အခန်း (၅၁၅-၅၁၆)
Vol. 37 Ch. 515-516
အခန်း ( ၅၁၅ ) - လုံးဝ ထပ်တူကျနေခြင်း၊ ဧကရာဇ်အဆင့် အင်မော်တယ်ပစ္စည်းများ အားလုံး ပြာဖြစ်သွားခြင်း
ယခင်က ဟွမ်သွမ့်ပင်လယ်ထဲတွင် စွန့်စားသွားလာခဲ့စဉ် ဟွမ်သွမ့်ဝေလငါးကြီး၏ လမ်းပြမှုဖြင့် ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာ၌ လွင့်မျောနေသော ရှေးဟောင်း အလောင်းကောင်ကြီးကို သူ ရှာတွေ့ခဲ့၏။
ထိုရှေးဟောင်း အလောင်းကောင်ကြီးသည်လည်း မရေမတွက်နိုင်သော စကြဝဠာများ စုပေါင်းထားသည့်အလား အလွန်အမင်း ကြီးမားလှလေသည်။
၎င်း၏လက်ဖဝါးထဲတွင် သက်ရှိများ ကင်းမဲ့နေသော စကြဝဠာ ရာပေါင်းများစွာသည် ယခုတိုင်အောင် လွင့်မျောနေဆဲဖြစ်သည်။
ယခု ကုချန်သည် သူ၏ရှေ့မှောက်ရှိ အင်မော်တယ်ဧကရာဇ်ဟု သံသယရှိရသော ဤအလောင်းကောင်ကို မြင်လိုက်ရသောအခါ ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် လွင့်မျောနေခဲ့သော ထိုရှေးဟောင်း အလောင်းကောင်ကြီးကို မအောက်မေ့ဘဲ မနေနိုင်ခဲ့ချေ။
ဒီအလောင်းကောင် နှစ်ခုက ဘယ်လောက်တောင် ဆင်တူနေလိုက်သလဲ။
နှစ်ဦးစလုံးသည် အင်မော်တယ်ဘုရင်အဆင့်ကို ကျော်လွန်သော အစွမ်းထက်သည့် တည်ရှိမှုများ ဖြစ်ကြသည်။
နှစ်ဦးစလုံးသည် အလောင်းကောင်များအဖြစ်သာ ကျန်ရစ်ခဲ့၍ အဆုံးအစမဲ့ ဟွမ်သွမ့်ပင်လယ်ထဲတွင် အထီးကျန်စွာ လွင့်မျောနေကြသည်။
ပို၍ ကျောချမ်းစရာကောင်းသည်မှာ သူတို့ ရရှိခဲ့သော သေစေနိုင်သည့် ဒဏ်ရာများသည် လုံးဝကို ထပ်တူကျနေခြင်းပင်။ သူတို့၏ နဖူးများတွင် ဖောက်ထွက်နေသော အပေါက်များ ရှိနေကာ ခန္ဓာကိုယ်ပေါ်တွင် အခြား မည်သည့်ဒဏ်ရာမျှ မရှိချေ။
ယုတ္တိရှိရှိဆိုရလျှင် အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသောအခါ သူတို့၏ သက်တမ်းသည် သူတို့ မှီတင်းနေထိုင်ရာ စကြဝဠာကမ္ဘာများထက်ပင် ကျော်လွန်နေမည်ဖြစ်ရာ သေဆုံးပျက်စီးခြင်း မရှိနိုင်ဟုပင် ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ဧကရာဇ်တစ်ပါးသည် တာအိုကို ကျင့်ကြံခြင်းဖြစ်ရာ တာအို တည်ရှိနေသရွေ့ အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုသည်လည်း တာအိုကို မှီခို၍ ဆက်လက် တည်ရှိနေမည် ဖြစ်သောကြောင့်ပင်။
သို့သော် ဤအင်မော်တယ်ဧကရာဇ် အလောင်းကောင် နှစ်ခုစလုံးသည် နဖူးပေါ်ရှိ ဒဏ်ရာကြောင့် ကျဆုံးသွားခဲ့ရခြင်းက အချက်တစ်ချက်ကိုသာ သက်သေပြနေ၏။
ဆိုလိုသည်မှာ နဖူးပေါ်ရှိ ဒဏ်ရာသည် ရုပ်ခန္ဓာအပေါ်ယံကိုသာ ထိခိုက်စေခြင်း မဟုတ်ဘဲ သူတို့၏ နတ်ဘုရားဝိညာဉ်နှင့် အသိစိတ်ပင်လယ်ကိုပါ တစ်ပြိုင်နက်တည်း သက်ရောက်စေခဲ့၍ သူတို့၏နတ်ဘုရားဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။
ထိုအရာက လက်ရှိအခြေအနေကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။ ရုပ်ခန္ဓာ ကျန်ရစ်နေသော်လည်း နတ်ဘုရားဝိညာဉ်သည် ချေမှုန်းခံလိုက်ရသဖြင့် သက်ရှိအငွေ့အသက် ကင်းမဲ့နေသော အသက်ဝင်နေသည့် အလောင်းကောင်တစ်ခုသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ဤအင်မော်တယ်ဧကရာဇ် နှစ်ပါး၏ သေဆုံးမှုကို ဖြစ်ပေါ်စေခဲ့သော သေစေနိုင်သည့် ဒဏ်ရာများအတွက် မည်သူက တာဝန်ရှိသနည်း။
