အခန်း (၁၈၄၃-၁၈၄၄)
Vol. 185 Ch. 1843-1844
အခန်း (၁၈၄၃) - အဆင့် ၆ မသေမျိုး
ဖန့်ချန်သည် သူ၏ အိမ်ရာဝင်းလေးသို့ ပြန်ရောက်သည်နှင့် တားမြစ်အစီရင်တစ်ခုကို ချမှတ်လိုက်ပြီးနောက် ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို ထုတ်ယူကာ အသေးစိတ် စတင်လေ့လာတော့သည်။
၎င်း၏ ထုလုပ်ထားသော ကုန်ကြမ်းမှာ အမှန်တကယ်ပင် ထူးခြားလှသည်။ မျှော်စင်တစ်ခုလုံး၏ အနက်ရောင်မှာ ကြည်လင်ပြတ်သားပြီး စစ်မှန်လှ၏။ အကယ်၍ ၎င်းကို မှောင်မိုက်သော ညဦးယံ၌ ထားရှိမည်ဆိုပါက အမြင်အာရုံ အလွန်ကောင်းမွန်သူများပင်လျှင် ယင်း၏ တည်ရှိမှုကို သတိမမူမိဘဲ ကျော်သွားနိုင်ခြေ ရှိသည်။
ထို့အပြင် ၎င်းသည် ပြစ်ဒဏ်ခတ်တုတ် ကဲ့သို့ပင် ဝိညာဉ်ရတနာများ ကဲ့သို့ ကောင်းကင်တုန်ဟည်းမည့် အရှိန်အဝါမျိုး ထွက်ပေါ်မနေဘဲ သာမန်ကာလျှံကာနှင့် အေးဆေးတည်ငြိမ်နေပုံရသည်။
'အထဲက ငရဲခန်း ၁၈ ခုဟာ အတွင်းအပြင်အဆင် နယ်မြေတွေဆိုရင် ငါလည်း အထဲကို ဝင်ကြည့်လို့ ရမှာပဲ'
ဖန့်ချန် စိတ်ကူးရသည်နှင့် နောက်တစ်စက္ကန့်တွင် သူ၏ မူလဝိညာဉ်သည် တစ်စုံတစ်ရာသော အားအင်ဖြင့် ဆွဲငင်ခြင်း ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းအားလုံးမှာ လုံးဝ ပြောင်းလဲသွားတော့သည်။
သူသည် မြင့်မားသော ကောင်းကင်ယံ၌ ရပ်နေပြီး အောက်ဘက်တွင်မူ ငရဲခန်းတစ်ခု၏ မြင်ကွင်းကို မြင်တွေ့နေရသည်။ ပုံရိပ်ပေါင်း ရာနှင့်ချီ၍ ထိုနေရာ၌ ဆူးဆူးဝါးဝါး အော်ဟစ်ကာ ညည်းတွားနေကြသည်။
ထိုအထဲတွင် သူရင်းနှီးသော မျက်နှာများစွာကို တွေ့လိုက်ရသည်။ သူတို့အားလုံးမှာ လွန်ခဲ့သော အချိန်က အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များကြား၌ ရပ်တည်ကာ ဖန့်မိသားစုကို ဖိအားပေးရန် ကြိုးစားခဲ့ကြသော၊ ကျန်းရန်မဟာမိတ်နှင့် လော့ရွှယ်မဟာမိတ်တို့ဘက်မှ ရပ်တည်ခဲ့ကြသော ကန့်သတ်ချက်ကျော်လွန်သူများ ဖြစ်ကြသည်။
"ဟိုဟာ ရှူးအိုကြီးပဲ..."
"ဒါက ရှန်ထူ..."
ဖန့်ချန် သဘောပေါက်သွားသည်။ ဤနေရာသည် ၁၅ ထပ်မြောက် ငရဲခန်း (၁၅ ခုမြောက် အတွင်းအပြင်အဆင် နယ်မြေ) ဖြစ်ရပေမည်။ ယခု ဤနေရာ၌ နှိပ်စက်ခြင်း ခံနေရသူများမှာ ကန့်သတ်ချက်ကျော်လွန်သူ အဆင့် (၃) တန်ခိုးရှင်များ ဖြစ်ကြသည်။
အပြင်လောကတွင် မြင့်မြတ်သောအဆင့်အတန်းဖြင့် နယ်မြေတစ်ခု၏ အရှင်သခင်များ ဖြစ်ကြရမည့် ထိုသူတို့မှာ ယခုအခါ ဤနေရာ၌ အားကိုးရာမဲ့စွာ အော်ဟစ်နေကြသည်ကို မြင်ရသောအခါ ဖန့်ချန်သည် ဆယ့်ရှစ်ထပ် ငရဲမျှော်စင်၏ စွမ်းပကားကို ပိုမို၍ တိုက်ရိုက် သိမြင်လာခဲ့သည်။
'ဒါပေမဲ့ သူတို့ ဒီကို ရောက်နေတာက ဘိုးဘေးကြီးရဲ့ နတ်ဘုရားနှိမ်နင်းခြင်း ဆိုတဲ့ ဓားကွက်ကြောင့်ပဲ ဖြစ်မှာပါ...'
