← Chapters

အမှတ်မထင် ရရှိခြင်း

Vol. 12 Ch. 1155

အမှတ်မထင် ရရှိခြင်း

Vol. 12 Ch. 1155

ပိုင်ရှောင်ချန်းအတွက် ၄င်းမှာ တစ်သက်လျှင်တစ်ခါမှရမည့် အခွင့်အရေးမျိုးဖြစ်သည်။ ယခု သူ ကောင်းကင်တံတားတာအိုကို သတ်လိုက်လျှင် သူတော်စင်ဧကရာဇ်တောင်မှ သူ၏ဆုံးဖြတ်ချက်ကို သေချာပေါက် ထောက်ခံမည်ဖြစ်သည်။

ကောင်းကင်တံတားတာအိုသည် လောလောဆယ်တွင် လောကနတ်ဘုရားနှစ်ပါးလုံး လိုချင်တပ်မက်နေသည့် ရတနာကို ကိုင်ဆောင်ထားသည် မဟုတ်ပါလော။ ပိုင်ရှောင်ချန်းက မြောက်ပိုင်း၏ မဟာဓားကို လွှဲချလိုက်ချိန် ထစ်ခြုန်းမြည်ဟည်းသံများ ကောင်းကင်နှင့်မြေပြင်တွင် ပြည့်နှက်သွားပြီး တလက်လက် စူးရှတောက်ပနေသော အပြာရောင်အလင်းက အရပ်မျက်နှာတစ်ခွင် ထိန်လင်းသွား၏။ ဤသည်မှာ နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်နှင့် ညီမျှသော အတိုက်အခိုက်စွမ်းရည်ဖြစ်ပြီး ကောင်းကင်တံတားတာအိုတစ်ယောက်တည်းထံသို့ ဦးတည်သွားလေသည်။

အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွား၏။ ကောင်းကင်တံတားတာအိုက ဖွတ်ကြီးထံ လက်လှမ်းလိုက်ချိန်မှာပင် ပိုင်ရှောင်ချန်း၏ မဟာဓားက ခုတ်ပိုင်းချလိုက်သည်။ ကောင်းကင်တံတားတာအို မတုံ့ပြန်နိုင်ခင် သေစေနိုင်သောအန္တရာယ်ကြီး၏ ပြင်းထန်သောအာရုံကြီးတစ်ခု သူ၏နှလုံးသားအောက်ခြေမှ မြင့်တင်လာတော့သည်။

သူ သေသွားလျှင် ပြန်လည်အသက်သွင်းခံရနိုင်သော်လည်း သူ သေချာပေါက် မလိုအပ်သရွေ့ ပေးဆပ်မည်မဟုတ်သည့် တန်ဖိုးဖြစ်သော ကျင့်ကြံခြင်းအခြေခံ၏ ဆယ်ရာခိုင်နှုန်းပေးဆပ်ရမည် ဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံတွင် ရာသက်ပန်ဆယ်ရာခိုင်နှုန်းဆုံးရှုံးမှုသည် လောကနတ်ဘုရားအဆင့်သို့ရောက်ရန် ဆယ်ရာခိုင်နှုန်းနည်းပါးသွားပြီဟူ၍ အဓိပ္ပါယ်ရသည်။

ထိုသို့အဆင့်တက်ခြင်းမှာ အခွင့်အရေး ဆယ်ရာခိုင်နှုန်းလျော့ခြင်းမရှိလျှင်တောင် ခက်ခဲနေပြီဖြစ်သည်။ ထို့ပြင် ကောင်းကင်တံတားတာအိုသည် ရက်စက်ကြမ်းကြုတ်ကာ ရည်မှန်းချက်ကြီးသူဖြစ်၏။ ဖွတ်ကလေးတစ်ကောင်အတွက်နှင့် သူ၏ကိုယ်ပိုင်မျှော်လင့်ချက်များကို မည်သို့ ဖျက်စီးပစ်နိုင်မည်နည်း။

သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ အော်ဟစ်ကြုံးဝါး၍ သူ၏လက်ကို ဘေးပို့လိုက်သည်။ သူ၏အိတ်ထဲသို့ ဖွတ်ကြီးကို ပစ်ထည့်မည့်အစား ၄င်းကို ပိုင်ရှောင်ချန်း၏ မြောက်ပိုင်းမဟာဓားကို တားဆီးရန် ပစ်ပေါက်လိုက်သည်။

ရပ်တန့်၍မရသော မဟာဓားကြီးက ဖွတ်ကြီးထံ တိုးဝင်သွားသဖြင့် တဂျိန်းဂျိန်း ထစ်ခြုန်းမြည်သံများ လေထဲတွင် ပြည့်နှက်သွားတော့သည်။ ပထမဆုံးအကြိမ်အဖြစ် ဓားကြီးကား ၄င်း၏လမ်းကြောင်းတလျှောက် အရာဝတ္ထုများကို ဖျက်စီးရမည့်အစား အသားတုံးကြီးတစ်တုံးကိုသာ ခုတ်ဖြတ်လိုက်ရတော့သည်။

ဖွတ်ကြီးက မဟာဓားကို ပိတ်ဆို့လိုက်ကာ အားပြင်းသော တန်ပြန်အားတိုက်ကွက်ကြီးတစ်ကွက်ကို ပိုင်ရှောင်ချန်းထံ ပစ်လွှတ်လိုက်ရာ သူ၏ချီနှင့်သွေးများ ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။ သို့သော် ကောင်းကင်တံတားတာအိုမှာ ပို၍ပင် ဆိုးဆိုးရွားရွား ထိခိုက်သွား၏။ သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး တစ်ဆက်တည်းမှာပင် ဖွတ်ကြီးကို လွှတ်ကာ လွင့်ထွက်သွားလေသည်။

သူ့အနေဖြင့် ၄င်းကို လွှတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သူသာ ၄င်းကို လောဘတကြီး သိမ်းထားရန် ကြိုးစားလျှင် ဂူထျန်ကျွင်းနှင့် အခြားသူတော်စင်ဧကရာဇ်နိုင်ငံ ကောင်းကင်ဧကရာဇ်များက သေချာပေါက် လိုက်ဖမ်းမည်ဖြစ်သည်။ သူတို့ကို အစကတည်းက လိုက်မဖမ်းနိုင်ရန် တားဆီးထားကြလျှင်တောင်မှ ပိုင်ရှောင်ချန်းက သေစေနိုင်သောလက်သီးတစ်လုံး ထိုးသွင်းရန် နောက်ထပ်အခွင့်အရေးရသွားမည် ဖြစ်သည်။ ထို့ကြောင့် ဖွတ်ကြီးကို လွှတ်လိုက်ခြင်းက သူ့ကို ပစ်မှတ်မဖြစ်စေရုံသာမက ပိုင်ရှောင်ချန်း ဆက်လက်တိုက်ခိုက်ရန် ပို၍ခက်ခဲအောင်လည်း လုပ်ပေးမည် ဖြစ်သည်။

ဤအရာအားလုံးကို ဖော်ပြန်ရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း ပိုင်ရှောင်ချန်း လှုပ်ရှားသည်အခိုက်အတန့်မှအစပြု၍ ကောင်းကင်တံတားတာအိုက ဖွတ်ကြီးကို လွှတ်လိုက်သည့်အချိန်အထိ မီးတစ်ခတ်စာသာ ကြာမြင့်လေသည်။ ကောင်းကင်တံတားတာအိုက တဟုန်ထိုး လွင့်ထွက်သွားစဥ် ပိုင်ရှောင်ချန်းသည် လိုက်ဖမ်းပါက ခက်ခဲလိမ့်မည်ကို သဘောပေါက်၍ တုံ့ခနဲ ရပ်လိုက်သည်။

