ညီအစ်ကို... ရှင်းရှင်းလင်းလင်းပြောသွားဦး
Vol. 36 Ch. 359
"မင်းက တကယ်ကို အလိုက်သိတတ်တာပဲ"
ကျန်းချန်က ပြုံးလျက် သူ၏ ပခုံးကို ပုတ်ပေးလိုက်ပြီး ရှားရှားပါးပါးပင် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
"ဝူရှလှည့်ကွက်တွေနဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ မင်းက အခုလို မြင့်မားတဲ့အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ ငါ တကယ်ကိုထင်မထားခဲ့ဘူး"
သူသည် ဤဧကရာဇ်တစ်ပိုင်းအဆင့် ချန်ကျိုးကို သဘာဝကျကျပင် မှတ်မိနေခဲ့သည်။ သို့သော် သူ့ကို မှတ်မိသွားသည့်တိုင်အောင် ဤအခြေအနေမှာ မယုံနိုင်စရာ ဖြစ်နေဆဲပင်။
သူသည် အောက်လောကရှိ ချန်လင်းနယ်မြေ၌ ရှိနေစဉ်က ကျန်းချန်သည် ပုယွီမြင့်မြတ်နယ်မြေကို သိမ်းပိုက်ခဲ့ပြီး ဖေးရှန်ဂိုဏ်းသားအားလုံးကို ထိုနေရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ထို့နောက် သူ၏ ထုံးစံအတိုင်း အခမ်းအနားတစ်ခုကို ခမ်းနားစွာကျင်းပခဲ့ပြီး အနီးနားရှိကျင့်ကြံသူများကိုပါ စားသောက်ပွဲသို့ အထူးဖိတ်ကြားခဲ့၏။ ထိုအချိန်က အနီးအနား၌ ရန်လိုသော မြင့်မြတ်နယ်မြေ အများအပြားရှိနေသောကြောင့် အသစ်တည်ထောင်လိုက်သော ဖေးရှန်ဂိုဏ်းအပေါ် မည်သူမျှ အကောင်းမမြင်ခဲ့ကြသဖြင့် လူအနည်းငယ်သာ လာရောက်ခဲ့ကြပြီး ၎င်းတို့၏ ကျင့်ကြံမှုအဆင့်မှာလည်း ယေဘုယျအားဖြင့် အလွန်နိမ့်ပါးကြသည်။
၎င်းတို့ထဲတွင် အထူးခြားဆုံးမှာ ယင်ရွှယ်အာက ဖိတ်ကြားခဲ့သည့် အမွေးဖြူဓားသူရဲကောင်းပင် ဖြစ်သည်။ ဤလူကို ဓားသူရဲကောင်းဟု ခေါ်ဆိုသော်လည်း သူသည် သာမန်လူသား စစ်သည်တော်များကြား၌သာ ထိပ်တန်းပညာရှင်တစ်ဦးဖြစ်ပြီး ကျင့်ကြံခြင်းနယ်ပယ်ထဲသို့ ခြေတစ်လှမ်းပင် မနင်းဖူးသေးသူဖြစ်သည်။ ထို့ကြောင့်လည်း ကျန်းချန်၏ စိတ်ထဲ၌ သူ့ကို အမှတ်ရနေခြင်းပင်။
သို့သော် ဤလူသည် နောက်ပိုင်းတွင် ဤမျှအထိ အစွမ်းထက်လာလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့မိပါချေ။ အလယ်အင်မော်တယ်လောက၏ ထိပ်တန်းပညာရှင်၊ ထိုမှတစ်ဆင့် ဧကရာဇ်တစ်ပိုင်းအဆင့် တစ်ပါးအဖြစ် သူ၏ အောင်မြင်မှုများသည် ထိုစဉ်က နယ်မြေအသီးသီးမှ ထိပ်တန်းကျင့်ကြံသူ အများအပြားကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် တကယ်ပင် အံ့ဖွယ်တစ်ပါးပင်။