ဖန့်ချန်၏ အတွေးများကို ဆဲဆိုသံများက ချက်ချင်း ဖြတ်တောက်လိုက်သည်။
"ဖန့်လဲ့ မင်း... ဒီအဖိုးကြီး မင်း ကောင်းကောင်းသေရမှာ မဟုတ်ဘူး "
"ငါတို့က ကန့်သတ်ချက်ကျော်လွန်သူတွေလေ၊ မင်းက ငါတို့ကို ဒီလိုမျိုး စော်ကားရက်တယ်လား၊ မင်းမှာ နိမိတ်ဆိုးတွေ ကြုံရလိမ့်မယ် "
ဆဲဆိုသံများမှာ မပြတ်တမ်း ထွက်ပေါ်နေသည်။ ကန့်သတ်ချက်ကျော်လွန်သူ အဆင့် (၃) များ ဖြစ်ကြသည့်အတိုင်း ဆဲဆိုပုံများမှာလည်း စုံလင်လှပေသည်။
ဖန့်ချန်က ငြိမ်သက်စွာ စောင့်ကြည့်နေသည်။ ဘိုးဘေးကြီး ပြောခဲ့သကဲ့သို့ပင် ဤသူများမှာ အခြေခံအားဖြင့် ဝိညာဉ်ကြွင်းများသာ ဖြစ်ကြသည်။ အသက်ရှင်စဉ်က ကျင့်စဉ်နှင့် ပညာရပ်အချို့ကို ထိန်းသိမ်းထားနိုင်သော်လည်း အသက်ရှင်နေစဉ်က အစွမ်းကိုမူ မမှီနိုင်တော့ချေ။
'ကန့်သတ်ချက်ကျော်လွန်သူ အဆင့် (၃) ချည်းပဲ ဆိုပေမဲ့ ဒီတစ်သုတ်ကို သန့်စင်ပြီး ခိုင်းစေနိုင်ရင်တောင် အဲဒီအဆင့်ထဲမှာ အားအနည်းဆုံးတွေပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့်ပဲ မြှောက်ပင့်ပေးရမယ့် အကူ တွေလို့ ပြောတာကိုး'
'ဒါပေမဲ့... ငါက နယ်မြေကိုးခုကို ပြန်ရမှာပဲ။ ကောင်းကင်လမ်းစဉ်တစ်ပိုင်း သာ ရှိတဲ့ နယ်မြေကိုးခုမှာတော့ ဒီအကူ တစ်သိုက်ဟာ ကောင်းကင်လမ်းစဉ်အဆင့်ကို မမီရင်တောင် ကျန်တဲ့ အဆင့် ၉ မသေမျိုး တွေထက်တော့ အများကြီး ပိုစွမ်းမှာပဲ'
ဖန့်ချန်သည် နတ်ဘုရားမှန် ဟဲ့ကျန်းရှန်း နဲ့ နတ်ဘုရားစားရင်း လုဖုန်းရှန်း တို့ကို သတိရလိုက်သည်။ ထိုသူနှစ်ဦးစလုံးမှာ ကောင်းကင်လမ်းစဉ် တစ်ပိုင်း အဆင့်ရှိ မသေမျိုးများ ဖြစ်ကြသည်။ ထို့အပြင် ပြိုင်ဘက်ကင်း မိစ္ဆာဘုရင် မော်ထျန်းတီကျန့် လည်း ရှိသေးသည်။
ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို ရရှိလိုက်ခြင်းနှင့် ယင်းအတွင်း၌ နှိမ်နင်းထားသော တန်ခိုးရှင်များမှာ သူ၏ လက်ရှိအခြေအနေအတွက် များစွာ အထောက်အကူ ဖြစ်စေမည်မှာ အမှန်ပင်။ အနည်းဆုံးတော့ နယ်မြေကိုးခု၏ ပြည်တွင်းစစ်ကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ပြီး မျှခြေတစ်ခုကို ဖန်တီးကာ သောင်းကျန်းနေသော ခေတ်ဆိုးကို အဆုံးသတ်နိုင်ပေလိမ့်မည်။
'ဒါပေမဲ့ တကယ်တမ်း အေးချမ်းဖို့ဆိုရင် နယ်မြေကိုးခုမှာ စစ်မှန်တဲ့ ကောင်းကင်လမ်းစဉ် တစ်ပါး ရှိဖို့ လိုအပ်တယ်...'
'ဒါမှသာ ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ် ရဲ့ အသိအမှတ်ပြုမှုကို ရမှာဖြစ်ပြီး ငါတို့မျိုးနွယ်ကို ကျေးကျွန်စစ်သားတွေအဖြစ် သတ်မှတ်ခံရတာကနေ လွတ်မြောက်မှာ'
ဖန့်ချန် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အခြားငရဲခန်းများကို သွားရောက်ကြည့်ရှုခဲ့သည်။ ဘိုးဘေးကြီး ပြောခဲ့သကဲ့သို့ပင် မတူညီသော ကျင့်စဉ်အဆင့်ရှိသည့် ဝိညာဉ်ကြွင်းများကို သက်ဆိုင်ရာ ငရဲခန်းများတွင် ခွဲခြားထားသည်။ သို့သော် ယခုတစ်ခေါက် လာရောက်သူများထဲတွင် အဆင့် ၇ မသေမျိုး အောက်အဆင့် မပါဝင်သဖြင့် ၁၀ ထပ်မြောက်မှ ၁၅ ထပ်မြောက် ငရဲခန်းများသာ အလုပ်လုပ်နေပြီး ကျန်ရှိသော အထပ်များမှာ ဟောင်းလောင်းပြင် ဖြစ်နေသည်။
ဖန့်ချန် စိတ်အာရုံပြုလိုက်သည်နှင့် သူ၏ မူလဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း ပြန်လည်ဝင်ရောက်သွားတော့သည်။
'ဒီတစ်ခေါက် ရလဒ်တွေက ငါထင်ထားတာထက် အများကြီး ပိုသွားပြီ။ အဆင့် ၅ မသေမျိုး ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သလို အခု အဆင့် ၆ မသေမျိုးဆေးနဲ့ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကိုပါ ရထားပြီ။ နှမြောစရာက သူတော်စင်ကျမ်း ကိုတော့ ယူသွားလို့ မရတာပဲ'
'မဟုတ်သေးဘူး...'
