ကောင်းကင်ဧကရာဇ်အဆင့် ဆေးလုံး
Vol. 12 Ch. 1151
ထိုကျယ်လောင်လှသော ပေါက်ကွဲသံကြီးမှာ ပိုင်ရှောင်ချန်းအပါအဝင် ပင့်ကူအိမ်အပြင်ဘက်ရှိ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။ သူတို့မှာ ဖြစ်ပျက်နေသည်များကို တိုက်ရိုက်မမြင်ရပါသော်လည်း ထိုအသံကြီးကြောင့် မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့မှာ မိုးမြေဧကရာဇ်ကိုယ်ပွားနှင့် တိုက်ခိုက်နေကြောင်း သိလိုက်သည်။
" အဲဒီကိုယ်ပွားက လောကနတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ယှဥ်တိုက်နေတာပါလား... တော်တော်ကို အစွမ်းထက်တာပဲ "
တိုက်ပွဲမှ တအုန်းအုန်းမြည်သံများနှင့် တုန်ခါမှုများမှာ ခြောက်နာရီတိတိ အဆက်မပြတ် ပေါ်ထွက်နေသဖြင့် ပိုင်ရှောင်ချန်းနှင့် အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံး အံ့အားသင့်နေကြရတော့သည်။
လူတိုင်း သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို ဆက်တိုက် လှည့်ပတ်နေပြီး မတော်တဆတစ်ခုခု ဖြစ်လာမည်စိုးရိမ်သဖြင့် သတိကြီးကြီးထားနေကြသည်။
လောကနတ်ဘုရားအဆင့် ကျင့်ကြံသူနှစ်ယောက် အတူတကွ ပူးပေါင်း တိုက်ခိုက်နေကြသဖြင့် အရာရာတိုင်း အဆင်ပြေချောမွေ့သွားလိမ့်မည်ဟု သူတို့အားလုံးက ယုံကြည်ထားကြသည်။ သို့သော် အချိန်များကုန်ဆုံးလာသည်နှင့်အမျှ သူတို့၏ယုံကြည်မှုများမှာ ဝေဝါးစပြုလာတော့သည်။
လူတိုင်း၏စိတ်ထဲတွင် ဤပြဿနာသည် ယခုထက်ပို၍ လျင်မြန်စွာ ဖြေရှင်းပြီး ဖြစ်နေရမည်ဟု တွေးတောနေကြသည်။ အဆုံးသတ်တွင် သုံးရက်တိတိကုန်ဆုံးသွားပြီး ထိုအတောအတွင်း တအုန်းအုန်းမြည်သံများနှင့် တုန်ခါမှုများမှာ ပင့်ကူအိမ်ကြီးကို တုန်ရီအောင် အဆက်မပြတ်ပြုလုပ်နေတော့သည်။ ထို့အပြင် ထိုပင့်ကူအိမ်မှာ အရွယ်အစားကြီးမားမလာပဲ ကျုံ့ဝင်သွားပါသော်လည်း နေရာများစွာက ဥတစ်လုံး၏ မျက်နှာပြင်ကဲ့သို့ အစိုင်အခဲအသွင် ပြောင်းလဲသွားနေသည်။
ဤထူးဆန်းလှသော မြင်ကွင်းကြီးကြောင့် ပိုင်ရှောင်ချန်းနှင့် အခြားကောင်းကင်ဧကရာဇ်များမှာ နှလုံးခုန်နှုန်းမြန်ဆန်လာကြပြီး တဖြည်းဖြည်းပို၍ စိုးရိမ်ထိတ်လန့်လာကြတော့သည်။
ပိုင်ရှောင်ချန်းထိုင်နေသည့် နေရာအနီးတွင် ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့ ရှိနေသည်။
" တော်တော်ကို ကြာနေပြီ "
ဂူထျန်ကျွင်းက လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
" မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်သွားနိုင်တယ်လို့ မင်းကတွေးနေတာလား "
စီမာယွမ်ဟာက ပြန်ပြောလိုက်သည်။
ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကမူ သူတစ်ပါးဒုက္ခရောက်နေသည့် ဖြစ်ရပ်ကြီးကို စိတ်ထဲတွင်ကြိတ်၍ ရယ်မောနေပါသော်လည်း စကားတစ်ခွန်းမှဝင်မပြောပေ။ ပိုင်ရှောင်ချန်းကမူ အတွေးပေါင်းစုံနှင့် ထိုင်နေသည်။ အပေါက်ကြီး၏ အခြားတစ်ဖက်တွင် မိစ္ဆာဧကရာဇ်မင်းဆက်မှ ကောင်းကင်ဧကရာဇ်များသည်လည်း သူတို့နည်းတူ လေသံတိုးတိုးဖြင့် စကားများပြောနေကြပြီး လက်ရှိအခြေအနေကို သူတို့တတ်စွမ်းသလောက် သုံးသပ်နေကြတော့သည်။
အဆုံးသတ်တွင် စတုတ္ထမြောက်နေ့ရက်သို့ ရောက်သွားပြီး လူတိုင်းမှာ တစ်ခုခု ထူးဆန်နေပြီဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြသည်။ ဂူထျန်ကျွင်းနှင့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခတို့မှာ အပေါက်ထဲသို့ဝင်၍ အခြေအနေကို သွားရောက်စုံစမ်းတော့မည့် အနေအထားသို့ပင် ရောက်သွားတော့သည်။
ထိုအချိန်တွင် ယခင်အကြိမ်များထက် များစွာကျယ်လောင်သော အုန်းခနဲ ထစ်ချုန်းသံကြီးတစ်သံ ပေါ်ထွက်လာသည်။ ၎င်းအသံကြီးမှာ မိုးကြိုးအချက်ပေါင်း တစ်သန်းတိတိ တစ်ကြိမ်ထဲပစ်ခတ်လိုက်သည့်အလားပင်။ ထိုအသံကြီးနှင့်အတူ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံး၏ အသိစိတ်များကို ချာချာလည်သွားစေသည့် အော်ဟစ်မြည်တမ်းသံတစ်သံပါ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ပင့်ကူအိမ်ထဲရှိ အပေါက်မှ အလင်းတန်းနှစ်တန်း ပျံထွက်လာသည်။ မည်သူမှ မလှုပ်ရှားနိုင်ခင် ထိုအလင်းတန်းနှစ်တန်းမှာ ခွဲခွာသွားပြီး မင်းဆက်နှစ်ခုမှ တပ်ဖွဲ့များ၏ အကြားတွင် အသီးသီး ပြန်ပေါ်လာကြသည်။
သူတို့ကား သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်တို့ပင်ဖြစ်သည်။
သူတို့၏ မျက်နှာများမှာ ဖြူဆုတ်နေကြပြီး နှစ်ယောက်စလုံး ဒဏ်ရာအပြင်းအထန် ရထားကြသဖြင့် ပါးစပ်ထဲမှသွေးများစီးကျနေပြီး သူတို့၏မျက်လုံးများမှာလည်း ရက်စက်တင်းမာမှုများဖြင့် တောက်ပနေသည်။
ကောင်းကင်ဧကရာဇ်အားလုံးမှာ ရင်တဒိန်းဒိန်းခုန်နေလျက် ကြည့်နေကြသည်။ မည်သူမှ မေးခွန်းတစ်ခုတစ်လေပင် မမေးနိုင်ခင် သူတော်စင်ဧကရာဇ်က ဂူထျန်ကျွင်း၊ ပိုင်ရှောင်ချန်းနှင့် အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများကို ကြည့်လိုက်ပြီး အလွန်တည်ကြည်သောအသံဖြင့် ဆိုလိုက်သည်။
