အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
🍋 Chapter 117
"စားသောက်ဆိုင်တစ်ခုတွင် အမျိုးသားတစ်ဦး ဆူပူသောင်းကျန်းခဲ့ပြီး မောက်မာသော စကားများကို ပြောကြားခဲ့ 'တရုတ်ပြည်မှာ ငါမရနိုင်တဲ့ မိန်းမဆိုတာမရှိဘူး!'"
ဤသတင်းခေါင်းစဉ်သည် အင်တာနက်စာမျက်နှာပေါ်တွင် ချက်ချင်းပွက်လောရိုက်သွားစေသည်။
တရုတ်လူထုသည် ထုံးစံအတိုင်း ပွဲကြည့်ရသည်ကို ဝါသနာပါကြပြီး အထူးသဖြင့် ဤကဲ့သို့သော ပွဲမျိုးကို ပိုစိတ်ဝင်တစားရှိကြပေသည်။
ဆိုရိုးစကားရှိသည်မဟုတ်ပါလား၊ သတင်းကောင်းသည် အိမ်ပြင်မထွက်သော်လည်း သတင်းဆိုးမှာမူ မိုင်ပေါင်းထောင်ချီ ပျံ့နှံ့တတ်သည်ဟု။
လူအများစုမှာ စံပြဖြစ်လောက်သည့် သတင်းကောင်းများကို စိတ်မဝင်စားကြသော်လည်း ဤကဲ့သို့ မောက်မာရိုင်းစိုင်းလှသည့် စကားလုံးများကမူ လူပေါင်းသန်းနှင့်ချီကို ၎င်းတို့၏ ဖုန်းနှင့် ကွန်ပျူတာများရှေ့သို့ ဆွဲဆောင်နိုင်ခဲ့သည်။
"ဒါက ၂၀၂၀ ခုနှစ်နော်၊ အခုထိ ဒီလိုလူမျိုးတွေ ရှိသေးတာလား။ သူ့အဖေက ဘယ်လိုအရှိန်အဝါကြီးတဲ့သူမို့လို့လဲ"
"ဒီကောင်ကတော့ အပြောကြီးလှချင်လား။ 'ငွေလှံရှင် သူပုန်လေး' လို့ ကိုယ့်ကိုယ်ကိုယ် တင်စားခဲ့တဲ့ကောင်တောင် သူ့သူငယ်ချင်းတွေနဲ့အတူ အဖမ်းခံလိုက်ရပြီဆိုတာ သူ မသိဘူးထင်တယ်"
"လူပုံအလယ်မှာ ဒီလိုပြောရဲတယ်ဆိုတော့ သူ့ရဲ့ နောက်ခံကတော့ သာမန်မဟုတ်လောက်ဘူး"
သတင်းခေါင်းစဉ်တစ်ခုတည်းနှင့်ပင် လူပေါင်းများစွာမှာ သူ့ သရုပ်မှန်ကို အမျိုးမျိုး ခန့်မှန်းနေကြပြီ ဖြစ်သည်။
ဗီဒီယိုကို နှိပ်ကြည့်လိုက်ချိန်တွင်မူ ပိုတုန်လှုပ်ဖွယ်ကောင်းသော မှတ်ချက်များ ထွက်ပေါ်လာတော့သည်။
"မင်း ဒီစားသောက်ဆိုင်ကနေ ဘယ်တော့မှ ထွက်မသွားနိုင်အောင် ငါလုပ်နိုင်တယ်ဆိုတာ ယုံလား"
"သုံးရက်အတွင်းမှာ မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး 'လက်နက်ချပါတယ်' လို့ သီချင်းဆိုလာအောင် ငါလုပ်ပြမယ်"
"ဖုန်းတစ်ချက်တည်းနဲ့ မင်းတို့အားလုံး ထောင်ထဲရောက်သွားမယ်၊ ယုံလား မယုံဘူးလား"
...