'နယ်မြေကိုးခုမှာလည်း သူတော်စင်ကျမ်းတွေ မူလကတည်းက ရှိနေနိုင်တာပဲ'
ဖန့်ချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် အရေးကြီးသော အချက်တစ်ချက်ကို ရုတ်တရက် သတိရလိုက်ခြင်း ဖြစ်သည်။
ဘိုးဘေးကြီး စုစည်းထားသော အတွင်းအပြင်အဆင် နယ်မြေသည် နယ်မြေကိုးခု ကာလအထိ တည်ရှိနေဆဲဖြစ်ပြီး ရှဲ့ကျစ်ဌာနချုပ်အဖြစ် ရှိနေသေးလျှင်၊ ရှဲ့ကျစ်တံခါးကြီး ကဲ့သို့သော ပညာရပ်များကိုတောင် သုံးနိုင်သေးလျှင်... သူတော်စင်ကျမ်းများ ထားရှိရာ နန်းတော်သည်လည်း တည်ရှိနေဦးမည် မဟုတ်ပါလား။
'ဒီခန့်မှန်းချက်သာ မှန်ရင် ငါ သူတော်စင်ကျမ်းတွေကို ယူသွားဖို့ မလိုဘူး။ ဒါဟာ နယ်မြေကိုးခုမှာ အစကတည်းက ရှိနေတာပဲ။ အဲဒီက အဆင့် ၉ မသေမျိုးတွေဟာ သူတော်စင်ကျမ်း လမ်းစဉ်ကို လိုက်ကြတာလား၊ ဒါမှမဟုတ် တခြားလမ်းစဉ် တွေကို လိုက်ကြတာလား ဆိုတာပဲ သိဖို့လိုတော့တယ်'
ဖန့်ချန် သိရှိထားသော အချက်အလက်များအရ ရှဲ့ကျစ်ဌာနမှာ သူတို့ တစ်ဦးတည်း ပိုင်ဆိုင်ခြင်း မဟုတ်ပေ။ ထိုအတွင်း၌ နတ်ဘုရားဘုရင်နယ်မြေမှ ရှေးဟောင်းနဂါးနတ်ဘုရားနန်းတော် ကျင့်ကြံသူများကိုလည်း သူ တွေ့မြင်ခဲ့ဖူးသည်။
'ဒီကို ပြန်ရောက်ရင် ဝမ်တောက်မသေမျိုးဂိုဏ်း ဆီကိုလည်း တစ်ခေါက် သွားရမယ်။ အကယ်၍ အဲဒါက ဝမ်တောက်မဟာမိတ်ကနေ အသွင်ပြောင်းလာတာဆိုရင် တာအိုသုံးထောင်ဂိုဏ်း တွေနဲ့ ပတ်သက်မှု ရှိလိမ့်မယ်။ နှစ်ဖက်စလုံးက ဆရာသခင် တစ်ဦးတည်းဆီက ဆင်းသက်လာတာပဲ'
ခဏအကြာတွင် ဖန့်ချန်သည် အတွေးများကို ဖယ်ထုတ်လိုက်ပြီး ထိုက်ချူးနို့ရည် တစ်ခွက်ကို ထုတ်ယူကာ သောက်သုံးလိုက်တော့သည်။
နောက်ထပ် ဆယ်စုနှစ်များစွာအတွင်း ဖန့်မိသားစုတွင် သူတော်စင်တစ်ပါး ပေါ်ထွန်းလာခြင်းကြောင့် မီးနတ်ဘုရား မျိုးနွယ်စုနှင့် တိုက်ပွဲများကို တာဝန်ယူရတော့သည်။ မူလက သူတော်စင်မဟာမိတ် ကိုးခု ပိုင်ဆိုင်ထားသော စစ်မြေပြင်များကို ကျုံ့လိုက်ပြီး အချို့သော စစ်မြေပြင်များကို ဖန့်မိသားစုက လွှဲပြောင်းရယူခဲ့သည်။
ဖန့်မိသားစုဘက်မှ ရပ်တည်သော သူတော်စင်တစ်ပိုင်း မျိုးနွယ်စုများစွာ ရှိခြင်းကြောင့် အချိန်တိုအတွင်းမှာပင် ဤစစ်မြေပြင်များကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ ဖန့်မျိုးနွယ်ဝင် တန်ခိုးရှင်များကိုလည်း စစ်မြေပြင်သို့ အသုတ်လိုက် ပို့ဆောင်ခဲ့သည်။ တစ်ဖက်မှာ မီးနတ်ဘုရားမျိုးနွယ်ကို ခုခံရန်ဖြစ်ပြီး အခြားတစ်ဖက်မှာမူ ပညာရပ်များကို လေ့ကျင့်ရန် ဖြစ်သည်။
ယနေ့တွင် ဖန့်ချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုက်ချူးနို့ရည်များကို လုံးဝ သန့်စင်ပြီးဆုံးသွားခဲ့ပြီ။ သူ၏ ကျင့်စဉ်မှာလည်း အဆင့် ၅ ၏ ပိတ်ဆို့မှုကို ကျော်ဖြတ်ကာ အဆင့် ၆ မသေမျိုးသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။
