အခန်း (၃၄၃-၃၄၄)
Vol. 35 Ch. 343-344
အခန်း (၃၄၃) - ဆေးလုံးတွေ ပြန်သောက်နိုင်ပြီဟေ့
အချိန်ကား တရွေ့ရွေ့ ကုန်လွန်သွားရာ မျက်တောင်တစ်ခတ်အတွင်း တစ်နှစ်ပင် ရှိခဲ့လေပြီ။
နွေးထွေးတိတ်ဆိတ်လှသော ကျင့်ကြံခန်းအတွင်း၌ လော့ချန်သည် အသက်ရှူအောင့်ကာ သူ၏ ကျယ်ပြောလှသော ချီပင်လယ်အတွင်းသို့ အာရုံအပြည့် စူးစိုက်ထားသည်။ ချီပင်လယ်အတွင်း၌ ဝဲဂယက်တစ်ခုသည် အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေသည်။ စိတ်ဝိညာဉ်အာရုံကို တစ်စစချင်း ရုပ်သိမ်းလိုက်သည်နှင့်အမျှ ထိုဝဲဂယက်၏ လည်ပတ်နှုန်းမှာလည်း တဖြည်းဖြည်း နှေးကွေးလာသည်။ သူ အလောတကြီး မလုပ်ဆောင်ပေ။ လှုပ်ရှားမှုတိုင်းကို အသေအချာ တွက်ချက်ထားပြီး စိတ်ဝိညာဉ်အာရုံ၏ အစိတ်အပိုင်းတစ်ခုချင်းစီကို အလွန်အမင်း ဂရုတစိုက်ဖြင့် ရုတ်သိမ်းနေခြင်း ဖြစ်သည်။
‘ချင်းယွမ်အဆိပ်ဖြေနည်းကို အခြေခံအဆင့် ရောက်အောင်လုပ်ဖို့ဆို ဝဲဂယက်က စိတ်ဝိညာဉ်အာရုံ မပါဘဲ သူ့အလိုလို လည်ပတ်နိုင်ရမယ်.... ဒါမှသာ ဆေးအဆိပ်အတောက်တွေကို အမှန်တကယ် ဖိနှိပ်နိုင်မှာ.... တစ်နှစ်လုံး အားစိုက်ထုတ်ခဲ့သမျှက.... ဒီနေ့ အဖြေထွက်တော့မယ်....’
ထိုအတွေးနှင့်အတူ လော့ချန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ စိတ်ဝိညာဉ်အာရုံကို အလုံးစုံ ရုပ်သိမ်းလိုက်သည်။ ထိုခဏ၌ အားနည်းသည်ထက် အားနည်းလာပြီး အလွန်နှေးကွေးစွာ လည်ပတ်နေသော ဝဲဂယက်မှာ ခဏတာ တန့်သွားသည်။
ဝုန်း....
သူ၏ ချီပင်လယ်မှာ ထိုဝဲဂယက်ရှိနေခြင်းကို ကျင့်သားရနေပုံပေါ်သည်။ ၎င်းပျောက်ကွယ်လုနီးပါး ဖြစ်သွားချိန်တွင် သန့်စင်ကြည်လင်သော ဝိညာဉ်အရည်တစ်စက်သည် ဝဲဂယက်အတွင်းသို့ ကျဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် ရပ်တန့်နေသော ဝဲဂယက်မှာ အသက်ပြန်ဝင်လာသကဲ့သို့ ဖြည်းညှင်းစွာ ပြန်လည်လည်ပတ်လာပြီး ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို အားပြင်းစွာ ဆွဲယူနေတော့သည်။
ဤမြင်ကွင်းကို မြင်မှသာ လော့ချန် သက်ပြင်းချကာ စိတ်အေးနိုင်တော့သည်။
"ဟားဟား.... အောင်မြင်ပြီဟေ့.... ချင်းယွမ်ဆေးအဆိပ်ဖြေနည်းက အခြေခံအဆင့်ထိ ရောက်သွားပြီဆိုတော့.... ဒီနေ့ကစပြီး ငါ ဆေးလုံးတွေကို အားကိုးပြီး ပြန်ကျင့်ကြံလို့ ရပြီပေါ့"
သူသည် ဆေးလုံးဖြင့် ချက်ချင်း စမ်းသပ်ခြင်း မပြုသေးပေ။ ယခုအချိန်မှာ ထိုသို့လုပ်ရန် စောလွန်းနေသေးသည်။ အောင်မြင်ခဲ့ပြီဆိုသော်လည်း ဝဲဂယက်မှာ မွေးဖွားကာစ အဆင့်၌သာ ရှိသေးပြီး လေပြင်းထဲ ယိမ်းယိုင်နေသော ဖယောင်းတိုင်မီးကဲ့သို့ နုနယ်အားပျော့နေဆဲဖြစ်သည်။ ၎င်းကို သူ၏ ချီပင်လယ်ထဲတွင် အမြစ်တွယ်တည်ငြိမ်သွားစေရန် အချိန်အနည်းငယ် ပေးပြီးမှသာ နောက်တစ်ဆင့်ကို ဆက်လက်လုပ်ဆောင်ရန် သူ ဆုံးဖြတ်ထားသည်။
အားလပ်နေခိုက် လော့ချန် သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
သက်တမ်း - ၃၆ / ၁၆၅
ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)
အဆင့် - အခြေခံတည်ဆောက်ခြင်းအဆင့် ၂ (၂၄/၁၀၀)
အောင်မြင်မှုအမှတ် - ၁၀
[ကျင့်စဉ်များ]
နွယ်မြက်သစ်ပင် ဆေးဘုရင်ကျင့်စဉ် - ပြီးပြည့်စုံအဆင့် (၄၇၅/၅၀၀)
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ် - ပါရမီရှင်အဆင့် (၅၀၁/၁၀၀၀)
ဝိညာဉ်သားရဲတစ်သောင်းကျင့်စဥ် - အခြေခံအဆင့် (၁၀/၁၀၀)
[မှော်အတတ်များ]
ဒုတိယအဆင့်
မြေပြိုခြင်း - တတ်မြောက်အဆင့် (၁၅၀/၂၀၀)
ဖန်သားနတ်ဘုံအကာအရံ - တတ်မြောက်အဆင့် (၁၀၂/၂၀၀)
ပထမအဆင့်
ကုသခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၇၀၀/၁၀၀၀)
မြေစိုင်တောင် မှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၅၀/၅၀၀)
လှိုင်းလုံးမှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၅၀/၅၀၀)
အသံလုံအတားအဆီး မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၅၁/၅၀၀)
စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ် - ကျွမ်းကျင်အဆင့် (၂၇၀/၃၀၀)
အထွတ်အထိပ်အဆင့် မှော်အတတ်များ (အသေးစိတ်ကြည့်ရန် နှိပ်ပါ)
[ဆေးဖော်စပ်ခြင်း]
ကျောက်စိမ်းကွဲခြင်း - အထွတ်အထိပ်အဆင့်
သစ္စာနှလုံးသား - ပါရမီရှင်အဆင့် (၅၁၃/၁၀၀၀)
