← Chapters

အခန်း (၃၄၁-၃၄၂)

Vol. 35 Ch. 341-342

အခန်း (၃၄၁-၃၄၂)

Vol. 35 Ch. 341-342

အခန်း (၃၄၁) - အဘွားယွမ်၏ နောက်ဆုံးဆန္ဒ

ရှန်ကုန်းဂိုဏ်းနှင့် ကန်းမျိုးနွယ်စုတို့ ဆုတ်ခွာသွားပြီးနောက် ဒန်ရှားတောင်ထိပ်တွင် အရှင်သခင်အသစ် ပေါ်ထွန်းလာပြီဖြစ်ကြောင်း အားလုံး လက်ခံလိုက်ရတော့သည်။ တောင်ပေါ်တွင် နှစ်ပေါင်းများစွာ ခိုးနေခဲ့ကြသော ကျူးများသည်လည်း ဘုံပျောက်သွားကာ နေရာသစ်တစ်ခု အလောသုံးဆယ် ရှာဖွေကြရတော့သည်။

အခြားတစ်ဖက်တွင်မူ လော့ထျန်းအဖွဲ့ဝင်များက ဒန်ရှားတောင်တစ်ခုလုံးကို ပြန်အသက်သွင်းနေကြပြီ ဖြစ်သည်။ လူတိုင်းမှာ ကိုယ်စီတာဝန်များနှင့် အလုပ်ရှုပ်လျက် ရှိနေကြသည်။

မင်လုံယွီသည် လူတစ်စုကို ဦးဆောင်ကာ တောင်တစ်လျှောက် လိုက်လံစစ်ဆေးနေသည်။ သူ၏ ရည်ရွယ်ချက်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော မင်မျိုးနွယ်စု၏ စီရင်ထုံးအမွေအနှစ်များကို ပြန်လည်အသက်သွင်းပြီး ဒန်ရှားတောင်၏ အကာအကွယ်အစီအရင်ကြီးများကို ပြန်တည်ဆောက်ရန်ပင်ဖြစ်သည်။

ဆေးဝါးခန်းမဆောင်ဘက်တွင်လည်း အဘွားယွမ်နှင့် ယွမ်တုန်းရှန်းတို့ မြေးအဘွားနှစ်ယောက်မှာ အသက်ရှူချိန် မရလောက်အောင် အလုပ်များနေကြသည်။ ဒန်ရှားတောင်ထိပ်တွင် ယခင်က ပထမအဆင့် ဝိညာဉ်စိုက်ခင်းရာနှင့်ချီ ရှိခဲ့ဖူးသည်။ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးရန်ဖြစ်စေ၊ ဝိညာဉ်ဆန် စိုက်ပျိုးရန်ဖြစ်စေ အလွန်ကောင်းမွန်သော မြေဆီလွှာများဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်တစ်ရာအတွင်း ပြုစုစောင့်ရှောက်မည့်သူ မရှိခြင်းနှင့် ကျူးများ၏ လက်ဆော့မှုကြောင့် ပထမအဆင့် ဝိညာဉ်စိုက်ခင်း အရေအတွက်မှာ တစ်ရာကျော်ခန့်သာ ကျန်ရှိတော့သည်။ ထိုကျန်ရှိနေသည့် စိုက်ခင်းများမှာပင် ချီစွမ်းအင် ခန်းခြောက်နေပြီး အဆင့်ကျသွားမည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။

ထိုစိုက်ခင်းများကို လှည့်ပတ်ကြည့်ရှုပြီးနောက် အဘွားယွမ်၏ ရင်ထဲတွင် အလွန်နာကျင်သွားမိသည်။ ထို့ကြောင့် ရက်ပိုင်းအတွင်းမှာပင် သူမသည် ဆေးဝါးခန်းမဆောင်ရှိ ကျင့်ကြံသူများကို ဦးဆောင်ကာ စိုက်ခင်းများထဲ ဆင်းသွားပြီး ကျန်ရှိနေသည့် သီးနှံဟောင်းများကို အကုန်ရှင်းထုတ်စေကာ လော့ထျန်းအဖွဲ့တွင် အသုံးအများဆုံးဖြစ်သည့် အခြေခံဝိညာဉ်ဆေးပင်များကို အစားထိုးစိုက်ပျိုးစေခဲ့သည်။

အဆင့်ကျသွားပြီး သာမန်မြေဆီလွှာ ဖြစ်သွားသော စိုက်ခင်းများကိုလည်း အဘွားယွမ် လက်မလျှော့ပေ။ တောရှင်းအတတ်ကို အသုံးပြု၍ ခုတ်လှဲထားသော မိုးပြာရောင်သပိတ်ပင်များကို ပြာဖြစ်သည်အထိ မီးရှို့လိုက်ပြီး ထိုပြာများကို မြေဆီလွှာအတွင်း မြှုပ်နှံလိုက်သည်။ ထို့နောက် စီမာဟွေ့နန်ထံမှ ဝိညာဉ်ကျောက်တုံးတစ်ထောင် တောင်းယူကာ ထျန်းလန် နတ်ဘုရားမြို့တော်သို့ ကိုယ်တိုင်သွားရောက်၍ နတ်ပိုးတိမ်တောင်ပဲ အမည်ရှိ ဝိညာဉ်ပင်မျိုးစေ့များကို ဝယ်ယူခဲ့သည်။

ပြန်ရောက်သောအခါ ထိုမျိုးစေ့များကို သာမန်မြေရိုင်းများပေါ်တွင် ပက်ကြဲလိုက်သည်။

....

“သုံးနှစ်တိတိ နတ်ပိုးတိမ်တောင်ပဲကို အလေ့ကျ စိုက်ပျိုးပြီး ရေစင်မြေဩဇာကျွေးအတတ်နဲ့ ဂရုစိုက်ပေးမယ် ဆိုရင်တော့....”

"သုံးနှစ်အကြာမှာ ဒီစိုက်ခင်းတွေဟာ ပထမအဆင့် ဝိညာဉ်စိုက်ခင်း ပြန်ဖြစ်လာမှာ သေချာပါတယ်...."