" မိုးမြေဧကရာဇ်ရဲ့ ကိုယ်ပွားက ကြက်သွေးရောင် သွေးအေးတွားသွား သတ္တဝါတစ်ကောင်ပဲ။ သူ ကျင့်ကြံခြင်းအခြေခံက အလယ်ပိုင်း လောကနတ်ဘုရားအဆင့်ကိုရောက်နေပြီ။ ပြီးတော့ ဖောက်ထွက်နိုင်ဖို့ နည်းနည်းလေးပဲလိုတော့တာ "
" မိစ္ဆာဧကရာဇ်နဲ့ငါ ပူးပေါင်းပြီး အဲဒီကိုယ်ပွားကို တိုက်ခိုက်တာ။ ငါတို့ရဲ့ ဝှက်ဖဲတွေကိုတောင် ထုတ်သုံးခဲ့သေးတယ်။ နောက်ဆုံးတော့ သူ့ကိုဒဏ်ရာရအောင်ပဲလုပ်နိုင်ခဲ့ပြီးသူ့ ကျင့်ကြံခြင်းအခြေခံကို ကောင်းကင်ဧကရာဇ်အဆင့်ထိရောက်အောင် ချနိုင်ခဲ့တယ်။ သူက ဒဏ်ရာအပြင်းအထန်ရသွားလို့ ငါတို့ကို လုံးဝရှောင်တိမ်းနိုင်တဲ့ လျှို့ဝှက်နတ်ဘုရားအတတ်ကိုသုံးပြီး ထွက်ပြေးသွားတာ။ ငါတို့ဘယ်လောက်ရှာရှာ ဘာမှထူးမလာဘူး "
" မင်းတို့ငါးယောက် အဲဒီအထဲကိုသွားပြီး ကိုယ်ပွားကိုရှာဖို့လိုတယ်။ ဖြစ်နိုင်မယ်ဆိုရင် အဲဒီကိုယ်ပွားကို ရအောင်ရှာပြီး အရှင်ဖမ်းခဲ့။ ဒါပေမဲ့ လိုအပ်ရင်တော့ သတ်ပစ်လိုက်။ အလောင်းပဲရလည်း ဖြစ်တယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် အဲဒီကိုယ်ပွားကို ရအောင်ယူခဲ့ "
" မင်းတို့ထဲက တစ်ယောက်ယောက် ရှာတွေ့မယ်ဆိုရင် ငါမင်းတို့ငါးယောက်လုံးကို ကောင်းကင်ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးစီ ဆုချမယ် "
သူတော်စင်ဧကရာဇ်သည် သူ့လက်အောက်ရှိ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများ၏ အထောက်အပံ့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို အပြည့်အဝ ရယူလိုပါက ထိုက်တန်စွာ ဆုချရမည်ဖြစ်ကြောင်း သိသည်။ ထိုသို့ဆုချရသည့်အတွက် သူ အနည်းငယ်မျှ နာကျည်းနေရပါသော်လည်း တွေဝေမနေပေ။
" ကောင်းကင်ဧကရာဇ်အဆင့် ဆေးလုံးဟုတ်လား " စီမာယွမ်ဟာမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။ ပိုင်ရှောင်ချန်းမှာ ထိုဆေးလုံးအကြောင်းကို တိတိပပ မသိပါသော်လည်း နာမည်ကိုကြည့်ရုံဖြင့် အနည်းဆုံးတော့ ခန့်မှန်းနိုင်ပေသည်။
ပိုင်ရှောင်ချန်း၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ သူတော်စင်ဧကရာဇ်က ဆက်၍ရှင်းပြလိုက်သည်။
" သူတော်စင်ဧကရာဇ်မင်းဆက်ကို စတင် တည်ထောင်ခဲ့တဲ့ အချိန်ကစလို့ အခုအထိ ကောင်းကင်ဧကရာဇ်အဆင့်ဆေးလုံး ဆယ့်ခုနစ်လုံးကိုပဲ ငါဖော်စပ်ရသေးတာ။ အခုလောလောဆယ် ငါ့လက်ထဲမှာ ကိုးလုံးကျန်သေးတယ်။ အဲဒီဆေးလုံးတစ်လုံးကို စားလိုက်မယ်ဆိုရင် ကောင်းကင်ဧကရာဇ်အဆင့်ကို ခြောက်ဆယ်ရာခိုင်နှုန်းတိတိ အဆင့်တက်နိုင်စွမ်း ရရှိမယ် "
