အခန်း (၅၁၇-၅၁၉)
Vol. 35 Ch. 517-519
အခန်း (၅၁၇) အလုပ်များနေခြင်း
ထိတ်လန့်ဖွယ်အမြန်နူန်းဖြင့် ပြီးဆုံးသွားသည့် တိုက်ပွဲအပြီးတွင် မီးတောက်ဦးချို မျိုးနွယ်စုသည် အလုပ်များနေခဲ့လေသည်။
ဝမ်ရှစ်မျိုးနွယ်စု တောအုပ်အတွင်း လူများစွာသည် ဝင်လိုက်ထွက်လိုက် ဖြစ်နေကြသည်။ ပုဆိန်များကို လွဲယမ်း ခုတ်ပိုင်းသံများ နှင့် အခြားအသံများကိုလည်းကြားနေရသည်။
သူတို့သည် တောအုပ်အတွင်းမှ မျိုးနွယ်စုများကို ဆက်သွယ်ရန် ပြင်ဆင်နေကြပြီး ထိုသို့လမ်းများကို ပြုပြင်လိုက်ခြင်းဖြင့် ဆက်သွယ်ရ ပိုမိုလွယ်ကူသွားစေမည် ဖြစ်သည်။
ယခင်က တစ်နေရာမှ တစ်နေရာသို့ သွားလာ
ရာတွင် ယခုထက်ပို၍ စိန်ခေါ်မှုများ ခဲ့လေသည်။
သူတို့သည် တောအုပ်အတွင်းမှ အန္တရာယ်များသည့် အပင်များနှင့် သားရဲများကို မောင်းထုတ်လိုက်ကြပြီး သူတို့ လမ်ကြောင်းအတိုင်း သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းလိုက်ကြသည်။ ထို့နောက် သစ်သားများကို အိမ်များဆောက်လုပ်ရာတွင် အသုံးပြုလိုက်ကြသည်။ ထို့အပြင် လမ်းကြောင်းများကိုလည်း လှည်းများ သွားလာနိုင်စေရန်အတွက် ချောမွတ်နေစေရန် ပြုပြင်လိုက်ကြသည်။
ဖြတ်သန်းသွားလာကြသည့် လူများသည် မြေပြင်ကို တူများဖြင့် ထုပြီးညီညာစေရန် ပြုလုပ်နေကြသည့် စစ်သည်တော်များစွာကို တွေ့မြင်ရမည် ဖြစ်သည်။ ထုနှက်ချက် တစ်ခုစီတိုင်းသည် မြေပြင်ကို တုန်ခါနေစေလေသည်။
“ ဒါကို ထုတ်လိုက်..... ငါ တူနဲ့ ကောင်းကောင်းထုလို့မရဘူး “ ကြီးမားသည့် တူကြီးကို ကိုင်ထားသည့် ချွေးများ ရွဲနှစ်နေသည့် စစ်သည်တော် တစ်ယောက် သူ့သူငယ်ချင်းကို ပြောလိုက်သည်။ သူသည် မြေပြင်တွင် ရှိနေသည့် သစ်မြစ်တစ်ခုကို ညွှန်ပြရင်းပြောလိုက်ခြင်းဖြစ်သည်။
“ ခနလေး၊ ကျောက်တုံးတစ်တုံးလည်း ရှိနေသေးတယ်၊ ငါအရင်တူးထုတ်လိုက်မယ် “
ပထမ စစ်သည်တော်သည် တူကို မြေပေါ်သို့ပြန်ချထားလိုက်ပြီး မြက်ခင်းပြင်ပေါ်တွင် ထိုင်နေလိုက်သည်။ လွန်ခဲ့သည့် ရက်များစွာ အတွင်းက သူတို့၏ လုပ်အားဖြင့် ပြုပြင်ထားသည့် အရာများကို သူပြန်ကြည့်နေခဲ့သည်။ သူတို့ ရယူနိုင်ခဲ့သည့်အရာများအတွက် သူဂုဏ်ယူနေမိလေသည်။ ယခင်က တောအုပ်အတွင်းမှ အန္တရာယ်များသည် ယခုတွင် မရှိကြတော့ပေ။ သူ
ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး သူ့သူငယ်ချင်းကို ပြောလိုက်သည် “ ခေါင်းဆောင်က မန်မျိုးနွယ်စုနဲ့ လှည်းဆွဲတဲ့ သားရဲတချို့ လဲလှယ်ချင်နေတယ်။ မြင်းတွေက ပိုကောင်းလား၊ နွားတွေက ပိုကောင်းလား “
“ မြင်းတွေပေါ့၊ မြင်းတွေက ပိုမြန်တယ်လေ “
“ နွားတွေပေါ့ဟ၊ မြင်းတွေက ဘာကောင်းလို့လဲ၊ နွားတွေကလည်း အမြန်သွားနိုင်ပါတယ်ဟ၊ ငါကြားတာတော့ သူတို့က လယ်ထွန်တဲ့နေရာမှာလည်း အသုံးဝင်တယ်တဲ့၊ ပြီးတော့ သူတို့မှာ အရမ်းမိုက်တဲ့ ဦးချိုတွေလည်း ရှိနေတယ် “
“ မြင်းတွေနဲ့ နွားတွေကလည်း မဆိုးပါဘူး၊ ဒါပေမယ့် လု မျိုးနွယ်စုက ငှက်တွေကလည်း မိုက်တယ် ကြားတယ် “
“ ဟွန်း.... အဲ့ဒီငှက်တွေက နည်းနည်း ပိုကြီးတာပဲ ရှိတာပါ၊ သူတို့မှာ အထူးစွမ်းရည်တွေ မရှိကြဘူး၊ ငါမင်းကို ပြောမယ်၊ ပင်လယ်တစ်ဖက်က မျိုးနွယ်စုမှာဆို ဘဲငန်းတွေ တောင်ရှိတယ်။ အဲ့ဒါကို မဟာ အကြီးအကဲက ယူလာခဲ့တာ။ ဘဲငန်း ဉတွေလည်း ရှိနေတယ်။ ဒီဉတွေက အဆိပ်တွေကို ကုသပေးနိုင်တယ်။ ဝမ်းနည်းဖို့ကောင်းတာက၊ အဲ့ဒီဘဲငန်းတွေ ဒီအထိ ငါတို့နဲ့ပါမလာ ခဲ့တာပဲ “
“ ဟုတ်တယ်၊ မဟာအကြီးအကဲဆိုမှ..... သူနဲ့ငါနဲ့က လိုဏ်ဂူတစ်ခုထဲကနေ လာခဲ့ကြတာလေ “ ခူ ယခင်အတိတ်ကို ပြန်တွေးမိလိုက်သည်။ သူတို့သည် ထိုစဉ်က သူတို့၏ နတ်စွမ်းအားများ မနှိုးထကြသေးပေ။ လိုဏ်ဂူထဲမှ သူတို့၏ ဘဝသည် အောက်ခြေအဆင့်ပင် ဖြစ်သည်။
သူ့စကားကြောင့် အခြားသူများ စိတ်ဝင်စားသွားကြသည်။ သူတို့ ဘယ်ညာပြန်လှည့်ကြည့်လိုက်
ကြပြီး အခြားသူများ ရှိမရှိ လေ့လာလိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့် သူတို့ မေးလိုက်သည် “ အား.... ညီအကို ၊ အဲ့ဒီတုန်းက မဟာအကြီးအကဲက ဘယ်လိုလူမျိုးလဲ။ သူက အဲ့ဒီတုန်းက အရမ်း မိုက်တာလား “
“ အဲ့ဒီတုန်းက ...... “
ခူ ရုတ်တရက် ပိန်လှီနေသည့် ကောင်လေး တစ်ယောက်ကို အမှတ်ရလိုက်သည်။ ထိုလူငယ်လေးသ်ည ယနေ့ကဲ့သို့ အခြေအနေမျိုး ရောက်လာမည်ဟု မည်သူမှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခိုက်တွင် သူတို့ပြောနေခဲ့ကြသည့် မဟာအကြီးအကဲသည် မျက်မှောင်ကြုတ်နေရင်း ပါးစပ်တွင်လည်း ခဲတံတစ်ချောင်းကို ကိုက်ထားလေသည်။
“ ဘယ်လို၊ ငါဒါကို ဘယ်လိုရေးရမလဲ “ ရှောက်ရွှမ် ဗလာဖြစ်နေသည့် သားရေချပ်တစ်ခုကို ကြည့်ရင်းပြောလိုက်သည်။ သူ့ခဲတံတွင် သွားကိုက်ရာများ ရှိနေခဲ့သည်။
သူ့ထံတွင် ယခင်က ထိုကဲ့သို့သော အကျင့်မရှိခဲ့ပေ။ သို့သော်လည်း နတ်ဆရာက သူ့ကိုဤတာဝန်ပေးလိုက်ပြီးနောက်တွင် ဤအကျင့်ပေါ်လာခဲ့သည်။
ဝမ်ရှစ်မျိုးနွယ်စု၏ နတ်မီးတောက် ကို နေ့ဝက်အတွင်း ဖျက်ဆီးနိုင်လိုက်ခြင်းသည် နတ်ဆရာအတွက် ကြီးမားသော အောင်မြင်မှုဖြစ်သဖြင့် သူသည် အလွန်ပျော်ရွှင်နေခဲ့လေသည်။ ဤအရာသည် မျိုးဆက်များ အတွက် မှတ်တမ်းတင်ထားသင့်သည့်အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ မီးတောက် ဦးချိုမျိုးနွယ်စု၏ တောက်ပသော