"အဲဒီစားသောက်ပွဲက ကျွန်တော့်အတွက် ကျင့်ကြံခြင်းတံခါးကို ဖွင့်ပေးခဲ့တာပါ"
ယခင်က အမွေးဖြူဓားသူရဲကောင်း၊ ယခု ဧကရာဇ်တစ်ပိုင်းအဆင့် ချန်ကျိုးသည် ကျန်းချန်ကို အလွန်ရိုးသားစွာ ဂါရဝပြုလိုက်သည်။ သူသည် သူ၏ရင်ခွင်ထဲမှ ဟောင်းနွမ်းနေသော သိုလှောင်လက်စွပ်တစ်ခုကို ဂရုတစိုက်ထုတ်ယူလိုက်၏။ ထိုသိုလှောင်လက်စွပ်မှာ ဝါကျင်ကျင်အရောင်ဖြစ်နေပြီး အဆင့်နိမ့်ဝိညာဉ်လက်နက်တစ်ခုသာဖြစ်ကာ အတွင်းခန်းမှာလည်း အလွန်ကျဉ်းမြောင်းလှသဖြင့် အင်မော်တယ်လောကတွင် မည်သူမျှ တစ်ချက်ပင် ကြည့်မည်မဟုတ်ပေ။ သို့သော် ၎င်း၏ မျက်နှာပြင်မှာ အလင်းပြန်လုနီးပါး ချောမွေ့နေခြင်းကို ကြည့်ခြင်းအားဖြင့် ပိုင်ရှင်ဖြစ်သူက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပွတ်သပ်ခဲ့ကြောင်း သိနိုင်ပေသည်။
"သစ်သီးတွေလက်ဆောင်ပေးပြီး ရတနာတွေချီးမြှင့်ခဲ့တဲ့ ကျေးဇူးကို အခုထိမမေ့နိုင်သေးပါဘူး"
ဧကရာဇ်တစ်ပိုင်းအဆင့် ချန်ကျိုးသည် လောကီရေးရာများကို နားမလည်သူဟု မည်သူပြောသနည်း။ ယခုအချိန်တွင် သူသည် ကျန်းချန်ကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲမှ စစ်မှန်သော ခံစားချက်ကို မည်သူမဆို မြင်တွေ့နိုင်ပေသည်။
"နှစ်ပေါင်း တစ်သိန်းကြာပြီးနောက် အင်မော်တယ်လောကထဲကို ရောက်လာတော့မှပဲ အရှင်က အောက်လောကက တက်လှမ်းလာသူတွေအတွက် ပိုပြီးတော့တောင် အများကြီး လုပ်ဆောင်ပေးခဲ့တာကို သိခဲ့ရပါတယ်"
အကယ်၍ ကျန်းချန်သာ ဟင်းလင်းပြင် အင်မော်တယ်လောကကို မရွှေ့ပြောင်းပေးခဲ့ဘဲ ပုံရိပ်ယောင်အင်မော်တယ်ပုလင်းထဲရှိ အင်မော်တယ်လောကကို မဖျက်ဆီးခဲ့ပါက အောက်လောကမှ ကျင့်ကြံသူများသည် ယနေ့အချိန်အထိ အင်မော်တယ်လောကသို့ တက်လှမ်းနိုင်ကြမည်မဟုတ်။ ထိုအချက်ကို တွက်ချက်ကြည့်ပါက နောက်ပိုင်းတွင် တက်လှမ်းလာကြသော အောက်လောကမှ ကျင့်ကြံသူအားလုံးသည် သူ့ကိုကျေးဇူးတင်ကြရမည်သာ။
"ဟားဟား... ဒါက အသေးအဖွဲလေးပါ... ထည့်ပြောနေဖို့ မလိုပါဘူး..."
