← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅)

ခြင်ပြေးအဆောင်

အာဏာ၏ ဆွဲဆောင်မှုမှာ ဤအရာပင် ဖြစ်လေ၏။

များသောအားဖြင့် စကားပြောရာတွင် လွန်စွာ တိုက်ရိုက်ဆန်နေရန် မလိုအပ်ချေ။ လူတို့သည် သင်၏ စကားလုံး များနောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားလည်အောင် တွေးတောကာ ကိုယ်တိုင် အစပျိုး၍ အဓိပ္ပာယ်ဖော်ကြ လိမ့်မည်သာ ဖြစ်သည်။

ဤသည်မှာ ချိန်းတွေ့ခြင်းထက်ပင် များစွာ ပို၍ ပျော်စရာကောင်းလှပေသည်။

ရွှီပေါ်အန်းသည် ရုံးခန်းအဆောက်အအုံတဝိုက်တွင် ခေတ္တမျှ လမ်းလျှောက်ပြီးနောက် သူ၏ ရုံးခန်းဆီသို့ ပြန်လာ ခဲ့လေသည်။ ဘေးခန်းရှိ အတွင်းရေးမှူးရုံးခန်းထဲမှ ထျန်ရှောင်ထုန်သည် အပြုံးလေးဖြင့် လျင်မြန်စွာ ထွက်လာ ခဲ့လေသည်။

"မင်္ဂလာပါ အထွေထွေမန်နေဂျာရွှီ...၊ ဒီနက်ဗျူလိုင်ဇာကို ဒုတိယ ညွှန်ကြားရေးမှူးလျှို စီစဉ်ပေးတဲ့လူက လာပို့ သွားပါတယ်...။ ကားထဲမှာ ထားမလား ရုံးခန်းထဲမှာပဲ ထားမလားရှင့်...။"

"ကျွန်တော့်ကို ပေးလိုက်ပါ...။"

ဤသည်မှာ ကြီးမားသော ကိစ္စမဟုတ်သဖြင့် ရွှီပေါ်အန်းကလည်း ဂျီးများမနေဘဲ ကိုယ်တိုင် ယူလိုက်လေ၏။

ထျန်ရှောင်ထုန်ထံမှ နက်ဗျူလိုင်ဇာကို ယူရင်း ရွှီပေါ်အန်းက ထပ်ပြောလိုက်လေသည်။

"ဪ ဒါနဲ့ ရှောင်ထန်...။ ဒီနေ့စာရွက်စာတမ်းထဲမှာ ပါတဲ့ အုပ်စုက ကြီးမှူးကျင်းပတဲ့ သင်တန်းအသေးစိတ်ကို အုပ်စုရဲ့ လူ့စွမ်းအားအရင်းအမြစ် ဌာနကို သွားပြီး ဆက်သွယ်မေးမြန်းကြည့်ပါဦး...။ တကယ်လို့ အဆင်ပြေရင် လျှိုဝေကို စာရင်းသွင်းလိုက်ပါ...။ သူမက သင်ယူချင်စိတ် ပြင်းပြနေလို့ပါ...။"

ဤစကားကို ကြားသောအခါ ထျန်ရှောင်ထုန်မှာ ခေတ္တမျှ ကြက်သေသေသွားခဲ့လေ၏။

*သင်တန်းလား။ လျှိုဝေက သင်ယူချင်စိတ် ပြင်းပြနေတယ်တဲ့လား။ နောက်နေတာလား…။*

လျှိုဝေသည် ယခုအခါ ကုမ္ပဏီရုံးခန်း၏ တစ်ဦးတည်းသော အုပ်စိုးသူသဖွယ် ဖြစ်နေပေသည်။ ဤမျှ အသုံး မကျသော သင်တန်းတက်ရန် အာဏာ၏ အထွတ်အထိပ်မှ သူမ အမှန်တကယ် ထွက်ခွာသွားမည်လား။ ဤသည် မှာ အရေးကြီးသော အချိန်တွင် ကိုယ့်သဘောဆန္ဒဖြင့် ရာထူးမှ ဆင်းပေးကာ ကုမ္ပဏီထံသို့ အာဏာအားလုံး လွှဲပြောင်းပေးလိုက်ခြင်းပင် မဟုတ်ပါလား။

မည်သို့ပင်ဆိုစေ အထွေထွေမန်နေဂျာရွှီက ပြောဆိုပြီးဖြစ်ရာ ထျန်ရှောင်ထုန်က သဘာဝကျကျပင် နာခံရမည် ဖြစ်လေသည်။

"ဟုတ်ကဲ့ပါ အထွေထွေမန်နေဂျာရွှီ...။ ကျွန်မ ချက်ချင်း သွားလုပ်လိုက်ပါ့မယ်ရှင့်...။”

ရွှီပေါ်အန်းက ထပ်မံ၍ ၊

"ဪ ဒါနဲ့... ဒီကိစ္စကို လူသိနည်းနိုင်သမျှ နည်းအောင် လုပ်ပါ...။ လျှိုဝေကို အံ့ဩသွားအောင် လုပ်ချင်လို့ ပါ...။"

ထျန်ရှောင်ထုန်သည် သဘောပေါက်ကြောင်း အပြုံးဖြင့် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"နားလည်ပါပြီ အထွေထွေမန်နေဂျာရွှီ...။"

ဤကိစ္စကို အချိန်ကြာမြင့်စွာ လျှို့ဝှက်ထား၍ မရနိုင်ကြောင်းကိုလည်း ရွှီပေါ်အန်း သိရှိထားပေသည်။

ထာဝရ လျှို့ဝှက်ထားနိုင်သော လျှို့ဝှက်ချက်ဟူသည် မရှိချေ။ ထျန်ရှောင်ထုန်က လျှို့ဝှက်ချက်ကို ထိန်းသိမ်း ထားနိုင်လျှင်ပင် သက်ဆိုင်ရာ အချက်အလက်များ ဆောက်လုပ်ရေးအုပ်စုထံသို့ ရောက်ရှိသွားသည်နှင့် လျှိုဝေ ထံသို့ တစ်စုံတစ်ယောက်က သေချာပေါက် သတင်းပေးလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ခေါင်းဆောင် ရာထူးသို့ ရောက်ရှိလာသူတိုင်းတွင် ကိုယ်ပိုင် အဆက်အသွယ် ကွန်ရက်များ ရှိကြသည်သာ ဖြစ်၏။

သို့သော် လျှိုဝေ ပြဿနာများ ထပ်မံမဖန်တီးနိုင်စေရန် မိမိတို့အနေဖြင့် တတ်နိုင်သမျှ အချိန်အကြာဆုံး လျှို့ဝှက် ထားသင့်ပေသည်။

လျှိုဝေ သင်တန်းတက်ရန် သွားပြီးနောက်တွင် လျှိုချွမ်ကို ရုံးခန်းကိစ္စများ စီမံခန့်ခွဲရန် ယာယီ ပြောင်းရွှေ့ထားခဲ့ လေသည်။

နှစ်လအကြာတွင် သူသည် ကုမ္ပဏီရုံးချုပ်၌ နေရာရလာနိုင်မည်ဖြစ်ပြီး ထိုနေရာသို့ လျှိုချွမ် ပြောင်းရွှေ့ရေးမှာ သေချာပေါက် ဖြစ်လာသင့်ပေသည်။

