မင်းကို သတ်မှာလား။ ေသချာတာပေါ့
Vol. 12 Ch. 1146
ပိုင်ရှောင်ချန်းက လက်နှစ်ဖက်ကျောနောက်ပစ်၍လက်နှစ်ဖက်နောက်ပစ်၍ ကောင်းကင်ဧကရာဇ် ကျဲ့တိ အဝေးထွက်ပြေးသွားသည်ကို ကြည့်ကာ ဂုဏ်ယူစွာရပ်နေသည်။ ထို့နောက် သူက အောက်ဘက်ရှိ မြေပြင်ကို ငုံ့ကြည့်ပြီး ယခု သူသည် မြောက်ပိုင်း၌ နံပါတ်တစ်ပုဂ္ဂိုလ်ကျော်ဖြစ်ကြောင်း သူ့ဘာသာသူ ကောက်ချက်ချလိုက်လေသည်။ အမှန်ပင် မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ ကျင့်ကြံသူများအားလုံးက ခေါင်းများငုံ့၍ လက်များယှက်ကာ အရိုအသေပေးနေကြသည်။
ပိုင်ရှောင်ချန်းသည် မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ မဟုတ်သော်လည်း ထာဝရအင်မော်တယ်နယ်မြေများတွင် စွမ်းအားကြီးသူများကို လေးစားသမှုရှိရလေသည်။ ၄င်းမှာ အလိုအလျောက်ဖြစ်သောအရာတစ်ခုဖြစ်၏။
ပိုင်ရှောင်ချန်း စကားတစ်ခွန်းပင် ပြောစရာမလို၊ ဒေသခံကျင့်ကြံသူများအားလုံးက ဖမ်းဆီးခံထားရသော ကောင်းကင်တံတားသားများအားလုံးကို ချက်ချင်း လွှတ်ပေးလိုက်ကြရာ သူက သူတို့ကို ယွမ်ဟိုင်စီရင်စုထံ ပြန်ခေါ်သွားလေသည်။ ထိုအချိန်တွင် သူနှင့် ကောင်းကင်ဧကရာဇ် ကျဲ့တိအကြားတိုက်ပွဲသတင်းသည် မြောက်ပိုင်းတစ်ခွင် ပျံ့နှံ့လာတော့သည်။ မကြာခင် သတင်းကား သူလျှိုများမှတစ်ဆင့် မဟာကောင်းကင်သခင်ထံ တဖြေးဖြေးပြန်ရောက်လာလေသည်။
မဟာကောင်းကင်သခင်မှာ ပိုင်ရှောင်ချန်းက ကိစ္စရပ်ကို ကိုင်တွယ်ခဲ့ပုံနှင့်ပတ်သက်၍ ခပ်ယဲ့ယဲ့သာပြုံးလိုက်နိုင်သည်။ သို့သော် ထိုအကြောင်းကိစ္စအား နှံ့နှံ့စပ်စပ်တွေးတောပြီးနောက် သူသည် သူဆောင်ရွက်ခဲ့ပုံကြောင့် အကျိုးအမြတ်နည်းနည်းရှိနိုင်ကြောင်း သဘောပေါက််လိုက်သည်။ အနည်းဆုံးတော့ လူအများအထင်ကြီးမည်ဖြစ်သည်။
သူက အရာအားလုံးကို ခြောက်ပြစ်စင်သဲလဲကင်း မကိုင်တွယ်နိုင်ခဲ့သော်လည်း သူ၏ထုတ်ဖော်မှုကြောင့် ဝပ်ကျသွားမည့် ရွံ့ရှာဖွယ်ရာလူတချို့ သေချာပေါက်ရှိပေသည်။ ထိုမျှသာမက သတင်းပျံ့သွားစဥ် ၄င်းက ယွမ်ဟိုင်စီရင်စုကို နယ်မြေများ၏ အခြားအပိုင်းများ၌ နေထိုင်သော ကောင်းကင်တံတားသားများအတွက် ပို၍လိုလားသော ဦးတည်ရာနေရာ ဖြစ်စေမည် ဖြစ်သည်။
