အခန်း (၂၇၄၁-၂၇၄၂)
Vol. 215 Ch. 2741-2742
အခန်း(၂၇၄၁)
“အစ်ကိုနဲ့.. ခင်ဗျားနဲ့ကျွန်တော် ပူးပေါင်းကြရအောင်.. အမည်မဲ့အင်မော်တယ် ပြိုင်ပွဲမှာ ဘယ်သူပဲ ပထမရရ အမည်မဲ့အင်မော်တယ်နန်းတော်ကနေ နှစ်စဥ်ရရှိမဲ့ အရင်းအမြစ်တွေကို အညီအမျှ ခွဲဝေယူကြမယ်.. ဘယ်လိုသဘောရလဲ”
ယွိစစ်ချန်က နဲ့ဟယ်ယွမ်ကို စည်းရုံးလိုက်သည်။
အမည်မဲ့အင်မော်တယ် နှင်းရည်သည် အလွန်တရာ ရှားပါးသော ကျင့်ကြံခြင်း ရတနာတစ်ပါး ဖြစ်ပြီး ရွှေအင်မော်တယ်အဆင့် ပုဂ္ဂိုလ်များအတွက်ပင် အလွန်တရာ ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိသည်။
အကယ်၍ သူတို့သာ အမည်မဲ့အင်မော်တယ် နှင်းရည်ကို တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ရရှိနိုင်မည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုသည် အဆပေါင်းများစွာ တိုးတက်လာလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ယွိစစ်ချန်သည် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲ၏ ပထမနေရာကို အလွယ်တကူ လက်မလွှတ်လိုခဲ့ပေ။
ထိပ်ဆုံးဆယ်ဦး စာရင်းဝင်များအနက် ကျန်းချန်မှ လွဲလျှင် သူ နှင့် နဲ့ဟယ်ယွမ် သာလျှင် အခြားသူများနှင့် ရင်ဆိုင်ရာ၌ အပြတ်အသတ် အနိုင်ရရှိမှုကို ထိန်းသိမ်းထားနိုင်သူများ ဖြစ်ကြသည်။
ဆိုရလျှင် သူတို့နှစ်ဦးအနက် တစ်ဦးက ကျန်းချန်၏ အင်အားကို အားနည်းသွားအောင် လုပ်ဆောင်ပြီး ကျန်တစ်ဦးကို တမင်အရှုံးပေးလိုက်မည် ဆိုလျှင် ကျန်ရှိသူသည် ကျန်းချန်ကို အနိုင်ယူပြီး အမည်မဲ့အင်မော်တယ် ပြိုင်ပွဲ၏ ပထမနေရာကို ရရှိရန် အခွင့်အရေး အလွန် များပြားလာလိမ့်မည် ဖြစ်သည်။
“အမည်မဲ့အင်မော်တယ် ပြိုင်ပွဲရဲ့ ပထမနေရာကို ငါ့ရဲ့အရည်အချင်းနဲ့ပဲ ငါယူမယ်...တကယ်လို့ ပထမနေရာကို ရယူဖို့ အရည်အချင်း မရှိရင် ကိုယ့်ကိုယ်ကိုယ် ညံ့ဖျင်းတယ်လို့ပဲ အပြစ်တင်လိုက်မယ်”
နဲ့ဟယ်ယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ယွိစစ်ချန်နှင့် ပူးပေါင်း၍ ပထမနေရာကို အကွက်ချကာ လုယူရန် ကြိုးစားခြင်းသည် သူ၏ သိက္ခာနှင့်မညီဟု မှတ်ယူထားခဲ့သည်။
သူက တလော့အင်မော်တယ်၏ မျိုးဆက် ဖြစ်၍ အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ပထမနေရာ ရယူလိုလျှင်ပင် သူ၏ ကိုယ်ပိုင်အရည်အချင်းဖြင့်သာ ဂုဏ်သိက္ခာရှိရှိ ရယူမည် ဖြစ်သည်။
နဲ့ဟယ်ယွမ်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သောကြောင့် ယွိစစ်ချန်၏ ချောမောသော မျက်နှာက ချက်ချင်းပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
နဲ့ဟယ်ယွမ်က သူနှင့်ပူးပေါင်းရန် ဆန္ဒမရှိသဖြင့် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ပထမနေရာကို ရရှိရန် သူ့ကိုယ်သူသာ အားကိုးရတော့မည် မဟုတ်ပါလား။
သို့သော်လည်း ကျန်းချန်နှင့် ရှန်ချိုးတို့၏ တိုက်ပွဲအရ သူ့အနေဖြင့် အစွမ်းကုန် ကြိုးစားလျှင်ပင် ကျန်းချန်ကို အနိုင်ရမည် မဟုတ်မှန်း ယွိစစ်ချန် ကောင်းစွာ သိထားခဲ့သည်။