ပိုင်ရှောင်ချန်းမှာ ထိုရှင်းပြချက်ကို ကြားလိုက်ရသောအခါ မျက်လုံးများပြူးသွားပြီး သူ၏နှလုံးသားမှာ အခုန်မြန်လာတော့သည်။ ကောင်းကင်ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးမှာ သူ ဥအိတ်ကြီးထံမှ စုပ်ယူခဲ့သည့် သက်စောင့်အားများမှရသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်စွမ်းရှိသည့်ပုံပင်။
" ဒီလိုဆေးလုံးတွေရှိနေတာ ငါ့ဖြင့်မယုံနိုင်ဘူး "
သူကတွေးလိုက်သည်။ ဂူထျန်ကျွင်းနှင့် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်တို့၏ မျက်နှာများပေါ်ရှိ စိတ်လှုပ်ရှားနေသော အမူအရာကိုကြည့်၍ ထိုဆေးလုံး၏ အဆင့်အတန်းကို သိနိုင်ပေသည်။ သူတို့မှာ နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ရောက်နေကြပြီ မဟုတ်ပါလော။
" လောကနတ်ဘုရားအဆင့်ကို ဖောက်ထွက်ဖို့ကြိုးစားနေတဲ့ ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ယောက်ကိုရော အဲဒီဆေးလုံးက ကူညီပေးနိုင်လားမသိဘူး "
သူသည် မိစ္ဆာဧကရာဇ်မင်းဆက်အဖွဲ့ရှိရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ ထိုကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများသည်လည်း သူတို့နည်းတူ စိတ်လှုပ်ရှားနေသည်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဂူထျန်ကျွင်းနှင့် သူတော်စင်ဧကရာဇ်မင်းဆက်မှ အခြားလူများမှာလည်း ထိုအချင်းအရာကို သတိထားမိလိုက်ကြသည်။ နှစ်ဘက်စလုံးမှလူများမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်၍ အကဲခတ်နေကြတော့သည်။
လောကနတ်ဘုရားအဆင့် ဧကရာဇ်နှစ်ယောက်မှာ ထိုမိုးမြေဧကရာဇ်ကိုယ်ပွားကြီးကို ဒဏ်ရာရသွားစေပါသော်လည်း သူတို့မှာလည်း အလွန်အမင်း အားအင်ကုန်ခန်းသွားခဲ့ရသည်။ ထို့အပြင် သူတို့သည် ဆုလာဒ်အားလုံးကိုလည်း အပိုင်သိမ်းချင်နေဆဲပင်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံးက အခြားတစ်ယောက်အနိုင်ရရှိသွားမည်ကိုကြောက်ရွံ့နေကြပြီး သွေးအေးတွားသွားသတ္တဝါကိုယ်ပွားကြီး ထွက်ပြေးလွတ်မြောက်သွားမည်ကိုလည်း စိုးထိတ်နေကြတော့သည်။
ဤအခြေအနေတစ်ရပ်လုံးတွင် မမျှော်လင့်ထားဆုံးသောအရာမှာ ထိုမိုးမြေဧကရာဇ်ကိုယ်ပွားကြီးသည် သူတို့ထင်ထားသည်ထက် များစွာပို၍ စွမ်းအားကြီးသော အလယ်ပိုင်းလောကနတ်ဘုရားအထွတ်အထိပ်အဆင့်တွင် ရှိနေခြင်းပင်ဖြစ်သည်။ သူတို့ စိတ်အပူဆုံးဖြစ်နေသည့်အရာမှာ အကယ်၍ ထိုကိုယ်ပွားသာ ထွက်ပြေးလွတ်မြောက်သွားပါက စွမ်းအားပိုကြီးလာမည်ဖြစ်ပြီး ကပ်ဘေးအကြီးအကျယ်ဆိုက်သွားနိုင်သည့် အချက်ပင်ဖြစ်သည်။