"အရင်က ဒီလောက်ကောင်းတဲ့ မြေကိုကွယ်.... ဘယ်လိုတောင် ဖြုန်းတီးပစ်ခဲ့ကြလဲ မသိဘူး.... သိပ်နှမြောဖို့ကောင်းတယ်"

"တစ်ကိုယ်တော်ကျင့်ကြံသူ အများစုက စိုက်ခင်းကို ရေရှည် မထိန်းသိမ်းတတ်ကြဘူး.... ဒါပေမဲ့ ဂိုဏ်းတွေကတော့ စိုက်ခင်းတွေကို အကြီးအကျယ် ပြုပြင်ပြီး ဝိညာဉ်ပင်တွေကို ပျိုးထောင်တတ်ကြတယ်လေ.... ဒါတွေက သာမန်လို့ ထင်ရပေမဲ့ ဂိုဏ်းတစ်ခုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ အရေးကြီး ရင်းမြစ်တွေပဲ...."

အဘွားယွမ်တစ်ယောက် လော့ချန်အား စိတ်ရှည်လက်ရှည် ရှင်းပြနေခြင်းဖြစ်သည်။ လော့ချန်ကလည်း စိတ်ဝင်တစား နားထောင်နေသဖြင့် သူမ ပို၍ အသေးစိတ် ပြောပြနေတော့သည်။

နားထောင်ပြီးနောက် လော့ချန် မချီးကျူးဘဲ မနေနိုင်တော့ပေ။ ဝိညာဉ်ပင်စိုက်ပျိုးရေးပညာမှာ ဤမျှအထိ နက်ရှိုင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

‘မိုးပြာရောင် သပိတ်ပင်ရဲ့ ပြာတွေက မြေဆီလွှာကို အားဖြည့်ပေးနိုင်တယ်တဲ့လား....’

‘အဲ့တော့ နောက်ဆို ဆေးဖော်ခန်းမဆောင်က ထွက်လာတဲ့ သပိတ်ပင် ပြာတွေကို အလဟဿ မဖြစ်အောင် အသုံးချလို့ ရပြီပေါ့’

ရုတ်တရက် လော့ချန်၏ အကြည့်သည် အဘွားယွမ်ထံသို့ ရောက်သွားသည်။ သူမသည် စိုက်ခင်းထဲတွင် အလုပ်ရှုပ်နေသော ယွမ်တုန်းရှန်းကို ကြင်နာစွာ ကြည့်နေသည်။ အဘွားအိုသည် ယခင်က ဖျတ်ဖျတ်လတ်လတ် ရှိခဲ့သော်လည်း ယခုအခါ ဇရာထောင်းလာခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ထိုက်ရှန်းဈေးမြို့တော်မှ ထျန်းလန် နတ်ဘုရားမြို့တော်သို့ လာရာလမ်းတစ်လျှောက် တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသဖြင့် ပို၍ပင် အိုစာသွားပုံရသည်။ ဆံပင်များမှာ ဖွေးဖွေးဖြူနေပြီး ခါးကုန်းကုန်းလေးဖြင့် ရပ်နေပုံမှာ လေထဲမှ ဖယောင်းတိုင်မီးလေးကဲ့သို့ပင်။

‘ဩော်.... အဘွားယွမ်.... နောက်ထပ် ဘယ်လောက်များ တောင့်ခံနိုင်ပါဦးမလဲ....’ ဟု လော့ချန် တွေးတောနေမိသည်။ လော့ချန်၏ သနားကရုဏာသက်နေသော အကြည့်ကို သူမ သတိပြုမိသွားပုံရသည်။

"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မရဲ့ လက်ကျန်သက်တမ်းကို သိချင်လို့လားရှင်...."

လော့ချန် အနည်းငယ် အံ့ဩသွားပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

အဘွားယွမ်က ကြင်နာစွာ ပြုံးလိုက်သည်။

"ဒီနှစ်တွေတစ်လျှောက် အခုလို မေးတာ ခေါင်းဆောင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး.... တုန်းရှန်းလေးကလည်း ကျွန်မကို အနားယူဖို့၊ သူပဲ အကုန်လုပ်ပါ့မယ်လို့ ခဏခဏ ပြောရှာတယ်.... ဒါပေမဲ့ ကျွန်မ ဘယ်လိုလုပ် စိတ်ချလက်ချ နားနိုင်မှာလဲရှင်...."

သူမ လော့ချန်ကို တည့်တည့်မော့ကြည့်လိုက်သည်။

"ခေါင်းဆောင်ကို အမှန်တိုင်း ပြောရရင်တော့.... ကျွန်မ အလွန်ဆုံးရှိလှ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ နေရတော့မယ်ထင်တယ်...."

လော့ချန်၏ ရင်ထဲ ဆစ်ခနဲ ဖြစ်သွားရသည်။ ခန့်မှန်းထားပြီးသား ဖြစ်သော်လည်း တကယ်ကြားလိုက်ရသည့်အခါ ရင်ထဲ မကောင်းချေ။

"ဒါဆိုလည်း ဒီအလုပ်တွေလုပ်ပြီး အပင်ပန်းမခံပါနဲ့တော့ အဘွားရယ်.... ကျန်တဲ့အချိန်တွေကို အေးအေးဆေးဆေး အနားယူရင်း ဖြတ်သန်းလိုက်ပါတော့လား"

သို့သော် အဘွားယွမ်က ခေါင်းခါလိုက်သည်။

"ဟင့်အင်း၊ ဒီလောက် အသက်ကြီးတဲ့အထိ နေခဲ့ရတာ အနားယူလို့ ဝနေပါပြီ"

"အခု ကျွန်မ စိတ်ကူးထားတာက ကျွန်မ သိသမျှ ပညာရပ်တွေကို တုန်းရှန်းလေးဆီ အကုန်လက်ဆင့်ကမ်းပေးခဲ့ချင်တာပဲ....”

"တကယ်တော့ သူက အခုဆိုရင် အကုန်နီးပါး တတ်မြောက်နေပါပြီ၊ အတွေ့အကြုံပဲ လိုတော့တာ.... ဝိညာဉ်လယ်သမားတွေ သုံးတဲ့ အတတ်တွေထဲမှာ ဒုတိယအဆင့် ဖြစ်တဲ့ တောရှင်းအတတ်နဲ့ ကွေ့ရွှေမြက်ရိတ်အတတ်ကလွဲရင် ကျန်တာတွေကိုတော့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပြီးသားပါ"

သူမသည် ယွမ်တုန်းရှန်းကို တခါချီးကျူးလိုက်၊ တခါဆူပူလိုက်ဖြင့် ဆက်ပြောနေသော်လည်း စကားလုံးတိုင်းတွင် မြေးအပေါ်ထားသည့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ ရုတ်တရက် သူမ လော့ချန်ကို ကြည့်လိုက်သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မကို ကတိတစ်ခုပေးနိုင်မလား...."