ကုချန်၏ နှလုံးသားထဲတွင် မှိန်ဖျော့ဖျော့ အန္တရာယ်ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့၏။
ထိုအင်မော်တယ်ဧကရာဇ် အလောင်းကောင် နှစ်ခုသည် သက်ရှိထင်ရှားရှိစဉ်က သိသာထင်ရှားသော ခုခံမှုမျိုး မပြသနိုင်ခဲ့ဘဲ ချက်ချင်း အသတ်ခံလိုက်ရသည့်အလား ဖြစ်နေသည်မှာ သံသယဝင်စရာ မလိုချေ။
အင်မော်တယ်ဧကရာဇ်တစ်ပါးကိုပင် ချက်ချင်း သတ်ပစ်နိုင်သည်ဆိုပါက ကျူးလွန်သူ၏ စွမ်းအားသည် မည်သည့် အတိုင်းအတာအထိ ရှိနေမည်နည်း။ ဒဏ္ဍာရီထဲမှ အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုခုမှ လှုပ်ရှားခဲ့ခြင်းများလော။
သို့သော် ကျူးလွန်သူသည် အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်ဖြစ်၊မဖြစ်ဖြစ် သူတို့၏ စွမ်းအားသည် ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု၏ ခုခံနိုင်စွမ်းထက် ကျော်လွန်နေသည်မှာ သေချာပေါက်ပင်။
ဤရှာဖွေတွေ့ရှိမှုမှ ကုချန်ကို တစ်ခုကို သတိထားမိစေခဲ့၏။
အင်မော်တယ်ဧကရာဇ်အဆင့်၏ စွမ်းအားသည်ပင်လျှင် အားကိုးရန် မလုံလောက်သေးပေ။ သူသည် ပိုမို အစွမ်းထက်လာစေရန် နည်းလမ်းရှာရမည်။
ခဏတာ တွေးတောပြီးနောက် ကုချန်သည် အင်မော်တယ်ဧကရာဇ် အလောင်းကောင်ကြီးကို ပြန်လည် စစ်ဆေးကြည့်လေသည်။
ဤအလောင်းကောင်ကြီးသည် ဤဟွမ်သွမ့်နယ်မြေထဲတွင် အချိန်မည်မျှကြာစွာ လွင့်မျောနေခဲ့သည်အား မသိရသလို မည်သည့်နေရာမှ လွင့်မျောလာသည်ကိုလည်း မသိရချေ။ ကုချန်၏ စုံစမ်းစစ်ဆေးမှုအရ ဤအင်မော်တယ်ဧကရာဇ် အလောင်းကောင်၏ လက်ချောင်းပေါ်တွင် လေဟာနယ်လက်စွပ်နှင့် ဆင်တူသော အရာတစ်ခုကိုလည်း ရှာတွေ့ခဲ့၏။
၎င်းထဲတွင် အင်မော်တယ်ဧကရာဇ်၏ သက်ရှိထင်ရှားရှိစဉ်က ရတနာများ ပါဝင်နေနိုင်မည်လော။
ကုချန်သည် အင်မော်တယ်ဧကရာဇ် အလောင်းကောင်ရှေ့သို့ ပျံသန်းသွားကာ အနည်းငယ် အရိုအသေပေးလျက် ပြောလိုက်ဆိုသည်။
" ခွင့်လွှတ်ပါ "
ထို့နောက် ကုချန်သည် သူ၏လက်ချောင်းကို ခေါက်လိုက်ရာ မမြင်ရသော စွမ်းအားတစ်ခု ထွက်ပေါ်လာ၍ အင်မော်တယ်ဧကရာဇ်၏ လက်ချောင်းပေါ်ရှိ လေဟာနယ်လက်စွပ်ကို ဖုံးလွှမ်းသွားလေသည်။
ကုချန်သည် ယခုတစ်ခေါက်တွင် အလွန်တရာ သတိထားနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုအခေါင်းတလားထဲရှိ မရေမတွက်နိုင်သော အင်မော်တယ်ပစ္စည်းများ ပြာအဖြစ်သို့ ပြောင်းလဲသွားသည့် ယခင်က ဥပမာကြောင့် သူ အားများများသုံးမိပါက နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ဤလေဟာနယ်လက်စွပ်ကို ပျက်စီးသွားစေမည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော် ရလဒ်သည် ကုချန် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်နေခဲ့သည်။ သူ အလွန်တရာ သတိထား၍ ထုတ်လွှတ်လိုက်သော စွမ်းအားမှာ လွန်စွာ နူးညံ့သိမ်မွေ့ခဲ့သော်လည်း သူ၏ စွမ်းအား လေဟာနယ်လက်စွပ်ကို ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ထိုလက်စွပ်သည် ချက်ချင်းပင် တစ်စစီ ကွဲအက်ကာ ပျောက်ကွယ်သွားလေသည်။
