အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း (၁၁၉)
ဆေးမြစ်များကို ခွဲခြားခြင်း
“မိသားစုနဲ့အတူ ဟုတ်လား...။”
“ဆေးစစ်ချက်အဖြေ သွားယူရုံလေးကို ဘာလို့ ဒီလောက်တောင် အရေးတယူ လုပ်နေရတာလဲ...။”
“ကိုယ်တိုင် သွားမယူနိုင်လို့များလား...။”
ရွှီပေါ်အန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာသွားပြီး ပြဿနာကို အလျင်အမြန် သဘောပေါက် သွားခဲ့လေ၏။
“ကျွန်တော့်ရဲ့ ဆေးစစ်ချက်အဖြေမှာ ပြဿနာ တစ်ခုခုများ ရှိနေလို့လား...။” ဟု ရွှီပေါ်အန်းက အသံဩဩဖြင့် မေးလိုက်လေသည်။
ဖုန်းတစ်ဖက်ခြမ်းရှိ အမျိုးသမီး၏ အသံမှာ အထိတ်တလန့်ဖြင့် အနည်းငယ် တုန်ယင်နေခဲ့လေ၏။
“အဲ့... အဲ့လို သဘောမျိုး မဟုတ်ပါဘူး...။ ကျွန်မက အလုပ်သင် သူနာပြုပါ...၊ ကျွန်မတို့ရဲ့ သူနာပြုအုပ်က ရှင့်ကို ဒီအတိုင်း အကြောင်းကြားခိုင်းလို့ပါ...။ ရှင်ရောက်လာတဲ့အခါကျရင် ဆရာဝန်နဲ့ တိုင်ပင်ပေးပါ့မယ်နော်...။”
“နားလည်ပါပြီ... ကျေးဇူးတင်ပါတယ်...။” ဟု ရွှီပေါ်အန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်လေသည်။
“ဟုတ်ကဲ့... နှုတ်ဆက်ပါတယ် မစ္စတာရွှီ...။”
ဖုန်းတစ်ဖက်ခြမ်းရှိ သူသည် ရွှီပေါ်အန်း ထပ်မေးမည်ကို ကြောက်ရွံ့နေသည့်အလား ဖုန်းကို အလောတကြီး ချသွားခဲ့လေတော့သည်။
ရွှီပေါ်အန်းမှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေခဲ့လေသည်။
လူလတ်ပိုင်းအရွယ်သို့ ရောက်လာသောအခါ အရာများစွာကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ သိမြင်လာ နိုင်ပေသည်။
လက်ရှိ အခြေအနေအရ ကြည့်လျှင် သတင်းဆိုး ဖြစ်ရန် ရာခိုင်နှုန်း များနေလေ၏။
ခက်ခဲကျပ်တည်းသော အချိန်များကို အနိုင်နိုင် ကျော်ဖြတ်ပြီးနောက်တွင် ဤမျှ စိတ်ပျက်ဖွယ်ကောင်းသော ကိစ္စမျိုးနှင့် ထပ်မံ ကြုံတွေ့ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ချေ။
သို့သော်ငြားလည်း ရွှီပေါ်အန်းမှာ သိပ်ပြီး ပြာယာခတ်မနေခဲ့ပေ။
ပထမအချက်အနေဖြင့် သူ၏ ခန္ဓာကိုယ်တွင် မကြာသေးမီက မည်သည့် ပုံမှန်မဟုတ်သော လက္ခဏာမျိုးကိုမျှ မခံစားခဲ့ရချေ။ ထို့အပြင် အမွှေးတိုင် ပူဇော်မှု စွမ်းအား၏ အားဖြည့်ပေးမှုကြောင့် သူသည် ပို၍ပင် ခွန်အားကြီး မားလာသည်ဟု ခံစားနေရလေသည်။
ဒုတိယအချက်အနေဖြင့် အမွှေးတိုင် ပူဇော်မှု စွမ်းအား၏ အံ့မခန်းဖွယ် တည်ရှိနေမှုကြောင့် ဤအရာက သူ၏ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကို အလုံးစုံ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်ပေသည်။
အတွေးများ နစ်မြောနေရင်းဖြင့် ရွှီပေါ်အန်းသည် ကုတင်ပေါ်တွင် အိပ်ပျော်သွားခဲ့လေ၏။
ဤသည်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် နှစ်ပေါင်းများစွာကြာ အလုပ်လုပ်ရင်း မွေးမြူလာခဲ့သော နေ့လယ်စာစားပြီးနောက် အနားယူတတ်သည့် သူ၏ အလေ့အကျင့်ကောင်းကြောင့်ပင် ဖြစ်ပေသည်။
ရွှီပေါ်အန်း နိုးလာသောအခါ အိပ်ရေးမဝသေးသကဲ့သို့ ခံစားလိုက်ရလေသည်။
နေ့လယ်ပိုင်း အနားယူအိပ်စက်ခြင်းနှင့် ပတ်သက်လာလျှင် လုံးဝ မအိပ်ဘဲ နေလျှင် နေ၊ မဟုတ်လျှင်တော့ တစ်ကြိမ် အိပ်ပျော်သွားသည်နှင့် အိပ်ရာမှ လုံးဝ မထချင်တော့လောက်အောင်ပင် ဖြစ်လေ၏။ အိပ်ရေး ဘယ်တော့မှ မဝနိုင်တော့ဘူးဟုပင် ထင်မှတ်ရလေသည်။
သူ၏ လက်ပတ်နာရီကို ကြည့်လိုက်ပြီးနောက် ရွှီပေါ်အန်းသည် ကုမ္ပဏီဝင်းအတွင်းသို့ ကားမောင်းသွားကာ ယာဉ်မောင်း သို့မဟုတ် အတွင်းရေးမှူးကိုမျှ မခေါ်တော့ဘဲ တုန်းကျန်းမြို့ အမှတ် (၂) ပြည်သူ့ဆေးရုံသို့ တိုက်ရိုက် ထွက်ခွာလာခဲ့လေတော့သည်။
“အလွန်တရာ ကျန်းမာသန်စွမ်းနေတဲ့ ငါ့ခန္ဓာကိုယ်ကြီးက ဘာပြဿနာတွေများ ရှိနေနိုင်မှာလဲဆိုတာ ငါ သွား ကြည့်ရမယ်...။”
တုန်းကျန်းမြို့ အမှတ် (၁) ပြည်သူ့ဆေးရုံနှင့် တုန်းကျန်းမြို့ အမှတ် (၂) ပြည်သူ့ဆေးရုံတို့သည် တုန်းကျန်းမြို့တွင် တစ်ခုတည်းသော အဆင့် (၃) ကကြီး အဆင့်ရှိ ဆေးရုံကြီး နှစ်ခုဖြစ်လေသည်။
သို့သော် အမှတ် (၁) မြို့တော်ဆေးရုံကို အကောင်းဆုံးဟု ယေဘုယျအားဖြင့် သတ်မှတ်လေ့ရှိသော အခြားမြို့များနှင့်မတူဘဲ တုန်းကျန်းမြို့ရှိ အကောင်းဆုံးဆေးရုံမှာ တုန်းကျန်း အမှတ် (၂) ဆေးရုံပင် ဖြစ်လေ၏။
မည်မျှ ပိုကောင်းသည်၊ စက်ပစ္စည်းနှင့် ဝန်ဆောင်မှုပိုင်းတွင် ကွာဟချက် မည်မျှ ကြီးမားသည်၊ သို့မဟုတ် ဆေးဘက်ဆိုင်ရာ စံနှုန်းများတွင် ကွာဟချက် မည်မျှ ကြီးမားသည်ကို လူများက အတိအကျ မပြောနိုင် ကြသော်ငြားလည်း။
သို့သော် လူတိုင်းက တုန်းကျန်း အမှတ် (၂) ဆေးရုံသည် ကောင်းသည်ဟု ပြောကြပြီး တုန်းကျန်းမြို့ခံတိုင်း လိုလိုပင် ထိုသို့ ယူဆထားကြလေသည်။
သတင်းစကားမှာ အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး အမှတ် (၂) ဆေးရုံ၏ ထိပ်တန်းအဖွဲ့အစည်း တစ်ခုအဖြစ် ဂုဏ်သတင်းမှာ ခိုင်မာစွာ အမြစ်တွယ်သွားခဲ့လေ၏။
ထို့ကြောင့် ကြီးမားသော အဖွဲ့အစည်းများနှင့် ကုမ္ပဏီများစွာသည် သူတို့၏ ဝန်ထမ်းများ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန် တုန်းကျန်း အမှတ် (၂) ဆေးရုံကို သတ်မှတ်ထားသော ဆေးရုံအဖြစ် ရွေးချယ်ကြလေသည်။
ရွှီပေါ်အန်း အလုပ်လုပ်နေသော တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုသည်လည်း ထိုနည်းတူပင် ဖြစ်ပြီး မကြာ သေးမီကပင် အဖွဲ့လိုက် ကျန်းမာရေးစစ်ဆေးမှု တစ်ခုကို စီစဉ်ခဲ့ခြင်း ဖြစ်ပေသည်။
သီအိုရီအရဆိုလျှင် ကျန်းမာရေး စစ်ဆေးမှု ရလဒ်အားလုံး ပုံမှန်ဖြစ်နေပါက ရုံးပိုင်းဆိုင်ရာဌာနမှ ဆေးရုံနှင့် ဆက်သွယ်ကာ ဆေးစစ်ချက် အစီရင်ခံစာအားလုံးကို တစ်ခါတည်း သွားရောက်ထုတ်ယူပြီးနောက် သက်ဆိုင်ရာ ဝန်ထမ်းများထံသို့ တစ်ဦးချင်းစီ ပြန်လည် ဝေငှပေးရမည် ဖြစ်လေသည်။
သို့သော် ပြဿနာ တစ်စုံတစ်ရာ ရှိနေပါက ဆေးရုံဘက်မှ သဘာဝကျကျပင် အကြောင်းကြားရန် တာဝန် ရှိပေသည်။
ဤသည်မှာ ယေဘုယျအားဖြင့် ပုံသေ သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုပင် ဖြစ်၏။
မကြာမီပင် ရွှီပေါ်အန်းသည် တုန်းကျန်းမြို့ အမှတ် (၂) ပြည်သူ့ဆေးရုံ၏ ကျန်းမာရေးစစ်ဆေးမှု ဌာနသို့ ရောက်ရှိ လာခဲ့လေသည်။ သူ လက်ချည်းသက်သက် ရောက်လာခဲ့ခြင်း မဟုတ်ဘဲ ခေါင်ရှန်းရွာမှ ရွာသားများ အရင်က ပေးထားခဲ့သော အခြောက်လှန်းထားသည့် ဟင်းသီးဟင်းရွက် ရိုင်းများကိုပါ ယူဆောင်လာခဲ့လေ၏။ မည်သို့ပင် ဖြစ်စေ ဆေးရုံသို့ ရောက်နေပြီဖြစ်သဖြင့် ကျွမ်းကျင်ဆရာဝန် တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန် အဆင်ပြေလိမ့် မည်ဟု ရွှီပေါ်အန်းက တွေးတောခဲ့ခြင်း ဖြစ်လေသည်။
