အခန်း (၁၉၅-၁၉၇)
Vol. 14 Ch. 195-197
အပိုင်း(၁၉၅) တားမြစ်မြို့တော်အတွင်း တိုက်ပွဲ၊ ကြောက်စရာ ဝိညာဉ်တာအို ပါရမီရှင်
"အသက်(၂၀၀)ပဲ ရှိသေးတဲ့ လရောင်ထွန်းလင်းနယ်ပယ် ပါရမီရှင် စစ်သူကြီး ချန်းယွီဆိုတာ လန်ယတိုင်းပြည်ရဲ့ ငယ်ရွယ်ပြီး ထူးချွန်တဲ့ စစ်သူကြီးတစ်ဦးပဲ။ သူ့ရဲ့ သွေးလှိုင်းဓားသုံးချက် သိုင်းကွက်ကို အဆင့်တူချင်းမှာ ယှဉ်နိုင်သူ မရှိဘူး။"
"အဲဒီ နန်းတွင်းအစေခံလေးက မင်းရဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက် မဟုတ်ဘူးလား။ သူ သေတာကို ထိုင်ကြည့်နေချင်လို့လား။"
လန်ယဘုရင်က ကြေးမုံပြင်ပေါ်တွင် ထင်ဟပ်နေသော မြင်ကွင်းကို ကြည့်ကာ ရှင်းပြသူ အဖြစ်ရော မေးခွန်းထုတ်သူ အဖြစ်ပါ ဟန်ဆောင်နေသည်။
မုန့်ချင်ကျိုးက အေးဆေးစွာ ပြုံးလိုက်သည်။
"အရေးကြီးတဲ့ အချိန်ရောက်ရင် ငါ ဝင်ပါမှာပါ။"
"ဒါပေါ့။ အခြေအနေက အဲဒီအထိ ရောက်သွားရင် ငါက မင်းရဲ့အသက်ကို အရင်ယူမှာဆိုတော့ ငါ့ရဲ့ အစေခံ နှစ်ယောက် ဒီနန်းတော်ကို ဖောက်ထွက်နိုင်ပါစေလို့ မင်း ဆုတောင်းနေတာ ပိုကောင်းလိမ့်မယ်။"
ထိုစကားကို ကြားရာ လန်ယဘုရင်၏ရင်ထဲရှိ နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်လေး ပျောက်ကွယ်သွားပြီး သူ၏မျက်နှာမှာ အလွန် မှိုင်းရီသွားသည်။
ဒါက ဘယ်လို ဓားပြစကားမျိုးလဲ…
အိမ်ရှင်ရှေ့မှာတင် အိမ်ထဲ ဝင်လာပြီး မီးရှို့၊ လူသတ်၊ လုယက်နေတာကို ငါက မင်းတို့ကို အားပေးနေရဦးမယ် ပေါ့လေ...
ဗုဒ္ဓတိုင်းပြည်၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် သူက သံကြိုးများဖြင့် ချည်နှောင်ခံရကာ ဗုဒ္ဓတိုင်းပြည်၏ တံခါးဝတွင် ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ရသည်။
ယခုမူ ဓားသူတော်စင်က သူ၏အသက်ကို အချိန်မရွေး ယူမည်ဟု ခြိမ်းခြောက်နေပြန်၏။
လန်ယဘုရင်မှာ နောင်တများ ပြည့်နှက်နေသည်။ ဤသို့ဖြစ်လာမည်ကိုသာ ကြိုသိခဲ့လျှင် အစကတည်းက ဗုဒ္ဓတိုင်းပြည်ထံ အညံ့မခံခဲ့သင့်ပေ။ အကျိုးအမြတ် တစ်ခုမှ မရရှိခဲ့သည့်အပြင် ပြဿနာများစွာနှင့်သာ ရင်ဆိုင်ခဲ့ရသည်။
မုန့်ချင်ကျိုးက တည်ငြိမ်စွာပင် တိုးတိုးလေး ပြောလိုက်သည်။
"စိတ်မပူပါနဲ့။"
"ငါ့အစေခံက သာမန်လူ မဟုတ်ဘူး။ စစ်သူကြီး ချန်းယွီက သူ့ရဲ့ ပြိုင်ဘက် မဟုတ်လောက်ပါဘူး။"
မူရင်း ဇာတ်လမ်းထဲ၌ ဝူတျဲက အဓိက ဇာတ်ကောင်အုပ်စုထဲမှ အရေးပါသော ဇာတ်ပို့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး ဝိညာဉ်ကျင့်ကြံရေးနယ်ပယ်တွင် ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်းကို သိထားရန် အရေးကြီးပေသည်။
ဝိညာဉ်များကို ခြယ်လှယ်နိုင်ပြီး လူသေများ၏ နယ်နိမိတ်များကို ဖြတ်ကျော်နိုင်ကာ သာမန် အသိတရားများဖြင့် ချည်နှောင်၍ မရနိုင်သူပင်။
သူသာ ဒေါသထွက်ပြီး သတိလွတ်သွားပါက သူ့ထက် အဆင့်မြင့်သော ကျင့်ကြံသူပင်လျှင် အကျိုးဆက်များကို ခံစားရနိုင်၏။
မုန့်ချင်ကျိုး ကိုယ်တိုင်ပင် အဆင့်တူ ဝူတျဲနှင့် တိုက်ခိုက်ရမည်ဆိုလျှင် အလွယ်တကူ အနိုင်ရနိုင်မည်ဟု မပြောရဲပေ။
"ဝိညာဉ်ကျင့်ကြံသူတွေက ရှားပါးတာ မှန်ပေမဲ့ သူက စစ်သူကြီး ချန်းယွီကို အနိုင်ယူနိုင်မယ်လို့ ငါ မယုံဘူး။" လန်ယဘုရင်က မထီမဲ့မြင်ပြုကာ ပယ်ချလိုက်သည်။
မုန့်ချင်ကျိုးက ပြုံးပြီး ပြောလိုက်သည်။
"ဟီးဟီး... "
"စောင့်ကြည့်ကြတာပေါ့။"
…
...
ဝူတျဲက တိုင်းပြည်အမိန့်တော်ကို မိန်းမစိုးတစ်ဦးထံ ပေးကာ စုချင်ချိုးထံ ပေးပို့ရန် လက်ဝှေ့ယမ်း ပြလိုက်သည်။
မိန်းမစိုးက တွေဝေငေးမောစွာ ကြည့်နေပြီးနောက် တိုင်းပြည်အမိန့်တော်ကို လိမ္မာစွာ သိမ်းဆည်းလိုက်ကာ၊ စာကြည့်ဆောင်၏ တံခါးကို တွန်းဖွင့်ပြီး စစ်သူကြီး ချန်းယွီ၏ ရှေ့မှောက်တွင် မောက်မောက်မာမာဖြင့် ထွက်လာခဲ့သည်။
"စစ်သူကြီး ချန်းယွီကို ဂါရဝပြုပါတယ်။" မိန်းမစိုးက ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ရှောင်လျန်ကျိလား။" စစ်သူကြီး ချန်းယွီက မိန်းမစုိးကို ရှင်းရှင်းလင်းလင်း မှတ်မိပုံရပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ပြောစမ်း။ စာကြည့်ဆောင်ထဲမှာ ဘယ်သူရှိလဲ။"
မိန်းမစိုး ရှောင်လျန်ကျိက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြုံးပြီး ပြောလိုက်သည်။ "သူက ပြိုင်ဘက်ကင်း အလှတရားပိုင်ရှင် အမျိုးသမီးတစ်ဦးပါ။ စစ်သူကြီးက ကိုယ်တိုင် မြင်ချင်တယ်ဆိုရင် အထဲဝင်ပြီးကြည့်လေ။"
စစ်သူကြီး ချန်းယွီ မျက်မှောင်ကြုတ်သွားပြီး ခါးရှိ ဓားရှည်ကို တိတ်တဆိတ် ဆုပ်ကိုင်ကာ သူ၏ အရှေ့မှ ရင်းနှီးသလို ရှိသော်လည်း သူစိမ်းဆန်နေသော မိန်းမစုိးကို စူးစိုက်ကြည့်ရင်း မဝံ့မရဲ မေးလိုက်သည်။
"ဆိပ်ကမ်းက ထင်းခုတ်သမား၊ မြက်ရက်မိုးကာ ဝတ်ထားလား။"
"လှေထဲမှာ ရှက်တတ်တဲ့ မိန်းမကို ဝှက်ထားတယ်။" ရှောင်လျန်ကျိက တခစ်ခစ် ရယ်မောလိုက်ပြီး ခန္ဓာကိုယ် တုန်ယင်သွားသည်အထိ အော်ရယ်တော့သည်။
၎င်းကို မြင်သောအခါ စစ်သူကြီး ချန်းယွီက သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရပြီ၊ ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် ဓားကို ဆွဲထုတ်ကာ စတင် ခုတ်ပိုင်းတော့သည်။
သွေးလှိုင်းများ တဟုန်ထိုး တက်လာပြီး ဓားအလင်းရောင်က ကောင်းကင်နှင့် မြေကြီးကို ထိစပ်သွားကာ၊ စာကြည့်ဆောင်ကို ဝိုင်းရံထားသော တားမြစ်အခင်းအကျင်းကို မျက်စိတစ်မှိတ်အတွင်း နှစ်ခြမ်း ကွဲသွားစေ၏။
ဂျိန်း...
ရှောင်လျန်ဇီက ရှောင်တိမ်းခြင်း၊ နောက်ဆုတ်ခြင်း မရှိဘဲ ဆက်လက် ရယ်မောနေပြီး ရယ်သံများက ပိုမို ကျယ်လောင်လာသည်။ သာယာငြိမ့်ညောင်းသော အသံက စစ်သူကြီး ချန်းယွီ၏ နားစည်များကို ဖောက်ထွင်းကာ စိတ်နှင့် ဝိညာဉ်ထဲသို့ တိုက်ရိုက်ဝင်သွားပြီး ဦးနှောက်ထဲတွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
"ဘာဖြစ်တာလဲ။"
"ဘာလို့ ရယ်သံတွေ ဆက်ထွက်နေသေးတာလဲ။ အဲဒီတိုက်ကွက်နဲ့ သူ့ကို သတ်ဖို့ ငါ ကျရှုံးသွားတာလား။"
စစ်သူကြီး ချန်းယွီ၏ အမြင်အာရုံများ ဝေဝါးသွားပြီး အကြိမ်ကြိမ် သတိလစ်မတတ် ဖြစ်သွားသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ရယ်သံများက သူ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ သူက ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး အမြင်အာရုံ ပုံမှန် ပြန်ဖြစ်သွားသောအခါ အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ ခါးရှိ ဓားရှည်ကို လုံးဝ မဆွဲထုတ်ရသေးကြောင်း တွေ့လိုက်ရသည်။
ဘာတွေ ဖြစ်နေတာလဲ...