ယခင် အင်မော်တယ်ပစ္စည်းများကဲ့သို့ပင် ဤလေဟာနယ်လက်စွပ်သည်လည်း အချိန်၏ တိုက်စားမှုကို မခံနိုင်ခဲ့ချေ။ ၎င်း၏ မူလအနှစ်သာရသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လုံးဝ ဖျက်ဆီးခံခဲ့ရပြီးဖြစ်ရာ ယခုကဲ့သို့ အပြင်ဘက်မှ စွမ်းအားများ ဝင်ရောက်လာပြီး ၎င်း၏ညီမျှမှုကို နှောင့်ယှက်လိုက်သောအခါ ပထမဆုံး အခိုက်အတန့်၌ပင် တစ်စစီ ကွဲအက်သွားလေတော့သည်။
ထိုလေဟာနယ်လက်စွပ် ကွဲအက် ပျောက်ကွယ်သွားသည်နှင့်အမျှ လေဟာနယ်သည်လည်း တုန်ခါသွားကာ အက်ကွဲကြောင်းတစ်ခု ပေါ်လာ၍ အထဲမှ ဖုန်မှုန့် အနည်းငယ် လွင့်ထွက်လာလေသည်။
လေဟာနယ် အက်ကွဲကြောင်းမှ လွင့်ထွက်လာသော ဖုန်မှုန့် အနည်းငယ်သည် ထိုလေဟာနယ်လက်စွပ်ထဲတွင် တစ်ချိန်က သိမ်းဆည်းထားခဲ့သော နတ်ဘုရားပစ္စည်းများပင် ဖြစ်၏။ ကံမကောင်းစွာဖြင့် ၎င်းတို့သည် သီးခြား လေဟာနယ်တစ်ခုထဲတွင် သိမ်းဆည်းထားခံရသော်လည်း အချိန်၏ စွမ်းအားတိုက်စားမှုကို မခံနိုင်ခဲ့ချေ။
အချိန်နှင့် နှစ်ကာလများ၏ စွမ်းအားသည် နေရာအနှံ့ ပျံ့နှံ့နေရာ လေဟာနယ်လက်စွပ်ထဲတွင် သိမ်းဆည်းထားရုံဖြင့် ရှောင်လွှဲ၍ မရနိုင်ပေ။
သို့သော် ထိုဖုန်မှုန့် အနည်းငယ် လွင့်ကျလာစဉ် ကုချန်၏ ထက်ရှသော မျက်လုံးများသည် လေဟာနယ် အက်ကွဲကြောင်းထဲရှိ လင်းလက်နေသော အလင်းရောင်တစ်စကို သတိပြုမိလိုက်၏။
သူသည် ဘာမျှ မစဉ်းစားတော့ဘဲ လေဟာနယ် အက်ကွဲကြောင်းဆီသို့ သူ၏လက်ဖဝါးကို ဆန့်ထုတ်လိုက်လေသည်။
ဤလေဟာနယ်အတွင်းရှိ လင်းလက်နေသော အလင်းရောင်သည် အတွင်း၌ တစ်စုံတစ်ခု ရှိနေကြောင်းကို ညွှန်ပြနေပုံပင်။ များစွာသော အင်မော်တယ်ပစ္စည်းများနှင့် နတ်ဘုရားရတနာများ အားလုံး ပြာအဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ ယခုတိုင်အောင် ထိန်းသိမ်းထားနိုင်သေးသည့် မည်သည့်အရာမဆို သာမန် မဟုတ်သည်မှာ သေချာပေသည်။
ထို့အပြင် ထိုလေဟာနယ် အက်ကွဲကြောင်းသာ ပိတ်သွားပါက ၎င်းအတွင်း သိမ်းဆည်းထားသမျှ အရာအားလုံးသည် လေဟာနယ် လှိုင်းလေထန်မှုထဲသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပြီး ၎င်း၏ တည်နေရာကို မသိနိုင်တော့ချေ။ ထိုအချိန်ရောက်လျှင် ကုချန်ကိုယ်တိုင်ပင်လျှင် ၎င်း၏တည်နေရာကို ခြေရာခံရန် ခက်ခဲသွားပေလိမ့်မည်။
ထို့ကြောင့် ၎င်းအတွင်းမှ အလင်းရောင် ထုတ်လွှတ်နေသော နတ်ဘုရားရတနာကို လျင်မြန်စွာ ရယူနိုင်ရန် သူ အချိန်မီ လှုပ်ရှားရမည်ပင်။
ကုချန်သည် လျင်မြန်စွာ လှုပ်ရှားလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုတောက်ပသော အလင်းစက်ကို လေဟာနယ် အက်ကွဲကြောင်း မပိတ်မီပင် သူ၏လက်ဖဝါးထဲသို့ အမိအရ ပြန်လည်ဆုပ်ကိုင် ရယူနိုင်ခဲ့လေသည်။
ကုချန်သည် လက်ဖဝါးကို ဖွင့်ကာ ငုံ့ကြည့်လိုက်၏။
၎င်းသည် လက်သီးဆုပ်အရွယ်ခန့်ရှိသော နတ်ဘုရားသတ္တုတစ်ခုဖြစ်၍ တစ်ခုလုံး ရွှေရောင်ဖျော့ဖျော့ရှိကာ မျက်နှာပြင်ပေါ်တွင်လည်း တာအိုသင်္ကေတများစွာ ပေါင်းဆုံနေပြီး သင်္ကေတလေးပါး၏ အသက်ဝင်လှသော ပုံရိပ်များကို ဖန်တီးထားလေသည်။
အမြင့်ဆုံးအဆင့် အင်မော်တယ်သတ္တုတစ်ခု.....
