အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
🍋 Chapter 105
ဖုန်းချလိုက်သောအခါ ည ၁၁ နာရီနီးပါး ရှိနေပြီဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က မုယန်နှင့်အတူ ပျော်ရွှင်စရာကောင်းသော အချိန်များ ရှိခဲ့သော်လည်း သူတို့ကြားမှ ရင်းနှီးမှုမှာ မလုံလောက်သေးဟု သူ ခံစားနေရသည်။
အထူးသဖြင့် အချို့သော နယ်ပယ်များတွင် သူသည် မည်သည့် တိုးတက်မှုမျှ မရှိသေးဟု ခံစားရသည်။
အတူတူ ရေကူးစဉ် ဖက်ထားရုံမှလွဲ၍ အခြားကိစ္စများမှာမူ ရပ်တန့်နေဆဲပင် ဖြစ်သည်။
ထို့ကြောင့် သူ ကြိုတင် စီစဉ်ထားသော 'ညဖက် စီးနင်းမှု' အစီအစဉ်ကို ထုတ်သုံးလိုက်သည်။
‘ရန်သူ ပိတ်မိနေချိန်မှာ ငါက နှောင့်ယှက်မယ်၊ ရန်သူ ဆုတ်ခွာချိန်မှာ ငါက တက်မယ်။ မုယန် သန်းခေါင်ယံ အိပ်မောကျနေချိန်မှာ သူမကို အလစ်ဖမ်းရမယ်’
‘ဟမ့်... မင်း ငါ့ကို အကွက်ကျော်နိုင်မယ် ထင်နေလား။ ငါ့ကို မဟာဗျူဟာ ပါရမီရှင်လို့သာ ခေါ်လိုက်စမ်း’
သန်းခေါင်ကျော်သည်နှင့် ကျိုးထျန်းသည် မုယန်၏ အခန်းတံခါးရှေ့သို့ ခိုးကြောင်ခိုးဝှက် ရောက်လာခဲ့သည်။
တံခါးလက်ကိုင်ကို အသံမထွက်အောင် ဂရုတစိုက် လှည့်လိုက်ပြီး အသက်ကို အောင့်ကာ အခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
သူခိုးထက်ပင် ပိုသတိထားကာ ခြေဖျားထောက်ပြီး ကုတင်ဘေးသို့ တိုးကပ်သွားသည်။
အိပ်ပျော်နေသော လျိုမုယန်ကို ကြည့်ရင်း ကျိုးထျန်းသည် သူ့ အိတ်ကပ်များကို ပုတ်ကြည့်လိုက်သည်။
‘အရာအားလုံး အဆင်သင့်ပဲ။ အောင်မြင်ရင် အောင်မြင်၊ မဟုတ်ရင် အသေပဲ’
ရုတ်တရက် ဖုန်းမြည်လာမည်ကို စိုးရိမ်သဖြင့် သူ ဖုန်းကိုပင် ယူမလာခဲ့ပေ။
သူသည် စောင်ထဲသို့ တိုးဝင်ရန် ပြင်လိုက်စဉ်မှာပင် မုယန်၏ ဖုန်းက ရုတ်တရက် အကျယ်ကြီး မြည်လာခဲ့သည်။
မုယန် လန့်နိုးသွားပြီး မျက်လုံးဖွင့်လိုက်ရာ စောင်ကို ကိုင်ထားသော ကျိုးထျန်းကို တွေ့လိုက်ရသည်။
"နင် ဘာလုပ်နေတာလဲ"
"အဲ... ငါ... ငါ လမ်းမှားသွားလို့ပါဆိုရင် နင် ယုံမလား"
"ထွက်သွား"
အမိဖမ်းခံလိုက်ရပြီ ဖြစ်သဖြင့် သူသည် စိတ်ပျက်လက်ပျက်ဖြင့် တံခါးဆီသို့ လျှောက်သွားရတော့သည်။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် နောက်ကွယ်မှ ဖုန်းဖြေနေသော လျိုမုယန်၏ အလန့်တကြား အာမေဍိတ်သံကို ကြားလိုက်ရသည်။
"အဖေ... ဘာပြောလိုက်တယ်!"
"ဟာ!"
"အခု ဘယ်လိုနေသေးလဲ"
"ဟုတ်ကဲ့... ဟုတ်ကဲ့၊ သမီး အခုချက်ချင်း ပြန်လာခဲ့မယ်!"
