← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

🍋 Chapter 113

သူတို့ သုံးယောက်မှာ စားသောက်ရင်း၊ စကားပြောရင်း ကောင်းမွန်သည့် အစားအသောက်နှင့် ဝိုင်များကို အရသာခံနေကြသည်။

ချစ်သူနှင့် သူငယ်ချင်းမှာ ဘေးတွင် ရှိနေသဖြင့် မုယန်မှာ သူမ၏ သောကများကို ခဏတာ မေ့လျော့နေခဲ့သည်။

၎င်းမှာ ကျိုးထျန်း၏ ရည်ရွယ်ချက်ကို အောင်မြင်စေခဲ့သည်ဟု ဆိုနိုင်သည်။

ခဏတာ စိတ်အပန်းပြေရုံနှင့်ပင် လုံလောက်လှပြီ ဖြစ်သည်။ ထိုအရာက သူမကို အခက်အခဲများကို ရင်ဆိုင်နိုင်ရန် အားအင်တစ်ခု ဖြစ်စေမည် ဖြစ်သည်။

ကျောက်ရှင်း ရှိနေသဖြင့် ဝိုင်းမှာ ပုံမှန်ထက်ပင် ပိုစိုပြေနေသည်။

သူမသည် စားသောက်ဆိုင် မန်နေဂျာနှင့် ရင်းနှီးသဖြင့် အထူးတလည်ပင် နှုတ်ဆက်ထားခဲ့သည်။

သူတို့ ထိုင်နေသည့် စားပွဲမှာ ထောင့်နားတွင် ရှိနေခြင်း ဖြစ်သည်။

နှာခေါင်းစည်းနှင့် နေကာမျက်မှန် မပါလျှင်ပင် ကျောက်ရှင်းကို တခြားသူများ မြင်နိုင်ရန် ခဲယဉ်းလှသည်။

ထို့အပြင် မန်နေဂျာသည် ကျောက်ရှင်းက အနုပညာရှင်ဖြစ်ကြောင်း သိထားသဖြင့် သူတို့စားပွဲနားရှိ မီးချောင်းများကို တမင်တကာ မှိန်ထားပေးကာ လွတ်လပ်မှုကို ဖန်တီးပေးထားသေးသည်။

မန်နေဂျာ၏ကျွမ်းကျင်မှုကို ကျိုးထျန်း သဘောကျရသည့် အချက်ပင်။ ဧည့်သည်များ လိုအပ်သည်ကို အမြဲကြိုတင်တွေးဆပြီး အပြည့်အဝ လုပ်ဆောင်ပေးတတ်သည်။

ထိုစဉ်မှာပင် မန်နေဂျာသည် မကြည်မလင် ဖြစ်နေသော မျက်နှာထားဖြင့် လူငယ်တစ်ဦး စားသောက်ဆိုင် အဝင်ဝသို့ လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။

လူမျိုးစုံနှင့် ဆက်ဆံနေရသော မန်နေဂျာသည် ထိုလူ၏ မျက်လုံးများကို ကြည့်ရုံနှင့်ပင် သူသည် ဒေါသကို အံကြိတ်ထိန်းထားကြောင်း သိလိုက်သည်။

သူသည် သူ၏ လက်အောက်ငယ်သားများကြောင့် ပြဿနာ တစ်စုံတစ်ရာ မဖြစ်စေရန်အတွက် ကိုယ်တိုင်ပင် ထိုလူကို သွားရောက် ကြိုဆိုလိုက်သည်။

စိတ်အခြေအနေ မကောင်းသည့် ဧည့်သည်မျိုးမှာ ကိုင်တွယ်ရ အခက်ဆုံး ဖြစ်သည်။

ဝန်ထမ်းများကို သူတို့၏ စိတ်ပျက်မှုများအတွက် ပေါက်ကွဲတတ်သဖြင့် သူတို့ကို ကိုင်တွယ်ရန်မှာ အတွေ့အကြုံနှင့် အရည်အချင်း လိုအပ်သည်။

"မင်္ဂလာပါရှင်၊ လူကြီးမင်း တစ်ယောက်တည်းလား"

"အင်း၊ ငါ တစ်ယောက်တည်းပဲ"

ထိုလူ၏ မျက်လုံးများက တစ်ခုခုကို ရှာနေသကဲ့သို့ ဟိုဟိုဒီဒီ ဝေ့ဝဲနေသည်။

မန်နေဂျာက တစ်ခုခု ထူးခြားနေသည်ဟု ခံစားမိသော်လည်း ဧည့်သည်ဖြစ်သဖြင့် ကောင်းကောင်းမွန်မွန်ပင် ဆက်ဆံရသည်။

"ကြိုတင် ဘိုကင်လုပ်ထားတာ ရှိပါသလား"

"မရှိဘူး၊ ဘယ်စားပွဲဖြစ်ဖြစ် ပေးလိုက်၊ ငါက သိပ်ပြီး ဇီဇာမကြောင်တတ်ဘူး"

"ဟုတ်ကဲ့ပါ၊ ကျွန်မနောက်ကို လိုက်ခဲ့ပါရှင်"

ထောင့်ကျသည့် နေရာများမှာ အတော်လေး လွတ်နေပြီး အလုပ်ပိတ်ရက် မဟုတ်သဖြင့် အားနေသည့် စားပွဲများ ရှိနေသေးသည်။

မန်နေဂျာသည် ထိုလူကို ကျိုးထျန်းတို့၏ စားပွဲနှင့် ခပ်လှမ်းလှမ်းရှိ နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုလူက ထိုင်ချလိုက်ပြီး မန်နူးကို အာရုံမစိုက်ဘဲ ကြည့်နေသော်လည်း သူ့ မျက်လုံးများကမူ တစ်ဖက်ကိုသာ စူးစူးစိုက်စိုက် ကြည့်နေသည်။

