အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
အခန်း (၁၃၉) သူရဲကောင်းက မိန်းမလှလေးကို ကယ်တင်ခြင်း
နန်ကုန်းယွမ်သည် ယခင်က ဤမျှလောက် ဒေါသမထွက်ခဲ့ဖူးပေ။
ဤအခိုက်အတန့်တွင် ချွေ့ယာသည် ရင်ခံအင်္ကျီနှင့် အတွင်းခံမှလွဲ၍ အားလုံးကို ချွတ်ချထားပြီးဖြစ်ကာ သူမ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သူမ၏ လက်တစ်ဖက်ဖြင့် သူ၏အပေါ်မှ စောင်ကို ဆွဲဖယ်လိုက်လေသည်။
ခြံဝင်းအတွင်း၌ ရှိနေသော ယွင်ဟွားသည် ရင်းနှီးနေသော ထိုအသံကို ရုတ်တရက် ကြားလိုက်ရသောအခါ လန့်ဖြန့်သွား၏။ သူမသည် ချက်ချင်းလှည့်ကာ အိမ်တစ်လုံးဆီသို့ အပြေးအလွှား သွားလေသည်။
သေခြင်းရှင်ခြင်းစာအုပ်သည် ထောင့်ရှိ ငရဲလကျောက်ကို သံသယမျက်လုံးဖြင့် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားလေ၏။
တစ်ခုခုတော့ မှားနေပြီ... ဤကျိုးပဲ့နေသော ကျောက်တုံးတွင် တစ်ခုခု မှားယွင်းနေသည်မှာ သေချာသည်။
အခန်းတွင်းရှိ နန်ကုန်းယွမ်၏ မျက်လုံးများမှာ ရေခဲတမျှ အေးစက်နေလေ၏။ သူသည် သူ၏ အတွင်းအားကို လက်ထဲတွင် အတင်းအဓမ္မ စုစည်းလိုက်သည်။ ယနေ့ သူ၏ အသက်တစ်ဝက် ဆုံးရှုံးရမည်ဆိုလျှင်တောင်မှ ဤလူကို သူ သေချာပေါက် သတ်ပစ်မည် ဖြစ်၏။
"သခင်လေး... ကျွန်မ သခင်လေးကို ပြုစုဖို့ ရောက်လာပါပြီ..."
ချွေ့ယာသည် သူ၏ မျက်လုံးများထဲရှိ ရက်စက်ကြမ်းကြုတ်မှုကို လျစ်လျူရှုထားပြီး သူမ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှုများ တောက်ပနေကာ သူ၏ အဝတ်အစားများကို ချွတ်ရန် ပြင်ဆင်လိုက်လေသည်။
ဤအရေးကြီးသော အခိုက်အတန့်လေးတွင်ပင် အပြင်ဘက်မှ အလောတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
"ရှောင်ယွမ်ယွမ်... မကြောက်နဲ့... နင့်ကို ကယ်ဖို့ ငါ ရောက်လာပြီ..."
နန်ကုန်းယွမ်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လာလေသည်။
သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလော။
မိန်းကလေးငယ်တစ်ဦး၏ အသံကို သူ မည်သို့ ကြားနိုင်မည်နည်း။
နန်ကုန်းယွမ် ဆက်မတွေးနိုင်မီမှာပင် ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ချွေ့ယာမှာလည်း အံ့အားသင့်သွားလေသည်။
ကျယ်လောင်သော "ဘန်း" ဟူသည့် အသံနှင့်အတူ။
ယွင်ဟွားက တံခါးကို ရုတ်တရက် ကန်ဖွင့်လိုက်ရာ ထိုအသံကြောင့် ခြံဝင်းထဲရှိ လူအားလုံး လန့်နိုးသွားကြလေသည်။
အိမ်ထဲသို့ ယွင်ဟွား ဝင်လာသည်နှင့် တပြိုင်နက် သူမကို တုန်လှုပ်စွာ စိုက်ကြည့်နေသော သူမ၏ မောင်လေးကို မြင်လိုက်ရ၏။
"ရှောင်ယွမ်ယွမ်..."
ယွင်ဟွားသည် အမြန်ရှေ့တိုးသွားကာ သူ့အား စောင်ဖြင့် ဖုံးလွှမ်းပေးလိုက်လေသည်။
ဆောင်းဦးပေါက်ရာသီတွင် ရာသီဥတုမှာ အေးစိမ့်နေဆဲဖြစ်ပြီး အခန်းမှာလည်း မှောင်မိုက်ကာ စိုစွတ်နေသဖြင့် ရှောင်ယွမ်ယွမ် နာလန်ထူရေးအတွက် အထောက်အကူ မပြုပေ။
"အမတ်... အမတ်ငယ်ယွင်... ဒီနေရာကို ဘယ်လိုရှာတွေ့ခဲ့တာလဲ..."
နန်ကုန်းယွမ်သည် ယွင်ဟွားကို မြင်သောအခါ ပထမဆုံး အလွန်အံ့အားသင့်သွားပြီးနောက် သူ၏ အေးစက်နေသော မျက်နှာအမူအရာတွင် အံ့ဩဝမ်းသာမှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
သူသည် သူမကို အပေါ်အောက် ကြည့်လိုက်ပြီး လအနည်းငယ်ခန့်မျှသာ မတွေ့ရသေးသော ပုတို၍ ဝဖြိုးနေသော ကောင်မလေးသည် ဤမျှလောက် ပြောင်းလဲသွားသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွား၏။
သို့သော်လည်း သူမ၏ ထူးခြားသော အဆင့်အတန်းကို တွေးတောမိသောအခါ သူ ချက်ချင်းပင် စိတ်သက်သာရာ ရသွားလေသည်။
ယွင်ဟွားက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“နင် အန္တရာယ်ကြုံနေရပြီဆိုတာကို ငါ လက်ချောင်းလေးတွေနဲ့ တွက်ကြည့်လိုက်ရုံနဲ့ သိတယ်... ဒီနေရာကို ရှာတွေ့ဖို့ ရက်ပေါင်းများစွာ ခရီးနှင်ခဲ့ရတာ..."