သူမ၏ စကားဝိုင်းကို ကြားလိုက်ရချိန်တွင် ကျိုးထျန်းသည် တစ်ခုခု ပြင်းပြင်းထန်ထန် ဖြစ်ပျက်နေပြီမှန်း သိလိုက်သဖြင့် သူ ထွက်မသွားတော့ဘဲ ပြန်လှည့်လာခဲ့သည်။
"မုယန်၊ ဘာဖြစ်လို့လဲ"
"ငါ့အမေ မတော်တဆဖြစ်လို့ အခု ဆေးရုံမှာ၊ ငါ ရှန်ဟိုင်းကို အခုချက်ချင်း ပြန်ရမယ်"
"ကောင်းပြီ၊ အခု လေဆိပ်ကို သွားကြမယ်၊ လမ်းမှာပဲ လက်မှတ်ဝယ်လိုက်မယ်"
သူသည် ဟိုတယ်နှင့် ချက်ချင်းဆက်သွယ်ကာ လေဆိပ်သို့ သွားရန် ကားစီစဉ်လိုက်သည်။
ဈေးနှုန်းကို ဂရုမစိုက်ဘဲ အစောဆုံးရရှိနိုင်မည့် လေယာဉ်လက်မှတ် နှစ်စောင်ကို ဝယ်လိုက်သည်။
လမ်းတစ်လျှောက်လုံး မုယန်သည် တိတ်ဆိတ်နေပြီး ဘာဖြစ်ခဲ့သည်ကို မမေးရဲဘဲ သူမကို တိတ်တဆိတ်သာ ဖက်ထားပေးလိုက်သည်။
လေဆိပ်မှ ထွက်သည်နှင့် သူတို့နှစ်ဦးသည် အလယ်ပိုင်းခရိုင် ဆေးရုံသို့ တန်းစီသွားခဲ့ကြသည်။ အထူးကြပ်မတ် ကုသဆောင် ရှေ့တွင် မုယန်၏ ဖခင်နှင့် တွေ့ဆုံခဲ့သည်။
သူ့ ဘေးတွင်မူ လူငယ်တစ်ဦးက သူ့ ကျောကို ပုတ်ပေးကာ နှစ်သိမ့်ပေးနေသည်။
"အဖေ... အမေ ဘယ်လိုနေသေးလဲ"
"ယန်ယန် ပြန်ရောက်ပြီလား"
လျိုချန်အန်း၏ မျက်လုံးများမှာ ညိုမည်းနေပြီး တစ်ညလုံး အိပ်မပျော်ခဲ့မှန်း သိသာလှသည်။
"နင့်အမေက အခု စောင့်ကြည့်နေရတုန်းပဲ။ ခွဲစိတ်မှုကတော့ မနေ့ညက ပြီးသွားပြီ။ နောက်သုံးရက်အတွင်း ဘယ်လိုနေမလဲဆိုတာ စောင့်ကြည့်ရမယ်"
လျိုမုယန်သည် မျက်ရည်များ ဝဲလာပြီး သူမ၏ ဖခင်ကို ဖက်ကာ ငိုချလိုက်တော့သည်။ သူမဘေးက လူငယ်က လျိုချန်အန်းကို နှုတ်ဆက်လိုက်သည်။
"ဆရာ... ကျွန်တော် သွားတော့မယ်နော်။ သူမ နိုးလာရင် တစ်ခေါက် ထပ်လာခဲ့ပါ့မယ်"
"အေး... ရှောင်ပေါင် မင်း အရင်ပြန်နှင့်တော့၊ အလုပ်တွေ မနှောင့်နှေးစေနဲ့"
ထိုလူငယ်သည် ကျိုးထျန်းကိုလည်း ခေါင်းငြိမ့်ပြကာ ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် အပြင်သို့ ထွက်သွားသည်။
"ဦးလေးလျို... မင်္ဂလာပါ"
"ဪ... ရှောင်ထျန်း အားနာလိုက်တာကွာ၊ ငါတို့ ဒုတိယအကြိမ် တွေ့ဆုံမှုက ဒီလို အခြေအနေမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ငါ့သမီး မုယန်ကို အခုထိ စောင့်ရှောက်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်"
"မဟုတ်တာ ဦးလေးရယ်၊ မုယန်ကသာ ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တာပါ"
ကျိုးထျန်းသည် ဘာပြောရမှန်း မသိဖြစ်နေသည်။
"ဦးလေး... ကျွန်တော် စားစရာသွားဝယ်လိုက်ဦးမယ်။ အားရှိအောင် ဦးလေးနဲ့ မုယန်တို့ တစ်ခုခု အရင်စားထားလိုက်ပါ"
"ကောင်းပြီ... ကျေးဇူးပါကွာ"
သူ လှည့်ထွက်လာစဉ် အထူးကြပ်မတ် ကုသဆောင်ဘက်သို့ လျှောက်လာသော ရဲအရာရှိ အချို့နှင့် မလှမ်းမကမ်းတွင် တွေ့ဆုံခဲ့သည်။
ကျိုးထျန်းသည် သူ မှားကြည့်မိခြင်း မဟုတ်ကြောင်း သေချာအောင် ပြန်ကြည့်လိုက်သည်။
"ရဲတွေ ဘာလို့ ရောက်နေတာလဲ။ ဘာဖြစ်ခဲ့လို့လဲ"
သူ ဆေးရုံအပြင်ဘက်က ဆိုင်တစ်ဆိုင်တွင် ဝမ်ထန်နှစ်ပွဲ၊ ဆီချက်ခေါက်ဆွဲနှစ်ပွဲနှင့် ပေါက်စီ နှစ်လုံး ဝယ်ကာ လျိုမုယန်တို့ သားအဖဆီသို့ အမြန်ယူသွားလိုက်သည်။
သူ ရောက်သွားချိန်တွင် ရဲအရာရှိများမှာ လေးနက်သော မျက်နှာများဖြင့် ထွက်ခွာသွားကြသည်။
မုယန်၏ ဖခင် ရေချိုးခန်းသွားသည့် အချိန်ကို အခွင့်ကောင်းယူကာ မုယန်ကို အမြန်မေးလိုက်သည်။
"မုယန်... လမ်းမှာ နင် ဘာမှ မပြောခဲ့ဘူး။ အခု ပြောပြလို့ ရမလား။ ဘာဖြစ်ခဲ့တာလဲ။ ငါ ကူညီနိုင်တာ ရှိမလားလို့ပါ"
မုယန်သည် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူ၏ ပခုံးပေါ်သို့ မှီလိုက်သည်။
"မနေ့ညက ငါ့အဖေ ကုမ္ပဏီမှာ ညစာစားပွဲ ရှိတယ်"
"ပုံမှန်ဆို ငါ့အမေလည်း လိုက်သွားနေကျ၊ ဒါပေမဲ့ မနေ့က သူမ နေမကောင်းလို့ မလိုက်သွားဖြစ်ဘူး"
"သူမသာ လိုက်သွားခဲ့ရင် အခုလို ဖြစ်မှာ မဟုတ်ဘူး..."