ရုံးခန်းထဲတွင် နေရာတကျ ဖြစ်သွားပြီး မိုးရွာသွန်းစေရန် အစီအစဉ်ကို စမ်းသပ်ကြည့်ရန် ဘွန်ဆိုင်းကို ထုတ်ယူ တော့မည့်ဆဲဆဲတွင် သူ၏ ဖုန်းမြည်လာခဲ့လေ၏။

မိခင်ဖြစ်သူ ထန်ရုံကျီထံမှ ဖုန်းခေါ်ဆိုခြင်းဖြစ်သည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် လျင်မြန်စွာ ဖုန်းဖြေလိုက် လေသည်။

"ပေါ်အန်း... အမေ မင်းကို ပြောစရာတစ်ခု ရှိတယ်...။"

"အမေ ပြောပါဗျ...။"

"ဒီဟိုတယ်မှာပဲလေ...။ မင်းရဲ့ သူငယ်ချင်းတွေလို့ ပြောတဲ့ လူနှစ်ယောက်က မင်းရဲ့ ဝမ်းကွဲအစ်ကိုကို တစ် ယောက်ကို ယွမ်တစ်သောင်းတိတိစီ ပါတဲ့ စာအိတ်နီတွေ ပေးသွားကြတယ်...။ ဒါက ပြဿနာများ ဖြစ်လာနိုင် မလားလို့ပါ...။"

ထန်ရုံကျီသည် သူမ၏ သားဖြစ်သူ၏ အကဲဆတ်သော အဆင့်အတန်းကို သတိပြုမိထားပြီး အချို့သူများက ဤ အခွင့်အရေးကို အသုံးချကာ လက်ဆောင်များ ပေးလာမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်လေသည်။

ရွှီပေါ်အန်းသည် ဂရုစိုက်ပုံမရဘဲ ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ၏။

"ဪ... အမေ... သူတို့ လက်ဆောင်ပေးတဲ့အခါ နာမည်တွေများ ချန်ထားခဲ့သေးလား...။"

ထန်ရုံကျီက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"အမေ မှတ်ထားလိုက်တာကတော့ လင်းရှန်း ဆိုတဲ့ နာမည်ပဲ...။ စားပွဲထိုးတွေက သူ့ကို အထွေထွေမန်နေဂျာ လင်း ဒါမှမဟုတ် သူဌေးလင်း လို့ ခေါ်ကြတာ ကြားတယ်...။ နောက်တစ်ယောက်ကတော့ လျှို ဘာဆိုလားပဲ..၊ စာရင်းရေးတဲ့သူရဲ့ လက်ရေးက နည်းနည်း ရှုပ်နေတော့ အမေ သေချာ မမြင်ရဘူး...။ ဒီကိစ္စကို သွားမေးဖို့က လည်း အဆင်မပြေဘူးလေ...။ မင်း အဒေါ်ရဲ့ ဆွေမျိုးတွေ စိတ်ပူသွားကြမှာ စိုးလို့ပါ...။"

လင်းရှန်း၏ ငွေကို လက်ခံ၍ ရနိုင်ပေသည်။

ရွှီပေါ်အန်းက ပြုံး၍ ပြောလိုက်လေ၏။

"အမေ... သူက တော်ဝင်မင်းဆက်ဟိုတယ်ရဲ့ ပိုင်ရှင်ပါ...။ ကျွန်တော်တို့ရဲ့ ဧည့်ခံပွဲခန်းမအတွက် သူ့ကို အကူ အညီ တောင်းထားတာလေ...။ သူက ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းပါ...။ ဟို လျှို ဆိုတဲ့ တစ်ယောက်ကိုတော့ ကျွန်တော် သိပ်မသိဘူး...။"

ထန်ရုံကျီက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ဪ ဟုတ်ပြီ... သူက သူဌေးလင်းနဲ့ ရယ်ရယ်မောမော စကားပြောရင်း ရောက်လာတာ...။ မင်းရဲ့ ဝမ်းကွဲ အစ်ကို ရဲ့ ယောက္ခထီးကလည်း သူ့ကို အရမ်း ရင်းရင်းနှီးနှီး ဆက်ဆံတာ အမေ တွေ့လိုက်တယ်...။ မင်း ဝမ်းကွဲ အစ်ကိုရဲ့ ယောက္ခထီးက ဘဏ်မှာ အလုပ်လုပ်တယ်လို့ ကြားတယ်...။ ပြီးတော့ အဲဒီလူကို ဥက္ကဋ္ဌလျှို လို့တောင် ခေါ်နေသေးတယ်...။"

ဥက္ကဋ္ဌလျှို ဟုတ်လား။

ထိုနေ့က တုန်းကျန်း ဟိုတယ်တွင် ရှိနေစဉ် ဖုန်းထဲ၌ စူးချင်း ပြောခဲ့သော စကားကို ရွှီပေါ်အန်း ရုတ်တရက် အမှတ်ရ သွားခဲ့လေသည်။

ကျန်းကျိုး စီးပွားရေးဘဏ် တုန်းကျန်းဘဏ်ခွဲ၏ ဥက္ကဋ္ဌဖြစ်သူ လျှိုကျွင်းချိုင်သည် သူ၏ အပ်ငွေစုဆောင်းရေး ရည်မှန်းချက် ပြည့်မီစေရန် တောရိုင်းဆေးဖက်ဝင်အပင်များ လာရောက်ဝယ်ယူကြသော သူဌေးကြီးများကို ဧည့်ခံရင်း အလုပ်များနေခဲ့သည်။ ဤအတွက်ကြောင့် သူသည် အမူးပြေဆေး ရရှိရန် စူးထိုက်ထံသို့ပင် အကူ အညီ တောင်းခံခဲ့ရလေသည် မဟုတ်ပါလား။

ဤသူမှာ ညွှန်ကြားရေးမှူးလျှို ဆိုသူပင် ဖြစ်ရမည်။

တောရိုင်းဆေးဖက်ဝင်အပင်များကို ဝယ်ယူနေသော သူဌေးကြီးများအကြောင်း စုံစမ်းရန် စူးထိုက်မှတစ်ဆင့် ဤဘဏ်မန်နေဂျာလျှိုနှင့် ဆက်သွယ်ရန် ရွှီပေါ်အန်း အချိန်ယူ စဉ်းစားနေဆဲ ဖြစ်သော်လည်း တစ်ဖက်လူက သူ့အပေါ် ဦးစွာ မိတ်ဆွေဖွဲ့လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။

ဤသည်မှာ အခွင့်အရေးကောင်း တစ်ခုပင် ဖြစ်လေသည်။

ရွှီပေါ်အန်းက ပြုံး၍ သူ၏ မိခင်ကို နှစ်သိမ့်လိုက်လေ၏။

"အမေ... အခု အမေ ပြောမှပဲ ကျွန်တော် သဘောပေါက်တော့တယ်...။ ဒါဆိုလည်း အဆင်ပြေပါတယ်ဗျာ..၊ ကျွန်တော်တို့ အားလုံးက သူငယ်ချင်းတွေပါ...။ စိတ်မပူပါနဲ့...။"

