← Chapters

မန္တန်ဝင်္ကပါကို ဖြိုခွင်းခြင်း

Vol. 12 Ch. 1153

မန္တန်ဝင်္ကပါကို ဖြိုခွင်းခြင်း

Vol. 12 Ch. 1153

မချိတင်ကဲအော်ဟစ်သံကြီးကား လူသားတစ်ယောက်၏ ပါးစပ်ကထွက်လာမည့်အသံမျိုး မဟုတ်။ သေစေနိုင်သော အန္တရာယ်ကြီးတစ်ခုကြုံတွေ့ခဲ့ရသည့် သားရဲတစ်ကောင်ကောင်၏ အော်သံစူးစူးကြီး၊ ဘဝ၏ နောက်ဆုံးအခိုက်အတန့်တွင် ထွက်ပေါ်လာသည့် ဟိန်းဟောက်သံမျိုး ဖြစ်၏။

ထိုအသံကြီးက မန္တန်ဝင်္ကပါ၏ မြူများကို လှိုင်းဂယက်များထပြီး တွန့်လိမ်သွားစေကာ ဖြတ်၍ ထိုးဖောက်လာသဖြင့် ကောင်းကင်ဧကရာဇ် ကျဲ့တိနှင့် သူ၏ သွေးသောက်ရဲဘော်များကို ကိုယ်စားပြုသည့် ဧရာမမျက်နှာကြီးများအားလုံး အံ့သြခြင်းကြီးစွာဖြင့် ရိပ်ခနဲဖြစ်သွားကြသည်။

ဂူထျန်ကျွင်းနှင့် စီမာယွမ်ဟာမှာလည်း ထိုနည်းတူပင်။

“ အဲဒါ မိုးမြေဧကရာဇ် ကိုယ်ပွားပဲ "

" ချီးတဲ့မှပဲ။ သူတို့အောင်မြင်တော့မယ် "

သူတို့နှစ်ယောက်လုံး အရှိန်တင်လိုက်ကြစဥ် ဂူထျန်ကျွင်းက ကမ္ဘာများကို အပိုင်းပိုင်းပြတ်သွားစေရန် စွမ်းအားကြီးသော ဓားချီတစ်ချက် ခုတ်ပိုင်းချလိုက်သည်။

စီမာယွမ်ဟာမှာမူ မန္တန်လက်ကွက်တစ်ကွက်ဖော်ကာ ကိုယ်ပွားကိုးခုကို ဆင့်ခေါ်၍ သူ၏ခန္ဓာကိုယ်အစစ်နှင့်ပူးပေါင်းပြီး ကြောက်ခမန်းလိလိ အတိုက်အခိုက်စွမ်းရည်ကို ထုတ်လွှတ်လိုက်သည်။

သို့သော် ဤမျှနှင့်မပြီးသေး။ ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်က ဖျက်စီးခြင်းမှော်နိယာမတစ်ခုပါဝင်သော ရောင်စုံအလင်းတန်းကို ဆင့်ခေါ်၍ မီးကုန်ယမ်းကုန် တိုက်ခိုက်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ စိုးရိမ်လာပြီဖြစ်သည်။ မိုးမြေဧကရာဇ်ကိုယ်ပွားသာ အသတ်ခံရပြီးပါက မိစ္ဆာဧကရာဇ်နိုင်ငံတပ်ဖွဲ့က အရေအတွက်အားဖြင့် အသာစီးရသည်ဖြစ်၍ သူတော်စင်ဧကရာဇ်နိုင်ငံကလူများ ယူဆောင်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။

သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်က ယခုအချိန်ထိ ကိုယ်ပွား အသတ်မခံရသေးမှသာ ဖြစ်ပေမည်။

" ဒီ မိုးမြေဧကရာဇ်က ထင်ထားတာထက် တော်တော် အားနည်းနေတာပဲ "