အကယ်၍ နဲ့ဟယ်ယွမ်သာ ကျန်းချန်နှင့် အရင်တွေ့ဆုံမည် ဆိုလျှင် နဲ့ဟယ်ယွမ်၏ စိတ်နေစိတ်ထားအရ ဆိုလျှင် ကျန်းချန်ကို အစွမ်းကုန် တိုက်ခိုက်မည်မှာ သေချာသည်။
ထိုအချိန်တွင် ကျန်းချန်က နဲ့ဟယ်ယွမ်ကို အနိုင်ယူခဲ့လျှင်ပင် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ရလိမ့်မည် ဖြစ်ရာ သူ့အနေဖြင့် အကျိုးအမြတ်ကို ရယူနိုင်လိမ့်မည် မဟုတ်ပါလော။
ကျန်းချန်နှင့် ကောင်းရှုံးတို့၏ တိုက်ပွဲ ပြီးဆုံးသွားပြီးနောက်တွင် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲများကို ဆက်လက် ကျင်းပခဲ့သည်။
နောက်ဆက်တွဲ တိုက်ပွဲများတွင် ကျန်းချန်နှင့် တွေ့ဆုံသော ပြိုင်ဘက်အားလုံးသည် သံသယဖြစ်ဖွယ်ရာမရှိ အရှုံးပေးရန်ကိုသာ ရွေးချယ်ခဲ့ကြသည်။
ထို့ကြောင့် ကျန်းချန်သည် ခြောက်ပွဲဆက်တိုက် အနိုင်ရလာခဲ့ပြီး စုစုပေါင်းရမှတ် ခြောက်မှတ် ရရှိခဲ့သည်။
ထိပ်ဆုံးဆယ်ဦးစာရင်းဝင် ကျင့်ကြံသူများ အနက် ကျန်းချန်မှလွဲ၍ နဲ့ဟယ်ယွမ်နှင့် ယွိစစ်ချန်တို့သာ ရှုံးပွဲမရှိသေးပေ။
သတ္တမမြောက် တိုက်ပွဲတွင် ကျန်းချန်သည် တလော့အင်မော်တယ်၏ မျိုးဆက် ဖြစ်သော နဲ့ဟယ်ယွမ်နှင့် တွေ့ဆုံခဲ့သည်။
ဤမြင်ကွင်းကိုမြင်လျှင် ယွိစစ်ချန်၏ မျက်ဝန်းများတွင် ဝမ်းသာသော အရိပ်အယောင်များ ယှက်သန်းသွားခဲ့၏။
အရာအားလုံးသည် သူ့ကို အကျိုးအရှိဆုံး ဖြစ်စေမည့်ဘက်သို့ ဦးတည်နေခဲ့ပြီ မဟုတ်ပါလော။
နဲ့ဟယ်ယွမ်က ကျန်းချန်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သူသိသော်လည်း ကျန်းချန်၏ အင်အားကို ထက်ဝက်ခန့် ကုန်ဆုံးစေနိုင်ခဲ့လျှင်ပင် သူ့အနေဖြင့် ထိုနှစ်ယောက်ကို အနိုင်ယူပြီး အမည်မဲ့အင်မော်တယ် ပြိုင်ပွဲ၏ ပထမနေရာကို သိမ်းပိုက်နိုင်လိမ့်မည် ဖြစ်သည်။
ကျန်းချန်က လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေပြီး နောက်ဆုတ်မည့် အစီအစဥ် မရှိပုံရသော နဲ့ဟယ်ယွမ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းကို ကြည့်ရတာ ငါ့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ပုံပဲ”
“ညီနောင်ကျန်းချန်က အနှိုင်းမဲ့ပါရမီရှင် တစ်ယောက်ပဲ.. ငါ အနိုင်မရနိုင်မှန်း သိပေမဲ့လည်း တစ်ခါလောက်တော့ စမ်းသပ်ကြည့်ချင်တယ်”
ထိုစကားကို ပြောရင်း နဲ့ဟယ်ယွမ်သည် လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်သည်။
“အချိန်မကုန်ရအောင် တိုက်ကွက် တစ်ကွက်တည်းနဲ့ပဲ အနိုင် အရှုံးကို ဆုံးဖြတ်ကြတာပေါ့”
ကျန်းချန်က ဓားကို ကိုင်ဆွဲရင်း ရပ်နေရင်း နဲ့ဟယ်ယွမ်ကို ပြောလိုက်သည်။
“ကောင်းပြီလေ.. ညီနောင်နဲ့.. စလို့ရပြီ”
ကျန်းချန်၏ စကားဆုံးသည်နှင့် နဲ့ဟယ်ယွမ်၏ ခန္ဓာကိုယ်ကနေ ပကတိ အင်မော်တယ် စွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။
သူက ဆန်းကြယ်သော လက်ဝါးသိုင်း တစ်ခုကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်၏။