ထန်ရုံကျီမှာ သူမ၏ သားအပေါ် အတော်လေး ယုံကြည်မှုရှိသဖြင့် ရွှီပေါ်အန်း၏ စကားကို ကြားပြီးနောက် ထပ်မံ၍ မေးခွန်းများ မမေးတော့ချေ။ မိနစ်အနည်းငယ်ခန့် စကားပြောပြီးနောက် ဖုန်းချသွားခဲ့လေသည်။

ရွှီပေါ်အန်း မိခင်ဖြစ်သူနှင့် ဖုန်းပြောအပြီးတွင် ဖုန်းထပ်မြည်လာခဲ့ပြန်သည်။ လင်းရှန်းထံမှ ဖုန်းခေါ်ဆိုမှုပင် ဖြစ်လေ၏။

လူတွေပြောတာ မှန်ပေသည်။ မပြောဘဲ မနေနိုင်လောက်အောင်ပင်။ တစ္ဆေအကြောင်းပြောလျှင် တစ္ဆေရောက် လာတတ်သည် ဆိုသည့်အတိုင်း ဖြစ်နေ၏။

ရွှီပေါ်အန်းသည် အပြုံးဖြင့် ဖုန်းဖြေလိုက်လေသည်။

"ဟယ်လို... အစ်ကိုလင်း... ဒီနေ့ကိစ္စအတွက် အစ်ကို့ကို အများကြီး အကြွေးတင်သွားပြီ... ကျေးဇူးအများကြီး တင်ပါတယ်ဗျာ...။"

တစ်ဖက်မှ လင်းရှန်းက ရယ်မောကာ ပြောလိုက်လေ၏။

"ဟားဟား... ညီလေးပေါ်အန်း...၊ မင်းက သိပ်အားနာတတ်တာပဲ...၊ ငါတို့က ညီအစ်ကိုတွေပဲဟာ...။ ဒါလေးက အကူအညီ သေးသေးလေးပါကွာ...။ ပြီးတော့ မင်းပေးလိုက်တဲ့ အမူးပြေဆေးတွေက ငါ့အတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်...။ ငါကတောင် မင်းကို ကျေးဇူးတင်ရဦးမှာ...။"

ရွှီပေါ်အန်းက၊

"ဟားဟား... အစ်ကိုကတော့ သိပ်အားနာတာပဲဗျာ…။ အတူတူ ပိုက်ဆံရှာကြတာပေါ့...၊ နှစ်ဦးနှစ်ဖက် အကျိုး ရှိတာပါပဲ...။ ဒါပေမဲ့ ဒီနေ့ ကုမ္ပဏီမှာ ကိစ္စလေးတွေ ရှိနေလို့ အစ်ကိုလင်းနဲ့ အတူတူ ကောင်းကောင်း မသောက် လိုက်ရတာတော့ နှမြောစရာပဲ...။"

လင်းရှန်းက ညည်းညူလိုက်လေ၏။

"မင်းတို့ ခေါင်းဆောင်တွေက အမြဲတမ်း အလုပ်များနေကြတာပဲ...။ ငါတို့လို အသေးစား စီးပွားရေးသမား တွေလောက် ဘယ် သက်တောင့်သက်သာ ရှိပါ့မလဲ...။ ငါ့အမြင်ကို ပြောရရင် ညီလေး... မင်းဆီမှာ အမူးပြေ ဆေးလိုမျိုး ငွေတွင်းကြီး ရှိနေတာကို ဟို စူးထိုက် ဆိုတဲ့ ကောင်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဒုက္ခခံနေစရာ မလိုပါဘူးကွာ...။ စီးပွားရေးတစ်ခုခု လုပ်ရင် ပိုကောင်းမှာပေါ့...၊ ခုနကပဲ လောင်စူးကို ဖုန်းဆက်ပြီး နည်းနည်း ဆူလိုက်သေးတယ်...။ ဒီလောက် အရေးကြီးတဲ့ နေ့မှာတောင် မင်းကို တစ်ရက်လေး အနားမပေးဘူးလို့...။"

ရွှီပေါ်အန်းက ထိုအကြောင်းအရာကို ပြန်လည် မတုံ့ပြန်ခဲ့ပေ။ မည်သို့ပင်ဆိုစေ သူ၏ အလုပ်သည် သူကိုယ်တိုင် ရွေးချယ်မှု ဖြစ်ပြီး မိဘများကို ရှင်းပြရန်အတွက်လည်း ဖြစ်လေသည်။

အနည်းဆုံးတော့ ယခုအချိန်တွင် ရွှီပေါ်အန်းသည် အလုပ်ထွက်ရန် အစီအစဉ်မရှိဘဲ သူ၏ အလုပ်က ပေးစွမ်း သော ပျော်ရွှင်မှုကို ခံစားနေရဆဲ ဖြစ်သည်။

"ဟားဟား... ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုလင်း...။ ဒါနဲ့ ခုနကပဲ ကြားလိုက်တယ်...၊ ကျန်းကျိုးဘဏ် တုန်းကျန်းဘဏ်ခွဲက ဥက္ကဋ္ဌလျှိုက ကျွန်တော့် ညီလေးရဲ့ မင်္ဂလာဆောင်ကို လာပြီး စာအိတ်နီ အကြီးကြီး ပေးသွားတယ်ဆိုလို့...၊ ကျွန်တော် တကယ်ပဲ အားနာမိပါတယ်...။ အစ်ကို့အနေနဲ့ ဥက္ကဋ္ဌလျှိုနဲ့ မိတ်ဆက်ပေးနိုင်ရင် ကျွန်တော် ကိုယ်တိုင် ဧည့်ခံပွဲလေး လုပ်ပြီး ကျေးဇူးတင်ချင်လို့ပါ...။"

ဤစကားကို ကြားသောအခါ လင်းရှန်းမှာ အလွန် ဝမ်းသာသွားခဲ့လေ၏။

"ပြဿနာမရှိပါဘူး ပြဿနာမရှိပါဘူး...။ လောင်လျှိုက ငါ့ဘေးမှာတင် ရှိနေတာ...၊ သူ့ကိုယ်စား ငါ သဘောတူ လိုက်ပါတယ်ကွာ...။"

လင်းရှန်းသည် ပျော်ရွှင်စွာ ပြုံးရင်း လျှိုကျွင်းချိုင်ကို မျက်စိမှိတ်ပြလိုက်လေသည်။ သူ ရွှီပေါ်အန်းကို ဖုန်းဆက် ရခြင်း၏ အကြောင်းရင်းမှာ လျှိုကျွင်းချိုင်က ရွှီပေါ်အန်းကို ညစာကျွေးပြီး မိတ်ဆွေဖွဲ့ချင်သောကြောင့် ပင်ဖြစ် လေသည်။

ရည်ရွယ်ချက်မှာ အမူးပြေဆေး ရရှိရန်ပင် ဖြစ်လေ၏။

အစကတော့ လျှိုကျွင်းချိုင်သည် အမူးပြေဆေး လိုအပ်ချက်ကို ဖြေရှင်းရန် စူးဖုန်းကို ရှာဖွေလိုခဲ့ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် စူးချင်းတွင် အမူးပြေဆေး ပမာဏ ကန့်သတ်ချက် ရှိနေသဖြင့် လျှိုကျွင်းချိုင်ကို လင်းရှန်း ထံသို့ အကြံပြုခဲ့လေသည်။ ပထမအချက်မှာ သူတို့ သုံးဦးစလုံး တစ်ဦးကိုတစ်ဦး သိကျွမ်းကြပြီး ဒုတိယ အချက်မှာ လင်းရှန်း ကိုယ်တိုင်က ရွှီပေါ်အန်းနှင့် ပူးပေါင်းကာ အမူးပြေဆေး ရောင်းချလိုကြောင်း ထုတ်ဖော် ပြောဆိုထားသောကြောင့် ဖြစ်ချေသည်။ သူတို့အားလုံးမှာ ညီအစ်ကိုများ ဖြစ်ကြသဖြင့် စူးချင်းကလည်း သဘာဝကျကျပင် ထောက်ခံရမည် ဖြစ်လေ၏။

