ရွံစရာကောင်း၊ အရှက်မရှိ၊ ပြုပြင်မရတော့တဲ့ကောင်
Vol. 12 Ch. 1147
ယခုအချိန်တိုင်အောင် ပိုင်ရှောင်ချန်းက လိပ်ဒယ်အိုး မည်သည့်နေရာက လာသည်ကို အတိအကျမသိသေးပေ။ သူ့စိတ်ထဲ ထင်မြင်ချက်အနည်းငယ်သာရှိပြီး လက်ဆုပ်လက်ကိုင်ပြစရာ မရှိပေ။
သို့သော် သူ သေချာသည့် တစ်ခုတော့ရှိ၏။ စားဖိုဆောင်ထံမှ ဒယ်အိုးကို ရရှိခဲ့သည့်အခိုက်အတန့်မှစ၍ ဤမျှမာကြောကြံ့ခိုင်သော အရာတစ်ခုကိုမှ မကြုံတွေ့ခဲ့ဖူးပေ။
နတ်ဘုရားအာရုံ၊ မှော်အတတ်၊ အပြင်အားအဆင့်၊ မှော်ပစ္စည်းများ မည်သည့်အရာဖြစ်စေ ၄င်းကို မဖျက်စီးနိုင်ပေ။ ထိုမျှအထိ သူ အခိုင်အမာယုံကြည်သည်။
သေစေနိုင်သော အဆုံးမဲ့ သစ်ရွက်လှိုင်းတံပိုးများကို ရင်ဆိုင်ရသည်တွင် ပိုင်ရှောင်ချန်း၏နှလုံးသားမှာ ကြောက်စိတ်များဖြင့် ဒုန်းဆိုင်းခုန်နေသည့်တိုင် စိတ်ပျက်အားငယ်မှုများမရှိဘဲ သူက ဟိန်းဟောက်၍ သူ၏လိပ်ဒယ်အိုးကို ထုတ်ပြီး ဒယ်အိုး၏အောက်တွင် နေရာယူလိုက်စဥ် အစောင့်အရှောက်ဝိညာဥ်မှာမူ သစ်ပင်ပေါ်တွင် ရပ်ကာ စောင့်ကြည့်နေသည်။ ဖြစ်ပျက်နေသည့်အရာအား သူ မြင်သောအခါ ပထမဦးစွာ အံ့သြတုန်လှုပ်သွားပါသော်လည်း တဟားဟားအော်ဟစ်ရယ်မောလိုက်လေသည်။
" ဒီ အရှက်မရှိတဲ့ ပိုင်ရှောင်ချန်းက ကောက်ကာငင်ကာ ရူးသွားတာလား "
သူ၏မျက်လုံးများထဲဝယ် လှောင်ပြောင်ခြင်းအလင်းတစ်စ ဝင်းလက်နေလျက် ပြောသည်။
" အဲဒီလို ဒယ်အိုးမျိုးက သစ်ရွက်တစ်သိန်းကို တားနိုင်တယ်ထင်နေလား။ မကြာခင် ဒီအဆင့်က စိတ်ပျက်မှုတွေက လွဲပြီး တခြားဘာနဲ့မှ အစားထိုးလို့မရလောက်အောင် ငါ အစွမ်းကုန် ပေးဆပ်ထားတယ်ဆိုတာသာ သူသိသွားရင် စိတ်ပျက်လက်ပျက်ဖြစ်သွားလိမ့်မယ် "
သို့သော် ထိုလှောင်ပြောင်မှုအလင်းတစ်စ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ပိုင်ရှောင်ချန်းက မြေကြိီးပေါ် ဘုတ်ခနဲ လှဲချလိုက်သည့် တချိန်တည်းမှာပင် မရေမတွက်နိုင်သော အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့် သစ်ရွက်များ လိပ်ဒယ်အိုးကို ဝင်တိုက်သွားကြသည်။ ထို့နောက် အစောင့်အရှောက်ဝိညာဥ်၏ မျက်လုံးများ ပြူးကျယ်သွား၏။
" မဖြစ်နိုင်ဘူး "
သူက မယုံကြည်နိုင်မှုများဖြင့် တဆတ်ဆတ်တုန်နေလျက် ပင့်သက်ရှိုက်လိုက်သည်။
