အခန်း (၅၁၃-၅၁၄)
Vol. 37 Ch. 513-514
အခန်း ( ၅၁၃ ) - အဆုံးမဲ့ ရတနာတောင်များ၊ ပြာအဖြစ်သို့ ပြောင်းလဲသွားသော အင်မော်တယ်ရတနာများ၊ ညီမျှမှုကို ချိုးဖျက်ခြင်း
မရေမတွက်နိုင်သော ကြယ်အကြွင်းအကျန်များဖြင့် ဖန်တီးထားသည့် ရှေးဟောင်းယဇ်ပလ္လင်သည် ခမ်းနားကြီးကျယ်လှ၍ ပျက်စီးနေသော စကြဝဠာ၏ အလယ်ဗဟိုတည့်တည့်တွင် ကောင်းကင်သို့ ထိုးထွက်နေသော မျှော်စင်ကြီးတစ်ခုအလား မားမားမတ်မတ် ရပ်တည်နေကာ ပြိုင်ဘက်ကင်းစွာ ကြီးကျယ်ခမ်းနားနေပေသည်။
ဤယဇ်ပလ္လင်သည် သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ လူသားတို့ ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်ကြောင်းမှာ သံသယဝင်စရာ မလိုပေ။
သို့သော် ဤယဇ်ပလ္လင်ကို တစ်ချိန်က တည်ဆောက်ခဲ့သော သက်ရှိများအား ယခုအခါ မည်သည့်နေရာတွင်မျှ ရှာမတွေ့ရတော့ဘဲ စကြဝဠာ၏ဗဟိုတွင် မားမားမတ်မတ် ရပ်တည်နေသော ထိုအံ့ဖွယ်အရာကြီးကိုသာ ချန်ရစ်ထားခဲ့လေသည်။
ကုချန်သည် ရှေ့သို့ ခြေလှမ်းလိုက်၍ အဆုံးအစမဲ့သော ကြယ်အကြွင်းအကျန်များကို ဖြတ်ကျော်ကာ ထိုယဇ်ပလ္လင်ရှေ့သို့ ရောက်ရှိလာပြီးနောက် ၎င်း၏ ထိပ်ဖျားဆီသို့ ပျံသန်းသွားလေသည်။
မကြာမီမှာပင် သူသည် ယဇ်ပလ္လင်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့၏။
ဤနေရာသည် အကျယ်အဝန်းအားဖြင့် ပေတစ်ရာခန့်သာ ကျယ်ဝန်း၏။ သို့သော် မျှော်လင့်မထားသည်မှာ ဤနေရာတွင် ရှေးဟောင်း အခေါင်းတလား တစ်ခုက နှစ်သန်းပေါင်းများစွာ တည်ရှိနေခဲ့သည့်အလား တိတ်ဆိတ်စွာ တည်ရှိနေခြင်းပင် ဖြစ်သည်။
ထိုရှေးဟောင်း အခေါင်းတလားသည် မည်းနက်နေကာ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသလို မည်သည့်အငွေ့အသက်မျှလည်း ထုတ်လွှတ်ခြင်း မရှိချေ။ ၎င်းသည် ထိုနေရာတွင် တိတ်ဆိတ်စွာ တည်ရှိနေကာ ၎င်း၏ မျက်နှာပြင်သည်ပင် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေလေသည်။
ထိုအရာမှလွဲ၍ ယဇ်ပလ္လင်၏ထိပ်တွင် အခြား မည်သည့်ပစ္စည်းမျှ မရှိဘဲ ဗလာနတ္ထိ ဖြစ်နေလေသည်။
ထိုအခေါင်းတလားထဲတွင် မြှုပ်နှံထားသည့်အရာသည် ဤယဇ်ပလ္လင်ကို တည်ဆောက်ပေးခဲ့ရသူဖြစ်ပြီး မရေမတွက်နိုင်သော သက်ရှိများ၏ ကိုးကွယ်ပူဇော်ရာများ ဖြစ်နေမလော။
ကုချန်သည် ရှေးဟောင်း အခေါင်းတလားကို ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ချက် လင်းလက်သွားလေ၏။
အကြောင်းရင်းကို မသိရသော်လည်း ဤရှေးဟောင်း အခေါင်းတလား၏ ပုံသဏ္ဍာန်သည် ကောင်းကင်ဘုံရှင်သန်ခြင်းတားမြစ်နယ်မြေရှိ လျှို့ဝှက်ဆန်းကြယ်သော အခေါင်းတလားနှင့် အနည်းငယ် ဆင်တူနေသည်ဟု သူ ခံစားလိုက်ရသည်။
သို့သော်လည်း ထိုအခေါင်းတလား နှစ်ခု၏ အငွေ့အသက်များမှာ လုံးဝ ကွဲပြားခြားနားသလို အခေါင်းတလားကိုပြုလုပ်သည့် ပစ္စည်းများမှာလည်း လုံးဝကို မတူညီကြပေ။
ကုချန်သည် မည်သည့် တွေဝေမှုမျှ မရှိဘဲ ရှေ့သို့ ခြေလှမ်းလိုက်၍ သူ၏လက်ဖဝါးကို ဤအခေါင်းတလားပေါ်သို့ တင်လိုက်၏။
