အခန်း (၃၄၇-၃၄၈)
Vol. 35 Ch. 347-348
အခန်း (၃၄၇) - ဒန်ရှားတောင်မှာ ပန်းတွေ ပွင့်နေဆဲပဲ၊ ဒါပေမဲ့ လူတစ်ယောက်တော့ မရှိတော့ဘူး
"အဖွဲ့ချုပ်ခေါင်းဆောင်"
"အဖွဲ့ချုပ်ခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ"
"အဖွဲ့ချုပ်ခေါင်းဆောင် ရောက်လာပြီပဲ"
ယွမ်တုန်းရှန်းက ရိုသေစွာဖြင့် ဦးညွှတ်လိုက်ချိန်တွင် လော့ချန်သည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
"နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ကျန်သေးတယ်လို့ ပြောထားတာ မဟုတ်လား.... ဘာလို့ ဒီလောက် ရုတ်တရက်ကြီး ဖြစ်သွားရတာလဲ"
လွန်ခဲ့သော တစ်နှစ်ခန့်က အဘွားယွမ်ကိုယ်တိုင် သူမတွင် အချိန်အနည်းငယ် ကျန်ရှိနေသေးကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်ကို လော့ချန် အထင်အရှား မှတ်မိနေသေးသည်။
"အဲ့ဒါ.... ဟို ဝိညာဉ်လယ်ကွင်းအသစ် ၂၀ ကြောင့်ပါပဲ အဖွဲ့ချုပ်ခေါင်းဆောင်...." ဟု ယွမ်တုန်းရှန်းက ငိုသံပါပါဖြင့် တုန်တုန်ရီရီ ပြန်ဖြေသည်။
"ကျွန်တော့်အဘွားက လော့ထျန်းအဖွဲ့မှာ စိုက်ပျိုးမြေ မလုံလောက်မှာစိုးလို့ အသစ်တွေ ထပ်တိုးချဲ့ဖို့ ကြိုးစားခဲ့တာ.... ကျွန်တော်တို့ မမျှော်လင့်ထားတာက အဲ့ဒီလယ်ကွင်းမြေအောက်မှာ ကျောမည်းကျောက်နဂါးတစ်ကောင် အိပ်ပျော်နေတာပဲ.... အဲ့ဒီမိစ္ဆာကောင် နိုးလာတော့ အကြီးအကျယ် သောင်းကျန်းပြီး လူတော်တော်များများကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်.... အဘွားက လူတွေကို ကာကွယ်ဖို့ ကိုယ်တိုင်ဝင်တိုက်ပြီး အဲ့ဒီကောင်ကို နှိမ်နင်းခဲ့ပေမဲ့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက ကြီးလွန်းခဲ့တယ်.... အဲ့ဒီတိုက်ပွဲက အဘွားရဲ့ ကျင့်ကြံမှုအခြေခံကို ယိုင်နဲ့သွားစေခဲ့တာ.... အဲ့ဒါကြောင့်ပဲ...."
ကျောက်နဂါးဆိုသည်မှာ ကျင့်ကြံသူများက အမဲလိုက်လေ့ရှိပြီး ပထမအဆင့် ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးချလေ့ရှိသော သာမန်မိစ္ဆာသားရဲ အမျိုးအစားသာ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ၎င်းတို့မှာ အန္တရာယ်နည်းပါးပြီး နှိမ်နင်းရ လွယ်ကူကာ ရန်လိုလေ့လည်း မရှိကြပေ။ သို့သော် ကျောမည်းကျောက်နဂါး မှာမူ ရှားပါးသော ခြွင်းချက်တစ်ခု ဖြစ်သည်။ သာမန်မျိုးစိတ်များနှင့်မတူဘဲ ဤမျိုးကွဲမှာ အလွန်စိတ်ဆတ်ပြီး ရန်လိုတတ်သဖြင့် အန္တရာယ်ကြီးမားလှသည်။ ၎င်းတို့သည် ရာစုနှစ်ပေါင်းများစွာကြာအောင် အိပ်မောကျနေတတ်သော်လည်း ရုတ်တရက် နိုးထလာပါက မြင်မြင်သမျှ အငြိုးတကြီး တိုက်ခိုက်ဖျက်ဆီးတတ်သည်။ ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် မိစ္ဆာသားရဲများကိုပင် မကြောက်ဘဲ ရက်စက်ကြမ်းကြုတ်စွာဖြင့် တိုက်ခိုက်လေ့ရှိသည့် အစွန်းရောက် သတ္တဝါမျိုး ဖြစ်သည်။
ထိုကဲ့သို့သော သတ္တဝါမျိုးကို နှိမ်နင်းရန် အဘွားယွမ်အနေဖြင့် မည်မျှအထိ အင်အားသုံးခဲ့ရမည်ကို ခန့်မှန်းရန် မခက်ပေ။ သူမ၏ ခန္ဓာကိုယ်မှာ မီးစာကုန်နေသော ဆီမီးကဲ့သို့ ဖြစ်နေပြီး ချီစွမ်းအင်များမှာလည်း ခန်းခြောက်လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။ ဤအရွယ်နှင့် ထိုကဲ့သို့ ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးလိုက်ခြင်းနှင့် အတူတူပင်။ ထိုတိုက်ပွဲက သူမ၏ နောက်ဆုံးအချိန်ကို ဆွဲခေါ်လာပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။
သူမသည် လွန်ခဲ့သော တစ်လလုံးလုံး အိပ်ရာပေါ်တွင် သတိရတစ်ချက်၊ မရတစ်ချက်ဖြင့် လဲလျောင်းနေခဲ့ရခြင်း ဖြစ်သည်။ စီမာဟွေ့နန်က အသံလွှင့်မှော်စာရွက်မှတစ်ဆင့် ကြိုတင်အကြောင်းကြားထားပြီး ဖြစ်ရာ လော့ချန်သည် စိတ်ထဲ၌ အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