မုယန်သည် ပြန်ကျလာသော မျက်ရည်များကို သုတ်လိုက်သည်။
"ည ၁၁ နာရီလောက်မှာ အိမ်နီးချင်းတွေက ငါတို့အိမ်က အသံတွေကြားပြီး တစ်ယောက်ယောက် အော်ဟစ်နေတာ ကြားလိုက်ရတယ်"
"သူတို့ လာကြည့်တော့ ငါတို့အိမ် ရှေ့တံခါးက ဟင်းလင်းပွင့်နေပြီး အိမ်ထဲမှာ မွှေနှောက်ထားတဲ့ အမှတ်အသားတွေ တွေ့ရတယ်။ ငါ့အမေကို ခေါ်ပေမဲ့ မထူးတော့ ရဲတိုင်လိုက်ကြတယ်"
"ရဲတွေ ရောက်လာတော့ ငါ့အမေက အိပ်ခန်းကြမ်းပြင်ပေါ်မှာ လဲနေတာ တွေ့ရတယ်၊ ပြီးတော့... ပြီးတော့..."
သူမသည် ပါးစပ်ကို အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
"ငါ့အမေက အဆုတ်မှာ ဓားနဲ့ အထိုးခံလိုက်ရတာ။ မနေ့ညက နောက်ကျတော့ ခွဲစိတ်မှု လုပ်လိုက်ရတယ်"
ကျိုးထျန်းသည် သူမ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။ မည်သူမျှ ဤကဲ့သို့သော ကြေကွဲစရာကို ကြံ့ကြံ့ခံနိုင်မည် မဟုတ်ပေ။
မိမိ ချစ်ရသူ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရခြင်းမှာ မည်သူမဆို စိတ်ဓာတ်ကျသွားစေမည် ဖြစ်သည်။
ဤသည်မှာ ဘာမှ ကြိုတင် မခန့်မှန်းနိုင်သော မိုးကြိုးပစ်လိုက်သလို ဖြစ်ရပ်မျိုးပင်။
မုယန်သည် ပုံမှန်အားဖြင့် အလွန် စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်သော်လည်း ဤကဲ့သို့သော ဆိုးရွားသည့် အခြေအနေမျိုးတွင်မူ အားငယ်နေရှာသည်။ ရဲများ ရောက်လာခြင်းမှာ အံ့ဩစရာ မဟုတ်ပေ၊
ဤသည်မှာ ကြီးမားသော အမှုအခင်းတစ်ခု ဖြစ်သည်။
နေအိမ် ဖောက်ထွင်းမှုမှာပင် ကြီးလေးသော ပြစ်မှု ဖြစ်နေပြီဖြစ်ရာ မုယန်၏ မိခင်နှင့် ထိပ်တိုက်တွေ့ကာ ဓားနှင့် ထိုးခဲ့ခြင်းမှာ လုယက်မှုနှင့် လူသတ်ရန် ကြိုးပမ်းမှု ဖြစ်သွားပြီဖြစ်သည်။
ပြစ်ဒဏ် သတ်မှတ်ချက်အရ ထောင်ဒဏ် ၃ နှစ်မှ သေဒဏ်အထိ ကျခံရနိုင်သော အမှုမျိုး ဖြစ်သည်။
မုယန်သည် သူ၏ လက်ကို ပြန်ဆွဲကာ ရှိုက်ငိုရင်း ပြောလိုက်သည်။
"ပြီးတော့ အိမ်က ပစ္စည်းတွေ အကုန်ပါသွားပြီ၊ နင် ပေးထားတဲ့ နာရီတွေပါ အကုန်ပါသွားပြီ"
သူမ၏ မိခင်နှင့် ဖခင်မှာ ရှေးဟောင်းပစ္စည်းများ သို့မဟုတ် တန်ဖိုးကြီးပစ္စည်းများ စုဆောင်းတတ်သူများ မဟုတ်ကြပေ။
သူမ ဖခင်တွင် ယွမ်သောင်းဂဏန်းတန်သည့် နာရီအချို့ ရှိသကဲ့သို့ သူမ မိခင်တွင်လည်း ရွှေထည်နှင့် စိန်လက်စွပ် အချို့ရှိသည်။
အိမ်တွင် တန်ဖိုးအရှိဆုံး အရာမှာ ကျိုးထျန်း ပေးထားသည့် နာရီနှစ်လုံးဖြစ်ပြီး စုစုပေါင်း ယွမ် ၅ သန်းခန့် တန်ဖိုးရှိသည်။
မုယန်သည် ပိုက်ဆံအတွက် နှမြောသည်ထက် ကျိုးထျန်းပေးထားသော လက်ဆောင်များ၊ အထူးသဖြင့် ကျိုးထျန်း ပထမဆုံးပေးခဲ့သည့် ဈေးသိပ်မကြီးသော ကြွေနာရီလေး ပါသွားခြင်းကို ပို၍ ဝမ်းနည်းနေခြင်းဖြစ်သည်။
