အခန်း (၁၈၄၅-၁၈၄၆)
Vol. 185 Ch. 1845-1846
အခန်း (၁၈၄၅) - နှုတ်ဆက်ခဲ့ပါတယ်... မင်ရွှီ
"ပညာစမ်းချင်လို့ ဟုတ်လား"
ဖန့်လဲ့က အတန်ကြာ စဉ်းစားဟန်ပြုပြီးမှ ဆိုလိုက်သည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းက ငါသူတော်စင်အဆင့် တက်လှမ်းတုန်းမှာ မီးနတ်ဘုရားမျိုးနွယ် သူတော်စင်က ငါ့မျိုးနွယ်ထဲက သူတော်စင်နှစ်ပါးကို ခေါ်ပြီး လာနှောင့်ယှက်ခဲ့ကြတယ်။ အဲဒါကြောင့် ငါသူတော်စင်ဖြစ်ပြီးတဲ့နောက်မှာ ပညာရပ်တွေ ထိခိုက်ပျက်စီးသွားခဲ့လို့ အခုထိ ပြန်ကုစားနေတုန်းပဲ"
"ဘာ ဘိုးဘေးကြီး ဒဏ်ရာရထားတာလား "
"တကယ်ပဲ... အဲဒီတုန်းက သူတော်စင်ဖြစ်ချိန်မှာ နှောင့်ယှက်ခံခဲ့ရတာပဲ။ ဘိုးဘေးကြီးက အပြင်ပန်းမှာ ဘာမှမဖြစ်သလို ဟန်ဆောင်ထားပေမဲ့ တကယ်တမ်းတော့ အတွင်းကြေ ဒဏ်ရာရထားတာကိုး"
လူအများမှာ ထိတ်လန့်သွားကြသည်။ အခြေအနေက ဤသို့ဆိုလျှင် ရွှေလော့မျိုးနွယ်စုရဲ့ စိန်ခေါ်မှုကို ဘယ်လိုရင်ဆိုင်နိုင်တော့မည်နည်း။
ဖန့်တိန်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ပြည့်နှက်သွားသော်လည်း ဖန့်ချန်ကမူ ထိုသို့မထင်ပေ။ ထိုစဉ်က အခြေအနေအရ ကြည့်လျှင် ဤဘိုးဘေးကြီး ဒဏ်ရာရထားသည့်ပုံ လုံးဝမပေါက်ပေ။ ဒဏ်ရာရထားပါလျက်နှင့် သူတော်စင်နှစ်ပါးကို ဓားတစ်ချက်တည်းဖြင့် ဆုတ်ခွာအောင် လုပ်နိုင်ပါမည်လော။
"ဟမ်"
ဖာထျန်းသူတော်စင်၏ မျက်နှာထား အေးစက်သွားသည်။
"မင်းသူတော်စင်ဖြစ်ချိန်မှာ အနှောင့်အယှက် ခံခဲ့ရတာလား ဘာကြောင့်လဲ "
"ငါက ဓားပညာနဲ့ သူတော်စင်ဖြစ်လာတာဆိုတော့ အပြင်လူတွေက မျက်စိစပါးမွှေးစူးပြီး ငါ့လမ်းစဉ်ကို ပိတ်ဆို့ချင်ကြလို့ပေါ့"
ဖန့်လဲ့က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
"မိတ်ဆွေက ငါနဲ့ လက်ရည်စမ်းချင်တယ်ဆိုရင်တော့ ငါ့ဒဏ်ရာတွေ လုံးဝပျောက်ကင်းသွားတဲ့အထိ စောင့်တာက ပိုကောင်းလိမ့်မယ်"
ဖာထျန်းသူတော်စင်သည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် သူက မျက်မှောင်ကြုတ်လျက် စိတ်မရှည်စွာ မေးလိုက်သည်။
"ဘယ်လောက်ကြာမှာလဲ"
"သိပ်တော့ မကြာပါဘူး... ဒီဒဏ်ရာက... နှစ်ပေါင်း တစ်သောင်း... မဟုတ်သေးဘူး၊ နှစ်ပေါင်း နှစ်သောင်းလောက်ဆိုရင်တော့ အမြစ်ပြတ် ပျောက်ကင်းသွားမှာပါ"
ဟု ဖန့်လဲ့က ဆိုသည်။
နှစ်ပေါင်း နှစ်သောင်းတောင် ကြာမှာလား
ဖန့်မိသားစုဝင်များ၏ မျက်နှာတွင် စိုးရိမ်မှုများ ပိုမိုထင်ဟပ်လာသည်။
ဖာထျန်းသူတော်စင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း အတန်ကြာအောင် တိတ်ဆိတ်နေပြန်သည်။ အချိန်အတော်ကြာမှ သူက အေးစက်သော အသံဖြင့် ဆိုလိုက်သည်။
"မင်းကို ဒဏ်ရာရအောင် လုပ်တဲ့သူက ဘယ်သူလဲ ငါနဲ့ မင်းနဲ့ လက်ရည်စမ်းဖို့ကို နှောင့်ယှက်တဲ့ အဲဒီလူယုတ်မာဟာ အသေထိုက်တယ်"
"မီးနတ်ဘုရားမျိုးနွယ်ရဲ့ ချီယန်သူတော်စင် ပဲ"
ဖန့်လဲ့က သက်ပြင်းချရင်း ဆိုသည်
"မီးနတ်ဘုရားမျိုးနွယ်ရဲ့ အင်အားက မသေးဘူးလေ။ ဒီဒေါသကို ငါကတော့ ရင်ထဲမှာပဲ ကြိတ်မှိတ် မြိုသိပ်ထားရတာပေါ့။ ဓားပညာက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ... ပြိုင်ဘက်ကင်းတော့ မဟုတ်ဘူးလေ"