ဖြစ်ပေါ်နေသည် မြင်ကွင်းကား အလွန်အံ့သြဖွယ်ကောင်းလှ၍ စိတ်ကူးယဥ်နိုင်သည့်အရာအားလုံးကို သွေဖယ်နေတော့သည်။ သစ်ရွက်တစ်ရွက်လေးပင် လိပ်ဒယ်အိုးကို မထိခိုက်ဘဲ အမှန်တကယ်ဆိုရလျှင် တန်ပြန်အားတိုက်ကွက်ကြောင့် သစ်ရွက်များ အစိတ်စိတ်အမြွှာမြွာ ပျက်စီးသွားသည်။
သစ်ရွက်များက ဖန်နှင့်ပြုလုပ်ထားသော မြားများဖြစ်ပြီး လိပ်ဒယ်အိုးက ကျောက်တုံးကြီးအလားပင်။ လိပ်ဒယ်အိုးကြီးအား မည်မျှ အထိခံရစေကာမူ နည်းနည်းလေးပင် အရာမယွင်းပေ။
ဤအချိန်တွင် အစောင့်အရှောက်ဝိညာဥ်၏ ယုံကြည်ချက်များမှာ လုံးဝလဲပြိုလုနီးပါး ဖြစ်သွားတော့သည်။
" မဖြစ်နိုင်တာ။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...။ ချီး ချီး ချီး ”
" ဒီကောင်က အရှက်မရှိတဲ့ လူလိမ်ကောင်။ ဒီပိုင်ရှောင်ချန်း ... သ...သူ ... သူ့ကို ငါ ဘာမှလုပ်မရဘူးလို့ မပြောနဲ့နော် "
အစောင့်အရှောက်ဝိညာဥ်မှာ ရူးသွပ်တော့မည့်ကန့်သတ်ချက်နှင့် နီးကပ်သထက် နီးကပ်လာတော့သည်။
" ပထမ သူ ငါ့ဆီက အာဏာလုပ်ြီးတော့ တခြားစိန်ခေါ်သူတွေအားလုံးကို မောင်းထုတ်ခဲ့တယ်။ အမှောင်သမားေတာ်တွေရဲ့ တစ်ကမ္ဘာလုံးကိုလည်း ပျက်စီးလုနီးပါးဖြစ်အောင် လုပ်တဲ့အပြင် ကဝေမတွေနဲ့ကျတော့လဲ ပိုတောင် အရှက်မရှိပြုမူခဲ့သေးတယ်။ အခု ... ဒါကိုရင်ဆိုင်ဖို့အတွက်လဲ သူ့မှာ အဖိုးထိုက်ရတနာတစ်ပါးရှိသေးတယ်လား။ သောက်ကျိုးနည်းကွာ အဲဒါ ဘယ်လို ဒယ်အိုးကြီးတုန်း "
ဒယ်အိုးတွင် မည်သည့်အရာမှ ဖြစ်ပွားပုံ မပေါ်သည့်တိုင် အောက်က ပိုင်ရှောင်ချန်းမှာ သွေးများအန်နေဆဲ ဖြစ်သည်။ ဒယ်အိုးကို မည်သည့်နတ်ဘုရားအစွမ်းမှ ထိခိုက်အောင် မလုပ်နိုင်ပါသော်လည်း ထိုးနှက်ချက်များအားလုံးကြောင့်ဖြစ်လာသော တုန်ခါမှုများကြောင့် ပိုင်ရှောင်ချန်း၏ ယင်အင်္ဂါငါးခု နှင့် ယန်အင်္ဂါခြောက်ခုမှာ မခံမရပ်နိုင်လောင်အောင် တုန်ခါလာတော့သည်။
သူသာ တမူထူးခြားစွာ စွမ်းအားကြီးသော အပြင်ခန္ဓာကိုယ်နှင့် ကောင်းကင်ဘုံကိုပင် အာခံနိုင်သည့် ပြန်လည်ကုစားခြင်းအစွမ်းရှိသော အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် မဟုတ်ပါက သစ်ရွက်များအားလုံး ဒယ်အိုးကို ထိမှန်၍ အရှိန်မပျယ်သေးခင် သွေးခဲတုံးများ ဖြစ်သွားတန်ရာသည်။