မန်နေဂျာက မျက်မှောင်ကြုတ်သွားပြီး ပုံမှန်လိုမျိုး ထွက်မသွားဘဲ စောင့်ကြည့်နေလိုက်သည်။

ပုံမှန်ဆိုလျှင် ဧည့်သည် မန်နူးကြည့်နေချိန်တွင် သူမ ခဏ ဖယ်ပေးထားတတ်သော်လည်း ယခုမှာမူ ထိုလူကို သတိထားကာ စောင့်ကြည့်နေမိသည်။

မျက်လုံးဆိုသည်မှာ လူတစ်ယောက်၏ စိတ်နှလုံးကို တိုက်ရိုက် ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။

ဤလူမှာ တစ်ခုခုကို စိတ်ထဲ ထည့်ထားပုံရပြီး အမှန်တကယ် ထမင်းစားချင်သည့် ဆန္ဒဖြင့် လာခြင်း မဟုတ်သည်မှာ ထင်ရှားသည်။

မီးရောင်အောက်တွင် ထိုလူ၏ ဝတ်စားဆင်ယင်မှုကို မန်နေဂျာ သေချာစွာ လေ့လာလိုက်သည်။

သူက အီတလီလုပ် သားရေဖိနပ်၊ Patek Philippe နာရီနှင့် စိန်နားကပ်များကို ဝတ်ဆင်ထားသည်။

သူက ကြည့်ရသည်မှာ ချမ်းသာပုံရသော်လည်း အနည်းငယ်တော့ ပေါ့ပျက်ပျက် နိုင်လှသည်။

အထူးသဖြင့် စိန်နားကပ်များ ဖြစ်သည်။ တည်ငြိမ်သည့် အမျိုးသားတစ်ဦးသည် ထိုကဲ့သို့ အရာမျိုးကို မည်သည့်အခါမှ ဝတ်ဆင်မည် မဟုတ်ပေ။

ကျိုးထျန်းနှင့် သူ့ အပေါင်းအဖော်များမှာ စားသောက်ရင်း စကားပြောနေကြပြီး တစ်ခါတစ်ရံတွင် ရယ်မောသံများလည်း ထွက်ပေါ်နေသည်။

အထူးသဖြင့် ကျောက်ရှင်းနှင့် မုယန်တို့မှာ အလွန်ပင် ပျော်ရွှင်နေကြပုံရပြီး အရာရာကို ပွင့်ပွင့်လင်းလင်း ပြောဆိုနေကြသည်။

ထိုရယ်မောသံများက ထိုလူ၏အာရုံကို ဆွဲဆောင်သွားပြီး သူက ကျိုးထျန်းတို့၏ စားပွဲကို စိုက်ကြည့်လိုက်သည်။

မီးရောင်မှိန်နေသဖြင့် သူ ခဏကြာ စိုက်ကြည့်နေပြီးနောက် သူ့ မျက်စိသူငယ်အိမ်မှာ ရုတ်တရက် ကျုံ့သွားကာ မျက်လုံးများကို မှေးလိုက်သည်။

သူ ရှာနေသည့် ပစ်မှတ်ကို ရှာတွေ့သွားပြီ ဖြစ်သည်မှာ ထင်ရှားသည်။

ကျိုးထျန်းနှင့် သူ့ အပေါင်းအဖော် နှစ်ဦးမှာမူ မောက်မာပြီး အဆိပ်အတောက် ဖြစ်စေသော မျက်လုံးတစ်စုံက သူတို့ကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသည်ကို လုံးဝ သတိမထားမိကြပေ။

ထိုလူသည် မီနူးကို ဆောင့်ပိတ်လိုက်ပြီး စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

သူ ထရပ်လိုက်ပြီး သူတို့ သုံးယောက်ဆီသို့ လျှောက်လာခဲ့သည်။ သူ့ ခြေလှမ်းများမှာ မကျေနပ်မှုနှင့် ရှုပ်ထွေးမှုများကို ဖော်ပြနေသလို သူ့ ဝတ်စုံကိုလည်း လက်နှစ်ဖက်ဖြင့် ဆွဲဆန့်လိုက်သည်။

တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျိုးထျန်းက သိပ်ပြီး ထွေထွေထူးထူး မတွေးမိပေ။

သန့်စင်ခန်းသွားမည့်သူ သို့မဟုတ် သူ မသိသည့် တစ်စုံတစ်ယောက်နှင့် ဆုံမည့်သူဟုသာ သူ ထင်လိုက်သဖြင့် ဂရုမစိုက်ခဲ့ပေ။

သို့သော် ထိုလူက သူတို့၏ စားပွဲရှေ့တွင် ရပ်လိုက်ပြီး လက်နှစ်ဖက်ကို မုယန်နှင့် ကျောက်ရှင်းတို့၏ ထိုင်ခုံနောက်ကျောများပေါ်တွင် တင်လိုက်သည့်အခါ ကျိုးထျန်း မျက်နှာပေးမှာ ချက်ချင်းပြောင်းလဲသွားတော့သည်။

'ငါ မင်းကို မသိဘူး။ မိန်းကလေး နှစ်ယောက်ရဲ့ ထိုင်ခုံနောက်ကျောမှာ အဲဒီလို လက်တင်တာက သင့်တော်လို့လား'

သူ့ ပထမဆုံး အမြင်မှာ မကျေနပ်မှု ဖြစ်သည်။ ထိုလူမှာ အလွန်ရိုင်းစိုင်းပြီး ပေါ့ပျက်ပျက် နိုင်လှသည်ဟု သူ ခံစားလိုက်ရသည်။

ထို့အပြင် ထိုလူမှာ အတော်လေးပိန်ပြီး မျက်လုံးအောက်တွင် အမည်းကွင်းများ ရှိနေသဖြင့် ညဉ့်နက်သည်အထိ နေတတ်သူတစ်ဦး ဖြစ်သည်မှာ ထင်ရှားသည်။

