← Chapters

ဘိုးဘေးကြီးကျန်း... အထင်လွဲနေပါပြီ

Vol. 36 Ch. 353

ဘိုးဘေးကြီးကျန်း... အထင်လွဲနေပါပြီ

Vol. 36 Ch. 353

လွန်ခဲ့သော ရက်အနည်းငယ်က အပြင်ဘက်တွင်ဝိုင်းရံထားကြသော ဂိုဏ်းပေါင်းစုံနှင့် မိသားစု အားလုံးတို့မှာ အနည်းငယ် စိုးရိမ်ထိတ်လန့်လာကြသည်။ မူလက ၎င်းတို့သည် ဖေးရှန်ဂိုဏ်းကို ဝိုင်းရံပိတ်ဆို့ထားပြီး ကျန်းချန်အပြန်ကိုစောင့်ကာ ထောင်ချောက်ထဲသို့ တည့်တည့်တိုးလာစေရန် ကြံစည်ထား၏။ ဤနေရာတွင် အင်မော်တယ်ဘုရင် ၁၀၅ ပါးနှင့် အင်မော်တယ် အရှင်သခင် သောင်းနှင့်ချီ၍ ရှိနေသည်ဖြစ်ရာ မည်သို့လျှင် မအောင်မြင်ဘဲရှိပါမည်နည်း။

သူ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် အုပ်စုလိုက် ဝိုင်းအုံတိုက်ခိုက်ကာ အင်မော်တယ်ကံကြမ္မာတိုကင် ၃၀၀,၀၀၀ ကို ခွဲဝေယူကြမည်။ သို့သော် ယခုမူ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသော တုန်လှုပ်ဖွယ်သတင်းများကြောင့် ၎င်းတို့၏ ကတွတ်ပေါက်ဗျိုင်းစောင့်သည့်စီမံကိန်းမှာ မရေမရာဖြစ်လာခဲ့သည်။ အစ်ကိုကြီးချန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အမင်း အစွမ်းထက်လွန်းလှသဖြင့် အလယ်အင်မော်တယ်နယ်မြေ၏ ခံနိုင်ရည်ထက်ပင် ကျော်လွန်နေလေပြီ။

"အင်မော်တယ်ဘုရင် ဝူလော့... တွေ့ရတာ ဝမ်းသာပါတယ်။ ဘယ်ကိုသွားမလို့လဲ"

"အို... မိစ္ဆာဘုရင် ရန်အန်းပါလား။ ဘာလဲ... မင်းက ဖေးရှန်ဂိုဏ်းနဲ့ တိုက်ပွဲကြီးတိုက်ဖို့ အစီအစဉ် မရှိတော့ဘူးလား"

ယခုတစ်ခေါက်တွင် ဂိုဏ်းပေါင်းတစ်ရာကျော် ရောက်ရှိလာကြပြီး ၎င်းတို့၏ အထက်ဂိုဏ်းများဖြစ်သော ကျူးရှဲ့နန်းဆောင်နှင့် ထိုက်ယင်နန်းဆောင်တို့က ဦးဆောင်လာကြသည်။ ဤအင်အားစုနှစ်ခုလုံးမှာ ရှေးဦးအစကတည်းက တည်ရှိခဲ့သော အစဉ်အလာများရှိကြပြီး အခြေခံအုတ်မြစ်အရ ဝူကျီဂူဗိမာန်ပြီးလျှင် ဒုတိယလိုက်၏။ အလယ်အင်မော်တယ်နယ်မြေ၏ အင်အားကြီးဂိုဏ်းများကြားတွင် အင်မော်တယ်နှင့် မိစ္ဆာတို့၏ စည်းမျဉ်းမှာ ထင်ရှားနေဆဲ။ ယခုတစ်ခေါက် ရောက်လာသမျှဂိုဏ်းအားလုံးကို ထိုအင်အားစုနှစ်ခုက ဦးဆောင်နေခြင်းဖြစ်သည်။ ၎င်းတို့၏ စနစ်တကျစုစည်းမှုသာမရှိခဲ့လျှင် လွန်ခဲ့သောရက်များက ဤမျှငြိမ်သက်နေမည်မဟုတ်ဘဲ အချို့ဂိုဏ်းများသည် မိမိသဘောဖြင့် တိုက်ခိုက်နေကြလေပြီ။