"ပြိုင်ဘက်ကင်း မဟုတ်ဘူး ဟုတ်လား ရယ်စရာပဲ ကြည့်ရတာ မင်းက ဓားပညာအကြောင်းကို နားလည်တာ နည်းလွန်းသေးတာပဲ။ ဟုတ်တာပေါ့... မင်းက ခုမှ သူတော်စင်ဖြစ်တာဆိုတော့ ဒီလမ်းစဉ်မှာ ဝေးဝေးလံလံ မရောက်သေးဘူးပဲ။ ကဲ... အခု ငါမင်းကို ပြပေးမယ်၊ ဓားပညာ ဆိုတာ ဘာလဲဆိုတာကို"
ဖာထျန်းသူတော်စင်က ဒေါသတကြီး ဟောက်လိုက်ပြီး ဓားတစ်ချက်ဖြင့် ဟင်းလင်ပြင်ကို ပိုင်းဖြတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အတွင်းအပြင်အဆင် နယ်မြေနှစ်ခုအကြားတွင် ရေလှိုင်းများ ထပ်မံထွက်ပေါ်လာပြီး ဝေဝါးသော တံခါးမကြီးတစ်ခု ပေါ်လာပြန်သည်။
"ဘယ်သူလဲ"
ဒေါသတကြီး အော်ဟစ်သံတစ်ခု ထိုတံခါးအတွင်းမှ ထွက်ပေါ်လာသည်။ ထို့နောက် တံခါးမှာ ရှင်းလင်းလာပြီး တစ်ဖက်လူမှာလည်း ဖန့်လဲ့ကဲ့သို့ပင် သူ၏ အတွင်းအပြင်အဆင် နယ်မြေတံခါးကို ဖွင့်ပေးလိုက်သဖြင့် နယ်မြေသုံးခုမှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားတော့သည်။
ချီယန်သူတော်စင်သည် မီးနတ်ဘုရားမျိုးနွယ်စုဝင် တစ်သိုက်နှင့်အတူ တံခါးဝတွင် ရပ်နေပြီး ဒေါသတကြီး ကြည့်နေသည်။ သူသည် ဖန့်လဲ့ကို မြင်သောအခါ ဒေါသတကြီး ရယ်မောလိုက်ပြီး
"ဖန့်လဲ့... မင်း ဘာလုပ်ချင်တာလဲ ဘာလဲ... သူတော်စင်ဖြစ်ပြီးတာနဲ့ ငါ့ကို လာကြွားချင်တာလား လူတောင် အဖော်ခေါ်လာသေးတယ်ပေါ့။ မင်းခေါ်လာတဲ့သူက ဘယ်သူလဲဆိုတာ ငါကြည့်ရသေးတာပေါ့..."
သူ၏ အကြည့်က ဖာထျန်းသူတော်စင်ပေါ်သို့ ကျရောက်သွားချိန်တွင် စကားလုံးများမှာ ရပ်တန့်သွားသည်။ မျက်နှာပေါ်ရှိ ဒေါသရိပ်များမှာလည်း အရိပ်အယောင်ပင် မကျန်တော့ဘဲ ချက်ချင်းပင် ရိုသေကိုးစားသော အမူအရာဖြင့်
"မိတ်ဆွေက... ရွှေလော့မျိုးနွယ်စုက သူတော်စင်လား"
"ရွှေလော့မျိုးနွယ်စု... ဖာထျန်းသူတော်စင်ပဲ"
ဖာထျန်းသူတော်စင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဓားဖြင့် ချက်ချင်း ပိုင်းချလိုက်သည်။
ချီယန်သူတော်စင်မှာ ရွှေလော့မျိုးနွယ် သူတော်စင်က အိမ်ပေါက်ဝအထိ လာတိုက်လိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ပေ။ ထိုကြောက်မက်ဖွယ်ကောင်းသော ဓားချက် ကျရောက်လာချိန်တွင် သူသည် ကယောင်ကတမ်းဖြင့်သာ ခုခံလိုက်ရသည်။
သူသည် ဝါရင့်သူတော်စင်တစ်ပါး ဖြစ်သော်လည်း ဤဓားတစ်ချက်အောက်မှာပင် သူ၏ အရှိန်အဝါများမှာ သိသိသာသာ လျော့ကျသွားပြီး ဒဏ်ရာပြင်းထန်စွာ ရသွားသည်မှာ သိသာလှသည်။ ထို့အပြင် ဓားအရှိန်အဝါ၏ အကြွင်းအကျန်များမှာ ချီယန်သူတော်စင်ထံမှတစ်ဆင့် နောက်ကွယ်ရှိ မီးနတ်ဘုရားမျိုးနွယ်စုဝင်များဆီသို့ ပျံ့နှံ့သွားသည်။
စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူ၏နောက်ကွယ်ရှိ မီးနတ်ဘုရားမျိုးနွယ်စုဝင် အားလုံးမှာ လူအများရှေ့မှာပင် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးကုန်ကြသည်။ ထိုအထဲတွင် ကန့်သတ်ချက်ကျော်လွန်သူ အဆင့် ၃ များနှင့် အဆင့် ၉ မသေမျိုးများစွာ ပါဝင်သည်။
"ငါက ရွှေလော့မျိုးနွယ်နဲ့ ဘာရန်ငြိုးမှ မရှိပါဘူး ခင်ဗျား ဘာလို့ ဒီလိုလုပ်ရတာလဲ "