ထို့နောက် သူမသည် ခေါင်းကိုမော့ကာ လက်ချောင်းများကို ပွတ်သပ်လျက်
"ငါက ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်တယ်မလား… နင် ဒုက္ခရောက်နေချိန်မှာ ငါ ချက်ချင်း ပြေးလာခဲ့တာလေ... ငါတို့ ပြန်ရောက်ရင် နင့်ရဲ့ ခေါင်းဆောင်ကို သေချာဂရုစိုက်ပေးရင် ပိုကောင်းမယ်..."
သေခြင်းရှင်ခြင်းစာအုပ်သည် တိတ်ဆိတ်စွာ ရပ်လျက် ကောင်းကင်ယံကို ငေးမောကြည့်နေလေ၏။
တရားသူကြီး၏စုတ်တံသည် သူ၏ ခေါင်းပေါ်ရှိ ဆံပင်များကို ကုတ်ဖဲ့လိုက်ပြီး မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။
“ဟွားဟွား... ခဏနေဦး... နင် စာကို မတွေ့ခင် အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေမှာ တစ်ယောက်ယောက်ရဲ့ စာပို့ခိုကို ကင်စားခဲ့တယ်လေ... ငါတို့ကို ဒီနေရာကို ခေါ်ဆောင်လာတဲ့ ရုတ်တရက် အဖြူရောင်အလင်းတန်းသာ မရှိခဲ့ရင် နင် ရေကြေးမုံရှေ့မှာ ဆက်ပြီးတော့…”
သေခြင်းရှင်ခြင်းစာအုပ်က ၎င်း၏ ပါးစပ်ကို ချက်ချင်း ပိတ်ကာ သတိပေးလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း..”
ပန်းကလေးက ၎င်းအား စူးရဲစွာ စိုက်ကြည့်နေသည်ကို မမြင်လေသလော။
“တရားသူကြီးစုတ်တံ... နင် နောက်ထပ် စကားတစ်ခွန်း ထပ်ပြောမယ်ဆိုရင် နင့်ကို ငါ အဆက်အသွယ်ဖြတ်ပစ်မယ်..”
ပြီးခဲ့သည့်အကြိမ် သူမ အရက်မူးစဉ်က ပြုလုပ်ခဲ့သော ရှက်ဖွယ်ကောင်းသည့် အရာအားလုံးကို ထိုအကောင်ပေါက်လေးက မှတ်တမ်းတင်ထားခဲ့သည်ကို ယွင်ဟွား မမေ့သေးဘဲ သူမ မှတ်ထားဆဲ ဖြစ်ပေသည်။
ယွင်ဟွားပြောလိုက်သော တရားသူကြီး၏စုတ်တံအကြောင်းကို ကြားလိုက်ရသဖြင့် သူ၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားသောကြောင့် နန်ကုန်းယွမ်၏ အံ့အားသင့်မှုမှာ ကြာရှည်မခံလိုက်ပေ။
သူ မြင်ယောင်ကြည့်မိပြီး ဖြစ်လေသည်။
သူ မရှိသည့်အချိန်အတွင်း မြို့တော်တွင် မည်မျှလောက် ကမ္ဘာပျက်မတတ် ကိစ္စများ ဖြစ်ပျက်နေမည်ကိုပင်။
"အမတ်ငယ်ယွင်... ဒီတစ်ကြိမ် ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်..."
သူက အနည်းငယ် ပြုံးလိုက်၏။ ဤမိန်းကလေး မည်သို့ပင် ဤနေရာသို့ ရောက်လာစေကာမူ သူမ သူ့ကို ကယ်တင်ခဲ့သည်မှာ ငြင်းမရနိုင်သော အမှန်တရား ဖြစ်လေသည်။
ယွင်ဟွားက သူမ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး... ရှောင်ကျင်းဇီကိုသာ မမေ့ပါနဲ့..."
နန်ကုန်းယွမ်သည် သူမ၏ ငွေမက်သော အကျင့်များနှင့် အသားကျနေပြီ ဖြစ်၏။
ထိုစဉ် သူတို့၏ စကားဝိုင်းကို နားထောင်နေသော ချွေ့ယာ၏ မျက်နှာပေါ်တွင် သွေးရောင်များ ပျောက်ကွယ်သွားပြီး အလွန်ဖြူရော်နေလေသည်။
အထူးသဖြင့် ယွင်ဟွား၏ ဝတ်စုံနှင့် သူမ၏ လှပကျော့ရှင်းသော အသွင်အပြင်ကြောင့်ပင် ဖြစ်သည်။
ထိုအရာက သူမကို အလွန်အမင်း မနာလိုဖြစ်သွားစေ၏။
"နင်က ဘယ်သူလဲ..."