စစ်သူကြီး ချန်းယွီ လန့်သွားပြီး ရှေ့မှ လျှို့ဝှက်ကုဒ်ကို မဖြေဆိုနိုင်သော အတုအယောင် မိန်းမစိုးကို သတ်ရန် ဓားကို ထပ်မံ ဆွဲထုတ်ရန် ပြင်လိုက်သော်လည်း နေရာတွင် အေးခဲသွား၏။
မိန်းမစိုး ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ တပ်မက်ဖွယ်ကောင်းပြီး လှပကာ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက စာကြည့်ဆောင်၏ တံခါးဘောင်ကို ပျင်းရိစွာ မှီနေပြီး မျက်လုံးများ တစ်ဝက်တစ်ပျက် မှိတ်ထားကာ အန္တရာယ်ရှိသော မယ်ဒူဆာ တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မျက်လုံးသူငယ်အိမ်များတွင် သွေးဆာနေသော အနီရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွား၏။
"ပုံရိပ်ယောင်... ဒါမှမဟုတ်... ဝိညာဉ်ကို ထိန်းချုပ်ထားတာလား... "
စစ်သူကြီး ချန်းယွီက စိတ်ကို ရှင်းလင်းစေသော ဂါထာကို တိတ်တဆိတ် ရွတ်ဆိုကာ၊ စိတ်ကို ကာကွယ်ပြီး ဓားကို ဆွဲထုတ်ကာ စွမ်းအင်အားလုံးကို ဓားသွားပေါ်ရှိ အမှတ်တစ်ခုတည်းတွင် စုစည်းလိုက်သည်။
ထိုဆွဲဆောင်မှုရှိသော စုန်းမက သာမန် အမျိုးသမီးတစ်ယောက် မဟုတ်ကြောင်း သူ ခံစားသိရှိနိုင်၏။
လရောင်ထွန်းလင်းနယ်ပယ်တစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ပင် နယ်ပယ်တူ ကျင့်ကြံသူတစ်ယောက်နည်းတူ သူ့အတွက် အန္တရာယ်ရှိနိုင်သည်။
"လန်ယ နန်းတော်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ မင်းက ဘယ်သူလဲ။ ဘာကို လိုချင်နေတာလဲ... "
စစ်သူကြီး ချန်းယွီက အေးစက်စွာ အော်မေးလိုက်သည်။
ဝူတျဲက တိုးတိုးလေး ရယ်မောလိုက်သည်။
"ဒီနိမ့်ကျတဲ့ အမျိုးသမီးက လမ်းပျောက်ပြီး နန်းတော်ရဲ့ တားမြစ်နယ်မြေထဲကို မှားယွင်း ဝင်ရောက်လာမိတာပါ။ စစ်သူကြီးက သနားညှာတာပြီး ဒီနိမ့်ကျတဲ့ အမျိုးသမီးကို ထွက်သွားခွင့်ပြုဖို့ တောင်းဆိုပါတယ်။"
သူ ထုတ်ပြောလိုက်သော စကားလုံးတိုင်းက ကိုယ်ပိုင် ဗုံနှင့်စောင်းကြိုးများအဖြစ် ဖွဲ့စည်းသွားသကဲ့သို့ ဖြစ်နေပြီး ထူးခြားသော အသံလှိုင်းများကို ဖန်တီးကာ စစ်သူကြီး ချန်းယွီ၏ စိတ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ ဝိညာဉ်ကို ဖောက်ထွင်းသွား၏။
ခဏတာမျှ စစ်သူကြီး ချန်းယွီက ရှေ့တွင် သနားစရာကောင်းသော အိမ်နီးချင်း ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ကောင်မလေး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး သူ့ကို တောင်းပန်နေသည်...
လွန်ခဲ့သော နှစ်များစွာက သူ၏ အချစ်ဦးကဲ့သို့ပင် သူ့ကို စစ်တပ်ထဲ မဝင်ရန် တောင်းပန်ခဲ့သော်လည်း သူက မဆိုင်းမတွ ထွက်သွားခဲ့သည်။
နှစ်များစွာ ကြာပြီးနောက် သူက ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ပြီး ဂုဏ်ကျက်သရေများဖြင့် မွေးရပ်မြေသို့ ပြန်လာသောအခါ ထိုအချိန်က ကောင်မလေးသည် အခြားသူတစ်ဦးနှင့် လက်ထပ်သွားသည်မှာ ကြာပြီ ဖြစ်ကြောင်း တွေ့လိုက်ရပြီး ၎င်းက သူ့ကို တစ်သက်တာလုံး နောင်တရစေခဲ့သည်။
"မင်း... " စစ်သူကြီး ချန်းယွီ၏ အကြည့်များမှာ အတွေးများထဲတွင် ပျောက်ဆုံးနေသည်။ သူက မသိစိတ်ဖြင့် ဓားကို အိမ်ထဲပြန်သွင်းလိုက်ပြီး အချစ်ဦး၏ ပါးပြင်ကို ထိတွေ့ရန်အလား လက်ကို ဆန့်ထုတ်လိုက်သည်။
"မဟုတ်ဘူး... "
"စုန်းမ... ငါ့ကို ပြုစားပြီး သူ့ရဲ့ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲရဲတယ်ပေါ့။ မင်းက သေချင်နေတာလား... "
ချွမ်း...
စစ်သူကြီး ချန်းယွီ ရုတ်တရက် သတိဝင်လာပြီး ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူက ဓားကို ဆွဲထုတ်လိုက်ရာ ထပ်ခါထပ်ခါ ထပ်နေသော သွေးလှိုင်းများက တဟုန်ထိုး တက်လာပြီး ကောင်းကင်ယံအထိ ရိုက်ခတ်သွား၏။
ဆယ့်သုံးချက် ဆက်တိုက်ပင်။ တိုက်ကွက်တိုင်းက တိကျသေချာ၏...
သွေးလှိုင်းဓားသုံးချက် သိုင်းကွက်သည် တစ်ချက်ထက်တစ်ချက် ပို၍ အားကောင်းလာပြီး ထပ်နေသော တိုက်ကွက်များစွာက ကောင်းကင်ကိုပင် အပိုင်းပိုင်း ကွဲကြေသွားစေနိုင်သည်။
ဓား၏ လင်းလက်မှုအောက်တွင် မိစ္ဆာမလေးက မီးခိုးငွေ့များကဲ့သို့ လေထဲသို့ ပျောက်ကွယ်သွားသည်။
"ဘာဖြစ်တာလဲ... " စစ်သူကြီး ချန်းယွီက အသက်လုရှူလိုက်ပြီး ခေါင်းမော့ကြည့်လိုက်ရာ သူ၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွား၏။
ရှေ့မှမြင်ကွင်းက ထပ်မံ ပြောင်းလဲသွားပြန်သည်။
တံခါးဘောင်ကို မှီနေသော မိစ္ဆာမလေးမှာ လုံးဝ မရှိခဲ့ပေ။ သူ ဆယ့်သုံးချက်တိုင်တိုင် ခုတ်ပိုင်းလိုက်သည်မှာ နှစ်ရာပေါင်းများစွာ ရပ်တည်လာခဲ့သော စာကြည့်ဆောင် ဖြစ်နေ၏။
စာကြည့်ဆောင် တစ်ခုလုံး ရုတ်တရက် ပြိုကျသွားပြီး အပျက်အစီးများအဖြစ် ပြောင်းလဲသွားသည်။
"စစ်သူကြီး။ ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ။ ရှင် အရမ်း အရုပ်ဆိုးလို့ ဘယ်ကောင်မလေးကမှ မလိုချင်လို့လား။"
လက်ချောင်းတစ်ချောင်းက စစ်သူကြီး ချန်းယွီ၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး သူ၏ နောက်ကျောဘက်မှ ငွေရောင် ခေါင်းလောင်းသံကဲ့သို့ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"စုန်းမ... "
စစ်သူကြီး ချန်းယွီ၏ မျက်လုံးများ ဒေါသကြောင့် သွေးရဲရဲဖြစ်နေပြီး ဆံပင်များမှာလည်း ထောင်မတ်နေသည်။ သူက နောက်လှည့်ကာ ဓားဖြင့် ခုတ်ချလိုက်သည်။
သေစမ်း...
နောက်လှည့်ပြီး နောက်တွင်ရှိနေသော လူ၏ မျက်နှာကို မြင်လိုက်ရသောအခါ၊ စစ်သူကြီး ချန်းယွီက လက်ထဲရှိ ဓားကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏ သိုင်းကွက်ကိုပင် နောက်ပြန်လှည့်လိုက်ရာ ဒေါသများ လွှမ်းမိုးသွားပြီး သွေးများ အန်ချလိုက်ရသည်။
အကြောင်းမှာ သူ၏နောက်တွင် ရပ်နေသူမှာ ငယ်ရွယ်ပြီး အချစ်များဖြင့် ပြည့်နှက်နေကာ သူ့ကို ပြုံးပြနေသော သူ၏ အချစ်ဦး ဖြစ်နေသောကြောင့်ပင်...
"မုန့်မုန့်၊ မင်းလား..." စစ်သူကြီး ချန်းယွီ၏ မျက်လုံးများ မှိုင်းရီသွားသော်လည်း သူက အလျင်အမြန်ပင် သတိဝင်လာပြီး ဒေါသတကြီး ပြောလိုက်သည်-
"မဟုတ်ဘူး။ မုန့်မုန့်က သေသွားတာ ကြာပြီ။ မင်း ထပ်လုပ်ပြန်ပြီပေါ့။ မိန်းမယုတ်... "
"သေစမ်း... "
နောက်ထပ် ခုတ်ချက်တစ်ချက်ဖြင့် သူ၏ အချစ်ဦးပုံရိပ်က နှစ်ခြမ်းကွဲသွားသည်။
ထို့နောက် စစ်သူကြီး ချန်းယွီ၏ မိသားစု၊ ရဲဘော်ရဲဘက်များ၊ သူငယ်ချင်းများ၊ ဆရာများ စသည်တို့ ပါဝင်သော အလားတူ မြင်ကွင်းများ ဆက်တိုက် ပေါ်ထွက်လာသည်။
စစ်သူကြီး ချန်းယွီက ရှေ့တွင် ဖြစ်ပျက်နေသည်များကို လုံးဝ ယုံကြည်ရန် ရပ်တန့်လိုက်ပြီး မည်သူဖြစ်ဖြစ် ဆက်တိုက် ခုတ်ပိုင်းနေတော့သည်။
အချိန်အတော်ကြာပြီးနောက်...
စစ်သူကြီး ချန်းယွီ ခုတ်ပိုင်းနေရင်း ပင်ပန်းသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ မောဟိုက်နေစဉ် သူသည် စူးရှသော သွေးနံ့ကို ရုတ်တရက် ရလိုက်သည်။ ခေါင်းကို မော့ကာ တွေဝေစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာ ချက်ချင်း အေးခဲသွား၏။
ပတ်ဝန်းကျင် တစ်ဝိုက်တွင် အလောင်းပေါင်း ထောင်သောင်းချီ ရှိနေပြီး သူတို့အားလုံးမှာ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော အင်ပါယာ အစောင့်များ ဖြစ်ကြသည်။
သူတို့ အကုန်လုံး သေကုန်ကြလေပြီ...