သူတို့နှစ်ယောက်မှာ အချိန်ကြာမြင့်စွာ တွေးတောလိုက်ကြပြီးနောက် သဘောတူညီချက်တစ်ခု ရသွားခဲ့သည်။ သူတို့နှစ်ယောက်စလုံး ဝင်မပါရဟူသည့် သဘောတူညီချက်ပင်ဖြစ်သည်။ သူတို့သည် မိုးမြေဧကရာဇ်ကိုယ်ပွား ထွက်ပြေးလွတ်မြောက်သွားလျှင် လိုက်လံတားဆီးရန် အပြင်ဘက်တွင် အစောင့်အဖြစ်နေခဲ့မည်ဖြစ်ပြီး သူတို့၏ လက်အောက်ငယ်သားများကို အတွင်းထဲသို့စေလွှတ်၍ ထိုကိုယ်ပွားကြီးကို ဖမ်းလျှင်ဖမ်း၊ မဖမ်းလျှင်သတ်ဖြတ်နိုင်စေရန်အတွက် ယှဥ်ပြိုင်ခိုင်းကြမည်ဖြစ်သည်။
မိစ္တာဧကရာဇ်မင်းဆက်မှာ သူတော်စင်ဧကရာဇ်မင်းဆက်ထက် လူအင်အားများသဖြင့် ထိုကွာဟချက်ကို အဆင်ပြေစေမည့် အခြားသဘောတူညီချက်တစ်ခုကိုလည်း ထိုဧကရာဇ်နှစ်ယောက် သတ်မှတ်ခဲ့မည်သာဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ မည်သို့သော သဘောတူညီချက်ဖြစ်နေမည်ကို မတွေးတောနိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ကောင်းကင်ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံးပိုင်ဆိုင်ရမည့် အခွင့်အရေးမှာ စွဲမက်ဖွယ်ကောင်းလွန်းလှသည့်အပြင် ထိုလောကနတ်ဘုရားအဆင့် ဧကရာဇ်နှစ်ပါး အလွန်အသည်းအသန်ဖြစ်နေကြသော မိုးမြေဧကရာဇ်ကိုယ်ပွားကြီးကို သူကလည်း အလွန်စိတ်ဝင်စားနေသည်။
" အဲဒီကိုယ်ပွားထဲမှာ လောကနတ်ဘုရားအဆင့်ကို ဖောက်ထွက်နိုင်မဲ့ သဲလွန်စတွေ ပါရင်ပါနေနိုင်တယ်... ငါက အဲဒီလိုဖောက်ထွက်နိုင်ဖို့ တော်တော်လိုသေးပေမဲ့ ပစ္စည်းကောင်းတစ်ခုကို အခြားလူတစ်ယောက်ပိုင်ဆိုင်သွားမှာကို ထိုင်ကြည့်နေရရင် နှမြောစရာကြီး "
သူတစ်ယောက်ထဲသာ ထိုသို့တွေးနေသည်တော့ မဟုတ်ပေ။ နှစ်ဘက်စလုံးမှ ကောင်းကင်ဧကရာဇ် အဆင့်ကျင့်ကြံသူများသည်လည်း သူ့အတိုင်း တွေးနေကြသည်သာဖြစ်သည်။
သို့သော်လည်း မည်သူကမှ အလွန်အမင်းလောဘမကြီးလိုပေ။ လောကနတ်ဘုရားအဆင့်ကျင့်ကြံသူနှစ်ယောက်မှာ သူတို့၏လက်အောက်ငယ်သားများက ထိုဆုလာဘ်ကြီးအား မောင်ပိုင်စီးသွားနိုင်ကြောင်းကိုလည်း သိထားသည်။ ထို့ကြောင့် စကားဖြင့်မသတ်မှတ်ထားပါသော်လည်း ထိုမိုးမြေဧကရာဇ်ကိုယ်ပွား၏ အသားနှင့်သွေးစက်များ၏ အစိတ်အပိုင်းအနည်းငယ်ကို မည်သူမဆို ရယူနိုင်ပြီး ကျန်သောအပိုင်းများကို ဧကရာဇ်တစ်ပါးပါးဆီသို့ ဆက်သရမည်ဖြစ်ကြောင်း သိနိုင်ပေသည်။
