အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း (၁၁၃)
အပြစ်ပေးခြင်းလေး တစ်ခု
ရွှီပေါ်အန်းသည် သူ၏ အကြံပေးစကားကို ဂရုမစိုက်ဘဲ အထဲသို့ ခေါင်းမာစွာ လျှောက်သွားသည်ကို မြင်သော အခါ ယွီဝေ့၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားပြီးနောက် ချက်ချင်း ပင် ပျောက်ကွယ်သွားခဲ့လေ၏။
သူသည် နံရံပေါ်ရှိ မီးခလုတ်ကို အလျင်အမြန် ဖွင့်လိုက်ရာ မှိန်ပျပျဖြစ်နေပြီး ပြတင်းပေါက်မရှိသော ပြုပြင် ထိန်းသိမ်းရေးအခန်းမှာ အလင်းရောင် ရရှိသွားလေတော့သည်။
ပြုပြင်ထိန်းသိမ်းရေးအခန်းအတွင်း၌ အထပ်ပေါင်းများစွာ ပါဝင်သော သတ္တုစင် ဆယ်တန်းကျော်ရှိပြီး ၎င်းတို့ အပေါ်တွင် လေးထောင့်ပုံ သို့မဟုတ် ဆလင်ဒါပုံ ကွန်ကရစ်စမ်းသပ်တုံး အမျိုးမျိုးကို သုံးတန်းစီ စီစဉ်ချထားကာ တစ်ခုစီတွင် မတူညီသော အမှတ်အသားများ ပြုလုပ်ထားလေသည်။
ရွှီပေါ်အန်းက စင်များအထက်ရှိ ရေပိုက်တန်းများကို လက်ညှိုးထိုးကာ မေးလိုက်လေ၏။
"ရေဖြန်းစနစ်က သေချာ အလုပ်လုပ်ရဲ့လား...။"
ယွီဝေ့က ရိုသေစွာဖြင့် ရှင်းပြလေသည်။
"ပြဿနာမရှိပါဘူး အထွေထွေမန်နေဂျာရွှီ...။ အခန်းတွင်း စိုထိုင်းဆက သတ်မှတ်ထားတဲ့ အနိမ့်ဆုံးအမှတ်ထက် ရောက်သွားတဲ့အခါ ရေဖြန်းစက်တွေက အလိုအလျောက် ပွင့်လာပြီး ပြုပြင်ထိန်းသိမ်းရေးအခန်းရဲ့ စိုထိုင်းဆကို မြင့်တက်လာစေဖို့နဲ့ ကွန်ကရစ်စမ်းသပ်တုံးတွေရဲ့ ပြုပြင်ထိန်းသိမ်းမှု ပတ်ဝန်းကျင်က စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီစေဖို့ ရေစက်တွေကို ဖြန်းပေးမှာပါ...။"
အကယ်၍ အာရုံခံစနစ် ချို့ယွင်းသွားပါကလည်း ရေဖြန်းစနစ်ကို အလိုအလျောက် အဖွင့်အပိတ် လုပ်ဆောင်နိုင် ရန် ပြင်ဆင်ထားပြီး စိုထိုင်းဆတိုင်းကိရိယာကို ကြည့်ရှု၍ လူကိုယ်တိုင် ထိန်းချုပ်လည်ပတ်နိုင်ရန် သေချာစွာ စီစဉ်ထားလေသည်။
ရွှီပေါ်အန်းက ယွီဝေ့၏ လက်ထဲရှိ အဝေးထိန်းခလုတ်ကို ကြည့်ကာ စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။
"အိုး... အလိုအလျောက် အဖွင့်အပိတ်ကို လူကိုယ်တိုင် ထိန်းချုပ်လို့ရတာလား...၊ ဘယ်လို လုပ်ရတာလဲ...။"
မျှော်လင့်ထားသည့်အတိုင်း ယွီဝေ့က ပြုံးလျက် အဝေးထိန်းခလုတ်ကို လက်ဖဝါးထဲတွင် ကိုင်ကာ ရွှီပေါ်အန်းကို ပြသရင်း ပြောလိုက်လေသည်။
"ဒီအဝေးထိန်းခလုတ်ကို သုံးပြီး ဘေးခန်းက ထိန်းချုပ်ရေးစနစ်နဲ့ ချိတ်ဆက်နိုင်ပါတယ်...။ ဒီအပေါ်က အဖွင့် ခလုတ်ကို နှိပ်လိုက်ရုံနဲ့ ရေဖြန်းစနစ်ကို လူကိုယ်တိုင် စတင်နိုင်ပါတယ်...။"
ရွှီပေါ်အန်း၏ နှုတ်ခမ်းများပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ သူက ခေါင်းညိတ်လိုက်ပြီး အပြင်သို့ လျှောက်ထွက်ရင်း ပြောလိုက်လေသည်။
"အင်း... မဆိုးဘူး...။ တစ်ချက်လောက် စမ်းကြည့်လိုက်ရအောင်...။"
ထိုသို့ပြောရင်း ရွှီပေါ်အန်းသည် သူ၏ လက်ထဲရှိ အဝေးထိန်းခလုတ်ပေါ်မှ အဖွင့်ခလုတ်ကို နှိပ်လိုက်လေ တော့သည်။
ရေစုပ်စက် စတင်လည်ပတ်သည့် အသံကို ချက်ချင်း ကြားလိုက်ရပြီး နှစ်စက္ကန့်၊ သုံးစက္ကန့်အတွင်းမှာပင် ရွှီပေါ်အန်း ပြုပြင်ထိန်းသိမ်းရေးအခန်းတံခါးဝသို့ ရောက်ရှိချိန်၌ အတွင်းဘက်ရှိ ရေဖြန်းစနစ်မှာ စတင်လည်ပတ် နေပြီ ဖြစ်လေသည်။