လော့ချန်၏ အမူအရာ ချက်ချင်း လေးနက်သွားသည်။

"ပွင့်ပွင့်လင်းလင်းသာ ပြောပါ.... ကျွန်တော် လုပ်နိုင်တဲ့အရာဆိုရင် အစွမ်းကုန် လုပ်ပေးပါ့မယ်...."

ဤသည်မှာ ဟန်ဆောင်ပြောသောစကား မဟုတ်ပေ။ လော့ချန်၏ ရင်ထဲမှ လာသော စကားဖြစ်သည်။ အဘွားယွမ်သည် သူနှင့် အလွန်တရာ ရင်းနှီးသူ မဟုတ်သော်လည်း လော့ထျန်းအဖွဲ့ စတင်တည်ထောင်ချိန်မှစ၍ သူ့အား တိတ်တဆိတ် ပံ့ပိုးပေးခဲ့သူဖြစ်သည်။ ဆေးဖော်ခန်းမဆောင်မှ ဆေးဝါးခန်းမဆောင်အထိ၊ ယခု ဒန်ရှားတောင်ထိပ်သို့ ရောက်သည့်တိုင်အောင် စိုက်ခင်းများကို ပြန်လည်ပြုပြင်ရန် သူမ၏ နောက်ဆုံးလက်ကျန် ခွန်အားများကို ထုတ်သုံးနေသည်။ အကယ်၍ သုံးနှစ်အကြာတွင် လွန်ခဲ့သော နှစ်တစ်ရာကဲ့သို့ စည်ကားလာပါက ထိုစိုက်ခင်းရာချီသည် လော့ထျန်းအဖွဲ့အတွက် ကြီးမားသော အခြေခံအုတ်မြစ် ဖြစ်လာပေမည်။ အဘွားအိုသည် လော့ထျန်းအဖွဲ့အပေါ် စိတ်ရောကိုယ်ပါ မြှုပ်နှံထားခဲ့သူ ဖြစ်သည်။

အဘွားယွမ်က ပြုံးရင်း ခေါင်းခါလိုက်သည်။

"ကြီးကျယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး အဖွဲ့ချုပ်ခေါင်းဆောင်.... တကယ်တော့ ရိုးရှင်းတဲ့ ကိစ္စလေးပါ...."

သူမသည် စိုက်ခင်းထဲတွင် အလုပ်လုပ်နေသော ယွမ်တုန်းရှန်းကို လက်ညှိုးညွှန်ပြလိုက်သည်။

"အဲ့ကလေးက အပြင်ထုတ်မပြောပေမဲ့ သူ့ရင်ထဲမှာ မသေမျိုးလမ်းစဉ်ကို ရှာဖွေချင်တဲ့စိတ် အမြဲရှိနေတယ်.... ဒါပေမဲ့ သူ့ အသက်လည်း မငယ်တော့ဘူး.... ပါရမီကလည်း အားနည်းတယ်.... ဒါကြောင့် ကျွန်မ တောင်းဆိုချင်တာက.... တကယ်လို့ သူ အသက် ၆၀ ရောက်တဲ့အထိ အခြေတည်အဆင့်ကို မရောက်နိုင်သေးဘူးဆိုရင် သူ့အတွက် လက်တွဲဖော်တစ်ယောက်လောက် ရှာပေးဖို့ပါ....”

“ယွမ်မျိုးနွယ်စုရဲ့ မျိုးဆက် ပြတ်သွားလို့မဖြစ်ဘူးလေ...."

လော့ချန် တခဏ မှင်သက်သွားမိသည်။ သူမ တလေးတစား တောင်းဆိုသည့်အရာမှာ ဤမျှ ရိုးရှင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ အဘွားယွမ်၏ မျှော်လင့်ချက်ပြည့်နေသော မျက်ဝန်းများကို ကြည့်ရင်း လော့ချန် အသက်ပြင်းပြင်းရှူကာ ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။

"စိတ်ချပါ.... ဒီကိစ္စကို ကျွန်တော် လုံးဝ မေ့မှာမဟုတ်ပါဘူး...."

"ကောင်းပါပြီ၊ ကောင်းပါပြီ.... ကျေးဇူးတင်ပါတယ် အဖွဲ့ချုပ်ခေါင်းဆောင်...."

သူမ ဦးညွှတ်တော့မည့်ဟန် ပြင်သောအခါ လော့ချန် သူမ၏လက်ကို အမြန် ဆွဲထိန်းလိုက်သည်။ ကျင့်ကြံခြင်းအဆင့် မည်မျှ ကွာဟနေစေကာမူ ထိုကဲ့သို့ ဝါရင့်သူတစ်ဦး၏ ဦးညွှတ်မှုကို သူ မခံယူလိုပေ။

....

လော့ထျန်းအဖွဲ့အတွင်း အလုပ်ရှုပ်နေကြသူများမှာ မင်လုံယွီနှင့် အဘွားယွမ်တို့သာ မဟုတ်ကြချေ။ ဆေးဖော်ခန်းမဆောင်၊ လက်နက်ခန်းမဆောင်၊ ရွှေခန်းမဆောင်နှင့် တိုက်ခိုက်ရေးခန်းမဆောင်တို့တွင်လည်း လူတိုင်း ကိုယ်စီတာဝန်များဖြင့် မအားမလပ် ဖြစ်နေကြသည်။

တိုက်ခိုက်ရေးခန်းမဆောင်သည် စီမာရှန့်၏ ဦးဆောင်မှုအောက်တွင် ဒန်ရှားတောင်ထိပ်ပေါ်၌ အဆောက်အအုံများကို အကြီးအကျယ် ပြုပြင်မွမ်းမံနေကြသည်။ မူလအဆောက်အအုံဟောင်းများကို ဖြိုဖျက်ခြင်း သို့မဟုတ် ရှုပ်ထွေးနေသော ဂူဗိမာန်များကို မြေညှိခြင်းများ ပြုလုပ်နေလေသည်။ ထို့နောက် မုရုံချင်းလျန်၏ ညွှန်ကြားချက်အတိုင်း အဆောက်အအုံအသစ်များကို တစ်လုံးပြီးတစ်လုံး စတင်တည်ဆောက်ကြတော့သည်။ အဆောက်အအုံဝင်းကြီးမှာ ဒန်ရှားတောင်ကြီး၏ နေရောင်ခြည်ရသော ရှေ့မျက်နှာစာတွင် တည်ရှိပြီး အောက်မှ အထက်သို့ အဆင့်ဆင့် စီတန်းနေသည်။ လက်ရှိတွင် အားလုံး မပြီးစီးသေးသော်လည်း ဆောက်လုပ်ရေးအစီအစဉ်ကို သိပြီးဖြစ်သည့် လော့ချန်အနေဖြင့် အနာဂတ်မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အားလုံး ပြီးစီးသွားပါက လော့ထျန်းအဖွဲ့သည် တစ်ကိုယ်တော်ကျင့်ကြံသူများ စုစည်းထားသော အဖွဲ့လေး မဟုတ်တော့ဘဲ စနစ်ကျသော ဂိုဏ်းငယ်လေးတစ်ခုကဲ့သို့ ရပ်တည်နိုင်တော့မည် ဖြစ်သည်။