ဤစကားလုံးများမှာ Huanxi ရုပ်ရှင်ထုတ်လုပ်ရေးမှ အယ်ဒီတာများက ချန်လှပ်ကာ လူတိုင်း မြင်နိုင်စေရန် တည်းဖြတ်ထားခြင်းဖြစ်၏။
ထို့အပြင် ဗီဒီယိုထဲ၌ မာခွန်းမှအပ ကျန်ရှိနေသူအားလုံးကို ဝေဝါးအောင် ပြုလုပ်ထားသည်။
၎င်းမှာ မာခွန်း၏ပုံရိပ်ကို ပိုမိုပေါ်လွင်စေရန် တမင်တကာ လုပ်ဆောင်ထားခြင်းပင်။
ကျိုးထျန်းသည် ဤဗီဒီယိုကို ချန်ကျဲဆီသို့ ပေးပို့ခဲ့ပြီး ချန်ကျဲမှ ထိုင်ဝမ်အင်တာနက် စာမျက်နှာများပေါ်တွင် အရင်ဆုံး လွှင့်တင်လိုက်သည်။
ထို့နောက်မှ တရုတ်ပြည်မကြီး မီဒီယာများက တစ်ဆင့်ပြန်လည် မျှဝေကြခြင်း ဖြစ်သည်။
ဤသို့ဖြင့် ထိုဗီဒီယိုကို ပြည်တွင်းမှ စတင်ဖြန့်ဝေခြင်း မဟုတ်သယောင် ဟန်ဆောင်နိုင်ခဲ့သည်။
အချို့ကိစ္စများတွင် အာဏာပိုင်များ၏ မျက်နှာကို ထောက်ထားရန်လိုအပ်၏။ လူမှုပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်နိုင်သည့် အရာတစ်ခုကို ပြည်တွင်း၌ တိုက်ရိုက်တင်လိုက်ပါက စုံစမ်းစစ်ဆေးခံရနိုင်သလို မေးမြန်းရန်အတွက် ခေါ်ယူခြင်းလည်း ခံရနိုင်ပေသည်။
ဤသို့ လှည့်ပတ်လုပ်ဆောင်ခြင်းဖြင့် အချို့သောသူများမှာလည်း အထက်လူကြီးများကိုပြန်လည်ရှင်းပြရန် ဆင်ခြေတစ်ခုရရှိသွားသည်။
"ကျွန်တော်တို့မှာလည်း ရွေးချယ်စရာမရှိလို့ပါ၊ ဒါ တရုတ်ပြည်ကလူတွေ လုပ်တာမှ မဟုတ်တာ"
ဤနည်းဖြင့် အချို့သော ဌာနများမှာ ပါဝင်ပတ်သက်ခြင်းမှ ရှောင်လွှဲနိုင်မည်ဖြစ်သည်။ အကယ်၍ ထိုဌာနများက ပါဝင်လာပါက ကျိုးထျန်းလိုချင်သည့် ထိရောက်မှုမျိုးကို ရရှိတော့မည် မဟုတ်ပေ။
ဗီဒီယိုထဲ၌ မာခွန်း၏မျက်နှာထားမှာ အလွန်မောက်မာရိုင်းစိုင်းနေသည်။
သူ့ ပုံပန်းသဏ္ဌာန်မှာလည်း အများလက်ခံထားသည့် အလှအပစံနှုန်းနှင့် ကိုက်ညီမှု မရှိပေ။
သာမန်လူငယ်တစ်ယောက်က စိန်နားကပ် နှစ်ဖက်ဝတ်ထားရသလား။
လူအများစုမှာ သူ့ကို ကြည့်ရုံနှင့်ပင် စိတ်ပျက်သွားကြပေလိမ့်မည်။ ဤအမျိုးအမည်မသိသည့် လူထူးလူဆန်းက ဘယ်သူလဲဟု တွေးမိကြမည်မှာ အသေအချာပင်။
သူ၏ "မိုက်မဲလှသော စကားများ" နှင့် ပေါင်းစပ်လိုက်သောအခါ မာခွန်းသည် ရက်စက်ကြမ်းကြုတ်သည့် "သူဌေးသား ဒုတိယမျိုးဆက်" ပုံရိပ်ကို အပိုင်စီးလိုက်နိုင်ပြီ ဖြစ်သည်။
"ဟာ... ဒီကောင်ကတော့ တကယ်ကို ဟုတ်နေတာပဲ၊ လျိုဟွာချောင် ဝင်စားနေတာလား အောက်မေ့ရတယ်"
"သူ့မှာ နောက်ခံအင်အား တစ်ခုခုတော့ ရှိရမယ်။ ဒီ Weibo Post တွေ ပြန်ကျမသွားအောင် ငါတို့ ဝိုင်းဝန်းပြီး သူ့ရဲ့ ကျောထောက်နောက်ခံတွေကို စုံစမ်းကြရအောင်"
"ကြည့်ရတာတော့ ဘယ်လိုမှ လူကောင်း မဟုတ်နိုင်ဘူး"
"ဟုတ်တယ်၊ စကားပြောတာကို ကြည့်ဦး၊ ဓားပြတွေထက်တောင် ဆိုးနေသေးတယ်"
"ဒါက တရုတ်ပြည်နော်၊ ဂျပန်လည်း မဟုတ်ဘူး၊ အရှေ့တောင်အာရှက နိုင်ငံလေးတွေလည်း မဟုတ်ဘူး။ ငါတို့ဆီမှာ လူမိုက်ဂိုဏ်းတွေ မရှိဘူး။ ဒီလိုစကားမျိုး ပြောတာက လူတွေကို ဖုန်မှုန့်လို သဘောထားနေတာပဲ"
"လုံခြုံရေးတွေကို ဆက်ဆံတဲ့ပုံကို ကြည့်ဦး။ သူတို့က စည်းကမ်းအတိုင်း ယဉ်ယဉ်ကျေးကျေး လုပ်နေတာကို သူက ထောင်ထဲထည့်မယ်တဲ့၊ အဲ့ဒီထောင်က သူ့အပိုင်လား"
"သူကတော့ လူကောင်းမဟုတ်တာ သေချာတယ်၊ သူဌေးသား အလေအလွင့် ဖြစ်ရမယ်"
"အပေါ်ကလူတွေ အားလုံး စကားကိုဆင်ခြင်ကြနော်။ သတိထားဦး၊ သူက အထက်လူကြီးတွေနဲ့ ပတ်သက်နေရင် တစ်ယောက်ယောက်က ခင်ဗျားတို့အိမ်တံခါးကို လာခေါက်နေဦးမယ်"
...
