← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

‌🍋 Chapter 119

ကျောက်ရှင်း တစ်ယောက် လတ်တလောတွင် စိတ်ရွှင်လန်းနေသည်။

သူမ အလွန်အလုပ်ရှုပ်နေသော်လည်း ဘဝက ပြန်လည်နိုးထလာသလို ခံစားနေရ၏။ မိမိကိုယ်ကိုယ် ရောင်းစားစရာမလိုဘဲ ရင်းနှီးမြှုပ်နှံမှု ရရှိခြင်းမှာ သူမအတွက်တော့ အိပ်မက်တစ်ခုလိုပင်။

သို့သော် ယခုလက်တွေ့တွင် ဖြစ်လာခဲ့ပြီဖြစ်သည်။ တစ်ခုတည်းသော ပြဿနာမှာ ထိုရင်းနှီးမြှုပ်နှံသူမှာ သူမ၏ဘဝဟောင်းမှ ရန်သူဟောင်း ဖြစ်နေနိုင်ခြင်းပင်။

လူများမှာ ပိုက်ဆံရှိရင် ချောလာတတ်သည်ဟု ပြောကြသလို ကျိုးထျန်းကမူ ရုပ်ရည်မဆိုးလှသောလည်း သူမမှ အဘယ်ကြောင့် သူ့အား အမြင်ကတ်နေရသလဲဆိုတာ ကိုယ်တိုင်ပင် နားမလည်နိုင်တော့ပေ။ စရိုက်ချင်း မတည့်ခြင်းလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ရုပ်ရှင်ကားမှာ ပြန်လည်အသက်ဝင်လာပြီး သိသိသာသာ တိုးတက်လာနေပြီ ဖြစ်၏။

ယခု သူမသည် ရုပ်သံဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေရပြီး အချိန်ဇယားမှာ အလွန်ကျပ်လှသည်။

အလုပ်ပြီးသည့်တိုင်အောင် နေ့စဉ် ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေးမှ စီမံခန့်ခွဲသူများနှင့် ဗီဒီယိုကောလ်ပြောကာ အခြေအနေများကို စစ်ဆေးရသေးသည်။

လက်ရှိအခြေအနေအရ အရာအားလုံး ချောမွေ့နေ၏။

ဆင်ဆာပိုင်းတွင်လည်း သူမ၏ မိသားစုအဆက်အသွယ်များကြောင့် ပြဿနာမရှိပေ။

မာခွန်းနှင့် ပတ်သက်သည့် နာမည်ပျက်သတင်းများကြောင့် ရုပ်ရှင်ရုံများတွင် သူမအတွက် အကျိုးအမြတ် ပိုရလာသည်။ အရာအားလုံးမှာ အကောင်းဆုံးဘက်သို့ ဦးတည်နေ၏။

မနက် ၅ နာရီတွင် ထကာ မိတ်ကပ်ပြင်၊ ဝတ်စုံလဲပြီး အလုပ်စသည်။ ယနေ့ ရိုက်ကူးရမည့် အခန်းမှာ ဝါယာကြိုးဆိုင်းရမည့် အခန်းဖြစ်သည်။

မင်းသမီးအများစုမှာ လူစားထိုးကိုသာ သုံးတတ်ကြသော်လည်း ကျောက်ရှင်းမှာမူ ခေါင်းမာသူတစ်ဦး ဖြစ်သည်။ ရုပ်ရှင်ရိုက်ကွင်းများကြားတွင် ကြီးပြင်းလာသူဖြစ်ရာ သရုပ်ဆောင်ခြင်းအပေါ် ဝါသနာကြီးမားလှ၏။

သူမကိုယ်တိုင် လုပ်ဆောင်မှုကြောင့် ဒါရိုက်တာများ၏ ချီးကျူးမှုကို ရရှိခဲ့သည်။

ဤလောကတွင် နာမည်ကောင်းထိန်းရန်မှာ မလွယ်ကူသလို ပင်ပန်းဆင်းရဲမှုလည်း ကြီးမားလှသည်။

နှုတ်ခမ်းလှုပ်ရုံသာ သရုပ်ဆောင်တတ်သည့် မင်းသမီးများနှင့် သူမကတော့ ကွာခြားလှ၏။

အကူ ရှောင်မုန့်နှင့်အတူ ရိုက်ကွင်းသို့ ရောက်ရှိလာပြီး ဝန်ထမ်းများကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

ဝါယာကြိုးပေါ်သို့ မတက်မီ ထုံးစံအတိုင်း ဘေးကင်းလုံခြုံရေးကို အသေအချာ စစ်ဆေးပြီးပြီ ဖြစ်သည်။

"အက်ရှင်!"

အမိန့်သံနှင့်အတူ သူမသည် ကောင်းကင်မှ နတ်သမီးလေး ဆင်းသက်လာသကဲ့သို့ အမြင့်မှ ခုန်ဆင်းလိုက်သည်။ ဤအခန်းမှာ နှစ်ထပ်တိုက် အမိုးပေါ်မှ မြေပြင်သို့ ခုန်ဆင်းရခြင်း ဖြစ်၏။

နှစ်ထပ်တိုက်ဆိုသော်လည်း ၇ မီတာ၊ ၈ မီတာခန့် မြင့်သဖြင့် ကျင့်သားမရသူအတွက်တော့ ကြောက်စရာပင်။

မြေပြင်သို့ မကျမီအထိ အရာအားလုံး ပြီးပြည့်စုံနေခဲ့သည်။

"ဂျိမ်း!"