အပြောရှိသလိုပင် ရုပ်ရည်က စိတ်ထားကို ဖော်ပြနေခြင်း ဖြစ်သည်။

အချို့လူများမှာ ဖြောင့်မတ်သည့် အရှိန်အဝါ ရှိကြပြီး အချို့မှာ သူရဲကောင်းဆန်ကြသလို အချို့မှာမူ ဘုန်းကံကြီးမားသည့် ပုံစံရှိကြသည်။

သို့သော် ဤလူ၏ မျက်နှာမှာမူ ရန်လိုမှုများဖြင့် ပြည့်နှက်နေပြီး ထိုရန်လိုမှုကိုလည်း ဖုံးကွယ်ထားခြင်း မရှိပေ။

"ဟယ်လို... ဘယ်သူ့ကို ရှာနေတာလဲ"

ကျိုးထျန်း ထရပ်လိုက်ပြီး သူတို့ဘေးသို့ လျှောက်သွားလိုက်သည်။

သူသည် လက်ဆွဲနှုတ်ဆက်ရန် ဟန်ပြင်ကာ လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။

ဒါက သူတို့၏ လက်များကို ထိုင်ခုံနောက်ကျောမှ ဖယ်ခိုင်းရန်အတွက် ဖြစ်သည်။

တစ်ဖက်လူက ဘာမှ ပြန်မဖြေဘဲ လက်ရှိ အနေအထားအတိုင်းပင် ဆက်နေသည်။

အခြေအနေက ထိုသို့ ဖြစ်နေမှတော့ သူ ယဉ်ကျေးနေတော့မည် မဟုတ်ပေ။

"စိတ်မရှိပါနဲ့၊ ငါ မင်းကို မသိဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

သူ့ မျက်နှာပေးမှာ အတော်လေး မကျေမနပ် ဖြစ်နေပြီဖြစ်ကာ မျက်မှောင်ကြုတ်ထားသည်။

ဤကဲ့သို့ မျက်မှောင်ကြုတ်လိုက်ခြင်းက တစ်ဖက်လူအပေါ် သိသိသာသာ ဖိအားပေးလိုက်ခြင်း ဖြစ်သည်။

စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားတစ်ခုပင်။

တစ်ဖက်လူမှာ မသိမသာဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားမိသည်။

ထိုအခါမှသာ မုယန်နှင့် ကျောက်ရှင်းတို့မှာ သတိထားမိသွားကြပြီး ထိုလူကို လှည့်ကြည့်လိုက်ကြသည်။

မုယန်ကတော့ သူ့ကို လုံးဝ မမှတ်မိပေ၊ တစ်ခါမှ မမြင်ဖူးခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုလူ၏မျက်နှာကို သေချာမြင်လိုက်ရသည့်အခါ ကျောက်ရှင်း မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်းဒေါသထွက်လာသည်။

ကျိုးထျန်းသည် ကျောက်ရှင်း၏ အပြောင်းအလဲကို ချက်ချင်း သတိထားမိလိုက်သည်။

"နင် သူ့ကို သိလို့လား"

ကျောက်ရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် သူ့ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“နင့်ကို အရင်းအနှီး လာမတောင်းခင်မှာ ငါ လူအများကြီးဆီ ချဉ်းကပ်ခဲ့ဖူးတယ်လို့ ပြောခဲ့တာ မှတ်မိလား။ အားလုံးက ပယ်ချခဲ့ကြတာလေ”

“ဒီလူက အဲဒီထဲက တစ်ယောက်ပဲ။ သူ့မိသားစုက အရမ်းချမ်းသာပြီး ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးတွေမှာ အများကြီး ရင်းနှီးမြှုပ်နှံထားတာ...”

“ဒါပေမဲ့ ဒီကောင်က နာမည်အရမ်းပျက်တာပဲ။ အမျိုးသမီး အနုပညာရှင်တွေကို လိုက်နှောင့်ယှက်တာနဲ့ နာမည်ကြီးတာ...”

“ငါ သူ့ကို အတိအလင်းငြင်းခဲ့ဖူးတယ်၊ ဒါပေမဲ့ သူက ငါ့အိမ်လိပ်စာကို စုံစမ်းပြီး ပိုက်ဆံသေတ္တာတစ်လုံးနဲ့ ငါ့အိမ်ရှေ့အထိ ရောက်လာခဲ့သေးတယ်...”

“သူက ပိုက်ဆံတွေကို ငါ့ရှေ့မှာ ပစ်ချပြီး... သူ့အဖော်အဖြစ် နေပေးဖို့ ပြောခဲ့တယ်။ အဲဒါကြောင့် ငါ သူ့ကို မောင်းထုတ်လိုက်တာ...”

ကျောက်ရှင်း ခေတ္တရပ်လိုက်ပြီးနောက် ငိုချင်သံဖြင့် ဆက်ပြောသည်။

“ငါ သူ့ကို အရမ်းမုန်းတာပဲ။ သူက ငါ့ကို အခွင့်အရေးယူဖို့ ကြိုးစားတဲ့ တခြားယောကျ်ားတွေထက် ပိုယုတ်မာတယ်။ ငါ သူ့ကို ငြင်းလိုက်ပြီးကတည်းက သူက ငါ့ကို... လုပ်ပစ်မယ်ဆိုပြီး လျှောက်ပြောနေတာ...”

သူမ စကားမဆုံးသော်လည်း ကျိုးထျန်းကတော့ ဘာကို ဆိုလိုသည်ကို ခန့်မှန်းနိုင်လိုက်ပြီ ဖြစ်သည်။

“ချမ်းသာတဲ့ ကာမဂုဏ်လိုက်စားသူ တစ်ယောက်ဖြစ်တာက ထားပါတော့၊ ဒါပေမဲ့ သူက စိတ်ဓာတ်သေးသိမ်တဲ့ လူယုတ်မာတစ်ယောက်ပဲ။ ရုပ်ရည်က စိတ်ထားကို ဖော်ပြတယ်ဆိုတာ တကယ်ပဲ...”

