← Chapters

တိုက်ခိုက်ခြင်း

Vol. 12 Ch. 1152

တိုက်ခိုက်ခြင်း

Vol. 12 Ch. 1152

ထိုပင့်ကူအိမ်ကြီးမှာ အတွင်းပိုင်းရှိ ကမ္ဘာကြီး၏ ကောင်းကင်တစ်ခုလို ဖြစ်နေသောကြောင့် အရာရာတိုင်း မဟူရာညသန်းခေါင်ယံပမာ မည်းမှောင်နေသည်။ သာမန်လူများမှာ ကောင်းကောင်းမြင်နိုင်မည် မဟုတ်ပါသော်လည်း ကျင့်ကြံသူများတွင်မူ ထိုသို့သောအခက်အခဲများမရှိပေ။

သို့သော် တောင်တန်းများမှစ၍ အပင်များအဆုံး အရာအားလုံး မီးခိုးရောင်သမ်းကာ ဖုန်များထူထပ်နေသည်။ ကုန်းစွန်းဝမ်အာနှင့် ပိုင်ရှောင်ချန်းတို့မှလွဲ၍ အခြားသော ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ ထိုအချင်းအရာကြောင့် နေမထိထိုင်မသာဖြစ်နေကြသည်။ ဤကဲ့သို့သော နေရာမျိုးကို ပထမဆုံးအကြိမ်အဖြစ် ဝင်လိုက်သည့်လူတိုင်း စိုးထိတ်သွားကြမည်သာ ဖြစ်သည်။

ရွှမ်ကျုံးပြည်နယ်ထဲရှိ ဖြစ်စဥ်ကဲ့သို့ပင် အချို့သော ရွာများ၊မြို့များနှင့် မြို့တော်များတွင် ဖုန်မှုန့်များ လွှမ်းမနေကြပဲ ကျင့်ကြံသူများနှင့် သာမန်လူများရှိနေဆဲပင်။ သို့သော် သူတို့အားလုံးမှာ လူသေကောင်များကဲ့သို့ လျှောက်သွားနေကြသဖြင့် အလွန်တုန်လှုပ်ဖွယ်မြင်ကွင်းကြီးတစ်ခု ဖြစ်နေတော့သည်။

ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့မှာ ထိုကဲ့သို့သော အရာများကို ယခင်က မြင်ဖူးပြီးဖြစ်သော်လည်း အခြားလူများမှာ မမြင်ဖူးသေးပေ။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ အခြားလူများထက် ပို၍လျင်မြန်စွာ အသားတကျဖြစ်သွားပြီး စတင်ရှာဖွေရန်အတွက် ချက်ချင်းပင် မတူညီသောအရပ်မျက်နှာ နှစ်ဘက်ကို ဦးတည်သွားကြတော့သည်။

ယခုမှာ ရွှမ်ကျုံးပြည်နယ်တစ်ခုထဲ မဟုတ်ပေ။ ဒုတိယအင်မော်တယ်နယ်မြေတစ်ခုလုံး၏ တစ်ဝက်ကျော်ပါဝင်နေသည်ဖြစ်၍ အနည်းဆုံး စီရင်စုနယ်မြေခုနစ်ခုလောက် ရှိနေမည်ဖြစ်သည်။ ဒဏ်ရာရနေသည့် မိုးမြေဧကရာဇ်ကိုယ်ပွားကြီးကို ရှာဖွေရမည့် နေရာကြီးမှာ အမှန်တကယ်ပင် ကျယ်ပြန့်လွန်းလှပေသည်။