အခြေအနေကို များများစားစား ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန် အချိန်မရှိ၍ ပိုင်ရှောင်ချန်းသည် အခြားကောင်းကင်ဧကရာဇ်များဖြင့် အင်အားပူးပေါင်းကာ မြောက်ပိုင်း၏ မဟာဓားနှင့် ခုတ်ပိုင်းချလိုက်သည်။ သူတို့လေးယောက်ဖန်တီးလိုက်သော တိုက်ကွက်မှာ လေပြင်းမုန်တိုင်းကြီးအလား မန္တန်ဝင်္ကပါထံသို့ တန်းတန်းမတ်မတ် ဝင်တိုက်သွား၏။

ဧရာမအက်ကြောင်းကြီးတစ်ခု မန္တန်ဝင်္ကပါ၏ မြူလွှမ်းနေသော မျက်နှာပြင်တွင် ကွဲထွက်သွားသဖြင့် မိုးကောင်းကင်နှင့် မဟာပထဝီမြေပြင်ကား ပြင်းပြင်းထန်ထန် တုန်လှုပ်သွား၏။

ပုံမှန်ဆိုလျှင် သူတို့၏ပူးပေါင်းတိုက်ကွက်က သိပ်ထိရောက်မည် မဟုတ်ပေ။ သို့သော် ရှေးမဆွက မိုးမြေဧကရာဇ်၏အော်သံကြီးက မန္တန်ဝင်္ကပါကို သိသိသာသာ အားနည်းသွားစေခဲ့ကာ ပြီးပြည့်စုံသောအုတ်မြစ်ချပေးခဲ့လေသည်။

ကောင်းကင်ဧကရာဇ်ကျဲ့တိ၊ ကောင်းကင်တံတားတာအိုနှင့် မူလနတ်ဆိုးမင်းသားတို့ အစောပိုင်းက မန္တန်ဝင်္ကပါထဲ မဝင်ခဲ့သည့်အကြောင်းရင်းမှာ သူတော်စင်ဧကရာဇ်နိုင်ငံ တပ်ဖွဲ့ဝင်ရောက်လာခြင်းမှ တားဆီးရန် တာဝန်ပေးခံခဲ့ရသောကြောင့်ဖြစ်သည်။ သူတို့အားလုံးက မန္တန်ဝင်္ကပါထဲ ပို၍များပြားသော စွမ်းအားများ ချက်ချင်းထည့်သွင်းလိုက်ရာ ဧရာမလက်ကြီးများ ဆန့်ထွက်လာပြီး ရန်သူကောင်းကင်ဧကရာဇ်များကို ဖမ်းဆွဲလိုက်ကြသည်။

လက်ကြီးများအား မန္တန်ဝင်္ကပါကိုယ်တိုင်နှင့် မိစ္ဆာဧကရာဇ်နိုင်ငံတော် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအခြေခံများဖြင့် ထောက်ပံ့ပေးထားရာ အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်ရှိ လူတစ်ယောက်ကဲ့သို့ စွမ်းအားကြီးနေတော့သည်။ ၄င်းတို့တစ်ဝက်နီးပါးက ဂူထျန်ကျွင်းထံ တန်းတန်းမတ်မတ်ဦးတည်သွားပြီး အချို့က ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်ထံ ဦးတည်သွား၍ လက်ခြောက်ချောင်းသာ ပိုင်ရှောင်ချန်းနှင့် စီမာယွမ်ဟာဖြင့် ထိပ်တိုက်တွေ့ရန် ယိမ်းလာလေသည်။

လက်ကြီးများကို စွမ်းအားများဖြင့် ထောက်ပံ့ပေးနေသော်ငြားလည်း အပြင်းအထန်မတိုက်ခိုက်ပေ။ ထိုလက်များက ခုခံရုံသာ ခုခံပြီး သူတော်စင်ဧကရာဇ်နိုင်ငံ ကောင်းကင်ဧကရာဇ်များကို နှောင့်ယှက်ကြလေသည်။ သိသာစွာပင် မိစ္ဆာဧကရာဇ်နိုင်ငံတော်တပ်ဖွဲ့၏ ပန်းတိုင်မှာ ကောင်းကင်ဧကရာဇ် ဝိရူပက္ခနှင့် အခြားသူများ သူတို့အလုပ်ပြီးမြောက်ရန်အတွက် အချိန်ပေးရန်သာ ဖြစ်သည်။