" ခွင့်လွှတ်ပါ "
ကုချန်သည် စိတ်ထဲမှ တီးတိုး ပြောလိုက်ပြီးနောက် ရှေးဟောင်း အခေါင်းတလားကို ဖွင့်ရန် ရည်ရွယ်လျက် အားစိုက်လိုက်လေသည်။
" ဝုန်း...!ဂျွတ်! "
ကုချန်မှ အခေါင်းတလားအဖုံးကို တွန်းဖွင့်လိုက်စဉ် တုန်ခါသံတစ်ခု ဆက်တိုက် ထွက်ပေါ်လာလေသည်။
အခေါင်းတလားအဖုံး၏ ထောင့်တစ်ဖက် ပွင့်သွားသည်နှင့်အမျှ အခေါင်းတလားထဲမှ ပုပ်သိုးယိုယွင်းနေသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာလေသည်။
ထိုအငွေ့အသက်ထဲတွင် သက်ရှိအရိပ်အယောင် တစ်စက်မျှ မရှိဘဲ အလွန်တရာ ထူးဆန်းကြောက်မက်ဖွယ်သာ ကောင်းလှ၏။ အစစ်အမှန် အင်မော်တယ်တစ်ပါးပင်လျှင် ၎င်းကို ထိမိပါက ကံဆိုးမှုများနှင့် ရင်ဆိုင်ရနိုင်ပေသည်။
သို့သော် ဤအရာများသည် ကုချန်အပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိချေ။ သူ၏ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထွက်ပေါ်လာသော အငွေ့အသက်များက ရှေးဟောင်း အခေါင်းတလားထဲမှ အငွေ့အသက်များကို တံမြက်စည်းလှည်းသကဲ့သို့ ဖယ်ရှားပစ်လိုက်ကာ သူ့ထံသို့ အနည်းငယ်မျှပင် ချဉ်းကပ်ခွင့် မပေးပေ။
အခေါင်းတလားအဖုံး ပွင့်သွားသည်နှင့်အမျှ ကုချန်၏ အကြည့်များသည် အလိုအလျောက်ပင် အခေါင်းတလားအတွင်းသို့ အာရုံရောက်သွားလေသည်။
သို့သော် အထဲမှမြင်ကွင်းကို မြင်လိုက်ရသောအခါ ကုချန်၏မျက်လုံးများထဲတွင် အံ့သြတုန်လှုပ်မှု တစ်ခု ပေါ်လာခဲ့၏။
သူ ဘာကို မြင်လိုက်ရသနည်း။
ရှေးဟောင်း အခေါင်းတလားထဲတွင် အခြားသော ကမ္ဘာတစ်ခုလုံးကို မြှုပ်နှံထားသကဲ့သို့ပင် မရေမတွက်နိုင်သော အင်မော်တယ်အဆင့် ပစ္စည်းများနှင့် နတ်ဘုရားရတနာများက ရတနာတောင်များသဖွယ် အစီအရီ မြင့်မားစွာဖြင့် အဆုံးအစမဲ့ စုပုံနေလေသည်။
ဤအင်မော်တယ်အဆင့် ပစ္စည်းများနှင့် နတ်ဘုရားရတနာများထဲတွင် အမြင့်မြတ်ဆုံးအဆင့် အသက်ရှည်ဆေးဝါးများ၊ အမြင့်မြတ်ဆုံး နတ်ဘုရားရွှေများနှင့် အခြားသော အရာများ ပါဝင်လေသည်။
အစစ်အမှန် အင်မော်တယ်များနှင့် နှိုင်းယှဉ်နိုင်သော အင်မော်တယ်အဆင့် ပစ္စည်းများလည်း ပါဝင်လေသည်။
ကုချန်၏ အဆင့်အတန်းအရ သာမန် အင်မော်တယ်အဆင့် ပစ္စည်းများနှင့် နတ်ဘုရားရတနာများသည် သူ၏အာရုံကို မဖမ်းစားနိုင်သော်လည်း ဤအခေါင်းတလားထဲရှိ အင်မော်တယ်အဆင့် ပစ္စည်းများနှင့် နတ်ဘုရားရတနာများသည်တော့ အလွန်အမင်း များပြားလွန်းလှသဖြင့် သူ့ကို အံ့အားသင့်သွားစေခဲ့၏။
ကြီးမားလှသော အင်မော်တယ်အဆင့် ပစ္စည်းများနှင့် နတ်ဘုရားရတနာများဖြင့် ဖွဲ့စည်းထားသော ထိုတောင်ကြီးများ၏ အမြင်အာရုံ အကျိုးသက်ရောက်မှုမှာလည်း အလွန် ကြီးမားလှသည်။
ကုချန်၏ခန့်မှန်းချက်အရ အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို ရှာဖွေကာ သမိုင်းတစ်လျှောက် တည်ရှိခဲ့သမျှ နတ်ဘုရားရတနာများနှင့် အမြင့်ဆုံး ရတနာများ အားလုံးကို စုဆောင်းလျှင်တောင်မှ တောင်တစ်တောင်စာမျှသာ ဖြစ်နိုင်ပေလိမ့်မည်။