ရုတ်တရက် ဝါယာကြိုးတစ်ချောင်း ပြတ်ထွက်သွားပြီး ကျောက်ရှင်းမှာ လေထဲတွင် ဟန်ချက်ပျက်သွားတော့သည်။

အားလုံး ပြတ်သွားပါက မြေပြင်ပေါ်သို့ တိုက်ရိုက်ကျမည် ဖြစ်သော်လည်း အောက်တွင် မွေ့ရာများ ခင်းထားပြီး ဖြစ်သည်။

သို့သော် ဝါယာကြိုးတစ်ပိုင်းသာပြတ်သွားခြင်းက သူမကို စောင်းသွားစေသည်။

ကျွမ်းကျင်သည့် ကချေသည်တစ်ဦး ဖြစ်သည့်အတိုင်း သူမ ချက်ချင်း တုံ့ပြန်လိုက်ပြီး ဟန်ချက်ပြန်ထိန်းရန် ကြိုးစားလိုက်၏။

"ဝုန်း!"

သူမ အစွမ်းကုန် ကြိုးစားသော်လည်း ခန္ဓာကိုယ်တစ်ဝက်မှာ မွေ့ရာအပြင်ဘက်သို့ ကျသွားခဲ့သည်။

ဆေးဝန်ထမ်းများနှင့် အလုပ်သမားများ သူမဆီသို့ ရူးမတတ် ပြေးလာကြတော့သည်။

ရိုက်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

နာရီအနည်းငယ်အကြာ ဆေးရုံတွင် လဲလျောင်းနေစဉ် ကျောက်ရှင်းသည် သူမ ခြေထောက်ကို ကြည့်လိုက်သည်။

"တော်သေးတာပေါ့၊ ငါ လတ်တလော ကံကောင်းနေလို့ပဲ။ ဒီလောက်ပြုတ်ကျတာတောင် ခြေထောက်က ကျိုးမသွားဘဲ အက်ရုံပဲ အက်တာ"

သူမ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။ အနည်းဆုံးတော့ အသက်ရှင်သေးသည် မဟုတ်ပါလား။

ရုပ်ရှင်ရိုက်စဉ် အန္တရာယ်ကြုံရခြင်းမှာ အထူးအဆန်း မဟုတ်ပေ။ သို့သော် နားရဦးမည် ဖြစ်ရာ ယခု ရုပ်ရှင်အသစ်မှ သူမ နုတ်ထွက်ရတော့မည် ဖြစ်သည်။

"ထားလိုက်ပါတော့၊ အနားယူတာလို့ပဲ သဘောထားလိုက်မယ်။ မင်းသမီး စလုပ်ကတည်းက ငါ ကောင်းကောင်း မနားရသေးဘူးလေ"

သူမ စိတ်ထားမှာ အကောင်းမြင်ဘက်တွင် ရှိနေဆဲပင်။

"ရှောင်မုန့်၊ ရောက်လာပြီလား"

သူမ၏အကူမလေး အစားအသောက်များ သယ်လာသည်ကို မြင်သောအခါ သူမ ကိုယ်ကို ထောက်လိုက်သည်။

"ရှင်းရှင်း၊ မလှုပ်နဲ့ဦးလေ၊ နားနေရမှာကို" ရှောင်မုန့်က နွားနို့တစ်ဗူး ကမ်းပေးလိုက်သည်။

"ဒါက ကယ်လ်စီယမ်ဓာတ် ရအောင်လို့၊ အရိုးထိခိုက်ထားတာဆိုတော့ နွားနို့များများ သောက်ရမယ်"

ကျောက်ရှင်းက နွားနို့သောက်ရင်း မေးလိုက်၏။

"ဇာတ်လမ်းတွဲက ဘာဖြစ်သွားပြီလဲ။ ငါက ဒုတိယမင်းသမီးဆိုတော့ အခန်းတွေ အများကြီး ကျန်သေးတာ၊ အခု ဘယ်လိုလုပ်ကြမလဲ"

"ဘယ်လိုလုပ်မလဲ၊ နုတ်ထွက်ရုံပေါ့။ ဒီနေရာကို မျက်စိကျနေတဲ့သူတွေ အများကြီးပဲ၊ အခုတောင် တစ်ယောက်က ရသွားပြီ"

"ဟင်... ဘယ်သူလဲ"

"ရှာလိုင်လေ၊ ဟိုဟန်ဆောင်ကောင်းတဲ့ မင်းသမီးလေး"

"သူက မင်းသမီးလေး မဟုတ်တော့ဘူး၊ 'Journey to the North' မှာ ဒုတိယမင်းသမီး လုပ်ထားတာ" ဟု ကျောက်ရှင်း ပြန်ပြောရင်း တစ်ခုခု ထူးဆန်းနေသည်ကို ခံစားမိလိုက်သည်။

"ဘယ်လိုလုပ်ပြီး ၃ နာရီမပြည့်ခင်မှာ သူက နေရာဝင်ယူနိုင်ရတာလဲ၊ မြန်လွန်းတယ်"

