အခန်း (၁၈၄၁-၁၈၄၂)
Vol. 185 Ch. 1841-1842
အခန်း (၁၈၄၁) - ဝိညာဉ်တစ်သိန်း
"ဖန့်သူတော်စင်... ကျွန်တော် မှားသွားပါပြီ၊ ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ"
ကန့်သတ်ချက်ကျော်လွန်သူ အဆင့် ၃ ဖြစ်သည့် ရှူးအိုကြီးမှာ ယခုအချိန်အထိ ဂုဏ်သိက္ခာရှိရှိ တောင့်ခံနိုင်ခဲ့သော်လည်း ယခုမူ ထိတ်လန့်တကြား အော်ဟစ်ကာ အပြစ်ဝန်ခံနေရှာသည်။
သို့သော် စကားပင် မဆုံးသေးမီမှာပင် ဓားအရှိန်အဝါသည် မျက်စိပါသကဲ့သို့ သူ၏ လည်ပင်းကို ဖြတ်သန်းသွားတော့သည်။ ရှူးအိုကြီး၏ ဦးခေါင်းမှာ မြင့်မားသော ကောင်းကင်ယံမှ ပြုတ်ကျလာပြီး နတ်ဘုရားသွေးများမှာ ဟင်းလင်းပြင်၌ ဖိတ်စင်သွားခဲ့သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးနှင့် ဆူးဆူးဝါးဝါး အော်ဟစ်သံများမှာ တစ်နေရာပြီးတစ်နေရာ ဆက်တိုက် ထွက်ပေါ်နေတော့သည်။
ဖန့်ချန်ကမူ ထိုသူတို့ သေဆုံးပြီးနောက် ဝိညာဉ်များ မည်သည့်နေရာသို့ ဦးတည်သွားသည်ကို အာရုံစိုက်နေမိသည်။ သေဆုံးသွားသော တန်ခိုးရှင်တိုင်း၏ ဝိညာဉ်များကို အဖြူအမဲပုံရိပ်များ (ဝိညာဉ်ဖမ်းစားသူများ) က ခဏချင်းအတွင်း၌ လာရောက်ခေါ်ဆောင်သွားကြသည်ကို မြင်တွေ့ရသည်။
ဤလုပ်ဆောင်ချက်မှာ နယ်မြေကိုးခု ကာလတုန်းကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်ပြီး ထိရောက်လှသည်။
'အခုခေတ် ဝိညာဉ်မျိုးနွယ်စု ဟာ တကယ်ကို အင်အားကြီးမားတဲ့ အချိန်ဖြစ်ပုံရတယ်... မဟုတ်သေးဘူး၊ နယ်မြေကိုးခု ကာလတုန်းကတောင် နတ်ဘုရားနယ်မြေက ဝိညာဉ်မျိုးနွယ်ဟာ အင်အားကြီးနေတုန်းပဲ ဖြစ်မှာပါ။ ဆုတ်ယုတ်သွားတာက နယ်မြေကိုးခုပဲ ဖြစ်လိမ့်မယ်'
ဖန့်ချန် စိတ်ထဲမှ မှတ်ချက်ပြုနေမိသည်။
ဤအချက်တစ်ခုတည်းနှင့်တင် ယင်လောက ရှိ ဝိညာဉ်မျိုးနွယ်စု၏ လုပ်ငန်းဆောင်တာများမှာ မည်မျှအထိ စနစ်တကျ ရှိနေသည်ကို ခန့်မှန်းနိုင်သည်။ သက်ရှိတစ်ဦး သေဆုံးသွားသည်နှင့် သူတို့၏ ဝိညာဉ်များမှာ လူ့ပြည်တွင် ကြာရှည်နေထိုင်ခွင့် မရတော့ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ယင်လောကသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရတော့သည်။
ထိုမှတစ်ဆင့် သံသရာလည်မည်လော၊ သို့မဟုတ် ဝိညာဉ်မျိုးနွယ်စုဝင် ဖြစ်လာမည်လော ဆိုသည်မှာ နောက်ပိုင်းကိစ္စသာ ဖြစ်သည်။ အနည်းဆုံးတော့ လူ့ပြည်လောကတွင် လေလွင့်ဝိညာဉ်များ မရှိဘဲ သန့်သန့်ရှင်းရှင်း ရှိနေပေတော့မည်။
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ။
အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များမှာ ကွယ်ပျောက်သွားခဲ့ပြီ။ ဟင်းလင်းပြင်ထဲတွင် သူတော်စင် သုံးပါးမှလွဲ၍ အခြားပုံရိပ်များ မရှိတော့ချေ။ ပျံသန်းနေသော ငှက်ကလေးများပင်လျှင် ဤနေရာ၌ ဖြတ်သန်းသွားလာရန် မဝံ့မရဲ ဖြစ်နေကြသည်။
"မင်းရဲ့ ဒီဓားက... ဘာလို့ ခေါ်သလဲ"
ဝမ်တောက်သူတော်စင်က သက်ပြင်းချကာ မေးလိုက်သည်။
ဖန့်လဲ့က လက်ယှက်ဂါရဝပြုရင်း
"ဒါက ရှစ်မျက်နှာအရပ် နတ်ဘုရားနှိမ်နင်းခြင်း ပါပဲ" ဟု ဖြေကြားသည်။
"ရှစ်မျက်နှာအရပ် နတ်ဘုရားနှိမ်နင်းခြင်းလား..."