တဝုန်းဝုန်း ပေါက်ကွဲသံများ ဟိုဟိုသည်သည် မြည်ဟည်းနေ၏။ ပိုင်ရှောင်ချန်းက မြောက်ပိုင်း၏ မဟာဓားကို လွှဲရမ်းကာ ဧရာမလက်ကြီးတစ်ဖက်ကို နှစ်ပိုင်းပိုင်းပြီး အခြားနှစ်ဖက်ကို နောက်ဆုတ်သွားစေလိုက်သည်။

တချိန်တည်းမှာပင် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နှင့် ဂူထျန်ကျွင်းတို့နှစ်ယောက်လုံးမှာ အားကောင်းသော ခုံခံမှုများဖြင့် ရင်ဆိုင်နေရသည်ဖြစ်၍ တစ်ယောက်မှ မန္တန်ဝင်္ကပါထဲဝင်ရောက်ရန် မဖြစ်နိုင်အောင် ဖြစ်နေလေသည်။

မန္တန်ဝင်္ကပါသည် ပင်ကိုယ်အားဖြင့် စွမ်းအားကြီးသည့်အပြင် ကောင်းကင်ဧကရာဇ်သုံးပါး၏ အားဖြည့်ပေးခြင်းခံနေရချေသည်။မထင်မှတ်ထားသည့်အရာ တစ်ခုခုမဖြစ်ပွားသရွေ့ သူတို့မချိုးဖောက်နိုင်ခင် နာရီပေါင်းများစွာ ၄င်းနှင့် တိုက်ခိုက်နေရလောက်မည် ဖြစ်သည်။

ထိုအချိန်တွင် မြူထဲမှ ယခင်ထက်ပို၍ အားပြင်းသော နောက်ထက် စူးစူးဝါးဝါး အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်လာ၏။ မန္တန်ဝင်္ကပါ၏ မြူထုမှာ ဖျက်စီးခံခဲ့ရပြီးဖြစ်သောကြောင့် ၄င်း၏ အငွေ့အသက်များမှာ ပို၍မတည်မငြိမ်ဖြစ်လာပြီး ရှေ့နောက်ပင် ယိမ်းထိုးလာတော့သည်။

၄င်း၏ မျက်နှာပြင်ပေါ်ရှိ နေရာများစွာကား သိသိသာသာသာပါးလျလာနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းက စူးရှတောက်ပသော မျက်ဝန်းများဖြင့် မြောက်ပိုင်းမဟာဓား၏ ဓားချီများစွာ ထပ်မံထုတ်လွှတ်လိုက်သည်။ တချိန်တည်းမှာပင် အခြားကောင်းကင်ဧကရာဇ်များက ထူးဆန်းသော လျှို့ဝှက်နတ်ဘုရားအတတ်များ ထုတ်ဖော်လိုက်ကြသည်။

ကျဲ့တိ ၊ ကောင်းကင်တံတားတာအိုနှင့် မူလနတ်ဆိုးမင်းသားတို့မှာ သိသိသာသာ ထိတ်လန့်သွားကြ၏။ အရေးကြီးဆုံးအဆင့်တစ်ခု ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းသိ၍ သူတို့က လျှာကိုက်ပြီး သွေးများထွေးထုတ်ကာ မန္တန်ဝင်္ကပါကို စွမ်းအားဖြည့်ရန်နှင့် တည်ငြိမ်စေရန် မျှော်လင့်၍ သူတို့၏ ကျင့်ကြံခြင်းအခြေခံများအား ပို၍နက်နဲစွာ ဆင့်ခေါ်လိုက်ကြသည်။

နှစ်ဦးနှစ်ဖက်ကြားရှိ ရက်စက်သောတိုက်ပွဲကြီး၏အခိုက်အတန့်တွင် အားလုံးက မန္တန်ဝင်္ကပါအလယ်ထား၍ ဝိုင်းလိုက်ကြလေသည်။

