မင်းတို့က တရားမျှတမှုကို စောင့်ထိန်းဖို့ လာတာလား
Vol. 36 Ch. 355
"အို... မလိုပါဘူး... မလိုပါဘူးခင်ဗျာ..."
အင်မော်တယ်ဘုရင် ဝူလော့နှင့် မိစ္ဆာဘုရင် ရန်အန်းတို့သည် မအကြ။ ကျန်းချန်၏ စကားလုံးများနောက်ကွယ်ရှိ ထေ့ငေါ့သောအဓိပ္ပာယ်ကို ၎င်းတို့ အဘယ်ကြောင့် နားမလည်ဘဲ ရှိပါမည်နည်း။ ၎င်းမှာ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ခြင်းမဟုတ်သည်မှာ အထင်အရှားပင်။
"လိုတာပေါ့... လိုတာပေါ့"
အစ်ကိုကြီးချန်က အလွန်တက်ကြွစွာဖြင့် တုံ့ပြန်လိုက်၏။
ထိုသူနှစ်ဦးနှင့် ၎င်းတို့နောက်မှ အင်မော်တယ်ဘုရင်များမှာ လက်များကို အကြိမ်ကြိမ်ခါယမ်းကာ ငြင်းဆိုကြတော့သည်။
"တကယ်ပဲ မလိုပါဘူး ဘိုးဘေးကျန်း... ခင်ဗျားက အရမ်းကို အားနာတတ်လွန်းပါတယ်"
"မဟုတ်တာ... ဒါက ခင်ဗျားတို့ ရသင့်ရထိုက်တဲ့ အရာပါ"
သူက ဤကဲ့သို့ ဖော်ဖော်ရွေရွေ ပြုမူလေလေ လူတိုင်းမှာ တစ်ခုခုမှားယွင်းနေပြီဟု ပို၍ခံစားရလေလေ ဖြစ်သည်။
"မဖြစ်ပါဘူး... မဖြစ်ပါဘူး... ဒါကို လက်ခံဖို့ ကျွန်တော်တို့ ရှက်လှပါတယ်"
"ကျွန်တော်တို့က ကောင်းမှုလုပ်ရင် ဘာဆုလာဘ်မှ မမျှော်ကိုးတတ်ကြပါဘူး"
အစ်ကိုကြီးချန်က သဘောမတူပေ။
"ခင်ဗျားတို့ ဆုလာဘ် မျှော်ကိုးတာ မမျှော်ကိုးတာက ခင်ဗျားတို့ကိစ္စ။ ကျွန်တော့်ဘက်ကတော့ ကျေးဇူးတင်ကြောင်း ဖော်ပြရပါလိမ့်မယ်"
ဤအခြေအနေမှာ ပုံမှန်မဟုတ်လွန်းသဖြင့် ဝူလော့နှင့် ရန်အန်းတို့မှာ မကောင်းသော နိမိတ်ကို ခံစားနေရပြီ ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ လက်သီးကိုဆုပ်၍ ဂါရဝပြုရင်း...
"ခင်ဗျားရဲ့ စေတနာကို ကျွန်တော်တို့ ခံစားရပါပြီ။ ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး..."
ချွင်...
အစ်ကိုကြီးချန်သည် သူ၏ နဝမအဆင့် အင်မော်တယ်ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်သဖြင့် လူတိုင်းမှာ လန့်ဖျပ်သွားကြပြီး တိုက်ပွဲစတော့မည်ဟု ထင်မှတ်လိုက်ကြသည်။
"မင်းတို့က ငါ့မျက်နှာကို မထောက်ဘူးပေါ့လေ ဟုတ်လား"
"ဘိုးဘေးကျန်း... ဒါက..."