ကျိုးထျန်း ကျောက်ရှင်း၏ ပုခုံးကို ပုတ်ကာ ထိုင်နေရန် အချက်ပြလိုက်သည်။

မုယန်မှာလည်း အခြေအနေကို ခန့်မှန်းမိသွားကာ သူမ လက်မောင်းကို ကိုင်ပြီး တိတ်တဆိတ် နှစ်သိမ့်ပေးလိုက်သည်။

သို့သော် ထိုလူ၏မျက်လုံးထဲတွင်မူ ကျောက်ရှင်းနှင့် ကျိုးထျန်းတို့ တိုးတိုးတိတ်တိတ် စကားပြောနေခြင်းမှာ အလွန်ရင်းနှီးလွန်းသည့် အမူအရာအဖြစ် မြင်နေမိသည်။

သူ့ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်လာခဲ့သည်။

"ဖာသည်မ!"

သူက ပြုံးစစဖြင့် ပြောလိုက်သည်။

ကျိုးထျန်း ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်လုံးများကို မှေးလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ"

သူက မေးရင်းနှင့် ထိုလူ့ထံသို့ လမ်းလျှောက်သွားလိုက်သည်။

ထိုလူမှာ အနည်းငယ် ရှက်ရွံ့သလို ဖြစ်သွားသော်လည်း ဒေါသက ပိုကြီးနေသဖြင့် နောက်ဆုတ်မည့်အစား ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာခဲ့သည်။

"ငါ ပြောတာက... မင်း ဒီဖာသည်မနဲ့ ထမင်းစားနေတာ၊ ပြဿနာတက်မှာ မကြောက်ဘူးလားလို့"

သူက ပြုံးပြီး ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် သူသည် ကျိုးထျန်းမျက်နှာကို ပိုသေချာစွာ ကြည့်လိုက်သည်။

"နေ့လယ်က လေဆိပ်မှာ သူမနဲ့ လက်ချင်းချိတ်ပြီး ပြေးခဲ့တဲ့သူက မင်းလား"

အခုမှ သူ ကျိုးထျန်းကို မှတ်မိသွားခြင်း ဖြစ်သည်။

ထို့နောက် သူသည် ဘေးတွင်ရှိသော ကျောက်ရှင်းကို လှည့်ကြည့်လိုက်သည်။

"သူ နင့်ကို ဘယ်လောက်ပေးလို့လဲ"

"ငါ ပိုက်ဆံပေးတုန်းကတော့ မယူဘဲနဲ့ ဒီကောင်ချောလေး ပိုက်ဆံကျတော့ ယူတယ်ပေါ့၊ ဟုတ်လား"

"ဒီကောင်က နင့်ထက်တောင် ငယ်ပုံရသေးတယ်၊ ဘာလဲ... မင်းက နုနုထွတ်ထွတ်လေးတွေကိုမှ စားချင်တာလား"

ထို့နောက် ထိုလူသည် ထိုနေရာတွင် ထိုင်နေသော လျိုမုယန်ကို ကြည့်လိုက်သည်။

"သူငယ်ချင်း... မင်း တကယ့်ကို အစွမ်းကုန်လုပ်ထားတာပဲ။ မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း မဆိုးဘူး၊ တစ်ခါတည်း မိန်းကလေး နှစ်ယောက်တောင်။ မင်းရဲ့ ခါးက တောင့်ခံနိုင်ပါ့မလား"

"ဒါပေမဲ့ မင်း အကြိုက်ကတော့ တော်တော်လေး ကောင်းပါတယ်။ နှစ်ယောက်လုံးက ထိပ်တန်းတွေပဲ။ ငါ သဘောကျတယ်။"

"ငါတို့ သူငယ်ချင်းတွေ ဖြစ်အောင် လုပ်ပြီး တစ်ခါတစ်လေကျရင် မိန်းကလေးချင်းလဲကြည့်ကြမလား။ ငါ့မှာ အမျိုးအစားစုံ အများကြီး ရှိတယ်"

မုယန်အပေါ် သူ ကြည့်သည့် အကြည့်မှာ ရမ္မက်ဇောများဖြင့် ပြည့်နှက်နေသည်မှာ ထင်ရှားသည်။

၎င်းမှာ အမျိုးသမီးနှစ်ဦးကို အလွန်စိတ်မသက်မသာ ဖြစ်စေသည်။

ကျိုးထျန်း သူ့ကို ကြည့်လိုက်သည်။ ယခုအခါ မျက်မှောင်ကြုတ်မနေတော့ဘဲ အလွန်ပင် ပျော်ရွှင်နေသည့် ပုံစံဖြင့် ပြုံးလိုက်သည်။

"သူငယ်ချင်း... မင်းက တကယ့်ကို တစ်မျိုးပဲ။ မင်းက တကယ့်ကို ယုတ်မာပြီး ပိုက်ဆံသုံးကာ မိန်းကလေးတွေကို အညံ့ခံခိုင်းနေတဲ့ အမှိုက်တစ်ယောက် ဖြစ်နေပါလျက်နဲ့ ငါ့ကိုပါ မင်းလို အမှိုက်နဲ့ လာနှိုင်းနေတာလား။ ငါက အဲဒီလို လုပ်ချင်လားဆိုတာကိုရော မင်း မေးဖူးလို့လား"

"မင်း ဘာပြောလိုက်တာလဲ! ဘယ်သူက အမှိုက်လဲ!"

ထိုလူသည် ကျိုးထျန်းနှာခေါင်းကို လက်ညှိုးဖြင့် ထိုးရန် ကြိုးစားလိုက်သည်။

သို့သော် သူ လက်လှမ်းလိုက်သည်နှင့် ကျိုးထျန်းမှ သူ့ လက်ညှိုးကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်လိုက်ပြီး ကုန်းသွားသည်အထိ အောက်သို့ဆွဲချလိုက်သည်။

"အား! နာတယ်... လွှတ်စမ်း!"