ကုချန်၏လက်သည် အနည်းငယ် ဆုပ်ကိုင်လိုက်သော်လည်း သတ္တုမှာ အလွန်အမင်း မာကျောနေကြောင်း တွေ့လိုက်ရ၏။ အင်မော်တယ်ဘုရင်အဆင့် ရုပ်ခန္ဓာပင်လျှင် မခံနိုင်သော သူ၏ဆုပ်ကိုင်မှု စွမ်းအားက ဤအင်မော်တယ်သတ္တုကို လုံးဝ ထိခိုက်မှု မရှိစေခဲ့ပေ။
ဒါက ငါ အပြင်းအထန် ရှာဖွေနေခဲ့တဲ့ နတ်ဆိုးဧကရာဇ်အဆင့် အင်မော်တယ်သတ္တုများလား။
ကုချန်၏မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာခဲ့၏။
ဤသည်မှာ တစ်ခုတည်းသော ဖြစ်နိုင်ခြေပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က ထိုသေဆုံးနေသော စကြဝဠာ၏ ခေါင်းတလားထဲတွင် အင်မော်တယ်ဘုရင်အဆင့် အင်မော်တယ်သတ္တုများပင် ပြာအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်ကို သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။
ဤအင်မော်တယ်သတ္တုသည် ရှည်လျားသော နှစ်ကာလများကို ဖြတ်သန်းနိုင်ခဲ့သည်ဖြစ်ရာ ၎င်း၏အနှစ်သာရသည် ဘုရင်အဆင့်ထက် သာလွန်ကာ နတ်ဆိုးဧကရာဇ်အဆင့် အင်မော်တယ်သတ္တု ဖြစ်နိုင်ခြေ အများဆုံးပင်။
" ဧကရာဇ်အဆင့် အင်မော်တယ်သတ္တုလောက်ပဲ အသက်ရှင်ကျန်ရစ်နိုင်တာလား "
ကုချန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။
ဤကွေ့ရွှီးနယ်မြေထဲရှိ အရာအားလုံးသည် မည်သို့သော အဖြစ်အပျက်မျိုးကို ဖြတ်သန်းခဲ့ရသဖြင့် ယခုကဲ့သို့ အင်မော်တယ်သတ္တုများနှင့် နတ်ဘုရားရတနာများ အားလုံး ပြာအဖြစ် ပြောင်းလဲသွားခဲ့ရသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
ဧကရာဇ်အဆင့် အင်မော်တယ်သတ္တုသာလျှင် ကျန်ရစ်နိုင်ခဲ့သည်။
ဤအချက်က ကုချန်ကို အခြားကိစ္စတစ်ခုကိုပါ သတိရသွားစေခဲ့၏။
သူ ဤကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်ပြီးကတည်းက သက်ရှိတစ်ဦးတစ်ယောက်ကိုမျှ မမြင်ခဲ့ရသလို အလောင်းကောင် တစ်လောင်းကိုမျှပင် မမြင်ခဲ့ရချေ။
အစပိုင်းတွင် ဤကွေ့ရွှီးနယ်မြေထဲ၌ မည်သည့်သက်ရှိမျှ အသက်မရှင်နိုင်၍ မဟုတ်လျှင် တစ်ချိန်က ဤနေရာတွင် နေထိုင်ခဲ့ကြသော သက်ရှိများသည် ယခင်ကတည်းက ထွက်ပြေးသွားခဲ့ကြ၍ ဤကွေ့ရွှီးနယ်မြေမှာ သက်ရှိအရိပ်အယောင် ကင်းမဲ့ကာ ဗလာနတ္ထိ ဖြစ်နေရခြင်းဖြစ်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် ယခု ဤအင်မော်တယ်ဧကရာဇ်ဟု သံသယရှိရသော အလောင်းကောင်ကြီးကို မြင်သောအခါ ကုချန်၏စိတ်ထဲတွင် အခြားသော ခန့်မှန်းချက်တစ်ခု ပေါ်ထွက်လာခဲ့၏။
ဆိုလိုသည်မှာ တစ်ချိန်က ဤကွေ့ရွှီးနယ်မြေထဲတွင် သက်ရှိများ ရှိနေခဲ့သော်လည်း သူတို့သည် အချိန်၏တိုက်စားမှုကို မခံနိုင်ဘဲ အဆုံးအစမဲ့ နှစ်ကာလများအတွင်း ပြာအဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့ကြခြင်း ဖြစ်နိုင်သည်။
ထို့အပြင် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုသာလျှင် အလောင်းကောင်အဖြစ် ချန်ရစ်ထားနိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။
အခန်း ( ၅၁၆ ) - ဇဝေဇဝါဖြစ်စရာ၊ မိတ်ဆွေဟောင်းနှင့် ဆုံတွေ့ခြင်းနှင့် ဝေလငါးကြီး၏ အတွေ့အကြုံ
