အခန်း (၂၇၄၅-၂၇၄၆)
Vol. 215 Ch. 2745-2746
အခန်း(၂၇၄၅)
“လူသားတွေရှိတဲ့ နေရာမှန်သမျှ အားပြိုင်မှုတွေက ရှိစမြဲပဲ ဆိုတာ သိပ်မှန်တာပဲ.. အင်မော်တယ်လောကမှာတောင် မလွတ်ကင်းနိုင်ပါလား”
ကျန်းချန်က ခေါင်းခါရမ်းလိုက်သည်။
သူက သူ့ရှေ့မှ တောင်တန်းကြီးကို ရှောင်ကွင်းသွားချင်ပြီး အင်မော်တယ် အင်အားစုများ၏ စစ်ပွဲထဲတွင် အကြောင်းပြချက်မရှိဘဲ ပါဝင်ပတ်သက်လိုခြင်း မရှိခဲ့ပေ။
ကျန်းချန်က ဆုတ်ခွာရန် ပြင်လိုက်စဥ်မှာပင် သူ့ရှေ့ရှိ ဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးနှင့် အမျိုးသမီး တစ်ဦး တို့သည် သူရှိရာဘက်သို့ ခြေကုန်သုတ်၍ ပြေးလာသည်ကို ကျန်းချန် မြင်လိုက်ရသည်။
ထိုအဘိုးအို၏ အရှိန်အဝါက မနိမ့်ကျဘဲ ကောင်းကင်အင်မော်တယ် သတ္တမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
အဘိုးအို၏ နံဘေးရှိ အမျိုးသမီးသည် ပိုးသားကဲ့သို့ နူးညံ့သော အပြာရောင်ဆံကေသာများ ရှိပြီး အသားအရေက ကျောက်စိမ်း ကဲ့သို့ ချောမွတ်ကာ အဖိုးတန်မြကျောက် ကဲ့သို့ စိမ်းစိုနေသည့် မျက်ဝန်းတစ်စုံကိုလည်း ပိုင်ဆိုင်ထား၏။
“တကယ်ကို လှပတဲ့ အမျိုးသမီးပါလား”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။
ဤအမျိုးသမီး၏ အသွင်အပြင်သည် ပြစ်မျိုးမှဲ့မထင် ပြီးပြည့်စုံသော အနုပညာလက်ရာတစ်ခုနှယ် ဖြစ်နေခဲ့သည်။
အထူးသဖြင့် သူမ၏ မြကျောက်ကဲ့သို့ စိမ်းစိုသော မျက်ဝန်းတစ်စုံသည် မြင်ရသူ၏ စိတ်ခံစားချက်ကို ချက်ချင်းဆိုသလို အေးချမ်းသွားစေနိုင်မည့်ပုံ ရ၏။
ကျန်းချန်ကို ပို၍ အံ့အားသင့်စေသည့်အချက်မှာ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကနေ သူနှင့် အနည်းငယ် ရင်းနှီးနေသော အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရခြင်းပင်။
ကျန်းချန်က သူ့ရှေ့မှ အဘိုးအိုနှင့် အမျိုးသမီးကို ကြည့်နေစဥ်မှာပင် ထိုနှစ်ဦး၏ အနောက်ဘက် ကောင်းကင်ယံကနေ ပုံရိပ်တချို့ အလျင်အမြန် လိုက်ပါလာကြသည်။
ရှေ့ဆုံးက ဦးဆောင်လာသူမှာ အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
သူ၏ မောက်မာသော ရယ်သံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
“ဟားဟား ရွမ်ယီအင်မော်တယ်ဂိုဏ်းက သခင်မလေး.. မင်းဘယ်လိုမှ ပြေးမလွတ်နိုင်တော့ဘူး.. ငါ့လက်ထဲမှာ အေးအေးဆေးဆေး အဖမ်းခံလိုက်စမ်း”
အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်လျှင် အပြာရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်နှာထက်တွင် စိုးရိမ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
နဂါးဝါအင်မော်တယ်ဂိုဏ်းနှင့် ရွမ်ယီအင်မော်တယ်ဂိုဏ်းတို့သည် ဤအနီးအနားရှိ အင်မော်တယ်ဂိုဏ်းငယ် နှစ်ဂိုဏ်းဖြစ်ပြီး အင်အား သိပ်မကြီးမားပေ။
ထိုအင်မော်တယ်ဂိုဏ်းများတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်မှာ ကောင်းကင်အင်မော်တယ် နဝမအဆင့်သာ ရှိသည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် နှစ်ဖက်စလုံးသည် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသော်လည်း မည်သည့်ဘက်ကမှ အသာစီးမရခဲ့ပေ။
