← Chapters

အခန်း (၃၄၉-၃၅၀)

Vol. 35 Ch. 349-350

အခန်း (၃၄၉-၃၅၀)

Vol. 35 Ch. 349-350

အခန်း (၃၄၉) - လူတော်ကို နေရာမှန်ပေးနိုင်တာကလည်း ခေါင်းဆောင်မှုတစ်မျိုးပဲ

"နောက်ပြီးတော့...."

လော့ချန် စကားဆက်လိုက်သည်။

"ငါ့ဆီမှာ စာရင်းတစ်ခုရှိတယ်.... အဲ့ဒီထဲက ဆေးမြစ်တွေကို ဆယ်စုံစာလောက် အမြန်ဆုံး စုဆောင်းပြီး ငါ့ဆီ ပို့ပေးပါ"

စီမာဟွေ့နန် ကြောင်တောင်တောင် ဖြစ်သွားစဉ်မှာပင် ပါးလွှာသော စာရွက်တစ်ရွက်မှာ သူမလက်ထဲသို့ ဝဲပျံကျလာသည်။

မြရောင်မြူခိုးမြက်၊ လင်ထင်းရနံ့မွှေးပင်၊ ဆယ်နှစ်သက်တမ်းရှိ ဆောင်းဂျင်ဆင်း၊ ဒေါင်းခိုမြစ်၊ ဝါးဖြူမှို၊ ဂုံမင်းပင်၊ ရှားစောင်းလက်ပတ်....။

စီစီရီရီ ရေးထားသော ဆေးဖက်ဝင်ပစ္စည်းစာရင်းကို ကြည့်ရင်း စီမာဟွေ့နန် မျက်ခုံးများ လှုပ်သွားရသည်။ အထူးသဖြင့် အချို့ဆေးမြစ်များမှာ သူမ အကျွမ်းတဝင် ရှိလှသည်။ ၎င်းတို့မှာ အမျိုးသမီး ကျင့်ကြံသူများအတွက် အလွန် အကျိုးရှိပြီး အစိမ်းလိုက် စားလျှင်ပင် ထူးခြားသည့် အာနိသင်ရှိသော ဆေးမြစ်များ ဖြစ်သည်။

စာရင်းကို တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် စီမာဟွေ့နန် စိတ်ထဲတွင် သိချင်စိတ် ပြင်းပြလာသည်။

‘မဟုတ်မှလွဲရော.... ခေါင်းဆောင်က အမျိုးသမီးကျင့်ကြံသူတွေအတွက် အသုံးဝင်မယ့် ဆေးလုံးမျိုး ဖော်စပ်ဖို့ ကြံစည်နေတာလား....’

သူမ ထပ်မံ၍ စဉ်းစားမနေမီမှာပင် လော့ချန်၏ အသံက နားထဲသို့ ရောက်ရှိလာသည်။

"အဲ့ဒါတွေကို မြန်မြန်စုဆောင်းပါ.... ဒါပေမဲ့ လူစုခွဲပြီးတော့ ဝယ်ခိုင်းနော်.... မမေ့နဲ့"

စီမာဟွေ့နန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ထိုစာရင်းအပေါ် လေ့ချန် မည်မျှ အလေးထားကြောင်း သူမ ခံစားမိသည်။ ထို့ကြောင့် ဤကိစ္စကို သူမကိုယ်တိုင် ကိုင်တွယ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်တော့သည်။ ကျောက်စိမ်းအမြုတေဆေးလုံးနှင့် ပတ်သက်သည့် အစီအစဉ်များမှာ ဤမျှနှင့်ပင် ပြီးဆုံးသွားပြီဖြစ်သည်။ နောက်ပိုင်းကိစ္စများမှာမူ လက်တွေ့လုပ်ဆောင်မှုပေါ်တွင်သာ မူတည်ပေတော့မည်။

ထို့နောက် လော့ချန် တွမ်ဖုန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ တွမ်ဖုန်း၏ ကိုယ်ပတ်လည်၌ လျှံထွက်လုနီးပါး ဖြစ်နေသော ချီစွမ်းအင်များကို မြင်လိုက်ရသည့်အခါ လော့ချန် ချီးကျူးစကား ဆိုလိုက်သည်။

"အစ်ကိုတွမ်.... ချီသန့်စင် အထွတ်အထိပ်ကို ရောက်နေပြီပဲ"

တွမ်ဖုန်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။ မူလကဆိုလျှင် သူ ဤမျှ မြန်မြန်ဆန်ဆန် အထွတ်အထိပ်အဆင့်သို့ ရောက်ရန် မဖြစ်နိုင်ပေ။ အနည်းဆုံး နောက်ထပ် နှစ်အနည်းငယ် ကြာဦးမည်ဖြစ်သည်။ သို့သော် တွမ်ချန်ခွန်း ချန်ထားခဲ့သော အမွေအနှစ်မှာ မည်သည့် အဆင့် (၉) ကျင့်ကြံသူကိုမဆို အထွတ်အထိပ်သို့ တွန်းပို့ပေးရန် လုံလောက်လှသည်။ သူကိုယ်တိုင်၏ ပါရမီကလည်း မညံ့သည့်အပြင် ယခင်ကတည်းကပင် အထွတ်အထိပ်သို့ ရောက်ရန် နီးစပ်နေခဲ့သူ ဖြစ်သည်။ ယခုမူ လိုအပ်နေသည့် တွန်းအားလေးတစ်ခုကို ရရှိလိုက်သဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းပင်။

သူ တည်ငြိမ်နေသော်လည်း စီမာဟွေ့နန်၏ စိတ်ထဲတွင်မူ အနည်းငယ် မချိတင်ကဲ ဖြစ်သွားရသည်။ လော့ချန်၏ ကတိအရ သူတို့ထဲမှ မည်သူမဆို ချီသန့်စင် အထွတ်အထိပ်အဆင့်သို့ အရင်ဆုံးရောက်ရှိပါက အခြေတည်ဆေးလုံးကို လေလံဈေးရင်းအတိုင်း ဝယ်ယူခွင့်ရမည် မဟုတ်ပါလော။ လော့ထျန်းတွင် အထွတ်အထိပ်အဆင့်နှင့် အနီးစပ်ဆုံးလူများမှာ သူမ၊ မုရုံချင်းလျန်၊ တွမ်ဖုန်းနှင့် ဘီယန်ကျန်းတို့ ဖြစ်ကြသည်။ သူမသည် အဖွဲ့အား စီမံခန့်ခွဲရသည့်ကိစ္စများဖြင့် အလုပ်ရှုပ်နေသော်လည်း လေးယောက်ထဲတွင် ခံစားခွင့် အများဆုံးရရှိထားသူ ဖြစ်သည်။ မူအရဆိုလျှင် သူမကသာ အရင်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိရမည်ဖြစ်သော်လည်း ယခုမူ တွမ်ဖုန်းက သူမအား ကျော်တက်သွားခဲ့လေပြီ။

‘ဒါဆိုရင် အခုက....’

