← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁)

ပုရွက်ဆိတ်များ၏ စွမ်းအား

ရွှီပေါ်အန်းသည် အပြာရောင် ဖိုင်တွဲကို ခပ်တည်တည် မျက်နှာထားဖြင့် ပိတ်လိုက်ပြီး ထျန်ရှောင်ထုန်ကို ကြည့်ကာ မေးလိုက်လေသည်။

"ဒီအစီအစဉ်ကို... မင်း ကြည့်ပြီးပြီလား...။"

ထျန်ရှောင်ထုန်သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းယမ်းကာ ပြောလိုက်လေသည်။

"ဟုတ်... ကျွန်မ ကြည့်ပြီးပေမယ့် ကံမကောင်းစွာနဲ့ပဲ နားမလည်ခဲ့ဘူး...။ ကျွန်မက တရုတ်စာပေ ဘွဲ့နဲ့ ကျောင်းဆင်းခဲ့တာဆိုတော့ မြေပုံတွေနဲ့ ပတ်သက်ပြီး တကယ်ကို မကျွမ်းကျင်တာပါ...။ အခုချိန်ထိ အရှေ့၊ အနောက်၊ တောင်၊ မြောက် ကို သေချာ မခွဲခြားတတ်သေးဘူး...။"

ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ ခေတ္တမျှ ဆွံ့အသွားခဲ့လေ၏။ သူသည် ဖိုင်တွဲကို ဘေးသို့ချ ထားလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

"နေထွက်တဲ့နေရာက အရှေ့ဘက်၊ အဲဒီကနေ ဆက်တွေးကြည့်ပေါ့...။ အထက်က မြောက်၊ အောက်က တောင်၊ ဘယ်က အနောက်၊ ညာက အရှေ့ပဲ...။ ကဲ... မင်း အခု ထွက်သွားလို့ရပြီ...၊ ငါ လေ့လာရေး စာရွက်စာတမ်း တွေကို ထပ်ကြည့်လိုက်ဦးမယ်...။ ရုံးခန်းအသစ်ကိစ္စကို ခဏလောက် ရပ်ထားပြီး နောက်မှ ပြန်ပြောကြတာ ပေါ့...။"

ထျန်ရှောင်ထုန် ခေါင်းညိတ်လိုက်ပြီး ဖိုင်တွဲကို သိမ်းဆည်းကာ ဒေါက်မြင့်ဖိနပ်ဖြင့် အနေခက်စွာ လျှောက်ထွက် သွားလေတော့၏။

သူမ၏ ဟန်ပန်အမူအရာကို ကြည့်ရုံမျှဖြင့် လျှိုဝေ၏ ကျွမ်းကျင်ပိုင်နိုင်သော အသွင်အပြင်မျိုး အမှန်တကယ် လိုအပ်နေသေးကြောင်း သိသာလှပေသည်။

ထျန်ရှောင်ထုန်သည် ဘေးခန်းရှိ ရုံးခန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဖုန်းကို ထုတ်ကာ ခေါ်ဆိုလိုက် လေသည်။

"အစ်မ... ကျွန်မတို့ မန်နေဂျာက ဟိုပြုပြင်မွမ်းမံရေး အစီအစဉ်ကို ပယ်ချလိုက်ပြီ...။"

ဖုန်း၏ တစ်ဖက်ခြမ်းမှ ထျန်ရှောင်ရို့က အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောလိုက်လေသည်။

"နင့်သူဌေးက တကယ်ကို ဆိုးတာပဲ...။ ဒီလိုမျိုး ညစ်ပတ်တဲ့ လှည့်ကွက်မျိုးကိုတောင် စဉ်းစားတတ်သေးတယ်... ။ ကံကောင်းလို့ နင့် မန်နေဂျာက ယုံကြည်ရလို့ပေါ့...။"

ထျန်ရှောင်ထုန်က စိုးရိမ်တကြီးဖြင့် ပြောလေသည်။

"ဒါပေမဲ့ အစ်မ... ဓာတ်ပုံတွေကိစ္စကို ဘယ်လို ရှင်းပြကြမလဲ...။ အခု သူ့ကို မျက်နှာချင်းဆိုင်ရတိုင်း အရမ်း အနေရခက်တာပဲ...။ အဲ့ဒီရှက်စရာကောင်းတဲ့ ဓာတ်ပုံတွေထဲကလို လူစားမျိုးလို့ သူ ထင်နေမလားဆိုပြီး အမြဲ ခံစားနေရတယ်...။ အခုဆို ဒီနေရာမှာ ဆက်ပြီးအလုပ်မလုပ်ချင်တော့ဘူးလို့တောင် ခံစားလာရပြီ...။"

ထိုစကားကို ကြားသောအခါ အစ်မဖြစ်သူ ထျန်ရှောင်ရို့က ကမန်းကတန်း ပြောလိုက်လေသည်။

"ဒီလိုတော့ မရဘူးလေ...။ နင်က နိုင်ငံပိုင်လုပ်ငန်းမှာ တည်ငြိမ်တဲ့ အလုပ်တစ်ခုကို ခက်ခက်ခဲခဲ ရထားတာ...။ ဒါက လူအများစု အိပ်မက်မက်နေကြတဲ့ အရာပဲ...။ စိတ်လိုက်မာန်ပါ မလုပ်စမ်းပါနဲ့ ငတုံးမလေးရယ်...။"

ထျန်ရှောင်ထုန်က အားကျစွာဖြင့် ပြောလိုက်လေသည်။

"ဒါပေမဲ့ အစ်မ..၊. အစ်မရဲ့ အလုပ်ကလည်း တော်တော် ကောင်းတာပဲလို့ ခံစားရတယ်...။ အစ်မက ကျွန်မထက် ပိုက်ဆံပိုရှာနိုင်တယ်လေ...။ ပြီးခဲ့တဲ့လက အစ်မရဲ့ လစာဆိုရင် ကျွန်မရဲ့ တစ်နှစ်စာ ဝင်ငွေနီးပါးလောက် ရှိ တယ်လေ...။"