ချွေ့ယာ၏ မျက်လုံးများထဲတွင် နီရဲသော အရိပ်အယောင်တစ်ခု လင်းလက်သွားလေသည်။ သူမသည် ဤအမျိုးသားနှင့် အတူအိပ်ရမည့် အခြေအနေသို့ နီးစပ်နေပြီ ဖြစ်၏။
သို့သော် သူမက အဘယ်ကြောင့် ပေါ်လာပြီး ငါ၏ အချိန်ကောင်းများကို ဖျက်ဆီးပစ်ရသနည်း။
သူမသည် အလွန်လှပလွန်းသော ထိုမျက်နှာလေးကို ကုတ်ခြစ်ပစ်ချင်နေသည့်အလား သူမ၏ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်လေသည်။
သေခြင်းရှင်ခြင်းစာအုပ်သည် သူမထံမှ ထွက်ပေါ်လာသော မကောင်းသည့် ရည်ရွယ်ချက်များကို သတိပြုမိသွားပြီး မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
“ပန်းကလေး... ဒီမိန်းမကို သတ်ပစ်လိုက်... သူမက နင့်ကို နာကျင်အောင်လုပ်ဖို့ တကယ် ကြံစည်နေတာ…”
“သူမရဲ့ အဖွားအရင်းက သူမကို စိတ်ကျန်းမာရေးချို့တဲ့သူ တစ်ယောက်နဲ့ လက်ထပ်ပေးဖို့ ပို့ဆောင်တော့မှာမို့ သူမက နင့်ရဲ့ မောင်လေးကို ပစ်မှတ်ထားခဲ့တာလေ... ဒါပေမယ့် နင်က သူမရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်လို့ အခု သူမက နင့်ကို အသေအလဲ မုန်းတီးနေပြီ..”
“ဒါ့အပြင် ငါ သူမရဲ့ ကံကြမ္မာဇာတာကိုလည်း မြင်ခဲ့ပြီးပြီ... အဲ့နေရာကို ပို့ဆောင်ခံရပြီးတဲ့နောက်မှာတောင် သူမက အနေအထိုင် မတည်ငြိမ်ခဲ့ဘူး... ချမ်းသာကြွယ်ဝမှုနဲ့ ဇိမ်ကျကျ နေထိုင်ရင်း သူမက စိတ်ကျန်းမာရေးချို့တဲ့သူရဲ့ အဖေကို မြူဆွယ်ခဲ့ပြီး သူ့ကို သူမစကားနားထောင်လာအောင် လှည့်စားကာ သူမကို မကျေနပ်တဲ့သူတိုင်းကို ရိုက်သတ်ခိုင်းခဲ့တာ…”
ယွင်ဟွားက သူမကို တစ်ချက် ကြည့်လိုက်လေသည်။
“အတော်လေး ရက်စက်တာပဲ..”
“ဟုတ်တယ်... ဟွားဟွား... သူမကို ရိုက်သတ်ပစ်ပြီး သူမရဲ့ မျက်လုံးတွေကို ဖောက်ထုတ်လိုက်... ပေပေ့ အခုချက်ချင်း ကတ်ကြေး သွားယူပေးမယ်..”
တရားသူကြီးပေပေ့မှာလည်း သူမထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် နာကြည်းမှုများကို ခံစားနေရလေသည်။
"နင့်အကြည့်က ဘယ်လိုအကြည့်မျိုးလဲ... ငါ နင့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်ဆိုတာ ယုံလား..."
ယွင်ဟွား၏ မျက်လုံးများထဲရှိ ရွံရှာမှုကို မြင်လိုက်ရသောအခါ ချွေ့ယာက သူမကို ချက်ချင်း အော်ဟစ်လိုက်လေသည်။
နန်ကုန်းယွမ်၏ အရှိန်အဝါသည် ရုတ်တရက် အေးစက်သွား၏။ ယခုအခါတွင် သူသည် သူမအား ဓားဖြင့် အမှန်တကယ် ထိုးသတ်ချင်နေမိသည်။
ယွင်ဟွားသည် သူမ၏ လက်နှစ်ဖက်ကို ပိုက်ကာ အေးစက်စွာ ပြောလိုက်သည်။
"ငါ့အကြည့်က ဘယ်လိုအကြည့်မျိုး ဖြစ်ရမလဲ... သေချာတာပေါ့... ငါ နင့်ကို ရွံရှာလို့လေ..."
"ရှောင်ယွမ်ယွမ်က ငါ့လူပဲ... နင်က သူ့အပေါ် တစ်ခုခုလုပ်ဖို့ ရဲရင့်နေမယ်ဆိုရင် နင့်လည်ပင်းကို ငါ ချိုးပစ်မယ်..."
ယွင်ဟွားက သူမကို တစ်ချက် ကြည့်ကာ ခနဲ့တဲ့တဲ့ ဆက်ပြောလိုက်၏။
“ငါ့ရဲ့ ရှောင်ယွမ်ယွမ်လေးက အသားဖြူပြီး ချောမောတယ်... နင်ကတော့..."
သူမက လျှာကို နှစ်ချက်ခေါက်ကာ ပြောလိုက်သည်။
"နင့်ရဲ့ အသွင်အပြင်က ရှောင်ယွမ်ယွမ်လောက် မကောင်းဘူး... နင့်အသားအရေက ရှောင်ယွမ်ယွမ်ထက် ပိုမည်းတယ်... ပြီးတော့ နင့်ရဲ့ မိသားစုနောက်ခံကလည်း ရှောင်ယွမ်ယွမ်လောက် မကောင်းဘူး... သးနင့်ရဲ့ မြင့်မားနေတဲ့ ပါးရိုးတွေ... ပါးလွှာတဲ့ နှုတ်ခမ်းတွေ... ကျဉ်းမြောင်းတဲ့ နဖူးနဲ့ ချွန်မြနေတဲ့ နှာခေါင်းတွေအကြောင်းတော့ မပြောတော့ဘူး...အဲ့တာတွေက ယုတ်မာပြီး စိတ်ထားသေးသိမ်တဲ့သူတစ်ယောက်ရဲ့ ထင်ရှားတဲ့ လက္ခဏာတွေပဲ..."