"အစ်ကိုတွမ်.... အဲ့တော့ အစ်ကို ဘယ်တော့လောက် အဆင့်တက်ဖို့ ကြိုးစားမယ်လို့ စဉ်းစားထားလဲ" ဟု လော့ချန် မေးလိုက်သည်။

တွမ်ဖုန်းက ခေါင်းမော့ကာ ပွင့်လင်းစွာပင် ဖြေလိုက်သည်။

“ရက်ရွေးနေတာထက် အခုက အကောင်းဆုံးပါပဲ၊ အချိန်ထပ်မဆွဲချင်တော့ဘူး.... ဒီနှစ်ရက်အတွင်းမှာ ငါ စုဆောင်းထားတာတွေနဲ့ ထျန်းလန်တောင်မှာ ဒုတိယအဆင့် အဆင့်နိမ့် ဂူဗိမာန်တစ်ခု ငှားပြီး အဆင့်တက်ဖို့ ကြိုးစားတော့မယ်”

ဇွဲနပဲကြီးသော ဤပုံစံမှာ လော့ချန် မှတ်မိနေသည့် တွမ်ဖုန်းပင် ဖြစ်သည်။ ချီသန့်စင်အဆင့်မှာပင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို သတ်ရန် ကြံစည်ရဲသည့် ပြတ်သားရက်စက်သော လူမျိုးပင်။

လော့ချန် ခေါင်းညိတ်လိုက်သည်။

"အကူအညီ လိုဦးမလား"

တွမ်ဖုန်း ခေါင်းခါလိုက်သည်။

"ခေါင်းဆောင်.... မင်း ငါ့ကို အများကြီး ကူညီပေးပြီးပါပြီ၊ မင်း ပေးထားတဲ့ အခြေခံတည်ဆောက်ခြင်းဆိုင်ရာ သိမြင်နားလည်မှုတွေကို ငါ လေ့လာနေတာ တစ်နှစ်ကျော်နေပြီ.... ငါ အောင်မြင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်"

ထိုစကားမှာ အမှန်ပင်ဖြစ်သည်။ သူ၏ အခြေခံမှာ ခိုင်မာလှသလို တွမ်ချန်ခွန်း ချန်ထားခဲ့သော အရင်းအမြစ်များမှာလည်း လော့ချန် ပြင်ဆင်ပေးနိုင်သည်ထက်ပင် သူ့အတွက် ပိုမိုကိုက်ညီနေပေလိမ့်မည်။ လော့ချန်၏ ငါးကြိမ်တိုင်တိုင် ကြိုးစားခဲ့ရသော အခြေခံတည်ဆောက်ခြင်း အတွေ့အကြုံများနှင့် သိမြင်နားလည်မှုများကို ရရှိထားပါလျက်နှင့်မှ ယုံကြည်ချက်မရှိလျှင် တွမ်ဖုန်းအနေဖြင့် ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်သည်က ပိုကောင်းပေလိမ့်မည်။

"ဩော်.... ဒါနဲ့ အဲ့ဒီ သံလုံး နှစ်လုံးက ဘာလဲဆိုတာ ငါ မှန်းဆလို့ ရနေပြီ" ဟု တွမ်ဖုန်းက ရုတ်တရက် ဆိုလိုက်သည်။

လော့ချန်က မျက်ခုံးပင့်လိုက်သော်လည်း တွမ်ဖုန်း၏ မျက်နှာတွင် ဝေခွဲမရဖြစ်နေသော ပုံစံကို မြင်လိုက်ရသည်။

"တစ်ခုခု မှားနေလို့လား"

တွမ်ဖုန်းက ပြန်ဖြေသည်။

"ငါ ခန့်မှန်းကြည့်တာတင်ပါ.... အခြေတည်အဆင့်ကို ရောက်ပြီး တားမြစ်ချက်တွေကို ဖြေလျှော့နိုင်မှပဲ သေချာသိရမှာပါ"

ထိုသို့ပြောရင်း တွမ်ဖုန်းသည် ချီစွမ်းအင်ဖြင့် စာအုပ်ငယ်လေးတစ်အုပ်ကို လော့ချန်ထံသို့ ဝဲပျံပို့လိုက်သည်။ လော့ချန်က ထိုစာအုပ်ကို ဖမ်းယူကာ လှန်ကြည့်လိုက်သည်။ ထိုအထဲမှ အကြောင်းအရာများကို မြင်လိုက်ရသည့် ခဏ၌ သူ၏ မျက်လုံးသူငယ်အိမ်များမှာ မသိမသာ ကျုံ့သွားရသည်။ သူ တွမ်ဖုန်းကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်တော့သည်။

"ကောင်းပြီလေ" ဟု လော့ချန် တိုးညှင်းစွာ ဆိုလိုက်သည်။

"ဒါဆိုရင် ခင်ဗျား အောင်မြင်တဲ့ သတင်းကို ကျွန်တော် စောင့်နေမယ်"

ဘေးတွင် ရပ်နေသော စီမာဟွေ့နန်မှာ သူတို့နှစ်ဦး၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ သို့သော်လည်း သူတို့နှစ်ဦးစလုံးမှာ အခြေတည်ဆေးလုံး အကြောင်းကို တစ်ခွန်းတစ်ပါဒမျှပင် ဟမလာကြပေ။ ဤသည်က သူမကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေသည်။

လော့ချန် သူမဘက်သို့ လှည့်ကာ ပြုံးလျက် "ဟွေ့နန်ရေ.... မင်း ဦးနှောက်ခြောက်ခံပြီး ခန့်မှန်းမနေနဲ့တော့.... တွမ်ဖုန်းမှာ သူ့ကံတရားနဲ့သူ ရှိပြီးသားမို့ လောလောဆယ် သူ အဲ့ဒီဆေးလုံးကို လိုမှာမဟုတ်ဘူး" ဟု ဆိုလိုက်သည်။

စီမာဟွေ့နန် တစ်ချက် မှင်တက်သွားရသည်။ ထို့နောက် သူမ တည်ငြိမ်အောင် ကြိုးစားနေသော်လည်း ရင်ထဲမှ ဝမ်းသာမှုလှိုင်းလုံးကြီးကို မထိန်းနိုင်တော့ဘဲ နှုတ်ခမ်းထောင့်စွန်းလေးများမှာ မသိမသာ ကွေးညွတ်သွားတော့သည်။

လော့ချန် ပြုံးလိုက်မိသည်။ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ အခြေတည်ဆေးလုံး တစ်လုံး၊ နှစ်လုံးမှာ သူ့အတွက် အရေးမကြီးတော့ပေ။ သူသာ စိတ်ဆုံးဖြတ်ထားပြီး ထိုက်တန်သော အဖိုးအခကို ပေးနိုင်မည်ဆိုပါက အသက်လု ရုန်းကန်နေရသည့် တစ်ကိုယ်တော်ကျင့်ကြံသူဘဝတုန်းကထက် ထိုဆေးလုံးများကို ရရှိရန် ပို၍ပင် လွယ်ကူနေပြီဖြစ်သည်။

ဆက်လက်၍ လော့ချန်နှင့် စီမာဟွေ့နန်တို့သည် လော့ထျန်းအဖွဲ့၏ ကိစ္စအဝဝကို ဆွေးနွေးကြသည်။ အထူးသဖြင့် အနီးနားရှိ အင်အားစုနှစ်ခုနှင့် ဆက်ဆံရေးအကြောင်းကို ပြောဆိုခဲ့ကြသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ သူတို့၏ ရန်သူဟောင်းဖြစ်ခဲ့သည့် ကန်းမျိုးနွယ်စုပင် ဖြစ်သည်။ ယခုအခါ အရာရာ ငြိမ်သက်သွားပြီဖြစ်ရာ ရန်ငြိုးများကို ဖယ်ထားပြီး ငြိမ်းချမ်းစွာ နေထိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။ မည်သို့ပင်ဆိုစေ အဝေးက ဆွေမျိုးထက် အနီးက အိမ်နီးချင်းက ပိုအားကိုးရသည် မဟုတ်ပါလော။ ရန်ငြိုးများကို ဆက်လက်ထားရှိခြင်းမှာ မည်သူ့အတွက်မျှ အကျိုးမရှိပေ။

“သူတို့ကို ပိယိုတောင်ကြားဆီ ပြန်အခြေချခိုင်းပြီး အရင်က စီးပွားရေးတွေ ပြန်လုပ်ခိုင်းရင် ဘယ်လိုလဲ” ဟု စီမာဟွေ့နန်က အကြံပြုလာသည်။ အစောပိုင်း ဆက်ဆံမှုများအရ ထိုသူတို့မှာ ထင်ထားသလောက် ခေါင်းမာသူများ မဟုတ်ကြပေ။ မည်သို့ပင်ဆိုစေ အကျိုးအမြတ်က လူ့စိတ်ကို လှုပ်ခတ်စေနိုင်သည် မဟုတ်ပါလော။