လော့ချန် ခပ်တိုးတိုး အသံပြုလိုက်ပြီး အခန်းထဲသို့ တန်းဝင်သွားခဲ့သည်။ ပြင်းထန်သော ဆေးနံ့များက နှာခေါင်းကို စူးရှသွားစေသော်လည်း သူ၏ အမူအရာမှာ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။ သူ၏ အကြည့်မှာ လေထုကို ဖြတ်ကျော်ကာ အိပ်ရာပေါ်တွင် လဲလျောင်းနေသော ပုံရိပ်ငယ်လေးပေါ်၌ ရပ်တန့်သွားသည်။ သူ ရောက်ရှိလာသည်ကို အာရုံခံမိသကဲ့သို့ ယခင်က တုံ့ပြန်မှုမရှိခဲ့သော အဘွားအိုသည် သူမ၏ ဝေဝါးနေသော မျက်လုံးများကို ဖြည်းညှင်းစွာ လှုပ်ရှားလိုက်ပြီး လော့ချန်ကို ကြည့်လိုက်သည်။
ထိုခဏတွင် သူမ နိုးနေပြီဖြစ်ကြောင်း လော့ချန် သိလိုက်သည်။ သူ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ပြီး သူမ၏ အခြေအနေကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ရာ၊ ခဏမျှအတွင်း အံ့ဩသွားရသည်။
အဘွားယွမ်၏ ဝိညာဉ်မှာ လေထဲတွင် တုန်ခါနေသော ဖယောင်းတိုင်မီးကဲ့သို့ အလွန်ပင် အားနည်းနေခဲ့ပြီဖြစ်သည်။ ၎င်းမှာ အချိန်မရွေး ငြိမ်းသတ်ခံရတော့မည့် အခြေအနေတွင် ရှိနေသည်။ သို့သော်လည်း ကွယ်ပျောက်တော့မည့်အချိန်တိုင်းတွင် ဇွဲနပဲကြီးစွာဖြင့် ပြန်လည်တောက်ပလာပြီး အသက်ဓာတ်ကို ဖက်တွယ်ထားဆဲပင် ဖြစ်သည်။ သူမသည် သဘာဝအတိုင်း အသက်ရှင်နေခြင်း မဟုတ်တော့ဘဲ၊ ပြင်းထန်လှသော စိတ်ဆန္ဒတစ်ခုကြောင့်သာ အသက်ဆက်နေခြင်း ဖြစ်သည်။ ထိုဇွဲ၏ အကြောင်းရင်းမှာ ရှင်းလင်းလှသည်။ သူမသည် မိမိအား စောင့်နေခဲ့ခြင်း ဖြစ်သည်။
ဝမ်းနည်းဖွယ် အပြောအဆိုများဖြင့် အချိန်ဖြုန်းနေရန် မလိုပေ။ လော့ချန် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း သူ၏ လည်ချောင်းမှာ ခြောက်သွေ့နေသည်။
"အဘွားယွမ်.... ယွမ်ယွဲ့ကျောင်း"
သူ တိုးညှင်းသော်လည်း လေးနက်သော အသံဖြင့် စပြောလိုက်သည်။
"လော့ထျန်းအဖွဲ့ရဲ့ ဆေးဝါးခန်းမခေါင်းဆောင်.... သူမဟာ ခုနစ်နှစ်တာကာလပတ်လုံး အဖွဲ့အပေါ် သစ္စာရှိရှိ တာဝန်ကျေပွန်ခဲ့သူပါ.... သူမရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို မနားမနေ စီစဉ်ပေးခဲ့သလို၊ အဖွဲ့သားတွေအတွက် အဓိကရိက္ခာဖြစ်တဲ့ ဝိညာဉ်ဆန်တွေကိုလည်း အမြဲမပြတ် အသင့်ရှိအောင်လုပ်ပေးခဲ့ပါတယ်.... တိုက်ပွဲပေါင်းစုံမှာ ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေကိုလည်း အစွမ်းကုန် ကုသပေးခဲ့တယ်.... လော့ထျန်းအဖွဲ့အနေနဲ့ သူမရဲ့ ကျေးဇူးတရားကို အမြဲတမ်း အမှတ်ရနေမှာပါ.... သူမဟာ ဒန်ရှားတောင်မှာ ဝိညာဉ်လယ်ကွင်း ၄၀၀ ကျော်ကို ပြုစုစိုက်ပျိုးခဲ့ပြီး ၂၀ ကို အသစ်ထပ်မံ တိုးချဲ့ခဲ့တယ်.... ဒါဟာ ကျွန်တော်တို့ လော့ထျန်းအဖွဲ့အတွက် ခိုင်မာတဲ့ အုတ်မြစ်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေပဲ ဖြစ်ပါတယ်"
"ကျွန်တော် လော့ချန်.... လော့ထျန်းအဖွဲ့ရဲ့ အဖွဲ့ချုပ်ခေါင်းဆောင်အနေနဲ့ သူမရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြု ဂုဏ်ပြုလိုက်ပါတယ်.... ဂုဏ်ပြုဆုအဖြစ် အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံး ပုလင်း ၂၀၊ အနှစ်သာရမွေးမြူရည် ၁၀ အိုးနဲ့ ချီလမ်းကြောင်းဆေးလုံး ၃ လုံးကို ပေးအပ်ချီးမြှင့်မယ်.... ဒါ့အပြင် ယွမ်မျိုးနွယ်စုရဲ့ အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းနိုင်ဖို့ ဒုတိယအဆင့် ရေဓာတ်ကျင့်စဉ် တစ်စောင်နဲ့ မှော်လက်နက်တွေကိုပါ အပ်နှင်းလိုက်ပါတယ်.... နောက်ဆုံးအနေနဲ့ ယွမ်မျိုးနွယ်စုဟာ အသစ်တိုးချဲ့ထားတဲ့ ဝိညာဉ်လယ်ကွင်း ၂၀ ရဲ့ အမြတ်အစွန်း ၅၀ ရာခိုင်နှုန်းကိုလည်း တစ်သက်တာလုံး ခံစားပိုင်ဆိုင်ခွင့် ရှိစေရမယ်"