မှတ်တမ်းတစ်ခု ဖြစ်သင့်သည်။
မီးတောက်မျိုးစေ့ကို ငြိမ်းသတ်လိုက်သည့်အပိုင်းသည် စိတ်ဝင်စားဖွယ်အကောင်းဆုံးအပိုင်း ဖြစ်ပြီး နတ်ဆရာသည် သူကိုယ်တိုင်မှတ်တမ်းမတင်ပဲ ရှောက်ရွှမ်ကို မှတ်တမ်းတင်ခိုင်းခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ ပြဿနာတစ်ခု ဖြစ်နေခဲ့၏။ ရှောက်ရွှမ် မည်သို့လုပ်ရမည်ကို မသိနေပေ။
သူလုပ်ဆောင်ခဲ့သည်များမှာ သဘာဝ ခန္ဓာကိုယ်၏ တုံ့ပြန်မှုအရသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ အိပ်မက်မက်နေသလိုပင်။ မီးငြိမ်းသွားသည့်အချိန်မှသာ သူ့အသိစိတ်ပြန်ဝင်လာခြင်းဖြစ်သည်။ သူ့မှတ်ဉာဏ်များသည် မပြည့်စုံနေခဲ့ပေ။
ထိုအချိန်ကို သူမည်မျှပင်ပြန်တွေးသည်ဖြစ်စေ အရေးကြီးသည့်အရာများကို သူမမှတ်မိနေခဲ့ပေ။
ဤသည်မှာ ပထမဆုံးသော အချက်ဖြစ်သည်။
ဒုတိယတစ်ခုမှာ သူယခု မှတ်တမ်းကို ရေးနေခြင်းသည် အနာဂတ် မျိုးနွယ်စု မျိုးဆက်သစ်များ အတွက် ဖြစ်သည်။ သူ့အနေဖြင့် မဟာအကြီးအကဲဟူသည့် ဂုဏ်ပုဒ်ရှိနေသင့်သည်။ သူတို့၏ ဘိုးဘေး ဟောင်းများသည် အရေးအကြီးဆုံးသော အရာများကို ရှင်းရှင်းလင်းလင်း ရေးသားထားခဲ့ကြသည်။ အဓိကအချက်များကို သူတို့အသုံးပြသည့် အဓိက စကားလုံးများဖြင့် ဖော်ပြထားသည်။ ဤသည်မှာ ရှောက်ရွှမ် အတွက် ခက်ခဲနေရသည့် အချက်ဖြစ်သည်။
ရှောက်ရွှမ် အသုံးပြုနေသည့် စကားလုံးများနှင့်
အခြားသူများ အသုံးပြုခဲ့သည့် စကာလုံးများသည် ကွာခြားနေကြသည်။
သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် စာပွဲခုံတစ်ဖက်တွင် ထိုင်နေသည့် ကွေ့ဇယ်ကို ရှောက်ရွှမ် ကြည့်လိုက်သည်။ နောက်ထပ် နတ်ဆရာ ဖြစ်လာမည့်သူများထဲတွင် ပါဝင်နေသဖြင့် ကွေ့ဇယ်တွင် တာဝန်များစွာ ရှိနေခဲ့သည်။ သူမသည် သားရည်ချပ် သုံးချပ်ဖြင့် အလုပ်များနေလေသည်။
ရှောက်ရွှမ် သူမကို ကြည့်နေသည့်ကို သူမခံစားမိလိုက်သဖြင့် ကွေ့ဇယ်ခေါင်းမော့ လိုက်ပြီး ရှောက်ရွှမ်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
“ အွန်း...... ကွေ့ဇယ် မင်း ရဲ့ သားရည်ချပ်ကို ငါလေ့လာလို့ရမလား “ရှောက်ရွှမ် ပြောလိုက်သည်။
ထိုမေးခွန်းမေးလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။ သာမန်အားဖြင့် ဆိုလျှင်နတ်ဆရာမျးာသည် အခြားသူများမသိထားသည့် မျိုးနွယ်စု လျှို့ဝှက်ချက်များကို သိထားသဖြင့် သူတို့၏ စာလိပ်များကို မျှဝေပေးတတ်ခြင်း မရှိကြပေ။
သို့သော်လည်း ရှောက်ရွှမ်သည် မဟာအကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ့ထံတွင် စာလိပ်များကို ကြည့်ရှုနိုင်သည့် အခွင့်အရေးရှိသည်။ သို့သော်လည်း သူသည် စာလိပ်များတွင် ရေးထားသည့် အကြောင်းအရာများကို အကုန်သိထားပြီးဖြစ်သည်။ သူမ ခေတ္တ တုံ့ဆိုင်းနေပြီးနောက် စာလိပ်ကို ရှောက်ရွှမ်အားကမ်းပေးလိုက်သည်။ သူ အဘယ်ကြောင့် စာလိပ်တောင်းသည်ကို သူမနားမလည်နိုင်ပေ။
ရှောက်ရွှမ်သည် သူမရေးထားသည့် ဘာသာစကားကို လေ့လာပြီး သူ့အတွက်
အသုံးပြုလိုချင်းဖြစ်သည်။ သူ့စာထဲတွင် သူသည် သူ့စိတ်ခံစားချက်အရ ဆိုသည့်စကားလုံးနှင့် မီးတောက်မှ အချက်ပြမှု ဟူသည့်စကားလုံးများကို တော်တော်များများ အသုံးပြုထားလေသည်။
နတ်ဆရာတဲအိမ်မှ ထွက်လာပြီးနောက် တောက်ပနေသည့် ကောင်းကင်ကြီးကို ရှောက်ရွှမ် မော့ကြည့်လိုက်သည်။ ယခုတလော နေ့ရက်တိုင်းသည် နေသာသည့် နေ့ရက်များဖြစ်ကြပြီး မျိုးနွယ်စုကို ကောင်းချီးပေးနေဟန် ရသည်။ နောက်ထပ်နှစ်ရက်ခန့်ကြာလျှင် တောအုပ်အတွင်း သွားသည့် လမ်းသည် ပြီးစီးတော့မည့်ပုံပေါ်သည်။
ရှောက်ရွှမ် အိမ်ပြန်ရောက်သည့်အချိန်တွင် ဆီဆာသည် အိမ်ပြင်ဖက်တွင် အရိုးတစ်ချောင်းကို ကိုက်နေခဲ့သည်။ တိုက်ပွဲတွင် သူသည် မျက်လုံးတစ်ဖက်ကို ဆုံးရှုံးခဲ့ရပြီး ကံကောင်းသည်မှာ သူ့
ထံတွင် သန်မာသည့် ပြန်လည်ကုသနိုင်စွမ်း ရှိနေဟန်ရသည်။ သူသည် မျိုးနွယ်စုမီးတောက်များ ရှိနေသည့် သားရဲတစ်ကောင် ဖြစ်သော်လည်း မီးတောက်များကို တော့ မထုတ်ဖော်နိုင်ပေ။ သို့သော်လည်း သူ့ပြန်လည် ကုသနိုင်စွမ်းသည် အံ့သြစရာပင်ဖြစ်သည်။
တိုက်ပွဲတွင် ဆီဆာသည် ဝမ်ရှစ်များ၏ သားရဲတော်တော်များများနှင့် တိုက်ခိုက်ခဲ့လေသည်။ သူသည် မျိုးနွယ်စုမှ သားရဲများတွင် သန်မားသည့် စာရင်းဝင်ပေသည်။
ဆီဆာ တောအုပ်ထဲသို့ အမဲလိုက်ရန် ပြန်သွားနိုင်သည့်အချိန်တွင် အိမ်မှ လူနှစ်ယောက်တို့သည် ပြန်လည် နာလန်ထူခါစပင်ရှိနေသေးသည်။ ရှေးငှက်ကြီး သည်လည်း သူ့ခြေထောက်များ ပြန်လည် ကုသစေရန်အတွက် ကောင်းကင်ထက်သို့သာ မြှောက်ထားဆဲဖြစ်သည်။ အားကွမ်းသည် ထိုငှက်ကြီးကို မျိုးနွယ်စု ထံသို့ ပြန်သယ်လာခဲ့
သည်။
လျှို့ဝှက် စည်းခတ် နည်းလမ်းများ၏ အဆို အရ မျိုးနွယ်စုမှ သားရဲများ၏ မျိုးဆက်များသည် သာမန် သားရဲများသာ ဖြစ်ကြလေသည်။ စည်းခတ်ခြင်းသည် လက်ရှိမျိုးဆက်ကိုသာ အကျိုးသက်ရောက်မှု ရှိသည်။ သူတို့သည် မျိုးဆက်သစ်များကို ထိန်းချုပ်လိုလျှင် အသစ်ထပ်မံ စည်းခတ်ရမည် ဖြစ်သည်။
ရှောက်ရွှမ် ဆီဆာ့အတွက် မျက်လုံးအကာတစ်ခုကိုပြုလုပ်ပေးလိုက်သည်။ သို့မှသာ တောအုပ်အတွင်းဝင်သည့်အခါတွင် ရောဂါပိုးများ ဖုန်မှုံ့များ မဝင်နိုင်မှာ ဖြစ်သည်။
