ပျောက်သွားခြင်း
Vol. 12 Ch. 1156
ပိုင်ရှောင်ချန်းက သူ၏အိတ်ထဲသို့ လက်ကို အဆက်မပြတ်ထိုးထည့်နေရင်း တရိပ်ရိပ်ပြေးနေ၏။ တကယ်ပင် သူ့အနေဖြင့် ထိုသို့လုပ်ရန်ကလွဲ၍ ရွေးချယ်စရာ မရှိပေ။ ဖွတ်ကြီးမှာ ချုပ်နှောင်ခံထားရပြီး သူ၏အိတ်ထဲတွင် ထည်ခံထားရသည့်တိုင် အပြင်ထွက်ရန် ရုန်းကန်နေသဖြင့် ပိုင်ရှောင်ချန်းမှာ မတတ်သာ၍ အိတ်ကိုပိတ်နေစေရန် ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထပ်ထည့်နေရတော့သည်။
" ငါ ပုန်းဖို့ တစ်နေရာရာရှာဖို့လိုတယ် "
သူ ပထမဆုံးတွေးမိသည့်အရာမှာ ယပ်တောင်အစုတ်ကြီးဖြစ်သည်။ သို့သော် ဆက်သွယ်ပြီးနောက် ပင့်ကူအိမ်ကြီးက နှောက်ယှက်နေကြောင်း တွေ့လိုက်ရသည်။ တည်နေရာရွှေ့ပြောင်းခြင်းဖြစ်ပေါ်အောင် သူ အတင်းအကြပ်ကြိုးစားနိုင်သော်လည်း တစ်ခုခုမှားသွားပါက ခြေပြတ်၊ လက်ပြတ်ဖြင့် တခြားတစ်ဖက်တွင် ထွက်လာလောက်မည်ကို စိုးရိမ်မိသည်။
" လက်ဖြစ်ဖြစ်၊ ခြေထောက်ဖြစ်ဖြစ် ငါခံနိုင်သေးတယ်။ ဒါပေမဲ့ ငါ့ခေါင်းက တည်နေရာရွှေ့ပြောင်းတဲ့အထဲ ပါမလာရင် ဘယ်လိုလုပ်မတုန်း "
ထိုမြင်ကွင်းကို တွေးမိလိုက်ရုံနှင့် သူ့ကို တဆတ်ဆတ်တုန်ရီသွားစေတော့သည်။
" မဟုတ်သေးဘူး။ ငါ ဒီနေရာက တည်နေရာရွှေ့ပြောင်းပြီး ထွက်ချင်ရင် ကိုယ်ပွားနဲ့ ဧကရာဇ်နှစ်ပါးကြား တိုက်ပွဲကြောင့် ပင့်ကူအိမ်ကြီးရဲ့ အားနည်းသွားတဲ့နေရာတစ်နေရာကို ရှာရမယ် "
သူက တကယ့်ထွက်ပေါက်ကိုသွားရန် အကြောင်းကို တွေးပင်မတွေးပေ။ သူက ရိပ်ခနဲလှုပ်ရှား၍ စတင်ရှာဖွေတော့သည်။
မိစ္ဆာဧကရာဇ်နိုင်ငံ ကောင်းကင်ဧကရာဇ်များမှာ ပိုင်ရှောင်ချန်းကို အလွယ်တကူခြေရာခံရန် နည်းလမ်းမရှိသော်လည်း သူတော်စင်ဧကရာဇ်နိုင်ငံမှလူများကတော့ မတူပေ။ သူတို့တွင် ရွေးချယ်စရာ နည်းလမ်းများစွာရှိသည်။ အထူးသဖြင့် ချိန်စု။ သူသည် အတိုက်အခိုက်စွမ်းရည်အရ အစွမ်းမထက်သော်လည်း နိမိတ်ဖတ်ခြင်းနှင့်ပတ်သက်လာပါက အခြားကောင်းကင်ဧကရာဇ်တစ်ယောက်မှ သူ၏ပြိုင်ဘက် မဟုတ်ပေ။
အမှန်တကယ်ဆိုရလျှင် ချိန်စုအတွက် ယေဘုယျအရပ်မျက်နှာရရှိရန် အားထုတ်စရာမလိုသလောက်ပင်။
" ဟိုဘက် "
သူက မျက်လုံးများ ဝင်းလက်နေရင်း ပြောသည်။ ဂူထျန်ကျွင်းက ချက်ချင်းပင် တဟုန်ထိုးထွက်သွားပြီး စီမာယွမ်ဟာနှင့် အခြားသူများက ထပ်ကြပ်မကွာ လိုက်သွားကြသည်။ သူတို့တစ်ယောက်မှ စာများ အရင် မပို့ပေ။ သူတို့က ပိုင်ရှောင်ချန်းကို မယုံကြည်သည့်အပြင် သူ့ကိုသာ အရင်အကြောင်းကြားထားပါက သူက ပြင်ဆင်ထားပြီး သူတို့အတွက် ဖွတ်ကြီးရယူရန် ပို၍ခက်ခဲစေမည်ကို စိုးရိမ်သည် မဟုတ်ပါလော။