စစ်သူကြီး ချန်းယွီ၏ လက်များ တုန်ယင်သွားပြီး ဓားမှာ အသံမြည်လျက် မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သူ၏ လက်များကို မြှောက်ကြည့်လိုက်ရာ သွေးများဖြင့် ဖုံးလွှမ်းနေကြောင်း တွေ့လိုက်ရသည်။
ကျန်ရှိနေသော အစောင့် ဆယ်ဂဏန်းခန့်သည် စစ်သူကြီး ချန်းယွီကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်...
"ငါ... ငါ ဘာလုပ်လိုက်တာလဲ။" စစ်သူကြီး ချန်းယွီ၏ မျက်လုံးများ မှိုင်းရီသွား၏။
ရုတ်တရက်။
စစ်သူကြီး ချန်းယွီက တေးဂီတသံ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်ကို ကြားလိုက်ရပြီး နောက်လှည့် ကြည့်လိုက်ရာ လှပသော အမျိုးသမီးတစ်ဦးက အေးစက်သော အမူအရာဖြင့် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရပြီး သူက အေးဆေးစွာ ပြောလိုက်သည်။
"စစ်သူကြီး ချန်းယွီ။ ရှင်က နှစ်ပေါင်းများစွာ မကောင်းဆိုးဝါးတွေကို ကူညီအားပေးခဲ့ပြီး လန်ယဘုရင်အတွက် အပြစ်ကင်းတဲ့ အမျိုးသမီး ကျင့်ကြံသူတွေကို ဖမ်းဆီးပေးခဲ့တယ်။ ရှင့်ရဲ့ ရာဇဝတ်မှုတွေက ခွင့်လွှတ်လို့ မရနိုင်ဘူး... "
ထိုသို့ပြောရင်း ဝူတျဲက စစ်သူကြီး ချန်းယွီဆီသို့ တစ်လှမ်းချင်း လျှောက်သွား၏။
"စုန်းမ... " စစ်သူကြီး ချန်းယွီ၏ မျက်လုံးများ ဒေါသကြောင့် သွေးရဲ ၏ရဲ ဖြစ်နေသည်။ သူက တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း မတ်တပ်ပင် မရပ်နိုင်တော့ဘဲ ယိုင်လဲကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"စွမ်းအင်တွေ အလွန်အကျွံ သုံးမိတာရယ်၊ ကျင့်စဉ်ကို အကြိမ်ကြိမ် နောက်ပြန်လှည့်လိုက်တာရယ်ကြောင့် ရှင့်ရဲ့ သွေးကြောတွေ ပေါက်ပြဲသွားပြီ... "
"ငါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ဝိညာဉ်တာအို ကျင့်ကြံသူတွေအတွက် သွေးထွက်သံယိုမရှိတဲ့ အောင်ပွဲတစ်ခုပဲ။"
စစ်သူကြီး ချန်းယွီ၏မျက်နှာမှာ ပြာနှမ်းနေပြီး ဝူတျဲကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။၊ "ငါ့ကို သတ်လိုက်စမ်းပါ၊ ဒါမှမဟုတ် ညှဉ်းပန်းနှိပ်စက်... "
သူ စကားမဆုံးခင်မှာပင် ဝူတျဲက ဓားမြှောင် တစ်လက်ကို ဆွဲထုတ်ကာ စစ်သူကြီး ချန်းယွီ၏ နဖူးထဲသို့ ထိုးစိုက်လိုက်ရာ သူ၏ဝိညာဉ်နှင့် စိတ်ကို အပိုင်းပိုင်း ကွဲကြေသွားစေသည်။ သူက အေးဆေးစွာ ပြောလိုက်သည်။
"မြွေတွေ၊ ကြွက်တွေနေတဲ့ တွင်းထဲက ကောင်တွေက မသေခင်မှာတောင် သူရဲကောင်း ဟန်ဆောင်ပြီးတော့ အဓိပ္ပာယ်မရှိတာတွေ ပြောချင်နေသေးတာလား... “
…
အပိုင်း(၁၉၆) ဦးလေးက သည်းခံနိုင်ပေမဲ့ ဒေါ်လေးကတော့ သည်းမခံနိုင်ဘူး
"ဝိညာဉ်တာအို ကျင့်ကြံရေးလောကမှာ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီရှင် ရှိနေတာလား... "
"စောင်းတစ်ပုဒ် တီးခတ်ရုံနဲ့ လရောင်ထွန်းလင်းနယ်ပယ်ကို သတ်နိုင်ခဲ့တယ်။ ပြီးတော့ အဲဒါက အဆင့်ကျော်ပြီး သတ်ဖြတ်နိုင်ခဲ့တာပဲ... "
"ဒီအမျိုးသမီးက ဘယ်သူလဲ။ ဒီလို ပါရမီရှင်မျိုးက နာမည်မကြီးဘဲ မနေသင့်ဘူး... "
လန်ယဘုရင်က အလွန်အံ့အားသင့်စွာ မတ်တပ်ရပ်လိုက်ပြီး ယခုလေးတင် မြင်တွေ့ခဲ့ရသည်များကို ပြန်လည် အမှတ်ရကာ ပုံရိပ်ယောင်ပေါ်ရှိ မြင်ကွင်းကို စူးစိုက်ကြည့်နေသည်။
လှပသော အမျိုးသမီးတစ်ဦးက ပေတစ်ရာခန့် အကွာတွင် မြေပြင်ပေါ်၌ ဒူးထောက်ထိုင်နေပြီး ပေါင်ပေါ်တွင် စောင်းရှည်တစ်လက်ကို တင်ထားကာ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်လေးများဖြင့် စောင်းကြိုးများကို ညင်သာစွာ တီးခတ်နေခဲ့၏။
ထို့နောက် စစ်သူကြီး ချန်းယွီက အရူးတစ်ယောက်ကဲ့သို့ ရပ်နေကာ သူ့ကိုယ်သူ စကားပြောနေပြီး သူ့ကို ကူညီရန် လာရောက်သော အစောင့်များကို ရူးသွပ်စွာ သတ်ဖြတ်နေသည်ကို မြင်တွေ့လိုက်ရသည်။ အစောင့်များ အားလုံးကို သတ်ဖြတ်ပြီးနောက် သူက ထိုဆွဲဆောင်မှုရှိသော အမျိုးသမီး၏ အလွယ်တကူ ခေါင်းဖြတ် သတ်ခြင်းကို ခံလိုက်ရသည်။
"ငါ အရင်ကတည်းက ပြောခဲ့တယ်လေ။ သူက အရမ်း တော်ပါတယ်လို့။ သာမန် စံနှုန်းတွေနဲ့ သူ့ကို တိုင်းတာလို့ မရဘူး။" မုန့်ချင်ကျိုးက ကျေနပ်စွာ ပြုံးလျက် ပြောလိုက်သည်။
လန်ယဘုရင်၏ ရှင်းပြချက်အပြီး သူသည် ထိုအချိန်က မြင်ကွင်းကို အကြမ်းဖျင်း ပြန်လည်အမှတ်ရနိုင်ခဲ့သည်။
ပထမဆုံး၊ မိန်းမစိုးတစ်ဦးက စစ်သူကြီး ချန်းယွီအနီးသို့ ချဉ်းကပ်သွားပြီး မိစ္ဆာအသံဖြင့် သူ၏နားထဲသို့ သီဆိုလိုက်ရာ သူ့ကို ခေတ္တမျှ သတိလွတ်သွားစေခဲ့သည်။
ထို့နောက် သူက စစ်သူကြီး၏ နှလုံးသားထဲမှ နောင်တတရားများ၊ ယခင်ချစ်သူနှင့် ပတ်သက်သည့် အရာများကို နှိုးဆွလိုက်ပြီး ၎င်းကို အသုံးပြုကာ စစ်သူကြီး ချန်းယွီကို ဒေါသထွက်စေရန် သုံးခဲ့သည်။ ထိုမှတစ်ဆင့် သူ၏ စိတ်ခံစားမှုများကို ခြယ်လှယ်ကာ ဝိညာဉ်တာအိုထောင်ချောက် အထဲသို့ တဖြည်းဖြည်း သွေးဆောင် ခေါ်ယူသွားခဲ့ခြင်း ဖြစ်သည်။
"ဝိညာဉ်တာအို ကျင့်ကြံသူတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ။" မုန့်ချင်ကျိုးက ခေါင်းကို အနည်းငယ် ယမ်းကာ သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
"မူရင်းဝတ္ထုထဲမှာ ဝူတျဲက နှစ်ထောင်ပေါင်းများစွာအတွင်း ဝိညာဉ်တာအိုကို အကျွမ်းကျင်ဆုံး ပိုင်နိုင်ခဲ့သူလို့ ပြောထားတာ ဒါကြောင့်ကိုး။ သူသာ နံနက်ခင်းအလင်းနယ်ပယ်ကို ဖောက်ထွက်သွားနိုင်ရင် ကောင်းကင်အောက် ပြိုင်ဘက်ကင်း ဖြစ်သွားလိမ့်မယ်။"
"အဆင့်တူမှာ ရှိနေတဲ့ ငါ့အတွက်တောင်မှ သူ့ကို အနိုင်ယူဖို့ အားထုတ်မှု အများကြီး လိုအပ်လိမ့်မယ်။"
လန်ယဘုရင်က မုန့်ချင်ကျိုးကို တွေဝေငေးမောစွာ စိုက်ကြည့်နေမိသည်။
မူရင်း ဟုတ်လား။
ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။
"နေပါဦး။ ကျမ်းစာဆောင်ထဲကို ဝင်ဖို့ တိုင်းပြည်အမိန့်တော်ကို အတုလုပ်တယ်ပေါ့။ လွန်လွန်းတယ်... " လန်ယ ဘုရင်က ပုံရိပ်ယောင်ကို ထပ်မံကြည့်ရှုလိုက်ရာ သူ၏မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ပြူးကျယ်သွား၏။
မိန်းမစိုးလေးတစ်ဦးက တိုင်းပြည်အမိန့်တော်ကို စုချင်ချိုးထံ ပေးအပ်လိုက်ပြီး သူက ကျမ်းစာဆောင်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။
စုချင်ချိုးက အဝတ်အစားများကို သပ်ရပ်အောင် ပြင်လိုက်ပြီး အေးတိအေးစက်နှင့် မာနကြီးသော အမူအရာကို ပြန်လည်ရယူလိုက်ကာ တိုင်းပြည်အမိန့်တော်ကို လက်ထဲ ကိုင်ဆောင်လျက် ကျမ်းစာဆောင်ဆီသို့ ကျော့ရှင်းစွာ လျှောက်သွားခဲ့သည်။
တံခါးဝသို့ ရောက်သောအခါ၊ စွမ်းအင်လှိုင်းတစ်ခုက စုချင်ချိုးကို စစ်ဆေးလိုက်ပြီး အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"နန်းတွင်းအစေခံမလေးလား။ မင်းကို အရင်က ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ။"
ထိုစကားကို ကြားသောအခါ စုချင်ချိုးက စကားပြောရန် ပြင်လိုက်သော်လည်း၊ သူမသည် ရုတ်တရက် ရပ်တန့်သွားပြီး ခေတ္တမျှ မှင်သက်သွားသည်။
ဟမ်။
မဟုတ်သေးဘူးလေ...