သူက နှိမ့်ချဟန်ဆောင်နေသော်လည်း ကျန်းချန်၏ စိတ်ထဲ၌ အလွန်ဂုဏ်ယူနေမိသည်။ သူတက်လှမ်းလာခဲ့စဉ်က နောင်လာနောက်သားများအတွက်အကျိုးရှိစေမည့် မွန်မြတ်သောသိမြင်မှုမျိုး မရှိခဲ့သည်မှာအမှန်ပင်။ သူက ထိုမျှအထိ ကြိုတင်တွေးတောနိုင်ပါမည်လော။
"အရှင်အတွက် အသေးအဖွဲ ဖြစ်နိုင်ပေမယ့် ကျွန်တော့်အတွက်တော့ ဒါဟာ တစ်ကျော့ပြန် မွေးဖွားခြင်း ကျေးဇူးပါပဲ"
အမွေးဖြူဓားသူရဲကောင်းက တည်ကြည်စွာ ပြောလိုက်သည်။
"အရှင်သာမရှိခဲ့ရင် ကျွန်တော်ဟာ နှစ်ပေါင်းတစ်ရာလောက်ပဲ အသက်ရှင်ရပြီး မြေမှုန့်အဖြစ် ပြောင်းလဲသွားတာ ကြာလှပါပြီ။ ဒီနေ့မှာ အရှင်ကိုပြန်တွေ့ခွင့်ရတဲ့အတွက် ကျွန်တော့်ရဲ့ ဓားနှလုံးသားဟာ နောက်ဆုံးမှာ ပြည့်စုံသွားပါပြီ။ ဒီဘဝမှာ နောင်တရစရာမရှိတော့ပါဘူး"
ထိုစကားကို ကြားလိုက်ရသောအခါမှသာ ထိုနေရာရှိ လူအားလုံး သဘောပေါက်သွားကြတော့သည်။ သို့ဆိုလျှင် ဤအလယ်အင်မော်တယ်လောက၏ ထိပ်တန်းပညာရှင်ဟောင်းမှာ ဂိုဏ်းချုပ်ကျန်းကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်နေ၏။ သူက ဝန်လေးခြင်းမရှိဘဲ ဂိုဏ်းချုပ်ကျန်းအတွက် ဝူကျိဂူဗိမာန်ကို သစ္စာဖောက်ခဲ့ခြင်းမှာ မဆန်းတော့ပေ။
ဒီလူအိုကြီးမှာ ဘယ်လောက်တောင် ဂုဏ်သတင်းတွေ ရှိနေတာလဲ။
သေချာစဉ်းစားကြည့်လျှင် သူတစ်ဦးတည်းနှင့် အင်မော်တယ်ဘုရင် ၃၅ ပါးကို သုတ်သင်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် ထိုစဉ်က ချန်ကျိုးထက် အဆပေါင်းများစွာ ပို၍ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော စံချိန်တင်အောင်မြင်မှုပင် ဖြစ်သည်။ သို့သော် ၎င်းတို့ နှစ်ဦးမှာ လုံးဝကွဲပြားခြားနားသော ပုံစံရှိသူများ ဖြစ်နေပါလျက် မည်သို့များ ပတ်သက်နေကြသနည်း။
"မင်းက ဘာလို့ နာမည်ပြောင်းလိုက်ရတာလဲ။ ငါ့မျက်လုံးနဲ့သာ တိုက်ရိုက်မတွေ့ခဲ့ရင် ဒါဟာ မင်းဆိုတာ ငါ တကယ် သိမှာမဟုတ်ဘူး"
"ကျွန်တော့်ရဲ့ မူလနာမည်က ပိုင်ချန်ကျိုးပါ။ အမွေးဖြူဆိုတာကတော့ အဲဒီတုန်းက ကျွန်တော် လှည့်လည်သွားလာနေချိန်မှာ ဓားလက်ကိုင်မှာ အမွေးဖြူတစ်ချောင်း ချိတ်ဆွဲထားလေ့ရှိလို့ ဝူရှလောကက မိတ်ဆွေတွေ ပေးခဲ့တဲ့ အမည်ပြောင်ပါ"
စကားနည်းပြီး မည်သူနှင့်မျှ စကားမပြောတတ်ဟု နာမည်ကြီးသော ဧကရာဇ်တစ်ပိုင်းအဆင့် ချန်ကျိုးသည် ယခုအခါတွင်မူ သူ သိသမျှအားလုံးကို ထုတ်ဖော်ပြောပြနေသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
"ဪ... ဒါကြောင့်ကိုး"
ဂိုဏ်းချုပ်ကျန်းက မကျေနပ်သော မျက်နှာပေးဖြင့် ရုတ်တရက် မေးမြန်းလိုက်သည်။
"ဒါဆို မင်း အလယ်အင်မော်တယ်လောကကို ရောက်လာတုန်းက ငါ့ရဲ့ ဖေးရှန်ဂိုဏ်းကို ဘာလို့မလာခဲ့တာလဲ။ ငါ့ကို မျက်နှာမပေးတာလား"
စဉ်းစားကြည့်လျှင် ပိုင်ချန်ကျိုးသည် လွန်ခဲ့သော နှစ်ပေါင်း သန်းသုံးဆယ်မှ သန်းငါးဆယ်ခန့်က အလယ်အင်မော်တယ်လောကတွင် နာမည်ကြီးခဲ့သူဖြစ်ပြီး ထိုအချိန်တွင် ဖေးရှန်ဂိုဏ်း၏ ဒုတိယ၊ တတိယနှင့် စတုတ္ထမျိုးဆက် တပည့်များမှာ တက်လှမ်းသွားကြသည်မှာကြာလေပြီ။ ထိုအချိန်မှာ ဖေးရှန်ဂိုဏ်း လျင်မြန်စွာဆုတ်ယုတ်နေသောအချိန်လည်းဖြစ်သည်။ အကယ်၍ သူသာ ထိုစဉ်က ဝင်ရောက်ခဲ့ပါက ဖေးရှန်ဂိုဏ်းသည် နောက်ထပ် နှစ်သန်းနှစ်ဆယ်ခန့် ထပ်မံတောက်ပနေဦးမည်သာ။
အခြားသူများမှာမူ ဘာမှမတတ်နိုင်ကြပါချေ။
ညီအစ်ကိုရေ... သူက ဧကရာဇ်တစ်ပိုင်းအဆင့် တစ်ပါးလေ...