သူမ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေရသည်။ အမေက ICU ထဲတွင် ရှိနေသေးသည့်အပြင် အမှတ်တရပစ္စည်းလေးများပါ ဆုံးရှုံးလိုက်ရခြင်းက သူမကို လုံးဝစိတ်ဓာတ်ပြိုလဲလုနီးပါး ဖြစ်စေသည်။
သူမ ဖခင် ပြန်လာသည်ကို မြင်သောအခါ ကျိုးထျန်းသည် မုယန်ကိုတွဲထူပေးလိုက်ပြီး လူကြီးရှေ့တွင် အနေအထိုင် ဆင်ခြင်လိုက်သည်။
"ကျိုးထျန်း... နင် အရင်ပြန်နှင့်တော့။ ငါနဲ့ အဖေ ဒီမှာ အဆင်ပြေပါတယ်။ နင် ဒီမှာ ရှိနေဖို့က သိပ်တော့ အဆင်မပြေဘူး"
သူ ခေါင်းငြိမ့်လိုက်သည်။ မုယန်ကို စောင့်ရှောက်ပေးချင်သော်လည်း သူ ရှိနေခြင်းမှာ လူကြီးများရှေ့တွင် အမှန်တကယ်ပင် အနေရခက်စေနိုင်သည်။
သူတို့သည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးသဖြင့် မုယန်ကို အနေရခက်စေမည်ကို သူ မလိုလားပေ။
"ဦးလေး... ကျွန်တော် ပြန်တော့မယ်နော်။ ကျွန်တော် ကူညီနိုင်တာ ရှိရင် မုယန်ကတစ်ဆင့် အချိန်မရွေး ဆက်သွယ်ပေးပါ"
"ကျေးဇူးပါ ရှောင်ထျန်း။ လိုအပ်ရင် ယန်ယန်ကို ဆက်သွယ်ခိုင်းလိုက်ပါ့မယ်"
ကျိုးထျန်း ခေါင်းငြိမ့်ပြကာ မုယန်ကို ကြည့်လိုက်သည်။
သူမ မျက်နှာပေါ်တွင် ဟန်ဆောင်ထားသော ကြံ့ခိုင်မှုကို မြင်ရသဖြင့် သူ မျက်မှောင်ကြုတ်မိကာ ဆေးရုံမှ ထွက်လာခဲ့သည်။
အိမ်သို့ ရောက်သည်နှင့် သူသည် ခရီးဆောင်အိတ်များကို ချကာ 'အပေါင်ချင်း ပေါင်ဆိုင်' သို့ တန်းစီသွားခဲ့သည်။
သူ၏ အလျင်စလို ပုံစံကြောင့် အီကြာကွေး စားနေသော လျိုပေါင်ချင်းပင် လန့်သွားရသည်။
"ညီလေး... ဘာဖြစ်လို့လဲ။ ဘာလို့ ဒီလောက် စိတ်မကောင်းဖြစ်နေရတာလဲ။ အခက်အခဲ ရှိရင် ပြောပါ၊ ငါ ကူညီ စဉ်းစားပေးပါ့မယ်"
သူသည် လျိုပေါင်ချင်းကို တိုက်ရိုက် ဆွဲကိုင်လိုက်သည်။
"ကျွန်တော့်အတွက် တစ်ခုခုလုပ်ပေးစေချင်တယ်"
သူ၏ ဆုပ်ကိုင်ထားမှုက နာကျင်စေသော်လည်း လျိုပေါင်ချင်းသည် ကျိုးထျန်းကို ဤမျှလေးနက်သော ပုံစံမျိုး တစ်ခါမျှ မမြင်ဖူးသဖြင့် မညည်းညူရဲပေ။
"ပြောပါ"
"အစ်ကို့မှာ ရှန်ဟိုင်းက တစ်ပတ်ရစ် လက်ဝတ်ရတနာ လောကမှာ အဆက်အသွယ်တွေ အများကြီး ရှိမှာပဲ"
"နံပါတ်တစ်လို့တော့ မပြောနိုင်ပေမဲ့ ထိပ်တန်း ဆယ်ယောက်စာရင်းထဲမှာတော့ သေချာပေါက် ပါပါတယ်"
"ကောင်းပြီ... ဒါဆိုရင် ကျွန်တော့်အတွက် ဒါလေး လုပ်ပေးပါ။ ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်တော့်ဆီမှာ ရှိတဲ့ Cartier နာရီကို သေသေချာချာ စောင့်ကြည့်ပေးပါ"
"မင်း နောက်တစ်လုံး ထပ်ဝယ်ချင်လို့လား"
"အဲလို မဟုတ်ဘူး။ အဲဒီနာရီက အခုလေးတင် အခိုးခံလိုက်ရတာ။ အစ်ကို အဲဒါကို စောင့်ကြည့်ပေးပါ၊ တစ်ယောက်ယောက်က လာရောင်းဖို့ ကြိုးစားရင် ကျွန်တော့်ကို ချက်ချင်း အသိပေးပါ!"