ချက်ချင်းဆိုသလို ရေဖြန်းစနစ် ပွင့်လာပြီး ရေပန်းခေါင်းများမှ ရေများ ပန်းထွက်လာလေတော့၏။ အချိန်မီ မရှောင်ရှားနိုင်ခဲ့သော ယွီဝေ့မှာ ချက်ချင်းပင် ရေစိုရွှဲသွားခဲ့လေတော့သည်။
ရွှီပေါ်အန်းသည် ထိုအရာကို မြင်သောအခါ သူ၏ လက်ထဲရှိ အဝေးထိန်းခလုတ်ကို အလျင်အမြန် နှိပ်လိုက်လေ သည်။ သို့သော် သူ၏ စိုးရိမ်တကြီး ဖြစ်မှုကြောင့် ရေဖြန်းစနစ်ကို မပိတ်နိုင်မီ အဝေးထိန်းခလုတ်ကို အကြိမ် အနည်းငယ် နှိပ်လိုက်ရလေ၏။ ထိုအချိန်တွင် ယွီဝေ့မှာ တစ်ကိုယ်လုံး ရေစိုရွှဲနေခဲ့ပြီ ဖြစ်သည်။
"အို... တောင်းပန်ပါတယ်...။ ခင်ဗျားကို ရေတွေ စိုသွားအောင် လုပ်မိပြီ...။"
ရွှီပေါ်အန်းက တောင်းပန်စကား ပြောလိုက်လေ၏။
ယွီဝေ့က လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ ပြုံးလျက် ပြောလိုက်လေသည်။
"မဟုတ်ပါဘူး... သေချာ မရှင်းပြနိုင်ခဲ့တဲ့ ကျွန်တော့်အမှားပါ...။ ပြီးတော့ ဒီအဝေးထိန်းခလုတ်က တစ်ခါတလေ ချို့ယွင်းတတ်ပါတယ်...။"
ရွှီပေါ်အန်းက အဝေးထိန်းခလုတ်ကို ဘေးသို့ ပေါ့ပေါ့ပါးပါး ချထားလိုက်ပြီး ပြောလိုက်လေ၏။
"ကောင်းပြီ...၊ ဒီနေ့တော့ ဒီလောက်ပါပဲ...။ အအေးမိမှာစိုးလို့ အင်္ကျီသွားလဲလိုက်ပါဦး...။"
ထိုသို့ပြောပြီးနောက် ရွှီပေါ်အန်း ထွက်ခွာသွားခဲ့လေသည်။ ယွီဝေ့က ပြုံးလျက် ဓာတ်ခွဲခန်းထဲမှ ရွှီပေါ်အန်း ထွက်သွားသည်ကို ကြည့်နေခဲ့ပြီးနောက် သူ၏ အပြုံးများ ပျောက်ကွယ်သွားလေတော့သည်။
"ဟွန့်... ရည်မှန်းချက် အောင်မြင်သွားတဲ့ လူယုတ်မာ...။"
ရွှီပေါ်အန်း၏ ကျောပြင်ကို ကြည့်ရင်း ယွီဝေ့က ဒေါသတကြီး ရေရွတ်လိုက်လေသည်။
ရွှီပေါ်အန်း ဆယ်မီတာကျော်ခန့် အကွာသို့ ရောက်သောအခါ သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ရုတ် တရက် ပေါ်လာခဲ့လေသည်။
*နောက်ထပ် သွားရမည့်နေရာက ဆေးပေးခန်းပဲ...။ လူပုလေးတွေအတွက် ကောင်းတဲ့အရာတွေ သွားရှာလိုက် ရအောင်...။*
ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာအတွက် သဘာဝမိုးရွာသွန်းမှု အကျိုးသက်ရောက်မှုကို ရရှိစေရန် ဆင်တူသော ရေဖြန်းစနစ်များကို အသုံးပြုနိုင်မည်ဟု တွေးတောကာ ပြုပြင်ထိန်းသိမ်းရေးအခန်းရှိ ရေဖြန်းစနစ်ကို လာ ရောက်ကြည့်ရှုရန် မူလက ရည်ရွယ်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် အခြေအနေကို လေ့လာပြီးနောက် ဤအစီအစဉ်မှာ လုံးဝ မဖြစ်နိုင်ကြောင်း ထင်ရှားသွားခဲ့လေ၏။
ပြုပြင်ထိန်းသိမ်းရေးအခန်းရှိ ရေဖြန်းစနစ်သည် ရေများကို ညီညာစွာ ဖြန်းပေးသော်လည်း ရေပန်းများမှာ အလွန်လျင်မြန်လွန်းပြီး အင်အားများလွန်းလှလေသည်။ ဤအတိုင်းသာ ဆက်သွားပါက ဘွန်ဆိုင်းကမ္ဘာထဲရှိ အိမ်များနှင့် သစ်ပင်များကို တိုက်ရိုက် ပြိုကျစေလိမ့်မည် ဖြစ်သည်။
အပြင်သို့ ရောက်လာပြီးနောက် ရွှီပေါ်အန်း၏ ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။ တစ်ခါသုံး ဆေးဘက်ဆိုင်ရာ ပြွန်များတွင် အသုံးပြုသည့် ဆေးထိုးအပ်ကို အသုံးပြု၍ ဖြည်းညင်းစွာ စီးဆင်းသော ရေပန်း ကိရိယာတစ်ခု ဖန်တီးလိုက်ပါက ဘာဖြစ်မည်နည်း။
အချိန်တန်ပါက ပြွန်များကို မြေအောက်တွင် ဖုံးကွယ်ထားပြီး ဆေးရည်သွင်းသည့် ဘီးလုံးကို ဖွင့်ကာ စမ်းရေ အဖြစ် ဟန်ဆောင်ထားလိုက်ရုံပင်။