ချီယန်သူတော်စင်သည် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ဖာထျန်းသူတော်စင်က ဘာမှပြန်မပြောဘဲ နောက်ထပ် ဓားတစ်ချက် ထပ်မံပိုင်းချလိုက်ပြန်သည်။ ချီယန်သူတော်စင်သည် ထိပ်တိုက်မရင်ဆိုင်ရဲတော့သဖြင့် သူ၏ အတွင်းအပြင်အဆင် နယ်မြေတံခါးကို ချက်ချင်း ပြန်ပိတ်လိုက်ကာ ထိုကြောက်မက်ဖွယ် ဓားချက်ကို တားဆီးလိုက်တော့သည်။
တံခါးအပြင်ဘက်တွင် ရေလှိုင်းများ တုန်ခါနေဆဲဖြစ်ပြီး ရုပ်ပုံမပေါ်တော့သော ချီယန်သူတော်စင်မှာ အပြစ်မရှိကြောင်းနှင့် ဖာထျန်းသူတော်စင်ကို အော်ဟစ်မေးမြန်းနေဆဲပင်။ ဖာထျန်းသူတော်စင်က ဓားအချက်အနည်းငယ် ထပ်ပိုင်းပြီးနောက် တစ်ဖက်လူက တံခါးကို လုံးဝ မဖွင့်တော့သည်ကို မြင်သောအခါ အေးစက်စွာ ပြုံးလိုက်သည်။
"ထွက်သွားတော့... လိပ်လို ခေါင်းလျှိုနေတဲ့ အကောင်"
စကားဆုံးသည်နှင့် ဝေဝါးနေသော တံခါးမှာလည်း ဟင်းလင်ပြင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။ ဖန့်မျိုးနွယ်ဝင်များမှာ ဤမြင်ကွင်းကို ကြည့်ရင်း အံ့သြလွန်း၍ စကားပင် မဆိုနိုင်ကြချေ။
ဤဖာထျန်းသူတော်စင်၏ ဓားမှာ အင်မတန် အစွမ်းထက်လွန်းလှသည်။ ချီယန်သူတော်စင်ကို ဒဏ်ရာရစေရုံတင်မကဘဲ နောက်ကွယ်က လူတွေကိုပါ သတ်ပစ်လိုက်သည်။ ယခုတစ်ကြိမ်တွင် ချီယန်သူတော်စင်၏ အနွယ်အဆက်မှာ အထိနာသွားပြီဟု ဆိုရပေမည်။
"တွေ့ပြီလား... ဓားပညာဆိုတာ ပြိုင်ဘက်ကင်းတယ်၊ ဓားပညာကို နှိမ်နင်းနိုင်တာကလည်း ဓားပညာပဲ ရှိတယ်။ မင်းက နှစ်ပေါင်း နှစ်သောင်းလောက် ဒဏ်ရာကုရမယ် ဆိုတော့လည်း... နှစ်ပေါင်း နှစ်သောင်းကြာရင် ငါတို့ ပြန်ပြီး လက်ရည်စမ်းကြတာပေါ့"
ဖာထျန်းသူတော်စင်က စကားချန်ထားခဲ့ပြီးနောက် သူ၏ တံခါးမကြီးမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ဖန့်မျိုးနွယ်ဝင်များမှာ သက်ပြင်းချလိုက်နိုင်သော်လည်း သူတို့၏ မျက်နှာထားများမှာမူ ထူးဆန်းနေဆဲပင်။
ဖာထျန်းသူတော်စင် ပေါ်လာခြင်းက ဖန့်မိသားစုအတွက် အန္တရာယ်ဖြစ်လာမည်ဟု ထင်ခဲ့သော်လည်း တစ်ဖက်လူက ချီယန်သူတော်စင်ကို ဆုံးမပေးသွားရုံတင်မကဘဲ ကန့်သတ်ချက်ကျော်လွန်သူ အမြောက်အမြားကိုပါ သတ်ပေးသွားခဲ့သည်။
အရေးကြီးဆုံးမှာ ချီယန်သူတော်စင်မှာ အတွင်းကြေ ဒဏ်ရာရသွားသဖြင့် ပြန်ကောင်းရန် မလွယ်ကူတော့ချေ။ ဤတစ်ကြိမ်တွင် လူသားမျိုးနွယ်မှာ အမြတ်ကြီးစား ရလိုက်သည်ဟု ဆိုရမည်။
"ဓားပညာနဲ့ သူတော်စင်ဖြစ်လာတဲ့သူဆိုတော့ တကယ့်ကို ဖြောင့်မတ်တာပဲ"
ဖန့်ယန်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော ဟင်းလင်ပြင်ကို ကြည့်ကာ တိုးညှင်းစွာ ချီးကျူးလိုက်သည်။
"ဘိုးဘေးကြီး... ခင်ဗျား တကယ်ပဲ ဒဏ်ရာရထားတာလား"
ဖန့်ချန်းယူက သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ကျန်းရန်လို အဆင့်မျိုးတွေက ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ပါ့မလား ဒါတွေက ဆင်ခြေတွေသက်သက်ပါပဲ။ ဒါပေမဲ့ ငါအခု လက်ရှိမှာတော့ ဖာထျန်းသူတော်စင်ကို မယှဉ်နိုင်သေးတာ အမှန်ပဲ။ နှစ်ပေါင်း နှစ်သောင်းကြာတဲ့အခါမှာတော့ သူ့ကို အရှုံးအနိုင် မပေါ်အောင် တိုက်နိုင်ဖို့ မျှော်လင့်ရတာပေါ့"