🍋 Chapter 106
ကျိုးထျန်းသည် လျိုပေါင်ချင်းထံ သွားရောက်ခဲ့ခြင်းမှာ ရှန်ဟိုင်းရှိ တစ်ပတ်ရစ် လက်ဝတ်ရတနာ စျေးကွက်၊ အထူးသဖြင့် မှောင်ခိုစျေးကွက် ကို စောင့်ကြည့်ခိုင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။
မုယန်တို့အိမ် ဖောက်ထွင်းခံရပြီးနောက် ထိုသူခိုးသည် တန်ဖိုးကြီး ပစ္စည်းများ၊ အထူးသဖြင့် အကန့်အသတ်ထုတ် နာရီနှစ်လုံးကို ငွေအဖြစ် ပြောင်းလဲရန် သေချာပေါက် ကြိုးစားလိမ့်မည်။
ဤသည်မှာ ကြိုတင်ကြံစည်မှုလော သို့မဟုတ် စိတ်ကူးပေါက်ရာ လုပ်ဆောင်မှုလော ဆိုသည်မှာ မသေချာသေးသော်လည်း ရဲများ၏ စုံစမ်းစစ်ဆေးမှုအပြင် ကျိုးထျန်းကိုယ်တိုင်လည်း စုံစမ်းရန် ဆုံးဖြတ်ထားသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မုယန်၏ အိမ်ဖြစ်နေသောကြောင့်ပင်။ ယခု ICU ထဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိနေသူမှာ မုယန်၏ မိခင်ဖြစ်သည်။
အကယ်၍ ထိုညက သူမမိခင်အစား မုယန်သာ အိမ်မှာ ရှိနေခဲ့လျှင်...။
ထိုသို့တွေးကြည့်ရုံနှင့်ပင် သူ အလွန်စိုးရိမ်ထိတ်လန့်သွားပြီး ထိုသူကို သေချာပေါက် ဖမ်းမိရန် လိုအပ်သည်ဟု ဆုံးဖြတ်လိုက်သည်။
သူ့တွင်ရှိသော တစ်ခုတည်းသော သဲလွန်စမှာ ထိုနာရီနှစ်လုံးပင်။
ထိုနာရီများ၏ ထူးခြားချက်မှာ အလွန်ရှားပါးပြီး ဈေးနှုန်း အလွန်ကြီးမြင့်ခြင်း ဖြစ်သည်။
ထိုသို့သော ပစ္စည်းမျိုးသည် မည်သည့်စျေးကွက်တွင်မဆို လှုပ်ခတ်မှု ဖြစ်စေနိုင်သည်။ ကျိုးထျန်း လိုအပ်သည်မှာ ထိုလှုပ်ခတ်မှုမှတစ်ဆင့် ရင်းမြစ်ကို ရှာဖွေရန်ဖြစ်သည်။
နာရီပျောက်ဆုံးသွားကြောင်း ကြားလိုက်ရချိန်တွင် လျိုပေါင်ချင်း၏ မျက်နှာမှာ တင်းမာသွားသည်။
"တောက်... ဘယ်ကောင်လဲကွာ။ မင်းကိုတောင် လာထိရဲတယ်လား။ အေး... ငါ သိပြီ၊ ပစ္စည်းပြန်ရအောင် လုပ်ပေးရမှာပေါ့"
"ငါက ဒါတွေကို ကျွမ်းကျင်တာ မဟုတ်ပေမဲ့ ဒီဘက်မှာ အထူးပြုတဲ့သူတွေကိုတော့ သိတယ်။ ငါ အခုပဲ သူတို့ကို ဆက်သွယ်ပေးမယ်။ ဒီပစ္စည်းသာ ရှန်ဟိုင်းမှာ၊ မဟုတ်ဘူး... တရုတ်အရှေ့တောင်ပိုင်း တစ်ခွင်လုံးမှာ လာရောင်းရင် ငါ ချက်ချင်း သိစေရမယ်"
ဤသည်မှာ သူတို့လောကတွင် တားမြစ်ထားသော ကိစ္စရပ်တစ်ခုလည်း ဖြစ်သည်။ ပစ္စည်းရောင်းပြီး မကြာမီမှာပင် ဝယ်ယူသူ လုယက်ခံရခြင်းမှာ မည်သူမဆို သူတို့ကို သံသယဝင်စေနိုင်သည်။
သူတို့သည် လူမိုက်များနှင့် ပေါင်းပြီး ပိုက်ဆံလည်းယူ၊ ပစ္စည်းလည်း ပြန်ခိုးခိုင်းခြင်းလားဟု အထင်ခံရနိုင်သည်။