လော့ချန်၏ အမိန့်ပြန်တမ်းမှာ တည်ငြိမ်ပြီး ပြတ်သားလှရာ သံသယဖြစ်ဖွယ် မရှိပေ။ စကားလုံးတိုင်းမှာ ယွမ်ယွဲ့ကျောင်း၏ ဘဝနိဂုံးကို တရားမျှတမှုနှင့် ဂုဏ်သိက္ခာတို့ဖြင့် ရေးထိုးလိုက်သော တရားဝင် တံဆိပ်ခတ်နှိပ်မှုများပင်။ အထူးသဖြင့် ဝိညာဉ်လယ်ကွင်း ၄၀၀ ကျော်ကို စီမံခန့်ခွဲခဲ့ခြင်းမှာ ငြင်းချက်ထုတ်ရန်မလိုသော စွမ်းဆောင်ချက်ကြီးတစ်ခု ဖြစ်သည်။ သူမ ယခု ကွယ်လွန်သွားခဲ့လျှင်ပင် ထိုဆုလာဘ်များကို သူမ၏ အမွေခံ ယွမ်တုန်းရှန်းထံသို့ ပေးအပ်မည်သာ ဖြစ်သည်။
လော့ချန် စကားပြောနေစဉ်တွင် အဘွားအို၏ မျက်လုံးထဲမှ ဝေဝါးမှုများမှာ တဖြည်းဖြည်း လွင့်ပါးသွားပြီး ကြယ်စင်များကဲ့သို့ မှေးမှိန်သော အလင်းတန်းလေးတစ်ခုမှာ စတင်တောက်ပလာသည်။
လော့ချန်၏ အသံမှာ တိုးသထက်တိုးသွားပြီး သူ ညင်သာစွာ ဆိုလိုက်သည်။
"အခုတော့ အေးအေးချမ်းချမ်း အနားယူလိုက်ပါတော့.... ဒန်ရှားတောင်ရဲ့ ဝိညာဉ်လယ်ကွင်းတွေဟာ နှစ်စဉ်နှစ်တိုင်း ဆက်ပြီးတော့ ဝေဆာနေမှာဖြစ်သလို၊ ယွမ်မျိုးနွယ်စုရဲ့ အမွေအနှစ်ဟာလည်း ဆက်လက် တည်တံ့နေမှာပါ"
ထို့နောက်တွင်မူ သူ တိတ်ဆိတ်သွားခဲ့သည်။ သူသည် နောက်သို့ လှည့်မကြည့်ဘဲ အခန်းထဲမှ တိတ်ဆိတ်သော ခြေလှမ်းများဖြင့် ထွက်ခွာခဲ့တော့သည်။ သူ့နောက်တွင် ယွမ်တုန်းရှန်း၏ ကြေကွဲဖွယ် ရှိုက်ကြီးတငင် ငိုသံမှာ ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။
အပြင်ဘက်တွင် မုရုံချင်းလျန်က အသင့် စောင့်ဆိုင်းနေသည်။ လော့ချန်သည် သူမ၏ မျက်ဝန်းများကို ဆုံမကြည့်ဘဲ လေထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေသည့် နွေပန်းပွင့်လေးများကိုသာ ငေးမောနေမိသည်။
"အားလုံးကို မှတ်တမ်းတင်ထားရဲ့လား" ဟု သူ တိုးညှင်းစွာ မေးလိုက်သည်။
မုရုံချင်းလျန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"အကုန် အစီအစဉ်ချပြီးပါပြီ.... အသုဘချပြီးတာနဲ့ ဆုလာဘ်နဲ့ ရိက္ခာအားလုံးကို ယွမ်တုန်းရှန်းဆီ လွှဲပေးလိုက်ပါ့မယ်"
"သင်္ချိုင်းကို ဘယ်မှာ ထားဖို့ စဉ်းစားထားလဲ"
"စီမန်ခန့်ခွဲ့ရေးမှူးနဲ့ တိုင်ပင်ပြီးပါပြီ"
မုရုံချင်းလျန်က တည်ငြိမ်အေးဆေးစွာ ပြန်ဖြေသည်။
"ဒန်ရှားတောင်ရဲ့ နောက်ဘက်ခြမ်းကို သင်္ချိုင်းမြေအဖြစ် သတ်မှတ်ဖို့ ဒေါ်လေးတို့ စီစဉ်ထားပါတယ်.... နောင်မှာ လော့ထျန်းအဖွဲ့အတွက် အကျိုးပြုခဲ့တဲ့ ကျင့်ကြံသူတွေကို အဲ့ဒီမှာ ဂုဏ်ပြုမြှုပ်နှံပါမယ်"
"ကောင်းပါပြီဗျ"
လော့ချန် ခေါင်းညိတ်လိုက်သည်။
"သင်္ဂြိုဟ်တဲ့ ကိစ္စတွေကို ဒေါ်လေးပဲ အစအဆုံး စီစဉ်လိုက်ပါ.... ကျွန်တော် ဒေါ်လေးကို စိတ်ချပါတယ်"
ဝေဆောနေသော ပန်းပွင့်များပေါ်တွင် အဓိပ္ပာယ်မဲ့ ဝေ့ဝဲနေသည့် သူ၏အကြည့်တို့သည် ခြံဝန်းအတွင်း၌ စုဝေးနေကြသော လူများထံသို့ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိသွားသည်။
တံခါးဝ၌ ရှို့ကုသည် ကျန်းယီလုံလေး၏လက်ကို ဆုပ်ကိုင်ထားရင်း တရှုံ့ရှုံ့ ငိုကြွေးနေရှာသည်။ အဘွားယွမ်သည် ဖိုရှန်းဂိုဏ်းခေတ်ကတည်းက ဆေးဝါးခန်းမဆောင်၏ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ခဲ့သလို လော့ထျန်းအဖွဲ့ ဖြစ်လာချိန်အထိလည်း အတူရှိခဲ့သူဖြစ်သည်။ တစ်ချိန်က သူမနှင့် ကျန်းဝမ်ကြားရှိ အာဃာတဟောင်းများကို ဖျန်ဖြေပေးပြီး အိမ်ထောင်ရက်သား ချပေးခဲ့သူမှာ အဘွားယွမ်ပင် ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အဘွားယွမ် ကွယ်လွန်ချိန်တွင် ယွမ်တုန်းရှန်းမှလွဲ၍ ရှို့ကုထက် ပိုမိုဝမ်းနည်းရသူ မရှိနိုင်တော့ပေ။
