စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေး
Vol. 36 Ch. 351
အဆင့် ၆ အင်မော်တယ် လက်နက်ပေါင်းသောင်းနှင့်ချီ၍ စုဆောင်းရရှိပြီးနောက် ကျန်းချန်သည် အလွန်အမင်း စိတ်ကျေနပ်သွားတော့သည်။ ၎င်းသည် လုံးဝကိုမမျှော်လင့်ထားဘဲ ရရှိလိုက်သော ကံကောင်းမှုကြီးတစ်ခုဖြစ်၏။ သူ့ရှေ့မှ လူပြက်တစ်စုသည် သူ့ကိုမြှောက်ပင့်နေကြသလို ကံတရားများကိုလည်း လာရောက်ဆက်သနေကြသဖြင့် ထပ်မံ၍သွေးချောင်းစီးအောင် လုပ်ဆောင်ရန်မှာ မသင့်လျော်ဟု သူယူဆမိသည့်အတွက် သူတို့ကိုလွှတ်ပေးရန် ရည်ရွယ်လျက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
သို့သော် ထိုအချိန်တွင် အဝေးမှ လူပေါင်းထောင်ချီ၍ ပျံသန်းလာကြသည်ကို မြင်လိုက်ရ၏။ ရှေ့ဆုံးမှဦးဆောင်လာသော အင်မော်တယ်ဘုရင်သည် ဤနေရာတွင် လူထောင်ပေါင်းများစွာ စုဝေးနေသည်ကို မြင်သောအခါ မည်သို့ဖြစ်ပျက်နေသည်ကိုမသိဘဲ အင်မော်တယ်ကံကြမ္မာတိုကင်အားလုံး ခွဲဝေနေကြပြီဟုထင်မှတ်လျှက် စိုးရိမ်တကြီးဖြင့် အလျင်အမြန် အော်ဟစ်လိုက်တော့သည်။
"အင်မော်တယ်ဘုရင် ဖုန်းဒူး... ဒီအဖိုးကြီးအတွက်လည်း အင်မော်တယ်ကံကြမ္မာတိုကင်တချို့ ချန်ထားပေးပါဦး"
ကျန်းချန်၏ရှေ့တွင်ရပ်နေပြီး ထွက်ခွာတော့မည့် အင်မော်တယ်ဘုရင်မှာ အခြားသူမဟုတ်ဘဲ အင်မော်တယ်ဘုရင် ဖုန်းဒူးပင်။ ထိုအော်ဟစ်သံကို ကြားလိုက်ရသောအခါ သူသည် အသစ်ရောက်ရှိလာသူကို လည်ပင်းညှစ်သတ်ပစ်ချင်စိတ်ပေါက်သွား၏။
ငါတို့က ဒီမိစ္ဆာဘုရင်ရဲ့ လက်ထဲကနေ လွတ်မြောက်တော့မှာကို မင်းကဘာလို့အော်နေရတာလဲ
စိတ်ထဲမှ ကြုံးဝါးမိသည်။
သူသည် ထိုသူကို မသိသလိုဟန်ဆောင်ကာ ခိုးထွက်သွားရန် ကြိုးစားရင်း ခေါင်းကို ငုံ့ထားလိုက်သော်လည်း ထိုအချိန်တွင် နောက်မှအုပ်စုသည် အမီလိုက်လာနိုင်လေသည်။
"ညီအစ်ကို ဖုန်းဒူး... မင်းက ဘာလို့ ပြန်မထူးတာလဲ"
"ဒါမှမဟုတ် မင်းက အင်မော်တယ်ကံကြမ္မာတိုကင်တွေ အများကြီးလုထားမိလို့ ဒီအဖိုးကြီးက လာတောင်းမှာကို ကြောက်နေတာလား"
"ငါတို့ သိလာခဲ့ကြတာ နှစ်ပေါင်းသန်းသုံးရာရှိပြီနော်။ ငါက အဲဒီလိုလူမျိုးမို့လို့လား"