သူတော်စင်ဧကရာဇ်သည် ကိုယ်ပွားကိုရသရွေ့ လူတိုင်း ဆုလာဘ်ရမည်ဟု ပြောခဲ့သော်လည်း ဆုလာဘ်များကား အရည်အသွေးကွာခြားလိမ့်မည်ကို သူတို့အားလုံးသိကြလေသည်။
ဂူထျန်ကျွင်းသည် ထိပ်ဆုံး ရရှိသည့်လူတစ်ယောက်ဖြစ်အောင် လုံးဝစိတ်ပိုင်းဖြတ်ထားပြီး ထိုပန်းတိုင် အောင်မြင်ရန် အလို့ငှာ သူရရှိမည့် ဆုလာဘ်များကို ချိန်စုနှင့် အခြားသူများအား ပေးရန်ပင် သဘောတူခဲ့ပြီးဖြစ်သည်။
သူတို့လေးယောက်က တစ်နာရီခန့် အမြန်ဆုံးအရှိန်ဖြင့် တဟုန်ထိုးသွားနေကြပြီး နောက်ဆုံးတွင် ချိန်စု၏ မျက်လုံးများ တလက်လက်တောက်ပလာတော့သည်။
" ရှေ့ ကီလိုမီတာ ငါးထောင်မှာ "
သူက လက်ညှိုးထိုးရင်း ပြောသည်။ ဂူထျန်ကျွင်း၏ မျက်လုံးများ အေးစက်သောအလင်းဖြင့် တောက်ပသွားပြီး သူက မန္တန်လက်ကွက်တစ်ကွက် အလျင်အမြန်ဖော်၍ ထိုအရပ်မျက်နှာသို့ ဓားအလင်းတန်းခုနစ်တန်း ပို့လွှတ်လိုက်သည်။
၄င်းအလင်းတန်းများက မမြင်ရလုနီးပါး အလွန်လျင်မြန်စွာ လှုပ်ရှားသွားကာ ထိုကီလိုမီတာ ငါးထောင်ကို ထိုးဖောက်ကျော်ဖြတ်သွားပြီး ပိုင်ရှောင်ချန်း၏ ထိပ်တည့်တည့်တွင် ပေါ်လာ၏။
ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားကာ နောက်သို့ မီတာ ၃၀ခန့် ခုန်လိုက်သည်။ သူထိုသို့လုပ်လိုက်ချိန်မှာပင် ဓားအလင်းတန်းခုနစ်တန်းက ယခုလေးတင် သူ ရပ်နေခဲ့သည့်နေရာကို ခုတ်ချလိုက်ရာ အလွန်တရာကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားတော့သည်။
သူသာ မြန်မြန်မရှောင်ခဲ့ပါက အသတ်ခံရလောက်မည်မဟုတ်သော်လည်း သေချာပေါက် ဒဏ်ရာအကြီးအကျယ်ရသွားမည်ဖြစ်သည်။
" ဂူထျန်ကျွင်း "
သူက အံကြိတ်ထားသည့်ကြားမှ ပြောသည်။ ထိုဓားအလင်းခုနစ်တန်းတွင် သိသာစွာ ဂူထျန်ကျွင်း၏ အရှိန်အဝါပါဝင်နေ၏။
" မင်း တကယ်ကြီး လုဖို့ ကြိုးစားနေတာပဲ။ မင်း ဆုလာဘ်တွေအားလုံးလိုချင်ရင် ငါ့ကို စာပို့ပြီး စကားပြောလို့ရတယ်လေ။ ဒါပေမဲ့ မင်းက ငါ့ဆီက ပေါ်တင်လုဖို့ လုပ်ရဲတယ်ပေါ့လေ "