သူ့မျက်နှာကို တိုက်ရိုက်ဖော်ပြထားသည့် ဤဗီဒီယိုများကြောင့် မကြာခင်မှာပင် သူ့ နောက်ကြောင်းများမှာ အွန်လိုင်းပေါ်တွင် ဖွေရှာခံလိုက်ရတော့သည်။
နာရီဝက်မပြည့်မီမှာပင် မာခွန်း၏နောက်ခံအကြောင်းအရာ အမျိုးမျိုးမှာ ဗားရှင်းပေါင်း ဆယ်ခုထက်မက ထွက်ပေါ်လာပြီး တစ်ခုထက်တစ်ခု ပိုထိတ်လန့်စရာ ကောင်းလှသည်။
မီးကတော့ စတင်တောက်လောင်နေပြီ ဖြစ်ရာ အရှိန်ပိုကောင်းလာစေရန် လောင်စာထပ်ဖြည့်ဖို့ လိုအပ်ပေသည်။
ကျိုးထျန်းသည် ချန်ကျဲ ကို မာခွန်း၏မိသားစုအချက်အလက်များ၊ အထူးသဖြင့် သူ ရင်းနှီးမြှုပ်နှံထားသည့် ရုပ်ရှင်များနှင့် မကြာခင်ရုံတင်မည့် ဟာသရုပ်ရှင်ကြားက ပတ်သက်မှုများကို လူမှုကွန်ရက်ပေါ်တွင် တင်ခိုင်းလိုက်သည်။
ကျိုးထျန်းကမူ မနေ့ညက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သော်လည်း ရှန်ဟိုင်းမှာ ရှိနေသည့် မာခွန်းကတော့ ရူးမတတ်ဖြစ်နေသည်။
"ဘယ်သူ ငါ့ကို လာကစားနေတာလဲ!"
"ဒါ ဟိုမိန်းမ ကျောက်ရှင်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်၊ သေချာတယ်၊ ငါ နင့်ကို သတ်ပစ်မယ်!"
သူသည် သူ့တိုက်ခန်းထဲရှိ စားပွဲ၊ ကုလားထိုင်များကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်ပြီး ဝီစကီတစ်ပတ်ကိုလည်း တစ်ကျိုက်တည်း မော့ပစ်လိုက်သည်။
မည်မျှပင် သောက်သော်ငြား သူ့ ဒေါသမှာမူ ငြိမ်ကျမသွားပေ။
နောက်ဆုံးတွင် သူသည် ဖုန်းကို ကောက်ကိုင်ကာ တစ်စုံတစ်ယောက်ထံ ဖုန်းခေါ်လိုက်၏။
"ဟေး... အစ်ကိုကြီးမာ၊ ဘာကိစ္စရှိလို့လဲ"
တစ်ဖက်မှ ဆွဲဆောင်မှုရှိသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
"အခုချက်ချင်း ဒီကိုလာခဲ့၊ ငါ စိတ်အရမ်းတိုနေလို့ တစ်ခုခုလုပ်ပစ်ရမှ ဖြစ်မယ်"
"အစ်ကိုကြီးမာ စိတ်မဆိုးပါနဲ့၊ အွန်လိုင်း သတင်းတွေကို ကျွန်မ တွေ့ပြီးပါပြီ။ ဘာမှမဖြစ်ပါဘူး၊ အခြေအနေတွေ အေးဆေးသွားရင် ဒါတွေက ကိစ္စအသေးအမွှားလေးတွေ ဖြစ်သွားမှာပါ"
"ဘာတွေ လာပြောနေတာလဲ၊ ဒါတွေ ငါ့ကို လာပြောဖို့ မလိုဘူး။ အခုချက်ချင်း လာခဲ့!"
ဖုန်းတစ်ဖက်မှလူမှာ ဟာသရုပ်ရှင်၏ ဒုတိယမင်းသမီးဖြစ်သူ ရှာလိုင်ပင်။
သူမသည် လူသိနည်းသော သရုပ်ဆောင်တစ်ဦးဖြစ်သော်လည်း မာခွန်းနှင့် ပတ်သက်မှုကြောင့်သာ ဤကဲ့သို့ ငွေပုံအောသုံးထားသည့် ရုပ်ရှင်တွင် ပါဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူမသည် မာခွန်း၏အလိုကျကို အမြဲတမ်းဖြည့်ဆည်းပေးရသူလည်းဖြစ်၏။
သူမသည် အလှပြင်လိုက်ပြီးနောက် မာခွန်း နေအိမ်သို့ တက္ကစီဖြင့် ချက်ချင်းထွက်လာခဲ့တော့သည်။
...