ရေတံခွန်စိမ့်စမ်း - တတ်မြောက်အဆင့် (၁၇၀/၂၀၀)
တိမ်တိုက်အသွင်ပြောင်းခြင်း - တတ်မြောက်အဆင့် (၁၄၁/၂၀၀)
ချင်းယွမ်အဆိပ်ဖြေနည်း - ကျွမ်းကျင်အဆင့် (၂၀၁/ ၃၀၀)
[ကိုယ်ခံပညာ]
တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - အထွတ်အထိပ်အဆင့်
ကောင်းကင်နတ်သမီးပန်းကြဲခြင်း - ပြီးပြည့်စုံအဆင့် (၃၆၀/၅၀၀)
ဝမ်မျိုးနွယ်စု လက်စွဲကျမ်း - အခြေခံအဆင့် (၈၉/ ၁၀၀)
[အတတ်ပညာများ]
ဒုတိယအဆင့် ဆေးဖော်ဆရာ
မှော်အာဟာရဆေးလုံး - အထွတ်အထိပ်အဆင့်
အံ့ဖွယ်တစ်သောင်းဆေးလုံး - အထွတ်အထိပ်အဆင့်
ကျောက်စိမ်းအမြုတေဆေးလုံး - အထွတ်အထိပ်အဆင့်
သွေးအဆီအနှစ်ဆေးလုံး - ကျွမ်းကျင်အဆင့် (၂၀၄/၃၀၀)
ချီလမ်းကြောင်းဆေးလုံး - တတ်မြောက်အဆင့် (၁၀၇/၂၀၀)
နတ်ဒေဝါပျားရည် - အခြေခံအဆင့် (၃/၁၀၀)
သက်တမ်းကို တစ်ချက်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း အသက် ၃၆ နှစ် ပြည့်သွားလေပြီ။ လော့ချန် နောက်ထပ် အချက်အလက်ကို ကြည့်ရန် ပြင်ဆင်လိုက်သော်လည်း သူ၏အကြည့်မှာ တစ်နေရာ၌ တန့်သွားသည်။
"ဟမ်.... ၁၆၀ ကနေ ၁၆၅ တဲ့လား.... ငါ့ရဲ့ သက်တမ်းက ၅ နှစ် တိုးသွားတာလား.... ဆန်းလှချည်လား.... အဆင့်လည်း မတက်ပါဘဲနဲ့"
ဇဝေဇဝါဖြစ်နေစဉ်မှာပင် သူ တစ်စုံတစ်ရာကို သဘာပေါက်သွားသည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲလာသည့် အခြေအနေများနှင့် သွေးကြောများတစ်လျှောက် စီးဆင်းနေသော ကြည်လင်သန့်စင်သည့် ခံစားချက်များမှာ ချင်းယွမ်အဆိပ်ဖြေနည်းကြောင့်ပင်။ ၎င်းသည် အခြေခံအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဆက်တိုက်တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။
သန့်စင်ခြင်းဟူသည် အလျင်လိုခြင်း သို့မဟုတ် နှေးကွေးခြင်းကြောင့် မဟုတ်ဘဲ ၎င်း၏ အရင်းအမြစ် ကြည်လင်သန့်ရှင်းမှုတွင်သာ တည်ရှိသည်။ ဤပညာရပ်သည် ဆေးအဆိပ်အတောက်ကို ဖြေဖျောက်ပေးရုံသာ မဟုတ်ပေ။ နေ့စဉ်နေ့တိုင်း ကျင့်ကြံနေရင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကိုပါ ဖယ်ရှားပေးနိုင်ပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ပိုမိုစင်ကြယ် သန့်ရှင်းစေသည်။ အညစ်အကြေးကင်းစင်ခြင်းဆိုသည့် အယူအဆသို့ တဖြည်းဖြည်း ချဉ်းကပ်သွားခြင်းပင်။ ဤသို့ဖြင့် ခန္ဓာကိုယ် ကျန်းမာလာကာ သက်တမ်းလည်း အနည်းငယ် တိုးလာခြင်းဖြစ်သည်။
လော့ချန် ပြုံးလိုက်မိသည်။ ဤအတတ်ပညာမှာ မဆိုးလှပေ။ အဆိပ်အတောက်များကို ဖယ်ရှားပေးရုံသာမက ရုပ်ရည်ကိုပါ လှပစေသော အကျိုးသက်ရောက်မှုရှိသည်။ လွန်ခဲ့သော တစ်နှစ်အတွင်းမှာပင် သူ၏ အသားအရေမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အစောပိုင်းနှစ်များက နေ့စဉ် ဆေးဖော်ရန် ဆေးမီးဖိုဘေး၌ နေခဲ့ရသဖြင့် သူ၏အသားအရေမှာ အနည်းငယ် နီမြန်းနေခဲ့သည်။ ယခုမူ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပကာ အသားအရေမှာလည်း နုညက်နေလေပြီ။ သို့သော်လည်း ယောက်ျားသားတစ်ယောက်ဖြစ်သဖြင့် ရုပ်ရည်ကိုမူ သူ သိပ်ဂရုမစိုက်လှပေ။
လော့ချန် သူ၏ ကျင့်ကြံခြင်းအဆင့်ဆီသို့ အာရုံပြောင်းလိုက်သည်။ အခြေတည်အဆင့် ၂ ၏ တိုးတက်မှုမှာ တစ်နှစ်အတွင်း ၂၂ မှတ်သာ တက်ခဲ့ပြီး ၂၄/၁၀၀ သို့ ရောက်ရှိနေသည်။ ဤအမြန်နှုန်းမှာ အမှန်အတိုင်းပြောရလျှင် အလွန်နှေးကွေးလှသည်။ သူသည် ကျင့်စဉ်မြှင့်တင်ပေးမည့် မည်သည့်ဆေးလုံးမှ မသုံးစွဲခဲ့သော်လည်း နေ့စဉ် မနားတမ်း ကြိုးစားကာ ဆေးဘုရင်ကျင့်စဉ်ကို ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ဆေးဘုရင်ကျင့်စဉ်၏ ကျွမ်းကျင်မှုမှာ ပါရမီရှင်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။ တစ်နည်းအားဖြင့် ဆေးလုံးများ၏ အကူအညီမပါဘဲ အခြေတည်အဆင့် (၃) သို့ ရောက်ရန် အနည်းဆုံး လေးနှစ်ခန့် လိုဦးမည်ဖြစ်သည်။ ဤသည်မှာပင် ဒုတိယအဆင့် ဝိညာဉ်ကြောရှိသော ဂူဗိမာန်ကို ပိုင်ဆိုင်ထားသည့် အခြေအနေမျိုးတွင် ဖြစ်သည်။
'ဒါက အခြေတည်အဆင့် အစောပိုင်းကာလပဲ ရှိသေးတာ.... အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ဖြစ်သင့်တဲ့ အဆင့်ပေါ့.... အခုတောင် ဒီလိုဖြစ်နေရင် နောက်ပိုင်းအဆင့်တွေကျရင် ဘယ်လိုလုပ်မလဲ....'