"ပြောစမ်းပါဦး... ငါ့ရဲ့ ရှောင်ယွမ်ယွမ်အပေါ် နင်က ဘယ်လိုလုပ်ပြီး ကြံရွယ်ရဲတာလဲ... နင်က သူ့ရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မထိုက်တန်ဘူး..."
"နင်... နင်..."
ယွင်ဟွား၏ ပြင်းထန်သော ပြစ်တင်ရှုတ်ချမှုကြောင့် ချွေ့ယာမှာ အလွန်ဒေါသထွက်ကာ တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။ သူမသည် သူမ၏ မည်းညစ်နေသော လက်လေးကို ဆန့်ထုတ်ကာ ယွင်ဟွားကို ဒေါသတကြီး လက်ညှိုးထိုးလျက် ဟိန်းဟောက်လိုက်၏။
"ဒီနေရာက ဘယ်နေရာလဲဆိုတာ နင် သိလား..."
"ငါ့အိမ်မှာနေပြီး ငါ့ကို စော်ကားရဲတယ်ပေါ့... ယုံလိုက်စမ်း... ဒီနေ့ ဒီနေရာကနေ နင် အရှင်လတ်လတ် ထွက်မသွားနိုင်စေရဘူး..."
ဤအလိုလိုက်ခံထားရသော ကောင်မစုတ်လေး၏ ရွံရှာဖွယ်ကောင်းသော မျက်နှာကို သူမ မည်သို့ ဖျက်ဆီးပစ်မည်ကို စောင့်ကြည့်လိုက်ပါဦး။
တစ်စုံတစ်ယောက်က သူမအား လက်ညှိုးထိုးကာ စော်ကားပြောဆိုခြင်းကို ယွင်ဟွား အမုန်းဆုံးပင် ဖြစ်သည်။ ထိုလူသည် သူမအပေါ် မကောင်းသော ရည်ရွယ်ချက်များ အပြည့်ရှိနေပြီး သူမ၏ မောင်လေးအပေါ်တွင်ပင် အကြံအစည်များ ရှိနေသည်မှာ ထင်ရှားလေသည်။ ထိုသို့သောသူမျိုးကို သည်းခံမနေသင့်ဘဲ သေလုမျောပါး ရိုက်နှက်သင့်ပေသည်။
သူမ၏ လက်ချောင်းငါးချောင်းက လက်သည်းများသဖွယ် ကွေးကောက်လာပြီး သူမ၏ မျက်နှာလေးဆီသို့ လှမ်းလာသည်ကို ယွင်ဟွား မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများ အေးစက်သွားလေ၏။
“အား…”
“မိန်းမယုတ်က မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်... ပန်းကလေး... သွား... သွား... သူမကို ကန်ထုတ်လိုက်... သူမက ငါ့ရဲ့ ပန်းကလေးရဲ့ ရုပ်ရည်ကို ဖျက်ဆီးဖို့တောင် ရဲရင့်နေတယ်... သူမကို သတ်ပစ်လိုက်..”
သေခြင်းရှင်ခြင်းစာအုပ်သည် အလွန်ဒေါသထွက်နေသဖြင့် ယွင်ဟွား၏ ခေါင်းပေါ်တွင် အထက်အောက် ခုန်ပေါက်နေပြီး သူမကို စူးရဲစွာ စိုက်ကြည့်နေလေ၏။
“သူမကို သတ်ပစ်လိုက်... စောစောက ဝံပုလွေဟိန်းသံကို ပေပေ့ ကြားလိုက်တယ်... ငါ အခု တစ်ကောင်လောက် သွားမျှားခေါ်လာပြီး သူမကို ကိုက်သတ်ခိုင်းလိုက်မယ်... ဒီနည်းဆိုရင် သူမရဲ့ ခွေးအသက်ကို နှုတ်ယူတဲ့အပြစ်က ငါ့အပြစ် ဖြစ်မှာ မဟုတ်ဘူး..”
ထိုသို့ ပြောပြီးသည်နှင့် တရားသူကြီး၏စုတ်တံသည် သူ၏ အတောင်ပံငယ်လေးများကို ခတ်ကာ တောင်တန်းနောက်ဘက်ဆီသို့ ပျံသန်းသွားလေသည်။
ယွင်ဟွားသည် တရားသူကြီး၏စုတ်တံကို လျစ်လျူရှုထားပြီး သူမ၏ ခြေထောက်ငယ်လေးကို မြှောက်ကာ သူမ၏ ဒူးကို ကန်ချလိုက်၏။
"ဘုန်း" ဟူသော အသံနှင့်အတူ။
သူမက ယွင်ဟွား၏ ရှေ့တွင် မတ်မတ်ကြီး ဒူးထောက်ကျသွားလေသည်။
ပြင်းထန်သော နာကျင်မှုကြောင့် သူမမှာ နာကျင်စွာ အော်ဟစ်လိုက်လေသည်။
"နင်ကောင်မစုတ်လေး... ညသန်းခေါင်ယံကြီး အိပ်မနေဘဲ ဘာလို့ အဲ့လောက်တောင် အော်ဟစ်နေရတာလဲ..."
အခန်း (၁၄၀) တိုက်ပွဲမစမီ အကြိုညမှ ယွင်ဟွား
ဆူညံသံကို ကြားပြီး ထလာသော အဘွားကြီးယန်သည် အခန်းထဲမှ ထွက်ထွက်ချင်း ကောင်မလေး၏ အော်ဟစ်သံကြောင့် လန့်သွားပြီး ချော်လဲကာ မြေကြီးပေါ်သို့ ကျသွားလေသည်။
"အာ့... အား..."
"ကျက်သရေမရှိတဲ့ ကောင်မစုတ်လေး... တစ်ညလုံး မအိပ်ဘဲ သရဲမလို အော်ဟစ်နေတယ်..."