အင်မော်တယ်ဘုရင် ဖုန်းဒူး၏မျက်နှာမှာ မည်းသည်းသွားပြီး စကားကိုနည်းနည်းလောက်လျှော့ပြောရန် စိတ်ထဲမှဆုတောင်းနေမိသည်။ အခေါ်ခံရသူမှာ သူတစ်ယောက်တည်းမဟုတ်ဘဲ အခြားသူများလည်း ပါဝင်နေ၏။
"ဟားဟား... အင်မော်တယ်ဘုရင် ရှန့်လဲ့... မင်းလည်း ဒီမှာရှိနေတာပဲ"
"ဂိုဏ်းချုပ် တုဟယ်... ကျွန်တော် ခင်ဗျားကို ရှာနေတာ။ ခင်ဗျားက အရင်ရောက်နေလိမ့်မယ်လို့ မထင်ထားဘူး။ ခင်ဗျားညီအစ်ကိုအတွက်လည်း ချန်ထားပေးဦးနော်"
"အင်မော်တယ်ဘုရင် ယန်လု... မင်းက ဂိုဏ်းတောင်မတည်ထောင်ရသေးဘဲ တပည့်နှစ်ယောက်ပဲရှိတာကို အင်မော်တယ်ကံကြမ္မာတိုကင်တွေ ဒီလောက်အများကြီး မလိုဘူး မဟုတ်လား"
ထွက်ခွာတော့မည့် အင်မော်တယ်ဘုရင်များမှာ ရူးမတတ် ခံစားလိုက်ရသည်။
မင်းတို့ကပဲ တော်နေကြတာလား၊ မင်းတို့ကပဲ စကားတွေ တအားများနေကြတာလား
စိတ်ထဲမှ ဒေါသထွက်နေကြ၏။
"သြော်... သူတို့က ခင်ဗျားတို့ကို ခေါ်နေကြတာ ထင်တယ်နော်"
ကျန်းချန်၏ မျက်နှာပေးမှာ အနည်းငယ် ထူးခြားသွားသည်။
"ခင်ဗျားတို့က ကျွန်တော့်ကိုကြည်ညိုလွန်းလို့ အထူးတလည်လာတွေ့တာလို့ ပြောခဲ့ကြတယ် မဟုတ်လား။ အခုတော့ဘာလဲ... ခင်ဗျားတို့က အင်မော်တယ်ကံကြမ္မာတိုကင်တွေကို လုယူဖို့ ကြံစည်ထားကြတာပဲလား"
"မဟုတ်ပါဘူး... မဟုတ်ပါဘူး"
အင်မော်တယ်ဘုရင် ဖုန်းဒူးနှင့် အခြားသူများသည် ချွေးစေးများထွက်လာပြီး လက်များကို အကြိမ်ကြိမ်ဝှေ့ယမ်းကာ ငြင်းဆိုကြ၏။
"သူတို့က လျှောက်ပြောနေတာပါ။ စီနီယာ သူတို့စကားကို မယုံပါနဲ့"
"ကျွန်တော်တို့ သူတို့ကို လုံးဝမသိပါဘူး"
ထိုအချိန်တွင် နောက်မှအုပ်စုရောက်ရှိလာသည်။ ၎င်းတို့သည် ကျန်းချန်ကိုမြင်သောအခါ အလွန်အံ့အားသင့်သွားကြပြီး တိုက်ကွက်ခင်းလိုက်ကြ၏။
"ဒီလူက ဘယ်လိုဖြစ်လို့ အသက်ရှင်နေသေးတာလဲ"
"အင်မော်တယ်ဘုရင် ဖုန်းဒူး... မင်း သူ့ကို ဘာလို့ အခုထိ မသတ်သေးတာလဲ"
"ဟုတ်တယ်... ဘာဖြစ်သွားတာလဲ"
"မင်း သူ့ကို လွှတ်ပေးလိုက်တာလား"
"သူ့ဆီက အင်မော်တယ်ကံကြမ္မာတိုကင်တွေ ဘယ်မှာလဲ"
"မင်းတို့ရဲ့ အင်မော်တယ်ကိုပဲသွားပြီး စောက်ဂရုစိုက်လိုက်ကြ"
