ငါတို့က လူကောင်းတွေပါ
Vol. 36 Ch. 354
"အော်... ရေတွင်းရေက ရေကန်ရေကို မနှောင့်ယှက်ဘူးပေါ့လေ"
အစ်ကိုကြီးချန်က ပြုံးစိစိမျက်နှာထားဖြင့် မေးခွန်းပြန်ထုတ်လိုက်၏။
"ဒါဆိုရင် မေးပါရစေဦး... ခင်ဗျားတို့က ဘာကိစ္စရှိလို့ ခရီးအဝေးကြီးကနေ ဒီကိုရောက်လာကြတာလဲ"
ဤစကားကြောင့်... အင်မော်တယ်ဘုရင် ဝူလော့နှင့် မိစ္ဆာဘုရင် ရန်အန်းတို့ ဆွံ့အသွားကြသည်။ အမှန်တရားမှာ ၎င်းတို့သည် ဖေးရှန်ဂိုဏ်းကိုဝိုင်းထားပြီး ကျန်းချန်အပြန်ကိုစောင့်ဆိုင်းကာ ဝိုင်းဝန်းတိုက်ခိုက်ရန် ကြံစည်ထားကြခြင်းပင်။ သို့သော် ယခုအချိန်တွင်မူ ၎င်းတို့သည် အမှန်အတိုင်း လုံးဝမပြောရဲကြချေ။
စေတနာရှင်အစ်ကိုကြီးချန်က ၎င်းတို့အတွက် ဆင်ခြေတစ်ခုကို ရှာပေးလိုက်၏။
"ခင်ဗျားတို့ရဲ့ ဂိုဏ်းဌာနချုပ်တွေကို ဒီကိုပြောင်းရွှေ့လာကြတာများလား"
"အဲဒါတော့ မဟုတ်ပါဘူး..."
၎င်းတို့နှစ်ဦးမှာ စိတ်ထဲမှကျိတ်၍တွေးနေမိကြသည်။
မင်းတို့ရဲ့ ဖေးရှန်ဂိုဏ်းတည်နေရာက ဘာတန်ဖိုးရှိတဲ့ ရတနာနယ်မြေမှလည်းမဟုတ်ဘဲနဲ့ ငါတို့က ဘာကိစ္စနဲ့ ဒီကိုပြောင်းလာရမှာလဲ...
အစ်ကိုကြီးချန်က ဇဝေဇဝါဖြစ်နေသော မျက်နှာထားဖြင့်
"ဒီကို ပြောင်းလာတာလည်း မဟုတ်ဘူးဆိုမှတော့ ဘာလို့ ငါ့ရဲ့ဖေးရှန်ဂိုဏ်းကို ဝိုင်းထားကြတာလဲ။ ငါ့ဂိုဏ်းကို ရန်မူမလို့လား"
သူ၏မျက်နှာထားမှာ ရုတ်တရက်တည်တင်းသွားပြီး သတ်ဖြတ်လိုသောအရှိန်အဝါများ ယှက်သန်းလာသည်ကို မြင်လိုက်ရသောအခါ ဝူလော့နှင့် ရန်အန်းတို့မှာ ထိတ်လန့်တကြားခေါင်းခါ၍ ငြင်းဆိုကြတော့သည်။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး"
"ဘိုးဘေးကျန်း... ခင်ဗျား အထင်လွဲနေပါပြီ..."
"ကျွန်တော်တို့က ဖေးရှန်ဂိုဏ်းအပေါ်မှာ ဘာရန်ငြိုးမှမရှိပါဘူး"
အရင်က အနားပင်မကပ်ရဲခဲ့သော ထိုဂိုဏ်းကြီးများမှ ပုဂ္ဂိုလ်များမှာ ဘိုးဘေးကြီး၏ရှေ့တွင် ဆရာမေးသမျှကိုဖြေနေရသည့် ကျောင်းသားလေးများကဲ့သို့ ကျိုးနွံနေကြသည်ကို မြင်သောအခါ ဖေးရှန်ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များမှာ ဂုဏ်ယူမိကြလေသည်။
ကြည့်စမ်း... ဒါမှ တကယ့် အရှိန်အဝါပဲ...