🍋 Chapter 114

ကျိုးထျန်းသည် အရပ် ၁.၈ မီတာကျော် မြင့်ပြီး တောင့်တင်းခိုင်မာသော ခန္ဓာကိုယ် ရှိသူ ဖြစ်သည်။

သူသည် လက်ဝှေ့ သို့မဟုတ် ကိုယ်ခံပညာရပ်များကို အထူးတလည် မသင်ယူဖူးသော်လည်း လူငယ်တစ်ဦး ဖြစ်သဖြင့် ကြံ့ခိုင်သည့် ကိုယ်ကာယ အခြေခံရှိပြီးသား ဖြစ်သည်။

သူ့ လက်ညှိုးကို အဖမ်းခံထားရသည့် ထိုလူမှာမူ အရပ် ၁၇၅ စင်တီမီတာခန့်သာ ရှိပြီး ကျောမှာလည်း အနည်းငယ် ကုန်းနေသဖြင့် ကြည့်ရသည်မှာ ပိုပုနေပုံရသည်။

သူ့လမ်းလျှောက်ပုံမှာလည်း မတည်မငြိမ် ဖြစ်နေကာ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာလည်း ညံ့ဖျင်းလှသည်။

ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် ခွန်အားချင်း ယှဉ်လိုက်လျှင် နှစ်ဦးကြားက ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။

ထိုလူသည် သူ့ လက်ညှိုး ကျိုးတော့မတတ် ခံစားနေရပြီး အရိုးသံမှာပင် တဂျွတ်ဂျွတ် မြည်နေပြီ ဖြစ်သည်။

အချိန်တန်ပြီဟု ယူဆလိုက်သဖြင့် ကျိုးထျန်း လက်ကို လွှတ်ပေးလိုက်သည်။

သူသည် ဤလူကို အမှန်တကယ် ဒဏ်ရာရစေရန် မရည်ရွယ်ပေ။ အကယ်၍ ဒဏ်ရာကို အကြောင်းပြပြီး ငွေညှစ်မည်ဆိုလျှင် သူ ရဲစခန်းအထိ မသွားချင်သောကြောင့် ဖြစ်သည်။

ထိုလူသည် နာကျင်မှု သက်သာစေရန် သူ့ လက်ကို ပြန်ကိုင်ကာ ခဏကြာအောင် ရပ်နေသည်။

"ကောင်းပြီ... မင်း တော်တော်ဟန်ကျနေတာပဲ။ ငါ့ကိုတောင် လက်ပါရဲမယ်လို့ မထင်ထားမိဘူး"

"မင်းက အရင်ဆုံး ပါးစပ်သရမ်းနေတာလေ၊ ငါက မင်းကို ပါးစပ်ပိတ်အောင် သင်ခန်းစာ ပေးလိုက်တာပဲ ရှိတာ"

ထိုစဉ်မှာပင် မန်နေဂျာ ရောက်ရှိလာသည်။

သူမ ကျိုးထျန်းကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျိုးထျန်း ခေါင်းခါပြလိုက်ပြီး သူ မသိသည့်လူ ဖြစ်ကြောင်း အချက်ပြလိုက်သည်။

"လူကြီးမင်း... ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ပြဿနာတွေ ထပ်မရှာပါနဲ့၊ မဟုတ်ရင် ကျွန်မ ရဲခေါ်ရပါလိမ့်မယ်" ဟု မန်နေဂျာက ချက်ချင်းပင် ပြောလိုက်သည်။

တစ်ဖက်မှာ သူမတို့ ဥက္ကဋ္ဌနှင့် ရင်းနှီးသူ ဖြစ်ပြီး နောက်တစ်ဖက်မှာမူ အကြောင်းပြချက်မရှိဘဲ ဧည့်သည်များကို လိုက်နှောင့်ယှက်နေသည့် လူတစ်ဦး ဖြစ်သည်။

သူမသည် မည်သူ့ဘက်က ရပ်တည်ရမည်ကို ချက်ချင်း ဆုံးဖြတ်နိုင်ခဲ့သည်။

"ထွက်သွားရမယ်? အဲဒီလောက် မလွယ်ဘူး"

ထိုလူက လက်ကို ဝှေ့ယမ်းလိုက်ပြီး မန်နေဂျာကို ဘေးသို့ တွန်းဖယ်လိုက်သည်။

"ကျောက်ရှင်း... နင်က ငါနဲ့တော့ မနေချင်ဘူး၊ ဒါပေမဲ့ တစ်ပြိုင်တည်း နှစ်ယောက်နဲ့တော့ ပျော်ချင်နေတာပေါ့ ဟုတ်လား"

"တရုတ်ပြည်မှာ ငါ မရနိုင်တဲ့ မိန်းမ မရှိဘူး။ ငါ ကစားချင်တဲ့သူကို ကစားမှာပဲ။ နင် စောင့်ကြည့်နေလိုက်"

ထို့နောက် သူ ကျိုးထျန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်းက မင်းကိုယ် မင်း သန်မာလှပြီ ထင်နေတာလား။ ငါက မင်းကို မျက်နှာသာ ပေးနေတာကို မင်းက မသိဘူး။

ငါသာ အမိန့်ပေးလိုက်ရင် မင်း ဒီစားသောက်ဆိုင်ထဲကနေ အသက်ရှင်လျက် ထွက်မသွားရအောင် လုပ်နိုင်တယ်ဆိုတာ ယုံလား"

ကျိုးထျန်း အပြစ်ကင်းစင်သည့် မျက်နှာပေးဖြင့် ခေါင်းခါပြလိုက်သည်။

"မယုံဘူး"

"မင်း... ကောင်းပြီ၊ သုံးရက်အတွင်း မင်းကို ငါ့ရှေ့မှာ ဒူးထောက်ပြီး 'အောင်နိုင်သူ' သီချင်း ဆိုခိုင်းစေရမယ်"

"ငါ သီချင်း မဆိုတတ်ဘူး"

"ဟွန့်!"