ရွှီပေါ်အန်းသည် သူ၏ ကိုယ်ပိုင် ဉာဏ်ရည်အတွက် ချက်ချင်းပင် သဘောကျသွားပြီး ဆေးပေးခန်းဆီသို့ ပြုံးလျက် လျှောက်သွားလေတော့သည်။
ဆေးပေးခန်းတံခါးဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်း၏ အပြုံးများ ပျောက်ကွယ်သွားခဲ့လေ၏။
*ဘုရားရေ...၊ ဆေးပေးခန်းတံခါးကို သော့ခတ်ထားပြီး တံခါးပေါ်ရှိ အရောင်ပြောင်းနေသော အေဖိုး စက္ကူရွက် ပေါ်တွင် စာကြောင်းတစ်ကြောင်းကို ချန်ထားခဲ့လေသည်။*
"အရေးပေါ်ကိစ္စရှိပါက ဖုန်းဖြင့် ဆက်သွယ်ပါ...။"
ထို့နောက် ဖုန်းနံပါတ် တစ်ကြောင်းကို ရေးသားထားလေ၏။
ရွှီပေါ်အန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ရုံးဆင်းချိန် မတိုင်မီ တစ်နာရီခန့် လိုသေးသည်။ ဤလူ က အလုပ်ကို လုံးဝ မလာခဲ့ခြင်းလော သို့မဟုတ် စောစော ပြန်သွားခဲ့ခြင်းလော။
ထိုစဉ် ဖြတ်လျှောက်သွားသော ဝန်ထမ်းလူငယ်လေးတစ်ဦးက ရွှီပေါ်အန်းကို နှုတ်ဆက်လိုက်လေသည်။
"မင်္ဂလာပါ အထွေထွေမန်နေဂျာရွှီ...။"
ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ၏။
"ဆေးပေးခန်းက ဘာလို့ ဖွင့်မထားတာလဲ...။"
ထိုဝန်ထမ်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အနည်းငယ် အနေရခက်စွာဖြင့် ပြောလိုက်လေသည်။
"ဒါက... တောင်းပန်ပါတယ် အထွေထွေမန်နေဂျာရွှီ...။ ကျွန်တော်လည်း သိပ်မသေချာဘူး...။"
လူငယ်လေး၏ အခက်အခဲကို သတိထားမိသော ရွှီပေါ်အန်းက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်လေ၏။
"ကောင်းပါပြီ... မင်း လုပ်စရာရှိတာ သွားလုပ်ပါ...။"
ထိုဝန်ထမ်းသည် အပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ရသွားသကဲ့သို့ ခံစားလိုက်ရပြီး အလျင်အမြန်ပင် ထွက်ခွာသွား လေတော့သည်။
ရွှီပေါ်အန်းက သူ၏ ဖုန်းကို ထုတ်ကာ ပုံနှိပ်စာရွက်ပေါ်တွင် ရေးထားသော နံပါတ်သို့ ခေါ်ဆိုလိုက်လေ၏။
ဖုန်းမကိုင်မီ အတော်ကြာအောင် မြည်နေခဲ့သည်။
ရွှီပေါ်အန်း စကားပင် မပြောနိုင်သေးမီ ဖုန်း၏ တစ်ဖက်ခြမ်းမှ ဆူညံသော အသံများစွာ ထွက်ပေါ်လာခဲ့ လေသည်။
"ခဏနေရင် ကျွန်တော့်အတွက် သည်ဝက်သားနီနှပ်လေး နည်းနည်း ထပ်ထည့်ပေးပါဦး...။"
"ခူးခါစ ပဲသီးစိမ်းလေးတွေများ ရှိလား...၊ ကျွန်တော့်ကို နည်းနည်းလောက် ပေးလို့ရမလား...။"
"အိုကွယ်... သည်နေ့လည်း ကြက်ဥဟင်းချိုပဲလား...။ စားသောက်ဆိုင်လေးကနေ ရှီးဟူ အမဲသားဟင်းချို နည်းနည်းလောက် ယူပေးပါ...။ ဟယ်ချန်တို့ လင်မယားက ဒီဟင်းချိုကို တော်တော်ကြိုက်လို့ပါ...။"
ရွှီပေါ်အန်း အတန်ကြာ စောင့်ဆိုင်းနေပြီးနောက်တွင် ဖုန်း၏ တစ်ဖက်ခြမ်းမှ စိတ်မရှည်သော အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
"ဟေး... ဘယ်သူလဲ...။ ပြောလေ... ဘာတွေ အချိန်ဆွဲနေတာလဲ...။"
ရွှီပေါ်အန်းက အေးစက်စွာ ပြောလိုက်လေသည်။
"ငါ ဆေးပေးခန်းတံခါးဝမှာ ရောက်နေတယ်...။ မင်း ဘယ်မှာလဲ...။"
ဖုန်း၏ တစ်ဖက်ခြမ်းရှိ ထိုသူသည် ရွှီပေါ်အန်း၏ အသံကို သေချာပေါက် မမှတ်မိဘဲ စိတ်မရှည်စွာ ဆက်လက် ညည်းညူနေခဲ့လေ၏။
"အေ့... ခင်ဗျားတို့လူတွေက တော်တော် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာပဲ...။ ကျုပ်ရှိတုန်းကတော့ မလာဘဲနဲ့ ကျုပ်လည်း ထွက်သွားရော လာပြီး ဒုက္ခပေးနေတယ်...။ ကျုပ် ရုံးဆင်းပြီ...၊ အိမ်မှာ လုပ်စရာလေး တွေ ရှိလို့ သည်နေ့ နေ့လယ်ပိုင်း လာဖြစ်တော့မှာ မဟုတ်ဘူး...။ မနက်ဖြန်မှပဲ ပြောကြတာပေါ့...။"
ဤစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ ဒေါသထွက်သွားပြီး ချက်ချင်းပင် တင်းမာစွာ ပြောလိုက်လေသည်။
"ရုံးဆင်းတယ်... မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အလုပ်လုပ်နေတုန်းလေ...။ ရုံးဆင်းချိန် မရောက်သေးဘဲ ဘယ်လို လုပ် ရုံးဆင်းလို့ရမှာလဲ...။ လူတွေ နေမကောင်းဖြစ်လို့ ဆေးလိုရင် ဘယ်လိုလုပ်မလဲ...။"
ဖုန်း၏ တစ်ဖက်ခြမ်းမှ ဆူညံသံများကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တစ်ဖက်လူက ရွှီပေါ်အန်း၏ မကျေနပ်မှုကို လုံးဝ မကြားနိုင်ခဲ့ချေ။
"ဟေး... ခင်ဗျားက သည်ကို အသစ်ရောက်လာတာ မဟုတ်လား...။ နေမကောင်းရင် ဆေးရုံသွားလေ...၊ ဆေးပေးခန်းက ခင်ဗျားအသက်ကို ကယ်ပေးနိုင်မယ် ထင်နေလား...။ ပိုက်ဆံကို ဒီလိုမျိုး ချွေတာလို့ မရဘူးလေ...။"
ထိုသို့ပြောပြီးနောက် သူက တကယ်ပင် ဖုန်းချသွားခဲ့လေ၏။
ရွှီပေါ်အန်းက မှုန်ကုပ်နေသော မျက်နှာဖြင့် လျှိုဝေ၏ နံပါတ်ကို ခေါ်ဆိုလိုက်လေသည်။
ဆေးပေးခန်း စီမံခန့်ခွဲမှုအတွက် တာဝန်ရှိသော ဌာနမှာ ကုမ္ပဏီရုံးခန်းပင် ဖြစ်လေသည်။
လျှိုဝေက ဖုန်းကို ချက်ချင်းဖြေကြားခဲ့ပြီး သတိကြီးစွာဖြင့် နှုတ်ဆက်လိုက်လေ၏။
"မင်္ဂလာပါ အထွေထွေမန်နေဂျာရွှီ...။ ကျွန်မ လျှိုပါ...၊ ဘာများ ညွှန်ကြားချင်ပါသလဲရှင့်...။"
ရွှီပေါ်အန်းက စကားများများ မပြောလိုသဖြင့် ချက်ချင်းပင် ပြောလိုက်လေသည်။
"ငါ ဆေးပေးခန်းမှာ ရောက်နေတယ်...။ ဒီကို ခဏလောက် လာခဲ့ပါ...။"
ထိုသို့ပြောပြီးနောက် သူသည် လျှိုဝေ၏ အဖြေကို မစောင့်တော့ဘဲ ဖုန်းချလိုက်လေတော့သည်။
နှစ်မိနစ်ခန့် အကြာတွင် ဒေါက်ဖိနပ်စီးကာ ပြေးလာသော လျှိုဝေကို ရွှီပေါ်အန်း မြင်လိုက်ရပြီး သူမ နီးကပ်လာ သည်နှင့်အမျှ မွှေးပျံ့သော ရနံ့တစ်ခုက သူ့ဆီသို့ လွင့်ပျံလာခဲ့လေ၏။ ရွှီပေါ်အန်း၏ မျက်လုံးများထဲတွင် ရွံရှာ သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့လေသည်။
ဤရေမွှေးရနံ့မှာ သူ၏ ဇနီးဟောင်း ချီရှောင်ရွှယ် မကြာခဏ အသုံးပြုလေ့ရှိသော ရနံ့နှင့် အလွန်တူညီနေ လေသည်။ အိမ်ပိုင်ရှင်ကို မုန်းသဖြင့် အိမ်ကိုပါ မုန်းမိသကဲ့သို့ပင်။
လျှိုဝေသည် ရွှီပေါ်အန်းထံသို့ လျှောက်လာကာ အနည်းငယ် အရိုအသေပေးလိုက်ပြီး အမောတကောဖြင့် ရှင်းပြလေ၏။
"အထွေထွေမန်နေဂျာရွှီ... တောင်းပန်ပါတယ်...။ ကျွန်မ ဒေါက်တာကော်ကို ချက်ချင်းလာခဲ့ဖို့ အကြောင်းကြား ပြီးပါပြီ...။ သူ ဗိုက်နည်းနည်း နာနေလို့ သန့်စင်ခန်းသွားနေလို့ပါ...။"
ရွှီပေါ်အန်းက လှောင်ပြုံးပြုံးလိုက်လေသည်။
"သန့်စင်ခန်း...။ သန့်စင်ခန်းထဲမှာ ဝက်သားနီနှပ် ရှိလို့လား...၊ ကြက်ဥဟင်းချိုရော...၊ ရှီးဟူ အမဲသားဟင်းချို ရော...၊ ဒုတိယညွှန်ကြားရေးမှူးလျှို...၊ ကန်တင်းကိုလည်း မင်းပဲ စီမံခန့်ခွဲရတာလေ...။ ဒီနေ့ မီနူးမှာ အဲဒီသုံးမျိုး ပါ၊ မပါ ဖုန်းဆက်ပြီး ဘာလို့ မမေးကြည့်တာလဲ...။"
အခန်း (၁၁၄)
မိုးရွာစေသော ကိရိယာများ
ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ ဆေးခန်းမှ ဒေါက်တာကော် မည်သည့်နေရာတွင် ရှိနေသည်ကို သူ သိနှင့်ပြီးဖြစ်ကြောင်း လျှိုဝေ ချက်ချင်းပင် နားလည်သွားခဲ့လေ၏။