ဤသမိုင်းမသေမျိုးစာအုပ်အတွင်း၌ သူ၏ ရရှိမှုများမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ရာစုနှစ် အနည်းငယ်အတွင်းမှာပင်အဆင့် ၄ မှ အဆင့် ၆ သို့ တက်လှမ်းနိုင်ခဲ့သည်။ အကယ်၍ နယ်မြေကိုးခုမှာသာဆိုလျှင် ဤဖြစ်စဉ်မှာ အနည်းဆုံး နှစ်ပေါင်း တစ်ထောင်နီးပါး ကြာမြင့်မည် ဖြစ်သည်။
ဖန့်ချန်သည် ကျင့်ကြံခန်းထဲမှ ထွက်လာသောအခါ ခြံဝင်းအတွင်း၌ ဖန့်ချန်းယူ တစ်ဦးတည်း လက်ဖက်ရည်သောက်ရင်း ပန်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဖန့်ချန် ထွက်လာသည်ကို မြင်သော် ဖန့်ချန်းယူက အေးဆေးစွာ ပြုံးလျက် မေးသည်။
"တက်လှမ်းနိုင်သွားပြီလား"
"ဟုတ်ကဲ့... တက်လှမ်းနိုင်ပါပြီ"
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။
"ဘိုးဘေးကြီးက မင်းကို မေးခိုင်းလိုက်တယ်... ဘယ်တော့ ပြန်မှာလဲ တဲ့"
ဖန့်ချန်းယူက ဆိုသည်။
"ချက်ချင်းကြီးတော့ မဟုတ်သေးဘူး"
ဖန့်ချန်က ပြုံးလိုက်သည်
"ကျွန်တော့်မှာ နောက်ထပ် ဆေးအမယ် သုံးမျိုး လိုသေးတယ်။ အဲဒါတွေ စုံမှပဲ ဘယ်တော့ပြန်မလဲဆိုတာ စဉ်းစားလို့ ရမယ်"
ဤနေရာတွင် ဖန့်မိသားစုမှာ အင်အားကြီးမားလှသဖြင့် အဆင့် ၆ နောက်ပိုင်း လိုအပ်သော ဆေးဖက်ဝင်အပင်များကို ရှာဖွေပေးမည့်သူ အမြောက်အမြား ရှိသည်။ ထို့အပြင် သူတော်စင်မျှော်စင် ကဲ့သို့သော ကျင့်ကြံရေး နယ်မြေကောင်းများလည်း ရှိနေသေးသည်။ ယခုအချိန်အထိ သမိုင်းမသေမျိုးစာအုပ်က သူ့ကို တွန်းထုတ်ခြင်း မပြုသေးရာ ဤနေရာတွင် ဆက်နေရန် ဖြစ်နိုင်သေးသည်။ ထို့ကြောင့် သူသည် ချက်ချင်း ထွက်မသွားလိုသေးပေ။
"မင်းရှာနေတဲ့ ဆေးအမယ် သုံးမျိုးကိုတော့ အောက်ကလူတွေကို အမြန်ဆုံး ရှာခိုင်းထားပါတယ်။ ဒါပေမဲ့ အခုထိတော့ သတင်းအစအန မရသေးဘူး။ အကယ်၍ ရှာမတွေ့ရင် မင်း မပြန်တော့ဘူးလား "
ဖန့်ချန်းယူက သိလိုစိတ်ဖြင့် ဆက်မေးသည်
"ယုတ္တိအရဆိုရင် မင်းတို့ သံသရာမသေမျိုးဂိုဏ်းက လူတွေဟာ နေရာတစ်ခုတည်းမှာ အကြာကြီး နေလို့ မရဘူး မဟုတ်လား "
"အကြာကြီး နေလို့ မရဘူး ဟုတ်လား"
"အင်း... ဘိုးဘေးကြီး ပြောတာတော့ မင်းတို့ သံသရာမသေမျိုးဂိုဏ်းက လူတွေဟာ အရမ်း အလုပ်များကြတယ်တဲ့၊ လုပ်စရာတွေ အများကြီး ရှိနေသလိုမျိုးပဲ။ မင်းလို ငါတို့ဆီမှာ ဒီလောက်အကြာကြီး နေတဲ့သူမျိုးကတော့ တကယ့်ကို တွေ့ရခဲတယ်"
ဖန့်ချန်းယူက ခေါင်းညိတ်လျက် ပြုံးဆိုသည်။
"ဒါဆိုရင် ကျွန်တော်က ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်မှာပါ"
ဖန့်ချန်က ရယ်မောလိုက်ပြီး
"ဒီနေ့က သူတော်စင်မျှော်စင် ဖွင့်တဲ့နေ့ မဟုတ်လား"
"တက်လှမ်းပြီးတာနဲ့ ချက်ချင်း မျှော်စင်ထဲ ဝင်ချင်တာလား"
ဖန့်ချန်းယူ၏ မျက်နှာရိပ်ပေါ်သွားသည်
"ကြည့်ရတာ မင်းရဲ့ ဒဏ်ရာတွေ ပြန်ကောင်းလာနေပြီ ထင်တယ်။ ခုနက သောက်တဲ့ ထိုက်ချူးနို့ရည်ဆိုတာလည်း ဒဏ်ရာအတွက်ပဲ မဟုတ်လား သွားလေ... သွား... ဒီနေ့က တကယ်ပဲ သူတော်စင်မျှော်စင် ဖွင့်တဲ့နေ့ပဲ"