ထိုလူမှာ ထွက်သွားမည့် အရိပ်အယောင် မရှိသဖြင့် မန်နေဂျာသည် နားကြပ်မှတစ်ဆင့် လုံခြုံရေးများကို ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဆယ်စက္ကန့်ကျော်အတွင်းမှာပင် လုံခြုံရေးဝန်ထမ်း တစ်ဒါဇင်ခန့် ရောက်လာပြီး ထိုလူကို ဝိုင်းထားလိုက်ကြသည်။

လူအင်အား အများကြီး သုံးလိုက်ခြင်းမှာ မန်နေဂျာက ထိုလူကို နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်ခြင်းပင် ဖြစ်သည်။

"ဟဲဟဲ... မင်းတို့ လူအင်အား များနေရင် ငါ ဓာတ်ပုံရိုက်ထားမှာနော်။ ငါ့ကို တစ်ချက်လောက် ထိကြည့်စမ်း၊ ဖုန်းတစ်ချက်ပဲ ခေါ်လိုက်တာနဲ့ မင်းတို့အားလုံး ထောင်ထဲ ရောက်သွားစေရမယ်၊ ယုံသလား"

"မဖြစ်နိုင်တာ!"

ကျိုးထျန်း သူ့ကို ဆက်ပြီး လှောင်ပြောင်နေလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက မန်နေဂျာကို မျက်စိမှိတ်ပြလိုက်သည်။

"ဒီလူ မူးနေတာပဲ။ ကဲ... သူ့ကို အပြင်ကို မထုတ်သွားကြစမ်းဦး"

မန်နေဂျာက တခြား ဧည့်သည်များ ကြားနိုင်စေရန် တမင်တကာ အသံကို မြှင့်ပြောလိုက်သည်။

ထိုလူမှာ မူးပြီး ပြဿနာ ရှာနေခြင်း ဖြစ်ကြောင်း အခြား ဧည့်သည်များကို သိစေချင်ခြင်း ဖြစ်သည်။

မူးနေသည့် လူတစ်ယောက်ကို မည်သူက အငြင်းပွားနေလိုမည်နည်း။

လုံခြုံရေး ဝန်ထမ်း တစ်ဒါဇင်ခန့်က ထိုလူကို သေတ္တာတစ်လုံးကို မ သကဲ့သို့ မြှောက်မ ကာ အပြင်သို့ ခေါ်ထုတ်သွားကြသည်။

အချို့ကလည်း သူ့ ပါးစပ်ကို ပိတ်ထားကြသည်။

ကျိုးထျန်း မန်နေဂျာကို လက်ယပ်ခေါ်လိုက်သည်။

မန်နေဂျာ ပြုံးပြီး သူရှိရာသို့ လျှောက်လာသည်။

"ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊ ဒီလိုလူမျိုးကိုတော့ ပြတ်ပြတ်သားသား ကိုင်တွယ်မှ ဖြစ်မှာ"

"ဟင်း... ကျွန်မတို့ ဟိုတယ်က ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို အမြဲ ဦးစားပေးပါတယ်၊ ဒါပေမဲ့... ဒီလူက ဝတ်စားထားတာ ကြည့်ရတာ ချမ်းသာပုံရတော့ ပြဿနာတက်နိုင်မလားလို့ပါ"

"ငါက သူ့ကို သွားရန်စတာ မဟုတ်ဘူး၊ သူက ငါ့ကို လာရန်စတာ"

ကျိုးထျန်းကမူ အပြစ်ကင်းစင်သည့် ပုံစံဖြင့်ပင် ရှိနေသည်။

"ဒါပေမဲ့ မင်းတို့ ဟိုတယ်ရဲ့ နာမည်ကို ရှင်းထုတ်ဖို့အတွက် ငါ မင်းဆီက တစ်ခုခုခေတ္တ ငှားချင်တယ်"

"ဘာများလဲရှင်"

"CCTV မှတ်တမ်း"

မန်နေဂျာ မျက်လုံးများက ဝေ့ဝဲသွားပြီး ကျိုးထျန်း ဘာကို ဆိုလိုသည်ကို ချက်ချင်း နားလည်လိုက်သည်။

"လူကြီးမင်း ဆိုလိုတာက... ဗီဒီယိုတစ်ခု လုပ်မလို့လား"

"တော်လိုက်တာ။ စိတ်မပူပါနဲ့၊ မင်းတို့ ဟိုတယ်ကိုတော့ ဘာထိခိုက်မှုမှ မရှိစေရပါဘူး။ အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာလို့ တာဝန်ယူရမှာ ကြောက်တယ်ဆိုရင် ဟယ်ဝေရွှမ်းကိုသာ ငါလုပ်တာလို့ ပြောလိုက်ပါ၊ သူမကို ငါ့ဆီ လာခဲ့ဖို့ ပြောလိုက်"

"မလိုပါဘူးရှင်၊ ကျွန်မတို့ အထွေထွေ မန်နေဂျာဟယ်က အရမ်းအလုပ်များနေတာပါ"

ဟယ်ဝေရွှမ်း နာမည်ကို ကြားလိုက်ရသည့်အခါ မန်နေဂျာမှာ မသိမသာ ချွေးပြန်သွားမိသည်။

'ကောင်းပြီ... နတ်ဘုရားတွေ တိုက်ပွဲဖြစ်နေတာကို ငါလို နတ်ဆိုးငယ်လေးက ကြားထဲက မပါချင်ပါဘူး'