တုန်းကျန်း အမှတ် (၂) ပြည်သူ့ဆေးရုံ၏ အဆောက်အအုံသည် သူတို့၏ တုန်းကျန်း ဒုတိယဆောက်လုပ်ရေး ကုမ္ပဏီ အဆောက်အအုံထက် များစွာ ပိုမို ခမ်းနားထည်ဝါလှပေသည်။
ရုံးအဆောက်အအုံများ၊ အရေးပေါ်ဌာန အဆောက်အအုံများ၊ လူနာဆောင်များ၊ ကျန်းမာရေးစစ်ဆေးမှု အဆောက်အအုံများနှင့် ဘက်စုံသုံး အဆောက်အအုံများ အပါအဝင် အဆောက်အအုံ ဆယ်လုံးကျော်သည် ဝင်္ကပါကဲ့သို့ ရှုပ်ထွေးလှသော ဆေးရုံဝင်းအတွင်း၌ ဖြန့်ကြက်တည်ရှိနေလေသည်။
သမိုင်းကြောင်းဆိုင်ရာ အကြောင်းရင်းများနှင့် မြို့ဟောင်းဧရိယာ၏ အစောပိုင်း ကာလများက မြို့ပြစီမံကိန်း များကြောင့် တုန်းကျန်း အမှတ် (၂) ဆေးရုံတွင် မြေအောက်ကားပါကင် မရှိသဖြင့် ကားရပ်နားရန် နေရာမှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်နေခဲ့လေ၏။
ကားရပ်ရန် နေရာတစ်ခုကို အနိုင်နိုင် ရှာဖွေတွေ့ရှိပြီးနောက် ရွှီပေါ်အန်းသည် လူနာဆောင်၏ အရှေ့နှင့် အနောက် တံခါးများကို ဖြတ်သန်းကာ အချိန်အတန်ကြာ လမ်းလျှောက်ခဲ့ရပြီး အကြိမ်အနည်းငယ် ကွေ့ဝိုက်သွား ပြီးမှသာ ကျန်းမာရေးစစ်ဆေးမှု ဌာနသို့ ဝင်ရောက်နိုင်ခဲ့လေသည်။
သူနာပြုဌာနသို့ ရောက်ရှိသောအခါ ရွှီပေါ်အန်းက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေ၏။
“မင်္ဂလာပါ ဆရာ... ။ ကျွန်တော်က တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီကပါ...။ ကျွန်တော့်ရဲ့ ဆေးစစ်ချက်ဖောင် လာယူတာပါ...။”
ဆေးရုံထဲသို့ ဝင်လာတိုင်း ရွှီပေါ်အန်းသည် အဖြူရောင်ကုတ်အင်္ကျီ ဝတ်ဆင်ထားသော ဆရာဝန်များနှင့် သူနာပြု များအားလုံးကို “ဆရာန်” ဟုသာ ယေဘုယျအားဖြင့် ခေါ်ဝေါ်လေ့ရှိပေသည်။
တုန်းကျန်း ဒုတိယဆောက်လုပ်ရေး ဟူသော အမည်ကို ကြားလိုက်ရသောအခါ သူနာပြုဌာနမှ သူနာပြုမှာ တော်တော်လေး အံ့အားသင့်သွားပြီး ချက်ချင်းပင် ပြောလိုက်လေ၏။
“တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီအတွက် ဆေးစစ်ချက်ဖောင်တွေကို ဒီမနက်တင် ရှင်တို့ဝန်ထမ်းတွေ လာယူသွားကြပြီလေ...။”
“နေ့လယ်စာ စားနေတုန်းက သူနာပြုအုပ် ပြောတာတော့ ကျွန်မတို့ဆီမှာ ကျန်နေသေးတာက ဆောက်လုပ်ရေး အင်ဂျင်နီယာအုပ်စု ရုံးချုပ်က ဆေးစစ်ချက်ဖောင်တွေပဲ ကျန်တော့တာတဲ့... ရှင်များ အဲ့ဒီက ဖြစ်နေမလား...။”
ရွှီပေါ်အန်းက ရှင်းပြလိုက်လေသည်။
“နေ့လယ်တုန်းက ကျွန်တော့်ရဲ့ ဆေးစစ်ချက်ဖောင် လာယူဖို့ ဖုန်းဆက်ခေါ်လို့ပါ...။ အမှားအယွင်းတော့ မဖြစ်နိုင် လောက်ပါဘူးနော်...”
သူနာပြုအမျိုးသမီးလေးမှာ အနည်းငယ် တုံ့ဆိုင်းသွားပြီး သူမ၏ မျက်နှာပေါ်တွင် စိတ်မကောင်းဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာကာ စကားထစ်အသွားလေ၏။
“အို... အဲ့ဒါဆိုရင်... အဲ့ဒါဆိုရင်တော့...”
ခေါင်းငုံ့၍ ဖောင်များ ဖြည့်နေသော အခြားသူနာပြု တစ်ဦးက မော့ကြည့်ကာ ဝင်ပြောလိုက်လေသည်။
“ရှင့်အနေနဲ့ အပေါ်ထပ်က သူနာပြုဌာနကို သွားပြီး မေးကြည့်လိုက်ပါလား...။ ဆောက်လုပ်ရေးအုပ်စုက ကျန်နေ တဲ့ ဆေးစစ်ချက်ဖောင်တွေ အကုန်လုံး အဲ့ဒီမှာ ရှိနေလောက်တယ်...။ ပြီးတော့ အဲ့ဒီမှာ တာဝန်ကျ ဆရာဝန် လည်း ရှိပါတယ်...။”
ရွှီပေါ်အန်း ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်စကား ပြောကာ လှည့်ထွက်လာခဲ့လေသည်။
ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ရွှီပေါ်အန်းသည် သူ၏ အနောက်ဘက်ရှိ သူနာပြုနှစ်ဦး၏ တီးတိုးပြောဆို သံများကို ဝိုးတဝါး ကြားလိုက်ရလေသည်။
“နှမြောစရာပဲနော်...၊ ဒီရုပ်ချောချော ဦးလေးကြီးက ဒီလောက် ငယ်ရွယ်ပုံပေါက်နေတာကို ဘယ်လိုလုပ်ပြီး သူက... ဟူး...။”
“ဦးလေးကြီး ဟုတ်လား...။ သူက လူငယ်တစ်ယောက်လည်း ဖြစ်နိုင်တာပဲ...။ အရင်တုန်းက ငါ မီးရထား အင်ဂျင်နီယာပိုင်းက လူတစ်ယောက်နဲ့ တွေ့ဆုံပွဲ လုပ်ဖူးတယ်...။ သူက မြို့ပြအင်ဂျင်နီယာလို့ ကြားတယ်... ရုပ်ကတော့ တော်တော် ရင့်နေတာပဲ...။”
“အာ... အဲ့ဒါဆိုရင်...။ ပိုပြီးတော့တောင် နှမြောစရာ ကောင်းမနေဘူးလား...။”
“ဟူး... ဘယ်သူက ငြင်းနိုင်မှာလဲ...။ ဒါကြောင့်မို့ အရာအားလုံးက ကံတရားအပေါ်မှာပဲ မူတည်နေပြီး ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူးလို့ ပြောကြတာပေါ့...။”
ရွှီပေါ်အန်းသည် ခါးသီးသော အပြုံးတစ်ခုဖြင့် နားထောင်နေရင်း ဝမ်းနည်းရမည်လား ဝမ်းသာရမည်လားပင် ဝေခွဲမရ ဖြစ်နေခဲ့လေ၏။
အပေါ်ကို တစ်ထပ်သာ တက်ရမည့် ရိုးရှင်းသော ကိစ္စဖြစ်သဖြင့် ရွှီပေါ်အန်းသည် ဓာတ်လှေကား စီးရန်ပင် ပျင်းရိနေခဲ့လေသည်။
စက်လှေကားဘက်သို့ လှည့်ကာ လှေကားထစ်များကို တက်သွားခဲ့လေ၏။
လှေကား၏ နံရံများပေါ်တွင် တုန်းကျန်းမြို့ အမှတ် (၂) ပြည်သူ့ဆေးရုံ၏ အထင်ကြီးဖွယ်ရာ ဆရာဝန်ကြီးများ၏ ကိုယ်ရေးအကျဉ်းများကို ပြသထားလေသည်။
ဆရာဝန်များနှင့် ကျွမ်းကျင်သူများ၏ ဓာတ်ပုံများနှင့် ကိုယ်ရေးမှတ်တမ်းများကို လှေကားဘေးရှိ နံရံတစ် လျှောက်တွင် စနစ်တကျ ချိတ်ဆွဲထားလေ၏။
ရွှီပေါ်အန်းသည် မသိစိတ်၏ စေ့ဆော်မှုအရ ၎င်းတို့ကို အကြိမ်အနည်းငယ်မျှ ကြည့်လိုက်မိသော်လည်း အလေး အနက်တော့ မထားခဲ့ပေ။
နောက်ထပ် လှေကားတစ်ထစ်သို့ ရောက်ရှိပြီး အကွေ့ကို ကွေ့လိုက်ချိန်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုက ရုတ် တရက် သူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့လေသည်။
အဟုန်ကြောင့် ရွှီပေါ်အန်းသည် လှမ်းထားပြီးသော ခြေထောက်ကို ရုတ်တရက် နောက်သို့ ပြန်ဆုတ်လိုက် မိလေ၏။
[ပိုင်စုစု... အရေးပေါ်ဆေးပညာဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးနှင့် အကြီးတန်းဆရာဝန်...။ ပေကျင်းတက္ကသိုလ် နှင့် ချင်းဟွာတက္ကသိုလ် ဆေးကျောင်းတို့မှ ပါရဂူဘွဲ့ ရရှိခဲ့သည်...။ SCI ဂျာနယ်များ အပါအဝင် ဆေးဘက်ဆိုင် ရာ ဂျာနယ်များတွင် စာတမ်းပေါင်း (၅၀) ကျော်ကို ထုတ်ဝေခဲ့သည်...။ ယေဘုယျ ရောဂါများနှင့် အသက် အန္တရာယ်ရှိသော ရောဂါများကို အရေးပေါ် ကုသခြင်းနှင့် ကယ်ဆယ်ခြင်းများအပြင် စိတ်ပိုင်းဆိုင်ရာ တိုင်ပင် ဆွေးနွေးခြင်း၊ စိတ်ရောဂါများကို ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့တွင် ကျွမ်းကျင်သည်... ပထမ၊ ဒုတိယနှင့် တတိယအကြိမ် ‘တုန်းကျန်းမြို့၏ အလှပဆုံး ကျန်းမာရေး စောင့်ရှောက်သူ’ ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိထားသူ ဖြစ်သည်...။]