"ဒီမိန်းမက ငါ့ကို အမြဲစောင့်ကြည့်နေပြီး ငါ့အခန်းတွေကို လုဖို့ စောင့်နေတာပဲ ဖြစ်ရမယ်"

ယခုအခါ စိတ်မချမ်းသာသော်လည်း ဘာမှ မတတ်နိုင်တော့ပေ။ နောက်ကျသွားပြီဖြစ်ရာ လက်တွေ့ကို လက်ခံရုံသာ ရှိတော့သည်။

သူမတို့နှစ်ယောက် စားသောက်နေစဉ် မိတ်ကပ်အလိမ်းလိမ်းနှင့် အမျိုးသမီးတစ်ဦး ဝင်လာသည်။

"အို... မင်းသမီးကြီး ကျောက်ရှင်းပါလား၊ ဘာတွေ ဖြစ်ကုန်တာလဲ"

ထိုအမျိုးသမီးသည် တင်ပါးကို လှုပ်ယမ်းကာ အခန်းထဲသို့ လျှောက်ဝင်လာ၏။

"ရှာလိုင်၊ နင် ဒီကို ဘာလာလုပ်တာလဲ" ကျောက်ရှင်း မျက်မှောင်ကြုတ်လိုက်သည်။

တစ်ဖက်လူ၏ မရိုးသားသော မျက်နှာထားကြောင့် သူမ သတိထားလိုက်၏။

"ငါ့အတွက် ဒီလိုဇာတ်ရုပ်ကောင်းကောင်းလေး ချန်ပေးခဲ့လို့ လာကျေးဇူးတင်တာပါ"

ရှာလိုင်မှ ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်ရင်း ပြောသည်။

"ဒီဇာတ်ရုပ်က ငါနဲ့ ပိုလိုက်ဖက်ပါတယ်။ မင်းသမီးလေးကျောက် ကတော့ ကမ္ဘာကြီးနဲ့ မသက်ဆိုင်သလို အရမ်းသန့်စင်လွန်းနေတော့ မလိုက်ဖက်ပါဘူး"

"နင် ဘာကို ဆိုလိုတာလဲ"

"ဘာမှ မဟုတ်ပါဘူး၊ လာကြည့်တာပါ။ နင်ကလည်း ဘယ်လိုတောင် သတိမထားမိရတာလဲ၊ စိတ်ဒဏ်ရာတွေ ဘာတွေများ ရသွားလား"

ကျောက်ရှင်း ဘာမှပြန်မပြောဘဲ အေးစက်စွာသာ ကြည့်နေလိုက်သည်။

"ကြည့်ပါဦး၊ ငါက သတိတရလာနှုတ်ဆက်တာကို နင်က ငါ့ကို စိုက်ကြည့်နေတယ်။ ငါက စေတနာနဲ့ပါ"

"ရှောင်မုန့်၊ ငါ အနားယူချင်ပြီ။ မသက်ဆိုင်တဲ့သူတွေကို အပြင်ထုတ်ပေးပါဦး"

ထိုစကားကြောင့် ရှောင်မုန့် ထရပ်လိုက်သည်။

"အို... မယဉ်ကျေးလိုက်တာ!"

ရှာလိုင် ထရပ်လိုက်ပြီး "ငါ့ဘာသာ ပြန်နိုင်တယ်၊ လိုက်ပို့ဖို့ မလိုဘူး"

တံခါးဝသို့ ရောက်သောအခါ ရှာလိုင်က ယုတ်မာသော အပြုံးတစ်ခု ပြလိုက်သည်။

"အော်... ဒါနဲ့ သခင်လေးမာက မှာလိုက်သေးတယ်။ နောက်ဆို ရိုက်ကွင်းပေါ်မှာ သတိထားပါဦးတဲ့။ မတော်တဆမှုဆိုတာ အချိန်မရွေးဖြစ်နိုင်တာပဲလေ၊ သူနဲ့ ကောင်းကောင်းမွန်မွန် စကားပြောဖို့လိုမယ်ထင်တယ်နော်"

ထိုသို့ပြောပြီး ရယ်မောကာ ထွက်သွားတော့သည်။

ထိုစကားများက ကျောက်ရှင်းကို ရေခဲတိုက်ထဲ ရောက်သွားသလို ခံစားရစေသည်။

"ဒါ သူ လုပ်တာပဲ!"

သူမ ခြေထောက်ကို ကြည့်ရင်း လက်များတုန်ယင်လာသည်။ ကျောရိုးထဲအထိ စိမ့်တက်သွား၏။

အကယ်၍ ယနေ့ ကံမကောင်းခဲ့ပါက ကျောရိုးထိခိုက်ပြီး မသန်မစွမ်းဖြစ်သွားနိုင်သည် မဟုတ်ပါလား။

မာခွန်းက ဤမျှအထိ ရက်စက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူက သူမ၏ အသက်ကိုပါ တိုက်ရိုက် ခြိမ်းခြောက်လာခြင်း ဖြစ်သည်။

ရှာလိုင် ပြောသွားသည့်စကားအရ သူမ အရှုံးမပေးမချင်း သူ ဆက်ပြီး အန္တရာယ်ပေးနေဦးမည် ဖြစ်၏။