လက်ရှိ ဖေးရှန်ဂိုဏ်းသားများမှာ ယခင်က ဘိုးဘေးများဖြစ်ကြသော ကျိလင်းဟန်၊ မိုချန်နှင့် လင်းနင်တို့ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးကြ။ ၎င်းတို့ ဂိုဏ်းသို့ ဝင်ရောက်လာချိန်တွင် ဖေးရှန်ဂိုဏ်း၌ အင်မော်တယ်ဘုရင်တစ်ပါး မထွက်ပေါ်ခဲ့သည်မှာ နှစ်ပေါင်းသန်းနှင့်ချီနေလေပြီ။ ရှေးဟောင်းမှတ်တမ်းများနှင့် ဒဏ္ဍာရီများအရသာ ဂိုဏ်းပေါင်းသောင်းခြောက်ထောင်က လာရောက်ဂုဏ်ပြုခဲ့ကြသည့် ယခင်က ဘုန်းကျက်သရေကို စိတ်ကူးကြည့်နိုင်ကြခြင်းဖြစ်၏။
သို့သော် ယခုအခါ ဘိုးဘေးကျန်း တစ်ဦးတည်းကပင် ၎င်းတို့ကို ထိုခေတ်ကာလသို့ ပြန်လည်ပို့ဆောင်ပေးလိုက်သကဲ့သို့ ရှိနေသည်။ သေချာစဉ်းစားကြည့်လျှင် ထိုစဉ်က ဒုတိယနှင့် တတိယမျိုးဆက် ဘိုးဘေးများပင်လျှင် ယခုကဲ့သို့ ဩဇာလွှမ်းမိုးမှုမျိုး ရှိခဲ့မည်မဟုတ်။
"အထင်လွဲတာလား"
"ရန်ငြိုးမရှိဘူး ဟုတ်လား"
အစ်ကိုကြီးချန်က အေးစက်စွာ ရယ်မောလိုက်၏။
"ဒါဆိုရင် တခြားသူရဲ့ ဂိုဏ်းတံခါးဝကို ဘာလို့လာပိတ်ထားရတာလဲဆိုတာကို ရှင်းပြစမ်းပါဦး"
ဘယ်လိုပုံပြင်တွေပြောမလဲဆိုတာ ကြည့်ကြသေးတာပေါ့...
ဖေးရှန်ဂိုဏ်းကို မတိုက်ခိုက်ရသေးတာနဲ့တင် အားလုံးက အေးဆေးဖြစ်သွားပြီလို့ ထင်နေတာလား...
အင်မော်တယ်ဘုရင် ဝူလော့၊ မိစ္ဆာဘုရင် ရန်အန်းနှင့် အခြားသူများမှာ ချွေးစေးများပြန်လာပြီး သင့်တော်သော ဆင်ခြေတစ်ခုကို အသည်းအသန် စဉ်းစားနေကြသော်လည်း ချက်ချင်းလက်ငင်းတော့ ရှာမတွေ့နိုင်ကြချေ။
ထိုအရေးကြီးသော အခိုက်အတန့်တွင် လူအုပ်ထဲမှ မြင့်မြတ်အင်မော်တယ်တစ်ဦး ရုတ်တရက်ပြေးထွက်လာသည်။
"ဘိုးဘေးကျန်း... သေချာကြည့်ပေးပါဦး။ အမှန်တော့ ကျွန်တော်တို့က ရန်ငြိုးမရှိတဲ့အပြင် အကောင်းဆုံး စေတနာတွေနဲ့ ရောက်လာကြတာပါ"
ဝူလော့နှင့် ရန်အန်းတို့ လှည့်ကြည့်လိုက်သောအခါ ထိုသူမှာ မိုးခြိမ်းသံဂိုဏ်း၏ ဂိုဏ်းချုပ် ချန်ရွှမ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ မိုးခြိမ်းသံဂိုဏ်းတွင် မြင့်မြတ်အင်မော်တယ် ဆယ်ဂဏန်းခန့်သာရှိပြီး အင်မော်တယ်ဘုရင် တစ်ပါးမျှမရှိချေ။ ၎င်းတို့မှာ အခြေအနေကို လာရောက်ကြည့်ရှုရန်အတွက်သာ ရောက်နေကြခြင်းဖြစ်သည်။