*ဝိုး... တကယ့်ကို မျက်စိကျိန်းလောက်စရာ မိတ်ဆက်စကားပါလား...။*
ထိုထက်ပို၍ မျက်စိကျိန်းစရာ ကောင်းသည်ကတော့ ထင်ရှားပေါ်လွင်နေသော အလွန်လှပသည့် ဓာတ်ပုံပင် ဖြစ်လေသည်။
ခါးတစ်ပိုင်း ဓာတ်ပုံတစ်ပုံမျှသာ ဖြစ်သော်လည်း လူများကို ခေတ္တမျှ စိုက်ကြည့်ချင်စိတ် ပေါက်သွားစေရန် ဆွဲဆောင်နိုင်စွမ်း ရှိလေ၏။
လျှိုရိဖေးနှင့် တူသော မျက်နှာ၊ သွယ်လျသော လည်တိုင်နှင့် သူမ၏ အရှေ့တွင် ယှက်ထားသော ရှည်လျား သွယ်လျသည့် လက်ချောင်းလေးများသည် အဖြူရောင် ကုတ်အင်္ကျီနှင့် လိုက်ဖက်နေကာ ထူးခြားသော အလှတရားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
*ပိုင်စုစု...၊ ဘယ်လောက်တောင် လှပတဲ့ နာမည်လေးလဲ...။*
ဤဒေါက်တာပိုင်သည် တရားဥပဒေစိုးမိုးရေး အဖွဲ့မှ ပိုင်ရှန်းရှန်းနှင့် တစ်ဦးတည်း မဟုတ်သည်မှာ သေချာလှပေ သည်။
သို့သော် ဤမျှ ဆင်တူနေသော မျက်နှာသွင်ပြင်များနှင့် ထပ်တူနီးပါး ကျနေသော နာမည်များကို ကြည့်ခြင်းအား ဖြင့် ထိုနှစ်ဦးမှာ ညီအစ်မများ ဖြစ်နိုင်ခြေ အလွန်များကြောင်းကို လူမိုက်တစ်ယောက်ပင်လျှင် ခန့်မှန်းနိုင်ပေ သည်။
တစ်ဦးက အသက်များကို ကယ်တင်ရန် အဖြူရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အခြားတစ်ဦးက လူ့အဖွဲ့ အစည်းကို ကာကွယ်ရန် တရားဥပဒေစိုးမိုးရေး ဝတ်စုံကို ဝတ်ဆင်ထားလေ၏။
ဤညီအစ်မနှစ်ဦးစလုံးသည် လှပပြီး အထာကျလှပေသည်။
ရွှီပေါ်အန်းသည် ကြီးမားသော ခံစားချက်ဖြင့် အချိန်အတန်ကြာ ကြည့်နေမိပြီးမှ မိမိနှင့် သက်ဆိုင်သော အရေးကြီးသည့် ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်ရန် ကျန်နေသေးကြောင်းကို သတိရသွားလေ တော့သည်။
သူ လှည့်ထွက်လိုက်ရင်း သက်ပြင်းချလိုက်လေ၏။
“ဟူး... ရှေးလူကြီးတွေ ပြောတာ မှန်သားပဲ...။”
“လှပတဲ့ အမျိုးသမီးတွေက ပြဿနာတွေရဲ့ မြစ်ဖျားခံရာပဲ...။ အလှတရားက တိုင်းပြည်ကိုတောင် ပျက်စီးစေနိုင် တယ်လေ...။”
“မင်္ဂလာပါ... ကျွန်တော်က တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီကပါ...။ နေ့လယ်တုန်းက ကျွန်တော့်ရဲ့ ဆေးစစ်ချက်ဖောင် လာယူဖို့ ဖုန်းဆက်ခေါ်လို့ပါ...။”
သူနာပြုဌာနအသစ်နှင့် ရင်ဆိုင်ရသောအခါ ရွှီပေါ်အန်းသည် သူ၏ ယခင် အတွေ့အကြုံများမှ သင်ခန်းစာယူကာ သူ၏ စကားများကို သတိထား၍ ပြောင်းလဲပြောဆိုခဲ့ပြီး သူ၏ တောင်းဆိုချက်များကို ပိုမို ဆီလျော်ပြီး တိကျ သေချာစေရန် ပြုလုပ်ခဲ့လေသည်။
ရွှီပေါ်အန်း၏ စကားများကို ကြားသောအခါ အချက်အလက်များ စာရင်းသွင်းနေသော သူနာပြုဌာနမှ သူနာပြု တစ်ဦးက မော့ကြည့်လိုက်ပြီး သူမ၏ မျက်မှန်ကို ပင့်တင်လိုက်ကာ ဘေးရှိ တာဝန်ကျအခန်းကို လက်ညှိုးထိုး ပြရင်း ပြောလိုက်လေ၏။
“အထဲမှာ တာဝန်ကျ ဆရာဝန် ရှိပါတယ်... ဝင်သွားလိုက်ပါ...။”
ရွှီပေါ်အန်းသည် တာဝန်ကျအခန်းသို့ အလျင်အမြန် ရောက်ရှိသွားပြီး ထိုအတိုင်းပင် ထပ်ပြောလိုက်လေသည်။
တာဝန်ကျအခန်း အတွင်း၌ ငွေရောင် ဆံပင်အပြည့်နှင့် အမျိုးသား ဆရာဝန်တစ်ဦး ထိုင်နေပြီး ဝတ္ထုတစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေကာ ဘေးရှိ ခွက်ထဲမှ လက်ဖက်ရည်ကို တစ်ခါတစ်ရံ သောက်နေလေ၏။
ရွှီပေါ်အန်း၏ အသံကို ကြားသောအခါ ဆရာဝန်က ဦးစွာ စာအုပ်ကို ချထားလိုက်ပြီး ရွှီပေါ်အန်း၏ အနောက် ဘက်သို့ အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်လေသည်။ ထို့နောက် စားပွဲပေါ်မှ မျက်မှန်ကို ကောက်ယူ တပ်ဆင်လိုက်ပြီး ပြောလိုက်လေ၏။
“ဘာလို့ မင်းတစ်ယောက်တည်း လာရတာလဲ...၊ ဖုန်းထဲမှာတုန်းက မိသားစုကိုပါ ခေါ်လာခဲ့ဖို့ ငါ မပြောလိုက် ဘူးလား...။”
ရွှီပေါ်အန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်လေသည်။
“ကျွန်တော် အကြောင်းကြားခဲ့ပါတယ်...။ ဒါပေမဲ့ ကျန်တဲ့ မိသားစုဝင်တွေအတွက်က သိပ်အဆင်မပြေလို့ပါ...”
ဆရာဝန်က ဘေးမှ ဆေးစစ်ချက် အစီရင်ခံစာ တစ်ထပ်ကို ကောက်ယူလိုက်ရင်း ပြောလိုက်လေ၏။
“အိုကွယ်... မင်းအနေနဲ့ ဒီလို အဆင်မပြေမှုမျိုးကို ကျော်လွှားနိုင်အောင် ကြိုးစားသင့်တယ်...၊ မဟုတ်ရင်...။”
ဆရာဝန် ဆက်မပြောနိုင်မီမှာပင် ရွှီပေါ်အန်းက တိုတိုနှင့် ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
“ကျွန်တော် လာလို့မရပါဘူး...။ ကျွန်တော့် မိဘတွေကလည်း အိုမင်းနေပြီ...။ ကျွန်တော်က လူလတ်ပိုင်းအရွယ် မှာ ဇနီးသည် ဆုံးရှုံးခဲ့ရပြီး ကလေးလည်း မရှိပါဘူး...။”
ဆရာဝန်မှာ တုံ့ဆိုင်းသွားပြီး သူ၏ အဆက်မပြတ် စကားပြောနေခြင်းကို ရပ်တန့်လိုက်ချိန်တွင် နင်သွားလု မတတ်ပင် ဖြစ်သွားခဲ့လေ၏။
ဆရာဝန်က သက်ပြင်းချလိုက်ရင်း ဆက်ပြောလေသည်။
“အင်း... ငါက စေတနာနဲ့ ပြောတာပါ...။ ငါ့ကို စကားများတယ်လို့ မထင်ပါနဲ့...။ ငါတို့အားလုံးက ဒုက္ခသည် တွေချည်းပါပဲ...။ မင်းနာမည် ဘယ်လိုခေါ်လဲ...။”
ရွှီပေါ်အန်းသည် ဆရာဝန်၏ စားပွဲပေါ်ရှိ စာအုပ်များကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဖြေလိုက်လေ၏။
“ကျွန်တော့်နာမည်က ရွှီပေါ်အန်းပါ... ရွှီ ဆိုတာက ခွင့်ပြုချက်ကို ဆိုလိုတဲ့ ရွှီ ဖြစ်ပြီး... ပေါ် ကတော့ ရေအက္ခရာမပါတဲ့ ပေါ် ပါပဲ...။ အန်း ဆိုတာကတော့ ဝမ်ယန်မင်ရဲ့ နာမည်တစ်မျိုးဖြစ်တဲ့ ပေါ်အန်း က အန်းပါပဲ...။”
ဆေးစစ်ချက် အစီရင်ခံစာများဆီသို့ လက်လှမ်းလိုက်ရင်း ဆရာဝန်၏ မျက်နှာပေါ်တွင် အံ့သြဝမ်းသာနေသော အပြုံးတစ်ခု ပေါ်လာခဲ့လေ၏။
“နာမည်ကောင်းပဲ... တကယ့်ကို နာမည်ကောင်းလေးပဲ...။”
သူတို့ စကားပြောနေစဉ်မှာပင် ဆရာဝန်သည် ရွှီပေါ်အန်း၏ ဆေးစစ်ချက် အစီရင်ခံစာကို ရှာတွေ့နေပြီ ဖြစ်လေ သည်။
၎င်းကို ထုတ်ယူပြီးနောက် သူသည် ရွှီပေါ်အန်းထံသို့ ဆေးစစ်ချက် အစီရင်ခံစာကို ချက်ချင်း မပေးခဲ့ချေ။ ယင်းအစား သူသည် စာမျက်နှာ တစ်ခုဆီသို့ လှန်လိုက်ပြီး ပြောလိုက်လေ၏။
“ဒီအချက် နှစ်ချက်ကိုတော့ ပြန်လုပ်ဖို့ ငါ အကြံပြုချင်တယ်...။ နေပါဦး... တစ်ခုခု မှားနေပြီ...၊ အဖုံးပေါ်က နာမည်က ရွှီပေါ်အန်း ဖြစ်နေပေမဲ့ ဆေးစစ်ချက် အသေးစိတ် စာမျက်နှာတွေပေါ်က နာမည်က လျှိုတုန်းဝမ် ဖြစ်နေတယ်...။”
