အခန်း (၅၀၉-၅၁၀)
Vol. 37 Ch. 509-510
အခန်း ( ၅၀၉ ) - ကွေ့ရွှီးနယ်မြေသို့ ရောက်ရှိခြင်း၊ နတ်ဆိုးဧကရာဇ်တို့၏ စမ်းသပ်မှုနှင့် တင်းမာလာသော အခြေအနေ
ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်နှင့် နတ်ဆိုးဧကရာဇ်ကြီးတို့ကြား 'ရင်းနှီး' လွန်းသော ဆက်ဆံရေးမျိုး ရှိနေပါက သူ့အား 'မျက်နှာသာအပေးမခံရတာမျိုး ဖြစ်မည်ကို မလိုလားသော်လည်း ယခုအခါ သူသည် ကုချန်၏ အစေခံဖြစ်နေပြီဖြစ်ရာ အရာအားလုံး၌ ကုချန်၏ တောင်းဆိုချက်များကိုသာ ဦးစားပေးလုပ်ဆောင်ရမည် ဖြစ်သည်။
သူ၏အရှင်သခင်မှ နတ်ဆိုးဧကရာဇ်တစ်ပါးကို သိမ်းသွင်းရန် အကောင်းဆုံး ပစ်မှတ်အား မေးမြန်းလာရာ ကျိန်းသေပေါက် သူ အရင်းနှီးဆုံးဖြစ်သော နတ်ဆိုးဧကရာဇ်ကြီးမှာ အကောင်းဆုံး ရွေးချယ်စရာများထဲမှ တစ်ခု ဖြစ်နေလေသည်။
နတ်ဆိုးဧကရာဇ်ကြီးတဲ့လား။
ကုချန်သည် တစ်ခဏမျှ စဉ်းစားလိုက်သည်။
အမှန်စင်စစ် နတ်ဆိုးဧကရာဇ်ကြီးကို သိမ်းသွင်းရန် ကြိုးစားခြင်းက မဖြစ်နိုင်သောအရာတော့ မဟုတ်ပေ။ သို့သော် နတ်ဆိုးဧကရာဇ်ကြီးသည် ယခင်က သူ့အပေါ် အတော်လေး ကောင်းမွန်ခဲ့၏။ အကယ်၍ အခြား ရွေးချယ်စရာ နတ်ဆိုးဧကရာဇ်များ ရှိသေးလျှင် ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီးကို ပစ်မှတ်ထားရန် မရည်ရွယ်ထားသေးချေ။
သူတို့၏ ယခင်က သိကျွမ်းခဲ့မှုအပြင် ပို၍ အရေးကြီးသော အကြောင်းအရင်းမှာ နတ်ဆိုးဧကရာဇ်ကြီးသည် အကြံအစည်များ ကြံစည်ရာတွင် အလွန်တရာ ကျွမ်းကျင်သူဖြစ်သောကြောင့်ပင်။ အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးသာ တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ဟောကိန်းထုတ်မိသွားပါက တန်ပြန်အစီအမံများကို ပြင်ဆင်ထားနိုင်ပေသည်။ ထိုကဲ့သို့ 'အကြံပိုင်သော' နတ်ဆိုးဧကရာဇ်တစ်ပါးအား ကုချန် အလျင်စလို အလွယ်တကူ လှုပ်ရှားရန် မရည်ရွယ်ထားချေ။
သို့သော် အခြား သင့်လျော်သော ရွေးချယ်စရာများ မရှိပါက ထိုလှုပ်ရှားခြင်းမှာလည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
" ကောင်းပြီ... ကွေ့ရွှီးနယ်မြေ ပွင့်မယ့်နေရာကို ငါ့ကို ခေါ်သွားပေး "
ပြင်ဆင်မှုများ ပြီးစီးပြီးနောက် ကုချန်သည် လက်ကိုဝှေ့ယမ်းကာ နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ ကွေ့ရွှီးနယ်မြေ ပွင့်မည့်နေရာဆီသို့ လမ်းပြရန် ရှာနာနတ်ဆိုးဧကရာဇ်အား အချက်ပြလိုက်၏။
အမွှေးတိုင်တစ်တိုင်စာခန့် အချိန်ကုန်လွန်သွားခဲ့သည်။
သူတို့နှစ်ဦးသည် ကွေ့ရွှီးနယ်မြေ ပွင့်မည့် နေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြ၏။
ထိုနေရာသည် အလွန်တရာ ကျယ်ပြော၍ လူသူကင်းမဲ့သော နေရာတစ်ခုဖြစ်သည်။ ထိုနေရာရှိ ကောင်းကင်ယံနှင့် လေဟာနယ်အတွင်းတွင် နတ်ဆိုးချီများ နေရာအနှံ့ ဖုံးလွှမ်းနေလျက် မြေပြင်အထိ ထိနေကာ လူတစ်ယောက်ဝင်စာ ဂူပေါက်တစ်ခုသာ ရှိနေလေ၏။
မရေမတွက်နိုင်သော နတ်ဆိုးချီများသည် အချင်းချင်း ယှက်နွယ်နေကြကာ ထိုဟွမ်သွမ့်ဂူပေါက်ကို တင်းကျပ်စွာ ဖုံးကွယ်ထားကြလေသည်။