သို့ရာတွင် သိပ်မကြာမီက နဂါးဝါအင်မော်တယ်ဂိုဏ်းမှ ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသည် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်သို့ ထိုးဖောက်သွားခဲ့ရာ ဂိုဏ်းနှစ်ခုကြားရှိ မျှခြေက ပျက်စီးသွားခဲ့သည်။
နဂါးဝါဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် ခြေလှမ်းတစ်ဝက်ရွှေအင်မော်တယ် အဆင့်သို့ တက်လှမ်းပြီးနောက်တွင် ရည်မှန်းချက်များ ကြီးထွားလာခဲ့ပြီး ရွမ်ယီအင်မော်တယ်ဂိုဏ်းကို သိမ်းပိုက်ရန် ကြိုးပမ်းလာခဲ့သည်။
နှစ်ဖက် တိုက်ပွဲ အကြီးအကျယ် ဖြစ်သွားပြီးနောက်တွင် ရွမ်ယီအင်မော်တယ်ဂိုဏ်းက အရေးနိမ့်သွားခဲ့သည်။
ထို့ကြောင့် ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် ဌာနချုပ်သို့ ပြန်ဆုတ်ကာ ဌာနချုပ်၏ အကာအကွယ် အစီအရင်ဖြင့် ခုခံနေခဲ့ပြီး သခင်မလေး ချူလင်းယွင်နှင့် ဂိုဏ်း၏ အဓိကတပည့်များကို ဂိုဏ်းနှင့် ဝေးရာသို့ ထွက်ပြေးစေရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
ချူလင်းယွင်၏ ပါရမီဖြင့်ဆိုလျှင် အောင်မြင်စွာ ထွက်ပြေးနိုင်သရွေ့ ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ပြန်လည်ထွန်းတောက်လာရန် ကြိုးပမ်းနိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ရွမ်ယီအင်မော်တယ်ဂိုဏ်းမှ ချူလင်းယွင် ထွက်လာချိန်တွင် မထင်မှတ်ဘဲ နဂါးဝါအင်မော်တယ်ဂိုဏ်းမှ လူများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရ၏။
အပြာရောင်ဝတ်စုံဝတ် အဘိုးအို၏ နံဘေးမှ ချူလင်းယွင်၏ အမူအရာက ပုံမှန်ထက် ထူးခြားစွာ တည်ငြိမ်နေခဲ့သည်။
သူမက အပြာရောင်ဝတ်စုံဝတ် အဘိုးအို နံဘေးတွင် တိတ်တဆိတ် ရပ်နေခဲ့ပြီး လောကီဖုန်မှုန့် အညစ်အကြေးများ စွန်းပေမှု မရှိသော ခံစားချက်ကို ပေးစွမ်းနေခဲ့၏။
သူမ ရှေ့တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးသည် သူမနှင့် ဘာမှ မသက်ဆိုင်သကဲ့သို့ပင်။
“တတိယအကြီးအကဲ ကျွန်မအတွက် စိတ်မပူပါနဲ့.. အကြီးအကဲရဲ့ စွမ်းရည်နဲ့သာဆိုရင် ထွက်ပြေးဖို့ အခွင့်အရေးရှိနိုင်ပါတယ်.. ကျွန်မကို ထားခဲ့ပြီး အမြန်ဆုံး ထွက်သွားပါ”
ချူလင်းယွင်၏ အသံက နူးညံ့ပြီး သာယာနေခဲ့သည်။
သူမက သေခြင်းတရားကို အလွန်အမင်း ကြောက်ရွံ့နေပုံမရပေ။
အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက ချူလင်းယွင်ကို တစ်ချက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားခဲ့ပြီး သူ ဘာာစဥ်းစားနေသည်ကို မည်သူမျှ မသိနိုင်ပေ။
“ရဲ့စန်းမူ အပင်ပန်းခံပြီး ပြေးမနေနဲ့တော့.. မင်းတို့ ရွမ်ယီ အင်မော်တယ်ဂိုဏ်းက အဆုံးသတ်သွားခဲ့ပြီ.. မင်းအနေနဲ့ လိမ်လိမ်မာမာ အဖမ်းခံလိုက်တာ အကောင်းဆုံးပဲ”
အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက အပြာရောင်ဝတ်စုံဝတ် အဘိုးအိုနှင့် ချူလင်းယွင် တို့ကို မထီမဲ့မြင် ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ.. ဒါဆို ငါ ချူလင်းယွင်ကို နဂါးဝါအင်မော်တယ်ဂိုဏ်းဆီ အပ်နှံဖို့ ဆန္ဒရှိတယ်.. မင်းတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းဆီမှာ ငါ ခိုလှုံမယ်”
အပြာရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းများက တစ်ခဏမျှ လှုပ်ခတ်သွားပြီးနောက်တွင် စွမ်းအားတချို့ကို ထုတ်ဖော်ကာ ချူလင်းယွင်ကို ချုပ်နှောင်လိုက်သည်။
ရုတ်တရက် ချုပ်နှောင်ခံလိုက်ရသော်လည်း ချူလင်းယွင်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။
ချူလင်းယွင်က သူမ၏ လှပသော မြစိမ်းရောင် မျက်ဝန်းများဖြင့် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုကို တည်ငြိမ်စွာ ကြည့်နေခဲ့ပြီး ဘာစကားမျှ မပြောခဲ့ပေ။
“ဟားဟား အခြေအနေကို နားလည်တဲ့သူက လူတော်ပဲ”
အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။
“ရဲ့စန်းမူ.. မင်းက ချူလင်းယွင်ကို ကိုယ့်သဘောနဲ့ကိုယ် အပ်နှံဖို့ ဆန္ဒရှိပြီး နဂါးဝါဂိုဏ်းကို ခိုလှုံမယ် ဆိုမှတော့ ငါတို့ နဂါးဝါ အင်မော်တယ်ဂိုဏ်းကလည်း မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး”
အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက သစ္စာဖောက်လိုက်သည်ကို မြင်လျှင် ကျန်းချန် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။
သူက သူတစ်ပါး၏ ကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
သို့သော်လည်း သူထွက်သွားတော့မည် အချိန်မှာပင် သူ၏ စိတ်ထဲ၌ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“လူငယ်လေး.. သခင်မလေး ချူလင်းယွင်ကို တလော့အင်အားစုဖြစ်တဲ့ ထျန်းချီအင်မော်တယ်ဂိုဏ်းဆီ ပို့ပေးဖို့ တောင်းဆိုချင်ပါတယ်.. သခင်မလေးရဲ့ သွေးမျိုးဆက် ပါရမီနဲ့ ဆိုရင် ထျန်းချီအင်မော်တယ်ဂိုဏ်းက တလော့အင်မော်တယ်အရှင်ရဲ့ မျက်နှာသာပေးမှုကို သေချာပေါက် ရရှိပါလိမ့်မယ်.. အဲဒီအချိန်ကျရင် မင်းအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး ရရှိမှာပါ”
ကျန်းချန်က အပြာရောင်ဝတ်စုံဝတ် အဘိုးအိုကို တည်ငြိမ်စွာ တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲမှ တစ်ဆင့် အသံလွှင့်ကာ ပြောလိုက်သည်။
“ကျွန်တော်က ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ပါ.. စီနီယာက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ”
ရဲ့စန်းမူတို့ နှစ်ယောက်ကို လိုက်လံ ဖမ်းဆီးနေသည့် နဂါးဝါအင်မော်တယ်ဂိုဏ်းဝင်များ ထဲတွင် အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားမှ လွဲ၍ ကျန်သူများသည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်အောက်မှ ကျင့်ကြံသူများသာ ဖြစ်ကြသည်။
ယင်းက သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု မဖြစ်နိုင်သော်လည်း ကျန်းချန်သည် သူတစ်ပါး၏ ကိစ္စတွင် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိခဲ့ပေ။
ရဲ့စန်းမူက သူ့ကို တလော့အင်အားစု ဟူသော အမည်ဖြင့် ဆွဲဆောင်နေခြင်း ဖြစ်ပြီး သာမန်လူသာ ဆိုလျှင် စိတ်လှုပ်ရှားမိမည်မှာ သေချာသလောက်ပင်။
အကြောင်းရင်းမှာ ချူလင်းယွင်ကို ထျန်းချီအင်မော်တယ်ဂိုဏ်းသို့ ပို့ဆောင်ပေးနိုင်သည် နှင့်အမျှ တလော့အင်အားစုနှင့် ဆက်ဆံရေး ရှိလာနိုင်သောကြောင့် ဖြစ်သည်။
ယင်းမှာ လူအများ အိပ်မက်မက်နေကြသည့် အရာလည်းဖြစ်၏။
သို့သော် ကျန်းချန် အတွက်မူ ယင်းမှာ ပြောပလောက်စရာ မဟုတ်ပေ။