လက်ဝါးရိုက်ချက်၏ အရှိန်အဝါ စွမ်းအားသည် ပတ်ဝန်းကျင်ကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့ပြီး အလွန်တရာ ကြီးမားသော ဗျိုင်းဖြူတစ်ကောင် အဖြစ် ပြောင်းလဲကာ ကျန်းချန်၏ ဦးခေါင်း အထက်တွင် ပျံဝဲနေခဲ့သည်။
ထိုဧရာမ ဗျိုင်းဖြူကြီးက အတောင်ပံများ ခတ်လိုက်သောအခါတွင် မမြင်ရသော အင်အား တစ်ခုသည် ဟင်းလင်းပြင်ကို အေးခဲသွားစေခဲ့၏။
“ဒါက ဗျိုင်းဖြူကောင်းကင်ပိတ်ဆို့ လက်ဝါးသိုင်းပဲ”
လျှိုဝူချန်းသည် နဲ့ဟယ်ယွမ် ထုတ်ဖော်လိုက်သော လက်ဝါးသိုင်းကို မြင်လျှင် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
ဗျိုင်းဖြူကောင်းကင်ပိတ်ဆို့ လက်ဝါးသိုင်းသည် တလော့အင်မော်တယ်ဖြစ်သည့် ဗျိုင်းဖြူအင်မော်တယ်အရှင် နဲ့ယွိထျန်၏ ကျော်ကြားသော သိုင်းကွက် ဖြစ်ပြီး စန်းယွင်ပြည်နယ်၏ နာမည်ကျော် တလော့အဆင့် သိုင်းကွက် ဖြစ်သည်။
ဗျိုင်းဖြူအင်မော်တယ်အရှင် နဲ့ယွိထျန်သည် ဗျိုင်းဖြူကောင်းကင်ပိတ်ဆို့ လက်ဝါးသိုင်းကို အားကိုး၍ အစွမ်းထက်ပုဂ္ဂိုလ် အများအပြားကို အနိုင်ယူခဲ့၏။
စန်းယွင်ပြည်နယ်ရှိ တလော့အင်မော်တယ်များသည် နဲ့ယွိထျန်၏ ဗျိုင်းဖြူကောင်းကင်ပိတ်ဆို့ လက်ဝါးသိုင်းကို ကြောက်ရွံ့ကြသည်။
“ဒီကောင်လေးက ဗျိုင်းဖြူအင်မော်တယ်အရှင် နဲ့ယွိထျန်ရဲ့ ခြေရာကို ထပ်တူ နင်းနိုင်နေပြီပဲ”
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက မချီးကျူးဘဲ မနေနိုင်တော့ပေ။
“သူ့ကို အချိန်အနည်းငယ်လောက်သာ ထပ်ပေးလိုက်မယ် ဆိုရင် နောက်ထပ် ဗျိုင်းဖြူအင်မော်တယ်အရှင်တောင် ဖြစ်လာနိုင်တယ်”
နှမြောစရာကောင်းသည်မှာ နဲ့ဟယ်ယွမ်သည် ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း ယနေ့တွင် သူ့ထက် သာလွန်သော ပါရမီရှင်ကျန်းချန်နှင့် တွေ့ဆုံနေခဲ့ခြင်းပင်။
ထို့ကြောင့် ဤတိုက်ပွဲတွင် အနိုင်ရရန် အခွင့်အရေးသည် သူ့အတွက် အလွန်တရာ နည်းပါးနေခဲ့သည်။
“ဗျိုင်းဖြူအင်မော်တယ်အရှင် နဲ့ယွိထျန်ရဲ့ မျိုးဆက်က တကယ်ကို အစွမ်းထက်တာပဲ”
ယွိစစ်ချန်က တအံ့တဩ ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ မျက်နှာထက်၌ ကောက်ကျစ်သောအပြုံးတစ်ခု ပေါ်လာခဲ့၏။
ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုမျိုးကို သူ့ဆရာ ပေးထားသည့် ဝှက်ဖဲအား မသုံးသရွေ့ သူ၏ အင်အားဖြင့်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဆိုရလျှင် ကျန်းချန်သည် အလွန်တရာ သန်မာသော်လည်း ဤတိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
“တလော့အဆင့်သိုင်းကွက်က တကယ်ကို ဆန်းကြယ်တာပဲ”
နဲ့ဟယ်ယွမ် ထုတ်ဖော်လိုက်သော လက်ဝါးသိုင်းကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤလူသည် ပကတိအင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသော်လည်း ထုတ်ဖော်လိုက်သော တိုက်ခိုက်ရေးစွမ်းရည်ကမူ ရှန်ချိုးထက်ပင် မနိမ့်ကျပေ။
အကယ်၍ ကျင့်ကြံခြင်းအဆင့် တူညီနေခဲ့လျှင် နဲ့ဟယ်ယွမ်ကို အနိုင်ယူရန် သူ့အနေဖြင့် အတော်လေး အားထုတ်ရလိမ့်မည် ဖြစ်သည်။