သို့သော် ထိုဟွမ်သွမ့်ဂူပေါက်အတွင်းမှ နှလုံးခုန်သံကဲ့သို့သော ထူးဆန်းသည့် အသံတစ်ခု ထွက်ပေါ်လာကာ ဟွမ်သွမ့်ဂူပေါက်ကြီးကို သက်ရှိတစ်ခုကဲ့သို့ အနည်းငယ် တုန်ခါသွားစေသည်မှာ ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းလှ၏။
ဤနေရာသို့ ရောက်ရှိလာသောအခါ ကုချန်သည် သူနှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားရှိ ဆက်ဆံရေးကို မပေါ်လွင်စေရန် တမင်တကာပင် ရှာနာနတ်ဆိုးဧကရာဇ်နှင့် အတူမရပ်ဘဲ ကွဲပြားသော နေရာများတွင်သာ ရပ်နေလိုက်သည်။
သူတို့နှစ်ဦး ဟွမ်သွမ့်ဂူပေါက်ရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာချိန်တွင် ထိုနေရာ၌ ပုံရိပ်အချို့ ရှိနေပြီး ဖြစ်နေလေသည်။
ထိုပုံရိပ်များအားလုံးသည် ဧကရာဇ်ဝတ်ရုံများကို ဝတ်ဆင်ထားကြကာ အင်မော်တယ်ဘုရင်အဆင့်ထက် သာလွန်သော ခမ်းနားကြီးကျယ်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။
သူတို့အားလုံးသည် နတ်ဆိုးဧကရာဇ်အဆင့်ရှိသော တည်ရှိမှုများပင် ဖြစ်ကြ၏။
ကုချန် ရောက်ရှိလာသောအခါ ထိုနတ်ဆိုးဧကရာဇ်များ၏ အကြည့်များသည် ကုချန်အပေါ်သို့ ကျရောက်သွားကြသည်။
တစ်ခဏအတွင်း မမြင်ရသော ဖိအားတစ်ခုသည် ဧရာမပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ကုချန်အပေါ်သို့ အလုံးစုံ ဖုံးလွှမ်းသွားလေတော့သည်။
ဤသည်မှာ ထိုနတ်ဆိုးဧကရာဇ်များက ကုချန်အား တမင်သက်သက် ပစ်မှတ်ထားခြင်း မဟုတ်ဘဲ သူတို့၏ ဧကရာဇ်အဆင့် ဖိအားများ အလိုအလျောက် ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ အကယ်၍ လာသူသည်လည်း ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု ဖြစ်ပါက သူတို့သည် ဤဖိအားများကို လေနုအေးလေးတစ်ခုကဲ့သို့ လျစ်လျူရှုနိုင်မည်ဖြစ်ကာ မည်သည့် အကျိုးသက်ရောက်မှုမျှ ရှိမည်မဟုတ်ချေ။
သို့သော် အကယ်၍ ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု မဟုတ်ပါက တစ်ချက်ကြည့်ခံရရုံဖြင့် အနည်းဆုံး အပြင်းအထန် ဒဏ်ရာရရှိနိုင်ကာ ချက်ချင်းပင် သေဆုံးသွားနိုင်သည့် အန္တရာယ်ရှိလေသည်။
နတ်ဆိုးဧကရာဇ်များ၏ အကြည့်များကို ရင်ဆိုင်ရရာတွင် ကုချန်၏မျက်နှာအမူအရာမှာ ပကတိ တည်ငြိမ်နေခဲ့၏။ သူသည် နတ်ဆိုးဧကရာဇ်၏ ခမ်းနားမှု အနည်းငယ်ကိုသာ ထုတ်လွှတ်လိုက်ကာ ထိုအကြည့်များအတွင်း ပါဝင်သော စွမ်းအားများကို လုံးဝ ချေဖျက်ပစ်လိုက်လေသည်။
သူ၏ဒုတိယကိုယ်ပွားသည် အင်မော်တယ် မိုးကြိုးရေကန်ထဲတွင် အနှစ်တစ်ရာကြာ သန့်စင်ခံခဲ့ရပြီးနောက် နတ်ဆိုးဧကရာဇ်နှလုံးသားကို ပေါင်းစပ်ရာမှ ရရှိလာသော နားလည်သိမြင်မှုများနှင့် ပေါင်းစပ်လိုက်သောအခါ ယခု ဧကရာဇ်တစ်ပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
အကယ်၍ သူသာ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ၏ ကောင်းချီးများနှင့်အတူ လှုပ်ရှားတိုက်ခိုက်ခြင်း မပြုပါက အခြားသော နတ်ဆိုးဧကရာဇ်များပင်လျှင် ယခုအချိန်တွင် သူ၏အဆင့် အတိအကျကို ခွဲခြားသိမြင်နိုင်မည် မဟုတ်ဘဲ ကုချန်ကိုလည်း တူညီသော နတ်ဆိုးဧကရာဇ်အဆင့်ရှိသည့် တည်ရှိမှုတစ်ခုဟုသာ ထင်မှတ်သွားကြပေလိမ့်မည်။