ယခုတစ်ကြိမ်တွင်မူ ကျန်းချန် စကားပြောရန်ပင်မလိုတော့ဘဲ နှစ်ပေါင်းသန်းနှင့်ချီ၍ မဆဲဆိုခဲ့သော အင်မော်တယ်ဘုရင် ဖုန်းဒူးသည် ဒေါသတကြီး ဆဲဆိုတော့သည်။
"ငါက မင်းတို့လိုလူတွေကို မသိဘူး"
"ဒီအရူးတွေက ဘယ်က ရောက်လာကြတာလဲ။ သွားစမ်း... ထွက်သွားကြစမ်း"
အခြားသော အင်မော်တယ်ဘုရင်များလည်း အမျက်ထွက်ကာ ဝိုင်းဆဲကြ၏။
"မင်းတို့က ဘယ်သူတွေလဲ။ ငါ့အနားကို မကပ်လာကြနဲ့"
"ထွက်သွားကြ။ ငါက ဘိုးဘေးကြီးကျန်းကို ကြည်ညိုလွန်းလို့ ဒီကိုလာခဲ့တာ။ ငါက မင်းတို့လို အောက်တန်းစား လူယုတ်မာတွေနဲ့ တစ်တန်းတည်း မဟုတ်ဘူး"
ကျန်းချန်က လှောင်ပြောင်သော အမူအရာဖြင့် ပြုံးလိုက်ပါသည်။
"တစ်တန်းတည်း မဟုတ်ဘူးလား"
"ကျိန်းသေပေါက် မဟုတ်ပါဘူး"
အင်မော်တယ်ဘုရင် ဖုန်းဒူးနှင့် အခြားသူများသည် စည်တီးနေသကဲ့သို့ ၎င်းတို့၏ ရင်ဘတ်ကို တဗုန်းဗုန်းထုလိုက်ကြသည်။
"ဘိုးဘေးကြီးကျန်း... ကျွန်တော်က သူတို့နဲ့ အမြဲတမ်း အဆင်မပြေခဲ့တာကို ရှင်းရှင်းလင်းလင်းမြင်ပေးပါဦး"
"မှန်ပါတယ်... ကျွန်တော်တို့က စီနီယာ့ကို အမြဲတမ်းကြည်ညိုလေးစားခဲ့တာပါ။ ရိုသေမှုပဲ ရှိပါတယ်။ အဲဒီလို မလေးမစားစိတ်မျိုး ဘယ်လိုလုပ်ထားဝံ့ပါ့မလဲ"
"သူတို့က စီနီယာ့ကိုသတ်ဖို့တောင် ကြံစည်နေကြတာ။ သူတို့ရဲ့စိတ်ဓာတ်က ပြစ်ဒဏ်ပေးခံရဖို့ ထိုက်တန်ပါတယ်။ စီနီယာအနေနဲ့ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပေးပါ"
"စီနီယာ အရေးယူချင်တယ်ဆိုရင် ကျွန်တော်က ဒီပုန်ကန်သူတွေကို နှိမ်နင်းဖို့အတွက် ရှေ့တန်းကနေ တာဝန်ယူပါရစေ"
ကျန်းချန် တကယ်အထင်ကြီးသွားသည်။ ဤလူများသည် အမှန်တကယ်ကို ပါရမီရှင်များဖြစ်ကြပြီး ၎င်းတို့၏ မျက်နှာပြောင်တိုက်နိုင်စွမ်းမှာ အထွတ်အထိပ်ရောက်နေ၏။ ဆန့်ကျင်ဘက်အုပ်စုမှာမူ မှင်သက်သွားကြသည်။
"အင်မော်တယ်ဘုရင် ဖုန်းဒူး... မင်းဘာကိုဆိုလိုတာလဲ။ အရင်တုန်းက ဒီအဖိုးကြီး မင်းအပေါ် ထားခဲ့တဲ့ ကျေးဇူးတွေကို မေ့သွားပြီလား"
"တုဟယ်... မင်းကတော့ လွန်လွန်းပြီ"
"အင်မော်တယ်ဘုရင် ယန်လု... မင်း ရူးသွားပြီလား။ ဒီလူနဲ့ ဘယ်လိုဖြစ်ပြီး တစ်ဖက်တည်း ရပ်တည်နေရတာလဲ"
"ငါ မင်းကို လူမှားခဲ့တာပဲ..."