လူတိုင်း၏ မျက်ဝန်းထဲတွင် အားကျလိုလားသော အရိပ်အယောင်များ ပေါ်လာသည်။ အကယ်၍သာ ဤထူးခြားသော ပညာရပ်ကို သင်ယူခွင့်ရလျှင် သူတို့လည်း ပြိုင်ဘက်ကင်း တန်ခိုးရှင်များ ဖြစ်လာနိုင်သည်မဟုတ်ပါလား။
"သူတော်စင်အဆင့်ကို တက်ပြီးတာနဲ့ ကျန်းရန်နဲ့ လော့ရွှယ်ကို ဓားတစ်ချက်တည်းနဲ့ မောင်းထုတ်နိုင်ခဲ့တယ်၊ မင်းရဲ့ စွမ်းဆောင်ရည်က ငါတို့ ထင်ထားတာထက်တောင် ကျော်လွန်နေပါပြီ။ ဒါဟာ မင်းကို ငါတို့ ကာကွယ်ပေးခဲ့တာ မှန်တယ်ဆိုတာ သက်သေပြလိုက်တာပဲ။ အခုတော့ အဲဒီကောင်တွေကိုလည်း သတ်ပြီးပြီ၊ မင်းရဲ့ ဒေါသလည်း ပြေလောက်ပြီ၊ ငါတို့ဘက်က ရပ်တည်ချက်ကိုလည်း ပြပြီးပြီ။ နောင်ဆိုရင်တော့ ဒီဓားကို လွယ်လွယ်နဲ့ မသုံးပါနဲ့ဦး"
ဝမ်တောက်သူတော်စင်က ထိုသို့ပြောပြီးနောက် ဝတ်ရုံစကို ဝှေ့ယမ်းကာ ဟင်းလင်းပြင်ထဲမှ ချက်ချင်း ထွက်ခွာသွားတော့သည်။
"ကျွန်တော်လည်း အရင်သွားတော့မယ်၊ ကျွန်တော့်ရဲ့ အဆင့်အတန်းနဲ့ ဒီနေ့ ဒီနေရာမှာ ပေါ်လာတာဟာ လူတော်တော်များများရဲ့ မကျေနပ်မှုကို ဆွဲဆောင်မိသလို ဖြစ်နေပြီ"
ဝမ့်ချင်သူတော်စင်ကလည်း ဖန့်လဲ့ နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာသွားသည်။
ထိုအချိန်မှာပင် ချောင်ရှန်းမျှော်စင်ပေါ်ရှိ ဝမ်တောက်မဟာမိတ်အဖွဲ့ဝင် သူတော်စင်တစ်ပိုင်းများမှာလည်း မိမိတို့လူများကို ခေါ်ဆောင်ကာ တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာသွားကြသည်။ အခမ်းအနားကို ကြည့်ရှုပြီးနောက် သူတို့၏ ရည်ရွယ်ချက်မှာ အောင်မြင်သွားပြီဖြစ်ရာ ဆက်လက်နေရန် မလိုအပ်တော့ပေ။
"ငါလည်း သွားတော့မယ်"
ဖန့်ချန်းယွဲက ဖန့်ချန်းယူကို ပြုံးပြလိုက်ပြီးနောက် သူမ၏ ဝိညာဉ်မျိုးနွယ်စုဝင်များကို ခေါ်ဆောင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ဘိုးဘေးကြီးကို မစောင့်တော့ဘူးလား"
ဖန့်ချန်းယူက မျက်မှောင်ကြုတ်ကာ မေးသည်။
"လူနဲ့ ဝိညာဉ်က လမ်းစဉ်ချင်း မတူဘူးလေ၊ ငါ လူ့ပြည်မှာ အကြာကြီး နေဖို့ မသင့်တော်ဘူး"
စကားအဆုံးတွင် ဖန့်ချန်းယွဲ့နှင့် သူမ၏ နောက်လိုက်များ၏ ပုံရိပ်မှာ တဖြည်းဖြည်း မှိန်ဖျော့ကာ ပျောက်ကွယ်သွားတော့သည်။ ထို့အတူပင် ဇန့်လုံမြို့အတွင်းရှိ ဝိညာဉ်မျိုးနွယ်စုဝင် တစ်သိန်းခန့်မှာလည်း တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြသည်။
"ဟူး..."
ဖန့်ချန်းယူက သက်ပြင်းတစ်ချက်ချလိုက်ပြီး တိုးတိုးလေး ရေရွတ်သည်။
"နှမြောစရာပဲ၊ ဒီတစ်ခေါက် ဇန့်ရွှယ်ကို မဖမ်းလိုက်နိုင်ဘူး"
ဖန့်မျိုးနွယ်စုဝင်များ၏ မျက်နှာမှာ အနည်းငယ် ထူးဆန်းသွားကြသည်။ ဖန့်ချန်းယူသည်လည်း သူ၏ စကားမှာ အနည်းငယ် မှားယွင်းသွားသည်ကို သိလိုက်သဖြင့် ဖန့်ချန်းရွှယ်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ငါက ဇန့်ရွှယ်ကိုပဲ စိတ်တိုတာပါ၊ မင်းကို စိတ်ဆိုးနေတာ မဟုတ်ပါဘူး"
"ကျွန်မ သိပါတယ်"
ဖန့်ချန်းရွှယ်က ခေါင်းညိတ်ပြသည်။
မကြာမီ ဖန့်လဲ့ သည် ချောင်ရှန်းမျှော်စင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ သူတော်စင်တစ်ပိုင်းများ အပါအဝင် လူတိုင်းမှာ ရိုသေစွာဖြင့် အလေးပြုကြသည်။ ဖန့်လဲ့ က အမှာစကားအချို့ ပြောကြားပြီးနောက် ထိုသူတော်စင်တစ်ပိုင်းများကို ခေါ်ဆောင်ကာ ရှဲ့ကျစ် တံခါးကြီးအတွင်းသို့ ဝင်သွားတော့သည်။ သူတို့ကို ရှဲ့ကျစ် သို့ ဖိတ်ခေါ်သွားခြင်းမှာ ထင်ရှားလှသည်။