ကျန်းချန်က အတွေးများသာ လှုပ်ရှားနေသော်လည်း သတိလက်လွတ် မဖြစ်ခဲ့ပေ။
သူက လက်ထဲရှိ ထျန်းယွမ် အင်မော်တယ်ဓားဖြင့် ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
“အပြာရောင်ဧကရာဇ်ဓားသိုင်း.. လူသားအဖြစ်ပြောင်းလဲစေသော ဓားချက်”
ရိုးရှင်းပြီး တည်ငြိမ်သော ဓားချက်သည် ကြောက်မက်ဖွယ် အင်မော်တယ် အရှိန်အဝါများနှင့် အတူ ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားသော အင်အားများကို ချက်ချင်းပင် ပျက်ပြယ်သွားစေခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်၏ ဦးခေါင်းအထက်၌ ပျံဝဲနေသော ဗျိုင်းဖြူပုံရိပ်သည်ပင် ရုတ်တရက် ပြိုကွဲသွားခဲ့ပြီး ကမ္ဘာလောကကြားတွင် ပျောက်ကွယ်သွားခဲ့၏။
ဤအခိုက်အတန့်တွင် ကြီးမားသော ရင်ပြင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး လူတိုင်းသည် မှင်တက်သွားခဲ့ကာ အချိန်အတန်ကာ သတိပြန်ဝင်မလာခဲ့ကြပေ။
နဲ့ဟယ်ယွမ်၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်မှုသည် ကျန်းချန်၏ သာမန် ဓားချက် တစ်ချက်အောက်တွင် ချေဖျက်ခံလိုက်ရလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။
“မင်းရဲ့ဓားသိုင်းက ဘာဓားသိုင်းလဲ”
သူ၏ ဗျိုင်းဖြူကောင်းကင်ပိတ်ဆို့ လက်ဝါးသိုင်းကို ကျန်းချန်က အလွယ်တကူ ဖြိုခွင်းလိုက်သည်အား မြင်လျှင် နဲ့ဟယ်ယွမ်သည် မှင်တက်နေခဲ့ပြီး သတိပြန်ဝင်လာရန် အချိန်အတော်ယူခဲ့ရသည်။
ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
နဲ့ဟယ်ယွမ်သည် သူက ကျန်းချန်၏ ပြိုင်ဘက်မဟုတ်မှန်း ကောင်းစွာ သိထားသော်လည်း သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ကျန်းချန်က ဤမျှအထိ အလွယ်တကူ ဖြိုခွင်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“ဒါက အပြာရောင်ဧကရာဇ်ဓားသိုင်း ထဲက လူသားအဖြစ်ပြောင်းလဲစေသောဓားကွက်ပဲ.. ဘယ်လိုလဲ ငါနဲ့ဆက်တိုက်ချင်သေးလား”
“မတိုက်တော့ပါဘူး”
နဲ့ဟယ်ယွမ်က ခါးသီးစွာ ပြုံး၍ ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“မင်းရဲ့ ဓားချက်ထဲမှာ ပါဝင်နေတဲ့အင်အားက ငါ့ရဲ့တလော့အဆင့် လက်ဝါးသိုင်းဖြစ်တဲ့ ဗျိုင်းဖြူကောင်းကင်ပိတ်ဆို့ လက်ဝါးသိုင်းထက် အများကြီး သာလွန်တယ်.. ငါက မင်းရဲ့ပြိုင်ဘက် မဖြစ်နိုင်ပါဘူး”
သူ့ရှေ့မှ ကျန်းချန်၏ အင်အားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး သူအားအကိုးရဆုံး သိုင်းကွက်ကိုပင် အလွယ်တကူ ဖြိုခွင်းနိုင်ခဲ့သည်။
သူက ပကတိအင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသည်ကို မပြောနှင့်၊ ကျန်းချန်နှင့် ကျင့်ကြံခြင်းအဆင့်ချင်း တူညီနေခဲ့လျှင်ပင် ကျန်းချန်ကို အနိုင်ရရန် အခွင့်အရေးသည် သုံးဆယ်ရာခိုင်နှုန်းအောက်သာ ရှိမည် ဖြစ်သည်။
ထိုစကားကို ပြောပြီးနောက်တွင် နဲ့ဟယ်ယွမ်သည် ချက်ချင်းဆိုသလို သူ၏ နေရာသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။
အခန်း(၂၇၄၁)ပြီး၏။
အခန်း(၂၇၄၂)
“ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ယွိစစ်ချန်က သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ကာ သူ့မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
တလော့အင်မော်တယ်၏ မျိုးဆက်ဖြစ်သည့် နဲ့ဟယ်ယွမ်သည် ကျန်းချန်၏ ပြိုင်ဘက် မဟုတ်ခဲ့လျှင်ပင် ကျန်းချန်၏ အင်အားကို အတော်လေး ကုန်ခမ်းစေလိမ့်မည်ဟု မူလက သူထင်ထားခဲ့သည်။
သို့သော်လည်း လက်တွေ့ အရှိတရားကမူ အလွန်ပင် ခါးသီးနေခဲ့၏။
နဲ့ဟယ်ယွမ် အစွမ်းကုန်ထုတ်ဖော်လိုက်သည့် သိုင်းကွက်သည် ကျန်းချန်၏ သာမန် ဓားချက် တစ်ချက်အောက်တွင် ဖြိုခွင်းခံလိုက်ရသည်။
ဤအတိုင်းသာ ဆိုလျှင် သူက မည်ကဲ့သို့ ကြားကနေ အကျိုးအမြတ် ထုတ်နိုင်ပါတော့မည်နည်း။
“ဘာပဲဖြစ်ဖြစ် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲရဲ့ ပထမနေရာကို ငါ အလွယ်တကူ လက်မလွှတ်နိုင်ဘူး”
ယွိစစ်ချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
ဤအမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ပထမရရှိရန် အတွက် ယွိစစ်ချန်သည် အချိန်ကြာမြင့်စွာ ကတည်းကပင် ရည်မှန်းထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲတွင် အနိုင်ရပြီး အမည်မဲ့အင်မော်တယ်နန်းတော်၏ ဧည့်အကြီးအကဲ ဖြစ်လာသည်နှင့် သူနှင့် အမည်မဲ့အင်မော်တယ်နန်းတော် ကြားတွင် ဆက်ဆံရေးရှိသွားမည် ဖြစ်ပြီး ယင်းသည် ယွိချန်အင်မော်တယ်ဂိုဏ်းအတွင်းရှိ သူ၏ ဂုဏ်သိက္ခာကို များစွာ မြှင့်တင်ပေးနိုင်လိမ့်မည် ဖြစ်၏။
ထို့အပြင် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဧည့်အကြီးအကဲ ခံစားခွင့်သည် အမှန်တကယ်ပင် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်။
ပထမနေရာ ရရှိမည်ဆိုလျှင် နှစ်စဥ်နှစ်တိုင်း သူရရှိမည့် အမည်မဲ့အင်မော်တယ် နှင်းရည်များသည် သူ၏ ကျင့်ကြံမည့်အချိန်ကို နှစ်ပေါင်းထောင်ချီ သက်သာစေလိမ့်မည် ဖြစ်သည်။
ဤနည်းအားဖြင့် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် ဆယ်ဆမက မြန်ဆန်လာလိမ့်မည် ဖြစ်၏။
ထိုအချိန်သို့ ရောက်ရှိလျှင် ယွိချန်အင်မော်တယ်ဂိုဏ်းရှိ ပါရမီရှင် အားလုံးသည် သူ၏ နောက်တွင် ကျန်ရစ်ခဲ့မည် ဖြစ်ပြီး သူက ယွိချန်အင်မော်တယ်ဂိုဏ်း၏ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်လာပေလိမ့်မည်။
အဆင့်သတ်မှတ်ချက် ပြိုင်ပွဲများကို ဆက်လက် ကျင်းပနေခဲ့သည်။
မကြာမီမှာပင် ကျန်းချန်နှင့်ယွိစစ်ချန် တို့သည် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။
“ကျန်းချန်.. တလော့အင်မော်တယ် မျိုးဆက် ဖြစ်တဲ့ နဲ့ဟယ်ယွမ်တောင် မင်းရဲ့ဓားချက်ကို ရင်မဆိုင်နိုင်ခဲ့ဘူး ဆိုတော့ မင်းရဲ့ခွန်အားက ငါထင်ထားတာထက်တောင် ကျော်လွန်နေတာပဲ”
စင်မြင့်အထက်ရှိ လေထုထဲတွင် ယွိစစ်ချန်နှင့် ကျန်းချန်တို့သည် မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြသည်။
ယွိစစ်ချန်၏ မျက်နှာအမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့၏။
