အခန်း (၅၀၅-၅၀၆)
Vol. 37 Ch. 505-506
အခန်း ( ၅၀၅ ) - ဝိညာဉ်တစ်သောင်း တာအိုကျမ်း၊ အင်မော်တယ်ဧကရာဇ်အတွက် လွတ်မြောက်ရန်လမ်းမရှိသော နေရာနှင့် ငြင်းပယ်၍မရနိုင်သော အရာ
ကုချန်သည် အလွန်တရာ ဇဝေဇဝါ ဖြစ်သွားရ၏။
ရှောင်လင်ဧကရီသည် ဤအင်မော်တယ်နယ်မြေတွင် အရှေးအကျဆုံး အင်မော်တယ်ဧကရာဇ်များထဲမှ တစ်ပါးဖြစ်သည်။ ဤလောကတွင် သူ ရှာမတွေ့နိုင်သော မည်သို့သော အမြင့်ဆုံးရတနာများ ရှိနေသေးသနည်း။
ရှောင်လင်ဧကရီ ကိုယ်တိုင်ပင် ရှာမတွေ့နိုင်လျှင် သူက ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်မည်နည်း။
ကုချန်သည် သူ၏ လက်ရှိတိုက်ခိုက်ရေးစွမ်းရည်မှာ သာမန် အင်မော်တယ်ဧကရာဇ်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်ကြောင်း ယုံကြည်မှုရှိသော်လည်း ရှောင်လင်ဧကရီကဲ့သို့သော ရှေးဟောင်း အင်မော်တယ်ဧကရာဇ်တစ်ပါးနှင့် ယှဉ်လျှင်မူ ကွာဟချက်တစ်ခု ရှိနေနိုင်သေးသည်။
" ငါရှာနေတဲ့ ပစ္စည်းကို ဒီကျယ်ပြောလှတဲ့ အင်မော်တယ်နယ်မြေမှာ မင်းတစ်ယောက်တည်းပဲ ရှာပေးနိုင်မှာပါ "
ရှောင်လင်ဧကရီမှ ကုချန်ကို ကြည့်လျက် သူ၏ ဖြူဝင်းသော လက်တစ်ဖက်ကို ညင်သာစွာ မြှောက်လိုက်ရာ ရှေးဟောင်း ကျမ်းစာအုပ်တစ်အုပ် သူ၏လက်ဖဝါးထဲတွင် ပေါ်လာလေသည်။
ဤကျမ်းစာအုပ်၏ စာမျက်နှာတိုင်းသည် ကြေးညိုဖြင့် သွန်းလုပ်ထားသည့်အလား သံချေးများ ဖုံးလွှမ်းနေ၍ တာအိုအက္ခရာများစွာဖြင့် ရေးထွင်းထားကာ အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်သည့်ပုံ ပေါ်လေသည်။
အမှန်တကယ်ပင် ကုချန်ကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ ဤကျမ်းစာအုပ်သည် တစ်ဝက်ဆုတ်ဖြဲခံထားရပြီး ပထမတစ်ဝက်သာ ကျန်ရှိကာ ဒုတိယတစ်ဝက်မှာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။
" ဒီပစ္စည်းကို ဝိညာဉ်တစ်သောင်း တာအိုကျမ်းလို့ ခေါ်တယ်... ငါ ဧကရာဇ်အဆင့်ကို မရောက်ခင်တုန်းက လျှို့ဝှက်နေရာတစ်ခုကနေ ရှာတွေ့ခဲ့တာ "
ရှောင်လင်ဧကရီသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်းမရှိဘဲ ကျမ်းစာအုပ်၏ မူလဇာစ်မြစ်ကို ကုချန်အား ရှင်းပြလေသည်။
" နောက်ပိုင်းမှာ ငါ ဧကရာဇ်အဆင့်ကို ရောက်ရှိပြီး ဝိညာဉ်တာအိုကို ကျင့်ကြံခဲ့တာကလည်း ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းရဲ့ လွှမ်းမိုးမှုကြောင့်ပဲ "
" ဒီကျမ်းစာအုပ်က မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေရဲ့ မဟာတာအိုကို မှတ်တမ်းတင်ထားတယ်... ငါ ခန့်မှန်းရသလောက် ဒီကျမ်းစာအုပ်ထဲက အကြောင်းအရာတွေကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ရင်... ပြီးပြည့်စုံတဲ့ ဝိညာဉ်မဟာတာအိုကို ကျွမ်းကျင်ပိုင်နိုင်နိုင်ပြီး ငါ့အတွက် အင်မော်တယ်ဧကရာဇ်အဆင့်ကနေ ကျော်လွန်တက်လှမ်းနိုင်မယ့် အခွင့်အရေးကို ရှာတွေ့နိုင်မှာ "
" အခု ငါက ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းထဲက အကြောင်းအရာအားလုံးကို ကျွမ်းကျင်ပိုင်နိုင်ပြီးပြီ... ဒါပေမယ့် မင်းမြင်တဲ့အတိုင်းပဲ ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းက မပြည့်စုံဘူး... ပထမတစ်ဝက်ပဲ ကျန်ပြီး ဒုတိယတစ်ဝက်က ပျောက်ဆုံးနေတာ "