သူမမှာ ရှက်ရွံ့သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားလေသည်။ ဒေါက်မြင့်ဖိနပ်ဖြင့် ပြေးလာရသဖြင့် နီရဲနေ နှင့်ပြီးဖြစ်သော သူမ၏ ပါးပြင်များမှာ ပို၍ပင် နီမြန်းသွားခဲ့လေတော့သည်။
လျှိုဝေက ရွှီပေါ်အန်းကို မျက်နှာချင်းမဆိုင်ရဲသည့်အလား ခေါင်းကို ငုံ့ထားလျက် အနည်းငယ် တင်းကျပ်နေသော အသံဖြင့် ရှင်းပြလေသည်။
"အင်ဂျင်နီယာချုပ်ရွှီ...၊ တောင်းပန်ပါတယ်...၊ သူက သန့်စင်ခန်းထဲမှာလို့ ကျွန်မကို ပြောခဲ့လို့ပါ...၊ သူ့ရဲ့ အစာအိမ် ရောဂါဟောင်း ပြန်ထလာတာလို့ ကျွန်မ ထင်လိုက်မိတာပါ...။"
မည်သို့ပင်ဖြစ်စေကာမူ အထက်လူကြီး၏ အပြစ်တင်ခြင်းကို ခံရသည်မှာ အလွန်တရာ ဆိုးရွားသော ခံစားချက် ပင် ဖြစ်လေ၏။
ရွှီပေါ်အန်းသည် လျှိုဝေ၏ စကားကို တုံ့ပြန်ခြင်း မပြုဘဲ စကားလမ်းကြောင်း လွှဲလိုက်ကာ ခံစားချက်တစ်ချို့ ပါဝင်နေသော လေသံဖြင့် ဆိုလိုက်လေသည်။
"ဒုတိယညွှန်ကြားရေးမှူးလျှိုက အရွယ်နဲ့မလိုက်အောင် အလုပ်တာဝန်တွေ အများကြီး ယူထားရတာပဲ...၊ တော်တော်လေးကို အောင်မြင်မှုရနေတာ ဖြစ်ရမယ်...။"
လျှိုဝေ၏ မျက်နှာသည် ဝမ်းမြောက်မှုကြောင့် လင်းလက်သွားခဲ့လေ၏။ အင်ဂျင်နီယာချုပ်ရွှီက သူမအပေါ် ကြင်နာမှု ပြသနေခြင်း ဖြစ်မည်လား။
ဤသည်မှာ ကောင်းသော လက္ခဏာပင် ဖြစ်လေသည်။
သေချာသည်မှာ အလှအပနှင့် ငယ်ရွယ်နုပျိုမှုသည် လုပ်ငန်းခွင်အတွင်းရှိ ဤလူလတ်ပိုင်း အမျိုးသားများကို အနိုင်ယူရန်အတွက် အသေချာဆုံးသော နည်းလမ်းပင် ဖြစ်လေ၏။
ထို့အပြင် ရွှီပေါ်အန်းမှာ လူပျိုကြီး တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။
လျှိုဝေသည် သူမ၏ ခေါင်းကို အနည်းငယ် မော့လိုက်ပြီး မှုန်ရီကာ သနားစရာကောင်းသော အကြည့်ဖြင့် ရွှီပေါ်အန်း ကို ကြည့်လျက် ပြောလိုက်လေသည်။
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အင်ဂျင်နီယာချုပ်ရွှီ...၊ အင်ဂျင်နီယာချုပ်ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် ကျွန်မ အများကြီး ထပ်သင်ယူပြီး အမြန်ဆုံး တိုးတက်အောင် လုပ်ပါ့မယ်...။"
လျှိုဝေ ပြောလိုက်သော သင်ယူသည် ဟူသည့် စကားလုံးကို ကြားလိုက်ရသောအခါ ရွှီပေါ်အန်းသည် သူ ခုလေး တင် လက်မှတ်ရေးထိုးခဲ့သော စာရွက်စာတမ်းများထဲမှ တစ်ခုမှာ ဆောက်လုပ်ရေးအုပ်စုမှ ပေးပို့လာသော သင်တန်းတစ်ခုနှင့် ပတ်သက်သည့် အကြောင်းကြားစာ ဖြစ်ကြောင်းကို ရုတ်တရက် သတိရသွားခဲ့လေသည်။
ဒေသခံ တက္ကသိုလ်များ၏ အကူအညီဖြင့် ၎င်းတို့သည် နှစ်လကြာ သင်တန်းကို တက်ရောက်ခွင့် ရရှိမည် ဖြစ် သည်။
ဤသည်မှာ အခွင့်အရေးကောင်း တစ်ရပ်ပင် ဖြစ်လေ၏။
ရွှီပေါ်အန်းသည် လျှိုဝေအား အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး အတင်းအကျပ် ပြုံးလျက် ဆိုလိုက်လေသည်။
"ကြိုးကြိုးစားစား သင်ယူရမယ့် အချိန် ရောက်ပြီပေါ့...။"
လျှိုဝေမှာ တိတ်တဆိတ် ဝမ်းသာသွားခဲ့လေ၏။ သူမသည် မြှောက်ပင့်လိုသော အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ကြီးမားသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဆွဲဆောင်မှုရှိစွာဖြင့် ပြောလိုက်လေသည်။