ထျန်ရှောင်ရို့က ခါးသက်သက် ပြုံးရင်း ပြောလိုက်လေသည်။

"နင် အိပ်မက်မက်နေတာလား အရူးမလေးရဲ့...။ ပြီးခဲ့တဲ့လက နင့်အစ်မ ကံကောင်းသွားလို့ ဗီလာတစ်ခု ဝယ်ဖို့ ပိုက်ဆံအများကြီး အသုံးပြုခဲ့တဲ့ ဖောက်သည်ကြီးတစ်ယောက်နဲ့ တွေ့ခဲ့ရလို့ ကော်မရှင်ခ နည်းနည်း ပိုရခဲ့တာ ပါအေ...။ ပုံမှန်ဆိုရင် နင့်ထက် သိပ်မပိုပါဘူး...။ ပြီးတော့ နင့်လောက် လူမှုဖူလုံရေး အာမခံတွေနဲ့ အိမ်ရာရန်ပုံ ငွေ ခံစားခွင့်တွေလည်း မရှိဘူး...။ ရေရှည် လုံခြုံမှုလည်း မရှိဘူးလေ...။ အစစအရာရာ ခြုံကြည့်ရင် ငါက နင့် လောက် မကောင်းပါဘူး...။"

ထျန်ရှောင်ထုန်က ရယ်မောကာ ပြောလေ၏။

"အစ်မ...အဲ့ဒီ ဖောက်သည်ကြီးအကြောင်း နည်းနည်းလောက် ထပ်ပြောပြပါဦး...။ ကျွန်မ အရမ်း နားထောင် ချင်နေပြီ...။ အဲ့ဖောက်သည်ကြီးက အသက်ဘယ်လောက်ရှိပြီလဲ...။ ပြီးတော့ ဘာလို့ အစ်မကို အိမ်ဝယ်ခိုင်း ရတာလဲ...။ အစ်မကိုများ စိတ်ဝင်စားနေလို့လား...။"

ထျန်ရှောင်ရို့က ရှင်းပြလေသည်။

"နင် ဘာတွေ တွေးနေတာလဲ...။ နင်က တကယ့် အတင်းအဖျင်းသမားလေးပဲ...။ သူက သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးတဲ့ ဖောက်သည်ပါ...။ သူက ကော်မရှင်ခ ရနေတာလေ...၊ ငါ့ကို လုံးဝ စိတ်မဝင်စားပါဘူး...။ ဒါပေ မဲ့ နင် သိလား...၊ သူက တော်တော်လေး ဆွဲဆောင်မှုရှိတယ်လို့ ငါ ထင်တယ်...၊ ရှင်းပြဖို့တော့ ခက်တယ်...။ စာချုပ်ချုပ်တုန်းက အသက်လေးဆယ်နီးပါးလောက် ရှိမယ်လို့ ထင်ရပေမဲ့ ဒီမနက် သူ့ကို တွေ့လိုက်ရတဲ့အခါ ဆံပင်ဖြူ တစ်ပင်မှ မရှိတာကို သတိထားမိတယ်...။ ပြီးတော့ မျက်နှာပေါ်က အရေးအကြောင်းတွေကလည်း သိပ်မသိသာဘူး...။ သူကိုယ်သူ တော်တော်လေး ဂရုစိုက်ထိန်းသိမ်းထားတာပဲ...။"

ထျန်ရှောင်ထုန်က နောက်ပြောင်ကျီစယ်ကာ ပြောလေ၏။

"ဘုရားရေ... အစ်မက သူ့ကို ဒီလောက်တောင် သေချာ ဂရုစိုက်ကြည့်နေတာဆိုတော့...၊ သူ့ကိုများ စိတ်ဝင်စား နေတာလား...။"

ထျန်ရှောင်ရို့က ငြင်းဆန်လျက် ပြောလေသည်။

"ပေါက်ကရတွေ မပြောစမ်းပါနဲ့...၊ အစ်မဖိန်က သူ့ကို မိတ်ဆက်ပေးခဲ့တာပါ...။ အစ်မဖိန်နဲ့ သူက တော်တော် လေး လိုက်ဖက်တယ်လို့ ငါ ထင်တယ်...။ ဒါ့အပြင် အစ်မဖိန်က သူ့အတွက် မနက်စာတောင် စပြီးယူလာပေး နေပြီလေ...။ ဒီမနက်ကပဲ အစ်မဖိန်ရဲ့ မနက်စာကို သွားပို့ပေးခဲ့သေးတယ်...။"

"အို... နှမြောစရာကြီး... ချမ်းသာတဲ့ ခဲအိုတစ်ယောက်ကို လက်လွှတ်လိုက်ရပြီပေါ့...။"

ထျန်ရှောင်ထုန်က နောက်ပြောင်လျက် ပြောလိုက်လေသည်။

"သွားစမ်းပါ...၊ ပေါက်ကရတွေ ပြောမနေနဲ့...။ ငါက နှစ်အနည်းငယ်လောက် ပင်ပန်းဆင်းရဲမှုကို ရှောင်လွှဲနိုင်ဖို့ နင် စိန်လိုတန်ဖိုးရှိတဲ့ ခဲအိုတစ်ယောက် ရှာတွေ့လာမယ့်အချိန်ကို စောင့်နေတုန်းပဲ...။"

ထျန်ရှောင်ရို့က ပေါ့ပေါ့ပါးပါးပင် ပြန်လည်တုံ့ပြန်လိုက်လေသည်။

"ဟေး အစ်မ...၊ အစ်မကို ကျွန်မတို့ မန်နေဂျာနဲ့ မိတ်ဆက်ပေးရင်ကော ဘယ်လိုလဲ...။ သူက ရာထူးလည်းကြီး တယ်... အာဏာလည်းရှိတယ်...။ ပြီးတော့ လက်ရှိအချိန်မှာ လူပျိုကြီးဖြစ်နေတုန်းပဲ...။ အရေးအကြီးဆုံးက သူက ကျွန်မကို ရာထူးတိုးပေးနိုင်လို့ ကျွန်မရဲ့ အနှစ်နှစ်ဆယ်စာ ပင်ပန်းဆင်းရဲမှုတွေကို ကယ်တင်ပေးနိုင်တယ် လေ...။ အစ်မက ရင့်ကျက်တဲ့သူတွေကို သဘောကျတယ် မဟုတ်လား...။ ဒါက အစ်မအတွက် အကွက်တိပဲ...၊ ဘာလို့ မစဉ်းစားကြည့်ရမှာလဲ...။ ကျွန်မရဲ့ လှပတဲ့ အစ်မလေးရယ်... ဟီးဟီး...။"