ဘေးနားရှိ ယီလုံလေးမှာမူ မိန်းမောတွေဝေစွာဖြင့် တိတ်ဆိတ်နေသည်။ သူ၏မျက်လုံးလေးများက အဘွားယွမ် လဲလျောင်းနေသည့် အခန်းဆီသို့ စိုက်ကြည့်နေပြီး ဘာကိုမှ သတိမထားမိဘဲ လက်ညှိုးလေးကိုသာ စုပ်နေမိသည်။ သေခြင်းတရားကို နားလည်ရန် အလွန်ငယ်ရွယ်လွန်းသေးသော်လည်း ပတ်ဝန်းကျင်၌ လွှမ်းမိုးနေသည့် ဝမ်းနည်းရိပ်များကိုမူ သူလည်း သိရှိနေပုံရသည်။
လော့ချန်က လက်ယမ်းပြလိုက်ရာ ကောင်လေးသည် ရှို့ကု၏လက်ထဲမှ ရုန်းထွက်ပြီး ပြေးလာခဲ့သည်။
"ယီလုံလေး.... လာဦး"
လော့ချန် နူးညံ့စွာ ဆိုလိုက်သည်။
"လာ.... သွားကစားရအောင်၊ မင်းအမေနဲ့ တခြားလူတွေကို အချိန်နည်းနည်းလောက် ပေးလိုက်ရအောင်နော်"
ယီလုံက နောက်သို့ တစ်ချက်လှည့်ကြည့်သည်။ ရှို့ကုက မျက်ရည်များကြားမှပင် အားတင်းကာ ပြုံးပြရင်း လက်ယမ်းပြလိုက်သဖြင့် ကောင်လေးလည်း ပြန်ပြုံးပြကာ လော့ချန်၏လက်ကို တင်းတင်းဆုပ်ကိုင်၍ ခြံဝန်းအတွင်းမှ ထွက်ခွာလာခဲ့ကြသည်။
တောင်ပေါ်လမ်းအတိုင်း လျှောက်လာကြစဉ် နောက်ကွယ်မှ ရှိုက်သံများမှာ တဖြည်းဖြည်း တိုးမှိန်သွားတော့သည်။ ရှေ့တွင်မူ ယီလုံသည် ကျောက်ခဲများကို ခုန်ကျော်ကာ၊ သစ်မြစ်များကို ရှောင်ကွင်းရင်း လမ်းကလေးအတိုင်း မြူးထူးခုန်ပေါက် ပြေးလွှားနေသည်။ သူ၏ တက်ကြွလန်းဆန်းနေသော စွမ်းအင်များမှာ နောက်ကွယ်တွင် ကျန်ရစ်ခဲ့သည့် လေးလံထိုင်းမှိုင်းမှုနှင့် အလွန်ပင် ဆန့်ကျင်ဘက် ဖြစ်နေသည်။
"ယီလုံလေးက အခုဆို ၆ နှစ်တောင် ရှိပြီပဲ" လော့ချန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ငါအမှတ်မမှားဘူးဆိုရင် သူဟာ ငါ အခြေတည်အဆင့်ကို မရောက်ခင် နှစ်နှစ်အလိုမှာ မွေးခဲ့တာ.... အဲ့ဒီနောက်မှာ ငါ သုံးနှစ်ကြာ တံခါးပိတ်ကျင့်ကြံခဲ့တယ်.... ပြီးတော့ ထျန်းလန် နတ်ဘုရားမြို့တော်မှာ တစ်နှစ် ရှိခဲ့ပြီ"
လော့ချန်၏ နှလုံးသားထဲတွင် တိတ်ဆိတ်သော အေးစက်မှုတစ်ခု ဝင်ရောက်လာသည်။
‘လူတစ်ယောက် သေဆုံးသွားတဲ့အခါ သူတို့ တကယ်ပဲ ဘာတွေ ချန်ထားခဲ့ကြတာလဲ.... သူတို့ရဲ့ သွေးမျိုးဆက်လား၊ ဒါမှမဟုတ် အမှတ်တရအနေနဲ့ ထွန်းညှိထားတဲ့ အမွှေးတိုင်တွေလား ဒါမှမဟုတ် သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက် ကောင်းမှု၊ ဆိုးမှုတွေကို ဆုံးဖြတ်ပေးတဲ့ စကားလုံး အနည်းငယ်လား.... ငါ.... ငါသာ သေဆုံးသွားခဲ့မယ်ဆိုရင် ဘာတွေ ကျန်ရစ်ခဲ့မှာလဲ’
ရုတ်တရက် လော့ချန် မေးလိုက်သည်။
"ယီလုံလေး.... မင်းကြီးလာရင် ဘာဖြစ်ချင်လဲ"
ကလေးငယ် ကျန်းယီလုံသည် သစ်ကိုင်းတစ်ခုတွင် တွဲလောင်းခိုနေပြီး သူ၏ လုံးတုံးတုံး ခန္ဓာကိုယ်လေးကို ချိန်သီးတစ်ခုလို လွှဲနေရင်း ပြန်ဖြေသည်။
"သားလား.... ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှာပြီးတော့ မိန်းမယူချင်တယ်ဗျ"
"ဟင်"
လော့ချန်တစ်ယောက် အံ့ဩလွန်း၍ ဆွံ့အသွားရသည်။
"အဲ့ဒါ.... မင်းကို ဘယ်သူသင်ပေးတာလဲ"
ကောင်လေးသည် သစ်ကိုင်းပေါ်သို့ ကျွမ်းကျင်စွာ ပြန်တက်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မတ်တတ်ရပ်ကာ "ဦးလေးယွမ် သင်ပေးတာလေ.... သူက အဘွားယွမ်ကို အမြဲပြောနေကျ၊ သူ မိန်းမယူမယ်၊ ကလေးတွေ မွေးမယ်၊ ပြီးရင် ယွမ်မျိုးနွယ်စုရဲ့ နာမည်ကို ဆက်ခံစေမယ်တဲ့" ဟု ပြန်ဖြေလိုက်သည်။
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသော်လည်း စိတ်ထဲတွင် ဖြစ်ပေါ်လာသော အတွေးစအချို့ကြောင့် ပြန်လည် ပြေလျော့သွားသည်။
'အင်းလေ.... လူတိုင်းမှာ ကိုယ်စီ အိမ်မက်တွေ၊ ကိုယ်စီ ပန်းတိုင်တွေ ရှိကြတာပဲ'