အခန်း (၁၈၄၄) - ရွှေလော့မျိုးနွယ်စု
ဖန့်ချန်သည် ယခုတစ်ကြိမ်တွင် သူတော်စင်မျှော်စင်အတွင်း၌ နှစ်ပေါင်း တစ်ရာနီးပါးကြာအောင် နေထိုင်ခဲ့ပြီးမှသာ အပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။
ကျောက်စာတိုင်ပေါ်ရှိ "နှစ်ပေါင်း ၁၀၀" ဟူသော စာသားကို ကြည့်ရင်း လူအများမှာ ဤဖန့်ချန်အဖိုးကြီး၏ စွမ်းဆောင်ရည်မှာ အမှန်တကယ်ပင် သာမန်မဟုတ်ကြောင်း တအံ့တသြ ရေရွတ်နေကြသည်။ သူသည် သူတော်စင်မျှော်စင်အတွင်း ဝင်ရောက်သည့် အကြိမ်တိုင်းတွင် နေထိုင်သည့်သက်တမ်းမှာ ပိုမို၍ ကြာမြင့်လာခဲ့သည်။
သို့သော်လည်း ယခင်က ဖန့်ဟန် တင်ရှိထားခဲ့သော မှတ်တမ်းနှင့် ယှဉ်လျှင်မူ နှစ်တစ်ရာဆိုသည်မှာ သိပ်တော့ ပြောပလောက်သည်မဟုတ်ပေ။
'အဆင့် ၆ မသေမျိုးရဲ့ အထွတ်အထိပ်ကို ရောက်ပြီ။ နောက်တစ်ဆင့်က အဆင့် ၇ ရှေးဟောင်းမသေမျိုးပဲ။ ဒါပေမဲ့ ဆေးအမယ်ကိစ္စက အဖြေမထွက်သေးဘူး။ ကြည့်ရတာ ကျန်နေတဲ့ ဆေးအမယ်တွေက နယ်မြေကိုးခုထဲမှာပဲ ရှိနေပုံရတယ်။ ဒီလမ်းစဉ်ပညာရပ်တွေက နယ်မြေကိုးခုကနေ အခြေတည်လာတာဆိုတော့...'
ဖန့်ချန် အနည်းငယ် နှမြောမိသွားသည်။ သူသည် မျှော်စင်မှ ထွက်လာသည်နှင့် ဖန့်တိန်ကို ခေါ်ယူကာ ဆေးအမယ်ကိစ္စ မေးမြန်းကြည့်ရာ ဖန့်မိသားစုက နယ်ပယ်အသီးသီးမှ အရင်းအမြစ်များကို အသုံးချပြီး ရှာဖွေနေသော်လည်း၊ အခြားသော သူတော်စင်မဟာမိတ်များထံ စုံစမ်းကြည့်သော်လည်း ဖန့်ချန် ပြောကြားထားသော ဆေးအမယ် သုံးမျိုးကို လုံးဝ ရှာမတွေ့ကြောင်း သိလိုက်ရသည်။ အနီးစပ်ဆုံး တူညီသော ပစ္စည်းကိုပင် မတွေ့ရချေ။
ဤသို့ဆိုလျှင် နတ်ဘုရားနယ်မြေထဲ၌ ဤဆေးအမယ်များ ရှိနေလျှင်ပင် မင်ရွှီ နယ်မြေထဲ၌ ရှိမနေနိုင်သလို၊ အနီးအနားရှိ နယ်မြေများတွင်လည်း ရှိနေနိုင်ခြေ မရှိတော့ပေ။ ထိုသို့ဆိုလျှင် နယ်မြေကိုးခုသို့ ပြန်သွားပြီး မှန်လေး ကို အကူအညီတောင်းကာ ဆေးအမယ် တည်ရှိရာနေရာကို ရှာဖွေခိုင်းခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။
"ပြန်ဖို့ အချိန်တန်ပြီပဲ"
ဖန့်ချန်သည် တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက် ဖန့်တိန်တို့အဖွဲ့ကို နှုတ်ဆက်ရန် ခြံဝင်းအတွင်းမှ ထွက်လာခဲ့သည်။
ထိုစဉ် ရုတ်တရက်ဆိုသလို မြေကမ္ဘာတစ်ခုလုံး တုန်ဟီး သွားတော့သည်။ ခြေဖျားအောက်ရှိ မြေပြင်သာမက အတွင်းအပြင်အဆင် နယ်မြေတစ်ခုလုံးပါ မပြတ်တမ်း တုန်ခါနေ၏။
ထိုအချိန်မှာပင် ဖန့်မျိုးနွယ်ဝင် တန်ခိုးရှင် အမြောက်အမြားမှာ ကောင်းကင်သို့ ပျံတက်လာကြပြီး စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေကြသည်။ ဟင်းလင်ပြင်ထဲ၌ ရှဲ့ကျစ်တံခါးကြီးများ တစ်ခုပြီးတစ်ခု ပွင့်လာကာ ဖန့်ချန်းရွှယ်တို့အဖွဲ့သည်လည်း အလွန်လေးနက်သော မျက်နှာထားများဖြင့် ထွက်ပေါ်လာကြသည်။
"ဖန့်ချန်ဘိုးဘေးကြီး..."