သို့သော် ဤအခေါင်းတလားထဲတွင် မျက်စိတစ်ဆုံး မြင်ရသမျှ နတ်ဘုရားရတနာတောင်များမှာ တစ်ထောင်ထက်မနည်း ရှိနေလေသည်။
အကယ်၍ အင်မော်တယ်အဆင့် ပစ္စည်းတောင်တစ်တောင်စီတိုင်းက အဆုံးမဲ့ကမ္ဘာထက် မငယ်သော စကြဝဠာကမ္ဘာ တစ်ခုကို ကိုယ်စားပြုသည်ဆိုပါက ဤအင်မော်တယ်အဆင့် ပစ္စည်းတောင် တစ်ထောင်သည် စကြဝဠာ တစ်ထောင်ကို ကိုယ်စားပြုနေခြင်း မဟုတ်ပါလော။
ယခုမူ ဤအင်မော်တယ်အဆင့် ပစ္စည်းတောင်များ အားလုံးသည် ဤမည်းနက်နေသော ရှေးဟောင်း အခေါင်းတလားထဲတွင် မြှုပ်နှံခံထားရလေသည်။
ဤစကြဝဠာများရှိ သက်ရှိများအား ဤကဲ့သို့သော ရွေးချယ်မှုမျိုး ပြုလုပ်ရန် တွန်းအားပေးခဲ့သည့် အဖြစ်အပျက်က ဘာများနည်း။
သူတို့၏ သက်ဆိုင်ရာ စကြဝဠာများမှ နတ်ဘုရားရတနာများ အားလုံးကို စုဆောင်းကာ တစ်နေရာတည်းသို့ ယူဆောင်လာ၍ ဤမည်းနက်နေသော ရှေးဟောင်း အခေါင်းတလားထဲတွင် အားလုံးကို မြှုပ်နှံခဲ့ကြသည်တဲ့လော။
ဤသည်မှာ ကြီးမားလှသော အင်မော်တယ်အဆင့် ပစ္စည်းများနှင့် နတ်ဘုရားရတနာများကို ပူဇော်ပစ္စည်းများအဖြစ် အသုံးပြု၍ မမြင်ရသော တည်ရှိမှုတစ်ခုကို ပူဇော်ပသရန်နှင့် ဆုတောင်းရန် ကြိုးပမ်းမှုများ ဖြစ်နေမလော။
သို့သော် အကယ်၍ ၎င်းတို့သည် ပူဇော်ပစ္စည်းများဖြစ်ပါက အဘယ်ကြောင့် အခေါင်းတလားထဲတွင် ထည့်ထားရသနည်း။
ရှေးခေတ်ကတည်းက အခေါင်းတလား ကိုယ်စားပြုသော အဓိပ္ပာယ်မှာ သေဆုံးခြင်းနှင့် အဆုံးသတ်ခြင်းပင် ဖြစ်သည်။
ပူဇော်ပစ္စည်းများဖြစ်သော နတ်ဘုရားရတနာများနှင့် အင်မော်တယ်အဆင့် ပစ္စည်းများကို ရှေးဟောင်း အခေါင်းတလားထဲတွင် ထည့်ထားခြင်းက သူတို့ ဆုတောင်းနေသည့် မမြင်ရသော တည်ရှိမှုကို မနှစ်မြို့စေမည်ကို မကြောက်ကြဘူးလော။
ကုချန်မှာ ဇဝေဇဝါ ဖြစ်နေသော်လည်း သူ၏ လုပ်ရပ်များမှာတော့ ရပ်တန့်မသွားခဲ့ချေ။
အခေါင်းတလားအဖုံးသည် အပြည့်အဝ ပွင့်သွားသည်အထိ ဖြည်းညင်းစွာ ရွေ့လျားသွားလေသည်။
သို့သော် အခေါင်းတလားအဖုံး အပြည့်အဝ ပွင့်သွားသည့် အခိုက်အတန့်တွင် ကုချန်မှာ တကယ်ပင် အံ့အားသင့်သွားရလေသည်။
အဘယ်ကြောင့်ဆိုသော် မူလက အခေါင်းတလားထဲတွင် တုနှိုင်းမရလောက်အောင် တောက်ပပြီး ခမ်းနားလှသော ရတနာအလင်းတန်းများ ထုတ်လွှတ်နေသည့် နတ်ဘုရားရတနာတောင် တစ်ထောင်သည် တစ်ချိန်တည်းမှာပင် သူတို့၏အလင်းရောင် အားလုံးကို ရုပ်သိမ်းသွားကြသောကြောင့်ပင်။
ပုပ်သိုးယိုယွင်းနေသော အငွေ့အသက်တစ်ခုကသာ အရာအားလုံးကို ဖုံးလွှမ်းသွားလေသည်။
နတ်ဘုရားရတနာများနှင့် အင်မော်တယ်အဆင့် ပစ္စည်းများ စုပုံထားသော ထိုရတနာတောင်များသည် ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး မီးခိုးရောင် မြူခိုးများသာ ကျန်ရစ်တော့သည်။ နတ်ဘုရားရတနာများ၊ အင်မော်တယ်အဆင့် ပစ္စည်းများ၏ အရိပ်အယောင်ဆိုသည်မှာ တစ်စိုးတစ်စမျှပင် မရှိတော့ချေ!