အရေးအကြီးဆုံးက ယခု သူ့တွင် ဖွတ်ကြီးရှိနေလေပြီ။ သူ၏လက်က ၄င်းကို ထိလိုက်သည်နှင့်တစ်ပြိုက်နက် သူ၏ ထာဝရအသက်ရှည်နည်းကျင့်စဥ်က အငမ်းမရ ထကြွလာကြောင်း သဘောပေါက်လိုက်သဖြင့် ပင့်သက်ရှိုက်မိလိုက်လေသည်။ ကြည့်ရသရွေ့ ဖွတ်ကြီးတွင် ထာဝရအသက်ရှည်နည်းကျင့်စဥ်အတွက် ခမ်းနားကြီးကျယ်သော ကံကြမ္မာတစ်ရပ် ပါဝင်နေပုံရသည်။

သူ့မှာ တွေးရန်သော်လည်းကောင်း၊ အစီအစဥ်ချရန်သော်လည်းကောင်း အချိန်မရှိပေ။ သူက ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ မူလနတ်ဆိုးမင်းသားနှင့် ကောင်းကင်ဧကရာဇ် ကျဲ့တိတို့ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လျက် ရောက်မလာခင် တခဏလေးအတွင်း ဖွတ်ကြီးကို အိတ်ထဲသို့ ကပျာကယာ ပစ်ထည့်လိုက်သည်။

" သေချင်နေလား ပိုင်ရှောင်ချန်း "

" အဲဒီ မိုးမြေဧကရာဇ်အပြင်ခန္ဓာကိုယ်ကို ပေးစမ်း။ မင်းရဲ့လက်နဲ့ ညစ်ညမ်းအောင် လုပ်ဖို့ အရည်အချင်းမပြည့်မှီဘူး ပိုင်ရှောင်ချန်း "

ဂူထျန်ကျွင်း၊ စီမာယွမ်ဟွာ၊ ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်နှင့် ချိန်စုတို့ပင် လောဘများဖြင့် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ချဥ်းကပ်လာကြသည်။

" ကျုပ်တို့ဆီ အဲဒီ ကိုယ်ပွားကို ပစ်ပေးလိုက် "

" ကျုပ် အခု ခင်ဗျားနောက်မှာ ရှိတယ် ကောင်းကင်တံတားဘုရင် "

သူတို့သည် ပိုင်ရှောင်ချန်း၏ အကျိုးအမြတ်အတွက် လုပ်ပေးနေသည့်ပုံပေါ်ပြီး မိစ္ဆာဧကရာဇ်နိုင်ငံမှ ကောင်းကင်ဧကရာဇ်များကိုပင် ဟန့်တားနေကြသော်လည်း သူတို့အားလုံး သူ့လက်ထဲမှ ဖွတ်ကြီးအားရယူရန် နည်းလမ်းများကို တွေးနေကြလေသည်။

အမှန်မှာ ပိုင်ရှောင်ချန်း၏ ရာထူးအဆင့်အတန်းသည် အထိမခံသောအရာတစ်ခုဖြစ်သည်။ သူသည် သူတော်စင်ဧကရာဇ်နိုင်ငံ၏ ကောင်းကင်ဧကရာဇ်အစစ်မဟုတ်ပေ။ အခြားကောင်းကင်ဧကရာဇ်များ ဖွတ်ကြီးကို ရခဲ့လျှင် မည်သူ့လက်ဝယ်ရောက်နေစေကာမူ သူတို့အားလုံး အတူတကွရပ်တည်ကြမည် ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းလက်ဝယ်မှ ရယူရမည်ဆိုပါက သူတို့ သေချာပေါက် လုယက်ကြမည် ဖြစ်သည်။

တခဏလေးအတွင်း ပစ်မှတ်ကား ကောင်းကင်တံတားတာအိုမဟုတ်တော့ဘဲ ပိုင်ရှောင်ချန်း ဖြစ်သွားလေပြီ။ ၄င်းက တစ်နည်းနည်းဖြင့် ပြဿနာတစ်ရပ်ဖြစ်သော်လည်း သူ လုပ်ရမည်မှာ ဖွတ်ကြီးအား လွှဲပေးရုံဖြစ်ပြီး အကုန်လုံး ဖြေရှင်းပြီးဖြစ်ပေမည်။ ခြွင်းချက်ကား ထာဝရအသက်ရှည်နည်းကျင့်စဥ်၏ နက်နဲလှသော ငတ်မွတ်မှုက သူ၏နှလုံးသားကို မျှော်လင့်ချက်များဖြင့် တဒိန်းဒိန်းခုန်လာစေတော့သည်။