“လူငယ်လေး ငါတကယ်ပြောနေတာပါ.. ချူလင်းယွင်မှာ အင်မော်တယ်ဘုရင်ရဲ့ သွေးမျိုးဆက်ရှိတယ်.. တလော့အင်အားစုလောက်ကို မပြောနဲ့.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို သွားရင်တောင် ထိပ်တန်းပုဂ္ဂိုလ်တွေရဲ့ အာရုံစိုက်မှုကို ရရှိလိမ့်မယ်.. မင်းသာ သူ့ကို ကယ်ထုတ်သွားနိုင်ရင် မင်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ သေချာပေါက် ရရှိမှာပါ”
“အင်မော်တယ်ဘုရင်ရဲ့ သွေးမျိုးဆက်လား”
ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး ချူလင်းယွင်ကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အင်မော်တယ်ဘုရင် သွေးမျိုးဆက် ဆိုသည်မှာ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများ၏ မျိုးဆက်များသာ ပိုင်ဆိုင်နိုင်သည့် သွေးမျိုးဆက် ဖြစ်သည်။
ဤအပြာရောင်ဝတ်စုံဝတ် အမျိုးသမီးသည် အင်မော်တယ်ဘုရင် တစ်ပါး၏ မျိုးဆက် ဖြစ်နေနိုင်ပါသလော။
သို့သော်လည်း အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဆိုသည်မှာ အင်မော်တယ်လောကတွင်ပင်လျှင် နာမည်ကျော်ကြားသော အစွမ်းထက် အင်အားစုများ ဖြစ်ကြသည်။
သို့ဖြစ်ရာ အင်မော်တယ်ဘုရင်၏ မျိုးဆက်သည် အဘယ်ကြောင့် ရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူတစ်ဦးမျှပင် မရှိသော ရွမ်ယီအင်မော်တယ်ဂိုဏ်းကဲ့သို့ဂိုဏ်းငယ်လေးတစ်ခုဆီ ရောက်ရှိနေရပါသနည်း။
“လူငယ်လေး ချူလင်းယွင်ဆီမှာ အင်မော်တယ်ဘုရင်ရဲ့သွေးမျိုးဆက်ရှိနေတာက တကယ့်အမှန်တရားပါ အကြောင်းအမျိုးမျိုးကြောင့်သာ သခင်မလေးက ရွမ်ယီအင်မော်တယ်ဂိုဏ်းမှာ ရှိနေရတာပါ”
ရဲ့စန်းမူက ဆက်လက်အသံလွှင့်ကာ ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်၏ အကြည့်သည် ချူလင်းယွင်ဆီသို့ ကျရောက်သွားခဲ့သည်။
သူက ချူလင်းယွင်ကို အသေးစိတ် အကဲခတ်လိုက်ရာ ချူလင်းယွင်၏ ခန္ဓာကိုယ်ကနေ ရင်းနှီးနေသည့် အရှိန်အဝါကို ထပ်မံ ခံစားလိုက်ရ၏။
အဆုံးသတ်တွင် ကျန်းချန်သည် တစ်စုံတစ်ရာကိုစဥ်းစားမိသွားခဲ့ပြီး မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ချူလင်းယွင်၏ ခန္ဓာကိုယ်ပေါ်မှ ရင်းနှီးသောအရှိန်အဝါသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်ဆီမှ အရှိန်အဝါနှင့် အတော်လေးဆင်တူနေခြင်းဖြစ်သည်။
ဤသည်ကို တွေးမိလျှင် ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး အလျင်အမြန်ပင် အသံလွှင့်၍ မေးလိုက်သည်။
“စီနီယာ.. ချူလင်းယွင်ရဲ့ ခန္ဓာကိုယ်ပေါ်က သွေးက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့သွေးလား.. သူက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ မျိုးဆက်လား”
“မင်း.. မင်းဘယ်လိုလုပ်ပြီး သိတာလဲ”
ကျန်းချန်၏ စကားကိုကြားပြီးနောက်တွင် ရဲ့စန်းမူ၏ လေသံထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သောအရိပ်အယောင်များ ပါဝင်နေခဲ့သည်။
ရဲ့စန်းမူထံမှ စကားကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ချူလင်းယွင်သည် အမှန်တကယ်ပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မျိုးဆက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။
အခန်း(၂၇၄၅)ပြီး၏။
အခန်း(၂၇၄၆)