ပြီးတော့ သူစိမ်းတွေကို အဝေးမှာထားပြီး ပြုံးလေ့မရှိတဲ့ လူစားမျိုး...
သူ့ကို စကားပြောရင် နည်းနည်းလောက်တော့ ယဉ်ကျေးသင့်တာ မဟုတ်ဘူးလား...
သို့သော် ပိုင်ချန်ကျိုးက သူ၏ ဓားကိုကိုင်လျက် ချက်ချင်းတောင်းပန်လိုက်သည်။
"အဲဒီတုန်းက ကျွန်တော် အလယ်အင်မော်တယ်လောကကို စရောက်တဲ့အချိန်မှာ အရှင်ရဲ့အမွေအနှစ် ဒီမှာရှိနေတာကို ကျွန်တော်မသိခဲ့ပါဘူး။ ကျွန်တော်သိလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်က အထက်အင်မော်တယ်လောကကို တက်လှမ်းဖို့ နီးကပ်နေပါပြီ..."
သူသည် လောကီရေးရာများကို ဂရုမစိုက်ဘဲ စိန်ခေါ်မှုများကိုသာ အာရုံစိုက်တတ်သူ ဖြစ်သည်။ အလယ်အင်မော်တယ်လောက၌ နယ်မြေများစွာ ရှိနေပြီး ဆုတ်ယုတ်နေသော ဖေးရှန်ဂိုဏ်းမှာ ချန်လန်ကောင်းကင်နယ်မြေ၌ပင် ထင်ရှားခြင်းမရှိသဖြင့် သူ ကနဦးက မကြားခဲ့ရခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပါချေ။
"ကောင်းပြီ... ဒါဆိုရင် ဒီတစ်ကြိမ်တော့ မင်းကိုခွင့်လွှတ်ပေးလိုက်မယ်"
လူတိုင်းမှာ နောက်တစ်ကြိမ် ဆွံ့အသွားကြပြန်သည်။ ဧကရာဇ်တစ်ပိုင်းအဆင့်တစ်ပါးကို ခွင့်လွှတ်ပေးလိုက်မယ်ဆိုသည့်စကားမှာ အဘယ်ကြောင့် ဤမျှ နားဝင်ခက်နေရသနည်း။
"အခု အထက်အင်မော်တယ်လောကရဲ့ အခြေအနေက ဘယ်လိုလဲ။ ငါ့ရဲ့ တပည့်တွေနဲ့ မျိုးဆက်တွေကော အဆင်ပြေကြရဲ့လား"
လူတစ်ယောက် ဆင်းသက်လာပြီဖြစ်သောကြောင့် ကျန်းချန်သည် ကျိလင်းဟန်နှင့် အခြားသူများ မည်သို့ရှိနေကြသည်ကို မေးမြန်းချင်နေသည်။ ဤမေးခွန်းက ထိုနေရာရှိ ဖေးရှန်ဂိုဏ်းသား အားလုံးကို အလွန်အမင်း စိတ်ဝင်စားသွားစေပြီး ၎င်းတို့အားလုံးမှာ မျှော်လင့်ချက် အပြည့်ရှိသော အကြည့်များဖြင့် နားစွင့်နေကြတော့သည်။
ပိုင်ချန်ကျိုးက ခေါင်းခါလိုက်သည်။
"သူတို့ရဲ့ အခြေအနေက မကောင်းပါဘူး။ သူတို့ဟာ အင်မော်တယ်တွေကော မိစ္ဆာတွေပါ ဝိုင်းရံတိုက်ခိုက်တာကို ခံနေရပြီး အကျအဆုံးတွေ များနေပါတယ်။ အခု သူတို့ရှိနေတာက..."