လော့ချန် ကောင်းကောင်း မှတ်မိနေသေးသည်။ ချီသန့်စင်အဆင့်တွင် ရှိစဉ်က အစောပိုင်းနှင့် အလယ်ပိုင်းအဆင့်များတွင် အဆင့်တက်ရန် ရက်သတ္တပတ်အချို့သာ ကြာမြင့်ခဲ့သည်။ သို့သော်လည်း အဆင့်မြင့်ပိုင်းသို့ ရောက်သည်နှင့် အရာအားလုံး ပြောင်းလဲသွားသည်။ အရှိန်အဟုန်မှာ သိသိသာသာ နှေးကွေးသွားပြီး တိုးတက်မှုကို ရက်သတ္တပတ်များဖြင့် မဟုတ်ဘဲ နှစ်များဖြင့်သာ တိုင်းတာရတော့သည်။ ယခု အခြေတည်အဆင့်တွင်မူ လိုအပ်သော ချီစွမ်းအင်မှာ ပို၍ပင် များပြားလှသည်။
‘ဒါက ဆယ်ဆလောက် ခက်ခဲသွားတာတင် မဟုတ်ဘူး.... အဆ တစ်ရာ၊ အဆ တစ်ထောင်လောက်အထိ ပိုပြီး ခက်ခဲသွားတာပဲ’
သူ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။ သက်တမ်းတိုးလာမှုကြောင့် ဖြစ်ပေါ်ခဲ့သော ပျော်ရွှင်မှုများမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ သို့သော်လည်း အရာအားလုံးမှာ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဦးတည်နေသည် မဟုတ်လော။
ကျင့်စဉ်ပိုင်းတွင်မူ ပြောစရာသိပ်မရှိပေ။ သူသည် ဆေးဘုရင်ကျင့်စဉ်ကို အကြိမ် ၂၀ ကျင့်ကြံမှသာ ကျွမ်းကျင်မှု ၁ မှတ် တိုးလာသည်ကို သိထားသည်။ ပါရမီရှင်အဆင့်သို့ ရောက်ရန် ၂၅ မှတ် လိုသေးရာ အကြိမ် ၅၀၀ ကျင့်ကြံရဦးမည်ဖြစ်သည်။ တစ်ရက်လျှင် ငါးကြိမ် ကျင့်ကြံနိုင်သည်ဆိုပါက ရက်ပေါင်းတစ်ရာ ကြာဦးမည်ဖြစ်သည်။
ထို့နောက် လော့ချန်၏ အာရုံမှာ အခြားကျင့်စဉ်တစ်ခုဆီသို့ ရောက်သွားသည်။ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်မှာ ပါရမီရှင်အဆင့် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ရှောင်ဟွမ်းတောင်မှ သူရရှိခဲ့သော မြေအောက်မီးမှာ ကုန်ဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ နောက်ပိုင်းတွင် ကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနိုင်ရန် ထျန်းလန် နတ်ဘုရားမြို့တော်သို့ လူလွှတ်ကာ မြေအောက်မီး မိစ္ဆာချီ တစ်သုတ်ကို ထပ်မံ ဝယ်ယူစေခဲ့သည်။ မနားမနေ ကြိုးစားမှုကြောင့် နောက်ဆုံးတွင် ထိုကျင့်စဉ်မှာ ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ပါရမီရှင်အဆင့် ရောက်ရှိသွားသော ဤကျင့်စဉ်သည် သူ့အတွက် ကြီးမားသော အံ့ဩစရာတစ်ခုကို သယ်ဆောင်လာခဲ့သည်။
လော့ချန် စိတ်ကူးလိုက်သည်နှင့် သူ၏ စိတ်ဝိညာဉ်အာရုံများမှာ အပြင်သို့ ဖြာထွက်သွားပြီးနောက် ရုတ်တရက် အတွင်းသို့ ပြန်လည်လိပ်ဝင်လာသည်။ ထို့နောက် ပါးလွှာသော အမြှေးပါးလေးတစ်ခုအသွင် ပြောင်းလဲကာ သူ၏ စိတ်ပင်လယ်ကို တင်းတင်းကျပ်ကျပ် ရစ်ပတ်လိုက်သည်။ ၎င်းသည် ကာကွယ်ရေး ယန္တရားတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။
ထိန်းချုပ်မှုကို လွှတ်လိုက်သောအခါ စိတ်ဝိညာဉ်အာရုံမှာ စိတ်ပင်လယ်အတွင်းသို့ တဖြည်းဖြည်း ပြန်ဝင်သွားသည်။ လော့ချန် သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်သည်။ ပါရမီရှင်အဆင့်ရောက်သော ဤကျင့်စဉ်သည် တိုက်ခိုက်မှု စွမ်းရည်ကို တိုးမြှင့်ပေးခြင်း မဟုတ်ဘဲ ကာကွယ်ရေး စွမ်းရည်ကိုသာ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ ထိုစိတ်ဝိညာဉ်အာရုံ ရွှေရောင်အမြှေးပါးအောက်တွင် ပြင်ပမှလာသော စိတ်ဝိညာဉ်အာရုံ တိုက်ခိုက်မှုများကို သူ ခုခံနိုင်စွမ်း ရှိသွားပြီဖြစ်သည်။
"ဒီပြောင်းလဲမှုက အစ်ကိုကြီးဝမ်ပေးတဲ့ ကိုယ်ခံပညာ ကျမ်းစာကနေ လာတာများလား"
လော့ချန်တစ်ယောက် အတွေးနယ်ချဲ့နေမိတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၄၄) - လော့ချန် မျက်မှောင်ကြုတ်သွားသောနေ့
ကိုယ်ခံပညာ ကဏ္ဍတွင် ‘ဝမ်မျိုးနွယ်စုလက်စွဲကျမ်း' ဆိုသည့် အချက်အလက်တစ်ခု တိုးလာခဲ့သည်။
လွန်ခဲ့သော တစ်နှစ်အတွင်း လော့ချန်သည် ချင်းယွမ်အဆိပ်ဖြေနည်းကိုသာ အာရုံစိုက် လေ့လာခဲ့သည်။ သို့သော် သူသည် အခြားအရာများကိုလည်း လျစ်လျူရှူမထားခဲ့ပေ။ နေ့စဉ်ကျင့်ကြံမှုများအပြင် ဝမ်ယွမ်ပေးထားသော ထိုကျမ်းစာထဲမှ လက်ဝါးသိုင်းတစ်ခုကို အားလပ်ချိန်တွင် လေ့ကျင့်နေခဲ့သည်။ နေ့စဉ် ကျင့်ကြံပြီးတိုင်း လမ်းလျှောက်ကာ ကိုယ်လက်လှုပ်ရှားသည့်အနေဖြင့် တစ်ပွဲ၊ နှစ်ပွဲ ကစားခြင်းသာ ဖြစ်သည်။