"အင်ဂျင်နီယာချုပ်ရွှီ ပြောတာ မှန်ပါတယ်...၊ ရုံးက အလုပ်တွေက ရှုပ်ထွေးပြီး ကမောက်ကမ ဖြစ်နေတာ ကတော့ နှမြောစရာပါပဲ...။ အင်ဂျင်နီယာချုပ်ဆီက လမ်းညွှန်မှုတွေ ဆက်ယူဖို့ အချိန်အလုံအလောက် မရှိဘူး ဖြစ်နေတယ်...။"
"အကယ်၍များ ဖြစ်နိုင်မယ်ဆိုရင်...။ ပြီးတော့ ယနေ့ညနေ ရုံးဆင်းပြီးတဲ့နောက် အင်ဂျင်နီယာချုပ်အတွက် အချိန်အဆင်ပြေမယ်ဆိုရင် လမ်းညွှန်မှုတွေ ဆက်လက် ခံယူဖို့နဲ့ ရှေ့ဆက်လုပ်ရမယ့် အဓိက တာဝန်တွေ အတွက် အကြံဉာဏ်တွေ တောင်းခံဖို့ အင်ဂျင်နီယာချုပ်ဆီ လာလည်ချင်ပါတယ်...၊ ဘယ်လိုသဘောရလဲ ဟင်...။"
ရွှီပေါ်အန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့ပြီး လျှိုဝေ၏ စကားများနောက်ကွယ်ရှိ အဓိပ္ပာယ်ကို သူ ချက်ချင်းပင် နားလည်သွားခဲ့လေ၏။
*ဘုရားရေ... ကေဒါတွေကို မင်း စမ်းသပ်တဲ့နည်းလမ်းက နည်းနည်းတော့ ဗြောင်ကျလွန်းနေတယ်...။ မင်းက ငါ့ဆီကနေ အင်္ဂလိပ်စာ သင်ချင်နေတာလား...။*
ရွှီပေါ်အန်းမှာ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုမှ ဂန္ထဝင်မြောက် ဇာတ်ဝင်ခန်းတစ်ခုကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ ကောက်ချက်တစ်ခုကို ချလိုက်မိလေသည်။ လျှိုဝေနှင့် ပတ်သက်၍ အရင်က ထွက်ပေါ်ခဲ့သော ကောလာဟလများသည် အခြေအမြစ်မရှိသည်တော့ မဟုတ်ပုံရပေ။
သို့မဟုတ်ပါက ဘွဲ့ရသည်မှာ နှစ်နှစ်သာ ရှိသေးသော မိန်းမငယ်လေး တစ်ဦးအနေဖြင့် မည်သို့လုပ် ဤမျှ လျင်မြန်သော တိုးတက်မှုနှုန်းမျိုး ရှိနေနိုင်ပါမည်နည်း။
ရွှီပေါ်အန်း ပြန်လည်မဖြေကြားနိုင်မီမှာပင် မလှမ်းမကမ်းရှိ ဓာတ်လှေကားတံခါး ပွင့်သွားခဲ့ပြီး အေးအေးလူလူ လမ်းလျှောက်လာသည့်အလား စည်းချက်ကျသော ခြေသံများကို ကြားလိုက်ရလေ၏။
"အရမ်းကို တောင်းပန်ပါတယ် လူကြီးမင်းတို့...၊ ကျွန်တော် အစာအိမ် သိပ်မကောင်းလို့ သန့်စင်ခန်းခန သွားနေ တာပါ...၊ ဆေးရုံမှာ စစ်ဆေးမှုခံယူဖို့ ဒီနေ့ မွန်းလွဲပိုင်း ခွင့်ယူမလို့ စဉ်းစားထားတာ...။"
ထိုလူကား အခြားသူမဟုတ်ဘဲ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ ဆေးခန်းတွင် ပြန်လည်ခန့်ထား ခြင်း ခံရသော ဒေါက်တာဖြစ်သူ ကော်အိုကြီးပင် ဖြစ်လေသည်။ သူက တောင်းပန်ပါတယ်ဟု ပြောဆိုခဲ့သော် ငြားလည်း သူ၏ မျက်နှာပေါ်တွင် ရှက်ရွံ့ခြင်း သို့မဟုတ် အပြစ်ရှိသလို ခံစားရခြင်း အရိပ်အယောင်မျှ မရှိနေခဲ့ ဘဲ တံခါးပိတ်ထားချိန်တွင် မည်သူမျှ မရှိနေသည့် အဖြစ်အပျက်ကို သူ ယဉ်ပါးနေနှင့်ပြီးဖြစ်သည့်အလားပင်။
ရွှီပေါ်အန်းသည် အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်သော ကော်အိုကြီးကို ကြည့်ကာ အေးစက်၍ ဂရုမစိုက် သော လေသံဖြင့် ပြောလိုက်လေ၏။
"ဟဲဟဲ...၊ ကုမ္ပဏီသန့်စင်ခန်းက လေမွှေးဆီက ဝက်သားနီနှပ် အနံ့လေးတောင် ရနေတယ်...၊ တော်တော်လေး ကောင်းတာပဲ...။"
ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ ကော်အိုကြီးမှာ မည်သည့် ရှက်ရွံ့မှုမျှ မပြသခဲ့ပေ။ ယင်းအစား မကျေနပ်မှု အရိပ်အယောင်တစ်ခုက သူ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သော်လည်း လျင်မြန်စွာပင် ပျောက်ကွယ် သွားခဲ့လေ၏။ သူက ဆက်လက် ရှင်းပြလေသည်။