ဤ ယွမ်တစ်သောင်းတန် စာအိတ်နီကို ခြေကုပ်ယူစရာ အရာတစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။

အမူးပြေဆေးသည် လျှိုကျွင်းချိုင်၏ အမြင်တွင် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင် ဖြစ်လေ၏။

သူ၏ ရာထူးတိုးတက်ရေးနှင့် အပ်ငွေစုဆောင်းရေး ရည်မှန်းချက်များနှင့် နှိုင်းယှဉ်လျှင် ယွမ်တစ်သောင်း ဆိုသည် မှာ ဘာမျှမဟုတ်ချေ။

အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ် ပြောဆိုပြီးနောက် ရွှီပေါ်အန်းသည် ဖုန်းချလိုက်ကာ ဘွန်ဆိုင်းကို ခေါ်ယူလိုက်လေသည်။

ဘွန်ဆိုင်းကမ္ဘာငယ်လေးထဲတွင်မူ စည်ကားသိုက်မြိုက်သော လေထုတစ်ခု ရှိနေခဲ့လေ၏။ ရွှီပေါ်အန်း ငုံ့ကြည့် လိုက်ရာ ခေါင်ရှန်းရွာမှ ရွာသားများသည် တူလို မြေနံရံအိမ်ရာ အလယ်တွင် အတူတကွ ပျော်ရွှင်စွာ စုဝေး၍ အစာစားနေကြသည်ကို တွေ့လိုက်ရလေသည်။

ချက်ပြုတ်ရန် မီးဖိုကြီး ငါးခုကို တန်းစီ တည်ထားလေ၏။

သဲဟင်းသီးဟင်းရွက်များ ချက်ပြုတ်ခြင်း၊ ဟင်းချို ချက်ခြင်းနှင့် ခေါက်ဆွဲပြုတ်ခြင်း အသံများက ပျော်ရွှင်ဖွယ် ရာ ဆူညံသံများအဖြစ် လေထုထဲတွင် ပျံ့နှံ့နေခဲ့သည်။

"လီချိန်းရှီ...ဖ။ မင်းတို့အားလုံး ဘာတွေ အလုပ်များနေကြတာလဲ...။"

ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ၏။

မီးဖိုဘေးတွင် ထင်းခွဲနေသော လီချိန်းရှီက အလျင်အမြန် ပြန်လည်ဖြေကြားလေသည်။

"တောင်စောင့်နတ်မင်းကြီးကို အစီရင်ခံပါတယ်...။ အဒေါ်ကွေ့ဖန်းတို့က မိဘအိမ်ကနေ ပြန်ရောက်လာကြပါပြီ... ။ ခေါင်ရှန်းရွာကနေ ပြောင်းရွှေ့သွားကြတဲ့ ရွာသား တော်တော်များများကိုလည်း ခေါ်လာခဲ့ကြပါတယ်...။ ကျွန်တော်တို့ တိုင်ပင်ပြီး အတူတကွ စုဝေးပျော်ရွှင်ကြဖို့ ဆုံးဖြတ်လိုက်ကြတာပါ...။”

“ပထမအချက်ကတော့ ဇာတိရွာကို ပြန်ရောက်လာကြတဲ့ လူတိုင်းကို ကြိုဆိုဖို့ပါ...။ ဒုတိယအချက်ကတော့ မီးလောင်သွားတဲ့ တောင်စောင့်နတ်မင်း နတ်ကွန်းကို ပြန်လည်ပြုပြင်ဖို့အတွက် အင်အားရှိတဲ့ လူငယ်တွေ အများကြီး ရှိနေတဲ့ အခွင့်အရေးကို အသုံးချဖို့ပါပဲ...။"

ရွှီပေါ်အန်းက သေချာစွာ လေ့လာကြည့်လိုက်ရာ ရွာထဲတွင် လူများ အမှန်တကယ် ပိုများလာကြောင်း သတိပြုမိ သွားခဲ့လေသည်။

တောင်စောင့်နတ်မင်း နတ်ကွန်း ပတ်ဝန်းကျင်တွင်လည်း လူများဖြင့် စည်ကားနေပြီး သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခု ဖြစ်နေလျက်ရှိပေသည်။

ဤသည်မှာ ကောင်းသော ကိစ္စပင် ဖြစ်လေသည်။ ရွာကလေး ဖွံ့ဖြိုးတိုးတက်ပြီး ကြီးထွားလာခြင်းက အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုသူ အရေအတွက်ကို ပိုမို တိုးပွားလာစေနိုင်ပေသည်။

ထောက်ပံ့ရေးပစ္စည်းများ သုံးစွဲမှုအတွက်ကမူ ပြဿနာ မဟုတ်ချေ။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ပေါက်စီတစ်လုံးသည် ဤလူပုလေးများကို အကြိမ်များစွာ ကျွေးမွေးနိုင်ပြီး အသင့်စားခေါက်ဆွဲ တစ်ထုပ်သည် ၎င်းတို့ကို တစ်ပတ်ခန့် ကျွေးမွေးနိုင်ပေသည်။

သူ၏ လက်ရှိ ပိုင်ဆိုင်မှုအရဆိုလျှင် ဘွန်ဆိုင်းကို ပိုင်ဆိုင်ထားသော ကမ္ဘာပေါ်ရှိ လူပေါင်း သိန်းနှင့်ချီ သို့မဟုတ် သန်းနှင့်ချီ၍ပင် သူ ထောက်ပံ့ပေးနိုင်စွမ်း ရှိလေသည်။

မည်သို့ပင်ဆိုစေ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများအရ အပြန်အလှန် အကျိုးရှိပြီး နှစ်ဦးနှစ်ဖက် အနိုင်ရစေမည့် ရလဒ်များအတွက် ဆိုလျှင် ဤမျှ အနစ်နာခံမှုလေးက ဘာများဖြစ်မည်နည်း။

ထို့အပြင် ခေါင်ရှန်းရွာမှ ရွာသားများသည် အတော်လေး အလုပ်ကြိုးစားကြပေသည်။ အချို့သော ရွာသားများ သည် တောင်နံရံဘေးရှိ မြေကွက်ကျယ်ကြီးကို စိုက်ပျိုးထားပြီးဖြစ်ကြောင်း ရွှီပေါ်အန်း သတိပြုမိခဲ့သော်လည်း သူတို့ မည်သည့် သီးနှံများ စိုက်ပျိုးရန် စီစဉ်ထားကြောင်းကိုမူ သူ မသိရှိခဲ့ချေ။

ဝမ်ကွေ့ဖန်း ဟင်းသီးဟင်းရွက်များ ဆေးကြောနေသည်ကို ရွှီပေါ်အန်း တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရပြီး တစ်စုံ တစ်ရာကို ရုတ်တရက် တွေးမိသွားသဖြင့် မေးလိုက်လေ၏။