ဤလက်ဝါးသိုင်းမှာ ခန္ဓာကိုယ် ကြံ့ခိုင်ရန် သို့မဟုတ် တိုက်ခိုက်ရန်အတွက် မဟုတ်ဘဲ ကျန်းမာရေးနှင့် ကာကွယ်ရေးအတွက်သာ ဖြစ်သည်။ ၎င်းသည် စိတ်ဆန္ဒနှင့် ဝိညာဉ်ကို တစ်သားတည်းကျအောင် ပေါင်းစပ်ထားပြီး လှုပ်ရှားမှုတိုင်းတွင် မိမိ၏ စိတ်ဆန္ဒကို ခန္ဓာကိုယ်နှင့်အတူ ဖြန့်ကျက်ထားရန် လိုအပ်သည်။ အချိန်ကြာလာသောအခါ လော့ချန်၏ စိတ်ဓာတ်မှာလည်း ပို၍ ကြံ့ခိုင်လန်းဆန်းလာခဲ့သည်။
သို့သော် သူ မမျှော်လင့်ထားသော အရာတစ်ခုမှာ နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်သည် ပါရမီရှင်အဆင့် ရောက်ရှိသွားသည်နှင့် ရွှေရောင်အမြှေးပါးတစ်ခု သူ့အလိုလို ဖြစ်ပေါ်လာပြီး အသိစိတ်ပင်လယ်အပေါ်၌ အကာအကွယ်အတားအဆီးတစ်ခုသဖွယ် တည်ရှိနေခြင်းပင်ဖြစ်သည်။
"ဒီစိတ်ဝိညာဉ်အာရုံ ရွှေရောင်အမြှေးပါးကို ပို လေ့လာပြီးတော့ စိတ်ပင်လယ်ရဲ့ အပြင်ဘက်မှာ အမြဲတမ်း ရှိနေအောင် လုပ်လို့ရလောက်လား"
ဝိညာဉ်တိုက်ခိုက်မှုသည် အမြဲ အန္တရာယ်အရှိဆုံးနှင့် အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း လော့ချန် သိထားသည်။ တစ်ချက်ထိရုံဖြင့် သေကြေဒဏ်ရာရနိုင်သည့် အမျိုးအစားပင်။ ယခင်က ကောင်းထင်ယွမ် သူ့အပေါ် စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ် အသုံးပြုရာတွင် သူကိုယ်တိုင် ပြန်လည်ထိခိုက်သွားခြင်းမှာ သက်သေပင် ဖြစ်သည်။ ထိုသို့သော တိုက်ခိုက်မှုများကို ကာကွယ်ရန်မှာ မဖြစ်နိုင်သလောက်ပင် ခက်ခဲလှသည်။ ကျင့်ကြံသူ အများစုမှာ အံကြိတ်ကာ ထိပ်တိုက်ရင်ဆိုင် ကြံ့ကြံခံရုံမှတစ်ပါး အခြားမရှိပေ။ ဤနယ်ပယ်တွင် အားနည်းသူက အားကြီးသူကို အနိုင်ယူနိုင်ခြင်းမျိုး မရှိနိုင်ချေ။ အကယ်၍ မိမိ၏ ဝိညာဉ်အခြေခံမှာ ပြိုင်ဘက်ထက် ပို၍ နက်ရှိုင်းသန်မာပြီး သန့်စင်နေပါက တောင့်ခံနိုင်ပေလိမ့်မည်။ ထိုသို့ မဟုတ်ပါက ဒဏ်ရာရရှိရန်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အကယ်၍ တိုက်ခိုက်မှုကို အောင်မြင်စွာ တောင့်ခံနိုင်ခဲ့လျှင်ပင် ခေတ္တမျှ ကြောင်အသွားခြင်း သို့မဟုတ် တုံ့ဆိုင်းသွားခြင်းမျိုး ဖြစ်ပေါ်တတ်သည်။ တိုက်ပွဲတစ်ခုအတွင်း ထိုခဏတာလေးမှာပင် အသက်ဆုံးရှုံးရန် လုံလောက်နေပြီဖြစ်သည်။
ထိုအချက်များကို တွေးတောရင်း လော့ချန် စိတ်ပိုင်းဖြတ်လိုက်သည်။
“နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်ကို လျစ်လျူရှုထားလို့ မဖြစ်ချေဘူးဟေ့”
သူသည် ကုန်ခမ်းလုနီးပါးဖြစ်နေသော သူ၏ လက်ကျန်ပစ္စည်းများကို ကြည့်ရင်း "မိစ္ဆာချီတွေ လိုနေပြီ.... သွားဝယ်ဦးမှပါပဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ရုတ်တရက် သူ၏ အကြည့်မှာ အောက်ဘက်သို့ ရွေ့လျားသွားပြီး အခြေအနေပြကြေးမုံပြင်ရှိ မှော်အတတ်ကဏ္ဍတွင် ရပ်တန့်သွားသည်။ ပထမအဆင့် မှော်အတတ်များကို ပြန်လည်သုံးသပ်နေရန် မလိုတော့ပေ။ ယခု အရေးကြီးသည်မှာ သူ အာရုံစိုက်လေ့ကျင့်နေသော ဒုတိယအဆင့် မှော်အတတ်နှစ်ခုဖြစ်သည့် မြေပြိုခြင်းနှင့် ဖန်သားနတ်ဘုံအကာအရံတို့ပင်ဖြစ်သည်။ နှစ်ခုစလုံးမှာ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ဤသည်မှာ သတင်းကောင်းတစ်ခု ဖြစ်သော်လည်း လော့ချန် အလွန်အမင်းတော့ စိတ်မလှုပ်ရှားမိပေ။ ဤကဲ့သို့သော အဆင့်မြင့် မှော်အစွမ်းများတွင် အားနည်းချက်များ အမြဲရှိတတ်သည်။ ချီစွမ်းအင် အမြောက်အမြား အသုံးပြုရခြင်းမှာ တစ်ပိုင်းဖြစ်ပြီး၊ မှော်အစွမ်းထုတ်လွှတ်ရန် အချိန်ယူရခြင်းမှာလည်း အခြားတစ်ပိုင်းဖြစ်သည်။ မီးလုံးမှော်အတတ် သို့မဟုတ် ၎င်း၏ အဆင့်မြင့်ပုံစံဖြစ်သော နေမီးလျှံကဲ့သို့ ချက်ချင်း ထုတ်လွှတ်နိုင်သည့် အဆင့်အထိ မရောက်သေးသရွေ့ အမှန်တကယ် တိုက်ပွဲဝင်ရာတွင် ၎င်းတို့ကို အားကိုးရန် မဖြစ်နိုင်ပေ။ လော့ချန် ထိုမှော်အတတ်များကို လေ့ကျင့်နေရခြင်းမှာ နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်မည်လား ဟူသော မျှော်လင့်ချက်ကြောင့် ဖြစ်သည်။
"မလောနဲ့.... မလောနဲ့.... တစ်လှမ်းချင်းစီပဲ သွားရမှာပေါ့"