ထျန်ရှောင်ထုန်သည် သူမ၏အစ်မကို ပျော်ရွှင်စွာ နောက်ပြောင်ကျီစယ်နေစဉ် သူမ၏ အနောက်ဘက်ဆီမှ ချောင်းဟန့်သံတစ်ခုကို ကြားလိုက်ရလေ၏။

ထျန်ရှောင်ထုန်မှာ လန့်ဖြန့်သွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်ရာ ရွှီပေါ်အန်းသည် မည်သည့်အချိန် ကတည်းက ရောက်နေမှန်း မသိရဘဲ သူမ၏အနောက်တွင် အနေခက်စွာ ရပ်နေသည်ကို မြင်လိုက်ရလေ တော့သည်။

"မင်္ဂလာပါ မန်နေဂျာရွှီ...။"

ရွှီပေါ်အန်းသည် ထိုစကားဝိုင်းကို မကြားခဲ့ရသကဲ့သို့ အကောင်းဆုံး ဟန်ဆောင်ကာ ပေါ့ပေါ့ပါးပါးပင် အမိန့်ပေး လိုက်လေသည်။

"ရှောင်ထုန်... ငါ့အတွက် ပုရွက်ဆိတ်တချို့ ဖမ်းပေးဖို့ လူအနည်းငယ်လောက် ရှာပေးပါ...။ အကြီးရော အသေး ရော...။ မြန်မြန်လုပ်နော်...၊ ငါ... အင်း... စမ်းသပ်မှုတစ်ခု လုပ်ဖို့ လိုအပ်နေလို့...။"

စကားလုံးများ သူ၏ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်းမှာ နောင်တရသွားခဲ့လေ၏။

*ဘယ်လို ခေါင်းဆောင်မျိုးကများ လက်အောက်ငယ်သားတွေကို အကြောင်းပြချက် ရှင်းပြနေမှာလဲ...။ အမိန့်ကို တိုက်ရိုက် ထုတ်ပြန်လိုက်ရုံပဲလေ...။*

*ဟူး... ငါ စိတ်လှုပ်ရှားနေတုန်းပဲ...။*

ဆွဲဆောင်မှုရှိတဲ့ အခန်းကဏ္ဍမျိုးစုံကို သရုပ်ဆောင်နိုင်ပြီး နုပျိုလှပကာ ညို့အားပြင်းတဲ့ ချစ်သူကောင်မလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုသော စကားကို ကြားလိုက်ရရင် မည်သူမဆို စိတ်မလှုပ်ရှားဘဲ နေနိုင်မည် မဟုတ်ပေ။

ချက်ချင်းပင် ရွှီပေါ်အန်း၏ စိတ်ထဲ၌ ကျွမ်းကျင်ပိုင်နိုင်သော ရုံးဝတ်စုံကို ဝတ်ဆင်ထားသည့် ဝမ်တန်း ဗဟိုဗီလာ ၏ အရောင်းမန်နေဂျာ ထျန်ရှောင်ရို့၏ ပုံရိပ်က လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့လေသည်။

ထို့နောက် ထိုဓာတ်ပုံများ... အနုပညာဆန်ဆန် ပုံတူဓာတ်ပုံ အမျိုးအစားစုံလင်စွာပင်...

*ဟူး... အရင်တုန်းက ချီရှောင်ရွှယ်ကြောင့် ငါ ဘယ်လောက်တောင် ကြီးမားကျယ်ပြန့်တဲ့ တောအုပ်ကြီးကို လက်လွှတ်ဆုံးရှုံးခဲ့ရသလဲ...။*

ရွှီပေါ်အန်းက ချီရှောင်ရွှယ်အကြောင်းကို တွေးတောနေစဉ်မှာပင် ချီရှောင်ရွှယ်ကလည်း ရွှီပေါ်အန်းအကြောင်းကို ပြောဆိုနေခဲ့လေ၏။

သို့သော်လည်း ၎င်းမှာ ကောင်းမွန်သော ကိစ္စတစ်ခုတော့ မဟုတ်ပေ။

ချီရှောင်ရွှယ်သည် တရားဥပဒေစိုးမိုးရေး စခန်းမှ ပြန်ရောက်ခါစဖြစ်ပြီး စိတ်အနည်းငယ် ညစ်ညူးနေသဖြင့် ဆိုဖာပေါ်တွင် ပျင်းရိစွာ မှီချကာ ထိုင်နေခဲ့လေသည်။

အကြောင်းပြချက်မရှိဘဲ ကြီးမားလှသော အကြွေးဝန်ထုပ်ဝန်ပိုးကြီး ကျရောက်လာခဲ့သည့် အကြောင်းကို တွေးမိလေ သူမ၏ စိတ်ထဲတွင် ပို၍သာ ဂနာမငြိမ် ဖြစ်လာရလေ၏။

ရုတ်တရက် သူမ၏ လက်ကိုင်ဖုန်း မြည်လာခဲ့လေသည်။

"ဟယ်လို... အမေ...။"

ချီရှောင်ရွှယ်မှာ စကားပြောလိုစိတ် မရှိလှပေ။

"ရွှယ်အာ... အမေ သတင်းတစ်ခု ကြားလိုက်ရတယ်...။ ရွှီပေါ်အန်းရဲ့ မွေးရပ်မြေက ဖြိုဖျက်ခံရတော့မယ်တဲ့...။ ရထားလမ်း တစ်ခုခု ဖောက်လုပ်ဖို့ထင်တယ်...။ သူတို့ မိသားစုက လျော်ကြေးငွေ ယွမ်သန်းပေါင်းများစွာ ရခဲ့ တယ်လို့ ကြားတယ်...။"

ချီရှောင်ရွှယ်သည် ဖုန်း၏ တစ်ဖက်မှ မိခင်ဖြစ်သူ ကျောက်ဟုန်ရှ၏ မြန်ဆန်ကာ အလောတကြီး ပြောဆိုနေ သော စကားများကို ကြားလိုက်ရပြီးနောက် ချက်ချင်းပင် မတ်မတ် ထိုင်လိုက်လေသည်။

"အမေ... အမေ ဘာပြောလိုက်တယ်...။ ရွှီပေါ်အန်းတို့ မိသားစုက သူတို့ရဲ့ အိမ်ဟောင်း ဖြိုဖျက်ခံရလို့ လျော်ကြေးငွေ ယွမ်သန်းပေါင်းများစွာ ရခဲ့တယ်ဟုတ်လား..."