ကျန်းချန်က ယွိစစ်ချန်ကို ပေါ့ပါးစွာ ကြည့်၍ ပြောလိုက်သည်။
“မင်းက ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ဆိုပေမဲ့ နဲ့ဟယ်ယွမ်ထက် အနည်းငယ် အားနည်းတယ်.. မင်းမှာ ငါ့ကို အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိဘူး”
ယွိစစ်ချန်၏ ပါရမီသည် ဝမ်ရှင်းဟန်နှင့် အဆင့်တူလောက်သာ ရှိသည်။
တစ်ခုတည်းသော အားသာချက်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဝမ်ရှင်းဟန်ထက် အနည်းငယ် မြင့်မားပြီး ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိနေခြင်းပင်။
နဲ့ဟယ်ယွမ်ကမူ တလော့အင်မော်တယ်၏ သွေးမျိုးဆက် ရှိရုံသာမက တလော့အမွေအနှစ်ကိုပါ ဆက်ခံထားသူ ဖြစ်၍ ယွိစစ်ချန် ကဲ့သို့ ပါရမီရှင်သည် နဲ့ဟယ်ယွမ်ကို နှိုင်းယှဥ်၍ မရနိုင်ပေ။
ဆိုရလျှင် ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့် ယွိစစ်ချန်ကို မျက်လုံးထဲ ထည့်စရာပင် မလိုပေ။
“သေချာရဲ့လား.. အနိုင်ရဖို့ အခွင့်အရေးရှိ မရှိဆိုတာ တိုက်ကြည့်ပြီးရင် သိရမှာပေါ့”
ယွိစစ်ချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး စိမ်းဖန့်ဖန့် ကျောက်စိမ်းပုလွေ တစ်လက်ကို ထုတ်ယူလိုက်သည်။
သူက ကျောက်စိမ်းပုလွေကို အစွမ်းကုန် မှုတ်လိုက်ရာ စူးရှသော လေချွန်သံသည် ရင်ပြင်အထက်ရှိ ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် စင်မြင့်ထက်၌ ကာကွယ်ရေး အစီအရင်များ ရှိသော်လည်း ရင်ပြင်ရှိ လူတိုင်းသည် ထိုအသံလှိုင်း၏ ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး အသက်ရှူရကြပ်ကာ မသက်မသာ ခံစားလိုက်ကြရသည်။
“ဒါက တလော့အသံပဲ”
စင်မြင့်ထက်ရှိ လေထုထဲမှ အခြေအနေကိုကြည့်ရင်း လျှိုဝူချန်း၏ မျက်နှာသည် ချက်ချင်းပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
ယိချန်အင်မော်တယ်ဂိုဏ်းသည် အသံလှိုင်းကို အဓိကထားကျင့်ကြံသော တလော့အဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
ထို့ကြောင့် ယွိစစ်ချန်၏ ကျောက်စိမ်းပုလင်းထဲတွင် တလော့အင်မော်တယ် ချန်ထားရစ်ခဲ့သည့် တလော့အသံ ပါဝင်နေသည်မှာ ထင်ရှားနေခဲ့၏။
ယွိစစ်ချန်သည် အမည်မဲ့အင်မော်တယ်ပြိုင်ပွဲ၏ ပထမနေရာကို ရရှိရန်အတွက် ထိုကဲ့သို့ ဝှက်ဖဲကိုပင် တစ်ခါတည်း ထုတ်သုံးလိုက်မည်ဟု လျှိုဝူချန်း ထင်မထားခဲ့ပေ။
ယွိစစ်ချန် ထုတ်ဖော်လိုက်သည့် တလော့အသံသည် အလွန်အမင်း မပြင်းထန်သော်လည်း ရွှေအင်မော်တယ် အဆင့်အောက်ရှိ လူအနည်းငယ်ကသာ ခံနိုင်ရည်ရှိလိမ့်မည် ဖြစ်သည်။
ဆိုရလျှင် ဤတလော့အသံသည် ပြိုင်ပွဲဝင်များ ရင်ဆိုင်နိုင်မည့် အရာမျိုး မဟုတ်ပေ။
သို့သော်လည်း ယွိစစ်ချန်၏ လှုပ်ရှားမှုက အလွန်ပင် ပြတ်သားမြန်ဆန်သဖြင့် လျှိုဝူချန်းသည်ပင် ဘာမှ မတုံ့ပြန်နိုင်ခဲ့ပေ။
သူ့အနေဖြင့် တားဆီးရန် ကြိုးစားလျှင်ပင် နောက်ကျသွားခဲ့ချေပြီ။
လျှိုဝူချန်း၏ မျက်နှာက အလွန်ပင် သုန်မှုန်နေခဲ့သည်။
