← Chapters

မင်းကများ ငါ့ကို ရန်စရဲတယ်ပေါ့

Vol. 12 Ch. 1144

မင်းကများ ငါ့ကို ရန်စရဲတယ်ပေါ့

Vol. 12 Ch. 1144

" ကျဲ့တိ သောက်ရူး ... အသေးအဖွဲ အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းလေးပဲ ရှိတာတောင်မှ မင်းက ငါ့ကို ပြဿနာရှာရဲတယ်ပေါ့လေ "

ပိုင်ရှောင်ချန်းက အေးစက်စက်နှာမှုတ်ကာ ဖြာထွက်နေသော အလင်းတန်းအသွင်ဖြင့် မြောက်ပိုင်းသို့ တဟုန်ထိုးသွားလိုက်သည်။

ယွမ်ဟိုင်စီရင်စုတွင် မဟာကောင်းကင်းသခင်၊ သရဲကြီးဘုရင်နှင့် ကျိုးရီရှင်းတို့သည် သူအဝေးသို့ပျောက်ကွယ်သွားသည့်အချိန်မှသာ ထွက်လာကြလေသည်။ သူတို့အားလုံးက ကသိကအောက် အကြည့်များ ဖလှယ်လိုက်ကြသည်။

" ဟို.... အဲဒါ ကျုပ်တို့ ကောင်းကင်ဧကရာဇ်လား "

ကျိုးရီရှင်းက မေးသည်။

" ပိုင်ရှောင်ချန်းဟုတ်ရဲ့လား "

သူက ပိုင်ရှောင်ချန်းကို ဤကဲ့သို့ တန်ခိုးအာဏာကြီးမားစွာ ပြုမူနေသည့်အသွင်ဖြင့် မည်သည့်အချိန်က မြင်ခဲ့ဖူးသည်ကို အမှန်တကယ် မမှတ်မိပေ။

သရဲကြီးဘုရင်မှာ ထိုနည်းတူ မယုံသင်္ကာ ဖြစ်နေပြီး အမှန်တကယ်ပင် ပိုင်ရှောင်ချန်းအကြောင်း သူ အသိဆုံးဖြစ်၏။ ဥပမာဆိုရလျှင် သရဲကြီးသစ်ခွပန်းကိစ္စကတည်းက ပိုင်ရှောင်ချန်းသည် နတ်မီးလျှံစမ်းသပ်ပွဲသွားရန် ဘာမဆိုလုပ်မည့်ပုံပေါ်ခဲ့သည်။ ထိုစဥ်က သူသည် ပိုင်ရှောင်ချန်းက မသွားခင် ပို၍များပြားသော ဆုလာဘ်များမျှားရန် ကြိုးစားနေသည်ဟု ထင်မြင်ယူဆခဲ့၏။ နောက်ပိုင်းတွင်မှ ပိုင်ရှောင်ချန်းမှာ သေရမည်ကိုကြောက်နေခြင်းသာဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။

ကိစ္စရပ်တချို့တွင် အန္တရာယ်အရိပ်အယောင်လေးတစ်ခုလေး ပါလျှင်တောင်မှ သူက ပါဝင်ရန် ငြင်းဆန်မည်ဖြစ်သည်။ အခြေအနေအများစုတွင် သူသည် မတတ်သာသည့်အဆုံးမှသာ အန္တရာယ်တွင်းထဲ သွားမည် ဖြစ်လေသည်။

ဤအခြေအနေတွင် ကောင်းကင်ဧကရာဇ်ကျဲ့တိ ၏ အပြူအမူများမှာ အတန်ငယ် တရားလွန်ပါသော်လည်း အခြေအနေကို မဖြေရှင်းနိုင်သည် မဟုတ်ပေ။ အထူးသဖြင့် အကြမ်းဖက်ရန် မလိုအပ်ချေ။ ထို့ကြောင့် သရဲကြီးဘုရင်မှာ ဖြစ်ပျက်နေသည်များနှင့် ပတ်သက်၍ အမှန်တကယ် ဇဝေဇဝါဖြစ်နေတော့သည်။

မဟာကောင်းကင်သခင်သည်လည်း ထိုနည်းတူ စိတ်ရှုပ်ထွေးနေသည်။ သူတို့သုံးယောက်က နောက်တစ်ခေါက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သိသာထင်ရှားစွာပင် ပိုင်ရှောင်ချန်းက ထူးထူးဆန်းဆန်း ပြုမူနေသည်ဟု သူတို့အားလုံး ခံစားနေရတော့သည်။

