ရင်ဆိုင်ရန် ခဲယဥ်းသော
Vol. 12 Ch. 1145
"မင်း ဘာအမှားလုပ်မိလဲ သိလား ကျဲ့တိ "
ပိုင်ရှောင်ချန်းက စွမ်းအင်များ ကြောက်ခမန်းလိလိ တဟုန်းဟုန်းတောက်နေကာ လေထဲတွင် ရပ်နေလျက် ပြောလိုက်ရာ သူ၏အသံသည် ကောင်းကင်ဘုံမှ လာသော မိုးခြိမ်းသံကြီးအလား ပဲ့တင်ထပ်သွားတော့သည်။
ကောင်းကင်ဧကရာဇ်ကျဲ့တိ၏ မြင့်မြတ်သောနယ်မြေသည် ဤစီရင်စုမြို့တော်၏ အလယ်ဗဟိုတွင် တည်ရှိ၍ ပိုင်ရှောင်ချန်းသည် သူ့တိုက်ကွက်၏ အဖျက်စွမ်းအားသက်ရောက်မှုများကို ကန့်သတ်ကာ ထိန်းချုပ်ခဲ့သည်။ မြို့တော်၏ ကျန်မည်သည့်နေရာမှ မထိခိုက်လိုက်ပေ။ အမှန်ပင် ပတ်ဝန်းကျင်ရှိ မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများအားလုံး အံ့သြတကြီး လှမ်းကြည့်လိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာ သူက အတော်လေး ထိတ်လန့်အံ့သြဖွယ်ကောင်းသည့်ပုံပေါ်နေမည်ဟု ထင်မှတ်နေ၏။ သို့သော် ကောင်းကင်ဧကရာဇ် ကျဲ့တိက အလွန်တရာ ဒေါသူပုန်ထပြီး ဟိန်းဟောက်သံတစ်ခုဖြင့် မြောက်ပိုင်း၏ မဟာဓား၏စွမ်းအားမှ လွတ်မြောက်အောင် ကြိုးစားရန် ပြင်လိုက်သည်။
ပိုင်ရှောင်ချန်းက ဟွန့်ခနဲ နှာမှုတ်လိုက်၏။ သူက ညာလက်ဖြင့် မန္တန်လက်တစ်ကွက်ဖော်၍ မြောက်ပိုင်းမဟာဓား၏ အင်အားကို သုံးဆတိုးလိုက်သည်။ သူ ထိုသို့ လုပ်လိုက်စဥ် မီတာ ၃၀၀ အရှည်ရှိသော ဓားကြီးသည် တဖြေးဖြေး ကောင်းကင်ဧကရာဇ် ကျဲ့တိ၏ ခေါင်းထံ နီးကပ်လာလေသည်။
ဤဖြစ်ရပ်၏ ရလဒ်အနေဖြင့် ကုန်းမြေများ တသိမ့်သိမ့် တုန်ခါလာပြီး ကောင်းကင်ဧကရာဇ် ကျဲ့တိမှာ အသည်းအသန်ရုန်းကန်တော့သည်။ သူ၏ခန္ဓာကိုယ်မှာ အချိန်မရွေး ပြိုလဲတော့မည့်ပုံပေါ်နေသည်။ သူ့ပါးစပ်မှ သွေးများ အဆက်မပြတ် ပန်းထွက်နေပြီး သူ့ခြေထောက်ပတ်လည်တွင် အက်ကြောင်းများ တွန့်လိမ်ကောက်ကွေးထွက်ပေါ်လာတော့သည်။
မဟာဓားကြီးမှ ဖိအားသည် အလွန်ပြင်းထန်လှသောကြောင့် သူ ကိုယ်တွယ်နိုင်သည်လား မသေချာဖြစ်နေလေသည် ။ထို့ပြင် သူ ခြေလှမ်းတစ်ချက်မှားသည်နှင့် ဓားကြီးက သူ့ကို နှစ်ပိုင်းပိုင်းပစ်လောက်မည်ဖြစ်ကြောင်း ပြောနိုင်၏။
အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင်ဖြစ်၍ ပိုင်ရှောင်ချန်းသည် အမှန်တကယ်ပင် ကောင်းကင်ဧကရာဇ် ကျဲ့တိအား တစ်ယောက်တည်း ကိုင်တွယ်နိုင်လေသည်။ သို့သော် သူက မြောက်ပိုင်း၏ မဟာဓားကို အသုံးပြုနေ၏။ ထို့အတွက် သူသည် သူ့ကို ကိုင်တွယ်နေခြင်းသာမဟုတ် .... ချေမှုန်းနေခြင်းဖြစ်သည်။
" ငါ မင်းကို နောက်တစ်ခေါက် ထပ်မေးမယ် ကျဲ့တိ"