ကောင်းကင်ဧကရာဇ် ကျဲ့တိနှင့် ပြဿနာများဖြေရှင်းပြီးသွားပြီး ရွှမ်ကျုံးစီရင်စုအခြေအနေလည်း ဘာမှထူးမလာခဲ့ပေ။ ပိုင်ရှောင်ချန်းက ဒုတိယကိစ္စနှင့်ပတ်သက်၍ အတန်ငယ် မသင်္ကာဖြစ်နေသေးသော်လည်း မိစ္ဆာဧကရာဇ်သော်လည်းကောင်း၊ သူတော်စင်ဧကရာဇ်သော်လည်းကောင်း ဘာမှဆက်မလုပ်ကြပေ။ အဆုံးသတ်တွင် ပိုင်ရှောင်ချန်းမှာ သူတို့နှစ်ယောက်က ယင်းကဲ့သို့ ကိစ္စမျိုးဖြစ်ပွားမည်ကို ခန့်မှန်းထားခဲ့ပြီးသားလားဆိုသည်ကို သံသယမဝင်မိဘဲ မနေနိုင်တော့ပေ။
ကံဆိုးစွာပင် သူ့အတွက် ဆက်လက်ရှာဖွေရန် သဲလွန်စသော်လည်းကောင်း၊ အကြံဉာဏ်သော်လည်းကောင်း မရှိသေးပေ။ ကုန်းစွန်းဝမ်အာသည် မကြာသေးသော ရက်များအတွင်း ၄င်းနှင့်ပတ်သက်၍ ထပ်သိနိုင်ကောင်း သိနိုင်သော်လည်း သူမသည် ဒုတိယအင်မော်တယ်နယ်မြေတွင် မရှိတော့ပေ။ ပိုင်ရှောင်ချန်းမှာ သံသယများအား သူ၏နှလုံးသားထဲတွင်သာ မြှုပ်နှံထားနိုင်တော့သည်။
" ငါ အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်မှာဆိုတော့ အခု အဆင့်ငါးဆယ့်တစ်ကို စိန်ခေါ်နိုင်မလား မသိဘူး။ ငါ့တွက်ချက်မှုတွေအရဆို အစောင့်အရှောက်ဝိညာဥ် အိပ်ပျော်နေလောက်တယ် "
အတန်ငယ်တွေးတောပြီးနောက် သူက ဆုံးဖြတ်ချက််ချပြီး အဆင့်အသစ်များကို စိန်ခေါ်ရန် ယပ်တောင်အစုတ်ကြီးထံ ဦးတည်လိုက်သည်။
အချိန်များ ကြွေလွင့်သွား၏။ နောက်ထပ် နှစ်လကုန်ဆုံးသွားလေပြီ။
ထိုအချိန်အတောအတွင်း ပိုင်ရှောင်ချန်းသည် အဆင့်များအကြား ရံဖန်ရံခါ ဒုတိယအင်မော်တယ်နယ်မြေထံ ပြန်လာတတ်သော်လည်း အချိန်အများစုမှာ ယပ်တောင်အပေါ်တွင် ဖြစ်သည်။ တစ်ချက်တည်းဖြင့် သူသည် အဆင့်ငါးဆယ့်တစ်မှ ငါးဆယ့်ရှစ်သို့ တရှိန်ထိုး တက်သွား၏။
သူသည် အတိတ်တုန်းကထက်ပင် ပို၍လျင်မြန်စွာ ရွေ့လျားနေရာ သူ၏အတိုက်အခိုက်စွမ်းရည် မြောက်မြားစွာ တိုးတက်ခဲ့သည့်ကို ထည့်တွက်ပါက ကျိုးကြောင်းဆီလျော်ပေသည်။ ထိုမျှသာမက သူသည် အချိန်အတော်ကြာကတည်းက အဆင့်များစိန်ခေါ်ခြင်းကိစ္စကို အသားကျလာခဲ့လေပြီ။