ဝူလော့နှင့် ရန်အန်းတို့ကဲ့သို့ အင်မော်တယ်ဘုရင်များမှာ အလျင်အမြန်ပင် ကာကွယ်ရေး အနေအထားသို့ ပြင်လိုက်ကြသည်။
"ကျွန်တော်တို့ အဲဒီလို မရည်ရွယ်ပါဘူး"
"ဟုတ်ပါတယ်... ကျွန်တော်တို့က ခင်ဗျားရဲ့ မျက်နှာကိုမထောက်ဘဲ ဘယ်နေဝံ့ပါ့မလဲ"
အစ်ကိုကြီးချန်၏ အကြည့်များမှာ အေးစက်သွားပြီး ငေါက်ငမ်းလိုက်၏။
"ငါက ကျေးဇူးတင်ချင်ပါတယ်လို့ ပြောနေတာကို မင်းတို့က ဆင်ခြေတွေပေးနေကြတယ်။ ဒါက ငါ့ကို အထင်သေးတာ မဟုတ်လို့ ဘာလဲ"
"မဝံ့ပါဘူးခင်ဗျာ... မဝံ့ပါဘူး..."
အခြေအနေများက ဤအဆင့်သို့ ရောက်ရှိလာသောအခါ ၎င်းတို့ ငြင်းဆန်ရန် မစွမ်းသာတော့ချေ။ အသက်ကို အောင့်ထားကာ စမ်းတဝါးဝါးဖြင့်သာ မေးလိုက်ရတော့သည်။
"ဒါဆိုရင် ဘိုးဘေးကျန်းက ကျွန်တော်တို့ကို ဘယ်လိုမျိုး ကျေးဇူးတင်ချင်တာလဲဆိုတာ သိပါရစေဦး"
"အဲဒါမှပေါ့"
အစ်ကိုကြီးချန်သည် အင်မော်တယ်ဓားကို ပြန်သိမ်းလိုက်ပြီး သူ၏ မျက်နှာထားမှာလည်း သိသိသာသာ ပျော့ပြောင်းသွားသည်။
"အခုတလော အလယ်အင်မော်တယ်လောကက သိပ်ပြီးမအေးချမ်းဘူးမဟုတ်လား"
"အာ..."
အင်မော်တယ်ဘုရင် ဝူလော့နှင့် မိစ္ဆာဘုရင် ရန်အန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူ ဘာကို ဆိုလိုသည်ကို နားမလည်နိုင်ကြချေ။ ၎င်းတို့မှာ တညီတညွတ်တည်း ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။
"တကယ်ပဲ မအေးချမ်းပါဘူး"
"ဟုတ်ပါတယ်... လူတွေရဲ့ စိတ်ဓာတ်နဲ့ ကျင့်ဝတ်တွေ ပျက်ပြားမနေဘူးဆိုရင် ကျွန်တော်တို့လည်း ဖေးရှန်ဂိုဏ်းကို လာရောက်ကာကွယ်ပေးဖို့ လိုမှာမဟုတ်ပါဘူး"
၎င်းတို့မှာ အခွင့်အရေးရခိုက် မြှောက်ပြောရန် မမေ့ကြချေ။
အစ်ကိုကြီးချန်က ခေါင်းညိတ်လိုက်သည်။
"ခင်ဗျားတို့ ပြောတာ မှန်တယ်။ အလယ်အင်မော်တယ်လောကက အရမ်း အန္တရာယ်များတယ်။ လူအများရဲ့ ပိုင်ဆိုင်မှု လုံခြုံရေးကို အာမမခံနိုင်တာက တကယ်ကိုစိတ်ပူစရာပဲ"
သူ ဘာလုပ်တော့မည်ကို မည်သူမျှမသိသဖြင့် ဆက်လက်၍သာ ထောက်ခံနေကြရသည်။
"ဟုတ်ကဲ့... ဟုတ်ပါတယ်..."