သူက ဝင်းလက်နေသော မျက်လုံးများနည်းတူ ရေခဲတမျှ အေးစက်နေသော လေသံဖြင့် ပြောသည်။
" မင်း ဘာအမှားလုပ်မိလဲ သိလား "
" မင်း ငါ့ကို သတ်ရဲမယ်ဆိုတာ ငါမယုံဘူး ပိုင်ရှောင်ချန်း "
ကောင်းကင်ဧကရာဇ် ကျဲ့တိက ဒေါသများဖြင့် မျက်နှာကြီး ရဲရဲနီလျက် အော်သည်။ သူက ထွက်မပြေးချင်၍ မဟုတ်။ အမှန်မှာ စိတ်စွမ်းအားနည်းနည်းပါးပါးအားဖြည့်ပေးထားသော လက်သီးတစ်ချက်က သူ၏မြင့်မြတ်သောနယ်မြေကို ပျက်စီးသွားစေသည်သာမက သူ့ကိုလည်း လှုပ်မရအောင် ချုပ်နှောင်ရန် လုံလောက်ခဲ့သည်။ ဤအခြေအနေမှ သူ ထွက်နိုင်သည့်တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ကျင့်ကြံခြင်းအခြေခံက သည့်ထက်ပို၍ မြင့်မှသာ ဖြစ်ပေသည်။
သို့ပေမည့် သူက အရှုံးမပေးလိုပေ။ သူသည် ပိုင်ရှောင်ချန်းက အမှန်တကယ် သူ့ကို သတ်နိုင်သည်ဟု မယုံနိုင်ချေ။ ထိုသို့ဖြစ်ပါက ကောင်းကင်ဧကရာဇ် ကျဲ့တိသည် ပြန်လည်အသက်သွင်းခံရမည်ဖြစ်ပြီး မိစ္ဆာဧကရာဇ်နိုင်ငံတော်နှင့် သူတော်စင်ဧကရာဇ်နိုင်ငံတော်ကြား တင်းမာမှုများနှင့် သဘောထားကွဲလွဲမှုများ ဖြစ်စေလိမ့်မည်။ အကျိုးသင့်အကြောင်းသင့် မစဥ်းစားတတ်သော သူပင် ထိုသည်ကို ထည့်သွင်းစဥ်းစားမည်ဖြစ်၏။
" ငါ သတ်ရဲမှာမဟုတ်ဘူးတဲ့လား "
ပိုင်ရှောင်ချန်းက ပြောသည်။ ရုတ်တရက် သူက အေးတိအေးစက်ရယ်လိုက်၏။
" ငါ ဘယ်သူလဲဆိုတာ မင်းမေ့သွားပြီထင်တယ်။ ထားပါတော့ ၊ ငါ မင်းကိုသတ်ရဲလား ကြည့်ကြတာပေါ့ကွာ "
သူ၏အရှိန်အဝါကား တဟုန်းဟုန်းတောက်နေလျက် သူက သတ်ဖြတ်လိုစိတ်များ တပွက်ပွက်ဆူနေပြီး မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီးနောက် သူ၏လက်ချောင်းကို မြောက်ပိုင်း၏မဟာဓားထံ ဝှေ့ယမ်းလိုက်သည်။
တုံ့ပြန်သည့်အနေဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံဖြင့် ထောက်ပံ့ပေးထားသော မြောက်ပိုင်း၏ မဟာဓားသည် စတင်တုန်ခါလာကာ အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်ရှိ မည်သူ့ကိုမဆို သိသာထင်ရှားစွာ သုတ်သင်ရှင်းလင်းပစ်နိုင်သော စွမ်းအားကြီးဓားချီတစ်ခုအား ထုတ်လွှတ်လိုက်သည်။
ကောင်းကင်ဧကရာဇ်ကျဲ့တိမှာ တဆတ်ဆတ်တုန်ရီလာတော့သည်။ သူသည် အဆုံးစွန်ထိ တွန်းပို့ခံခဲ့ရပြီးဖြစ်သောကြောင့် ဤဓားချီပေါ်လာအခါ သူ၏ယင်အင်္ဂါငါးခုနှင့် ယန်အင်္ဂါခြောက်ခုမှာ အသည်းခိုက်မတတ် နာကျင်စွာ တုန်ခါလာတော့သည်။ သူ၏အပေါ်တွင် ရစ်ဝဲနေသော မြောက်ပိုင်း၏ မဟာဓားကြီးက မီတာ ၃၀၀၀ အရွယ်အစားအထိ တိုးသွားသဖြင့် သူ့ပါးစပ်မှ သွေးများပန်းထွက်သွာပြီး ၄င်းက ကမ္ဘာအင်အားကြီးကို စတင် ထုတ်လွှတ်လာလေသည်။ ထို့နောက် ၄င်းက သူ့ကို ခုတ်ချလိုက်သည်။