ပိယိုတောင်ကြားမှာ အလွန်အမင်း မကြီးမားသော်လည်း ဒန်ရှားတောင်တွင် တစ်ကိုယ်တော်ကျင့်ကြံသူများ နှစ်ပေါင်းရာချီ စုဝေးနေထိုင်ခဲ့ကြသည့်အတွက် ကိုယ်ပိုင်စီးပွားရေး အသိုက်အဝန်းလေး ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဆိုင်ခန်းငယ်လေးများ ပေါ်ပေါက်လာပြီး ကူးသန်းရောင်းဝယ်မှုများမှာလည်း တည်ငြိမ်စွာ စီးဆင်းနေခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုတောင်ကြားကို ဈေးကွက်ငယ်လေးတစ်ခုအဖြစ် ဖော်ဆောင်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ဤတစ်နှစ်အတွင်း ကူချိုင်ယီ၏ ဆေးလုံးများနှင့် တွမ်ဖုန်း၏ လက်နက်အချို့ကိုလည်း ပိယိုတောင်ကြားမှ တစ်ဆင့် ရောင်းချခဲ့ရသည်။

"သေချာ စီမံနိုင်မယ်ဆိုရင်.... နောင်ကျရင် ပိယိုတောင်ကြားမှာ အဆင့်နိမ့်လေလံပွဲလေးတွေတောင် ကျင်းပနိုင်ပါတယ်.... နာမည်ရဖို့ပဲဖြစ်ဖြစ်၊ ဝိညာဉ်ကျောက်တုံး ရှာဖို့အတွက်ပဲဖြစ်ဖြစ် ဒါက တကယ် အလုပ်ဖြစ်မယ့် ကိစ္စပါ”

လော့ချန်သည် သူမ၏ အကြံပြုချက်ကို လှိုက်လှိုက်လှဲလှဲ သဘောတူလိုက်သည်။ လော့ထျန်းအဖွဲ့ကို အသာထား၊ ဖိုရှန်းဂိုဏ်းတွင်ပင် ကိုယ်ပိုင် လေလံရုံ ရှိသည်မဟုတ်ပါလော။ ထိုကဲ့သို့သော လျှို့ဝှက်စီးပွားရေးစနစ်အတွင်း၌ သူ၏ ကျောက်စိမ်းအမြုတေဆေးလုံးများမှာလည်း နာမည်ရနေခဲ့ပြီးသားဖြစ်သည်။

စီမာဟွေ့နန်က နောက်ထပ်ကိစ္စတစ်ခုသို့ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"အဘွားယွမ်လည်း ဆုံးသွားပြီ.... ဆေးဝါးခန်းမဆောင်က ခေါင်းဆောင်မရှိဘဲ တစ်ရက်မှ ပစ်ထားလို့မရပါဘူး.... ကျွန်မ စိတ်ထဲမှာ လျာထားတဲ့သူ သုံးယောက်ရှိပါတယ်.... ကျင့်ကြံအဆင့် မြင့်မားတဲ့ ဘီယန်ကျန်း၊ ဆေးဖက်ဝင်အပင်တွေအကြောင်း ကောင်းကောင်းသိတဲ့ ဖုန်းရှ၊ ပြီးတော့ ဝိညာဉ်ပင်စိုက်ပျိုးတာကို ကျွမ်းကျင်တဲ့ ယွမ်တုန်းရှန်းတို့ပါ.... အဖွဲ့ချုပ်ခေါင်းဆောင်က ဘယ်သူ့ကို သဘောကျပါသလဲရှင်"

လော့ချန် ခဏမျှ စဉ်းစားလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေသည်။

“ဆေးဝါးခန်းမဆောင်က ငါတို့ လော့ထျန်းအဖွဲ့ရဲ့ အဓိက အသက်သွေးကြော နှစ်ခုနဲ့ ဆက်နွှယ်နေတာမို့ အရမ်းအရေးကြီးတယ်”

ထိုအသက်သွေးကြောများမှာ ဆေးဖော်ခန်းမဆောင်နှင့် ဝိညာဉ်လယ်ကွင်း ၄၀၀ ကျော် ဖြစ်သည်။ ဆေးဖော်ခန်းမဆောင်ကိုမူ လော့ချန်ကိုယ်တိုင် ကြီးကြပ်နိုင်သော်လည်း ဝိညာဉ်စိုက်ခင်းများမှာမူ လောလောဆယ် အကျိုးအမြတ် မများသေးသည့်တိုင် အချိန်ကြာလာသည်နှင့်အမျှ ကြီးမားသော အကျိုးအမြတ်များကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ အမှန်စင်စစ် အင်အားစု အများစုမှာ ဝိညာဉ်လယ်ကွင်းများကို အခြေခံ၍ ရပ်တည်နေကြခြင်း ဖြစ်သည်။

"ငါတို့အနေနဲ့ ဦးဆောင်မယ့်သူကို ကျင့်ကြံအဆင့် မြင့်မားတဲ့သူ ဖြစ်စေချင်တယ်" ဟု လော့ချန်က ဆိုသည်။

“ဘီယန်ကျန်းက နောက်မှ ဝင်လာတာဆိုပေမဲ့ ခရီးတစ်လျှောက် သူ့ရဲ့ သစ္စာရှိမှုကို ငါတို့ တွေ့ခဲ့ပြီးပြီပဲ.... သူ့ကိုပဲ ဆေးဝါးခန်းမဆောင်ရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပါ"

စီမာဟွေ့နန်က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ အမှန်အတိုင်းဆိုလျှင် သူမလည်း ထိုအတိုင်းပင် တွေးထားခဲ့ခြင်းဖြစ်သည်။ ဘီယန်ကျန်းကဲ့သို့ အစွမ်းထက်သူတစ်ဦးကို ကျိုးယွမ်လီ၏ လက်အောက်တွင်သာ ထားရှိခြင်းမှာ နှမြောစရာ ကောင်းလှသည်။

"ဒါပေမဲ့ နယ်ပယ်မတူတဲ့သူက ဦးဆောင်တဲ့အခါ ပြဿနာတက်တတ်တယ်.... ဒါကြောင့် ဖုန်းရှနဲ့ ယွမ်တုန်းရှန်းတို့ရဲ့ ရာထူးကိုလည်း အလိုက်သင့် တိုးမြှင့်ပေးရမယ်.... သူတို့ကို ဝိညာဉ်ပင်စိုက်ပျိုးရေး အကြီးအကဲနဲ့ ဆေးမြစ်ဆိုင်ရာ အကြီးအကဲအဖြစ် အသီးသီး ခန့်အပ်လိုက်ပါ.... သူတို့က သူတို့ရဲ့ နယ်ပယ်အလိုက် ကြီးကြပ်ရမှာဖြစ်ပြီး ဘီယန်ကျန်းကတော့ အားလုံးကို ခြုံငုံပြီး ကြီးကြပ်ရလိမ့်မယ်" ဟု လော့ချန်က ဆိုလိုက်သည်။

ထိုအစီအစဉ်ကို ကြားလိုက်ရသည့်အခါ စီမာဟွေ့နန်၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် လှိုက်လှိုက်လှဲလှဲ သဘောတူလိုက်သည်။

“တကယ်ကို အမြော်အမြင်ရှိတဲ့ အကြံပါပဲ အဖွဲ့ချုပ်ခေါင်းဆောင်”

လော့ချန် ထိုစကားကို ကြားသော် ခပ်ဖွဖွသာ ပြုံးလိုက်သည်။ အမြော်အမြင်ကြီးလှသည်တော့ မဟုတ်ပေ။ လော့ထျန်းအဖွဲ့တွင် လူအင်အား နည်းပါးနေသောကြောင့်သာ သူသည် လူတိုင်း၏ အရည်အချင်းကို အသုံးချနိုင်မည့် နေရာတွင် တတ်နိုင်သမျှ နေရာချပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဘီယန်ကျန်းကို ခန့်အပ်လိုက်သည့်ကိစ္စက နောက်ထပ် အချက်တစ်ခုကို မီးမောင်းထိုးပြလိုက်သည်။ တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ပြီးနောက် လော့ထျန်းအဖွဲ့တွင် အသက်ရှင်ကျန်ရစ်သူ အများစုမှာ ထူးချွန်သူများ ဖြစ်လာကြသည်။ လူတိုင်းမှာ အကျိုးအမြတ်များစွာ ရရှိခဲ့ကြပြီး သူတို့၏ ကျင့်ကြံမှုမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် တစ်နှစ်အတွင်းမှာတင် ချီသန့်စင်အဆင့် ၉ သို့ နောက်ထပ် သုံးဦး ရောက်ရှိလာခဲ့သည်။ ထိုသူများကို အားလပ်နေအောင် ထား၍ မဖြစ်ပေ။

