင်လယ်လွှမ်း နယ်ပယ် အထွတ်အထိပ်အဆင့်ကို ဖောက်ထွက်သွားပြီ။ သခင်လေး ဘေးနားမှာ မရှိရင်တောင် ကျွန်မတို့ဘာသာ ရပ်တည်နိုင်ပါပြီ... "

"ကျေးဇူးပြုပြီး ကျွန်မတို့ကို သခင်လေးနဲ့အတူ ခေါ်သွားပါ... "

မုန့်ချင်ကျိုးက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီလေ။ ဒါဆိုတော့ ဒီတစ်ခါ မင်းတို့ကို ငါနဲ့အတူ ခေါ်သွားမယ်။"

သူ့တွင် ရှင်းလင်းသော အကြံတစ်ခု ရှိသည်။ သူက နောက်ကြောင်းပြန်လှည့်မရနိုင်သော အကျပ်အတည်းနှင့် ရင်ဆိုင်ရလျှင်ပင် သူ၏ဘေးတွင် အချိန်-နေရာလွတ် စွမ်းအားရှိနေသရွေ့ ကောင်းကင်ဧကရာဇ် ကိုယ်တိုင် လာသည့်တိုင် သူ့ကို ဖမ်းမိရန် ခက်ခဲပေလိမ့်မည်။

အချိန်-နေရာလွတ် တာအိုကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦး ထွက်ပြေးချင်ပါက နည်းလမ်းပေါင်း သန်းနှင့်ချီ ရှိသည်ဟု ဆိုလျှင် ချဲ့ကားပြောဆိုရာ မရောက်ပေ။

သို့သော် မုန့်ချင်ကျိုးက သူ့ကို ထိုကဲ့သို့ စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေမျိုးဖြင့် ထွက်ပြေးရစေသည့် အခြေအနေမျိုးကို ယခင်က တစ်ခါမျှ မကြုံဖူးသေးပေ။

"ရေး... ကျေးဇူးတင်ပါတယ် သခင်လေး။ သခင်လေးက အချောဆုံးပဲ။ သခင်လေး... " ဝူတျဲနှင့် စုချင်ချိုးတို့၏ မျက်လုံးများ အရောင်လက်သွားပြီး မုန့်ချင်ကျိုးကို ဖက်တွယ်ထားသော ကြောင်ပေါက်လေး နှစ်ကောင်ကဲ့သို့ သူ၏ လက်မောင်းများကို ကိုယ်စီ ဖက်ထားလိုက်ကြ၏။

မုန့်ချင်ကျိုး လက်မတွန့်ဘဲ သူတို့တစ်ဦးစီကို တစ်ချက်စီ ခေါက်လိုက်ရာ မိန်းကလေးနှစ်ဦးမှာ နာကျင်မှုကြောင့် သူတို့၏ နဖူးများကို ကိုင်ကာ ချစ်စရာကောင်းသော်လည်း ပြင်းထန်သော ပုံစံဖြင့် မကျေနပ်မှုကို ဖော်ပြကြသည်။

"ငါ ကြိုပြီးတော့ ရှင်းရှင်းလင်းလင်း ပြောထားမယ်။ မင်းတို့ကို အဲဒီကို အလည်အပတ် ခေါ်သွားတာ မဟုတ်ဘူး။ မင်းတို့ကို သန်မာလာအောင် လုပ်ပေးဖို့ ငါ ဒီကို ရောက်နေတာ... "

"မင်းတို့နှစ်ယောက်မှာ ထူးခြားတဲ့ ပါရမီတွေ ရှိတယ်။ အနာဂတ်မှာ မဟာကျင်းရဲ့ ထောင့်တစ်နေရာကို သေချာပေါက် ထောက်ပံ့ပေးနိုင်လိမ့်မယ်။"

…

...

ထောင့်တစ်နေရာတွင် အိပ်စက်နေသော နေမင်းအရှင်သခင်က ရုတ်တရက် အိပ်မှုန်စုံမွှားနှင့် မျက်လုံးများကို ဖွင့်ကာ ပျော်ရွှင်စွာ ရယ်မောပြောဆိုနေသော ဧကရာဇ်နှင့် အစေခံနှစ်ဦးကို ကြည့်လိုက်၏။ သူ၏ ခွေးခေါင်း အပေါ်တွင် အနက်ရောင် မေးခွန်းသင်္ကေတ သုံးခု ပေါ်လာသည်။

ဘာအဓိပ္ပာယ်လဲ...

မင်းတို့ မိသားစုတစ်ခုလုံးထွက်လည်ကြပြီးတော့ ခွေးဖြစ်တဲ့ငါ့ကို တစ်ကောင်တည်း ထားခဲ့မလို့လား...

ခွေး ငတ်သေသွားရင် ဘယ်လိုလုပ်မလဲ...

…

All Chapters