အစပိုင်းတွင် ဆီဆာသည် ထိုအရာကို ကျင့်သားမရသေးသဖြင့် ဆွဲဖြုတ်ရန် ကြိုးစားနေခဲ့သေးသည်။ ယခုတွင်မူ အတော်အသင့်တော ကျင့်
သားရလာပြီဖြစ်သည်။ ဆီဆာသည် အမဲလိုက်သည့်အချိန်တွင် မျက်လုံးအကာကို ဆွဲဖြုတ်တတ်သော်လည်း လောင်ခဲ့သည် ထို့အတွက် အပိုနောက်တစ်ခုကို ပြုလုပ်ပေးထားလေသည်။
လက်ရှိတွင် ဆီဆာသည် မျက်လုံးတစ်လုံးသာ ရှိနေတော့သည်။ ထို့ကြောင့် အစပိုင်းတွင် သူသည် အမဲလိုက်ရှာတွင် အခက်အခဲများရင်ဆိုင်ရသေးသည်။ သူသည် ယခင်ကထက် နှေးကွေးသွားခဲ့လေသည်။
“ ဘော်ဒါဟောင်းကြီး ...... မင်း အမဲမလိုက်နိုင် မဖမ်းနိုင်ရင်လည်း အဆင်ပြေပါတယ်။ ငါမင်းကို ဂရုစိုက်ပါ့မယ် “
ဆီဆာ့ ဒဏ်ရာများကို စစ်ဆေးပြီးလိုက်ပြီးနောက် ရှောက်ရွှမ် အိမ်အတွင်း ဝင်သွားလိုက်သည်။
“ အားရွှမ် ....... လုမျိုးနွယ်စုကလူတွေက မင်းကို ရှာနေတယ် “ လောင်ခဲ့သည် တစ်စုံတစ်ခုကို အရောင်တင်နေရင်းဖြင့် ပြောလာခဲ့သည်။
“ လု မျိုးနွယ်စု ဟုတ်လား...... ယန်ကျိုလား “
“ ဟုတ်တယ်...သူပဲ “
ဝမ်ရှစ်များ၏ အကြောင်းကို ကြားပြီးနောက် လုမျုးနွယ်စုသည် အောင်ပွဲခံခဲ့ကြလေသည်။ သူတို့အတွက် အန္တရာယ် သည် မရှိတော့ပေ။
ယခုတွင် လုမျိုးနွယ်စုသည် မီးတောက်ဦးချိုကို လေးစားနေကြပြီဖြစ်သည်။ ဝမ်ရှစ်များသည် အစမှ ပြန်လည် စတင်နေရသည်။ လုမျိုးနွယ်စု
သည် သူတို့ကို အိမ်များကို မည်သို့ဆောက်ရမည်၊ ကောက်ပဲသီးနှံများကို မည်သို့ စိုက်ပျိုးရမည် စသည်တို့ကို မျှဝေပေးခဲ့ကြသည်။
ယန်ကျို ယခုတစ်ခေါက်လာသည်မှာ ကုန်သွယ်ရန် ဖြစ်နိုင်ကြောင်း ရှောက်ရွှမ် ခန့်မှန်းလိုက်သည်။
မျိုးနွယ်စုတွင် လယ်ယာမြေများ ပိုများလာပြီး သားရဲများလည်း များပြားလာသဖြင့် သူတို့၏ လိုအပ်ချက်များသည်လည်း ပို၍များလာနေခဲ့သည်။ လုမျိုးနွယ်စုမှ ယန်ကျိုသည်မီးတောက် ဦးချိုများ မျိုးနွယ်စုနှင့် ကုန်သွယ်ရန် မှာ ဖြစ်နိုင်သည့်ကိစ္စ ဖြစ်သည်။
ဝမ်ရှစ်များ ရှုံးနိမ့်သွားသည့် သတင်းများ ပြန့်နှံ့သွားခြင်းနှင့်အတူ အလယ်ပိုင်းဒေသမှ ကြီးမားသည့် မျိုးနွယ်စုကြီးများသည် မီးတောက်ဦးချို
မျိုးနွယ်စုနှင့် ဆက်ဆံရေးကို ပိုပြီးသတိထားလာကြသည်။ သူတို့သည် လူများစွာကို စေလွတ်ပြီး သူတို့၏ အရိပ်အခြေကို ကြည့်ခိုင်းတတ်ကြလေသည်။
ရှောက်ရွှမ် လိုက်ရှာသေးသော်လည်း ယန်ကျိုနှင့်သူ့လူများကို မမြင်တွေ့ရပေ။ အချို့လူများ၏အပြောအရ သူသည် တောအုပ်အတွင်းသို့ သွားပြီး ဆောက်လုပ်ရေး လမ်းညွှန်မှုများကို ပြုလုပ်နေကာ နောက်ပိုင်းမှသာ ပြန်လာလိမ့်မည်ဟု ဆိုလေသည်။ ရှောက်ရွှမ်သည်လည်း လောနေခြင်းမရှိသဖြင့် ခရီးသွားများ ဌာနသို့ လာခဲ့လိုက်သည်။
ခရီးသွားများသည် တော်အုပ်အစပ် အနီးတဝိုက်တွင် နှစ်နှစ်ခန့် နေထိုင်ခဲ့ကြသည်။ သူတို့သည် မီးတောက် ဦးချိုများ မျိုးနွယ်စုမှ မဟုတ်သဖြင့် မျိုးနွယ်စုမှ လူများကဲ့သို့သော ခွန်အားမျိုး မရှိကြပေ။ ထို့ကြောင့် သူတို့သည် တောအုပ်ကို
ကြောက်လန့်နေဆဲဖြစ်သည်။ နေရာတဝိုက်ကို အစောင့်များ ချထားပြီးဖြစ်သော်လည်း သူတို့သည် တောအုပ်နှင့်ဝေးနိုင်သမျှ ဝေးဝေး တွင်သာ နေထိုင်လိုကြသည်။ မီးတောက် ဦးချိုများနယ်မြေချဲ့ထွင်နေသည်ကို သိလိုက်မှသာ သူတို့ ရွေ့ပြောင်းနေထိုင်ကြခြင်းဖြစ်သည်။
ခရီးသွားများ နေရာတွင် လူများသည် အလုပ်ရှုပ်နေကြပြီး သူတို့၏ နေအိမ်များကို ဆောက်လုပ်နေကြသည်။ သူတို့အနေဖြင့် တင်းကြပ်သည့် လမး်ညွှန်ချက်များကို လိုက်နာရန် လိုအပ်ပြီး အစီအစဉ်နှင့်ကွဲလွဲ၍ မည်သည့်အရာကိုမှ လုပ်ကိုင်ခွင့်မရပေ။
ထိုနေရာတွင် ရှိနေကြသူများသည် ဒဏ်ရာရနေသူများက အများစုဖြစ်သည်။ ထို့အပြင် သက်ကြီးရွယ်အိုများနှင့် ကလေးများလည်း ရှိနေကြသည်။ ကလေးများသည် နေရာအနှံ့ပြေးလွှားဆော့ကစားနေခဲ့ကြလေသည်။ ဤနေရာသည် သူ
တို့အတွက် နတ်ဘုံပင်ဖြစ်သည်။ အခြားမျိုးနွယ်စုများတွင် ကလေးများသည် သူတို့၏နေအိမ်ထဲမှပင် ထွက်ရဲကြလိမ့်မည် မဟုတ်ပေ။
ယခုရက်များတင် ခရီးသွားများ ပို၍ အလုပ်များနေကြသဖြင့် မျိုးနွယ်စုခေါင်းဆောင်သည် လူများကို စေလွှတ်ပြီး ထိုနေရာမှ ကိစ္စများကို စောင့်ကြည့်ခိုင်းထားလေသည်။
ရှောက်ရွှမ် ထိုနေရာသို့ ရောက်သွားသည့်အချိန်တွင် မီးတောက် ဦးချိုမျိုးနွယ်စုမှ စစ်သည်တော်များအုပ်စုဖွဲ့၍ ပျော်ရွှင်စွာ စကားပြောနေကြသည်ကို မြင်လိုက်ရသည်။
အခန်း (၅၁၈) ထိုးဖောက်ဝင်ရောက်လာသူ
သူတို့အားလုံး ရှောက်ရွှမ်ကို မြင်လိုက်သည်နှင့် မတ်တပ်ရပ်လိုက်ကြသည်။ ရှောက်ရွှမ်သည် သူတို့နှင့်အသက်အရွယ် အတူတူ သို့မဟုတ် ငယ်ကောင်းငယ်နိုင်သော်လည်း သူတို့၏ လေးစားရဆုံးသော မဟာအကြီးအကဲဖြစ်သည်။ အထူးသဖြင့် ဝမ်ရှစ်များနှင့် တိုက်ပွဲအပြီးတွင် ဖြစ်သည်။ ရှောက်ရွှမ်သည် သူတို့အတွက်တော့ မျိုးနွယ်စု ခေါင်းဆောင် နှစ်ယောက်ထက်ပင် သာလွန်သူဖြစ်သည်။
သူတို့၏အလုပ်သည် ခရီးသွားများကြားတွင် ရန်ဖြစ်ခြင်းမရှိစေရန်အတွက် စောင့်ကြည့်ပေးရန်ဖြစ်သည်။ သူတို့အနေဖြင့် အလုပ်သိပ်မများသဖြင့် စကားထိုင်ပြောနေကြခြင်းဖြစ်သည်။ သူတို့သည် ရှောက်ရွှမ် ဤနေရာသို့ရောက်လာမည်ကို မသိထားကြပေ။ သူတို့အနေဖြင့် ကျောင်းအုပ်ကြီး ရောက်လာသည်ကို မြင်လိုက်ရသည့်