အရင်ကဆိုလျှင် မည်သူမျှ သတိမထားမိသောသူ ဖြစ်သော်လည်း ယခုအချိန်တွင်မူ ၎င်းတို့၏ မျှော်လင့်ချက်မှာ သူ့အပေါ်သို့ ကျရောက်သွားတော့သည်။
"စေတနာကောင်းနဲ့ ဟုတ်လား"
ဤစကားကို ကြားလိုက်ရသောအခါ အစ်ကိုကြီးချန်မှာ ရယ်ချင်သွား၏။ သူက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ခင်ဗျားတို့က ဘယ်လိုမျိုး စေတနာကောင်းထားကြတာလဲ"
"ဒီကိစ္စက အင်မော်တယ်ကံကြမ္မာတိုကင်ကြောင့် စတင်ခဲ့တာပါ..."
အင်မော်တယ်ဘုရင်များစွာ၏ စိုက်ကြည့်ခြင်းကိုခံနေရသဖြင့် ချန်ရွှမ်မှာ အလွန်တုန်လှုပ်နေမိသည်။ သူသည် မိမိကိုယ်ကိုယ် အားပေးသည့်အနေဖြင့် ချွေးစေးများကိုသုတ်လိုက်၏။
"လွန်ခဲ့တဲ့ရက်ပိုင်းက ဘိုးဘေးကြီးဆီမှာ အင်မော်တယ်ကံကြမ္မာတိုကင် သုံးသိန်းရှိနေတယ်ဆိုတဲ့ ကောလာဟလတွေ အလယ်အင်မော်တယ်လောကအနှံ့ ပျံ့နှံ့ခဲ့ပါတယ်"
"အဲဒီသတင်းက အခုတော့ အမှန်ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါပြီ"
"အင်း... ဆက်ပြောဦးလေ"
"ဒါကြောင့် လောဘကြီးပြီး အတ္တသမားတချို့က မကောင်းတဲ့စိတ်ကူးတွေ ပေါ်လာကြတယ်"
"ဘိုးဘေးကြီးကို တိုက်ရိုက်မတွေ့နိုင်တဲ့အတွက် သူတို့က ဖေးရှန်ဂိုဏ်းကိုပစ်မှတ်ထားပြီး ဘိုးဘေးကြီးကို အကျပ်ကိုင်ဖို့ ကြံစည်ခဲ့ကြတာပါ"
ချန်ရွှမ်က ဤနေရာအထိ ပြောလိုက်သောအခါ ဝူလော့၊ ရန်အန်းနှင့် အခြားသူများမှာ သူ့ကို အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲပစ်ချင်စိတ် ပေါက်သွားကြတော့သည်။
တောက်... ဒီကောင်က ရန်သူ့ဘက်ကများလား...
အဲဒီ လောဘကြီးတဲ့ အတ္တသမားတွေဆိုတာ ငါတို့ကိုပြောနေတာမဟုတ်လား...
ဖေးရှန်ဂိုဏ်းကိုရန်မူဖို့ ကြံစည်ခဲ့တဲ့သူတွေကလည်း ငါတို့ပဲလေ...
ရှောင်ကွန်း၊ ကျိယွန်းနဲ့ တခြားသူ ၁၂ ယောက်သာ စောင့်ကြပ်မနေရင် ငါတို့က ဖေးရှန်ဂိုဏ်းသားတွေကို ဓားစာခံအဖြစ် ဖမ်းပြီးနေလောက်ပြီ...