တစ်ညတာ ကုန်လွန်သွားပြီးနောက် ဤကိစ္စမှာ ပိုမိုကြီးထွားလာခဲ့သည်။
လူမှုပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများရှိနေသဖြင့် အာဏာပိုင်များက လူထုသို့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်ရသည်။
ထိုထုတ်ပြန်ချက်တွင် မာခွန်း၏သရုပ်မှန်နှင့် သူ့ ကုမ္ပဏီ အသေးစိတ်အချက်အလက်များကို ရှင်းလင်းဖော်ပြထားသည်။
ဤသည်မှာ အွန်လိုင်းပေါ်တွင် ပိုဆူညံသွားစေခဲ့သည်။
မနေ့ညက မာခွန်းသည် ယင်းချိုင်၏ အကြီးအကဲဖြစ်ကြောင်းနှင့် ယင်းချိုင်သည် "Northern Journey" (မြောက်ပိုင်းခရီးစဉ်) ဟာသရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံထားကြောင်း ပြောဆိုချက်များ ရှိခဲ့သည်။
ယခုအခါတွင်မူ ထိုအချက်မှာ အတည်ဖြစ်သွားပြီပင်။
မာခွန်းအပေါ် ဝေဖန်မှုများမှာ ရုပ်ရှင်ဆီသို့ ကူးစက်သွားတော့သည်။
ထိုရုပ်ရှင်တွင် ပါဝင်သည့် နာမည်ကြီး သရုပ်ဆောင်များ၏ဖန်များမှာ အွန်လိုင်းပေါ်တွင် ရန်လိုတတ်ပြီး အနိုင်ကျင့်တတ်ခြင်းကြောင့် လူထု၏ငြိုငြင်မှုကို ခံနေရသည်မှာ ကြာပြီ ဖြစ်သည်။
ယခုအခါတွင်မူ ၎င်းတို့၏အိုင်ဒေါများကို ဝေဖန်ရန်အတွက် အကောင်းဆုံး အခွင့်အရေးကို ရရှိသွားကြပြီဖြစ်၏။
အွန်လိုင်းပေါ်တွင် အပြင်းအထန် တိုက်ခိုက်မှုများ တရားဝင်စတင်ခဲ့လေပြီ ဖြစ်သည်။
အွန်လိုင်းပေါ်မှ ဆူညံသံများကိုကြည့်ရင်း ကျိုးထျန်း တအံ့တသြ ရေရွတ်လိုက်သည်။
"ဒါက ငါထင်ထားတာထက်တောင် ပိုပြင်းထန်နေပါလား။ ဒီနာမည်ကြီး သရုပ်ဆောင်တွေက တကယ့်ကို မခေဘူးပဲ၊ သူတို့ရဲ့ ဖန်တွေကလည်း ထိပ်တန်းတိုက်ခိုက်ရေးသမားတွေချည်းပဲ"
"ပိုကောင်းတာပေါ့၊ ပွဲက ပိုကြီးလေလေ ငါ့အတွက် ပိုအကျိုးရှိလေလေပဲ"
မကြာခင်မှာပင် မာခွန်းဖခင်ဖြစ်သူ မာကျန်းဟဲ အကြောင်းမှာလည်း ပေါ်ပေါက်လာခဲ့သည်။
သူ့ သရုပ်မှန်ကြောင့် မာခွန်းသည် မောက်မာသည့် သူဌေးသားဖြစ်ကြောင်း ပိုသေချာသွားစေခဲ့သည်။
"တောက်... သူက ကျောက်မီးသွေးတွင်းပိုင်ရှင်ရဲ့ သားကိုး မောက်မာတာ မပြောနဲ့တော့"
"သူတို့က ရှန်ဟိုင်းကို သူတို့ရဲ့ ဇာတိရွာလိုများ ထင်နေကြတာလား၊ နယ်ခံလူမိုက်တွေကျလို့"
"အမလေး... မာကျန်းဟဲက ဘီလျံနာကြီးလား။ တရုတ်ပြည်က ချမ်းသာတဲ့သူတွေက အဲ့လောက်တောင် ချမ်းသာကြတာလား"
ရှီးရှန်းဒေသ၌ ရှိနေသည့် မာကျန်းဟဲမှာမူ အသက် ၇၀ နီးပါး ရှိမှ ဤကဲ့သို့ ကပ်ဆိုးမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပေ။
သူသည် သူ့သားဖြစ်သူ ချန်ခဲ့သည့် အရှုပ်ထုပ်များကို အမြန်ဆုံး ရှင်းလင်းရန်လိုအပ်သည်။
သူသည် သူ့ လူရင်းများနှင့် ဆက်သွယ်ကာ မီဒီယာများမှတစ်ဆင့် သတင်းများကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် လူအများ၏အာရုံကို လွှဲပြောင်းရန်အတွက် အကြံတစ်ခုရရှိသွားခဲ့၏။
နာရီအနည်းငယ် အကြာတွင် ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေး၏ တရားဝင် Weibo အကောင့်မှ သတင်းတစ်ခု တင်လိုက်သည်။
ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေးသည် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို ပေါက်ကြားစေမှုဖြင့် Baoge ရှန်ဟိုင်းအရောင်းဆိုင်ကို တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်းပင်။
ထို Weibo Post တွင် ဗီဒီယိုကို တမင်တကာ တည်းဖြတ်ထားခြင်း ဖြစ်ပြီး မစ္စတာမာခွန်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
တစ်ပြိုင်နက်တည်းမှာပင် Baoge ၏လျှို့ဝှက်ချက် ထိန်းသိမ်းမှုဆိုင်ရာ ပြဿနာများကို ဆွေးနွေးသည့် Post များစွာ Weibo ပေါ်တွင် ထွက်ပေါ်လာသည်။
ဟိုတယ်၏စောင့်ကြည့်ကင်မရာ မှတ်တမ်းမှာ အဘယ်ကြောင့် ပေါက်ကြားခဲ့သနည်း။ မည်သူက အွန်လိုင်းပေါ်သို့ တင်ခဲ့သနည်း။
အမှန်စင်စစ် ဤလူများမှာ လူထု၏အာရုံကို တခြားတစ်ဖက်သို့ လွှဲရန်အတွက် မာကျန်းဟဲ ငှားရမ်းထားသူများသာ။