ကျောင်းသားလေးများသဖွယ် ခံစားလိုက်ရသည်။
သူတို့အနေဖြင့် လုပ်ရစရာ အလုပ်များ သိပ်မရှိနေသဖြင့် ရှောက်ရွှမ် လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် အပြစ်မကင်းသည့် စိတ်ကို ခံစားလိုက်ရလေသည်။
ပထမတွင် ရှောက်ရွှမ်သည် သားရဲများနှင့် လယ်ကွင်းများကို စစ်ဆေးကြည့်ရှုလိုနေခဲ့သည်။ သို့သော်လည်း ခရီးသွားများနေထိုင်သည့်နေရာကို ဖြတ်သွားသည့်အချိန်တွင် စစ်ဆေးလိုစိတ်ဝင်လာသဖြင့် ဝင်လာခဲ့ခြင်းဖြစ်သည်။
သူလာနေပြီ......သူလာနေပြီ......။
စစ်သည်တော်များ စိတ်လှုပ်ရှား နေကြသည်။ သူတို့အချင်းချင်းလည်း ပြန်ကြည့်မိလိုက်ကြသည်။
မဟာအကြီးအကဲကို ကြည့်ရတာ ဒေါသထွက်နေသလိုပဲ....... ဘာလုပ်ရမလဲ....... ငါတို့တော့ ပြဿနာ တက်ပြီထင်တယ်။
ရှောက်ရွှမ် ၏ ခြေသံများကို နားထောင်လိုက်ပြီး သူတို့ ရင်ခုန်နေကြလေသည်။ ရှောက်ရွှမ် သူတို့ရှေ့သို့ရောက်လာသည့်အချိန်တွင် သူတို့အားလုံး ခေါင်းမော့လိုက်ကြပြီး နုတ်ဆက်လိုက်ကြသည်။ “ ဟယ်လို မဟာအကြီးအကဲ...... “
“ မင်းတို့က ဒီနေရာက အစောင့်တွေလား “ ရှောက်ရွှမ် မေးလိုက်သည်။
“ ဟုတ်ပါတယ်၊ အမြဲတမ်း စောင့်နေတာပါ ၊
ကျွန်တော် ဆိုလိုတာက ကျွန်တော်တို့က မနက်ကတည်းက အားနေကြတာ။ ခရီးသွားတွေရဲ့နေရာမှာ ဘာကိစ္စအထွေအထူးမှ မရှိပါဘူး” အစောင့်ခေါင်းဆောင် ပြောလိုက်သည်။
“ အရင်ကကော...... မင်းတို့အဖွဲ့ပဲလား “ ရှောက်ရွှမ် ထပ်မေးလိုက်ပြန်သည်။
“ အမြဲတမ်း ကျွန်တော်တို့ အဖွဲ့ပါပဲ၊ တခြားတဖွဲ့ကတော့ ကင်းလှည့်နေကြတယ် ။ ညဖက်ကင်းလှည့်တဲ့ တဖွဲ့လည်းရှိသေးတယ် “ ခေါင်းဆောင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ မဟာအကြီးအကဲက တစ်ခုခုကိုများ သတိပြုလိုက်မိလို့လား။ ငါတို့ ဒီမှာ တစ်ချိန်လုံးရှိနေတာပဲ။ ငါတို့တော့ ဘာအမှားကိုမှ သတိမပြုမိပါဘူး။
ရှောက်ရွှမ် ထပ်မမေးတော့ဘဲ ထိုနေရာနှင့် သိပ်မဝေးသည့် အိမ်တစ်လုံးသို့ ဦးတည်လိုက်သည်။
အစောင့်များ စိတ်ရှုပ်ထွေးသွားကြပြီး သူတို့ခေါင်းဆောင်ကို လှမ်းကြည့်လိုက်ကြသည်။ ခေါင်းဆောင်သည် ရှောက်ရွှမ်နောက်သို့ လိုက်သွားရန် ရွေးချယ်လိုက်သည်။ သို့ဆိုလျှင် တစ်စုံတစ်ခုကို သူကူညီပေးနိုင်မည် ဖြစ်သည်။
ရှောက်ရွှမ် အိမ်ဆီသို့ ဦးတည်လိုက်ပြီး ဆောက်လုပ်ထားသည့် ပစ္စည်းများနှင့် ပြင်ပ အပြင်အဆင်များကို လေ့လာလိုက်သည်။ ဤသည်မှာ စံပြုဆောက်လုပ်ထားသည့် နေအိမ်တစ်လုံး ဖြစ်သည်။ သို့သော်လည်း ထိုအိမ်သည် အခြားအိမ်များနှင့် အတန်ငယ်ဝေးကွာသည့်နေရာတွင် တည်ရှိနေသည်။ နေရာ ကျယ်ကြီးတစ်ခုလုံးတွင် ထိုအိမ်တစ်လုံးတည်းသာ ရှိနေခြင်းဖြစ်ပြီး သီးခြားဆန်နေခဲ့သည်။
တံခါးများနှင့် ပြတင်းပေါက်များတွင် မြင်သာသ
ည့် ဖုံမှုန့်များကို တွေ့နိုင်သည်။ တံခါးအနီးရှိမြေပြင်သည် မာကျောနေဟန် ရသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက် ရောက်မလာခဲ့သည်မှာ အချိန်အတန်ကြာနေပုံပေါ်သည်။
ထိုအိမ်သည် ရှောက်ရွှမ် ကျွန်ပြုသည့် ဖြစ်စဉ်တွင် အသုံးပြုသည့် သက်ရှည် သစ်ရွက်ကို တွေ့ခဲ့သည့်နေရာ ဖြစ်သည်။ သူနောက်ဆုံးအကြိမ်ဝင်ခဲ့ပြီးသည့် နောက်ပိုင်း မည်သူမှ ထပ်မဝင်သွားတော့ဟန် ရသည်။ ကောလာဟလများအရ အိမ်သည် အခြားအိမ်များနှင့် ဝေးကွာနေရခြင်းမှာ ရာဇဝတ်မှုကျုးလွန်သူများကို ထိန်းသိမ်းထားရန် အတွက် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ခရီးသွားများသည် နားလည်မှုမလွဲစေရန်အတွက် ထိုအိမ်နှင့် အဝေးတွင်သာ အိမ်များ ဆောက်လုပ်နေထိုင်ကြခြင်း ဖြစ်သည်။
ယခုတွင် ထိုအိမ်သည် ပုလိပ်ရောဂါ ဖြစ်သွားခဲ့
သည့် ပုံဖြင့် သီးသန့် ဆန်နေခဲ့ပြီး အထီးကျန်ဆန်နေခဲ့သည်။
ရှောက်ရွှမ်် အိမ်ကိုပတ်ကြည့်လိုက်ပြီး ပြတင်းပေါက် တစ်ခုအနီးတွင် ရပ်လိုက်သည်။ ပြတင်းပေါက်ပေါ်တွင် ကုတ်ခြစ်ထားသည်နှင့်တူသည့် အမှတ်အသားအချို့ ရှိနေခဲ့သည်။ အကယ်၍ သေချာမကြည့်လျှင်တော့ ထိုအမှတ်အသားများကို မြင်နိုင်မည် မဟုတ်ပေ။ အမှတ်အသားများသည် ယခုမှ အသစ်ဖြစ်ဟန် တူသည်။ အမှတ်အသားများပေါ်မှ ဖုံများသည် အခြားနေရာပေါ်မှ ဖုံများလောက် မရှိသည်ကို ရှောက်ရွှမ် တွေ့လိုက်ရသည်။
“ ဒီနေရာကို တစ်ယောက်ယောက်များ ဝင်ခဲ့သေးလား “ ရှောက်ရွှမ်မေးလိုက်သည်။
“ မဝင်ပါဘူး။ အနည်းဆုံးတော့ ကျွန်တော်တို့
စောင့်ကြပ်နေတဲ့အချိန်မှာတော့ ဝင်တဲ့သူမရှိဘူး” အစောင့် စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။ ဤနေရာသည် အရေးကြီးကြောင်းကို သူတို့သိထားကြသဖြင့် သူတို့ သေချာစစ်ဆေးလေ့ရှိခဲ့သည်။ အစောင့်များ ကိုယ်တိုင်လည်း သံသယဝင်ခံရခြင်းကို ကြောက်သဖြင့် အိမ်အတွင်း သို့မဝင်ကြပေ။
“ နောက်ထပ် အဖွဲ့တစ်ခုကို ငါမေးကြည့်သင့်လား “ ထိုအစောင့် မေးလိုက်သည်။
“ အခုတော့ မလိုသေးဘူး “
ရှောက်ရွှမ် တံခါးကို ဆွဲဖွင့်လိုက်ပြီး အတွင်းသို့ ဝင်လိုက်သည်။ အစောင့်မှာမူ ခွင့်ပြုချက်မရှိသဖြင့် လိုက်ဝင်သွားခြင်း မရှိပေ။