စကားပြောနေစဉ် ရှောင်လင်ဧကရီ၏ လေသံတွင် မှိန်ဖျော့ဖျော့ ဝမ်းနည်းမှုတစ်ခု စွန်းထင်းနေလေသည်။
" အရင်တုန်းက ငါ အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ရှာဖွေခဲ့သလို ကောင်းကင်ဘုံတွေကို ဖြတ်သန်းခဲ့ပေမယ့် ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းရဲ့ ဒုတိယတစ်ဝက်ကို ဘယ်တော့မှ မတွေ့ခဲ့ရဘူး "
" ဒါပေမယ့် နောက်ပိုင်းမှာ ငါ့ရဲ့စွမ်းအားတွေ ထပ်တိုးတက်လာတော့ ပထမတစ်ဝက်ရဲ့ ဝိညာဉ်အာရုံလေး တစ်ခုကို အခြေခံပြီး ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းရဲ့ ဒုတိယတစ်ဝက် တည်ရှိနေတဲ့ နေရာကို ငါ အောင်အောင်မြင်မြင် ထောက်လှမ်းနိုင်ခဲ့တယ် "
" ဒါပေမယ့်... "
စကားပြောဆိုနေရင်းနှင့် ရှောင်လင်ဧကရီ၏ လေသံမှာ အနည်းငယ် ရပ်တန့်သွားကာ အကူအညီမဲ့နေသည့် အရိပ်အယောင်တစ်ခု ပါဝင်လာလေသည်။
" ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းရဲ့ ဒုတိယတစ်ဝက် ရှိနေတဲ့ နေရာကို သိပေမယ့် ငါ သွားယူလို့ မရဘူး "
ဝိညာဉ်တစ်သောင်း တာအိုကျမ်း၏ ဒုတိယတစ်ဝက် ရှိနေသည့် နေရာကို သိလျက်နှင့် သွားယူ၍မရဘူးတဲ့လော။
ရှောင်လင်ဧကရီ၏ စကားကို ကြားသောအခါ ကုချန်မှာ တွေဝေသွားမိ၏။ အကြောင်းရင်းကို မသိရသဖြင့် သူ ဘာမျှထုတ်မပြောဘဲ ရှောင်လင်ဧကရီ၏ ဆက်လက်ရှင်းပြချက်ကို စောင့်ဆိုင်းနေလိုက်သည်။
" ငါ ကျင့်ကြံတဲ့ ဝိညာဉ်မဟာတာအိုမှာ သူ့ကိုယ်ပိုင် လေဟာနယ် ကြိုတင်သိမြင်မှုတစ်ခု ရှိတယ် "
ရှောင်လင်ဧကရီမှ အသေအချာ ရှင်းပြလေသည်။
" ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းရဲ့ ဒုတိယတစ်ဝက်က အင်မော်တယ်ဧကရာဇ်တွေအတွက် တားမြစ်ထားတဲ့နယ်မြေတစ်ခုထဲမှာ ရှိတယ်... ဒါပေမယ့် အင်မော်တယ်ဘုရင်တစ်ပါးကပဲ အဲ့ဒီထဲကို ဝင်ရောက်ပြီး ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းရဲ့ ဒုတိယတစ်ဝက်ကို ရယူနိုင်မှာ... တကယ်လို့ အင်မော်တယ်ဧကရာဇ်တစ်ပါး ဝင်ရောက်သွားမယ်ဆိုရင် သေချာပေါက် သေဆုံးရမှာဖြစ်သလို... ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းရဲ့ ဒုတိယတစ်ဝက်ကိုလည်း ရယူနိုင်မှာ မဟုတ်ဘူး "
အင်မော်တယ်ဧကရာဇ်တွေအတွက် တားမြစ်ထားတဲ့ နယ်မြေထဲမှာ ရှိပေမယ့် အင်မော်တယ်ဧကရာဇ် ဝင်သွားရင် သေချာပေါက် သေဆုံးရမှာဖြစ်ပြီးတော့ အင်မော်တယ်ဘုရင်တစ်ပါးကပဲ ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းကို ရယူနိုင်မယ်တဲ့လား။
ရှောင်လင်ဧကရီ၏ ရှင်းပြချက်ကို နားထောင်လျက် ကုချန်မှာ ဆွံ့အသွားမိ၏။ ဤစကားများမှာ ရှောင်လင်ဧကရီထံမှ မဟုတ်ဘဲ အခြားတစ်ဦးဦးထံမှသာဆိုလျှင် လုံးဝကို အဓိပ္ပာယ်မရှိဟု သူ သေချာပေါက် ထင်မိမည်ဖြစ်သည်။
အင်မော်တယ်ဧကရာဇ်တစ်ပါးအတွက်ပင် သေချာပေါက် သေဆုံးရမည့် တားမြစ်နယ်မြေတစ်ခုဆိုလျှင် အင်မော်တယ်ဘုရင်တစ်ပါးအတွက်ဆိုပါက ဖြေရှင်း၍မရနိုင်သော အခြေအနေဆိုးကြီး ဖြစ်နေပေလိမ့်မည်။ ထိုထဲသို့ ဝင်ရောက်သွားပါက မည်သို့လျှင် အသက်ရှင်နိုင်မည်နည်း။
ဤသည်မှာ လုံးဝ ရယ်စရာပင်။
" အင်မော်တယ်ဧကရာဇ်တွေအတွက် တားမြစ်ထားတဲ့ နယ်မြေတစ်ခုထဲကို အင်မော်တယ်ဘုရင်တစ်ပါးက ဘယ်လိုလုပ်ပြီး စွန့်စားဝင်ရောက်နိုင်မှာလဲ... ဒီအကြောင်းကို ငါ အကြိမ်ကြိမ် စဉ်းစားခဲ့ပြီးပြီ... ဖြစ်နိုင်ခြေ တစ်ခုတည်းပဲ ရှိတယ်.....