"ဘာလို့ သိရက်နဲ့မေးနေတာလဲ တာအိုရောင်းရင်း"

မိစ္ဆာဘုရင် ရန်အန်းသည် ကျူးရှဲ့နန်းဆောင်မှ အင်မော်တယ်ဘုရင်အုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်းတို့လည်း အပြင်ကလာတဲ့ သတင်းတွေကိုရပြီးဖြစ်မှာပါ"

အင်မော်တယ်ဘုရင် ဝူလော့သည် လေးနက်သော မျက်နှာပေးဖြင့် ခေါင်းညိတ်လိုက်၏။

"မှန်ပါတယ်။ ဒီလူရဲ့အစွမ်းက ငါတို့ယှဉ်ပြိုင်နိုင်တဲ့အဆင့်မှာရှိမနေမှာ စိုးရိမ်မိတယ်"

၎င်းတို့နှစ်ဦးစလုံးမှာ လူမိုက်များမဟုတ်ကြ။ ထို့ကြောင့် ယခုပင် အိမ်ပြန်ရန် ပြင်ဆင်နေကြ၏။ ဤနေရာတွင်ဆက်နေမိပါက ကျန်းချန်ပြန်ရောက်လာလျှင် အခြေအနေဆိုးရွားသွားနိုင်သည်။ အစ်ကိုကြီးချန်ပေးလိုက်သောဖိအားမှာ အလွန်ကြီးမားလွန်းသဖြင့် အင်မော်တယ်နှင့် မိစ္ဆာလမ်းစဉ် နှစ်ခုမှာ ရှားရှားပါးပါးပင် သဘောထားတိုက်ဆိုင်သွား၏။ ၎င်းတို့ ထွက်ခွာသွားသည်နှင့် အခြားဂိုဏ်းများသည်လည်း တစ်ခုပြီးတစ်ခု လိုက်ပါသွားကြမည်ဖြစ်ပြီး မည်သူမျှ ဆက်နေကြမည်မဟုတ်။ ခဏချင်းမှာပင် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ထိုအချိန်တွင်ပင် သံချောင်းချင်းပွတ်တိုက်သံကဲ့သို့ ကြမ်းတမ်းပြီးရှည်လျားသော ရယ်သံတစ်ခု ဝေးကွာသောအရပ်မှ ထွက်ပေါ်လာ၏။

"အားလုံးက ဘယ်ကိုသွားဖို့ ပြင်နေကြတာလဲ"

ရှောင်ခွန်း၊ ရှာလီ၊ ကျီယွမ်နှင့် အခြား ၁၂ ဦးစလုံး ထွက်ပေါ်လာကြသည်။ အပြင်ဘက်ရှိလူအုပ်ကြီး ထွက်ခွာရန်ပြင်နေသည်ကို မြင်သောအခါ ၎င်းတို့လည်း ငြိမ်မနေနိုင်တော့ပေ။ ဤလူများကို ဤနေရာတွင် ထိန်းထားရမည်။ အကယ်၍ ၎င်းတို့သာ ဤအတိုင်းထွက်သွားကြမည်ဆိုပါက လွန်ခဲ့သောကာလတစ်လျှောက် ဝိုင်းရံထားခဲ့မှုများမှာ ဘာမှမဟုတ်သကဲ့သို့ ဖြစ်သွားမည်။ အင်မော်တယ်ဘုရင် ဝူလော့နှင့် မိစ္ဆာဘုရင် ရန်အန်းတို့သည် နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သော်လည်း ဘာမှမကြားသကဲ့သို့ ဟန်ဆောင်ကာ ပစ္စည်းများကို ဆက်သိမ်းနေကြသည်။

"ဒါက ဘယ်လိုအဓိပ္ပာယ်လဲ။ မင်းတို့ ဒီမှာ ရက်အတော်ကြာ နေခဲ့တာပဲ... အထဲကိုဝင်ပြီး ခဏလောက် မထိုင်ချင်ကြဘူးလား"