သို့သော် သူ ထည့်မတွက်မိခဲ့သည့် အချက်တစ်ခုမှာ Baoge ၏ဥက္ကဋ္ဌမှာ သူ့ထက်ပင် ပိုရက်စက်တတ်သည့် အမျိုးသမီးတစ်ဦးဖြစ်နေခြင်းပင်။
🍋 Chapter 118
ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေးမှ Baoge ကို တရားစွဲဆိုမည်ဟု ကြေညာပြီး နာရီဝက်အကြာတွင် Baoge ၏ တရားဝင် Weibo အကောင့်၌လည်း ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"လတ်တလော အွန်လိုင်းတွင် ဖြစ်ပွားနေသော ကိစ္စရပ်နှင့် ပတ်သက်၍ Baoge ဟိုတယ်အုပ်စု၏ ထုတ်ပြန်ချက်"
"ပထမဦးစွာ၊ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် မစ္စတာမာခွန်းမှ သူတစ်ပါးကို ဆဲဆိုရိုင်းစိုင်းခဲ့သည့် ဖြစ်စဉ်သည် ရှန်ဟိုင်းရှိ Baoge အရောင်းဆိုင်တွင် အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။"
"ဒုတိယအချက်မှာ၊ ဖြစ်စဉ်အခြေခံအချက်အလက်များမှာ မှန်ကန်ပါသည်။ မစ္စတာမာခွန်းကို ကျွန်ုပ်တို့၏လုံခြုံရေးဝန်ထမ်းများက ဟိုတယ်စားသောက်ဆိုင်အတွင်းမှ အပြင်သို့ခေါ်ထုတ်ခဲ့ရပါသည်။"
"တတိယအချက်အနေဖြင့်၊ ယနေ့မှစတင်၍ Baoge ဟိုတယ်အုပ်စုသည် မစ္စတာမာခွန်းကို နာမည်ပျက်စာရင်း သွင်းလိုက်ပြီဖြစ်သည်။ Baoge အုပ်စုလက်အောက်ရှိ မည်သည့်ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဖျော်ဖြေရေးနေရာများကမျှ မစ္စတာမာခွန်းကို ဝန်ဆောင်မှုပေးတော့မည် မဟုတ်ပါ။"
"စတုတ္ထအချက်အနေဖြင့်၊ ဟိုတယ်၏စောင့်ကြည့်ကင်မရာ မှတ်တမ်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့ကုမ္ပဏီမှ လက်ရှိတွင် စုံစမ်းစစ်ဆေးနေပြီး လိုအပ်ပါက သက်ဆိုင်ရာဌာနများသို့ ဗီဒီယိုမှတ်တမ်း အပြည့်အစုံကိုပေးအပ်သွားမည် ဖြစ်ပါသည်။"
"ပဉ္စမအချက်မှာ၊ ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေး၏တရားစွဲဆိုမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် Baoge အုပ်စုသည် မစ္စတာမာခွန်းနှင့် ဆွေးနွေးညှိနှိုင်းရန် ရှေ့နေအဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည် ဖြစ်ပါသည်။"
"Baoge အုပ်စုသည် သုံးစွဲသူအားလုံးကို အကောင်းဆုံးဝန်ဆောင်မှုများ ပေးအပ်ရန် အမြဲတမ်း အလေးထားပါသည်။ ဧည့်သည်တော်အားလုံး၏ဘေးကင်းလုံခြုံမှုနှင့် စိတ်ကျေနပ်မှုကို ဆက်လက် အာမခံသွားမည် ဖြစ်ပါသဖြင့် စိတ်အေးချမ်းသာစွာ အနားယူနိုင်ပါသည်။"
ဤကြေညာချက်မှာ အတော်လေး ပြင်းထန်လှပြီး အထူးသဖြင့် တတိယအချက်မှာ ဟယ်ဝေရွှမ်း ၏ လက်ချက်ဖြစ်သည်မှာ အသေအချာပင်။
ကျိုးထျန်းသည် ထိုကြေညာချက်ကို ဖတ်ပြီးနောက် ရယ်မောလိုက်၏။
"ဒီမိန်းမကတော့ တကယ်ကို ရက်စက်တာပဲ၊ အလျော့ပေးဖို့ နေနေသာသာ၊ မာခွန်းကို တိုက်ရိုက်ပိတ်ပင်ပြီး သူ့ရဲ့ ရပ်တည်ချက်ကို ပြလိုက်တာပဲ"
"BaoGe ကအမြဲတမ်း နာမည်ကောင်းရှိတဲ့နေရာပဲ၊ ပြီးတော့ လူထုရဲ့ စိတ်ထဲမှာလည်း မာခွန်းက အမှားလုပ်ထားတာလေ။
အခု BaoGe ကပါ ဒီလို ထုတ်ပြန်လိုက်တော့ မာခွန်းက ရိုင်းစိုင်းတဲ့ စကားတွေ ပြောခဲ့တယ်ဆိုတာကို ပိုပြီးအတည်ပြုပေးလိုက်သလို ဖြစ်သွားတာပေါ့"
"ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေးက Bao Ge ကို တရားစွဲချင်တယ်ဆိုတော့ ဒီမိန်းမက ရှေ့နေအဖွဲ့ကို တိုက်ရိုက်လွှတ်ပြီး ညှိနှိုင်းခိုင်းတယ်ပေါ့"
"သူက တကယ်ပဲ ညှိနှိုင်းချင်တာဆိုရင် ရှေ့နေအဖွဲ့ လိုဦးမလား၊ ပြီးတော့ လူတိုင်းသိအောင် အခုလို လူသိရှင်ကြား ကြေညာနေဖို့ရော လိုလို့လား"
"ဒါက တစ်ဖက်လူကို ဗြောင်ကျကျ ခြိမ်းခြောက်လိုက်တာပဲ။ 'စွဲချင်စွဲ၊ ငါ မကြောက်ဘူး' ဆိုတဲ့ သဘောကို ပြလိုက်တာ"
ဤကဲ့သို့ပြတ်သားလှသော ကြေညာချက်မျိုးကို ဟယ်ဝေရွှမ်း ကသာ စီစဉ်နိုင်ပေလိမ့်မည်။
၎င်းမှာ သူမ၏ပင်ကိုယ်စရိုက်နှင့်လည်း လုံးဝထပ်တူကျလှသည်။
ထို့ပြင် ပွဲကြည့်ပရိသတ်များ၏မျှော်လင့်ချက်နှင့်လည်း ကိုက်ညီနေပေသည်။
"Baoge ကတော့ လန်းတယ်ဟေ့!"