တချိန်တည်းမှာပင် သူက အလွန်သတိထားနေ၏။ အချိန်မည်မျှကုန်လွန်သွားခဲ့သည့်အပေါ် အခြေခံ၍ အစောင့်အရှောက်ဝိညာဥ်က မကြာခင် နိုးထလာတော့မည်ဖြစ်ကြောင်း အတန်အသင့် သေချာနေသည်။ ထို့ကြောင့် အဆင့် ငါးဆယ့်ရှစ်ပြီးဆုံးပြီးနောက် သူက တခဏအနားယူရန် ဆုံးဖြတ်လိုက်သည်။
သူ၏ခန်းမှန်းတွက်ချက်မှုများကား ကွက်တိပင်။ သူ ယပ်တောင်မှ ထွက်သွားပြီး ရက်အနည်းငယ်ကြာသော် အစောင့်အရှောက်ဝိညာဥ် နိုးလာ၏။ ပိုင်ရှောင်ချန်းကို မည်သည့်နေရာတွင်မှ မမြင်ရသောအခါ သူ ဒေါသမီးပွင့်သွားသည့်တိုင် ဘာမှမတတ်နိုင်ပေ။ ပိုင်ရှောင်ချန်း ကံကောင်းသွားသည်ဟုသာ ယူဆရင်း သူက အချိန်တချို့ကြာသည်အထိ စောင့်ပြီးနောက်ဆုံး ထပ်မံ အိပ်ပျော်သွားတော့သည်။
သို့နှင့် ပိုင်ရှောင်ချန်းက အစောင့်အရှောက်ဝိညာဥ် နိုးထမည့်အချိန်ကိုတွက်ချက်လိုက်၊ ထိုအတောအတွင်း ထိုနေရာသို့မသွားလိုက်နှင့် သံသရာလည်နေလေသည်။ ဤသို့ဖြင့် သူသည် အဆင့်ငါးဆယ့်ကိုးမှ..... ခြောက်ဆယ့်ခုနစ်အထိ တောက်လျှောက်တက်သွားတော့သည်။
" ဟမ့် … ပိုင်ရှောင်ချန်းက အဆင့်လေးနည်းနည်းပါးပါးကို စိန်ခေါ်ချင်ရင် အစောင့်အရှောက်ဝိညာဥ်ပဲဖြစ်နေပါစေ ဘယ်နည်းနဲ့မှ တားလို့မရဘူး "
အစောင့်အရှောက်ဝိညာဥ် နှစ်ကြိမ်ဆက်တိုက် နိုးလာသည့်အခါတိုင်း ပိုင်ရှောင်ချန်းက ယပ်တောင်အပေါ်တွင် မရှိသည့်တိုင် အဆင့်များစွာ တက်သွားခဲ့သည်ကို တွေ့လိုက်ရလေသည်။ ထိုအချိန်တွင် သူ၏မျက်လုံးများ ကြက်သွေးရောင်သမ်းလာပြီး သူက အချိန်အတော်ကြာနိုးနေစေရန် လျှို့ဝှက်သော်လည်း အလွန်တရာတန်ဖိုးကြီးပေးဆပ်ရသောနည်းလမ်းတချို့ကို အသုံးပြုလိုက်သည်။
" ဒီတစ်ကြိမ် အရှက်မရှိတဲ့ ပိုင်ရှောင်ချန်း လွတ်လိမ့်မယ်ဆိုတာ မယုံနိုင်ဘူး "
သူက တချိန်လုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲ ထိုင်နေလေသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက နောက်ဆုံးတွင် ယပ်တောင်ထံ ပြန်ရောက်လာ၏။
" အစောင့်အရှောက်ဝိညာဥ် အိပ်ပျော်နေလောက်ပြီ "
သူက တွေးလိုက်သည်။ ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်ကာ သူက အဆင့် ခြောက်ဆယ့်ကိုးဆီ ရိပ်ခနဲ လှုပ်ရှားလိုက်သည်။ သူက မဝင်ခင် နောက်ဆုံးတစ်ခေါက် လှည့်ပတ်ကြည့်လိုက်သေးသည်။