ဆေးဖော်ခန်းမဆောင်ဘက်တွင်လည်း လော့ချန်သည် ချွီလင်ကျွင်းကို လေ့ကျင့်ပေးလိုသော ရည်ရွယ်ချက်ဖြင့် ဆေးဖော်ခန်းမဆောင်ရှိ ကျင့်ကြံသူများကို ဦးဆောင်ကာ ဒန်ရှားတောင်အောက်ရှိ မြေအောက်မီး လိုဏ်ဂူများကို ပြန်လည်ပြုပြင်ခိုင်းလိုက်သည်။ ရှန်ကုန်းဂိုဏ်းနှင့် ကန်းမျိုးနွယ်စု၏ မူလစီမံကိန်းမှာ ငွေရှာရန် သက်သက်သာဖြစ်သဖြင့် မြေအောက်မီး လိုဏ်ဂူများမှာ အလွန် ဗျောက်သောက်ဖြစ်နေသည်။ လော့ချန် လိုချင်သည်မှာ သူနှင့် လော့ထျန်းအဖွဲ့အတွက် ဆေးဖော်ရာတွင် အကောင်းဆုံး ပံံ့ပိုးပေးနိုင်မည့် မြေအောက်မီးဆေးဖော်ခန်းများပင်။

ဤသည်မှာ ချွီလင်ကျွင်းအတွက် စမ်းသပ်ချက်တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ထန်ချွမ်၊ မီလီနှင့် အခြား မျိုးဆက်သစ်လူငယ်များကိုလည်း ချွီလင်ကျွင်း၏ လက်အောက်တွင် ထားပေးထားပြီး လိုအပ်ပါက စီမာဟွေ့နန်ထံမှ လူအင်အား ထပ်တောင်းခွင့်ပင် ပေးထားသည်။

လက်နက်ခန်းမဆောင်နှင့် ရွှေခန်းမဆောင်တို့၏ ဝာာဝန်မှာမူ တစ်ခုတည်းသာ။ ထိုတာဝန်မှာ ပိယိုတောင်ကြားကို ပြန်လည်အသက်သွင်းရန်ဖြစ်သည်။ ဒန်ရှားတောင်သို့ မပြောင်းရွှေ့မီကပင် လော့ချန်နှင့် စီမာဟွေ့နန်တို့သည် ပိယိုတောင်ကြားကို ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ကြပြီးဖြစ်သည်။ ထိုအချိန်ကပင် ဤနေရာတွင် ဈေးကွက်ငယ်တစ်ခု၏ အရိပ်အယောင်များ ပေါ်လာနေပြီဖြစ်သည်။ လူအဝင်အထွက်လည်း မနည်းလှပေ။ အကယ်၍ ပိယိုတောင်ကြားကို ဖွံ့ဖြိုးအောင်လုပ်နိုင်မည်ဆိုလျှင် လော့ထျန်းအဖွဲ့အတွက် ဝင်ငွေလမ်းကြောင်းအသစ်တစ်ခု ပွင့်လာမည် ဖြစ်သည်။

ဤသို့ဖြင့် လော့ချန်သည် သူ့လက်ထဲ ကျန်ရှိနေသေးသော အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးများကို ကူချိုင်ယီလက်ထဲ ထည့်ပေးလိုက်တော့သည်။

"ရော့ မိန်းကလေးချိုင်ယီ…. ဒါတွေယူထား၊ ရောင်းဖို့က ဦးစားပေးမဟုတ်ဘူးနော်...."

လော့ချန်သည် သူ့မျက်စိအောက်တွင်ပင် ပို၍ လှပလာသော ကူချိုင်ယီကို ကြည့်ရင်း ပြောလိုက်သည်။

"မိန်းကလေးချိုင်ယီရဲ့ တာဝန်က ထျန်းလန် နတ်ဘုရားမြို့တော်ရဲ့ ကျောက်စိမ်းအမြုတေဆေးလုံး ဈေးကွက်အခြေအနေကို စုံစမ်းဖို့ပဲ.... ဈေးကွက်ဆိုတာ ဈေးနှုန်းနဲ့ လူကြိုက်များမှုတင် မဟုတ်ဘူး၊ ပြိုင်ဘက်တွေက ဘယ်သူတွေလဲဆိုတာကိုပါ သိရမယ်...."

ကူချိုင်ယီ မျက်ခုံးအနည်းငယ် ပင့်တက်သွားသည်။

"ဟင်.... ပြိုင်ဘက် ဟုတ်လား.... ဝိညာဉ်ဆေးနန်းဆောင်ရဲ့ ချီစွမ်းအင်ဖြည့်ဆေးလုံးတွေကို ပြောချင်တာလား...."

လော့ချန် ခေါင်းခါလိုက်သည်။

"ဒါတင်မကဘူး...."

ကူချိုင်ယီ ခဏတာ ကြောင်သွားပြီးနောက် ထက်မြက်သူပီပီ လော့ချန်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။ ထျန်းလန် နတ်ဘုရားမြို့တော်သည် ဝိညာဉ်ဆေးနန်းဆောင်တစ်ခုတည်းသာ ဆေးလုံးရောင်းချခွင့်ရှိသော တာဟဲဈေးမြို့တော်နှင့် မတူပေ။ ဤနေရာတွင် ဆေးလုံးရောင်းချနေသော အင်အားစုများ များပြားလွန်းလှသည်။ အကြီးစားဆိုလျှင် ဝိညာဉ်ဆေးနန်းဆောင်နှင့် ဆေးလုံးစိမ်းချိုင့်ဝှမ်း ရှိသည်။ အသေးစားဆိုလျှင်လည်း ကျင့်ကြံသူ မျိုးနွယ်စုများစွာ ရှိကြသည်။ ထို့အပြင် ကိုယ်ပိုင်ဆေးလုံးများ ဖော်စပ်ကြသော ဂိုဏ်းအဖွဲ့အစည်းများစွာလည်း ရှိသေးသည်။ လက်နက်ပြုပြင်ခြင်းကို အဓိကထားသည့် ရှန်ကုန်းဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်လေးများပင် ကိုယ်ပိုင်ဆေးလုံးများ ရှိသည်ဟု ကြေညာထားကြသည်မဟုတ်ပါလော။