ကွေ့ရွှီးနယ်မြေသည် အဆုံးအစမဲ့ ကျယ်ပြောလှကာ အတွင်းတွင် မရေမတွက်နိုင်သော ပျက်စီးနေသည့် စကြဝဠာများ လွင့်မျောနေသည်။
သို့သော် ထိုစကြဝဠာများထဲတွင် မည်သည့်သက်ရှိ အရိပ်အယောင်မျှ မရှိချေ။ ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။
တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ထိုပျက်စီးနေသော စကြဝဠာများတွင် တစ်ချိန်က သက်ရှိများ ရှိနေခဲ့နိုင်သော်လည်း အဆုံးတွင် အချိန်ကာလက သူတို့၏တည်ရှိမှု အရိပ်အယောင် အားလုံးကို ဖျောက်ဖျက်ပစ်လိုက်ခြင်းပင်။ အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများသာလျှင် သူတို့၏ အလောင်းကောင်များကို ချန်ရစ်ထားနိုင်ပြီး သူတို့ တစ်ချိန်က တည်ရှိခဲ့ကြောင်းကို သက်သေပြနိုင်ခြင်း ဖြစ်မည်။
ထိုသို့ဆိုလျှင် ဤမရေမတွက်နိုင်သော သက်ရှိများ၏ အရိပ်အယောင်အားလုံးကို ဖျောက်ဖျက်ပစ်ရန်အတွက် နှစ်ကာလများ မည်မျှကြာကြာ လိုအပ်မည်နည်း။
ကုချန် ခန့်မှန်း၍ပင် မရနိုင်ချေ။ နှစ်သန်းပေါင်းများစွာပင် လုံလောက်မည် မဟုတ်ပေ။
ထို့အပြင် ကွေ့ရွှီးနယ်မြေထဲရှိ ထိုမရေမတွက်နိုင်သော ပျက်စီးနေသည့် စကြဝဠာများမှာ မည်သည့်နေရာမှ ရောက်ရှိလာသနည်း။ ၎င်းတို့သည် ဟွမ်သွမ့်ပင်လယ်ကြီးထဲမှ မျောပါလာခြင်းများလော။
ထိုသို့ဆိုလျှင် ကွေ့ရွှီးနယ်မြေနှင့် ဟွမ်သွမ့်ပင်လယ်ကြားရှိ နယ်နိမိတ်မျဉ်းဟာ မည်သည့်နေရာတွင် ရှိနေသနည်း။
အကယ်၍ ကွေ့ရွှီးနယ်မြေသည် ဟွမ်သွမ့်ပင်လယ်နှင့် အမှန်တကယ် ဆက်စပ်နေပါက ဤမျှ ကြာရှည်သော အချိန်ကာလအတွင်း ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်လာသော နတ်ဆိုးနယ်မြေမှ နတ်ဆိုးဧကရာဇ်များသည် တစ်စုံတစ်ရာကို သေချာပေါက် ရှာဖွေတွေ့ရှိပြီး ဖြစ်နေမည်ဟု ကုချန် ယုံကြည်လေသည်။
သို့သော် မည်သည့် နတ်ဆိုးဧကရာဇ်ကမျှ ကွေ့ရွှီးနယ်မြေ၏ တည်နေရာကို ယခုအထိ မရှာဖွေတွေ့ရှိသေးခြင်းက အခြေအနေသည် သူ တွေးထားသလောက် မရိုးရှင်းကြောင်း သက်သေပြနေ၏။
ကုချန်သည် သူ၏လက်ဖဝါးထဲရှိ လက်သီးဆုပ်အရွယ် အင်မော်တယ်ဧကရာဇ်အဆင့် နတ်ဘုရားသတ္တုကို တစ်ချက်ကြည့်လိုက်ကာ သေချာစွာ သိမ်းဆည်းလိုက်သည်။
အင်မော်တယ်ဧကရာဇ် အလောင်းကောင်ကြီးထံမှ ဤအင်မော်တယ်ဧကရာဇ်အဆင့် နတ်ဘုရားသတ္တုကို ကံကောင်းစွာ ရရှိခဲ့သော်လည်း ဤပမာဏသည် အဆုံးမဲ့ဓားကို အင်မော်တယ်ဧကရာဇ်အဆင့် လက်နက်အဖြစ် ပြောင်းလဲရန်အတွက်မူ အလွန် နည်းပါးလွန်းနေသေးသည်။
အဆုံးမဲ့ဓားကို ဧကရာဇ်အဆင့်လက်နက်အဖြစ် မြှင့်တင်ရန်အတွက် သူ၏ နောက်ခရီးစဉ်တွင် နောက်ထပ် အင်မော်တယ်ဧကရာဇ်အဆင့် နတ်ဘုရားသတ္တုများကို ထပ်မံ ရှာဖွေရမည် ဖြစ်သည်။
ကုချန်သည် သူ၏မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီး ရှာနာနတ်ဆိုးဧကရာဇ် သူ့ဆီသို့ ချဉ်းကပ်လာနေသော ဦးတည်ရာကို ခံစားသိရှိလိုက်ပြီးနောက် ထိုဦးတည်ရာသို့ ခရီးဆက်လိုက်လေသည်။