၎င်းတို့သည် ဒေါသထွက်နေကြသလို စိတ်လည်းပျက်နေကြသည်။ အင်မော်တယ်ကံကြမ္မာတိုကင်လေးအတွက်နှင့် ကျန်းချန်နှင့် ပူးပေါင်းသွားကြသည်ဟု တွေးနေမိသော်လည်း စွပ်စွဲမှုများမှာ မကြာမီတိတ်သွား၏။ ၎င်းတို့သည် ယခင်တိုက်ပွဲမှ ကျန်ရစ်သော အပျက်အစီးများကို နောက်ဆုံး၌ သတိထားမိသွားကြသည်။ အောက်တွင် တိုက်ပွဲကျသွားသော အင်မော်တယ်ဘုရင် ၃၅ ပါး၏ အလောင်းများကို မြင်တွေ့လိုက်ရ၏။
ထို့ကြောင့် ဒေါသတကြီးဟိန်းဟောက်နေသော လူအုပ်ကြီးမှာ ရုတ်တရက်ငြိမ်ကျသွားတော့သည်။ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို မည်သူက ရှင်းပြနိုင်ပါမည်နည်း။ ဤလူအုပ်မှာ မိုက်မဲသူများမဟုတ်သဖြင့် အခြေအနေကို သဘောပေါက်သွားကြသည်။ အင်မော်တယ်ဘုရင် ဖုန်းဒူးနှင့် အခြားသူများသည် ဤလူ၏ရှေ့တွင် ကျိုးနွံနေကြပြီး အသက်ပြင်းပြင်းပင် မရှူရဲကြသည်မှာ မဆန်းတော့ပေ။ အင်မော်တယ်ဘုရင် ၃၅ ပါးကို တစ်ယောက်တည်းနှင့် အမှုန့်ကြိတ်နိုင်ရန်မှာ မည်မျှအထိ အစွမ်းထက်မည်နည်း။
"ဟို... စီနီယာ..."
သတ်ဖြတ်ရန်အော်ဟစ်ခဲ့သော ဦးဆောင်သူ အင်မော်တယ်ဘုရင်မှာ မျက်နှာဖြူလျော့သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှင်းပြရန်ကြိုးစားတော့သည်။
"တကယ်တော့... ဒါ... ဒါတွေအားလုံးက အထင်လွဲတာပါ..."
သူ့စကားမဆုံးခင်မှာပင် ကျန်းချန်က အေးစက်စွာရယ်မောလိုက်၏။
"အထင်လွဲတာ ဟုတ်လား"
"ခုနတင်ပဲ မင်းတို့က ငါ့ကိုသတ်ပြီး အင်မော်တယ်ကံကြမ္မာတိုကင်တွေကို လုမယ်လို့ ပြောနေကြတာ မဟုတ်လား"
"မင်းတို့က ငါ့ကို နားမကြားဘူးလို့ ထင်နေတာလား၊ ဒါမှမဟုတ် ငါက အသက်ကြီးပြီး မေ့တတ်နေပြီလို့ ထင်နေတာလား"
သူသည် ဟုန်ကျွယ် အင်မော်တယ်ဓားကို ထုတ်ယူလိုက်ပြီး သတ်ဖြတ်လိုသော အရှိန်အဝါများကို အပြည့်အဝထုတ်ဖော်လိုက်သည်။
ဤလူအုပ်မှာ အသည်းတုန်အောင် ကြောက်လန့်သွားကြပြီး အကြိမ်ကြိမ်အသနားခံကြလေတော့သည်။
"ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ စီနီယာ။ ကျွန်တော်တို့ မျက်စိကန်းပြီး စီနီယာ့ကို စော်ကားမိတာပါ။ အကြိမ်ပေါင်းသောင်းချီ သေသင့်ပါတယ်..."
