← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

🍋 Chapter 107

ကျိုးထျန်းအပေါ်ထားသော လျိုချန်အန်း၏ သဘောထားမှာ နွေးထွေးလွန်းခြင်းလည်း မရှိသလို အေးစက်လွန်းခြင်းလည်း မရှိပေ။

သူသည် မိမိသမီး၏ အရည်အချင်း၊ ဉာဏ်ရည်နှင့် ဆုံးဖြတ်ချက်အပေါ် အပြည့်အဝ ယုံကြည်မှုရှိသည်။

သို့သော် လူငယ်များသည် အတွေ့အကြုံ နည်းပါးလှသဖြင့် အချို့သောအရာများကို အမှားနှင့်အမှန် ဒွန်တွဲနေသည့် ကြားမှ သင်ယူရမည်ဖြစ်သည်ဟု သူ ယူဆသည်။

ထို့ကြောင့် သူ လုပ်နိုင်သမျှမှာ သမီး၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းကို အနည်းဆုံးဖြစ်အောင် လျှော့ချပြီး သဘာဝအတိုင်း ကြီးပြင်းခွင့်ပေးရန်သာ။

သူ့ဇနီးအပေါ်တွင်လည်း ထိုနည်းတူပင်။ မာနကြီးခြင်း သို့မဟုတ် ဘဝင်မြင့်ခြင်း စသည့်အရာများသည် အချိန်တန်လျှင် ကုန်ဆုံးသွားလိမ့်မည်ဟု သူ ယုံကြည်သည်။

သူသည် အလွန်အေးချမ်းသော စိတ်သဘောထားရှိသူဖြစ်သဖြင့် ဤကဲ့သို့သော အပြောင်းအလဲကြီးနှင့် ကြုံတွေ့ရချိန်တွင်ပင် မည်သို့မှညည်းညူခြင်းမရှိပေ။

သူ လုပ်နိုင်သည်ကို လုပ်ဆောင်ပြီး ကျန်သည်ကိုမူ ကံတရားအပေါ်၌သာ ပုံအပ်ထားသည်။

ကျိုးထျန်းသည် လျိုချန်အန်း၏ဆိုလိုရင်းကို ကြားသည်နှင့် ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။

သူသည် ချက်ချင်းပင် ပြုံး၍ တုံ့ပြန်လိုက်ပြီးနောက် လျိုမုယန်နှင့်အတူ ထွက်လာခဲ့သည်။

သူသည် အနီးအနားရှိ စားသောက်ဆိုင်လေးများတွင် စားရန် မရွေးချယ်ခဲ့ပေ။ အလယ်ပိုင်းခရိုင်ဆေးရုံ ပတ်ဝန်းကျင်မှာ ကျဉ်းမြောင်းသော လမ်းကြားဟောင်းလေးများ ဖြစ်သော်လည်း မြည်းစမ်းကြည့်သင့်သည့် ဖုံးကွယ်နေသော ဆိုင်ကောင်းလေးများစွာ ရှိသည်။

သို့သော် လျိုမုယန်အတွက်မူ ဤဝမ်းနည်းစရာကောင်းသော ပတ်ဝန်းကျင်မှ ခဏတာ ထွက်ခွာရန် လိုအပ်သည်။

သူမသည် ပြီးခဲ့သည့်တစ်ခေါက်က Baoge ရှိ Spa ကို သဘောကျခဲ့သဖြင့် ၎င်းမှာ သူမ၏ စိတ်နှင့်ကိုယ်ကို အနားရစေနိုင်သလို ဤနေရာနှင့်လည်း အလွန်နီးသည်။

ကားမောင်းထွက်လာပြီး ၁၅ မိနစ်ပင် မပြည့်မီ သူတို့နှစ်ဦး ဟိုတယ်ဝင်ပေါက်သို့ ရောက်ရှိလာသည်။

လျိုမုယန်ကို ရုပ်ပိုင်းဆိုင်ရာ ကုထုံးယူရန် ပို့ပေးခဲ့ရာ ယခုတစ်ခေါက်တွင်မူ သူမသည် ငြင်းဆန်ခြင်း သို့မဟုတ် ဈေးနှုန်းအပေါ် ညည်းညူခြင်း မပြုတော့ပေ။ သူမ အမှန်တကယ်ပင် အနားယူရန် လိုအပ်နေသည်။

တစ်ဖက်တွင်မူ အနားယူဆောင်၌ ထိုင်နေသော ကျိုးထျန်းသည် "Planetary Home" ၏ Weiboအကောင့်ကို ကြည့်နေသည်။

‘ဒီနေ့လည်း Trending နံပါတ် (၁) မှာပဲ။ ပြည်ပကို အရင်ပို့ပြီးမှ ပြည်တွင်းကို ပြန်သွင်းတဲ့ ဒီနည်းဗျူဟာက အတော်လေး အလုပ်ဖြစ်သားပဲ’

သူ၏ နည်းလမ်းမှာ အမှန်စင်စစ် အလွန်ရိုးရှင်းပေသည်။

လူထု၏ အမျိုးသားရေး ဂုဏ်ယူစိတ်ကို လှုံ့ဆော်ပေးခြင်းပင် ဖြစ်သည်။ ဤအရာမှာ မျက်စိနှင့် မမြင်ရသော်လည်း တစ်ခါ မီးတောက်သွားလျှင် မည်သူမျှ တားဆီး၍ မရတော့ပေ။

ယခုအခါ "Planetary Home" သည် ဝဘ်ဆိုဒ်ကြီးတိုင်းတွင် လွှမ်းမိုးနေသည်။ Bilibili မှ နာမည်ကြီး Content Creator များစွာသည်ပင် YouTube မှ ဗီဒီယိုများကို ပြန်လည်ကူးယူကာ Gameplay compilation များ ဖန်တီးနေကြသည်။