အိမ်သည် ရှောက်ရွှမ် မှတ်ဉာဏ်ထဲမှ အတိုင်ငးပင် ရှိနေသေးသည်။ ကွေ့ဟယ်ဒေါသထွက်ခြင်းကြောင့် ဖျက်ဆီးခဲ့သည့် စားပွဲခုံသည် ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။ အိမ်တစ်ခုလုံးကို အကြည့်တစ်ခုဖြင့် ခြုံငုံကြည့်နိုင်သည်။ ရှောက်ရွှမ် သက်ရှည်သစ်ရွက်ကို တူးဖော်ခဲ့သည့်နေရာသည်လည်း ဖုန်မှုန့်များသာ ရှိနေခဲ့သည်။ ထိုဖုံမှုန့်များကို လတ်တလော ထိတွေ့ထားသည့်လက္ခဏာများကို သေချာကြည့်လျှင် မြင်နိုင်သည်။ ဖြစ်နိုင်သည်မှာ လွန်ခဲ့သည့် သုံးရက်ခန့်ကပင် ထိတွေ့ထားဟန် ရသည်။
“ တစ်စုံတစ်ယောက် ဒီကို ရောက်ခဲ့တယ် “ ရှောက်ရွှမ် ပြောလိုက်ပြီး အိမ်တွင်းမှ အလျင်အမြန် ပြန်ထွက်လာခဲ့သည်။
ရှောက်ရွှမ် ၏အမူအယာကို ကြည့်လိုက်ပြီး တစ်စုံတစ်ခု ဖြစ်နေသည်ကို အစောင့် သိလိုက်ရသည်။ သူသည် ရှောက်ရွှမ်နောက်သို့ လိုက်ရန်
ပြင်လိုက်ပြီး ရုတ်တရပ် ရပ်တန့်လိုက်သည်။
“ ဘယ်လောက်တောင်မြန်လိုက်တဲ့တုံ့ပြန်မှုလည်း “ ရှောက်ရွှမ် အရပ်မျက်နှာတစ်ခုကို ကြည့်လိုက်သည်။ သူသည် မီးတောက် ဦးချို မျိုးနွယ်စုမှ မဟုတ်သည့် အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည်။ ဝမ်ရှစ်တိုက်ပွဲအပြီးတွင် သူ့ အာရုံခံစားမှုများသည် ယခင်ကထက် ထက်မြက်စူးရှလာခဲ့သည်။ ထိုသူသည် အနီးတွင်ပင် ရှိနေခဲ့ပြီး ရှောက်ရွမ်၏ အကြည့်များကို အာရုံခံမိလိုက်သည်နှင့် ထွက်ပြေးသွားခဲ့သည်။
အစောင့်မေးလိုက်သည် “ မဟာအကြီးအကဲ..... ဆိုလိုတာက ပြင်ပက ထိုးဖောက်ဝင်ရောက်လာတဲ့သူ ရှိတယ်လို့ ဆိုလိုတာလား “
သူဆိုလိုသည့် ပြင်ပမှ လူဆိုသည်မှာ ခရီးသွားများ မဟုတ်ကြပေ။
“ ဟုတ်တယ်, ဒီရက်ပိုင်းတွေမှာ အထူးသတိရှိနေပါ။ မင်းတို့ရဲ့ မီးတောက်မျိုးစေ့ကို အသုံးပြုပြီးတော့ ထောက်လှမ်းကြည့်ပါ “ ရှောက်ရွှမ် ပြောလိုက်သည်။ လူတိုင်း၏ ခန္ဓာကိုယ်ထဲတွင် မီးတောက်မျိုးစေ့များ ရှိနေသဖြင့် အကယ်၍ သူတို့သည် ထိုးဖောက်ဝင်ရောက်လာသူကို ချက်ချင်း မမိခဲ့လျှင်ပင် ဂိတ်များကို ဖြတ်သန်သည်နှင့် အာရုံခံမိလိမ့်မည် ဖြစ်သည်။
မီးတောက် မျိုးစေ့များနှင့် ပေါင်းစပ်ခြင်းသည် မျိုးနွယ်စုမှ လူများအတွက် အခြားမျိုးနွယ်စုများတွင် မရှိသေးသည့် အရည်အသွေးများကို ဖြစ်ပေါ်စေသည်။ ယခုတွင် မျိုးနွယ်စုမှ လူများသည်သူတို့ မျိုးနွယ်စုမှ လူများနှင့် အခြားအပြင်လူများကို အလွယ်တကူ ခွဲခြာနိုင်ပြီဖြစ်သည်။
“ ဟုတ်ကဲ့” အစောင့်များ အလျင်အမြန် အမိန့်နာခံ
လိုက်ကြသည်။ သူတို့သည် ရှောက်ရွှမ်၏ စကားများကို သံသယမဖြစ်ကြပေ။ မဟာအကြီးအကဲပြောလိုက်သည့်စကားများ အားလုံးသည် သူတို့အတွက် အမှန်ချည်းသာာ ဖြစ်သည်။ မျိုးနွယ်စုကို ထိုးဖောက် ဝင်ရောက်လာသည့် လူသည် အန္တရာယ်ရှိကောင်းရှိနိုင်သည်။ သူတို့သည် ယခုတွင် သက်တောင့်သက်သာ မနေနိုင်ကြတော့ပေ။ သူတို့အနေဖြင့် ထိုဝင်ရောက်လာသူကို ယခင်ကတည်းက သတိမပြုမိလိုက်သည်ကို စိတ်မကောင်းဖြစ်နေကြသည်။ သူတို့သည် အလုပ်ပြုတ်မည်တော့ မဟုတ်သော်လည်း သူတို့သာ သတိမထားခဲ့လျှင် မျိုးနွယ်စုတစ်ခုလုံး အန္တရာယ် ကျရောက်နိုင်သည်ကိုတော့ သိထားကြသည်။
သူတို့ကို အခြားအစောင့်များကိုလည်း သတင်းစကားပါးစေလိုက်ပြီး လုံခြုံရေးကို အထူးသတိပြုရန် ရှောက်ရွှမ် မှာကြားလိုက်သည်။ အကယ်၍ သူတို့သာ တစ်စုံတစ်ခုကို သတိပြုခဲ့မိလျှင် ချက်ချင်း သတင်းပို့ရမည် ဖြစ်သည်။
သုန့်ကန်းနှင့် အခြားခေါင်းဆောင် နှစ်ယောက်တို့ ဆင့်ခေါ်ခြင်းခံလိုက်ရသည်။ ထို့အပြင် ထိုးဖောက်ဝင်ရောက်လာသည့် လူရှိနေကြောင်းကို လည်းအစောင့်များ အားလုံး သိသွားကြသည်။
“ ဘယ်သူဖြစ်မယ်လို့ထင်လဲ၊ မျိုးနွယ်စုကြီးတွေက လူတွေများလား “ သုန့်ကန်းမေးလိုက်သည်။
“ မဟုတ်ဘူး “ ကွေ့ဟယ် တည်ငြိမ်သည့်အမူအယာဖြင့် ပြောလိုက်သည်။ သူ “ ဖြစ်နိုင်တာက လုယက်သူ ဖြစ်နိုင်တယ်” သူသည် အခြားသူများဆီမှ ရှောက်ရွှမ် သွားခဲ့သည့်အိမ်ကို တစ်စုံတစ်ယောက် ထိုးဖောက်ဝင်ရောက်ခဲ့သည့်သတင်းကို သိလိုက်ရခြင်းဖြစ်သည်။
“ ဒီလူက လုယက်သူ တွေနဲ့ဆက်စပ်မှုရှိမယ်လို့တော့ မသေချာသေးဘူး။ အရင်တစ်ခါက လူတွေ
က ကျုပ်တို့ကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက် မရှိနေဘူးဆိုပေမယ့် ဒီတစ်ခါ လူတွေကတော့ ဘယ်လို သဘောထားမယ် ဆိုတာကို မသိနိုင်သေးဘူး “ ရှောက်ရွှမ် ယခုအချိန်တွင် သတိရှိရှိ ဖြစ်နေပြီဖြစ်သည်။ သူဆက်ပြောလိုက်သည် “ ပြီးတော့ ဒီလူက အရမ်း သတိထားပြီးတော့ လျင်မြန်မှုလည်း ရှိတယ်။ သူတို့ကို ဖမ်းဖို့ဆိုတာက ခက်ခဲနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ လုံခြုံရေးကိုတော့ အထူးတင်းကျပ်ထားမှရမယ်။ ကျုပ်တို့ကိ သူတို့ဘယ်သူဆိုတာအပြင် လာရတဲ့ ရည်ရွယ်ချက်တွေနဲ့ သူတို့ရဲ့နောက်ခံတွေကိုပါ သိနေမှရမယ် “
“ ခရီးသွားများ ဌာနက လုံခြုံရေးတွေကို တိုးမြင့်ထားလိုက်ပါ။ သူတို့က စစ်သည်တော်တွေရဲ့ အိမ်တွေထဲမှာ ပုန်းနေနိုင်မှာ မဟုတ်ဘူး၊ မဟုတ်ရင် သူတို့ကို အလွယ်တကူ တွေ့နိုင်မယ် “ ရှောက်ရွှမ် ပြောလိုက်သည်။
ခေါင်းဆောင်သုံးယောက်တို့ ခေါင်းညိတ်လိုက်ကြသည်။ မီးတောက် မျိုးစေ့ကို အသုံးပြုခြင်းဖြင့် တိကျစွာ ထောက်လှမ်းနိုင်ပေမည်။