"မင်း အပြင်စည်းအဖွဲ့ ဖွဲ့ထားတယ်လို့ ငါ ကြားတယ်" ဟု လော့ချန် မေးလိုက်သည်။

စီမာဟွေ့နန်မှာ ခဏမျှ မှင်တက်သွားသော်လည်း ချက်ချင်းပင် ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့ရှင့် အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မ ဂိုဏ်းကြီးတွေရဲ့ ပုံစံအတိုင်း အပြင်စည်းအဖွဲ့ တစ်ခု ဖွဲ့ထားပါတယ်.... လောလောဆယ်တော့ လျိုဇီကို တာဝန်ခံအဖြစ် ခန့်ထားပြီး ချီသန့်စင်အလယ်ပိုင်း ကျင့်ကြံသူ နည်းနည်းလောက်နဲ့ပဲ လှုပ်ရှားနေပါတယ်"

လော့ချန် စဉ်းစားဟန်ဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။ ခဏကြာပြီးနောက် သူ ညွှန်ကြားလိုက်သည်။

"ဟွေ့နန်.... ထူးခြားတဲ့ ပါရမီမရှိပေမဲ့ သင့်တင့်တဲ့ ခွန်အားရှိတဲ့ အဖွဲ့ဝင်တွေကို အဲ့ဒီ အပြင်စည်းအဖွဲ့ထဲ ပြောင်းပေးလို့ ရမလား ကြည့်လိုက်.... အဲ့ဒီလူတွေကို တခြား ပြင်ပ အထွေထွေကိစ္စရပ်တွေကို တာဝန်ယူခိုင်းလို့ ရတယ်.... ပြီးတော့ အပြင်စည်းအဖွဲ့နဲ့ ဒီဘက်ခန်းမဆောင်က အဖွဲ့တွေကို သေချာချိတ်ဆတ်ထားဖို့ လိုမယ်၊ အပြင်စည်းအဖွဲ့ကို ကြီးကြပ်ဖို့ အကြီးအကဲ တစ်ယောက်လောက် ခန့်အပ်လိုက်ပါ.... ဟွေ့နန် မင်းကတော့ သူတို့ကို တိုက်ရိုက်ကွပ်ကဲပေါ့"

စီမာဟွေ့နန်သည် ထိုအချက်များကို တိတ်ဆိတ်စွာ မှတ်သားထားလိုက်ပြီး ချက်ချင်းပင် အကောင်အထည်ဖော်ရန် စီစဉ်တော့သည်။

ဆွေးနွေးပွဲငယ်လေးမှာ ဤမျှနှင့်ပင် ပြီးဆုံးသွားတော့သည်။

လော့ချန်သည် ဒန်ရှားတောင်တွင် တစ်ညအိပ်ပြီး နောက်တစ်နေ့ အဘွားယွမ်၏ ဈာပနကို တက်ရောက်ကာ တွမ်ဖုန်းနှင့်အတူ ထျန်းလန်နတ်ဘုရားမြို့တော်သို့ ပြန်လာခဲ့သည်။

မြို့တော်သို့ ပြန်ရောက်သောအခါ တွမ်ဖုန်းသည် ဂူဗိမာန် ငှားရန်နှင့် သူ၏ အဆင့်တက်လှမ်းမှုအတွက် ပြင်ဆင်ရန် ထွက်သွားတော့သည်။

လော့ချန်မှာမူ နတ်ဘုရားမြို့တော်၏ စည်ကားလှသော ဗဟိုချက်ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့သည်။ သူ၏ ပုံရိပ်သည် မြို့တော်ရှိ ဆိုင်ကြီးများအတွင်း ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ကျင့်ကြံမည့် အစီအစဉ်များ ချမှတ်ပြီးဖြစ်ရာ အကြီးအကျယ် ဈေးဝယ်ထွက်ခြင်းမှာ ရှောင်လွှဲ၍မရသော ကိစ္စတစ်ခု ဖြစ်လာလေပြီ။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၅၀) - ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ရွှမ်ယွင်ကျီ၊ တွမ်ဖုန်း အဆင့်တက်မည့်နေ့

"သခင်လေး.... ဒါက သခင်လေး လိုချင်တဲ့ နဂါးပျံဆေးလုံးတွေပါရှင်"

ရှေ့တွင် စီရီနေသည့် ကျောက်စိမ်းပုလင်းများကို ကြည့်ကာ လော့ချန် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ"

အရောင်းစာရေးမလေးမှာ အနည်းငယ် တုန်လှုပ်စွာဖြင့် တံတွေးတစ်ချက် မျိုချလိုက်ပြီး ချိုသာသော လေသံဖြင့် ဆိုသည်။

"တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး ၅၅၀ ပါ.... ပုလင်းပေါင်း ၁၀ ပုလင်းဆိုတော့ စုစုပေါင်း ၅၅၀၀ ကျသင့်ပါတယ်.... အားပေးတာ ကျေးဇူးတင်ပါတယ် သခင်လေး"

လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။

"တစ်ပုလင်းကို ၅၀၀ မဟုတ်ဘူးလား"

သူ၏ မကျေနပ်မှုကို မြင်လိုက်ရသည့်အခါ အရောင်းစာရေးမလေးမှာ ပို၍ပင် ပြာပြာသလဲ ဖြစ်သွားပြီး "ဈေးနှုန်းတွေက အခုတလော တက်သွားလို့ပါ.... ဒါက လက်ရှိ ဈေးကွက်ပေါက်ဈေးပါရှင်.... သခင်လေးအနေနဲ့ နားလည်ပေးဖို့ တောင်းပန်ပါတယ်" ဟု ဆိုရှာသည်။

လော့ချန်သည် သာမန်အရောင်းစာရေးမလေးတစ်ဦးအပေါ် ဒေါသပုံချမည့်သူမျိုး မဟုတ်ပေ။ သူ့အား စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ ယခုတလော အရာရာ ဈေးတက်နေခြင်းပင် ဖြစ်သည်။ ဒုတိယအဆင့် ဆေးလုံးများမှာ မူလကတည်းက ဈေးကြီးသလို နေ့စဉ်ကျင့်ကြံမှုအတွက်လည်း မရှိမဖြစ် လိုအပ်သည်။ တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ၅၀ ပိုပေးရသည်မှာ များလှသည်ဟု မထင်ရသော်လည်း ရေရှည်ဝယ်ယူရမည့်သူအတွက်မူ ထောင်နှင့်သောင်းနှင့်ချီသော ငွေပမာဏကို ပိုမိုကုန်ကျစေပေလိမ့်မည်။ သာမန်တစ်ကိုယ်တော်ကျင့်ကြံသူများထက် ပိုမိုချမ်းသာကြွယ်ဝသည် ဆိုသော်ငြားလည်း သူသည် ဤကဲ့သို့ အရင်းအမြစ်များကို စည်းမဲ့ကမ်းမဲ့ ဖြုန်းတီးပစ်ရန် မတတ်နိုင်ပေ။

လော့ချန်တစ်ယောက် စိတ်ပျက်မှုကို ထိန်းချုပ်လိုက်ပြီး စိတ်ရှည်စွာဖြင့် မေးလိုက်သည်။

"ငါ အများကြီး ဝယ်မှာပါ.... မင်းတို့ဆိုင်မှာ အထူးလျှော့ဈေးတွေ ဘာတွေ မရှိဘူးလား"

အရောင်းစာရေးမလေး၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားပြီး ကြောက်ရွံ့မှုများမှာလည်း တက်ကြွမှုအဖြစ် ပြောင်းလဲသွားတော့သည်။

"အဲ့ဒီအကြောင်း ပြောမလို့ပါပဲ သခင်လေး.... ကျွန်မတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာ တစ်ကြိမ်တည်း ဝိညာဉ်ကျောက်တုံး တစ်သောင်းထက်ပိုပြီး ဝယ်ယူတဲ့သူတိုင်းကို တိမ်ကိုးလွှာအထူးဧည့်သည်တော် အဖြစ် သတ်မှတ်ပေးပါတယ်.... တိမ်ကိုးလွှာအထူးဧည့်သည်တော်တွေဟာ ဝယ်ယူမှုတိုင်းမှာ ငါးရာခိုင်နှုန်း လျှော့ဈေးရမယ့်အပြင် ထျန်းလန်နတ်ဘုရားမြို့တော်အတွင်းမှာ နေထိုင်တယ်ဆိုရင် ဆေးလုံးတွေကို အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးဦးမှာပါ"

‘ငါးရာခိုင်နှုန်းပဲ လျှော့ပေးတာလား....’