အားကိုးရာမဲ့မှု၊ ကြောက်ရွံ့မှုများကြောင့် သူမ ခန္ဓာကိုယ် တုန်ယင်နေတော့သည်။

ဖျော်ဖြေရေးလောကထဲတွင် ကြီးပြင်းလာခဲ့သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးကို သူမ တစ်ခါမှ မကြုံဖူးပေ။

ပိုက်ဆံမက်သူ၊ အခန်းလုသူများ ရှိသော်လည်း လူသတ်ရန် ကြံစည်သူကိုမူ သူမ မမြင်ဖူးခဲ့ပေ။

သူမ မိမိ၏ပခုံးကို ပွေ့ဖက်လိုက်သည်။ ဆေးရှိန်ပြယ်သွားချိန်တွင် ခြေထောက်မှ နာကျင်မှုက စူးခနဲ တက်လာ၏။ မျက်ရည်များ ဝဲလာတော့သည်။

အိပ်ရာပေါ်တွင် ဆယ်မိနစ်ခန့် ငြိမ်သက်စွာ ထိုင်နေပြီးနောက် သူမ ခေါင်းမော့ကာ ဖုန်းကို ထုတ်ပြီး နံပါတ်တစ်ခုသို့ ခေါ်လိုက်သည်။

"ကျိုးထျန်း... ငါ့ကို ကယ်ပါဦး!"

ထိုအချိန်တွင် ကျိုးထျန်းမှာ Weibo ကြည့်ကာ ပျော်နေဆဲဖြစ်သည်။ ကျောက်ရှင်း၏ ငိုသံပါသော အကူအညီတောင်းသံကို ကြားလိုက်ရချိန်တွင် သူ ချက်ချင်းမတ်မတ်ထိုင်လိုက်၏။

သူသည် နောက်ပြောင်ခြင်းနှင့် တကယ့်ကြောက်ရွံ့မှုကို ခွဲခြားနိုင်သူ ဖြစ်သည်။

ဖုန်းထဲမှ အသံမှာ အမှန်တကယ် ကြောက်လန့်နေခြင်း ဖြစ်၏။

ကျောက်ရှင်းက တုန်တုန်ယင်ယင်ဖြင့် ဖြစ်ပျက်သမျှကို ရှင်းပြရန် ဆယ်မိနစ်ခန့် အချိန်ယူလိုက်ရသည်။

အားလုံး နားထောင်ပြီးနောက် ကျိုးထျန်း စားပွဲကို လက်ချောင်းဖြင့် ခေါက်ကာ ပြုံးလျက် ပြောလိုက်သည်။

"မကြောက်နဲ့။ ဒီကိစ္စကို ငါ ကိုင်တွယ်လိုက်မယ်။ နင်ကတော့ ဆေးကုသဖို့ပဲ အာရုံစိုက်ထားလိုက်"

"ဒါပေမဲ့..."

"ဒါပေမဲ့ မရှိဘူး။ သူ စည်းကျော်သွားပြီ။ သူက စည်းကမ်းမလိုက်နာမှတော့ ငါကလည်း သူ့ကို သင်ခန်းစာ ပေးရမှာပေါ့"

သူမကို အားပေးစကား အနည်းငယ်ထပ်ပြောပြီးနောက် ကျိုးထျန်း ဖုန်းချလိုက်သည်။

"ကောင်းပြီ၊ အတော်လေး ကောင်းတယ်။ မင်းက ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ငါ ဒေါသတောင် မထွက်ချင်တော့ဘူး"

သူ ရယ်မောနေသည်။ အလွန်ပျော်ရွှင်နေ၏။

သူ ပျော်နေရခြင်းမှာ သူကိုယ်တိုင်လည်း စည်းကမ်းတွေကို ချိုးဖောက်နိုင်တော့မည် ဖြစ်သောကြောင့်ပင်။

"မင်းဘက်က အရင်စမှတော့ ငါ့ဘက်ကလည်း ပြန်တုံ့ပြန်ပေးရတော့မှာပေါ့"

‌🍋 Chapter 120

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဘေးကင်းလုံခြုံမှုအရှိဆုံး နိုင်ငံများထဲမှ တစ်ခုအဖြစ် လူသိများသည်။

တင်းကျပ်သော ဥပဒေများနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူသေဆုံးမှုဖြစ်စဉ်များမှာ အလွန်ပင် နည်းပါးလှ၏။

အွန်လိုင်းပေါ်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ လူသတ်မှုနှင့် ထောင်ဖောက်မှု သတင်းများကို နေ့စဉ် မြင်တွေ့နေရသော်လည်း အချိုးအစားအရ ကြည့်မည်ဆိုပါက တရုတ်နိုင်ငံ၏ ရာဇဝတ်မှုနှုန်းမှာ အခြားသော ယဉ်ကျေးမှုထွန်းကားသည်ဆိုသည့် နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်နိမ့်ပါးလှသည်။

အွန်လိုင်းပေါ်မှ သတင်းအများစုမှာလည်း လူအများ စိတ်ဝင်စားမှုရစေရန်နှင့် ကြည့်ရှုနှုန်း ရရှိရန်အတွက် ဆိုရှယ်မီဒီယာများက တမင်တကာ ချဲ့ကားရေးသားထားခြင်းသာ။