ဖန့်တိန်သည် ကောင်းကင်မှ ဆင်းသက်လာကာ ဖန့်ချန်ကို ဂါရဝပြုပြီးနောက် ကောင်းကင်ယံကို စူးစိုက်ကြည့်ကာ
"တစ်စုံတစ်ယောက်က အတွင်းအပြင်အဆင် နယ်မြေကို လာရောက်တိုက်ခိုက်နေတာပါ"
ဟု ဆိုလိုက်သည်။
"အတွင်းအပြင်အဆင် နယ်မြေကို တိုက်ခိုက်နေတာ ဟုတ်လား"
ဖန့်ချန်၏ မျက်လုံးများ လေးနက်သွားသည်။ ဖန့်လဲ့ သူတော်စင်အဆင့်သို့ တက်လှမ်းပြီးနောက် ဤအတွင်းအပြင်အဆင် နယ်မြေသည် ယခင်ကထက် ပိုမို၍ ခိုင်မာကျစ်လျစ်လာခဲ့သည်။ သူတော်စင်တစ်ပါး၏ အတွင်းအပြင်အဆင် နယ်မြေကို တိုက်ခိုက်ရန်ဆိုလျှင် တစ်ဖက်လူမှာလည်း သူတော်စင်အဆင့် ဖြစ်မှသာ ဖြစ်နိုင်သည်။
ကျန်းရန်သူတော်စင်လား ဒါမှမဟုတ် လော့ရွှယ်သူတော်စင်လား။
ထိုသူနှစ်ဦးမှာ ဖြစ်နိုင်ခြေ နည်းပါးသည်ဟု သူယူဆမိသည်။ သူတို့သည် ယခင်က "နတ်ဘုရားနှိမ်နင်းခြင်း" ဓားကွက်ကြောင့် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရသူများဖြစ်ရာ အကြောင်းမဲ့ လာရောက် ရန်စနေစရာ အကြောင်းမရှိပေ။
တုန်ခါမှုများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ကန့်သတ်ချက်ကျော်လွန်သူများ၊ အဆင့် ၉ မသေမျိုးများနှင့် အခြေခံအဆင့် ကျင့်ကြံသူများအပါအဝင် ဖန့်မျိုးနွယ်ဝင် အမြောက်အမြား စုရုံးရောက်ရှိလာကြသည်။ နှစ်ပေါင်း တစ်ရာခန့် မတွေ့ရသော ဖန့်ဟန်သည်လည်း ထွက်ပေါ်လာပြီး ယခုအခါ သူသည် အဆင့် ၇ မသေမျိုးအဆင့်သို့ တက်လှမ်းသွားပုံရသည်။
'ဒီလူရဲ့ ပါရမီက တကယ်ကို ချီးကျူးစရာပဲ။ နောင်မှာ ကန့်သတ်ချက်ကျော်လွန်သူ လမ်းစဉ်ကို လျှောက်လှမ်းဖို့က ပြဿနာမရှိနိုင်ဘူး'
ဟု ဖန့်ချန် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
"သူတောင်းစားတွေ"
ဖန့်ချန်းယူသည် ဝှီးချဲကို တွန်းကာ လူအများရှေ့သို့ ရောက်လာပြီး တောက်တီးတောက်တဲ့ ဆဲဆိုလျက် ကောင်းကင်ယံရှိ ဟင်းလင်ပြင်ကို စိုက်ကြည့်နေသည်။ ထိုဟင်းလင်ပြင်၌ ရေလှိုင်းများကဲ့သို့ တုန်ခါမှုများ ဖြစ်ပေါ်နေပြီး ထိုလှိုင်းများ၏ နောက်ကွယ်တွင် ခမ်းနားထည်ဝါလှသော တံခါးမကြီးတစ်ခု ရှိနေသည်ကို ဝေဝါးစွာ မြင်တွေ့နေရသည်။ ထိုတံခါးမကြီးပေါ်တွင် မရေမတွက်နိုင်သော ပုံရိပ်များစွာ ရပ်နေကြပြီး ဤဘက်ရှိ လူများကို လှမ်းကြည့်နေကြသည်။
"ဒါကလည်း အတွင်းအပြင်အဆင် နယ်မြေတစ်ခုပဲလား"
ဖန့်ချန် အံ့အားသင့်သွားသည်။ အတွင်းအပြင်အဆင် နယ်မြေအချင်းချင်း တိုက်ခိုက်ကြသည်မှာ တစ်ဖက်နယ်မြေနှင့် တစ်ဖက်နယ်မြေ ထိပ်တိုက်ရင်ဆိုင်ရခြင်းမျိုး ဖြစ်နေသည်လား။
"အစ်ကိုကြီး... ဒါ ကျန်းရန်သူတော်စင်တို့က မကျေနပ်လို့ ပြန်လာတာလား၊ ဒါမှမဟုတ် မီးနတ်ဘုရားမျိုးနွယ် သူတော်စင်က ငါတို့ ဖန့်မိသားစုကို လက်စဖျောက်ချင်လို့လား"
ဖန့်ချန်းရွှယ်တို့သည် ဖန့်ချန်းယူအနားသို့ ရောက်လာပြီး စိုးရိမ်တကြီး မေးမြန်းလိုက်ကြသည်။
"မသိဘူး... ဒါပေမဲ့ ကျန်းရန်သူတော်စင်တို့တော့ မဟုတ်လောက်ဘူး။ သူတို့က ငါတို့ နယ်မြေကို လာတိုက်ရဲမှာ မဟုတ်ဘူး၊ အဲဒါက ကိုယ့်သေတွင်းကိုယ်တူးတာပဲ။ မီးနတ်ဘုရားမျိုးနွယ်ဘက်ကဆိုရင်လည်း ဖြစ်နိုင်ခြေ နည်းတယ်။ တစ်ဦးချင်း ယှဉ်မယ်ဆိုရင် မီးနတ်ဘုရားမျိုးနွယ်ထဲက ဘယ်သူတော်စင်က ဘိုးဘေးကြီးကို တကယ်တမ်း နှိမ်နင်းနိုင်မှာမို့လို့လဲ "