သူ၏လက်ရှိအဆင့်ဖြင့်ပင် မယုံနိုင်စရာကောင်းလောက်အောင် ရင်ဆိုင်ရခက်နေသေးသည်။ သူ သွေးများ အဆက်မပြတ်အန်နေပြီး မျက်လုံးများ ရဲရဲနီနေပြိီဖြစ်သည်။ သူ၏ပြန်လည်ကုစားခြင်းစွမ်းအားမှာမူ ကန့်သတ်ချက်ရောက်သည်အထိ အလုပ်လုပ်နေကြသည်။ အသက်တစ်ရှိုက်ရှူချိန်တိိုင်းက သူ့အတွက် တစ်နှစ်လုံးကြာသည့်ပုံပေါ်နေချေသည်။
" နေနှင့်ဦးပေါ့ အစောင့်အရှောက်ဝိညာဥ်ရေ။ တစ်ရက်ရက်ကျရင် ကိုယ်တော်ပိုင် ဘယ်လောက်အံသြစရာကောင်းလဲ မင်းသေချာသိသွားစေရမယ် "
နာကျင်မှုများ သူ၏ခန္ဓာကိုယ်ကို ထိုးစိုက်နေစဥ် သူက အစောင့်အရှောက်ဝိညာဥ်ကို ကျိန်ဆဲပြီး အံတကြိတ်ကြိတ်ဖြစ်နေတော့သည်။
ဤသို့ဖြင့် ပိုင်ရှောင်ချန်းနှင့် အစောင့်အရှောက်ဝိညာဥ်တို့ကား လိပ်ဒယ်အိုးနှင့် အစိတ်စိတ်ကြေမွနေသော သစ်ရွက်များဖြင့်သာ ခြားနားထားလျက် တစ်ယောက်ကိုတစ်ယောက် ကျိန်ဆဲနေကြတော့သည်။
ပိုင်ရှောင်ချန်းသည် အချိန်မည်မျှကုန်သွားသည်ကို မသေချာသော်လည်း နောက်ဆုံးတွင် အပြည့်အဝပြန်လည်သက်သာလာလေပြိီ။ တိုက်ခိုက်နေသော သစ်ရွက်များကား ယခုတွင် လုံးဝပျောက်ကွယ်သွားသည့်ပုံပေါ်လေသည်။
အခြေအနေများ တည်ငြိမ်သွားပြီဖြစ်ကြောင်း သေချာအောင် နှစ်ကြိမ်စစ်ဆေးပြီးနောက် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းတစ်ရှိုက်ရှူပြီး လိပ်ဒယ်အိုးအစွန်းကို ဖြေးဖြေးချင်း မလိုက်သည်။ ဘေးကင်းကြောင်း အတည်ပြုပြီးနောက် သူက ထရပ်လိုက်သည်။
သူ့ကို ဝန်းရံနေသည်က ခြောက်သွေ့ညှိုးနွမ်းနေပြီး ဖုန်မှုန်များဖြစ်နေသည့် မရေမတွက်နိုင်သော သစ်ရွက်များ၏ အကြွင်းအကျန်များသာ ဖြစ်သည်။ သူ မော့ကြည့်လိုက်သောအခါ တစ်ကမ္ဘာလုံးတွင် ထိုတူညီသော ခြောက်သွေ့ညှိုးနွမ်းသော အငွေ့အသက် ရှိနေသည်။
၄င်းမှာ အချိန်အတော်ကြာမြင့်လွန်းစွာ တည်ရှိခဲ့သည့်အလားဖြစ်ပြီး ယခုတွင် တစတစ ကြေမွပျက်စီးလာနေလေပြီ။ ပိုင်ရှောင်ချန်းက သက်ပြင်းချကာ သူ၏လိပ်ဒယ်အိုးကို သိမ်းဆည်းပြီးနောက် မေးကို မော့၍ ကျယ်လောင်စွာ ပြောသည်။
" မင်း ငါ့ကို တကယ် ကိုင်တွယ်နိုင်လို့လား လူရှုပ်ကလေး "
သူသည် အစောင့်အရှောက်ဝိညာဥ်က ပတ်ဝန်းကျင်တွင်ရှိကြောင်း သိ၍ သူ့ကို မြင်ရန် မျှော်လင့်ချက်များဖြင့် နတ်ဘုရားအာရုံတချို့ပင် ထုတ်လွှတ်လိုက်သည်။