လော့ချန်သည် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ကပ်စေးနည်းမှုကို စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း သူ၏လက်များမှာမူ တုံ့ဆိုင်းမနေပေ။

"ဒါဆိုရင် နဂါးပျံဆေးလုံး နောက်ထပ် ၂၅ ပုလင်း ထပ်ပေး.... တိမ်ကိုးလွှာအထူးဧည့်သည်တော် လျှော့ဈေးနဲ့ပဲ တွက်လိုက်တော့"

အရောင်းစာရေးမလေးမှာ ခေတ္တမျှ ကြောင်သွားပြီး ချက်ချင်းပင် ရှင်းပြသည်။

"လျှော့ဈေးက ပထမအကြိမ် ဝယ်ယူမှုမှာ အကျုံးမဝင်ပါဘူး.... ဒုတိယအကြိမ်ကစပြီးတော့မှ...."

စကားမဆုံးမီမှာပင် သူမ၏ အသံမှာ တိမ်ဝင်သွားရသည်။ လော့ချန်၏ စူးရှသော အကြည့်ကို ရင်ဆိုင်လိုက်ရသည့်အခါ သူမ အလိုလို ခေါင်းငုံ့သွားမိသည်။

"ခဏလောက် စောင့်ပေးပါ သခင်လေး.... သခင်လေး အလိုရှိတဲ့ ဆေးလုံးအရေအတွက်က များနေလို့ ဆေးတိုက်ကနေ သွားထုတ်ပေးပါရစေ"

သူမ ထွက်သွားပြီးနောက် လော့ချန် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။ ဂိုဏ်းကြီးများ၏ စီးပွားရေးလုပ်ငန်းများနှင့် ဆက်ဆံရခြင်းမှာ အမြဲတမ်း ဤသို့ပင် ဖြစ်နေတတ်သည်။ လျှော့ဈေးမူဝါဒဆိုသည်မှာလည်း အပေါ်ယံ ဟန်ပြသက်သက်သာဖြစ်ပြီး အောက်ခြေကျင့်ကြံသူများအတွက် အမှန်တကယ် အကျိုးရှိစေလိုသည့် စိတ်ထားမျိုး မတွေ့ရပေ။ ငါးရာခိုင်နှုန်း လျှော့ဈေးဆိုသည်မှာပင် သူ့အတွက်မူ သူတောင်းစားအား ပစ်ပေးလိုက်သည့် အကြွေစေ့တစ်စေ့လိုသာ ခံစားရသည်။ အရောင်းသမားများ၏ အရည်အချင်းမှာလည်း ညံ့လွန်းလှသည်။ လျှော့ဈေးပုံစံကို အစကတည်းက သေချာမရှင်းပြခဲ့သလို စကားပြောရာတွင်လည်း အခြေအနေအလိုက် လိုက်လျောညီထွေ ပြောဆိုနိုင်စွမ်း မရှိကြပေ။ ပြင်ပဈေးကွက်များရှိ လျင်မြန်ထက်မြက်သော ကုန်သည်များနှင့် နှိုင်းယှဉ်လိုက်ပါက ကွာဟချက်မှာ မိုးနှင့်မြေလိုပင် ဖြစ်နေသည်။ ကူချိုင်ယီ လေ့ကျင့်ပေးထားသည့် လော့ထျန်းအဖွဲ့ ရွှေခန်းမဆောင်မှ အမျိုးသမီးကျင့်ကြံသူများပင် သူတို့ထက် များစွာ ပို၍ အရည်အချင်းပြည့်မီနေပေလိမ့်မည်။

လော့ချန် စောင့်ဆိုင်းနေစဉ်မှာပင် လူငယ်တစ်ဦးသည် ကောင်တာဘက်သို့ ချဉ်းကပ်လာသည်။

"မိတ်ဆွေ လော့ချန် မဟုတ်ပါလား"

လော့ချန် ဇဝေဇဝါဖြင့် ကြည့်လိုက်ရာ ထိုသူက ခပ်ဖျော့ဖျော့ ပြုံးပြပြီး ကျောက်စိမ်းပြားတစ်ခုကို အရင်ထုတ်ပြလာသည်။ ထိုပြားပေါ်တွင် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ သင်္ကေတဖြစ်သည့် တိမ်ကိုးလွှာပုံစံ ရိုက်နှိပ်ထားသည်။

"ဒါက ခင်ဗျားအတွက် တိမ်ကိုးလွှာအထူးဧည့်သည်တော် ကျောက်စိမ်းပြားပါ.... ဒီထဲကို ချီစွမ်းအင် ထည့်သွင်းလိုက်တာနဲ့ အခုကစပြီး လျှော့ဈေးတွေ ခံစားခွင့်ရမှာပါ.... နောက်ပြီး ဒီကျောက်စိမ်းပြားထဲမှာ ဝေးလံတဲ့နေရာကနေ အသံလှိုင်းပို့နိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်.... တကယ်လို့ မိတ်ဆွေ အပြင်မထွက်နိုင်တဲ့ အခြေအနေမျိုးဆိုရင် မိုင်ပေါင်းထောင်ချီတဲ့နေရာကနေ သတင်းပို့ပြီး ဆေးလုံးတွေကို အိမ်တိုင်ရာရောက် ပို့ခိုင်းလို့ ရပါတယ်"

လော့ချန် ခေါင်းညိတ်လိုက်ပြီး ထိုကျောက်စိမ်းပြားကို သူ၏ ဝတ်ရုံထဲသို့ ထည့်လိုက်သည်။ သို့သော်လည်း ထိုသူ၏ မျက်နှာကို သေချာကြည့်လိုက်မိသည့်အခါ သံသယအရိပ်အယောင်အချို့ ဝင်လာရသည်။

ထိုသူသည် မတုန်မလှုပ်ဘဲ သူ့ကိုယ်သူ မိတ်ဆက်လာသည်။

“ကျွန်တော့်နာမည်က ဟယ်ယွင်ပါ၊ ဆေးလုံးစိမ်းချိုင့်ဝှမ်း၊ ယွီရွှမ်နယ်မြေ၊ ဟယ်မျိုးနွယ်ကပါ၊ လူတွေကတော့ ဝိုင်းချီးမြှောက်ပြီး ရွှမ်ယွင်ကျီ ဆိုတဲ့ ဘွဲ့နာမည်လေး ပေးထားကြပါတယ်”

ကျင့်ကြံခြင်းလောကတွင် ဘွဲ့အမည်တစ်ခုကို အလွယ်တကူ မပေးကြပေ။ ထူးခြားသော ပါရမီ သို့မဟုတ် နက်နဲသော အောင်မြင်မှုများ ရှိသူများကိုသာ ထိုကဲ့သို့ ချီးမြှောက်လေ့ရှိသည်။ လော့ချန်၏ တန်ချန်ဇီ ဆိုသော ဘွဲ့မှာမူ မူလက စီးပွားရေးအရ ကြော်ငြာရန်အတွက်သာ မီရှုဟွာ အတင်းအကျပ် ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ထိုဘွဲ့မှာ မက်မွန်ပန်းသူတော်စင် သို့မဟုတ် နံ့သာသခင်မ တို့ကဲ့သို့ အမှန်တကယ် ကြိုးစားအားထုတ်မှုကြောင့် ရရှိလာသော ဘွဲ့များနှင့် များစွာ ကွာခြားနေခဲ့သည်။