လူမေ့နေကြပြီဖြစ်သော မူလTrailerမှာလည်း ပြန်လည်ပေါ်ထွက်လာပြီး Homepage ဆီသို့ ပြန်ရောက်လာသည်။

လွန်ခဲ့သော ခြောက်လအတွင်း Trailerမှာ ကြည့်ရှုသူ ၁.၅ သန်းကျော်သာ ရှိခဲ့သော်လည်း မနေ့ကပင် ကြည့်ရှုသူ ၁၀ သန်းကျော်သွားပြီး ဆက်လက်၍လည်း လျင်မြန်စွာ တိုးတက်နေဆဲ ဖြစ်သည်။ မှတ်ချက်ပေါင်း ၃၀,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

ကျိုးထျန်းမှာ ယခင်ကတည်းက တွက်ချက်ထားခဲ့သည်။

ပြည်တွင်း၌ ဤမျှအထိ ထိရောက်သော ကြော်ငြာမှုမျိုး ရရှိရန်အတွက် အနည်းဆုံး ယွမ် သန်း ၁၀၀ နီးပါး ကုန်ကျနိုင်မည် ဖြစ်သည်။

Trending Topic များကို အဆက်မပြတ် ဝယ်ယူရမည်ဖြစ်သလို နာမည်ကြီး ပုဂ္ဂိုလ်များစွာကိုလည်း ပြန်လည်မျှဝေခိုင်းရမည် ဖြစ်သည်။

ဈေးဝယ်စင်တာများ၊ မြေအောက်ရထားများနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး နေရာများတွင် ပိုစတာများ ကပ်ရမည်ဖြစ်သလို လူကြိုက်များသော ထုတ်ကုန်များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။ တစ်နိုင်ငံလုံး အနှံ့ လှည့်လည်ကာ ပရိုမိုးရှင်း လုပ်ရန်လည်း လိုအပ်သည်။

ဤရုပ်ရှင်တွင် ပရိသတ်ကို ဆွဲဆောင်နိုင်မည့် နာမည်ကြီး လူငယ်မင်းသား မင်းသမီးများ မပါဝင်သဖြင့် ငွေဖြင့်သာ အတင်းကြော်ငြာလျှင်လည်း အောင်မြင်ရန် ခက်ခဲသည်။ ငွေသုံးလျှင်ပင် ရလဒ်မှာ မသေချာပေ။

အဘယ်ကြောင့်ဆိုသော် အခြားရုပ်ရှင်များမှာလည်း တစ်ချိန်တည်းမှာပင် ပရိုမိုးရှင်း လုပ်နေကြသောကြောင့် ဖြစ်သည်။

တစ်ပြိုင်တည်း ထွက်ရှိလာသော အခြားရုပ်ရှင်များသည်လည်း စိတ်ဝင်စားမှု ရရန်အတွက် အပြိုင်အဆိုင် ကြိုးစားနေကြပြီး မည်သူက ပိုအကုန်အကျခံနိုင်သလဲ ဆိုသည်ကို ပြိုင်ဆိုင်နေကြသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျိုးထျန်း၏ အရင်းအမြစ်များသည် ထိုရင်းနှီးမြှုပ်နှံသူများနှင့် ယှဉ်လျှင် မလုံလောက်ဟု သူ ခံစားရသည်။

သူသည် ငွေကြေးအားဖြင့် မပြိုင်နိုင်ပေ။ ထို့အပြင် ဤကဲ့သို့ သုံးစွဲခြင်းက သူ့အမြတ်ငွေကိုလည်း သိသိသာသာ လျော့နည်းစေလိမ့်မည်။

သူသည် အမြတ်၏ ၇၀ ရာခိုင်နှုန်းကို ရရှိမည် ဖြစ်သဖြင့် အသုံးစရိတ်၏ ၇၀ ရာခိုင်နှုန်းမှာလည်း သူ့ထံမှ ထွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် သူသည် လူများသော ဤလမ်းကိုစွန့်လွှတ်ကာ အခြားလမ်းတစ်ခုကို ရွေးချယ်ခဲ့သည်။

"ငါ မင်းတို့နဲ့ အတူတူ မကစားတော့ဘူး၊ ငါက လမ်းခွဲကနေ ပတ်သွားမယ်"

ရလဒ်အနေဖြင့် လမ်းခွဲကနေ ပတ်သွားပြီးနောက် နိုင်ငံခြားသားတစ်စုက သူ့ကို ဝိုင်းဝန်း ချီးကျူးပေးကြသဖြင့် ပြည်တွင်းရှိ လူများကလည်း စိတ်ဝင်တစားနှင့် လာရောက်ကြည့်ရှုကြတော့သည်။

သူသည် ယွမ် ၁၀ သန်းပင် မပြည့်သော အသုံးစရိတ်ဖြင့် ယွမ် သန်း ၁၀၀ ကျော် တန်ဖိုးရှိသော ကြော်ငြာအကျိုးသက်ရောက်မှုကို ရရှိခဲ့သည်။

ဤသို့ အကျိုးသက်ရောက်မှု အလွန်ကောင်းသဖြင့် သူသည် Offline ပရိုမိုးရှင်းကို လုံးဝစွန့်လွှတ်ကာ Online ဘက်သို့ အပြည့်အဝ ပြောင်းလဲရန် စီစဉ်လိုက်သည်။

"အခုခေတ်မှာ နယ်ပယ်မတူတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ခေတ်စားနေတာပဲ။ ဂိမ်းနဲ့ ရုပ်ရှင်ကလည်း ဖျော်ဖြေရေး နယ်ပယ်ထဲမှာပဲဆိုတော့ ဒါကို နယ်ပယ်မတူတဲ့ ပူးပေါင်းဆောင်ရွက်မှုလို့ မခေါ်နိုင်ဘူး မဟုတ်လား"

