ကောင်းကင်တံတားတာအိုကို တိုက်ခိုက်ခြင်း
Vol. 12 Ch. 1150
ပိုင်ရှောင်ချန်း၏ ကောင်းကင်ဧကရာဇ်ကျဲ့တိနှင့် တိုက်ပွဲအကြောင်း ဇာတ်လမ်းများက အချိန်အတော်ကြာကတည်းက ပျံ့နှံ့လာပြီးဖြစ်သောကြောင့် ကောင်းကင်တံတားတာအိုသည် သူက အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင်ဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် သူက လက်ဦးမှုရန် မည်သည့်အရာကိုမှ မထိမ်ချန်ထားဘဲ ဝှက်ခဲတစ်ချပ်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။
ကံဆိုးစွာပင် သူက ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည်ကို နားလည်သည့်တိုင် ကိုယ်တိုင်ကိုယ်ကျ မတိုက်ခိုက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူ၏ တာအိုတံခါးကိုးပေါက်၏ စွမ်းအားအပြည့်ကပင် ဤအခြေအနေတွင် လုံလောက်မှုမရှိပေ။
ပိုင်ရှောင်ချန်းက တရစပ် လှုပ်ရှားလိုက်ပြီး သေစေနိုင်သောလက်သီးတစ်လုံး ထိုးနှက်ရန်အတွက်သာ အလွန်အာရုံစိုက်ထားသည်။ ထို့နောက် သူက စိတ်ကူးယဥ်ဗျူဟာများ အသုံးပြုမည့်အစား ရက်စက်သော လက်သီးချက်တစ်ချက်သာ ထုတ်လွှတ်လိုက်သည်။
၄င်းသည်ကား ထာဝရဧကရာဇ်လက်သီးကလွဲ၍ တခြားမဟုတ်ပေ။
၄င်းက စွမ်းအားငါးဆမဟုတ်ဘဲ ဆယ့်ငါးဆဖြစ်၏။
၄င်းသည် အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်၌ အပြီးပြည့်စုံဆုံးသော အပြင်အားလက်သီးချက်ကြီး ဖြစ်သည်။ သို့ထိတိုင် ဤမျှနှင့်မပြီးသေး။ ပိုင်ရှောင်ချန်းက လက်သီးချက်ကြီးအတွင်းသို့ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများလည်း ထည့်သွင်းကာ ပို၍ထိရောက်မှုရှိစေလိုက်သည်။ ကောင်းကင်ကြီး တဂျိန်းဂျိန်းထစ်ခြုန်းလာပြီး လေပြင်းများ တိုက်ခတ်လာသည်။ အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်ရှိ လူများ အလွန်အံ့အားသင့်သွားကြပြီး အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်ပညာရှင်များပင် သိသိသာသာမှင်သက်သွားတော့သည်။ နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်ရောက်နေသည့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခကဲ့သို့ အနီးနားရှိလူများမှာလည်း သူတို့၏အံ့သြမှူများကို မဖုံးဖိနိုင်ကြပေ။