ဒါက ငါတို့ကို သစ္စာဖောက်တာပဲ... သေချာပေါက် သစ္စာဖောက်တာ...
အစ်ကိုကြီးချန်သာ အနားမှာရှိမနေလျှင် ဤသစ္စာဖောက်ကို မနက်ဖြန်နေထွက်တာ မြင်တွေ့ခွင့်ပေးကြမည်မဟုတ်။
"အင်း... ဆက်ပြောပါဦး"
ဂိုဏ်းချုပ်ကျန်း၏ အားပေးမှုကို ရရှိလိုက်သဖြင့် ချန်ရွှမ်မှာ အတော်လေးတည်ငြိမ်သွားသည်။
"ဒါကို သိလိုက်ရတဲ့အတွက် အင်မော်တယ်ဘုရင် ဝူလော့၊ မိစ္ဆာဘုရင် ရန်အန်းနဲ့ တခြားသော အလယ်အင်မော်တယ်လောကရဲ့ စီနီယာကြီးတွေက ဒီအတိုင်းကြည့်မနေနိုင်ခဲ့ကြပါဘူး"
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ကြေညာလိုက်၏။
"ဒါကြောင့် သူတို့ကပဲ ဦးဆောင်ပြီး အဖွဲ့အစည်းပေါင်းစုံကို ဆက်သွယ်ကာ ကျွန်တော်တို့အားလုံးကို စုစည်းခဲ့တာပါ"
"သူတို့ကပဲ ကျွန်တော်တို့ကို ဦးဆောင်ပြီး နယ်မြေပေါင်းများစွာကို ဖြတ်ကျော်ကာ အခက်အခဲပေါင်းစုံကြားကနေ ဖေးရှန်ဂိုဏ်းကို ဟိုလူယုတ်မာတွေရန်ကနေ ကာကွယ်ဖို့အတွက် ရောက်လာခဲ့ကြတာပါ"
"ဒီရည်ရွယ်ချက်အတွက် ကျွန်တော်တို့ဟာ နေပူမိုးရွာမရှောင် နေ့ညမပြတ် စောင့်ကြပ်ပေးခဲ့ကြတယ်... ပင်ပန်းဆင်းရဲမှုတွေကိုလည်း ဂရုမစိုက်ခဲ့သလို တခြားသူတွေရဲ့ အထင်လွဲမှားမှုတွေကိုလည်း လျစ်လျူရှုခဲ့ကြတာပါ"
သူသည် လက်သီးကို အပေါ်သို့ မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒါတွေအားလုံးက ကျွန်တော်တို့ နှလုံးသားထဲမှာရှိတဲ့ တရားမျှတမှုကို ဖော်ဆောင်ဖို့အတွက်ပါပဲ"
ဤကဲ့သို့သော ဇာတ်လမ်းအလှည့်အပြောင်းကြီးက လူအုပ်ကြီးတစ်ခုလုံးကို မှင်သက်သွားစေသည်။ တစ်ခဏချင်းမှာပင် တစ်လောကလုံး တိတ်ဆိတ်သွားတော့၏။
အစ်ကိုကြီးချန်ကတော့ စိတ်ထဲမှ ချီးကျူးနေမိသည်။
"ဒီကောင်က တကယ့် ပညာရှင်ပဲ"
ဤလူသည် အခြေအနေကို ပြုပြင်ပေးလိုက်ရုံသာမက မျက်နှာသာရအောင်ပါ လုပ်ဆောင်နိုင်ခဲ့သည်။
ဒါဆိုရင် သူတို့က ဖေးရှန်ဂိုဏ်းကို အကြာကြီးဝိုင်းထားခဲ့တာက ကျေးဇူးတင်စရာ ဖြစ်သွားပြီပေါ့လေ...