သူသည် ထျန်းချိုင် နည်းပညာကုမ္ပဏီ၏ စီမံခန့်ခွဲမှုအဖွဲ့ရှိရာ WeChat group ထဲသို့ "Despair World" နှင့် "Planetary Home" တို့ ပူးပေါင်းကာ ကြော်ငြာရန် တိုက်ရိုက် ညွှန်ကြားလိုက်သည်။

"Despair World" ဂိမ်းထဲသို့ နှစ်နာရီကြာတိုင်း Login ဝင်လျှင် "Planetary Home" ရုပ်ရှင်၏ ပထမဆုံးနေ့ လက်မှတ်ကို ကံစမ်းခွင့်ရရှိမည် ဖြစ်သည်။

ကျိုးထျန်းသည် ကျောက်ရှင်းကိုလည်း တိုက်ရိုက် အကြောင်းကြားကာ ပူးပေါင်းကြော်ငြာမည့် Trailerအသစ် တစ်ခုကို ဖန်တီးရန် ပြောလိုက်သည်။ ကျောက်ရှင်းမှာ အံ့ဩသွားရသည်။

သူမသည် "Despair World" အကြောင်းကို ကြားဖူးရုံတင် မဟုတ်ဘဲ ကစားလည်း ကစားဖူးသည်။

သူမ အလုပ်မအားလျှင် ဂိမ်းကစားရသည်ကို အလွန်သဘောကျသူ ဖြစ်သည်။

"ကျိုးထျန်း... နင်က Despair World ရဲ့ ပိုင်ရှင်ကို သိလို့လား"

သူမ မေးလိုက်သည်။ ကျိုးထျန်းတွင် ဤမျှ အဆက်အသွယ် ရှိနေသည်ကို သူမ အံ့ဩသွားသည်။

နာမည်ကြီး ဂိမ်းများနှင့် ပူးပေါင်းနိုင်ခြင်းက ရုပ်ရှင် ပရိုမိုးရှင်းအတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်။

"သိတာပေါ့၊ ငါ သိရုံတင် မဟုတ်ဘူး၊ နင်လည်း သူ့ကို သိတယ်"

"ဟင်... ငါလည်း သိတယ်?"

သူမ၏ အံ့ဩနေသော အသံကို ကြားရသဖြင့် ကျိုးထျန်းက သူမကို စနောက်လိုစိတ် ပေါ်လာသည်။

"ပြန်စဉ်းစားကြည့်ဦးလေ၊ နင် မကြာသေးခင်က တွေ့ခဲ့တဲ့ အရပ်ရှည်ရှည်၊ ချောချော၊ ပိုက်ဆံရှိတဲ့ လူငယ်က ဘယ်သူလဲ"

"အဲ... ငါ မကြာသေးခင်က ဘယ်ချောတဲ့လူကိုမှ မတွေ့မိပါဘူး။ သူဌေးကြီးတွေက ပုံမှန် ရုပ်ရည်တွေပါပဲ၊ ချောတဲ့လူက သိပ်မရှိဘူး"

"ပြန်စဉ်းစားကြည့်ပါဦး၊ နင် အဝတ်အစားတွေ ချွတ်ပစ်ချင်လောက်အောင် ချောတဲ့လူမျိုးလေ"

"အဝတ်အစားတွေ ချွတ်ပစ်ချင်လောက်အောင်..."

ကျောက်ရှင်း နောက်ဆုံးတွင် သိသွားသည်။

"နင်က Despair World ရဲ့ သူဌေးလား"

"ဒါပေါ့၊ ငါပဲလေ၊ ဘယ်လိုလဲ... ငါ့ကို ပိုပြီး ကြွေသွားပြီ မဟုတ်လား"

"ငါ အခုချက်ချင်း ဂိမ်းကို ဖျက်ပစ်တော့မယ်"

ကျိုးထျန်း : ...

ကျောက်ရှင်း ဖုန်းကို ချက်ချင်းချသွားခဲ့သည်။

"အဝတ်အစားတွေ ချွတ်ပစ်ချင်လောက်အောင် ချောတယ် ဟုတ်လား၊ တောက်!"

သူမသည် ထိုညက ဖြစ်ပျက်ခဲ့သည်ကို တွေးမိပြီး စိတ်တိုသွားသည်။ အရင်ကဆိုလျှင် သူမ ရှက်နေမိမည် ဖြစ်သော်လည်း ယခုမူ တွေးလေ စိတ်တိုလေဖြစ်နေသည်။

‘ငါ ဒီလောက် အရှုံးကြီး ရှုံးထားရတာကို နင်က လူကြီးလူကောင်း ပီပီသသတောင် မနေဘူး၊ အမြဲတမ်း ငါ့ကို လာစနေတယ်’

‘မရဘူး၊ ငါ့ဘက်က ပြန်လုပ်ဖို့ အခွင့်အရေး ရှာရမယ်’

ကျိုးထျန်း သူမ၏ သဘောထားကို ဂရုမစိုက်ပေ။ သူ အချိန်ကို ကြည့်လိုက်ရာ တစ်နာရီနီးပါး ရှိသွားပြီ ဖြစ်သည်။

ပြီးခဲ့သည့် တစ်ခေါက်ကကဲ့သို့ပင် သူသည် စားသောက်ဆိုင်သို့ တန်းသွားကာ မှာယူလိုက်သည်။

ယခုတစ်ခေါက်တွင်မူ မန်နေဂျာက သူ့ကို မှတ်မိနေပြီး ပြတင်းပေါက်ဘေးမှ သီးသန့်နေရာတစ်ခုကို ချက်ချင်း စီစဉ်ပေးလိုက်သည်။ ၎င်းမှာ သာမန်နေရာများထက် မြင်ကွင်း ပိုကောင်းသည်။