" ချီးတဲ့မှပဲ ငါတော့ တုံးတိုက်တိုက်ကျားကိုက်ကိုက် ပုံအောရတော့မယ်ထင်တယ် "

သူက မျက်လုံးများ နီရဲလျက် စိတ်ထဲတွင် ငြီးတွားလိုက်သည်။ သူသည် သေခြင်းတရားကို ကြောက်ရွံ့ပြီး ကြီးကြီးမားမား မစွန့်စားတတ်ပါသော်လည်း ဤအခြေအနေတွင် ရမည့်အကျိုးအမြတ်များကား များလွန်းလေသည်။ သူ ယခုလက်လျှော့လိုက်လျှင် တစ်သက်လုံး နောင်တရနေမိလိမ့်မည်။

" ငါ့မှာ နောက်ဆုံး စွမ်းအားမျှင်လေး ကျန်နေသေးသရွေ့ သူတို့ကို မပေးဘူးကွာ "

ပိုင်ရှောင်ချန်းသည် စောစောက သူ့ကိုယ်သူအတွက် မိုးမြေဧကရာဇ်၏ ကိုယ်ပွားကို ရယူရန် စဥ်းပင်မစဥ်းစားခဲ့ဖူးပေ။ သို့သော် ယခုတွင် သူသာ အချိန်လုံလုံလောက်လောက် ဆွဲနိုင်ပါက စိတ်ကူးမယဥ်နိုင်လောက်အောင် အကျိုးအမြတ်များ ရလောက်မည်ဟု သူ သဘောပေါက်လိုက်သည်။

သူက ဟိန်းဟောက်၍ ဝုန်းခနဲတဟုန်ထိုးထွက်သွားနိုင်ရန် တောင်ဖြိုသိုင်းကို အသုံးပြုလိုက်သည်။

ဒေါသများဖြင့် ပြည့်နှက်သွားသော ကောင်းကင်ဧကရာဇ်ကျဲ့တိ နှင့် မူလနတ်ဆိုးမင်းသားတို့က သူ့လမ်းကို ပိတ်ရန် ဟုတ်ခနဲ ရှေ့တက်လိုက်ကြသည်။ သို့သော် သူတို့နီးကပ်လာသည်နှင့် တစ်ပြိုင်နက် သူက အသက်ဝင်တောင်ဂါထာနှင့် လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲခြင်းကို ထုတ်ဖော်လိုက်သည်။ သူက ဧရာမဘီလူးကြီးဖြစ်လာစဥ် မြောက်ပိုင်း၏မဟာဓားကို မြှောက်၍ ရက်စက်သော ပြတ်သားခြင်းများဖြင့် ခုတ်ပိုင်းချလိုက်၏။

ဓားချီများက ဒဏ်ရာရနှင့်ပြီးသော မူလနတ်ဆိုးမင်းသား နှင့် ကောင်းကင်ဧကရာဇ်ကျဲ့တိ အပေါ် နိမ့်ဆင်းလာသည့်အတွင် ထစ်ခြုန်းမြည်သံများ မိုးကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်သွားသည်။ နောက်တစ်ဖန်ထပ်၍ သူတို့၏ပါးစပ်မှ သွေးများပန်းထွက်လာကာ နောက်သို့ ဒလိမ့်ခေါက်ကွေး လွင့်ထွက်သွားတော့သည်။ သို့သော် ပိုင်ရှောင်ချန်းသည်လည်း တန်ပြန်အားလှိုင်း ထိမှန်ခံလိုက်ရပြီး တုံ့ခနဲ ရပ်သွား၏။

ထိုတဒင်္ဂရပ်တန့်မှုလေးက ကောင်းကင်ဧကရာဇ်ဝိရူပက္ခအတွက် နီးကပ်လာရန် လိုအပ်သည့်အချိန်ပမာဏလေး ဖြစ်သည်။ ပိုင်ရှောင်ချန်းက လှည့်၍ မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီးနောက် သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။