ထိုသူထွက်ပေါ်လာခြင်းကြောင့် ဝမ်ရှစ်တိုက်ပွဲအပြီး သက်တောင့်သက်သာဖြစ်နေကြသည့် စစ်သည်တော်များ နိုးနိုးကြားကြား ပြန်ဖြစ်လာကြသည်။ သူတို့သည် မျိုးနွယ်စု တစ်ခုကိုသာ တိုက်ခိုက်အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာကြီးတွင် မျိုးနွယ်စုပေါင်းများစွာ ရှိနေပြီး ထိုးဖောက်ဝင်ရောက်လာသူသည် ထိုမျိုးနွယ်စုများမှ တစ်စုံတစ်ယောက် ဖြစ်နိုင်ပေသည်။
လုယက်သူကို ဖမ်းဆီးရန်မှာ ခက်ခဲလှပေသည်။ ထိုသူသည် အခြားမျိုးနွယ်စုများ ထံသို့လည်း မကြာခန သွားလာလေ့ရှိသည်။
ရှောက်ရွှမ်သည် သက်ရှည်သစ်ရွက်ကို အိမ်ထဲ
တွင် မူလအစ ဖွက်ထားခဲ့သည့်လူအကြောင်းကို သိချင်နေခဲ့လေသည်။ သူတို့သည် သစ်ရွက်ကို မည်သို့ရှာတွေ့ခဲ့လေသနည်း။ သူသိသည်မှာ မှော်ဆန်ဆန်လျို့ဝှက်မှု များသည် ယိမျိုးနွယ်စုမှ ဖြစ်သည်ဟု သိထားသည်၊ ထိုအရာကို သူ ပင်လယ်သို့ရောက်ခဲ့စဉ်က အတည်ပြုပြီးသားဖြစ်သည်။ ယိ မျိုးနွယ်စုမှ လူများသည် သက်ရှည်သစ်ရွက်ကို ယူလာခဲ့ကြောင်းကို သူသေချာနေသည်။ သို့သော်လည်း လုယက်သူသည် သစ်ရွက်ကို သူတို့ထံမှ မည်သို့ ရလာခဲ့လေသနည်း။
အခန်း (၅၁၉) ထွက်ပေါက်မရှိတဲ့ ဝင်ပေါက်
ထိုးဖောက်ဝင်ရောက်လာသူ ရှိနေသည့် သတင်းများကြောင့် မီးတောက်ဦးချို မျိုးနွယ်စုတွင် တင်းကြပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အနိုင်ရခဲ့သည့် စိတ်လှုပ်ရှားမှုများသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သူတို့သည် ဝမ်ရှစ်များကို အနိုင်ရခဲ့ကြပြီး ကျော်ကြားလာခဲ့ကြသည်။ သူတိုသည် အခြားသူများ၏ အာရုံစိုက်မှုများကို ခံနေရသဖြင့် သက်တောင့်သက်သာ မနေနိုင်ကြပေ။ အထူးသဖြင့် ယခုကဲ့သို့သော အချိန်မျိုးတွင်ဖြစ်သည်။
“ လမ်းကတော့ ပြီးသွားပြီ။ တစ်စုံတစ်ယောက်က သူတို့ရဲ့လှည်းတွေနဲ့သွားကြည့်ပြီးပြီ၊ အဆင်ပြေတယ်လို့ ပြောတယ် “
“ သားရဲလှောင်အိမ်ဆယ်ခုကို အပြင်ဖက်မှာ လုပ်ပြီးသွားပြီး ထပ်လုပ်ပေးရဦးမလား “
“ လယ်ကွင်းလည်းပြီးသွားပြီ၊ တချို့လယ်ကွက်တွေကို ခရီးသွားတွေကို အစီအစဉ်တကျ ပေးအပ်လိုက်ပြီးပြီ၊ ကျန်တာတွေက ငါတို့ အသုံးပြုဖို့ပဲ “
ကျောက်တုံးအိမ်တစ်ခုထဲတွင် နတ်ဆရာနှစ်ယောက်၊ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက် ၊ အမဲလိုက်ခေါင်းဆောင် သုံးယောက်နှင့် အဖွဲ့ဝင်များသည် လုပ်ငန်းများ၏ တိုးတက်မှုများကို ဆွေးနွေးရန်အတွက် စုဝေးနေကြလေသည်။ မှန်ပေသည်၊ မဟာအကြီးအကဲကိုလည်းချန်ထား၍ မရနိုင်ပေ။
သူတို့စကားပြောနေကြစဉ်တွင် ရှောက်ရွှမ် သိပ်အာရုံမစိုက်နေသည်ကို အော့ တွေ့မြင်လိုက်ရ
သည်။ သူပြောလိုက်သည် “ အားရွှမ်၊ ငါတို့ ခုနကဆွေးနွေးတဲ့ကိစ္စတွေကို မင်းဘယ်လိုထင်လဲ “
“ ကောင်းပါတယ်၊ ငါတို့ စီစဉ်ထားတဲ့အတိုင်းဆက် လုပ်ကြတာပေါ့။ ငါတို့ ဒီတစ်နှစ်အများကြီးမလုပ်နိုင်သေးရင်တောင်၊ ငါတို့ရဲ့မြေကြီးတွေကို အာဟာရ ပိုပြည့်လာအောင်တော့ လုပ်ထားရမယ်။ ဘယ်လိုလုပ်ရမယ် ဆိုတာတွေကို ဖြန့်ဝေပြီးပြီ။ နှစ်ရက်လောက်နေရင် ငါသွားစစ်ဆေးကြည့်လိုက်မယ်။ သားရဲလှောင်အိမ်တွေကတော့ ဆက်ဆောက်ဖို့ မလိုအပ်တော့ဘူး။ သားရဲပေါက်စတွေကို လုမျိုးနွယ်စုက ပေးလာတဲ့အချိန်အထိ စောင့်လိုက်ဦး။ ငါတို့ တစ်ကြိမ်ထဲနဲ့ သားရဲတွေ အများကြီးကို လက်မခံနိုင်ဘူး” ရှောက်ရွှမ် ပြောလိုက်သည်။
ရှောက်ရွှမ် ဆွေးနွေးပွဲမှ အကြောင်းအရာများကို အာရုံစိုက်မိလိမ့်မည်ဟု အော့ထင်မထားခဲ့မိပေ။
“ ပြီးတော့ မင်းတို့ပြောတဲ့အတိုင်းဆက်လုပ်ကြတာပေါ့။ ရွှေလက်နက်တွေ လေ....... ငါ ကျန်းလော်နဲ့ ဆွေးနွေးခဲ့ပြီးပြီ၊ တောအုပ်ထဲကလူတွေ ထွက်သွားတာနဲ့ ငါတို့ ပိုကြီးတဲ့ အခန်းတစ်ခုကို ဆောက်လုပ်ရမယ် “
ရှောက်ရွှမ်သည် ပင်မမျိုးစေ့၏ လျှို့ဝှက်ချက်ကို သိသွားပြီးသည့်နောက်တွင် အကြံအစည်ကို မဆန့်ကျင်တော့ပေ။ မျိုးနွယ်စုမှ လူများသည် အရည်ကြိုခြင်းနှင့် ပုံသွင်းခြင်းတို့နှင့် ပတ်သက်လျှင် ထိရှလွယ်ကြသည်။ သူတို့သည် ပင်လယ်အနီးမှ ကျွန်ပိုင်ရှင်များ၏ အကြောင်းကို ကြားဖူးခြင်း သို့မဟုတ် ရွှေလက်နက်များ ၏ အလားအလာကို ကြားဖူးခြင်း တစ်ခုခုတော့ ဖြစ်ပေလိမ့်မည်။
“ ဟုတ်တယ်၊ လုမျိုးနွယ်စုက လူတွေအပြင် တခြားမျိုးနွယ်စုက လူတွေကော ရှိနေသေးလား
“ ရှောက်ရွှမ် မေးလိုက်သည်။
“ ငါတော့ မကြားဘူးပဲ “
“ မလာပါဘူး “
“ မတွေ့မိဘူး “
ကျန်လူများ ပြန်ဖြေလိုက်ကြသည်။
“ ဒါပေမယ့် အနီးတဝိုက်မှာ သံသယ ဖြစ်စရာကောင်းတဲ့ လှုပ်ရှားမှုတချို့ကိုတော့ တွေ့နေရတယ်။ ဖြစ်နိုင်တာက ကြီးမားတဲ့ မျိုးနွယ်စုတွေက လူတွေ ဖြစ်နိုင်တယ် “ သုန့်ကန်းပြောလိုက်သည်။ သူသည် ပြင်ပတွင် ကင်းလှည့်စဉ်က လှုပ်ရှားမှုအချို့ကို မြင်တွေ့ခဲ့ရသည်။
သို့သော်လည်း ထိုသူကို သူတို့မြင်လိုက်သည့်အခါတွင် ထိုသူ ထွက်ပြေးသွားခဲ့ပြီးဖြစ်သည်။
“ ဘာလို့လဲ ၊ မင်းတစ်စုံတစ်ယောက်ကို မျှော်လင့်နေတာလား “ ကျန်းလော်မေးလိုက်သည်။
ရှောက်ရွှမ် ခေါင်းခါလိုက်ပြီး “ ငါတွေးမိတာပါ၊ ဒီအချိန်တွေမှာ သူတို့က ငါတို့ကို စုံစမ်းဖို့အတွဥ် လူတချို့ကို စေလွှတ်လိမ့်မယ်။ သူတို့မပေါ်လာရင်၊ သူတို့မှာ တခြား အစီအစဉ်တွေရှိပြီးတော့ အကောင်အထည်ဖော်ဖို့စောင့်နေတာ ဖြစ်မယ် “
“ ဘာကို စောင့်နေတာလဲ “ အော့ မေးလိုက်သည်။