တချို့က ဝင်ရောက်ဟန့်တားရန် တွေးလိုက်သော်လည်း ဘယ်သူမှ မြန်သင့်သလောက် မြန်နိုင်မည် မဟုတ်ပေ။ ကောင်းကင်တံတားတာအို၏ တာအိုတံခကိုးခု အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားရန် အချိန်အနည်းငယ်သာ ကြာလိုက်သည်။ တချိန်တည်းမှာပင် သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာကာ သူက တတ်နိုင်သမျှ မြန်မြန်နောက်ဆုတ်လိုက်သည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများကား သတ်ဖြတ်လိုစိတ်များဖြင့် တဟုန်းဟုန်းတောက်လောင်နေ၏။ သူသည် ကြီးမားသောစွမ်းအင်ကြီးဖြင့် ဝုန်းခနဲ တိုက်ခိုက်ခဲ့သော်လည်း ကောင်းကင်တံတားတာအိုမှာ သာမန်ပြိုင်ဘက်တစ်ယောက်မဟုတ်ပေ။ သူ၏ ပထမဆုံးတာအိုတံခါးကိုးခု ဖျက်စီးခံလိုက်ရသော်လည်း လျင်မြန်စွာပင် ဆယ်ခုခြောက် တာအိုတံခါးအဖြစ် ပြန်လည်ပေါင်းစည်းသွားကြသည်။
ကောင်းကင်တံတားတာအိုက ဟိန်းဟောက်ကြုံးဝါးကာ ၄င်းအား ပိုင်ရှောင်ချန်း၏ လမ်းကြောင်းကို တားဆီးရန် ရှေ့သို့ ပစ်လွှတ်လိုက်သည်။ တချိန်တည်းမှာပင် ကောင်းကင်ဧကရာဇ် ဝိရူပက္ခ၊ ကောင်းကင်ဧကရာဇ် ကျဲ့တိ၊ မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်တို့သည်လည်း ဝင်စွက်ဖက်ရန် အလောတကြီး ရှေ့တက်လိုက်ကြသည်။
အခြားမည့်သည့်အခြေအနေတွင်ဖြစ်စေ ဂူထျန်ကျွင်းနှင့် သူ၏ရောင်ရင်းကောင်းကင်ဧကရာဇ်များမှာ ဘာမှလုပ်မည် မဟုတ်ပေ။ သို့သော် ဧကရာဇ်နှစ်ပါးလုံးရှိပြီး ပိုင်ရှောင်ချန်းက သူတော်စင်ဧကရာဇ်နိုင်ငံတော်တွင် ကောင်းကင်ဧကရာဇ်တစ်ပါးအဖြစ် အနည်းဆုံးအမည်ခံရာထူးတစ်ခုကို ကိုင်ဆောင်ထားလေရာ သူတ်ို့မှာ သူတို့၏ မနှစ်မြို့မှုများကို မျိုသိပ်၍ တိုက်ပွဲထဲဝင်ပါရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ အမှန်ပင် နှစ်ဖက်လုံးရှိ ကောင်းကင်ဧကရာဇ်များ၏ ရည်ရွယ်ချက်မှာ တိုက်ပွဲကြီးတစ်ပွဲစတင်ရန်မဟုတ်ဘဲ ပိုင်ရှောင်ချန်းနှင့် ကောင်းကင်တံတားတာအိုကြား ဝင်ရောက်ဖြန်ဖြေရန်ဖြစ်သည်။
" ကောင်းကင်တံတားဘုရင် … စိတ် နည်းနည်းလောက် ထိန်းစမ်းပါ "
" ကောင်းကင်ဧကရာဇ်တု အဲဲဒီခွေးကောင်နဲ့ အဆင့်တူမသွားစေနဲ့ "
သူတို့က ထိုကဲ့သို့ အမျိုးမျိုးသော စကားများ အော်ဟစ်နေချိန်မှာပင် ပိုင်ရှောင်ချန်းက ကောင်းကင်တံတားတာအို၏ ဆယ်ခုမြောက် တာအိုတံခါးကို မထီမဲ့မြင်ကြည့်ပြီး ဘယ်သူမှ သူ့အနားကပ်မလာနိုင်ခင် မြောက်ပိုင်း၏ မဟာဓားကို ဆွဲထုတ်လိုက်သည်။
" ဒါကို မြည်းကြည့်စမ်း "