ဖန့်ချန်းယူက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
ကျန်းရန်သူတော်စင်တို့ မဟုတ်သလို၊ မီးနတ်ဘုရားမျိုးနွယ်လည်း မဟုတ်လျှင်... အခြားသော ပြင်ပမျိုးနွယ်စုများလား လူအများ၏ မျက်နှာများ ပိုမို၍ လေးနက်လာကြသည်။ လက်ရှိတွင် လူသားမျိုးနွယ်၏ ရန်သူမှာ မီးနတ်ဘုရားမျိုးနွယ် တစ်ခုတည်းသာ ရှိပြီး အခြားသော ပြင်ပမျိုးနွယ်များကို ရန်စထားခြင်း မရှိပေ။
လူအများ စဉ်းစားမရဖြစ်နေစဉ် ဖန့်လဲ့ ၏ ပုံရိပ်သည် လူအများရှေ့တွင် ပေါ်လာပြီး ရေလှိုင်းများနောက်ကွယ်ရှိ ခမ်းနားသော တံခါးမကြီးကို လှမ်းကြည့်လိုက်သည်။
"ဘိုးဘေးကြီး... ခင်ဗျားရဲ့ ရန်သူဟောင်းတွေ လာတာလား"
ဖန့်ချန်းယူက သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ဒါ ရွှေလော့မျိုးနွယ်စု ပဲ"
ဖန့်လဲ့၏ မျက်နှာထားမှာ ယခင်ကထက် ပိုမိုလေးနက်နေပြီး သူက အေးစက်စွာ ဆိုလိုက်သည်။
"နောက်ကျရင် အားလုံး ပါးစပ်ပိတ်ထားကြ၊ အသံမထွက်နဲ့။ ငါ သူတို့နဲ့ စကားပြောကြည့်မယ်၊ သူတို့ ဘာလုပ်ချင်တာလဲဆိုတာ သိရအောင်"
"ရွှေလော့မျိုးနွယ်စု"
လူအများ ထိတ်လန့်သွားကြသည်။ ဖန့်ချန်မှာမူ ရှဲ့ကျစ်ဌာနတွင် ရှိနေစဉ်အတွင်း စာပေများကို ဖတ်ရှုခဲ့ရာမှ ဤအမည်ကို သိရှိထားသည်။ ထိုစာပေများမှာ သာမန်လူသားများနှင့် တန်ခိုးရှင်များ လက်လှမ်းမမီနိုင်သော လျှို့ဝှက်ချက်များ ဖြစ်သည်။
ထိုအထဲတွင် လူသားမျိုးနွယ်နှင့် ပတ်သက်ဖူးသော ပြင်ပမျိုးနွယ်များအကြောင်း အသေးစိတ် မှတ်တမ်းတင်ထားပြီး ရွှေလော့မျိုးနွယ်လည်း ပါဝင်သည်။ ရွှေလော့မျိုးနွယ်စု၏ အခြေခံအင်အားမှာ လူသားမျိုးနွယ်ထက်သာမက မီးနတ်ဘုရားမျိုးနွယ်ထက်ပင် အဆပေါင်းများစွာ ပိုမိုကြီးမားသည်။ သူတို့၏ လက်အောက်ခံ ကျေးကျွန်စစ်သား မျိုးနွယ်စုပေါင်းပင် (၃၀) ကျော် ရှိသည်။
ဤသည်မှာ မည်မျှ ကြီးမားသော အဓိပ္ပာယ်နည်း အင်အားကြီးသည်ဆိုသော မီးနတ်ဘုရားမျိုးနွယ်စုပင်လျှင် လက်ရှိတွင် နတ်ဆိုးမျိုးနွယ် ကိုသာ ကျေးကျွန်အဖြစ် ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်သည်။
ရွှေလော့မျိုးနွယ်စုမှာမူ ဤမျှများပြားသော ကျေးကျွန်မျိုးနွယ်စုများကို ပိုင်ဆိုင်ထားခြင်းက သူတို့သည် အတွင်းပိုင်း၌သာမက ပြင်ပနယ်မြေများကိုပါ မပြတ်တမ်း စစ်မက်နွှဲကာ နယ်မြေချဲ့ထွင်နေကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ အချို့သော ကျေးကျွန်မျိုးနွယ်စုများမှာ နယ်မြေကိုးခုကဲ့သို့ပင် ဟင်းလင်ပြင်ထဲ၌ ရှာဖွေတွေ့ရှိခံရပြီးနောက် ရွှေလော့မျိုးနွယ်စု၏ ကျွန်ပြုခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေမည်။
'ရွှေလော့မျိုးနွယ်နဲ့ ယှဉ်ရင် လူသားမျိုးနွယ်နဲ့ မီးနတ်ဘုရားမျိုးနွယ်က အရမ်းကို အားနည်းလွန်းတယ်။ သူတို့ရဲ့ နယ်မြေထဲက အရင်းအမြစ်တွေက ရွှေလော့မျိုးနွယ်ရဲ့ မျက်စိထဲတောင် ဝင်မှာမဟုတ်ဘူး။ ပြီးတော့ အကွာအဝေးကလည်း အရမ်းဝေးနေတာကြောင့် အရင်က ဘာပြဿနာမှ မရှိခဲ့ဘူး။ ဒါပေမဲ့ အခု ဘာလို့ ဒီကို ရောက်လာတာလဲ'