“ ဖြစ်နိုင်တာက သူတို့ လူစုနေတာ ဖြစ်နိုင်တယ် “ ရှောက်ရွှမ် ခန့်မှန်းကြည့်လိုက်သည်။
ကျန်လူများအားလုံးအံ့သြသင့်သွားကြသည်။ အကယ်၍ ထိုသို့သာဖြစ်မည်ဆိုလျှင် တခြားမျိုးနွယ်စုများသည် သူတို့ကို ရှိန်နေခြင်းကြောင့် ဖြစ်ပေလိ့မ်မည်။ ဤအချက်ကြောင့် သူတို့စိတ်ကျေနပ်သွားလေသည်။ သို့သော်လည်း အန္တရာယ်လည်း ရှိကောင်းရှိနေနိုင်သည်။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးသည် အန္တရာယ်များကို ရင်ဆိုင်ရန် အသင့်ဖြစ်နေကြလေသည်။
“ တကယ်လို့ ဟွေ့မျိုးနွယ်စုက လူတစ်ယောက်ယောက် လာခဲ့ရင် ကျုပ်ကို ပြောပါ “ ရှောက်ရွှမ် ပြောလိုက်သည်။
“ ဟုတ်ပြီ၊ ငါတစ်ယောက်ယောက်နဲ့ မင်းကို ပြောခိုင်းလိုက်မယ် “ အော့သည် ရှောက်ရွှမ် စကားများ၏ အဓိပ္ပာယ်ကို သိနေခဲ့ပြီး ချက်ချင်းပြန်ဖြေလိုက်သည်။
နှစ်ရက်ကြာပြီးနောက်တွင် ရှောက်ရွှမ် ခန့်မှန်းထားသည့် အတိုင်းပင် အခြားမျိူးနွယ်စုများမှ လူများ ရောက်လာခဲ့သည်။ မန်မျိုးနွယ်စုမှ ခေါင်းဆောင်များ၊ ခြေလက်ရှစ်ခု မျိုးနွယ်စုနှင့် ငှက်မွေး မျိုးနွယ်စုတို့မှ လူများသည် မျက်နှာဖုံးတစ်ထောင် မျိုးနွယ်စု၊ ထျန်းရှန် မျိုးနွယ်စုနှင့် လှေရှည်မျိုးနွယ်စုမှ လူများဖြင့် ရောက်လာခဲ့ကြသည်။ ဟွေ့မျိုးနွယ်စုမှ လူများသည် နောက်ကျပြီးမှသာ ရောက်လာခဲ့ကြလေသည်။
သတင်းများ လျင်မြန်စွာမရောက်နိုင်သည့် နေရာတွင် သူတို့ ထိုမျှ မြန်မြန် ဆန်ဆန်ရောက်လာခဲ့သည်ကို ကြည့်လျှင် သတင်းပို့သည့် စနစ်တစ်ခုရှိနေသည်မှာ ထင်ရှားနေသည်။
မျိုးနွယ်စု ခုနှစ်ခုတို့ ရောက်လာပြီးသည့်နောက် ရှောက်ရွှမ်သည် ပုံသွင်းသည့်အခန်းတွင် ပန်းပဲဆရာများနှင့်အတူ ဆွေးနွေး နေခဲ့သည်။ သူ
တို့သည် ကြေးပစ္စည်းများကို မည်သို့အဆင့်မြင့်တင်မည်ကို ဆွေးနွေးနေကြခြင်းဖြစ်သည်။ သူတို့သည် သဘောတရားအရ မည်သို့လုပ်ကိုင်ရမည်ကို သိသော်လည်း လက်တွေ့လုပ်ကိုင်ရာတွင်မူ ထိုမျှ လွယ်ကူနေခြင်း မရှိပေ။ လက်နက်များသည် စစ်ဆေးမှုကို အောင်မြင်သည်ဆိုယုံမျှသာ ရှိသေးသည်။
“ ရောက်နေကြပြီလား” ရှောက်ရွှမ် လက်ထဲမှ ကြေးပစ္စည်းကို ချလိုက်ပြီး သတင်းလာပို့သည့် စစ်သည်တော်နောက်သို့ လိုက်သွားလိုက်သည်။ “ ဟုတ်ပါတယ်၊ နတ်ဆရာတွေနဲ့ မျိုးနွယ်စု ခေါင်းဆောင်တွေက သူတို့နဲ့စကားပြောနေကြတယ်၊ ဒါပေမယ့် နတ်ဆရာကတော့ အကြီးအကဲအလုပ်ရှုပ်နေရင်လည်း မလာပဲနေရင်နေလို့ ပြောပါတယ် “ စစ်သည်တော် တင်ပြလိုက်သည်။
“ ဟွေ့မျိုးနွယ်စုက လူဘယ်လောက်များများပါလာလဲ၊ သူတို့ ဘယ်လိုခရီးသွားကြတာလဲ “
ရှောက်ရွှမ် မေးလိုက်သည်။
စစ်သည်တော် ပြန်စဉ်းစားလိုက်ပြီး ဖြေလိုက်သည် “ ဆယ်ယော်လောက်တော့ ရှိမယ်။ ထင်တာတော့ သူတို့ရဲ့ သိမ်းငှက်တွေနဲ့ လာခဲ့ကြတယ် ထင်တယ်။ သိမ်းငှက်သုံးကောင်ကို ကျွန်တော် တွေ့ခဲ့တယ်။ သူတို့က ချာချာထက်တောင် ကြီးသေးတယ် “
“ သူတို့ခေါင်းဆောင်က ဘယ်သူများလဲ “
“ ဟဲရှီလို့ ခေါ်တဲ့ လူတစ်ယောက်ပါ “
ဟဲရှီ... ထိုနာမည်ကို ရှောက်ရွှမ် မှတ်မိနေပေသည်။ သူ သဲကန္တာရတွင် ရှိနေစဉ်က သူသည် ဟွေ့မျိုးနွယ်စုတွင် ဟဲရှီနှင့် တွေ့ဖူးခဲ့သည်။ အဖွဲ့ခေါင်းဆောင် တစ်ယောက်အနေဖြင့် ဟဲရှီသည်
ရှောက်ရွှမ်ကို အကြိမ်များစွာကူညီပေးခဲ့ဖူးသည်။ သူသည် အခြားမျိုးနွယ်စုမှ လူများထက် ပိုကောင်းပေသည်။
ရှောက်ရွှမ် ထိုသူများနှင့်တွေ့ဆုံရန် သွားလိုက်သည်။
မျိုးနွယ်စုများနှင့် မီးတောက် ဦးချိုများ၏ ဆက်ဆံရေးသည် အလွန်အမင်းကောင်းနေခြင်းမဟုတ်ပေ။ မျိုးနွယ်စုမှ လူများသည် သူတို့နှင့် သတိထားပြီး ဆက်ဆံနေခဲ့ကြသည်။ မီးတောက်ဦးချိုများသည် ဝမ်ရှစ်များကို လတ်တလောလေးတွင်ပင် အနိုင်ယူထားပေသည်။ ထို့ကြောင့် မျိုးနွယ်စုမှ လူများသည် အနည်းငယ် နိမ့်ချပြီး နေနေကြခြင်း ဖြစ်သည်။
အခြားသူများနှင့် ယှဉ်လျှင် ဟွေ့များသည် မီးတောက်ဦးချိုများနှင့်ကောင်းမွန်သည့် ဆက်ဆံ
ရေး ရှိလေသည်။ ထို့ကြောင့် သူတို့သည် အခြားမျိုးနွယ်စုများလောက် ဖိအားများနေခြင်း မရှိပေ။
ဟွေ့မျိုးနွယ်စုများရှိနေသည့် နေရာဆီသို့ ရှောက်ရွှမ်လာခဲ့လိုက်သည်။ ထိုနေရာသို့ရောက်သည့်အချိန်တွင် ငှက်မွေးများကို ဖွနေသည့် သိမ်းငှက်တစ်ကောင်ကို သူတွေ့လိုက်သည်။
ထိုငှက် ၏ အရွယ်အစားသည် ချာချာထက်ပင် ပိုကြီးနေသေးသည်။ ၎င်းနှင့်ပတ်သက်သည့် တစ်စုံတစ်ခုကို ရှောက်ရွှမ် ရင်းနှီးလေပေသည်။
နီးကပ်လာသည့် ရှောက်ရွှမ်ကို သိမ်းငှက် သတိပြုလိုက်မိသည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်ပြီး ရှောက်ရွှမ်ကို မှတ်မိနေသည့်ပုံစံ ဖြင့် ကြည့်နေခဲ့သည်။ ၎င်းသည် ငှက်မွေးများကို ဖွလိုက်ပြီး ချိန်းခြောက်လိုသည့် ပုံစံပြုမူလိုက်သည်။
“အိုးမင်းကိုး အရှုံးသမားလေး “ ရှောက်ရွှမ် တည်ငြိမ်စွာပြောလိုက်သည်။
ထိုစကားကြောင့် သိမ်းငှက်သည် ပို၍ ဒေါသထွက်သွားလေသည်။ ၎င်းသည် ရှောက်ရွှမ်ကို ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်ပြီး မြေပြင်ပေါတွင် ကုတ်ခြစ်ရာ တစ်ချို့ကို ပြုလုပ်လိုက်လေသည်။
“ဘာလို့လဲ ။ အမှန်တရားက အမှန်တရားပဲလေ ။ မဟုတ်ဘူးလား ရှန်းတောက် “ ရှောက်ရွှမ် ဆက်ပြေလာလိုက်သည်။