သို့သော် ကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ယောက်တိတိ ရှာဖွေမည်ဖြစ်သည်။ အင်မော်တယ်နယ်မြေများထဲတွင် ၎င်းမှာ အံတု၍မရနိုင်သည့် စွမ်းအားအဆင့်အတန်းမျိုးဖြစ်သည်။ ထို့အပြင် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ချင်းစီတိုင်း နတ်ဘုရားအာရုံကိုအသုံးပြု၍ ကြီးမားကျယ်ပြန့်သောနေရာများကို ရှာဖွေနိုင်စွမ်းရှိနေသည်။ ထိုမိုးမြေဧကရာဇ်ကိုယ်ပွားကြီးမှာ လောကနတ်ဘုရားအဆင့် ဧကရာဇ်နှစ်ပါးကြောင့် ဒဏ်ရာရသွားခဲ့သဖြင့် ၎င်းထံမှပေါ်ထွက်နေမည့် အငွေ့အသက်များကို ခြေရာခံရန် ပို၍လွယ်ကူနေမည်ဖြစ်ပြီး ၎င်းကိုယ်ပွားကြီးကိုယ်တိုင်မှာလည်း အားနည်းနေမည်ဖြစ်သည်။ ထို့ကြောင့် သူတို့အုပ်စုမှာ ပင့်ကူအိမ်ထဲရှိ ကမ္ဘာကြီးထဲတွင် အပူတပြင်းရှာဖွေနေကြပြီး အလွန်ဆုံးဆိုရမည်ဆိုပါက သူတို့၏သားကောင်ကို ရှာတွေ့နိုင်ရန် အချိန်အနည်းငယ်ခန့် ပေးရမည်ဖြစ်ကြောင်း သိထားကြသည်။

ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့ ထွက်ခွာသွားကြချိန်တွင် အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာလည်း မတူညီသော အရပ်မျက်နှာများကို အသီးသီးရွေးချယ်လိုက်ကြပြီး ထွက်သွားကြတော့သည်။ လူတိုင်း ကိုယ့်အားကိုယ်ကိုး၍ အောင်မြင်နိုင်ရန်မျှော်လင့်နေကြပြီး လိုအပ်မှသာ အများနှင့်ပူးပေါင်းရန် ဆုံးဖြတ်ထားကြသည်။

မိစ္တာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့မှာ သူတို့လက်အောက်ငယ်သားများ၏စိတ်ထဲတွင် အချင်းချင်းပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုမည့် ဆန္ဒများ မပေါ်လာစေရန်အတွက် အရာရာတိုင်းကို ဤကဲ့သို့ တမင်တကာစီစဥ်ခဲ့ခြင်း ဖြစ်သည်။ တာဝန်ကို မည်သူကျေပွန်သည်ဖြစ်စေ လူတိုင်းကိုဆုချမည်ဟု ဆိုထားခဲ့သည် မဟုတ်ပါလော။

ဆန့်ကျင်ဘက်နှစ်ဘက်မှ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများသာ မိုးမြေဧကရာဇ်ဝိညာဥ်ကြီးကို တစ်ပြိုင်နက်ထဲတွေ့ရှိခဲ့မည်ဆိုပါက မင်းဆက်နှစ်ခု၏ တပ်ဖွဲ့နှစ်ခုအကြား ဖြစ်ပေါ်လာမည့် ပဋိပက္ခကြီးကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်ပေသည်။ သို့သော် ရှာဖွေရမည့်နေရာမှာ ကြီးမားလွန်းလှသဖြင့် ထိုအချင်းအရာမှာ ဖြစ်နိုင်ခြေသိပ်မရှိပေ။

ပိုင်ရှောင်ချန်းမှာ လေပေါ်တွင် ပျံသန်းရင်း သူ၏နတ်ဘုရားအာရုံများကို ပတ်ပတ်လည်တွင် ဖြန့်ကြက်၍ သဲလွန်စများ ရှာဖွေနေတော့သည်။

" ဒါက မိုးမြေဧကရာဇ်ကိုယ်ပွားပဲ။ သူက ဒဏ်ရာရနေနိုင်တယ်ဆိုပေမဲ့ အခုလောလောဆယ် ငါတို့သိသမျှက မိစ္ဆာဧကရာဇ်နဲ့ သူတော်စင်ဧကရာဇ်တို့ရဲ့ စကားပဲ ရှိသေးတာ "

ပိုင်ရှောင်ချန်းမှာ လမ်းတစ်လျှောက်တွင် လက်ရှိကိစ္စရပ်ကြီးတစ်ခုလုံးကို သုံးသပ်နေတော့သည်။ သူနှင့် ကုန်းစွန်းဝမ်အာတို့သာ ထိုမိုးမြေဧကရာဇ်ကိုယ်ပွားကြီးနှင့် ရင်ဆိုင်ဖူးသည် မဟုတ်ပါလော။