အင်မော်တယ်ဘုရင် ဝူလော့နှင့် မိစ္ဆာဘုရင် ရန်အန်းတို့မှာမူ အတိုင်းထက်အလွန် ဝမ်းသာသွားကြတော့သည်။ အစက ချန်ရွှမ်ကို အပိုင်းပိုင်း ပိုင်းပစ်ချင်နေသော်လည်း ယခုအခါ သူ့ကို သူရဲကောင်းတစ်ဦးကဲ့သို့ ကြည့်နေကြ၏။
ဤလူသည် တကယ့် ပါရမီရှင်ပင်။ အသက်လုရမည့် အခြေအနေကို ပါးစပ်တစ်ပေါက်တည်းဖြင့် ပြောင်းပြန်လှန်ပစ်လိုက်နိုင်၏။ ပြန်ရောက်လျှင်တော့ သူ့ကို ကောင်းကောင်းဆုချပြီး နောင်တွင်လည်း ထောက်ပံ့ပေးရမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ချန်ရွှမ် ခင်းပေးလိုက်သော လမ်းကြောင်းအတိုင်း ၎င်းတို့ကလည်း ရှေ့ဆက်ကြတော့သည်။
"ဘိုးဘေးကျန်း... ခင်ဗျားလည်း ကြားတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့ တကယ်ပဲ စေတနာကောင်းနဲ့ လာခဲ့ကြတာပါ"
"ဟုတ်ပါတယ်... ကျွန်တော်တို့က ဖေးရှန်ဂိုဏ်းနဲ့ ဘာဆွေမျိုးမှလည်း မတော်စပ်သလို ဘာပတ်သက်မှုမှလည်း မရှိပါဘူး။ ဒါပေမဲ့ တရားမျှတမှုကို စောင့်ထိန်းဖို့အတွက် နယ်မြေပေါင်းရာနဲ့ချီပြီး ဖြတ်ကျော်ကာ လာရောက်ကာကွယ်ပေးခဲ့တာပါ"
"ဒီလိုကိစ္စမျိုးက ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ ဖြောင့်မတ်တဲ့ အင်မော်တယ်တိုင်း လုပ်သင့်လုပ်ထိုက်တဲ့အရာမို့လို့ ကျွန်တော်တို့က လူသိရှင်ကြား ကြွားဝါမနေခဲ့တာပါ"
"အခုတော့ ဘိုးဘေးကြီးလည်း ပြန်ရောက်လာပြီ၊ ဖေးရှန်ဂိုဏ်းလည်း ဘေးကင်းသွားပြီဆိုတော့ ကျွန်တော်တို့ရဲ့တာဝန် ပြီးဆုံးသွားပါပြီ"
"ဒါကြောင့် ကျွန်တော်တို့က တိတ်တဆိတ်ပဲ ပြန်ဆုတ်ခွာဖို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ ခင်ဗျားရဲ့လက်အောက်ငယ်သားတွေက လမ်းပိတ်ထားပြီး အထွက်မခံတာနဲ့ ကြုံရတာပဲ"
"ကောင်းကင်ကြီးက သက်သေပါပဲ... ကျွန်တော်တို့ဟာ ဘာဆုလာဘ်မှ မမျှော်လင့်ဘဲ၊ ကျေးဇူးတင်စကားတောင် မကြားချင်ဘဲနဲ့ ရက်ပေါင်းများစွာ တိတ်တဆိတ် စောင့်ရှောက်ပေးခဲ့တာပါ။ ခင်ဗျားတို့ဂိုဏ်းကိုလည်း ဘာမှမနှောင့်ယှက်ခဲ့ပါဘူး..."