ယခုအခါ ဟွမ်လုံသည် အစားအသောက် အရည်အသွေးကို တာဝန်ယူနေကြောင်း သိထားသဖြင့် သူ ပိုစိတ်ဝင်တစား ရှိလာသည်။

ပြီးခဲ့သည့်တစ်ခေါက်က သူ ကြိုက်နှစ်သက်ခဲ့သော ဟင်းလျာများအပြင် ဝန်ထမ်းများ၏ လက်ရာကို စမ်းသပ်ရန်အတွက် ခက်ခဲသော ဟင်းလျာအချို့ကိုလည်း အထူးမှာယူလိုက်သည်။

နာရီဝက်ခန့် ကြာသောအခါ လျိုမုယန်သည် ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာသည်။

သူမ၏ မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများမှာ ၇၀ ရာခိုင်နှုန်းခန့် လျော့ပါးသွားပြီး ခြေလှမ်းများမှာလည်း ပို၍ ပေါ့ပါးလာသည်။ မျက်လုံးထဲတွင် ရှိနေခဲ့သော သွေးကြောမျှင်လေးများမှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားပြီ ဖြစ်သည်။

သို့သော် သူမ မျက်နှာတွင် ယခင်ကနှင့် မတူသော စိုးရိမ်ပူပန်မှု တစ်မျိုး ရှိနေဆဲ ဖြစ်သည်။ သူ ထိုအရာကို သိပ်ပြီး မသေချာပေ။

"နင် အပတ်တိုင်း တစ်ခါလာလို့ ရအောင် ကတ်တစ်ခု လုပ်ပေးရမလား။ ဒါက အတော်လေး ထိရောက်တယ်လို့ ငါ ထင်တယ်"

"မလိုပါဘူး၊ ငါက ပုံမှန်ဆို ဒီလောက်ထိ မပင်ပန်းပါဘူး"

"ကောင်းပြီလေ၊ ဒါဆို နင် လာချင်တဲ့ အချိန်ကျမှ ငါ ခေါ်လာခဲ့ပေးမယ်"

သူ ခဏစဉ်းစားပြီးနောက် သူမကို မေးရန် ဆုံးဖြတ်လိုက်သည်။

"နင် တစ်ခုခုကို အာရုံများနေပုံပဲ။ ဘာဖြစ်လို့လဲ၊ ဘာဖြစ်ခဲ့လို့လဲ"

သူ အတော်အတန် ရိပ်မိနေသည်။ သူမဖခင်နှင့် ဟွမ်ရှီတို့၏စကားဝိုင်းမှာ ပုံမှန်မဟုတ်ဘဲ သူတို့နှစ်ဦးလုံး မသိသေးသည့် အရာတစ်ခုခု ပါဝင်နေသည်မှာ ရှင်းလင်းလှသည်။

လျိုမုယန်သည် စားပွဲခင်းပေါ်တွင် သူမ လက်ချောင်းလေးများကို ပွတ်သပ်နေရင်းမှ ဖြေလိုက်သည်။

"ငါ့အဖေ ရာထူးကနေ ခေတ္တရပ်နားခံလိုက်ရတယ်"

"ဘာ! ဘာဖြစ်လို့လဲ"

ကျိုးထျန်း ဤအရာကို မမျှော်လင့်ထားပေ။ ဆေးရုံက အမေ့ကိစ္စကြောင့် တစ်ခုခု ဖြစ်နေသည်ဟုသာ သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။

"ငါလည်း အခုမှ သိတာ။ အဖေ့ရဲ့ သဘောထားက တစ်မျိုးဖြစ်နေလို့ ရှောင်ပေါင် ကို အတင်းမေးကြည့်မှ သူက ပြောပြတာ"

"နင် သူ့ကို ရှောင်ပေါင် လို့ အမြဲခေါ်နေတာ၊ ဒါပေမဲ့ သူ့နာမည်မှာ ‌ပေါင်ဆိုတဲ့ စာလုံး မပါဘူး မဟုတ်လား"

"သူက ငါ့အဖေရဲ့ လက်အောက်ငယ်သားလေ။ သူ ဒီနယ်ပယ်ထဲ စဝင်ကတည်းက အဖေ့နောက်ကိုပဲ တကောက်ကောက် လိုက်နေတာ။ အဲဒါကြောင့် ငါတို့က သူ့ကို ဆရာလို့ပဲ ခေါ်ကြတာ"

"သူ့မိသားစုမှာက အရင်မျိုးဆက်တုန်းက ညီအစ်ကို ငါးယောက်ရှိတာ၊ သူက တစ်ဦးတည်းသော ယောက်ျားလေးမို့လို့ သူ့ရဲ့ အမည်ပြောင်က ရှောင်ပေါင် ဖြစ်နေတာ"

"အဖေက သူ့ကို အမြဲ အဲလိုပဲ ခေါ်တယ်၊ ငါလည်း ရှောင်ပေါင်လို့ ခေါ်လိုက်တယ်"

"သူက အခု အဖေ့အောက်မှာ အလုပ်လုပ်နေတာ၊ အဲဒါကြောင့် ငါ သူ့ကို မေးလိုက်တာ"

"အဖေကတော့ ငါ့ကို ဖုံးကွယ်ထားဖို့ ကြံစည်နေတာပဲ"

နားထောင်ပြီးနောက် ဟွမ်ရှီမှာ အတော်လေး ကောင်းမွန်သည့် လူတစ်ယောက်ဖြစ်ကြောင်း ကျိုးထျန်း တွေးမိသည်။ ဤလောကတွင် လူများမှာ အလွန် အငြိမ်မနေနိုင်ကြပေ။