ကောင်းကင်ဧကရာဇ်နှစ်ပါးအကြားရှိ ကွာဟမှုမှာ အလွန်ကြီးမားလွန်းသည်။ ကောင်းကင်ဧကရာဇ် ကျဲ့တိမှာ သူ့အပေါ် အသုံးပြုထားသည့် တိုက်ခိုက်စွမ်းရည်ကို ခုခံရန် မည်သို့လုပ်စေကာမူ သူက စစ်ရထားတစ်စီးကို တားဆီးရန် ကြိုးစားနေသည့် ဓားခုတ်ကောင်လေးပမာပင်။ သူ ပစ်လွှတ်လိုက်သည့် မည်သည့်မှော်ပစ္စည်းမဆိုဖျက်စီးခံလိုက်ရ၍ တဖောက်ဖောက်မြည်သံများ ထွက်ပေါ်လာပြီး သူထုတ်လွှတ်လိုက်သည့် မည်သည့်နတ်ဘုရားအစွမ်းမဆို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေကုန်လေသည်။ သူက မြောက်ပိုင်း၏မဟာဓားကြီးကို မော့ကြည့်လိုက်သည့်နောက်ဆုံး သူ၏နှလုံးသားကား တုန်လှုပ်မှုများဖြင့် တဒိန်းဒိန်းခုန်လာလေပြီ။
" သေစမ်း … သူက ကောင်းကင်တံတားဒေသကပဲ။ သူတော်စင်ဧကရာဇ်နိုင်ငံက မဟုတ်ဘူး။ ငါ့ကို သတ်တော့မယ်။ တကယ်ကြီး ငါ့ကို သတ်တော့မယ်။ သူ မိစ္ဆာဧကရာဇ်နိုင်ငံနဲ့ သူတော်စင်ဧကရာဇ်နိုင်ငံကို တကယ်စစ်ဖြစ်စေချင်နေတာပဲ "
ရုတ်တရက် ကောင်းကင်ဧကရာဇ်ကျဲ့တိမှာ ကျရောက်တော့မည်ကပ်ဘေးကြီးကို အာရုံရလိုက်သည်။ သူ သေလျှင် မိစ္ဆာဧကရာဇ်က သူ၏တာအိုသစ်စေ့ဖြင့် သူ့ကို ပြန်အသက်သွင်းပေးနိုင်ကြောင်း သိသော်လည်း တဆက်တည်းမှာပင် သူ၏အတိုက်အခိုက်စွမ်းရည်ကို ရာသက်ပန်ကျဆင်းမှုဖြစ်စေမည်ကိုလည်း ကောင်းကောင်းသိလေသည်။
၄င်းက သူ၏အနာဂတ်ကျင့်ကြံခြင်းကိုလည်း အတိုင်းထက်အလွန် ဆိုးဝါးစွာ ထိခိုက်စေမည် ဖြစ်သည်။ ထို့ကြောင့် သေခြင်းမှလွဲ၍ အခြားရွေးချယ်စရာရှိလျှင် သူရွေးမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းက မည်မျှ ရူးမိုက်သည်ကို သဘောပေါက်သွားသောအခါ အကြောက်တရားများက သူ၏နှလုံးသားကို ဖြတ်ညှစ်လိုက်ပြီး ရုတ်တရက် ပိုင်ရှောင်ချန်းကို ခြိမ်းခြောက်မိသည့်အပေါ် နောင်တရသွားတော့သည်။
သူက အဖြေတစ်ခု အသည်းအသန်စဥ်းစားနေချိန် မဟာဓားကြီးကား နီးကပ်သထက် နီးကပ်လာပြီး သေစေနိုင်လောက်အောင် ပြင်းထန်သော အန္တရာယ်အငွေ့အသက် ပို၍အားကောင်းလာလေသည်။ သူက နှစ်ပိုင်းပိုင်းခံရတော့မည့်အလား နဖူးပေါ်တွင် အနီကြောင်းကြီးတစ်ခုပင် ပေါ်လာပြီဖြစ်သည်။
သူက အံတင်းတင်းကြိတ်ကာ နောက်ဆုံးတွင် ပြောလိုက်၏။
" မင်းလူတွေ ခေါ်ပြီး ထွက်သွား ပိုင်ရှောင်ချန်း "