အတွင်းထဲတွင် သူအဆင့်ကို ပြတ်ပြတ်သားသားမြင့်ခွင့်မရသေးခင်မှာပင် ရုတ်တရက် ယခင်မည်သည့်အဆင့်ထက်မဆို များစွာသာလွန်သော သတ်ဖြတ်လိုသည့်လှိုင်းတစ်လုံးကို ခံစားလိုက်ရလေသည်။ ၄င်းမှာ ပိုင်ရှောင်ချန်း အပြည့်အဝရုပ်လုံးမပေါ်သေးမီ ဝေ့ဝိုက်တက်လသော လေဆင်နှာမောင်းကြီးအလားပင်။
သူက ရုတ်တရက် သေစေနိုင်သောအန္တရာယ်ကြီးကြောင့် ပင့်သက်ရှိုက်သွား၏။ သို့သော် စဥ်းစားရန်သော်လည်းကောင်း၊ အစီအစဥ်ဆွဲရန်သော်လည်းကောင်း အချိန်မရှိပေ။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အား ၁၂၀ရာခိုင်နှုန်းကို ဆင့်ခေါ်၍ သူက ကိုးမီတာရပ်ဝန်း တည်နေရာရွှေ့ပြောင်းခြင်းတစ်ခုဖြင့် နောက်ဆုတ်လိုက်သည်။
ထိုအခိုက်မှာပင် မရေမတွက်နိုင်သောဓားသွားများကဲ့သို့ အရာတစ်ခုက သူ့အရေပြားများကို သွေးထွက်နေသော အသားပိုင်းများဖြစ်အောင် ခုတ်ပိုင်းလိုက်သဖြင့် နာကျင်ခြင်းလှိုင်းတံပိုးများ သူ့စိတ်အစဥ်ကို ဖြတ်၍ စီးဆင်းသွားတော့သည်။ ထို့ပြင် ထိုသည်က နောက်ပြန် တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုပြီးနောက်မှသာ ဖြစ်ပေသည်။
သူ ယခုလေးတင် ရပ်ခဲ့သည်နေရာမှာ ဘာမှမရှိတော့သည်အထိ ပြိုကျသွား၏။ ဓားများဟု ခေါ်နိုင်သောအရာများမှာမူ အမှန်တကယ်တွင် တစ်ရွက်စီတိုင်းက ကောင်းကင်ဧကရာဇ်တစ်ပါးနှင့် ညီမျှသောအတိုက်အခိုက်စွမ်းရည်များကို ထုတ်လွှတ်နေသည့် မရေမတွက်နိုင်သောသစ်ရွက်များသာ ဖြစ်ပေသည်။ သစ်ရွက်ပေါင်း ထောင်ချီရှိပြီး လေဆင်နှာမောင်းကြီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။
ပိုင်ရှောင်ချန်းက တချိန်တည်းမှာပင် တုန်လည်းတုန်ရီကာ ဟိန်းလည်းဟိန်းဟောက်လိုက်ရင်း ထောင်ချောက်တစ်ခုအတွင်း သက်ဆင်းသွားခဲ့ပြီဖြစ်ကြောင်း ယုံကြည်၍ နောက်ဆုတ်လိုက်သည်။ သိသာစွာပင် ဤအဆင့်က ကောင်းကင်ဘုံကို ဆန့်ကျင်နေရသည့်ပမာ ခက်ခဲလွန်းလေသည်။
" မင်းလုပ်တာမလား အစောင့်အရှောက်ဝိညာဥ် "
သူက အဆင့်မှ ထွက်ခွာရန် ချက်ချင်းကြိုးစားလိုက်သော်လည်း တည်နေရာရွှေ့ပြောင်းခြင်းမှတစ်ဆင့် မထွက်သွားနိူင်ကြောင်း တွေ့လိုက်ရသည်။ ထိုသည်က သူ၏သံသယများကို အတည်ပြုလိုက်ပုံရလေသည်။