ထိုသို့ အပုပ်ချခံရခြင်းက သူတို့၏ ဂုဏ်သိက္ခာကို ပျက်ပြားစေနိုင်သောကြောင့် လျိုပေါင်ချင်းလည်း အတော်လေး ဒေါသထွက်နေခြင်း ဖြစ်သည်။
"အရှေ့တောင်ပိုင်းတင် မဟုတ်ဘူး၊ တရုတ်ပြည်ရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒီပစ္စည်း ပေါ်လာရင် ကျွန်တော် သိချင်တယ်။ ဒါက ပိုက်ဆံဆုံးရှုံးတာတင် မဟုတ်ဘူး၊ လူတစ်ယောက် အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့အထိ ဖြစ်သွားတာ"
"ဪ... ဒါဆို ခိုးမှုတင် မဟုတ်ဘဲ လုယက်မှုပေါ့"
"ဟုတ်တယ်၊ လူက အခုထိ ICU ထဲမှာပဲ ရှိသေးတယ်"
"ဒါဆိုရင်... မင်းရည်းစားက ဘယ်ဆေးရုံမှာလဲ၊ ငါ သွားကြည့်ချင်လို့"
"ကျွန်တော့်ရည်းစား မဟုတ်ဘူး၊ သူ့ အမေ"
"ဪ... မင်းရဲ့ ယောက္ခမလောင်းလား။ ဒါဆို ပိုတောင် ယုတ်မာတာပေါ့!"
လျိုပေါင်ချင်းသည် ဖုန်းကိုထုတ်ကာ ဆယ်ကြိမ်ခန့် ဖုန်းဆက်လိုက်သည်။
"ဟေး... ရှောင်ဟူ၊ ငါ ပေါင်ချင်း။ ငါ့ကို တစ်ခုလောက် ကူညီစမ်း၊ ပစ္စည်းလေးတစ်ခုကို စောင့်ကြည့်ပေးဦး"
"ဟေး... ဦးလေးဝမ်၊ ကျွန်တော် ရှောင်ချင်းပါ။ အကူအညီတစ်ခု လိုချင်လို့"
"အားလေ့ကျစ် ဒါ နင့်ဦးလေး။ စကားတွေ အများကြီး မပြောနဲ့၊ ငါပြောတာကို သေသေချာချာ နားထောင်စမ်း"
...
ဖုန်းတစ်လုံးပြီးတစ်လုံး ဆက်သွယ်လိုက်ခြင်းဖြင့် လျော့တိလျော့ရဲ ထင်ရသော်လည်း တကယ်တမ်းတွင် အလွန်စနစ်ကျသော ကွန်ရက်တစ်ခုကို ဖြန့်လိုက်ပြီ ဖြစ်သည်။
ကျိုးထျန်းသည် လျိုပေါင်ချင်း၏ကိုင်တွယ်ပုံကို အလွန်သဘောကျသွားသည်။
ဤလူသည် သာမန်အားဖြင့် အမြတ်ကြီးစားတတ်သူဟု ထင်ရသော်လည်း လိုအပ်ချိန်တွင်မူ အလွန်အားကိုးရသူ ဖြစ်သည်။
"ကျေးဇူးပါပဲ။ ရှာဖွေခကို နောက်မှ ကျွန်တော် လွှဲပေးပါ့မယ်။ သူ့ကိုသာ ဖမ်းမိရင် ကျန်တာတွေက ညှိနှိုင်းလို့ ရပါတယ်"
"ညီလေး မပူနဲ့၊ ငါ ရှိတယ်၊ ဒီကောင်တွေက မင်းကို မျက်နှာသာပေးပါလိမ့်မယ်။ သူတို့ ၁ ရာခိုင်နှုန်းလောက်ပဲ ယူမှာပါ"
နာရီနှစ်လုံး၊ ယွမ် ၅ သန်းနီးပါး၏ ၁ ရာခိုင်နှုန်းမှာ ငါးသောင်း ဖြစ်သည်။ ဈေးမကြီးပေ။
ဤကိစ္စတွင် တရားခံကိုသာ ချက်ချင်းဖမ်းမိမည်ဆိုလျှင် သူသည် ငါးသောင်းမက ငါးသန်းပင် ပေးရန် ဝန်လေးမည်မဟုတ်ပေ။
လျိုပေါင်ချင်းက ခဏစဉ်းစားပြီး မေးစေ့ကိုပွတ်ကာ ပြောသည်။
"ညီလေး... ရဲတွေကတော့ ဒါကို သေချာပေါက် စုံစမ်းမှာပဲ။ ဘာလို့လဲဆိုတော့ ဒီလို ဖောက်ထွင်းလုယက်မှုက တရုတ်မှာ အမှုကြီးလေ။
ဒါပေမဲ့ ဒါက ကျွမ်းကျင်သူတွေ လုပ်တာဆိုရင်တော့ စုံစမ်းရ ခက်လိမ့်မယ်။ အထူးသဖြင့် ပြည်ပအင်အားစုတွေနဲ့ ပေါင်းနေတဲ့သူတွေဆိုရင် ငါတောင် ဘာမှလုပ်လို့ မရဘူး"