"တကယ်ကို စိတ်မကောင်းစရာပါပဲ"
အစ်ကိုကြီးချန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ကျယ်ပြောလှသော ကောင်းကင်ယံကိုကြည့်ကာ သက်ပြင်းရှည်ကြီးချလိုက်၏။
"ဒါကိုမြင်ရလို့ ငါ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီ"
"ငါ့ရဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ ခင်ဗျားတို့ရဲ့ သိုလှောင်လက်စွပ်တွေနဲ့ အင်မော်တယ်လက်နက်တွေကို ဘေးကင်းအောင် အခမဲ့ သိမ်းဆည်းပေးမယ်"
သူက လူတိုင်းကို စိတ်ချလိုက်ပါ၊ ငါရှိတယ်ဆိုသည့် အကြည့်မျိုးဖြင့်ကြည့်ပြီး ဆိုလိုက်သည်။
"ငါ့လက်ထဲမှာဆိုရင်တော့ အဲဒီအရာတွေကို လောဘကြီးတဲ့ လူယုတ်မာတွေ လုယူသွားနိုင်မှာ မဟုတ်ဘူး။ ငါ့အသက်နဲ့လဲပြီး ကာကွယ်ပေးမယ်"
"ဒါက ခင်ဗျားတို့ရဲ့ကျေးဇူးကိုပြန်ဆပ်တာလို့လည်း မှတ်ယူနိုင်ပါတယ်"
အိုး... ဒါက...
ဒီလိုမျိုးလည်း လုပ်လို့ရတာလား။
ရောက်ရှိနေသူအားလုံးမှာ မှင်သက်သွားကြတော့သည်။
"ဟားဟားဟား... ဂိုဏ်းချုပ်ကျန်းပြောတာ မှန်လိုက်တာ"
မိစ္ဆာဘုရင် ရှောင်ကွန်းက ပထမဆုံးသတိဝင်လာသူဖြစ်ပြီး သူက အော်ဟစ်ရယ်မောလိုက်၏။
"ဒီစေတနာကိုတော့ ပြန်ဆပ်ရမှာပဲ။ မင်းတို့ရဲ့ ရတနာအားလုံးကို ဘိုးဘေးကြီးကပဲ ကာကွယ်ပေးပါစေ... ဒါမှ လူယုတ်မာတွေလုသွားမှာကို စိုးရိမ်စရာမလိုတော့မှာ"
ဝူကျွယ်၊ ကျိယွန်းနှင့် အခြားသူများမှာလည်း ရယ်လွန်းသဖြင့် ဗိုက်ပင် နာလာကြသည်။
"ဟုတ်တယ်... ဟုတ်တယ်... ဘိုးဘေးကြီးက တကယ်ကို နွေးထွေးတဲ့နှလုံးသားရှိတာပဲ"
"ဒါကို လုံးဝ ငြင်းလို့မရဘူးနော်... မဟုတ်ရင် ဂိုဏ်းချုပ်ကျန်းရဲ့ မျက်နှာကို မထောက်ရာ ရောက်သွားလိမ့်မယ်"
အစောပိုင်းက တစ်ဖက်လူများက အမှားကို အမှန်လုပ်၍ ပြောဆိုခဲ့ကြသဖြင့် ၎င်းတို့မှာ ဒေါသထွက်နေခဲ့ကြခြင်း ဖြစ်သည်။ အစ်ကိုကြီးချန်သာ ရှိမနေလျှင် ၎င်းတို့မှာ ဒေါသတကြီး တိုက်ခိုက်မိကြမည်မှာ အသေအချာပင်။
ယခုမူ အစ်ကိုကြီးချန်၏ တန်ပြန်တိုက်စစ်မှာ ၎င်းတို့အတွက် အလွန်ကျေနပ်စရာ ကောင်းလှသည်။
ခင်ဗျားတို့က ဝိုင်းရံပိတ်ဆို့တာကို ကာကွယ်ပေးတာလို့ ခေါ်ခဲ့တယ်မဟုတ်လား...
ဒါဆိုရင် ငါတို့ကလည်း ဓားပြတိုက်တာကို ဘေးကင်းအောင် သိမ်းဆည်းပေးတာလို့ ခေါ်လို့ရတာပေါ့...
ခင်ဗျားတို့နည်းလမ်းနဲ့ ခင်ဗျားတို့ကိုယ်တိုင် ပြန်ခံလိုက်ရတာပဲ...