၄င်းမှာ အပြစ်ရှိခြင်း၏ တိုက်ရိုက်ဝန်ခံချက်မဟုတ်သော်လည်း တစ်နည်းနည်းဖြင့် ဟုတ်လေသည်။
သို့သော် ထိုသည်က ပိုင်ရှောင်ချန်း မျှော်လင့်နေသည့်အရာ မဟုတ်ပေ။ ဤနေရာသို့ သူ လာရောက်ခဲ့သည်မှာ အင်အားပြသရန် နှင့် လူတိုင်းအချက်နှစ်ချက်ကို သေချာသိစေရန် လာခြင်းဖြစ်သည်။ ပထမတစ်ချက်က သူသည် အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် မဟုတ်တော့ကြောင်းဖြစ်ပြီး နောက်တစ်ချက်က သူ့ကို လွန်လွန်ကျူးကျူးအတိုက်အခံလုပ်လာပါက ထိုလူများကို သတ်ပစ်မည့် ရူးမိုက်သောလူစားမျိုးဖြစ်သည့်အကြောင်း ဖြစ်သည်။
အခြားတစ်ဖက်တွင် သူသည် လုံးလုံးလျားလျားမလိုအပ်သရွေ့ ကောင်းကင်ဧကရာဇ်တစ်ပါးကို အမှန်တကယ် မသုတ်သင်သင့်ကြောင်းလည်း သိသည်။ ထိုမျှကြီးမားသောကိစ္စလုပ်လိုက်လျှင် သူတော်စင်ဧကရာဇ်သည် ပြစ်ဒဏ်အနေဖြင့် ယွမ်ဟိုင်စီရင်စုကို သေချာပေါက် ဝင်ရောက်သိမ်းပိုက်လျှင်သိမ်းပိုက်၊ မဟုတ်လျှင် အနည်းဆုံးတော့ ထိန်းချုပ်မည်ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် သူ့အား ထိုအခွင့်အရေး မပေးချင်ပေ။ သို့သော်ငြား ကောင်းကင်ဧကရာဇ် ကျဲ့တိကိုလည်း အထိအခိုက်မရှိဘဲ လွတ်မြောက်ခွင့်မပေးလိုပေ။
ထို့ကြောင့် သူက လိုက်လျောသည့်စကားလုံးများ ပြောခဲ့သည့်တိုင် ပိုင်ရှောင်ချန်း၏ မျက်လုံးများသာ ဝင်းလက်သွားပြီး သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လျက် ဓားကို အောက်လွှဲချလိုက်သည်။
" ငါ မင်းကို သတ်လို့မရလောက်ပေမယ့် " သူက ပြောသည်။
" မင်း သေမတတ်ကြောက်သွားအောင် ခြောက်လို့ရတယ် "
ပိုင်ရှောင်ချန်း၏ မျက်နှာအမူအရာ၊ သူ၏လှုပ်ရှားမှုများနှင့် သတ်ဖြတ်လိုစိတ်များအားလုံးသည် လုံးလုံးလျားလျား အသက်ဝင်နေလေရာ ကောင်းကင်ဧကရာဇ် ကျဲ့တိ၏ နှလုံးသားမှာ ပို၍ပြင်းပြင်းထန်ထန် တုန်ခါလာတော့သည်။
" ချီးပဲ ချီးပဲ။ ငါ သူတို့ကို လွှတ်ပေးဖို့ သဘောတူပြီးပြီလေ "
သူက ကျင့်ကြံခြင်းအခြေခံကို စွမ်းအားအပြည့် လည်ပတ်နေစေသော်လည်း သူ့ခေါင်းပေါ်ရှိ အက်ရာကြီးမှာ ကျယ်သထက်ကျယ်ပြီး ရှည်သထက်ရှည်လာတော့သည်။ သူ၏ခန္ဓာကိုယ် ဖျက်စီးခံရတော့မည်ကိုတွေး၍ သူက အံတင်းတင်းကြိတ်လိုက်သည်။
" ငါ ... ငါလုပ်ခဲ့တာ မှားတာသိတယ် "
သူ့ ပါးစပ်မှ စကားလုံးများ ထွက်လာသည့်တိုင် ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် ခါတိုင်းကဲ့သို့ အေးစက်နေမြဲဖြစ်ပြီး သူ့ဓား၏ လားရာသော်လည်းကောင်း၊ အဟုန်သော်လည်းကောင်း မပြောင်းလဲပေ။ ကောင်းကင်ဧကရာဇ် ကျဲ့တိ၏ ခေါင်းမှာ စတင်ဟက်တက်ကွဲလာရာ ခံပြင်းနာကျည်းသောအသံတစ်သံ ထွက်ပေါ်လာတော့သည်။