၎င်းမှာ မှန်းဆချက်တစ်ခုသာဖြစ်ပါသော်လည်း ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများအတွက်မူ ဖြစ်နိုင်ခြေများစွာ ရှိပေသည်။
ဤသို့သော စီစဥ်မှုများကို အတိတ်က တစ်ကြိမ်ထက်မနည်း လုပ်ခဲ့ကြဖူးသည် မဟုတ်ပါလော။
" အရှင့်ရဲ့ ဓမ္မအမိန့်တော်ကို လိုက်နာပါ့မယ် သူတော်စင်ဧကရာဇ်ခင်ဗျား "
ဂူထျန်ကျွင်းက တည်ကြည်စွာလက်ယှက်၍ လျှောက်တင်လိုက်သည်။ ထို့နောက် သူသည် ဓားအလင်းတန်းတစ်တန်းအသွင်ပြောင်းလဲသွားပြီး ပင့်ကူအိမ်ထဲသို့ ပျံသန်းသွားတော့သည်။ စီမာယွမ်ဟာ၊ ချိန်စုနှင့် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်တို့အားလုံးမှာလည်း ထိုသို့လျှောက်တင်လိုက်ကြပြီး ဂူထျန်ကျွင်းနှင့်အတူ အတွင်းသို့ ပျံသန်းသွားကြသည်။
ကုန်းစွန်းဝမ်အာ အပါအဝင် မိစ္ဆာဧကရာဇ်မင်းဆက်မှ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင် အပေါက်ထဲသို့ ပျံသန်းဝင်ရောက်သွားကြသည်။ ပိုင်ရှောင်ချန်းမှာလည်း ငြင်းဆိုနိုင်မည့် အကြောင်းပြချက်ကောင်းကောင်း မရှိသဖြင့် အလင်းတန်းတစ်တန်းအသွင်ပြောင်း၍ ပင့်ကူအိမ်ထဲရှိ ကမ္ဘာကြီးထဲသို့ ပျံသန်းသွားတော့သည်။
သူတို့ထွက်ခွာသွားပြီးနောက် သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်တို့မှာ တင်ပျဥ်ခွေထိုင်ချလိုက်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် ဖွတ်ကိုယ်ပွားကြီး အခြားတစ်နေရာမှ မထွက်ပြေးနိုင်စေရန် သူတ်ို့၏ နတ်ဘုရားအာရုံများကို အရပ်မျက်နှာအားလုံးသို့ ဖြန့်ကြက်လိုက်သည်။
သူတို့မှာ ၎င်းအား ထွက်ပြေးလွတ်မြောက်ခွင့် လုံးဝပေးမည်မဟုတ်ပေ။
" အိပ်မက်မက်နေတာတွေ တော်လိုက်တာကောင်းမယ် "
မိစ္ဆာဧကရာဇ်က အေးစက်စက်ပြုံး၍ ရုတ်တရက်ဆိုလိုက်သည်။
“ ဒီ မိုးမြေဧကရာဇ်ရဲ့ အသွေးအသားကို ငါပိုင်ဆိုင်မှာ။ ပြီးတော့ ငါတို့ရဲ့သဘောတူညီချက်အတိုင်း မင်းကို နှစ်ဆယ်ရာခိုင်နှုန်းပေးမယ် "
သူတော်စင်ဧကရာဇ်က သူ့အားလှမ်းကြည့်လိုက်ပြီးနောက် သူ့ထံမှ နွေးထွေးမှုအားလုံး ပျောက်ဆုံးသွားတော့သည်။ ထို့နောက် အေးစက်ကာ ဒေါသပင်ထွက်နေသည့် အမူအရာဖြင့်ဆိုလိုက်သည်။
" အဲဒီကိုယ်ပွားကို စောစောတုံးက မင်းပဲ တမင်တကာ လွှတ်ပေးလိုက်တာလေ။ မင်းသာမလွှတ်ပေးလိုက်ဘူးဆိုရင် ငါတို့ အခုလို စိတ်ရှုပ်စရာအခြေအနေထဲ ရောက်နေမှာတောင်မဟုတ်ဘူး "
ထိုအခါ မိစ္ဆာဧကရာဇ်က ရယ်မောလိုက်သည်။
" ဘာဖြစ်မလဲသာ စောင့်ကြည့်လိုက်ပါ "
သူက ထိုသို့ဆိုကာ မျက်လုံးများကို မှိတ်လိုက်တော့သည်။