သူမက ထပ်မံအော်ဟစ်လိုက်ပြီး ဘေးရှိ သူမ၏ ခင်ပွန်းကို ဆွဲကိုင်ရန် လက်တစ်ဖက်ကို အားယူလိုက်၏။
"မြန်မြန် ငါ့ကို တွဲထူပေးစမ်း... ဒီနေ့ သူမကို သေအောင် ရိုက်သတ်ပစ်မယ်..."
အဘွားကြီးယန်သည် ဤကောင်မစုတ်လေးကို ကျင်းမိသားစုထံသို့ ပို့ဆောင်တော့မည်ဖြစ်၍ သူမအား ရက်အနည်းငယ်မျှ အေးချမ်းစွာ နေခွင့်ပေးမည်ဟု တွေးထားခဲ့သည်။ သူမက ထပ်မံပြဿနာရှာပြီး သူမကို သေလုမတတ် ချော်လဲစေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"အဖွား... ဘာဖြစ်တာလဲ... အိမ်ထဲ သူခိုးဝင်လာတာလား..."
ဖရိုဖရဲဖြစ်နေသော အမျိုးသားတစ်ဦးသည် သမ်းဝေကာ အလျင်စလို ပြေးထွက်လာသည်။ သူ၏ မိသားစုသည် နောက်ဆုံးတွင် ငွေအမြောက်အမြား ရရှိခဲ့ပြီး သူသည် အိမ်ထောင်ပြုရန် မျှော်လင့်နေ၏။ အကယ်၍ တစ်စုံတစ်ယောက်က ခိုးယူသွားခဲ့ပါက သူ အလွန်တရာ ဝမ်းနည်းကြေကွဲရလိမ့်မည် ဖြစ်သည်။
အဘွားကြီးယန်သည် သူမ၏ ချစ်လှစွာသော မြေးကို မြင်သောအခါ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်သွားလေသည်။
“ငါ့ရဲ့ ချစ်မြေးလေး... ဒီကိစ္စက မြေးနဲ့ မဆိုင်ပါဘူး... အခန်းထဲ ပြန်သွားပြီး အိပ်လိုက်တော့... အဲ့ကောင်မစုတ်လေး ပြဿနာရှာနေတာ ဖြစ်လိမ့်မယ်... အဖွား သွားပြီး သူမကို အခုချက်ချင်း ဖြေရှင်းလိုက်မယ်..."
ယန်တာ့ကျွမ်သည် သူ၏ အဖွား ရည်ညွှန်းနေသော "သေမယ့်ကောင်မ" ဆိုသည်မှာ ယန်ချွေ့ယာဖြစ်ကြောင်း သိထားလေသည်။ ညသန်းခေါင်ယံတွင် နိုးလာရသဖြင့် သူ၏ မှုန်ဝါးနေသော မျက်လုံးများမှာ ချက်ချင်းပင် ရန်လိုလာတော့၏။
"ကျွန်တော်လည်း လိုက်မယ်..."
ထိုသို့ပြောပြီးနောက် သူသည် သစ်သားတုတ်တစ်ချောင်းကို ကောက်ကိုင်ကာ ယန်ချွေ့ယာအား ပညာပေးရန် ပြင်ဆင်လိုက်လေသည်။
သူမသည် လက်ထပ်ရတော့မည် ဖြစ်သော်လည်း ဤမျှလောက် ဂနာမငြိမ် ဖြစ်နေသေးလေသည်။
အခန်းထဲတွင်မူ။
ယန်ချွေ့ယာသည် နာကျင်မှုနှင့် ယုတ်မာသော အမူအရာဖြင့် ယွင်ဟွားအား စိုက်ကြည့်ကာ မဲ့ပြုံးပြုံးလျက် ပြောလိုက်သည်။
"နင်ကောင်မစုတ်လေး... ဒီနေ့ ဒီအခန်းထဲကနေ နင် ထွက်သွားနိုင်မှာ မဟုတ်ဘူး..."
သူမ၏ အဖွား ကျိန်ဆဲနေသည်ကို သူမ ခုနကပင် ကြားလိုက်ရလေသည်။ သူမ၏ အဖွား၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် သူမကို မျက်စိတစ်မှိတ်အတွင်း အနိုင်ယူနိုင်စွမ်းရှိပြီး ထိုမိန်းမ၏ အသွင်အပြင်ကိုမူ ပြောနေစရာပင် မလိုတော့ချေ။ သူမ၏ အစ်ကိုကောင်းကလည်း သူမကို သေချာပေါက် ထွက်သွားခွင့်ပြုမည် မဟုတ်ပေ။
သူမက ဤမျှလောက် မာနထောင်လွှားနေနိုင်သေးသလား ဆိုသည်ကို သူမ ကြည့်ရှုချင်နေမိသည်။
နန်ကုန်းယွမ်သည် မြေပြင်ပေါ်ရှိ ယန်ချွေ့ယာကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာလေသည်။ သူမ ဘာတွေကြံစည်နေပါစေ ဤမိသားစုမှာ ဤမိန်းကလေးငယ်အတွက်မူ ယားကျိကျိ ဖြစ်စေရုံသာ ရှိပေသည်။
သူမအနေဖြင့် တိုက်ခိုက်ရသည်မှာ အားမရသေးဟုပင် ခံစားနေရနိုင်လေသည်။
နန်ကုန်းယွမ်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အနည်းငယ် နစ်နာသွားသည့်ဟန်ဖြင့် ပြောလိုက်သည်။
"အမတ်ငယ်ယွင်... ကျွန်တော့်အတွက် တရားမျှတမှုကို ရှာဖွေပေးရမယ်... လူတစ်ယောက်က ကျွန်တော့် ခန္ဓာကိုယ်ကို တပ်မက်နေပြီး နောက်တစ်စုက ကျွန်တော့် ငွေတွေကို ကြံစည်နေကြတယ်..."