ဘယ်သူလဲ၊ ဘာကိစ္စ ရှိလို့ ဒီကို လာရတာလဲလို့ မေးရမှာ မဟုတ်ဘူးလား။
"လူကြီးမင်း။ ကျွန်မက စာအုပ်တစ်အုပ် ယူဖို့ အမိန့်ပေးခံရတာပါ။ ကျွန်မ ဒီကိုရောက်တာ အချိန်တိုလေးပဲ ရှိသေးလို့ ကျွန်မကို အရင်က မမြင်ဖူးတာပါ။" စုချင်ချိုးက မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြောလိုက်သည်။
ဧကရီ၏ အစေခံတစ်ဦးအနေဖြင့် သူက ခမ်းနားကြီးကျယ်သော မြင်ကွင်းမျိုးစုံကို ကျင့်သားရနေပြီး၊ ဧကရီ ကိုယ်တိုင်အဖြစ်ပင် ဟန်ဆောင်ခဲ့ဖူးသဖြင့် အနည်းငယ်မျှ ထိတ်လန့်သွားခြင်း မရှိပေ။
သေချာသည်မှာ အထူးအခြေအနေများမှလွဲ၍ သူက အလွယ်တကူ ရှက်တတ်သူ ဖြစ်နိုင်၏။
"ဪ။ ဟုတ်လား။"
"အဲဒီလို မဖြစ်သင့်ပါဘူး။ တွေးကြည့်ရင် လန်ယဘုရင်ရဲ့ ကာမဂုဏ်လိုက်စားပြီး လူရှုပ်ဆန်တဲ့ သဘာဝအရ မင်းလို လှပတဲ့ မိန်းကလေးတစ်ယောက်က အစေခံမလေး ဘဝနဲ့ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။" ကျမ်းစာဆောင်ထဲမှ အသံက ဆက်ပြောလာသည်။
စုချင်ချိုးက ဒေါသကို မျိုသိပ်လိုက်ပြီး မျက်လွှာချကာ နူးညံ့ကျိုးနွံစွာ ပြောလိုက်သည်။
"လန်ယဘုရင်က ကျွန်မကို အထင်သေးတာ ဖြစ်နိုင်ပါတယ်။ လူကြီးမင်း... ကျေးဇူးပြုပြီးတော့ တိုင်းပြည် အမိန့်တော်ကို ဖတ်ရှုပြီး စာအုပ်တွေ ငှားဖို့ ကျွန်မကို အထဲဝင်ခွင့် ပြုပါ။"
…
...
"အလှလေး... မင်းနာမည် ဘယ်လိုခေါ်လဲ။"
စုချင်ချိုး၏ နဖူးတွင် အနက်ရောင် မျဉ်းကြောင်းသုံးကြောင်း ပေါ်လာသည်။ သူက တိုင်းပြည်အမိန့်တော်ကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။ "ချင်ချိုး ပါ။"
"ကြည်လင်တဲ့ရေထဲက ကြာပန်းလို သန့်စင်ပြီးတော့ ဆောင်းဦးရေပြင်လို ပြာလဲ့နေတဲ့ နာမည်လေးပဲ။ မင်း ငါ့နောက်ကို လိုက်ပါလား။ မင်းသာ ငါ့နောက်ကို လိုက်မယ်ဆိုရင်၊ လန်ယဘုရင်တောင်မှ မင်းကို အမိန့်ပေးရဲမှာ မဟုတ်ဘူး။"
"ကျွန်မက အစေခံလုပ်ရတာကို ပိုသဘောကျတယ်။ အဲဒီလို ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်ကျက်သရေတွေကို ကျွန်မ သည်းမခံနိုင်ဘူး။" စုချင်ချိုးက မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်ပြီး သူ၏ရင်ထဲတွင် ဒေါသများ ဆူပွက်နေသည်။
"ဟေ့ကောင်မစုတ်လေး။ မင်းက ဘယ်လိုလုပ် ဒီလောက် ကျေးဇူးကန်းရတာလဲ။ ငါက မင်းကို အတင်းအကျပ် အင်အားမသုံးရဲဘူးလို့ တကယ် ထင်နေတာလား... "
တောက်...
ဦးလေးက သည်းခံနိုင်ပေမဲ့ ဒေါ်လေးကတော့ သည်းမခံနိုင်ဘူး။
ဒီဒေါ်လေးကတော့ ဒေါသပေါက်ကွဲနေပြီ...
စုချင်ချိုး လုံးဝ ပေါက်ကွဲသွားတော့သည်။ ကျမ်းစာဆောင်ရှေ့ရှိ ကျောက်တုံးတစ်တုံးကို ကန်ပစ်လိုက်ပြီး၊ တိုင်းပြည် အမိန့်တော်ကို ဖြန့်ဖွင့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အထဲက အဘိုးကြီးတွေ... အခုချက်ချင်း ထွက်လာပြီး တိုင်းပြည် အမိန့်တော်ကို ကြားနာဖို့ ဒူးထောက်စမ်း။ အဲဒီလိုမှမဟုတ်ရင် ဒီအစေခံက ဧကရာဇ်ဆီ ချက်ချင်း သတင်းပို့ပြီး ရှင်တို့ကို အပြစ်ပေးခိုင်းမယ်... "
ခဏတာမျှ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ဖြစ်သွား၏။
ပုံရိပ်ယောင်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော လန်ယဘုရင် ဆွံ့အသွားသည်။ ကျမ်းစာဆောင်ထဲမှ လူက "ငါ့နောက်ကိုလိုက်ရင် လန်ယဘုရင်တောင် မင်းကို အမိန့်မပေးရဲစေရဘူး" ဟု ပြောသည်ကို ကြားလိုက် ရချိန်တွင် သူ အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ သူက အပြင်သို့ ပြေးထွက်သွားပြီး "ငါက ဘာလို့ မလုပ်ရဲရမှာလဲဆိုတာ ကြည့်ချင်သေးတယ်" ဟု သွားရောက် မေးခွန်းထုတ်ချင်ခဲ့သည်။
သို့သော် စုချင်ချိုး၏ ဒေါသပေါက်ကွဲမှုကို မြင်တွေ့လိုက်ရာ သူ၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားပြီး မုန့်ချင်ကျိုးကို လက်မထောင်ပြလိုက်သည်။
"မင်းရဲ့ အစေခံတွေက တကယ်ကို တစ်ယောက်ထက် တစ်ယောက် ပိုကြမ်းတာပဲ။ ငါတော့ လေးစားသွားပြီ။"
မုန့်ချင်ကျိုးက ချောင်းအကြိမ်အနည်းငယ် ဆိုးလိုက်ပြီး စိတ်ထဲမှ စုချင်ချိုးကို တိတ်တဆိတ် အကျမှတ် ပေးလိုက်သည်။
ဒီကောင်မလေးက ဧကရီရဲ့ ဗိုလ်ကျတတ်တဲ့ သဘာဝကို အပြည့်အဝ အမွေရထားပေမဲ့ ဉာဏ်ပညာကိုတော့ အမွေရထားပုံမပေါ်ဘူး။
"ဒါပေမဲ့ ဒီလိုချဉ်းကပ်ပုံက ကျမ်းစာဆောင်ထဲက ကောင်တွေအပေါ်မှာ တကယ် အလုပ်ဖြစ်တယ်။ သူတို့က အင်အားသုံးတာကိုပဲ တုံ့ပြန်ကြတာ။ ချော့ပြောလို့ မရဘူး။" လန်ယဘုရင်က သက်ပြင်းချကာ ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
"ပိုအားနည်းလေလေ အစွမ်းထက်တဲ့ ကျောထောက်နောက်ခံ မရှိဘူးဆိုတာကို သူတို့က ပိုသေချာလေလေပဲ။၊ ပြီးတော့ ပိုပြီး အနိုင်ကျင့်ကြလိမ့်မယ်။"
"ပိုကြမ်းတမ်းလေလေ၊ သူတို့တွေ ပိုပြီး သံသယဝင်လေလေ ဖြစ်လာပြီးတော့ သူတို့မှာ စိုးရိမ်ပူပန်စရာတွေ ပိုများလာလိမ့်မယ်။"
မုန့်ချင်ကျိုးက အံ့အားသင့်စွာ မေးလိုက်သည်။ "ဪ... အဲဒီလိုလား။"
လန်ယဘုရင်က ပင်ပန်းနွမ်းနယ်စွာ သက်ပြင်းချပြီး ပြောလိုက်သည်။ "အမှန်ပဲ။"
ထိုစကားကို ကြားသောအခါ၊ မုန့်ချင်ကျိုးက ချက်ချင်း ကျေနပ်သွားပြီး စုချင်ချိုး၏ အကျမှတ်ကို အောင်မှတ်ကလေးသို့ တိတ်တဆိတ် ပြန်ပြောင်းပေးလိုက်ကာ သူ့ကို လွတ်မြောက်ခွင့် ပြုလိုက်သည်။
လန်ယဘုရင်က အားနည်းစွာ ခေါင်းခါယမ်းလိုက်ပြီး မျက်လုံးများမှာ မှိုင်းရီကာ အသက်ဝင်မှု ကင်းမဲ့နေသည်။
အချိန်-နေရာလွတ် ဓားသူတော်စင်က ဘာမှတောင် မလှုပ်ရှားရသေးဘူး။ အစေခံမလေး နှစ်ယောက်တည်းနဲ့တင် လန်ယ နန်းတော်ကြီး လုံးဝ ပျက်စီးကမောက်ကမ ဖြစ်သွားပြီ။
ကွာခြားချက်က ရှင်းရှင်းလင်းလင်းကို ကြီးမားလွန်းနေတယ်။
…
အပိုင်း(၁၉၇) ကြွေနေသောပန်းများနှင့် စီးဆင်းနေသောရေများ၊ ကြည်လင်လှသော ဆောင်းဦးရာသီတွင် ဉာဏ်အလင်းပွင့်ခြင်း
စွန့်ပစ်ခံထားရသော ကျမ်းစာဆောင်ကြီး၏ အမိုးစွန်းများမှာ မြင့်မားနေပြီး အချိုးအစားကျနစွာ ထွင်းထားသော ထုတ်တန်းများနှင့် ဆေးခြယ်ထားသော ဒိုင်းတန်းများ ရှိသည်။ ကျမ်းစာဆောင် တစ်ခုလုံးကို အနက်ရောင် ရွှေကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး မီတာ(၉၀၀)အကျယ်နှင့် (၉၉)မီတာအမြင့် ရှိသည်။ ဝါဂွမ်းကြမ်းဝတ်ရုံများ ဝတ်ဆင်ထားပြီး အရပ်အမောင်းနှင့် ခန္ဓာကိုယ်အမျိုးအစား ကွဲပြားသော လူသုံးဦး ရှိနေသည်။
ဘယ်ဘက်အစွန်ဆုံးတွင် ပညာတတ်တစ်ဦး၏ ဟန်ပန်ရှိသော အသားဖြူဖြူ လူငယ်တစ်ဦး၊ အလယ်တွင် သိမ်မွေ့သော အပြုံးနှင့် ကြင်နာတတ်သော ဟန်ပန်ရှိသည့် လူပုအဘိုးအိုတစ်ဦးနှင့် ညာဘက်တွင် သံစည်ပိုင်းလို တောင့်တင်းသော ခန္ဓာကိုယ် ဖွဲ့စည်းပုံရှိသည့် ကြွက်သားတောင့်တင်းသော အမျိုးသားတစ်ဦး ရှိသည်။
သူတို့သုံးဦးက လှိုင်းလုံးကြီးများကဲ့သို့ လှုပ်ရှားနေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး သူတို့၏ တည်ရှိမှုကပင် စုချင်ချိုးကို ကြောက်မက်ဖွယ် ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်။
"တိုင်းပြည်အမိန့်တော် ဘယ်မှာလဲ။" လူပုအဘိုးအိုက ပြုံးပြီး စုချင်ချိုးကို အထက်အောက် အကဲခတ် ကြည့်လိုက်ရာ အန္တရာယ်ကင်းသည့်ပုံ ပေါ်နေပြီး သူ့ထံမှ အမိန့်တော်ကို တောင်းရန် လက်ဆန့်ထုတ်လိုက်သည်။
သူပဲ...