တစ်ချိန်တည်းမှာပင် စကြဝဠာ၏ အနက်ရှိုင်းဆုံး နေရာမှ ရှည်လျားသော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာလေသည်။
" နှစ်တွေ ကုန်လွန်သွားပြီး အင်မော်တယ်ရတနာတွေလည်း ဖုန်မှုန့် ဖြစ်သွားပြီ... ပစ္စည်းတွေကတောင် ဒီလိုဖြစ်နေရင် လူတွေဆိုရင်ရော "
" တာအိုခေတ်တစ်ခု မြှုပ်နှံခံလိုက်ရပြီ... စကြဝဠာ တစ်ထောင် မြှုပ်နှံခံလိုက်ရပြီ... အားလုံး ပြီးဆုံးသွားပါပြီ... ဘယ်သူမှ မကျော်လွန်နိုင်ပါဘူး... ဘယ်သူမှ မကျော်လွန်နိုင်ဘူး "
ထိုရှည်လျားသော သက်ပြင်းချသံသည် အဆုံးအစမဲ့ ရှေးကျသော အချိန်ကာလတစ်ခုမှ ထွက်ပေါ်လာသည့်အလား ကြီးကျယ်ခမ်းနားလှသော်လည်း ၎င်းအတွင်းရှိ ဆုံးရှုံးမှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
ကုချန်သည် မည်သည့်အရာကိုမျှ စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ထိုနေရာတွင်သာ တိတ်ဆိတ်စွာ ရပ်နေလိုက်၏။
အဘယ်ကြောင့်ဆိုသော် ထိုအသံသည် အတိတ်ကာလက အစွမ်းထက်သော တည်ရှိမှုတစ်ခု ချန်ရစ်ခဲ့သည့် ပျက်စီးမသွားသော အငြိုးဝိညာဉ်တစ်ခုမျှသာဖြစ်ကာ အချိန်မြစ်ရှည်ကြီးထဲမှ ပဲ့တင်ထပ်သံတစ်ခုသာ ဖြစ်ကြောင်း သူ သိရှိခဲ့သောကြောင့်ပင်။
ထို့အပြင် ထိုအသံ ထွက်ပေါ်လာခြင်းက ကုချန်အား နားလည်သွားစေခဲ့၏။
ဤကြယ်အကြွင်းအကျန် ယဇ်ပလ္လင်၊ ဤမရေမတွက်နိုင်သော အင်မော်တယ်အဆင့် ပစ္စည်းများနှင့် နတ်ဘုရားရတနာများသည် အမြင့်ဆုံးသော တည်ရှိမှုတစ်ခုကို ကိုးကွယ်ပူဇော်ရန် ဖန်တီးထားခြင်း မဟုတ်နိုင်တော့ပေ။
ယင်းအစား ထိုအရာများသည် ကမ္ဘာပျက်မည့်နေ့ နီးကပ်လာပြီဖြစ်ကြောင်း သိရှိသောကြောင့် ဤမရေမတွက်နိုင်သော စကြဝဠာများမှ သူတို့ကိုယ်သူတို့အတွက် တည်ဆောက်ခဲ့သော သင်္ချိုင်းမြေတစ်ခုသာ ဖြစ်သည်။
ဤမရေမတွက်နိုင်သော ကြယ်အလောင်းကောင်များသည် ကြီးမားလှသော သင်္ချိုင်းဂူကြီး တစ်ခုပင် ဖြစ်သည်။
ထို့အပြင် ဤအခေါင်းတလားထဲတွင် မြှုပ်နှံထားသော မရေမတွက်နိုင်သည့် အင်မော်တယ်အဆင့် ပစ္စည်းများနှင့် နတ်ဘုရားရတနာများသည် ထိုစကြဝဠာများမှ ချန်ရစ်ခဲ့သော အမွေအနှစ်များဖြစ်ပြီး သူတို့ တစ်ချိန်က တည်ရှိခဲ့ကြောင်း သက်သေအထောက်အထားများပင် ဖြစ်သည်။
" အင်မော်တယ်ရတနာတွေတောင် ဖုန်မှုန့် ဖြစ်သွားပြီပဲ..... "
ကုချန်သည် အနည်းငယ် ရှုပ်ထွေးသော အသံဖြင့် တီးတိုး ရေရွတ်လိုက်၏။
သူ၏အကြည့်အောက်တွင်ပင် သူ၏ လက်အောက်ရှိ မည်းနက်နေသော အခေါင်းတလားသည်လည်း ၎င်းအတွင်းရှိ မရေမတွက်နိုင်သော အင်မော်တယ်အဆင့် ပစ္စည်းများ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်နှင့်အမျှ ပြာများအဖြစ်သို့ ထပ်တူ ပြောင်းလဲသွားကာ ယဇ်ပလ္လင်၏ ထိပ်တွင် ပြန့်ကျဲသွားလေသည်။
အခေါင်းတလားအတွင်းရှိ အင်မော်တယ်အဆင့် ပစ္စည်းများပင်လျှင် အချိန်၏ တိုက်စားမှု စွမ်းအားကို မခံနိုင်ပါက အပြင်ဘက်ရှိ ဤရှေးဟောင်း အခေါင်းတလားဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
ယခင်က ဤနေရာတွင် တည်ရှိနေခဲ့ခြင်းမှာ ၎င်းကို မည်သူမျှ မထိတွေ့ခဲ့သောကြောင့် သိမ်မွေ့သော ညီမျှမှုတစ်ခုကို ထိန်းသိမ်းထားနိုင်ခဲ့သဖြင့် ပျောက်ကွယ်မသွားခြင်းသာ ဖြစ်သည်။