ချွီလင်ကျွင်းသည် ငယ်စဉ်ကတည်းက လော့ချန်၏ လွှမ်းမိုးမှုကို ခံခဲ့ရသဖြင့် ထူးချွန်သော ဆေးဖော်စပ်သူဖြစ်ရန် ရည်မှန်းခဲ့သည်။ ကျန်းယီလုံမှာမူ အမျိုးသမီးများ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့ရပြီး ကျန်းဝမ် မကွယ်လွန်မီက ထားရစ်ခဲ့သည့် သွန်သင်မှုများကို အမြဲ ကြားနာခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် သူ၏ လောကကြီးအပေါ် အမြင်မှာလည်း ထိုအရာများပေါ်တွင်သာ အခြေခံပြီး ပုံဖော်ခံရပေလိမ့်မည်။ ဤသည်မှာ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်ပြီး အပြင်လူတစ်ယောက် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။
အမွေအနှစ်၊ သွေးမျိုးဆက်၊ ခေတ်အဆက်ဆက် တည်တံ့မည့် ဂုဏ်ဒြပ်များ၊ ထိုအရာများအားလုံးသည် လော့ချန်အတွက်မူ အရေးမကြီးပေ။
အသက်ရှည်ခြင်း၊ မသေမျိုး ဖြစ်ခြင်းကသာ အရေးကြီးဆုံးဖြစ်သည်။ ဤလောကကြီးတွင် သူ မမြင်ဖူးသေးသည့် အံ့ဩဖွယ်ရာများစွာ ရှိနေသေးသည်။ နှစ်တစ်ရာဆိုသည့် သက်တမ်းမှာ အလွန်တိုတောင်းလွန်းလှသည်။
လော့ချန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လက်လှမ်းကာ ကျန်းယီလုံကို ဖမ်းဆွဲလိုက်သည်။
"ဟိတ်ကောင်လေး.... မင်း အခုတလော အရမ်းဆိုးနေပြီနော်.... စာတွေ ဖတ်တတ်ပြီလား.... ကျမ်းစာတွေရော လေ့လာပြီးပြီလား"
လော့ချန်က ကလေးငယ်လက်ကို ဆွဲကာ ဒန်ရှားတောင်ထိပ်ရှိ လော့ထျန်းအဖွဲ့၏ ခန်းမဆောင်ကြီးဆီသို့ ဦးတည်လိုက်သည်။ ကလေးငယ်မှာမူ နှုတ်ခမ်းလေးတဆူဆူ ဖြစ်နေတော့သည်။
တစ်ဖက်တွင်လည်း အလုပ်များထဲ၌ နစ်မြောနေသော စီမာဟွေ့နန်တစ်ယောက် ရုတ်တရက် ရောက်ရှိလာသော အသံလွှင့်သတင်းစကားကြောင့် တုန်လှုပ်သွားခဲ့သည်။
"ဟွေ့နန် ငါ့ဆီကို လာခဲ့ဦး.... အခု ချက်ချင်းနော်"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၄၈) - ဈေးကွက်ကို သိမ်းပိုက်မယ့်သူ
ခိုင်ခံ့ကြီးမားသော တိုင်လုံးကြီးများ၊ စနစ်တကျခင်းကျင်းထားသော ကျောက်ပြားများဖြင့် အသစ်စက်စက် ခန်းမဆောင်ကြီးမှာ ရိုးရှင်းမှုအတိကို ဖော်ဆောင်နေသည်။
ဤသည်မှာ လော့ထျန်းအဖွဲ့၏ ခန်းမဆောင်ကြီးပင် ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးများကို အတတ်နိုင်ဆုံး ချွေတာရန် ရည်ရွယ်ခဲ့သောကြောင့် ရိုးရိုးရှင်းရှင်းသာ ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။ လော့ချန်သည် ရွှေရောင်ဝင်းပနေသည့် အပြင်အဆင်များ သို့မဟုတ် နတ်ဘုရားဆန်သည့် ခမ်းနားထည်ဝါမှုများကို မမက်မောပေ။
ယခုအချိန်တွင် လက်တွေ့ကျမှုကသာ အရေးအကြီးဆုံးဖြစ်သည်။ ရိုးရှင်းခြင်းမှာ မွန်မြတ်သော အကျင့်တစ်ခုဖြစ်ရုံသာမက လက်ရှိအခြေအနေအရလည်း ထိုသို့လုပ်ရန် လိုနေသည်။ အစပျိုးခြင်းသည် အမြဲခက်ခဲတတ်ရာ ယခုအချိန်တွင် အရာရာကို ရိုးရှင်းစွာ ထားရှိခြင်းကသာ အကောင်းဆုံးဖြစ်သည်။
သူ လော့ထျန်းခန်းမဆောင်ကြီးသို့ ရောက်ရှိလာချိန်တွင် စီမာဟွေ့နန်၊ ကူချိုင်ယီ၊ တွမ်ဖုန်းနှင့် ချွီလင်ကျွင်းတို့မှာ အသင့် စောင့်ဆိုင်းနေကြပြီဖြစ်သည်။ လော့ချန်သည် စကားအပိုဆိုမနေတော့ဘဲ သူအသိချင်ဆုံးဖြစ်သည့် ကျောက်စိမ်းအမြုတေဆေးလုံး၏ ဈေးကွက်အခြေအနေကို ချက်ချင်း မေးမြန်းလိုက်တော့သည်။
"မိန်းကလေး ချိုင်ယီ.... အခြေအနေဘယ်လိုရှိလဲ ပြောပါဦး"
ကူချိုင်ယီက ခေါင်းညိတ်ပြကာ သူမ တစ်နှစ်ပတ်လုံး စုံစမ်းထားသမျှကို တစ်ခုချင်း အစီရင်ခံတော့သည်။
"ပထမဆုံးအနေနဲ့ သန့်စင်ပြီးသား ကျောက်စိမ်းအကြောင်း တင်ပြပါမယ်....”
“လောလောဆယ် ထျန်းလန် နတ်ဘုရားမြို့တော်မှာ အဲ့ဒီပစ္စည်းကို အမြောက်အမြား ထောက်ပံ့ပေးနိုင်တဲ့ ဆိုင်ပေါင်း ဆယ်ဆိုင်မက ရှိပါတယ်.... ဆိုလိုတာက ကျွန်မတို့ ကုန်ကြမ်းနဲ့ပက်သက်လို့ အခက်အခဲမရှိနိုင်ပါဘူး.... ပြဿနာကတော့ စစ်ပွဲကြောင့် အဲ့ဒီကျောက်စိမ်းဈေးတွေ တက်နေပါတယ်.... ကျွန်မတို့ အရင်းအနှီး ပိုကုန်လာနိုင်တာကို ထည့်တွက်ထားရပါလိမ့်မယ်...."