"ဝမ်ကွေ့ဖန်း... မင်း မိဘအိမ်ကို ပြန်သွားတုန်းက မင်းတို့ရွာက တောင်စောင့်နတ်မင်းနဲ့ မြေစောင့်နတ် နတ်ကွန်း ကို သွားပြီး ရှိခိုးပူဇော်တာတွေ လုပ်ခဲ့သေးလား...။"

ဤစကားကို ကြားသောအခါ တခြားနတ်များကို ကိုးကွယ်ပြီး မိမိတို့၏ တောင်စောင့်နတ်မင်းအပေါ် သစ္စာမရှိဟု ဆိုကာ တောင်စောင့်နတ်မင်းက သူမကို ဆူပူကြိမ်းမောင်းတော့မည်ဟု ဝမ်ကွေ့ဖန်း ထင်မှတ်သွားခဲ့လေသည်။ သူမမှာ အလွန် ထိတ်လန့်သွားပြီး မြေကြီးပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်လေ၏။

"တောင်စောင့်နတ်မင်းကြီး... ကျွန်တော်မျိုးမမှာ တခြား ရည်ရွယ်ချက် မရှိပါဘူး...၊ လမ်းကြုံလို့ ဝင်သွားတာ ပါ...။ ပြီးတော့ အရှင်မင်းကြီးက တန်ခိုးပြခဲ့တော့ ကျွန်တော်မျိုးမရဲ့ မိဘအိမ်က မြေစောင့်နတ် နတ်ကွန်းကရော တန်ခိုးပြပြီး လူတိုင်းကို ကူညီပေးနိုင်မလားလို့ တွေးမိလို့ပါ...။"

ဤစကားကို ကြားသောအခါ ဟုန်ယာရွာရှိ တောင်စောင့်နတ်မင်းနှင့် မြေစောင့်နတ် နတ်ကွန်းခွဲတစ်ခုသို့ ပထမ ဆုံးအကြိမ် ဆင်းသက်လာစဉ်က သူကြားခဲ့ရသော အသံမှာ ဝမ်ကွေ့ဖန်းနှင့် အခြားသူတစ်ဦး စကားပြောနေသည့် အသံဖြစ်ကြောင်း ရွှီပေါ်အန်း အတည်ပြုနိုင်ခဲ့လေသည်။

နတ်ကွန်းခွဲကို အသက်သွင်းခဲ့သူမှာ အမှန်တကယ်ပင် ဝမ်ကွေ့ဖန်း ဖြစ်ပုံရလေ၏။

ဆိုလိုသည်မှာ ခေါင်ရှန်းရွာမှ ရွာသားများသည် အပြင်ထွက်သောအခါ အခြားသူများ၏ နတ်ကွန်းများတွင် ရှိခိုး ပူဇော်သရွေ့ သူတို့၏ ကိုယ်ပိုင် နတ်ကွန်းခွဲအသစ်များကို အသက်သွင်းနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်မည်လား။

သူ၏ ကိုယ်ပိုင် ကောက်ချက်ချမှုကြောင့် ရွှီပေါ်အန်းပင် အံ့အားသင့်သွားခဲ့ရလေသည်။ ထိုသို့သာဆိုလျှင် လူမြင်ကွင်းသို့ ထွက်ပေါ်လာနိုင်သည့် သူ၏ တန်ခိုးစွမ်းအားများသည် နေရာပိုများများသို့ပင် လွှမ်းခြုံနိုင်မည် မဟုတ်ပါလား။ တောင်စောင့်နတ်မင်း နတ်ကွန်း ရှိနေသည့် နေရာတိုင်းတွင် အသက်သွင်းပြီးသည်နှင့် သူ့ကို ဆင့်ခေါ်နိုင်မည် မဟုတ်ပါလား။

သို့သော် နတ်ကွန်းခွဲမှ ယူဆောင်လာမည့် မရေမတွက်နိုင်သော ပြဿနာများကို စဉ်းစားမိသောအခါ ခေါင်ရှန်း ရွာမှ ရွာသားများကို အပြင်ထွက်၍ နတ်ကွန်းခွဲများ ဖွံ့ဖြိုးလာစေရန် ဆက်လက် တိုက်တွန်းလိုစိတ် ရွှီပေါ်အန်း တွင် မရှိတော့ချေ။ မည်သို့ပင်ဆိုစေ ၎င်းမှာ လွန်စွာ ပင်ပန်းပြီး သူ အားလုံးကို မကိုင်တွယ်နိုင်သောကြောင့်ပင် ဖြစ်သည်။

ရွှီပေါ်အန်းက ညင်သာစွာ ပြောလိုက်လေသည်။

"ရပါတယ်... တောင်စောင့်နတ်မင်းနဲ့ မြေစောင့်နတ်ဆိုတာ တစ်မိသားစုတည်းပါပဲ...။ မကြောက်ပါနဲ့... ငါက ဒီတိုင်း သက်သက် မေးကြည့်တာပါ...။ မြန်မြန် ထလိုက်ပါဦး...။"

ဝမ်ကွေ့ဖန်းက တီးတိုး ရေရွတ်လိုက်လေသည်။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက သနားကြင်နာတတ်လိုက်တာ...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးမှာ အဆုံးအစမရှိတဲ့ တန်ခိုးတွေ ရှိတယ်...။ ကျွန်တော်မျိုးမ ဒီလောက် ဝေးတဲ့နေရာမှာ ရှိနေတာတောင် တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက မိဘအိမ်ကို ပြန်သွားတုန်းက ဘာတွေလုပ်ခဲ့တယ်ဆိုတာကို သိနေသေး တာပဲ...။"

ဤစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ တိတ်ဆိတ်သွားပြီး တကယ်ကိုပင် အပြစ်မကင်းသလို ခံစားလိုက် ရလေသည်။ နတ်ကွန်းခွဲတွင် သူ၏ လှုပ်ရှားမှုများမှာ ထိုနတ်ကွန်းအတွင်းရှိ ဧရိယာငယ်လေး အတွင်း၌သာ ကန့်သတ်ထားခြင်း ဖြစ်ပေသည်။

တောင်စောင့်နတ်မင်းက သူမကို အပြစ်မတင်သည်ကို မြင်သောအခါ ဝမ်ကွေ့ဖန်းသည် မတ်တတ်ရပ်ကာ တောင်စောင့်နတ်မင်းကို ကျေးဇူးတင်စကားဆိုပြီးနောက် သူမ၏ အလုပ်ကို ဆက်လုပ်လေတော့သည်။

ထိုစဉ် ယခုမှ ပြန်ရောက်လာသော ရွာသားအချို့သည် အချင်းချင်း တီးတိုး ပြောဆိုနေကြလေ၏။

"ခုနက အဒေါ်ကွေ့ဖန်းနဲ့ လီချိန်းရှီတို့ ဘာဖြစ်သွားတာလဲ...။ ရုတ်တရက်ကြီး ဒူးထောက်ချလိုက်ကြတယ်...၊ ထူးဆန်းတယ်နော်...။"

"လျှောက်မပြောနဲ့လေ...။ နင်တို့ ထွက်သွားတာ ကြာပြီဆိုတော့ မသိတာ ပုံမှန်ပါပဲ...။ ဒါက သေချာပေါက် တောင်စောင့်နတ်မင်းကြီးက သူတို့ကို သီးသန့် စကားပြောနေတာ နေမှာပေါ့...။"

"တကယ်ပဲ တန်ခိုးပြတာလား...။ နတ်ဘုရားတွေက ဘယ်လိုပုံစံမျိုး ရှိတာလဲ...."