ကုချန်မှ သူတို့၏အကြည့်များကို လျစ်လျူရှုထားသည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်များသည် စိတ်ဆိုးခြင်းမရှိကြဘဲ အကြည့်များကို လွှဲဖယ်သွားကြသည်။
အခြားသော နတ်ဆိုးဧကရာဇ်များနှင့် မတူဘဲ ကုချန်သည် ဤခရီးစဉ်တွင် သူ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ပြလိုသဖြင့် မသိသာစေရန် သူ၏ခန္ဓာကိုယ်ကို ဟွမ်သွမ့်ချီများဖြင့် ဖုံးကွယ်ထားခဲ့၏။
ကုချန်မှာ ထိုသို့ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်နေသဖြင့် နတ်ဆိုးဧကရာဇ်များသည် သဘာဝကျကျပင် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကာ အကြည့်များကို ပို့လွှတ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ဟွမ်သွမ့်ချီများဖြင့် ဖုံးကွယ်ထား၍ နောက်ကျမှရောက်လာသော ကုချန်သည်လည်း နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု ဖြစ်ကြောင်း သိရှိသွားပြီးနောက် ထိုနတ်ဆိုးဧကရာဇ်များသည် ကုချန်အား ဆက်လက် စူးစမ်းခြင်းမပြုတော့ဘဲ အကြည့်များ ပြန်လွှဲသွားကြ၏။
ကွေ့ရွှီးနယ်မြေသို့ စွန့်စားဝင်ရောက်ရာတွင် အချို့သော နတ်ဆိုးဧကရာဇ်များသည် သူတို့၏ဖြစ်တည်မှု အစစ်အမှန်ကို မဖော်ပြလိုဘဲ အစကတည်းက သူတို့၏ အမှတ်အသားနှင့် အငွေ့အသက်များကို ဖုံးကွယ်ထားလေ့ရှိကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ဤသို့သော အဖြစ်အပျက်မျိုး ယခင်ကလည်း ရှိခဲ့ဖူး၏။
ထို့အပြင် နတ်ဆိုးဧကရာဇ်များကြား၌ ပထမတစ်ကြိမ် စမ်းသပ်မှုသည် တစ်ဖက်လူ၏ မူလဇာစ်မြစ်နှင့် နောက်ခံကိုသိလိုသည်ဖြစ်ရာ လက်ခံ၍ရ၏။ သို့သော် အရာအားလုံး သိရှိပြီးနောက် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးခြင်းမှာတော့ ရန်စခြင်း ဖြစ်သွားလေပြီ။
ထိုအချက်ကို နတ်ဆိုးဧကရာဇ်များ ကောင်းစွာ သိထားသောကြောင့် ကုချန်အား တစ်ကြိမ် စမ်းသပ်ပြီးသည်နှင့် ချက်ချင်း ရပ်တန့်လိုက်ကြခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့၏ရည်ရွယ်ချက်မှာ ကွေ့ရွှီးနယ်မြေသို့ စွန့်စားဝင်ရောက်ရန်သာ ဖြစ်ပြီး အခြားသော နတ်ဆိုးဧကရာဇ်များနှင့် အကြောင်းမဲ့ ရန်သူမဖြစ်လိုကြပေ။
ကုချန် ရောက်ရှိပြီး မကြာမီမှာပင် ရှာနာနတ်ဆိုးဧကရာဇ်လည်း ရောက်ရှိလာခဲ့၏။
ရှာနာနတ်ဆိုးဧကရာဇ် ဆင်းသက်လာသောအခါ နတ်ဆိုးဧကရာဇ်များ၏ အကြည့်များသည် ရှာနာနတ်ဆိုးဧကရာဇ်အပေါ်သို့ တစ်ဖန် ကျရောက်သွားကြပြန်သည်။
" ယောင်ဧကရာဇ်၊ ချီဖျန့်ဧကရာဇ်၊ ချူးဧကရာဇ်... တာအိုမိတ်ဆွေတို့ နေကောင်းကြရဲ့လား "
ရှာနာနတ်ဆိုးဧကရာဇ်သည် ရောက်နှင့်နေပြီးသား နတ်ဆိုးဧကရာဇ်များမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သိနေပုံရကာ အေးဆေးစွာပင် နှုတ်ဆက်လိုက်၏။
" ရှာနာ... ငါအရှင်ရဲ့ အဆောင်က အခုထိ အသုံးဝင်သေးရဲ့လား "