“ချူလင်းယွင်က တကယ်ပဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ မျိုးဆက် ဖြစ်နေခဲ့တယ်လား”
ကျန်းချန်က အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
သူက အဆင့်နိမ့်စကြဝဠာတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် များစွာ ပတ်သက်ဆက်နွှယ်ခဲ့ရုံသာမက ဤအခြေအနေအထိ သူ၏ တိုးတက်လာမှုတွင်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
သူ ယခု တတ်မြောက်ထားသည့် အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း ပင်လျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က သူ့ကို လက်ဆင့်ကမ်းပေးထားသည့် အင်မော်တယ်ဘုရင်အဆင့် ဓားသိုင်း ဖြစ်သည်။
ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်၏ ကျေးဇူးကို ပြန်လည်ပေးဆပ်ရန် အတွက် ကျန်းချန်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေခံအဖြစ် လုရှောင်ချင်းကို ရှာဖွေပေးခဲ့ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေဆက်ခံသူ ဖြစ်လာစေခဲ့သည်။
နောက်ပိုင်းတွင် လုရှောင်ချင်းသည် နတ်ဘုရားနယ်မြေကို ထိခိုက်မှု မရှိစေလိုသောကြောင့် ထာဝရရှင်သန်ခြင်းနန်းတော်နှင့် အတူ အင်မော်တယ်လောကသို့ ပြန်သွားခဲ့၏။
သိပ်မကြာခင်က ကျန်းချန်သည် အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်းကို အသုံးပြုရင်း အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော် အကြောင်းကို သိရှိခဲ့ရသည်။
ထို့ကြောင့် သူက ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်နှင့် ရင်းနှီးသည့် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်သို့ သွားရောက်ကာ လုရှောင်ချင်းနှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းရန် ရည်ရွယ်ထားခဲ့၏။
သို့သော် အကြွင်းမဲ့ဓားအင်မော်တယ်နန်းတော်သို့ မသွားခင်မှာပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မျိုးဆက်တစ်ဦးနှင့် အရင်ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ချူလင်းယွင်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မျိုးဆက် ဖြစ်နေသဖြင့် သူ့အနေဖြင့် လက်ပိုက်ကြည့်ရန် မဖြစ်နိုင်တော့ပေ။
သူက အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
“စီနီယာ.. ချူလင်းယွင်ရဲ့ အသက်ကို ကျွန်တော် ကယ်ပေးပါ့မယ်”
ရဲ့စန်းမူ တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
အစောပိုင်းက သူပြောသမျှ စကားများက အရာမထင်ခဲ့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ချူလင်းယွင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သွေးမျိုးဆက် ရှိသည်ကို သိလိုက်ရချိန်တွင် တစ်ခါတည်း သဘောတူလိုက်မည်ဟု ထင်မထားခဲ့ပေ။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်နွှယ်မှု ရှိနေပါသလော။
“ရဲ့စန်းမူ.. မင်းဘာတွေ အချိန်ဆွဲနေတာလဲ.. ချူလင်းယွင်ကို အမြန် ငါတို့ဆီ လွှဲပေးစမ်း”
ကျန်းချန်တို့ နှစ်ဦး အသံလွှင့်၍ စိတ်ထဲမှတဆင့် စကားပြောဆိုနေစဥ်မှာပင် အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်အမျိုးသား၏ စိတ်မရှည်သော လေသံက ထွက်ပေါ်လာခဲ့သည်။