ဝင်ရောက်မယ့်သူက အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရမယ်... ဒါပေမယ့် သူဟာ အင်မော်တယ်ဧကရာဇ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားရမယ်... ဒါမှမဟုတ်ရင် အင်မော်တယ်ဧကရာဇ်အဆင့်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ နည်းလမ်းတစ်ခုခု ရှိထားရမယ်... ဒါမှသာ ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းရဲ့ ဒုတိယတစ်ဝက်ကို ငါ့အတွက် အောင်အောင်မြင်မြင် ပြန်ယူလာပေးနိုင်မှာ "
ရှောင်လင်ဧကရီမှ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
" ဒါပေမယ့် အင်မော်တယ်နယ်မြေ စတင်တည်ထောင်ကတည်းက ဒီလို အင်မော်တယ်ဘုရင်မျိုးကို ငါ တစ်ခါမှ မကြုံခဲ့ဖူးသလို မင်းနဲ့ မတွေ့ရခင်အထိ ဒီလိုလူမျိုး လောကမှာ အမှန်တကယ် ရှိနေသလားဆိုတာကိုတောင် ငါ မသိခဲ့ပါဘူး! "
ရှောင်လင်ဧကရီမှ ထိုသို့ ပြောလိုက်သောအခါ သူ၏ဆိုလိုရင်းကို ကုချန် နောက်ဆုံးတွင် နားလည်သွားလေသည်။
ရှောင်လင်ဧကရီ၏ အမြင်တွင်မူ သူ့ကဲ့သို့သော အင်မော်တယ်ဘုရင်တစ်ပါးသာလျှင် အင်မော်တယ်ဧကရာဇ် တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ပါက မျှော်လင့်ချက် ရောင်ခြည်တစ်ခု ရှိနိုင်မည်ဖြစ်ပြီး ထိုဝိညာဉ်တစ်သောင်း တာအိုကျမ်း၏ ဒုတိယတစ်ဝက်ကို အောင်မြင်စွာ ရယူပေးနိုင်ပေလိမ့်မည်။
ထို့ကြောင့်ပင် ရှောင်လင်ဧကရီသည် သူ့ကို လာရှာခဲ့ခြင်းဖြစ်သည်။
ယခင်က ကောင်းကင်ဖုံးလွှမ်း အင်မော်တယ်ဘုရင်နှင့် အခြားသူများကို လွယ်ကူစွာ ချေမှုန်းနိုင်ခဲ့သည့် သူ၏ နည်းလမ်းများကြောင့် သူသည် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သော်လည်း အင်မော်တယ်ဧကရာဇ်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သော နည်းလမ်းအချို့ ရှိနေသည်ဟု ရှောင်လင်ဧကရီမှ ယုံကြည်သွားခြင်း ဖြစ်နိုင်သည်။
ထို့အပြင် သူသာလျှင် ထိုတားမြစ်နယ်မြေထဲတွင် အသက်ရှင်နိုင်မည်ဖြစ်သည်။
သို့သော်.....
" ရှောင်လင်ဧကရီ ပြောတဲ့နေရာက အဲ့ဒီလောက် အန္တရာယ်များနေမှတော့ ကျွန်တော်က ဘာလို့ အဲ့ဒီထဲကို စွန့်စွန့်စားစား ဝင်ရောက်ရမှာလဲ "
ကုချန်သည် တည်ငြိမ်စွာ ပြောဆိုလိုက်၏။
ရှောင်လင်ဧကရီ၏ အဆိုအရ ထိုတားမြစ်နယ်မြေသည် ဤမျှလောက် အန္တရာယ်များနေပါက သူသည် အဘယ်ကြောင့် ထိုနေရာသို့ စွန့်စားဝင်ရောက်၍ ရှောင်လင်ဧကရီကို ကူညီရန် ဤမျှကြီးမားသော အန္တရာယ်ကို ယူရမည်နည်း။
ကုချန်၏အမြင်တွင် ရှောင်လင်ဧကရီမှ မည်မျှပင် ကောင်းမွန်သော အပေးအယူများကို ကမ်းလှမ်းလာပါစေ သူ ရယူရမည့် အန္တရာယ်နှင့်ယှဉ်လျှင် လုံလောက်မည် မဟုတ်ပေ။
အန္တရာယ်နှင့် ရရှိမည့် အကျိုးအမြတ်သည် လုံး
ဝကို မမျှတနေချေ။
" မင်းကို ဒီလောက်ကြီးမားတဲ့ အန္တရာယ်ကို ယူဖို့ တောင်းဆိုနေမှတော့ ငါလည်း ထိုက်တန်တဲ့ တန်ကြေးတစ်ခုကို ပေးဆပ်မှာပါ "
သို့သော် ရှောင်လင်ဧကရီသည် ဤအချက်ကို ကြိုတင်မျှော်လင့်ထားပုံပင်။ ထို့ကြောင့် ကုချန်၏ မေးခွန်းကြောင့် အံ့အားသင့်သွားခြင်း မရှိဘဲ မှိန်ဖျော့ဖျော့ အပြုံးတစ်ခုကိုသာ ပြသလိုက်လေသည်။
" မင်းကလွဲပြီး ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းကို ငါရအောင် ကူညီပေးနိုင်တဲ့သူ မရှိလို့ဆိုတာအပြင် ငါ မင်းကို လာရှာရတဲ့ အကြောင်းရင်း နောက်တစ်ခု ရှိသေးတယ် "