ဆရာဝန်မှာ အံ့အားသင့်သွားပြီး သူ၏ လေသံ ပြောင်းလဲသွားခဲ့လေသည်။ ဆေးစစ်ချက် အစီရင်ခံစာမှာ မှားယွင်းနေပုံရကြောင်းကို သူ သဘောမပေါက်မီ အစီရင်ခံစာကို အကြိမ်အနည်းငယ်မျှ သေချာစွာ ကြည့်ရှုခဲ့လေ၏။
ကျန်းမာရေးစစ်ဆေးမှု ဌာနမှ ပြန်ထွက်လာသောအခါ နှစ်နာရီခန့် ကြာမြင့်နေပြီ ဖြစ်ပေသည်။
ရွှီပေါ်အန်းနှင့် ဆရာဝန် နှစ်ဦးစလုံးက ၎င်းမှာ နားလည်မှုလွဲမှားခြင်းနှင့် အမှားတစ်ခုသာ ဖြစ်သည်ဟု ခံစားခဲ့ ရသော်လည်း ကြိုတင်ကာကွယ်သည့် အနေဖြင့် ဆေးရုံက ရွှီပေါ်အန်းအတွက် ကျန်းမာရေးစစ်ဆေးမှု အပြည့် အစုံကို ထပ်မံ ပြုလုပ်ပေးခဲ့လေသည်။
စစ်ဆေးမှု ရလဒ်များမှာ အနည်းငယ် မထင်မှတ်ထားစရာ ဖြစ်နေခဲ့ပြီး ဆရာဝန်များပင်လျှင် တော်တော်လေး အံ့အားသင့်သွားခဲ့ကြလေ၏။
ရွှီပေါ်အန်း၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်များမှာ လူလတ်ပိုင်းအရွယ် တစ်ဦး၏ လုပ်ဆောင်ချက်များနှင့် လုံးဝ မတူညီဘဲ ယင်းအစား အသက်နှစ်ဆယ်ဝန်းကျင် အရွယ်ရှိ သန်စွမ်းသော လူငယ်တစ်ဦး၏ ခန္ဓာကိုယ်နှင့် ပို၍ တူညီနေခဲ့လေသည်။
ဤအရာက ရွှီပေါ်အန်းကို ဝမ်းသာလုံးဆို့သွားစေခဲ့ပြီး သူ၏ ပုံမှန် အေးအေးဆေးဆေး နေတတ်သည့် အမူအကျင့်ကိုပင် စွန့်လွှတ်လိုက်ကာ အမွှေးတိုင် ပူဇော်မှု စွမ်းအား၏ အံ့မခန်းဖွယ် တန်ခိုးကို တိတ်တဆိတ် အံ့သြချီးကျူးနေမိလေတော့သည်။
ဆရာဝန်နှင့် ဆေးရုံ၏ ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦးကလည်း ရှေ့သို့ ထွက်လာကာ သူတို့၏ တောင်းပန် စကားကို ပြောခဲ့ကြလေသည်။
ရွှီပေါ်အန်းသည် ဤကိစ္စကို ဆက်လက် အရေးမယူတော့ပေ။ အခြားသူများ၏ အမှားများကို ခွင့်လွှတ်ခြင်းသည် ရင့်ကျက်မှု၏ သင်္ကေတတစ်ခုပင် ဖြစ်လေသည်။
ထို့အပြင် ယခုအချိန်တွင် ရွှီပေါ်အန်း၏ စိတ်အခြေအနေမှာ တော်တော်လေး ကောင်းမွန်နေခဲ့ပေသည်။
“မလာခင်က သိပ်ပြီး စိတ်လှုပ်ရှားမနေခဲ့ပေမဲ့ အခုချိန်မှာတော့ လုံးဝကို စိတ်ပေါ့ပါးသွားသလို ခံစားနေရ တယ်...။”
ရွှီပေါ်အန်းသည် ဆေးရုံမှ တိုက်ရိုက် ပြန်မထွက်ခဲ့ချေ။ စောစောက ဒုတိယ ညွှန်ကြားရေးမှူး ပြုလုပ်ပေးခဲ့သော ဆက်သွယ်မှုမှတစ်ဆင့် ရွှီပေါ်အန်းသည် တိုင်းရင်းဆေးပညာဌာနသို့ တိုက်ရိုက် သွားရောက်ခဲ့လေသည်။
ရွှီပေါ်အန်းသည် သူ ယူဆောင်လာခဲ့သော ဟင်းသီးဟင်းရွက် ရိုင်းများကို ကိုင်ဆောင်ကာ တိုင်းရင်းဆေးပညာ ဌာနရှိ ညွှန်ကြားရေးမှူးရုံးခန်း၏ တံခါးကို ခေါက်လိုက်လေသည်။
“ဝင်လာခဲ့ပါ... ဝင်လာခဲ့ပါ...။”
အထဲမှ ပြောလိုက်သော စကားကို ကြားပြီးနောက် ရွှီပေါ်အန်းသည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားခဲ့လေ၏။
ရုံးခန်းအတွင်း၌ အဖြူရောင် ဆေးသုတ်ထားသော စားပွဲနှင့် ကုလားထိုင်ဟောင်းများ ရှိနေပြီး စားပွဲပေါ်တွင် ကြီးမားသော ဖန်ပြားကြီးတစ်ခု ရှိနေလေသည်။ ငွေရောင် ဆံပင်အပြည့်နှင့် အမျိုးသား ဆရာဝန်တစ်ဦးက အဝါရောင်သန်းနေသော ဆေးကျမ်းအထူကြီး တစ်အုပ်ကို ကိုင်ဆောင်ကာ ဖတ်ရှုနေလေ၏။
ရွှီပေါ်အန်း ဝင်လာသည်ကို မြင်သောအခါ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော တိုင်းရင်းဆေးဆရာဝန်ကြီးက ခေါင်းမော့လာပြီး နားမလည်နိုင်သော မျက်လုံးများဖြင့် ရွှီပေါ်အန်းကို ကြည့်လိုက်လေသည်။
ရွှီပေါ်အန်းက ရှေ့သို့ လျှောက်သွားရင်း မိတ်ဆက်လိုက်လေ၏။
“မင်္ဂလာပါ ဒေါက်တာကျန်း...၊ ညွှန်ကြားရေးမှူးစွန်းက ညွှန်ပေးလိုက်လို့ပါ...။ သူ ခုနလေးတင် ဆက်သွယ်ထား ပါတယ်...။”
ဒေါက်တာကျန်းက ခေါင်းညိတ်လိုက်ပြီး ရွှီပေါ်အန်းထံသို့ လက်ကမ်းပေးရင်း ပြောလိုက်လေသည်။
“ကောင်းပါပြီ... ငါ နားလည်ပါပြီ...။ မင်းအတွက် ငါ ဘာကူညီပေးရမလဲ...။”
ရွှီပေါ်အန်း အနီးသို့ ရောက်သွားပြီးနောက် သူ၏ လက်ထဲရှိ အိတ်ကို စားပွဲပေါ်ရှိ ဖန်ပြားပေါ်သို့ တင်လိုက်လေ ၏။ ဖန်ပြား၏ အောက်တွင် အဝါရောင်သန်းနေသော စက္ကူပိုင်းများနှင့် စက္ကူစအချို့ ရှိနေပြီး ၎င်းတို့ပေါ်တွင် ဆေးညွှန်းအမျိုးမျိုး ရေးသားထားပုံရလေသည်။
ရွှီပေါ်အန်းက အိတ်ကိုဖွင့်ကာ ဒေါက်တာကျန်းအား ရှင်းပြလိုက်လေသည်။
“ဒီလိုပါ... သူငယ်ချင်းတစ်ယောက်က ကျေးလက်ကနေ ဆေးဘက်ဝင် အပင်တချို့ ယူလာပေးလို့ပါ...။ ဒါပေမဲ့ ကျွန်တော်က အဲ့ဒါတွေကို မသိလို့လေ...။ အဲ့ဒါ ဆရာ့အနေနဲ့ ဒါတွေက ဘာဆေးမြစ်တွေလဲ ဆိုတာကို တစ်ချက် လောက် ကြည့်ပေးပြီး ခွဲခြားပေးနိုင်မလား ခင်ဗျာ...။ ကူညီပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...။”
ဒေါက်တာကျန်းက ပြန်မဖြေဘဲ ရွှီပေါ်အန်း၏ အိတ်ထဲမှ ထွက်နေသော ဆေးမြစ်များကို စူးစိုက်ကြည့်နေပြီး လက်လှမ်းကာ အကြိမ်အနည်းငယ် မွှေနှောက်ကြည့်လိုက်လေ၏။
ထို့နောက် သူသည် တွန့်လိမ်နေသော သစ်ကိုင်းငယ်လေး တစ်ခုကို ကောက်ယူလိုက်ပြီး အချိန်အတန်ကြာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သေးငယ်သော အပိုင်းလေးတစ်ခုကို ညင်သာစွာ ချိုးယူကာ ပါးစပ်ထဲသို့ ထည့်ပြီး အကြိမ်အနည်းငယ် ဝါးကြည့်လိုက်လေ၏။
ဝါးနေရင်းဖြင့် ဒေါက်တာကျန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့လေသည်။
ထို့နောက် ဒေါက်တာကျန်းက အနည်းငယ် ရှုပ်ထွေးနေသော အမူအရာဖြင့် လှမ်းကြည့်လာသည်ကို ရွှီပေါ်အန်း မြင်လိုက်ရလေ၏။
“လူငယ်လေး... မင်း အသက်ဘယ်လောက်ရှိပြီလဲ...။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပြင်းထန်တဲ့ ခန္ဓာကိုယ် အားနည်းယိုယွင်းမှုတွေကို ခံစားနေရတာလဲ...။”
ရွှီပေါ်အန်း၏ မျက်နှာအမူအရာမှာ ခေတ္တမျှ တောင့်တင်းသွားပြီးနောက် ခါးသီးသော အပြုံးတစ်ခုဖြင့် ဖိတ်ခေါ်သည့် ဟန်အမူအရာ ပြုလုပ်လိုက်လေ၏။ မေးခွန်းကို မဖြေဘဲ သူက ဆက်ပြောလေသည်။
“ဒေါက်တာကျန်း... ကျေးဇူးပြုပြီး ဒီဆေးမြစ်တွေကို ခွဲခြားပေးနိုင်မလား...”
ဒေါက်တာကျန်းက သူ၏ လက်ထဲရှိ ဆေးမြစ်အပိုင်းလေးကို လက်ဟန်ပြရင်း ပြောလိုက်လေ၏။
“ဒါက ထိပ်တန်းအရည်အသွေးရှိတဲ့ တရုတ်တိုင်းရင်းဆေးမြစ်ဖြစ်တဲ့ စိုယန် ဆေးပင်ပဲ...။”
ရွှီပေါ်အန်း၏ ဆေးမြစ်များကို တစ်ခုပြီးတစ်ခု လေ့လာစောင့်ကြည့်ကာ မြည်းစမ်းကြည့်ပြီးနောက် သူတို့၏ အဖြေများကို အစဉ်လိုက် ပေးခဲ့ကြလေသည်။
[စိုယန် ဆေးပင်...၊ ရုံရုံ ဆေးပင်...၊ ထျဲ့ဖီရှီဟူ ဆေးပင်...]