ကျောက်ဟုန်ရှက မနာလိုစွာဖြင့် ပြောလေ၏။

"ဟုတ်တယ်... အမေ့ကို သတင်းလာပြောတဲ့သူက ရွှီပေါ်အန်းတို့ ဆွေမျိုးတွေထဲကပဲ...။ သူတို့ပြောတာကတော့ အဲ့ဒီမိသားစုက ကံအကောင်းဆုံးပဲတဲ့...။ သူတို့ရဲ့ မြေကွက်နဲ့ အိမ်ကအစ ဖြိုဖျက်မယ့် နယ်မြေထဲမှာ ပါသွားတာ တဲ့လေ...။"

ထိုစကားကို ကြားသောအခါ ချီရှောင်ရွှယ်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အံကြိတ်လျက် ပြောလိုက်လေသည်။

"ခွေးကောင်...။ ဒီငွေတွေထဲက တစ်စိတ်တစ်ပိုင်းက ငါ့ဟာပဲ...။"

"မှန်တာပေါ့ ရွှယ်အာ...။ ဒီကိစ္စကို ဒီလောက်လွယ်လွယ်နဲ့ အဆုံးခံလို့ မဖြစ်ဘူး...။"

ယုံကြည်ချက်နှင့် သတ္တိများ အပြည့်အဝ ရှိနေပုံရသော ကျောက်ဟုန်ရှက ပြတ်ပြတ်သားသား ပြောလေ၏။

"ဟုတ်တယ် အမေ...။ ရွှီပေါ်အန်းက မြို့ပြိုဖျက်မယ့်ကိစ္စကို ကြိုသိနေလို့ တမင်သက်သက် လျှို့ဝှက်ထားပြီး ကျွန်မကို ဒီလောက်လွယ်လွယ်ကူကူ ကွာရှင်းသွားခဲ့တာလို့ ကျွန်မ ပြင်းပြင်းထန်ထန် သံသယရှိတယ်...။"

"ဟုတ်တယ်... ဒီလိုပဲ ဖြစ်ရမယ်...။ ဒါမှမဟုတ်ရင်လည်း နင်တို့က အိမ်ထောင်သက်ရင့် ဇနီးမောင်နှံတွေပဲလေ...၊ ။ ဆန့်ကျင်ဘက်လိင် သူငယ်ချင်းတွေနဲ့ တစ်ခါတလေ တွေ့ဆုံတာလေးများ...။ ဘာလို့ ကွာရှင်းရတဲ့အထိ ဖြစ်ရ မှာလဲ...။"

ချီရှောင်ရွှယ်သည် အနည်းငယ် အပြစ်ရှိသလို ခံစားရသဖြင့် ချောင်းဟန့်လိုက်ပြီး ပြောလေသည်။

"ကောင်းပြီ အမေ...။ သမီး ဒီနေရာမှာပဲ ရပ်လိုက်တော့မယ်...၊ ပစ္စည်းတွေ သိမ်းဆည်းပြီး ရွှီပေါ်အန်းဆီကို အခုချက်ချင်း သွားရှာရမယ်...။ အချိန်ဆွဲနေရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်...။"

"အေး... အေး... အမေလည်း လာခဲ့မယ်...။ အမေ့ကို စောင့်နေဦး...၊ အခုချက်ချင်း လာခဲ့မယ်...။"

ဖုန်းချပြီးနောက် ချီရှောင်ရွှယ်သည် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေလျက် မတ်မတ် ထိုင်လိုက်လေ၏။

*ရွှီပေါ်အန်း... ရွှီပေါ်အန်း...၊ ရှင်က အရမ်း ယုတ်မာတာပဲ...။ ရှင် ဒီလောက် ချမ်းသာနေတာတောင် ကျွန်မကို ဒီကျိန်စာသင့်မယ့် ဧကရာဇ်ကျောက်စိမ်းအတွက် လျော်ကြေးပေးဖို့ ချောက်ချခဲ့သေးတယ်...။*

ရွှီပေါ်အန်းသည် ရုတ်တရက် နှာချေလိုက်မိပြီးနောက် ဘေးခန်းရှိ ရုံးခန်းဆီမှ တိုးညင်းသော အသံတစ်ခုကို ကြားလိုက်ရလေသည်။

"ဟုတ်တယ်... ဟုတ်တယ်...။ ကျွန်မ ပုရွက်ဆိတ်တွေ လိုချင်တယ်...၊ ဒါပေမဲ့ အရှင်လား၊ အသေလားတော့ မသိဘူး...။ မန်နေဂျာရွှီ လိုချင်နေတာ...။"

"ဘာ... ပုရွက်ဆိတ်တွေက ကျောက်ကပ် အားနည်းတာကို ကုသနိုင်တယ်ဟုတ်လား...။ သူတို့မှာ ဒီလို အာနိသင် မျိုး ရှိတယ်ပေါ့...။ ကျွန်မ မသိပါဘူး...၊ ပေါက်ကရတွေ ပြောမနေပါနဲ့...။"

ရွှီပေါ်အန်းသည် ခါးသက်သက် ပြုံးရင်း ခေါင်းယမ်းလိုက်လေသည်။

ဤမျှ ထက်မြက်သော အကြားအာရုံ ရှိနေခြင်းက အမြဲတမ်း ကောင်းမွန်သော အရာတစ်ခုတော့ မဟုတ်ပေ။

*ကြားရတာ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ...။ အဆိုးဆုံးက ငါ သွားပြီး တားဆီးလို့ မရတာပဲ...။*

*ဒီလိုသာ လုပ်လိုက်ရင် ငါက တခြားလူတွေရဲ့ နံရံကို ခိုးနားထောင်နေသလို ဖြစ်သွားလိမ့်မယ်...။*

ရွှီပေါ်အန်း မသိခဲ့သောအရာမှာ နောက်နှစ်ရက်အကြာတွင် သူသည် ဤစိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်အတွက် အလွန်အမင်း နောင်တရသွားလိမ့်မည် ဆိုခြင်းပင် ဖြစ်လေတော့သည်။

အခန်း (၁၁၂)