"ဒီလိုအမှိုက်မျိုးကို နာမည်ပျက်စာရင်း သွင်းပစ်တာ မှန်တယ်!"
"နောက်ဆို ငါ ခရီးသွားရင် Baoge ဟိုတယ်တွေမှာပဲ တည်းတော့မယ်"
"ဒီလို အလေအလွင့်ကို မကြောက်မရွံ့ နှင်ထုတ်ရဲတယ်ဆိုကတည်းက Baoge ရဲ့ ဝန်ဆောင်မှုက တကယ့်ကို အဆင့်မြင့်တာပဲ၊ တစ်ခါလောက်တော့ သွားစမ်းကြည့်ရမယ်"
"ဒီအလေအလွင့်က တရားစွဲဦးမလို့တဲ့လား၊ အခုတော့ ပျားအုံကို တုတ်နဲ့ ထိုးလိုက်သလို ဖြစ်သွားပြီ"
"Baoge ရဲ့ ကြေညာချက်က မာခွန်းကို ထိပ်တိုက်ရင်ဆိုင်လိုက်တာပဲ၊ ရှေ့ဆက် ဘာဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့"
...
အင်တာနက်ပေါ်တွင် လူအများက Baoge ကို ဝိုင်းဝန်းချီးကျူးကြပြီး မတရားမှုကို မကြောက်မရွံ့ ရင်ဆိုင်သည့် စံပြလုပ်ရပ်အဖြစ် သတ်မှတ်လာကြသည်။
"မာခွန်းရဲ့ အဖေက ဟယ်ဝေရွှမ်း ထက် ပိုချမ်းသာရင် ချမ်းသာလိမ့်မယ်၊ ဒါပေမဲ့ လူမှုဆက်ဆံရေးနဲ့ အဆက်အသွယ်ပိုင်းမှာတော့ Baoge က ပိုသာလိမ့်မယ်" ဟု ကျိုးထျန်းက သုံးသပ်လိုက်သည်။
မာကျန်းဟဲ မည်မျှပင် အာဏာရှိစေကာမူ သူ့သြဇာမှာ ရှီးရှန်းနယ်တွင်သာ ရှိပြီး ရှန်ဟိုင်းကဲ့သို့ နေရာမျိုးတွင်မူ သူက အားနည်းလှသည်။
Baoge ကမူ ထိုသို့ မဟုတ်ပေ။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လည်ပတ်နေသည့် ဤဟိုတယ်လုပ်ငန်းစုကြီးသည် ဒေသအသီးသီးရှိ အရာရှိများ၊ သူဌေးကြီးများနှင့် နက်ရှိုင်းသော ဆက်ဆံရေးများ ရှိကြပေသည်။
များသောအားဖြင့် နေရာတစ်ခုတွင် ဟိုတယ်တစ်ခု ဖွင့်နိုင်ရန်မှာ ပိုက်ဆံရှိရုံနှင့် မရဘဲ အဆက်အသွယ်များလည်း လိုအပ်လှသည်။
Baoge သည် ဒေသတွင်း နောက်ခံအင်အား ကောင်းမွန်သည့် ကုမ္ပဏီများနှင့် ပူးပေါင်းကာ အတူတကွ ရင်းနှီးမြှုပ်နှံပြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်အောင် လုပ်ဆောင်လေ့ရှိသည်။
ထို့ကြောင့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဒေသတွင်း သြဇာအာဏာများကို အသုံးပြုပြီး သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြခြင်း ဖြစ်၏။
နယ်မြို့လေးများတွင်ပင် ဤသို့ဖြစ်ပါက ရှန်ဟိုင်းကဲ့သို့ မြို့ကြီးတွင် ဆိုဖွယ်ရာ မရှိတော့ပေ။
ရှန်ဟိုင်းက သူဌေးကြီးတွေကို အဖွဲ့အစည်း မရှိတဲ့ လူစုလူဝေးလို့ တကယ်ပဲ ထင်နေကြတာလား။
မင်းလို နယ်ကလာတဲ့ သူဌေးသား ဒုတိယမျိုးဆက်က ရှန်ဟိုင်းမှာ လာပြီး ရမ်းကားချင်တာလား။ ရှန်ဟိုင်းမှာ သူဌေးသားတွေ မရှိဘူးလို့ ထင်နေတာလား။
ရလဒ်အနေဖြင့် Bao Ge ၏ ဦးဆောင်မှုအောက်တွင် တခြားသော ဟိုတယ်သုံးလုံးနှင့် ဆက်စပ်စားသောက်ဆိုင် ဆယ်ကျော်နှစ်ကျော်ကလည်း မာခွန်းကို နာမည်ပျက်စာရင်း သွင်းကြောင်း အသီးသီး ထုတ်ပြန်လာကြသည်။
မာခွန်းသည် ချက်ချင်း ရှန်ဟိုင်းတွင် လူရာမဝင်သောသူ တစ်ဦးဖြစ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ရှီးရှန်းရှိ ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေး ဆီသို့လည်း မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်များ ရောက်ရှိလာခဲ့သည်။
ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဦးစီးဌာန၊ မြို့ပြစီမံခန့်ခွဲရေးဌာနနှင့် ရဲတပ်ဖွဲ့တို့ စုပေါင်းပြီး ကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခြင်းပင်။
မာကျန်းဟဲပင်လျှင် ဒေသန္တရ အစိုးရထံမှ ဖုန်းတစ်ချက်လက်ခံရရှိခဲ့သည်။
တစ်ဖက်လူမှ အများကြီး မပြောခဲ့ပေ။
သူ့သားဖြစ်သူ၏ လတ်တလော အခြေအနေကို "စိုးရိမ်ပူပန်ကြောင်း" သာ ပြောခဲ့သော်လည်း လောကဓံကို နှစ်ပေါင်းများစွာဖြတ်သန်းလာသည့် မာကျန်းဟဲ အတွက်မူ တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်ရန် လုံလောက်လှသည်။
၎င်းမှာ အစိုးရမှ သူ့မိသားစုကို ပါးစပ်ပိတ်ထားရန် သတိပေးလိုက်ခြင်းပင်။
မာခွန်းတစ်ဦးတည်းပိုင် ကျင်းချိုက်ရုပ်ရှင်ထုတ်လုပ်ရေးမှာလည်း သူနှင့်မခြား ပြဿနာပေါင်းစုံ တက်နေတော့သည်။
အခွန်ကိစ္စများ၊ ဘဏ္ဍာရေး မှတ်တမ်းများ၊ စီမံကိန်းဝင်ငွေများ အရာအားလုံးမှာ ပြဿနာရှိနေသည်။
၎င်းတို့မှ စုံစမ်းစစ်ဆေးမှုကို ခံနိုင်ရည်မရှိပေ။ တစ်ချက်ကလေး စစ်လိုက်ရုံနှင့် အားလုံး ပေါ်လာတော့မည် ဖြစ်၏။
ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေးကို လုပ်ငန်းများရပ်ဆိုင်းကာ ပြန်လည်ပြင်ဆင်ရန် ချက်ချင်းအမိန့်ထုတ်လိုက်ပြီး ကုမ္ပဏီကိုလည်းချိပ်ပိတ်လိုက်တော့သည်။
မာခွန်းမှာမူ ရှာလိုင်နှင့်အတူ အိပ်ရာပေါ်တွင် ရှိနေစဉ် ထိုသတင်းကို ကြားလိုက်ရသဖြင့် နံရံကို ဒေါသတကြီး ထိုးကြိတ်လိုက်မိသည်။
"ကျောက်ရှင်း... Bao Ge... ငါ နင်တို့ကို မသတ်ရရင် မကျေနပ်ဘူး!"
စောင်ထဲတွင် ပုန်းနေသည့် ရှာလိုင်ကို ဆွဲယူကာ မာခွန်းသည် သူ၏ အရာမရောက်သော ဒေါသများကိုသာ ပေါက်ကွဲနေတော့သည်။
တစ်ချိန်တည်းမှာပင် အိမ်၌ Weibo ကြည့်နေသည့် ကျိုးထျန်းဆီသို့ ကျောက်ရှင်း ဆီမှ ဖုန်းဝင်လာခဲ့သည်။
"ကျိုးထျန်း... ကျွန်မမှာ သတင်းကောင်းတစ်ခုရှိတယ်"
"ပြောပါဦး၊ စကားကို လှည့်ပတ်မနေနဲ့တော့"
သူ ခန့်မှန်းကြည့်စရာပင် မလိုပေ။ ဤသည်မှာ ရုပ်ရှင်နှင့် ပတ်သက်သည့် ကိစ္စဖြစ်သည်မှာ သေချာသည်။
"ဟိဟိ... အခု ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေး ပိတ်ခံလိုက်ရပြီဆိုတော့ ဟို 'Journey to the North' ရုပ်ရှင်လည်း ထိခိုက်ကုန်ပြီလေ။ ပြသမယ့် ရုံတင်ချိန်တွေလည်း အများကြီးလျော့သွားတော့မှာ။
အဲ့ဒီလစ်လပ်သွားတဲ့ ရုံတင်ချိန်တွေနေရာမှာ ဘယ်သူ အစားထိုးဝင်လာမလဲ ခန့်မှန်းကြည့်လေ"
"အော်..."
"အော် ဆိုတာနဲ့ပဲ ပြီးရောလား။ ဘာမှ မအံ့သြဘူးလား"
"ငါ ဒါတွေအားလုံးကို ဘာလို့ လုပ်ခဲ့တယ်လို့ မင်းထင်လဲ၊ ငါတို့ ထမင်းစားတာကို လာနှောင့်ယှက်တဲ့ မာခွန်းကို ကလဲ့စားချေဖို့ သက်သက်ပဲလား"
"အာ... ဒါဆို ရှင်က ဒါတွေအားလုံးကို ကြိုတင်စီစဉ်ထားတာပေါ့!"