"ဒါကို အခုမှ ရန်သူတွေလို အထင်လွဲခံရတာကတော့ တကယ်ကို စိတ်မကောင်းစရာပါပဲ"
ထိုအင်မော်တယ်ဘုရင်နှင့် မိစ္ဆာဘုရင်များမှာ ခေါင်းခါယမ်းကာ သက်ပြင်းများချရင်း ၎င်းတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်ဝမ်းနည်းဟန်များ ဖော်ပြနေကြတော့သည်။
ရှောင်ကွန်း၊ ကျိယွန်းနှင့် အခြားသူများမှာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြ၏။ ယွမ်ကျန်း၊ ယွမ်ရှန့်နှင့် အခြားသူများမှာလည်း ဇဝေဇဝါ ဖြစ်နေကြသည်။
ဂိုဏ်းချုပ်ကျန်းကိုယ်တိုင်ပင် အံ့ဩလွန်းသဖြင့် စကားပင် မဆိုနိုင်တော့ချေ။
မေးမြန်းမှုတွေ ပြီးဆုံးသွားတဲ့အခါမှာ တစ်ဖက်လူတွေက ကျေးဇူးမတင်လည်းရပါတယ်ဆိုတဲ့ ဘုရားလောင်းတွေဖြစ်သွားပြီး သူကပဲ လူဆိုးကြီးဖြစ်သွားရတာလား...
ဒီလောကမှာ တရားမျှတမှုဆိုတာရော ရှိသေးရဲ့လား...
ဖေးရှန်ဂိုဏ်းမှ အကြီးအကဲများမှာမူ ထပ်မံ၍ ငြိမ်မနေနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်ကြတော့သည်။
"ဘိုးဘေးကြီး... သူတို့က အဖြူကိုအမဲဖြစ်အောင် ပြောနေတာပါ"
"သူတို့ကို မယုံပါနဲ့"
"ဒီလူတွေက အရမ်းယုတ်မာလွန်းပါတယ်။ သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ လာကြတာပါ။ အဲဒီ စီနီယာကြီးတွေသာ စောင့်မနေရင် ကျွန်တော်တို့ ဒုက္ခရောက်နေတာ ကြာပါပြီ"
"ဒါတွေက သူတို့ဘက်က ပြောတဲ့ စကားတွေချည်းပါပဲ..."
"တော်ပြီ... တော်ပြီ"
အစ်ကိုကြီးချန်က လက်ဝှေ့ယမ်းကာ လူတိုင်းကို တိတ်စေလိုက်ပြီး တည်ကြည်သော မျက်နှာထားကို တမင်တကာ လုပ်လိုက်သည်။
"မင်းတို့ ဘာလို့ ဒီလောက် အော်ဟစ်နေကြတာလဲ။ လူတွေက ခရီးအဝေးကြီးကနေ လာခဲ့ကြတာပဲ... ဒါက ဘယ်လောက် ကြီးမြတ်တဲ့ စတေးမှုမျိုးလဲ"
"သူတစ်ပါးကို ဒီလို ဘယ်လို ပြောနိုင်ရတာလဲ"
ကျန်းချန် ဤသို့ပြောလိုက်သည်ကို ကြားသောအခါ ဖေးရှန်ဂိုဏ်းသားများမှာ ဆွံ့အသွားကြပြီး တစ်ဖက်မှ အင်မော်တယ်ဘုရင် ဝူလော့နှင့် အခြားသူများမှာမူ အတိုင်းထက်အလွန် ဝမ်းသာသွားကြသည်။
သူတို့ ပြောတာကို သူ တကယ်ပဲ ယုံသွားတာလား...
"ဟားဟား... ဘိုးဘေးကျန်းကတော့ တကယ့်ကို တရားမျှတမှုကို နားလည်သူပါပဲ"
"အခု အားလုံး အေးဆေးဖြစ်သွားပြီဆိုတော့ ကျွန်တော်တို့လည်း ပြန်ခွင့်ပြုပါဦး"
၎င်းတို့သည် နောက်ထပ် ပြဿနာမတက်မီ ဤနေရာမှ အမြန်ဆုံးထွက်ခွာချင်နေကြသည်။ သို့သော် အစ်ကိုကြီးချန်က ၎င်းတို့၏လမ်းကို ပိတ်ထားလိုက်၏။
"မလောပါနဲ့ဦး"
"ခင်ဗျားတို့က ဒီလောက် ကြီးမားတဲ့ ကုသိုလ်ကောင်းမှုကို လုပ်ခဲ့ကြတာပဲ... ကျွန်တော် ကျေးဇူးတောင် မတင်ရသေးဘူး မဟုတ်လား"