ထို့အပြင် ထျန်းလန်နတ်ဘုရားမြို့တော်ရှိ ကျင့်ကြံသူ ဦးရေမှာ အလွန်များပြားသဖြင့် လူအုပ်ကြားထဲတွင် ပုန်းကွယ်နေသော တစ်ကိုယ်တော်ဆေးဖော်ဆရာများလည်း ရှိနေနိုင်သည်။ ထိုသူအားလုံးကို ပေါင်းလိုက်လျှင် ချီသန့်စင်အဆင့်အတွက် ဆေးလုံးဈေးကွက်ကို ထိန်းချုပ်ထားသူများမှာ မနည်းလှပေ။

ဤကဲ့သို့ အခြေအနေမျိုးတွင် ကျောက်စိမ်းအမြုတေဆေးလုံးသည် ရောင်းချရန် သင့်တော်ပါမည်လော။ လော့ထျန်းအဖွဲ့၏ အဓိက လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ပါမည်လော။ အားလုံးမှာ မရေရာသေးသော ပုစ္ဆာများသာ ဖြစ်သည်။

‘ဒါကြောင့် သူက အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးတွေကို ငါ့ဆီ အကုန်ပေးလိုက်တာကိုး.... အရင်က ဈေးနှုန်းနဲ့ဆိုရင် အဲဒီဆေးလုံးတွေက အနည်းဆုံး ဝိညာဉ်ကျောက်တုံး ငါးသောင်း၊ ခြောက်သောင်းလောက် တန်ဖိုးရှိတာ’

ကူချိုင်ယီက ထိုသို့တွေးတောရင်း ချက်ချင်းပင် ပြောလိုက်သည်။

"ကျွန်မ အမြန်ဆုံး စုံစမ်းပြီး အသေးစိတ် အစီရင်ခံပါ့မယ်...."

လော့ချန်က သူမကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် မိန်းကလေးချိုင်ယီကို ယုံပြီးသားပါ...."

ကူချိုင်ယီက ပြုံးပြလိုက်ပြီး နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ ယခုအချိန်တွင် ပိယိုတောင်ကြား ပြန်လည်တည်ဆောက်ရေးမှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီဖြစ်သည်။ ယခင်က ထွက်ခွာသွားသော တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားမှာလည်း လော့ထျန်းအဖွဲ့နှင့် လာရောက်ညှိနှိုင်းကာ စီးပွားရေး ပြန်လည်လုပ်ကိုင်လိုကြသည်။ သူမသည် ရွှေခန်းမဆောင်၏ ခေါင်းဆောင်ဖြစ်သဖြင့် လူအများနှင့် ပြောဆိုဆက်ဆံရသူဖြစ်ရာ အလွန်ပင် အလုပ်များနေလေသည်။

သူမ မထွက်ခွာမီ လော့ချန်က လှမ်းခေါ်လိုက်သည်။

"မေ့တော့မလို့.... အစ်ကိုတွမ်ကို ကျွန်တော့်ဆီ လွှတ်လိုက်ပါဦးနော်...."

"ကောင်းပါပြီရှင်...."

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၄၂) - တွမ်ချန်ခွန်း ချန်ထားခဲ့သည့် အမွေ

မြူနှင်းများ ဝေမှိုင်းနေသည့် တောင်ပတ်လမ်းလေးတွင် လူရိပ်နှစ်ခုသည် ရှေ့ဆင့်နောက်ဆင့် လမ်းလျှောက်နေကြသည်။ အမြင့်သို့ ရောက်လာလေလေ၊ တောင်လေမှာ ပိုမို ရူးသွပ်စွာ တိုက်ခတ်လာလေလေ ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ မြူများမှာလည်း ရှေ့မြင်ကွင်းကို ဖုံးလွှမ်းလုမတတ် ထူထပ်လာသည်။

တွမ်ဖုန်းသည် လော့ချန်နောက်မှ သံသယဖြင့် လိုက်ပါလာရင်း ‘ငါ့ကို ဘာကိစ္စရှိလို့များ ခေါ်တာလဲ မသိဘူး’ ဟု စဉ်းစားမရ ဖြစ်နေသည်။ အကယ်၍ လက်နက်ခန်းမဆောင်ကိစ္စဆိုလျှင် တိုက်ရိုက်ပြောနိုင်ပါလျက်နှင့် အဘယ်ကြောင့် ယခုကဲ့သို့ တစ်ခွန်းမှမဟဘဲ တိတ်ဆိတ်နေရသနည်း။ အပိုလုပ်နေသည်ဟု ထင်ရလောက်အောင်လည်း လော့ချန်သည် အဖွဲ့သားများအပေါ် ထိုသို့ ပြုမှုတတ်သူမဟုတ်ပေ။ အတိတ်ကာလကဆိုလျှင် တွမ်ဖုန်းသည် လော့ချန်၏ အတွေးများကို အနည်းငယ် ခန့်မှန်းနိုင်သော်လည်း ယခုအခါ လော့ချန် အခြေတည်အဆင့်သို့ ရောက်ရှိချိန် ကြာလာသည်နှင့်အမျှ သူ၏ စိတ်အကြံကို သိရန် ပို၍ ခက်ခဲလာသည်။

တွမ်ဖုန်းမှာ ဘာမှစဉ်းစားမရသဖြင့် လော့ချန်နောက်မှနေ၍ တောင်ပေါ်သို့ တစ်လှမ်းချင်း တက်လာသည်။ လမ်းတလျှောက် သူသည် ယခင်လူများ တူးဖော်ထားခဲ့သော ဂူဗိမာန်အချို့ကို တွေ့ခဲ့ရသည်။ ထိုနေရာများရှိ ချီစွမ်းအင်မှာ အလွန်ပင် သိပ်သည်းကြွယ်ဝလှပြီး ရှောင်ဟွမ်းတောင်ပေါ်ရှိ သူ၏ ဂူဗိမာန်ထက်ပင် ပိုကောင်းနေသည်။