" အဲ့ဒါက အဲ့ဒီ တားမြစ်နယ်မြေထဲမှာ ငါ့အတွက်တင်မကဘဲ မင်းအတွက်ပါ လုံးဝကို ငြင်းဆန်နိုင်မှာမဟုတ်တဲ့ ကြီးမားတဲ့ ကံကြမ္မာအကျိုးပေးကြီးတစ်ခု ရှိနေလို့ပဲ! "
သူတောင်မှ ငြင်းဆန်လို့မရနိုင်တဲ့ ကြီးမားတဲ့ ကံကြမ္မာအကျိုးပေးကြီးတဲ့လား။
ရှောင်လင်ဧကရီ၏ စကားများကြောင့် ကုချန် အံ့အားသင့်သွားရကာ အတော်ကလေး စိတ်ဝင်စားသွား၏။
ဤမျှ ကြီးမားသော အန္တရာယ်ကို ယူရလောက်အောင် တန်ဖိုးရှိသည့် မည်သို့သော ကံကြမ္မာအကျိုးပေးမျိုး ဖြစ်နေမည်ကို သူ အမှန်တကယ် စိတ်ကူးမယဉ်နိုင်ခဲ့ပေ။
သို့သော် ရှောင်လင်ဧကရီ၏ ထပ်မံပြောဆိုလာသော စကားများက ကုချန်၏နှလုံးသားထဲတွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
" အဆုံးမဲ့တာအို ပြီးပြည့်စုံတဲ့နေရာ "
ရှောင်လင်ဧကရီသည် တည်ငြိမ်စွာ ပြောဆိုလိုက်၏။ သူ၏ လှပသော မျက်လုံးများသည် အဆုံးအစမဲ့ ကြယ်ရောင်များနှင့်အတူ တောက်ပနေပုံပင်။
" ငါလိုအပ်နေတဲ့ ဝိညာဉ်တစ်သောင်း တာအိုကျမ်းရဲ့ ဒုတိယတစ်ဝက်က အဲ့ဒီ တားမြစ်နယ်မြေထဲက အဆုံးမဲ့တာအို ပြီးပြည့်စုံတဲ့နေရာမှာ ရှိနေတာ "
" လေဟာနယ်ထဲက ငါ့ရဲ့ ဝိညာဉ်အာရုံက ငါ့ကို ပြောပြနေတယ်... ဒီအဆုံးမဲ့တာအို ပြီးပြည့်စုံတဲ့နေရာဟာ မင်းအတွက် အကြီးမားဆုံး ကံကြမ္မာအကျိုးပေးကြီး ဖြစ်တယ်ဆိုတာကိုပေါ့ "
အဆုံးမဲ့တာအို ပြီးပြည့်စုံတဲ့နေရာ!
ရှောင်လင်ဧကရီ၏ စကားများသည် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ကုချန်၏ စိတ်ခံစားမှုများကို ငြိမ်သက်ရန် ခက်ခဲစေခဲ့သည်။
အမှန်စင်စစ် ယခု သူ၏အခြေအနေအတွက် မည်သည့် အမြင့်ဆုံးရတနာ ကျင့်စဉ်မျိုးကမျှ ဆွဲဆောင်မှု မရှိတော့ပေ။ သူ အမှန်တကယ် အရေးတကြီး လိုအပ်နေသည်မှာ သူ၏ ပင်မခန္ဓာကိုယ်၏ အဆင့်တက်လှမ်းခြင်းကို ပြီးမြောက်စေရန် အဆုံးမဲ့တာအို ပြီးပြည့်စုံရာ နေရာကို ရှာဖွေတွေ့ရှိရန်ပင် ဖြစ်သည်။
နှစ်များတစ်လျှောက် ကုချန်သည် အဆုံးမဲ့တာအို ပြီးပြည့်စုံရာ နေရာကို ရှာဖွေခြင်းမှ မည်သည့်အခါမျှ မရပ်တန့်ခဲ့သော်လည်း အရိပ်အမြွက်တစ်ခုမျှပင် မတွေ့ခဲ့ရချေ။
အဆုံးမဲ့တာအို ပြီးပြည့်စုံရာ နေရာကို ရှာမတွေ့ပါက သူ၏ပင်မခန္ဓာကိုယ်သည် အဆင့်တက်လှမ်းနိုင်မည် မဟုတ်ဘဲ ပြီးပြည့်စုံသော အစစ်အမှန် အင်မော်တယ်အဆင့်တွင်သာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေပေလိမ့်မည်။
ဤသည်မှာ ကုချန်အတွက် လုံးဝ လက်ခံနိုင်စရာ မရှိသောအချက် ဖြစ်သည်မှာ အသေအချာပင်။
ယခု ရှောင်လင်ဧကရီမှ အင်မော်တယ်ဧကရာဇ် တားမြစ်နယ်မြေအတွင်းတွင် အဆုံးမဲ့တာအို ပြီးပြည့်စုံရာ နေရာတစ်ခု တည်ရှိနေကြောင်း ပြောပြလာခဲ့သည်။
ဤအရာသာ အမှန်ဖြစ်ပါက အခြားသော အကြောင်းပြချက်များ မရှိလျှင်ပင် ကုချန်သည် ဤတားမြစ်နယ်မြေထဲသို့ မဝင်မဖြစ် ဝင်ရောက်ရပေတော့မည်။
" ကျွန်တော် လက်ခံပါတယ် "
ကုချန်သည် မည်သည့် တွေဝေမှုမျှ မရှိဘဲ ရှောင်လင်ဧကရီ၏ အဆိုပြုချက်ကို လက်ခံလိုက်၏။
မည်သို့ပင်ဖြစ်စေ ဤအဆုံးမဲ့တာအို ပြီးပြည့်စုံရာ နေရာကို သူ ရှာတွေ့ရမည်ပင်။