"ဒီမိသားစုက ကျွန်တော့်ဆီမှာရှိတဲ့ ငွေတုံး ထောင်ပေါင်းများစွာ တန်ကြေးရှိတဲ့ အရာအားလုံးကို လုယူသွားခဲ့တာ... ကျွန်တော်က သူတို့အပေါ် တင်ရှိနေတဲ့ ကျေးဇူးကြွေးကို ထောက်ထားပြီး လွှတ်ထားပေးလိုက်တာ..."
"ဒါပေမယ့် သူတို့ ကျွန်တော့်ငွေတွေကို ယူသွားပြီးတဲ့နောက်မှာ ကျွန်တော့်ကို သန့်ရှင်းတဲ့ အဝတ်အစား ဒါမှမဟုတ် ကောင်းမွန်တဲ့ အစားအသောက်တွေ မပေးတဲ့အပြင် ကျွန်တော် ဒဏ်ရာကနေ သက်သာလာတဲ့အခါ ရွှေတုံး တစ်သောင်းတိတိကို ခြိမ်းခြောက်တောင်းယူဖို့ ကြံစည်နေကြတယ်..."
သူသည် ဒဏ်ရာရထားသော်လည်း သူ၏ အကြားအာရုံမှာ ထက်မြက်နေဆဲဖြစ်ပြီး ထိုညက မိသားစုဝင်များ ဧည့်ခန်းမဆောင်အတွင်း ပြောဆိုခဲ့သမျှကို အားလုံး ကြားသိခဲ့ရလေသည်။
"ဘယ်... ဘယ်လောက်..."
ယွင်ဟွား အလွန်အံ့အားသင့်သွားသဖြင့် သူမ၏ အသံမှာ အဆပေါင်းများစွာ ကျယ်လောင်သွားတော့သည်။
*ရွှေတုံး တစ်သောင်းတဲ့လား..*
*မိသားစုက အတော်လေး လောဘကြီးတာပဲ..*
သူမက ဧကရာဇ်မင်းမြတ်ကို အကျင့်ပျက်အရာရှိများ ဖမ်းဆီးရန်နှင့် သူလျှိုများ ရှာဖွေရာတွင် ကူညီပေးခဲ့ပြီး သူမ ငွေအနည်းငယ် တောင်းဆိုတိုင်းတွင် အများဆုံး ရွှေတုံးတစ်သောင်း သို့မဟုတ် နှစ်သောင်းမျှသာ ဖြစ်သည်။ ဤမိသားစုသည် သူမထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်နေသေး၏။
ယွင်ဟွားက လက်ပိုက်လိုက်ပြီး ယန်ချွေ့ယာကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။
"နင့်ရဲ့ မိသားစုတစ်ခုလုံး ပြီးဆုံးသွားပြီ... နင်က ငါ့ကို ဒီတံခါးထဲကနေ ပေးမထွက်ဘူးဆိုတော့ အတော်ပဲ... ငါ အခုတလော အပြင်ကို တကယ်မထွက်ချင်ဘူး ဖြစ်နေတာ..."
သူမသည် သူမအား ပညာပေးရန်နှင့် ရှောင်ယွမ်ယွမ်နှင့်အတူ ထွက်ခွာရန်သာ ရည်ရွယ်ထားခဲ့သည်။
သို့သော် သူမ အံ့သြရသည်မှာ ဤမိသားစုသည် အလွန် လွန်ကျူးလွန်းနေလေသည်။ သူတို့သည် ငွေကို ယူခဲ့သော်လည်း ရှောင်ယွမ်ယွမ်ကို သေချာ ဂရုမစိုက်ခဲ့ပေ။ ထိုအစား သူတို့သည် အလွန်အကျွံ တောင်းဆိုမှုများ ပြုလုပ်ရန် ကြံစည်နေကြသည်။
အလွန်ကောင်းတယ်..။
သူမ ထပ်နိုင်သွားပြန်ပြီ...။
ယွင်ဟွားက သူမကို နောက်ထပ် ပညာပေးရန် အသင့်ပြင်ကာ ရှေ့သို့ တက်သွားစဉ် အပြင်ဘက်မှ အမျိုးသားတစ်ဦး၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
"နင်ကောင်မစုတ်လေး... နင် ပျော်ပါးနေတာ နှစ်ရက်ရှိနေပြီ... နင် အရိုက်ခံချင်နေတာလား... ဒီနေ့ နင့်ကို သေချာ ရိုက်နှက်ဆုံးမပေးရမယ်..."