"ခင်ဗျားတို့အနေနဲ့ အားမနာဘူးဆိုရင် ငါတို့ ရှဲ့ကျစ်ဆီမှာ ခဏလောက် ထိုင်ပါဦး။ ငါတို့မျိုးနွယ်ကနေ သူတော်စင် ထွက်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ ငါတို့ရဲ့ သူတော်စင်မျှော်စင် ကို ခင်ဗျားတို့အတွက် အခမဲ့ ဖွင့်လှစ်ပေးပါ့မယ်"
ဖန့်ချန်းယူက ပြုံးလျက် ဆိုသည်။
လူတိုင်းမှာ ဝမ်းသာအားရ လက်ခံလိုက်ကြပြီး ဖန့်မျိုးနွယ်ဝင် တန်ခိုးရှင်များ၏ နောက်မှလိုက်ကာ ရှဲ့ကျစ်သို့ ဦးတည်သွားကြတော့သည်။
ရှဲ့ကျစ် ၊ ဖန့်ချန် နေထိုင်သည့် အိမ်ရာဝင်းလေး။
"ဖန့်ဟန်... မင်းက ဘာလို့ သူတော်စင်မျှော်စင်ကို မသွားတာလဲ ဒီတစ်ခေါက် လူတော်တော်များများ ဝင်သွားကြတာ ငါတွေ့တယ်"
ဝမ်ချုံစန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဖန့်ဟန်က ပြုံးကာ
"ကျွန်တော်ကတော့ ကန့်သတ်ချက်ကို ရောက်နေပြီ။ မျှော်စင်ထဲ ထပ်ဝင်လည်း အကျိုးထူးမှာ မဟုတ်ဘူး၊ ခဏလောက် အေးအေးဆေးဆေး ကျင့်ကြံဦးမှ ဖြစ်မယ်"
"သူက မျှော်စင်ထဲက ထွက်လာတာ သိပ်မကြာသေးဘူးလေ၊ ထွက်ပြီးချင်း ချက်ချင်း ပြန်ဝင်လို့ ဘယ်ရပါ့မလဲ"
ဖန့်ချန်က ဝမ်ချုံစန်းနှင့် ဖန့်ဟန်တို့အတွက် လက်ဖက်ရည် တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။
"ဖန့်အိုကြီး... မင်းရဲ့ သွေးမျိုးဆက်က သန့်စင်လိုက်တာ တတိယမျိုးဆက် ဘိုးဘေးတွေနဲ့တောင် တူတယ်လို့ ငါကြားထားတယ်။ မင်းက ဒီဖန့်မျိုးနွယ်ထဲမှာ တကယ်တော့ ဘယ်လို တည်ရှိမှုမျိုးလဲ "
ဝမ်ချုံစန်းက လက်ဖက်ရည် သောက်ခါနီးမှ ရပ်တန့်လိုက်ပြီး သိလိုစိတ်ပြင်းပြစွာ မေးလိုက်သည်။ ဖန့်ဟန်ကလည်း ထူးဆန်းသောအကြည့်ဖြင့် ဖန့်ချန်ကို လှမ်းကြည့်သည်။
"မင်းက သတင်းအချက်အလက် အရမ်းစုံတာပဲ၊ ငါ့မှာ မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတာလည်း သိမှာပေါ့။ ငါက ဘယ်လို တည်ရှိမှုလဲဆိုတာကို မင်းကိုတောင် ပြန်မေးချင်နေတာ။ မင်းတို့ ကင်းလှည့်စစ်ဆေးရေးဌာန ရဲ့ မှတ်တမ်းတွေထဲမှာ ငါ့အကြောင်း မရှိဘူးလား "
ဖန့်ချန်က ရယ်မောကာ ပြန်မေးလိုက်သည်။
"ရှိရင်လည်း မင်းကို မေးနေဦးမလား"
ဝမ်ချုံစန်းက နှာခေါင်းရှုံ့လိုက်ပြီးနောက် အသံကို တိုးကာ စိတ်လှုပ်ရှားစွာ မေးသည်။
"ရှစ်မျက်နှာအရပ် နတ်ဘုရားနှိမ်နင်းခြင်း ဆိုတဲ့ ပညာရပ်ကို ပြင်ပလူတွေကို သင်ပေးဖို့ အခွင့်အရေးများ ရှိနိုင်မလား "
"ဝမ်အစ်ကို... ခင်ဗျားရဲ့ ဒီအတွေးကတော့ မဖြစ်နိုင်ဘူးဗျ။ ဖန့်သူတော်စင်ကို ဆရာအဖြစ် တပည့်ခံနိုင်မှပဲ ရမှာပါ။ မဟုတ်ရင်တော့ ဒီလို ပညာရပ်မျိုးကို ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ "
ဖန့်ဟန်က ခေါင်းကို ခါယမ်းကာ ဆိုသည်
"ငါတို့ မိသားစုဝင်တွေတောင်မှ ဒီပညာရပ်ကို အမွေဆက်ခံခွင့် ရချင်မှ ရကြမှာ"
"ဟုတ်တယ်"
ဖန့်ချန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
သုံးဦးသားမှာ လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြသည်။ ထိုစဉ် ဖန့်တိန်သည်လည်း အဆင့် ၉ တန်ခိုးရှင် အချို့နှင့်အတူ ရောက်ရှိလာသဖြင့် အားလုံး စုပေါင်းကာ လက်ဖက်ရည်သောက်ရင်း မင်ရွှီ မှ ကောလာဟလများနှင့် ပြင်ပမျိုးနွယ်စုများ၏ ထူးခြားဆန်းပြားသော အကြောင်းအရာများကို ဆွေးနွေးနေကြတော့သည်။