ပေါက်ကွဲသံ၊ ထစ်ခြုန်းသံများမြည်ဟည်းနေသည့်တိုင် ဤ မန္တန်ဝင်္ကပါသည် ရှင်းလင်းစွာပင် သာမန်ထက်ထူးကဲပြီး ကောင်းကင်ဧကရာဇ်သုံးပါးက အစွမ်းကုန်အားဖြည့်ပေးနေကြသည်။ ပိုင်ရှောင်ချန်းနှင့် သူ၏အဖော်များက တုန်လှုပ်ဖွယ် စွမ်းအားများဖြင့် တိုက်ခိုက်နေကြပြီး အရေးသာလာသည့်တိုင် သူတို့ ချဥ်းကပ်လေလေ လက်များ ပိုမိုပေါ်လာလေလေဖြစ်ကာ ပို၍များပြားသောစွမ်းအင်များက သူတို့ကို ခုခံလာလေလေ ဖြစ်နေတော့သည်။

အမှန်တကယ်ဆိုရလျှင် ထိုစွမ်းအင်ကား ပြန်ကန်အားတစ်ခုအဖြစ် ပြောင်းနေလေပြီ။

" သေစမ်း ဒါဘယ်လို မန္တန်ဝင်္ကပါမျိုးတုန်း "

" ဒါသာ ဆက်သွားနေရင် ငါတို့ အထဲဝင်ဖို့ အချိန်လုံလုံလောက်လောက် ရှိလာတော့မှာ မဟုတ်တော့ဘူး "

" ငါတို့မှာ ရှိရင်တောင်မှ သူတို့ မအောင်မြင်အောင် ဘယ်လိုတားဆီးရမလဲ "

သူတော်စင်ဧကရာဇ်နိုင်ငံတော်မှ ကောင်းကင်ဧကရာဇ်သုံးပါးက အံကြိတ်၍ ဆက်တိုက်နေလေသည်။ ပိုင်ရှောင်ချန်းမှာမူ တချိန်လုံး စကားတစ်ခွန်းမဆိုသော်လည်း စွန့်စားရန် တန်၊ မတန် ကြိုးစားဆုံးဖြတ်ရင်း မြူထုကို အဆက်မပြတ်စိုက်ကြည်နေသည်။

သူသည် သူ၏ထာဝရပြုစားခြင်းသိုင်းက မန္တန်ဝင်္ကပါ၏မြူထုကို လုံးဝအလေးမထားနိုင်သည်အထိ စွမ်းအားမကြီးသော်လည်း အနည်းဆုံး တိုက်ပွဲဖြစ်နေသည့်နေရာအတွင်းသို့ ရောက်စေနိုင်ကြောင်း သိသည်။

ကံဆိုးစွာပင် သူနှင့်အတူ အခြားသူများကို ခေါ်သွားပါက အလွန်အားအင်ကုန်ခမ်းရာရောက်မည်။ သို့နှင့် သူ လွန်ဆွဲနေတော့သည်။ နောက်ဆုံး သူ ဆုံးဖြတ်ချက်တစ်ခု ချရန် ကြိုးစားလိုက်ချိန်မှာပင် သူ့နောက်မှ တရွှီရွှီအသံတစ်သံ ထွက်ပေါ်လာ၏။

အဝေးမှ သာလွန်ထူးကဲသောပုဂ္ဂိလ်တစ်ဦး၏ ရုပ်အသွင်ဆောင်နေသည့် တာအိုဝတ်ရုံတစ်စုံနှင့် အဖိုးကြီးတစ်ဦးပါရှိသည့် အဖြူရောင်အလင်းတန်းတစ်တန်း ချဥ်းကပ်လာသည်။ သူသည်ကား ချိန်စုကလွဲ၍ တခြားမဟုတ်ပေ။