အခန်း ( ၅၀၆ ) - နိဗ္ဗာန်ဖီးနစ်ငှက်မွေး၊ သေခြင်းတရား အစားထိုးမှုနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်
ကုချန်ထံမှ ထိုအခြေအနေများကို လက်ခံကြောင်း ကြားသောအခါ ရှောင်လင်ဧကရီ၏ မျက်နှာထက်တွင် အပြုံးတစ်ခုသာ ပေါ်ထွက်လာခဲ့ကာ ကုချန်၏ ဆုံးဖြတ်ချက်အတွက် အံ့ဩသွားပုံမပေါ်ပေ။
ထို့နောက်တွင်မူ သူသည် ဖြူဝင်းသော ကျောက်စိမ်းရောင် လက်တစ်ဖက်ကို ညင်သာစွာ မြှောက်လိုက်ကာ လေဟာနယ်ထဲတွင် တစ်ချက် ပွတ်ဆွဲလိုက်လေသည်။
နောက်တစ်ခဏတွင် လေဟာနယ်အတွင်း အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာ၍ ၎င်းအက်ကွဲကြောင်းထဲမှ ကြက်သွေးရောင် တောက်ပနေသော ဖီးနစ်ငှက်မွေးနှင့်တူသည့် နတ်ဘုရားပစ္စည်းတစ်ခု ကျဆင်းလာကာ သူ၏ လက်ချောင်းများမှတစ်ဆင့် ကုချန်ထံသို့ လွင့်ပျံသွားလေသည်။
" ဒီပစ္စည်းကို နိဗ္ဗာန်ဖီးနစ်ငှက်မွေးလို့ ခေါ်တယ်... ဒီတစ်ခုတည်းကို သွန်းလုပ်ဖို့အတွက် နှစ်တစ်သိန်း အချိန်ယူခဲ့ရကာ နတ်ဘုရားပစ္စည်း အမျိုးမျိုးကို အသုံးပြုခဲ့ရတာ "
" ဒီပစ္စည်းကို ကိုယ့်သဘောနဲ့ကိုယ် အသက်သွင်း အသုံးပြုလို့မရဘဲ အလိုအလျောက် ကာကွယ်ပေးတဲ့ သဘောမျိုးပဲ... မင်းက ကိုယ်နဲ့မကွာ ဆောင်ထားရုံပါပဲ... တကယ်လို့ မင်းမှာ သေရေးရှင်ရေး အန္တရာယ်နဲ့ ကြုံလာရရင် ဒီအရာက တစ်ကြိမ် အသက်ဝင်လာပြီး မင်းအတွက် တစ်ကြိမ် ကိုယ်စားအသေခံပေးလိမ့်မယ် "
ရှောင်လင်ဧကရီမှ ဖီးနစ်ငှက်မွေး၏ အသုံးဝင်ပုံကို ကုချန်အား ရှင်းပြလေသည်။
သေရေးရှင်ရေး အခြေအနေမှာ တစ်ကြိမ် ကိုယ်စားအသေခံပေးနိုင်တယ်တဲ့လား။
ရှောင်လင်ဧကရီ၏ ရှင်းပြချက်ကို နားထောင်ကာ ကုချန်၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
" ဒီပစ္စည်းက အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတွေအတွက်ရော အလုပ်ဖြစ်ရဲ့လား "
" မဖြစ်ဘူး... အင်မော်တယ်ဘုရင်အဆင့် ရှိသူတွေလောက်ပဲ အသက်သွင်းနိုင်တာပါ... ဒီနိဗ္ဗာန်ဖီးနစ်ငှက်မွေးက အင်မော်တယ်ဧကရာဇ်တွေအပေါ် သက်ရောက်မှုမရှိဘူး "
ရှောင်လင်ဧကရီမှ တည်ငြိမ်စွာ ရှင်းပြလေသည်။
" ဪ... အဲ့လိုကိုး "
ကုချန်သည် အနည်းငယ် ခေါင်းညိတ်လိုက်၏။ ဤပစ္စည်းသည် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများအတွက်ပါ အာနိသင်ရှိမည်ဆိုလျှင် ကောင်းကင်ဘုံများ တစ်ခုလုံးတွင် လုံးဝကို အမြင့်ဆုံး အဆင့်ရှိ နတ်ဘုရားရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေလိမ့်မည်။
သို့သော် အင်မော်တယ်ဘုရင်အဆင့် ရှိသူများသာ အသက်သွင်းနိုင်လျှင်တောင်မှ ဤပစ္စည်းသည် အလွန်အမင်း အဖိုးတန်လှပေသည်။
အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ဘုရင်အဆင့် ရှိသူများအတွက် ၎င်းသည် ဒုတိယအသက်တစ်ခု ဖြစ်နေသောကြောင့်ပင်။
၎င်း၏ တန်ဖိုးရှိမှုသည် လုံးဝကို ခန့်မှန်း၍မရနိုင်ပေ။
အမှန်စင်စစ် ဤပစ္စည်းကို ရှောင်လင်ဧကရီမှ သူ့အတွက် အထူးရည်ရွယ်၍ ယခင်ကတည်းက ပြင်ဆင်ထားခဲ့သည်ဟုပင် ကုချန် လွဲမှားစွာ ထင်မှတ်သွားခဲ့မိ၏။
သို့မဟုတ်ပါက သူကိုယ်တိုင်အတွက် အသုံးသိပ်မဝင်သော ဤနိဗ္ဗာန်ဖီးနစ်ငှက်မွေးကို ဖန်တီးရန်အတွက် ရှောင်လင်ဧကရီသည် အဘယ်ကြောင့် ဤမျှကြီးမားသော စရိတ်စကကို အကုန်အကျခံခဲ့မည်နည်း။