ယခု အရေးအကြီးဆုံးကိစ္စမှာ ရှာနာနတ်ဆိုးဧကရာဇ်နှင့် အမြန်ဆုံး သွားရောက် ပေါင်းဆုံရန်ဖြစ်သည်။ သူတို့ တွေ့ဆုံပြီးသွားပါက ကွေ့ရွှီးနယ်မြေကို စူးစမ်းလေ့လာသည်ဖြစ်စေ၊ အခြား နတ်ဆိုးဧကရာဇ်များကို သိမ်းသွင်းရန် ကြိုးစားသည်ဖြစ်စေ ပိုမို အဆင်ပြေချောမွေ့သွားပေလိမ့်မည်။
အဆုံးအစမဲ့ ဟွမ်သွမ့်ပင်လယ်ထဲတွင် ကုချန်သည် တစ်ကိုယ်တည်း ခရီးဆက်နေလေ၏။ လမ်းတစ်လျှောက် ဖြတ်သန်းသွားသော စကြဝဠာများစွာထဲသို့ ဝင်ရောက် စူးစမ်းလေ့လာရန် သူ မရည်ရွယ်ထားပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ ကနဦး စူးစမ်းလေ့လာမှုအပြီးတွင် သူ သေချာ နားလည်သွားခဲ့ပြီပင်။
ဤပျက်စီးနေသော စကြဝဠာများထဲတွင် ကောင်းမွန်သော ကံကြမ္မာအကျိုးပေးများ ရှိနေမည် မဟုတ်ပေ။ သူ အစပိုင်းတွင် ရောက်ရှိခဲ့သော စကြဝဠာကဲ့သို့ပင် ၎င်းတို့အတွင်းရှိ နတ်ဘုရားရတနာများနှင့် အင်မော်တယ်ပစ္စည်းများ အားလုံးသည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးဖြစ်ကာ မည်သည့် ကောင်းမွန်သောအရာမျှ ကျန်ရှိနေမည် မဟုတ်ချေ။
အချိန်မည်မျှ ကုန်လွန်သွားခဲ့မှန်း မသိရသော်လည်း အဆက်မပြတ် ရှေ့သို့ ဆက်သွားနေသော ကုချန်သည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူ၏နတ်ဘုရားဝိညာဉ် အနက်ရှိုင်းဆုံးနေရာ သူ ရင်းနှီးကျွမ်းဝင်းနေသော အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားမိလိုက်သောကြောင့် ဖြစ်သည်။
" ဒီအငွေ့အသက်က... "
သူ၏ နတ်ဘုရားဝိညာဉ်ထဲရှိ အငွေ့အသက်ကို ခံစားမိသောအခါ ကုချန်၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
၎င်းမှာ သူ ဟွမ်သွမ့်ပင်လယ်ထဲသို့ စူးစမ်းလေ့လာစဉ်က သူ သိမ်းသွင်းခဲ့သော ဟွမ်သွမ့်ဝေလငါးကြီး၏ အငွေ့အသက်ပင် ဖြစ်သည်။
ထိုအချိန်က ကုချန်သည် ထိုဝေလငါးကြီးကို သူ၏စီးတော်ယာဉ်အဖြစ် သူ၏ လက်အောက်တွင် ထားရှိခဲ့၏။ ခွဲခွာမသွားမီတွင် သူသည် ၎င်းကို အင်မော်တယ်ကျမ်း တစ်အုပ်ကိုပင် ပေးအပ်ခဲ့ပြီး ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများကို ဆက်လက် စူးစမ်းလေ့လာရန်၊ လမ်းတစ်လျှောက် တွေ့ရှိရသော ဖြစ်နိုင်ချေရှိသည့် ကံကြမ္မာအကျိုးပေး နေရာများ အားလုံးကို မှတ်တမ်းတင်ထားရန်နှင့် အနာဂတ်တွင် သူ့ကို ဆက်သွယ်အကြောင်းကြားရန် ညွှန်ကြားခဲ့၏။
ခွဲခွာမသွားမီတွင် ကုချန်သည် ဝေလငါးကြီး၏ အသိစိတ်ပင်လယ်ထဲသို့ သူ၏ နတ်ဘုရားအာရုံ အနည်းငယ်ကို ထည့်သွင်းပေးခဲ့၍ အနာဂတ်တွင် သူ့ကို အလွယ်တကူ ဆက်သွယ်နိုင်ရန် ပြုလုပ်ပေးခဲ့သည်။
ယခုမူ ထိုဝေလငါးကြီးထံမှ မှိန်ဖျော့ဖျော့ ခံစားမှုတစ်ခုကို သူ ရရှိနေပြီဖြစ်သည်။
ဤသည်က ဘာကို သက်သေပြနေသနည်း။
ကွေ့ရွှီးနယ်မြေသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်နေ၏။ ကုချန်၏ "ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" နည်းလမ်းပင်လျှင် အပြင်ဘက်ရှိ သူ၏ ပင်မခန္ဓာကိုယ်နှင့် ကိုယ်ပွားကို ဆက်သွယ်၍ မရနိုင်ခဲ့ချေ။
သို့သော် ယခုအခါ ဝေလငါးကြီး၏ တည်ရှိနေမှုကို သူ ခံစားသိရှိနိုင်နေ၏။