" အာ... "

မဟာကောင်းကင်းသခင်သည် ပုံမှန်အားဖြင့် ဖျတ်လတ်သော အတွေးအခေါ်ပညာရှင်ဖြစ်သော်လည်း သူသည်ပင် ဘာဖြစ်နေမှန်း တိတိပပ မသိပေ။ အချိန်အနည်းငယ်ကုန်လွန်သွားပြီးနောက် ပိုင်ရှောင်ချန်း၏ ယောက္ခမဖြစ်ပြီး သူ့ကို နားအလည်ဆုံးဖြစ်သည့် သရဲကြီးဘုရင်က သူ၏ပေါင်ကို ဖြန်းခနဲ ရိုက်ချလိုက်သည်။

" ကျုပ်သိပြီ။ ပိုင်ရှောင်ချန်း ကျင့်ကြံခြင်းအဆင့်တက်သွားတာ။ သူ့အရှိန်အဝါက အရင်ကထက် အားကောင်းနေတယ်။ သူ နောက်ဆုံးတရားအားထုတ်တဲ့အချိန်မှာ အခွင့်ကောင်းယူနိုင်တဲ့ ကံကြမ္မာကောင်းတစ်မျိုးမျိုး ရသွားတာ ဖြစ်မယ်။ မဟားဒယားဝပြဲနေတာကနေ သူ့ပုံမှန်ခန္ဓာကိုယ် ပြန်ဖြစ်သွားတဲ့ကိစ္စက သူ့ကျင့်ကြံခြင်းအခြေခံကို တကယ် တိုးတက်စေလိုက်တာပဲ "

ကျိုးရီရှင်းနှင့် မဟာကောင်းကင်သခင်မှာ ထိုစကားကြောင့် အံ့အားသင့်သွားပုံရသော်လည်း နည်းနည်းပါးပါးတွေးတောပြီးနောက် ၎င်းက ဖြစ်တန်ရာကြောင်း သဘောပေါက်လိုက်သည်။

" အဲဒါသာ အမှန်ဆိုရင် တကယ့် ပိုင်ရှောင်ချန်း စရိုက်အတိုင်းပဲ... "

ကျိုးရီရှင်းနှင့် မဟာကောင်းကင်သခင်မှာ ရယ်မည်လား၊ ငိုရမည်လား မသိတော့ပေ။

သူတို့က အနေရက်ခက်ခက် သက်ပြင်းချလိုက်စဥ် ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ အလွန်ကျေနပ်ကာ လေဟုန်ခွင်း၍ ပျံသန်းနေလေသည်။ သူသည် တိုက်ခိုက်လိုစိတ်များနှင့်အတူ ယုံကြည်ချက်များ တဟုန်းဟုန်းတောက်လျက် ကုန်လွန်သွားသည့်အခိုက်အတန့်တိုင်း အရှိန်တင်နေတော့သည်။

ယနေ့ကို သူ အချိန်အတော်ကြာသည်အထိ စောင့်ဆိုင်းနေခဲ့ရသည်။ ယခင် သူ အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်မှာတုန်းက မတတ်သာ၍ ခြေနှစ်ဖက်ကြား အမြှီးကုပ်ကာ ထိတ်လန့်ဖွယ်ကောင်းသည့်ပုံပေါ်စေရန် မြောက်ပိုင်း၏ မဟာဓားကိုသာ အားထားခဲ့ရသည်။

သို့သော် ယခုတွင် သူသည် အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်ကို တက်သွားခဲ့ပြီဖြစ်၍ ယေဘုယျအားဖြင့် သတိရှိရန် လိုပါသေးသော်လည်း အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်ရှိ လူတစ်ယောက်ကို မှုနေစရာ မလိုတော့ပေ။ သူက မြောက်ပိုင်း၏မဟာဓားကို သုံးလိုက်မည်ဆိုပါက အခြေခိုင်မာခြင်းအဆင့်ပညာရှင်တစ်ယောက်က ချီစုစည်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နေသည့်အလား ဖြစ်ပေမည်။

အဝေးမှကြည့်ပါက သူသည် ကောင်းကင်ကို ဖြတ်၍ လျှပ်စီးလက်သည့်အလား သွားလာနေသော ကြယ်ပျံကြီးတစ်လုံးပမာ ဖြစ်နေပြီး ကောင်းကင်နှင့်မြေကြီးတွင် ထစ်ခြုန်းသံများ ပြည့်နှက်သွားစေသည်။