အထက်လူကြီးတစ်ဦးနောက်ကို အဆုံးအထိ သစ္စာရှိရှိ လိုက်ပါနိုင်ခြင်းမှာ ရှားပါးသော အရည်အသွေးတစ်ခု ဖြစ်သည်။

လျိုမိသားစုကလည်း သူ့ကို မိသားစုဝင် တစ်ယောက်ကဲ့သို့ပင် သဘောထားကြပုံရသည်။

🍋 Chapter 108

ဟွမ်ရှီ လျိုမုယန်အပေါ် ဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် သူမကို ညီမအရင်းတစ်ယောက်လို သဘောထားကြောင်း သိသာလှသည်။

လျိုမုယန်က သူ့ကို မေးမြန်းခြင်းမှာလည်း မဆန်းပေ။ အမှန်စင်စစ် သူမဖခင် မပြောပြလိုသည့် သတင်းအချက်အလက်များကို သူ့ဆီကမှသာ ရနိုင်မည်ဖြစ်သည်။

"ဦးလေး ဘာလို့ ရာထူး ခေတ္တရပ်နားခံရတာလဲဆိုတာ နင် သူ့ကို မေးကြည့်သေးလား"

"မေးတာပေါ့၊ ဒါပေမဲ့ သူက မပြောဘူး"

လျိုမုယန်က သူမ၏ မေးစေ့ကို လက်နှင့်ထောက်ထားရင်း အားကိုးရာမဲ့စွာဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

သူမဖခင်၏ အလုပ်အကိုင်မှာ ပြဿနာတက်နေသလို မိခင်ဖြစ်သူ အသက်မှာလည်း ဆံခြည်မျှင်လေးတစ်မျှင်ပေါ်တွင် တွဲလွဲခိုနေသည်။

ဤကဲ့သို့သော နှစ်ထပ်ကွမ်း ထိုးနှက်ချက်အောက်တွင် သူမအနေဖြင့် ပုံမှန်အတိုင်း စားနိုင်သောက်နိုင်၊ အိပ်နိုင်နေခြင်းမှာပင် အတော်လေး ချီးကျူးစရာ ကောင်းနေပြီဖြစ်သည်။

အကယ်၍ သူမအရွယ် အခြားမိန်းကလေးသာဆိုလျှင် ငိုယိုနေရုံမှတစ်ပါး ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

"ဦးလေး ရာထူးရပ်နားခံရတာက နင်တို့ရဲ့ လူနေမှုဘဝကို ထိခိုက်နိုင်မလား"

သူက အမှန်တော့ ငွေကြေးကိစ္စကို မေးမြန်းနေခြင်းဖြစ်သည်။ ယခုအချိန်တွင် သူတို့နှစ်ဦးလုံး အလုပ်မလုပ်နိုင်ကြသလို လျိုမုယန်မှာလည်း ကျောင်းသူတစ်ဦးသာ ဖြစ်သဖြင့် လျိုမိသားစုမှာ ငွေကြေးစီးဆင်းမှု ပြတ်တောက်နေသည့် အခြေအနေသို့ ရောက်ရှိနေသည်။

"ရပါတယ်၊ ငါ့မိဘတွေမှာ စုဆောင်းထားတာတွေ အများကြီးရှိတယ်၊ ဒီကာလကို ဖြတ်ကျော်ဖို့ လောက်ငပါတယ်"

"တစ်ခုခု အခက်အခဲရှိရင် ငါ့ကို ပြောပါ၊ ငါ ကူညီနိုင်ပါတယ်"

လျိုမုယန်၏ မိသားစုတွင် စုဆောင်းငွေ အမြောက်အမြားရှိသည်ဟူသော စကားကို သူ ယုံကြည်သည်။

ကျောင်းတုန်းကတည်းက ထိုသို့ သတင်းများ ထွက်ခဲ့ဖူးသည်။ ဤထူးချွန်ထက်မြက်သည့် ကျောင်းအလှမယ်၏ ဖခင်မှာ ကုမ္ပဏီကြီးတစ်ခု၏ CEO တစ်ဦး ဖြစ်သည်ဟူ၍။

ယခင်က မတော်တဆ ဆုံတွေ့ခဲ့ဖူးခြင်းမှသည် ယနေ့ သူမဖခင်နှင့် တွေ့ဆုံခဲ့သည်အထိ ကျိုးထျန်းအနေဖြင့် လျိုချန်အန်းထံမှ ခေါင်းဆောင်မှု အရည်အသွေးများကို မြင်တွေ့ခဲ့ရသည်။

သူသည် သာမန် အခြေခံလူတန်းစားတစ်ဦး မဟုတ်သည်မှာ သေချာသည်။ တစ်ခါတစ်ရံတွင် လူတစ်ယောက်၏ ကိုယ်နေဟန်ထားကို ကြည့်ရုံဖြင့် ထိုသူ၏ လူမှုအဆင့်အတန်းကို ခန့်မှန်းနိုင်သည်။

လျိုချန်အန်းမှာ ထိုသို့သော လူမျိုးဖြစ်သည်။ သူသည် သက်သောင့်သက်သာ ရပ်နေသော်လည်း ကျောပြင်မှာမူ အလွန်ပင် မတ်နေသည်။

၎င်းမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသည့် ဟန်ပန်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးပုံရိပ်ကို အထူးဂရုစိုက်သူဖြစ်ကြောင်း ပြသနေသည်။

အောင်မြင်သော လူတစ်ဦးအနေဖြင့် သူသည် စုဆောင်းငွေ အမြောက်အမြား ရှိရမည်ဖြစ်သည်။

သို့သော် လျိုမုယန်မိခင်၏ နေ့စဉ်ဆေးကုသစရိတ်မှာ ထိတ်လန့်စရာကောင်းလောက်အောင် မြင့်မားလှရာ သူတို့မိသားစု ဤအခြေအနေကို မည်မျှအထိ တောင့်ခံနိုင်မည်နည်းဟု သူ တွေးမိသည်။