အင်မော်တယ်ဘုရင် ကျီယွမ်သည် သူ၏ အင်မော်တယ်ဓားကို ဆင့်ခေါ်လိုက်ပြီး အပြင်စည်းသို့ ပျံသန်းသွားကာ အေးစက်စွာပြုံးလိုက်သည်။

"မင်းတို့ အဝေးကြီးက လာခဲ့ကြတာပဲ... ငါတို့က ကြိုဆိုပွဲတောင် မလုပ်ပေးရသေးဘူးလေ"

မိစ္ဆာဘုရင် ရှာလီကလည်း အခြားတစ်ဖက်မှ ပိတ်ဆို့လိုက်၏။

"အတိအကျပဲ။ မင်းတို့လူတွေက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ"

"ဖုန်တထောင်းထောင်းနဲ့ ဒီကို အပြေးအလွှားလာခဲ့ကြပြီးတော့ အပြင်မှာ ရက်အတော်ကြာ အိပ်ခဲ့ကြရတယ်... အဲဒါကို ငါတို့က ဘယ်လိုလုပ် စိတ်မကောင်းမဖြစ်ဘဲ နေနိုင်မှာလဲ"

သူ၏စကားအဆုံးတွင် အစွမ်းထက်သော အလောင်းကောင်ဘုရင် သုံးပါးနှင့် အခြားသူများကလည်း အပြင်ဘက်မှ ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

"မင်းတို့ ဘာလုပ်ချင်တာလဲ"

ထွက်ခွာမည့်လမ်းကြောင်း ပိတ်ဆို့ခံလိုက်ရသဖြင့် မိစ္ဆာဘုရင် ရန်အန်းမှာ လျစ်လျူရှု၍ မရတော့ပေ။

"ဖယ်ကြစမ်း"

"ဖယ်ပေးရမယ် ဟုတ်လား"

အင်မော်တယ်ဘုရင် ဝူကျွယ်၏ မျက်နှာပေးမှာ အေးစက်သွားပြီး ကျယ်ပြောလှသော အင်မော်တယ်နိုင်ငံတော်သည် ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံလျက် ဖြန့်ကြက်လာသည်။

"မင်းတို့က မင်းတို့စိတ်ကြိုက် လာချင်တိုင်းလာပြီး ပြန်ချင်တိုင်းပြန်ရအောင် ဂိုဏ်းချုပ်ကျန်းရဲ့နယ်မြေကို ဘာမှတ်နေသလဲ"

မူလက ကျူးရှဲ့နန်းဆောင်နှင့် ထိုက်ယင်နန်းဆောင်မှ အုပ်စုနှစ်ခုမှာ ဤ ၁၂ ဦးကို အလေးမထားခဲ့ကြသော်လည်း ဤအင်မော်တယ်နိုင်ငံတော်၏ အတိုင်းအတာကို မြင်လိုက်ရသောအခါ ၎င်းတို့၏ မျက်နှာထားများ ချက်ချင်းပြောင်းလဲသွားသည်။

"ဒါက တကယ်ပဲ အတောင်ပံဖြန့်ခြင်းအဆင့် အင်မော်တယ်နိုင်ငံတော်ပါလား"

အင်မော်တယ်ဘုရင် ဝူလော့သည်လည်း ဆက်လက်၍ ပေါ့ပေါ့တန်တန် မဆက်ဆံရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင်လျှင် မြူကင်းစင်အဆင့်၌သာ ရှိသေးသောကြောင့်ဖြစ်၏။ ထိုသို့ဖြစ်ရခြင်းမှာ သူသည် အသိဉာဏ်ပွင့် အင်မော်တယ် သစ်ပင်ထဲသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ဖူးသော်လည်း ရှစ်ခုမြောက် နယ်ပယ်သို့ မရောက်ခဲ့ဖူးသောကြောင့်ဖြစ်သည်။