ထိုသိမ်းငှက်သည် မြက်ခင်းပြင်တွင် ရှောက်ရွှမ် တိရှန်းမျိုးနွယ်စုနှင့်တိုက်ခိုက်စဉ်က ဆုံတွေ့ခဲံ့ရသည့် သိမ်းငှက်ပင်ဖြစ်သည်။ ၎င်းသည်
ချာချာ၏ တိုက်ခိုက်မှုကိုပြင်းထန်စွာ ခံခဲ့ရလေသည်။
ထို့ကြောင့် ၎င်း ကို အရှုံးသမားဟု ရှောက်ရွှမ် ခေါ်လိုက်ခြင်းမှာ အမှန်တရားပင်ဖြစ်သည်။
ထိုစဉ်က တောင်တန်း သိမ်းငှက်သည် ထိုမျှ မကြီးမားသေးပဲ ချာချာလောက် အရွယ်သာ ရှိနေခဲ့သည်။ ဤမျှ သိသိသာသာ ကြီးမားလာရခြင်းသည် သာမန် မဟုတ်ပေ။ ဖြစ်ကော်ငးဖြစ်နိုင်သည်မှဦ တောင်သိမ်းငှက်သည် ဤပြောင်းလဲမှုကို ရရှိရန် သိမ်းငှက်တောင်သို့ သွားခဲ့ဟန် ရသည်။
ပြင်ပမှအသံများကို ကြားလိုက်သည်နှင့် မျိုးနွယ်စုမှ လူများအပြင်သို့ ထွက်လာခဲ့ကြသည်။
“ ဒီတော့ မဟာအကြီးအကဲ ရှောက်ရွှမ်ပေါ့ “ ကုလ အပြုံးဖြင့် ပြောလိုက်သည်။ ရှောက်ရွှမ် မဟာအကြီးအကဲဖြစ်လာသည်ကို မျိုးနွယ်စုမှ လူများဖြင့် စကားပြောခြင်းဖြင့် သူသိထားသည်။ သူသည် လေးစားသည့် လေသံဖြင့် ပြောလိုက်ခြင်းဖြစ်လေသည်။
“ ဒီတော့ အမဲလိုက်ခေါင်းဆောင် ကုလာ့ပါလား “ ရှောက်ရွှမ်လည်း ထိုသူကို မှတ်မိလိုက်သည်။
“ မဟာအကြီးအကဲ ရှောက်ရွှမ် ....... ကျုပ်တို့ ခင်ဗျားကို ကူညီပေးနိုင်တာမျိုး ရှိလား “ ကုလာ့သည် ရင်းနှီးပြီးသားလူတစ်ယောက်ကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားနေခဲ့လေသည်။ သူသည် စကားဆက်ပြောချင်သော်လည်း တစ်စုံတစ်ခုကို သတိရလိုက်သည်။
“ ကျုပ်ကြားတာတော့ ချာချာက လွန်ခဲ့တဲ့ နှစ်နှစ်
က ဟွေ့မျိုးနွယ်စုကို ခင်ဗျားရဲ့ သိမ်းငှက်တချို့နဲ့ သွားလိုက်တယ်ဆို “ ရှောက်ရွှမ် တိုက်ရိုက်ပင် မေးလိုက်သည်။
ကုလာ့ ပြန်ဖြေလိုက်သည် “ မှန်တယ်ဗျ၊ သူတို့က သိမ်းငှက်တောင်တန်းကို အတူတူသွားလိုက်ကြတယ်။ ကျုပ်တို့ နယ်မြေက တောင်သိမ်းငှက်တွေလည်း အဲ့ဒီကိုပဲ သွားလိုက်တယ် ဒါပေမယ့် ...... “
ရှောက်ရွှမ် သူ့ကို ကြည့်နေသည်ကို သူခံစားမိလိုက်သည်။ သူ ဆက်ပြောလိုက်သည် “ ခင်ဗျားတို့ မျိုးနွယ်စုက တစ်ကောင်ကတော့ အထဲဝင်သွားပြီးတော့ ပြန်ထွက်မလာဘူး “
“ တောင်တန်းထဲကို ဝင်သွားပြီးတော့ ပြန်ထွက်မလာဘူး ဟုတ်လား “ ရှောက်ရွှမ် မေးလိုက်သည်။
ကုလာ့ ခေါင်းညိတ်လိုက်သည် “ ရှန်းတောက် အဲ့လိုပြောခဲ့တာပဲ “
တောင်သိမ်းငှက်များ၏ ထုံးစံအရ ပြောင်းလဲမှုကို အောင်မြင်သွားကြသည့် သိမ်းငှက်များသာ တောင်တန်းထဲမှ ပြန်ထွက်လာနိုင်ကြခြင်းဖြစ်သည်။ ရှောက်ရွှမ် ထိုအကြောင်းကို ယခင်ကတည်းကပင် ကြားဖူးခဲ့သည်။
ချာချာမှလွဲပြီး အခြားသွားလိုက်ကြသည့် သိမ်းငှက်များအားလုံးပြန်ရောက်လာခဲ့ကြသည်။
ရှောက်ရွှမ် ခေတ္တတိတ်ဆိတ်သွားပြီး ရှန်းတောက်ကို မေးခွန်းအနည်းငယ်မေးလိုက်ရာ ကုလာ့ မှ ဘာသာပြန်ပေးလိုက်သည်။ ရှောက်ရွှမ်သည် ချာချာကို နားလည်နိုင်ပေသည်။ သို့သော်လည်း အခြားသိမ်းငှက်များ ပြန်လာနိုင်ပြီး အဘယ်ကြောင့် ချာချာသာ ကျန်ခဲ့ကြောင်းကို
တော့ သူမသိနေပေ။
ရှောက်ရွှမ်သည် သိမ်းငှက်တောင်သို့ ခရီးစဉ်အကြောင်းကို ပိုသိလိုနေခဲ့သည်။ သို့သော်လည်း ဤသည်မှာ တောင်သိမ်းငှက်များ၏ လျှို့ဝှက်ချက်များကို တူးဖော်သည်နှင့် တူနေခဲ့သည်။ တောက်ရှန်သည် မေးခွန်းပေါင်းများစွာကို လျစ်လျူရှုနေခဲ့ပြီး ကုလာ့သည်ပင် မနေတတ်ဖြစ်နေရသည်။ သူသည် ထိုနေရာသို့ မည်သို့သွားရမည် ၊ လမ်းတွင်မည်သည့်အရာများကို ကြုံတွေ့ရမည် စသည့်ကိစ္စများကို တစ်ခုမှ ပြောမပြပေ။
သူ့မေးခွန်းများအတွက် အဖြေမရနိုင်ကြောင်း သိလိုက်သဖြင့် သူ့နည်းဗြူဟာကိုသာ ပြောင်းလဲလိုက်လေသည်။
“ ချာချာ ရဲ့စိတ်ဝိဉာဉ်က တောင်တန်းထဲကို ဝင်သွားတုန်းက ဘယ်လိုအခြေအနေရှိနေလဲ “ ရှော
က်ရွှမ်မေးလိုက်သည်။
“ .....အရမ်းကောင်းပါတယ် “ကုလာ့ ပြန်ဖြေလိုက်သည် ။
“ ဒဏ်ရာရထားသေးလား “
“ ရထားတယ် ၊ ဒါပေမယ့် မပြင်းထန်ဘူး။ တခြားသိမ်းငှက်တွေလည်း ဒဏ်ရာ ရထားတယ်လေ “
“ တောင်ထဲကို မြန်မြန်ပဲ ဝင်သွားတာလား “ “
“ဟုတ်တယ် “
…….
ထိုမေးခွန်းများကို မေးလိုက်ပြီးနောက် ရှောက်ရွှမ် ပို၍ပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ချာချာ တောင်တန်းသို့ ထွက်ခွာသွားသည်မှာ မည်မျှပင် ကြာနေပြီနည်း။ အချို့သော တောင်သိမ်းငှက်ကြီးများသည် သူတို့၏ ပထမဆုံးသော ခရီးစဉ်တွင် နှစ်ပေါင်း နှစ်ဆယ် သုံးဆယ်ခန့်ကြာသည်အထိ မပြန်လာတတ်ပေ။ ငှက်များသည် မည်သို့တွေးတောနေသနည်း........။ ချာချာသည်ကော သူ့ကိုယ်သူ သိမ်းငှက်တောင်တွင် အသေခံရန် ရွေးချယ်ထားသည်လော......။
ဤသည်မှာ သိမ်းငှက်တစ်ကောင်၏ အမူအကျင့်တော့မဟုတ်နေပေ။
ချာချာ အဘယ်ကြောင့် သိမ်းငှက်တောင်သို့သွားခဲ့ကြောင်းကိုလည်း ရှောက်ရွှမ် နားမလည်နိုင်တော့ပေ။
ကုလာ့ကို ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် ရှောက်ရွှမ် လေးနက်စွာ တွေးနေခဲ့ပြီး အသစ်ပြုလုပ်ထားသည့် လယ်ကွင်းများရှိရာဆီသို့ သွားလိုက်လေသည်။
ထို့နောက် ရုတ်တရက် သူရပ်တန့်လိုက်သည်။ အနီးတွင်ရှိနေသည့် ရင်းနှီးနေသည့် အရှိန်အဝါနှစ်ခုကို သူအာရုံခံမိလိုက်သည်။ သူတို့သည် မီးတောက်ဦးချို မျိုးနွယ်စုမှ မဟုတ်သလို ယခုရောက်လာသည့် မျိုးနွယ်စုများမှ လူများထံမှလည်း မဟုတ်ပေ။