သူသည် သူတော်စင်ဧကရာဇ်နိုင်ငံ ကောင်းကင်ဧကရာဇ်များအနက် နောက်ဆုံးမှ ရောက်ရှိလာသူဖြစ်သည်။ အစောပိုင်းက ဂူထျန်ကျွင်းသည် သူ့ကို အရေးတကြီးလာရောက်ရန် စာတစ်စောင်ပေးပို့ခဲ့၍ ဤနေရာသို့ သူက မြန်နိုင်သမျှ မြန်မြန်ရောက်ရန် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို ဆင့်ခေါ်ပေးသော အလွန်ခက်ခဲပင်ပန်းသော တာအိုမှော်ပညာတစ်ရပ်ကို အသုံးပြုခဲ့ရ၏။

အခြားကောင်းကင်ဧကရာဇ်များ သိသိသာသာ စိတ်အားတက်ကြွသွားချိန် မိစ္ဆာဧကရာဇ်နိုင်ငံကောင်းကင်ဧကရာဇ်များမှာတော့ မတူညီသောတုံ့ပြန်ချက်များ ရှိနေသည်။

သူတို့သုံးယောက်သားသည် ရန်သူကောင်းကင်ဧကရာဇ်များကို အနည်းဆုံးတော့ အချိန်နှောင့်နှေးအောင် ကြိုးစားခြင်းအားဖြင့် အခက်တွေ့အောင် ကိုင်တွယ်နိုင်သည်။ သို့သော် ကောင်းကင်ဧကရာဇ်ငါးပါးမှာတော့ မတူပေ။ မန္တန်အစီအရင် ပြည့်စုံကောင်းမွန်နေပါက ကိစ္စမရှိပါသော်လည်း ယခုတွင် ၄င်းမှာ မငြိမ်မသက်ဖြစ်နေပြီး မိုးမြေဧကရာဇ်ကိုယ်ပွား၏ အော်သံတိုင်းက ၄င်းကို ပို၍အားနည်းသွားစေ၏။ ယခုတွင် ၄င်းမှာ ကြာကြာခံတော့မည့်ပုံ မပေါ်ပေ။

မိစ္ဆာဧကရာဇ်နိုင်ငံ ကောင်းကင်သုံးပါး အံ့သြတုန်လှုပ်နေချိန်မှာပင် ချိန်စုရောက်ချလာ၏။ သူက တခဏလေးပင် အရှိန်မလျှော့ဘဲ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက် ဖော်၍ ရွှေရောင်လျှပ်စီးတန်းမြောက်မြားစွာ ထုတ်လွှတ်လိုက်ရာ လျှပ်စီးစက်လုံးပိုက်ကွန်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်သွား၏။ လျှပ်စီးလုံး တစ်လုံးစီတွင် ကောင်းကင်ကိုဖျက်စီးကာ မြေပြင်ကို ပျက်သုဥ်းစေသော စွမ်းအားများပါဝင်လျက်ရှိပြီး သူတော်စင်ဧကရာဇ်နိုင်ငံ ကောင်းကင်ဧကရာဇ်များ၏ ပူးပေါင်းတိုက်ကွက်ဖြင့် ပေါင်းစည်းသွားသည်။

ထွက်ပေါ်လာသော ပေါက်ကွဲသံကြီးက ရန်သူမျက်နှာများအပေါ်တွင် အံ့သြတုန်လှုပ်သော အရိပ်အယောင်များ ပေါ်ပေါက်သွားစေ၏။ ပူးပေါင်းထားသော နတ်ဘုရားအတတ်များ၏ စွမ်းအားဖြင့် ပိုင်ရှောင်ချန်းနှင့် သူ၏အပေါင်းဖော်များသည် မန္တန်ဝင်္ကပါကြီးထဲ ဝင်ရောက်ရန် နီးသထက် နီးလာနေကြတော့သည်။

" ချီးပဲ "