"သူတို့ တကယ် အခက်အခဲ ကြုံလာတဲ့အခါမှပဲ ဆွေးနွေးကြတာပေါ့။ အခုတော့ ငါ ဘာမှလုပ်ပေးလို့ မရသေးဘူး"

ကျိုးထျန်းက ထိုမျှနှင့်ပင် ရပ်လိုက်သည်။ လျိုမုယန်က ငွေမလိုကြောင်း ပြောထားသည့်အတွက် သူ ထပ်ပြီး မပြောတော့ပေ။ ၎င်းမှာ သူမ၏ မာနနှင့်လည်း သက်ဆိုင်နေသည်။

"မုယန်... ဦးလေးက ဘယ်မှာ အလုပ်လုပ်တာလဲ။ နင် တစ်ခါမှ ပြောတာ မကြားဖူးဘူး"

"အင်း... ငါလည်း သူ့အလုပ်အကြောင်း သိပ်မသိဘူး။ သူက အိမ်မှာ အလုပ်အကြောင်း ဘယ်တော့မှ မပြောဘူးလေ"

"Dalong Technology ဆိုတဲ့ နာမည်ကြီး မိုဘိုင်းဂိမ်းကုမ္ပဏီမှာ အလုပ်လုပ်တယ်ဆိုတာပဲ ငါ သိတယ်။ ဒါပေမဲ့ ငါက မိုဘိုင်းဂိမ်း မကစားတော့ အဲဒီအကြောင်း သိပ်မသိဘူး"

"Dalong Technology" ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ကျိုးထျန်း၏ သူငယ်အိမ်များ ချက်ချင်း ကျုံ့သွားရသည်။

သူသည် ထိုကုမ္ပဏီကို အလွန်ပင် ကောင်းကောင်းသိသည်။ ၎င်းမှာ ယင်းချိုင် နည်းပညာ၏ ပြိုင်ဘက်ဟောင်းကြီး ဖြစ်သည်။

သူ ယင်းချိုင်၏ အပျက်သတင်းများကို အွန်လိုင်းတွင် ဖြန့်ဝေစဉ်က Dalong Technology မှာ အမြဲတမ်း ပထမဆုံး လိုက်လံဝေမျှသူ ဖြစ်ခဲ့သည်။

သူနှင့် ယင်းချိုင်မှာ တိုက်ရိုက် ပြိုင်ဘက်များ ဖြစ်ကြသည်။ သူတို့သည် အွန်လိုင်းပေါ်တွင် အချင်းချင်း အမြဲလိုလို စောင်းမြောင်းပြောဆိုလေ့ရှိကြသလို ကုမ္ပဏီနှစ်ခုကြား ဝန်ထမ်းလုသည့် ကိစ္စများလည်း ခဏခဏ ရှိခဲ့သည်။

သူ ကုမ္ပဏီကို လွှဲပြောင်းရယူပြီးနောက်ပိုင်းတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ Dalong မှ လူများ၊ အထူးသဖြင့် အဓိက ဝန်ထမ်းများကို မြင့်မားသော လစာ၊ ခံစားခွင့်များပေးကာ တွန့်ဆုတ်ခြင်းမရှိဘဲ ခေါ်ယူခဲ့သည်။

Dalong ၏ CEO က မည်သူဖြစ်သည်ကို သူ ဂရုမစိုက်ခဲ့ပေ။ ဂရုစိုက်ခဲ့လျှင်ပင် ၎င်းမှာ လျိုမုယန်၏ ဖခင်ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့မိပေ။

Dalong သည် မကြာသေးမီက "Despair World" အရှုပ်တော်ပုံကြောင့် အထိနာခဲ့ရပြီး ဤကဲ့သို့ အရေးကြီးသော အချိန်တွင် သူတို့၏ CEO ကို ရာထူးမှ ခေတ္တရပ်နားခဲ့သည်။

ဤအရာမှာ အလွန်ထူးဆန်းနေပြီး လုံးဝ ယုတ္တိမရှိပေ။ CEO ဆိုသည်မှာ ကုမ္ပဏီ၏ နေ့စဉ်လုပ်ငန်း ဆောင်တာများကို တာဝန်ယူရသူဖြစ်ရာ သူ မရှိလျှင် ကုမ္ပဏီမှာ လွယ်လွယ်နှင့် ပြိုကွဲသွားနိုင်သည်။

'Dalong ရဲ့ ဆုံးဖြတ်ချက်က ပြဿနာရှိနေပြီ၊ အတော်လေး ပြဿနာရှိနေပြီ။ CEO ကို ရာထူးရပ်နားတာက အတော်လေးပြင်းထန်တဲ့ လုပ်ရပ်ပဲ။ အထူးသဖြင့် လျိုမိသားစု ဒီလောက်ဒုက္ခရောက်နေတဲ့ အရေးကြီးတဲ့ အချိန်မျိုးမှာ ဒါက လုံးဝကို လေးစားမှုမရှိတာပဲ'

'စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ဒါက ငါ့အတွက် အခွင့်အရေး ဖြစ်လာနိုင်တယ်!'