အချို့မှာမူ အတည်မပြုနိုင်သော မြို့ပြဒဏ္ဍာရီဆန်ဆန် ပုံပြင်များသာ ဖြစ်၏။

ကျိုးထျန်းသည် ယခင်က ထိုအချက်ကို သိပ်မယုံကြည်ခဲ့သော်လည်း မာခွန်းနှင့် တွေ့ဆုံပြီးနောက်တွင်မူ လက်ခံလိုက်ရတော့သည်။

သူမက သူ့အလိုကို မလိုက်လျောရုံမျှနှင့် မာခွန်းသည် ကျောက်ရှင်းကို သတ်ရန်အထိ ကြံစည်ခဲ့သည်။

သူ၏ လုပ်ရပ်မှာ တရုတ်လူမျိုးများအတွက်တော့ စည်းကျော်သွားသည့် လုပ်ရပ်ပင်။

အခြေအနေက ဤသို့ဖြစ်မှတော့ အဆုံးထိ တိုက်ပွဲဝင်ပြီး ပွဲကြီးပွဲကောင်း ကစားကြရုံသာ ရှိတော့သည်။

"ဂျက်ဆီ... ငါ အရင်က ပြောထားတဲ့ အဲ့ဒီလူတွေရဲ့ အချက်အလက်တွေနဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပြီးပြီလား"

"Boss... အားလုံး အဆင်သင့်ပါပဲ၊ Boss အမိန့်ကိုပဲ စောင့်နေတာပါ"

"ကောင်းပြီ။ ဒီည ၉ နာရီမှာ နိုင်ငံတကာ ဝဘ်ဆိုက်ပေါ်မှာ တင်လိုက်တော့။ အရင်နည်းလမ်းအတိုင်းပဲ တစ်ယောက်ယောက်ကို တရုတ်ပြည်ထဲကို ပြန်မျှဝေ ခိုင်းလိုက်"

"နားလည်ပါပြီ၊ ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်"

"ဒါနဲ့ ရှီးရှန်းကျောက်မီးသွေး လုပ်ငန်းစုနဲ့ သူ့ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေရဲ့ အချက်အလက်ကရော ဘယ်လိုရှိလဲ"

"အင်း... အဲ့ဒီ အချက်အလက်တွေက နည်းနည်းတော့ ခက်ခဲတယ်။ တစ်ယောက်ယောက်က တမင်တကာ ကာကွယ်ပေးထားသလိုပဲ။ အပေါ်ယံမှာတော့ အရာအားလုံးက အတော်လေး ပြည့်စုံနေတာပဲ"

"အပေါ်ယံမှာ ပြည့်စုံလေလေ၊ အတွင်းထဲမှာ ပြဿနာက ပိုကြီးလေလေပဲ။ သေချာ ပြန်စစ်ဆေးဦး"

"နောက်ပြီး အမေရိကန် စတော့ဈေးကွက်မှာ လုပ်ခိုင်းထားတဲ့ ပြင်ဆင်မှုတွေကရော ဘယ်လိုလဲ"

"အားလုံး အဆင်သင့်ပါပဲ။ အရင်အဖွဲ့ပဲဆိုတော့ အတော်လေး စိတ်ချရပါတယ်"

"ကောင်းပြီ၊ သတိထားဖို့နဲ့ လူမသိအောင် လုပ်ဖို့ မမေ့နဲ့ဦး"

"ဟုတ်ကဲ့ Boss။ ဒါနဲ့ Boss... ကျွန်တော် လတ်တလောမှာ ပီဇာကုမ္ပဏီတစ်ခုရဲ့ စနစ်အားနည်းချက်ကို တွေ့ထားတယ်။ ပီဇာမှာ တော့ပင်တွေကို အလကားထပ်ထည့်လို့ရတယ်၊ Boss စမ်းကြည့်ချင်လား"

"နွားနို့ကုမ္ပဏီတစ်ခုရဲ့ ပို့ဆောင်ရေး စနစ်ထဲမှာလည်း အားနည်းချက်တစ်ခု တွေ့တယ်၊ နေ့တိုင်း နွားနို့ အလကား သောက်လို့ရတယ်..."

ကျိုးထျန်းခေါင်းကို ပွတ်လိုက်ပြီး ဖုန်းချလိုက်တော့သည်။

"ဒီကောင်ကတော့ တစ်နေ့ကုန် အကျိုးရှိတာ ဘာမှမလုပ်ဘူး"

ဂျက်ဆီကို သူ့ဘာသာ ဆော့ကစားခွင့် ပေးထားလိုက်ပြီး ကျိုးထျန်းသည် ညနေခင်း၏ ပွဲကြီးပွဲကောင်းကို စောင့်မျှော်နေလိုက်သည်။

ည ၉ နာရီတွင် "Journey to the North" ၌ ပါဝင်ထားသော နာမည်ကြီး သရုပ်ဆောင်များ၏ ဖန်များသည် တခြားသော အင်တာနက် အသုံးပြုသူများနှင့် စစ်ခင်းနေဆဲ ဖြစ်သည်။

၎င်းတို့အိုင်ဒေါများ ပါဝင်သည့် ရုပ်ရှင်ကို ဝေဖန်ခြင်းကို သူတို့ လုံးဝသည်းမခံနိုင်ကြပေ။

ဖိုရမ်များတွင် မှတ်ချက်များဖြင့် အကြီးအကျယ် တိုက်ခိုက်နေကြပြီး ဤဖန်များသည် သူတို့၏ အောင်ပွဲအတွက် ဝမ်းမြောက်နေကြသည်။

ငါတို့က အင်တာနက်ရဲ့ အရှင်သခင်တွေပဲ!