သူ အဝေးဆုံးရောက်ဖူးသည်မှာ ခြောက်ခုမြောက်နယ်ပယ်အထိသာ။ ခြောက်ခုမြောက် နယ်ပယ်နှင့် ရှစ်ခုမြောက် နယ်ပယ်တို့မှ ရရှိသော တိုးတက်မှုများမှာ ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ကွာခြားလှသည်။ ထို့ပြင် ဝူကျွယ်မှာလည်း မူလကပင် မြူကင်းစင်အဆင့်မှ စတင်ခဲ့သူဖြစ်သဖြင့် သူ့ပါရမီမှာ အလွန်အစွမ်းထက်၏။ အကယ်၍ တစ်ဦးချင်းတိုက်ခိုက်မည်ဆိုပါက ဝါရင့်အင်မော်တယ်ဘုရင် ဝူလော့သည်ပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်။

နောက်တစ်ခဏတွင် ရှောင်ခွန်းနှင့် ကျီယွမ်တို့သည်လည်း ၎င်းတို့၏ မိစ္ဆာနိုင်ငံတော်များနှင့် အင်မော်တယ်နိုင်ငံတော်များကို ထုတ်ဖော်လိုက်ကြသည်။

"နောက်ထပ် အတောင်ပံဖြန့်ခြင်းအဆင့်တစ်ယောက်ပါလား"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မိစ္ဆာဘုရင် ရန်အန်းနှင့် အခြားသူများမှာ တပြိုင်နက်တည်း အာမေဍိတ်သံများ ထွက်ပေါ်လာကြပါသည်။ အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် လိုအပ်ချက်များထဲမှတစ်ခုမှာ အင်မော်တယ်ဘုရင်အဆင့်တွင်ရှိနေစဉ် အင်မော်တယ်နိုင်ငံတော်ကို အတောင်ပံဖြန့်ခြင်းအဆင့်သို့ရောက်ရှိအောင် ကျင့်ကြံရခြင်းဖြစ်သည်ဟုဆိုကြသည်။ ၎င်းသည် လိုအပ်ချက်များစွာထဲမှတစ်ခုသာ ဖြစ်သော်လည်း မည်မျှရှားပါးသည်ကို သက်သေပြရန် လုံလောက်သည်။ ဤအဆင့်ရှိ အင်မော်တယ်ဘုရင်များသည် အလယ်အင်မော်တယ်နယ်မြေတွင် အလွန်ရှားပါးပြီး တစ်ဦးချင်းစီတိုင်းမှာ အတိုင်းအဆမရှိသော တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် ရက်စက်ကြမ်းကြုတ်သောပုဂ္ဂိုလ်များဖြစ်၏။

၎င်းတို့၏ တုန်လှုပ်နေသော အမူအရာများကို မြင်လိုက်ရသောအခါ ရှောင်ခွန်း၊ ကျီယွမ်နှင့် ဝူကျွယ်တို့မှာ အတိုင်းထက်အလွန် ကျေနပ်သွားကြသည်။ ယခုကဲ့သို့ လူကြားထဲတွင် ဝင့်ကြွားခွင့်ရခြင်းမှာ လွန်ခဲ့သောတစ်ခေါက်က ဂိုဏ်းချုပ်ကျန်းသည် ၎င်းတို့ကို အင်မော်တယ်သစ်ပင်ထဲသို့ ခေါ်ဆောင်သွားခဲ့သောကြောင့်ဖြစ်သည်။

"မင်းတို့တွေ ထွက်သွားလို့ရတယ်။ ဒါပေမဲ့ ဒီအတောအတွင်း မင်းတို့ ဖေးရှန်ဂိုဏ်းကိုပေးခဲ့တဲ့ ဒုက္ခတွေအတွက် ရှင်းပြချက်တစ်ခုတော့ ပေးဖို့မလိုဘူးလား"

"ဘယ်လို ရှင်းပြချက်မျိုးကို မင်းတို့လိုချင်တာလဲ"

"ရိုးရှင်းပါတယ်။ မင်းတို့ရဲ့ အင်မော်တယ်လက်နက်တွေကို ချန်ထားခဲ့ကြပေါ့"

ရှောင်ခွန်းနှင့် အခြားသူများသည် အစ်ကိုကြီးချန် လတ်တလော ပြုလုပ်ပြခဲ့သည်များကို နမူနာယူ၍ ပြောလိုက်ခြင်းပင်။