"အိုး...၊ အင်ဂျင်နီယာချုပ်ရွှီရဲ့ နှာခေါင်းက တော်တော် စူးရှတာပဲ...၊ ရေချိုးခန်းက ပြန်လာတော့ မီးဖိုချောင်နားက ဖြတ်အသွားမှာ အရသာရှိတဲ့ အနံ့လေး ရလိုက်တယ်...၊ သွားရည်ကျလာလို့ ဝင်သွားပြီး ဝက်သားနီနှပ် တစ်တုံး ယူပြီး မြည်းကြည့်လိုက်မိတယ်လေ...။"
ရွှီပေါ်အန်းသည် သူ၏ မပီပြင်လှသော လိမ်လည်မှုကို ပွဲချင်းပြီး မဖော်ထုတ်ခဲ့သလို အပြစ်လည်း မတင်ခဲ့ချေ။ သူက လက်ကို ဝှေ့ယမ်းကာ ဆိုလိုက်လေ၏။
"တံခါးဖွင့်...၊ ငါ ဝင်ကြည့်မယ်...။"
ကော်အိုကြီးသည် သူ၏ သော့ကို ထုတ်၍ ဆေးခန်းတံခါးကို ဖွင့်လိုက်ပြီး ပြုံးလျက် ပြောလေသည်။
"ဒီစုတ်ချာချာနေရာမှာ ဘာကြည့်စရာများ ရှိလို့လဲ...၊ အင်ဂျင်နီယာချုပ် ဘာလိုလို ကျွန်တော် ယူလာပေးပါ့ မယ်...။"
ရွှီပေါ်အန်းသည် မည်သည့်စကားမျှ မဆိုဘဲ အနီးသို့ လျှောက်သွားကာ ဝေ့ဝဲကြည့်ရှုလိုက်လေ၏။
ဆေးခန်းမှာ မကြီးမားလှဘဲ ပုံမှန် ရုံးခန်းတစ်ခန်းစာခန့်သာ ရှိလေသည်။ မှန်ရီဒိုများကို နံရံနှစ်ဖက်လုံးတွင် စီတန်း ထားပြီး အများသုံး ဆေးဝါးများကို ပြသထား၏။ ရွှီပေါ်အန်းသည် အအေးမိပျောက်ဆေးတောင့် တစ်ဘူးကို ပေါ့ ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး ရက်စွဲကို စစ်ဆေးကြည့်လိုက်ရာ၊ လွန်ခဲ့သော နှစ်နှစ်ကတည်းက သက်တမ်း ကုန်ဆုံးနေခဲ့လေပြီဖြစ်၏။
ဝမ်းပျက်ဝမ်းလျှော ကုသရာတွင် သုံးသော နော်ဖလောက်ဆာစင် ဆေးတောင့် နောက်တစ်ဘူးကို သူ ကောက်ယူ ကြည့်လိုက်ပြန်ရာ ၎င်းတို့မှာလည်း သက်တမ်းကုန်ဆုံးသွားသည်မှာ ခြောက်လပင် ကျော်လွန်နေခဲ့လေပြီ ဖြစ် သည်။
ကော်အိုကြီးသည် ရွှီပေါ်အန်း၏ လုပ်ရပ်ကို မြင်သောအခါ အလျင်စလို ရှင်းပြလေတော့၏။
"ကျွန်တော်တို့ ကုမ္ပဏီက လူတိုင်းမှာ ကျန်းမာရေးအာမခံကတ် ရှိကြတယ်လေ...၊ ပုံမှန်အားဖြင့် ဆေးရုံကိုသွား ပြီး ဆရာဝန်ပြ၊ ဆေးဝယ်ကြတာပဲ...။ ဆေးလာယူတဲ့လူ သိပ်မရှိတော့ ကျွန်တော်လည်း အများကြီး မပြင်ဆင် ထားမိဘူး...။"
ရွှီပေါ်အန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီး သူက ပြောလိုက်လေ သည်။
"ဒုတိယညွှန်ကြားရေးမှူးလျှို...၊ ဆေးခန်းအတွက် ဆေးဝါးတွေနဲ့ ကိရိယာတွေ ဝယ်ဖို့ နှစ်တိုင်း ရန်ပုံငွေ အများ ကြီး ချထားပေးတယ်လို့ ငါ မှတ်မိတယ်...၊ မဟုတ်ဘူးလား...။"
လျှိုဝေ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူမက အလျင်အမြန် ပြန်လည်ဖြေကြားလေ၏။
"ဟုတ်ပါတယ် အင်ဂျင်နီယာချုပ်ရွှီ...၊ ဒါပေမဲ့ ဒီရန်ပုံငွေထဲမှာ နွေရာသီ သက်သာချောင်ချိရေးနဲ့ သက်တောင့် သက်သာဖြစ်စေဖို့ စီမံကိန်းအသီးသီးကို သွားရောက်လည်ပတ်တဲ့အခါ ဟော့ရှန်းကျိန့်ချီ ဆေးရည်၊ ဆေးတောင့် တွေ၊ ရှီတိရွှေနဲ့ ပန်းလန်ကန်း စတဲ့ ဆေးဝါးတွေ ဝယ်ယူတဲ့ ကုန်ကျစရိတ်တွေလည်း ပါဝင်ပါတယ်...။"
ကော်အိုကြီးကလည်း အလျင်အမြန် ဝင်ရောက်ပြောဆိုလေသည်။
"ဟုတ်တယ် ဟုတ်တယ်...၊ အောက်ဆီဂျင်အိုးတွေ၊ နေဘူလိုင်ဇာတွေ၊ သွေးပေါင်ချိန်စက်တွေလို အများသုံး ဆေးဘက်ဆိုင်ရာ ကိရိယာတွေလည်း ဝယ်ရပါသေးတယ်...၊ ဒီပစ္စည်းတွေက ဈေးမပေါဘူးလေ...။"
ထိုသို့ပြောရင်း ကော်အိုကြီးသည် မလှမ်းမကမ်းရှိ စားပွဲပေါ်မှ အသစ်ဖွင့်ထားသော အမြန်ချောပို့ဘူးတစ်ခုကို လက်ညှိုးထိုးပြကာ မိတ်ဆက်ပေးလေ၏။