“ကောင်းပြီ”
ရဲ့စန်းမူက ပြန်ဖြေလိုက်ပြီး အင်မော်တယ်စွမ်းအားကို အသုံးပြုကာ ချူလင်းယွင်ကို အားကုန် ပစ်ပေးလိုက်သည်။
သို့သော် သူ၏ ပစ်မှတ်မှာ အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားဆီသို့ မဟုတ်ဘဲ ကျန်းချန်ဆီ ဖြစ်၏။
ချူလင်းယွင်ကို ပစ်လွှတ်လိုက်သည့် တစ်ခဏမှာပင် ရဲ့စန်းမူသည် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား ဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။
“ရဲ့စန်းမူ.. မင်းငါ့ကို လှည့်စားရဲတယ်”
ရဲ့စန်းမူက သူ့ကို လှည့်စားလိုက်သည်အား မြင်လျှင် အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ရဲ့စန်းမူကို ပြန်လည် တိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အနောက်ဘက်ရှိ ကောင်းကင်အင်မော်တယ်များသည် ကျန်းချန် ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့ကြသည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ချူလင်းယွင်၏ ပခုံးကို ကိုင်ကာ နောက်သို့ လှည့်မကြည့်ဘဲ ကောင်းကင်ယံဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
နဂါးဝါအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ကျန်းချန်အတွက် စိတ်ပူစရာ မဟုတ်သော်လည်း ဤနေရာသည် သူ့ရှေ့ရှိ တောင်တန်းများနှင့် အလွန်ပင် နီးကပ်နေခဲ့သည်။
တိုက်ပွဲသာ စတင်ခဲ့လျှင် ပို၍ အစွမ်းထက်သည့် ကျင့်ကြံသူများကို ဆွဲဆောင်မိသွားနိုင်သည်။
အကယ်၍ ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူအချို့ ထပ်မံ ရောက်လာခဲ့လျှင် သူ့အနေဖြင့် ချူလင်းယွင်ကို အလွယ်တကူ ခေါ်ဆောင်သွားနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့်လည်း ကျန်းချန်သည် ချူလင်းယွင်ကို ဤနေရာကနေ အမြန်ဆုံး ခေါ်ထုတ်သွားရန်သာ ဦးစားပေးခဲ့ခြင်း ဖြစ်သည်။
ရဲ့စန်းမူနှင့် ပတ်သက်၍မူ သေမလား ရှင်မလား ဆိုသည်မှာ ရဲ့စန်းမူ၏ ကံကြမ္မာ အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
“သူ့အနောက်ကို လိုက်ကြ.. ချူလင်းယွင်ကို လုံးဝမလွတ်စေနဲ့”
အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရဲ့စန်းမူကို ထားခဲ့ကာ ကျန်းချန်ကို လိုက်လံဖမ်းဆီးရန် ပြင်လိုက်သည်။
“မင်း ဒီကထွက်သွားဖို့ မစဥ်းစားနဲ့”
ရဲ့စန်းမူက သေခြင်းတရားကိုပင် ဂရုမစိုက်တော့ဘဲ လျှို့ဝှက်သိုင်းကွက်များကို အသုံးပြုကာ သူ၏ အသက်ကို ရင်းပြီး အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်ကဲ့သို့ အသက်အရွယ်ဖြင့် ကောင်းကင်အင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိနေခြင်းသည် ထူးခြားသော ပါရမီရှင်ဖြစ်မှန်း သက်သေပြနေခဲ့သည်။
ထို့ကြောင့် သူက ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ဖြစ်သည့် အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို ထိန်းထားနိုင်လျှင် ကျန်ရှိနေသော လူများသည် ကျန်းချန်အတွက် ခြိမ်းခြောက်မှု ဖြစ်လိမ့်မည် မဟုတ်ပေ။
“အဘိုးကြီး ခင်ဗျားကို သတ်ပစ်မယ်”
အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သို့သော်လည်း သူနှင့် ရဲ့စန်းမူတို့ နှစ်ဦးစလုံးသည် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