ဘွန်ဆိုင်းထဲရှိ ပုရွက်ဆိတ်များဖြင့် စမ်းသပ်ခြင်း

ကြီးမားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ဖူးသူတိုင်း လုပ်ငန်းခွင်များ၌ ပျံ့နှံ့လေ့ရှိသော စကားတစ်ခွန်းကို ကြားဖူးကြပေလိမ့်မည်။

ကြီးမားကျယ်ပြန့်သော အင်ဂျင်နီယာစီမံကိန်း တစ်ခုတွင် ထိပ်တန်းခေါင်းဆောင်ဖြစ်သည့် စီမံကိန်းမန်နေဂျာ သည် စားသောက်ခြင်းနှင့် အိမ်သာတက်ခြင်းကဲ့သို့သော ကိုယ်တိုင် အားစိုက်ရမည့် ကိစ္စများမှလွဲ၍ ကျန်အရာ များကို ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်ချေ။

အခြားသော ကြီးငယ်မဟူ ကိစ္စရပ်အားလုံးကို တစ်စုံတစ်ယောက်က လိုလိုလားလားနှင့် ပြီးပြည့်စုံအောင် ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည် ဖြစ်လေ၏။

၎င်းမှာ ကိုယ်တိုင် စဉ်းစားတွေးတောထားသည်ထက် ပိုမို ပြည့်စုံလွှမ်းခြုံနိုင်ပြီး ကိုယ်တိုင် လုပ်ဆောင်သည် ထက်ပင် ပို၍ သေသပ်သေချာနေတတ်လေသည်။

ပို၍ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မိမိကိုယ်တိုင် အိမ်သာတက်ပြီး သန့်စင်ရသည်မှလွဲ၍ ကျန်ရှိသော အရာ အားလုံးကို အခြားသူများက ကိုယ့်အတွက် ဂရုစိုက် လုပ်ဆောင်ပေးနိုင်သည်ဟု ဆိုရပေမည်။

ထို့ကြောင့် ရွှီပေါ်အန်း အလိုရှိသော ပုရွက်ဆိတ်များသည် အလွန်လျင်မြန်စွာပင် ရောက်ရှိလာခဲ့လေတော့သည်။

ပုရွက်ဆိတ်များကို အမျိုးအစားခွဲခြားကာ ဖန်ပုလင်းငယ်များထဲတွင် သီးခြားစီ ထည့်ထားပြီး ပုလင်းတစ်လုံး လျှင် အမျိုးအစားတူ ပုရွက်ဆိတ် ငါးကောင် သို့မဟုတ် ခြောက်ကောင်ခန့် ပါဝင်ကာ စုစုပေါင်း ပုလင်းဒါဇင် ကျော်မျှ ရှိလေသည်။

ရိုးရိုးသားသား ပြောရလျှင် ပုရွက်ဆိတ် အမျိုးအစားများစွာ ရှိကြောင်း ရွှီပေါ်အန်း သိသော်လည်း တုန်းကျန်း ကဲ့သို့ မြို့ငယ်လေး တစ်မြို့တွင် ဤမျှများပြားသော ပုရွက်ဆိတ် အမျိုးအစားများ ရှိနေလိမ့်မည်ဟု သူ လုံးဝ မသိခဲ့ပေ။

အကယ်၍ သူကိုယ်တိုင်သာ လုပ်ဆောင်ခဲ့ရလျှင် ဤမျှ သေသပ်သေချာစွာ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်သည် မှာ အသေအချာပင်။

သက်ပြင်းချရင်း *ငါကပဲ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ဒုက္ခပေးနေမိတာလား* ဟု သူ တွေးလိုက်မိလေ၏။

ဆိုရိုးစကား ရှိသည့်အတိုင်း ခေါင်းဆောင်ဖြစ်သူက စကားတစ်ခွန်း ဆိုလိုက်ရုံဖြင့် လက်အောက်ငယ်သားများမှာ အပြေးအလွှား အလုပ်လုပ်ကြရလေသည်။

ရွှီပေါ်အန်း အလုပ်စတင် ဝင်ရောက်ခဲ့စဉ်က သူသည် အသေးအဖွဲ ကိစ္စရပ်များစွာကို လုပ်ဆောင်ခဲ့ရဖူးလေသည်။

သူတို့အားလုံးသည် အောက်ခြေအဆင့် မြေးတပည့် ဘဝမှစတင်၍ တစ်နေ့ပြီးတစ်နေ့ သည်းခံဖြတ်သန်းခဲ့ ကြရခြင်း ဖြစ်ပေသည်။

နောက်ဆုံးတွင် သင်သည် အခြားသူများကို အမိန့်ပေးစေခိုင်းကာ အာရုံစိုက်ခံရမှု အရသာကို ခံစားရင်း အဘိုး သခင်ကြီး တစ်ဦးအဖြစ်သို့ ကြီးပြင်းလာနိုင်လေသည်။

သို့တည်းမဟုတ် မည်သူကမျှ အမိန့်ပေးစေခိုင်း၍မရသော၊ အရာရာကို သဘာဝအတိုင်း ဖြစ်ခွင့်ပေးထားပြီး ရာထူးမက်မောခြင်း ကင်းမဲ့ကာ အနိုင်ယူမရသော အဘိုးအို တစ်ဦးလည်း ဖြစ်လာနိုင်ပေသည်။ အကယ်၍ မိမိက ရာထူးတက်ရန် ဆန္ဒမရှိလျှင် မည်သူကမျှ မိမိကို ဖိနှိပ်နိုင်မည် မဟုတ်ချေ။

အဆုံးသတ်တွင်တော့ ဘဝဆိုသည်မှာလည်း ဤကဲ့သို့ပင် ဖြစ်လေတော့သည်။

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို ခေါ်ယူလိုက်ပြီး တောင်စောင့်နတ်မင်း နတ်ကွန်း အနောက်ဘက်ရှိ မြေကွက်လပ် တွင် ချထားလိုက်လေသည်။ ထို့နောက် သူသည် ငါးမီလီမီတာခန့် အရွယ်အစားရှိသော ပုရွက်ဆိတ် တစ်ကောင် ကို ပေါ့ပေါ့ပါးပါးပင် ထုတ်ယူ၍ ထိုနေရာတွင် ထားလိုက်လေ၏။