ယခု သူ့ရှေ့မှ လူသည်လည်း ဘွဲ့အမည်တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ရာ အကြောင်းရင်းကို ခန့်မှန်းရန် မခက်ခဲပေ။ ထိုသူ၏ ဝတ်ရုံပေါ်တွင် ဆေးနံ့များ စွဲထင်နေခြင်းက သူသည် ဆေးဖော်စပ်ခြင်းပညာတွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့သူဖြစ်ကြောင်း သက်သေပြနေသည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင်လည်း ဆေးဖော်စပ်ခြင်း လမ်းစဉ်အပေါ် နက်နက်ရှိုင်းရှိုင်း နားလည်ထားသူတစ်ဦး၏ ယုံကြည်ချက်များ လျှံထွက်နေသည်။

ထိုအချက်ကို သဘောပေါက်သွားသည့်အခါ လော့ချန်သည် သူ၏အမူအရာကို ပြင်လိုက်ပြီး လေးစားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် မိတ်ဆွေ ရွှမ်ယွင်ကျီ"

ရွှမ်ယွင်ကျီက ခပ်ဖွဖွ ပြုံးရင်း လော့ချန်ကို အကဲခတ်လိုက်သည်။

"မိတ်ဆွေက အရမ်းငယ်သေးတာတောင် ဆေးလုံးတွေကို ဒီလောက်အများကြီး ဝယ်နေတာပဲ.... ကျွန်တော် တစ်ခုလောက် ပြောချင်ပေမဲ့ ပြောသင့်မပြောသင့်တော့ မသေချာဘူး...."

လော့ချန်မှာ ဆွံ့အသွားရသည်။

‘မသေချာဘဲနဲ့ ဘာကိစ္စ စကားလာစနေသေးတာလဲ....’

သို့သော် အပြင်ပန်းတွင်မူ စိတ်ဝင်တစား နားထောင်မည့်ဟန် ဖမ်းလိုက်သည်။

"မိတ်ဆွေ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောပါဗျာ"

ရွှမ်ယွင်ကျီက ရင်းနှီးစွာဖြင့် သတိပေးလိုက်သည်။

"ဒီလိုပါဗျ.... ဆေးလုံးတွေက ထိရောက်မှုရှိပေမဲ့ အဲ့ဒါတွေအပေါ် အရမ်းကြီး အားမကိုးသင့်ဘူး.... မဟုတ်ရင် ဆေးအဆိပ်တွေက ခန္ဓာကိုယ်ထဲမှာ စုပုံလာပြီး အနှစ်သာရကို စုစည်းရမယ့်အချိန်ကျရင် အခက်အခဲတွေ ဖြစ်လာနိုင်တယ်"

လော့ချန် ရယ်မောလိုက်သည်။

"မိတ်ဆွေရွှင်ယွမ်ကျီရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့.... ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဆေးရောင်းသူတစ်ယောက်ဆီကနေ ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"

ရွှမ်ယွင်ကျီ တစ်ချက် မှင်တက်သွားပြီးနောက် သူပါ လိုက်ပြီး ရယ်မောတော့သည်။

"ဘာလို့လဲတော့ မသိဘူး.... မိတ်ဆွေလော့ကို တွေ့ရတာ တရင်းတနှီး ရှိလှတယ်လို့ ခံစားမိလို့ပါ"

"ဟားဟား…. ဟုတ်ပါပြီဗျာ၊ သတိပေးစကားအတွက်လည်း ကျေးဇူးတင်ပါတယ်" ဟု လော့ချန်က ပြုံးလျက် ပြန်ပြောလိုက်သည်။ သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် အရောင်းစာရေးမလေးမှာ နဂါးပျံဆေးလုံးများအားလုံးကို ယူလာပေးသည်။ ယခင်အသုတ်အပါအဝင် အားလုံးကို ငါးရာခိုင်နှုန်း လျှော့ပေးခဲ့သည်။ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၁၈၂၈၇ ကျသင့်ရာတွင် ရွှမ်ယွင်ကျီက အစွန်း ၈၇ တုံးကို ပယ်ဖျက်ပေးလိုက်သည်။ ပထမအကြိမ်ဝယ်ယူမှုတွင် လျှော့ဈေးမပေးရဆိုသော စည်းကမ်းကိုလည်း မည်သူမျှ ထပ်မဟတော့ပေ။

ဆေးလုံးများကို ရရှိပြီးနောက်တွင်လည်း လော့ချန်သည် ချက်ချင်း ထွက်မသွားသေးဘဲ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

"ဒီကမိတ်ဆွေတို့ဆိုင်မှာ အဆင့်လတ် ဒါမှမဟုတ် အဆင့်မြင့် နဂါးပျံဆေးလုံးတွေရော ရောင်းပါသလား"

ရွှမ်ယွင်ကျီသည် လော့ချန်ကို ကြည့်ကာ ဤသူသည် သူ၏ သတိပေးချက်ကို အလေးထားပုံရသည်ဟု တွေးလိုက်မိသည်။ ယခုပင် အဆင့်မြင့်ဆေးလုံးများကို ပြောင်းလဲသောက်သုံးရန် စဉ်းစားနေခြင်းဖြစ်ပေလိမ့်မည်။ ကံဆိုးစွာဖြင့်ပင် "စိတ်မကောင်းပါဘူး" ဟု ရွှမ်ယွင်ကျီက သက်ပြင်းချရင်း ဆိုသည်။

"ဆေးလုံးစိမ်းချိုင့်ဝှမ်းက အဆင့်မြင့်ဆေးလုံးတွေကို တိုက်ရိုက် ဘယ်တော့မှ မရောင်းပါဘူး.... အဲ့ဒါက အထက်က ချမှတ်ထားတဲ့ စည်းကမ်းမို့လို့ ကျွန်တော်လည်း မတတ်နိုင်ပါဘူး"

လော့ချန်လည်း သက်ပြင်းချလိုက်သည်။

"နှမြောစရာပါပဲ"

ရွှမ်ယွင်ကျီသည် လော့ချန်၏ ဝတ်စားဆင်ယင်မှုနှင့် အမူအရာများကို သေချာစွာ အကဲခတ်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။ သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ တိမ်ကိုးလွှာအမှတ်အသား ပါဝင်သော လက်ရာမြောက်သည့် ဖိတ်ကြားလွှာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးလိုက်သည်။

"မိတ်ဆွေမှာ ဝိညာဉ်ကျောက်တုံး မရှားလောက်ပါဘူး" ဟု ရွှမ်ယွင်ကျီက ဆိုသည်။

"ထျန်းလန် နတ်ဘုရားမြို့တော်မှာ ကျင်းပမယ့် နောက်ထပ် လေလံပွဲကြီးကို ဆေးလုံးစိမ်းချိုင့်ဝှမ်းနဲ့ ရေခဲခံတပ်တို့ ပူးပေါင်းပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ.... ဒီဖိတ်ကြားလွှာရှိရင် ခင်ဗျားရဲ့ ငွေကြေးအခြေအနေကို စစ်ဆေးမခံရဘဲ တက်ရောက်ခွင့် ရပါလိမ့်မယ်"

လော့ချန်မှာ သိသိသာသာပင် အံ့ဩသွားရသည်။ သူသည် ထိုဖိတ်ကြားလွှာကို ယူကာ အထဲရှိ အကြောင်းအရာများကို ဖတ်ကြည့်လိုက်သည်။ စာရင်းထဲတွင် ရှားပါးရတနာများစွာ ပါဝင်နေသလို ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့် ရေခဲခံတပ်တို့၏ သီးသန့်ထုတ်ကုန်များလည်း ပါရှိသည်။ သူ၏ အကြည့်များမှာ အဆင့်မြင့် နဂါးပျံဆေးလုံး ဆိုသည့် စာသားဆီသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