မူလနတ်ဆိုးမင်းသားက သွေးရောင်လွှမ်းနေသော မျက်ဝန်းများဖြင့် အော်လိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွယ်ဖော်ရင်း သန့်စင်သော စွမ်းအင်တချို့ ထွေးထုတ်လိုက်၏။ ကျဲ့တိနှင့် ကောင်းကင်တံတားတာအိုသည်လည်း သူနှင့်အတူပူးပေါင်း၍ မန္တန်ဝင်္ကပါတည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလိုက်ကြသည်။ ထိုအချိန်တွင် ရုတ်တရက် တတိယမြောက် အော်သံကြီး မိုးမြေဧကရာဇ်ကိုယ်ပွားမှ မြည်ဟည်းလာ၏။

ဤတတိယအော်သံသည် ေရှးမဆွက အသံများထက် များစွာ ကျော်လွန်နေသည်။ ၄င်းကို ကြားရသည်ကပင် အံ့အားသင့်ဖွယ်ကောင်း၍ ချက်ချင်းပင် မန္တန်ဝင်္ကပါကြီးကို တအိအိ တုန်ခါလာစေတော့သည်။ ၄င်းမှာ အချိန်မရွေး ပျက်စီးတော့မည့်ပုံပင် ပေါ်လာလေသည်။

" ငါတို့ အတွက် အခွင့်အရေးပဲ "

ဂူထျန်ကျွင်းမှာ မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ပြောသည်။ နောက်ထပ် ထပ်ပြောစရာလည်းမလိုတော့။ ပိုင်ရှောင်ချန်း၊ ချိန်စု၊ သက်တော်ရှည်ဝိညာဥ်နှင့် စီမာယွမ်ဟွာတို့အားလုံး သူတို့ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်နှင့် အစွမ်းထက်ဆုံးနတ်ဘုရားအတတ်များကို ထုတ်ဖော်ကာ အတူတကွ ပူးပေါင်းလိုက်ကြသည်။ သူတို့၏ တိုက်ကွက်သည် မန္တန်ဝင်္ကပါကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်သည့် မကောင်းဆိုးဝါးနဂါးကြီးတစ်ကောက်ကဲ့သို့ အရာတစ်ခုကို ဖန်တီးလိုက်၏။

ဝုန်းး

မကောင်းဆိုးဝါးနဂါးကြီးက တသိမ့်သိမ့်တုန်နေသော မန္တန်ဝင်္ကပါကြီး၌ အပေါက်ကြီးတစ်ဖောက် ထိုးဖောက်လိုက်ရာ နားကွဲလုမတတ် ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားပြီး ၄င်းမှာ စတင်ပြိုကျလာတော့သည်။

ကောင်းကင်ဧကရာဇ် ကျဲ့တိ၊ ကောင်းကင်တံတားတာအိုနှင့် မူလနတ်ဆိုးမင်းသားတို့ သွေးများအန်လိုက်ကြပြီး နောက်သို့ ဒယောသောပါး ဆုတ်ခွာလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် မြူထုကြီး ပျောက်ကွယ်သွားပြီး စစ်တလင်းပြင် ပေါ်လာတော့သည်။ သူတို့မြင်လိုက်သည့်အရာကား .... လုံးဝမထင်မှတ်ထားသော အရာ ဖြစ်ပေသည်။

မချိတင်ကဲအော်သံကြီးကား မိုးမြေဧကရာဇ်ကိုယ်ပွားမှ လာခြင်းမဟုတ်ဘဲ မိစ္ဆာဧကရာဇ်နိုင်ငံကောင်းကင်ဧကရာဇ်ခုနစ်ပါးထဲက တစ်ပါးဖြစ်သော အဘွားကြီးထံမှ ဖြစ်နေပေသည်။

သူမ၏ ကျင့်ကြံခြင်းအခြေခံသည် အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ဖြစ်သည့်တိုင် သူမမှာ လောလောဆယ်တွင် နှစ်ပိုင်း ပိုင်းခံနေရလေသည်။ သူမ၏ အပေါ်ပိုင်းက မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်များ ပေါ်နေလျက် နောက်ဆုတ်လိုက်ရာ သွေးများ လွင့်စင်လာတော့သည်။

All Chapters