သူက သူ၏ခန္ဓာကိုယ်တလျှောက် ဖြတ်၍ စီးဆင်နေသော နာကျင်မှုကို လျစ်လျူရှူကာ ပြန်လည်ကုသရန် ထာဝရအအသက်ရှည်နည်းကျင့်စဥ်ကို သုံး၍ နောက်ဆုတ်လိုက်သည်။ ထိုအချိန်တွင် သစ်ရွက်ထောင်ပေါင်းများစွာ သူထံ ပြေးဝင်လာကြလေသည််။
သို့ထိတိုင် ဤမျှနှင့်မပြီးသေး။ ရုတ်တရက် နောက်ထပ်သစ်ရွက်လေဆင်နှာမောင်းတစ်လုံး သူ့နောက်တွင် ပေါ်လာကာ သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေရင်း သူ့ထံ ဦးတည်လာတော့သည်။ ခပ်ဝေးဝေးတွင် ... သုံးလုံးမြောက်၊ လေးလုံးမြောက်၊ ငါးလုံးမြောက် ... ကိုးလုံးမြောက် သစ်ရွက်လေဆင်နှာမောင်းအထိ တောက်လျှောက်ဖြစ်သည်။ သူသည် ယခုတွင် အဝိုင်းခံလိုက်ရပြီး မျှော်လင့်ချက်မရှိတော့သည့်ပုံပေါ်လေသည်။
သစ်ရွက်လေဆင်နှာမောင်များ၏ ရင်းမြစ်က အဝေးရှိ ဧရာမသစ်ပင်ကြီးဖြစ်သည်။ ၄င်းက မိုးထိအောင် မြင့်မားပြီး တိုင်းဆ၍မရလောက်အောင် လုံးပတ်ကတုတ်ခိုင်၏။
ထိုသစ်ပင်သည် အဆင့်ခြောက်ဆယ့်ကိုးတွင် တည်ရှိသည့် တစ်ခုတည်းသော အရာဖြစ်ပြီး သာမန်အားဖြင့် ဤမျှကြောက်စရာကောင်းမည် မဟုတ်ပေ။ သို့သော် အစောင့်အရှောက်ဝိညာဥ် ထိန်းချုပ်နေသဖြင့် သစ်ပင်ကြီးမှာ အလွန်များပြားသော သစ်ရွက်လေဆင်နှာမောင်းများ ထုတ်ပေးနေရ၍ သေဆုံးလုနီးပါး ခြောက်ကပ်သွားလေသည်။
ပိုင်ရှောင်ချန်းအတွက် ထိုသစ်ပင်ကြီးကို လက်သီးတစ်ချက်တည်းဖြင့် လဲသွားစေနိုင်သော်လည်း ယခုအချိန်တွင် သူက ကောင်းကင်ဧကရာဇ်အဆင့်၏ မဟာစက်ဝန်းရောက်နေလျှင်ပင် တောင်ခံရန် လုံလောက်မည်မဟုတ်သော သေစေနိုင်သည့် တိုက်ခိုက်မှုကြီးတစ်ခုဖြင့် ရင်ဆိုင်နေရလေသည်။
လောကနတ်ဘုရားဧကရာဇ်တစ်ပါးပင် လုံလုံလောက်လောက် စွမ်းအားကြီးမှ ဖြစ်ပေမည်။
" ချီးလိုပဲ။ သူငါ့ကို သတ်ဖို့ ကြိုးစားနေတာလား "