ဤသည်က ထိုဝေလငါးကြီးသည် ယခု ကွေ့ရွှီးနယ်မြေထဲတွင် ရောက်ရှိနေပြီး သူ့အနီးအနားတွင် ရှိနေကြောင်းကိုသာ သက်သေပြနိုင်ပေသည်။
ဒါပေမယ့် ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
အဲ့ဒီဝေလငါးကြီးက ကွေ့ရွှီးနယ်မြေထဲကို ဘယ်နေရာကနေ ဝင်လာတာလဲ။
ကုချန်မှာ သံသယများ ပြည့်နှက်နေသော်လည်း သူ ခံစားရသည့် ဦးတည်ရာအတိုင်း လိုက်သွားကာ သူ့အနီးအနားရှိ ပျက်စီးနေသော စကြဝဠာတစ်ခုကို ပစ်မှတ်ထားပြီး ၎င်းအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားလေသည်။
ဝေလငါးကြီးသည် ထိုပျက်စီးနေသော စကြဝဠာထဲတွင် ပုန်းအောင်းနေကြောင်း သူ ခံစားသိရှိနိုင်လေသည်။
တကယ်တမ်းလည်း ကုချန် ထိုပျက်စီးနေသော စကြဝဠာထဲသို့ ဝင်ရောက်သွားသောအခါ စကြဝဠာ လေဟာနယ်ထဲတွင် လွင့်မျောနေသော ဝေလငါးကြီးကို ချက်ချင်း မြင်တွေ့လိုက်ရတော့သည်။
နှစ်များစွာ ကြာပြီးနောက် ထိုဝေလငါးကြီးသည် အင်မော်တယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အင်မော်တယ်အရှင်သခင်အဆင့်သို့ပင် တက်လှမ်းတော့မည့် အရိပ်အယောင် ရှိနေသည်ကို တွေ့ရသဖြင့် ကုချန် အံ့အားသင့်သွားခဲ့သည်။
သို့သော် ဝေလငါးကြီး၏ လက်ရှိ အခြေအနေမှာ အလွန်တရာ ဆိုးရွားနေပုံပင်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ ပြည့်နှက်နေ၍ အရိုးများပင် ပေါ်နေသည့် နက်ရှိုင်းသော ဒဏ်ရာကြီးများကို မြင်တွေ့နေရကာ ဒဏ်ရာများမှ သွေးများမှာလည်း ခဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။
၎င်းသည် ဘာမျှမလုပ်နိုင်တော့ဘဲ ဤပျက်စီးနေသော စကြဝဠာထဲတွင် သေဆုံးမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရကြောင်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။
" ဝူး...! "
ဝေလငါးကြီးသည် ပျက်စီးနေသော စကြဝဠာထဲသို့ သက်ရှိတစ်ဦး ဝင်ရောက်လာသည်ကို ခံစားသိရှိလိုက်ရသောအခါ ချက်ချင်းပင် အလွန်တရာ ကြောက်လန့်နေသည့် အမူအရာကို ပြသလိုက်၏။
သို့သော် ပျက်စီးနေသော စကြဝဠာထဲသို့ ဝင်ရောက်လာသည့် သက်ရှိမှာ ကုချန်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ၎င်း၏ ကြီးမားသော မျက်လုံးများထဲရှိ အထိတ်တလန့်ဖြစ်မှုသည် ချက်ချင်းပင် အလွန်အမင်း ဝမ်းသာအားရဖြစ်မှုအဖြစ်သို့ ပြောင်းလဲသွားကာ တိုးညှင်းသော ညည်းတွားသံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
ဤသည်ကို မြင်သောအခါ ကုချန်သည် တုံ့ဆိုင်းမနေတော့ချေ။ သူသည် လက်ဖဝါးကို ဆန့်ထုတ်ကာ ဝေလငါးကြီးကို ပွတ်သပ်ပေးလိုက်၏။
သူသာ အနည်းငယ် နောက်ကျပြီး ရောက်လာခဲ့ပါက ဤဝေလငါးကြီးသည် ဤနေရာတွင် အမှန်တကယ် သေဆုံးသွားလိမ့်မည်ပင်။
သူ၏လက်ဖဝါးမှ လွန်စွာ သန့်စင်သော သက်စောင့်ချီများ ဆင်းသက်လာ၍ ဝေလငါးကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။ ချက်ချင်းဆိုသလိုပင် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် မျက်စိရှေ့တွင်ပင် လျင်မြန်စွာ ကျက်သွား၍ အစက အားနည်းယိုယွင်းနေသော နတ်ဘုရားဝိညာဉ်သည်လည်း အစွမ်းထက်သော အားဆေးတစ်ခွက်ဖြင့် အားဖြည့်လိုက်သည့်အလား လျင်မြန်စွာ ပြန်လည် ပြည့်ဖြိုးလာကာ မကြာမီမှာပင် တက်ကြွသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။