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့၊ မင်းရဲ့ အလုပ်ကိုပဲ အာရုံစိုက်ပြီး ရှန်ဟိုင်းကို ခဏခဏ လာခဲ့ဦး"
"ကောင်းပါပြီ၊ ဒါနဲ့ ဟယ်ဝေရွှမ်းရဲ့ စာချုပ်ကို ကျွန်မ လက်မှတ်ထိုးလိုက်ပြီနော်။ ရှင်က ဘာလို့ သူ့ကို ရင်းနှီးမြှုပ်နှံခွင့် ပေးလိုက်တာလဲဆိုတာ ကျွန်မ သိချင်နေတုန်းပဲ။ ကျွန်မတို့မှာ ပိုက်ဆံမလိုပါဘူး"
"ဒီနေ့ Bao Ge တင်ထားတဲ့ ကြေညာချက်ကို မင်း တွေ့တယ်မလား"
"တွေ့ပါတယ်"
"ဒါဆို ပြီးတာပဲလေ။ ငါတို့က ဟယ်ဝေရွှမ်းအတွက် ပိုက်ဆံရှာမပေးနိုင်ဘူးဆိုရင် သူက ငါတို့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးလိမ့်မယ်လို့ မင်း ထင်နေတာလား"
"ဒီပိုက်ဆံသာမရှိရင် သူက ဖြန်ဖြေပေးရုံလောက်ပဲ လုပ်မှာလေ!"
ဤသည်မှာ ကျိုးထျန်း သဘောတူခဲ့ရသည့် အဓိကအကြောင်းရင်းပင်။
အရေးကြီးသော အချိန်များတွင် Bao Ge ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းတစ်ခုကို ကျောထောက်နောက်ခံအဖြစ် ရရှိထားခြင်းက သူ ကိုယ်တိုင် အစွမ်းကုန် ကြိုးစားခြင်းထက် ပိုထိရောက်လှသည်။
"စိတ်မပူပါနဲ့၊ သူ့အတွက် ပေးရမယ့် အမြတ်ဝေစုကို ငါ့ရဲ့ ဝေစုထဲကပဲ ပေးလိုက်မယ်။ မင်း စိတ်ပူစရာ မလိုဘူး"
သူသည် ကျောက်ရှင်း နှင့် ၃၀/၇၀ ခွဲဝေရန် သဘောတူထားပြီး ဖြစ်ရာ ယခုကိစ္စအတွက် သူမကို ပိုက်ဆံထပ်စိုက်ခိုင်းရန်မှာ မသင့်တော်ပေ။
"ရှင် ကတိပေးပြီးပြီနော်၊ ပြန်မနှုတ်နဲ့ဦး။ နောက်တစ်ခါ ထပ်ပြောဦး၊ ကျွန်မ အသံဖမ်းထားမလို့"
ကျောက်ရှင်း က မယုံသလို မေးလိုက်သည်။
"သွားတော့!"
သူ ချက်ချင်း ဖုန်းချလိုက်တော့သည်။
"ဒီမိန်းမကတော့ မျက်နှာလေးကသာ ဆွဲဆောင်မှုရှိတာ၊ ဦးနှောက်ကတော့ ဟက်စကီးဆီက ငှားလာသလိုပဲ"
သူသည် Weibo ပေါ်ရှိ "Journey to the North" ဟာသရုပ်ရှင်နှင့် ပတ်သက်သည့် မှတ်ချက်များကို ကြည့်လိုက်ရာ ဆိုးဝါးသော ဝေဖန်မှုများမှာ လွှမ်းမိုးနေသည်ကို တွေ့ရသည်။
အထူးသဖြင့် နာမည်ကြီး မင်းသားချောလေးများ၏ ဖန်များက စတင် တိုက်ခိုက်လာသောအခါ ပွဲကြည့်ပရိသတ် အများအပြားကပါ ထိုတိုက်ပွဲထဲသို့ ဝင်ရောက်လာကြတော့သည်။
"ဟဲဟဲ... ဒီလို ဖန်တွေနဲ့ဆိုရင်တော့ ဒီသရုပ်ဆောင်တွေလည်း ကောင်းကောင်း နေရမှာ မဟုတ်တော့ဘူး"
တစ်ချိန်တည်းမှာပင် မာခွန်း၏ လူများကလည်း Planet House မှ အဓိက သရုပ်ဆောင်များ၏ အပုပ်အသိုးများကို စတင် ဖွေရှာလာကြပေလိမ့်မည်။
သို့သော် ထိုသူများမှာ နာမည်ကျော်များ မဟုတ်ဘဲ အရှုပ်အရှင်း ကင်းရှင်းကြသည့် သရုပ်ဆောင်စစ်စစ်များသာဖြစ်ကြသည်။
အကယ်၍ ရှိခဲ့လျှင်ပင် သာမန် ကိစ္စရပ်လေးများသာ ဖြစ်ပေလိမ့်မည်။
ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေးနှင့် မာခွန်းတို့၏အရှုပ်တော်ပုံများနှင့် နှိုင်းယှဉ်ပါက ဘာမှ မဟုတ်တော့ပေ။
ဘယ်သူမှလည်း စိတ်မဝင်စားကြပေ။
အခြေအနေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ ပြန်လည် နာလန်ထူရန်မှာ မလွယ်ကူတော့ပေ။
ကျိုးထျန်းသည် အေးအေးလူလူပင် အအေးတစ်ခွက် ငှဲ့သောက်လိုက်သည်။
"မလောနဲ့... မလောနဲ့... ပွဲက မပြီးသေးဘူး"
"သူတို့ကို နောက်ထပ် ခဏလောက် ကခိုင်းထားလိုက်ဦး၊ နောက်ရက်အနည်းငယ်ကြာရင် သိရမှာပေါ့"
ထို့နောက် ယခုလေးတင် ရရှိထားသည့် အချက်အလက်များကို ကြည့်လိုက်ပြီးနောက် လူဆိုးတစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။