ခန့်မှန်းထားသည့်အတိုင်း ဧရာမသစ်ပင်ကြီးမှ ဒေါသတကြိီးဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်သွားကာ ၄င်း၏ မျက်နှာပြင်ပေါ်တွင် မျက်နှာကြီးတစ်ခု ရုပ်လုံးပေါ်လာသည်။
၄င်း၏ မျက်လုံးများက အရိုးထဲထိ နက်ရှိုင်းသော အမုန်းတရားများနှင့် စိတ်ပျက်မှူများဖြင့် ပြည့်နှက်လျက် ပိုင်ရှောင်ချန်းကို ဒေါသတကြီး စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ ယခုလောလောဆယ်တွင် ပိုင်ရှောင်ချန်းရှေ့၌ တစ်ကိုယ်လုံးမပေါ်နိုင်ဘဲ သူက သူ့ကိုယ်သူ ဖော်ပြရန် ဤနည်းလမ်းကို ရွေးချယ်လိုက်ပေသည်။
သူသည် အစက သူ့ကိုယ်သူဖော်ပြရန် မရည်ရွယ်ခဲ့သော်လည်း ဆိုးရွားစွာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ပိုင်ရှောင်ချန်းကြောင့် လုံးလုံးလျားလျား ဒေါသထွက်သွား၍ အတိုင်းအတာတစ်ခုထိ စိတ်လွတ်သွားလေသည်။
ဧရာမသစ်ပင်ကြီးက သူ့ကိုတိုက်ခိုက်တော့မည့်အလား ရှေ့သို့ယိမ်းလာသဖြင့် ပိုင်ရှောင်ချန်းမှာ အတန်ငယ် လန့်ဖျပ်လျက် နောက်ဆုတ်လိုက်မိသည်။
သို့သော် ယခုလောလောဆယ်တွင် သူသည် သစ်ပင်ကြီး၏ မျက်နှာက အစောင့်အရှောက်ဝိညာဥ်မျက်နှာဖြစ်ကြောင်း လုံးဝမသေချာသေးပေ။
" သိဖို့ တစ်နည်းပဲ ရှိတယ် ထင်တယ် "
ဒေါသူပုန်ထနေသော သစ်ပင်ကြီးကို လျစ်လျူရှုကာ သူက လည်ချောင်းရှင်း၍ အနားကပ်သွားပြီး ပတ်ပတ်လည်ကို လမ်းလျှောက်ကြည့်ပြီး မတူညီသောရှူထောင့်များမှ စူးစမ်းလိုက်၏။ မျက်နှာကြီးမှာမူ သူ၏စိန်းစိန်းဝါးဝါးအကြည့်ကို ထိန်းသိမ်းရန် သစ်ပင်ကြီး၏ မျက်နှာပြင်တစ်လျှောက် လိုက်ရွေ့လျားနေလေသည်။
တခဏကြာသော် ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ် ခတ်ပြီးနောက် မေးလိုက်သည်။
" ဟေး ခုနက မင်းဘာပြောလိုက်တာတုန်း "
ဒေါသတညီးညီး တောက်လောင်နေသည့် အစောင့်အရှောက်ဝိညာဥ်က ပြောသည်။
" မင်းက လူလိမ်လို့ ငါပြောတာကွာ။ ပြီးတော့ အရှက်မရှိတဲ့ အလကားကောင် "
" လူလိမ်။ ငါက ငါ့ကိုယ်ငါ ကာကွယ်ဖို့ ဒယ်အိုလေးတစ်လုံး ငါ့အပေါ်အုပ်လိုက်တာပါ။ မင်းကို ငါ လျှိ့ဝှက်ချက်တစ်ခုလောက် ပြောပြရဦးမယ်။ ငါ ဒီယပ်တောင်အပေါ် တော်တော်များများ ထိန်းချုပ်နိုင်တဲ့ အကြောင်းရင်းက ငါနဲ့ အတူပြိုင်မယ့် သူတစ်ယောက်မှ မရှိဘဲ တစ်ယောက်တည်း ဖြစ်နေလို့ပဲ။ အဲဒါ ကမှ လိမ်တာကွ သိလား "
သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မျက်နှာကြီးမှာ ပြိုလဲတော့မတတ် ဖြစ်သွားတော့သည်။
" မင်း ပေါ်တင်ပြောရဲတယ်ပေါ့လေ။ မ..မင..မင်း.... တကယ်ပဲ ဝန်ခံတယ်လား။ လူပါးဝချက်ပဲ … ရွံစရာကောင်းတဲ့ ကလိမ်ကကျစ်ကောင်။ မင်းက ဒီလိုပေါ့လေ။ ငါ မင်းကို ဘယ်တော့မှ နိုင်ခွင့်မပေးဘူးလို့ ကျိန်တယ်ကွ "
အစောင့်အရှောက်ဝိညာဥ်မှာ ယခင်က အရှက်မရှိသောလူများကို တစ်ခါမှ မကြုံခဲ့ဖူး၍မဟုတ်။ သို့သော် တစ်ယောက်မှ ပိုင်ရှောင်ချန်း၏ ခြေဖျားကိုပင် မမှီပေ။
အစောင့်အရှောက်ဝိညာဥ်၏ ပေါက်ကွဲမှုက ပိုင်ရှောင်ချန်းကို မည်သူဖြစ်ကြောင်း အတည်ပြုလိုက်လေသည်။
" ချီး မင်းကိုး "
သူက စိန်းစိန်းဝါးဝါး ကြည့်၍ မြောက်ပိုင်း၏ မဟာဓားကိုထုတ်ကာ သစ်ပင်ကို ခုတ်ပိုင်းချလိုက်သည်။
အစောင့်အရှောက်ဝိညာဥ်၏ ကျိန်ဆဲသံများ၊ ကျိန်ဆိုသံများနှင့်အတူ ဝုန်းခနဲပေါက်ကွဲသံတစ်သံပဲ့တင်ထပ်သွားလေသည်။
" မင်းစောင့်သာနေ ပိုင်ရှောင်ချန်း။ ချီးပဲ ငါမင်းကို သတ်ပစ်မယ်ကွ။ အရှက်မရှိ၊ ရွံစရာကောင်းပြီး ပြုပြင်မရတော့တဲ့ ကောင် "
အစောင့်အရှောက်ဝိညာဥ်မှာ ပြောစရာများများစားစားမရှိကြောင်းသိလိုက်ရသဖြင့် ထိုစကားလုံးများကိုသာ ထပ်တလဲလဲ ပြောနေတော့သည်။ မည်သို့ပင်ဆိုစေ၊ ပိုင်ရှောင်ချန်းမှာ အတန်ငယ် ဒေါသထွက်လာလေသည်။ ထိုမျှသာမက သူက ယခုလေးတင် ထိုသစ်ရွက်များကြောင့် အတော်လေး နာကျင်ဆင်းရဲမှုဒဏ်ကို ခံစားခဲ့ရသည် မဟုတ်လော။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ အစောင့်အရှောက်ဝိညာဥ်ကို မရေမတွက်နိုင်သော သစ်သားအပိုင်းအစများဖြစ်အောင် မြောက်ပိုင်း၏ မဟာဓားဖြင့် ခုတ်ပိုင်းချလိုက်လေသည်။
ထိုအချိန်တွင် သူက အစောင့်အရှောက်ဝိညာဥ်၏ အရှိန်အဝါ သစ်ပင်မှ ထွက်ခွာသွားကြောင်း အာရုံရလိုက်သောအခါ ဂုဏ်ယူစွာ မတ်တပ်လိုက်သည်။
" ကောင်းကောင်းသာနေ လူရှုပ်ကလေး။ ငါမင်းရဲ့သခင် ဖြစ်တဲ့အချိန်ကျ မင်းကို ဘယ်လိုနေရာချထားမလဲ စောင့်သာကြည့်နေလိုက် "
လေထဲရှိ ရူးသွပ်နေသော အစောင့်အရှောက်ဝိညာဥ်မှာ ထိုစကားကိုကြားသောအခါ သွေးတစ်ပွက်အန်လုနီးပါးဖြစ်သွား၏။
" မင်း နေနှင့်ဦးပေါ့။ နောက်တစ်ကြိမ်ကျရင် ငါမင်းကို သေချာပေါက် သေချာပေါက်ကို ဖျက်စီးပစ်မယ်ကွ။ ငါကျိန်တယ် "