သူ၏နှလုံးသားထဲတွင် အနည်းငယ် ထူးဆန်းနေသော်လည်း ကုချန်သည် နိဗ္ဗာန်ဖီးနစ်ငှက်မွေးကို မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ သူ၏အိတ်ထဲသို့ သိမ်းဆည်းလိုက်၏။
သူ့အတွက် တစ်ကြိမ် အသေခံပေးနိုင်မည့် နတ်ဘုရားပစ္စည်းများ မည်မျှပင် ရလာပါစေ လုံလောက်သည်ဟူ၍ မရှိနိုင်ချေ။
ကုချန်မှ နိဗ္ဗာန်ဖီးနစ်ငှက်မွေးကို လက်ခံလိုက်သည်ကို မြင်သောအခါ ရှောင်လင်ဧကရီမှာ ပြုံးလိုက်မိသည်။
" တကယ်လို့... ဒီတစ်ခေါက် ခရီးစဉ်မှာ ငါ့အတွက် ဝိညာဉ်တစ်သောင်း တာအိုကျမ်းကို အောင်အောင်မြင်မြင် ရှာဖွေပေးနိုင်မယ်ဆိုရင်...အနာဂတ်မှာ အဲ့ဒီကျမ်းစာအုပ်ထဲက အကြောင်းအရာတွေကို ငါ အပြည့်အဝ နားလည်သဘောပေါက်သွားတဲ့အခါ... အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတွေအပေါ်မှာပါ သက်ရောက်မှုရှိတဲ့ နိဗ္ဗာန်ဖီးနစ်ငှက်မွေးကို ငါ ဖန်တီးနိုင်လောက်ပါလိမ့်မယ် "
" အဲ့ဒီနေ့ ရောက်လာခဲ့ရင် မင်းအတွက် နောက်ထပ် နိဗ္ဗာန်ဖီးနစ်ငှက်မွေး တစ်ခုကို အခမဲ့ သွန်းလုပ်ပေးမယ်လို့ ငါ ကတိပေးပါတယ် "
" ဒါဆိုရင် ရှောင်လင်ဧကရီကို ဒုက္ခပေးရတော့မှာပဲ "
ကုချန်သည် အားနာမနေဘဲ ခေါင်းညိတ်လိုက်၏။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တစ်သောင်း တာအိုကျမ်း၏ ဒုတိယတစ်ဝက်သည် ရှောင်လင်ဧကရီအတွက် မည်မျှ အရေးကြီးကြောင်းကို သူ သိထားသောကြောင့်ပင်။
ဒုတိယတစ်ဝက်ကို ရှာဖွေတွေ့ရှိခြင်းက ရှောင်လင်ဧကရီအတွက် အင်မော်တယ်ဧကရာဇ်အဆင့်နှင့် အထက်သို့ ကျော်လွန်တက်လှမ်းနိုင်မည့် သော့ချက်ကို ပေးစွမ်းနိုင်ကာ အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်တစ်ခု ရရှိစေမည်ဖြစ်သည်။ ဤဝိညာဉ်တစ်သောင်း တာအိုကျမ်း၏ တန်ဖိုးအတွက် ရှောင်လင်ဧကရီသည် ပိုမိုကြီးမားသော တန်ကြေးကို ပေးဆပ်ရမည်ဆိုလျှင်တောင်မှ ထိုက်တန်လှပေသည်။
" ရှောင်လင်ဧကရီအနေနဲ့ အခု အဲ့ဒီတားမြစ်နယ်မြေရဲ့ တည်နေရာကို ကျွန်တော့်ကို ပေးလို့ရပြီမလား "
နိဗ္ဗာန်ဖီးနစ်ငှက်မွေးကို လက်ခံရရှိပြီးနောက် ကုချန်သည် ချက်ချင်းပင် မေးမြန်းလိုက်၏။
သူ သွားချင်နေသည်မှာ အတော်လေး စိတ်မရှည်နိုင်ဖြစ်နေပြီဖြစ်သည်။ သူ၏ ပင်မခန္ဓာကိုယ်မှာ ပြီးပြည့်စုံသော အစစ်အမှန် အင်မော်တယ်အဆင့်တွင် ပိတ်ဆို့နေသည်မှာ အချိန်ကြာမြင့်လွန်းနေပြီဖြစ်ရာ နောက်တစ်ဆင့်သို့ တက်လှမ်းရမည့်အချိန် ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ကုချန်၏ စကားများကို ကြားသောအခါ ရှောင်လင်ဧကရီသည် ဖြည်းညင်းစွာ ခေါင်းခါပြလေသည်။
" အလျင်လိုစရာ မလိုပါဘူး... အခုချိန်မှာ ငါက ဝိညာဉ်တစ်သောင်း တာအိုကျမ်းရဲ့ ဒုတိယတစ်ဝက် ရှိနေတဲ့ နေရာကို ခပ်ဖျော့ဖျော့ပဲ ခံစားသိရှိနိုင်သေးတယ်... သူ့ရဲ့ တည်နေရာ အတိအကျကို မသတ်မှတ်နိုင်သေးဘူး "
" ဒါပေမယ့် ငါ အတည်ပြုနိုင်တာက အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ ဒီဝိညာဉ်တစ်သောင်း တာအိုကျမ်းရဲ့ ဒုတိယတစ်ဝက်ကို ငါ ခံစားသိရှိနိုင်မှုက ပိုပိုပြီး ရှင်းလင်းလာလိမ့်မယ် "
" အချိန်အတိုင်းအတာ တစ်ခုလောက် ရောက်ရင် သူ့ရဲ့ တည်နေရာ အတိအကျကို ငါ ခံစားသိရှိနိုင်မှာပါ... အဲ့ဒီအချိန်ကျရင် သေချာပေါက် ငါ မင်းကို ပြောပြပါ့မယ် "