"စီနီယာအနေနဲ့ ကရုဏာထားပြီး သက်ညှာပေးဖို့ပဲ မျှော်လင့်ပါတယ်"
"ဟုတ်ပါတယ်... စီနီယာ့ရဲ့အစွမ်းကိုသာသိခဲ့ရင် ကျွန်တော်တို့ကို သတ္တိတွေဘယ်လောက်ပဲပေးပေး၊ ဒီလိုမျိုးမတွေးဝံ့ပါဘူး"
"ဟက်... ဒါဆိုရင် ငါက နည်းနည်းလေး အားနည်းနေမယ်ဆိုရင် မင်းတို့က အဲဒီလိုလုပ်ဝံ့ကြမယ်လို့ ဆိုလိုတာလား"
အနီးအနားရှိ အင်မော်တယ်ဘုရင် ဖုန်းဒူးနှင့် အခြားသူများသည် မူလက စိတ်မကောင်း ဖြစ်နေကြသော်လည်း ယခုအခါတွင်မူ တိတ်တဆိတ် ဝမ်းသာနေကြသည်။ နှိုင်းယှဉ်ကြည့်လျှင် ၎င်းတို့၏အခြေအနေမှာ ဤလူအုပ်ထက်စာလျှင် များစွာသာလွန်၏။ တစ်ချီတည်းနှင့် မြှောက်ပင့်လိုက်သော စကားများကြောင့် ၎င်းတို့မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည်။
ယခုရောက်လာသော လူအုပ်မှာမူ မတူညီပေ။ ၎င်းတို့သည် သတ်မည် ဖြတ်မည်ဟု အော်ဟစ်လျက် စတင်ခဲ့ကြသဖြင့် ယခုအခါ ပြန်လည်ပြုပြင်ရန် မလွယ်ကူတော့ချေ။ ထို့ကြောင့် လူတစ်ယောက်သည် မိမိ၏နှုတ်ကို စောင့်စည်းသင့်သည်။ ခုနတင် သတ်ဖြတ်လုယက်မည်ဟု ပြောပြီးမှ ယခု ကြည်ညိုလေးစားပါသည်ဟု ပြော၍ရနိုင်မည်လော။
"မင်းတို့အားလုံးက တကယ့်ကို အရှိန်အဝါကြီးကြတာပဲ။ တစ်ယောက်ပြီးတစ်ယောက် ငါ့ကိုသတ်ချင်နေကြတယ်"
"ဒါဆိုရင်လည်း မြန်မြန်လုပ်ကြလေ... အသေအကြေ တိုက်ခိုက်ကြတာပေါ့"
ကျန်းချန်၏မျက်နှာပေးမှာ ပို၍တည်ကြည်လာသည်ကို မြင်သောအခါ ဤလူအုပ်မှာ ပို၍ထိတ်လန့်လာကြသည်။ အသေအကြေ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ အကယ်၍ နိုင်နိုင်ခြေရှိလျှင် ၎င်းတို့ တိုက်ခိုက်ခဲ့ကြသည်မှာ ကြာလေပြီ။ နောက်ဆုံးတွင် ၎င်းတို့သည် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးတိုက်လျက် အသနားခံကြတော့သည်။
"ချမ်းသာပေးပါ"
"ကျွန်တော်တို့ကို ချမ်းသာပေးပါ စီနီယာ... ကျွန်တော်တို့ မှားသွားပါတယ်"
အခြားနည်းလမ်း မရှိတော့ပေ။ အသက်ရှင်သန်နိုင်ရေးနှင့် နှိုင်းယှဉ်လျှင် ကျန်သောအရာအားလုံးမှာ အရေးမကြီးတော့။ ကျန်းချန်သည် ဒေါသလည်းထွက်သလို ရယ်လည်းရယ်ချင်နေမိသည်။ ဤသူများကို အင်မော်တယ်များဟု ခေါ်နိုင်ဦးမည်လော။