မိစ္ဆာဘုရင် ရန်အန်းက လှောင်ပြောင်လိုက်သည်။

"မင်းတို့လောက်နဲ့ ငါတို့ကို ဒီလိုပြောရဲတာလား"

"ငါတို့တွေက တကယ်ပဲ မတိုက်ရဲဘူးလို့ ထင်နေတာလား"

အင်မော်တယ်ဘုရင် ဝူလော့နှင့် အခြားသူများသည်လည်း တဖြည်းဖြည်းတည်ငြိမ်လာကြသည်။ အတောင်ပံဖြန့်ခြင်းအဆင့်ရှိသော အင်မော်တယ်နိုင်ငံတော်မှာ တကယ်ပင် အစွမ်းထက်သော်လည်း အများဆုံးအနေဖြင့် မြူကင်းစင်အဆင့်ရှိသူ နှစ်ဦး သုံးဦးခန့်ကိုသာ ယှဉ်နိုင်မည်ဖြစ်ပြီး အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်စွမ်းမရှိသေးပေ။ ၎င်းတို့ဘက်တွင် အင်မော်တယ်ဘုရင် ၁၀၅ ပါး ရှိနေသည် မဟုတ်ပါလား။ ၎င်းတို့သည် ကျန်းချန်ကို မစော်ကားရဲသော်လည်း ဤ ၁၂ ဦးကိုမူ ကြောက်ရွံ့နေစရာမလို။

"မင်းတို့ တိုက်ချင်တာလား... ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့"

ရှောင်ခွန်း၊ ဝူကျွယ်နှင့် အခြားသူများသည်လည်း အောက်လောကတွင်ရှိစဉ်ကတည်းက အနိုင်ကျင့်ခံရမည့်သူများမဟုတ်ကြ။ ၎င်းတို့သည် ဂိုဏ်းချုပ်ကျန်း၏ ရှေ့တွင်သာ အလိုက်သိစွာ နေထိုင်ကြခြင်းဖြစ်သည်။

"ငါတို့ရဲ့ အစွမ်းတွေက အခုတလော တိုးတက်လာခဲ့တာ... လက်တွေလည်းယားနေပြီ"

အင်မော်တယ်ဘုရင် ဝူလော့နှင့် မိစ္ဆာဘုရင် ရန်အန်းတို့မှာ ဒေါသထွက်သွားကြသည်။

"မင်းတို့ကမှ ပိတ်ဆို့ထားမယ်ဆိုရင်တော့..."

"ဖေးရှန်ဂိုဏ်းကို မြေလှန်ပစ်လိုက်မိရင် ငါတို့ကိုအပြစ်မတင်နဲ့"

ခေါင်းဆောင်နှစ်ဦး၏အမိန့်အရ အင်မော်တယ်ဘုရင် တစ်ရာကျော်လုံးသည် ၎င်းတို့၏ အင်မော်တယ်နိုင်ငံတော်များကို ထုတ်ဖော်လိုက်ကြသည်။

တိုက်ပွဲကြီးတစ်ခုမှာ ပေါက်ကွဲထွက်တော့မည့် အခြေအနေသို့ ရောက်ရှိနေစဉ် အစ်ကိုကြီးချန်၏အသံမှာ ဝေးကွာသောအရပ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

"အို... အတော်လေးကို စည်ကားနေတာပါလား"

ဤသို့ပြောလိုက်ပြီးနောက်တွင် သူသည် ထိုနေရာ၏ အလယ်ဗဟိုသို့ အံ့သြဖွယ်ကောင်းလောက်အောင် ရောက်ရှိလာသည်။

"ဂိုဏ်းချုပ်ကျန်း"

မင်ချီ၊ လျိုယွမ်နှင့် အခြားသူများမှာ အလွန်ဝမ်းသာသွားကြ၏။ အကယ်၍ တိုက်ပွဲဖြစ်ခဲ့လျှင် ရှောင်ခွန်းနှင့် ဝူကျွယ်တို့မှာ မကြောက်ရွံ့သော်လည်း ၎င်းတို့နှစ်ဦးမှာမူ ထိုသို့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက် အင်မော်တယ် သစ်ပင်သို့ ဝင်ရောက်ခဲ့စဉ်က ၎င်းတို့၏ အင်မော်တယ်နိုင်ငံတော်မှာ လွန်ကဲခြင်းအဆင့်သို့ ကပ်သီလေးသာ ရောက်ရှိခဲ့သောကြောင့်ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အင်မော်တယ်နယ်မြေ တူညီသောအဆင့်ရှိသည့် အင်မော်တယ်ဘုရင်များကို မယှဉ်နိုင်ပေ။

"နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့"

"ဟားဟားဟား... အခုတော့ ကြည့်ကောင်းတော့မယ်..."