သူသည် မျက်လုံးများမှိတ်လိုက်သောအခါ လက်ဝါးချက်တစ်ချက်ထဲကြောင့် ရွှမ်ကျုံးပြည်နယ်တစ်ခုလုံး ပြာကျသွားခဲ့ရသည့်ပုံရိပ်ကြီးကို ပြန်လည်ပုံဖော်မိသွားသည်။ ဤကိုယ်ပွားကြီးက နှောင်းပိုင်းလောကနတ်ဘုရားအဆင့်သို့ရောက်ရန် အနည်းငယ်မျှသာလိုတော့သည့် အကြောင်းအရင်းမှာလည်း သူ ထာဝရထီးနက်ကိုအသုံးပြု၍ ခိုးယူခဲ့သော အသက်စွမ်းအားအနည်းငယ်ကြောင့်ဖြစ်မည်ဟု သူက ခံစားနေရသည်။

" အဲဒီ ဖွတ်ကြီးသာ နှောင်းပိုင်း လောကနတ်ဘုရားအဆင့်ကို ရောက်နေခဲ့မယ်ဆိုရင် မိစ္ဆာဧကရာဇ်နဲ့ သူတော်စင်ဧကရာဇ်တို့နှစ်ယောက်လုံး အခုထက်အခြေအနေဆိုးမှာ အသေအချာပဲ "

သူသည် ပို၍တွေးတောမိလာသည်နှင့်အမျှ ဤမိုးမြေဧကရာဇ်ကိုယ်ပွားကြီးမှာ သူ့အား အလွန်အမင်း မုန်းတီးနေလိမ့်မည်ဟု ပို၍ထင်မှတ်လာတော့သည်။

" ငါလည်း တမင်လုပ်တာမှမဟုတ်ပဲ။ ငါ့ပါးစပ်ထဲ မခွံ့ရုံတမယ် လာလုပ်တာ ဘယ်သူလဲ "

သူသည် ယခုကိစ္စတွင် ကျဥ်းထဲကြပ်ထဲသို့ ရောက်နေပြီဖြစ်ကြောင်းခံစားနေရပါသော်လည်း မည်သည်ကိုမှ မတတ်နိုင်လောက်အောင် ဖြစ်နေတော့သည်။ အကယ်၍ သူသည် ဖွတ်ကြီး၏ အရိပ်အယောင်များကို တွေ့ရှိခဲ့မည်ဆိုလျှင်တောင် အခြားသော ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများထံသို့ သတင်းပေးပို့ကာ သူတို့လာရောက်ကူညီသည်ကို စောင့်ဆိုင်းနေမည်သာဖြစ်သည်။

အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ ထိုကိုယ်ပွားကြီးကို မောင်ပိုင်စီးရန် ကြိုးစားနေကြမည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ ထိုသို့မဟုတ်ပေ။ သူသည် ၎င်းအား မိစ္ဆာဧကရာဇ်မင်းဆက်မှ ကျင့်ကြံသူများ အရင်ဆုံးရှာတွေ့သွားစေရန်ပင် ဆုတောင်းနေတော့သည်။ ထိုကိုယ်ပွားကြီး၏ လက်ရှိတိုက်ပွဲစွမ်းရည်ကို သူတို့အား စမ်းသပ်စေလိုက်မည်ဖြစ်သည်။

ထိုအတွေးများအားလုံးကြောင့် သူသည် စေ့စေ့စပ်စပ် ရှာဖွေမနေတော့ပေ။ သူ့အတွက်မူ ဘေးကင်းရန်မှာ ပထမဦးစားပေးဖြစ်သည်။ သူ၏နတ်ဘုရားအာရုံမှတစ်ဆင့် သိနေမြင်နေရသော သူ၏ပတ်ဝန်းကျင်ကိုပင် သူက ဂရုစိုက်မနေတော့ပေ။

ပင့်ကူအိမ်ကြီး ဖုံးလွှမ်းထားသည့် နေရာကြီးမှာ ကြီးမားလွန်းလှသဖြင့် မကြာမီတွင် သုံးရက်တိတိ ကုန်ဆုံးသွားတော့သည်။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူဆယ့်နှစ်ယောက်မှာ မတူညီသော နေရာများတွင် ရှာဖွေနေကြဆဲဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် အဆက်သွယ်မပြတ်ရှိနေဆဲပင်။ သူတို့သည် သတိကြီးကြီးထား၍ မိုးမြေဧကရာဇ်ကိုယ်ပွားကြီး သူတို့လက်အောက်မှ လွတ်မြောက်မသွားစေရန် အထူးဂရုပြုနေကြသည်။

ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများစွာက လက်ရှိအခြေအနေသည် လောကနတ်ဘုရားအဆင့် ဧကရာဇ်နှစ်ပါး ဖော်ပြခဲ့သလောက် ရိုးရှင်းမည်မဟုတ်ကြောင်း ယူဆထားကြပြီး အချို့မှာ သူတို့ကို ငါးစာအဖြစ် ထိုးကျွေးလိုက်သည်ဟုပင် တွေးနေကြသည်။ ထိုအတွေးများကြောင့် လူတိုင်း သာမန်ထက်ပင် ပို၍သတိကြီးကြီး ထားနေကြတော့သည်။

ပိုင်ရှောင်ချန်းမှာလည်း အလွန်တရာ သတိကြီးကြီး ထားနေသည်။ သူသည် ကိုယ်ပွားနှင့်ပတ်သတ်သော သဲလွန်စတစ်ခုတစ်လေပင် ရှာမတွေ့သေးပါသော်လည်း ရွှမ်ကျုံးပြည်နယ်ထဲတွင် သူတွေ့ခဲ့ရသည့် ရွာနှင့်အဖြစ်တူသော ခုနစ်ရွာ၊ ရှစ်ရွာလောက်ကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ အပြင်ပန်းကြည့်လိုက်လျှင် ထိုနေရာများမှာ ပုံမှန်အတိုင်း ထင်ရကာ ထိုရွာများထဲမှ ရယ်မောသံများ ပဲ့တင်ထွက်နေသည်သာ ဖြစ်သည်။ သူသည် ထိုနေရာများကို မြင်လိုက်ရတိုင်း ၎င်းတို့အနီးမှ ရှောင်တိမ်းသွားသည်သာ ဖြစ်သည်။

သူသည် ယွမ်ဟိုင်စီရင်စု ရှိရာဘက်သို့ ဦးတည်သွားလိုက်ပြီး နေ့ရက်များစွာ ကုန်ဆုံးသွားသည်နှင့်အမျှ သူနှင့် ရင်းနှီးသော နေရာများကို စတင်တွေ့ရှိလာတော့သည်။ သူသည် အချို့သော မြို့များကို မျက်မှန်းတမ်းမိလိုက်ပြီး ထိုမြို့များထဲတွင် တစ်ယောက်ကိုတစ်ယောက် ဆာလောင်မွတ်သိပ်စွာ ဝါးမျိုနေကြသည့် ကျင့်ကြံသူများ မရှိပါသော်လည်း သူ၏စိတ်ဓာတ်များမှာ ဆက်လက်ကျဆင်းနေရဆဲပင်။

သူသည် သက်ပြင်းချရင်း ရှေ့သို့ဆက်၍ သွားလိုက်သည်။ တစ်နေရာသို့ရောက်သော် သူ၏မျက်နှာအမူအရာမှာ လှစ်ခနဲ ပြောင်းလဲသွားပြီး သူ၏ထည့်စရာအိတ်ထဲမှ သတင်းပို့ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်တော့သည်။ ထိုပေလွှာအား နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သောအခါ သူ၏နားထဲတွင် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်၏ စကားသံများ ပဲ့တင်ထပ်သွားသည်ကို ကြားလိုက်ရတော့သည်။

" ငါရှာတွေ့ပြီ "

သူက စိတ်လှုပ်တရှားဆိုလိုက်သည်။

" မင်းတို့အကုန် ဒီနေရာကို မြန်မြန်လာခဲ့ကြ "

တချိန်ထဲမှာပင် နတ်ဘုရားအာရုံစီးကြောင်း နောက်ထပ်တစ်ခုထွက်ပေါ်လာပြီး အခြားအရပ်မျက်နှာတစ်ခုသို့ ဦးတည်ထွက်ခွာသွားသည်။

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး နောက်သို့လှည့်၍ ထိုနတ်ဘုရားအာရုံနောက်သို့ လိုက်သွားတော့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် မြန်လည်းမမြန်သလို နှေးလည်းမနှေးသည့် အမြန်နှုန်းတစ်ခုဖြင့်ပျံသန်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခြေအနေမှာ အလွန်အရေးကြီးနေပြီဖြစ်၍ သူသည် ချက်ချင်းပင် လှစ်ခနဲလှုပ်ရှားလိုက်ပြီး ပို၍လျင်မြန်စေရန်အတွင် တည်နေရာရွှေ့ပြောင်းခြင်းအတတ်များကိုပါ အသုံးပြုလိုက်တော့သည်။