မည်သို့ပင်ဖြစ်စေ ခေါင်ရှန်းရွာမှ လူပုလေးများသည် တောင်၏ အရှေ့ဘက်တွင် နေထိုင်ကြလေသည်။ အကယ် ၍ ဤအရာကို တောင်၏ အရှေ့ဘက်တွင် ထားရှိပါက လူပုလေးများကို ထိခိုက်ဒဏ်ရာရစေခြင်း သို့မဟုတ် ထိတ်လန့်စေခြင်းမျိုး ဖြစ်သွားလျှင် မကောင်းလှချေ။

မကြာမီမှာပင် ပုရွက်ဆိတ်များကို အလွယ်တကူ ထည့်သွင်းနိုင်ခဲ့လေသည်။

အစပိုင်းတွင် ပုရွက်ဆိတ်သည် အနည်းငယ် ဝေခွဲမရဖြစ်နေဟန်ဖြင့် ထိုနေရာ၌ပင် ငြိမ်သက်နေခဲ့လေ၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ပုရွက်ဆိတ်သည် သွက်လက်လာခဲ့လေသည်။

၎င်းသည် ရူးသွပ်စွာ ဟိုဟိုဒီဒီ ပြေးလွှားကာ တိုးဝှေ့တိုက်ခိုက်နေပြီး အတော်လေး အံ့သြထိတ်လန့်ဖွယ် ကောင်း လှပေသည်။

ပုရွက်ဆိတ် တစ်ကောင်သည် ဘွန်ဆိုင်းကမ္ဘာအတွင်း အလွန်ခမ်းနားကြီးကျယ်လှပုံရသော သစ်ပင်ကြီး တစ်ပင် ပေါ်သို့ မျက်စိတစ်မှိတ်အတွင်း တွယ်တက်သွားနိုင်လေသည်။

ခေါင်ရှန်းရွာမှ ရွာသားများအတွက် သာမန်အားဖြင့် ပေါင်လုံးခန့် တုတ်ခိုင်သည်ဟု ယူဆရသော အရာများကို ပုရွက်ဆိတ်များက ချက်ချင်းဆိုသလို ထက်ပိုင်းကျိုးသွားအောင် ပြုလုပ်နိုင်စွမ်း ရှိလေသည်။

ပုရွက်ဆိတ်၏ အနှောင့်အယှက်ပေးမှုကြောင့် ထိတ်လန့်တကြား အပြေးအလွှား ဖြစ်နေသော ယုန်တစ်ကောင်ကို ပုရွက်ဆိတ်က လိုက်လံဖမ်းဆီးရာ စက္ကန့်ပိုင်းအတွင်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွား သည်ကို ရွှီပေါ်အန်း မြင်တွေ့လိုက်ရလေ၏။

ဤအဖြစ်အပျက်ကို စောင့်ကြည့်နေသော ရွှီပေါ်အန်း၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်တင်းလာခဲ့ လေသည်။

သာမန်အရွယ်အစားရှိသော သေးငယ်သည့် ပုရွက်ဆိတ်လေး တစ်ကောင်ပင်လျှင် ဘွန်ဆိုင်းကမ္ဘာအတွင်း ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်လေသည်။

အကယ်၍ ပျားတူ သို့မဟုတ် ကင်းမြီးကောက်ကဲ့သို့ ပို၍ ကြမ်းတမ်းသော သတ္တဝါ တစ်ကောင်ကောင်သာ ဝင်ရောက်သွားပါက ပရမ်းပတာအခြေအနေများနှင့် ကမောက်ကမမှုများ ဖြစ်ပေါ်လာမည် မဟုတ်ပါလား။

“ရှုုး...”

ဤအရာကို တွေးမိသည်နှင့် ရွှီပေါ်အန်းမှာ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိလေ၏။

သူသည် ဘွန်ဆိုင်းထဲမှ ပုရွက်ဆိတ်ကို အလျင်အမြန် ကောက်ယူလိုက်လေသည်။

ရွှီပေါ်အန်းသည် ပုရွက်ဆိတ်ကို ပုလင်းထဲသို့ ပြန်ထည့်ရန် ပြင်လိုက်စဉ်မှာပင် ပုရွက်ဆိတ်သည် ရုန်းကန်ကာ သူ၏ လက်ချောင်းများကြားမှ လွတ်ကျသွားပြီး ဘေးရှိ စားပွဲပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

ရွှီပေါ်အန်းသည် အခြားပုရွက်ဆိတ်များကို ထပ်မံဖမ်းယူရန် ပြင်လိုက်စဉ် ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့ပြီး နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသွားလေသည်။

*တကယ်လို့ ဒီပုရွက်ဆိတ်ကို ငါကိုယ်တိုင် ထည့်လိုက်တာ မဟုတ်ဘဲ အမှတ်မထင် ဖြတ်သွားဖြတ်လာ ဖြစ်နေ မယ်ဆိုရင် သူ့ဘာသာ အလွယ်တကူ ဝင်ရောက်သွားမယ် မဟုတ်ဘူးလား…။*

ဤသို့ တွေးမိသောအခါ ရွှီပေါ်အန်းသည် အသစ်တဖန် မျှော်လင့်ချက်တစ်ခုကို ခံစားလိုက်ရလေ၏။

ထို့နောက် ရွှီပေါ်အန်းသည် ဖန်ပုလင်းထဲမှ နောက်ထပ် ပုရွက်ဆိတ် နှစ်ကောင်ကို ထုတ်ယူလိုက်ပြီး ဘွန်ဆိုင်း၏ အစွန်းနှင့် မနီးမဝေးတွင် ထားရှိကာ ပုရွက်ဆိတ်များ၏ နောက်ဆက်တွဲ လှုပ်ရှားမှုများကို ဆက်လက်၍ စောင့်ကြည့် နေခဲ့လေသည်။

အစပိုင်းတွင် ပုရွက်ဆိတ်များသည် ရည်ရွယ်ချက်မရှိဘဲ ဟိုဟိုဒီဒီ ပြေးလွှားနေကြပြီး ဘွန်ဆိုင်းဆီသို့ လုံးဝ ဦးတည်မသွားခဲ့ပေ။

နောက်ဆုံးတွင် ပုရွက်ဆိတ် တစ်ကောင်သည် ဘွန်ဆိုင်းကို ဖြတ်ကျော်ရန် ကြိုးစားခဲ့သော်လည်း ရှင်းပြ၍ မရသော ခုခံမှု တစ်စုံတစ်ရာနှင့် ကြုံတွေ့ရသည့်အလား လုံးဝ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ချေ။