ကိုယ့်ကိုယ်ကိုယ် သတိပေးပြီးနောက် လော့ချန် အခြေအနေပြကြေးမုံပြင်ကို ဆက်ကြည့်လိုက်သည်။ အတတ်ပညာကဏ္ဍသို့ ရောက်သောအခါ သူ ခေတ္တမျှ ရပ်တန့်သွားသည်။
သွေးအဆီအနှစ်ဆေးလုံးနှင့် ချီလမ်းကြောင်းဆေးလုံးတို့မှာလည်း ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ဤသည်မှာ လွန်ခဲ့သော တစ်နှစ်အတွင်း သူဖော်စပ်ခဲ့သမျှသော ဆေးလုံးများကြောင့် ဖြစ်နိုင်ပေသည်။ လက်ရှိတွင် သူသည် ထိုဆေးနှစ်မျိုးစလုံးကို မလိုအပ်သေးသော်လည်း ၎င်းတို့တွင် တန်ဖိုးမရှိဟု မဆိုလိုပေ။
သွေးအဆီအနှစ်ဆေးလုံး၏ အာနိသင်မှာ ငြင်းချက်ထုတ်စရာမရှိအောင် ပြင်းထန်လှသည်။ ၎င်းသည် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကို မျက်တောင်တစ်ခတ်အတွင်း သိသိသာသာ မြှင့်တင်ပေးနိုင်စွမ်းရှိသည်။ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်သော ထျန်းလန် နတ်ဘုရားမြို့တော်ကဲ့သို့ နေရာမျိုးတွင် ထိုသို့သော စွမ်းအားမြှင့်တင်မှုသည် အသက်ရှင်သန်ရန်အတွက် အဓိကသော့ချက် ဖြစ်လေ့ရှိသည်။ ဤဆေးလုံးများသည် လော့ထျန်းအဖွဲ့မှ အဆင့်မြင့်ကျင့်ကြံသူများအတွက် သူ သိမ်းဆည်းထားသော လျှို့ဝှက်လက်နက်များဖြစ်သည်။ အတိတ်က ဖြစ်ရပ်များအရလည်း ၎င်းတို့၏ တန်ဖိုးမှာ သက်သေထွက်ခဲ့ပြီးဖြစ်သည်။
ရှောင်ဟွမ်းတောင် တိုက်ပွဲအတွင်း သွေးအဆီအနှစ်ဆေးလုံးကြောင့် လော့ထျန်းအဖွဲ့သားများ၏ အသေအပျောက်နှုန်းမှာ အနည်းဆုံးအဆင့်တွင်သာ ရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် လော့ချန်သည် အခြေတည်အဆင့်သို့ တက်လှမ်းရန်အတွက်သာ အာရုံစိုက်ခဲ့သဖြင့် ဆေးလုံးထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သည်။ ထို့ကြောင့် ကောင်းလင်လွင်ပြင် တိုက်ပွဲအတွင်း၌ လော့ထျန်းအဖွဲ့မှာ အကြီးမားဆုံးသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
အဖွဲ့ဝင် သုံးရာကျော်အနက် တစ်ရာ့ငါးဆယ်ကျော်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သူ၏ မိတ်ဆွေဟောင်းကြီး ကျန်းဝမ်ပင်လျှင် ထိုတိုက်ပွဲမြေပြင်တွင် အသက်ပျောက်ခဲ့ရသည်။ အကယ်၍ ထိုစဉ်က သူတို့ထံတွင် သွေးအဆီအနှစ်ဆေးလုံးများသာ ရှိခဲ့ပါက အနည်းဆုံး လူပေါင်း ဒါဇင်နှင့်ချီ၍ အသက်ရှင်နိုင်ဦးမည်ဖြစ်သည်။ ထိုကဲ့သို့ ခါးသီးသော သင်ခန်းစာ ရှိခဲ့ဖူးသဖြင့် လော့ချန်သည် အချိန်ပေး၍ ဖြစ်စေ ကြိုတင်ပြင်ဆင်ထားရန်သာ ဆုံးဖြတ်လိုက်သည်။
အခြားတစ်ဖက်တွင်မူ ချီလမ်းကြောင်းဆေးလုံးသည် အခြေတည်အဆင့်သို့ တက်လှမ်းရန် နီးစပ်နေသည့် လော့ထျန်းအဖွဲ့သားများအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့အပြင် လော့ချန်သည် သူကိုယ်တိုင် အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် သာမန်အဆင့်ရှိသော ထိုဆေးလုံးမှာ သူ့အပေါ် သက်ရောက်မှု ရှိ၊ မရှိကိုလည်း စမ်းသပ်လိုနေသည်။
အကယ်၍ အဆင့်နိမ့်ဆေးလုံးက အကျိုးမရှိပါက အဆင့်လတ် ထိုမှတစ်ဆင့် အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်တို့ကို သူ စမ်းသပ်ကြည့်မည်ဖြစ်သည်။ ထိပ်တန်းအဆင့်ရှိ အံ့ဖွယ်တစ်သောင်းဆေးလုံးနှင့် ကျောက်စိမ်းအမြုတေဆေးလုံးတို့မှာ သူ့အတွက် အာနိသင်နည်းပါးသွားပြီ ဖြစ်သော်လည်း ထိပ်တန်းအဆင့်ရှိ ချီလမ်းကြောင်းဆေးလုံးမှာမူ အလားအလာ ရှိနေသေးသည်။ အကယ်၍ ထိုဆေးသာ အလုပ်ဖြစ်မည်ဆိုပါက မိမိအနေဖြင့် မည်မျှပင် ပေးဆပ်ရပါစေ ဖော်စပ်ရန် ဝန်လေးမည်မဟုတ်ပေ။
ဝိညာဉ်အခြေခံကို မြှင့်တင်ပေးနိုင်သော ဝိညာဉ်ဆေးပင်များမှာ အလွန်တရာ ရှားပါးလှသည် မဟုတ်ပါလော။ ထို့အပြင် ထိပ်တန်းအဆင့်ဆေးလုံး ရရှိရန် ကြိုးစားနေစဉ်အတွင်း ထွက်ပေါ်လာမည့် အဆင့်နိမ့်ဆေးလုံးများမှာလည်း လုံးဝ အလဟဿ ဖြစ်သွားမည်မဟုတ်ပေ။ ၎င်းတို့ကို လော့ထျန်းအဖွဲ့သားများအား ဆုလာဘ်အဖြစ် ပေးဝေနိုင်သည်။
လော့ချန်သည် သန်မာသော ဝိညာဉ်အခြေခံ၏ တန်ဖိုးကို နားလည်သည်။ ၎င်းသည် အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် ကြီးမားသော ခြားနားချက်ကို ဖြစ်ပေါ်စေနိုင်သည်။ အမှန်တကယ်တွင် ဆေးလုံး အမြောက်အမြားပင် မလိုပေ။ အနည်းငယ်မျှဖြင့်ပင် တွမ်ဖုန်းနှင့် အခြားသူများ၏ အောင်မြင်မှုနှုန်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