ဖန့်ချန် စဉ်းစားနေစဉ်မှာပင် ဖန့်လဲ့ သည် ဝတ်ရုံစကို ဝေ့ယမ်းလိုက်ပြီး အတွင်းအပြင်အဆင် နယ်မြေ၏ တံခါးကို ဖွင့်ပေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် အတွင်းအပြင်အဆင် နယ်မြေနှစ်ခုအကြား လမ်းကြောင်းတစ်ခု ပေါ်ထွက်လာပြီး ဝေဝါးနေသော ပုံရိပ်များမှာလည်း ရှင်းလင်းသွားတော့သည်။
တစ်ဖက်ရှိ ခမ်းနားလှသော တံခါးမကြီးပေါ်တွင် ပုံရိပ်ပေါင်း သိန်းချီ၍ ရပ်နေကြသည်။ သူတို့အားလုံးမှာ ဆံပင်နီရောင်များ ရှိကြပြီး ကျား၊ မ၊ ကြီး၊ ငယ် မရွေး အားလုံးမှာ အင်မတန် ချောမောလှပကြသည်။ တစ်ကိုယ်လုံးတွင် ဆွဲဆောင်မှုရှိသော မိစ္ဆာဆန်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။
ထိုရွှေလော့မျိုးနွယ်စုဝင်များ၏ ရှေ့တွင် ရွှေလော့လူငယ်တစ်ဦး ရပ်နေသည်။ ခုနက အတွင်းအပြင်အဆင် နယ်မြေကို တုန်ခါအောင် တိုက်ခိုက်နေသူမှာ ဤလူငယ်ပင် ဖြစ်သည်။ ယခုအခါ ဖန့်လဲ့ က တံခါးဖွင့်ပေးလိုက်သဖြင့် သူက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ဖန့်လဲ့ နှင့် နောက်ကွယ်ရှိ လူများကို အထင်အမြင်သေးသော အကြည့်ဖြင့် ဝေ့ကြည့်လိုက်ကာ ဆိုလိုက်သည်။
"လူသားမျိုးနွယ်... ဖန့်လဲ့ သူတော်စင်လား"
"မှန်ပါတယ်... မိတ်ဆွေက ဘယ်သူပါလဲ"
ဖန့်လျဲ့က လက်ယှက်ဂါရဝပြုလျက် ပြုံး၍ မေးလိုက်သည်။
"ရွှေလော့မျိုးနွယ်စု... ဖာထျန်းသူတော်စင် ပဲ"
ဖာထျန်းသူတော်စင်က အေးစက်စွာ ပြောလိုက်သည်။
"ဖာထျန်းသူတော်စင်"
လူအများ၏ စိတ်ထဲ၌ ဤအမည်ကို ရေရွတ်မိကြသည်။ သူတို့သည် ရွှေလော့မျိုးနွယ်စုအကြောင်းကို အပေါ်ယံမျှသာ သိထားသဖြင့် ဤသူတော်စင်၏ ဘွဲ့အမည်ကို မကြားဖူးကြချေ။
"ဖာထျန်းသူတော်စင်... ဒီနေ့ ဒီကို ဘာကိစ္စနဲ့ ကြွလာတာပါလဲ"
ဖန့်လဲ့ က ပြုံးလျက် မေးသည်။
"လူသားမျိုးနွယ်ထဲမှာ ဓားပညာ နဲ့ သူတော်စင်အဆင့်ကို တက်လှမ်းတဲ့သူ ရှိတယ်လို့ ငါကြားမိတယ်"
ဖာထျန်းသူတော်စင်က တည်ငြိမ်စွာ ဆိုသည်
"လောကမှာ ပညာရပ်ပေါင်း သောင်းခြောက်ထောင် ရှိတဲ့အနက် ဓားပညာဆိုတာ အရှားပါးဆုံးပဲ။ ငါ့အမြင်မှာတော့ ဒီပညာဟာ ပညာရပ်အားလုံးရဲ့ ဘုရင်ပဲ၊ ဒါကို နားလည်သဘောပေါက်တဲ့သူဟာ ထူးခြားတဲ့ ပါရမီရှင် ဖြစ်ရမယ်။
ကြီးမားလှတဲ့ ရွှေလော့မျိုးနွယ်စု တစ်ခုလုံးမှာတောင် ငါတစ်ယောက်တည်းသာ ဒီပညာနဲ့ သူတော်စင် ဖြစ်လာတာ။ သေးငယ်တဲ့ လူသားမျိုးနွယ်ထဲမှာ ငါနဲ့ တူညီတဲ့သူ ရှိနေတယ်ဆိုလို့ အစစ်လား၊ အတုလား ဆိုတာ လာကြည့်တာပဲ"
လူအများမှာ ဆွံ့အသွားကြသည်။ အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် တစ်ဖက်လူမှာ ရန်ငြိုးကြောင့် လာခြင်းမဟုတ်ဘဲ ပညာစမ်းရန် လာခြင်းဖြစ်နေသည်လား သို့သော်လည်း သူတို့၏ စိတ်မှာ လျော့ပါးမသွားဘဲ ပို၍ပင် တင်းမာလာခဲ့သည်။
သူတော်စင်အချင်းချင်း ပညာစမ်းခြင်းမှာ ရန်ငြိုးကြောင့် တိုက်ခိုက်ခြင်းထက်ပင် ပို၍ အန္တရာယ်ကြီးလှသည်။ နောက်ဆုံးတွင် ရှုံး၊ နိုင် အဖြေကတော့ သေချာပေါက် ထွက်လာရမည် မဟုတ်ပါလား။