" အခုတော့ မင်း ပြန်သွားပြီး ပြင်ဆင်ထားလို့ ရပါပြီ... အချိန်ကျလာရင် ငါ မင်းကို ဆက်သွယ်လိုက်ပါ့မယ် "
အချိန်မရောက်သေးဘူးတဲ့လား။
ရှောင်လင်ဧကရီ၏စကားကို ကြားသောအခါ ကုချန်သည် အနည်းငယ် ခေါင်းညိတ်လိုက်၍ မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ မရေမတွက်နိုင်သော ကြယ်တံတားပေါ်သို့ တက်လှမ်းကာ ရှောင်လင်ကောင်းကင်ဘုံမှ ထွက်ခွာသွားလေတော့သည်။
ကုချန်၏ကျောပြင်ကို ကြည့်လျက် ရှောင်လင်ဧကရီမှာ မသိမသာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
" ဒါက ငါ လုပ်ပေးနိုင်သမျှ အကုန်ပဲ "
" ငါလဲ အကူအညီရသလို မင်းကိုလည်း ကူညီရာရောက်ပါတယ် "
" မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ် "
...
ရှောင်လင်ကောင်းကင်ဘုံမှ ထွက်ခွာလာပြီးနောက် ကုချန်သည် ပြင်ဆင်မှုများကို စတင်ခဲ့၏။
သူ၏ ပင်မခန္ဓာကိုယ်နှင့် ကိုယ်ပွားနှစ်ခုအနက် နတ်ဆိုးနယ်မြေရှိ ဒုတိယကိုယ်ပွားက ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်တော့မည်ဖြစ်ကာ သူ၏ ပင်မခန္ဓာကိုယ်ကလည်း အလွန်အမင်း အန္တရာယ်များသော အင်မော်တယ်ဧကရာဇ် တားမြစ်နယ်မြေထဲသို့ ဝင်ရောက်တော့မည် ဖြစ်သည်။
ဘေးကင်းလုံခြုံစေရန်အတွက် ကုချန်သည် သူ၏တတိယကိုယ်ပွားကို မလှုပ်ရှားဘဲ ကောင်းကင်ဘုံရှင်သန်ခြင်းတားမြစ်နယ်မြေကို ဆက်လက် စောင့်ကြပ်စေရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ပင်မခန္ဓာကိုယ်နှင့် ဒုတိယကိုယ်ပွားတို့နှင့်အတူ မည်သည့် တားမြစ်နယ်မြေထဲကိုမျှ ဝင်ရောက်စေမည် မဟုတ်ပေ။
ဤနည်းအားဖြင့် သူ၏ ပင်မခန္ဓာကိုယ်နှင့် ဒုတိယကိုယ်ပွားတို့သည် သူတို့၏ စွန့်စားခန်းများအတွင်း အမှန်တကယ် အန္တရာယ်ကြုံရလျှင်ပင်၊ ပင်မခန္ဓာကိုယ်ရော ဒုတိယကိုယ်ပွားပါ နှစ်ခုလုံး ကျဆုံးသွားရသည့် အဆိုးရွားဆုံး အခြေအနေမျိုးတွင်ပင် တတိယကိုယ်ပွား ရှိနေခြင်းက သူ့အတွက် နောက်ဆုံး ဆုတ်ခွာစရာ လမ်းကြောင်းတစ်ခု ရှိနေစေမည်ဖြစ်ကာ လုံးဝ မျှော်လင့်ချက်မဲ့သွားမည့် အခြေအနေမျိုးသို့ ရောက်ရှိမည် မဟုတ်ပေ။
ဤအစီအစဉ်များနှင့် နေရာချထားမှုများကို လုပ်ဆောင်ပြီးနောက် ကုချန်၏ ပင်မခန္ဓာကိုယ်သည် တံခါးပိတ်ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကာ ထိုအင်မော်တယ်ဧကရာဇ် တားမြစ်နယ်မြေထဲသို့ မဝင်ရောက်မီ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တတ်နိုင်သမျှ မြှင့်တင်ရန် ကြိုးစားခဲ့သည်။
သူ၏လက်ရှိအဆင့်ကို မမြှင့်တင်နိုင်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကိုတော့ မြှင့်တင်နိုင်၏။ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ၏ ခွဲခြမ်းစိတ်ဖြာမှု လုပ်ငန်းစဉ် ရပ်တန့်မသွားသရွေ့ ကုချန်၏ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်မှုမှာ ကန့်သတ်ချက် မရှိပေ။ အဆင့်ကန့်သတ်ချက်များကြောင့်သာ သူ၏ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကို နားလည်သဘောပေါက်မှု လုပ်ငန်းစဉ်သည် အနည်းငယ် နှေးကွေးနေခြင်း ဖြစ်သည်။
ယခုအခါ သူ၏လက်ရှိအခြေအနေအရ စက္ကန့်တိုင်းသည် အလွန်အမင်း တန်ဖိုးရှိကာ အနည်းငယ်မျှပင် အလေအလွင့် မခံနိုင်တော့ပေ။
...