သူ ထိုနေရာများကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။ အခွင့်ကြုံလျှင် စီမာဟွေ့နန်နှင့် တိုင်ပင်၍ ဤနေရာသို့ ပြောင်းရွှေ့နေထိုင်ရန် လုပ်ရမည်။ ချီသန့်စင်အထွတ်အထိပ်သို့ ရောက်ရန် နောက်ထပ် နှစ်နှစ်၊ သုံးနှစ်ခန့် ကြိုးစားရဦးမည် ဖြစ်သည်။ အကယ်၍ ဤကဲ့သို့ ချီစွမ်းအား သိပ်သည်းသော နေရာတွင် ကျင့်ကြံရလျှင် အချိန်ကို အနည်းငယ် လျှော့ချနိုင်ပေမည်။

ရုတ်တရက် လော့ချန် ခြေလှမ်းရပ်လိုက်သည်။ သူ နောက်သို့ လှည့်မကြည့်သဖြင့် သူ့မျက်နှာပေါ်မှ ဝေခွဲမရဖြစ်နေသော အမူအရာကို တွမ်ဖုန်း မမြင်လိုက်ရချေ။ နောက်ဆုံးတွင် လော့ချန် ဆုံးဖြတ်ချက် ချလိုက်သည်။ တွမ်ဖုန်း၏ သံသယမျက်ဝန်းများအောက်တွင် သူ လက်ကို လှုပ်ရှားလိုက်ရာ အထုတ်လေးတစ်ထုပ် လက်ထဲတွင် ပေါ်လာသည်။ လော့ချန်သည် ထိုအထုတ်လေးအား တွမ်ဖုန်းထံသို့ ကမ်းပေးလိုက်သည်။

"ရော့ အစ်ကိုတွမ်…. ဒါ အစ်ကို့ ပစ္စည်းတွေ"

တွမ်ဖုန်း ကြောင်သွားပြီး စူးစမ်းလိုစိတ်ဖြင့် အထုတ်ကို အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။

“နိုးထခြင်းဆေးရည်၊ ဖန်သားနံ့သာဆီ၊ စိတ်ငြိမ်အမွှေးတိုင်....”

အားလုံးမှာ အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် အသုံးပြုရသည့် ဝိညာဉ်ဆေးများ ဖြစ်သည်။ တွမ်ဖုန်းသည် ထိုပစ္စည်းများ၏ အမည်ကို ရေရွတ်ရင်း မျက်နှာတွင် အံ့သြသော အရိပ်အယောင်များ ပေါ်လာသည်။

"ခေါင်းဆောင်လော့.... ဒါ.... ဒါတွေက မင်း ငါ့အတွက် ပြင်ဆင်ပေးထားတာလား"

"ဆက်ကြည့်ဦးဗျ"

"အေးပါကွာ.... ဟားဟား"

တွမ်ဖုန်း အတိုင်းမသိ ဝမ်းသာသွားသည်။ လော့ချန် အဘယ်ကြောင့် ဤသို့လုပ်သည်ကို သူမသိသော်လည်း သူအလွန် ပျော်နေမိသည်။ မိမိ အဆင့်တက်လှမ်းရန် လိုအပ်သည့် ပစ္စည်းများကို တစ်စုံတစ်ယောက်က ကြိုတင်ပြင်ဆင်ပေးထားခြင်းမှာ မည်သူမဆို ပျော်ရွှင်ရမည့် ကိစ္စဖြစ်သည်။

"ဟင်.... ဒါက ဘာဆေးလုံးလဲ"

"ပထမအဆင့် ချီသန့်စင်ဆေးလုံးဗျ.... ဒါက ကျင့်ကြံသူရဲ့ ချီစွမ်းအားကို အမြန်သန့်စင်ပေးနိုင်ပြီး ချီသန့်စင်အဆင့် ၉ ကနေ အထွတ်အထိပ် ရောက်ဖို့ အချိန်ကို တိုစေတယ်.... ဒီဆေးလုံးတွေရဲ့ အကူအညီနဲ့ဆိုရင် တစ်နှစ်အတွင်းမှာပဲ အစ်ကိုတွမ် အဲ့ဒီအဆင့်ကို ရောက်နိုင်တယ်"

"ဟူး...."

တွမ်ဖုန်း အသက်ရှူမှားသွားရသည်။ လက်ထဲရှိ အထုတ်မှာ တဖြည်းဖြည်း လေးလံလာသည်ဟု သူခံစားလာရသည်။ ဤလက်ဆောင်မှာ အမှန်ပင် တန်ဖိုးကြီးလွန်းလှသည်။

‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.... လော့ထျန်းအဖွဲ့မှာ လော့ချန် ဦးစားပေးဆုံးသူက ငါ ဖြစ်နေတာလား’

တွမ်ဖုန်း ချက်ချင်းပင် လော့ချန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။

"ဒါက နည်းနည်းတော့ များလွန်း...."

"ဆက်ကြည့်ပါဦးဗျ"

ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို အနိုင်နိုင် ထိန်းချုပ်ရင်း တွမ်ဖုန်း၏ အကြည့်မှာ အထုတ်လေးထဲရှိ အပင်မြစ်လေးတစ်ခုဆီ ရောက်သွားသည်။

"ဟမ်.... ဒါက...."

သူ၏လက်ချောင်းများက ထိုအရာကို ထိလိုက်ရုံရှိသေး၊ လော့ချန်၏ စကားသံ တိုးညှင်းစွာ ထွက်ပေါ်လာသည်။

"နှစ်ပေါင်းရှစ်ရာသက်တမ်းရှိတဲ့ မြေကမ္ဘာအမြစ်ပဲ.... ဒါက အခြေတည်အဆင့် အောင်မြင်နိုင်ခြေကို ၂၀ ရာခိုင်နှုန်း တိုးပေးနိုင်သလို တကယ်လို့ ကျရှုံးခဲ့ရင်တောင် ခန္ဓာကိုယ်ကို ကြီးကြီးမားမား မထိခိုက်အောင် ကာကွယ်ပေးနိုင်တယ်.... သူ့ရဲ့တန်ဖိုးက သာမန်အခြေတည်ဆေးလုံးတစ်လုံးထက် မနိမ့်ဘူး"

"ဒီလောက်တောင်.... ဟင်"

တွမ်ဖုန်းသည် လျှာပုံသဏ္ဌာန်ရှိသော ထိုအမြစ်ကို မှောက်လှန်ကြည့်လိုက်သည်။ မူလက သေချာကြည့်ရန် ရည်ရွယ်သော်လည်း သူ၏အကြည့်မှာ ထိုနေရာရှိ စက္ကူစလေးတစ်ခုပေါ်သို့ ကျရောက်သွားသည်။ ထိုစက္ကူပေါ်တွင် ထင်ရှားလှသော စာလုံးနှစ်လုံး ရေးထားသည်မှာ 'တွမ်ဖုန်း' ဟူ၍ပင်ဖြစ်သည်။ ထိုရင်းနှီးလှသော လက်ရေးက သူ့အား မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားစေသည်။

"တွမ်.... ချန်.... ခွန်း...."