ဤလူများသည် ကမ္ဘာကြီးကို သိမ်းပိုက်လိုက်နိုင်သကဲ့သို့ ကီးဘုတ်များကို အားကိုးကာ ကခုန်သီဆိုနေကြသည်။

သို့သော် ဤပျော်ရွှင်စရာ အခြေအနေမှာ ခေတ္တသာ ဖြစ်ခဲ့၏။ မကြာခင်မှာပင် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု တရုတ်အင်တာနက် တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။

"သတင်းထူး : အမျိုးသမီးအနုပညာရှင် ရာပေါင်းများစွာ၏ ဟိုတယ်အခန်း မှတ်တမ်းများပေါက်ကြား!"

ထိုသတင်းနှင့်အတူ ဆယ်မိနစ်ကျော်ရှည်လျားသော ဗီဒီယိုတစ်ခုပါဝင်ပြီး လူပေါင်း ရာနှင့်ချီ၏ ဟိုတယ်မှတ်တမ်းများကို ပြသထားသည်။

ထိုမှတ်တမ်းအားလုံးရှိ အမျိုးသားဇာတ်လိုက်မှာ တစ်ဦးတည်းသာဖြစ်သည်။ သူကား မာခွန်းပင်။

ငါးမိနစ်အတွင်းမှာပင် ပြန်လည်မျှဝေမှု အရေအတွက်မှာ သမိုင်းတင် စံချိန်တင်သွားခဲ့သည်။

ပွဲကြည့်ပရိသတ်များမှာမူ ဤအတင်းအဖျင်း သတင်းမှာ အလွန်ကြီးမားလှသဖြင့် ရင်တုန်ပန်းတုန် ဖြစ်နေကြရသည်။

ထိုအမျိုးသမီး အနုပညာရှင် အများစုမှာ အဆင့်နိမ့် မင်းသမီးလေးများ သို့မဟုတ် အွန်လိုင်း အနုပညာရှင်လေးများသာ။

ထိုသူများမှာ အရေအတွက်ပြည့်ရန်သာ ဖြစ်ပြီး အဓိက ပစ်မှတ်မှာ စာရင်း၏ထိပ်ဆုံးမှ နာမည်အချို့ပင်။

ခြွင်းချက်မရှိဘဲ ထိုသူများမှာ ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေးမှ ရင်းနှီးမြှုပ်နှံထားသည့် ရုပ်ရှင်များရှိ ဇာတ်ပို့ မင်းသမီးများဖြစ်ကြပြီး တစ်ယောက်မှာဆိုလျှင် နာမည်ကျော် ခေါင်းဆောင်မင်းသမီးပင် ဖြစ်နေသည်။

ကျိုးထျန်းသည် ထိုအမျိုးသမီးများနှင့် ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေးကြားက ဆက်စပ်မှုကို သတင်းထဲတွင် တိုက်ရိုက်မဖော်ပြခဲ့ပေ။

တမင်တကာလုပ်ဆောင်နေရန် မလိုသောကြောင့် ဖြစ်၏။

ထိုဆက်စပ်မှုကို မကြာခင်မှာပင် လူအများက ရှာဖွေတွေ့ရှိသွားလိမ့်မည် ဖြစ်ကြောင်း သူ သိထားသည်။

လူများသည် သူတို့ကိုယ်တိုင် ရှာဖွေတွေ့ရှိသည့် အရာကို ပိုယုံကြည်တတ်ကြသည် မဟုတ်ပါလား။

အနုပညာရှင်များ၏ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်မှာ လူထုအကြိုက်ဆုံး ဆွေးနွေးစရာဖြစ်ရာ ယခုကဲ့သို့ အထိခိုက်မခံနိုင်ဆုံး ကိစ္စများ ပေါ်ထွက်လာချိန်တွင် ပွက်လောရိုက်သွားမည်မှာ အံ့သြစရာ မဟုတ်ပေ။

ထို Weibo Post ကို မြင်လိုက်ရသည့် မာခွန်းမှာမူ လုံးဝ ဆွံ့အသွားတော့သည်။

ဤအချက်အလက်များမှာ မှန်ကန်ကြောင်း သူ တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။

သူသည် ထိုအမျိုးသမီး အားလုံးနှင့် ပတ်သက်ခဲ့ဖူးသည် မဟုတ်ပါလား။

သူသည် ထိုအမျိုးသမီးများကို မကြောက်ပေ။ သူတို့မှာ အနုပညာရှင်လေးများသာ ဖြစ်ရာ သူ၏ အဖေထက် မည်သို့မှ မသာနိုင်ပေ။