ကံကောင်းစွာပင် သူသွားရသည့် အကွာအဝေးမှာ အလွန်ကြီးမားမနေသည့်အပြင် သူ၏ ထာဝရအသက်ရှည်နည်းအတတ်မှ အားအင်ပြန်ပြည့်နိုင်စွမ်းများကလည်း သူ့ကို ကူညီပေးနေသဖြင့် သူသည် အံ့သြဖွယ်ကောင်းလောက်အောင် လျင်မြန်သော အရှိန်တစ်ခုကို ထိန်းထားနိုင်ပေသည်။ သူသည် လေကိုခွင်း၍ ထိုနတ်ဘုရားအာရုံစီးကြောင်းနောက်သို့ ခြောက်နာရီတိတိ လိုက်သွားတော့သည်။

ထိုအတောအတွင်း သူ၏အမြန်နှုန်းကြောင့် သာမန်ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများ ရက်နှင့်ချီ၍သွားရမည့်ခရီးကို သူက နာရီပိုင်းအတွင်း သွားလိုက်နိုင်သည်။ အဆုံးသတ်တွင် သူ၏ရှေ့မှာ ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်၏ အငွေ့အသက်များကို အာရုံခံမိလိုက်တော့သည်။

ထို့အပြင် ကြီးမားကျယ်ပြန့်သော နေရာကြီးတစ်ခုကို ချုပ်နှောင်ပိတ်ဆို့ထားသည့် မန္တန်အစီအရင်တစ်ခု၏ တုန်လှုပ်ခြောက်ခြားဖွယ် အငွေ့အသက်များမှာလည်း ပျံ့လွင့်နေသည်။

ပိုင်ရှောင်ချန်းက ထိုအနီးသို့ရောက်သွားသောအခါ ထူထဲလှသောအနက်ရောင် မြူခိုးများနှင့် ရောယှက်နေသည့် မန္တန်အစီအရင်၏ တဖိတ်ဖိတ်တောက်ပနေသော အနီရောင်အလင်းကို မြင်လိုက်ရသည်။ ထိုမန္တန်အစီအရင်ကြီးမှာ ပြောင်းပြန်လှန်ထားသည့် ဧရာမပန်းကန်လုံးကြီးတစ်လုံးနှင့်တူနေပြီး တစ်ဖက်နှင့်တစ်ဖက် ကီလိုမီတာငါးရာခန့် ဝေးကွာသော အကျယ်အဝန်းတစ်ခုကို အုပ်မိုးထားသည်။

အနက်ရောင်မြူခိုးများ၏ အထက်တွင် ေကာင်းကင်ဧကရာဇ် ကျဲ့တိ၊ မူလနတ်ဆိုးမင်းသားနှင့် ကောင်းကင်တံတားတာအိုတို့၏ သရဲမျက်နှာကြီးသုံးခုကို ခပ်ရေးရေး မြင်ရသည်။ သူတို့သုံးယောက်စလုံးမှာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်အပြင် သူ၏ဘေးတွင်ရပ်နေသော ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟွာတို့ကိုပါ အေးစက်စွာ စိုက်ကြည့်နေကြသည်။ သူတို့ကား စိုးထိတ်နေသည့် အမူအရာများဖြင့် စောင့်ဆိုင်းနေကြပေသည်။

ပိုင်ရှောင်ချန်း ရောက်လာသောအခါ သူတို့သုံးယောက်စလုံး၏မျက်နှာအမူအရာများ ဝင်းလက်သွားပြီး ချက်ချင်းပင် သူ့အားလှမ်းကြည့်လိုက်ကြသည်။

" ချိန်စုရောက်ဖို့က လေးနာရီလောက် ကြာဦးမှာ... "

" စောင့်ဖို့ အချိန်မရှိတော့ဘူး "

အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူသုံးယောက်မှာ ပိုင်ရှောင်ချန်းအား လက်ရှိအခြေအနေကို လျင်မြန်စွာ ရှင်းပြလိုက်သည်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ မိုးမြေဧကရာဇ်ကိုယ်ပွား၏ အသွေးအသား တည်ရှိရာနေရာကို ပထမဆုံးရှာတွေ့ခဲ့သူဖြစ်သည်။ သို့သော် ထိုကိုယ်ပွားမှာ အလွန်မြန်ဆန်လွန်းလှသဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က ၎င်းအားလိုက်ဖမ်းစဥ်တွင် ကောင်းကင်ဧကရာဇ် ဝိရူပက္ခ ရောက်ရှိလာခဲ့ပြီး မိစ္ဆာဧကရာဇ်မင်းဆက်မှ အခြားကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများကို အကူအညီလှမ်းတောင်းခဲ့ခြင်းဖြစ်သည်။

မိစ္ဆာဧကရာဇ််မင်းဆက်မှ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ လူအင်အား အားသာချက်ရှိသဖြင့် ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟာတို့ ရောက်မလာခင် အရင်ရောက်လာခဲ့ကြသည်။ သူတို့သည် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် အတွင်းသို့မဝင်နိုင်စေရန် မန္တန်အစီအရင်တစ်ခုကို တည်ဆောက်ခဲ့ရုံသာမက ကောင်းကင်ဧကရာဇ် ကျဲ့တိသည် အတွင်းတွင် ပိတ်လှောင်ထားသောအရာအားလုံး အပြင်သို့မထွက်နိုင်စေရန် ထိုမန္တန်အစီအရင်ကို ထိန်းသိမ်းထားခဲ့သည်။

တချိန်ထဲမှာပင် မန္တန်အစီအရင်အတွင်းရှိ သူတို့ဘက်မှ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအနည်းငယ်က ထိုမိုးမြေဧကရာဇ်ကိုယ်ပွားကြီးကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြသည်။

" ငါတို့ ထပ်စောင့်လို့ မဖြစ်တော့ဘူး "

ဂူထျန်ကျွင်းက အံကြိတ်၍ ပြတ်သားမှုများ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ဆိုလိုက်သည်။

" အခု တိုက်ခိုက်ပြီးတော့ မန္တန်အစီအရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ အကဲခတ်ကြည့်ကြတာပေါ့ "

စီမာယွမ်ဟာနှင့် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်တို့မှာ ခေါင်းညိတ်သဘောတူလိုက်သည်။ ပိုင်ရှောင်ချန်းမှာလည်း ယခုအခြေအနေသည် ရှားပါးသောအခွင့်အရေးတစ်ရပ် ဖြစ်ကြောင်း သိလိုက်ပြီး အကယ်၍ သူသာ မကူညီပါက ဤကဲ့သို့အခွင့်အရေး ထပ်ရနိုင်ခြေမရှိတော့ကြောင်းကိုလည်း နားလည်ပေသည်။ ထို့ကြောင့် သူသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး မြောက်ပိုင်း၏ဓားကြီးကို ဆင့်ခေါ်လိုက်သည်။

ဓားအလင်းရောင်များ တလက်လက်တောက်ပသွားပြီး သူတို့လေးယောက်မှာ တဖိတ်ဖိတ်လင်းလက်နေသည့် အလင်းတန်းများအသွင်ပြောင်းလဲ၍ မန္တန်အစီအရင်ကြီးဆီသို့ ပျံသန်းသွားကြတော့သည်။

ကောင်းကင်တံတားတာအို၊ မူလနတ်ဆိုးမင်းသားနှင့် ကောင်းကင်ဧကရာဇ် ကျဲ့တိ တို့မှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး မန္တန်အစီအရင်ကို ထိန်းသိမ်းနိုင်ရန် စွမ်းအားများပို၍ ထုတ်လွှတ်လိုက်သည်။ ထိုနှစ်ဖွဲ့ ရင်ဆိုင်ခါနီး အချိန်တွင် ကြီးကျယ်သော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပျက်သွားလေသည်။

မန္တန်အစီအရင်ထဲတွင် ပြည့်နှက်နေသည့် မြူခိုးများထဲမှ သွေးပျက်ချောက်ချားဖွယ် အော်သံကြီးတစ်သံ ပဲ့တင်ထွက်လာခြင်းပင် ဖြစ်ပေသည်။

All Chapters