ယခုအခါ ကုချန်၏ အခေါင်းတလား ဖွင့်လိုက်ခြင်းက ဤညီမျှမှုကို ချိုးဖျက်ပစ်လိုက်ရာ အခေါင်းတလားအပြင် ၎င်းအတွင်းရှိ နတ်ဘုရားရတနာများနှင့် အင်မော်တယ်အဆင့် ပစ္စည်းများ အားလုံးသည် သဘာဝကျကျပင် ပြာအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ဤသည်မှာ ကုချန်၏အမှား မဟုတ်သည်က သေချာ၏။ အခေါင်းတလားနှင့် ၎င်းအတွင်းရှိ အင်မော်တယ်အဆင့် ပစ္စည်းများ၊ နတ်ဘုရားရတနာများသည် ယခင်ကတည်းက ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီးဖြစ်ကာ မည်သူမျှ မထိတွေ့ခဲ့သောကြောင့်သာ ယခင် ပုံသဏ္ဍာန်အတိုင်း တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူ၏ရှေ့မှောက်ရှိ ဤမြင်ကွင်းက ကုချန်ကို ကြီးမားသော တုန်လှုပ်မှုတစ်ခု ဖြစ်စေခဲ့လေသည်။
အခန်း ( ၅၁၄ ) - မပျက်စီးနိုင်ခြင်း၊ စကြဝဠာသင်္ချိုင်းနှင့် အင်မော်တယ်ဧကရာဇ်၏ အလောင်းကောင်
အင်မော်တယ်ပစ္စည်းတွေကိုတောင် ပြာအဖြစ် ပြောင်းလဲသွားစေလောက်တဲ့အထိ ဘာတွေ ဖြတ်သန်းခဲ့ရတာလဲ။
အမြင့်မြတ်ဆုံး နတ်ဘုရားပစ္စည်းများသည်ပင် နှစ်ပေါင်းသောင်းချီ မဆွေးမမြေ့ ရှိနေနိုင်သည့် သက်တမ်းရှိရာ ဤပျက်စီးနေသည့် စကြဝဠာမှာ ဘယ်အချိန်ကတည်းက တည်ရှိနေခဲ့သလဲဆိုသည်ကို စိတ်ကူးကြည့်ဖို့ရန်ပင် ခက်ခဲလေသည်။
အမြင့်မြတ်ဆုံးအဆင့်ထက် သာလွန်သော အင်မော်တယ်ပစ္စည်းများကိုတော့ ပြောစရာပင် မလိုတော့ချေ။
သို့သော် ယခုအခါ ဤအခေါင်းတလားထဲရှိ မရေမတွက်နိုင်သော အင်မော်တယ်ပစ္စည်းများနှင့် နတ်ဘုရားရတနာများသည် အဆုံးမဲ့ အချိန်မြစ်ထဲတွင် ဖျက်ဆီးခံရကာ အရေးမပါသော ဖုန်မှုန့်တစ်ဆုပ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပေ။
ဒါတွေ ဖြစ်လာဖို့ နှစ်ပေါင်း ဘယ်လောက်တောင် လိုအပ်လိုက်မလဲ။
' နှစ်တွေ ကုန်လွန်သွားပြီး အင်မော်တယ်ရတနာတွေ ဖုန်မှုန့် ဖြစ်သွားပြီ။ ပစ္စည်းတွေကတောင် ဒီလိုဖြစ်နေရင် လူတွေဆိုရင်ရော '
ရှေးကျ၍ ကြီးကျယ်ခမ်းနားလှသော်လည်း မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသော ထိုအသံသည် ကုချန်၏နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။
အကြောင်းရင်းကို မသိရသော်လည်း ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် သူ ယခင်က တွေ့ခဲ့ရသော သူတော်စင်အိုကြီးကို ရုတ်တရက် သတိရသွားမိ၏။
ထိုသူတော်စင်အိုကြီးသည် လူသူကင်းမဲ့သော စကြဝဠာတစ်ခုထဲတွင် ကုန်လွန်သွားသမျှအရာအားလုံးကို ဝမ်းနည်းပူဆွေးနေသည့်အလား စက္ကူပိုက်ဆံများကို မီးရှို့နေခဲ့သည်။
သူ့ရှေ့က မြင်ကွင်းနဲ့ အဲ့ဒီမြင်ကွင်းက ဘယ်လောက်တောင် တူနေလိုက်သလဲ။
မရေမတွက်နိုင်သော အင်မော်တယ်တာအို ယဉ်ကျေးမှုများ၏ အမွေအနှစ်များအားလုံးသည် စက္ကူပိုက်ဆံများအဖြစ် မီးရှို့ခံခဲ့ရ၏။
မရေမတွက်နိုင်သော စကြဝဠာများ စုဆောင်းထားခဲ့သော နတ်ဘုရားရတနာများနှင့် အင်မော်တယ်ပစ္စည်းများသည်လည်း နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ကုချန် အသက်ပြင်းပြင်းရှူလိုက်ရာ သူ၏ လှုပ်ရှားနေသော စိတ်ခံစားမှုများသည်လည်း လျင်မြန်စွာ တည်ငြိမ်သွားကာ သူ၏မျက်လုံးများထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နှက်လာခဲ့၏။
သူ၏ တာအိုနှလုံးသားသည် မပျက်စီးနိုင်ချေ။ ထိုကဲ့သို့သော မကောင်းသော မြင်ကွင်းများကို မြင်တွေ့ရလျှင်ပင် သူ၏ နတ်ဘုရားဝိညာဉ်ကို မချိုးဖျက်နိုင်ပေ။
သူသည် ပစ္စုပ္ပန်ကိုသာ ယုံကြည်လေးစားပြီး လက်ရှိအချိန်တွင် ပြိုင်ဘက်ကင်းဖြစ်ရမည်ကိုသာ ယုံကြည်၏။
ယခင်လူများ ကြုံတွေ့ခဲ့ရသော မျှော်လင့်ချက်မဲ့ဖွယ် မြင်ကွင်းများကို သူလည်း ကြုံတွေ့ရနိုင်သော်လည်း ယခင်လူများ မလုပ်နိုင်ခဲ့သည်ဖြစ်၍ သူလည်း မလုပ်နိုင်ဟု မဆိုနိုင်ပေ။