ဖန့်လဲ့က ပြောပြီးနောက် လက်ကို ဝေ့ယမ်းလိုက်သည်။
"သွားကြတော့... ဒီမှာ စုမနေကြနဲ့"
ထို့နောက် သူသည် လှည့်ထွက်သွားတော့သည်။ လူအများလည်း တစ်ယောက်စ၊ နှစ်ယောက်စဖြင့် လူစုခွဲသွားကြသည်။
"ဒီနေ့ မြင်ကွင်းကတော့ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ ဒါပေမဲ့ ရွှေလော့မျိုးနွယ်က သူတော်စင်ကတော့ တကယ့်ကို အားကြီးလွန်းတယ်။ ချီယန်သူတော်စင်ကို အေးအေးဆေးဆေးပဲ ကိုင်တွယ်သွားတာ၊ ဘိုးဘေးကြီးတောင် သူ့ကို မယှဉ်နိုင်ဘူးလို့ ပြောရလောက်အောင်ပဲ"
ဟု ဖန့်တိန်က ရေရွတ်လိုက်သည်။
"ရွှေလော့မျိုးနွယ်စုရဲ့ အခြေခံက ခိုင်မာတာကိုး၊ သူတို့က နေရာအနှံ့မှာ စစ်တိုက်နေတဲ့သူတွေလေ၊ ငါတို့မျိုးနွယ်စုလို ခုခံနေရုံပဲ လုပ်နေတာ မဟုတ်ဘူး။ ပြီးတော့ ဒီဖာထျန်းသူတော်စင်ရဲ့ ဓားပညာကလည်း သာမန်မဟုတ်ဘူး"
ဖန့်ချန်က တိုးညှင်းစွာ ဆိုလိုက်သည်။
ဖာထျန်းသူတော်စင် ဓားထုတ်လိုက်ချိန်တွင် သူသည် ထိုဓားဆန္ဒ၏ ရင်းနှီးမှုကို တစ်ကြိမ်ထက်မက ခံစားလိုက်ရသည်။
ဖာထျန်းဓားဆန္ဒ
သူသည် ဓားသုသာန် လှေကားထစ်များပေါ်တွင် ဤအရာကို လေ့လာခဲ့ဖူးသည်။ သူ၏ စီနီယာအစ်ကိုကြီး ပိုင်ချန်းမင် နားလည်သဘောပေါက်ခဲ့သော ပညာရပ်မှာလည်း ဤဓားဆန္ဒပင် ဖြစ်သည်။
'ဖာထျန်းသူတော်စင်က ရွှေလော့မျိုးနွယ်စုဆိုရင် သူ့ရဲ့ အမွေအနှစ်က နယ်မြေကိုးခုဆီကို ဘယ်လိုရောက်သွားတာလဲ သူက လူသားမျိုးနွယ် တန်ခိုးရှင်တစ်ယောက်ကို တပည့်အဖြစ် လက်ခံခဲ့တာလား'
အတန်ကြာ စဉ်းစားပြီးနောက် ဖန့်တိန် အနားမှာ ရှိနေသေးသည်ကို တွေ့သဖြင့် ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
"ဖန့်တိန်... ငါ သွားတော့မယ်"
"သွားမယ် ဘယ်ကိုလဲ ကျွန်တော်လည်း ဘိုးဘေးကြီးနဲ့အတူ လိုက်ခဲ့ပါရစေ"
ဟု ဖန့်တိန်က ဆိုသည်။
"ငါသွားမယ့်နေရာကို မင်း လိုက်လို့မရဘူး"
ဖန့်ချန်က ပြုံးလျက် ခေါင်းခါပြလိုက်သည်။
"အော်... အဲဒီလိုလား... ဒါဆိုရင်လည်း ကျွန်တော် ဘိုးဘေးကြီးကို လိုက်ပို့ပေးပါရစေ"
ဖန့်တိန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ယင်လောက
ဖန့်ချန်သည် အပြင်လူများ မမြင်နိုင်သော အကာအကွယ် အလွှာတစ်ခုကို မြင်လိုက်ရသည်။ ထိုအလွှာကို ဖြတ်ကျော်လိုက်သည်နှင့် နယ်မြေကိုးခုသို့ ပြန်ရောက်ပေလိမ့်မည်။ သူသည် ဤနေရာကို ပြန်လည်လှည့်ကြည့်လိုက်သည်။ ဤနေရာသည် မင်ရွှီနယ်မြေနှင့် ဆက်စပ်နေသော ယင်လောက ဖြစ်ပြီး မြင်သမျှ အားလုံးမှာ လူသားမျိုးနွယ်များသာ ဖြစ်သည်။
"နှုတ်ဆက်ခဲ့ပါတယ်... မင်ရွှီ"
ဖန့်ချန်က ပြုံးလိုက်ပြီး အကာအကွယ်အလွှာအတွင်းသို့ လှမ်းဝင်လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူသည် ကြီးမားသော အားတစ်ခုဖြင့် ကန်ထုတ်ခြင်း ခံလိုက်ရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ အံ့သြတုန်လှုပ်သွားစဉ်မှာပင် သူ၏ ခန္ဓာကိုယ်၌ ပါလာသော သမိုင်းမသေမျိုးစာအုပ်သည် တစ်ဝက်နီးပါး ကွာကျသွားပြီး ရွှေရောင်အလင်းတန်းများဖြင့် အကာအကွယ်အလွှာအတွင်းသို့ စိမ့်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
ကျန်ရှိသော စာအုပ်တစ်ဝက်မှာမူ သူ၏ ခန္ဓာကိုယ်၌ ကျန်ရှိနေဆဲပင်။