သူက တစ်ခုခု ထပ်ပြောချင်ပုံရသော်လည်း ချက်ချင်းဆိုသလိုပင် သူ၏ ပုံရိပ်မှာ ဝေဝါးလာတော့သည်။ အထက်အင်မော်တယ်လောကမှ ဆင်းသက်လာခြင်းတွင် အချိန်ကန့်သတ်ချက် ရှိပေသည်။ ၎င်းသည် အထက်အင်မော်တယ်လောကရှိ အင်မော်တယ်ဧကရာဇ်များနှင့် မိစ္ဆာဧကရာဇ်များ အားလုံး စုပေါင်းသတ်မှတ်ထားသော စည်းမျဉ်းတစ်ခုဖြစ်၏။ ၎င်းသည် စောစောက လူသုံးယောက်ထံ၌ရှိသော စည်းမျဉ်းနှင့်နှိုင်းယှဉ်ပါက အဆပေါင်းများစွာ ပိုအစွမ်းထက်ပြီး အင်မော်တယ်ဧကရာဇ် တစ်ပါးပင်လျှင် ၎င်းကို မချိုးဖောက်နိုင်ပါချေ။ အချိန်စေ့သွားပါက သူသည် အထက်အင်မော်တယ်လောကသို့ အတင်းအကျပ် ပြန်လည်ခေါ်ဆောင်ခံရမည်ဖြစ်သည်။
"ဟေး... ဟေး... ညီအစ်ကို... မသွားခင် မင်းစကားကို ဆုံးအောင်ပြောသွားဦးလေ"
သူ၏ မျက်စိရှေ့မှောက်၌ လုံးဝ ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ကျန်းချန် စိုးရိမ်တကြီး ဖြစ်သွားတော့သည်။
"ညီအစ်ကို... မင်းက ရုပ်ရှင်ရိုက်နေတာလား။ စကားကို တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတာပဲ။ အနည်းဆုံးတော့ သူတို့ ဘယ်မှာလဲဆိုတာ ပြောသွားဦးလေ"
သူက နောင်တရစွာဖြင့် သူ၏ ပေါင်ကို ရိုက်လိုက်သည်။
"တောက်... ငါသာသိခဲ့ရင် အစကတည်းက အပိုတွေပြောမနေဘဲ တိုက်ရိုက်ပဲမေးလိုက်ပါတယ်"
ဘေးနားရှိ ရှောင်ကွန်း၊ ရှာလီနှင့် အခြားသူများမှာမူ သူ့ကို အလွန်အမင်း အထင်ကြီးသော အကြည့်များဖြင့် ကြည့်နေကြပြီ ဖြစ်သည်။ ဧကရာဇ်တစ်ပိုင်းအဆင့် ချန်ကျိုးကဲ့သို့ ကံတရား အလွန်ကြီးမားသော ပါရမီရှင် ပညာရှင်တစ်ဦးကို ကျန်းချန်ကဲ့သို့သော သူသာလျှင် ဤမျှ ပေါ့ပေါ့ပါးပါး ဆက်ဆံရဲလိမ့်မည် ဖြစ်သည်။
"ဟားဟား... ဂိုဏ်းချုပ်ကျန်းကတော့ တကယ်ကို အံ့ဩစရာပါပဲ"
"ဒါဟာ အရှင်ဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ"
"ဘယ်လို အကျပ်အတည်းနဲ့ပဲ ကြုံရပါစေ အရှင်ကတော့ အလွယ်တကူ ဖြေရှင်းနိုင်တာပဲ"
၎င်းတို့က မြှောက်ပင့်ပြောဆိုနေကြစဉ်မှာပင် လူအနည်းငယ်က သိချင်စိတ်ဖြင့် မေးမြန်းလာကြသည်။
"ဒီဧကရာဇ်တစ်ပိုင်းအဆင့် ချန်ကျိုးနဲ့ အရှင်ကြားမှာ ဘယ်လို အတိတ်တွေ ရှိခဲ့သလဲဆိုတာ ကျွန်တော်တို့ သိချင်မိပါတယ်။ ဒီလူကလည်း အောက်လောကက တက်လှမ်းလာသူ တစ်ယောက်လို့ပဲ ကျွန်တော်တို့ ကြားဖူးတာပါ"
၎င်းတို့၏ စိတ်ထဲ၌ ဧကရာဇ်တစ်ပိုင်းအဆင့် ချန်ကျိုးက စွဲထင်ကျန်ရစ်နေခဲ့သည်။ ထို့ပြင် ဂိုဏ်းချုပ်ကျန်းမှာ သူနှင့် ရင်းနှီးနေသဖြင့် ဤပတ်သက်မှုအရ ၎င်းတို့ နောင်တွင် အထက်အင်မော်တယ်လောကသို့ သွားကြသည့်အခါ အားကိုးရာတစ်ခု ပိုရနိုင်သည် မဟုတ်ပါလော။
ကျန်းချန်က စိတ်ထဲမှ တွေးလိုက်သည်မှာ...