သမိုင်းထဲမှာ ကျန်ရစ်ခဲ့တဲ့ မျှော်လင့်ချက်မဲ့ အော်ဟစ်သံ တစ်ခုနှစ်ခုလောက်က သူ့အား သက်ရောက်မှု မဖြစ်စေနိုင်ပေ။
အချိန်မြစ်၏ အောက်ဆုံးဘက်တွင်ရှိသော ထိုရှီမိုကောင်းကင်အရှင်သည် စကြဝဠာများအားလုံး ကွေ့ရွှီးနယ်မြေသို့ ပြန်လည်ရောက်ရှိသွား၍ ကောင်းကင်ဘုံများအားလုံး ပြိုကျပျက်စီးသွားသည့် ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်တွေ့ခဲ့ရခဲ့ဟန်ရှိ၏။ ၎င်းမှ သူ၏တာအိုနှလုံးသားကို လုံးဝ ပျောက်ဆုံးသွားစေကာ အသက်ရှင်သန်ရန် ယုံကြည်မှုနှင့် သတ္တိများ အားလုံး ဆုံးရှုံးသွားသဖြင့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခဲ့ခြင်း ဖြစ်လိမ့်မည်။
ကုချန်သည် သူသာဆိုလျှင် ရှီမိုကောင်းကင်အရှင်ကဲ့သို့ တူညီသော မြင်ကွင်းကို မြင်တွေ့ခဲ့ရလျှင်တောင် တစ်ဖက်လူလို သတ္တိကြောင်သော ရွေးချယ်မှုကို ဘယ်တော့မှ လုပ်မည်မဟုတ်ကြောင်း ယုံကြည်၏။
အနာဂတ်အကြောင်း ပြောဆိုခြင်းသည် အာရုံခံရခက်သော အရာသာဖြစ်၏။ မဖြစ်ပေါ်သေးသရွေ့ အရာအားလုံးသည် စိတ်ကူးယဉ် အရာများမျှသာ ဖြစ်သည်။
သူ၏ တာအိုနှလုံးသားသည် မပျက်စီးနိုင်၊ တုန်လှုပ်၍မရနိုင်ပေ။
အကယ်၍ ကောင်းကင်ဘုံများ ပြိုကျကာ စကြဝဠာများ အားလုံး ပြာအဖြစ် ပြောင်းလဲသွားမည့်နေ့ ရောက်လာခဲ့လျှင်တောင် ကုချန်သည် အခြေအနေကို ပြောင်းပြန်လှန်နိုင်ကာ သူ မြတ်နိုးတန်ဖိုးထားသည့် အရာအားလုံးကို ကာကွယ်နိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထား၏။
သူသည် ပြာအဖြစ် ပြောင်းလဲသွားသော ရှေးဟောင်း အခေါင်းတလားကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် မည်သည့် တွယ်တာမှုမျှ မရှိတော့ဘဲ ခြေတစ်လှမ်းလှမ်းကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။
ဤပျက်စီးနေသော စကြဝဠာသည် သူ့အတွက် မည်သည့်တန်ဖိုးမျှ မရှိတော့ချေ။ သူသည်လည်း ဤကွေ့ရွှီးနယ်မြေ၏ အခြားနေရာများကို စူးစမ်းလေ့လာလိုသေး၏။
အတွေးတစ်ချက်ဖြင့် ကုချန်သည် ဤပျက်စီးနေသော စကြဝဠာ၏နယ်စပ်သို့ ရောက်ရှိလာ၍ သူ၏လက်ဖြင့် တစ်ချက် ဆုတ်ဖြဲလိုက်ရာ ကျန်ရစ်နေသေးသော စကြဝဠာ အကာအရံသည် ကွဲအက်သွားပြီး အပြင်ဘက်နယ်မြေသို့ ဦးတည်သွားသော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာလေသည်။
ကုချန်သည် တုံ့ဆိုင်းမနေဘဲ ထိုလမ်းကြောင်းမှတစ်ဆင့် ဤပျက်စီးနေသော စကြဝဠာမှ ထွက်ခွာသွားလေသည်။
သူ ဤပျက်စီးနေသော စကြဝဠာမှ ထွက်ခွာလာသောအခါ သူ၏မျက်လုံးများထဲသို့ မြင်ကွင်းတစ်ခု ဝင်ရောက်လာခဲ့၏။ ထိုမြင်ကွင်းမှာ ချက်ချင်းပင် သူ၏အကြည့်များကို လှိုင်းထန်သွားစေခဲ့သည်။
သူ ဘာကို မြင်လိုက်ရသနည်း။
ဤပျက်စီးနေသော စကြဝဠာ၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော သိပ်သည်း မှိန်ဖျော့သည့် အလင်းစက်လေးများက ကြယ်များပမာ လွင့်မျောနေကာ မှိန်ဖျော့ဖျော့ အလင်းရောင်များဖြင့် တောက်ပနေလေသည်။
အနီးကပ် ကြည့်လိုက်သောအခါ ထိုမှိန်ဖျော့သော အလင်းစက်လေးများမှာ အဆုံးအစမဲ့ ဟွမ်သွမ့်ထဲတွင် လွင့်မျောနေကာ ညနေခင်း၏ လေးလံသော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ပုပ်သိုးပျက်စီးနေသော ရှေးဟောင်း စကြဝဠာများ ဖြစ်နေလေ၏။
မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် ဤကဲ့သို့သော စကြဝဠာများ မည်မျှရှိသည်ကို ကုချန် ရေတွက်၍ပင် မရနိုင်တော့ချေ!