"ငါလည်း မသိဘူးလေ...၊ ဒါပေမဲ့ တောင်စောင့်နတ်မင်း နတ်ကွန်းကို သွားကြည့်လို့ ရပါတယ်...။ ကျောက်တုံး လေး ပြောတာကတော့ တောင်စောင့်နတ်မင်း ပထမဆုံးအကြိမ် တန်ခိုးပြတာက သူ နတ်ကွန်းမှာ သွားပြီး ဆုတောင်းခဲ့လို့တဲ့...။"

"တောင်စောင့်နတ်မင်းရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ဆိုရင် ငါတို့ ဇာတိရွာကနေ ထွက်သွားစရာ မလိုတော့ဘူး ပေါ့...။"

ဤချောင်လည်သော ရွာသားများ ဇာတိရွာမှ ထွက်ခွာခြင်းအကြောင်း စကားပြောနေကြသည်ကို နားထောင်ရင်း ရှန်းယန်ခရိုင် အကြီးအကဲဖြစ်သူ ယန်ရှိုယီကို ရွှီပေါ်အန်း ရုတ်တရက် သတိရသွားခဲ့လေသည်။

သူသည် ရှန်းယန်မှ ရဲစွမ်းသတ္တိရှိသော လူငယ်တစ်စုကို ဦးဆောင်ကာ အိမ်များကို စွန့်ခွာပြီး ပုန်ကန်မှုကို နှိမ်နင်း ရန် တောင်များကို ဖြတ်ကျော်သွားခဲ့ရာ ယခု အခြေအနေ မည်သို့ ရှိနေမည်ကို သိချင်မိလေ၏။

တစ်ချိန်တည်းမှာပင် အရှိန်အဟုန်ဖြင့် ချီတက်နေသော ယန်ရှိုယီသည် ရုတ်တရက် အသံကျယ်လောင်စွာ နှာချေ လိုက်လေသည်။

ထို့နောက် သူသည် နှာခေါင်းကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်လေ၏။

"နတ်ဘုရားတွေဆီက ပစ္စည်းတွေက တကယ်ကို သာမန်မဟုတ်ဘူးပဲ...။ တောင်စောင့်နတ်မင်းကြီး ပေးသနား ထားတဲ့ ဒီခြင်ပြေးဆေးက အရမ်း ပြင်းလွန်းတော့ ဟိုခြင်ကောင်လေးတွေဆိုတာ ထားလိုက်ဦး အနံ့ရှူလိုက်တာ နဲ့တင် ငါတောင် ခေါင်းမူးသွားတယ်...။"

သူ၏ဘေးရှိ ယုံကြည်ရသော နောက်လိုက်က ရယ်မောကာ ပြောလိုက်လေသည်။

"တပ်မှူး... ရှေ့မှာက ခြင်ပေါတဲ့ ရွှံ့ညွန်တော ရှိတယ်...။ ညီအစ်ကိုတွေကို တောင်စောင့်နတ်မင်းကြီး ပေးသနား ထားတဲ့ ခြင်ပြေးဆေးတွေ မြန်မြန် လိမ်းထားဖို့ ပြောလိုက်ရမလား...။"

ယန်ပါကျုံးက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။

"အေး အေး... ပြီးတော့ တောင်စောင့်နတ်မင်းကြီး ပေးသနားထားတဲ့ ခြင်ပြေးအဆောင်တွေကိုလည်း အကုန် ကပ်ထားကြ...။ ညီကိုတွေ ဒုက္ခမရောက်ရအောင် လုံခြုံရေးက အရေးကြီးတယ်လေ...။"

အကယ်၍ ယန်ရှိုယီနှင့် အခြားသူများက သူတို့၏ ခြင်ပြေးကပ်ခွာများကို "ခြင်ပြေးအဆောင်" ဟု အမည်ပေး ထားကြောင်းကို ရွှီပေါ်အန်းသာ ကြားလိုက်ရလျှင် အချိန်အတော်ကြာအောင် ရယ်မောနေမည်မှာ သေချာလှ ပေသည်။

မကြာမီတွင် ယန်သည် သူ၏အဖွဲ့ကို ဦးဆောင်ကာ ရွှံ့ညွန်တော ဧရိယာအတွင်းသို့ ဝင်ရောက်သွားလေသည်။

ဤနယ်မြေတွင် ရှေ့ဆက်သွားနိုင်ရန်အတွက် ရှေ့ပြေးတပ်ဖွဲ့သည် တုတ်များ၊ ကျောက်ခဲများနှင့် အခြား ကိရိယာ များကို အသုံးပြု၍ လမ်းကြောင်းရှာဖွေရန် လိုအပ်ပြီး ရွှံ့ညွန်ထဲ မကျွံဝင်စေရန် လူများက လက်ချင်းချိတ်ထား ကြရလေ၏။

ကောင်းကင်ယံ တစ်ခွင်လုံးတွင် ခြင်များ အုံခဲနေပြီး ၎င်းတို့၏ သေးငယ်သော တဝီဝီမြည်သံများက ဤနေရာ တွင် လျှို့ဝှက်သော မိုးခြိမ်းသံနှင့်ပင် တူနေလေတော့သည်။

ခြင်များ အလွန်အမင်း များပြားလွန်းလှပေသည်။ ဤသည်မှာ အရေအတွက် ပြောင်းလဲမှုမှ အရည်အသွေး ပြောင်းလဲမှုသို့ ဦးတည်သွားခြင်း၏ ရလဒ်ပင် ဖြစ်လေ၏။

ပုံမှန်အားဖြင့် ဤနေရာကို ဖြတ်သန်းသွားသော လူများသည် သူတို့၏ ခြေချရာနေရာကိုသာ အာရုံစိုက်လွန်း သဖြင့် အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်ကြချေ။ ၎င်းတို့သည် ခြင်များ၏ အနှောင့်အယှက်ပေးခြင်းကို မလွဲမသွေ ခံရပြီး ကံမကောင်းလျှင် အဆိပ်သင့်ခြင်းမျိုးပင် ဖြစ်နိုင်ပေသည်။

ဤတစ်ကြိမ်တွင် လူများက ခြင်များ ပြည့်နှက်နေသော ဧရိယာအတွင်းသို့ သတိထား၍ ဝင်ရောက်လာသောအခါ ခြင်များသည် သူတို့ မနှစ်သက်သော သို့မဟုတ် ကြောက်ရွံ့သော အရာတစ်ခုခုနှင့် တွေ့ကြုံလိုက်ရသည့်အလား အဝေးသို့ ပျံသန်းသွားကြသည်ကို တွေ့လိုက်ရလေသည်။

ဤခြင်များသည် မွေးဖွားချိန်မှစ၍ ကြီးပြင်းလာသည်အထိ ဤရွှံ့ညွန်တောတွင် နေထိုင်ခဲ့ကြသော သဘာဝစစ် စစ် ခြင်များပင် ဖြစ်လေ၏။