သူက ရဲ့စန်းမူထက် အနည်းငယ် ပိုသန်မာသော်လည်း ယင်းမှာ အကန့်အသတ် ရှိနေဆဲ ဖြစ်၏။
အသက်ကိုရင်း၍ တိုက်ခိုက်နေသော ရဲ့ချန်းမူနှင့် ရင်ဆိုင်နေရသဖြင့် သူက ကျန်းချန်တို့ နောက်ကို လိုက်ရန် ခက်ခဲနေခဲ့သည်။
ထို့ကြောင့် အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်အမျိုးသားသည် လက်အောက်ငယ်သား တချို့ကိုပါ ကျန်းချန်တို့ နောက်သို့ လိုက်ရန် အမိန့်ပေးနိုင်တော့၏။
ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်တစ်ဦးနှင့် ကောင်းကင်အင်မော်တယ် ပထမအဆင့် သုံးဦးတို့ ပေါင်းစပ်လိုက်လျှင် ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးကို ကိုင်တွယ်ရန်မှာ ပြဿနာရှိလိမ့်မည် မဟုတ်ပေ။
ကျန်းချန်က ချူလင်းယွင်ကို ခေါ်ဆောင်ကာ လေထုထဲတွင် လျင်မြန်စွာ ထွက်ပြေးခဲ့သော်လည်း သူ၏ နောက်ကနေ နဂါးဝါ အင်မော်တယ်ဂိုဏ်းမှ ကောင်းကင်အင်မော်တယ် တချို့ လိုက်ပါလာခဲ့ကြသည်။
အထူးသဖြင့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကျင့်ကြံသူဖြစ်ပြီး ကျန်းချန် အနေဖြင့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင်ကြံသူကို ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်ဟု ချူလင်းယွင် တွေးမိခဲ့သည်။
“အစ်ကိုလေး.. လင်းယွင်ကို အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ လင်းယွင်နဲ့အတူ ဆိုရင် အနောက်ကနေ လိုက်လာတဲ့ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူကို မျက်ခြေဖြတ်ဖို့ ခက်ခဲလိမ့်မယ်.. နဂါးဝါအင်မော်တယ်ဂိုဏ်းက စစ်ကူတွေ ရောက်လာပြီဆိုရင် ကျွန်မတို့ နှစ်ယောက်လုံး လွတ်မြောက်တော့မှာ မဟုတ်ဘူး”
ချူလင်းယွင်က ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
သူမ၏ အသံက ကျောက်စက်ရေ ကျသံနှင့် ငှက်ကလေးများ၏ ပျော်ရွှင်စွာ တွန်ကျူးသံ ကဲ့သို့ ဖြစ်ပြီး ကြားရသူကိုပင် သက်သောင့်သက်သာ ခံစားရစေ၏။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့်သာ ရှိသော်လည်း သူမကို လက်တွဲ၍ ပြေးနေသည့်တိုင် ထိုလူငယ်လေး၏ အရှိန်အဟုန်က နောက်ကနေ လိုက်လာသည့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ထက် သိသိသာသာ လျော့နည်းခြင်းမရှိသည်မှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းနေခဲ့၏။
ဤအတောအတွင်း ရွမ်ယီ အင်မော်တယ်ဂိုဏ်းသည် သူမ အသက်ရှင်စေရန် အတွက် အသက်ပေါင်းများစွာကို စတေးခဲ့ရသည်။
ယင်းသို့ သူမ အတွက် အသက်စွန့်ရသည်များကို ချူလင်းယွင် မနှစ်သက်သော်လည်း သူမတွင် တတ်နိုင်သည့် စွမ်းရည် မရှိခဲ့ပေ။
သူမအတွက် သေဆုံးရသူများစွာကို မြင်တွေ့ခဲ့ရပြီးနောက်တွင် ချူလင်းယွင်သည် သေခြင်းတရားကို မကြောက်ရွံ့တော့ပေ။
ထို့ကြောင့်လည်း သူမက သူမရှေ့ရှိ အမည်မသိ လူငယ်ပါရမီရှင်လေးကို သူမကြောင့် အသက်ဆုံးရှုံးရမည်အား မမြင်လိုခြင်း ဖြစ်သည်။
“မင်းပြောတာမှန်တယ်.. မင်းနဲ့အတူ ဆိုရင် ဒီကောင့်ကို မျက်ခြေဖြတ်ဖို့ ခက်ခဲတာတော့ အမှန်ပဲ”
ကျန်းချန်က အရှိန်အဟုန်ဖြင့် ပျံသန်းနေရာကနေ ချက်ချင်းဆိုသလို ရပ်တန့်လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“မျက်ခြေဖြတ်လို့မရမှတော့ ငါတို့ ထွက်မပြေးတော့ဘူး”