"အောင်မြင်မှုအမှတ်တွေက တစ်ကျော့ပြန် ၁၀ မှတ် ပြန်ဖြစ်လာပြီ" ဟု လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။ အခြေအနေပြကြေးမုံပြင်ပေါ်မှ ကိန်းဂဏန်းကို ကြည့်ရင်း သူ၏ စိတ်နှလုံးမှာ လှုပ်ရှားသွားသည်။ ယခုအခါ သူသည် အခြေတည်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ထိုအမှတ်များကို အသုံးပြု၍ ဒုတိယအဆင့် ကျင့်စဉ်များ၊ မှော်အတတ်များ သို့မဟုတ် ဆေးဖော်နည်းလမ်းများကို ဖွင့်နိုင်ပြီဖြစ်သည်။
သူ့တွင် ကျင့်စဉ်အသစ်များအတွက် အရေးတကြီး လိုအပ်ချက် မရှိသလို သူ၏ ပင်ကိုယ်ပါရမီကြောင့်လည်း မှော်အတတ်များကို ကောင်းစွာ တတ်မြောက်ထားပြီးဖြစ်သည်။ အတိုချုပ်ပြောရလျှင် သူသည် အောင်မြင်မှုအမှတ်များ အားလုံးကို ဆေးဖော်နည်းလမ်းများအတွက်သာ သီးသန့်ထားရှိမည် ဖြစ်သည်။
ဆေးဖော်နည်းလမ်းများအကြောင်း တွေးမိသည်နှင့် သူ့လက်ထဲ၌ နည်းလမ်းနှစ်ခု ပေါ်လာသည်။ သားရဲရေခွံပေါ်တွင် ရေးသားထားသော တစ်ခုမှာ သွေးမိစ္ဆာဆေးလုံး ဖြစ်ပြီး၊ ဝါးပြားပေါ်တွင် ရေးသားထားသော အခြားတစ်ခုမှာ ကျောက်စိမ်းနှင်းစက်ဆေးလုံး ဖြစ်သည်။
'အစက ဒီအမှတ်တွေကို သွေးမိစ္ဆာဆေးလုံးအတွက် သုံးဖို့ ရည်ရွယ်ထားတာ၊ အဲ့ဒါက အစ်ကိုဝမ်ကို ပေးထားတဲ့ ကတိဖြစ်လို့ပဲ၊ ဒါပေမဲ့ ငါ ဒီနည်းလမ်းကို လေ့လာနေတာလဲ နှစ်တော်တော် ကြာနေပြီ၊ အဲ့ဒီကနေ သွေးအဆီအနှစ်ဆေးလုံးကိုတောင် တီထွင်နိုင်ခဲ့သေးတာပဲ၊ ဒီအတွက် အမှတ်တွေ သုံးနေဖို့ မလိုတော့ဘူး၊ နောက်ထပ် အချိန်နည်းနည်းလောက်ပဲ ပေးလိုက်ရင် ငါ အဲ့ဒါကို လုံးဝ ကျွမ်းကျင်သွားမှာပါ'
လော့ချန်သည် ယခုအခါ သူ၏ ဆေးဖော်စပ်မှုစွမ်းရည်အပေါ် ယုံကြည်မှု အပြည့်ရှိနေပြီဖြစ်သည်။ မရင်းနှီးသော နည်းလမ်းအသစ်များမှာ အစပိုင်းတွင် သူ့ကို နှေးကွေးစေနိုင်သော်လည်း သွေးမိစ္ဆာဆေးလုံး ဆေးနည်းမှာမူ သူ့ထံတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကာ ၎င်းကို လုံးဝနီးပါး အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားပြီးဖြစ်သည်။ ထို့အပြင် စစ်မှန်သော စိန်ခေါ်မှုမှာ ဆေးဖော်စပ်ခြင်း မဟုတ်ဘဲ အဓိက ဆေးဘက်ဝင်ပစ္စည်းများကို ရရှိရန်သာဖြစ်သည်။ ထိုအကြောင်းပြချက်တစ်ခုတည်းဖြင့်ပင် အောင်မြင်မှုအမှတ်များကို ချွေတာရန် လုံလောက်နေပြီဖြစ်သည်။
'ကျောက်စိမ်းနှင်းစက်ဆေးလုံး'
ထိုအမည် သူ၏ အာရုံထဲသို့ ရောက်လာသည်နှင့်အမျှ ၎င်း၏ အာနိသင်များကို သူ ပြန်လည်သတိရလာသည်။ ဤဆေးလုံးမှာ အမျိုးသမီးကျင့်ကြံသူများ၊ အထူးသဖြင့် ရေ သို့မဟုတ် ရေခဲဓာတ် ကျင့်စဉ်များကို လေ့ကျင့်သူများအတွက် အလွန်တရာ ထိရောက်မှုရှိသည်။ ၎င်း၏ ရလဒ်မှာ သာမန်ကျင့်ကြံရေးဆေးလုံးများထက် များစွာ သာလွန်လှသည်။ ဤသည်မှာ စာအုပ်ထဲမှ ရေးသားချက်သက်သက် မဟုတ်ပေ။ ကျောက်စိမ်းနှင်းစက်ဆေးလုံးသည် အလှမ်းဝေးလှသော အခြားနယ်မြေကြီးတစ်ခုတွင် အလွန်လူကြိုက်များနေသော ဆေးဖြစ်သည်။ ၎င်း၏ အာနိသင်ကို တစ်လောကလုံး သိထားကြသော်လည်း ဝယ်ယူရန် အလှမ်းဝေးလွန်းခြင်းနှင့် ဖော်စပ်ရန် ခက်ခဲခြင်းကြောင့် ဤကျောက်စိမ်းအိုးနယ်မြေတွင် တွေ့ရခဲလှသည်။
'ငါသာ အဲ့ဒီဆေးကို ဖော်စပ်နိုင်ရင် သေချာပေါက် ဝင်ငွေလမ်းကြောင်းကြီးတစ်ခု ဖြစ်လာမှာပဲ.... တစ်ခုရှိတာက အဲ့ဒါက အင်အားကြီးအဖွဲ့အစည်းတွေရဲ့ အာရုံစိုက်မှုကိုလည်း ဆွဲဆောင်သွားနိုင်တယ်.... ငါ သေချာစဉ်းစားရမယ်.... တကယ်လို့ ကျောက်စိမ်းအမြုတေဆေးလုံးက အကျိုးအမြတ် ရနေသေးတယ်ဆိုရင် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို အလျင်စလို ဖော်စရာ မလိုသေးဘူး' ဟု လော့ချန် တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။
သူ၏ အတွေးများ တည်ငြိမ်သွားသည်နှင့်အမျှ ရှင်းလင်းသော အစီအစဉ်တစ်ခု ပုံဖော်လာသည်။ သူသည် မနက်ရောက်သည်နှင့် ကျင့်ကြံခြင်းမှ ထွက်ခွာရန်နှင့် ကူချိုင်ယီ၏ ဈေးကွက်စုံစမ်းမှု အခြေအနေများကို သွားရောက်ကြည့်ရှုရန် စီစဉ်ထားသည်။ တစ်နှစ်ရှိပြီဖြစ်သဖြင့် ကျောက်စိမ်းအမြုတေဆေးလုံးများနှင့် ပက်သက်၍ ဈေးကွက်အခြေအနေကို သိရန် လုံလောက်နေပြီဖြစ်သည်။
....