သူ၏ဖြတ်သန်းသွားလာမှုကြောင့် ပထဝီမြေကြီးပင် တသိမ့်သိမ့်တုန်သွားပြီး တဝုန်းဝုန်းပေါက်ကွဲသံများ မရပ်မနားပဲ့တင်သွားလေသည်။ ထိုမျှသာမက သူ၏ဖြတ်သန်းမှုက တိမ်တိုက်များအား တပွက်ပွက်ထလာပြီး သူ့ပတ်လည်တွင် ခြုံထည်တစ်ခုအသွင် ရစ်ပတ်သွားစေတော့သည်။

၄င်းသည်ကား အစမှအဆုံး ကီလိုမီတာ ငါးထောင်ရှိပြီး ဧရာမအရိပ်ကြီးပမာ ဖြစ်စေသည့် ညနေခင်းအလင်းရောင်ကို မှောင်မိုက်သွားစေသည့် ခြုံထည်ကြီးတစ်ထည် ဖြစ်ပေသည်။

အောက်ဖက်ရှိ မြောက်ပိုင်းသားကျင့်ကြံသူများအားလုံးမှာ သူတို့မြင်နေရသောအရာကြောင့် တုန်လှုပ်သွားကြလေသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံ မည်သည့်အဆင့်ပင် ဖြစ်စေကာမူ နတ်ဘုရားတစ်ပိုင်းအဆင့်၏ မဟာစက်ဝန်းရှိ ပညာရှင်များပင် ပင့်သက်ရှိုက်၍ မော့ကြည့်လိုက်ကြသည်။

" အဲဒါ ကောင်းကင်တံတားဘုရင်ပဲ "

" ငါ့လခွမ်း … ဘာတွေဖြစ်နေတာတုန်း။ စစ်ဖြစ်နေတာလို့ မပြောနဲ့နော် "

" ဒါ ကောင်းကင်ဧကရာဇ်ကျဲ့တိရဲ့ ကောင်းကင်တံတားသားတွေအားလုံးကို အကျဥ်းချခိုင်းတဲ့ အမိန့်တွေကြောင့် ဖြစ်ရမယ်။ ကောင်းကင်တံတားဘုရင်က ဒီကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက်တွေနဲ့ ရောက်လာတာပဲ "

အောက်ဖက်မှ မရေမတွက်နိူင်သော ပင့်သက်ရှိုက်သံများ ကြားလိုက်ရစဥ် ပိုင်ရှောင်ချန်းသည် ထိုဒေသရှိ အကြီးဆုံးမြို့တော်နှင့် နီးကပ်သွားသည်အထိ တောင်စဥ်တောင်တန်းများ၊ လွင်ပြင်များကို ဖြတ်၍ အရှိန်အဟုန်ပြင်းစွာ သွားနေလေသည်။

ကောင်းကင်ဧကရာဇ်၏ တရားဝင်စံအိမ်သည် ကုန်းစွန်းဝမ်အာ၏ ယာယီ စီမံရေးရာနန်းတော်နှင့် အလွန်ကွာခြား၏။ ၄င်းသည် ပြန့်ကားနေသော တောင်ပံများနှင့် စိန်းစိန်းဝါးဝါးကြည့်နေသော မျက်လုံးကြီးများဖြင့် ရက်စက်ကြမ်းကြုတ်သော ဝေဟင်သားရဲကြီးတစ်ကောင်၏ ဧရာမရုပ်တုကြီး ဖြစ်သည်။ သတ္တဝါကြီး၏ ပါးစပ်က ဟနေရာ ကောင်းကင်တုန်ခါသွားစေသော အော်သံကြီး ထုတ်လွှတ်နေသည့်ပုံပေါ်နေလေသည်။

ကောင်းကင်ဧကရာဇ်အမျိုးမျိုးတွင် သူတို့ပိုင်ဆိုင်သည့် မြင့်မြတ်သောနယ်မြေအမျိုးမျိုးရှိပြီး နေရာတစ်ခုကို ကြီးကြပ်ရန် တာဝန်ပေးခံရသောအခါ သူတို့သည် သူတို့၏ မြင့်မြတ်သောနယ်မြေကို မှော်အတတ်များအားဖြင့် နေရာအသစ်ထံ မကြာခဏ ရွှေ့ပြောင်းတတ်ကြသည်။