၎င်းတို့အားလုံးမှာ အလွန် အာဟာရပြည့်ဝသော ဆေးဖက်ဝင်အပင်များ ဖြစ်ကြပြီး မည်သည့်အရာကမျှ သာမန် မဟုတ်ကြပေ။
ထို့နောက် ဒေါက်တာကျန်းသည် ရွှီပေါ်အန်းကို ကြည့်ကာ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသော စကားတစ်ခွန်း ကို ပြောလိုက်လေတော့သည်။
အခန်း (၁၂၀)
ဘိုးဘွားစဉ်ဆက် အမွေအနှစ်
“လူငယ်လေး... ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်...။ ဒီဆေးက ကောင်းပေမယ့် ချင့်ချိန်ပြီး သုံးတာ အကောင်းဆုံးပဲ...။”
“အကယ်၍ မင်းမှာ ဒီလို လိုအပ်ချက် တကယ်ရှိနေရင် မင်းကို ကူညီပေးနိုင်တဲ့ အပ်စိုက်ကုထုံး တစ်ခု ငါ့ဆီမှာ ရှိတယ်... စမ်းကြည့်ချင်လား...။”
“ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ဒီဆေးတွေထဲက နည်းနည်းလောက် ငါ့ကို ပေးနိုင်မလား...။ အများကြီး မဟုတ် ပါဘူး နည်းနည်းလေးပါ...။”
ဒေါက်တာကျန်းက ထပ်ခါတလဲလဲ ပြောဆိုနေသဖြင့် ရွှီပေါ်အန်းမှာ အံ့အားသင့်သွားခဲ့ရလေ၏။
*ဘုရားရေ... ဒီစကားက “မင်း မစွမ်းဆောင်နိုင်ဘူး” ဟု သူ့ကို ပြောနေသလိုပါလား…။*
အကယ်၍ ဤအဖြစ်အပျက်က သင့်လျော်သော ဆေးရုံတစ်ခုတွင် ဖြစ်ပျက်နေခြင်း မဟုတ်ပါက သူသည် လိမ်လည်နေသော ဆရာဝန်တစ်ဦးနှင့် တွေ့နေရသည်ဟု သံသယဝင်မိမည် ဖြစ်ချေ၏။
သူ၏ရှေ့ရှိ တရုတ်တိုင်းရင်းဆေးဆရာဝန်ကြီး၏ မျက်နှာအမူအရာနှင့် လေသံမှာ ယုန်ငယ်လေးတစ်ကောင်ကို သွေးဆောင်ဖြားယောင်းနေသော ဝံပုလွေဆိုးကြီး တစ်ကောင်နှင့် တစ်ထေရာတည်း တူညီနေလေသည်။
ရွှီပေါ်အန်းက ဟန်ဆောင်၍ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။
“ဒေါက်တာကျန်း ခင်ဗျား နောက်နေတာလား...။ ဒါတွေက ဟင်းရည်ချက်ဖို့ သူငယ်ချင်းတစ်ယောက် လက် ဆောင်ပေးထားတာပါ...။ ခင်ဗျား ဘာတွေပြောနေမှန်း ကျွန်တော် နားမလည်ဘူး...။”
ဒေါက်တာကျန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး နောင်တရဟန်ဖြင့် ပြောလိုက်လေသည်။
“ဟင်းရည်ချက်မယ်...။ ဒါ... ဒါက အရင်းအမြစ်တွေကို အရမ်းဖြုန်းတီးရာ ကျလွန်းတယ်...။”
ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။
“ဘာဖြုန်းတီးတာလဲ... ဒေါက်တာကျန်း ဘာလို့ အဲဒီလိုပြောရတာလဲ...။”
ဒေါက်တာကျန်းက အနေခက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“ငါ ခုနက ပြောခဲ့သလိုပဲ ဒီဆေးဘက်ဝင်အပင်တွေက သာမန်အပင်တွေ မဟုတ်ဘူး...။ သူတို့က တောရိုင်း အပင်တွေ ဖြစ်ရုံသာမက သက်တမ်းလည်း အရမ်းရင့်ပြီး အလွန်ရှားပါးတယ်...။ ငါဆိုလိုတာကို မင်း နားလည် လား...။”
ရွှီပေါ်အန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ဖက်လူ ပြောသည့် "အားလုံးက ထူးကဲလှသည်" ဆိုခြင်းမှာ ဤအရာကို ဆိုလိုမှန်း သူ သဘောပေါက်သွားလေ၏။
စိုယန် ဆေးပင်၊ ရုံရုံ ဆေးပင်၊ ထျဲ့ဖီရှီဟူ ဆေးပင်။
ထို့အပြင် ဂိုဂျီဘယ်ရီ၊ သမင်ဂျိုနှင့် ဂျင်ဆင်းကဲ့သို့သော သာမန် တရုတ်တိုင်းရင်းဆေးများလည်း ပါဝင်သေး ပေသည်။
ရွှီပေါ်အန်းလည်း ဤအကြောင်းကို အရင်က ကြားဖူးခဲ့လေ၏။ မည်သို့ပင်ဆိုစေ လူလတ်ပိုင်းအရွယ်များအတွက် ၎င်းတို့၏ ရေနွေးဗူးများထဲတွင် ဂိုဂျီဘယ်ရီနှင့် သမင်ဂျိုအချပ်များကို စိမ်သောက်ခြင်းမှာ အလွန်ပင် သာမန်ကိစ္စ တစ်ခု ဖြစ်လေသည်။
သို့သော် အတွေ့အကြုံရင့် တရုတ်တိုင်းရင်းဆေးဆရာဝန်ကြီး တစ်ဦးကိုပင် စကားဆွံ့အသွားစေရန်အတွက် ဤဆေးဘက်ဝင်အပင်သည် မည်မျှအထိ အဖိုးတန်နေရမည်နည်း။
ရွှီပေါ်အန်း ခေါင်းညိတ်လိုက်ပြီး တွေးတောဟန်ဖြင့် ပြောလိုက်လေ၏။
“ကျွန်တော် နားလည်ပါပြီ...။ ခင်ဗျား ဆိုလိုတာက ဒီဆေးဘက်ဝင်အပင်တွေ အားလုံးက အရမ်းစျေးကြီးတယ် ပေါ့...။”
ဒေါက်တာကျန်း ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။
“မှန်တယ်... ဒါပေမဲ့ စျေးကြီးရုံတင်မကဘူး...။ အဖိုးတန်တယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်...။ ဒါတွေက ဒီဘက် ခေတ်မှာ ရှာဖို့ အရမ်းခက်ခဲသွားပြီ...။ ဒီဆေးပင်တွေကို အခြောက်ခံပြီးတဲ့နောက် အာနိသင်ရှိတဲ့ ပါဝင်ပစ္စည်း တွေ သိပ်မဆုံးရှုံးသွားတာက ကံကောင်းပေမယ့် သူတို့ရဲ့ အစွမ်းသတ္တိကိုတော့ အတိုင်းအတာတစ်ခုအထိ ထိခိုက် စေလိမ့်မယ်...။ တကယ်လို့ အစိမ်းအတိုင်းသာဆိုရင် ပိုကောင်းတဲ့ အာနိသင်ရှိလိမ့်မယ်...။ သေချာတာပေါ့ ငါက ဒီဆေးပင်အနည်းငယ် အကြောင်းကိုသာ ပြောနေတာပါ...။ ပြုပြင်စီမံဖို့ လိုအပ်တဲ့ တချို့ဆေးပင်တွေကတော့ အာနိသင်ရှိဖို့ အခြောက်ခံရဦးမှာပဲ...။”
ရွှီပေါ်အန်းသည် ပြင်ပလူတစ်ဦးဖြစ်သဖြင့် ဤကဲ့သို့သော ပညာရှင်ဆန်သည့် ကိစ္စရပ်များကို လုံးဝ နားမလည်ခဲ့ ပေ။ တရုတ်တိုင်းရင်းဆေး အားလုံးကို ဆေးအဖြစ် အသုံးမပြုမီ အခြောက်ခံရမည်ဟု သူ ယခင်က ထင်မှတ် ထားခဲ့ပြီး ဤသည်မှာ လူအများစုအတွက် အခြေခံအသိပညာတစ်ခုပင် ဖြစ်လေသည်။
ဒေါက်တာကျန်း၏ စကားများကို ကြားသောအခါ ရွှီပေါ်အန်းသည် မျောက်ငယ်လေးအား ကုသရာတွင် ကူညီပေး ပြီးနောက် မျောက်ခေါင်းဆောင်က သူ့ကို ပေးခဲ့သော ဟယ်ရှိုဝူး အမြစ်ဥကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ လေ၏။
၎င်းတို့မှာ ခူးဆွတ်ထားသည်မှာ မကြာသေးသော စစ်မှန်သည့် လတ်ဆတ်သော ဆေးပင်များ ဖြစ်လေသည်။
ဤအရာကို တွေးမိသည်နှင့် ရွှီပေါ်အန်းသည် သူ၏ လက်ဆွဲအိတ်ထဲသို့ လက်နှိုက်၍ ဟန်ဆောင်ရှာဖွေ လိုက်ပြီးနောက် ဟယ်ရှိုဝူး အမြစ်ဥကို ထုတ်ယူလိုက်လေသည်။
“ဒေါက်တာကျန်း...။ ကျွန်တော့်အတွက် ဒီဟယ်ရှိုဝူးကို ထပ်ပြီး ကြည့်ပေးနိုင်မလား...၊ ခင်ဗျား ဘယ်လိုထင် လဲ...။”
ရွှီပေါ်အန်းက ထိုမျှကြီးမားသော ဟယ်ရှိုဝူး ဆေးပင်ကို ထုတ်ယူလိုက်သည်ကို ဒေါက်တာကျန်း မြင်သောအခါ သူ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့လေတော့၏။
“ဒီ... ဒီလတ်ဆတ်တဲ့ ဟယ်ရှိုဝူးကို... မင်း ဘယ်ကရလာတာလဲ...။ ဒါ အနည်းဆုံး နှစ် (၅၀၀) လောက်တော့ သက်တမ်းရှိရမယ်...။”
ရွှီပေါ်အန်း ပခုံးတွန့်ကာ ပြောလိုက်လေသည်။
“သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးထားတာပါ...။ ကျွန်တော် ဘာမှနားမလည်လို့ ခင်ဗျားကို ကြည့်ခိုင်းရ တာပါ...။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။”
ဒေါက်တာကျန်း ခေါင်းယမ်းလိုက်ပြီး ပြောလေ၏။
“ဒါ မယုံနိုင်စရာပဲ... တကယ်ကို မယုံနိုင်စရာပဲ...။ မင်း ဒီအရာကို ဟင်းရည်ချက်ဖို့ သုံးဖို့ စီစဉ်နေတာတော့ မဟုတ်ပါဘူးနော်...။”
*ကျွန်တော် အဲဒီဆေးပင်တွေကို ဟင်းရည်ချက်ဖို့ သုံးမယ်လို့ ပြောခဲ့တာက သူတို့ရဲ့ တန်ဖိုးကို မသိလို့ပါ...။* ဟု ရွှီပေါ်အန်းက သူ၏စိတ်ထဲတွင် တွေးလိုက်လေသည်။
*ဒီဟယ်ရှိုဝူး စျေးကြီးမှန်း အစကတည်းက သိနေတာပဲ ဘာလို့ ဟင်းရည်ချက်ဖို့ သုံးရမှာလဲ…။*
ရွှီပေါ်အန်း ရယ်မောကာ ပြောလိုက်လေ၏။
“ဒေါက်တာကျန်းက နောက်နေပြန်ပြီ...၊ ကျွန်တော် အဲဒီလောက် မချမ်းသာပါဘူး...။”
“သူတို့က ဒါတွေကို ဟင်းရည်ချက်ဖို့ သုံးနိုင်နေပြီပဲ ဒါက လုံလောက်အောင် ဖြုန်းတီးရာ မကျဘူးလား...။”
ဒေါက်တာကျန်းက အိတ်ထဲရှိ အခြောက်ခံထားသော ဆေးဘက်ဝင်အပင် အနည်းငယ်ကို လက်ညှိုးထိုးပြကာ နောက်ပြောင်၍ ရယ်မောလိုက်လေသည်။
ရွှီပေါ်အန်းက စမ်းသပ်မေးမြန်းလိုက်လေ၏။
“ဒါဆို... ဒေါက်တာကျန်း ဒါတွေရဲ့ တန်ဖိုးက ဘယ်လောက်ရှိလဲ...။”
ဒေါက်တာကျန်း ခေါင်းယမ်းလိုက်ပြီး ပြောလေသည်။
“ပြောဖို့ခက်တယ်... လိုအပ်တဲ့သူတွေအတွက်ကတော့ အဖိုးမဖြတ်နိုင်ဘူးပေါ့...။ မလိုအပ်တဲ့သူတွေအတွက် တော့ ထူးခြားတဲ့အရာ မဟုတ်ပါဘူး...။”
ရွှီပေါ်အန်း ဤအရာကို အတော်လေး ငြီးငွေ့စရာကောင်းသည်ဟု ထင်လိုက်လေ၏။ ဤအဘိုးကြီးသည် အတော် လေး လည်ပေသည်။ ရွှီပေါ်အန်းက အချက်အလက်များ ထုတ်ဖော်ပြောဆိုရန် သူ့ကို လှည့်စားပြီး စည်းကမ်း ချက်များ ညှိနှိုင်းမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်လေသည်။
ဒေါက်တာကျန်းသည် သူ၏ ဆေးဘက်ဝင်အပင်များကို အတော်လေး သဘောကျနေကြောင်း ရွှီပေါ်အန်း သတိ ထားမိပြီးသား ဖြစ်ပေသည်။
ရွှီပေါ်အန်း ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။
“ဒေါက်တာကျန်းရဲ့ အမြင်မှာ ဒီအရာတွေရဲ့ တန်ဖိုးက ဘယ်လောက်လဲ...။”
လိမ်ပြောရာတွင် မကျွမ်းကျင်သော ဒေါက်တာကျန်းက အနေခက်စွာ ပြုံးလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလေသည်။
“အင်း... စိုယန် ဆေးပင်နဲ့ ထျဲ့ဖီရှီဟူ ဆေးပင်အတွက် ငါ့မှာ ပိုက်ဆံနည်းနည်း လိုတယ် ဒါပေမဲ့ ငါ့မှာ ငွေပြတ်နေ လို့ပါ...။ လူငယ်လေး... မင်း သဘောတူမယ်ဆိုရင် မင်းရဲ့ ပန်းသေပန်းညှိုးရောဂါကို ကုသဖို့ အပ်စိုက်ကုထုံးကို သုံးဖို့ ငါအားပေးပါတယ်...။ ဘေးထွက်ဆိုးကျိုး မရှိစေရဘူးလို့ ငါအာမခံတယ် ဒါက အပေးအယူတစ်ခုပါပဲ...။”
ရွှီပေါ်အန်း မျက်လုံးများ ပြူးကျယ်သွားပြီး မကျေမနပ်ဖြင့် ပြောလိုက်လေ၏။
“ဒေါက်တာကျန်း ခင်ဗျားက အတွေ့အကြုံများတဲ့ ဆရာဝန်တစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ်...။ တရုတ် တိုင်းရင်းဆေးပညာက ကြည့်ရှုခြင်း နားထောင်ခြင်း မေးမြန်းခြင်းနဲ့ စမ်းသပ်ခြင်းတွေကို အလေးထားတယ်...။ ကျွန်တော့်ပုံစံက ပန်းသေပန်းညှိုး ပြဿနာရှိတဲ့ ပုံပေါက်နေလို့လား...။”
ဒေါက်တာကျန်း ခေါင်းယမ်းလိုက်ပြီး သူ၏မုတ်ဆိတ်မွေးကို သပ်ကာ ပြောလေသည်။
“ပထမတစ်ချက်ကြည့်ရုံနဲ့ သေချာပေါက် အဲဒီလို မထင်ရပါဘူး...။ ဒါပေမဲ့ မင်းရဲ့ ကိုယ်ပိုင် အခြေအနေကို မင်း ကောင်းကောင်းသိပါတယ်...။ တစ်ခါတလေ ဆေးဝါးတချို့ကြောင့်လည်း ဖြစ်နိုင်တယ်...။”
ရွှီပေါ်အန်းသည် ပန်းသေရောဂါရှိသူအဖြစ် အသတ်မှတ်မခံလိုသဖြင့် အလျင်အမြန် ရှင်းပြလိုက်လေ၏။
“ခင်ဗျား နားလည်မှုလွဲနေပြီ...။ ကျွန်တော် ဒီဆေးကို မသောက်ရသေးပါဘူး...၊ သူ့ရဲ့ အာနိသင်တွေကို လာမေးရုံ သက်သက်ပါ...။ အာနိသင်ကို မသိဘဲနဲ့ ကျွန်တော် ဘာကိုမှ မသောက်ရဲပါဘူး...။ အခု ခင်ဗျားပြောလိုက်တော့ ကျွန်တော် မသောက်ဖို့ ဆုံးဖြတ်လိုက်ပြီ...။ ဒါပေမဲ့ ခင်ဗျားပြောစကားအရ ဒေါက်တာကျန်း ခင်ဗျားက ဒီဆေး ကို သောက်ဖို့ လိုတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ...။”
ဒေါက်တာကျန်းက ရွှီပေါ်အန်း၏ နောက်ပြောင်နေသော လေသံကို နားလည်သွားပြီး ချက်ချင်းပင် မျက်နှာနီ မြန်းသွားကာ ရှင်းပြလေသည်။
“မဟုတ်ဘူး... မဟုတ်ဘူး... ရုပ်ပိုင်းဆိုင်ရာ ကုထုံးအတွက် ဒီဆေးတွေကို ငါမလိုအပ်ပါဘူး...။ အဲဒီအစား ဒီဆေးနှစ်မျိုးက အားဖြည့်ပေးတဲ့ အာနိသင်တွေအပြင် ငါ့ရဲ့ အမြင်အာရုံ တိုးတက်စေတဲ့ ဆေးမှုန့်ဖော်စပ် မှုမှာလည်း အထောက်အကူအဖြစ် သုံးနိုင်လို့ပါ...။ အသက်ကြီးလာတာနဲ့အမျှ ငါ့ရဲ့ အမြင်အာရုံက ဝါးလာတယ် ...။ အရင်က ဒီအခွင့်အရေးမျိုး မရခဲ့ပေမယ့် အခု ဒီဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးတွေ ရလာပြီဆိုတော့ ငါ သဘာဝကျကျပဲ စမ်းကြည့်ချင်တာပါ...။”
ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။
“စိုယန် ဆေးပင်နဲ့ ထျဲ့ဖီရှီဟူ ဆေးပင် နှစ်မျိုးလုံးက သာမန် တရုတ်တိုင်းရင်းဆေးတွေ မဟုတ်ဘူးလား...။ တရုတ်တိုင်းရင်းဆေးလောကမှာ ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ ရာထူးအရ ဤဆေးတွေ ရဖို့ဆိုတာ သိပ်မ ခက်ခဲသင့်ဘူး မဟုတ်လား...။”
ဒေါက်တာကျန်းက နောင်တရဟန်ဖြင့် ပြောလေသည်။
“မင်း ဘာသိလို့လဲ...၊ သာမန် စိုယန် ဆေးပင်နဲ့ ထျဲ့ဖီရှီဟူ ဆေးပင်တွေက ရဖို့ လွယ်ပေမယ့် ဒီလို နှစ်ရာချီ သက်တမ်းရှိတဲ့ စစ်မှန်တဲ့ တောရိုင်းဆေးပင်တွေက အလွန် ရှားပါးတယ်...။ ဒီဆေးပင် နှစ်မျိုးမရှိရင် ငါ့ရဲ့ ဆေးဖော်စပ်မှုက ဘယ်လောက်ပဲ အဖိုးတန်တန် တံလျှပ်တစ်ခုလိုပဲ ဖြစ်နေမှာ...။”
ရွှီပေါ်အန်း ပြုံးကာ ပြောလိုက်လေ၏။
“ဒေါက်တာကျန်း... ဒါဆို ဘယ်လိုလဲ...။ ကျွန်တော် ခင်ဗျားကို ဒီဆေးဘက်ဝင်အပင် တချို့ ပေးမယ် ပြီးတော့ ခင်ဗျားဆီက ပိုက်ဆံလည်း မယူဘူး...။ ဒါပေမဲ့ ခင်ဗျားပြောတဲ့ အမြင်အာရုံ တိုးတက်စေတဲ့ ဆေးနည်းကို ကျွန်တော့်ကို ပြပေးနိုင်မလား...။”
ရွှီပေါ်အန်း၏ တွေးခေါ်မှုမှာ ရိုးရှင်းလှသည်။ သူ၏ မိဘများသည် အသက်ကြီးလာပြီး နှစ်ဦးစလုံးတွင် အသက် အရွယ်ကြောင့်ဖြစ်သော အမြင်အာရုံမှုန်ဝါးခြင်း ရှိနေကြသည်။