သူက ဘေးပတ်လည်ကို စိုးရိမ်တကြီး ဝေ့ဝိုက်ကြည့်နေစဥ် အစောင့်အရှောက်ဝိညာဥ်သည် ဧရာမသစ်ပင်ကြီးတစ်ပင်အပေါ်တွင် ၄င်းနှင့်စိတ်အဆင့်တစ်ခု ပေါင်းစပ်ထိန်းချုပ်နေရင်း မတ်တတ်ရပ်နေ၏။ ယခုတွင် ပိုင်ရှောင်ချန်း၏ ယပ်တောင်အစုတ်ကြီးအပေါ် ထိန်းချုပ်နိုင်မှုအဆင့်သည် အစောင့်အရှောက်ဝိညာဥ်ကို ပုံမှန်အတိုင်းမြင်နိုင်သည်အထိ တိုးတက်လာခဲ့ပြီးဖြစ်သည်။ သို့သော် အစောင့်အရှောက်ဝိညာဥ်က သစ်ပင်နှင့်တစ်သားတည်း ပေါင်းစပ်ထားခြင်းကြောင့် သူ့ကို မမြင်ရပေ။
“ မင်းကို သတ်မယ်တဲ့လား။ သေချာတာပေါ့ ”
အစောင့်အရှောက်ဝိညာဥ်က ပိုင်ရှောင်ချန်းကို ဒေါသတကြီးစိုက်ကြည့်နေရင်း သူ ကျင့်ကြံခြင်းအခြေအဆင့်တက်ခဲ့သည်ဖြစ်စေ၊ အချိန်တာအို၏ ဉာဏ်အလင်းပွင့်ခြင်း အနည်းငယ်ရခဲ့သည်ဖြစ်စေ၊ အရေးမကြီးတော့ပေ။ အစောင့်အရှောက်ဝိညာဥ်ကား ကောင်းကင်ဧကရာဇ်တစ်ပါးကို အားကိုးရာမဲ့သော အခြေအနေသို့ ဆိုက်ရောက်သွားစေမည်ဆိုပါက နောက်ပိုင်းအဆင့်များ လွယ်သွားပါစေ မည်သည့်အရင်းအနှီးမဆို ပေးဆပ်နိုင်သည်အထိ ရူးမိုက်သောအဆင့်သို့သက်ဆင်းသွားလေသည်။
" မင်း ဒီအဆင့်ကို ကျော်ဖြတ်နိုင်မယ်ဆိုတာ ငါ မယုံနိုင်ဘူး။ မင်းသာ ကျော်ဖြတ်နိုင်ရင် ဟမ့် ငါ့မျိုးရိုးကို သေချာပေါက် မင်းရဲ့မျိုးရိုးနာမည် ပြောင်းပစ်မယ်ကွ "
သူက အေးစက်စက်ရယ်မောကာ အလွန်မာန်တက်ပြီး ယုံကြည်မှုရှိစွာဖြင့် ကျောနောက်လက်ပစ်၍ ရပ်နေလေသည်။
ပိုင်ရှောင်ချန်းသည် အစောင့်အရှောက်ဝိညာဥ်က အဆင့်အတွင်း၌ မည်သည့်နေရာမှာ ရှိနေကြောင်း ရှာဖွေရင်း အချိန်ကုန်ခံရန် ရည်ရွယ်ချက်မရှိပေ။ သူက ကုန်လွန်သွားသည့်အခိုက်အတန့်တိုင်း နီးကပ်သထက်နီးကပ်လာသော ဝိုင်းအုံနေသောသစ်ရွက်များကိုသာ ကြည့်နေနိုင်တော့သည်။
သစ်ရွက်များသည် ပင်ကိုယ်အားဖြင့် ကြောက်မက်ဖွယ်ကောင်းလေရာ တစ်ရွက်စီတိုင်းတွင် ကောင်းကင်ဧကရာဇ်တစ်ပါး၏ တိုက်ကွက်စွမ်းအားပါဝင်နေသည့် အရွက်တစ်သိန်းဆိုတော့ကား ဆိုဖွယ်ရာ မရှိတော့ပြီ။
ရုတ်တရက် သူ၏မျက်လုံးများ နီရဲသွားပြီး သူက အော်လိုက်သည်။
" မင်း ငါ့ကို အတင်းအကြပ် ဖိအားပေးနေတာပဲ အစောင့်အရှောက်ဝိညာဥ် "
သူက ဟိန်းဟောက်ရင်း မန္တန်လက်ကွက်တစ်ကွက်ဖော်၍ အနက်ရောင်အလင်းတန်းတစ်တန်းထုတ်လွှတ်လိုက်ရာ ...
ဒယ်အိုးကြီးတစ်လုံး ဖြစ်သွားလေသည်။
၄င်းသည်ကား အန္တရာယ်ဟူသမျှ ကြံ့ကြံ့ခံသော သူ၏လက်စွဲတော် လိပ်ဒယ်အိုးကလွဲ၍ တခြားမဟုတ်ပေ။