မန်နေဂျာသည် ရှက်ပြုံးလေး ပြုံးကာ CCTV မှတ်တမ်း မိတ္တူသွားယူရန် ထွက်ခွာသွားခဲ့သည်။

ထိုအခါမှသာ ကျိုးထျန်းသည် ပြန်ထိုင်ကာ အမျိုးသမီးနှစ်ဦးကို နှစ်သိမ့်ပေးတော့သည်။

"ဒီလို လူယုတ်မာတွေက လူ့အဖွဲ့အစည်းထဲမှာ အများကြီးပဲ"

မုယန် စိုးရိမ်တကြီး မေးလိုက်သည်။

"ဒီလူနဲ့ ဒီလို ရန်ငြိမ်သွားတာ တကယ်ပဲ အဆင်ပြေပါ့မလား"

"ဒီလိုလူမျိုးနဲ့က ပြတ်သားနေမှ ရမှာ၊ မဟုတ်ရင် သူက ပိုပြီးအခွင့်အရေးယူဖို့ ကြိုးစားမှာပဲ"

ကျိုးထျန်းကတော့ ဘာမှ ဂရုမစိုက်ပေ။ သူသည် ဂျက်ဆီထံသို့ စာတိုတစ်စောင် ပို့ထားပြီးသား ဖြစ်ကာ မိနစ်ပိုင်းအတွင်းမှာပင် ထိုလူ့ မိသားစုနောက်ကြောင်းရာဇဝင်များအားလုံး သူ့ လက်ထဲ ရောက်လာတော့မည် ဖြစ်သည်။

"ဒါနဲ့ ကျောက်ရှင်း... အခုနက CCTV ဗီဒီယိုကို ယူသွားလိုက်။ နင့်ဆီမှာ ပြန်ယူသွားပါ။ Huanxi ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးမှာ တည်းဖြတ်ရေးနဲ့ Post-production ကျွမ်းကျင်တဲ့သူတွေ ရှိမှာပဲ မဟုတ်လား"

"ရှိတယ်"

"ဒါဆို ကောင်းပြီ။ ဒါကို ဘယ်လို တည်းဖြတ်ရမလဲဆိုတာ နင် သိမှာပါ။ လူထုကို ဒေါသထွက်စေမယ့် အပိုင်းတွေကို အဓိကထားပြီး တည်းဖြတ်ခိုင်းလိုက်"

"နားလည်ပြီ။ သူ့ကို ပွဲဆူစေမယ့် တစ်ခုခုတော့ ပြန်ပေးရမှာပေါ့"

ကျောက်ရှင်း သူ့ကို အမုန်းဆုံး ဖြစ်သည်။

ယခုမူ ကျိုးထျန်းက အကြံဉာဏ်ပေးလာသဖြင့် သူမသည် သတင်းကြီးတစ်ခု ဖြစ်လာစေရန် အစွမ်းကုန် ကြိုးစားမည်မှာ သေချာသည်။

"ဒါ့အပြင် ဒါက နင့်ရဲ့ ပုံရိပ်ကိုလည်း အကျိုးရှိစေလိမ့်မယ်။ နင့်ကိုယ် နင် မသင့်တော်တဲ့ စည်းမျဉ်းတွေကို မကြောက်ဘဲ၊ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တစ်ယောက်ရဲ့ ငွေဂုဏ်ကို ဒေါသတကြီး ငြင်းပယ်ခဲ့တဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပုံဖော်လို့ရတယ်လေ"

ကျိုးထျန်း ခဏစဉ်းစားလိုက်သည်။

"နောက်ပြီး နင့်ဘေးနားက ဝန်ထမ်းတွေကိုလည်း သေချာစုံစမ်းကြည့်ဦး။ သူက နင် ဒီမှာ ထမင်းစားနေတာကို ဘယ်လို သိသွားတာလဲ၊ ပြီးတော့ နင့်အိမ်လိပ်စာကိုရော အရင်က ဘယ်လို သိသွားတာလဲ ဆိုတာကိုပေါ့"

အမှန်တကယ်တော့ ကျောက်ရှင်းသည်လည်း သူမ ဘေးနားရှိ လူများကို အရင်က သံသယရှိခဲ့ဖူးသော်လည်း ရိုးရိုးရှင်းရှင်း စုံစမ်းကြည့်ရုံနှင့် ဘာမှ မထူးခြားခဲ့ပေ။

သူမ မျက်နှာပေးကို ကြည့်ရုံနှင့်ပင် ထို "သစ္စာဖောက်" ကို ရှာရန် အခက်တွေ့နေကြောင်း ကျိုးထျန်း သိလိုက်သည်။

“နင် ငါ့ကို ယုံရင် နင့်ဖုန်းကို မိနစ်အနည်းငယ်လောက် ပေးထားပါ။ နင့်ရဲ့ သတင်းကို ဘယ်သူပေါက်ကြားစေသလဲဆိုတာ ငါ ရှာပေးနိုင်ပါတယ်”

ကျောက်ရှင်း အနည်းငယ်တုံ့ဆိုင်းသွားသည်။ အမှန်စင်စစ် ၎င်းမှာ သူမ ကိုယ်ပိုင်ဖုန်း ဖြစ်သည့်အပြင် သူမမှာ အများပြည်သူ သိထားသည့် အနုပညာရှင်တစ်ဦး မဟုတ်ပါလား။

“အစ်မရှင်း... စိတ်မပူပါနဲ့၊ ကျိုးထျန်းက အစ်မကို အန္တရာယ် မပြုပါဘူး”

မုယန်က အရေးကြီးသည့် အချိန်တွင် ကျိုးထျန်းဘက်မှ ဝင်ပြောပေးလိုက်သည်။

ထိုအခါမှသာ ကျောက်ရှင်းသည် သူမ၏ ဖုန်းကို ပေးလိုက်တော့သည်။

ကျိုးထျန်းအတွက်မူ ဒါက အလွန်ရိုးရှင်းလှသည်။ သူသည် ဂျက်ဆီ ကို ဖုန်းနောက်ကွယ်တွင် စောင့်ကြည့်ရေးဆော့ဖ်ဝဲလ်တစ်ခု တပ်ဆင်ခိုင်းလိုက်ရုံသာ ဖြစ်သည်။