ဒါက ပေါ်တင်ဓားပြတိုက်ခြင်းသာဖြစ်ကြောင်း အင်မော်တယ်ဘုရင် ဝူလော့နှင့် မိစ္ဆာဘုရင် ရန်အန်းတို့မှာ ကောင်းစွာသိရှိကြသည်။
ကိုယ်စား သိမ်းဆည်းပေးမယ်ဆိုတာက ဘာလဲ...
အင်မော်တယ်လက်နက်တွေနဲ့ ရတနာတွေ သူ့လက်ထဲရောက်သွားရင် သူ့ပစ္စည်း ဖြစ်သွားတော့မှာဖြစ်ပြီး ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူး...
၎င်းတို့နှစ်ဦးမှာ သဘောတူရန် လုံးဝ ဆန္ဒမရှိကြချေ။
"မလိုပါဘူး... တကယ်တော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ကျွန်တော်တို့ကိုယ်တိုင် ကာကွယ်နိုင်ပါသေးတယ်..."
"ဟုတ်ပါတယ်... ဘိုးဘေးကျန်းကို ဒုက္ခမပေးချင်တော့ပါဘူး"
သို့သော် ပြင်းပြင်းထန်ထန် ငြင်းဆန်ရန်လည်း မဝံ့ရဲသဖြင့် နည်းလမ်းမျိုးစုံသုံး၍ ရှောင်လွှဲရန် ကြိုးစားနေကြသည်။ အစ်ကိုကြီးချန်၏ မျက်နှာထားမှာ ချက်ချင်း တည်သွားပြီး သူ၏ လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်၏။
"ဒါဆိုရင်..."
"မင်းတို့က တကယ်ပဲ ကာကွယ်နိုင်မယ်လို့ သေချာလား"
"ဒီလောက်တောင် ယုံကြည်မှုရှိနေမှတော့... ငါတို့ တစ်ချက်လောက် စမ်းသပ်ကြည့်ကြမလား"
တောက်... အဲဒါကို ဘယ်လို စမ်းသပ်မှာလဲ...
ခင်ဗျားကိုယ်တိုင်က လုယူမှာဆိုမှတော့ ကျွန်တော်တို့က ဘယ်လိုလုပ်ကာကွယ်နိုင်မှာလဲ...
ဒီစမ်းသပ်မှုဆိုတာက အသတ်ခံရတာနဲ့ပဲ အဆုံးသတ်သွားမှာပေါ့...
ကျွန်တော်တို့ကို သတ်ပြီး ရတနာတွေလုမယ်လို့ပဲ တိုက်ရိုက်ပြောလိုက်ပါတော့လား...
အင်မော်တယ်ဘုရင် ဝူလော့နှင့် မိစ္ဆာဘုရင် ရန်အန်းတို့သည် အတိတ်ကာလက ဤကဲ့သို့ ဗိုလ်ကျစိုးမိုးမှုမျိုးကို မကြာခဏလုပ်ဆောင်ခဲ့ဖူးသော်လည်း ယခုအခါ ၎င်းတို့ကိုယ်တိုင် ထိုသို့ကြုံတွေ့ရသောအခါ အလွန်အသက်ရှူကျပ်လှပေသည်။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ဘိုးဘေးကျန်းပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ တကယ်ပဲ မကာကွယ်နိုင်ပါဘူး"
၎င်းတို့သည် ဒေါသတကြီး တုံ့ပြန်ချင်သော်လည်း ကျန်းချန်၏ တိုက်ပွဲမှတ်တမ်းကို တွေးမိသောအခါ မည်သို့ ဝံ့ပါ့မည်နည်း။
"ကာကွယ်မပေးနိုင်ဘူးဆိုမှတော့ အားလုံးကိုသိမ်းဆည်းဖို့ ငါ့ဆီအပ်လိုက်ကြတော့"
အစ်ကိုကြီးချန်က ပြုံးလျက် လက်ချောင်းများကိုပွတ်သပ်ရင်း ဆိုလိုက်သည်။
"ဒါက ငါ လုပ်သင့်လုပ်ထိုက်တဲ့အရာပါ... ကျေးဇူးတင်ဖို့မလိုပါဘူး"
ထိုသူနှစ်ဦးမှာ မျက်နှာပျက်သွားကြပြီး ၎င်းတို့နောက်မှ အင်မော်တယ်ဘုရင်များမှာလည်း အလွန်ပင် ခေါင်းခဲနေကြတော့သည်။ ဤလူသည် ၎င်းတို့ကို လွယ်လွယ်နှင့် လွှတ်ပေးရန် ရည်ရွယ်ချက်မရှိကြောင်း သိလိုက်ကြလေပြီ။ အကယ်၍ ယခုတစ်ကြိမ်တွင် အကြီးအကျယ် အရှုံးမခံလျှင် အသက်ရှင်လျက်ထွက်သွားရန် မဖြစ်နိုင်တော့ချေ။
"ဒါဆိုရင်တော့... ဘိုးဘေးကျန်းကိုပဲ ဒုက္ခပေးရတော့မှာပေါ့..."