"ကောင်းပြီ... ငါ မင်းတို့ကို အသက်ချမ်းသာပေးနိုင်တယ်"
သူ့စကားမဆုံးခင်မှာပင် လူတိုင်းမှာ အလွန်အမင်း ဝမ်းသာသွားကြသည်။
"စီနီယာကို ကျေးဇူးတင်ပါတယ်"
"ကျွန်တော်တို့ ပြန်ရောက်တဲ့အခါ စီနီယာ့ကို နေ့ညမပြတ်ကိုးကွယ်ဖို့အတွက် နတ်စင်တစ်ခုတည်ဆောက်ပါ့မယ်..."
"တော်ပြီ... တော်ပြီ"
ကျန်းချန်က မျက်မှောင်ကြုတ်လျက် လက်ကိုဝှေ့ယမ်းလိုက်သည်။
"ဒါပေမဲ့ မင်းတို့ ခုနက သတ်မယ်ဖြတ်မယ် အော်နေကြတာက ငါ့ကိုကြောက်လန့်စေခဲ့တယ်။ အဲဒါက ငါ့ရဲ့စိတ်ဝိညာဉ်ကို ကြီးမားတဲ့ထိခိုက်ဒဏ်ရာရစေတယ်"
"ဒီနာကျင်မှုက အရမ်းကိုနက်ရှိုင်းတယ်။ ငါ့ကို အချိန်အကြာကြီး စိတ်ဓာတ်ကျစေမှာဖြစ်သလို ငါ့ရဲ့ကျင့်ကြံမှုကိုလည်း ထိခိုက်စေနိုင်တယ်"
"ပြောစမ်း... ဒီစိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုက လုံလောက်အောင် ကြီးမားတယ် မဟုတ်လား"
ဘယ်လို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုလဲ။ လူတိုင်းမှာ စကားပင်မပြောနိုင်တော့ချေ။
မင်းက ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလဲ။
မင်းက ဒီလောက်အစွမ်းထက်ပြီး မျက်တောင်တစ်ချက် မခတ်ဘဲ သတ်ဖြတ်နေတာကို မင်း ကြောက်နေတယ်ဆိုတာ ဘယ်သူက ယုံမှာလဲ။
မင်းကြောင့် ကြောက်နေရတာက ငါတို့ပါနော်။
သို့သော် ကျန်းချန်ကမေးမြန်းနေသဖြင့် မည်သူက မဟုတ်ဘူးဟု ပြောရဲပါမည်နည်း။ ၎င်းတို့သည် သဘောတူရုံမှတစ်ပါး အခြားမရှိတော့ပေ။
"တကယ်ကို ကြီးမားတဲ့ နစ်နာမှုပါပဲ"
"ဒါကို ကြားရတာက တကယ်ကို နှလုံးသားကွဲကြေစေသလို မြင်ရတာလည်း မျက်ရည်ကျစရာပါပဲ..."
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ အမှားတွေပါ..."
ကျန်းချန်၏ နှုတ်ခမ်းအစုံမှာ ပြုံးယောင်သန်းသွားသည်။
"မင်းတို့ကလည်း ငါ့မှာ ကြီးမားတဲ့နစ်နာမှုတွေရှိတယ်လို့ ခံစားနေရပြီဆိုမှတော့ ငါ့ကို လျော်ကြေး မပေးသင့်ဘူးလား"