'ဒါက ဘာကို ဆိုလိုတာလဲ'
ဖန့်ချန် အတွေးနက်သွားတော့သည်။
အခန်း (၁၈၄၆) - တိုက်ရိုက်အုပ်ချုပ်ခွင့်ရဒေသ
မင်ရွှီ၊ ရှဲ့ကျစ်၊ အိမ်ရာဝင်း
ယင်လောကမှ ပြန်လာခဲ့သည်မှာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီဖြစ်သည်။ ဖန့်ချန်သည် ဤနှစ်တစ်ရာအတွင်း ကျင့်စဉ်မတိုးတက်ခဲ့ပေ။
အကြောင်းမှာ သူသည် အဆင့် ၆ ၏ ပိတ်ဆို့မှု သို့ ရောက်ရှိနေပြီး ရှေးဟောင်းမသေမျိုး ဆေးဖက်ဝင်အပင်များမရှိဘဲ အဆင့် ၇ ရှေးဟောင်းမသေမျိုးအဖြစ်သို့ တက်လှမ်းရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။
နေ့စဉ်ရက်ဆက် ဖန့်တိန်၊ ဖန့်ဟန် ကဲ့သို့သော ဧည့်သည်များကို လက်ခံတွေ့ဆုံခြင်း၊ တစ်ခါတစ်ရံ နဂါးသုသာန်မြို့တော်သို့သွားကာ ဝမ်ချုံစန်းနှင့် တွေ့ဆုံခြင်းတို့မှအပ ကျန်ရှိသောအချိန်များတွင် ဖန့်ချန်သည် သူတော်စင်ကျမ်းမှ သူ့အား သင်ကြားပေးခဲ့သော လမ်းစဉ်ပညာရပ်များကိုသာ သုတေသနပြုနေခဲ့သည်။
ဤနှစ်တစ်ရာ သုတေသနပြုမှုများအပြီးတွင် ဖန့်ချန်သည် တစ်စုံတစ်ရာသော လမ်းစကို ရှာဖွေတွေ့ရှိလာပြီဟု ခံစားနေရသည်။
'လုံလောက်တဲ့ အင်အားကြီးတဲ့ မသေမျိုးစွမ်းအင် ရှိမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ အထွတ်အထိပ်အရိုး ကို စိတ်ကူးနဲ့ ပုံဖော်တည်ဆောက်နိုင်မယ်။ အဲဒီကတစ်ဆင့် သူတော်စင်ကျမ်းရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်မှာပဲ'
ဖန့်ချန်၏ မျက်လုံးများအတွင်း၌ နတ်ဘုရားအလင်းတန်းများ အဆက်မပြတ် တောက်ပနေသည်။
သူသည် ဤနှစ်တစ်ရာအတွင်း ရှေးဦး နတ်ဘုရားမျက်လုံး ၊ တောက်ပသော နတ်ဘုရားမျက်လုံး တို့နှင့် ပေါင်းစပ်ကာ သူတော်စင်ကျမ်း၏ ပညာရပ်ကို အသေးစိတ် လေ့လာဆန်းစစ်ခဲ့ပြီးနောက် ဤကဲ့သို့သော နိဂုံးကို ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း သူ၏ လက်ရှိ မသေမျိုးစွမ်းအင်မှာ လုံလောက်အောင် မအင်အားကြီးသေးသလို၊ မခိုင်မာသေးပေ။ သူစိတ်ကူးဖြင့် ပုံဖော်ထားသော အထွတ်အထိပ်အရိုး သည် မသေမျိုးစွမ်းအင် လည်ပတ်မှုကို မခံနိုင်ဘဲ ဆယ်ရက်၊ တစ်လခန့်အတွင်းမှာပင် အမြဲတမ်း ပြိုလဲသွားလေ့ရှိသည်။
တွက်ချက်မှုများအရ သူသည် အဆင့် ၈ သို့ ရောက်ရှိသောအခါမှသာ သူ၏ မသေမျိုးစွမ်းအင် အဆင့်အတန်းသည် အထွတ်အထိပ်အရိုး ကို တည်ငြိမ်အောင် ထိန်းထားနိုင်ရန် လုံလောက်ပေလိမ့်မည်။
'အဆင့် ၈... ဒါကို လုပ်နိုင်ဖို့ဆိုရင် အရင်ဆုံး ဒီနေရာကနေ ထွက်သွားဖို့ လိုတယ်။ ဒီမှာက ငါလိုအပ်တဲ့ ဆေးအမယ်တွေကို လုံးဝ ရှာမတွေ့နိုင်ဘူး'
ဖန့်ချန် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။
လွန်ခဲ့သော နှစ်အတော်ကြာက သူသည် သမိုင်းမသေမျိုးစာအုပ်မှ ထွက်ခွာရန် ပြင်ဆင်ခဲ့သော်လည်း အကာအကွယ်အလွှာ၏ တားဆီးခြင်းကို ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူသေချာစဉ်းစားကြည့်မှ လီတောက်ယဲ့ က ထိုစာအုပ်အကျိုးအပဲ့ကို သူ့အား ယူဆောင်လာခိုင်းရခြင်း၏ အဓိပ္ပာယ်ကို သဘောပေါက်ခဲ့သည်။