"ဒီနေဘူလိုင်ဇာကိုပင် ကြည့်ပါ အင်ဂျင်နီယာချုပ်ရွှီ...၊ သုံးထောင်တောင် ကျော်တယ်...၊ ကျွန်တော့် မြေးလေး ချောင်းဆိုးရင် ဒါကိုပဲ အားကိုးရတာ...၊ ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေလည်း သုံးလို့ရအောင် ကျွန်တော် ဝယ်ထားတာပါ...။"
ရွှီပေါ်အန်း၏ အကြည့်နောက်သို့ အမှတ်တမဲ့ လိုက်ကြည့်မိရာမှ အဘိုးကြီးသည် မွေးကင်းစနှင့် ကလေးငယ် များအတွက် ဟူသော စာသားကို ချက်ချင်း သတိပြုမိသွားလေသည်။ ထို့နောက် သူက ဗြုန်းစားကြီး ပြောချ လိုက်လေသည်။
"ကလေးတွေအတွက် သီးသန့်လို့ ရေးထားတဲ့ တံဆိပ်ကို ကြည့်ပြီး မလိမ်ခံပါနဲ့...၊ ဒီအမှုတ်စက်မှ ထွက်လာတဲ့ ရေငွေ့လေးတွေက သေးငယ်ပြီး လူကြီးတွေ သုံးရင်လည်း သက်တောင့်သက်သာ ရှိပါတယ်...၊ ဆေးထိုးအပ် အရွယ်အစားလိုမျိုးပါပဲ...၊ ဆေးထိုးရမှာ ကြောက်တဲ့ လူကြီးတော်တော်များများက ကလေးတွေ သုံးတဲ့ အပ် သေးသေးလေးတွေကိုပဲ သုံးဖို့ တောင်းဆိုကြတယ်လေ...။ "
ရွှီပေါ်အန်းသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ရေငွေ့ ဟူသော စကားလုံး၏ ဆွဲဆောင်မှု နောက်သို့သာ ပါသွားခဲ့လေတော့သည်။
"ဒီကိရိယာက ရေငွေ့တွေ မှုတ်ထုတ်ပေးတယ်လို့ ခင်ဗျား ဆိုလိုတာလား...။"
ရွှီပေါ်အန်း၏ မျက်လုံးများ အရောင်လက်သွားခဲ့လေ၏။ ဤသည်မှာ အရာကောင်းတစ်ခုပင် ဖြစ်လေသည်။
သူသည် တစ်သက်လုံး နေဘူလိုင်ဇာကို တစ်ခါမျှ မသုံးဖူးခဲ့ချေ။ ချောင်းဆိုးတိုင်း ချောင်းဆိုးပျောက်ဆေး အနည်းငယ်ကိုသာ သောက်လိုက်ပြီး ထိုမျှဖြင့် ပြီးသွားခဲ့သည်သာ ဖြစ်၏။
ထို့ကြောင့် ဤသည်မှာ နေဘူလိုင်ဇာ ကဲ့သို့သော အခိုးအငွေ့ရှူစက် တစ်ခု ရှိနေကြောင်းကို သူ ပထမဆုံး အကြိမ် ကြားဖူးခြင်းဖြစ်ပြီး ဤအရာက ရေငွေ့များကို အမှန်တကယ် မှုတ်ထုတ်ပေးနိုင်ကြောင်း သိလိုက်ရ သဖြင့် အံ့အားသင့်သွားခဲ့ရလေသည်။
အကယ်၍ ထိုသို့သာဆိုလျှင် ဘွန်ဆိုင်းကမ္ဘာအတွက် မိုးရွာစေရန် ထိုအခိုးအငွေ့ရှူစက်ကို သူ အသုံးပြုနိုင်မည် မဟုတ်ပါလား။
လက်တွေ့ကမ္ဘာမှ မြူခိုးရေငွေ့များသည် ဘွန်ဆိုင်းကမ္ဘာထဲတွင်မူ မိုးရေများ ဖြစ်လာမည် ဖြစ်လေ၏။
ဤသည်က အခြားသော စက်မှုလုပ်ငန်းသုံး မှုတ်စက်အမျိုးအစားများသည် ဘွန်ဆိုင်းကမ္ဘာကို သိသိသာသာ ထိခိုက်ပျက်စီးစေမည်ကို စိုးရိမ်ပူပန်နေရခြင်းမှ ကင်းဝေးသွားစေမည် ဖြစ်လေသည်။
ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ လျှိုဝေက အလျင်အမြန် ပြုံးကာ ဆိုလေသည်။
"ဟုတ်ပါတယ် အင်ဂျင်နီယာချုပ်ရွှီ...၊ ဒီလိုမျိုး ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ရှိမှန်း အရင်က ကျွန်မလည်း မသိခဲ့ပါဘူး...၊ အဝတ်အစား မီးပူတိုက်တဲ့ ရေနွေးငွေ့စက် ဒါမှမဟုတ် လေထုစိုထိုင်းဆ ထိန်းစက်လိုမျိုး အရမ်း ကို သေးငယ်တဲ့ ရေငွေ့လေးတွေကို မှုတ်ထုတ်ပေးတာပါ...။"
လေထုစိုထိုင်းဆ ထိန်းစက်...။
ရေနွေးငွေ့ မီးပူစက်...။
*ဟုတ်သားပဲ...၊ ဒီအကြောင်းကို အရင်က ငါ ဘယ်လိုလုပ် မတွေးမိခဲ့ပါလိမ့်...။ ငါ တော်တော် မိုက်မဲတာပဲ...။*
*ဒီလိုအရာတွေ ရှိနေပြီဆိုမှတော့ ရေဖျန်းစနစ်တစ်ခုကို ဘာလို့ လိုအပ်တော့မှာလဲ။ ဒါတွေက ရေဖျန်းဘူးထက် အများကြီး ပိုကောင်းတယ် မဟုတ်ဘူးလား…။*
အရေးကြီးဆုံးအချက်မှာ ဘေးကင်းလုံခြုံရေးပင် ဖြစ်လေတော့သည်။