သို့သော် ထိုအနုပညာရှင်များသည် တစ်ယောက်တည်း မဟုတ်ကြပေ။

အထူးသဖြင့် နာမည်ကျော် အနုပညာရှင်အချို့တွင် ချမ်းသာသော ကျောထောက်နောက်ခံရှင်များ ရှိကြသည်။

မည်သူမှ ဤအချက်အလက်ကို ဖွင့်ချခဲ့သလဲဆိုသည်မှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ ထိုမှတ်တမ်းအားလုံးတွင် သူက အမျိုးသားဇာတ်လိုက် ဖြစ်နေခြင်းပင်။

အမျိုးသမီး အနုပညာရှင်တစ်ဦးအတွက် သူမ ပုံရိပ်မှာ တန်ဖိုးအရှိဆုံး အရာဖြစ်ပြီး အကာကွယ်ရဆုံး အရာလည်းဖြစ်သည်။

သို့သော် ယခု ဤစာရင်းထွက်လာပြီးနောက်တွင်မူ ထိုအမျိုးသမီးရာနှင့်ချီမှာ ဘဝပျက်သွားကြလေပြီ။

လူထုအနေဖြင့် အနုပညာလောက၏ မပြောဆိုထားသည့် စည်းကမ်း များကို သိထားကြသော်လည်း ယခုကဲ့သို့ ဗြောင်ကျကျ မြင်ဖူးခြင်းမရှိကြပေ။

ယခု ဤစာရင်းက ရှေ့တည့်တည့်သို့ ရောက်လာခြင်းမှာ ထိုအနုပညာရှင်များ၏ ဖန်များကို အော့နှလုံးနာအောင် လုပ်လိုက်သလိုပင်။

မကြာခင်မှာပင် ပြန်လည်မျှဝေထားသည့် Post များစွာမှာ ဖျက်ချခံလိုက်ရသည်။

Weibo ပေါ်မှ Post များပင် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ထိုအရာက အရေးမကြီးတော့ပေ။ ကျိုးထျန်းလည်း ဂျက်ဆီကို ဆက်တင်ရန် မခိုင်းတော့ပေ။

ယူထားရန် လိုအပ်သည့် Screen-shots များကို လူအများက ယူပြီးသွားကြပြီ ဖြစ်သည်။

ထိုညတွင် စာရင်းထဲ၌ ပါဝင်သူ အမျိုးသမီးအားလုံးမှာ မျက်လုံးများ နီမြန်းနေကြပြီး ဤအချက် အလက်များကို ပေါက်ကြားစေသူကို အပိုင်းပိုင်းဆွဲဖြတ်ပစ်ချင်နေကြသည်။

ထိုညတွင် အနားယူတော့မည့် မာကျန်းဟဲသည် အစိုးရထံမှ နောက်ထပ် ဖုန်းတစ်ချက် လက်ခံရရှိခဲ့သည်။

ဤတစ်ကြိမ်တွင်မူ တစ်ဖက်လူ၏သဘောထားမှာ အတော်လေး ဆိုးရွားနေပြီး လေသံမှာလည်း အလွန်မကျေမနပ်ဖြစ်နေသည်။

ထိုညတွင် မာခွန်းသည် သူ့ဖခင်ထံမှ ဖုန်းလက်ခံရရှိခဲ့ပြီး အဆဲခံလိုက်ရသည်။

ယောင်နိုးနိုးဖြင့် သူ သတိပြန်ဝင်လာခဲ့သည်။

"ငါ ဒီနေ့ပဲ ကျောက်ရှင်းကို ဒုက္ခပေးခဲ့တာလေ၊ ဒီညမှာပဲ ဒီသတင်းတွေ ပေါက်ကြားသွားတယ် ဟုတ်လား"

"ဒါ အဲ့ဒီမိန်းမရဲ့ လက်ချက်ပဲ ဖြစ်ရမယ်!"

"ငါ သူ့ကို သတ်ပစ်မယ်!"

ထိုညတွင်ပင် ရုပ်ရှင်နှင့် ဗီဒီယိုလုပ်ငန်းဆိုင်ရာ ဌာနသည် "Journey to the North" ရုပ်ရှင်အပေါ် အာရုံစိုက်လာခဲ့သည်။

ဤရုပ်ရှင်မှာ လတ်တလောတွင် ပြဿနာပေါင်းစုံ တက်နေခဲ့သည် မဟုတ်ပါလား။

ပထမဦးစွာ ရင်းနှီးမြှုပ်နှံသူ၏တာဝန်မဲ့သော စကားများကြောင့် လူထု၏ ငြိုငြင်မှုကို ခံခဲ့ရသည်။

နောက်ပိုင်းတွင် ထိုလူငယ်များ၏ဖန်များက အင်တာနက်ပေါ်တွင် ရမ်းကားခဲ့ပြီး အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

ယခုအခါ ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်က လူမှုပတ်ဝန်းကျင်အပေါ် အလွန်အမင်း ဆိုးကျိုးသက်ရောက်စေသည့် ကိစ္စရပ်များကို သယ်ဆောင်လာခဲ့သည်။

ထို့ကြောင့် ဤရုပ်ရှင်ကို ပြန်လည်စစ်ဆေးရန် လိုအပ်ပြီး လူထု၏ဒေါသများ ငြိမ်သက်သွားသည်အထိ ရုံတင်ရန်ဆိုင်းငံ့ထားရပေလိမ့်မည်။