သူက ဓားကြီးကို တာအိုတံခါးထံ ခုတ်ချရင်း အော်လိုက်သည်။ လူတိုင်း သိသိသာသာအံ့သြလျက် ကြည့်နေစဥ်မှာပင် မြောက်ပိုင်း၏ မဟာဓားကြီးက စက္ကူကို ဖြတ်ချလိုက်သည့်အလား တာအိုတံခါးကို ပိုင်းချလိုက်သည်။ ထို့နောက် တဟုန်းဟုန်းတောက်လောင်နေသော ဓားချီများက ကောင်းကင်တံတားတာအိုအပေါ် ဆက်လက် ကျဆင်းသွားလေသည်။
ပိုင်ရှောင်ချန်းသည် မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ ကောင်းကင်ဧကရာဇ်များက ဤကဲ့သို့ ကြောင်ခမန်းလိလိ ဓားချက်ကြီးတစ်ချက်ကို ကောင်းကင်တံတားတာအိုအတွက် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဟန့်တားမည် မဟုတ်ကြောင်း လောင်းရဲ၏။ သူ၏ ယူဆချက် မှန်ကန်ပေသည်။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် သူ၏ဘက်တော်သားများက မျက်မှောင်ကြုတ်လျက်သာ ကြည့်နေကြသဖြင့် ကောင်းကင်တံတားတာအို မျက်နှာပျက်သွားလေသည်။
အမှန်ပင် ဤအချိန်၊ ဤနေရာ၌ ပိုင်ရှောင်ချန်းက ကောင်းကင်တံတားတာအိုနှင့် သေသည်အထိ မည်သည့်နည်းနှင့်မှ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သူ၏ ဓားကြီး ဆက်လက်နိမ့်ဆင်းလာချိန်မှာပင် အေးစက်စက်နှာမှုတ်သံတစ်ချက်က ကောင်းကင်နှင့်မြေပြင်တွင် မြည်ဟည်းသွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာဧကရာဇ််က ကောင်းကင်တံတားတာအို၏ အရှေ့တွင် ပေါ်လာလေသည်။ သူက အင်္ကျီလက်စလေးသာ ခါယမ်းလိုက်ရာတွင် စိတ်ကူး၍ပင်မရနိုင်သော စွမ်းအားတစ်ခု မည်သည့်နေရာကမသိ ပေါ်ထွက်လာပြီး သဘာဝနိယာမက ထောက်ပံ့ပေးထားသည့်အတွက် တစ်ကမ္ဘာလုံး မှေးမှိန်သွားတော့သည်။
သဘာဝနိယာမသည် မည်သည့်မှော်ပစ္စည်းကိုမှ မိစ္ဆာဧကရာဇ်အနီးနားရောက်ခွင့်ပေးမည် မဟုတ်ပေ။ သူ၏အကြည့်လေးတစ်ချက်ကြောင့် မိုးကောင်းကင်နှင့် မဟာပထဝီမြေကြီးသည် ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့်ပုံပေါ်ပြိီး အရာရာတိုင်း ပြင်းပြင်းထန်ထန် တုန်ခါလာလေသည်။ ပထမဆုံးအကြိမ်အနေဖြင့် မြောက်ပိုင်း၏မဟာဓားဖြစ်သည့် ကမ္ဘာရတနာသည် ပိုင်ရှောင်ချန်း၏ ထိန်းချုပ်မှုမှ လွတ်ထွက်သွားတော့သည်။ ၄င်းက တဆတ်ဆတ်တုန်ခါကာ ယခုလေးတင်ရှိသည့်် နေရာတွင် မနေချင်တော့ဘဲ အလိုအလျောက် နောက်သို့ပျံထွက်သွားလေသည်။