လော့ချန် နားထောင်နေရင်း မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ဤတစ်နှစ်အတွင်း သူမ တကယ်ပင် ကြိုးစားအားထုတ်ခဲ့သည်မှာ ထင်ရှားလှသည်။ ဆေးလုံးဈေးကွက်ကိုသာ စုံစမ်းခိုင်းထားသော်လည်း သူမက ကုန်ကြမ်းပိုင်းဆိုင်ရာ သတင်းအချက်အလက်များကိုပါ စုံစုံလင်လင် စုဆောင်းထားခဲ့သည်။
"ဒုတိယ တင်ပြချင်တာက.... ပြိုင်ဘက်တွေအကြောင်းပါ.... ထျန်းလန် နတ်ဘုရားမြို့တော်မှာ အဆင့်နိမ့်ကျင့်ကြံသူတွေအတွက် သင့်တော်တဲ့ ကျင့်ကြံရေးဆေးလုံး အမျိုးအစား ၁၅ မျိုးလောက် ရှိပါတယ်.... အဲ့ဒီထဲမှာ ဝိညာဉ်ဆေးနန်းဆောင်ရဲ့ ချီစုစည်းဆေးလုံးနဲ့ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ နဂါးပျံဆေးလုံးတွေက ဈေးကွက်ကို ဦးဆောင်နေတာပါ.... အခု ဈေးနှုန်းတွေက တက်နေတော့ တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး ၁၂၀ နဲ့ ၁၁၀ အသီးသီး ရှိပါတယ်.... စစ်ပွဲကြောင့် အရင်ကထက် ဈေးကြီးနေတာပါ"
"ကျန်တဲ့ ၁၃ မျိုးကတော့ ဘုရင်မပန်းဂိုဏ်း၊ ပျံလွှားဂိုဏ်းနဲ့ တခြား ကျင့်ကြံသူမျိုးနွယ်စုတွေဆီက လာတာပါ.... ဂိုဏ်းကြီးတွေက ထွက်တဲ့ဆေးတွေကတော့ အရည်အသွေး စိတ်ချရတာကြောင့် တစ်ပုလင်းကို ပျမ်းမျှ ဝိညာဉ်ကျောက်တုံး ၁၀၀ ဝန်းကျင်ရှိပါတယ်.... ဒါပေမဲ့ အဖွဲ့အစည်းငယ်လေးတွေကတော့ အရည်အသွေးကို မထိန်းနိုင်ကြဘူး.... ဒါကြောင့် သူတို့ဆေးတွေက စစ်ပွဲဖြစ်နေတာတောင် ဝိညာဉ်ကျောက်တုံး ၉၀ ထက် ပိုမရောင်းရသလို၊ ဈေးကွက်ဝေစုလည်း အများကြီး မရှိပါဘူး"
စကားများကို ဆက်တိုက် ပြောနေရသဖြင့် ကူချိုင်ယီသည် အဆင့် (၉) ကျင့်ကြံသူ ဖြစ်သော်လည်း ခဏတာ မောသွားရသည်။ ခန္ဓာကိုယ် ပင်ပန်းသွားခြင်း မဟုတ်ဘဲ သတင်းအချက်အလက် များစွာကို တစ်ပြိုင်နက် စဉ်းစားနေရခြင်းကြောင့် အနည်းငယ် နွမ်းလျသွားခြင်းသာ ဖြစ်သည်။ သူမသည် လပေါင်းများစွာတိုင်အောင် ဈေးကွက်ထဲရှိ အဆင့်နိမ့်ဆေးလုံးများ၏ အမည်များ၊ အာနိသင်များသာမက ၎င်းတို့၏ ဈေးနှုန်းနှင့် ရင်းမြစ်များကိုပါ အလွတ်ရအောင် လေ့လာခဲ့ခြင်းဖြစ်သည်။ ပြန်ပြောပြသည့်အခါတွင်လည်း လော့ချန် ဈေးကွက်အခြေအနေကို ကွင်းကွင်းကွက်ကွက် မြင်သာစေရန် သူမ ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အခြေအနေများအပေါ် မူတည်ကာ သုံးသပ်ချက်များပါ ထည့်သွင်းပြောပြရသည်။
လော့ချန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သောအခါမှ သူမ စိတ်အေးသွားပြီး "နောက်ဆုံးအနေနဲ့ ကျွန်မ မြင်ရသလောက်တော့.... ထျန်းလန် နတ်ဘုရားမြို့တော်ရဲ့ အဆင့်နိမ့်ဆေးလုံးဈေးကွက်က ပြည့်နှက်နေပါပြီ.... ကျွန်မတို့ ထိုးဖောက်ဝင်ရောက်ဖို့ တော်တော်လေး ခက်ခဲပါလိမ့်မယ်" ဟု ဆက်ပြောလိုက်သည်။
ချွီလင်ကျွင်းက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“ဘယ်လို အခက်အခဲမျိုးတွေလဲ”
“ဈေးနှုန်းနှိမ်တာတွေ၊ လုပ်ငန်းတူပြိုင်ဆိုင်မှုတွေ၊ ပြီးတော့....”
ကူချိုင်ယီ စကားစရပ်ကာ ဝေခွဲမရဖြစ်သွားသည်။
လော့ချန်က သူမ၏ စကားကို ဖြည့်စွက်ပေးလိုက်သည်။
“အထက်လူကြီးတွေဆီက ခွင့်ပြုချက် ရ၊ မရ ဆိုတဲ့ ပြဿနာလား”
ကူချိုင်ယီ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်.... ကျင့်ကြံသူမျိုးနွယ်စု သုံးခုဟာ သူတို့ဆေးတွေ ရောင်းချနိုင်ဖို့အတွက် သူတို့နဲ့ ပတ်သက်နေတဲ့ ဂိုဏ်းကြီးတွေကို ဝိညာဉ်ကျောက်တုံးတွေနဲ့ အခွန်ဆက်နေရတာကို ကျွန်မ တွေ့ခဲ့ရတယ်....”
“အမှန်အတိုင်း ပြောရရင် အဖွဲ့ခေါင်းဆောင် ကျွန်မကိုပေးခဲ့တဲ့ ကျောက်စိမ်းအမြုတေဆေးလုံးတွေကို အရင်ကဆို တစ်လ၊ နှစ်လအတွင်း ကုန်အောင်ရောင်းလို့ ရပါတယ်.... ဒါပေမဲ့ ဒီတစ်ခါတော့ မှောင်ခိုဈေးကွက်တွေ၊ သာမန်လမ်းကြောင်းတွေနဲ့ မြို့တွင်းဈေးတွေမှာ တစ်နှစ်ပတ်လုံး ကြိုးစားရောင်းချမှပဲ ကုန်သွားခဲ့တာပါ"
လူလားမြောက်ကာ လူငယ်တစ်ဦးအသွင် ဆောင်နေပြီဖြစ်သော ချွီလင်ကျွင်းမှာ ထိုအခက်အခဲများကို ကြားရသောအခါ ခေါင်းနားပန်းကြီးသွားရသည်။ ဆေးလုံးဖော်စပ်ခြင်းကသာ ခက်ခဲသည်ဟု သူထင်ခဲ့သော်လည်း ဆေးလုံးရောင်းရခြင်းက ပို၍ပင် ခက်ခဲလှပါလားဟု တွေးမိနေသည်။
စီမာဟွေ့နန်သည်လည်း ထိုသတင်းကြောင့် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိသည်။ ထိုဆေးလုံးများ၏ တန်ဖိုးကို သူမ ကောင်းကောင်းသိသည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် လော့ထျန်းအဖွဲ့အနေဖြင့် မည်သို့ တိုးတက်အောင်မြင်နိုင်ပါတော့မည်နည်း။ တိုးတက်ဖို့ နေနေသာသာ ဤနှုန်းအတိုင်းဆိုလျှင် လော့ချန်၏ ကျင့်ကြံမှုအတွက် ထောက်ပံ့ပေးရန်ပင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပေလိမ့်မည်။ ခဏမျှအတွင်း စီမံခန့်ခွဲ့ရေးမှူးဖြစ်သည့် သူမပင် ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားခဲ့ရသည်။
သို့သော် လော့ချန်မှာမူ လုံးဝ တည်ငြိမ်နေသည်။
"ပြိုင်ဘက်တွေ များနေတာလား.... အဲ့ဒါ ပြဿနာမဟုတ်ပါဘူး.... အဲ့ဒါကို ဈေးကွက်ကြီးမားတယ်လို့ ခေါ်တယ်.... ပြည့်နှက်နေတာ မဟုတ်ဘူး.... ငါတို့ရဲ့ ကျောက်စိမ်းအမြုတေဆေးလုံးတွေက အရင်းအနှီး အရမ်းနည်းတယ်.... ပြီးတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း ငါ ဖြေရှင်းပြီးပြီ.... ဆေးစွမ်းက သာမန် ချီစုစည်းဆေးလုံးထက် မနိမ့်ဘူး.... ဆိုလိုတာက ငါတို့တွေ ဈေးနှုန်းနဲ့ပဲ ဈေးကွက်ထဲကို အတင်းတိုးဝင်လို့ရတယ်.... အထက်လူကြီးတွေဆီကလာမဲ့ ဖိအားဆိုတာကတော့...."