"ငါတို့နှစ်ယောက်ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး ပိုင်ရှောင်ချန်း"
ဤအချိန်တွင် သူသည် ပိုင်ရှောင်ချန်းက အရူးတစ်ယောက်ဖြစ်ကြောင်း လုံးဝဥဿုံယုံကြည်သွား၍ သူ၏အခြေအနေတွင် လွတ်မြောက်ရန် မျှော်လင့်ချက်တစုံတရာမရှိတော့ပေ။
သို့သော် စိတ်ပျက်လက်မှိုင်ကျသွားသည့်အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက မြောက်ပိုင်း၏မဟာဓားကို ဘေးကို ရမ်းလိုက်သည်။ ကောင်းကင်ဧကရာဇ်ကျဲ့တိ၏ ခေါင်းကို ထက်ခြမ်းခွဲပစ်မည့်အစား ၄င်းက သူ၏ညာပခုံးထံ ရွယ်၍ သူ၏လက်မောင်းကို ခုတ်ချလိုက်သည်။
သွေးများ နေရာအနှံ့ပန်းထွက်သွားပြီး ကောင်းကင်ဧကရာဇ် ကျဲ့တိက ခပ်အုပ်အုပ်ငြီးတွားလိုက်သည်။ တန်ပြန်အားကြောင့် သွေးများအရပ်မျက်နှာတစ်ခွင် ပန်းထွက်သွားပြီး သူ နောက်လွင့်ထွက်သွားတော့သည်။ သူ ရပ်သွားသောအခါ မကျေမချမ်းမှုများဖြင့် ပိုင်ရှောင်ချန်းကို မော့ကြည့်လိုက်သောအခါ အသက်ရှင်သွားသည့်အတွက် စိတ်သက်သာရာရသွားလေသည်။ ထို့နောက် သူက ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များ ရှိနေသေးသည်ကို မြင်လိုက်ရ၍ ပို၍ပင် ရင်ခုန်သံတို့ မြန်ဆန်သွားသည်။
" ငါစိတ်ပြောင်းသွားလို့ ကံကောင်းတယ်မှတ် " ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်၏။
" အခု မင်း ထွက်သွားနိုင်တုန်း ထွက်သွားစမ်း။ လက်စားချေချင်ရင် ယွမ်ဟိုင်စီရင်စုကိုသာ လာခဲ့လိုက်။ ငါစောင့်နေမယ် "
သူက လက်ကို ဝှေ့ယမ်းကာ မြောက်ပိုင်း၏ မဟာဓားကို ကျုံ့သွားစေပြီး သူ့ထံ ပျံလာစေလိုက်သည်။ သူက ဓားရိုးမှ ဆွဲကိုင်လိုက်သောအခါ ဓား၏ထိပ်ဖျား တုန်ခါသွားပြီး ပြန်းထန်သော တဝီဝီမြည်သံ ထွက်ပေါ်လာသည်။
ကောင်းကင်ဧကရာဇ် ကျဲ့တိမှာ သူ မည်မျှကံဆိုးခဲ့သည်ကို တွေးကာ သက်ပြင်းချလိုက်တော့သည်။ ဤကဲ့သို့ စိတ္တဇအရူးတစ်ယောက်ကို ဘယ်သူမှ ရန်စချင်မည် မဟုတ်ပေ။ ၄င်းမှာ မတန်လှချေ။ ယခု သူသည် ပုံပျက်ဆင်းပျက်ဖြစ်နေပြီး မျက်နှာပျက်ခဲ့ရလေပြီ။ သူ့ကိုယ်သူ နှစ်သိမ့်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သူ၏ပြိုင်ဘက်က အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ဖြစ်သည်ဟု သတိပေးရုံသာ ရှိတော့သည်။ နောက်ထပ်ဘာစကားမှမဆိုဘဲ သူက သူ၏လက်ပြတ်ကို ဆုပ်ကိုင်ပြီး စူးရှတောက်ပသော အလင်းတန်းပမာ အဝေးသို့ တဟုန်ထိုးထွက်သွားလေသည်။