ထောင်သောင်းမကဘူး။ သိန်းနဲ့ချီ၊ သန်းနဲ့ချီပြီးတောင် ရှိနိုင်တယ်!
ပျက်စီးနေတဲ့ စကြဝဠာတွေက ဒီလောက်များပြားတာလား။
ကုချန်မှာ အံ့သြမှင်တက်စွာ အသက်ရှူမှားသွားရလေသည်။
ဤသည်မှာ သူ၏ဘဝတစ်သက်တာတွင် တွေ့မြင်ခဲ့ရဖူးသမျှထဲ၌ အံ့သြတုန်လှုပ်စရာ အကောင်းဆုံး မြင်ကွင်းဖြစ်လေသည်။
ယခင်က ဟွမ်သွမ့်ပင်လယ်ကို သူ စူးစမ်းလေ့လာခဲ့ဖူး၏။ ထိုအဆုံးအစမဲ့ ဟွမ်သွမ့်ပင်လယ်ထဲတွင် အဆုံးမဲ့ကမ္ဘာကဲ့သို့သော စကြဝဠာများ ရှိနေသော်လည်း ကျယ်ပြောလှသော ဟွမ်သွမ့်ပင်လယ်အတွင်း ပြန့်ကျဲနေသော ထိုစကြဝဠာများသည် သမုဒ္ဒရာထဲရှိ ဖုန်မှုန့်လေးများကဲ့သို့ပင် သိပ်မထင်ရှားလှပေ။ ဤနေရာကဲ့သို့လည်း မရေမတွက်နိုင်သော စကြဝဠာများ သိပ်သည်းစွာ စုပုံနေခြင်းမျိုး လုံးဝ မဟုတ်ချေ။
ကွေ့ရွှီး၊ ကွေ့ရွှီး၊ စကြဝဠာများအားလုံး ကွေ့ရွှီးသို့ ပြန်လည်ရောက်ရှိခြင်း။
မရေမတွက်နိုင်သော စကြဝဠာများ၏ သင်္ချိုင်း၊ ဤသည်မှာ ကွေ့ရွှီးနယ်မြေ၏ အစစ်အမှန် အဓိပ္ပာယ်လော။
ဒါပေမယ့် ဒီ မရေမတွက်နိုင်တဲ့ ပျက်စီးနေတဲ့ စကြဝဠာတွေက ဘယ်က ရောက်လာတာလဲ။
အဆုံးမဲ့ ဟွမ်သွမ့်ပင်လယ်ထဲမှာ လက်ရှိတည်ရှိနေတဲ့ စကြဝဠာတွေ အားလုံးပေါင်းရင်တောင် ဒီနေရာက ပျက်စီးနေတဲ့ စကြဝဠာ အရေအတွက်လောက် များမှာ မဟုတ်ဘူး!
ကုချန်၏အကြည့်များမှာ လေးနက်သွားကာ သူနှင့်အနီးဆုံး၌ ပျက်စီးနေသော စကြဝဠာတစ်ခုကို ရွေးချယ်ကာ ချက်ချင်း ဝင်ရောက်သွားလေသည်။
ထိုစကြဝဠာထဲသို့ သူ ဝင်ရောက်သွားပြီးနောက် တွေ့လိုက်ရသော မြင်ကွင်းမှာ ယခင်က သူရှိနေခဲ့သော စကြဝဠာနှင့် မည်သို့မျှ ခြားနားခြင်း မရှိပေ။
ယခုစကြဝဠာသည်လည်း လုံးဝ တိတ်ဆိတ်နေကာ မည်သည့် သက်ရှိအရိပ်အယောင်မျှ မရှိချေ။ ဤနေရာရှိ အဆုံးမဲ့တာအိုများပင်လျှင် ယိုယွင်းပျက်စီးနေသည့် အငွေ့အသက်တစ်ခု ရှိနေကာ ၎င်းတို့၏ နောက်ဆုံးအချိန်များသို့ ရောက်ရှိနေသည့်အလား ဖြစ်နေ၏။
သူသည် ထိုစကြဝဠာမှ ထွက်ခွာလာပြီးနောက် သတိထားကာ နောက်ထပ် စကြဝဠာ အနည်းငယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်ခဲ့သော်လည်း ရလဒ်မှာ လုံးဝ အတူတူပင် ဖြစ်သည်။
စကြဝဠာများ အားလုံးသည် အသံတစ်သံမျှ မထွက်ဘဲ သေဆုံးနေသည့်အလား တိတ်ဆိတ်နေကြသည်။
ဤနေရာသည် စကြဝဠာများ၏ သင်္ချိုင်းမြေတစ်ခုနှင့် တူနေ၏။ စကြဝဠာများအားလုံး သေဆုံးသွားပြီးနောက် ဤနေရာတွင် မြှုပ်နှံခံရကာ ထာဝရ ပျောက်ကွယ်သွားခြင်းသို့ ရောက်ရှိသွားကြလေသည်။
" ဝုန်း! "
ကုချန် စုံစမ်းစစ်ဆေးနေစဉ်မှာပင် အဆုံးအစမဲ့ စကြဝဠာ အပျက်အစီးများကြားမှ ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရ၏။
သူသည် အသံလာရာဘက်သို့ လျင်မြန်စွာ လိုက်သွားကာ စုံစမ်းစစ်ဆေးခဲ့ရာ လက်ဖက်ရည်တစ်ခွက်သောက်ချိန်ခန့် ကြာပြီးနောက်တွင် အသံ၏ ရင်းမြစ်ဆီသို့ ရောက်ရှိသွားခဲ့လေသည်။