"ခင်ဗျားတို့ လက်ဖက်ရည်သောက်နေကြတာလား"
ဖန့်ချန်းယူသည် သူ၏ ဝှီးချဲကို တွန်းရင်း ရုတ်တရက် ဝင်လာသည်။
လူတိုင်းမှာ ထိုအခြင်းအရာကို မြင်သော် ချက်ချင်း မတ်တတ်ရပ်လိုက်ကြပြီး စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားကြသည်။ ဝမ်ချုံစန်းကမူ စိတ်ထဲမှ အံ့ဩနေမိသည်။
'ဖန့်မျိုးနွယ်ရဲ့ ဒုတိယမျိုးဆက် ဘိုးဘေးက ဘာလို့ ဒီနေရာကို ရုတ်တရက် ရောက်လာတာလဲ'
"ခင်ဗျားတို့ ဆက်သောက်ကြပါ။ ငါက ဖန့်ချန်ကို လာရှာတာ။ လာ... ငါနဲ့ တစ်ခေါက် လိုက်ခဲ့ဦး။ ဘိုးဘေးကြီးက မင်းကို တွေ့ချင်လို့တဲ့"
ဖန့်ချန်းယူက ဖန့်ချန်ကို လက်လှမ်းပြလိုက်ပြီးနောက် ပြန်လှည့်ထွက်သွားသည်။ ဖန့်ချန်ကလည်း လူတိုင်းကို ခွင့်တောင်းကာ အနောက်မှ အမြန်လိုက်သွားတော့သည်။
ကျန်ရှိနေသော လူများမှာ မှင်တက်ကျန်ရစ်ခဲ့ကြသည်။ ဖန့်သူတော်စင် က ဒီလူကို တွေ့ချင်တယ် ဟုတ်လား။
"ကျုပ်ပြောသားပဲ... သူ့ရဲ့ အဆင့်အတန်းက သာမန်မဟုတ်ဘူးလို့။ တတိယမျိုးဆက် ဘိုးဘေး... မဟုတ်မှလွဲရော ဖန့်သူတော်စင်ရဲ့ တိုက်ရိုက် သွေးမျိုးဆက်များလား "
ဝမ်ချုံစန်း စိတ်ထဲမှ တအံ့တဩ ရေရွတ်နေမိတော့သည်။
ဤသည်မှာ ခန့်ညားထည်ဝါလှသော နန်းတော်ကြီးတစ်ခု ဖြစ်သည်။ ဖန့်ချန်သည် ရှဲ့ကျစ်တွင် နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဤနန်းတော်ကြီးအနီးသို့ တစ်ခါမျှ မချဉ်းကပ်ခဲ့ဖူးချေ။ အနားသို့ ကပ်ရန် ကြိုးစားတိုင်း တားဆီးခြင်း ခံရလေ့ရှိသည်။ အကြောင်းမှာ ဤနန်းတော်ကို ဖွင့်လှစ်ခြင်း ရှိ၊ မရှိမှာ ဖန့်လဲ့ ၏ ဆန္ဒအပေါ်၌သာ မူတည်နေသောကြောင့် ဖြစ်သည်။
ယခုမူ ဖန့်ချန်သည် ဖန့်ချန်းယူ၏ အနောက်မှလိုက်ကာ မည်သည့် အဟန့်အတားမျှ မရှိဘဲ နန်းတော်မဟာအတွင်းသို့ ရောက်ရှိလာခဲ့ပြီ။
ဖန့်လဲ့ သည် နန်းတော်အလယ်တွင် ရပ်နေပြီး လက်ထဲ၌ သေးငယ်သော အနက်ရောင် မျှော်စင်လေးတစ်ခုကို ကိုင်တွယ်ကစားနေသည်။ ထိုအနက်ရောင် မျှော်စင်လေးမှာ မည်သည့်ပစ္စည်းနှင့် ပြုလုပ်ထားသည်မသိဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်မှောင်နေပြီး ပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးကို စုပ်ယူထားသကဲ့သို့ ခံစားရစေသည်။
'ဆယ့်ရှစ်ထပ် ငရဲမျှော်စင် လား '
ဖန့်ချန် စိတ်လှုပ်ရှားသွားသည်။ လဲ့ ဘိုးဘေးကြီးက သံသရာမသေမျိုးဂိုဏ်းရဲ့ ကတိအတိုင်း ဤပစ္စည်းကို သူ့အား ပြန်ပေးတော့မည်လား။
"လာပြီလား... ငါတို့ ဖန့်မိသားစုမှာ သံသရာမသေမျိုးဂိုဏ်း ရဲ့ ရွေးချယ်မှုကို ခံရတဲ့သူ ရှိလာတာဟာ ကံကောင်းခြင်းတစ်ခုပါပဲ။ စည်းမျဉ်းအရတော့ ငါ မင်းရဲ့ နောက်ခံအကြောင်းကို မမေးသလို၊ ဒီနေရာနဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကိုလည်း မေးမှာ မဟုတ်ဘူး"
ဖန့်လဲ့က ဖန့်ချန်ကို ကြည့်ကာ ပြုံးလျက် ဆိုသည်။
စည်းမျဉ်းလား
ဖန့်ချန် မှင်တက်သွားသည်။ သူကတော့ ထိုသို့သော စည်းမျဉ်းမျိုးကို တစ်ခါမျှ မကြားဖူးချေ။
"ဒီမျှော်စင်ထဲမှာ ဝိညာဉ်တစ်သိန်း ကို နှိမ်နင်း ချုပ်နှောင်ထားပြီးပြီ။ မင်း ဒါကို ပြန်ယူသွားပြီး ဖြည်းဖြည်းချင်း သန့်စင် လိုက်ပါ။ သူတို့အားလုံးက ထိပ်တန်း တန်ခိုးရှင်တွေပဲ။ ဝိညာဉ်တွေက မပြည့်စုံဘဲ ကျင့်စဉ်အဆင့်တွေ ကျဆင်းသွားပေမဲ့ အရေအတွက်ကတော့ နည်းတာမဟုတ်ဘူး။ အကူအညီ အဖြစ် သုံးဖို့တော့ လုံလောက်ပါတယ်"