အရှေ့ဆီမှ ရောင်နီပျိုးစပြုခဲ့လေပြီ။
နောက်ဆုံးတွင် လော့ချန်၏ ချီပင်လယ်အတွင်းရှိ ဝဲဂယက်ငယ်လေးမှာ လုံးဝဥဿုံ တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။ ၎င်းသည် အသိစိတ်ဖြင့် လှုံ့ဆော်စဉ်ကကဲ့သို့ အားမပြင်းသော်လည်း ယခုအခါတွင်မူ သူ့အလိုလို လည်ပတ်နေပြီဖြစ်သည်။ ဆေးလုံးတစ်လုံးမှ ထွက်ပေါ်လာသော မည်သည့် ဆေးစွမ်းအင်မဆို ပျံံ့နှံ့မသွားခင် ထိုဝဲဂယက်အတွင်းသို့ အရင်ဝင်ရောက်ကာ ခွဲခြမ်းစိတ်ဖြာမှုကို ခံယူရမည်ဖြစ်သည်။
အတွေးတစ်ချက်နှင့်အတူ လော့ချန်၏ လက်ထဲတွင် ဆေးပုလင်း နှစ်ပုလင်း ပေါ်လာသည်။ တစ်ပုလင်းမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ဖော်စပ်ထားသော နဂါးပျံဆေးလုံးဖြစ်ပြီး အခြားတစ်ပုလင်းမှာ ဆေးဘုရင်ဂိုဏ်းမှ ထုတ်လုပ်ကာ ဝိညာဉ်ဆေးနန်းဆောင်မှ သီးသန့်ရောင်းချသော ချီစုစည်းဆေးလုံး ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း နှစ်မျိုးစလုံးမှာ အဆင့်နိမ့်ဆေးလုံးများသာ ဖြစ်ကြသည်။ အင်အားကြီးဂိုဏ်းကြီးများသည် ဤသို့သော ဆေးလုံးမျိုးကိုသာ ထုတ်ရောင်းလေ့ရှိပြီး ဈေးနှုန်းမှာလည်း အလွန်မြင့်မားလှသည်။ အဆင့်လတ်နှင့် အဆင့်မြင့်ဆေးလုံးများကိုမူ လေလံပွဲများမှလွဲ၍ တစ်ကိုယ်တော်ကျင့်ကြံသူများ ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။ မည်သို့ပင်ဆိုစေကာမူ ချီစုစည်းဆေးလုံး၏ အမည်မှာ ချီစွမ်းအင်ဖြည့်ဆေးလုံးနှင့် မြူသန့်စင်ဆေးလုံးတို့ကဲ့သို့ပင် ရိုးရာအစဉ်အလာ ကျင့်ကြံရေးဆေးလုံးများထဲ၌ ယုံကြည်ရသော အဓိကဆေးတစ်မျိုးအဖြစ် ရပ်တည်နေဆဲဖြစ်သည်။
"နောက်တစ်ဆင့်ကတော့ အခြေတည်အဆင့် ဆေးလုံးတွေကို စမ်းသပ်ဖို့ပဲ" ဟု သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ချီစွမ်းအား ပြောင်းလဲမှု၊ သုံးစွဲနိုင်တဲ့ အကြိမ်ရေ၊ ပြီးတော့ ချင်းယွမ်အဆိပ်ဖြေနည်းရဲ့ ဆေးအဆိပ်အတောက် ဖယ်ရှားနိုင်စွမ်း.... သေချာ ကြည့်ရမယ်၊ ဒါမှ ငါ ဘယ်လမ်းကို ဆက်လျှောက်ရမလဲဆိုတာ သိရမှာ"
လော့ချန်သည် ချီစုစည်းဆေးလုံးဖြင့် စတင်ရန် ဆုံးဖြတ်လိုက်သည်။ ဆေးဘုရင်ဂိုဏ်း၏ အမှတ်တံဆိပ် ထုတ်ကုန်ဖြစ်သဖြင့် ၎င်း၏ အရည်အသွေးမှာ စိတ်ချရသည်။ တစ်ပုလင်းတွင် ဆေးလုံး ၁၀ လုံးပါဝင်ပြီး လက်ရှိ ဝိညာဉ်ဆေးနန်းဆောင်၏ ဈေးကွက်ပေါက်ဈေးမှာ တစ်ပုလင်းလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆၀၀ ရှိလေရာ သွေးတက်ချင်စရာကောင်းသော ဈေးပင်ဖြစ်သည်။
ထိုဆေးများသည် ဈေးကြီးသည်ဆိုသော်လည်း ယခင်က လေးရာမှ ငါးရာဝန်းကျင်သာ ရှိခဲ့ရာ ထိုဈေးမှာ သင့်တင့်သေးသည်ဟု ဆိုနိုင်သည်။ သို့သော် စစ်ပွဲ ကြာရှည်လာသည်နှင့်အမျှ ဈေးနှုန်းများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။
"စစ်ပွဲက ဆက်ဖြစ်နေတော့ လက်နက်ဈေးတွေတင် မဟုတ်ဘဲ ကျင့်ကြံရေး ရင်းမြစ်တွေပါ ပိုပြီး ဈေးကြီးလာတာပဲ"
'ဟူး.... ဘယ်တော့မှ ပြီးမှာလဲ မသိပါဘူး'
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ရင်း ချီစုစည်းဆေးလုံး တစ်လုံးကို မျိုချလိုက်သည်။
ဆေးလုံးမှာ ပါးစပ်အတွင်းသို့ ရောက်ရှိသွားသည်နှင့်အမျှ နွယ်မြက်သစ်ပင် ဆေးဘုရင်ကျင့်စဉ်မှာ စတင်လည်ပတ်လာပြီး သတ်မှတ်ထားသော သွေးကြောများနှင့် အပ်စိုက်မှတ်များတစ်လျှောက် ချီစွမ်းအင်များကို စီးဆင်းစေကာ ဆေးလုံးကို ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိအောင် လမ်းပြပေးလိုက်သည်။ ပုံမှန်အားဖြင့် ဤအဆင့်တွင် ဆေးလုံးသည် ဆေးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ၏ ကျင့်စဉ်နှင့်အတူ ချီစွမ်းအင် စီးကြောင်းအတွင်းသို့ ပေါင်းစပ်ကာ ဒန်ထျန်းအတွင်းသို့ ရောက်ရှိသွားရမည်ဖြစ်သည်။ ထိုဖြစ်စဉ်တွင် အစာချေဖျက်ခြင်း၊ စွမ်းအင်ထုတ်လွှတ်ခြင်း၊ ပြောင်းလဲခြင်း၊ သန့်စင်ခြင်းနှင့် စုပ်ယူခြင်းဟူသော အဆင့်များ ပါဝင်နေသည်။ သို့သော် ယခုအကြိမ်တွင်မူ ဆေးစွမ်းအင်များသည် နွယ်မြက်သစ်ပင် ဆေးဘုရင်ကျင့်စဉ်၏ လမ်းညွှန်မှုဖြင့် ချီပင်လယ်အတွင်းသို့ ရောက်ရှိသွားပြီးနောက် တိုက်ရိုက်ပေါင်းစပ်သွားခြင်းမျိုး မဟုတ်ဘဲ ချင်းယွမ်အဆိပ်ဖြေနည်းကြောင့် ဖြစ်ပေါ်နေသော ဝဲဂယက်ဆီသို့ ဦးတည်သွားခဲ့သည်။