လေးဦးသား လော့ချန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။
လော့ချန် အမှန်တကယ်ပင် ထိုအရာကို ဖြေရှင်းနိုင်ပါ့မည်လော။ အဆုံးတွင် ထျန်းလန် နတ်ဘုရားမြို့တော်ရှိ အဓိကအင်အားစုများတွင် ကျောက်စိမ်းအိုးနယ်မြေမှ ဂိုဏ်းခုနစ်ခု သာမက အခြားနယ်မြေများမှ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းများပင် ပါဝင်နေသည်မဟုတ်ပါလော။ သူသည် ခရီးစဉ်တစ်လျှောက် အံ့ဖွယ်များကို တစ်ခုပြီးတစ်ခု ဖန်တီးနိုင်ခဲ့သော်လည်း ဤမျှ မြင့်မားသော အဆင့်အတန်းရှိသည့်နေရာတွင်ပင် ရှေ့သို့ လမ်းဖောက်နိုင်ပါဦးမည်လော။
သူ့လူများ၏ သိလိုစိတ်၊ စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသော အကြည့်များကို ရင်ဆိုင်ရင်း လော့ချန် လေသံအေးအေးဖြင့် ပြောလိုက်သည်။
"အထက်လူကြီးတွေဆီကလာမဲ့ ဖိအားကို ငါပဲ ကိုင်တွယ်လိုက်မယ်.... မင်းတို့ စိတ်ပူစရာ မလိုဘူး"
သူ အမှန်တကယ်ပင် ဖြေရှင်းနိုင်ပါမည်လော။ သူတို့ လေးဦးစလုံးမှာ တစ်ဦးကိုတစ်ဦး အံ့ဩစွာ ကြည့်လိုက်ကြပြီး လော့ချန်အပေါ် လေးစားကြည်ညိုစိတ်များ ပိုမိုတိုးပွားလာကြသည်။
လော့ချန်သည် ချွီလင်ကျွင်းထံသို့ အာရုံလွှဲလိုက်ပြီး "ကဲ.... လင်ကျွင်း၊ ပြောပါဦး.... မြေအောက်မီးလိုဏ်ဂူတွေ အားလုံး ပြင်ဆင်ပြီးပြီလား" ဟု မေးလိုက်သည်။
ချွီလင်ကျွင်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ ဆရာ.... ဒန်ရှားတောင်အောက်မှာ ပထမအဆင့် မြေအောက်မီးကြောတစ်ခု ရှိပါတယ်.... အဲ့ဒီတုန်းက ရှန်ကုန်းဂိုဏ်းနဲ့ ကန်းမျိုးနွယ်စုက မြေအောက်မီးလိုဏ်ဂူ အခု ၂၀ ကို ဖွင့်ထားပြီး ငှားစားခဲ့ကြတာပါ.... ကျွန်တော်တို့ အဲ့ဒီနေရာကို ပြန်လည်ပြင်ဆင်ပြီးတဲ့နောက်၊ ဆရာ လိုချင်တဲ့ အကြီးစား ဆေးဖော်ခန်းပုံစံ ဖြစ်လာအောင် ဂူအသေးလေးတွေကို ပေါင်းလိုက်ပါတယ်"
"လောလောဆယ် လက်နက်ခန်းမနဲ့ ကျွန်တော်ပဲ အဲ့ဒီထဲက အနည်းငယ်ကို သုံးနေတာပါ.... အများစုကတော့ အားနေပါသေးတယ်"
ကျောက်စိမ်းအိုးနယ်မြေသည် မြေအောက်မီးကြောများ ပေါများလှကြောင်း လူတိုင်းသိကြသည်။ လော့ချန်သည်လည်း သူ၏ ခရီးစဉ်တစ်လျှောက်တွင် ထိုကဲ့သို့သော မီးကြောများစွာနှင့် တွေ့ဆုံခဲ့ဖူးသည်။
တာဟဲဈေးမြို့တော်၏ မြို့တွင်းပိုင်းရှိ ရတနာနန်းဆောင်တွင် တစ်ခုရှိခဲ့ဖူးသလို၊ ရှောင်ဟွမ်းတောင်ရှိ တွမ်မျိုးနွယ်စုတွင်လည်း တစ်ခုရှိခဲ့သည်။ ထိုက်ရှန်းဈေးမြို့တော်ရှိ ဟော်မျိုးနွယ်စုပိုင် ကြက်သွေးရောင်ဖားတောင်တွင် တစ်ခုရှိခဲ့ပြီး၊ ခန်းမျိုးနွယ်စုတွင်လည်း ရှိခဲ့သည်။
ထျန်းလန် နတ်ဘုရားမြို့တော်သို့ ရောက်ရှိပြီးနောက်တွင်မူ သူ ပိုမိုများပြားစွာ တွေ့မြင်ခဲ့ရသည်။ ဒန်ရှားတောင်၊ မက်မွန်တောင်၊ ရှန်ကုန်းဂိုဏ်း၊ ရတနာနန်းဆောင် စသဖြင့် အကြမ်းဖျင်း တွက်ချက်ကြည့်ပါက ဆယ်ခုမက ရှိနေသည်။ ၎င်းတို့မှာ အဆင့်နိမ့်မီးကြောများ ဖြစ်နေပြီး အားနည်းနေလျှင်ပင် ဆေးဖော်စပ်ခြင်းနှင့် လက်နက်ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ပေးစွမ်းနိုင်သည်။
ချွီလင်ကျွင်း၏ စီစဉ်မှုများမှာ စေ့စပ်သေချာလှသည်။ သူသည် ဆေးဖော်ခန်းမဆောင်နှင့် လက်နက်ခန်းမဆောင်တို့အတွက် လိုအပ်သော မြေအောက်မီးလိုဏ်ဂူများကို သီးခြားစီ ခွဲခြားထားခဲ့သည်။ ထိုမျှသာမက ဆေးဖော်ခန်းကိုလည်း လော့ချန် လိုချင်သော ပုံစံအတိုင်း ပြင်ဆင်ပေးထားခဲ့သည်။ အကြီးစား ဆေးဖော်စပ်မှုလုပ်ငန်း စတင်လာချိန်တွင် ဤကဲ့သို့ အသေးအဖွဲကိစ္စများကြောင့် အနှောင့်အယှက် ဖြစ်မည်မဟုတ်ပေ။
ကျင့်ကြံမှုကို ခဏဘေးဖယ်ထားလျှင် လော့ချန် မိမိ၏ တပည့်ဖြစ်သူအပေါ် အလွန်ကျေနပ်မိသည်။ အထူးသဖြင့် ချွီလင်ကျွင်းသည် အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံးများကို တည်ငြိမ်စွာ ဖော်စပ်နိုင်ရုံသာမက လော့ချန် ချန်ထားခဲ့သော မှတ်တမ်းများကို အသုံးပြု၍ အဆင့်လတ် ဆေးလုံးများကိုပါ စတင်စမ်းသပ်နေပြီဖြစ်ရာ လော့ချန် အမှန်တကယ်ပင် ပီတိဖြစ်မိသည်။
"အရာရာ ပြင်ဆင်ပြီးပြီဆိုတော့က...."