ဤစာအုပ်အကျိုးအပဲ့မှာ အမှန်စင်စစ် တည်နေရာပြကိရိယာ တစ်ခုပင် ဖြစ်သည်။ ၎င်းကိုယ်စားပြုနေသည်မှာ ဖန့်ချန် လက်ရှိရောက်ရှိနေသော ဤခေတ်ကာလပင် ဖြစ်၏။ ဖန့်ချန်သည် ဤခေတ်ကာလ၌ တစ်ရက်နေတိုင်း စာအုပ်၏ အစိတ်အပိုင်းတစ်ခုမှာ ပြည့်စုံသော သမိုင်းမသေမျိုးစာအုပ်ကြီးအတွင်းသို့ စိမ့်ဝင်သွားမည်ဖြစ်သည်။
ယခင်က ဖန့်ချန်သည် ဤနေရာ၌ နှစ်ပေါင်း နှစ်ရာကျော် နေထိုင်ခဲ့သဖြင့် သူထွက်ခွာရန် ကြိုးစားချိန်တွင် စာအုပ်၏ တစ်ဝက်ခန့်မှာ ဤခေတ်ကာလအတွင်းသို့ စိမ့်ဝင်သွားခဲ့ခြင်းဖြစ်သည်။ ထိုစာအုပ်တစ်ဝက်မှာ သူဤနေရာ၌ ကုန်ဆုံးခဲ့သော နှစ်ကာလများကို ကိုယ်စားပြုသည်။
ထို့ကြောင့် အမှန်တကယ် ထွက်ခွာနိုင်ရန်အတွက် သူသည် နောက်ထပ် နှစ်ပေါင်း နှစ်ရာကျော် ထပ်မံနေထိုင်ရန် လိုအပ်ဦးမည်ဖြစ်သည်။ ယခုအခါ နှစ်ပေါင်းတစ်ရာ ကုန်လွန်သွားပြီဖြစ်ရာ နောက်ထပ် နှစ်တစ်ရာကျော် ထပ်နေပြီးလျှင် မင်ရွှီမှ ထွက်ခွာနိုင်ပေလိမ့်မည်။
'ဒါနဲ့... ဆယ်ထပ်မြောက် ငရဲခန်းထဲက ဝိညာဉ်ကြွင်းတွေကို အသုံးချလို့ ရလောက်ပြီ'
ဖန့်ချန် စိတ်အာရုံပြုလိုက်သည်နှင့် ကိုးဆင့်မြောက်မူလဝိညာဉ် အတွင်းမှ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို ထုတ်ယူလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ ဝိညာဉ်သည် ဆယ်ထပ်မြောက် ရော်ထျန်းငရဲခန်းသို့ ရောက်ရှိသွားတော့သည်။
ဤနေရာတွင် ညည်းတွားသံများ ပြည့်နှက်နေဆဲဖြစ်သော်လည်း ဝိညာဉ်ကြွင်းများမှာ ယခင်ကထက် ပိုမိုခိုင်မာလာသည်ကို တွေ့ရသည်။ ဖန့်လဲ့ သတ်ဖြတ်ခဲ့သော ဝိညာဉ်ပေါင်း တစ်သိန်းအနက် ၉၉ ရာခိုင်နှုန်းမှာ အဆင့် ၇ များ ဖြစ်ကြသည်။
ယခုအခါ အဆင့် ၇ ရှေးဟောင်းမသေမျိုးများနှင့် တန်းတူသော ဤဝိညာဉ်ကိုးသောင်းကျော်မှာ ဝိညာဉ်ခိုင်မာလာသည်သာမက၊ သူတို့၏ မျက်လုံးများထဲတွင်လည်း ထုံထိုင်းအေးစက်မှုများနှင့်အတူ ရှေးဟောင်းအမှတ်အသားတစ်ခု ပါဝင်လာသည်။
ဤသည်မှာ သူတို့အား ဆယ့်ရှစ်ထပ် ငရဲမျှော်စင်က လုံးဝ သန့်စင်လိုက်ပြီဖြစ်ကြောင်း ပြသနေခြင်းဖြစ်ပြီး ဖန့်ချန်၏ စေခိုင်းမှုကို နာခံရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
'အဆင့် ၇ ရှေးဟောင်းမသေမျိုး ကိုးသောင်းကျော်ပဲ... ဒီလောက်များပြားတဲ့ အရေအတွက်ဆိုရင် ထိပ်တန်းစစ်ပွဲတစ်ခုရဲ့ ရှုံးနိုင်ကိုတောင် ဆုံးဖြတ်ပေးနိုင်တယ်။ အဆင့် ၉ တစ်ယောက်နဲ့ ရင်ဆိုင်ရရင်တောင် ဒီလူအင်အားနဲ့ ဝိုင်းတိုက်ရင် ပြိုင်ဘက်ကို အမောဆို့ပြီး သေအောင် လုပ်လို့ရတယ်'
ဖန့်ချန် စိတ်ထဲမှ ကျေနပ်သွားသည်။ သူသည် ဤမျှော်စင်ကို ယူဆောင်ပြီး နယ်မြေကိုးခုသို့ ပြန်သွားသောအခါ လူအများသိထားသော သူ၏ ငရဲမင်း အဆင့်အတန်းမှာ အရှက်ရစရာ မဖြစ်တော့ပေ။ သို့မဟုတ်ပါက နာမည်သာရှိပြီး အာဏာမရှိလျှင် အခြားသူများ၏ ရန်စခြင်းကို ခံရနိုင်ချေ ရှိပေသည်။
သူစိတ်အာရုံပြုလိုက်သည်နှင့် ဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်သွားပြီး တစ်ချိန်တည်းမှာပင် အဆင့် ၇ ဝိညာဉ်ကြွင်း တစ်ခုကိုလည်း အပြင်သို့ ထုတ်ယူလိုက်သည်။