ဤဘွန်ဆိုင်းကမ္ဘာတွင် ၎င်းတို့သည် နည်းပညာနှင့် ကြိုးစားအားထုတ်မှု ပေါင်းစပ်ထုတ်လုပ်ထားသော ခြင်ပြေး ဆေးများ၊ ပန်းရနံ့ရေမွှေးများ သို့မဟုတ် ခြင်ပြေးကပ်ခွာများ၏ အနှောင့်အယှက်ပေးခြင်းကို ဘယ်သောအခါမှ မခံခဲ့ရဖူးချေ။ ထို့ကြောင့် ၎င်းတို့တွင် ပဋိပစ္စည်းများ မရှိသကဲ့သို့ ခုခံနိုင်စွမ်းလည်း လုံးဝ မရှိကြပေ။

ဤခြင်များသည် အနံ့နှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် အလိုအလျောက်ပင် အဝေးသို့ ရှောင်ဖယ်သွားကြ လေသည်။ ဤသည်မှာ အကျိုးရှိမှုကို ရှာဖွေပြီး အန္တရာယ်ကို ရှောင်ရှားတတ်သော သက်ရှိများ၏ မွေးရာပါ အခြေအနေပေး တုံ့ပြန်မှုတစ်ခုပင် ဖြစ်၏။

ရလဒ်အနေဖြင့် ရွှံ့ညွန်တောတွင် အလွန် ရှားပါးပြီး မှော်ဆန်သော မြင်ကွင်းတစ်ခု ဖန်တီးဖြစ်ပေါ်လာခဲ့လေ သည်။ ပတ်ဝန်းကျင် တစ်ဝိုက်တွင် ခြင်များ အုံခဲနေသော်လည်း ရှန်းယန် အကြီးအကဲ၏ အဖွဲ့ ပတ်လည်တွင်မူ ခြင်ကိုက်ခံရခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း တစ်စုံတစ်ရာမရှိဘဲ သန့်ရှင်းသပ်ရပ်နေပြီး အလွန်ပင် မယုံနိုင်စရာ ကောင်းလှပေသည်။

အဝေးမှ ကြည့်လျှင် အနက်ရောင် မြူခိုးများကြားတွင် ပေါ်ထွက်လာသော တောက်ပပြီး ခြင်ကင်းစင်သည့် လမ်းကြောင်းတစ်ခု သို့မဟုတ် မှိုင်းညို့နေသော တောင်ကြားကို ဖြတ်သန်းသွားသည့် ရှည်လျားသောနဂါးကြီး တစ်ကောင် နှင့်ပင် တူနေလေတော့သည်။

လူတိုင်းသည် ထူးဆန်းသော မြင်ကွင်းကို လိုက်လံကြည့်ရှုရန် အာရုံများလွန်းနေသဖြင့် အဖွဲ့၏ အနောက်ဘက် မလှမ်းမကမ်း ကောင်းကင်ယံမှ တိတ်ဆိတ်စွာ ဖြတ်သန်းသွားသော ဧရာမ အရိပ်မည်းကြီးတစ်ခုကိုမူ မည်သူ ကမျှ သတိမထားမိခဲ့လိုက်ကြချေ။

အခန်း (၁၁၆)

စိမ့်တောထဲမှ ဘေးအန္တရာယ်

တပ်ဖွဲ့ဝင်များ စိမ့်တောထဲမှ ထွက်ခွာလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ယန်ရှိုယီသည် နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားခဲ့လေ၏။

တောင်စောင့်နတ်မင်းကြီး ပေးသနားတော်မူသော နတ်ပစ္စည်းများသည် အလွန်ပင် ထိရောက်မှုရှိသော်ငြားလည်း ဤစိမ့်တောပတ်ဝန်းကျင်၌ အခြားသော မထင်မှတ်ထားသည့် အခြေအနေများ မဖြစ်ပေါ်လာနိုင်ဟု မည်သူကမျှ အာမမခံနိုင်ပေ။

ယန်ရှိုယီ တစ်ယောက်တည်းသာမက တပ်ဖွဲ့ထဲရှိ လူတိုင်းသည်လည်း များစွာ စိတ်သက်သာရာ ရသွားခဲ့ကြ လေသည်။ ရှန်းယန်တပ်ဖွဲ့မှ ညီနောင်များအားလုံးက နတ်ဘုရားများ၏ ပစ္စည်းများသည် အမှန်တကယ်ပင် ထူးခြားဆန်းကြယ်လှပေသည်ဟု သက်ပြင်းချကာ ချီးမွမ်းနေခဲ့ကြ၏။

“နတ်မင်းဘိုးဘိုးကြီးရဲ့ ပစ္စည်းတွေက တကယ်ကို ကွာခြားတာပဲ...။ ဒီခြင်တွေ လူတွေဆီကနေ ဒီလောက်ဝေးဝေး ကို ပျံသွားတာ ငါအခုမှပဲ မြင်ဖူးတော့တယ်...။”

“ဟုတ်တယ်...၊ မြို့ပေါ်က ဆေးခန်းတွေမှာရောင်းတဲ့ ဈေးကြီးတဲ့ ခြင်ဆေးတွေတောင် ဒီလောက် မထိရောက် ဘူး...။”

“ဒီနတ်မင်းဘိုးဘိုးကြီးက အရမ်းကို တန်ခိုးထက်မြက်တာဆိုတော့ ငါတို့ကို ဓားတွေ လှံတွေ မတိုးနိုင်တဲ့ ပစ္စည်း တစ်ခုခုများ တောင်းလို့ရနိုင်မလား မသိဘူး...။”

“မင်း အိပ်မက်မက်နေတာလား...၊ ဓားတွေ လှံတွေ မတိုးဘူးဆိုရင် မင်းက နတ်ဘုရား ဖြစ်နေပြီပေါ့...။ အဲဒါ ဖြစ်နိုင်မယ်လို့ မင်းထင်နေတာလား...။”

စစ်သည်များ ချီတက်နေချိန်တွင် ယေဘုယျအားဖြင့် စကားပြောဆိုခွင့် မရှိကြချေ။

သို့သော်ငြားလည်း ဤမျှ စိတ်ပျက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်မျိုးတွင် လူအချင်းချင်း ရင်ဖွင့်ပြောဆိုခြင်းက သူတို့၏ ကြောက်ရွံ့မှုများကို လျော့ပါးစေရန် အထောက်အကူ ပြုလေသည်။

တပ်ခေါင်းဆောင်တစ်ဦးအနေဖြင့် ယန်ရှိုယီသည် သူ၏ ညီနောင်များ စကားပြောဆိုနေခြင်းကို မတားဆီးခဲ့ပေ။

လူအုပ်၏ အသံများသည် တဖြည်းဖြည်း ကျယ်လောင်လာခဲ့လေ၏။

သူတို့၏ အနောက်ဘက် မလှမ်းမကမ်းရှိ ကောင်းကင်ယံမှ ဧရာမ အမည်းရောင် အရိပ်ကြီးတစ်ခု တဖြည်းဖြည်း နီးကပ်လာနေသည်ကိုတော့ မည်သူမျှ လုံးဝ သတိမထားမိခဲ့ကြချေ။