ဤအဆုံးအစမဲ့ ဟွမ်သွမ့်နယ်မြေ ထဲတွင် အလွန်တရာ ကြီးမားလှသော အလောင်းကောင်ကြီးတစ်ခု တိတ်ဆိတ်စွာ လွင့်မျောနေသည်ကို သူ တွေ့လိုက်ရ၏။
ထိုအလောင်းကောင်ကြီးသည် ရှေးဟောင်း ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားကာ မည်သည့် သက်ရှိအငွေ့အသက်မျှ မရှိချေ။ ၎င်း၏ အရွယ်အစားမှာ အလွန်တရာ ကြီးမားလွန်းလှသဖြင့် ပျက်စီးနေသော စကြဝဠာတစ်ခုပင်လျှင် ၎င်း၏ရှေ့တွင် လွန်စွာ သေးငယ်နေပုံ ပေါ်လေသည်။
စောစောက ထွက်ပေါ်လာသော အသံမှာ အနီးအနားရှိ စကြဝဠာ အများအပြားမှ ထိုအလောင်းကောင်ကြီးနှင့် တိုက်မိသွားခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်၏။
ထိုအလောင်းကောင်ကြီးသည် ဤနေရာတွင် မည်မျှကြာကြာ တိတ်တဆိတ် လွင့်မျော တည်ရှိနေခဲ့သည်ကို မသိရပေ။
၎င်း၏ မျက်လုံးများသည် တင်းကျပ်စွာ မှိတ်ထား၍ ခန္ဓာကိုယ်သည်လည်း အကြေးခွံများဖြင့် ဖုံးလွှမ်းနေကာ နဖူး၏အလယ်ဗဟိုတွင် တာအိုသင်္ကေတများဖြင့် ဖုံးလွှမ်းနေသော သွေးရောင် ချွန်ထက်သည့် ဦးချိုတစ်ခု ရှိလေသည်။ ဤကဲ့သို့သော သတ္တဝါမျိုးကို ကုချန် ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း ဤအလောင်းကောင် သက်ရှိထင်ရှားရှိစဉ်က ပိုင်ဆိုင်ခဲ့သော ကြီးမားလှသည့် စွမ်းအားကို သူ ခံစားသိရှိနိုင်ရန် အဟန့်အတား မဖြစ်စေခဲ့ပေ။
စကြဝဠာ အပျက်အစီးများ၏ တိုက်ခိုက်မှုကပင် ဤအလောင်းကောင်ကို အနည်းငယ်မျှ ထိခိုက်စေခြင်း မရှိဘဲ နေရာအနည်းငယ်ကိုသာ ရွေ့လျားသွားစေနိုင်ခဲ့သည်။
ဤအလောင်းကောင်၏ အဆင့်သည် သက်ရှိထင်ရှားရှိစဉ်က အင်မော်တယ်ဘုရင်အဆင့်ကို ကျော်လွန်ကာ အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်နိုင်ပေသည်။
အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုသာလျှင် သေဆုံးပြီးနောက်တွင် ဤကဲ့သို့သော ကြီးမားလှသည့် တာအိုခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားနိုင်၍ မဟာတာအို၏ ပုံရိပ်တစ်ခု ဖြာထွက်နေသကဲ့သို့ စကြဝဠာများအားလုံးထက် မြင့်မားစွာ ရပ်တည်နေကာ ခန္ဓာကိုယ်သည်လည်း စကြဝဠာ ထောင်ပေါင်းများစွာ စုစည်းထားမှုနှင့် နှိုင်းယှဉ်နိုင်လေသည်။
ကုချန်ကို ပို၍ လေးနက်သွားစေခဲ့သည်မှာ ဤရှေးဟောင်း အလောင်းကောင်၏ နဖူးပေါ်ရှိ သွေးရောင် ချွန်ထက်သော ဦးချိုတွင် အပေါက်ကြီးတစ်ခု ဖောက်ထွက်နေခြင်းပင်။
ဒဏ်ရာရှိ သွေးများသည် ခြောက်သွေ့နေခဲ့ပြီဖြစ်ရာ ဤအလောင်းကောင် ကျဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း သွယ်ဝိုက်၍ သက်သေပြနေလေသည်။
ဤအလောင်းကောင်နှင့် ၎င်း၏နဖူးပေါ်ရှိ သေစေနိုင်သော ဒဏ်ရာကို မြင်လိုက်ရသောအခါ ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် သူ ယခင်က မြင်ခဲ့ရသော ဧရာမ အလောင်းကောင်ကြီးကို ကုချန် ပြန်လည် သတိရသွားမိလေသည်။