ရွှီပေါ်အန်း အနည်းငယ် စိတ်သက်သာရာ ရသွားပြီးနောက် မတူညီသော ပုရွက်ဆိတ် အမျိုးအစား အချို့ကို တစ်ကောင်ပြီးတစ်ကောင် ထပ်မံ စမ်းသပ်ကြည့်လေတော့သည်။

ပုရွက်ဆိတ်များသည် အပြေးအလွှား သွားလာရင်း ဘွန်ဆိုင်း၏ အစွန်းသို့ ရောက်ရှိကာ ရှေ့သို့ ဆက်သွားရန် ကြိုးစားသောအခါ မမြင်ရသော လေနံရံတစ်ခုနှင့် တိုးမိသကဲ့သို့ ဖြစ်သွားပြီး မည်သို့မျှ ဆက်လက် သွားလာ၍ မရနိုင်တော့ပေ။

သို့သော်လည်း အကယ်၍ ရွှီပေါ်အန်းသည် ၎င်း၏ လက်ချောင်းဖြင့် ပုရွက်ဆိတ်များကို ညင်သာစွာ တွန်းပို့လိုက် မည် ဆိုပါက ၎င်းတို့သည် အလွယ်တကူ ဝင်ရောက်သွားနိုင်ကြလေသည်။

အတန်ကြာ စောင့်ကြည့်ပြီးနောက် ရွှီပေါ်အန်းသည် နောက်ဆုံးတွင် ကောက်ချက်တစ်ခု ချနိုင်ခဲ့လေ၏။

သူ၏ ဝင်ရောက်စွက်ဖက်မှုသာ မရှိပါက ဤပုရွက်ဆိတ်များသည် သူတို့ဘာသာ ဘွန်ဆိုင်းထဲသို့ ဝင်ရောက်နိုင် လိမ့်မည် မဟုတ်ချေ။

နောက်ဆုံးတွင် ရွှီပေါ်အန်း စိတ်အေးသွားခဲ့လေတော့သည်။

နောက်တစ်ကြိမ် ဘွန်ဆိုင်းကို ခေါ်ယူသည့်အခါ ဂရုစိုက်ရမည်ဖြစ်ပြီး အင်းဆက်ပိုးမွှားများ သို့မဟုတ် အခြား အရာများကို မတော်တဆ ထည့်မိခြင်းမျိုး မဖြစ်စေရန် သူ၏ ကိုယ်သူ သတိပေးလိုက်လေသည်။

အပေါက်ထဲသို့ ပစ္စည်းများကို မတော်တဆ နှစ်ကြိမ်တိုင်တိုင် ပြုတ်ကျစေခဲ့ဖူးကြောင်း ရွှီပေါ်အန်း မှတ်မိနေ ခဲ့လေသည်။

တစ်ကြိမ်တွင် ကြက်ဟင်းခါးသီး တစ်လုံး ပြုတ်ကျသွားခဲ့ပြီး ရွာသားများက ဘဝတစ်ဝက်စာ ဟင်းသီးဟင်း ရွက်များ ဟူသော စကားကို သူ့အား ရှင်းပြခဲ့ကြသည်။ နောက်တစ်ကြိမ်တွင် ရွှေလက်စွပ် တစ်ကွင်း တိုက်ရိုက် ပြုတ်ကျသွားခဲ့ပြီး လီချိန်းရှီကို ထိလုနီးပါး ဖြစ်သွားခဲ့သော်လည်း ၎င်းက လီချိန်းရှီကို အလွန်အမင်း ဝမ်းသာ ပျော်ရွှင်စေခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် သူ ကံကောင်းခဲ့ပြီး ဤမတော်တဆမှု နှစ်ခုစလုံးသည် မည်သည့် ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများကိုမျှ မဖြစ်ပေါ်စေခဲ့ပေ။

အကယ်၍ အင်းဆက်များ သို့မဟုတ် အခြားသော သတ္တဝါငယ်လေးများ မတော်တဆ ပြုတ်ကျသွားပါက ပြင်းထန်သော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်လေသည်။

၎င်းသည် ဘွန်ဆိုင်းကမ္ဘာ၏ ဂေဟစနစ်နှင့် ရှင်သန်နေထိုင်မှု ပုံစံများကို ပြောင်းလဲသွားစေနိုင်ခြေ ရှိပေသည်။

အင်းဆက်ပိုးမွှားများသည် ဘွန်ဆိုင်းထဲသို့ ၎င်းတို့ဘာသာ မဝင်ရောက်နိုင်ကြောင်း သက်သေပြပြီးနောက် ရွှီပေါ်အန်းမှာ များစွာ ပျော်ရွှင်သွားခဲ့လေသည်။

ကုမ္ပဏီ ဓာတ်ခွဲခန်း၏ ပြုပြင်ထိန်းသိမ်းရေး အခန်းတွင် အသုံးပြုသော ရေမှုန်ဖြန်းစက်များနှင့် ဆင်တူပုံရသည့် ရိယဲ့စတူဒီယို၏ နောက်ဖေးခြံဝင်းထဲတွင် သူ မြင်တွေ့ခဲ့ရသော အစိုဓာတ်ထိန်းစက်များကို တွေးမိပြီး သူ ထရပ် ကာ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ ဗဟိုဓာတ်ခွဲခန်းဆီသို့ လမ်းလျှောက်သွားခဲ့လေသည်။

တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ ဗဟိုဓာတ်ခွဲခန်းသည် တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ လက်အောက်ခံ ဌာနတစ်ခု ဖြစ်လေသည်။

ဗဟိုဓာတ်ခွဲခန်း၏ အကြီးအကဲမှာ ညွှန်ကြားရေးမှူးဖြစ်ပြီး ကုမ္ပဏီ၏ အလယ်အလတ်အဆင့် ခေါင်းဆောင် တစ်ဦးအနေဖြင့် အခြားသော ဌာနမှူးများနှင့် လက်အောက်ခံ စီမံကိန်းများမှ စီမံကိန်းမန်နေဂျာများနည်းတူ တူညီသော ခံစားခွင့်များကို ရရှိထားသူ ဖြစ်သည်။