" ဝူး...! "
ပြန်လည် နိုးထလာသော ဝေလငါးကြီးသည် ချက်ချင်း ကုချန်၏ဘေးသို့ ရောက်လာကာ ကုချန်၏ အဝတ်အစားများကို ၎င်း၏ ကြီးမားသော ခေါင်းကြီးဖြင့် ချစ်စနိုး ပွတ်သပ်ရင်း သူ၏အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်နေပုံရလေသည်။
" မင်း ဒီကို ဘယ်လိုရောက်လာတာလဲ "
ဝေလငါးကြီး ပြန်လည် တက်ကြွလာသည်ကို မြင်သောအခါ ကုချန်သည် အချိန်မဖြုန်းတော့ဘဲ ဤနေရာသို့ ရောက်ရှိလာရသည့် အကြောင်းရင်းကို ချက်ချင်း မေးမြန်းလိုက်၏။
သူ၏အမြင်တွင် ဤဝေလငါးကြီးသည် ကွေ့ရွှီးနယ်မြေထဲတွင် မည်သည့်အကြောင်းကြောင့်မျှ ရောက်လာစရာ အကြောင်းမရှိချေ။ ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိ၏။ ၎င်းမှာ ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံး နေရာများတွင် နတ်ဆိုးနယ်မြေ အနက်ရှိုင်းဆုံးရှိ ဟွမ်သွမ့်ဂူပေါက်ကဲ့သို့သော ဝင်ပေါက်တစ်ခု ရှိနေပြီး ထိုမှတစ်ဆင့် ဤဝေလငါးကြီးသည် မတော်တဆ ဝင်ရောက်မိကာ ဤကွေ့ရွှီးနယ်မြေထဲသို့ ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။
" ဝူး...! "
ကုချန်၏မေးခွန်းကို ကြားသောအခါ ဝေလငါးကြီးသည် သဘာဝကျကျပင် တုံ့ဆိုင်းမနေရဲဘဲ ၎င်း၏ ခရီးစဉ်အကြောင်းကို ကုချန်အား ချက်ချင်း ရှင်းပြလေသည်။
၎င်း၏ ရှင်းပြချက်အပြီးတွင် ကုချန် အကြမ်းဖျင်း နားလည်သွားခဲ့၏။
သူနှင့် ဝေလငါးကြီးတို့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း ဝေလငါးကြီးသည် သူ၏ ညွှန်ကြားချက်များအတိုင်း ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံး နေရာများတွင် ကံကြမ္မာအကျိုးပေး နေရာမျိုးစုံကို ရှာဖွေခဲ့ပြီး ၎င်းတို့၏တည်နေရာများကို မှတ်တမ်းတင်ကာ အနာဂတ်တွင် ကုချန်အား ပေးအပ်ရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော် နှစ်များတစ်လျှောက် ၎င်းရှာတွေ့ခဲ့သော ကံကြမ္မာအကျိုးပေး နေရာများ၏ တည်နေရာများသည် အထူးတလည် ထူးခြားဆန်းကြယ်ခြင်း မရှိခဲ့သဖြင့် ကုချန်ကို ဆက်သွယ်ရန် အလျင်စလို မဖြစ်ခဲ့ပေ။
နောက်ပိုင်းတွင် ဝေလငါးကြီးသည် ဟွမ်သွမ့်ပင်လယ်၏ မသိနိုင်သော အနက်ရှိုင်းဆုံးနေရာတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး ထိုနေရာတွင် ဧရာမ အလောင်းကောင်ကြီးတစ်ခု အထီးကျန်စွာ လွင့်မျောနေသည်ကို တွေ့ရှိခဲ့ရသည်။ ဤအလောင်းကောင်ကြီး၏ ပတ်ပတ်လည်တွင် ရှေးဟောင်း စကြဝဠာ ထောင်ပေါင်းများစွာ တွဲလျက် ရှိနေလေသည်။
ဝေလငါးကြီးသည် ဤရှာဖွေတွေ့ရှိမှုကို ကုချန်အား ချက်ချင်း အသိပေးရန် ရည်ရွယ်ခဲ့သော်လည်း ထိုအလောင်းကောင်ကြီးသည် စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံနေရသည့်အလား ဟွမ်သွမ့်ပင်လယ် နက်ရှိုင်းရာထဲသို့ အဆက်မပြတ် ရွေ့လျားသွားနေသည်ကို တွေ့လိုက်ရသည်။