ပိုင်ရှောင်ချန်းမှာလည်း တန်ပြန်အားတစ်ခု၏ ရိုက်နှက်ခြင်းခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျသွားကာ နောက်သို့ ခြေလှမ်းပေါင်းများစွာ ယိမ်းယိုင်သွား၏။ သူ ထိုသို့ဖြစ်သွားချိန်မှာပင် ထာဝရအသက်ရှည်နည်းကျင့်စဥ်က သူ၏ဒဏ်ရာများကို ကုသပေးလေသည်။ တခဏကြာသော် သူက ရပ်သွားပြီး သူ၏အကြည့်ကို မိစ္ဆာဧကရာဇ်အပေါ်သို့ စူးစိုက်ကာ ခေါင်းမော့လိုက်သည်။
တချိန်တည်းမှာပင် သူတော်စင်ဧကရာဇ်က သူ့ကို မိစ္ဆာဧကရာဇ်ထံမှ ကာကွယ်ပေးရန်အလား ပိုင်ရှောင်ချန်းရှေ့တွင် ပေါ်လာသည်။
သူက ကျောနောက်လက်ပစ်ရင်း အေးစက်စက်နှာမှုတ်ကာ ပြောသည်။
" ခင်ဗျား နည်းနည်းတော့ လွန်နေတယ် မိစ္ဆာဧကရာဇ် "
မိစ္ဆာဧကရာဇ်မှာ ရယ်သည်ဆိုရုံသာ ရယ်လိုက်သည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို ကြည့်ပြီး အေးစက်စွာ ပြောသည်။
" တိုက်ခိုက်ရတာ စိတ်ဝင်စားတာလား "
သူတော်စင်ဧကရာဇ်က မျက်လုံးများကို ကျဥ်းမြောင်းရင်း မဆိုစလောက် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းက ကျင့်ကြံခြင်းကမ္ဘာကို ပထမဆုံးခြေချခဲ့ပြီး ဘဝအတွေ့အကြုံအနည်းငယ်သာရှိမည်ဆိုပါက မိစ္ဆာဧကရာဇ် ယခုလေးတင် ပြောခဲ့သည့် ရက်စက်သော သွယ်ဝိုက်ညွှန်းဆိုချက်များကို သတိထားမိနိုင်လောက်မည် မဟုတ်ပေ။ သို့သော် သူသည် အတွေ့အကြုံမရှိသော လူတစ်ယောက် မဟုတ်တော့၍ ထိုစကားထဲတွင် ပါဝင်နေသည့် ယုတ်မာသောထောင်ချောက်ကို ချက်ချင်း နားလည်သဘောပေါက်လိုက်သည်။
ပိုင်ရှောင်ချန်းက သူတော်စင်ဧကရာဇ်ကို အမှုမထားဘဲ မိစ္ဆာဧကရာဇ်ကို တိုက်ရိုက်တုံ့ပြန်လိုက်လျှင် သူပြောသည့်အရာက အရေးမကြီး၊ ၄င်းက သူတော်စင်ဧကရာဇ်ကို မျက်နှာပျက်စေမည်ဖြစ်သည်။ အခြားတစ်ဖက်တွင် ပိုင်ရှောင်ချန်းသည် မိစ္ဆာဧကရာဇ်ကို မတုံ့ပြန်ဘဲနေရန် အရည်အချင်း မပြည့်မှီပေ။ လောကနတ်ဘုရားနှစ်ပါး၌သာ တစ်ယောက်နှင့်တစ်ယောက် လျစ်လျူရှုရန် မြင့်မားသောရာထူးများရှိသည်။
ပိုင်ရှောင်ချန်းအတွက် ပဟေဌိ အပိုင်းအစများ နေရာတကျဖြစ်သွားသည်နှင့်တစ်ပြိုင်နက် သူက အေးစက်စက်နှာမှုတ်၍ မ်ိစ္ဆာဧကရာဇ်ထံမှ အကြည့်လွှဲပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်လျှောက်လိုက်သည်။ သူက လှည့်၍ သူတော်စင်ဧကရာဇ်ကို လက်ယှက်ကာ လေးလေးနက်နက်အရိုအသေပေးလိုက်သည်။
" သူတော်စင်ဧကရာဇ်ခင်ဗျား ဒိိီကိစ္စမှာ ကျုပ် အရှင့်ရဲ့ ဆုံးဖြတ်ချက်အတွက် အသင့်ပါပဲ"