ဗဟိုဓာတ်ခွဲခန်း၏ လက်ရှိ ညွှန်ကြားရေးမှူး ယွီဝေ့သည် ကုမ္ပဏီတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခဲ့သော ဝန်ထမ်းဟောင်း တစ်ဦး ဖြစ်လေ၏။

ရွှီပေါ်အန်း ကုမ္ပဏီသို့ စတင်ဝင်ရောက်စဉ်က ယွီဝေ့သည် ထိုစီမံကိန်းရှိ လုပ်ငန်းခွင် ဓာတ်ခွဲခန်း၏ ညွှန်ကြား ရေးမှူး ဖြစ်လေသည်။ ယွီဝေ့သည် ဓာတ်ခွဲခန်းထဲတွင် ကွန်ကရစ် စမ်းသပ်တုံးများ ပြုလုပ်ခြင်းကဲ့သို့သော ကြုံရာကျပန်း အလုပ်များကို ကူညီပေးရန် ရွှီပေါ်အန်းကို မကြာခဏ ခိုင်းစေလေ့ရှိသည်။

နှစ်များစွာ ကြာပြီးနောက် ရွှီပေါ်အန်းသည် ဝန်ထမ်းစခန်း၏ စီမံကိန်းမန်နေဂျာအဖြစ် ဂုဏ်သရေရှိစွာ ခန့်အပ်ခံရ ချိန်တွင် ယွီဝေ့သည်လည်း အဆင့်ဆင့် တက်လှမ်းလာခဲ့ပြီး ဗဟိုဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ရာထူးသို့ တိုးမြှင့် ခံခဲ့ရလေသည်။

လုပ်ဖော်ကိုင်ဖက်များအကြား ပြိုင်ဆိုင်မှုဆိုသည်မှာ ရှောင်လွှဲ၍မရသောအရာ ဖြစ်လေ၏။ ယွီဝေ့နှင့် ရွှီပေါ်အန်း တို့သည် တိတိကျကျ ဆိုရလျှင် လုပ်ဖော်ကိုင်ဖက်များ မဟုတ်သော်ငြားလည်း သူ အမိန့်ပေးစေခိုင်းခဲ့ဖူးသော လူသစ်တစ်ဦးသည် ဤမျှ လျင်မြန်စွာ သူနှင့် တန်းတူအဆင့်သို့ တက်လှမ်းလာသည်ကို မြင်ရသဖြင့် ယွီဝေ့မှာ မပျော်ရွှင်နိုင်ခဲ့ချေ။ အမှန်တကယ်တော့ စီမံကိန်း၏ ကြီးမားကျယ်ပြန့်မှုကြောင့် ရွှီပေါ်အန်းသည် ယွီဝေ့ထက်ပင် ပို၍ ဩဇာအာဏာ ကြီးမားနေပုံပေါ်လေသည်။

ထို့ကြောင့် ယွီဝေ့သည် ရွှီပေါ်အန်းအပေါ် မသိမသာ ရန်လိုမှုတစ်ခုကို အမြဲတမ်း ရင်ဘတ်ထဲတွင် ထည့်ထား ခဲ့လေသည်။

သို့သော် ဤအချိန်တွင် တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ အင်ဂျင်နီယာချုပ်ဖြစ်သူ ရွှီပေါ်အန်း ဗဟိုဓာတ်ခွဲခန်းသို့ ရောက်ရှိလာသောအခါ ယွီဝေ့မှာ အလွန်တရာ ဝမ်းသာအားရ ဖြစ်နေခဲ့လေသည်။

သူ၏ ပြုံးရွှင်နေသော မျက်နှာတွင် အရေးအကြောင်းများ ပိုမိုထင်ရှားနေပြီး ရွှီပေါ်အန်းအား အထွေထွေ မန်နေဂျာရွှီ ဟု ရိုသေလေးစားစွာ အဆက်မပြတ် ခေါ်ဝေါ်ကာ ရွှီပေါ်အန်း၏ အနောက်မှ လိုက်ပါရင်း ဓာတ်ခွဲခန်း အတွင်းရှိ ဝန်ထမ်းများ၊ စက်ပစ္စည်းများ၊ ပစ္စည်းကိရိယာများနှင့် အဆောက်အအုံများကို ကြိုးစားပမ်းစား မိတ်ဆက်ပြသနေခဲ့လေသည်။

၎င်းမှာ မကြာမီက ဓာတ်ခွဲခန်းရုံးခန်းတွင် သူတို့နှင့် ဆုံတွေ့စဉ်က ဒုတိယညွှန်ကြားရေးမှူး ထျန်ရှောင်ဟူကိုသာ ဆူပူကြိမ်းမောင်းပြီး ရွှီပေါ်အန်းကို လျစ်လျူရှုခဲ့သူနှင့် တစ်ဦးတည်း ဟုတ်ရဲ့လားဟု ထင်မှတ်ရလောက် အောင်ပင်။

မကြာမီမှာပင် ယွီဝေ့သည် ရွှီပေါ်အန်းနောက်မှ လိုက်ပါကာ ဗဟိုဓာတ်ခွဲခန်း၏ ပြုပြင်ထိန်းသိမ်းရေး အခန်းသို့ ရောက်ရှိလာခဲ့လေသည်။

ရွှီပေါ်အန်းက ပြုပြင်ထိန်းသိမ်းရေး အခန်း၏ တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သံချေးနံ့များနှင့် ရောနှော နေသော စိုစွတ်ပူလောင်သည့် အနံ့အသက်များက သူ့ကို ရိုက်ခတ်လာခဲ့လေ၏။

ရွှီပေါ်အန်း မျက်မှောင်ကြုတ်သွားလေသည်။ ယွီဝေ့က ထိုအရာကို မြင်သောအခါ အနေခက်စွာ ပြုံးလိုက်ပြီး အလျင်အမြန် စကားဆိုလာလေ၏။

“အထွေထွေမန်နေဂျာရွှီ...၊ ဒီနေရာက ညစ်ပတ်တယ်...၊ ကျွန်တော်တို့ မဝင်တာ ပိုကောင်းမယ်...။”

ရွှီပေါ်အန်းက ယွီဝေ့ကို လုံးဝ လျစ်လျူရှုလိုက်ပြီး အထဲသို့ အရင်လှမ်းဝင်သွားခဲ့လေတော့သည်။

All Chapters