"ဒါပေမဲ့ ဒီလူက သေနတ်မသုံးဘူးဆိုတော့ သူက လူသိနည်းအောင် နေချင်တာ ဖြစ်နိုင်တယ်၊ ခဏလေး ပေါ်လာပြီး ပြန်ပျောက်သွားမယ့် အမျိုးအစားတော့ မဟုတ်လောက်ဘူး"
ကျိုးထျန်းလည်း ထိုအချက်ကို စဉ်းစားမိသည်။
"ဒါက စိတ်ကူးပေါက်ရာလုပ်တာ မဟုတ်ဘူးလို့ အစ်ကို သေချာပေါက် ပြောနိုင်လား"
"ဖြစ်နိုင်ခြေ များပါတယ်။ မင်း ရည်းစားအိမ် ပတ်ဝန်းကျင်မှာ တခြားအိမ်တွေရော အခိုးခံရသေးလား"
သူ ခေါင်းခါလိုက်သည်။ သူ သိသလောက် မရှိပေ။
"ဒီအိမ် တစ်အိမ်တည်းကိုပဲ ပစ်မှတ်ထားတာဆိုရင် သူတို့ ကြိုတင် လေ့လာထားတာ သေချာတယ်"
ကျိုးထျန်းလည်း သူ့ အမြင်ကို သဘောတူသည်။
ပုံမှန်ဆိုလျှင် ထိုနေ့တွင် အိမ်မှာ ဘယ်သူမှ ရှိရမည် မဟုတ်သော်လည်း မုယန်၏မိခင်မှာ နေမကောင်း၍ ကျန်နေခဲ့သောကြောင့်သာ ဤသို့ ဖြစ်သွားခြင်း ဖြစ်သည်။
ပေါင်ချင်း အပေါင်ဆိုင်မှ ထွက်လာပြီးနောက် သူ ဆေးရုံသို့ မောင်းသွားခဲ့သည်။ မုယန်နှင့် သူမဖခင်တို့မှာ ဆေးရုံအနီးရှိ ဟိုတယ်တစ်ခုတွင် အခန်းနှစ်ခန်းငှားထားကြသည်။
စားစရာအချို့ ဝယ်ကာ မုယန်၏အခန်းသို့ ယူသွားပေးလိုက်သည်။
"မုယန်... အများကြီး စားထားဦး၊ အားရှိအောင်။ ဒါက တိုက်ပွဲအရှည်ကြီးနော်"
မုယန်သည် မျက်ရည်ဝဲနေဆဲပင် ဖြစ်သော်လည်း စကားတစ်ခွန်းမှ မဆိုဘဲ တိတ်တဆိတ် စားနေရှာသည်။
သူမကို ဤသို့ မြင်ရသဖြင့် ကျိုးထျန်းလည်း စိတ်မကောင်း ဖြစ်မိသည်။ ယခုအချိန်တွင် သူ လုပ်နိုင်သည်မှာ ရဲများနှင့် လျိုပေါင်ချင်းထံမှ သတင်းစောင့်ရန်သာ ရှိသည်။
စိတ်ကြည်လင်သွားစေရန် သူသည် မုယန်ကို အပြင်သို့ ခဏခေါ်ထုတ်ကာ လမ်းလျှောက်ခဲ့သည်။
အခန်းကျဉ်းထဲတွင်သာ နေနေလျှင် သူမ ပိုစိတ်ဓာတ်ကျနေလိမ့်မည်။ မုယန်ကလည်း ကျိုးထျန်း သူမကို ဂရုစိုက်ပေးနေမှန်း သိသဖြင့် အတင်းပြုံးရန် ကြိုးစားရှာသည်။
ပတ်ဝန်းကျင်တွင် ခဏလှည့်ပတ်ပြီးနောက် ဟိုတယ်သို့ ပြန်ရောက်သောအခါ သူမ၏ ဖခင်သည် ဆေးရုံမှာ တွေ့ခဲ့သော လူငယ်နှင့်အတူ ဆေးလိပ်သောက်နေသည်ကို တွေ့ရသည်။
"အဖေ... အဖေ ဆေးလိပ်ဖြတ်ထားတာ ကြာပြီ မဟုတ်လား။ ဘာလို့ ပြန်သောက်နေတာလဲ"
မုယန်က သွားပြီး သူမဖခင် ပါးစပ်က ဆေးလိပ်ကို ယူလိုက်သည်။
"အကိုပေါင်... ဘာလို့ အဖေနဲ့အတူ ဆေးလိပ်သောက်နေတာလဲ"
ဘေးက လူငယ်ကလည်း ဆေးလိပ်ကို ပါးစပ်က ဖယ်လိုက်ပြီး ကျိုးထျန်းကိုကြည့်ကာ ပြုံးပြသည်။
"ယန်ယန်လေးတောင် ကြီးလာပြီပဲ၊ အခုဆို ရည်းစားတောင် ရှိနေပြီ"
မုယန် မျက်နှာလေး အနည်းငယ် နီမြန်းသွားသော်လည်း ဘာမှ ပြန်မပြောပေ။
"မင်္ဂလာပါ... ငါ့နာမည်က ဟွမ်ရှီပါ။ ဆေးရုံမှာ တွေ့ခဲ့ပေမဲ့ နှုတ်မဆက်ရသေးလို့ အခု နှုတ်ဆက်တာပါ"