ယောင်ဧကရာဇ်ဟု ခေါ်သောသူမှာ ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရှေးဟောင်း နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်ပြီး သူ၏ဆံပင်များသည် လေမတိုက်ဘဲနှင့်ပင် လှုပ်ရှားနေကာ လေထဲတွင် တိတ်ဆိတ်စွာ မျောလွင့်နေလေသည်။ သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို အပြုံးမျက်ဝန်းတောက်တောက်များဖြင့် ကြည့်လျက် မေးမြန်းလိုက်၏။
" ယောင်ဧကရာဇ်ရဲ့ အဆောင်က တကယ်ကို အသုံးဝင်တာပေါ့ "
ရှာနာနတ်ဆိုးဧကရာဇ်မှ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
ယခင်က နတ်ဆိုးဧကရာဇ်ကြီးကို ထောင်ချောက်ဆင်ရန် သူ အသုံးပြုခဲ့သော အဆောင်ကို ယောင်ဧကရာဇ်ထံမှ လဲလှယ်ရယူခဲ့ခြင်းဖြစ်သည်။ ချုပ်နှောင်ခြင်း တာအိုတွင် အကျွမ်းကျင်ဆုံးဖြစ်သော နတ်ဆိုးဧကရာဇ်တစ်ပါးအနေဖြင့် ရှာနာနတ်ဆိုးဧကရာဇ်မှ ထိုသူ၏အဆောင်ကို အသုံးပြုလိုက်သောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် ခုခံရန်ပင် မလုပ်တော့ဘဲ အဆောင်၏အာနိသင် ပျောက်ကွယ်သွားမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ရလေသည်။
ဤသည်ကပင် ထိုယောင်ဧကရာဇ်၏ ချုပ်နှောင်ခြင်း တာအိုအပေါ် နားလည်ကျွမ်းကျင်မှုမှာ မည်မျှ နက်နဲကြောင်း သက်သေပြရန် လုံလောက်နေပေသည်။
" တာအိုမိတ်ဆွေ ရှာနာ... နှုတ်ခွန်းဆက်ပါတယ် "
ချီဖျန့်ဧကရာဇ်သည် ဆံပင်ဖြူအိုကြီးတစ်ဦး ဖြစ်၏။ ရှာနာနတ်ဆိုးဧကရာဇ်ကို ကြည့်နေသော သူ၏မျက်နှာပေါ်တွင်လည်း နူးညံ့သော အပြုံးတစ်ခု ရှိနေလေသည်။
" ရှာနာ... မင်း အဲ့ဒီ နတ်ဆိုးဧကရာဇ်ကြီးရဲ့ အကြံအစည်ထဲ မိသွားတယ်လို့ ငါအရှင် ကြားလိုက်သလိုပဲ "
ဟိန်းဟောက်သံနှင့်အတူ လှောင်ပြောင်သော အသံတစ်ခုသည် နောက်ဆုံး နတ်ဆိုးဧကရာဇ်ထံမှ ထွက်ပေါ်လာလေသည်။
ထိုသူသည် ဧကရာဇ်စစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ရှေးဟောင်း နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်ပြီး တောင့်တင်း၍ ခမ်းနားကြီးကျယ်သော ခန္ဓာကိုယ် ရှိလေသည်။ ရှာနာနတ်ဆိုးဧကရာဇ်ကို ကြည့်သော သူ၏ အကြည့်များတွင်တော့ လှောင်ပြောင်မှုနှင့် သရော်မှုများ ပြည့်နှက်နေကာ ဝမ်းသာအားရ ဖြစ်နေပုံရသည်။
" ချူးဧကရာဇ်... မင်း စကားမပြောလည်း မင်းကို ဆွံ့အတယ်လို့ ဘယ်သူမှ မထင်ပါဘူး "
ရှာနာနတ်ဆိုးဧကရာဇ်သည် ချူးဧကရာဇ်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။
" ကြည့်ရတာ အရင်တုန်းက ငါအရှင်က မင်းကို သေချာ မဆုံးမခဲ့မိလို့ မင်းက ငါအရှင်ရှေ့မှာ ဒီလောက်တောင် ရိုင်းစိုင်းရဲနေတာထင်တယ်! "
" ဟက်! ရှာနာ... အချိန်တွေ ပြောင်းလဲသွားပြီ... အခု လူတိုင်းက နတ်ဆိုးဧကရာဇ်တွေပဲ... ငါအရှင်က မင်းကို ဘာလို့ ကြောက်နေရမှာလဲ "
ချူးဧကရာဇ်သည် ရိုင်းစိုင်းစွာ ပြောဆိုလျက် နှာမှုတ်လိုက်၏။ တစ်ခဏအတွင်းမှာပင် မှောင်မိုက်သော တိမ်တိုက်များ ဖိဆင်းလာသကဲ့သို့ တင်းမာသော လေထုကြီးသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားလေတော့သည်။
ဒီချူးဧကရာဇ်နဲ့ ရှာနာနတ်ဆိုးဧကရာဇ်က ရန်ငြိုးရှိနေတာလား။
ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ကြားရှိ တင်းမာသော အခြေအနေကို ကြည့်လျက် ကုချန်မှာ အံ့အားသင့်သွားရ၏။
နတ်ဆိုးဧကရာဇ်ကြီးအပြင် ရှာနာနတ်ဆိုးဧကရာဇ်တွင် အဆင်မပြေသော အခြား နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများလည်း ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အခန်း ( ၅၁၀ ) - ဝက်ဝံဧကရာဇ်အဖြစ် အရိုက်ခံရခြင်း၊ လျှို့ဝှက်ဆန်းကြယ်သော ကွေ့ရွှီးနယ်မြေနှင့် အိပ်မက်ဆန်သော အကြောင်းအရာများ
သို့သော် သူတို့နှစ်ဦး၏ စကားများကို နားထောင်ရလျှင် သူတို့သည် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများ မဖြစ်လာမီကတည်းက အချင်းချင်း ပွတ်တိုက်မှုများ ရှိခဲ့ပုံရ၏။
သို့သော် ဤကိစ္စများကို ရှာနာမှ သူ့ကို တစ်ခါမျှ မပြောပြခဲ့ဖူးပေ။
ကုချန် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်၏မေးခွန်းကို ခံစားသိရှိသွားဟန်ဖြင့် ကုချန်ထံသို့ ဝိညာဉ်သတင်းစကား ပေးပို့ကာ ချက်ချင်း ရှင်းပြလေသည်။
" အရှင်သခင်... ချူးဧကရာဇ်နဲ့ ကျွန်မက နှစ်ယောက်လုံး ဧကရာဇ်မဖြစ်သေးခင်ကတည်းက သိခဲ့ကြတာပါ... အဲ့ဒီတုန်းက ကျွန်မတို့ သိပ်မတည့်ကြဘူး... ဒါပေမယ့် အပေါ်ယံမှာတော့ အချင်းချင်း ဟန်ဆောင်ပေါင်းလို့ ရပါသေးတယ် "
" ဒါပေမယ့် ကျွန်မက တာအိုအရင်ရပြီး ဧကရာဇ်အဆင့်ကို နည်းနည်းစောပြီး ရောက်သွားတော့ ဒီကောင် ဧကရာဇ်မဖြစ်သေးတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး အသေအလဲ ရိုက်နှက်ပစ်ခဲ့တာ "
" အဲ့ဒါကြောင့်မလို့ ဒီကောင်က အခုထိ ကျွန်မကို အငြိုးထားနေတာပါ "
ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်အား အသေးစိတ် ရှင်းပြလေ၏။ သူ၏အသံတွင် မိမိကိုယ်ကို ကျေနပ်ဂုဏ်ယူနေသည့် အရိပ်အယောင်လေးတစ်ခု ပါဝင်နေဆဲပင်။
အစက သူနှင့် ချူးဧကရာဇ်တို့ ဧကရာဇ်မဖြစ်သေးမီ အချိန်က သူတို့၏ စွမ်းအားနှင့် အဆင့်သည် တူညီနေခဲ့ရာ တစ်ယောက်ကိုတစ်ယောက် ဖိနှိပ်နိုင်စွမ်း မရှိခဲ့ပေ။
ထို့ကြောင့် သူတို့နှစ်ဦးစလုံးသည် တစ်ယောက်ကိုတစ်ယောက် အမြင်မကြည်ကြ၍ အသေးစား ပွတ်တိုက်မှုများ ရှိခဲ့သော်ငြား အပေါ်ယံတွင်တော့ အဆင်ပြေအောင် နေခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သေရေးရှင်ရေး တိုက်ပွဲမျိုးမှ မဟုတ်လျှင် တူညီသော စွမ်းအားများဖြင့် တိုက်ခိုက်ခြင်းက မည်သည့်ရလဒ်မျှ ထွက်လာမည်မဟုတ်ပေ။
ထို့ကြောင့် သူတို့ကြားရှိ ရန်ငြိုးမှာ အချင်းချင်း တိုက်ခိုက်ကြသည်အထိ မရောက်ခဲ့ပေ။
သို့သော် နောက်ပိုင်းတွင် ရှာနာနတ်ဆိုးဧကရာဇ်မှ တာအိုကို အရင်ရရှိ၍ ဧကရာဇ်ဖြစ်လာခဲ့သည်။
အခြားသော ဧကရာဇ်များသည်လည်း မကြာမီပင် တာအိုကို ရရှိကာ ဧကရာဇ်ဖြစ်လာခဲ့ကြသော်လည်း ဧကရာဇ်ဖြစ်လာသည့် အချိန်ကာလမှာမူ မတူညီကြပေ။
ရှာနာသည် ဧကရာဇ်အရင်ဖြစ်လာခြင်းကြောင့် ချူးဧကရာဇ် ဧကရာဇ်မဖြစ်သေးသည့် ကာလအတွင်း သူ့ကို လွတ်လပ်စွာ ခြယ်လှယ်နိုင်ခွင့် ရရှိသွားခဲ့လေသည်။