ထို့အပြင် စည်းကမ်းဖောက်ဖျက်သူများကိုလည်း သတိပေးရန် လိုအပ်သည်။ သူတို့ကြောင့် ဌာန၏ အလုပ်များမှာ ဖိအားများလှသည်။

နောက်တစ်နေ့တွင် အင်တာနက်စာမျက်နှာမှာ ထူးထူးခြားခြားငြိမ်သက်နေခဲ့သည်။

အာဏာပိုင်များက ကြားဝင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း လူတိုင်း သိကြသည်။

အရင်က ရမ်းကားနေခဲ့သော ဖန်များသည်လည်း ရုတ်တရက်ငြိမ်ကုပ်သွားကြတော့သည်။ သူတို့၏ အိုင်ဒေါများမှာ လူသိရှင်ကြား ဝေဖန်ခံလိုက်ရပြီဖြစ်ရာ ဆက်လက် ရမ်းကားနေပါက ပိုမိုဆိုးရွား သောရလဒ်များကို ရရှိမည်ကို သူတို့ သိကြသည်။

တစ်ချိန်တည်းမှာပင် "Journey to the North" ရုပ်ရှင်သည် ရုပ်ရှင်ရုံများမှ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း Weibo တွင် ကြေညာလိုက်ပြီး ရုံပြန်တင်မည့် ရက်စွဲကိုလည်း ဖော်ပြခြင်း မရှိခဲ့ပေ။

ဤရုပ်ရှင်မှာ လုံးဝဇာတ်သိမ်းသွားပြီဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။

ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေးသည် ဤရုပ်ရှင်တွင် ယွမ် ၁၇၀ သန်း ရင်းနှီးမြှုပ်နှံထားခဲ့ပြီး ယခုအခါ ထိုပိုက်ဆံအားလုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။

အမှန်စင်စစ် အားလုံးဆုံးရှုံးသွားခြင်းတော့ မဟုတ်ပေ။

အနည်းဆုံးတော့ မာခွန်းသည် မင်းသမီးအများအပြားနှင့် "ရင်းနှီးစွာ ဆက်ဆံ" ခွင့် ရခဲ့သည် မဟုတ်ပါလား။

ယွမ် ၁၇၀ သန်းဆိုသည့် ရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ်များလွန်းသွားခြင်းသာ ရှိသည်။

ကျင်းချိုက် ရုပ်ရှင်ထုတ်လုပ်ရေး၏တန်ဖိုးမှာ ယွမ်သန်း ၈၀ ခန့်သာ ရှိပြီး ကျန်ရှိနေသည့် ပိုက်ဆံအားလုံးမှာ မာကျန်းဟဲ၏ ထောက်ပံ့မှုမှလာခြင်းဖြစ်သည်။

ယခုအခါ အရာအားလုံး ဆုံးရှုံးသွားခဲ့ပြီဖြစ်ရာ ကျင်းချိုက်မှာ ဒေဝါလီခံလိုက်ရပြီး မာခွန်းသည်လည်း အနုပညာလောကတွင် နေရာရတော့မည် မဟုတ်ပေ။

သူသည် ရှီးရှန်းနယ်သို့ တစ်ညတည်းနှင့် အပြေးအလွှားပြန်သွားခဲ့ရသည်။

ယခုအချိန်၌ မပြန်ပါက သူ နောက်ထပ်ပြန်နိုင်တော့မည် မဟုတ်ပေ။

ထိုအမျိုးသမီး အနုပညာရှင်များ၏ကျောထောက်နောက်ခံရှင်များမှာလည်း အကြီးအကျယ်ဆုံးရှုံးခဲ့ရသည်။

သူတို့သည် ထိုအနုပညာရှင်များကို အတော်လေးပံ့ပိုးပေးထားခဲ့ရခြင်း ဖြစ်ပြီး ယခုအခါ နာမည်ပျက်သွားပြီဖြစ်ရာ အနုပညာလောကတွင် မည်သို့ ဆက်လက်ရပ်တည်နိုင်တော့မည်နည်း။

လူတိုင်းမှာ ငိုချင်စိတ် ပေါက်နေကြသော်လည်း ကျိုးထျန်းကမူ အလွန်ဝမ်းမြောက်နေလေသည်။

" 'Journey to the North' ဒီလောက် မြန်မြန်ဆန်ဆန် ရုံတင်စာရင်းကနေ ဖယ်ရှားခံရလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး။ ဒါဆို 'Planet House' အတွက် ဒီကာလမှာ ပြိုင်ဘက် မရှိတော့ဘူးပေါ့"

"စနစ်က ဘာလို့ ရုံဝင်ငွေ ခန့်မှန်းချက်တွေကို အဲ့ဒီလောက်အထိ အကွာအဝေး ကြီးကြီးမားမား ပေးထားရသလဲဆိုတာ အခုမှ ငါ နားလည်တော့တယ်"

"ဈေးကွက်ထဲမှာ တကယ် ရုံတင်နိုင်တဲ့ အလားအလာရှိတဲ့ ရုပ်ရှင်က ငါတို့တစ်ကားတည်း ကျန်တော့တာပဲ။ ပေါက်သွားမှာကတော့ အသေအချာပဲ"

All Chapters