" ရွှယ်ကျဲ "

ထစ်ခြုန်းမြည်ဟည်းသံများ ကြားလိုက်ရပြိး ရေခိုးရေငွေ့များ တလိပ်လိပ်ထလာကာ တစ်နေရာလုံးကား ဧရာမရေအိုင်ကြီးတစ်အိုင် ဖြစ်သွားလေပြီ။

" ကော်တု "

ကမ္ဘာဦးခေတ်များဆီမှ ပဲ့တင်ထပ်လာပုံရသော ဟိန်းဟောက်သံကြီးတစ်သံကို ကြားလိုက်ရ၏။ တချိန်တည်းမှာပင် မိကျောင်း သို့မဟုတ် နဂါးတစ်ကောင်ပင် ဖြစ်တန်ရာကြောင်း ဖော်ပြနေသည့် အပေါ်အောက်မေးရိုးတစ်စုံဖြင့် ဖော်ပြ၍မရလောက်အောင် ကြီးမားသော သားရဲကြီးတစ်ကောင် ပေါ်ထွက်လာ၏။ သားရဲကြီးက ကောင်းကင်ဧကရာဇ်ဝိရူပက္ခကို ဝင်တိုက်ချလိုက်သဖြင့် တစ်လောကလုံး တသိမ့်သိမ့်တုန်သွားတော့သည်။

ဝိရူပက္ခမှာ ရှောင်တိမ်းရန် ကြိုးစားလိုက်ပါသော်လည်း သားရဲကြီးက ကြီးမားလွန်းပြီး မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားနေချေသည်။

ထိုတွေ့ဆုံမှုမှ ဧရာမပေါက်ကွဲသံကြီး ပဲ့တင်ထပ်လာပြီး ပိုင်ရှောင်ချန်းက ကျော်ဖြတ်သွားလေသည်။

" နားထောင် ဂူထျန်ကျွင်း " သူက အော်သည်။

" မင်းတို့ အခု ငါ့အတွက် ဝင်တားပေးရင် ငါတို့အားလုံး အကျိုးအမြတ်ရနိုင်တယ် "

ထို့နောက် သူက အရှိန်တင်တော့သည်။

ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်များမှာ တခဏတုံ့ဆိုင်းသွား၏။ ယခုမှာ အချင်းချင်းတိုက်ခိုက်နေရမည့်အချိန်မဟုတ်ကြောင်း သိသဖြင့် သူတို့က ပိုင်ရှောင်ချန်းမှ ဖွတ်ကြီးကို လုယူရန် အတွေးများကို ချုပ်တည်းပြီး ရန်သူကောင်းကင်ဧကရာဇ်များကို အစွမ်းကုန် ပိတ်ဆို့လိုက်ကြသည်။ ဝိရူပက္ခနှင့် အခြားသူများ လိုက်မဖမ်းနိုင်ခင် ဂူထျန်ကျွင်းနှင့် သူ၏အပေါင်းအဖော်များက သူတို့ကို တားဆီးလိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာ အလွန်မြန်လွန်းသည်။ တခဏကြာသော် သူသည် မီတာ သုံးသောင်းအထိ ရောက်သွားပြီး ပျောက်ကွယ်သွားသည့်တိုင်အောင် ဆက်သွားနေတော့သည်။

တခဏလေးအတွင်း မည်သည့်အရပ်သို့ ကြည့်ပါစေ သူ့ကို မမြင်ရတော့ပေ။

ထိုအချိန်မှ ဂူထျန်ကျွင်းနှင့် သူတော်စင်ဧကရာဇ်နိုင်ငံမှ အခြား ကောင်းကင်ဧကရာဇ်များ နောက်ဆုတ်လိုက်ကြ၏။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် သူ၏ရောင်ရင်းများမှာမူ ယခု ပိုင်ရှောင်ချန်းကို လိုက်ဖမ်းရန်မှာ ခက်ခဲတော့မည်ဖြစ်၍ ခက်ထန်သောအကြည့်များ အချင်းချင်း ဖလှယ်လိုက်ကြသည်။

ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ လက်လျှော့ရန် အဆင်သင့်မဖြစ်သေးပေ။

" ငါတို့ ပိုင်ရှောင်ချန်းကို ရှာလို့မရလောက်ဘူး " သူက ပြောသည်။

" ဒါပေမဲ့ ဂူထျန်ကျွင်းနှင့် အခြားသူတွေ ရှာလို့ရလောက်တယ်။ သူတို့အားလုံး ဖွတ်ကြီးကို သူတို့အချင်းချင်း ခွဲဖို့ သဘောတူထားလောက်တယ်။ ဒါကြောင့် သူတို့ သူ့ကို ကူညီခဲ့တာပဲ “

" ကောင်းကင်ဧကရာဇ်သရဲမယ်တော်လာနေပြီ။ အခုလောက်ဆို နီးနေလောက်တယ်။ သူ့ကို ထွက်ပေါက်မှာစောင့်ပြီး ပိုင်ရှောင်ချန်းကို တားဖို့ သတင်းပို့လိုက်။ ပြီးရင် ငါတို့လဲ ထွက်ပေါက်ကို မြန်နိုင်သမျှမြန်မြန် သွားသင့်တယ်"

မူလနတ်ဆိုးမင်းသားနှင့် အခြားသူများ သဘောတူလိုက်ကြပြီး အလျင်အမြန် ထွက်သွားကြသည်။

ဝိညာဥ်ဝါးမျိုသခင်မှာ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ် ပျော်ကျနေခြင်းမှ တားဆီးနိုင်ခဲ့၍ ထပ်ကြပ်မကွာလိုက်ပါသွားသည်။ အဘွားကြီးမှာမူ စောစောက တိုက်ခိုက်နေခဲ့သည့်အခိုက်အတန့်အတောအတွင်း သူမတစ်ကိုယ်လုံး သွေးအတုံးအတစ်များ ဖြစ်သွားခဲ့၏။ သူမအပေါ်တွင် ထားရှိထားသည့် ချုပ်နှောင်မှော်ပညာက သူမ၏တာအိုသစ်စေ့ကို အောင်မြင်စွာ မဖျက်စီးနိုင်ခဲ့သော်လည်း ၄င်းက အတော်များများ ထိခိုက်စေခဲ့လေသည်။ သို့သော် အနည်းဆုံးတော့ တည်ရှိနေသေးသည်။ အခြားကောင်းကင်ဧကရာဇ်များက သူတို့နှင့်အတူ သူမ၏ တာအိုသစ်စေ့ကို ယူသွားပြီး ထိုအကြောင်း ထပ်မတွေးတော့ပေ။

မိစ္ဆာဧကရာဇ်နိုင်ငံမှ ကောင်းကင်ဧကရာဇ်များက ထွက်ပေါက်ထံ အလောတကြီးသွားနေကြစဥ် သူတို့၏ မျက်နှာများသည် တင်းမာခက်ထန်နေပြီး သူတို့၏နှလုံးသားများမှာ ပိုင်ရှောင်ချန်းအပေါ် မုန်းတီးခြင်းများဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။ သူတို့သည် ကောင်းကင်တံတားတာအိုကိုလည်း အတော်လေးမကျေမနပ် ဖြစ်နေ၏။

" ကောင်းကင်တံတားတာအိုသာ နည်းနည်းလောက်တောင့်ခံပြီး အရဲစွန့်ခဲ့ရင် ငါတို့ အဲဒီကိုယ်ပွားရဲ့ ခန္ဓာကိုယ်ကို ရခဲ့မှာ "

ကောင်းကင်ဧကရာဇ်ဝိရူပက္ခက သူ၏ ပြတ်ထွက်သွားသော လက်၏ ငုတ်တိုကို ကြည့်ပြီးနောက် ကောင်းကင်တံတားတာအိုကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက အေးစက်သောအလင်းများဖြင့် တလက်လက်တောက်ပနေလျက် သူက တွေးသည်။

" ငါတို့ပြန်ရောက်ရင် သူ့အပြစ်သူ ခံရစေရမယ် "

All Chapters