ရှာနာနတ်ဆိုးဧကရာဇ်၏ အဆိုအရ သူသည် ထိုကာလကို အခွင့်ကောင်းယူ၍ ချူးဧကရာဇ်အား ဝက်ဝံဧကရာဇ်အသွင်သို့ ရောက်သည်အထိ အသေအလဲ ရိုက်နှက်ခဲ့ကာ သူ့ကို မျက်နှာပျက်စေခဲ့သည်ဟု ဆိုသည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား ချူးဧကရာဇ်မှာ အခြားရွေးချယ်စရာ မရှိခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ရှာနာသည် တာအိုကို ရရှိပြီး ဧကရာဇ်ဖြစ်နေပြီဖြစ်သော်လည်း သူသည်တော့ မဖြစ်သေးပေ။ တိုက်၍လည်း မနိုင်သလို ထွက်ပြေး၍လည်း မလွတ်နိုင်ရာ သူ ဘာလုပ်နိုင်မည်နည်း။ တိတ်တဆိတ် သည်းခံနေရုံသာ ရှိတော့သည်။
နောက်ပိုင်းတွင် ချူးဧကရာဇ်သည်လည်း တာအိုကို ရရှိ၍ ဧကရာဇ်ဖြစ်လာခဲ့၏။ သို့သော်ငြား နောက်ကျသွားခဲ့ပြီပင်။
ရှာနာသည် ဧကရာဇ်ဖြစ်နေပြီဖြစ်ရာ သူ ဧကရာဇ်ဖြစ်လာလျှင်တောင်မှ လက်တုံ့ပြန်နိုင်မည်မဟုတ်ကြောင်း သေချာသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် သူတို့နှစ်ဦးကြားရှိ ရန်ငြိုးသည် အင်မော်တယ်ဘုရင်ကာလမှစ၍ ယခုတိုင်အောင် ဆက်လက် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
ဝက်ဝံဧကရာဇ် ဟူသော အမည်နာမက ချူးဧကရာဇ်ကို ပို၍ပင် နာကြည်းစေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ တာအိုကို ရရှိပြီး ဧကရာဇ်ဖြစ်လာပြီးနောက် လောကကြီး၏ မျက်လုံးထဲတွင် 'ဝက်ဝံဧကရာဇ်' အဖြစ် အမြင်ခံရခြင်းကို မည်သူက လိုလားမည်နည်း။ မည်သည့် ဧကရာဇ်မဆို ဤကဲ့သို့သော စော်ကားမှုကို မျိုသိပ်ထားနိုင်မည် မဟုတ်ချေ။
ရှာနာနတ်ဆိုးဧကရာဇ်၏ အောင်ပွဲခံနေသော စကားများကို နားထောင်ရင်း ကုချန်မှာ ဆွံ့အသွားမိ၏။
ရှာနာနတ်ဆိုးဧကရာဇ်တွင် ဤကဲ့သို့သော စိတ်သဘောထားမျိုး ရှိနေသည်ကို ယခင်က သူ တစ်ခါမျှ မသိခဲ့ပေ။
တစ်ဖက်လူ ဧကရာဇ်မဖြစ်သေးသည်ကို အခွင့်ကောင်းယူပြီး အသေအလဲ ရိုက်နှက်ခဲ့သည်တဲ့လော။ ဝက်ဝံဧကရာဇ်ဖြစ်သည်ထိပင် ရိုက်နှက်ခဲ့သည်တဲ့လော။
နားထောင်ကြည့်စမ်းပါ... ဒါ လူစကားမှ ဟုတ်ရဲ့လား!
ဒီရှာနာနတ်ဆိုးဧကရာဇ်မှာ ဒီလို 'သွက်လက်တဲ့' ကိုယ်ရည်ကိုယ်သွေးမျိုး ရှိနေတာကို အရင်က သူ ဘာလို့ သတိမထားမိခဲ့တာလဲ။
" မင်းတို့ နှစ်ယောက်လုံး တော်ကြတော့ "
ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ ထိပ်တိုက်တွေ့နေချိန်တွင် အသံတစ်သံ ထွက်ပေါ်လာလေ၏။ ထိုအသံမှာ ဝါအရ အကြီးဆုံးဖြစ်သော ယောင်ဧကရာဇ်မှ ဝင်ပြော၍ သူတို့နှစ်ဦး၏ ပဋိပက္ခကို ရပ်တန့်ရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
" မင်းတို့နှစ်ယောက်မှာ မကျေနပ်ချက်တွေ ရှိရင် ဒီကွေ့ရွှီးနယ်မြေထဲ ရောက်မှ ဖြေရှင်းလို့ ရပါတယ်... ကွေ့ရွှီးနယ်မြေက အရမ်းကြီးတော့ နတ်ဆိုးဧကရာဇ် တစ်ပါး၊ နှစ်ပါးလောက် သေသွားရင်တောင် ဘာမှမဖြစ်ပါဘူး... ကွေ့ရွှီးနယ်မြေ ပွင့်မယ့်အချိန်ကို အနှောင့်အယှက်ဖြစ်အောင် ဒီမှာ မတိုက်ခိုက်ကြနဲ့ "
ယောင်ဧကရာဇ်မှာ ဝါကြီး၍ အစွမ်းထက်သော သူဖြစ်သဖြင့် သူ၏စကားများသည် ကျိန်းသေပေါက် သြဇာလွှမ်းမိုးမှု ရှိလေသည်။