'အခြေခံကျွမ်းကျင်မှုအဆင့်က ဘာလို့ အလုပ်လုပ်ဖို့အတွက် အနိမ့်ဆုံးသတ်မှတ်ချက် ဖြစ်နေရတာလဲဆိုတာ မဆန်းတော့ဘူးပဲ' ဟု လော့ချန် တွေးလိုက်မိသည်။
ကျင့်ကြံသူ အများစုမှာ တစ်ကြိမ်လျှင် ကျင့်စဉ်တစ်ခုကိုသာ လည်ပတ်နိုင်ကြသည်။ ဆေးလုံးများ မှီဝဲချိန်တွင် အဓိကကျင့်စဉ်ကိုသာ အသုံးပြုလေ့ရှိသဖြင့် ဆေးအဆိပ်အတောက်များကို ဖြေရှင်းရန် အခြားကျင့်စဉ်တစ်ခုကို တစ်ပြိုင်နက်တည်း အသုံးပြုရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ အဆိပ်အတောက်များမှာ စုပုံလာတတ်သည်။ သို့သော် ချင်းယွမ်အဆိပ်ဖြေနည်းမှာမူ အခြေခံကျွမ်းကျင်မှုအဆင့်သို့ ရောက်သည်နှင့် သူ့အလိုလို လည်ပတ်နေပြီဖြစ်သည်။
လော့ချန်၏ အာရုံစူးစိုက်မှုအောက်တွင် ချီစုစည်းဆေးလုံးမှ ထွက်ပေါ်လာသော ဆေးစွမ်းအင်များသည် ဝဲဂယက်အတွင်းသို့ စီးဝင်သွားသည်။ ခဏမျှအတွင်း ဝဲဂယက်မှာ ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့သော်လည်း ချီစွမ်းအင်များ၏ အထောက်အပံ့ဖြင့် အရည်အသွေး ပြောင်းလဲသွားကာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ဆေးစွမ်းအင်များသည် ဝဲဂယက်အတွင်း၌ အလွန်လျှင်မြန်သော အရှိန်ဖြင့် လည်ပတ်နေသည်။ ထိုမှတစ်ဆင့် သိပ်သည်းသော ဆေးအနှစ်သာရများမှာ ချီစွမ်းအင်အဖြစ်သို့ တစ်လှိုင်းပြီးတစ်လှိုင်း ပြောင်းလဲသွားသည်။ ထို့နောက် ဝဲဂယက်အပြင်ဘက်သို့ လှပသော စီးကြောင်းများအဖြစ် ထွက်ပေါ်လာပြီး လော့ချန်၏ ချီစွမ်းအင်များနှင့် ချောမွေ့စွာ ပေါင်းစပ်သွားတော့သည်။ ထိုဖြစ်စဉ်အတွင်း မမြင်ရသလောက်ပင် သေးငယ်လှသော မီးခိုးရောင်နှင့် အနက်ရောင် အညစ်အကြေးစလေးများမှာ သူ၏ ချီပင်လယ်အတွင်းမှ အပြင်သို့ လွင့်စင်ထွက်သွားခဲ့သည်။
လော့ချန်သည် ထိုဖြစ်စဉ်တစ်ခုလုံး အဆုံးသတ်သည်အထိ အဆင့်တိုင်းကို သေချာစွာ စောင့်ကြည့်နေခဲ့သည်။ သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ဝတ်ရုံကို မတင်လိုက်သည်။ ချက်အနီးတစ်ဝိုက်တွင် စိုစွတ်ထိုင်းမှိုင်းသော ခံစားချက်ကို သူ ရလိုက်သည်။
'ဒါက ဆေးအဆိပ်အတောက်တွေကို နှိမ်နင်းလိုက်ရတဲ့ ခံစားချက်မျိုးလား'
လော့ချန်သည် လက်တစ်ချက်ခါယမ်းကာ သန့်စင်ခြင်းမှော်အတတ်ကို အသုံးပြု၍ ကိုယ်လက်သန့်စင်လိုက်ပြီးနောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
နောက်ဆုံးတော့ သူသည် ဆေးလုံးများကို ပြန်လည်အားကိုးကာ ကျင့်ကြံနိုင်ပြီဖြစ်သည်။ သူ့အလိုလို လည်ပတ်နေသော ဝဲဂယက်မှာ ကိုယ်တိုင်ထိန်းချုပ်စဉ်ကကဲ့သို့ ထိရောက်မှုမရှိသော်လည်း အသစ်ဝင်လာမည့် ဆေးအဆိပ်အတောက်အများစုကို နှိမ်နင်းရန်အတွက်မူ လုံလောက်လှပြီဖြစ်သည်။ ကျန်ရှိနေသော အစအနများကိုမူ အချိန်ယူ၍ တဖြည်းဖြည်း သန့်စင်သွားနိုင်ပေသည်။
'ငါ့မှာသာ မှော်အတတ်ပိုင်းဆိုင်ရာ ပါရမီမရှိဘူးဆိုရင်၊ ဘယ်သူမဆို ဒီအဆင့်ကို ရောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရမှာပဲ၊ အဆင့်မြင့်ကျွမ်းကျင်မှု အထိ ရောက်ဖို့ဆိုတာကတော့ ဝေးဝေးက လှမ်းမျှော်ရမယ့် အိပ်မက်တစ်ခုပေါ့'
ထိုသို့တွေးတောပြီးနောက် လော့ချန်သည် ချီစုစည်းဆေးလုံးတစ်လုံးမှ ချီစွမ်းအင် မည်မျှရရှိသည်ကို ခန့်မှန်းတွက်ချက်ကြည့်သည်။ အခြားသူများဆိုပါက ခန့်မှန်းရုံသာ တတ်နိုင်သော်လည်း သူ့တွင်မူ စနစ် ရှိနေသည် မဟုတ်ပါလော။ သူသည် အခြေအနေပြကြေးမုံပြင်ကို ထပ်မံဖွင့်လိုက်ပြီး ကျင့်စဉ်ကဏ္ဍသို့ ကြည့်လိုက်သည်။
အဆင့် - အခြေခံတည်ဆောက်ခြင်းအဆင့် ၂ (၂၄ / ၁၀၀)
လော့ချန်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိရင်း "ဘာမှ မပြောင်းလဲဘူးလား.... အဲ့ဒီတော့ ချီစုစည်းဆေးလုံးရဲ့ ဆေးစွမ်းအင်က တိုးတက်မှုအမှတ် တစ်မှတ်တောင် မတိုးနိုင်ဘူးပေါ့" ဟု ရေရွတ်လိုက်သည်။ ချက်ချင်းပင် သူ၏ မျက်လုံးများ အရောင်တောက်သွားပြီး စတင်တွက်ချက်မှုများ ပြုလုပ်လိုက်သည်။ နောက်ပိုင်းတွင် သူသည် အချိန်ပေး၍ သေချာစွာ စမ်းသပ်မှုများ ပြုလုပ်ပြီး ကိုးကားရန်အတွက် အချက်အလက်အပြည့်အစုံကို စုဆောင်းရပေဦးမည်ဖြစ်သည်။