ပိုင်ရှောင်ချန်းမှာ အကြီးအကျယ် ဒေါသထွက်နေပြီ ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် သူတော်စင်ဧကရာဇ်နိုင်ငံ၏ ကောင်းကင်ဧကရာဇ်များမှာ အတန်ငယ် သူတော်ကောင်းဆန်ကြောင်း ကောင်းကောင်းသိထားသည်။ သို့သော် ဤနေ့လက်ဝယ်ရှိ အကျိုးအမြတ်များကား ကြီးမားလှသည်။ သူတော်စင်ဧကရာဇ်က လူတိုင်းကို ဆုလာဘ်ချီးမြှင့်မည်ဟု ပြောခဲ့သော်လည်း ပိုင်ရှောင်ချန်းမှာ အပြင်လူဖြစ်၍ မျှမျှတတဆက်ဆံရမည်ဟု သူ ယောင်လို့ပင် မတွေးမိပေ။
ထို့ပြင် ဂူထျန်ကျွင်း၏ အပြုအမူများက ယခုလေးတင် ထိုသည်ကို သက်သေပြသွားလေပြီ။
" နိုင်ထက်စီးနင်းလုပ်ချက်ပဲ "
သူက အံတင်းတင်းကြိတ်ကာ အရှိန်တင်၍ ပင့်ကူအိမ်ကြီးထဲရှိ အတော်လေး အားနည်းပုံပေါ်သည့်နေရာကို ဦးတည်လိုက်သည်။
သူသည် ဂူထျန်ကျွင်းနှင့် အခြားသူများကို မမြင်နိုင်သော်လည်း သူတို့၏ နတ်ဘုရားအာရုံများ သူ့ထံ ပျံ့နှံ့လာနေကြောင်း ပြောနိုင်လေသည်။
သို့သော် ဓားခုနစ်ချောင်းက နတ်ဘုရားအာရုံထက် မြန်ပြီး သူ့ကို ထပ်မံတိုက်ခိုက်ရန် နောက်တစ်ကြိမ် လေထဲတွင် ဝဲနေပြီးဖြစ်သည်။ ၄င်းတို့ကို နောက်တစ်ဖန်ရှောင်ပြီးနောက် သူသည် ပင့်ကူအိမ်ကြီး၏ အားနည်းသောအပိုင်းထံ ဆက်သွားလေသည်။ ဤအရာ၌ သူက တစ်ခါသာ ကြိုးစားနိုင်မည်ဖြစ်ပြီး အကယ်၍မအောင်မြင်ခဲ့လျှင် အခြားကောင်းကင်ဧကရာဇ်များ ရောက်လာကာ ဖွတ်ကြီးအား သူတို့ထံ မပေးချင်လည်း ပေးရမည်ဖြစ်ကြောင်း သူသိလေသည်။
မြောက်ပိုင်း၏ မဟာဓားကြီးဖြင့်ပင် သူတို့လေးယောက်လုံးကို သူ တစ်ကြိမ်တည်း မတိုက်ခိုက်နိုင်ပေ။ ထိုမျှသာမက သူတို့က သူတို့၏ ထိပ်ဆုံးအရန်အကူအညီအဖြစ် ပြန်လည်အသက်သွင်းခြင်းအပေါ် မှီခိုအားထားနိုင်ပြီး သူသေသွားလျှင်တော့ ထိုကဲ့သို့ ရွေးချယ်စရာမရှိပေ။
" အေး သူတို့တွေ ဒီလောက်ထိ တရားလွန်လာမှတော့ ငါ့ မသမာနည်းသုံးမှာကို အပြစ်တင်လို့မရဘူး။ ငါအရင်က ဒါကိုမလုပ်ချင်ခဲ့ပေမယ့် အခုတော့ လိပ်ပြာသန့်သန့်လုပ်နိုင်ပြီကွ "
နောက်မှထပ်ကြပ်မကွာလိုက်လာသော ဂူထျန်ကျွင်း၊ အခြားကောင်းကင်ဧကရာဇ်များနှင့်အတူ ဓားအလင်းတန်းခုနစ်တန်း နီးကပ်လာချိန်မှာပင် သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ယပ်တောင်အစုတ်ကြီးဖြင့် ဆက်သွယ်လိုက်သည်။
ထိုအတွေးတစ်ချက်က သူ့ပတ်လည်ရှိလေထုကို ဝေဝါးပြီး ပုံပျက်ရှံ့တွသွားစေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဧကရာဇ်များမှ နတ်ဘုရားအာရုံစီးကြောင်းများနှင့်အတူ ဓားခုနစ်ချောင်းသည် ဖျက်စီးခြင်းစွမ်းအား၏ လေမုန်တိုင်းကြီးသဖွယ် နေရာကို ခုတ်ပိုင်းချလိုက်သည်။