သူ၏စကားလုံးများကြောင့် မိစ္ဆာဧကရာဇ်၏ မျက်လုံးများ ရိပ်ခနဲ ဖြစ်သွားပြီး သူတော်စင်ဧကရာဇ်၏ ကျဥ်းမြောင်းသောမျက်ဝန်းများ ပုံမှန်အခြေအနေ ပြန်ဖြစ်သွား၏။
" သူ့ကို ဒီတစ်ကြိမ် တားလို့ရရင်ရမယ် "
သူတော်စင်ဧကရာဇ်က အေးဆေးတည်ငြိမ်စွာ ပြောသည်။
" ဒါပေမဲ့ အချိန်တိုင်း တားလို့မရနိုင်ဘူး။ ကောင်းကင်တံတားကလူတွေရဲ့ရင်ထဲမှာ ဘုရင်က တစ်ပါးတည်းပဲ ရှိနိုင်တယ် "
ထိုရိုးရှင်းသောထုတ်ပြန်မှုက သူ၏ရပ်တည်ချက်ကို ထင်ရှားသွားစေသည်။
ပိုင်ရှောင်ချန်းက နောက်တစ်ကြိမ်ဦးညွှတ်လိုက်ပြန်ပြီးနောက် လေးလေးစားစားပြောသည်။
" ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူတော်စင်ဧကရာဇ် "
ပိုင်ရှောင်ချန်းက အခြေအနေများအား ကောင်းမွန်စွာ ကိုင်တွယ်ထားပုံကို မြင်ရခြင်းက သူတော်စင်ဧကရာဇ်၏ နှလုံးသားကို အတန်ငယ် နူးညံ့သွားစေသည်။
" ဒါပေမဲ့ "
သူက ကြင်နာသောလေသံဖြင့် ဆက်ပြောသည်။
" အခုက အဲဒီလိုကိစ္စတွေအတွက် အချိန်မဟုတ်သေးဘူး။ ကျေးဇူးပြုပြီး စိတ်ရှည်ပါ ကောင်းကင်တံတားဘုရင်။ ငါ အခုလက်ရှိ ကိစ္စကို ဖြေရှင်းပြီးရင် မင်းလိုအပ်တဲ့အခွင့်အရေးရအောင် စီမံပေးပါ့မယ် "
ထို့နောက် သူက မိစ္ဆာဧကရာဇ်ကို မော့ကြည့်လိုက်သည်။
ဧကရာဇ်နှစ်ပါးသည် တစ်ယောက်မျက်လုံးတစ်ယောက် ကြည့်ရုံနှင့် တခြားတစ်ယောက် ဘာတွေးနေသည်ကို ခန့်မှန်းနိုင်သော ဝါရင့်ပြိုင်ဘက်များဖြစ်ကြသည်။ ပိုင်ရှောင်ချန်း နှင့် ကောင်းကင်တံတားတာအိုကြားက ကိစ္စမှာ အပေါ်ယံပြဿနာတစ်ခုသာဖြစ်ပြီး မိုးမြေဧကရာဇ်ကိုယ်ပွားနှင့်ယှဥ်ပါက အရေးမပါပေ။
သူတို့၏ ယခင်စစ်ဆေးမှုများအပေါ်အခြေခံ၍ မိုးမြေဧကရာဇ်ကိုယ်ပွား၏ ကျင့်ကြံခြင်းအခြေခံမှာ လောကနတ်ဘုရားတစ်ပါး၏အဆင့်တွင်သာ ရှိသေးပြီး ပင့်ကူအိမ်များဖြင့် ဖုံးလွှမ်းသွားသော ဒေသတွင် သေချာပေါက်ရှိကြောင်း သူတို့ အတည်ပြုခဲ့ပြီးလေပြီ။
" အရင်တွေ့တဲ့သူ ရမယ် "
သူတော်စင်ဧကရာဇ်က ပြောသည်။ ထို့နောက် သူက ပျောက်ကွယ်သွားပြီး ပင့်ကူအိမ်ကြီး၏ မျက်နှာပြင်အောက်တွင် ပြန်ပေါ်လာ၏။ မိစ္ဆာဧကရာဇ်သည် အေးစက်စက်နှာမှုတ်ပြီး ထိုနည်းတူလုပ်လိုက်ရာ သူတော်စင်ဧကရာဇ်ဖြင့် သူ၏သဘောတူညီချက်ကို ညွှန်ပြနေတော့သည်။
လောကနတ်ဘုရားအဆင့်ကျင့်ကြံခြင်းအခြေခံ စွမ်းအားများက ချက်ချင်းပင် ထိုးဖောက်၍မရလုနီးပါး ပင့်ကူအိမ်ကြီးထံ အပေါက်တစ်ပေါက်ဖြစ်စေရန် ထိုးနှက်လိုက်ကြသည်။ ထို့နောက် ဧကရာဇ်နှစ်ပါးက စူးရှတောက်ပသောအလင်းတန်းများအဖြစ် အထဲသို့ ဂင်ရောက်ပျောက်ကွယ်သွားတော့သည်။