ဖန့်လဲ့က ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို ဖန့်ချန်ထံ ပစ်ပေးလိုက်ပြီး အေးဆေးစွာ ဆိုသည်။
ဖန့်ချန် မှင်တက်သွားမိသည်။ ဝိညာဉ်တစ်သိန်း ဟုတ်လား ခုနလေးတင် သူ (ဖန့်လဲ့) သတ်ပစ်လိုက်တဲ့ မသေမျိုးတစ်သိုက်ကို ပြောတာလား။
ဒါပေမဲ့ သူတို့ရဲ့ ဝိညာဉ်တွေကို ဝိညာဉ်မျိုးနွယ်စုက ယက်လောကကို ဖမ်းခေါ်သွားတာကို သူ အထင်အရှား မြင်လိုက်ရပါသေးတယ်...။
အခန်း (၁၈၄၂) - အတွင်းအပြင်အဆင် နယ်မြေ (၁၈) ခု
ဖန့်ချန်၏ စိတ်ထဲ၌ သံသယများ ဖြစ်ပေါ်နေသည်ကို ဖန့်လဲ့ ရိပ်မိသွားပုံရသည်။ သူသည် အနည်းငယ် သိလိုစိတ်ပြင်းပြသော အမူအရာဖြင့် ဆိုလိုက်၏။
"မင်းက ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို ဘယ်လိုသုံးရမလဲဆိုတာ မသိဘူးလား "
ဖန့်ချန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရိုသေစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အကြီးအကဲ... ကျွန်တော်မျိုး တကယ်ပဲ မသိပါဘူး"
"ထူးဆန်းတာပဲ... မင်းရဲ့ နောက်ခံနဲ့ တချို့သော အမှတ်အသားတွေက သံသရာမသေမျိုးဂိုဏ်းက အကြီးအကဲ ပြောခဲ့တာတွေနဲ့ ကွက်တိပဲ။ မဟုတ်ရင်တော့ မင်းဟာ သံသရာမသေမျိုးဂိုဏ်းရဲ့ တပည့် ဟုတ်မဟုတ်ကို ငါတောင် သံသယဝင်မိတော့မယ်"
ဖန့်လဲ့က မအောင့်နိုင်ဘဲ ရယ်မောကာ ပြောလိုက်သည်။
ဖန့်ချန်လည်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူသည် သံသရာမသေမျိုးဂိုဏ်း၏ တပည့်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ သို့သော် နယ်မြေကိုးခု ကာလတုန်းက သံသရာမသေမျိုးဂိုဏ်းမှာ... တပည့် အနည်းငယ်မျှသာ ကျန်ရှိတော့ပုံရသည်။ အကယ်၍ ရှိနေဦးမည်ဆိုလျှင်ပင် ယခုသူ့ကဲ့သို့ပင် သမိုင်းမသေမျိုးစာအုပ် ထဲ၌ ရှိနေနိုင်ပေသည်။
"ထားပါတော့... ငါ မင်းကို ဒီမျှော်စင် အသုံးပြုပုံ သင်ပေးမယ်"
ဖန့်လဲ့က ဆိုသည်။
ခဏအကြာတွင် သူသည် အနား၌ ရှိနေဆဲဖြစ်သော ဖန့်ချန်းယူကို လှမ်းကြည့်ကာ
"မင်းက ဒီမှာ ဘာလုပ်နေသေးတာလဲ " ဟု မေးလိုက်သည်။
"ဪ... ကျွန်တော် အခုပဲ ထွက်သွားပါ့မယ်"
ဖန့်ချန်းယူသည် ထူးဆန်းသော မျက်နှာပေးဖြင့် သူ၏ ဝှီးချဲကို တွန်းကာ နန်းတော်မဟာအတွင်းမှ ထွက်ခွာသွားတော့သည်။
သူထွက်သွားပြီးနောက်မှသာ ဖန့်လဲ့သည် ဖန့်ချန်အား ဆယ့်ရှစ်ထပ် ငရဲမျှော်စင် အသုံးပြုပုံကို လက်တွေ့ကျကျ စတင်သင်ကြားပေးတော့သည်။
"ပထမဆုံးအနေနဲ့ ဒီဆယ့်ရှစ်ထပ် ငရဲမျှော်စင်ဟာ အင်မတန် ထူးခြားဆန်းပြားတယ်၊ ဝိညာဉ်မျိုးနွယ်စုနဲ့လည်း ပတ်သက်နေတာကြောင့် ဒါဟာ တကယ့်ကို စစ်မှန်တဲ့ ဝိညာဉ်လက်နက် တစ်ခုပဲ"
"ဒီရတနာကို သုံးချင်ရင် မင်းဟာ အရင်ဆုံး ဝိညာဉ်မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နေရမယ်။ ငါ မင်းကို မေးမယ်... မင်းက ဝိညာဉ်မျိုးနွယ်စုဝင်လား "
"ဖြစ်မှာပါ... ဒါပေမဲ့ အကြီးအကဲကလည်း ဝိညာဉ်မျိုးနွယ်စုဝင် ဖြစ်နေတာလား "
"အင်း... ငါဟာ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဝိညာဉ်မျိုးနွယ်စုဝင် ဖြစ်နေခဲ့တာ။ ငါ သေပြီးတဲ့နောက်မှာ ဝိညာဉ်မျိုးနွယ်စုရဲ့ အထက်တန်းလွှာ တစ်ယောက် ဖြစ်လာလိမ့်မယ်"