လော့ချန် ကြေညာလိုက်သည်။
"ချက်ချင်းပဲ စကြစို့ဟေ့.... ကျောက်စိမ်းအမြုတေဆေးလုံးတွေကို အကြီးအကျယ် ဖော်စပ်ကြတာပေါ့"
"ဟွေ့နန်.... အဖွဲ့မှာ လက်ကျန်ငွေဘယ်လောက်ကျန်သေးလဲ"
စကားလမ်းကြောင်းမှာ စီမာဟွေ့နန်ဘက်သို့ လှည့်သွားသည်။ စီမာဟွေ့နန်သည် စာရင်းအင်းများကို နှုတ်တိုက်ရနေသူပီပီ ချက်ချင်း ပြန်ဖြေလိုက်သည်။
"အစက နှစ်သောင်းပဲ ကျန်တာပါ.... နောက်ပိုင်း ခန်းမခေါင်းဆောင်ကူက ငါးသောင်း ထပ်ဖြည့်ပေးလို့ ခုနစ်သောင်း ဖြစ်သွားခဲ့ပါတယ်.... ပိယိုတောင်ကြား လုပ်ငန်းတွေ စတင်ပြီးတဲ့နောက် ခန်းမခေါင်းဆောင်တွမ်ဖုန်းဘက်ကလည်း ပြုပြင်ထားတဲ့ လက်နက်တွေ ရောင်းပြီး နောက်ထပ် သုံးသောင်း ထပ်ဖြည့်ပေးခဲ့လို့ တစ်သိန်းနီးပါး ရှိခဲ့ပါတယ်...."
"ဒါပေမဲ့ တစ်နှစ်ပတ်လုံး လစာတွေ ပေးရတာ၊ ကုန်ကြမ်းတွေ ဝယ်ရတာနဲ့ နေ့စဉ်အသုံးစရိတ်တွေကြောင့် တစ်ဝက်လောက် ကုန်သွားခဲ့ပါပြီ.... မတတ်နိုင်ဘူးလေရှင်.... စစရောက်ချင်းဆိုတော့ အသုံးစရိတ်က မသေးလှဘူး.... ဒါကြောင့် အခု ကျွန်မတို့ဆီမှာ ငါးသောင်းပဲ ကျန်ပါတော့တယ်"
သာမန် တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးအတွက်မူ မမှန်းဆနိုင်သော ပမာဏကြီး ဖြစ်သော်လည်း စီမာဟွေ့နန်၊ ကူချိုင်ယီနှင့် တွမ်ဖုန်းကဲ့သို့ ငွေကြေးအမြောက်အမြားကို အမြဲကိုင်တွယ်နေရသူများအတွက်မူ ထူးဆန်းသည့် ကိန်းဂဏန်း မဟုတ်တော့ပေ။ အမှန်စင်စစ် ယခုလက်ရှိ လော့ထျန်းအဖွဲ့အတွက် ဤပမာဏမှာ နည်းပါးသည်ဟုပင် ဆိုနိုင်သည်။
လော့ချန် ဆက်ညွှန်ကြားလိုက်သည်။
“တစ်သောင်းကို ထုတ်ပြီး ကျောက်စိမ်းအမြုတေဆေးလုံးအတွက် ကုန်ကြမ်းတွေကို အကြီးအကျယ် ဝယ်လိုက်ပါ”
ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုလျှင် သုံးလေးလစာ ဆက်တိုက် ဆေးဖော်စပ်ရန် လုံလောက်ပေလိမ့်မည်။ သို့သော်လည်း လော့ချန်သည် ထိုထက်ပို၍ ထုတ်မသုံးရန် ဆုံးဖြတ်ထားသည်။ အဖွဲ့အစည်းတစ်ခု လည်ပတ်ရန်အတွက် လုံလောက်သော လည်ပတ်ငွေ ရှိနေရမည်ကို သူကောင်းစွာ နားလည်သည်။ ထို့အပြင် ထိုလက်ကျန်ငွေထဲတွင် အဆင့်လတ် ဝိညာဉ်ကျောက်တုံးများလည်း ပါဝင်နေသည်။ ၎င်းတို့မှာ မဟာဗျူဟာမြောက် အရင်းအမြစ်များဖြစ်ရာ အလွယ်တကူ ထုတ်မသုံးသင့်ပေ။
ဥပမာအားဖြင့် လန်ချီ လှေပျံပင်။ ပုံမှန်အသုံးပြုလျှင် ကိုယ်ပိုင်ချီစွမ်းအင်ဖြင့် မောင်းနှင်နိုင်သော်လည်း အကြီးစား ပျံသန်းမှုစနစ်ကို အသုံးပြုရန်အတွက်မူ အဆင့်လတ် ဝိညာဉ်ကျောက်တုံးများကို အဆက်မပြတ် ထည့်သွင်းပေးရန် လိုအပ်သောကြောင့်ပင် ဖြစ်သည်။