သူမ၏ ဖုန်းထဲရှိ အဆက်အသွယ်များနှင့် လူမှုကွန်ရက်များကို ချက်ချင်းပင် စိစစ်လိုက်မည် ဖြစ်သည်။

ထိုအခါမှ သတင်းပေးသူ၊ သစ္စာဖောက်က မည်သူဖြစ်သည်မှာ ထင်ရှားလာပေလိမ့်မည်။

ထို့အပြင် သူသည် ယင်းသို့ လုပ်ဆောင်ရာတွင် ပိုမို နက်နဲသော စဉ်းစားချက်လည်းရှိသည်။

သစ္စာဖောက်ကို သိသွားသည်နှင့် တစ်ပြိုင်နက် ထိုသူကို ပြန်လည် အသုံးချနိုင်ပေလိမ့်မည်။

ဝူခယ်ရုံကဲ့သို့ပင်၊ ဤကဲ့သို့ ချမ်းသာသော ဒုတိယမျိုးဆက်များမှာ တူညီသော ဝါသနာတစ်ခု ရှိကြသည်။ ၎င်းမှာ လက်စားချေခြင်း ဖြစ်သည်။

သူတို့က ကောင်းကွက်များကို မသင်ယူနိုင်ကြသော်လည်း ဆိုးကွက်များကိုမူ သင်ယူနေစရာပင် မလိုကြပေ။

ဤကဲ့သို့ လူမျိုးများမှာ တခြားသူများကို ဒုက္ခပေးရန် မွေးဖွားလာကြသလိုပင်။

သို့သော် ကျိုးထျန်းမှာမူ ထိုကဲ့သို့ အလွယ်တကူ ဒုက္ခပေး၍ ရသူ မဟုတ်ပေ။ ဘယ်လို နည်းလမ်းတွေပဲ သုံးသုံး သူ လက်ခံနိုင်သည်။

ဤလူက လွယ်လွယ်နှင့် လက်လျှော့မည် မဟုတ်ကြောင်း သူ သေချာ သိထားသဖြင့် သတင်းအချက်အလက်ပိုင်းတွင် အမြဲ အသာစီးရနေရန် လိုအပ်သည်။

"ကျောက်ရှင်း... အရင်က နင့်ရဲ့ မကောင်းသတင်းတွေကို ပေါက်ကြားစေခဲ့တာ သူပဲလားဆိုတာကိုလည်း သေချာ ပြန်စုံစမ်းခိုင်းလိုက်ဦး။ ငါ့အထင်တော့ သူ ဖြစ်နိုင်ခြေ အတော်လေး များတယ်"

"ငါလည်း အဲဒီလိုပဲ ထင်တယ်။ အရင်ကတော့ သိပ်မတွေးမိပေမဲ့ အခုတော့ သူ ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်းလောက် သေချာနေပြီ။

သူတို့က 'Planet House' နဲ့ တစ်ချိန်တည်းမှာပဲ ပြသမယ့် ဟာသရုပ်ရှင်တစ်ခုမှာ ရင်းနှီးမြှုပ်နှံထားတာလေ"

"အော်... ဒါကြောင့်ကိုး။ သူက နင် သူ့စကားကို နားမထောင်လို့တင် ဒေါသထွက်နေတာ မဟုတ်ဘူးပဲ"

"တစ်ချိန်တည်းမှာပဲ နင့်ရဲ့ ရုပ်ရှင်က သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်းတွေကို ထိခိုက်စေမယ်လို့ သူ ခံစားရလို့ ဒေါသကို မထိန်းနိုင်ဘဲ တမင်လာပြဿနာ ရှာတာပေါ့"

အတော်လေး ကျိုးကြောင်းဆီလျော်သွားသည်။

ဤလူအတွက်မူ သူသည် လူကိုလည်း မရလိုက်သလို၊ ငွေလည်း ဆုံးရှုံးရမည့် အခြေအနေဖြစ်နေသည်။

လူရော ငွေပါ ဆုံးရှုံးရမည့် အခြေအနေမျိုးကို သူကဲ့သို့ လူစားမျိုးက မည်သို့ လက်ခံနိုင်ပါမည်နည်း။

ထို့ကြောင့် သူ့ ဒုတိယမျိုးဆက် စိတ်ဓာတ်က ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။

ထိုစဉ်မှာပင် မုယန်က ရုတ်တရက် မေးလိုက်သည်။

"ကျိုးထျန်း... အခုနက အဲဒီလူ ပြောတဲ့ တစ်ပြိုင်တည်း နှစ်ယောက်ဆိုတာ ဘာကို ပြောတာလဲ"

ကျိုးထျန်းမှာ ထိုမေးခွန်းကြောင့် အတော်လေးနေရခက်သွားပြီး ကျောက်ရှင်းမှာလည်း ချက်ချင်းပင် မျက်နှာ နီမြန်းသွားတော့သည်။

"တစ်ပြိုင်တည်း နှစ်ယောက်ဆိုတာက... လူနှစ်ယောက် လေယာဉ်တစ်စင်းတည်း အတူတူ ခရီးသွားတာကို ပြောတာ"

ရှင်းပြချက်က မှန်ကန်သော်လည်း မုယန်ကမူ ရှင်းရှင်းလင်းလင်းမယုံကြည်ပေ။

သူမ ဖုန်းဖြင့် ရှာဖွေကြည့်လိုက်ပြီးနောက် သူမပါ မျက်နှာနီမြန်းသွားတော့သည်။

"အဲဒီလူက တကယ်ရမ္မက်ကြီးတာပဲ"

All Chapters