"ဒါကြောင့်သာ ဝမ့်ချင်သူတော်စင်က အတားအဆီးတွေကြားကနေ တကယ်ပဲ ကိုယ်ထင်ပြနိုင်ခဲ့တာပေါ့။ အကယ်၍ ငါသာ လူသားမျိုးနွယ် သက်သက်ပဲဆိုရင် အဲဒီအတားအဆီးတွေက သူမကို လာဖို့ ခက်ခဲအောင် လုပ်ပါလိမ့်မယ်"
"ဝိညာဉ်လက်နက်တွေမှာ ထူးခြားတဲ့ အချက်တစ်ခု ရှိတယ်။ ဝိညာဉ်မျိုးနွယ်စုဝင် မှန်သမျှက ဒါကို သုံးလို့ရတယ်။ ဒါကို တကယ်ပဲ အရှင်သခင်အဖြစ် အသိအမှတ်ပြု ခိုင်းဖို့ကတော့ အင်မတန် ခက်ခဲတယ်၊ ငါတောင် မလုပ်နိုင်ဘူး"
"ဒါကြောင့် ပထမဆုံးအချက်က ဒီပစ္စည်းဟာ မင်းရဲ့လက်ထဲမှာပဲ ရှိနေဖို့ သေချာပါစေ။ အကယ်၍ တခြား ဝိညာဉ်မျိုးနွယ်စုဝင် တစ်ယောက်ယောက်ရဲ့ လက်ထဲကို ရောက်သွားရင် ဒါဟာ သူတို့ရဲ့ အသုံးတော်ခံ ဖြစ်သွားလိမ့်မယ်"
"ဒါ့အပြင်... ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲမှာ အတွင်းအပြင်အဆင် နယ်မြေ ၁၈ ခု ရှိတယ်"
"အတွင်းအပြင်အဆင် နယ်မြေ ဟုတ်လား"
ဖန့်ချန် အံ့အားသင့်သွားကာ လက်ထဲမှ ငရဲမျှော်စင်ကို မအောင့်နိုင်ဘဲ ငုံ့ကြည့်လိုက်မိသည်။
"မှန်တယ်... လောကက လူတွေ သိထားတာက သူတော်စင်တစ်ပိုင်း ဖြစ်ဖို့၊ ကန့်သတ်ချက်ကျော်လွန်သူ အဆင့် (၃) ကို တက်လှမ်းနိုင်ဖို့ဆိုရင် အတွင်းအပြင်အဆင် နယ်မြေတစ်ခုကို စုစည်း နိုင်ရမယ် ဆိုတာပဲ"
"ဒါပေမဲ့ ဒီဝိညာဉ်လက်နက်ထဲမှာတော့ အတွင်းအပြင်အဆင် နယ်မြေ ၁၈ ခုအထိ ပါဝင်နေတယ်။ တစ်ခုချင်းစီဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ငရဲခန်း တွေပဲ။ အထဲကို အချုပ်ခံလိုက်ရတဲ့ ဝိညာဉ် တွေဟာ ငရဲရဲ့ နှိပ်စက်မှုကို နေ့ညမပြတ် ခံစားရလိမ့်မယ်။ သူတို့ရဲ့ ဝိညာဉ်ဟာ နောက်ဆုံးမှာ အပြစ်ကြွေးတွေ ကျေပြီး လုံးဝ ကွယ်ပျောက်မသွားမချင်း ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ဖန့်လဲ့က ပြုံးလျက် ဆက်ပြောသည်
"ခုနက သေလမ်းလိုက်မိတဲ့ ကောင်တွေဟာ ဒီတစ်ခေါက် ငါ 'မျောက်ကို ခြောက်ဖို့ သတ်ပြလိုက်တဲ့ ကြက်' တွေပဲ။ သူတို့ရဲ့ ဝိညာဉ်အကြွင်းတွေကို ဆယ့်ရှစ်ထပ် ငရဲမျှော်စင်က စုပ်ယူသွားပြီ။ သူတို့ အသက်ရှင်စဉ်က ကျင့်စဉ်အဆင့်ပေါ် မူတည်ပြီး မတူညီတဲ့ အတွင်းအပြင်အဆင် နယ်မြေတွေဆီကို ခွဲပို့လိုက်တယ်"
"ဥပမာ... သေသွားတဲ့ ကန့်သတ်ချက်ကျော်လွန်သူ အဆင့် (၃) တွေဆိုရင် ၁၅ ခုမြောက် အတွင်းအပြင်အဆင် နယ်မြေ၊ ဒါမှမဟုတ် ၁၅ ထပ်မြောက် ငရဲခန်းထဲမှာ ရှိနေလိမ့်မယ်။ အခြေခံတည်ဆောက်ခြင်း အဆင့် (၁) ဆိုရင်တော့ ပထမထပ်မှာ ရှိနေမှာပေါ့။
ရှေ့ကလူတွေ ခံစားရတဲ့ နှိပ်စက်မှုက နောက်ကလူတွေထက် အဆပေါင်း သောင်းချီပြီး ပိုနာကျင်ရလိမ့်မယ်။ နောင်မှာ မင်း ဒီမျှော်စင်ကို ကိုင်ထားသရွေ့ မင်းသတ်လိုက်တဲ့သူရဲ့ ဝိညာဉ်ကို မျှော်စင်က ဖမ်းယူသွားပြီး ကျင့်စဉ်အဆင့်အလိုက် သက်ဆိုင်ရာ ငရဲခန်းဆီ ပို့ပေးလိမ့်မယ်"
ဖန့်ချန်သည် ဤစကားထဲမှ အရေးကြီးသော အချက်အလက်များကို သတိထားမိလိုက်သည်။
တစ်ဖက်လူက ကန့်သတ်ချက်ကျော်လွန်သူ အဆင့် (၃) သည် ၁၅ ထပ်မြောက် ငရဲခန်းတွင် ရှိသည်ဟု ဆိုရာ... နောက်ထပ် ကျန်နေသေးသော ငရဲခန်း ၃ ခုမှာ သူတော်စင်တစ်ပိုင်းများ၊ သူတော်စင်များ... သို့မဟုတ် သူတော်စင်အထက် အဆင့်များကို ချုပ်နှောင်ရန်အတွက်လား။
ထို့နောက် တစ်ဖက်လူက 'ဝိညာဉ်ကြွင်း' ဟု အစဉ်တစိုက် အလေးပေး ပြောဆိုနေခြင်းအပေါ် သူ သံသယဖြစ်မိသည်။