အကယ်၍ မိဘများ၏ အမြင်အာရုံကို ပြန်လည်ကောင်းမွန်အောင် စွမ်းဆောင်နိုင်ပါက ၎င်းသည် သားသမီး ဝတ္တရားကို အကောင်းဆုံး ဖော်ပြခြင်းပင် ဖြစ်ပေလိမ့်မည်။
မထင်မှတ်ဘဲ ဤစကားကို ကြားသောအခါ ဒေါက်တာကျန်းက သတိထား၍ ငြင်းဆန်လိုက်ပြီး ပြောလေသည်။
“အဲဒါတော့ မဖြစ်ဘူး...။ ဒီအရာက ငါတို့ ဘိုးဘွားတွေဆီကနေ ဆင်းသက်လာတဲ့ မိသားစု အမွေအနှစ်ဖြစ်ပြီး သားတွေကိုပဲ လက်ဆင့်ကမ်းပြီး သမီးတွေကို မပေးဘူး မိသားစုဝင်တွေကိုပဲ ပေးတာပါ...။ ဒါပေမဲ့ ဒီမျက်စိ လင်းဆေးမှုန့်ကို ငါဖော်စပ်ပြီးတာနဲ့ မင်းကို ဆေးအကြိမ်အနည်းငယ်စာ ပေးနိုင်ပါတယ်...။”
ရွှီပေါ်အန်း နှုတ်ခမ်းကို စိတ်မပါလက်မပါ စူလိုက်ပြီး ပြောလိုက်လေ၏။
“လူတစ်ယောက်ကို ငါးတစ်ကောင်ပေးတာထက် ငါးဘယ်လိုဖမ်းရမလဲဆိုတာ သင်ပေးတာက ပိုကောင်းတယ်..၊ အကယ်၍ အဲဒီလိုဆိုရင်လည်း ဒီကိစ္စကို မေ့လိုက်ကြတာပေါ့...။ ဒေါက်တာကျန်းကို အနှောင့်အယှက်ပေးမိ တဲ့အတွက် တောင်းပန်ပါတယ်...။ ခင်ဗျား အလုပ်များနေတယ်ဆိုတော့ ကျွန်တော် သွားလိုက်ပါဦးမယ်...။”
ထိုသို့ပြောပြီးနောက် ရွှီပေါ်အန်းသည် ဂရုမစိုက်ဟန်ဆောင်ကာ ဆေးဘက်ဝင်အပင်များ ပါရှိသော အိတ်ကို ညင်သာစွာ လှမ်းယူလိုက်လေသည်။
ဤသည်ကို မြင်သောအခါ ဒေါက်တာကျန်းက အိတ်ပေါက်ကို အလျင်အမြန် ဖုံးအုပ်လိုက်ပြီး ကမန်းကတန်း ပြောလေ၏။
“ဟေး... ဟေး...၊ သွားဖို့ မလောပါနဲ့ဦး...။ ဒီကိစ္စကို ဆွေးနွေးကြရအောင်...။”
ရွှီပေါ်အန်း ပခုံးတွန့်ကာ ပြောလိုက်လေသည်။
“ဘာဆွေးနွေးစရာရှိလို့လဲ...။ ခင်ဗျားမှာ ပိုက်ဆံလည်း မရှိဘူး ကျွန်တော့်ကို ဆေးနည်းလည်း မပေးနိုင်ဘူး...။ ကျွန်တော်တို့ ဘယ်လောက်ပဲ ညှိနှိုင်းညှိနှိုင်း ကျွန်တော်က ခင်ဗျားကို အလကားပေးမယ်လို့တော့ မျှော်လင့်မနေ နဲ့လေ...။”
“သေချာတာပေါ့ မမျှော်လင့်ပါဘူး...။”
ဒေါက်တာကျန်း အနေခက်စွာ ရယ်မောလိုက်ပြီး သူ၏ လက်ချောင်းများက စားပွဲပေါ်တွင် စိုးရိမ်တကြီး ခေါက်နေလေသည်။ အတန်ကြာပြီးနောက် သူက ပြောလေ၏။
“ဒါဆို ဘယ်လိုလဲ...၊ နှစ်တွေတစ်လျှောက် ငါစုဆောင်းထားတဲ့ တိုင်းရင်းဆေးမြီးတို တချို့ကို မင်းကို ပေးနိုင် တယ်...။ အားလုံးက တော်တော်လေး ထိရောက်မှုရှိတယ်...၊ မင်း ဘယ်လိုထင်လဲ...။”
ရွှီပေါ်အန်းက အလွန်စိတ်ဝင်စားစွာဖြင့် မေးလိုက်လေသည်။
“သူတို့အကြောင်း ပြောပြပါဦး...၊ ဘာတွေလဲ...။”
ဒေါက်တာကျန်းက စားပွဲပေါ်ရှိ စာအုပ်များနှင့် မှတ်စုစာအုပ်များကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်ရှိ မှန်ချပ် ကို လက်ညှိုးထိုးပြကာ ပြောလေ၏။
“ဒီမှန်ချပ်အောက်မှာက နှစ်တွေတစ်လျှောက် ငါစုဆောင်းထားပြီး အမှန်တကယ် လက်တွေ့စမ်းသပ်မှုတွေက တစ်ဆင့် အတည်ပြုထားတဲ့ ထိရောက်တဲ့ တရုတ်တိုင်းရင်းဆေးနည်းတွေ ရှိတယ်...။ မင်း သဘောတူ မယ်ဆို ရင် ဒီဆေးနည်းတွေ အားလုံးကို ငါပေးနိုင်တယ်...။”
ရွှီပေါ်အန်း ခေါင်းကို ငုံ့၍ အနီးကပ် ကြည့်ရှုလိုက်လေသည်။
မှန်ချပ်အောက်ရှိ ပြည့်နှက်နေသော စက္ကူမျိုးစုံပေါ်တွင် မှင်အမျိုးအစား အသီးသီးဖြင့် ရေးသားထားသော ဆေးမြီးတို အမျိုးမျိုး ရှိနေခဲ့လေသည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေသော ဆေးနည်းတစ်ခုကို ပြက္ခဒိန်စက္ကူပေါ်တွင် ခဲတံဖြင့် ရေးသား ထားလေသည်။ ခြေသည်းလက်သည်း မှိုစွဲခြင်းကို ကုသရန် ဆေးနည်းတစ်ခုကို စီးကရက်ဗူးခွံပေါ်တွင် ဘောပင်ဖြင့် ရေးသားထားပြီး ဆီးခဏခဏသွားခြင်းကို ကုသရန် ဆေးနည်းတစ်ခုကို ဆုတ်ဖြဲထားသော စက္ကူဖြူစပေါ်တွင် ဘောပင်ဖြင့် ရေးသားထားလေ၏။ အိပ်မပျော်ခြင်းကို ကုသရန် ဆေးနည်းတစ်ခုကို စာရွက်ငယ်တစ်ခုပေါ်တွင် မှင်တံဖြင့် ရေးသားထားပြီး တစ်သျှူးပေါ်တွင် နှုတ်ခမ်းနီဖြင့် ရေးထားပုံရသော အစာမကြေခြင်းကို ကုသရန် ဆေးနည်းတစ်ခုပင် ရှိနေသေးလေသည်။
*ဘုရားရေ... ဒီဆေးနည်းတွေကို ဘယ်လို ပတ်ဝန်းကျင်မျိုးမှာ စုဆောင်းခဲ့လဲဆိုတာ တကယ်ကို မတွေးရဲတော့ ဘူး။*
ရွှီပေါ်အန်းက အကြမ်းဖျင်းအားဖြင့် အမျိုးအစား နှစ်ဆယ်ခန့် ရှိမည်ဟု ခန့်မှန်းလိုက်လေသည်။
အကယ်၍ ၎င်းသည် ဒေါက်တာကျန်း ပြောသကဲ့သို့ အမှန်တကယ် အလုပ်လုပ်ပါက အတော်လေး ဆွဲဆောင်မှု ရှိလှပေသည်။
သို့သော် ဤတရုတ်တိုင်းရင်းဆေးဆရာဝန်ကြီးသည် အလွန် ပျင်းရိလှပေသည်။ သူသည် အသစ်တစ်ဖန် မိတ္တူ ကူးရန်ပင် မကြိုးစားဘဲ ပေါ့ပေါ့ပါးပါးသာ ဖိထားခဲ့ခြင်း ဖြစ်လေ၏။
ဤအရာကို တွေးမိသည်နှင့် ရွှီပေါ်အန်းသည် ဒေါက်တာကျန်းကို အနည်းငယ် အထင်သေးသော အရိပ်အယောင် ဖြင့် လှမ်းကြည့်လိုက်လေသည်။
ရွှီပေါ်အန်း၏ အတွေးများကို အာရုံခံမိပုံရသော ဒေါက်တာကျန်းက မကျေမနပ်ဖြင့် ပြောလေ၏။
“ငါ ဒါတွေကို ပြန်မကူး။ထားဘူးလို့ မထင်နဲ့...။ ငါ့ကွန်ပျူတာထဲမှာ အီလက်ထရောနစ် ဗားရှင်းတွေ ရှိပါသေး တယ်...။ ဒါပေမဲ့ ငါက အတိတ်ကို လွမ်းဆွတ်တတ်တဲ့သူ တစ်ယောက်ပါ...။ သူတို့ကို ဒီနေရာမှာ ထားရတာက ဇာတ်လမ်းတွေနဲ့ အတွေ့အကြုံတွေကို တစ်ခုချင်းစီ မြင်နေရသလိုပဲ...။ ဒီအရာတွေက ငါ့ရဲ့ အဖိုးတန် ရတနာ တွေပဲ...။ သူတို့ကို ဒီနေရာမှာ ထားတာ အကောင်းဆုံးပဲ...။”
ယခုတော့ ရွှီပေါ်အန်း အနည်းငယ် အနေခက်သွားရမည့် အလှည့်ရောက်သွားလေပြီ။ သူက ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“ဒေါက်တာကျန်း ခင်ဗျားက သဘောကောင်းလွန်းပါတယ်...။ ခင်ဗျားရဲ့ စိတ်အားထက်သန်မှုနဲ့ ဘယ်သူက ဘာတွေးမှာလဲ...။ ခင်ဗျားရဲ့ အီလက်ထရောနစ် ဗားရှင်းကို ကျွန်တော့်ဆီ မိတ္တူတစ်စောင်လောက် ပို့ပေးနိုင် မလား...။”
ဒေါက်တာကျန်းက ကျေနပ်စွာ ပြုံးလိုက်ပြီး သူ၏မုတ်ဆိတ်မွေးကို သပ်ကာ ပြောလေ၏။
“အိုး... ဒါဆို မင်း သဘောတူတယ်ပေါ့...။”
“ယေဘူယျအားဖြင့် ကျွန်တော် သဘောတူပါတယ်။ ဒါပေမဲ့ အဲဒီ... ခင်ဗျား ခုနက ပြောခဲ့တဲ့...၊ သိပါတယ်နော် အဲဒီရောဂါကို ကုသဖို့ အပ်စိုက်ကုထုံးကိုပါ ထည့်ပေးဖို့ လိုတယ်...။ အဆင်ပြေလား...။”
“ဘာ... အပ်စိုက်ကုထုံး...၊ အဲဒါတော့ မဖြစ်ဘူး...။”