ယန်တာ့ကျွမ်သည် အိမ်ထဲသို့ ပြေးဝင်လာပြီး စကားပင် မဆုံးသေးမီ ယွင်ဟွားကို မြင်လိုက်ရလေသည်။ သူ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး လောဘတကြီး တံတွေးမျိုချလိုက်၏။
*လှလိုက်တာ... တကယ့်ကို လှလွန်းတယ်..*
ယန်ချွေ့ယာသည် သူ ရောက်လာသည်ကို မြင်သောအခါ တိတ်တဆိတ် တံတွေးထွေးလိုက်လေသည်။
သူမသည် ကြမ်းပြင်ပေါ်မှ သူမ၏ အဝတ်အစားများကို အမြန်ကောက်ယူ၍ ဝတ်ဆင်လိုက်သည်။ သူမ၏ အစ်ကိုသည် အလွန် ကာမရာဂကြီးပြီး သူမ ရေချိုးနေစဉ် တစ်ကြိမ် ချောင်းကြည့်ခဲ့ဖူးလေသည်။
ထိုအကြည့်ကြောင့် ယွင်ဟွား အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားပြီး နန်ကုန်းယွမ်၏ မျက်နှာမှာလည်း မှုန်မှိုင်းနေကာ လတ်တလောတွင် သူ မလှုပ်ရှားနိုင်သဖြင့် ပို၍ပင် စိတ်တိုနေမိသည်။ သို့မဟုတ်ပါက သူ၏ မျက်လုံးများကို သူ ဖောက်ထုတ်ပစ်လိုက်ပြီ ဖြစ်၏။
“ကျက်သရေမရှိလိုက်တာ... အခု နောက်ထပ် ကောင်တစ်ကောင်က ငါ့ရဲ့ ပန်းကလေးကို ကြည့်နေပြန်ပြီ... ရှူးရှူး... ငါ သူ့ကို သတ်ပစ်မယ်... အသေကန်ပစ်ပြီး အနက်ရှိုင်းဆုံး ငရဲပြည်အထိ ဆွဲခေါ်သွားမယ်... အား…”
သေခြင်းရှင်ခြင်းစာအုပ်သည် ယွင်ဟွား၏ လမ်းကို ပိတ်ရပ်ကာ သွားများကို ထုတ်ပြလျက် ဒေါသကြောင့် တုန်ယင်နေလေသည်။
၎င်း၏ ပန်းကလေးသည် ကလေးလေးတစ်ယောက်အဖြစ်သာ ရှိနေသေးလျှင် ကောင်းမည်ဟု တကယ် ဆန္ဒရှိနေမိ၏။
“ကျက်သရေမရှိတဲ့ စုတ်တံလေး... ငါ သူ့ကို မလိုအပ်တဲ့အချိန်ဆို ထူးဆန်းတဲ့ အကြံဉာဏ်တွေ အားလုံး ထုတ်ပေးပြီး... ငါ တကယ် လိုအပ်တဲ့အချိန်ကျတော့ ဝံပုလွေ တစ်ကောင်ကောင်ကို မြူဆွယ်ဖို့ ပြေးသွားပြန်ပြီ... နင်က ငရဲပြည်က ဝိညာဉ်တစ်ခုပဲ... ဝံပုလွေအထီး မဟုတ်ဘူး... ဘာကို သွားပြီး မြူဆွယ်ဖို့ ကြိုးစားနေတာလဲ…”
ဤအခိုက်အတန့်တွင် သူမက တရားသူကြီး၏စုတ်တံသည် သူ၏ သက်တမ်းကို ချက်ချင်း ဖျက်ပစ်နိုင်စေရန် ဆန္ဒရှိနေမိလေသည်။
"ဟို... သခင်မလေး... သခင်မလေးက ကျွန်တော့်ရဲ့... အိမ်ကို ဘယ်လို ရောက်လာတာလဲ..."
သူ နောက်ဆုံးစကားလုံးကို အဆုံးမသတ်လိုက်ရပေ။
အဘွားကြီးယန်၏ အသံလည်း ဝင်လာလေသည်။
"ငါ့ရဲ့ ချစ်မြေးလေး... နင် အဲ့ကောင်မစုတ်လေးကို ဆုံးမတဲ့အခါ သူမရဲ့ မျက်နှာကို မရိုက်မိအောင် ကြိုးစားပါ... နင် သိတဲ့အတိုင်းပဲ... ရက်အနည်းငယ်ကြာရင်..."
"ဘယ်သူ... ဘယ်သူလဲ..."
အဘွားကြီးယန်သည် အိမ်ထဲသို့ ခြေချလိုက်ပြီး ယွင်ဟွားကို မြင်လိုက်သည်နှင့် တပြိုင်နက် သူမ၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။
သူမ၏ အနောက်တွင် ကပ်ပါလာသူမှာ အဘိုးကြီးယန်ဖြစ်ပြီး သူကလည်း ယွင်ဟွားကို သံသယမျက်လုံးဖြင့် ကြည့်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် အခန်းငယ်လေးမှာ လူများဖြင့် ပြည့်နှက်သွားတော့၏။
"နင်ကောင်မစုတ်လေး... နင်က ဘယ်သူလဲ... ငါ့အိမ်ကို ဘာကိစ္စနဲ့ လာတာလဲ..."
အဘွားကြီးယန်သည် မိသားစုကို တာဝန်ယူရသူဖြစ်သဖြင့် သဘာဝကျစွာပင် သူမက စကားစပြောခြင်းဖြစ်သည်။ သူမ၏ တြိဂံပုံစံ မျက်လုံးများက ယွင်ဟွားကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ကြည့်နေလေသည်။
ယွင်ဟွားက အနည်းငယ် ပြုံးလိုက်ပြီး လူတိုင်းကို တစ်ချက် ကြည့်လိုက်သည်။
အလွန်ကောင်း၏။
မိသားစုတစ်ခုလုံး ရှိနေပြီဖြစ်ရာ သူမအနေဖြင့် သူတို့ကို ကုတင်ပေါ်မှ တစ်ယောက်ချင်းစီ ဆွဲချနေစရာ မလိုတော့ပေ။
"ငါ့ရဲ့ မောင်လေးအတွက် တရားမျှတမှုကို ရှာဖွေဖို့ ရောက်လာတာ သေချာတာပေါ့..."
ယွင်ဟွားက အေးစက်စွာ နှာမှုတ်လိုက်ပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော နန်ကုန်းယွမ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"သူက ငါ့ရဲ့ မောင်လေးပဲ..."