"အကြီးအကဲ ပြောတဲ့ ဝိညာဉ်ကြွင်းဆိုတာ မပြည့်စုံတဲ့ ဝိညာဉ်ကို ပြောတာလား"
ဟု ဖန့်ချန်က မေးလိုက်သည်။
"မှန်တယ်... ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ဟာ အမြဲတမ်း ရှင်သန်ခွင့် လမ်းစတစ်ခုကို ချန်ထားပေးလေ့ရှိတယ်။ သူက ပြည့်စုံတဲ့ ဝိညာဉ်ကိုတော့ စုပ်ယူမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီမျှော်စင်ရှေ့မှာ သေသွားတဲ့သူတွေဟာ ယင်လောကကို သွားပြီး သံသရာလည် လို့ ရနေသေးတယ်"
"ဒါပေမဲ့ သူတို့ နောက်ဘဝမှာ ပြန်မွေးဖွားလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတာဖြစ်ဖြစ်၊ ဉာဏ်ရည် မပြည့်ဝတာဖြစ်ဖြစ် ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဝိညာဉ်အစိတ်အပိုင်း တစ်ခုဟာ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲမှာ အပြစ်တွေအတွက် ဆက်ပြီး ဒုက္ခခံနေရလို့ပဲ။ ဆယ်ဘဝလောက် ပြန်မွေးဖွားပြီးရင်တောင် အဲဒီဝိညာဉ်အစိတ်အပိုင်းက လုံးဝ ပျောက်ကွယ်သွားချင်မှ သွားမှာ"
ဖန့်လဲ့က သက်ပြင်းချရင်း ဆိုသည်
"ဒါဟာ အင်မတန် နာကျင်စရာကောင်းတဲ့ အပြစ်ပေးမှုပဲ။ ငါကတော့ သာမန်အားဖြင့် ဒါကို မသုံးပါဘူး။ ငါ့ရဲ့ စိတ်နှလုံးက ကြင်နာသနားတတ်ပြီး တော်တော်လေးလည်း ကရုဏာစိတ် ရှိလို့လေ"
ဤသို့ ပြောပြီးနောက် ဖန့်လဲ့သည် ဖန့်ချန်ကို သေချာကြည့်ကာ
"ငါ မင်းကို ဒါတွေ အများကြီး ပြောပြနေတာက မင်း ဒါကို သေချာကိုင်ထားဖို့၊ တခြားသူတွေရဲ့ လက်ထဲ မရောက်သွားဖို့ မျှော်လင့်လို့ပဲ။ ဒါရဲ့ အစွမ်းက ငါထင်ထားတာထက်တောင် အများကြီး ပိုနိုင်တယ်။
နှမြောစရာကောင်းတာက ဒါက ငါ့ကို အရှင်သခင်အဖြစ် အသိအမှတ်မပြုတာပဲ။ ဒီလို ဝိညာဉ်လက်နက်မျိုး တခြားမျိုးနွယ်စုတွေရဲ့ လက်ထဲ ရောက်သွားရင်တော့ သိပ်မကောင်းဘူးပေါ့"
သူက ခဏရပ်ပြီး
"ငါ သူတော်စင်တစ်ပိုင်း ဖြစ်ကတည်းက ဒါကို မသုံးတော့ဘူး။ ဒါကြောင့် အရင်က အထဲမှာ ရှိခဲ့တဲ့ ဝိညာဉ်ကြွင်းတွေအားလုံးဟာ အပြစ်တွေကျေပြီး လုံးဝ သန့်စင်သွားကြပြီ။ အခု အထဲမှာ ရှိနေတာတွေက ငါ ဒီတစ်ခေါက်မှ အသစ်ဖမ်းထားတာတွေပဲ။ မင်း သူတို့ကို ခိုင်းစေချင်ရင်တော့ အချိန်အတန်ကြာ စောင့်ရလိမ့်မယ်"
"ဥပမာ... အထဲက ကန့်သတ်ချက်ကျော်လွန်သူ အဆင့် (၃) တွေဆိုရင် သူတို့ရဲ့ ကျင့်စဉ်အဆင့်ပေါ် မူတည်ပြီး သန့်စင်ဖို့ အချိန်ဟာ နှစ် ၅၀၀ ကနေ ၂၀၀၀ ဝန်းကျင်လောက် ကြာလိမ့်မယ်လို့ ငါ ခန့်မှန်းတယ်။ အခြေခံတည်ဆောက်ခြင်းနဲ့ အဆင့် ၉ တွေကတော့ အများကြီး ပိုမြန်မှာပေါ့။ ဘယ်လိုဖြစ်မလဲဆိုတာ မင်းဘာသာ ပြန်ပြီး လေ့လာကြည့်ပေါ့"
"နှစ် ၅၀၀ ကနေ ၂၀၀၀ အထိ စောင့်ရမယ် ဟုတ်လား ဒါဆိုရင် အဲဒီအချိန်ကျမှ အထဲက မသေမျိုးတွေကို ကျွန်တော် ခိုင်းလို့ရမှာလား "
ဖန့်ချန် စိတ်လှုပ်ရှားသွားပြီး လက်ယှက်ဂါရဝပြုကာ မေးလိုက်သည်။
"အကြီးအကဲ... အဲဒီ သန့်စင်တဲ့နှုန်းကို ပိုမြန်အောင် လုပ်လို့ရမယ့် နည်းလမ်း ရှိပါသလား "
"အဲဒီလိုလုပ်ရင် သူတို့ အရမ်း နာကျင်ရလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့က အရမ်းကို ကြမ်းတမ်းပြီး သွေးဆာနေလိမ့်မယ်။ ငါကတော့ ဒါဟာ အရမ်းရက်စက်လွန်းလို့ အကြံမပေးချင်ဘူး။ ဒါပေမဲ့ နည်းလမ်းတော့ ရှိပါတယ်... ယင်သက်တမ်း ကို သုံးပေါ့။