မိုဘိုင်းဂိမ်းဈေးကွက်မှာ အကန့်အသတ်ရှိပြီး အသုံးပြုသူဦးရေမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။

အသုံးပြုသူ အရေအတွက် ပေါက်ကွဲထွက်လောက်အောင် တိုးတက်လာဖို့မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် ဤမိုဘိုင်းဂိမ်းကုမ္ပဏီများသည် ရှိပြီးသား အသုံးပြုသူများထံမှ ဈေးကွက်ဝေစု ပိုမိုရရှိရန် ကြိုးပမ်းကြရသည်။

Dalong မှာ ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ နာမည်နှင့်အညီပင် ၎င်းမှာ လုပ်ငန်းနယ်ပယ်တွင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ကုမ္ပဏီ၏ အရွယ်အစား၊ ဝန်ထမ်းဦးရေနှင့် ဈေးကွက်တန်ဖိုးမှာ ယင်းချိုင်ထက် သုံးဆခန့် ပိုကြီးသည်။ ထို့အပြင် Dalong မှာ စောစီးစွာ စတင်ခဲ့သူဖြစ်ပြီး ယခုထက်ထိ ဝင်ငွေရရှိနေဆဲဖြစ်သော ဂိမ်းပေါင်း ၁၀ ခုခန့် ရှိသည်။

အမြတ်နည်းသော်လည်း ပုံမှန်ရနေခြင်းမှာ ယင်းချိုင်ကဲ့သို့ "Despair World" တစ်ခုတည်းအပေါ် အကုန်ပုံအောထားခြင်းထက် ပို၍ ဘေးကင်းပါသည်။

'ခဏနေရင် ကုမ္ပဏီက သတင်းရနိုင်တဲ့လူတွေကို မေးကြည့်ရမယ်။ သူတို့ Dalong ရဲ့ အတွင်းသတင်းတွေကို သိနိုင်ကောင်း သိနိုင်လိမ့်မယ်'

အခု အရေးအကြီးဆုံးက သူမဖခင် ဘာကြောင့် ရာထူးရပ်နားခံရသလဲဆိုတာကို သိဖို့ပဲ။ ဒါက လျိုမုယန် အတွက်ရော ငါ့အတွက်ရော အရေးကြီးတယ်။

လျိုမုယန်သည် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ သူ တစ်ခုခုကို စဉ်းစားနေသည်မှာ ရှင်းလင်းလှသည်။

"ဘာဖြစ်လို့လဲ။ နင် Dalong Technology နဲ့ အဆက်အသွယ် ရှိလို့လား"

"အင်း... အဲလိုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီအကြောင်း အမြဲကြားဖူးနေလို့ပါ။ ဦးလေးက Dalong ရဲ့ အဆင့်မြင့် အရာရှိတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ အဲဒါကြောင့် အံ့ဩသွားတာ"

လျိုမုယန်၏ ပါးလေးကို လိမ်ဆွဲလိုက်သည်။

"နင်က ဒီလောက် ချမ်းသာပြီး လှပတဲ့ ဒုတိယမျိုးဆက် သူဌေးသမီးလေး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ငါသာ ကြိုသိရင် ကိုယ်တိုင် ပိုက်ဆံရှာမနေတော့ဘူး၊ နင့်အနားမှာပဲ ကပ်စားနေလိုက်မှာ အများကြီး ပိုကောင်းမှာပဲ"

"ငါက ဒုတိယမျိုးဆက် သူဌေးသမီး မဟုတ်ပါဘူး။ ငါတို့မိသားစုက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှ ပြေလည်လာတာပါ။ အရင်ကတော့ သာမန်ပါပဲ"

"မုယန်... နင် 'သာမန်' ဆိုတဲ့ စကားလုံးကို နားလည်မှု လွဲနေပြီထင်တယ်"

ကျိုးထျန်း မိမိကိုယ်ကိုယ် ညွှန်ပြလိုက်သည်။

"ငါ့မိသားစုလိုမျိုးကိုမှ သာမန်လို့ ခေါ်တာ"

အနီးအနားတွင် စောင့်နေသော မန်နေဂျာမှာ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

'ဒီနှစ်ယောက် ဘယ်သူ့ကို ကြွားနေကြတာလဲ။ ဒီမှာ လာစားနိုင်တာကိုက သာမန်မဟုတ်တော့ဘူးလေ'

ထမင်းစားပြီးနောက် သူသည် သူမကို ဟိုတယ်သို့ ပြန်ပို့ပေးခဲ့ပြီး အပေါ်သို့ လိုက်မသွားဘဲ ထွက်လာခဲ့သည်။

ကားမောင်းနေစဉ်အတွင်း သူသည် ထျန်းချိုင် နည်းပညာ၏ ယာယီအထွေထွေမန်နေဂျာထံ ဖုန်းခေါ်ဆိုလိုက်သည်။

ဤလုပ်ငန်းနယ်ပယ်မှ ဝါရင့်ပုဂ္ဂိုလ်များတွင် ကိုယ်ပိုင် အဆက်အသွယ်ကွန်ရက်များနှင့် ကျယ်ပြန့်သော ပတ်သက်မှုများ ရှိကြသည်။

ဥပမာအားဖြင့် ယင်းချိုင်၏ ဒုတိယအထွေထွေမန်နေဂျာဟောင်း ဖြစ်ခဲ့ဖူးသော ချန်ကွမ်ချီသည် အခြားကုမ္ပဏီများရှိ တူညီသောအဆင့်မှ ဝန်ထမ်းများစွာကို သိကျွမ်းသည်။

အတွင်းသတင်းများ စုဆောင်းရာတွင် သူတို့၏ အရည်အချင်းမှာ ဂျက်ဆီထက် များစွာသာလွန်သည်။

အဘယ်ကြောင့်ဆိုသော် ဂျက်ဆီ က ကိန်းဂဏန်းများနှင့် စာသားအချက်အလက်များကိုသာ ပေးနိုင်သော်လည်း သူတို့ကမူ သိမ်မွေ့သော သဲလွန်စများမှတစ်ဆင့် အတွင်းသဘောကို သိမြင်နိုင်သောကြောင့် ဖြစ်သည်။

နာရီဝက်ခန့်အကြာ သူ ကားကို Jinshidai Plaza တွင် ရပ်လိုက်ချိန်၌ ချန်ကွမ်ချီ ပြန်လည်ဖုန်းဆက်လာသည်။