ကံဆိုးစွာပင် ပိုင်ရှောင်ချန်း၏ အရိပ်အယောင်ကိုပင် မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အလင်းတန်းလေးတန်း ခပ်လှမ်းလှမ်းတွင် ပေါ်လာ၏။ ကောင်းကင်ဧကရာဇ်များအားလုံး၌ တင်းမာခက်ထန်သောမျက်နှာထားများရှိပြီး သူတို့က ရောက်လျှင်ရောက်ချင်း သူတို့၏နတ်ဘုရားအာရုံများကို နေရာအနှံ့ထုတ်လွှတ်ကာ သဲလွန်စများ ရှာလိုက်သည်။
ဂူထျန်ကျွင်းက သူ၏ဓားများအား ပတ်ဝန်းကျင်ရှိလေထုကို ခုတ်ပိုင်းစေပြီး ချိန်စုက ပိုင်ရှောင်ချန်းကို ဖတ်ရန် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ သို့တိုင်အောင် ပိုင်ရှောင်ချန်းကား ပျောက်ချင်းမလှ ပျောက်နေသဖြင့် သူတို့မှာ လုံးလုံးလျားလျား မယုံကြည်နိုင်အောင် ဖြစ်သွားတော့သည်။
" မဖြစ်နိုင်ဘူး "
ဂူထျန်ကျွင်းမှာ မျက်လုံးများနီရဲလျက် ပြောသည်။ မကြာသေးခင်က သူ၏ဓားပျံများဖြင့် ဆက်သွယ်ချက်အရ သူသည် ပိုင်ရှောင်ချန်း ရှိနေခဲ့ကြောင်း တထစ်ချပြောနိုင်၏။ သို့သော် တခဏအကြာတွင် သူပျောက်သွားလေသည်။
ထိုမျှသာမက ပတ်ဝန်းကျင်တွင် တည်နေရာရွှေ့ပြောင်းခြင်းလုပ်ဆောင်သွားခဲ့သည့် လက္ခဏာများလည်း မရှိပေ။ အခြားကောင်းကင်ဧကရာဇ်များက ပိုင်ရှောင်ချန်းမည်ကဲ့သို့လွတ်မြောက်သွားခဲ့သည်ကို မခန့်မှန်းနိုင်ကြတော့ပေ။ ဂူထျန်ကျွင်းက မျက်နှထားတင်းမာခက်ထန်နေလျက် သူ၏လက်ကိုဝှေ့ယမ်း၍ ဓားခုနစ်ချောင်းကို ဓား လေးဆယ့်ကိုးချောင်းအသွင်ပြောင်းသွားစေကာ အရာအားလုံးကို ဒေါသူပုန်ထနေသော လေမုန်တိုင်းကြီးအသွင်ဖြင့် အပိုင်းပိုင်း ခုတ်ပိုင်းပစ်လိုက်သဖြင့် ဖုန်များ တထောင်းထောင်းထသွားတော့သည်။
စီမာယွမ်ဟွာနှင့် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်သည်လည်း ထိုနည်းတူ သူ့တို့ ခေါင်းထဲရှိသမျှ အရာအားလုံးလုပ်ဆောင်လိုက်သည့်တိုင် အကြောင်းမထူးပေ။ နောက်ဆုံး၌ သူတို့သုံးယောက်က နိမိတ်အလင်းများ တောက်ပနေသည့် မျက်ဝန်းများဖြင့် ချိန်စုကို လှမ်းကြည့်လိုက်ကြ၏။
သူတို့ ရင်တဒိန်းဒိန်းခုန်၍ စောင့်နေကြချိန် ချိန်စုနှင့်ပတ်သက်၍ တစ်စုံတရာ ထူးဆန်နေပုံရသည်ကို သတိထားမိလိုက်လေသည်။ သူ၏နဖူးမှာ ချွေးများရွှဲနစ်နေပြီး သူက သိသိသာသာပင် တဆတ်ဆတ်တုန်ရီနေချေသည်။
အဆုံးသတ်၌ သူက မျက်လုံးများဖွင့်ပြီး သွေးတစ်ပွက်အန်လိုက်၏။ သူ နောက်သို့ယိမ်းယိုင်သွားကာ သိသာစွာ အားနည်းသွားပြီး သူ့ခေါင်းပေါ်ရှိဆံပင်များ၏ သုံးဆယ်ရာခိုင်နှုန်းနီးပါး ပြာကျသွားလေသည်။ သူ့မျက်နှာထက်ဝယ် ရှံ့တွနေသောအရေးကြောင်းများ ပေါ်လာ၏။