ထိုနာမည်ကို တစ်လုံးချင်း ရွတ်ဆိုလိုက်ရင်း သူ၏မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

လော့ချန်က သူ့ပုခုံးကို အသာအယာ ပုတ်လိုက်သည်။

"ကျွန်တော် တွမ်ချန်ခွန်းရဲ့ သိုလှောင်အိတ်ထဲမှာ ဒီပစ္စည်းတွေကို တွေ့ခဲ့တာ.... ဒါတွေကို သေချာထုပ်ပိုးထားတာကို ကြည့်ရင် တစ်ယောက်ယောက်အတွက် သေချာ ပြင်ဆင်ထားတာ သိသာတယ်၊ အဲ့ဒီတစ်ယောက်ယောက်က.... အစ်ကိုတွမ်ပဲ"

လော့ချန် ထိုစကားများကို တည်ငြိမ်စွာ ပြောလိုက်ခြင်းဖြစ်သောငြား တွမ်ဖုန်း၏ ရင်ထဲတွင်မူ မုန်တိုင်းတစ်ခု တိုက်ခတ်သွားခဲ့ပြီ ဖြစ်သည်။

‘ဘာ.... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.... အဲ့ဒီမြေခွေးအိုကြီးက ငါ့ရဲ့ အခြေတည်ဆေးလုံးကို လုယူခဲ့တာလေ.... ငါ့အမေရဲ့ ဘဝကို ဖျက်ဆီးခဲ့ပြီး တွမ်မျိုးနွယ်စုထဲမှာ ငါ့အတွက် နေရာမရှိအောင် လုပ်ခဲ့တဲ့သူ.... သူက ဘယ်လိုလုပ် ငါ့အတွက် ချီသန့်စင်အဆင့် ၉ ကနေ အခြေတည်အဆင့်ထိ လိုအပ်တဲ့ ရင်းမြစ်အားလုံးကို ပြင်ဆင်ပေးထားမှာလဲ.... ဒါ မဖြစ်နိုင်ဘူး....’

‘မဟုတ်သေးဘူး.... ဒါက.... ဖြစ်နိုင်တာပဲ.... အရင်က သူ ငါ့ကို တွမ်မျိုးနွယ်စုဆီ ပြန်လာဖို့ လူလွှတ်ပြီး အကြိမ်ကြိမ် ဖျောင်းဖျခဲ့တာပဲ.... ငဖျင်းတွမ်ရွှေကြောင့် သူ မျှော်လင့်ချက်မဲ့သွားပြီး ငါ့အပေါ်မှာပဲ မျှော်လင့်ချက်တွေ ထားလိုက်တာလား.... အဲ့လိုဆိုရင်တော့ ဖြစ်နိုင်တယ်’

‘ဒါပေမဲ့ အဲဒီလိုဆိုရင်.... ငါက ဘယ်လိုလူမျိုး ဖြစ်သွားမှာလဲ.... ငါက လူတွေခေါ်ပြီး သူ့ကိုသတ်တယ်၊ တွမ်မျိုးနွယ်စုကို ဖျက်ဆီးခဲ့တယ်.... ဒါဆို ငါက ကျေးဇူးကန်းတဲ့ တိရစ္ဆာန် ဖြစ်မနေဘူးလား’

‘ဟာ.... မဟုတ်ဘူး၊ ငါ မမှားဘူး.... ငါက ကလဲ့စားချေဖို့.... ငါ့အမေအတွက်ရော၊ ငါ့အတွက်ရော လုပ်ခဲ့တာ.... ဒါပေမဲ့....’

"တွမ်ဖုန်းး...."

ကျယ်လောင်သော အော်သံတစ်သံသည် တွမ်ဖုန်း၏ နားထဲ၊ ဦးနှောက်နှင့် နှလုံးသားထဲတွင် ခေါင်းလောင်းသံကြီးကဲ့သို့ ဟိန်းထွက်သွားသည်။ တွမ်ဖုန်း တစ်ကိုယ်လုံး တုန်တက်သွားပြီး ဝေခွဲမရသော အခြေအနေမှ နိုးထလာသည်။

ဤသည်ကို မြင်လိုက်ရသည့်အခါမှ လော့ချန် သက်ပြင်း အသာချနိုင်တော့သည်။ သူ အကြောက်ဆုံးအရာမှာ ရန်သူက ကျေးဇူးရှင်ဖြစ်သွားသည့် အဖြစ်မှန်ကို တွမ်ဖုန်း လက်မခံနိုင် ဖြစ်သွားမည်ကိုပင်။ အကယ်၍ ထိုသို့ဖြစ်ပါက သူ ယခင်က လုပ်ခဲ့သမျှ အရာအားလုံးမှာ မှားယွင်းနေသည်ဟု ထင်သွားပေလိမ့်မည်။ ထိုကဲ့သို့ ကြီးမားသော စိတ်ဒဏ်ရာအောက်တွင် ကျင့်ကြံသူများသည် စိတ်အာရုံလွင့်ရန် အလွန်လွယ်ကူလှသည်။

လော့ချန်ကိုယ်တိုင်လည်း ကျင့်စဉ်အဆင့် နိမ့်ပါးစဉ်က ထိုကဲ့သို့ စိတ်အာရုံလွင့်မှုမျိုး ကြုံတွေ့ခဲ့ဖူးသည်။ ထိုစဉ်က သူသည် ကံကောင်းထောက်မစွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း တွမ်ဖုန်း၏ အခြေအနေကိုမူ သူ မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် သူသည် တွမ်ဖုန်းကို ဆိတ်ငြိမ်သောနေရာသို့ ခေါ်ဆောင်လာခဲ့ပြီး အရေးကြီးသော အချိန်တွင် စိတ်ဝိညာဉ် နှိုးဆော်အတတ်ကို အသုံးပြု၍ နှိုးလိုက်ခြင်းဖြစ်သည်။ လောလောဆယ်တွင် ဆိုးရွားသော ကိစ္စများ မဖြစ်ပွားသေးပုံရသည်။

"လော့ချန်.... ငါ....ငါ...."