သေချာပေါက် သန့်ရှင်းတဲ့ ယင်သက်တမ်း ဖြစ်ရမယ်နော်။ လုယက်ထားတဲ့ ယင်သက်တမ်းတွေ သုံးရင် သူတို့က ထိန်းချုပ်မရ ဖြစ်သွားပြီး မင်း သူတို့ကို အပြင်ထုတ်လိုက်တာနဲ့ မင်းကို ပြန်ပြီး ဒုက္ခပေး လိမ့်မယ်"
ဖန့်လဲ့က ပြုံးလျက် ဆိုသည်။
ဤသို့ ပြောပြီးနောက် သူက ဖန့်ချန်ကို အထက်အောက် အကဲခတ်ကြည့်ကာ အဓိပ္ပာယ်ပါသော အကြည့်ဖြင့် မေးလိုက်သည်။
"မင်းက ဓားပညာ ကို အဓိက ကျင့်တာလား"
"ဟုတ်ကဲ့ပါ"
ဖန့်ချန် ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ ကိုယ်ပေါ်က အရှိန်အဝါက ငါနဲ့ အရမ်းရင်းနှီးနေတယ်။ မင်းဟာ တော်တော်လေး ကောင်းမွန်ပါတယ်၊ ငါ့ရဲ့ ပညာအမွေအနှစ် တချို့ကို ဆက်ခံထားပုံရတယ်။ ဒါပေမဲ့ ငါ တကယ်ကို နားမလည်နိုင်တဲ့ အချက်တစ်ခု ရှိတယ်... မင်းရဲ့ သွေးမျိုးဆက်က ဘာလို့ ဒီလောက်တောင် သန့်စင်နေရတာလဲ ဒါကလည်း သံသရာမသေမျိုးဂိုဏ်းရဲ့ ထူးခြားချက်များလား "
ဖန့်လဲ့ က ပြုံးလိုက်ပြီး ထိုအကြောင်းအရာကို ထပ်မံ၍ အသေးစိတ် မဆွေးနွေးတော့ဘဲ ဖန့်ချန်ကို ပြန်လွှတ်လိုက်သည်။
ဖန့်ချန် စိတ်အာရုံတစ်ခု ပေးလိုက်သည်နှင့် ဆယ့်ရှစ်ထပ် ငရဲမျှော်စင်သည် ပြစ်ဒဏ်ခတ်တုတ် ကဲ့သို့ပင် သူ၏ ကိုးဆင့်မြောက် မူလဝိညာဉ် အတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားတော့သည်။
ထို့နောက် သူသည် ဂါရဝပြုကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
သူထွက်သွားပြီးနောက် မကြာမီ ဖန့်ချန်းယူသည် သူ၏ ဝှီးချဲကို တွန်းကာ နန်းတော်မဟာအတွင်းသို့ ပြန်ဝင်လာပြန်သည်။
"ဘိုးဘေးကြီး... ခင်ဗျားက ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို တကယ်ပဲ ပြန်ပေးလိုက်တာလားခင်ဗျား အခု သူတော်စင် ဖြစ်နေပြီပဲ၊ သံသရာမသေမျိုးဂိုဏ်းက တန်ခိုးရှင်တွေ လာရှာရင်တောင် ငါတို့ မကြောက်ဘူး မဟုတ်လား ပြီးတော့ သူတို့က နုနယ်တဲ့ ကလေးတစ်ယောက်ကိုပဲ လွှတ်လိုက်တာ၊ အဲဒါက ခင်ဗျား စကားကို နားမထောင်မှာစိုးလို့ သူတို့ စိတ်ပူနေတဲ့ သဘောပဲလေ"
ဖန့်ချန်းယူက ဗလုံးဗထွေး ပြောလိုက်သည်။
"မင်းက ဘာသိမှာလဲ သံသရာမသေမျိုးဂိုဏ်းက နက်နဲလွန်းတယ်၊ ပတ်သက်မှုတွေကလည်း အရမ်းကျယ်ပြန့်တယ်။ ငါတောင် အပေါ်ယံလောက်ပဲ သိသေးတာ။ ဒါကို သိမ်းထားရမယ့် အရင်းအနှီးက အရမ်းကြီးလွန်းတယ်။ ပြီးတော့ ဒါဟာ အခု ငါ့အတွက်လည်း ဘာမှ အသုံးမဝင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဒီပစ္စည်းက ငါ့ကို အရှင်သခင်အဖြစ် အသိအမှတ်မပြုလို့ပဲ"
ဖန့်လဲ့က ဖန့်ချန်းယူကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် အေးဆေးစွာ ဆက်ပြောသည်။
"မြေခွေးမျိုးနွယ်စု ဘက်ကိုလည်း များများ ဆက်သွယ်ထားဦး။ သူတို့ ဘယ်ကလာသလဲဆိုတာကို နည်းလမ်းရှာပြီး စုံစမ်းကြည့်ရင် အကောင်းဆုံးပဲ"
"ဘိုးဘေးကြီး... နတ်ဘုရားနယ်မြေ က ဒီလောက်ကြီးတာ၊ မင်ရွှီ ဆိုတာကလည်း သမုဒ္ဒရာထဲက ရေတစ်စက်စာလောက်ပဲ ရှိတာ။ ငါတို့တောင် ဒီနေရာကို သေချာ မသိသေးဘဲ ဘာလို့ အဲဒီအထိ..."
"မြေခွေးမှာတောင် ပုန်းစရာ တွင်းသုံးတွင်း ရှိတယ်။ ဘယ်အရာမဆို ကြိုတင်ပြင်ဆင်ထားတာ မှားမှမမှားဘဲ"
"ကောင်းပါပြီ... ကျွန်တော် နည်းလမ်းသုံးပြီး သူတို့ဆီက စကားနှိုက်ကြည့်ပါ့မယ်"