လူပုအဘိုးအို ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် စုချင်ချိုးက သူ့ကို အရင်က လာနှောင့်ယှက်ခဲ့သည့် လူမှန်း မှတ်မိသွားသည်။
ဒီကိုယ်တစ်ပိုင်းသေနေတဲ့ အဘိုးကြီးက တော်တော်ကို နှာဘူးကျတာပဲ။ ရွံစရာကောင်းလိုက်တာ...
စုချင်ချိုးက ထိုလူသုံးဦးမှာ သာမန်အဆင့်အတန်း မဟုတ်ကြောင်း သိနိုင်ပြီး သူတို့ကို ဒူးထောက်ပြီး အမိန့်တော်ကို နားထောင်ရန် အတင်းအကျပ် ခိုင်းစေကာ မောက်မာစွာ ပြုမူရန် မဝံ့ရဲပေ။ သူတို့ကို စော်ကားမိခြင်းမှာ ခုခံကာကွယ်မှုတွင် အားနည်းချက်တစ်ခုကို ဖော်ထုတ်မိခြင်းနှင့် နှိုင်းယှဉ်လျှင် သေးငယ်သော ကိစ္စဖြစ်သည်။ ထို့ကြောင့် သူက တောက်ပသော လိမ္မော်ရောင် တိုင်းပြည် အမိန့်တော်တစ်ခုကို ထုတ်ယူကာ လူပုအဘိုးအိုထံ ပေးအပ်ရင်း ပြောလိုက်သည်။
"အရှင်မင်းကြီးက ကျွန်မကို ကျမ်းစာဆောင်မှာ စာအုပ်တစ်အုပ် လာယူဖို့ အမိန့်ပေးလိုက်တာပါ။ အသေးစိတ် အချက်အလက်တွေကို လျှို့ဝှက်ထားဖို့နဲ့ ဖွင့်မပြောဖို့ သူက ညွှန်ကြားထားပါတယ်။"
အမှန်တကယ်တော့ စုချင်ချိုးက ကျမ်းစာဆောင်ထဲတွင် ဘာရှိမှန်း လုံးဝ မသိပေ။
အကယ်၍ ရှေးဟောင်းကျမ်းစာတစ်အုပ်၏ နာမည်ကို ပေါ့ပေါ့ဆဆ ပြောလိုက်ပြီး ၎င်းက ကျမ်းစာဆောင်ထဲတွင် မရှိကြောင်း သိသွားပါက သူ သေချာပေါက် ချက်ချင်း ဖော်ထုတ်ခံရပေလိမ့်မည်။
သူတို့သုံးဦး မေးခွန်းများ မမေးနိုင်စေရန် စုချင်ချိုးက ကြိုတင်၍ သူတို့ကို နှုတ်ပိတ်ထားလိုက်ခြင်း ဖြစ်သည်။
လူပုအဘိုးအိုသည် ပါးစပ်ဟလိုက်သော်လည်း မေးချင်သော စကားလုံးများမှာ လည်ချောင်းထဲ တစ်ဆို့သွားပြီး ပြန်မျိုချလိုက်ရသည်။
"အင်း။ အဆင်ပြေမယ့်ပုံပဲ။" လူပုအဘိုးအိုက တိုင်းပြည်အမိန့်တော်ကို ဖြန့်ပြီး သေချာစွာ စစ်ဆေးလိုက်သည်။
စုချင်ချိုးမှာ အတော်လေး စိုးရိမ်နေသော်လည်း သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေသည်။
ဝူတျဲက ဝိညာဉ်ခြယ်လှယ်ခြင်းအတတ်တွင် မည်မျှ ကျွမ်းကျင်ကြောင်း သူ သေချာမသိသလို၊ လရောင်ထွန်းလင်း နယ်ပယ် အထွတ်အထိပ်အဆင့်ရှိ လန်ယဘုရင်၏ ဝိညာဉ်တံဆိပ်တုံးကို အတုခိုးခြင်းဖြင့် ကျမ်းစာဆောင်၏ အစောင့်သုံးဦးကို မည်သို့ လှည့်စားနိုင်မည်ကိုလည်း မသေချာပေ။
အချိန်အနည်းငယ် ကြာပြီးနောက်။
လူပုအဘိုးအိုက တိုင်းပြည် အမိန့်တော်ကို ချထားလိုက်ပြီး ဘေးရှိ လူနှစ်ဦးကို အနည်းငယ် ခေါင်းညိတ်ပြကာ ပြဿနာမရှိကြောင်း အချက်ပြလိုက်သည်။
"ကောင်းပြီ။ အထဲဝင်သွားတော့။" အသားဖြူဖြူ လူငယ်က ပြုံးပြီး သူ့အတွက် လမ်းဖယ်ပေးရန် ဘေးသို့ ဆုတ်လိုက်သည်။
စုချင်ချိုးသည် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူက အလျင်စလို ကျေးဇူးတင်စကား ပြောလိုက်ပြီး ကျမ်းစာဆောင်ထဲသို့ ဝင်ရန် ပြင်လိုက်သည်။
လူပုအဘိုးအိုက နှာခေါင်းကို ရှုံ့လိုက်ရာ မွှေးကြိုင်သော ရနံ့တစ်ခုကို ရလိုက်သည်။ သူ၏ နှုတ်ခမ်းများပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာပြီး စုချင်ချိုး၏ အချိုးအစားကျသော တင်ပါးများကို ကြည့်ကာ အခွင့်အရေးယူရန် ပြင်လိုက်သည်။
ရုတ်တရက်။
"နေဦး... " လူပုအဘိုးအို မျက်မှောင်ကြုတ်သွားပြီး စုချင်ချိုးကို ခေါင်းမှ ခြေဖျားအထိ သေချာစွာ ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"နန်းတွင်းအစေခံတွေနဲ့ မိန်းမစိုးတွေက နှစ်တိုင်း အဝတ်အစားတွေ လဲလှယ်ကြတယ်။ ပြီးတော့ သူတို့တွေ နန်းတော်ထဲမှာ ဘယ်နှစ်နှစ် ရှိပြီလဲဆိုတာကို ခွဲခြားသိနိုင်ဖို့ ပုံစံတွေကလည်း နှစ်တိုင်း မတူကြဘူး။ မင်း ဝတ်ထားတဲ့ နန်းတွင်းအဝတ်အစားက လွန်ခဲ့တဲ့ သုံးနှစ်က ဟာပဲ။"
"မင်းရဲ့ ရုပ်ရည်နဲ့ဆိုရင် နန်းတော်ထဲမှာ သုံးနှစ်လောက်နေပြီးတော့ နာမည်မကြီးဘဲနဲ့ မနေသင့်ဘူး၊ ဒီလို အခြေအနေမျိုးကို ရောက်သွားဖို့ဆိုတာ ဝေလာဝေးပေါ့။"
ထိုစကားကို ကြားသောအခါ သူတို့သုံးဦးစလုံး စုချင်ချိုးကို စူးစိုက်ကြည့်လိုက်ကြသည်။
ခဏတာမျှ လေထုမှာ အတော်လေး တင်းမာသွား၏။
စုချင်ချိုးက အင်္ကျီလက်ထဲတွင် ဖုံးကွယ်ထားသော လက်သီးများကို ဆုပ်ထားလိုက်ပြီး သူ၏ နှလုံးသားမှာ ရူးသွပ်စွာ ခုန်ပေါက်နေသည်။ သူ ဖော်ထုတ်ခံရလျှင်ပင် လုံခြုံရေးအတွက် မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ သခင်လေးက သူ့ကို တိတ်တဆိတ် ကာကွယ်ပေးနေပြီး ဤလူများသည် သူ့ကို သေချာပေါက် မထိခိုက်စေနိုင်သောကြောင့်ပင်။ သူ စိုးရိမ်နေသည်မှာ သူသာ တာဝန်ကို မပြီးမြောက်ပါက သူ၏ သခင်လေးက သူ့ကို မဟာကျင်း မြို့တော်သို့ ပြန်ပို့ပြီး သူ တစ်ယောက်တည်း အခန်းထဲ အထီးကျန်စွာ ကျန်ရစ်နေမည်ကိုပင် ဖြစ်သည်။
အဓိက အချက်မှာ ဝူတျဲ၏စွမ်းဆောင်ရည်အပေါ် အခြေခံ၍ သူက ထူးချွန်မှတ်ကို သေချာပေါက် ရထိုက်သည်။
သူက သတ္တိရှိပြီး အကြံပိုင်သည်။ ဘယ်အချိန် ရှေ့တိုးပြီး ဘယ်အချိန် နောက်ဆုတ်ရမည်ကို ကောင်းကောင်း သိသည်။ ရွေးချယ်မှုများ မည်သို့ပြုလုပ်ရမည်ကို နားလည်သည်။ အရေးကြီးဆုံးမှာ သူက ဉာဏ်ကောင်းပြီး၊ လျင်မြန်စွာ တုံ့ပြန်နိုင်ကာ၊ အခြေအနေနှင့် လိုက်လျောညီထွေ နေတတ်သည်။ ထိုရက်အနည်းငယ်အတွင်း ဝူတျဲက အစီအစဉ်ကို စီစဉ်ပြီး ပြီးပြည့်စုံအောင် လုပ်ဆောင်ခဲ့သူဖြစ်ပြီး စုချင်ချိုးက အမိန့်ကို နာခံရုံသာ ရှိသည်။
တကယ်လို့ ငါ မြို့တော်ကို ပြန်နှင်ထုတ်ခံရပြီးတော့ ဝူတျဲက သခင်လေးနဲ့အတူ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို လိုက်သွားရင် ဘယ်လိုလုပ်မလဲ...