ထိုစကားကိုကြားလျှင် ချူလင်းယွင် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
သူမ ဘာစကားမျှ မပြောနိုင်ခင်မှာပင် ကျန်းချန်သည် နောက်သို့ လှည့်ကြည့်လိုက်ပြီး ပေတစ်ရာခန့် အကွာတွင် ပေါ်လာသည့် နဂါးဝါအင်မော်တယ်ဂိုဏ်းမှ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ဘာလဲ မပြေးနိုင်တော့ဘူးလား”
ကျန်းချန်တို့ နှစ်ဦးကို ကြည့်ကာ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ကျုပ် အစကတည်းက ထွက်ပြေးဖို့ အစီအစဥ်မရှိခဲ့ဘူး.. ခင်ဗျားလို ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူလေးတစ်ယောက်က ကျုပ်ကို ထွက်ပြေးအောင် လုပ်နိုင်တဲ့ အရည်အချင်း မရှိဘူး”
ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ရပ်နေရင်း ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူကို ကြည့်ကာ ပြောလိုက်သည်။
“တကယ်တော့ ငါက မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့အတွက် ခပ်ဝေးဝေးကို ရောက်မှ မင်းကို သတ်မလို့ပဲ”
“ဟမ့်.. မင်းက ငါ့ကို သတ်ချင်တာလား”
ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“မင်းရဲ့ ကောင်းကင်အင်မော်တယ် ပထမအဆင့်လောက်နဲ့ ငါ့ကို ဘယ်လိုသတ်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”
သူက ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်ပြီး ထိုကောင်လေးမှာ ကောင်းကင်အင်မော်တယ် ပထမ အဆင့်မျှသာ ဖြစ်သည်။
သူက ရွှေအင်မော်တယ်အဆင့် အင်အားစုမှ ထိပ်တန်းပါရမီရှင် တစ်ဦးနှင့် ရင်ဆိုင်ဖူးခဲ့ပြီး ထိုပါရမီရှင်သည်ပင် ကောင်းကင်အင်မော်တယ် ပထမအဆင့်ဖြင့် သူ့ကို အနိုင်ယူရုံသာ တတ်နိုင်ခဲ့ပြီး သူ့ကို သတ်ရန် မဖြစ်နိုင်ခဲ့ပေ။
သို့ဖြစ်ရာ သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ရွှေအင်မော်တယ်အဆင့် အင်အားစုများ၏ ထိပ်တန်းပါရမီရှင်များထက်ပင် ပို၍ အစွမ်းထက်သူ ဖြစ်နေပါသလော။
ကျန်းချန်က အပိုစကား ပြောရန် စိတ်မပါဘဲ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ထျန်းယွမ်အင်မော်တယ်ဓားသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် သူ၏ ဓားနှင့်အတူ နေရာမှ ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ၏ အမူအရာသည် အဆုံးသတ်တွင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူက နောက်ဆုတ်ရန် ပြင်လိုက်စဥ်မှာပင် အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည့် ဓားအလင်း တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကို အသံတိတ် ထိုးဖောက်သွားခဲ့သည်။
“ဒါ မဖြစ်နိုင်..”
ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ၏ မျက်ဝန်းများထဲတွင် ချက်ချင်းဆိုသလို ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် သူ၏ ခန္ဓာကိုယ်ထဲကနေ ဓားချီ စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့ရာ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို ဘာမှ မကျန်ရှိတော့သည်အထိ လုံးဝ ပျောက်ကွယ်သွားခဲ့၏။
အခန်း(၂၇၄၆)ပြီး၏။