ကောင်းကင်ဧကရာဇ်ကျဲ့တိသည် ယခုလောလောဆယ်တွင် သူ၏မြင့်မြတ်သောနယ်မြေ၌ တင်ပျဥ်ခွေလျက် ထိုင်နေ၏။ သူသည် သက်လတ်ပိုင်းအရွယ်ဖြစ်ဟန်တူပြီး ပုံမှန်ကောင်းကင်ဧကရာဇ်တစ်ပါးထက် ငယ်ရွယ်သည်ဟုဆိုနိုင်ပေသည်။ သို့သော် သူ့ထံမှ တလိပ်လိပ်ထွက်လာနေသော စိတ်စွမ်းအားအငွေ့အသက်များမှာ နည်းနည်းလေးပင် အားမနည်းပေ။ သူက အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင်သာ ဖြစ်သည့်တိုင် သရဲမယ်တော်နှင့် တူညီလုနီးကား ထူးချွန်ပြောင်မြောက်ပြီး အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေသေးသည်။

သူက ကောက်ချိတ်နေသော နှာခေါင်းရှည်ရှည်နှင့် ပါးလျသော နှုတ်ခမ်းများဖြင့် ပိန်ပိန်ပါးပါး ဖြစ်သည်။ သူသည် အေးစက်သုန်မှုန်နေသော အမူအရာဖြင့် ရက်စက်သော လူတစ်ယောက်ဖြစ်၏။ ပိုင်ရှောင်ချန်း လာနေသည်ကို အာရုံရလိုက်သောအခါ သူ၏မျက်လုံးများ ဖျတ်ခနဲပွင့်သွားကာ တောက်ပသော အပြာရောင်မျက်ဝန်းများ ပေါ်လာသည်။

သူ၏မျက်လုံးပြာများနှင့်ပတ်သက်၍ သူ့ကို အလွန်နှစ်လိုဖွယ်ကောင်းသည့်ပုံပေါ်နေစေရာ အနီးနားရှိ အမျိုးသမီးတိုင်း၏ အကြည့်များအား ချက်ချင်းဆွဲဆောင်လိုက်မည့် အမျိုးအစား ဖြစ်သည်။

" ဒေါသူပုန်ထနေတာက ဘာသဘောတုန်း "

သူက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး အေးစက်စက်နှာမှုတ်၍ ထရပ်ရန် ပြင်လိုက်ချိန် ရုတ်တရက် မိုးခြိမ်းသံတမျှကျယ်လောင်သော အသံကြီးတစ်သံ လေထဲ ပြည့်နှက်သွား၏။

" ကျဲ့တိ သောက်ရူး … မင်းကများ ရာရာစစ ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့ "

ပိုင်ရှောင်ချန်းသည် အလှမ်းဝေးနေသေးသော်လည်း သူ၏အသံက ကောင်းကင်ဧကရာဇ် ကျဲ့တိနှင့်သက်ဆိုင်သော ဧရာမငှက်ရုပ်တုကြီးကို ဝင်တိုက်လိုက်သေးလေသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ယခင်ကထက် ဆယ်ဆပို၍ အရှိန်တင်လိုက်သည်။

ယခင်က ပိုင်ရှောင်ချန်းသည် အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် သူက အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံဖြင့် မီးကုန်ယမ်းကုန်သွားနေလေသည်။ သူ့အတွက် ကောင်းကင်ဧကရာဇ်ကျဲ့တိ၏ မြင့်မြတ်သောနယ်မြေ တည့်တည့်ရောက်ရန် အချိန်တခဏသာ ကြာလိုက်သည်။ ရောက်လာသည့်အခိုက်အတန့်တွင် သူက ညာလက်ကို ဆန့်ထုတ်၍ ရုပ်တုကြီးကို ရိုက်ချလိုက်သည်။

ဧရာမပေါက်ကွဲသံကြီးတစ်သံသည် ဘေးပတ်လည်ရှိ နယ်မြေများအားလုံးကို ပြည့်နှက်သွားကာ ပဲ့တင်ထပ်သွားသည်။ အံ့ဩဖွယ်ကောင်းစွာ ဒုတိယအင်မော်တယ်နယ်မြေရှိ ကျင့်ကြံသူများစွာက သူတို့၏ကိုယ်ပိုင်ညာလက်များကို အလိုအလျောက်ဆန့်ထုတ်၍ ပိုင်ရှောင်ချန်း၏ လှုပ်ရှားမှု အသွင်ဆောင်လိုက်ကြသည်။