သေစမ်း...
ငါ အဲဒီလိုမျိုး မဖြစ်ချင်ဘူး...
အဲဒီအကြောင်း တွေးမိရုံနဲ့တင် ငါ့သားအိမ်တောင် အေးစိမ့်သွားတယ်...
တစ်ယောက်တည်း ဝါကြီးနဲ့အတူ ချင်းစံအိမ်ရဲ့ ခြံဝင်းကြီးထဲမှာ ပန်းတွေ ပွင့်လာလိုက် ကြွေသွားလိုက် ကြည့်နေရတာကို မြင်ယောင်ကြည့်လိုက်။ ငါ့ရဲ့စိတ်ထဲမှာ သခင်လေး၊ ဝူတျဲနဲ့ ဧကရာဇ်တို့ရဲ့ ဗုဒ္ဓတိုင်းပြည်က စိတ်လှုပ်ရှားစရာ စွန့်စားခန်းတွေကို ပုံဖော်နေပြီး ငါကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး ဝမ်းနည်းနေရမှာ...
"ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ... "
သူ၏အသွင်အပြင်က တခြားသူတွေကို အားသာချက် ဖြစ်သွားစေလိမ့်မည်ဟု စုချင်ချိုး တစ်ခါမျှ မမျှော်လင့် ထားခဲ့ပေ။ ဤသို့ဖြစ်မည်ကို ကြိုသိခဲ့လျှင် သူက ကိုယ့်ကိုယ်ကိုယ် အရုပ်ဆိုးသော မိစ္ဆာတစ်ကောင်အဖြစ် ရုပ်ဖျက်ခဲ့သင့်သည်။ ပိတုန်းနှာခေါင်း၊ ကျောက်ပေါက်မာမာ မျက်နှာနှင့် ကတုံးခေါင်းတို့ဖြင့်။
ဒီစောက်ကျိုးနည်း လူပုအဘိုးကြီး...
"ဒီအစေခံက..." စုချင်ချိုး၏ မျက်လုံးပြူးသွားပြီး သင့်တော်သော ဆင်ခြေတစ်ခုကို အသည်းအသန် စဉ်းစားနေသည်။
ရုတ်တရက်...
အဝေးရှိ စာကြည့်ဆောင်ဘက်မှ တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။ မီတာထောင်ချီ ကွာဝေးသော်လည်း မြေကြီး အနည်းငယ် တုန်ခါသွားသည်ကို ခံစားရနိုင်ပြီး သဲနှင့် ကျောက်စရစ်များ လှိုင်းထကာ လိမ့်ဆင်းလာ၏။
"ဒုက္ခပဲ... လုပ်ကြံသူ တစ်ယောက်... "
"အဲဒါ စစ်သူကြီး ချန်းယွီပဲ။ သူ သူခိုးတွေရဲ့ သတ်တာကို ခံလိုက်ရတယ်... "
"မင်းတို့နှစ်ယောက် သွားပြီး ကူညီပေးလိုက်။ ငါ ကျမ်းစာဆောင်ကို စောင့်ဖို့ ကျန်ခဲ့မယ်... " လူပုအဘိုးအိုက တင်းမာစွာ အမိန့်ပေးလိုက်သည်။
အဖြစ်အပျက်မှာ အလွန်ပင် ရုတ်တရက်ဆန်သဖြင့် ကျမ်းစာဆောင်၏ အစောင့်သုံးဦးမှာ တုံ့ပြန်ရန် အချိန် မရလိုက်ပေ။ လှပသော အနက်ရောင် ပုံရိပ်တစ်ခုကိုသာ သူတို့ မြင်လိုက်ရသည်။ သူက လူများ အကြားမှ အကွာအဝေးကို ကျုံ့သွားစေနိုင်သော နတ်ဘုရားစွမ်းအားရှိသကဲ့သို့ တစ်လှမ်းတည်းဖြင့် မီတာတစ်ထောင်ကို ဖြတ်ကျော်သွားသည်။ သူ ဖြတ်သွားသော နေရာတိုင်း ဝိညာဉ်ကြိုးမျှင်များက ပင့်ကူအိမ်ကဲ့သို့ ဖြစ်ပေါ်လာပြီး လမ်းပေါ်ရှိ နန်းတွင်းအစေခံများ၊ မိန်းမစိုးများနှင့် အစောင့်များ အားလုံးကို ထိန်းချုပ်လိုက်၏။
"ဒီအမျိုးသမီးကို သတ်ပစ်စမ်း... " အသားဖြူဖြူ လူငယ်နှင့် ကြွက်သားတောင့်တင်းသော အမျိုးသားတို့က တစ်ပြိုင်နက် အော်ဟစ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် သူ့နောက်သို့ လိုက်သွားကြသည်။
......
......
"ဝိညာဉ်တာအို ကျင့်ကြံသူတစ်ယောက်။ စွမ်းရည်တော်တော်လေး မြင့်တယ်။ သူက ဘယ်သူ့လက်အောက်ကလဲ။ ပြီးတော့လည်း ကြောက်စရာကောင်းတဲ့ လူဆိုးက တစ်ယောက်တည်း မကဘူး။" လူပုအဘိုးအိုက အဝေးသို့ လှမ်းကြည့်ရင်း သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုသို့ပြောရင်း လူပုအဘိုးအိုက တဖြည်းဖြည်း စကားပြောစရာ မရှိတော့ပေ။ သူ၏ အကြည့်က စုချင်ချိုးဆီသို့ မသိစိတ်မှ ရောက်သွားပြီးနောက် သူ တိတ်ဆိတ်သွားသည်။
"..."
"..." စုချင်ချိုးလည်း တိတ်ဆိတ်နေသည်။
သူတို့နှစ်ဦးက အချင်းချင်း တိတ်တဆိတ် စက္ကန့်ဆယ်ဂဏန်းခန့် စိုက်ကြည့်နေကြပြီးနောက် လူပုအဘိုးအိုက မေးလိုက်သည်၊ "မင်းလည်း အဲဒီလူတွေထဲက... မဟုတ်ဘူးမလား... "
စကားမဆုံးမီမှာပင် ဓားရှည်တစ်လက် ဓားအိမ်ထဲမှ ဆွဲထုတ်ခံလိုက်ရပြီး လူပုအဘိုးအို၏ နောက်ကျောမှ ဂျလွတ်ခနဲ အသံမြည်သွားသည်။ အေးစက်ပြီး တောက်ပနေသော ဓားအလင်းတန်းက ရေတံခွန်ကဲ့သို့ ကျဆင်းလာပြီး လူပုအဘိုးအို၏ လည်ပင်းနောက်ဘက်သို့ သုံးလက်မခန့် အကွာသို့ ရောက်ရှိသွားသည်။ စုချင်ချိုးက အေးစက်စွာ ပြောလိုက်၏။
"ရှင် ခန့်မှန်းတာ မှန်တယ်။ ဒါပေမဲ့ ဆုတော့မရဘူး။ သွားသေလိုက်တော့။အဘိုးကြီး နှာဘူး... "
မမျှော်လင့်ဘဲ လူပုအဘိုးအိုက ရုတ်တရက် ပြုံးလိုက်ပြီး ထိုအရေးကြီးသော အချိန်တွင် သဲ့သဲ့လေး ပြုံးလျက် ပြောလိုက်သည်။
"ဒီအလှလေးကို ဘယ်လို ဖမ်းရမလဲဆိုတဲ့ဆင်ခြေကို ရှာနေတာ။ ကြည့်စမ်း။ သူက ငါ့တံခါးဝကို အလိုလို ရောက်လာတယ်... "
"မင်းကို ငါဖမ်းမိတာနဲ့ လုပ်ကြံသူကို စစ်ဆေးမေးမြန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းကို နှိပ်စက်မယ်။ မင်းကို အသေအချာ ကစားမယ်။ ပြီးတော့မှ ဧကရာဇ်ဆီ လွှဲပေးမယ်။"
"ဟီးဟီး... "
ထိုသို့ပြောပြီးနောက် လူပုအဘိုးအိုက သေစေနိုင်သော ဓားကို ရှောင်တိမ်းရန် သူ၏ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး သူ၏ ညာဘက်ခြေထောက်ဖြင့် နောက်ဆုတ်ကာ ခန္ဓာကိုယ်နှင့်အတူ ခါးနှင့် ကျောကို အနောက်သို့ မှီလိုက်သည်။ ထိုနည်းဖြင့် စုချင်ချိုး၏ ခုတ်ပိုင်းရာမှ ထိုးစိုက်ခြင်းသို့ ပြောင်းလဲသွားသော သိုင်းကွက်ကို တစ်ဖန် ရှောင်တိမ်းနိုင်ခဲ့သည်။
ရွှီး... ရွှီး... ရွှီး...