အမည်မဲ့အင်မော်တယ် နန်းတော်ကနေ ယခင်က ကျင်းပသော အမည်မဲ့အင်မော်တယ် ပြိုင်ပွဲများတွင် ပါဝင်သော လူငယ်များသည် ဂိုဏ်းဂဏ မရှိသော ကျင့်ကြံသူများ ဖြစ်ကြပြီး မည်သည့် နောက်ခံအင်အားမှ မရှိကြ၍ အကြီးအကဲများ ပေးအပ်ထားသည့် အစွမ်းထက် ဝှက်ဖဲများလည်း ပိုင်ဆိုင်ကြမည် မဟုတ်ပေ။
ယခုတစ်ကြိမ် ပြိုင်ပွဲတွင်မူ တလော့အင်အားစုမှ ပါရမီရှင်များ ပါဝင်လာသဖြင့် အစွမ်းထက်ဝှက်ဖဲများ ပါဝင်လာခဲ့သည်။
လျှိုဝူချန်းသည် ဤအချက်ကို လျစ်လျူရှုမိသွားခဲ့သည်။
ဤတစ်ကြိမ် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲ၏ ပထမဆုကို ရက်ရက်ရောရော ပေးရခြင်း၏ အကြောင်းရင်းမှာ စစ်မှန်သော ပါရမီရှင် တစ်ဦး၏ အကူအညီကို ရယူရန် မျှော်လင့်ထားသောကြောင့် ဖြစ်သည်။
ပါရမီနှင့် ခွန်အားပိုင်းတွင် ယွိစစ်ချန်သည် ကျန်းချန်ထက် များစွာ နိမ့်ကျပြီး တလော့အင်မော်တယ် မျိုးဆက် ဖြစ်သည့် နဲ့ဟယ်ယွမ်ထက်ပင် အနည်းငယ် နိမ့်ကျနေသေးသည်။
အကယ်၍ ယွိစစ်ချန်သာ အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ပထမနေရာ ရရှိသွားခဲ့လျှင် သူတို့၏ ရည်ရွယ်ချက်သည် မြောင်းထဲ ရောက်သွားလိမ့်မည် မဟုတ်ပါလော။
“အကြီးအကဲချုပ်လျှို.. အမည်မဲ့အင်မော်တယ် ပြိုင်ပွဲက အမြဲတစေ ကိုယ်ပိုင်ခွန်အားကိုပဲ အသိအမှတ်ပြုခဲ့တယ်.. အခု ဒီကောင်က သူ့အကြီးအကဲ ပေးထားတဲ့ လျှို့ဝှက်လက်နက်ကို အသုံးပြုပြီး အခွင့်ကောင်းယူနေတယ်.. ငါတို့ အမည်မဲ့အင်မော်တယ်နန်းတော်က သူ့ကို အသိအမှတ်မပြုရင် သူဘာလုပ်နိုင်မှာလဲ”
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
သူသည်လည်း ယွိစစ်ချန်၏ လုပ်ရပ်ကို အတော်လေး သဘောမကျ ဖြစ်နေခဲ့သည်။
“အခုအချိန်မှတော့ တလော့အသံကို ကျန်းချန် ခုခံနိုင်ပါစေလို့ မျှော်လင့်ရတော့မှာပဲ”
လျှိုဝူချန်းက သက်ပြင်းချကာ ရေရွတ်လိုက်သည်။
အမည်မဲ့အင်မော်တယ် ပြိုင်ပွဲ၏ စည်းမျဥ်းတွင် အကြီးအကဲများ ပေးထားသည့် လျှို့ဝှက်လက်နက်ကို မသုံးရဟု ကြိုတင်ကြေညာထားခြင်း မရှိပေ။
အကယ်၍ ယွိစစ်ချန်က အနိုင်ရသွားပြီးမှ သူတို့က ရလဒ်ကို ပယ်ဖျက်လိုက်လျှင် လူအများ၏ ယုံကြည်မှုကို ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။
ယခု အကောင်းဆုံးရလဒ်မှာ ကျန်းချန်က ယွိစစ်ချန် ထုတ်သုံးလိုက်သည့် တလော့အသံကို ပိတ်ဆို့နိုင်ရန်ပင် ဖြစ်သည်။
သို့ရာတွင် ကျန်းချန်က ပြိုင်ဘက်ကင်းပါရမီ ရှိသော်လည်း ကောင်းကင်အင်မော်တယ် ပထမအဆင့် ခွန်အားဖြင့် ကောင်းကင်အင်မော်တယ် နဝမအဆင့် တိုက်ခိုက်မှုနှင့် ညီမျှသော တလော့အသံကို ပိတ်ဆို့ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“ဒါက ယွိစစ်ချန်ရဲ့ လျှို့ဝှက်လက်နက်လား”
ယွိစစ်ချန် ထုတ်ဖော်လိုက်သည့် စွမ်းအားကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ယွိစစ်ချန် ထုတ်ဖော်လိုက်သည့် စွမ်းအားသည် ဝမ်ရှင်းဟန် ထုတ်သုံးခဲ့သည့် စွမ်းအားထက်ပင် ပို၍ အစွမ်းထက်နေပုံရ၏။
“အပြာရောင်ဧကရာဇ်ဓားသိုင်း”