ဒေါက်တာကျန်းက ငြင်းဆန်သည့်အနေဖြင့် ခေါင်းကို ပြင်းပြင်းထန်ထန် ယမ်းလိုက်ပြီးနောက် သူဖတ်နေသော ဝါကြန့်ကြန့် စာအုပ်ကို ကောက်ကိုင်လိုက်ကာ ပြောလေသည်။
“အဲဒီ အပ်စိုက်ကုထုံးက ငါ့ဘိုးဘွားတွေဆီကနေ ဆင်းသက်လာတာ ပြီးတော့ အားလုံးက ဒီစာအုပ်ထဲမှာ ရှိ တယ်... မင်း လိုအပ်တယ်ဆိုရင် ငါ မင်းကို ကုသမှု အကြိမ်အနည်းငယ် လုပ်ပေးနိုင်ပါတယ်...။”
ရွှီပေါ်အန်းက စာအုပ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေ၏။
“ဒီစာအုပ်က ဟောင်းနေပေမယ့် ကြည့်ရတာ အနှစ်သုံးဆယ် ဒါမှမဟုတ် ငါးဆယ်လောက်ပဲ ရှိဦးမယ့်ပုံပဲ...။ ဘိုးဘွားတွေဆီက ဆင်းသက်လာတယ်ဆိုတာ နည်းနည်းတော့ မတိကျဘူးထင်တယ်...။”
ဒေါက်တာကျန်း မျက်လုံးလှန်လိုက်ပြီး ပြောလေသည်။
“ဒီစာအုပ်ကို ငါ့ရဲ့ ဘေးနဲ့ အဘိုးက မျိုးဆက်အလိုက် ဆင်းသက်လာတဲ့ ရှေးဟောင်း ပေရွက်တွေကို အခြေခံပြီး ပြုစုထားတာ...။ သူတို့က ကိုယ်ပိုင်စရိတ်နဲ့ ပုံနှိပ်ခဲ့ပေမယ့် ဘယ်တော့မှ ထုတ်ဝေခဲ့တာ မရှိဘူး...။ ငါတို့ မိသားစု ဝင်တွေကြားမှာပဲ လက်ဆင့်ကမ်းခဲ့တာပါ...။ မဟုတ်ရင် အဲဒီရှေးဟောင်း ပေရွက်တွေက ကြာလှပြီဆိုတော့ ဟောင်းနွမ်းပျက်စီးကုန်မှာပေါ့...။”
ရွှီပေါ်အန်းက မြှောက်ပင့်စကား အနည်းငယ် ပြောတော့မည့်ဆဲဆဲတွင် ရုံးခန်းတံခါးမှာ အပြင်ဘက်မှ ရုတ် တရက် တွန်းဖွင့်ခံလိုက်ရလေ၏။
ပြတ်သားပြီး အရေးတကြီး အသံတစ်သံ ထွက်ပေါ်လာလေသည်။
“အဘိုး... ကျွန်မတို့ကို ထမင်းလာပို့တဲ့ အဖွား စီးလာတဲ့ ဘတ်စ်ကား မတော်တဆဖြစ်လို့တဲ့...။ ကျွန်မ အရေး ပေါ် ကယ်ဆယ်ရေးလုပ်ဖို့ အခုချက်ချင်း အပြင်ထွက်မှ ရမယ်...။”
ရွှီပေါ်အန်းသည် အသံလာရာဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင် အံ့အားသင့်သွားခဲ့ ရလေ၏။
*ဘုရားရေ... အဲဒါ ဒေါက်တာပိုင် မဟုတ်ဘူးလား…။*
တစ်ဖက်လူက နှာခေါင်းစည်း တပ်ထားသော်လည်း ရွှီပေါ်အန်းသည် သူမ၏ မျက်နှာသွင်ပြင်ကို ကြည့်၍ ပိုင်စုစု မှန်း သိနိုင်နေဆဲပင်။
သူမက ဒေါက်တာကျန်းရဲ့ မြေးမလေး ဖြစ်နေတာကိုး။
ရွှီပေါ်အန်းက တစ်ဖက်လူကို မှတ်မိသကဲ့သို့ ထိုသူကလည်း ရွှီပေါ်အန်းကို မှတ်မိသွားပုံရလေသည်။
သို့သော် သူတို့နှစ်ဦးသည် အချင်းချင်း သိပ်မရင်းနှီးကြဘဲ ပေါ့ပေါ့ပါးပါး စကားနှစ်ခွန်းသာ ဖလှယ်ဖူးသဖြင့် ပိုင်စုစု က ရွှီပေါ်အန်းသည် သူမကို တမင်တကာ စကားလာပြောနေသည်ဟု ထင်မှတ်သွားစေခဲ့၏။
ထို့ကြောင့် ပိုင်စုစုသည် ရွှီပေါ်အန်းကို အံ့အားသင့်စွာဖြင့် တစ်ချက်သာ ကြည့်လိုက်ပြီးနောက် သူ့ကို ထပ်မံ ကြည့်လိုက်လေသည်။
ဘေးတွင် ထိုင်နေသော ဒေါက်တာကျန်းမှာ ထိတ်လန့်တကြား မတ်တတ်ရပ်လိုက်ပြီး စိုးရိမ်တကြီး ပြောလေ၏။
“မင်း ဘာပြောလိုက်တာလဲ... လာ...။ ငါလည်း အရေးပေါ်အခန်းကို သွားမယ်...။”
အဘိုးနှင့် မြေးဖြစ်သူတို့မှာ အလျင်အမြန် ထွက်ခွာသွားကြပြီး အခန်းထဲတွင် ရွှီပေါ်အန်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေတော့သည်။
ဒေါက်တာကျန်းမှာ အလွန် အလောတကြီး ဖြစ်နေသဖြင့် ရွှီပေါ်အန်းကို အရင်ထွက်သွားရန် ပြောဖို့ပင် မေ့လျော့ သွားခဲ့ လေ၏။
ရွှီပေါ်အန်းလည်း အားနာမနေတော့ချေ။ သူသည် စားပွဲပေါ်ရှိ ထူထဲသော ဘိုးဘွားပိုင် ဆေးကျမ်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် စားပွဲတွင် ထိုင်ကာ စတင်၍ သေချာဖတ်ရှုလေတော့သည်။
ဘုရားသခင်ပေးသော အခွင့်အရေးနှင့် ကျွန်ုပ်တို့ကို ဆုံစည်းစေသော ကံကြမ္မာကို ဘယ်လိုလုပ် တန်ဖိုးမထားဘဲ နေနိုင်မည်နည်း။
“သူတစ်ပါး၏ စာအုပ်များကို ခွင့်ပြုချက်မရှိဘဲ ချောင်းကြည့်ခြင်း” ကဲ့သို့သော အပျက်သဘောဆောင်သည့် မှတ်ချက်များနှင့် ပတ်သက်၍မူ။
ရွှီပေါ်အန်းသည် စာအုပ်၏ ခေါင်းစဉ်စာမျက်နှာကို ပေါ့ပေါ့ပါးပါး လှန်ကြည့်လိုက်ပြီး ဒေါက်တာကျန်း၏ ဘိုးဘွားအမွေအနှစ်ဆိုသော အသိပညာသည် အမှန်တကယ်ပင် ပုံကြီးချဲ့ပြောဆိုခြင်း မဟုတ်ကြောင်း ရှာဖွေတွေ့ရှိလိုက်လေ၏။
ခေါင်းစဉ်စာမျက်နှာအရ ၎င်းတို့၏ ဆွေစဉ်မျိုးဆက်သည် ဒဏ္ဍာရီလာ သမားတော်ကြီး ကျန်းကျုံကျင့်ထံမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။
ဤမျှ ဂုဏ်သိက္ခာကြီးမားသော အမည်နာမကြောင့် ရွှီပေါ်အန်းသည် ဤဆေးကျမ်းမှာ ပို၍ပင် တန်ဖိုးရှိကြောင်း ချက်ချင်း ခံစားလိုက်ရလေတော့သည်။
သူ မာတိကာကို လှန်ကြည့်လိုက်သောအခါ ရွှီပေါ်အန်းမှာ ပို၍ပင် အံ့အားသင့်သွားခဲ့ရလေ၏။
ဆေးနည်းများသည် နေ့စဉ်ကြုံတွေ့ရလေ့ရှိသော သာမန်နှင့် ရှားပါးသော ရောဂါဝေဒနာ အားလုံးနီးပါးကို လွှမ်းခြုံထားလေသည်။
ဤအရာကို မလေ့လာခြင်းက အသိပညာကို ဖြုန်းတီးခြင်းပင် ဖြစ်ချေ၏။
ရွှီပေါ်အန်းသည် စာအုပ်ဖတ်ရာတွင် အာရုံစူးစိုက်လွန်းလှသဖြင့် စားရန်သောက်ရန်ပင် မေ့လျော့နေခဲ့လေသည်။ သူသည် မူလက ၎င်းကို ဓာတ်ပုံရိုက်ထားရန် စဉ်းစားခဲ့သော်လည်း ထိုသို့လုပ်ခြင်းက လွန်ကျူးလွန်းပြီး ခိုးချ သည်ဟု သံသယဝင်ခံရမည်ဖြစ်ကာ သူ၏ ကိုယ်ကျင့်တရားက ခွင့်မပြုသဖြင့် ဤအကြံအစည်ကို စွန့်လွှတ် လိုက်လေသည်။
သို့သော် ရွှီပေါ်အန်းသည် သူ၏ မှတ်ဉာဏ်မှာ တစ်ချက်ကြည့်ရုံဖြင့် စာကြောင်းဆယ်ကြောင်းကို ဖတ်နိုင်ပြီး ဖတ်သမျှအားလုံးကို မှတ်မိနိုင်စွမ်း ရှိနေသေးကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ့ကို ပို၍ စိတ်သက်သာရာ ရသွား စေခဲ့လေသည်။
စာမျက်နှာ တစ်မျက်နှာ၊ နှစ်မျက်နှာ၊ ဆယ်မျက်နှာ...၊
ရွှီပေါ်အန်းသည် နောက်ဆုံးတွင် စာအုပ်ကို ဖတ်ရှုပြီးစီးသွားပြီး အကြောဆန့်တော့မည့်အချိန်၌ နောက်ဆုံး စာမျက်နှာကို ပိတ်လိုက်လေ၏။ ထိုအချိန်တွင် တံခါးတွန်းဖွင့်ခံလိုက်ရပြီး အင်္ကျီဖြူဝတ်ဆင်ထားသော လူငယ် ဆရာဝန်တစ်ဦး အလျင်အမြန် ဝင်ရောက်လာလေသည်။
ရွှီပေါ်အန်းကို မြင်သောအခါ တစ်ဖက်လူက အနည်းငယ် အံ့အားသင့်သွားပုံရပြီး ခေတ္တမျှ ရပ်တန့်သွားကာ ဒေါသတကြီး မျက်နှာအမူအရာဖြင့် ရွှီပေါ်အန်းကို စိုက်ကြည့်လိုက်လေသည်။
“ခင်ဗျားက ဘယ်သူလဲ...၊ ခင်ဗျားကို ဘယ်သူ ဝင်ခွင့်ပေးလိုက်တာလဲ...။ ခင်ဗျားက ဘယ်လိုလုပ်ပြီး ကျွန်တော့် ဆရာရဲ့ ဆေးကျမ်းတွေကို လှန်လှောကြည့်ရဲတာလဲ...။”