အနှစ်နှစ်ဆယ် ကြာပြီးနောက်.....
နတ်ဆိုးနယ်မြေ... အဆုံးမဲ့ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာ.....
ကုချန်သည် တိတ်ဆိတ်စွာ တရားထိုင်လျက် ကွေ့ရွှီးနယ်မြေ ပွင့်လာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းရင်း ကျင့်ကြံနေလေသည်။
ထိုအချိန် ရုတ်တရက် သူ၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် အက်ကွဲသွားကာ ထိုလေဟာနယ် အက်ကွဲကြောင်းမှ လင်းလက်၍ ထက်မြက်လှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားလိုဟန် ရှိလေသည်။
သို့သော် ကုချန်မှာမူ ထိုမြင်ကွင်းကို ကြိုတင်မျှော်လင့်ထားပုံရသည်။ သူသည် အနည်းငယ်မျှပင် အထိတ်တလန့်မရှိဘဲ တည်ငြိမ်စွာဖြင့် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ကာ ဓားအလင်းတန်းကို သူ၏အနီးနားအတွင်းတွင် ချိတ်ပိတ်ထားလိုက်၍ အပြင်သို့ ပျံ့နှံ့မသွားစေရန် တားဆီးလိုက်လေသည်။
ထိုဓားအလင်းတန်းသည် အဆုံးအစမဲ့ ထက်မြက်လှရာ သာမန် အင်မော်တယ်ဘုရင်များပင် မခံနိုင်ဘဲ သူတို့၏ နတ်ဘုရားဝိညာဉ်နှင့် ရုပ်ခန္ဓာကို ပိုင်းဖြတ်ခံရနိုင်ပေသည်။ အကယ်၍ ၎င်းကိုသာ အပြင်သို့ ပျံ့နှံ့ခွင့်ပေးလိုက်မည်ဆိုပါက ဤအဆုံးမဲ့ကမ္ဘာကြီးအတွင်း သူ့မှလွဲ၍ သက်ရှိတစ်ဦးတစ်ယောက်မျှ ကျန်ရစ်တော့မည် မဟုတ်ချေ။
" ချွင်...! "
ဓားအလင်းတန်း နောက်တွင် နဂါးဟိန်းသံကဲ့သို့ ဓားမြည်သံတစ်ခု ထွက်ပေါ်လာကာ လင်းလက်တောက်ပသော အလင်းရောင်နှင့်အတူ မျက်နှာပြင်ပေါ်တွင် အဆုံးမဲ့တာအို သင်္ကေတများနှင့် ဖြူဝင်းတောက်ပနေသော နတ်ဘုရားဓားတစ်လက် လေဟာနယ် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာ၏။
၎င်းသည် ကုချန်၏ ပတ်ပတ်လည်တွင် ပျံသန်းလျက် အဆက်မပြတ် ကခုန်နေကာ လူကြီးတစ်ယောက်အား ကြွားဝါနေသော ကလေးတစ်ယောက်ပမာ 'ဝင့်ကြွားလိုသော' အငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။
" ကောင်းပါပြီ... မင်း ပိုစွမ်းလာတယ်ဆိုတာ ငါ သိပါတယ် "
သူ့ရှေ့တွင် အဆုံးအစမဲ့ ကခုန်နေသော အဆုံးမဲ့ဓားကို ကြည့်ကာ ကုချန်၏မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာလေသည်။
ဤတစ်ကြိမ်တွင် အဆုံးမဲ့ဓား၏ 'တံခါးပိတ်ကျင့်ကြံခြင်း' က သူ့ထက်ပင် ပိုမိုကြာမြင့်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အဆုံးမဲ့ဓားသည် သူ ကွေ့ရွှီးနယ်မြေထဲသို့ မဝင်ရောက်မီ ပေါင်းစပ်ခြင်းနှင့် အဆင့်တက်ခြင်း လုပ်ငန်းစဉ်ကို ပြီးမြောက်ခဲ့ရာ ကုချန်အတွက် လာမည့် ကွေ့ရွှီးနယ်မြေ ခရီးစဉ်တွင် နောက်ထပ် တိုက်ကွက်တစ်ခု ပိုရလာသည်ပင်။
အဆုံးမဲ့ဓား၏စွမ်းအား တိုးတက်လာမှုနှင့် ပတ်သက်၍မူ သံသယဝင်စရာ မလိုပေ။
နှစ်များစွာကြာအောင် သူ ရှာဖွေစုဆောင်းထားခဲ့သော နတ်ဘုရားပစ္စည်းများ၊ အင်မော်တယ်ရတနာများ အမျိုးမျိုးနှင့် ပေါင်းစပ်ထားခဲ့ရရာ မည်သည့် တိုးတက်မှုမျှ မရှိခဲ့လျှင်ကသာ ကုချန်အတွက် ထူးဆန်းနေပေလိမ့်မည်။
ထို့အပြင် ဤတစ်ကြိမ်တွင် အဆုံးမဲ့ဓား၏ တိုးတက်မှုမှာ ကုချန်အား ဝမ်းသာအံ့သြသွားစေရန် လုံလောက်နေပေသည်။
လက်ရှိ အဆုံးမဲ့ဓား၏ အနှစ်သာရသည် နတ်ဆိုးဧကရာဇ်အဆင့် လက်နက်တစ်ခုဆီသို့ ပြောင်းလဲနေပြီဖြစ်ကာ လက်တွေ့တွင် ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်တစ်ခု ဖြစ်နေပြီဖြစ်သည်။