ဤသည်ကား ... စိတ်ဆန္ဒမှော်အတတ်ကလွဲ၍ တခြားမဟုတ်ပေ။

ပိုင်ရှောင်ချန်းသည် သည်းခံနေချိန်တွင် ယခုကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်။ သို့သော် ယခုတွင် သူက လှုပ်ရှားနေသည်ဖြစ်ရာ ချက်ချင်းပင် သူ၏စိတ်စွမ်းအားကို အသုံးပြုလိုက်သည်။ အကျိုးဆက်အနေဖြင့် မိုးကောင်းကင်တွင် ဧရာမလက်ကြီးတစ်ဖက်ပေါ်လာပြီး ရုပ်တုကြီးထံ ထစ်ခြုန်းမြည်ဟည်းကာ တရိပ်ရိပ် သွားနေပြီး ၄င်း၏ အစွမ်းထက် အကာအကွယ်မှော်အတတ်များနှင့် အခြားအကာအကွယ်များအားလုံးကို ချက်ချင်း ဖျက်စီးပစ်လိုက်ရာ စတင်ပြိုကျလာတော့သည်။

ကောင်းကင်ဧကရာဇ်ကျဲ့တိ၏ စိတ်အစဥ်ကို အံ့သြခြင်းလှိုင်းတံပိုးများက မင်းမူသွားပြီး သူက ဒေါသတကြီးအော်ဟစ်၍ အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူက တန်ပြန်တိုက်ခိုက်ရန် ပြင်နေသည်ကို ပိုင်ရှောင်ချန်းမြင်သောအခါ အေးစက်စက်နှာမှုတ်လိုက်သည်။

အနှီလူသားအား တကယ့်တိုက်ပွဲစတင်ရန် မည်သည့်နည်းနှင့်မျှ အခွင့်အရေးတစ်ခု ပေးမည်မဟုတ်။ အစကတည်းက သူ့ကို ချေမှုန်းပစ်မည်သာ …

ကောင်းကင်ဧကရာဇ်ကျဲ့တိက တစတစပြိုကျလာသော ရုပ်တုကြီးမှ ထွက်ခွာရန်ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်းက မြောက်ပိုင်း၏ မဟာဓားကို ထုတ်ကာ လက်ကိုဝှေ့ယမ်းလိုက်သာည်။ ကမ္ဘာရတနာတစ်ပါး၏ စွမ်းအားကြီး လှိုင်းဂယက်များနှင့်အတူ အပြာရောင်အလင်းများ တလက်လက် ဖြာထွက်လာလေသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ရုပ်တုကြီးကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

" ကျဲ့တိ ကလေကချကောင် မင်းကများ ရာရာစစ ငါ့ကို ရန်စရဲတယ်ပေါ့လေ "

ပိုင်ရှောင်ချန်းမှာ ထိုစကားများအတွက် လွန်စွာသဘောတွေ့နေပြီး အတော်လေး အထင်ကြီးဖွယ်ကောင်းကြောင်း ခံစားလိုက်ရသည်။ ထိုအချိန်တွင် ဧရာမဓားကြီးကား ရုပ်တုကြီးအပေါ် သက်ဆင်းလာ၏။

တစတစပြိုကျလာခဲ့သည့် ရုပ်တုကြီးမှာ အရပ်မျက်နှာတစ်ခွင်သို့ အကျိုးအပဲ့၊ အပိုင်းအစများ လွင့်ထွက်သွားကာ ရုတ်တရက် ပေါက်ကွဲသွားရာ ၄င်း၏အလယ်တည့်တည့်တွင် မှင်သက်နေသော ကောင်းကင်ဧကရာဇ်ကျဲ့တိ ပေါ်လာတော့သည်။

သူ၏ဆံပင်များ ရှုပ်ပွနေပြီး သူ့ပါးစပ်မှ သွေးများစီးကျလာသည်။ သူ့လက်မှာ အရှေ့သို့ ဆန့်ထွက်နေပြီး သူက သူ့ကိုယ်သူကာကွယ်ရန် ယခုလေးတင် အသုံးပြုခဲ့သော စိတ်ဆန္ဒဖြင့် သက်ဝင်နေလေသည်။ သူ၏မျက်နှာပေါ်ရှိ အံအားသင့်နေသောအမူအရာမှာ ဖော်ပြရန် မဖြစ်နိုင်လုနီးပါးပင်။

" အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့် … ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

All Chapters