လော့ချန်သည် ထိုဖိတ်ကြားလွှာကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး "ကျွန်တော် သေချာပေါက် လာခဲ့ပါ့မယ်" ဟု ကတိပေးလိုက်သည်။

လော့ချန် ဆိုင်ထဲမှ ထွက်လာစဉ်တွင် နောက်သို့ တစ်ချက် ပြန်လှည့်ကြည့်လိုက်သည်။ ရွှမ်ယွင်ကျီသည် ကောင်တာနောက်တွင် ရပ်နေဆဲဖြစ်ပြီး လော့ချန်ကို နောက်ဆုံးအကြိမ် ပြုံးပြလိုက်သည်။

"ထူးဆန်းလိုက်တာ…. သူ့ဆီမှာ အသက်စွမ်းအားတွေ အပြည့်ရှိနေသလိုမျိုး ခံစားရပေမဲ့ တစ်ချိန်တည်းမှာပဲ အသေကောင်တစ်ယောက်လို သေဆုံးခြင်းအငွေ့အသက်တွေကလည်း ဘာလို့ ထွက်ပေါ်နေရတာလဲ...."

လော့ချန် ခေါင်းကို ခါယမ်းကာ စည်ကားလှသော လမ်းမပေါ်သို့ တက်လှမ်းလိုက်သည်။

သူသည် တစ်ကိုယ်တည်း ရေရွတ်ရင်း ခဏမျှ လျှောက်လာပြီးနောက် အခြားဆိုင်တစ်ဆိုင်ထဲသို့ ရုတ်တရက် ဝင်လိုက်သည်။

၎င်းမှာ မွှေးရနံ့စိတ်ရွှင်ဂေဟာပင် ဖြစ်သည်။

"နတ်ဘုရားမီးလျှံ အမွှေးတိုင် တစ်ဘူးနဲ့ ပန်းတစ်ရာနှင်းရည် ဆယ်ပုလင်း ပေးပါ" ဟု လော့ချန် ဆိုလိုက်သည်။

သူ ဆိုင်ထဲသို့ ဝင်လာခြင်းက အကြည့်အချို့ကို ဆွဲဆောင်လိုက်သည်။ သူ၏ ကျင့်ကြံမှုကြောင့် မဟုတ်ဘဲ သူသည် အမျိုးသားတစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ဤဆိုင်သို့ အမျိုးသမီးကျင့်ကြံသူများသာ အများဆုံး လာရောက်လေ့ရှိပြီး အမျိုးသားဖောက်သည်မှာ အလွန်ပင် ရှားပါးလှသည်။ သို့သော်လည်း ဧည့်သည်မှာ ဧည့်သည်ပင် ဖြစ်ရာ အရောင်းစာရေးလေးတစ်ဦးက သူ့ကို ချက်ချင်းပင် လာရောက် ဝန်ဆောင်မှုပေးသည်။

နတ်ဘုရားမီးလျှံ အမွှေးတိုင်မှာ နာမည်ကျော် နံ့သာသုံးမျိုးထဲမှ တစ်ခုဖြစ်ပြီး၊ ကျင့်ကြံစဉ် အသုံးပြုရသော ဒုတိယအဆင့် ဝိညာဉ်နံ့သာ ဖြစ်သည်။ ဆေးလုံးများထက် ဈေးသက်သာသည် ဆိုသော်ငြားလည်း၊ ၁၂ ချောင်းပါ တစ်ဘူးလျှင် ဝိညာဉ်ကျောက်တုံး သုံးရာနီးပါး ကျသင့်သဖြင့် အသေးအဖွဲ အသုံးစရိတ်တော့ မဟုတ်ပေ။ လော့ချန်သည် ငွေပေးချေလိုက်စဉ် အနည်းငယ် နှမြောသွားမိသည်။

အမှန်စင်စစ် သူသည် ထိုနတ်ဘုရားမီးလျှံ အမွှေးတိုင်က သူ့အတွက် အလုပ်ဖြစ်ပါ့မလားဟု မသေချာသေးပေ။ ချီသန့်စင် အဆင့်တွင် သူအသုံးပြုခဲ့သော စိတ်ငြိမ်အမွှေးတိုင်မှာ ယခုအခါတွင် အာနိသင် မရှိတော့ပေ။ အကယ်၍ သူသည် နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်တွင် ကျွမ်းကျင်မှုကို ဆက်လက် မြှင့်တင်လိုပါက လက်ရှိကျင့်ကြံမှုနှင့် ကိုက်ညီသော နံ့သာအသစ်တစ်ခုကို ရှာဖွေရမည် ဖြစ်သည်။ ထိုသို့ မဟုတ်ပါက သူ၏ တိုးတက်မှုမှာ အလွန်အမင်း နှေးကွေးနေပေလိမ့်မည်။

ထို့ပြင် သူသည် ပန်းတစ်ရာနှင်းရည်ကိုလည်း မဆိုင်းမတွပင် ဝယ်ယူခဲ့သည်။ အကြောင်းရင်းမှာ ရိုးရှင်းသည်။ ပထမအချက်မှာ ဈေးသက်သာခြင်း ဖြစ်သည်။ ဘုရင်မပန်းဂိုဏ်း၏ အဓိကထုတ်ကုန်ဖြစ်ပြီး အရေအတွက် အမြောက်အမြား ထုတ်လုပ်သောကြောင့် ဈေးမှာ ချိုသာလှသည်။ ဒုတိယအချက်မှာ ၎င်းသည် ကျောက်စိမ်းနှင်းစက်ဆေးလုံး ဖော်စပ်ရာတွင် အသုံးပြုရသော အဓိက ကုန်ကြမ်းသုံးမျိုးထဲမှ တစ်ခုဖြစ်သောကြောင့်ပင် ဖြစ်သည်။

ကျောက်စိမ်းနှင်းစက်ဆေးလုံးအတွက် အဓိကကုန်ကြမ်းများမှာ မြရောင်မြူခိုးမြက်၊ လင်ထင်းရနံ့မွှေးပင်၊ ပန်းတစ်ရာနှင်းရည်တို့ ဖြစ်ကြသည်။ ပထမနှစ်မျိုးကိုမူ လော့ထျန်းအဖွဲ့ကို အပြင်းအထန် ဝယ်ယူရန် ခိုင်းထားပြီးဖြစ်သည်။ နောက်ဆုံးတစ်မျိုးကိုမူ သူကိုယ်တိုင် ဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဤသည်က ဆေးနည်းကို လျှို့ဝှက်ထားရန် ပိုမိုလွယ်ကူစေသလို၊ အကယ်၍ ကုန်ကြမ်းသုံးမျိုးစလုံးကို လူသိရှင်ကြား စုဆောင်းမည်ဆိုပါက ဆေးလုံး၏ အဓိက အစိတ်အပိုင်းကို တစ်ပါးသူများ ခန့်မှန်းသွားနိုင်သောကြောင့်ပင် ဖြစ်သည်။

သူတစ်ပါး သိသွားလျှင်ပင် ထိုဆေးလုံးကို ဖော်စပ်နိုင်ရန် ခက်ခဲဦးမည် ဖြစ်သော်လည်း၊ တတ်နိုင်သမျှ လျှို့ဝှက်ထားခြင်းက ပို၍ကောင်းသည်။ ဤသည်မှာ ဆေးဖော်စပ်သူတစ်ဦး၏ အသက်သွေးကြော မဟုတ်ပါလော။ သူသည် တစ်ပါးသူကို မသိစေချင်သလို၊ တစ်ပါးသူ သိသွားလျှင်ပင် အသေးစိတ် အချက်အလက်များကို ခွဲခြားမရနိုင်အောင် လုပ်ဆောင်ပေလိမ့်မည်။

....