"ဘိုးဘေးကြီး... သူတို့တွေ ဒီအပြင်မှာ ပိတ်ဆို့ထားကြတာ တစ်လကျော်နေပြီ"

ယွမ်ကျန်း၊ ယွမ်ရှန်းနှင့် အခြားသူများသည်လည်း အလျင်အမြန်ထွက်လာ၍ ဝိုင်းတိုင်ကြသည်။ အစ်ကိုကြီးချန်ရောက်လာပြီဖြစ်ရာ အားလုံးမှာ ယုံကြည်မှုများ ပြည့်ဝနေကြ၏။ အထူးသဖြင့် ယွမ်ကျဲ့နှင့် ယွမ်ဟဲကဲ့သို့သော အဖိုးကြီးများမှာမူ ငိုချင်းချကာ တိုင်နေကြသည်။

"ဘိုးဘေးကြီး... ကျွန်တော်တို့အတွက် ရပ်တည်ပေးပါဦး"

"ဒီအတောအတွင်းမှာ ကျွန်တော်တို့တွေ သူတို့ကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ နှိပ်စက်ခံနေခဲ့ရတာပါ..."

တစ်ဖက်တွင်မူ အင်မော်တယ်ဘုရင် ဝူလော့နှင့် မိစ္ဆာဘုရင် ရန်အန်းတို့သည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်နေကြသည် ။

ငါတို့က မင်းတို့ကို ဘယ်တုန်းက နှိပ်စက်လို့လဲ။

ငါတို့က ဒီအပြင်မှာ ဝိုင်းရံထားရုံပဲ ရှိတာပါ...

ဂိုဏ်းတံခါးထဲကိုတောင် မဝင်ရသေးဘူး မဟုတ်လား။

အစ်ကိုကြီးချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး အခြေအနေမှာ မရိုးရှင်းကြောင်း သိလိုက်သည်။

"ဒီလိုကိစ္စမျိုး ရှိနေတာလား"

ဖေးရှန်ဂိုဏ်းမှာ ဝိုင်းရံခံထားရသည်ကို သူ တကယ်မသိခဲ့ပေ။ သူသည် အပြင်ဘက်တွင် ကြွားဝါနေသဖြင့် အလုပ်ရှုပ်နေခဲ့ပြီး ကြွားစရာလူမကျန်တော့မှသာ မိမိတွင် အခြေစိုက်စခန်း ရှိနေသေးကြောင်း သတိရခြင်းဖြစ်သည်။ သူသည် ဆန့်ကျင်ဘက်ရှိ အင်မော်တယ်ဘုရင် တစ်ရာကျော်ကို မလိုလားသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

"မင်းတို့တွေက ငါ့ရဲ့ ဖေးရှန်ဂိုဏ်းကို ဝိုင်းထားတဲ့သူတွေလား"

သူ၏မေးခွန်းကို ရင်ဆိုင်ရသောအခါ ဝူလော့နှင့် ရန်အန်းတို့မှာ ပေါ့ပေါ့တန်တန် မနေရဲကြတော့ပေ။ ၎င်းတို့နှစ်ဦးသည် အလျင်အမြန်ပင် ပြောလိုက်ကြသည်။

"ဘိုးဘေးကြီးကျန်း... သင် အထင်လွဲနေပါပြီ"

"ကျွန်တော်တို့ ဒီကိုလာခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ ဖေးရှန်ဂိုဏ်းနဲ့ ဘာပဋိပက္ခမှ မရှိခဲ့ပါဘူး... ကျွန်တော်တို့ လုံးဝစည်းမကျော်ခဲ့ပါဘူး"

All Chapters