မိစ္ဆာဧကရာဇ်နိူင်ငံ ကောင်းကင်ဧကရာဇ်များအားလုံး ဧကရာဇ်နှစ်ပါးကြားက တိုက်ပွဲကို လေ့လာရန် မျှော်လင့်၍ အပေါက်ကြီးထဲ ပျံသန်းသွားကြသည်။ သိသာစွာပင် သူတို့သည် မိစ္ဆာဧကရာဇ် ဓမ္မအမိန့်တစ်ခုမထုတ်ပြန်ဘဲ ဝင်ရောက်မည် မဟုတ်ပေ။
သူတော်စင်ဧကရာဇ််နိုင်ငံ ကောင်းကင်ဧကရာဇ်များသည်လည်း ထပ်ကြပ်မကွာလိုက်သွားသည်။ ပိုင်ရှောင်ချန်းမှာမူ ကောင်းကင်တံတားတာအိုကို အေးစက်စက် စိုက်ကြည့်ပြီးနောက် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နှင့်အတူ ဝင်ပေါက်ထဲ ဦးတည်လိုက်၏။
သူက ကုန်းစွန်းဝမ်အာနှင့် အကြည်ချင်းဆုံရန်ကြိုးစားသော်လည်း သူမက သူ့ကို သတိမထားမိချင်ယောင်ဆောင်နေပေသည်။ သိို့သော် ပိုင်ရှောင်ချန်းက ကောင်းကင်တံတားတာအိုနှင့် တိုက်ခိုက်ပြီး မိစ္ဆာဧကရာဇ်ဝင်ပါခဲ့တုန်းက သူမသည် ပုံမှန်မဟုတ်သော နေရာတွင် နေရာယူခဲ့သည့်အခြင်းအရာက များစွာပြောပြနေလေသည်။ သူမက ပိုင်ရှောင်ချန်း၏လမ်းကို ပိတ်နေသည့်ပုံပေါ်ခဲ့သော်လည်း သူ့အတွက် သူမသည် ကောင်းကင်တံတားတာအိုကို နောက်မဆုတ်နိုင်အောင် ဟန့်တားထားသည့်ပုံ ပို၍ပေါ်လွင်လေသည်။
ထိုသည်က သူ့အတွက် သူမက မည်သည့်ဘက်တွင် ရပ်တည်ကြောင်း ခန့်မှန်းရန်လုံလောက်သည်။ အပေါက်ထဲရောက်သည်နှင့် သူက တင်ပျဥ်ခွေထိုင်၍ အနှီမိုးမြေဧကရာဇ်ကိုယ်ပွားတွင် မည်သည့်လျှို့ဝှက်ချက်များ ပိုင်ဆိုင်သည်နှင့်ပတ်သက်၍ သိချင်လာကာ အထဲကို ကြည့်လိုက်သည်။
သို့နှင့် နှစ်နိုင်ငံမှ ကောင်းကင်ဧကရာဇ်များ စောင့်နေကြ၏။ နာရီပေါင်းများစွာ ကုန်ဆုံးသွားလေပြီ။ နောက်ဆုံးတွင် ပင့်ကူအိမ်ကြီး၏အတွင်းထဲမှ ကောင်းကင်ဧကရာဇ်များအားလုံး၏ စိတ်အစဥ်ကို တုန်လှုပ်သွားစေသည့် စူးစူးဝါးဝါးအော်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ မှော်တိုက်ပွဲ၏ တုန်ခါမှုများလည်း အဝေးမှ သူတို့ထံ ရောက်လာကြသည်။
ဟနေသော အပေါက်ကြီး၏ အပြင်ဘက်ရှိ လူတိုင်းသည် အသေးစိတ်အဖြစ်အပျက်များကို သိရှိရန် စိတ်လှုပ်တရှား ကြိုးပမ်းလိုက်ကြသည်။ သူတို့က တိုက်ပွဲကို မမြင်ရသော်လည်း အခိုးအငွေ့များအရ မြေကြီးများကြေမွသွားစေသော ဧရာမတိုက်ပွဲကြီးတစ်ခု အစပျိုးနေကြောင်း ပြောနိုင်လေသည်။