ဓားချက် ဆယ်ချက်ကျော် လွဲချော်သွား၏။
လူပုအဘိုးအိုသည် သရဲတစ္ဆေကဲ့သို့ လှုပ်ရှားနေပြီး သူ၏ဝတ်ရုံကို အေးဆေးစွာ ခါလိုက်ကာ မရှိသော ဖုန်မှုန့်များကို သုတ်သင်ရင်း ရယ်မောလိုက်သည်။
"အလှလေး၊။တော်တော်လေး သွက်တာပဲ။ ဒါပေမဲ့ ငါ ကြိုက်တယ်။"
"သေနာကောင်။ ရှင်က ကျွန်မရဲ့ခွေးလောက်တောင် အရပ်မရှည်ဘူး။ ရှင်နဲ့ခွေးနဲ့ ယှဉ်ရပ်ရင်တောင် ရှင်က ခွေးပေါ်မှာ မတ်တပ်ရပ်နေရဦးမယ်။ မရှက်ဘူးလား။ ကိုယ့်အခြေအနေကိုယ် မသိဘူးလား။ နှာဘူးအဘိုးကြီး၊၊ လူယုတ်မာအဘိုးကြီး... " စုချင်ချိုးက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။
ချစ်စရာကောင်းသော ဓားနတ်ဘုရားမလေးသည် ဧကရီနှင့် ဧကရာဇ် ရှေ့တွင်သာ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်နေခြင်း ဖြစ်သည်။ အပြင်လူများရှေ့တွင် စုချင်ချိုးသည် အလွန်ပင် အေးတိအေးစက်နိုင်ပြီး မာနကြီးသဖြင့် "ရေခဲတုံး"ဟူသော နာမည်ပြောင်ကိုပင် ရရှိထားသည်။
သူ၏ စူးရှသော အပြောအဆိုများကို ချင်းဖုန်းဟော်နှင့် ကျန်းစန်းဟိုင်တို့ကဲ့သို့ အဘိုးကြီးများထံမှ သင်ယူခဲ့ခြင်း ဖြစ်နိုင်ခြေများသည်။ ထိုအဘိုးကြီးများသည် များသောအားဖြင့် နန်းတော်တွင် ငြင်းခုံကြသောအခါ မည်သည့် စည်းကမ်း သို့မဟုတ် ကျင့်ဝတ်မျှ မရှိကြ။ သူတို့ ဒေါသထွက်လာသောအခါ လူများကို နာကျင်စေသော နေရာများကို ထိုးနှက်လေ့ရှိပြီး စော်ကားသော စကားများ စတင်ပြောဆိုတတ်ကြသည်။
တစ်စုံတစ်ယောက်ကို စော်ကားရာတွင် အနုပညာတစ်ခု ရှိ၏။ အားနည်းချက်များကို အထူးပစ်မှတ်ထားသင့်ပြီး၊ သူတို့ကို ဒေါသကြောင့် မျက်စိကန်းသွားစေကာ သတိလက်လွတ်ဖြစ်သွားစေရန် တည်ငြိမ်မှု မရှိတော့အောင် လုပ်ဆောင်ရမည် ဖြစ်သည်။
လူပုအဘိုးအို၏ မျက်နှာက ချက်ချင်း မည်းမှောင်သွား၏။
လူများက သူ၏ အရပ်အမောင်းအကြောင်း ပြောကြသည်ကို သူ အလွန်ပင် မုန်းတီးသည်။ များသောအားဖြင့် ထိုသို့ပြောရဲသူအားလုံး သေကုန်ကြလေပြီ။ လန်ယဘုရင် ဧကရာဇ်မှလွဲ၍ ဖြစ်သည်။
အခြားအကြောင်းပြချက် မရှိပေ။ သူက လန်ယဘုရင်ကို မနိုင်၍ သူ့သဘောအတိုင်း လုပ်ခွင့်ပြုထားခြင်းပင်။
"စကားပြော ရိုင်းလှချည်လား။ မင်းကို ဖမ်းမိတာနဲ့ မင်း မွေးလာခဲ့တာကို နောင်တရအောင် လုပ်ပစ်မယ်။. အလှလေး... "
လူပုအဘိုးအိုက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ လေထုမှာ တဖြည်းဖြည်း ခဲယဉ်းလာပြီး ရေခဲပွင့်များအဖြစ် စုစည်းသွားသည်။
မွန်းတည့်ချိန်ဖြစ်ပြီး နေရောင် ခြည်တောက်ပနေသော်လည်း ရုတ်တရက် နှင်းမုန်တိုင်းတစ်ခု စတင်လာသည်။ အေးစက်သော လေပြင်းက မြေကြီးကို ဖြတ်တောက်နေသော ဓားတစ်လက်ကဲ့သို့ဖြစ်ပြီး ချောမွေ့သော ကျောက်ပြာ မြေပြင်သည် အထူစား ရေခဲလွှာဖြင့် ဖုံးလွှမ်းသွားကာ လမ်းလျှောက်ရန် မတည်မငြိမ် ဖြစ်စေသည်။
စုချင်ချိုးက ဓားအသိကို အထွတ်အထိပ်သို့ တိတ်တဆိတ် မြှင့်တင်လိုက်သည်။ လေထဲရှိ ရေမော်လီကျူးများ အေးခဲသွားသည်ကို သူ ခံစားသိရှိနိုင်သည်။ သူ၏ သွေးလှည့်ပတ်မှုပင်လျှင် လူလုပ် ထိန်းချုပ်ခံထားရသကဲ့သို့ အေးစက်လာပြီး ခန္ဓာကိုယ်မှာ တဖြည်းဖြည်း တောင့်တင်းလာကာ ပျော့ပျောင်းမှု လျော့နည်းလာသည်။
ထိုအခိုက်အတန့်တွင် စုချင်ချိုးက ဧကရာဇ်၏ လေးနက်သော ဆုံးမစကားများကို ပြန်လည်အမှတ်ရလာသည်။
"သဘာဝဓာတ်ကြီး(၅)ပါးထဲက ရေခဲတာအိုဟာ ရေတာအိုနဲ့လည်း ပေါင်းစပ်ထားတယ်။ အဲဒါတွေက ကမ္ဘာကို ဖွဲ့စည်းထားတဲ့ အခြေခံ ဥပဒေသတွေဖြစ်ပြီးတော့ လူတွေအတွက် ကောင်းကင်ဘုံကို သွားတဲ့ အတွေ့ရအများဆုံး လမ်းကြောင်းတွေလည်း ဖြစ်တယ်။"
"ဒီလို ရန်သူမျိုးတွေက အရမ်းကို အားနည်းရင် အားနည်းမယ်။ ဒါမှမဟုတ်ရင် အရမ်း အစွမ်းထက်မယ်... အဲဒီနှစ်ခုကြားမှာ အလယ်အလတ်အဆင့်လောက်ရှိတဲ့ သူမျိုးကို တွေ့ရခဲတယ်။"
"တကယ်လို့ ပြိုင်ဘက်က ကောင်းကင်တာအိုကို ရောက်နေတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် သူတို့ကို အနိုင်ယူဖို့ ဒါမှမဟုတ် သတ်ဖို့ဆိုတာ အရမ်း ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ မှတ်ထားရမှာက ကောင်းကင်တာအိုက ပိုမြင့်လေလေ ဥပမာ ငါ့အချိန်-နေရာလွတ် တာအိုလိုမျိုးဆိုရင် တခြားတာအိုတွေထက် နားလည်သဘောပေါက်ဖို့ ပိုခက်ခဲလေလေပဲ... "
"ဒီအခြေအနေမှာ မင်းအတွက် ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ ပထမအချက်ကတော့ ကြီးမားတဲ့ ခွန်အားပဲ။ ဒုတိယအချက်က တာအိုရဲ့ သဘောတရားတွေကို နားလည်သဘောပေါက်တာ။ ဓားတာအိုအပေါ် မင်းရဲ့ နက်ရှိုင်းတဲ့ နားလည်မှုကို အားကိုးပြီး သူ့ရဲ့ အားနည်းချက်တွေကို ရှာ၊ ပြီးရင် သူ့ကို သတ်ပစ်။"
"ဒါပေမဲ့ ဒီရွေးချယ်စရာ နှစ်ခုလုံးက မင်းမှာ ထူးခြားတဲ့ ပါရမီရှိပြီးတော့ ကျင့်ကြံမှုအဆင့် ကွာဟချက်က အရမ်းမကြီးမားဘူးဆိုတဲ့ အချက်အပေါ်မှာ အခြေခံထားတာ။ အဲဒီလိုမှမဟုတ်ရင် မင်းမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ်။ အဲဒါက ပြေးဖို့ပဲ... "
စုချင်ချိုးက ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ပြိုင်ဘက်ထံမှ ထွက်ပေါ်လာသော ဖိနှိပ်သည့် အရှိန်အဝါကို တိတ်တဆိတ် အာရုံခံနေသည်။
ထိုလူပုအဘိုးအိုက လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း မှုန်ဝါးဝါး ခွဲခြားသိနိုင်၏။
ကွာခြားချက်က သိပ်မကြီးပေ...
စုချင်ချိုး၏ မျက်လုံးများ အရောင်လက်သွားပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ကာ ဧကရာဇ်၏ အဓိပ္ပာယ်ကို စဉ်းစားလိုက်သည်။
ဓားသိုင်းပညာကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ပြီးတော့ ပြိုင်ဘက်ကို အနိုင်ယူတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ...
သို့သော် လူပုအဘိုးအိုက သူ့ကို စဉ်းစားရန် အချိန်ပေးမည် မဟုတ်ဘဲ သိပ်သည်းလှသော ရေခဲဓားများက စုချင်ချိုးဆီသို့ လေဆင်နှာမောင်းကဲ့သို့ ပစ်ခတ်လာ၏
သူ၏သွေးများ ခဲသွားပြီး တဖြည်းဖြည်း အေးခဲသွားသည်နှင့်အမျှ၊ စုချင်ချိုး၏ လှုပ်ရှားမှုများမှာ အလွန် နှေးကွေးလာသည်။ သူက အလျင်စလို ကာကွယ်လိုက်သော်လည်း ထိုးဖောက်၍ မရနိုင်သော ခုခံမှုကို မဖန်တီးနိုင်ပေ။ ပိုက်ကွန်မှ လွတ်ထွက်လာသော ရေခဲဓားအချို့က သူ၏ ခန္ဓာကိုယ်ကို ရှပ်မိသွားပြီး သွေးများ ပန်းထွက်လာသည်။
သဘာဝနိယာမများက သတ်မှတ်ပေးထားပုံရသည့် တိကျသော လမ်းကြောင်းတစ်ခုတွင် မွေးရာပါ ပါရမီရှိသော ဝူတျဲနှင့် မတူဘဲ စုချင်ချိုးတွင် ကျင့်ကြံခြင်းအတွက် ထူးခြားသော ပါရမီနှင့် ထူးကဲသော အရည်အချင်းများသာ ရှိသဖြင့် သူ၏ရွယ်တူများထက် ပိုမို လျင်မြန်စွာ ကျင့်ကြံနိုင်သော်လည်း ၎င်းက တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ မြင့်တက်စေခြင်း မရှိပေ။
"ဓားသိုင်းပညာရဲ့ဝိညာဉ်ကို နားလည်တာက ငါ့ရဲ့ အောင်ပွဲအတွက် သော့ချက်ပဲ။" စုချင်ချိုးက သူ့ကိုယ်သူ တိတ်တဆိတ် ရေရွတ်လိုက်သည်။
တဖြည်းဖြည်းနှင့် စုချင်ချိုးက ဓားအသိကို အသုံးပြုကာ နည်းစနစ်မျိုးစုံကို လုပ်ဆောင်လာသည်။
တစ်ခါတစ်ရံတွင် ဓားအသိက ဝင်လာသော ဓားများကို တားဆီးရန် ကန့်လန့်ကာတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်၊ တစ်ခါတစ်ရံတွင် ၎င်းက အရိပ်အယောင်မရှိ ပျောက်ကွယ်သွားပြီး လူပုအဘိုးအို၏ ဘေးမှ ဓားအလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် ဓားအသိက ပန်းပွင့်ဖတ်များအဖြစ် စုစည်းသွားပြီး၊ ရောင်စုံ ကြွေကျနေသော ပန်းများသည် လှပသော်လည်း အရာဝတ္ထုများပေါ်သို့ ကျရောက်သွားသောအခါ ၎င်းတို့သည် အသားကြိတ်စက်များအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
"စိတ်ဝင်စားစရာပဲ။ သူက ငါ့လက်ကတစ်ဆင့် ဉာဏ်ပွင့်သွားတာပဲ။ အတင့်ရဲလိုက်တာ... " လူပုအဘိုးအိုက လှည့်ကွက်ကို ရိပ်မိသွားပြီး အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
ချက်ချင်းပင် လူပုအဘိုးအို၏ အကြည့်များ လေးနက်သွား၏။
ငါ တကယ်လုပ်တော့မယ်...