ထိုဝိညာဉ်၏ မျက်လုံးထဲရှိ အမှတ်အသားမှာ အလွန်ထင်ရှားပြီး အကြည့်များမှာ ကြောင်တောင်တောင် ဖြစ်နေသည်။ သူ၏ အရှိန်အဝါမှာ အဆင့် ၆ ထက် သာသော်လည်း သာမန် အဆင့် ၇ နှင့် ယှဉ်လျှင်မူ အနည်းငယ် အားနည်းနေပုံရသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော လူသတ်ငွေ့များမှာမူ သာမန် အဆင့် ၇ ထက် များစွာသာလွန်နေပြီး အငြိုးအတေးကြီးမားပုံ ရသည်။ ဖန့်ချန် အမိန့်ပေးလိုက်သည်နှင့် သူသည် အသက်ကို ပဓာနမထားဘဲ ရန်သူကို အသေခံတိုက်ခိုက်ပေလိမ့်မည်။
'သာမန် အဆင့် ၇ ကို မမီပေမဲ့၊ လေးငါးယောက်လောက် ပေါင်းလိုက်ရင်တော့ သာမန် အဆင့် ၇ တစ်ယောက်ဟာ သူတို့ကို မြင်တာနဲ့ လှည့်ပြေးရမှာပဲ'
ဖန့်ချန်သည် ထိုဝိညာဉ်ကြွင်းကို ပတ်ပတ်လည် လှည့်ပတ်ကြည့်ရှုကာ ရှေးဦးနတ်ဘုရားမျက်လုံး ဖြင့် သူ၏ အင်အားသဘာဝကို စစ်ဆေးပြီးနောက် ဤကဲ့သို့ ကောက်ချက်ချလိုက်သည်။
"ဖန့်ချန်ဘိုးဘေးကြီး ရှိပါသလား"
တံခါးအပြင်ဘက်မှ ဖန့်ဟန်၏ အသံ ထွက်ပေါ်လာသည်။
ဖန့်ချန်သည် ဝိညာဉ်ကြွင်းကို မျှော်စင်အတွင်းသို့ ပြန်သိမ်းလိုက်ပြီး ခြံဝင်းအတွင်းမှ ထွက်လာခဲ့သည်။ ဖန့်ဟန်၏ ကျင့်စဉ်မှာ အဆင့် ၇ တွင် ရှိနေဆဲဖြစ်သော်လည်း နောက်ထပ် နှစ်တစ်ရာ၊ နှစ်ရာခန့် လေ့ကျင့်ပြီးလျှင်မူ အဆင့် ၈ သို့ တက်လှမ်းနိုင်မည့်ပုံ ရှိသည်။
"ဖန့်ဟန်... ဖန့်တိန်ဘက်က သတင်းရပြီလား"
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
ဖန့်ဟန် ခေတ္တမျှ မှင်တက်သွားပြီးမှ ပြုံး၍ ဆိုသည်
"ဖန့်တိန်ဦးလေးက သူတော်စင်မျှော်စင်ထဲမှာ နေတာ နှစ်ပေါင်း တစ်ရာနီးပါး ရှိနေပြီ။ နောက်တစ်ခေါက် ထွက်လာရင်တော့ သူက ကန့်သတ်ချက်ကျော်လွန်သူ လမ်းစဉ်ကို လျှောက်လှမ်းနိုင်တော့မှာ အသေအချာပါပဲ"
ဖန့်ချန် စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ သူတော်စင်မျှော်စင်သည် လူသားတစ်ယောက်၏ အစွမ်းအစကို အစွမ်းကုန် ညှစ်ထုတ်ပေးနိုင်သော နေရာဖြစ်ကြောင်း သူအရင်ကတည်းက ခန့်မှန်းထားခဲ့သည်။
ကန့်သတ်ချက်ကျော်လွန်သူ ဖြစ်လာရန်အတွက် သူတော်စင်ကျမ်း ပညာရပ်ရှိရုံနှင့် မလုံလောက်ဘဲ မိမိကိုယ်တိုင်၏ "ကန့်သတ်ချက်" ကို မည်သို့ ကျော်ဖြတ်ရမည်ဆိုသည်မှာ အဓိက ဖြစ်သည်။ ဤမျှော်စင်၏ အကူအညီဖြင့် ထိုကိစ္စမှာ ပိုမိုလွယ်ကူသွားခြင်း ဖြစ်သည်။
"ဖန့်ချန်ဘိုးဘေးကြီး... အဖိုးကြီး ရှာနေတဲ့ ဆေးအမယ် သွေးသားနဂါးဂျင်ဆင်း ကို ရှာတွေ့ပြီဗျ"
ဖန့်ဟန်က သူလာရင်းကိစ္စကို ပြောလိုက်သည်။
ဖန့်ချန် ဝမ်းသာသွားပြီး
"တကယ်လား ဘယ်မှာလဲ" ဟု မေးလိုက်သည်။
ဤသည်မှာ သူအဆင့် ၇ ဓားမသေမျိုး အဖြစ် တက်လှမ်းရန် လိုအပ်သော ဆေးအမယ် ဖြစ်သည်။ ဖန့်မိသားစု၏ အင်အားနှင့်ပင် နှစ်ပေါင်းများစွာ ရှာဖွေခဲ့ရခြင်းမှာ ဤပစ္စည်း မည်မျှ ရှားပါးကြောင်း သိသာလှသည်။
ဖန့်ဟန်က ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ခါးသီးစွာ ပြုံးလျက် ဆိုသည်။
"ဒီပစ္စည်းက မင်ရွှီမှာ ရှိတာ မဟုတ်ဘူးဗျ။ လုံရှန်းမြို့တော် မှာ ရှိနေတာ"
"လုံရှန်းမြို့တော် မင်ရွှီနဲ့ အများကြီး ဝေးသလား ဖန့်မိသားစုရဲ့ အင်အားနဲ့တောင် ဒီပစ္စည်းကို ရအောင် မယူနိုင်ဘူးလား "
ဟု ဖန့်ချန်က မေးလိုက်သည်။