မပြန်မီတွင် လော့ချန် တွမ်ဖုန်းဆီသို့ အရင်ဝင်လိုက်သည်။ တွမ်ဖုန်းမှာ အဆင့်တက်ရန် နောက်ဆုံးပြင်ဆင်မှုများကို လုပ်ဆောင်နေသည်။ မကြာမီ သူသည် ရက်အနည်းငယ်မှ တစ်လကျော်အထိ ကြာနိုင်သော တံခါးပိတ်ကျင့်ကြံမှုကို စတင်တော့မည် ဖြစ်သည်။

လော့ချန်ကဲ့သို့ တစ်နှစ်နီးပါး ကြာမြင့်သည့် အခြေတည်အဆင့်တက်လှမ်းခြင်းမျိုးမှာ အလွန်ပင် ရှားပ ဤသည်မှာ ထိုစဉ်က သူ့ထံ၍ အခြေတည်ဆေး ငါးစုံရှိခဲ့ခြင်းနှင့်လည်း သက်ဆိုင်သည်။ ထို့ပြင် ရှောင်ဟွမ်းတောင်၏ ဒုတိယအဆင့် ဝိညာဉ်ကြောမှာ သဘာဝမဟုတ်ဘဲ လူလုပ်ဖြစ်သဖြင့် အစီအရင်အတွက် လိုအပ်သော ဝိညာဉ်ကျောက်တုံးများကို ဖြည့်တင်းရန် အချိန်များစွာ သုံးခဲ့ရခြင်းကြောင့်လည်း ဖြစ်သည်။

နှိုင်းယှဉ်ကြည့်လျှင် တွမ်ဖုန်း၌ ထိုပြဿနာများ မရှိပေ။ တွမ်ဖုန်း၏ အောင်မြင်မှုနှုန်းကို တတ်နိုင်သမျှ မြှင့်တင်ပေးနိုင်ရန်အတွက် လော့ချန် စိတ်ရှည်လက်ရှည်ဖြင့် အခြေခံတည်ဆောက်ခြင်း၏ လျှို့ဝှက်ချက်များနှင့် အဓိကအချက်များကို နောက်တစ်ကြိမ် ထပ်မံ ရှင်းပြပေးခဲ့သည်။ ထို့ပြင် တွမ်ဖုန်း၏ အနေခက်နေသော မျက်နှာပေးအောက်တွင် လော့ချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စင်ကြယ်သော ချီစွမ်းအင်တစ်ခုကို ထည့်သွင်းပေးလိုက်သည်။ ၎င်းမှာ ဒန်ထျန်းအတွင်းရှိ ဝိညာဉ်စွမ်းအားများ ပင်လယ်သဖွယ် ပြောင်းလဲချိန်တွင် ခန္ဓာကိုယ်အနှံ့ သွေးကြောများကို ရိုက်ခတ်စီးဆင်းမည့် ဖြစ်စဉ်ကို ကြိုတင် နမူနာပြသခြင်း ဖြစ်သည်။ လော့ချန်သည် တွမ်ဖုန်းကို ထိခိုက်မှုမရှိစေအောင် အရှိန်အဟုန်ကို အထူးဂရုစိုက် ထိန်းချုပ်ထားခဲ့သည်။

တွမ်ဖုန်းသည် ထိုအတွေ့အကြုံကို အပြည့်အဝ အာရုံစိုက် ခံစားခဲ့သည်။ အဆုံးတွင် သူသည် ရှုပ်ထွေးလှသော အမူအရာဖြင့် "ကျေးဇူးပါကွာ" ဟု တိုးညှင်းစွာ ဆိုလိုက်သည်။

"ကျေးဇူးတင်နေဖို့ မလိုပါဘူး.... အပြင်မှာတော့ အစ်ကို ကျွန်တော့်ကို ခေါင်းဆောင်လို့ ခေါ်ပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က တာဟဲမြို့တွင်းခြံဝန်းလေးကနေ လာတဲ့ ညီအစ်ကိုတွေလေ....”

“အစ်ကိုတွမ် အဆင့်တက်တာ အောင်မြင်ပါစေလို့ ကျွန်တော် တကယ် ဆုတောင်းပါတယ်.... ကျင့်ကြံခြင်းလမ်းစဉ်က ရှည်လျားပြီး ကွေ့ကောက်လွန်းတယ်.... ကျွန်တော် တစ်ယောက်တည်း လျှောက်လှမ်းနေရရင် အရမ်းကို အထီးကျန်လွန်းလိမ့်မယ်.... အစ်ကိုတွမ်တင်မကဘူး၊ ချင်လျန်ချန်းနဲ့ ချိုင်ယီတို့ကိုပါ အခြေတည်အဆင့် တက်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်"

လော့ချန် လက်ကို ဝှေ့ယမ်းကာ ပွင့်လင်းစွာ ပြောဆိုလိုက်သည်။ သူ၏ စကားများမှာ ဟန်ဆောင်မှုမရှိဘဲ ရင်ထဲမှ လာခြင်းဖြစ်ရာ တွမ်ဖုန်းမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားရသည်။ သူသည် ဂူဗိမာန် ဝင်ထွက်မှုကို ထိန်းချုပ်သည့် အစီအရင် ကျောက်စိမ်းပြားကို လော့ချန်ထံ အပ်နှံလိုက်သည်။

“တစ်လကြာလို့ ငါပြန်ထွက်မလာရင် ငါအခြေတည်တာ ကျရှုံးသွားပြီလို့သာ မှတ်လိုက်ပါ”

“အဲဒီအခါကျရင် ဒဏ်ရာအပြင်းအထန်ရတာ ဒါမှမဟုတ် အသက်ဆုံးရှုံးတာပဲ ရှိလိမ့်မယ်”

“အဲဒီအချိန်ကျရင်.... မင်းပဲ ငါ့အလောင်းကို လာသိမ်းပေးပါကွာ”

....

ကျောက်တံခါးကြီး ပိတ်သွားပြီး ကာကွယ်ရေးအစီအရင်များ စတင်အလုပ်လုပ်ကာ မြူခိုးများ ဖုံးလွှမ်းသွားသည်ကို ကြည့်ရင်း လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။

"သူ အောင်မြင်မှာပါ၊ ဟုတ်တယ်မလား"

လော့ချန်သည် သူ့ကိုယ်သူ ကံဆိုးစေသူတစ်ဦးဟု မည်သည့်အခါမျှ မယူဆခဲ့ပေ။ အမှန်တကယ်ဆိုလျှင် သူသည် ကံကောင်းခြင်းများ ယူဆောင်လာသူ တစ်ဦးပင် ဖြစ်နိုင်သည်။ သူ့ဘေးနားရှိ လူများမှာ ပိုမိုကောင်းမွန်စွာ နေထိုင်ကြရပြီး ရန်သူများသာလျှင် အဆုံးမလှ ဖြစ်ကြရသည် မဟုတ်ပါလော။ ထိုသို့ ယုံကြည်ထားသဖြင့် သူသည် အလောင်းလာသိမ်းပေးရမည့် လူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ပေ။

“အဲဒီအစား.... ဂူတံခါးကနေ ထွက်လာမယ့် အောင်ပွဲခံသံကိုပဲ ငါ ပိုကြားချင်တာပေါ့”

သူ ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ ထိုနေရာမှ ထွက်ခွာခဲ့သည်။ လွင့်မျောနေသော တိမ်တိုက်များပေါ်တွင် စီးနင်းရင်း သူ၏ ဂူဗိမာန်သို့ ပြန်လာခဲ့ရာ ထိုနေရာတွင် တစ္ဆေအလှလေးတစ်ဦးက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

လော့ချန် ပြန်ရောက်လာသည်ကို သိလိုက်သည့် ခဏ၌ ဂူအတွင်းမှ တစ္ဆေမလေး ပိုင်မေလင်း၏ ဝမ်းသာအားရ အသံလေး ချက်ချင်း ထွက်ပေါ်လာတော့သည်။

"သခင်… သခင် နောက်ဆုံးတော့ ပြန်လာပြီပဲ"

All Chapters