ကျန်းချန်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ အပြာရောင်ဧကရာဇ် ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ ဟင်းလင်းပြင်တွင် အလင်းတံခါး တစ်ချပ် ပေါ်လာခဲ့ပြီး ထိုအလင်းတံခါးကနေ အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် တစ်ပါး ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ဓားအင်မော်တယ်သည် အသံလှိုင်းများ ရှိရာဆီသို့ ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။
သို့သော်လည်း ထိုဓားချက်သည် အသံလှိုင်းများနှင့် တစ်ခဏမျှ အားပြိုင်ပြီးနောက်တွင် ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့သည်။
ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် အပြာရောင်ဧကရာဇ်ဓားသိုင်းကို အစွမ်းကုန်ထုတ်သုံးမည် ဆိုလျှင် သာမန် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးပင် ရှောင်တိမ်းရလိမ့်မည် ဖြစ်သော်လည်း တလော့အသံကို ပိတ်ဆို့ရန်မှာမူ ခက်ခဲနေဆဲ ဖြစ်၏။
ကျန်းချန်၏ ပုံရိပ်က ပေရာပေါင်းများစွာ နောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။
သူက ချက်ချင်းဆိုသလိုပင် အင်မော်တယ်ကျောက်တိုင်ကို ထုတ်ယူလိုက်၏။
“အင်မော်တယ်ချေမှုန်းခြင်းစွမ်းအား.. သက်ရောက်စမ်း”
ကျန်းချန်၏ ကြုံးဝါးသံနှင့်အတူ အင်မော်တယ်ကျောက်တိုင်သည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် ကြီးမားသော နတ်ဘုရားကျောက်တိုင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး စင်မြင့်အထက်ရှိ အကာအကွယ် အတားအဆီးများပင်လျှင် အင်မော်တယ်ကျောက်တိုင်ထံမှ စွမ်းအားများကြောင့် ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့သည်။
ကြောက်မက်ဖွယ် အသံလှိုင်းများသည်လည်း အင်မော်တယ်ကျောက်တိုင် ထံကနေ ထွက်ပေါ်လာသည့် အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကြောင့် ချေမှုန်းခံလိုက်ရပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“တလော့အင်အားစုက ပါရမီရှင်တွေက တကယ်ကို ရင်ဆိုင်ရခက်ခဲတာပဲ”
ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ဖြင့် အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို အသုံးပြုကာ ယွိစစ်ချန်၏ တိုက်ကွက်ကို ပိတ်ဆို့လိုက်ပြီးနောက်တွင် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။
ယွိစစ်ချန် ထုတ်သုံးလိုက်သော လျှို့ဝှက်လက်နက်သည် အမှန်တကယ်ပင် အလွန်တရာ အစွမ်းထက်၏။
သူက အပြာရောင်ဧကရာဇ် ဓားသိုင်းနှင့် အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို ဆက်တိုက်ဆိုသလို အသုံးပြုခဲ့ရသည်။
နောင်အခါတွင် တလော့အင်အားစုများမှ ပါရမီရှင်များနှင့် ရင်ဆိုင်ရလျှင် သူ့အနေဖြင့် ပို၍ သတိထားရန် ဆုံးဖြတ်လိုက်၏။
သို့မဟုတ်လျှင် အနည်းငယ်မျှ ပေါ့ဆမိသည်နှင့် ဆိုးရွားစွာ ရှုံးနိမ့်သွားရလိမ့်မည် မဟုတ်ပါလား။
အခန်း(၂၇၄၂)ပြီး၏။