"ဖန့်ချန်ဘိုးဘေးကြီး မသိသေးလို့ပါ။ လုံရှန်းမြို့တော်ဆိုတာက အရမ်းထူးခြားတယ်။ အဲဒါက ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ် ရဲ့ တိုက်ရိုက်အုပ်ချုပ်ခွင့်ရဒေသ လေ။ ဒီလို မြို့မျိုးက နတ်ဘုရားနယ်မြေ တစ်ခုလုံးမှာတောင် (၁၀) မြို့ပဲ ရှိတာ"
ဟု ဖန့်ဟန်က ရှင်းပြသည်။
'ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ်ရဲ့ တိုက်ရိုက်အုပ်ချုပ်ခွင့်ရဒေသ ဒါဆိုရင် ဒီမြို့က ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ်ရဲ့ ဤနယ်မြေက ကိုယ်စားလှယ်မြို့ပေါ့'
ဟု ဖန့်ချန် စဉ်းစားလိုက်မိသည်။
ဖန့်ဟန်က ဆက်လက်ပြောပြသည်
"ဒီမြို့ (၁၀) မြို့မှာ နှစ်ပေါင်း (၅၀၀) တစ်ကြိမ် သူတော်စင်မျှော်စင်တိုက်ပွဲ ကို ကျင်းပလေ့ရှိတယ်။ အခု ရှာတွေ့ထားတဲ့ သွေးသားနဂါးဂျင်ဆင်းက လုံရှန်းမြို့တော်မှာ ကျင်းပမယ့် သူတော်စင်မျှော်စင်တိုက်ပွဲရဲ့ ဆုလာဘ်တွေထဲက တစ်ခုပဲဗျ"
"သူတော်စင်မျှော်စင်တိုက်ပွဲ မင်းပြောတဲ့ သူတော်စင်မျှော်စင်က ငါတို့ ရှဲ့ကျစ်မှာရှိတဲ့ မျှော်စင်နဲ့ တူတူပဲလား"
ဟု ဖန့်ချန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဖန့်ဟန်က ခါးသီးစွာ ပြုံးလျက် ခေါင်းညိတ်လိုက်၊ ခါးလိုက် လုပ်ရင်း
"တူတာတော့ တူပါတယ်... ဒါပေမဲ့ လုံရှန်း (နဂါးသူတော်စင် ) က ဘိုးဘေးကြီး ဖန့်လဲ့ထက် အများကြီး ပိုပြီး အစွမ်းထက်တယ်။ လုံရှန်းမြို့တော်ဆိုတာ တကယ်တော့ လုံရှန်းရဲ့ အတွင်းအပြင်အဆင် နယ်မြေပဲ။ လုံရှန်း ဖန်တီးထားတဲ့ သူတော်စင်မျှော်စင်ကတော့ ဒီမှာထက် အများကြီး ပိုအန္တရာယ်များတယ်။ အထဲမှာ သေသွားရင် တကယ်သေတာပဲ၊ ဒီမှာလိုမျိုး ရှုံးနိမ့်လို့ အပြင်ကို ပြန်ထုတ်ပေးတာမျိုး မရှိဘူး..."
ဖန့်ဟန်၏ ရှင်းပြချက်ကြောင့် ဖန့်ချန်သည် သူတော်စင်မျှော်စင်တိုက်ပွဲဆိုသည်မှာ ဘာလဲဆိုသည်ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။
ဤထူးခြားသောအဆင့်အတန်းရှိသော မြို့ (၁၀) မြို့မှာ ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ်က ဤနယ်မြေတွင် တာဝန်ပေးထားသော သူတော်စင် (၁၀) ပါးကို ကိုယ်စားပြုသည်။ သူတို့၏ အဆင့်အတန်းမှာ အလွန်မြင့်မားသလို၊ အစွမ်းမှာလည်း ခန့်မှန်း၍မရနိုင်အောင် ကြီးမားလှသည်။ ဤသူတော်စင် (၁၀) ပါးသည် နှစ်ပေါင်း (၅၀၀) တစ်ကြိမ် သူတော်စင်မျှော်စင်တိုက်ပွဲကို ကျင်းပလေ့ရှိကြသည်။
နတ်ဘုရားနယ်မြေအတွင်းရှိ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဆုလာဘ်များမှာလည်း အလွန်ပင် ကောင်းမွန်လှသည်။ ထိုအထဲတွင် ကျင့်စဉ်ပိတ်ဆို့မှုများကို ကျော်ဖြတ်နိုင်သော ရတနာများစွာ ပါဝင်သည်။ ကန့်သတ်ချက်ကျော်လွန်သူများအတွက် ကျင့်စဉ်တိုးတက်စေမည့် ရတနာများပင် ပါဝင်နိုင်ခြေ ရှိသည်။
ထို့ကြောင့် သူတော်စင်မျှော်စင်တိုက်ပွဲ ကျင်းပချိန်တိုင်းတွင် နယ်ပယ်အသီးသီးမှ တန်ခိုးရှင်များမှာ ထိုမြို့ (၁၀) မြို့သို့ အုံနှင့်ကျင်းနှင့် လာရောက်ကြပြီး သူတော်စင် (၁၀) ပါး ချီးမြှင့်သော ဆုလာဘ်များကို ရယူရန် ကြိုးစားကြသည်။
ထိုဆုလာဘ်များသည် တစ်ခါတစ်ရံတွင် မျိုးနွယ်စုတစ်ခုလုံး၏ ကံကြမ္မာကိုပင် ပြောင်းလဲပေးနိုင်သည်အထိ အစွမ်းထက်လှပေသည်။