ပုံမှန်ကဲ့သို့ အဖွဲ့ခေါင်းဆောင်ဟု မခေါ်တော့ဘဲ လော့ချန်၏ အမည်ကိုသာ မသိစိတ်ဖြင့် ခေါ်မိလိုက်သည်။ ဤသည်ကပင် သူ၏ စိတ်ထဲတွင် မည်မျှ ရှုပ်ထွေးနေသည်ကို သက်သေပြနေသည်။ သူသည် လော့ချန်ကို ကြည့်ရင်း ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်နေကာ မျက်ဝန်းများမှာလည်း ဝေဝါးနေသည်။ နောင်တ၊ နာကျည်းမှု၊ ပြတ်သားမှု စသည့် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေသဖြင့် သူ၏ မျက်နှာမှာ ရှုံ့မဲ့နေသည်။

လော့ချန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ပုခုံးကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။

“ဒီပစ္စည်းတွေကို အစ်ကို့လက်ထဲ အပ်သင့်မသင့်ဆိုတာ ကျွန်တော် အချိန်အကြာကြီး စဉ်းစားနေခဲ့တာ…. ဒါတွေက အစ်ကို့စိတ်ကို ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားစေမယ်ဆိုတာလည်း ကျွန်တော် သိပါတယ်”

"ဒါပေမဲ့ နောက်ဆုံးတော့ ပေးဖို့ ဆုံးဖြတ်ခဲ့တယ်.... ဘာလို့လဲဆိုတော့ ဒါတွေဟာ တွမ်ချန်ခွန်း အစ်ကို့အတွက် ချန်ထားခဲ့တဲ့ အရာတွေပဲ.... အကျိုးအမြတ်အရ ဆိုရင်လည်း ဒါဟာ ကျွန်တော်တို့ နှစ်ယောက်နဲ့ အစ်ကိုကြီးဝမ်ယွမ်တို့ စစ်တိုက်ရာက ရလာတဲ့ ပစ္စည်းတွေပဲ၊ အစ်ကို့မှာ ရပိုင်ခွင့်ရှိတယ်"

“ဒါကို အစ်ကို ဘယ်လိုမြင်မလဲဆိုတာတော့ ကျွန်တော် မပြောလိုပါဘူး…. ဒါပေမဲ့ တွမ်ချန်ခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောနိုင်တာ တစ်ခုရှိတယ်…. အဲဒီတုန်းက အစ်ကို လုပ်ခဲ့တာ လုံးဝ မမှားခဲ့ဘူးဆိုတာပဲ”

"ကိုယ့်ကိုယ်ကိုယ် သံသယ မဝင်ပါနဲ့.... ကျင့်ကြံခြင်း လမ်းခရီးမှာ တစ်ခါတလေ လမ်းမှားမိတာမျိုး၊ ရည်ရွယ်ချက်နဲ့ ရလဒ် လွဲတာမျိုး ရှိတတ်ပါတယ်.... ဒါပေမဲ့ အရင်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအတွက် ဘယ်တော့မှ နောင်တ မရပါနဲ့.... အတိတ်ကြောင့် ပစ္စုပ္ပန်က ကိုယ့်ကိုယ်ကိုယ် သံသယ မဝင်ပါနဲ့"

"ဒါတွေက အစတည်းက အစ်ကိုတွမ်နဲ့ ထိုက်တန်တဲ့ အရာတွေပဲ.... ဘာမှ အားနာနေစရာ၊ စိတ်မကောင်းဖြစ်နေစရာ မလိုဘူး.... ကျွန်တော်ပြောတာကို ရှင်းရှင်းလင်းလင်း ကြားရဲ့လား"

တွမ်ဖုန်း၏ တုန်ယင်နေသော ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူသည် ထိုအထုပ်ကို ဆုပ်ကိုင်ထားရင်း ယခင်ကလို တောင်ကြီးတစ်လုံးစာ လေးလံမှုမျိုး မခံစားရတော့ပေ။ သို့သော် သူ၏ စိတ်ထဲတွင်မူ အတွေးများက လှိုင်းထန်နေဆဲပင်။

ခဏအကြာတွင် သူ ခါးသက်စွာ ပြုံးလိုက်သည်။

"ငါ.... ငါ တစ်ယောက်တည်း ခဏလောက် နေပါရစေ"

"ကောင်းပါပြီ.... အစ်ကို အေးဆေးအချိန်ယူပါ၊ လက်နက်ခန်းမဆောင်ကိုတော့ စိတ်မပူပါနဲ့.... စုရှောင်လင်နဲ့ ဘီယန်ကျန်းတို့ကို လောလောဆယ် စီမံခိုင်းထားလိုက်မယ်"

တွမ်ဖုန်းတစ်ယောက် တောင်ခြေသို့ ငေးငိုင်စွာဖြင့် ဆင်းသွားတော့သည်။ လမ်းတစ်ဝက်တွင် သူ ခြေလှမ်းတန့်သွားပြီး နောက်သို့ လှည့်မကြည့်ဘဲ စကားတစ်ခွန်း ပြောလိုက်သည်။

"ကျေးဇူးပါကွာ"

ထို့နောက် သူ၏ပုံရိပ်မှာ မြူခိုးများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

လော့ချန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"ဘာ ကျေးဇူးတင်စရာ လိုလို့လဲဗျာ...."

မည်သို့ပင်ဖြစ်စေ ဤကိစ္စ ပြီးဆုံးသွားသဖြင့် သူ၏ရင်ထဲမှ အလုံးကြီး ကျသွားပြီဖြစ်သည်။ တွမ်ဖုန်း၏ စရိုက်အရ အစပိုင်းတွင် လမ်းမှားမသွားလျှင် နောက်ပိုင်းတွင် သူ့စိတ်သူ ပြန်ထိန်းနိုင်လိမ့်မည်ကို လော့ချန် သိသည်။ ထိုရင်းမြစ်များမှာ တန်ဖိုးကြီးလှသဖြင့် အလဟဿ မဖြစ်စေလိုပေ။

လော့ချန် တောင်ပေါ်သို့ ဆက်တက်လာခဲ့သည်။ ယခုအချိန်တွင် လော့ထျန်းအဖွဲ့သည် ပြန်လည်တည်ဆောက်ရေးကာလတွင် ရှိနေသော်လည်း ဟွေ့နန်ရှိနေသဖြင့် သူ အစစအရာရာ လိုက်ကြည့်နေစရာ မလိုပေ။

"တော်သေးတာပေါ့.... ငါ့အတွက် အချိန်ပိုတွေ ထွက်လာပြီ"

"ကဲ အခု.... ချင်းယွမ်အဆိပ်ဖြေနည်းကို အမြန်ဆုံး ကျွမ်းကျင်တဲ့အဆင့်အထိ ရောက်အောင် ကြိုးစားရမယ်"

All Chapters