"ဥက္ကဋ္ဌကျိုး... ကျွန်တော့်ကို စုံစမ်းခိုင်းထားတဲ့ကိစ္စ တိုးတက်မှု ရှိပါတယ်"

ဖုန်း၏ အခြားတစ်ဖက်တွင် ရာထူးထက် ဆံပင်က ပိုပြီး ပါးနေပြီဖြစ်သော မန်နေဂျာချန်က ကျိုးထျန်းကို လေးစားစွာဖြင့် အစီရင်ခံနေသည်။

သူသည် ကျိုးထျန်းမှာ အသက်မကြီးသေးဘဲ သူ့ သားထက် နှစ်အနည်းငယ်မျှသာ ပိုကြီးလိမ့်မည်ဖြစ်ကြောင်း သိထားသည်။ သို့သော် ကျိုးထျန်းမှာ ယခုအခါ အလုပ်ရှင် ဖြစ်နေပြီဖြစ်ရာ သူသည် မိမိ၏ နေရာကို လက်ခံထားပြီးဖြစ်သည်။

အသေးစိတ်ကို မသိသော်လည်း "Despair World" ၏ Database ဖျက်ဆီးခံရမှု နောက်ကွယ်တွင် ကျိုးထျန်း ရှိနေလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။

ဤကဲ့သို့ ဖျက်ဆီးနိုင်စွမ်းရှိသူနှင့် ရင်ဆိုင်ရချိန်တွင် သူသည် ခပ်နိမ့်နိမ့်သာ နေရန်ရွေးချယ်ခဲ့သည်။

ထို့အပြင် သူတို့ပေးသည့် လစာမှာလည်း သူလိုချင်သည်ထက်ပင် ပိုနေသေးရာ မည်သူ့အတွက် အလုပ်လုပ်ပေးရသည်က ဘာထူးခြားသနည်း။

"ပြောပါ၊ ငါ နားထောင်နေတယ်"

ကျိုးထျန်း အသက်ကြီးသည့်ပုံစံ ပေါက်စေရန် အသံကို နိမ့်၍ ပြောလိုက်သည်။

"ကျွန်တော် Dalong ရဲ့ HR မန်နေဂျာနဲ့ ဆက်သွယ်ပြီး အတူတူသောက်ရင်း ဘာဖြစ်ခဲ့သလဲဆိုတာ အခြေခံအားဖြင့် နားလည်လိုက်ပါပြီ"

"ဒီကိစ္စက လုပ်ငန်းနယ်ပယ်ထဲမှာ လူတိုင်း သိသလောက် ဖြစ်နေပြီဆိုတော့ သူကလည်း ကျွန်တော့်ကို ပြောပြဖို့ သဘောတူခဲ့ပါတယ်"

"Dalong ဟာ မကြာသေးမီက ကျွန်တော်တို့ရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရလို့ သူတို့ရဲ့ ခြေကုပ်ကို ပြန်ရဖို့အတွက် အကြီးစားဂိမ်းတစ်ခု ထုတ်ဝေဖို့ ပြင်ဆင်နေခဲ့တာပါ"

"တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ တီထွင်နေတဲ့ 2D ဂိမ်းတစ်ခုဟာ ၉၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီဖြစ်ပြီး Open Beta စတင်ဖို့ ပြင်ဆင်နေပါပြီ"

"သူတို့က ဒီဂိမ်းကို သုံးပြီး 'Despair World' ရဲ့ လူကြိုက်များမှုကို ပိတ်ဆို့ဖို့ မူလက စီစဉ်ထားခဲ့တာပါ။ အားလုံးက အဆင်သင့်ဖြစ်နေပါပြီ"

"Open Beta ကိုလည်း 'Despair World' တရားဝင် စတင်မယ့်အချိန်နဲ့ တိုက်ဆိုင်ပြီး လုပ်ဖို့ ရည်ရွယ်ထားတာပါ"

"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ Infinite Technology ဆိုတဲ့ ကုမ္ပဏီကနေ သူတို့နဲ့ ပုံစံတူ ဂိမ်းတစ်ခုကို ရုတ်တရက် ထုတ်ဝေလိုက်ပြီး သူတို့ထက်စောပြီး Open Beta စတင်လိုက်ပါတယ်"

"အခုတော့ အဲဒီဂိမ်းရဲ့ Source Code နဲ့ အဓိက အချက်အလက်တွေ အကုန်လုံး ပေါက်ကြားသွားပြီဆိုတာ အတည်ပြုနိုင်ပါပြီ။ Dalong ရဲ့ ဆုံးရှုံးမှုက တွက်ချက်လို့ မရနိုင်အောင်ပါပဲ။

ဒါရိုက်တာဘုတ်အဖွဲ့က အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး လျိုချန်အန်းကို ချက်ချင်း ရာထူးရပ်နားလိုက်ပါတယ်။

လျိုချန်အန်းရဲ့ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထားတွေကို ရှာဖွေဖို့အတွက် အထူးစစ်ဆေးရေးနဲ့ သတင်းအချက်အလက် နည်းပညာ ကုမ္ပဏီတွေကိုလည်း ငှားရမ်းပြီး စုံစမ်းခိုင်းထားပါတယ်"

"Dalong ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့က ဥပဒေရေးရာ အဖွဲ့တစ်ခုကို ငှားရမ်းထားပြီးပြီဖြစ်သလို တရားစွဲဆိုဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ ကြားရပါတယ်။

အဲဒါက Infinite Technology ကို ရည်ရွယ်တာလား ဒါမှမဟုတ် လျိုချန်အန်းကိုလား ဆိုတာတော့ ကျွန်တော် မသိသေးပါဘူး"

All Chapters