အင်မော်တယ်ဘုရင် ဝူလော့သည် တုန်ရီနေသော လက်များဖြင့် သူအသုံးပြုနေသည့် သတ္တမအဆင့် အင်မော်တယ်ဓားနှင့် ထိပ်တန်းအဆင့် မှော်ရတနာကို နာကျင်စွာဖြင့် ကမ်းပေးလိုက်ရတော့သည်။
ကျန်းချန် ၎င်းတို့ကို လှမ်းယူတော့မည့် အချိန်မှာပင် နောက်ဘက်မှ ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"ဖေးရှန်ဂိုဏ်းကတော့ တကယ်ကို ဟုတ်နေတာပဲ... အကြီးအကဲကျန်းကလည်း တကယ့်လူပါပဲလား"
"နေ့ခင်းကြောင်တောင်မှာ ဒီလို ဓားပြဆန်တဲ့အပြုအမူမျိုးလုပ်တာက နတ်ဘုရားတွေရော လူသားတွေပါ လက်မခံနိုင်တဲ့အရာပဲ"
လူတိုင်း အံ့ဩသွားကြသည်။ ဤအချိန်တွင် အလယ်အင်မော်တယ်လောက၌ ကျန်းချန်၏ ကံဆိုးမှုကို မည်သူက လာရောက်ထိတွေ့ရဲသနည်း။
လှည့်ကြည့်လိုက်သောအခါ အင်မော်တယ်ဘုရင် ဝူလော့၊ မိစ္ဆာဘုရင် ရန်အန်းနှင့် အခြားသူများ၏ မျက်နှာတွင် မျှော်လင့်ချက် အလင်းရောင်များ ယှက်သန်းသွားကြသည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ဝူကျိဂူဗိမာန်၏ ဂိုဏ်းချုပ် အင်မော်တယ်ဘုရင် လင်မိုနှင့် အခြားသော အင်မော်တယ်ဘုရင် တစ်ဒါဇင်ခန့် ဖြစ်နေကြသည်။
၎င်းတို့ လူဦးရေမှာ များပြားခြင်း မရှိသော်လည်း ဝူကျိဂူဗိမာန်သည် အလယ်အင်မော်တယ်လောက၏ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်ပြီး ခိုင်မာသော အခြေခံအုတ်မြစ်များ ရှိသည်။ ၎င်းတို့တွင် ကျန်းချန်ကို ရင်ဆိုင်နိုင်သော နည်းလမ်းများ ရှိကောင်းရှိနိုင်၏။
"အကြီးအကဲကျန်း... ခင်ဗျားကတော့ လွန်လွန်းနေပြီ"
အင်မော်တယ်ဘုရင် လင်မိုသည် တိမ်တိုက်များကိုနင်းလျက် ဆင်းသက်လာသည်ကို မြင်တွေ့ကြရသည်။ သူ၏အသံမှာစူးရှပြီး စည်းမျဉ်းများ၏ အငွေ့အသက်များ ပါဝင်နေကာ အင်မော်တယ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာအထိ တုန်ခါသွားစေသည်။
ဤအသံကြောင့် ဖေးရှန်ဂိုဏ်းမှ တပည့်များစွာ မိန်းမောသွား၏။