အကယ်၍ ငါသာ သူ့ရဲ့ အစောပိုင်းက အဆင့်အတန်းနဲ့ အစွမ်းကို မင်းတို့ကို ပြောပြလိုက်ရင် မင်းတို့လို သူ့ကိုရှုံးခဲ့ရတဲ့သူတွေကတော့ စိတ်ဓာတ်တွေ အကြီးအကျယ် ပြိုလဲသွားကြမှာ အသေအချာပဲ။
ထို့ကြောင့် မပြောဘဲ ကျော်လိုက်သည်က ပိုကောင်းပေမည်။
"ကဲ... အရေးကြီးတဲ့ ကိစ္စတွေကို စကြစို့"
ပိုင်ချန်ကျိုးသည် အလွန်အလိုက်သိသူ ဖြစ်သည်။ ဝူကျိဂူဗိမာန်မှလူများကို သုတ်သင်ပြီးနောက် သူသည် စစ်တလင်းကို ရှင်းလင်းခြင်းမပြုခဲ့ချေ။ ကျန်းချန်သည် ထိုအောင်ပွဲပစ္စည်းများကို သူ၏ကိုယ်စား ဝန်လေးစွာဖြင့်ပင် သိမ်းဆည်းလိုက်တော့သည်။
၎င်းတို့ကို သိမ်းဆည်းပြီးနောက် သူသည် အင်မော်တယ်ဘုရင် ဝူလော့နှင့် မိစ္ဆာဘုရင် ရန်အန်း အပါအဝင် ပညာရှင်များအုပ်စု ရှေ့သို့ ရောက်လာခဲ့သည်။ သူက ပြုံးလျက် သူ၏မေးစေ့ကို ပွတ်လိုက်သည်။
"စောစောက မင်းတို့က ဝူကျိဂူဗိမာန်ဘက်က ရပ်တည်နေသလိုပဲနော်"
"မဟုတ်ပါဘူး"
အင်မော်တယ်ဘုရင် ဝူလော့၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားပြီးနောက် သူက သူ၏ ရပ်တည်ချက်ကို အကျယ်ကြီး အော်ပြောလိုက်သည်။
"လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့က အစကတည်းက အရှင့်ဘက်မှာပဲ ရှိနေခဲ့တာပါ"
မိစ္ဆာဘုရင် ရန်အန်းကလည်း အလွန်အမင်း ပြတ်သားစွာဖြင့် ခေါင်းခါလိုက်သည်။
"ကျွန်တော်တို့ရဲ့ ထိုက်ယင်နန်းတော်ဟာ သူတို့ရဲ့ ဝူကျိဂူဗိမာန်နဲ့ အမြဲတမ်း သဘောထားကွဲလွဲနေတာပါ။ ကျွန်တော်တို့ သူတို့နဲ့ ပူးပေါင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ"
၎င်းတို့မှာ လူမိုက်များ မဟုတ်ကြပါချေ။ ၎င်းတို့မှာ စောစောက မည်သည့်ဘက်မှ မပါဘဲ ကြည့်နေသူများသာ ဖြစ်သည့်တိုင်အောင် ယခုအချိန်တွင်မူ ၎င်းကိုဝန်ခံ၍မရနိုင်။