သူ စကားပြောပြီးနောက် ချူးဧကရာဇ်သည် အေးစက်စွာ နှာမှုတ်လိုက်၍ သူ၏ချီများကို ပြန်လည်သိမ်းဆည်းကာ ဘေးသို့ ဆုတ်သွားလေသည်။ ရှာနာနတ်ဆိုးဧကရာဇ်ကို သူ ဆက်မကြည့်ချင်တော့ပုံပင်။
ရှာနာနတ်ဆိုးဧကရာဇ်သည်လည်း ဤသည်ကို မြင်သောအခါ ချူးဧကရာဇ်နှင့် ဆက်လက် ရန်ဖြစ်နေလိုခြင်း မရှိတော့ပေ။ ယင်းအစား သူသည် ဝိညာဉ်သတင်းစကား ဆက်လက်ပေးပို့ကာ ကုချန်ကို ရှင်းပြလေသည်။
" အရှင်သခင်... တကယ်လို့ အရှင်သခင်က နတ်ဆိုးဧကရာဇ်တစ်ပါးကို သိမ်းသွင်းချင်တယ်ဆိုရင်... ဒီချူးဧကရာဇ်ကလည်း ရွေးချယ်စရာကောင်း တစ်ခုပါပဲ "
" ကျွန်မ သူနဲ့ အရင်က တိုက်ခိုက်ဖူးတော့ သူ့အကြောင်းကို ကောင်းကောင်း သိပါတယ်... ပြီးတော့ နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတွေထဲမှာ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အသန်မာဆုံး မဟုတ်ပါဘူး... ကွေ့ရွှီးနယ်မြေထဲမှာ သူ့ကို တွေ့ရင် အရှင်သခင် စမ်းကြည့်လို့ ရပါတယ်! "
" အင်း... "
ကုချန်သည် ရှာနာနတ်ဆိုးဧကရာဇ်၏ အကြံပြုချက်ကို မှတ်သားကာ ခေါင်းညိတ်လိုက်၏။
ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးမြန်းလိုက်ပြန်သည်။
" ဒီကွေ့ရွှီးနယ်မြေထဲမှာ ဘာတွေရှိတာလဲ "
သူ ဤကွေ့ရွှီးနယ်မြေထဲသို့ ယခင်က တစ်ခါမျှ မဝင်ဖူးခဲ့သဖြင့် ၎င်း အတွင်း၌ မည်သို့ရှိမည်ကို သိချင်စိတ် ဖြစ်ပေါ်လာခဲ့၏။
" ကွေ့ရွှီးနယ်မြေက အမြဲတမ်း ပြောင်းလဲနေတာပါ "
သို့သော် ကုချန်သည် ရှာနာနတ်ဆိုးဧကရာဇ်ထံမှ မျှော်လင့်မထားသော အဖြေတစ်ခုကို ရရှိခဲ့၏။
" ကျွန်မ ဒီကွေ့ရွှီးနယ်မြေထဲကို သုံးကြိမ် ဝင်ဖူးပေမယ့် ကြုံတွေ့ရတဲ့ မြင်ကွင်းတွေက တစ်ကြိမ်နဲ့တစ်ကြိမ် မတူပါဘူး "
" ပထမအကြိမ် ကွေ့ရွှီးနယ်မြေထဲ ဝင်တုန်းက ကျွန်မက ဟွမ်သွမ့်ပင်လယ်ထဲမှာ မျောပါနေတဲ့ ရှေးဟောင်း သင်္ဘောတစ်စင်းပေါ်မှာ ရောက်နေတာပါ "
" ဒုတိယအကြိမ်ကတော့ သေဆုံးပြီး တိတ်ဆိတ်နေတဲ့ ကြယ်ရောင်စုံ ကောင်းကင်ယံထဲမှာပါ "
" တတိယအကြိမ်ကျတော့ အဆုံးအစမဲ့တဲ့ ကြယ်ပင်လယ်ကြီးရဲ့ အနက်ရှိုင်းဆုံး နေရာမှာပါ "
" ကွေ့ရွှီးနယ်မြေထဲ ဝင်လာတဲ့ သက်ရှိတိုင်းက မတူညီတဲ့ နေရာတွေကို ရောက်သွားတတ်ပါတယ် "
" အဲ့ဒါအပြင် ဒီကွေ့ရွှီးနယ်မြေက ကျယ်ပြောပြီး အဆုံးအစမရှိပါဘူး... သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ကူးပြောင်းခြင်းအစီအရင်တွေနဲ့ လေဟာနယ် လမ်းကြောင်းတွေ အများကြီး ရှိပါတယ်... လေဟာနယ် လမ်းကြောင်းတစ်ခုကို ဖြတ်သွားလိုက်တာနဲ့ လုံးဝ ကွဲပြားတဲ့ ကမ္ဘာတစ်ခုဆီ ရောက်သွားနိုင်ပါတယ် "
" ဒီကွေ့ရွှီးနယ်မြေထဲမှာ ကမ္ဘာဘယ်နှစ်ခု ရှိနေလဲဆိုတာ ဘယ်သူမှ မသိပါဘူး... နတ်ဆိုးဧကရာဇ် တချို့ဆိုရင် ကွေ့ရွှီးနယ်မြေရဲ့ အရွယ်အစားက အဆုံးမဲ့ကမ္ဘာတွေထက် မယုတ်လျော့ဘူးလို့တောင် ခန့်မှန်းကြတယ်... အဆုံးမဲ့ကမ္ဘာတွေထက်တောင် ပိုပြီး ကျယ်ပြောပြီး အဆုံးအစမဲ့နေနိုင်ပါသေးတယ် "