ယွမ်ကျန်း၊ ယွမ်ရှန့်နှင့် အခြားသူများမှာ စိုးရိမ်စိတ်ကို မထိန်းနိုင်ကြတော့ချေ။ ဝူကျိဂူဗိမာန်၏ ကျော်ကြားမှုမှာ ကြီးမားလွန်းလှသည်။ အကယ်၍ ဤနေရာတွင် ပဋိပက္ခ အမှန်တကယ် ဖြစ်ပွားခဲ့လျှင် နောင်တစ်ချိန် အထက်အင်မော်တယ်လောကသို့ တက်လှမ်းသည့်အခါ ၎င်းတို့၏ နေ့ရက်များမှာ လွယ်ကူတော့မည် မဟုတ်ပေ။
သို့သော် အစ်ကိုကြီးချန်ကတော့ ထိုအရာများကို ထည့်သွင်းစဉ်းစားနေခြင်းမရှိ။ သူသည် ထိုလူများကိုပင် သိသည်မဟုတ်။
"အဘိုးကြီး... မင်းက ဘက်လိုက်ဖို့ ရောက်လာတာလား"
ဤမေးခွန်းမှာ အလွန်ပင် တိုက်ရိုက်ကျလှသည်။
အရင်က ဖေးရှန်ဂိုဏ်း တစ်လကျော်ကြာ ဝိုင်းရံခံထားရစဉ်က ဤလူများမှာ တရားမျှတမှုကို စောင့်ထိန်းရန် အဘယ်ကြောင့် ထွက်မလာကြဘဲ ယခုမှ သူ့ကို လာရောက် စွပ်စွဲနေကြသနည်း။
"အကြီးအကဲကျန်း... မင်းရဲ့စကားတွေက မှားနေပြီ"
အင်မော်တယ်ဘုရင် လင်မိုသည် သူ၏ မုတ်ဆိတ်ရှည်ကိုသပ်လျက် အေးစက်စွာပြောလိုက်၏။
"ပထမဆုံးအနေနဲ့ မင်းက အင်မော်တယ်ကံကြမ္မာတိုကင် သုံးသိန်းကျော်ကို လက်ဝါးကြီးအုပ်ထားပြီး လူအများရဲ့ တက်လှမ်းခွင့်အခွင့်အရေးကို ဖြတ်တောက်ထားတယ်"
"အဲဒီနောက်မှာလည်း မင်းက အင်မော်တယ်ဘုရင်တွေနဲ့ အင်မော်တယ်အရှင်သခင်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ကြီးမားတဲ့သတ်ဖြတ်ခြင်းကံတွေကို တည်ဆောက်ခဲ့တယ်"
"ပြီးတော့ ဒီနေ့မှာလည်း မင်းက ကျင့်ကြံဖော်အချင်းချင်းကို ခြိမ်းခြောက်ငွေညှစ်နေတယ်... ဒါက တကယ်ကို ယုတ်ညံ့လွန်းပါတယ်"
အစ်ကိုကြီးချန်ကတော့ ဤစကားကို ကြားသောအခါ ရယ်ပင်ရယ်ချင်သွားသည်။
"အော်... ဟုတ်လား... ဒါဆိုရင် ဘာဖြစ်လဲ"
"မင်းက ဘာလုပ်နိုင်မှာလဲ။ တိုက်ခိုက်မလို့လား"
"တရားမျှတမှုကို ပါးစပ်နဲ့ပဲ စောင့်ထိန်းလို့မရဘူး။ လာပါဦး... မင်းမှာ အရည်အချင်း ရှိ၊ မရှိ ငါ ကြည့်ရသေးတာပေါ့"
သူသည် လက်ထဲမှ အင်မော်တယ်ဓားကို ဝှေ့ယမ်းကာ ဝူကျိဂူဗိမာန်မှ လူအုပ်စု၏ ရှေ့သို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
ခဏချင်းမှာပင် ကွင်းပြင်အတွင်းရှိ အခြေအနေမှာ တင်းမာမှု အထွတ်အထိပ်သို့ ရောက်ရှိသွား၏။