"မင်္ဂလာပါ... ကျွန်တော့်နာမည်က ကျိုးထျန်းပါ။ မုယန်နဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေပါ"
သူတို့နှစ်ဦး အတိုချုံး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ဤအခြေအနေမျိုးတွင် မည်သူမျှ စကားများများစားစား ပြောလိုစိတ် မရှိကြပေ။
"အကိုပေါင်... အစ်ကို အလုပ်မသွားဘူးလား"
မုယန်က သူ့ကို ကြည့်ကာ နားမလည်နိုင်သလို မေးလိုက်သည်။ ယခုအချိန်မှာ ညနေ ၅ နာရီပင် မပြည့်သေးရာ အလုပ်ဆင်းချိန် မဟုတ်သေးပေ။
"ဒီနေ့ အစောကြီး ပြန်လာတာ။ ကုမ္ပဏီကိုလည်း ပြောထားပြီးပြီ။ ဆရာ့မိန်းမ ဒီလို ဖြစ်နေတာကို ငါ အလုပ်လုပ်ချင်စိတ် မရှိဘူး"
"ဟူး... ရှောင်ပေါင်၊ မင်းအလုပ်တွေကိုလည်း သေချာလုပ်ဦး။ ငါ မရှိတဲ့အချိန်မှာ အလုပ်တွေကိုလည်း ပိုပြီးသေသေချာချာကြည့်ပေး။ ငါ တခြားသူတွေကို မယုံဘူး"
"ဆရာ... ကျွန်တော် သိပါတယ်။ မနက်ဖြန်တော့ ပုံမှန်အတိုင်း လုပ်ပါ့မယ်၊ ဒါပေမဲ့ ဆရာကတော့..."
လျိုချန်အန်း၏ မျက်နှာမှာ အားကိုးရာမဲ့နေပုံရပြီး ခေါင်းကို အသာအယာ ခါလိုက်သည်။
"ဒါကို အားလပ်ရက် အရှည်ကြီး တစ်ခုလို့ပဲ သဘောထားလိုက်တော့မယ်။ အရင်က အလုပ်တွေပဲ လုပ်နေခဲ့လို့ မိသားစုကို အချိန်မပေးနိုင်ခဲ့ဘူး၊ အခုတော့ အချိန်ရသွားပြီပေါ့"
"ဒါပေမဲ့ သူတို့က ဆရာ့ကို ဒီလို မဆက်ဆံသင့်ဘူး၊ ကျွန်တော်..."
"ရှောင်ပေါင်၊ အလုပ်ကိုပဲ အာရုံစိုက်။ ငါ့ကိစ္စ ငါ ကိုင်တွယ်ပါ့မယ်။ မပူနဲ့၊ ငါက ဖြောင့်ဖြောင့်မတ်မတ် နေခဲ့တာဆိုတော့ စစ်ဆေးတာကို မကြောက်ဘူး"
လျိုချန်အန်းက ဟွမ်ရှီ၏ ပခုံးကို ပုတ်ပေးလိုက်သည်။ မုယန်နှင့် ကျိုးထျန်းတို့သည် သူတို့၏ စကားဝိုင်းထဲတွင် တစ်ခုခု လွဲချော်နေသည်ကို သိလိုက်ကြသည်။
"အမေ့ကိစ္စအပြင် တခြားတစ်ခုခု ရှိသေးတာလား"
"ရှောင်ပေါင်...မင်း အရင်ပြန်နှင့်တော့။ ကုမ္ပဏီမှာ တစ်ခုခုဖြစ်ရင် ငါ့ကို ဖုန်းဆက်လိုက်"
"ဟုတ်ကဲ့ ဆရာ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး"
ဟွမ်ရှီသည်လည်း သူတို့နှစ်ဦးကို နှုတ်ဆက်ကာ ပင်ပန်းနွမ်းနယ်သော ပုံစံဖြင့် ထွက်သွားတော့သည်။
"နေ့လယ်စာ စားချိန်နီးနေပြီ၊ မင်းတို့နှစ်ယောက် တစ်ခုခု သွားစားကြတော့။ ငါကတော့ ကိုယ့်ဘာသာ စီစဉ်လိုက်မယ်"
လျိုချန်အန်းက သူတို့ကို သီးသန့်လွှတ်လိုက်ခြင်း ဖြစ်သည်။
သူ၏ သမီးဖြစ်သူမှာ ဤကိစ္စထဲတွင် အလွန်အမင်း စိတ်မကောင်း မဖြစ်နေစေရန် ကျိုးထျန်းနှင့်အတူ ရှိနေခြင်းက ပိုကောင်းမည်ဟု သူ ယူဆသောကြောင့် ဖြစ်သည်။