သူ အစက လှပသော အမျိုးသမီးငယ်လေးကို ထိခိုက်မည်ကို စိုးရိမ်ခဲ့သော်လည်း ယခုအခါတွင် သူသည် ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်ရန် မအားလပ်နိုင်လောက်အောင် ဖြစ်နေပြီး သေစေနိုင်သော ခြိမ်းခြောက်မှုကို ခံစားနေရသည်။ စုချင်ချိုးက ဉာဏ်ပွင့်နေဆဲဖြစ်ပြီး စက္ကန့်တိုင်း တိုးတက်နေသည်ကို မြင်သောအခါ သူသည် ချက်ချင်းပင် လျှော့မထားတော့ပေ။
......
......
တစ်ချိန်တည်းမှာပင်။
အတွင်းနန်းဆောင်ရှိ အိပ်ခန်းတစ်ခုအတွင်း၌။
လန်ယဘုရင်က နားမလည်စွာဖြင့် မေးလိုက်သည်။ "ဓားသူတော်စင်။ ခင်ဗျားရဲ့ အစေခံမလေးက လက်လျှော့တော့မယ့်ပုံပဲ။ သူ့ကို မကူညီဘူးလား။"
နေရာလွတ်တွင် တင်ပျဉ်ခွေထိုင်နေသော မုန့်ချင်ကျိုးက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဒီကောင်မလေးက သိပ်ပြီးတော့လည်း မတုံးပါဘူး။"
"ငါ့ရဲ့ ဓားအသိပိုင်နက်က နန်းတော်တစ်ခုလုံးကို လွှမ်းခြုံထားတယ်။ ချင်ချိုးက သူ့ရဲ့ အရင်က ဓားအပေါ် နားလည်မှုကို အလွယ်တကူ ထိန်းချုပ်နိုင်တဲ့ သေစေနိုင်တဲ့ တိုက်ကွက်တွေအဖြစ် ပြောင်းလဲနေတယ်ဆိုတာကို ငါ ခံစားမိတယ်။"
"ကြည့်နေလိုက်။ သူ နိုင်လိမ့်မယ်... "
လန်ယဘုရင်က မယုံကြည်နိုင်စွာ ကြည့်နေသည်။
ဒါက ဘယ်လို နိုင်ငံတကာအဆင့်မီ ဟာသမျိုးလဲ။ ခင်ဗျားရဲ့ အစေခံတွေ အကုန်လုံးက မိစ္ဆာတွေချည်းပဲလား။ အဆင့်ကျော်ပြီးတော့ ရန်သူတွေကို သတ်နိုင်တဲ့ ဝူတျဲရှိတာက သက်သက်လေ။ အခု ဒီ သိပ်ဉာဏ်မကောင်းပုံရတဲ့ အစေခံမလေးကတောင် လုပ်နိုင်တယ်ပေါ့...
ဒါဆို ခင်ဗျားတို့ မိသားစုက ကောင်းကင်ကို အံတုနေတာပဲ ဖြစ်ရမယ်...
ဧကရီက ရှေ့ကနေ ရှိနေပြီး အခု အချိန်-နေရာလွတ် ဓားသူတော်စင်ကလည်း ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာပြန်တယ်။ အစေခံမလေး နှစ်ယောက်ကတောင် ကောင်းကင်ကို အံတုဖို့ လိုက်လုပ်ရမယ်လို့ ခင်ဗျား ဆိုလိုချင်တာလား။
အဓိပ္ပာယ်မရှိလိုက်တာ...
သို့သော် မကြာမီမှာပင် လန်ယဘုရင်၏ သံသယဖြစ်နေသော မျက်နှာအမူအရာက မှန်ပြင်ပေါ်တွင် ထင်ဟပ်နေသော မြင်ကွင်းကို စိုက်ကြည့်ရင်း လေးနက်သွားကာ မျက်မှောင်များ ပြင်းထန်စွာ တွန့်ချိုးသွား၏။
ဘယ်လိုဖြစ်တာလဲ။
အစပိုင်းတွင် လူပုအဘိုးအို၏ လွှမ်းမိုးထားသော အဟုန်ကို စုချင်ချိုးက တဖြည်းဖြည်းနှင့် သရေကျသည်အထိ ပြန်လည်ဆွဲယူလာနိုင်ခဲ့သည်။ နာရီဝက်ခန့်အကြာတွင် သူက အခြေအနေကို ပြောင်းပြန်လှန်ကာ အဘိုးအိုကို ဖိနှိပ်နိုင်မည့် အရိပ်အယောင်များပင် ပြသလာခဲ့သည်။
"သဘောပေါက်ပြီ။ သခင်လေး ပြောခဲ့တဲ့ ဓားသိုင်းပညာ နားလည်မှုဆိုတာက အားသာချက်တွေကို အသုံးချပြီး အားနည်းချက်တွေကို အစားထိုးတာပဲ။ ကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားဆိုတာ ကိုယ့်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ တခြားသူတွေကို ဖိနှိပ်ရုံသက်သက် မဟုတ်ဘူး။ ဘက်စုံ ထည့်သွင်းစဉ်းစားရမယ့် အရာတစ်ခုပဲ... "
"ဥပမာ ဝူတျဲက လရောင်ထွန်းလင်းနယ်ပယ်တစ်ပိုင်း ကျင့်ကြံသူလို့ ထင်ရပေမဲ့ သူက ဝိညာဉ်တာအို လမ်းကြောင်းပေါ်မှာ တခြားသူတွေထက် ပိုခရီးရောက်နေပြီ။ ဒါကြောင့်မို့လို့ လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းအဆင့်မှာ ရှိနေတဲ့ စစ်သူကြီးချန်းယွီကို လွယ်လွယ်လေး သတ်နိုင်ခဲ့တာပဲ။"
"ငါ့အတွက်ကတော့ သခင့်လေးရဲ့ သင်ကြားပြသမှုအောက်မှာ ဓားသိုင်းပညာအပေါ် ငါ့ရဲ့ နားလည်မှုက လရောင်ထွန်းလင်းနယ်ပယ် အဆင့်ထက် အများကြီး သာလွန်နေပြီ။ နံနက်ခင်းအလင်းနယ်ပယ်ကိုတောင် ရောက်နေလောက်ပြီ... "
"အဲဒါက ငါ့ရဲ့အောင်ပွဲအတွက် သော့ချက်ပဲ... "
စုချင်ချိုး၏ လှပသော မျက်လုံးများမှာ ဗလာကျင်းနေပြီး သူ၏ အတွင်းကမ္ဘာတွင် ပျောက်ဆုံးနေကာ ဒဏ်ရာများနှင့် သူ့ရှေ့ရှိ လူပုအဘိုးအိုကို လုံးဝ လျစ်လျူရှုထားပြီး နေရာလွတ်နှင့် ယှဉ်ပြိုင်နေသကဲ့သို့ ဖြစ်နေ၏။
[ ကြွေကျလာတဲ့ပန်းတွေက ဆန္ဒရှိပေမဲ့ စီးဆင်းနေတဲ့ရေကတော့ နှလုံးသား မရှိဘူး... ]
[ ဓားရဲ့အဟုန်က စီးဆင်းနေတဲ့ မြစ်ရေလို တဟုန်ထိုး တက်လာတယ်... ]
[ ငါ့ရဲ့ ဒီဓားချက်ကို "ကြွေနေတဲ့ပန်းတွေနဲ့ စီးဆင်းနေတဲ့ရေတွေ" လို့ ခေါ်တယ်... ]
စုချင်ချိုး သူ့ကိုယ်သူ စကားပြောနေသည်ကိုသာ ကြားနိုင်ပြီး သူ၏ အသံမှာ မကျယ်လောင်သော်လည်း လူတိုင်း ကြားနိုင်လောက်အောင် ရှင်းလင်းနေသည်။
မုန့်ချင်ကျိုးက သူ့ကို ထူးဆန်းစွာ ကြည့်ရင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။ "ကြွေနေတဲ့ပန်းတွေနဲ့ စီးဆင်းနေသောရေတွေ... အဟမ်း... အဟမ်း... နာမည်ကောင်းပဲ။"
ဗဟုသုတ အကန့်အသတ်ရှိသော ထိုကောင်မလေးက ဤစကားလုံးကို စဉ်းစားနိုင်ခဲ့ခြင်းမှာ အမှန်တကယ် မှတ်သားလောက်စရာပင်။
…
…
"နှင်းခဲနယ်ပယ်၊ တားမြစ်အပျက်အစီး... "
လူပုအဘိုးအိုသည် သူ၏ရှေ့ရှိ ထူးဆန်းသော မြင်ကွင်းကို ငေးကြည့်နေသည်။ တံတားငယ်လေးတစ်ခု၊ စီးဆင်းနေသောရေ၊ အိမ်တစ်လုံး၊ မြစ်ကမ်းပါးပေါ်ရှိ မက်မွန်ပင်တစ်ပင်၊ ၎င်း၏ မီးခိုးရောင် ပန်းပွင့်ဖတ်များ ကြွေကျလာပြီး မြစ်ရေဖြင့် သယ်ဆောင်ကာ သူ၏ဆီသို့ ဦးတည်လာနေသည်။
ငါတို့ ရှောင်လို့ မရဘူးဆိုရင် နောက်ဆုံး တိုက်ကွက်ကို ထုတ်ရတော့မှာပေါ့...
လူပုအဘိုးအိုက ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးလိုက်ပြီး ပေ(၁၀၀)အတွင်းရှိ နေရာလွတ်ကို အေးခဲနေသော စွန့်ပစ်မြေအဖြစ် ပြောင်းလဲလိုက်သည်။ ဤနေရာတွင် ရေခဲတာအို တစ်ခုတည်းသာ တည်ရှိခွင့်ရှိသည်။
အခြား တာအို ဥပဒေသအားလုံးကို အေးခဲပစ်ပြီး ၎င်းတို့ကို ဝင်ရောက် ကျူးကျော်ရန် မဖြစ်နိုင်အောင် လုပ်ပစ်လိုက်သည်။
"ရှင်... အဲဒါကို တားလို့မရဘူး... " စုချင်ချိုးက အေးဆေးစွာ ပြောလိုက်သည်။
မြစ်ရေက လျင်မြန်စွာ စီးဆင်းလာပြီး ရေခဲနယ်ပယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။ ရေများက လူပုအဘိုးအို၏ ခန္ဓာကိုယ်ပေါ်မှ ဖြတ်သန်းစီးဆင်းသွားပြီး မျက်နှာပြင်ပေါ်တွင် မျောပါလာသော မီးခိုးရောင် ပန်းပွင့်ဖတ်များက သူ၏ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် အနီရောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
...