နန်ကုန်းယွမ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေ၏။
ယွင်ဟွားက လက်ပိုက်လိုက်ပြီး ပြောလိုက်သည်။
"နင်တို့တွေက ငွေတုံး ထောင်ပေါင်းများစွာကို ယူထားပြီး သူ့ကို သေချာဂရုမစိုက်ဘူး... နောက်ဆုံးကျတော့ သူ့ဆီကနေတောင် ခြိမ်းခြောက်တောင်းယူဖို့ ကြိုးစားနေသေးတယ်... ရွှေတုံး တစ်သောင်းဆိုတာ ဘာအဓိပ္ပါယ်လဲ... နင်တို့တွေ တကယ်ကို အရှက်မရှိတာပဲ..."
သူမက ယန်ချွေ့ယာကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"နင့်ရဲ့ မြေးမလေးက ငါ့ရဲ့ မောင်လေးအပေါ် ကြံရွယ်ဖို့တောင် ရဲတင်းနေတာကိုတော့ ပြောစရာတောင် မလိုတော့ဘူး..."
အဘွားကြီးယန်က ချက်ချင်းပင် ယန်ချွေ့ယာကို ရက်စက်သော အကြည့်ဖြင့် စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
သူမသည် မိုက်မဲသူ မဟုတ်ဘဲ ထိုကောင်မစုတ်လေး ဘာတွေးနေသည်ကို အမြန်ပင် ခန့်မှန်းမိသွားသော်လည်း ယခုအချိန်သည် သူမအား ရှင်းလင်းရမည့်အချိန် မဟုတ်ပေ။
သူမရှေ့ရှိ မိန်းကလေးမှာ မိသားစုဝင်တစ်ဦးဖြစ်ပြီး သူမ၏ အသွင်အပြင်ကို ကြည့်ရသလောက် ငွေကြေးချို့တဲ့မည့်သူ မဟုတ်သည်မှာ သေချာလေသည်။ ထို့ကြောင့် အကယ်၍ သူမက တစ်ခုခု ပြန်လိုချင်နေမည်ဆိုလျှင် သူမအနေဖြင့် လက်လွှတ်ခံမည် မဟုတ်ပေ။
တစ်သောင်းဆိုသည်မှာ မလုံလောက်သေးဟု သူမ ခံစားနေရဆဲပင်ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူမ၏ မိသားစုသည် သူ၏ အသက်ကို ကယ်တင်ခဲ့သည်ဖြစ်ရာ အဘွားကြီးယန်က မှန်ကန်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဘာ ခြိမ်းခြောက်တောင်းယူတာလဲ... ဒါက အခကြေးငွေပဲ... ငါ့ရဲ့ အဘိုးကြီးက သူ့ကို ရေထဲကနေ ဆွဲထုတ်ဖို့ ဒုက္ခခံခဲ့ရတာလေ... သူ ပိုပြီး ရသင့်တယ် မဟုတ်ဘူးလား..."
"ပိုပြီး အကျိုးအမြတ်ရအောင် ကြိုးစားတာလား..."
ယွင်ဟွားသည် ဤမိသားစု မည်မျှလောက် အရှက်မရှိသည်ကို တစ်ဖန် အံ့အားသင့်သွားရပြန်လေသည်။
ထိုအရာက ရွှေတုံးတစ်သောင်းပင် ဖြစ်သည်။ သူတို့မှာ ယူနိုင်မည့် အသက်ရှိသော်လည်း သုံးနိုင်မည့် အသက်တော့ ရှိမည်မထင်ဟု သူမ စိုးရိမ်မိ၏။ သူတို့မှာ စွမ်းရည် သိပ်မရှိသဖြင့် ၎င်းကို လုံးဝ ကာကွယ်နိုင်မည် မဟုတ်ပေ။
ယွင်ဟွားက အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ငါ့ရဲ့ မောင်လေးက နင်တို့ကို အကျိုးအမြတ် မပေးဘူးဆိုရင်... အဲ့ငွေတုံး ထောင်ပေါင်းများစွာကို ခွေးတွေကို ကျွေးလိုက်ရတာလား..."
မြွေတစ်ကောင်၏ နှလုံးသားသည် မည်သည့်အခါမျှ မကျေနပ်နိုင်ပေ။ ငွေတုံး ထောင်ပေါင်းများစွာဆိုသည်မှာ သူတို့အတွက် သက်တောင့်သက်သာ နေထိုင်နိုင်ရန် လုံလောက်သည်ထက်ပင် ပိုနေလေသည်။ စီးပွားရေးလုပ်ငန်း အနည်းငယ် ထပ်လုပ်လိုက်ပါက သူတို့၏ တစ်သက်တာလုံး ငွေကြေးအတွက် ပူပန်ရန် လိုတော့မည် မဟုတ်ပေ။
ယွင်ဟွားက သူတို့ကို ခွေးများဟု ခေါ်လိုက်သည်ကို အဘွားကြီးယန် ကြားသောအခါ သူမအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ သူမသည် ရွာထဲတွင် မည်သူမျှ မထိရဲသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဤကောင်မစုတ်လေးက သူမကို စော်ကားရဲမည်ဆိုလျှင် သူမအား သေချာပေါက် ပညာပေးမည် ဖြစ်၏။
"အဖွား..."
ယန်တာ့ကျွမ်က ယွင်ဟွားကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့ တိုးလာကာ အဘွားကြီးယန်၏ အဝတ်စကို ဆွဲလျက် တိုးတိုးလေး ပြောလိုက်သည်။
"အဖွား... အဲ့လောက် မကြမ်းတမ်းပါနဲ့... အဖွား သူမကို လန့်အောင် လုပ်နေတယ်..."
သူ ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"အဖွား... သူမကို ဒီနေရာမှာ ဆက်နေအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြံဉာဏ်များ ရှိလား..."