" ပြီးတော့ အရေးအကြီးဆုံးက ဒီကွေ့ရွှီးနယ်မြေထဲမှာ ရှိနေနိုင်တဲ့ ကမ္ဘာတွေက တစ်ခုမှ သာမန် မဟုတ်ပါဘူး... တချို့ကမ္ဘာတွေက အန္တရာယ်တွေက နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတွေအတွက်တောင် သေဆုံးနိုင်တဲ့ အန္တရာယ် ရှိပါတယ် "
" ဒါပေမယ့် အန္တရာယ်နဲ့ အခွင့်အရေးက အတူတူ ဒွန်တွဲနေတာပါပဲ... ဒီလောက် ကြီးမားတဲ့ အန္တရာယ်တွေ ရှိနေသလို စိတ်ကူးလို့မရနိုင်တဲ့ ကံကြမ္မာအကျိုးပေးတွေလည်း ရှိနေပါတယ်... ဒါက နတ်ဆိုးဧကရာဇ်တွေ အားလုံး ကွေ့ရွှီးနယ်မြေက အရမ်းကို အန္တရာယ်များမှန်း သိရက်နဲ့တောင်... တစ်ယောက်ပြီးတစ်ယောက် စုပြုံဝင်ရောက်ကြတဲ့ အဓိက အကြောင်းရင်းပါပဲ"
ရှာနာနတ်ဆိုးဧကရာဇ်၏ ရှင်းပြချက်ကို နားထောင်ရင်း ကုချန်သည် ကွေ့ရွှီးနယ်မြေအကြောင်း အကြမ်းဖျင်း နားလည်သွားလေသည်။
သို့သော် သူသိရှိလိုက်ရသော အခြေခံ အချက်အလက်များကပင် သူ့ကို အံ့သြမှင်တက်သွားစေခဲ့သည်။
အစက ကွေ့ရွှီးနယ်မြေဆိုသည်မှာ သူ ယခင်စွန့်စားခန်းများတွင် ကြုံတွေ့ခဲ့ဖူးသော သူတော်စင်ကမ္ဘာငယ်လေးများနှင့် ဧကရာဇ်အဆင့် ဂူဗိမာန်များကဲ့သို့ ကြီးမားသော လျှို့ဝှက်နယ်မြေ လေဟာနယ်တစ်ခုမျှသာဟု သူ ထင်မှတ်ခဲ့သည်။
သို့သော် ယခုမှသာ ကွေ့ရွှီးနယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်မှုသည် မည်သည့် လျှို့ဝှက်နယ်မြေ လေဟာနယ်မျိုးမဆို လွှမ်းခြုံနိုင်သည်ထက် များစွာ သာလွန်နေကြောင်း သူ သိရှိလိုက်ရ၏။
၎င်း၏ အရွယ်အစားသည် အဆုံးမဲ့ကမ္ဘာများထက်ပင် ကျော်လွန်နေနိုင်သည်တဲ့လော။
ထို့အပြင် ၎င်းအတွင်းရှိ ကမ္ဘာတစ်ခုစီ၏ အနှစ်သာရသည် ကောင်းကင်ဘုံများရှိ သာမန်ကမ္ဘာများထက်ပင် သာလွန်နေသေး၏။
ဤကွေ့ရွှီးနယ်မြေသည် မည်သို့သော နေရာမျိုးနည်း။
၎င်း၏ဝင်ပေါက်မှာ နတ်ဆိုးနယ်မြေတွင် ရှိနေရာ ၎င်း၏တည်နေရာ အစစ်အမှန်မှာ မည်သည့်နေရာတွင် ရှိနေသနည်း။
" မင်းပြောတာသာ အမှန်ဆိုရင်... ကွေ့ရွှီးနယ်မြေရဲ့ အရွယ်အစားက အဆုံးမဲ့ကမ္ဘာတွေနဲ့ ယှဉ်နိုင်တယ်ဆိုရင် ဒီလိုနေရာမျိုးက ဒီလောကရဲ့ ဘယ်နေရာမှာ ရှိနေနိုင်မှာလဲ... တကယ်လို့သာ အဲ့ဒီလောက် ကြီးမားတဲ့ အရွယ်အစားမျိုး အမှန်တကယ် ရှိနေရင်... လုံးဝ ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူးလို့ ငါ ထင်တယ် "
ကုချန်သည် အနည်းငယ် နားလည်ရန် ခက်ခဲနေခဲ့၏။
အကယ်၍ ဤကွေ့ရွှီးနယ်မြေသည် အမှန်တကယ်ပင် ဤမျှလောက် ကြီးမားကျယ်ပြော၍ အဆုံးအစမရှိဖြစ်နေပါက မည်သို့ ဖုံးကွယ်ထားနိုင်မည်နည်း။
ဟွမ်သွမ့်ပင်လယ်ကြီးကဲ့သို့ပင် ၎င်းကို ဖုံးကွယ်ထားနိုင်မည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။
သို့သော် ကုချန်သည် ကွေ့ရွှီးနယ်မြေနှင့် ပတ်သက်သော မည်သည့် အချက်အလက်ကိုမျှ ယခင်က မကြားဖူးခဲ့ချေ။ ဤသည်က ကွေ့ရွှီးနယ်မြေ တည်ရှိနေမှုသည် ကောင်းကင်ဘုံများရှိ သက်ရှိများအတွက်ပင် လျှို့ဝှက်ချက်တစ်ခု ဖြစ်နေကြောင်း ရှင်းလင်းစွာ သက်သေပြနေ၏။
ဤကဲ့သို့သော လျှို့ဝှက်နေရာတစ်ခုမှာ ကောင်းကင်ဘုံများထက် ကျော်လွန်သော အရွယ်အစားကို ပိုင်ဆိုင်ထားသည်တဲ့လော။
ဤအရာမှာ လုံးဝကို စိတ်ကူးယဉ်ပုံပြင်တစ်ခုပမာ ဖြစ်နေလေသည်။