" မဖြစ်နိုင်ဘူး "
ချိန်စုမှာ သူ၏ မအောင်မြင်သော နိမိတ်ဖတ်ခြင်းအားထုတ်မှုမှ တန်ပြန်အားကို ခက်ခက်ခဲခဲရင်ဆိုင်နေရလျက် ရေရွတ်လိုက်သည်။
" လောကနတ်ဘုရားတစ်ပါးက သူ့တည်ရှိမှုကို ဖုံးကွယ်ပေးနေတာပဲ ဖြစ်ဖြစ် ၊ သူ ဒုတိယအင်မော်တယ်နယ်မြေမှာ မရှိတော့တာပဲ ဖြစ်ဖြစ် တစ်ခုခုပဲ။ ငါ့ကို လုံးဝရှောင်နိုင်ဖို့ဆိုရင် အဲဒီနည်းလမ်းတွေပဲ ရှိတယ် "
အခြားကောင်းကင်ဧကရာဇ်များက သူ၏စကားလုံးများကြောင့် မေးရိုးများ တင်းသွားကြသည်။ ဂူထျန်ကျွင်းမှာမူ အံကြိတ်၍ ပြော၏။
" သူ တစ်နေရာရာမှာ ပုန်းနေတာပဲဖြစ်မယ်။ လူခွဲပြီးရှာကြရအောင်။ ငါတို့ သူ့ကိုရှာကို ရှာတွေ့ရမယ် "
ထို့နောက် သူက ရိပ်ခနဲလှုပ်ရှား၍ စတင်ရှာဖွေတော့သည်။
စီမာယွမ်ဟွာနှင့် အခြားသူများသည်လည်း ထိုနည်းတူ ဖြန့်ကျက်လိုက်ကြသည်။
မိစ္ဆာဧကရာဇ်နိုင်ငံမှ ကောင်းကင်ဧကရာဇ်များက ထွက်ပေါက်ကိုပိတ်ထားကြပြီး သူတော်စင်ဧကရာဇ်နိုင်ငံမှ တပ်ဖွဲ့က စတင်ရှာဖွေနေကြစဥ် ပိုင်ရှောင်ချန်းသည် ဟင်းလင်းပြင်၏အမှောင်ထုကိုဖြတ်လျက် လွင့်မျောနေသည့် ယပ်တောင်အစုတ်ကြီးအပေါ်တွင် ပေါ်လာ၏။
သူ၏ ခြေချောင်းလက်ချောင်း၊ ခြေဖျားလက်ဖျားများအားလုံး သူနှင့်အတူပါလာကြောင်း ကပျာကယာစစ်ဆေးကြည့်ပြီးနောက်မှ သူက စိတ်သက်သာရာရာကာ သက်ပြင်းချပြီး ဂုဏ်ယူစွာ ရယ်လိုက်သည်။
" ဟမ့် … ဒီနေရာကို ခြေရာခံနိုင်မယ်ထင်လား။ အိပ်မက်သာ မက်နေလိုက် "
သူက အင်္ကျီလက်စကို ခါယမ်းကာ တင်ပျဥ်ခွေထိုင်ပြီး သူ၏အိတ်ကို ပုတ်၍ ဖွတ်ကြီးကို ထုတ်လိုက်သည်။
ဤဖွတ်ကြီးကား အမှန်တွင် မိုးမြေဧကရာဇ်တစ်ပါး၏ အပြင်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ပိုင်းဖြစ်ပြီး အသက်ငွေ့ေငွ့ ရှိနေသေး၏။ သို့သော် ၄င်းမှာ သိသာထင်ရှားစွာပင် ပြန့်လည်သက်သာနိုင်သည့်အတိုင်းအတာထက်ကျော်လွန်၍ အသေကောင်သဖွယ် တောင့်တင်းလာနေပြီ ဖြစ်သည်။
" ဒါကြီးက ဆိုးတော့လည်း မဆိုးပါဘူးလေ "
ပိုင်ရှောင်ချန်းသည် နှုတ်ခမ်းကို သပ်၍ တခြားလူများက သူ့မှာရှိနေကြောင်းသာ သိသွားပါက မနာလိုမှုများဖြင့် သူတို့ကို ရူးသွပ်သွားစေနိုင်သည့် အဖိုးတန်ပစ္စည်းတစ်မျိုးကို သူ ရရှိခဲ့ကြောင်း သဘောပေါက်လိုက်သဖြင့် ပြောလိုက်လေသတည်း။