တပ်ဖွဲ့၏ နောက်ချန်တပ်စုငယ်လေးတစ်ခုအတွင်းမှ ချီတက်လာသော စစ်သည်တစ်ဦးသည် ဗိုက်ကိုဖက်ကာ ဖြူဖျော့နေသော မျက်နှာဖြင့် လျှောက်လှမ်းလာခဲ့လေသည်။

အချိန်အနည်းငယ် လျှောက်လာပြီးနောက် သူသည် နောက်ဆုံးတွင် ဆက်၍ သည်းမခံနိုင်တော့ဘဲ တုန်ယင်နေ သော အသံဖြင့် အခွင့်တောင်းလိုက်လေ၏။

“ခေါင်းဆောင်...၊ ကျွန်တော် အလေး သွားချင်လို့ပါ...။”

သူ၏ဘေးတွင် လျှောက်လာသော တပ်စုမှူးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်း ကာ ပြောလိုက်လေသည်။

“သည်းခံထားလိုက်စမ်းပါ...။ ငါတို့ မကြာခင် အပြင်ရောက်တော့မှာပါ...၊ ဒီနေရာက ကြက်သီးထဖွယ် ကောင်း လောက်အောင် တိတ်ဆိတ်လွန်းတယ်...။ ငါတို့ အတူတူနေတာက ပိုပြီး လုံခြုံလိမ့်မယ်...။”

“ကျွန်တော် ဆက်ပြီး သည်းမခံနိုင်တော့ဘူး ခေါင်းဆောင်... ။ဗိုက်က အရမ်းနာနေပြီ...၊ ဘောင်းဘီထဲ ထွက်ကျ တော့မယ်...။”

ထိုသူသည် ခါးကိုကိုင်းထားပြီး သူ၏ နဖူးပေါ်မှ ချွေးသီးချွေးပေါက်ကြီးများ စီးကျနေခဲ့လေ၏။

တပ်စုမှူးသည် အကူအညီမဲ့စွာဖြင့် လက်ကာပြလိုက်ပြီး ပြောလိုက်လေသည်။

“သွား သွား...။ ဒါပေမယ့် သတိထားဦး...၊ နိုးနိုးကြားကြားရှိပြီး ခြင်တစ်ကောင်ကောင်ကို တွေ့တာနဲ့ တပ်စုဆီ ချက်ချင်း ပြန်ပြေးလာခဲ့...။”

တောင်စောင့်နတ်မင်းကြီး ပေးသနားတော်မူခဲ့သော ခြင်ပြေးအဆောင်နှင့် ဆေးဝါးတို့သည် အံ့မခန်း ထိရောက်မှု ရှိသော်လည်း လူတစ်ဦးတည်း၏ သက်ရောက်မှုသည် လူတစ်စုလုံး၏ စုပေါင်းသက်ရောက်မှုနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

“ဟုတ်ကဲ့ပါ... စိတ်မပူပါနဲ့...။ တောင်စောင့်နတ်မင်းကြီးရဲ့ ခြင်ပြေးအဆောင် ရှိနေမှတော့ အရာအားလုံး အဆင်ပြေသွားမှာပါ...။”

ပြောရင်းဆိုရင်းပင် ထိုသူသည် သူ၏ကိုယ်ပေါ်တွင် ကပ်ထားသော ခြင်ပြေးဆေးခွာကို ယုံကြည်မှုရှိစွာဖြင့် ပုတ်ပြလိုက်လေ၏။

တစ်စုံတစ်ယောက်က စတင်လိုက်သည်နှင့် အခြားသူများကလည်း ချက်ချင်း လိုက်လုပ်တတ်ကြလေသည်။ ၎င်းမှာ အတန်းထဲတွင် သို့မဟုတ် အစည်းအဝေးတစ်ခုတွင် တစ်စုံတစ်ယောက်က အိမ်သာသွားရန် အကြံပြု လိုက်သည်နှင့် အခြားသူများကလည်း ချက်ချင်း လိုက်သွားတတ်ကြသည့် အတိုင်းပင် ဖြစ်၏။ ဤသည်ကို အုပ်စုလိုက် စိတ်ဓာတ်ဟု ခေါ်ဆိုကြလေသည်။

မကြာမီမှာပင် ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် လူများကလည်း အပေါ့အလေး သွားရောက်ရန် လိုအပ် ကြောင်း အသီးသီး တောင်းဆိုလာကြလေတော့သည်။

သူတို့ စိမ့်တောထဲမှ ထွက်ခွာတော့မည် ဖြစ်ရာ ခြင်အရေအတွက်လည်း လျော့နည်းသွားခဲ့ပြီး လူများ၏ နိုးကြားမှု သည်လည်း လျော့ကျလာခဲ့လေ၏။

ပထမဆုံး ထွက်သွားသော စစ်သည်သည် သူ၏ အောင့်အီးထားရမှုများကို အပြည့်အဝ ဖြေလျှော့လိုက်လေပြီ။ သူက ကျေနပ်စွာ သက်ပြင်းချလိုက်ပြီး နှာခေါင်းကိုပိတ်ကာ မတ်တတ်ရပ်လိုက်လေသည်။ သူ၏ ဘောင်းဘီကို ကြယ်သီးတပ်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ အနောက်ဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရလေ၏။

နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သည့် ထိုစစ်သည်သည် သတိကြီး စွာဖြင့် ရှေ့သို့ လိမ့်ဆင်းလိုက်လေသည်။ သူ၏ဘေးရှိ လှံကို မလှမ်းယူနိုင်မီ သူသည် အလိုအလျောက်ပင် ခါးရှိ ဓားတိုကို ဆွဲထုတ်လိုက်ပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ချိန်တွင် သူ၏ရှေ့ရှိ မြင်ကွင်းကြောင့် ချက်ချင်းပင် အံ့အားသင့်သွားခဲ့ရလေတော့သည်။

မည်မျှ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီး ဖြစ်နေပါသနည်း။ ၎င်းသည် ဧရာမလင်းယုန်ကြီး တစ်ကောင်ခန့် အရွယ်အစားရှိသော ကိုယ်လုံးကြီးရှိပြီး ကြောက်မက်ဖွယ်ကောင်းသော ခေါင်းပေါ်တွင် သူ၏ ဓားတိုထက်ပင် ပိုရှည်သော အပ်ချွန်နှင့်တူသည့် အရာတစ်ခု ရှိနေကာ ထိပ်ဖျားမှာ သူ၏လှံထက်ပင် ပိုမို ထက်မြက်နေလေသည်။

၎င်း၏ ဧရာမ ကိုယ်လုံးကြီးသည် လေထဲတွင် ရပ်တန့်နေပြီး ဖောက်ထွင်းမြင်ရသော အတောင်ပံများကို လျင်မြန် စွာ ခတ်နေသဖြင့် ဘေးရှိ သစ်ကိုင်းများကိုပင် ကွေးညွတ်သွားစေသော လေပြင်းများကို ဖန်တီးနေကာ စစ်သည် များ၏ မျက်လုံးများမှာ လေတိုက်မှုကြောင့် ကန်းလုမတတ် ဖြစ်သွားရလေ၏။

ထိုစစ်သည်မှာ သူ၏ မျက်လုံးများ ခြောက်သွေ့ကာ သည်းမခံနိုင်တော့သဖြင့် သက်သာစေရန်အတွက် ခေတ္တမျှ မှိတ်လိုက်လေသည်။ ထိုအချိန်လေးအတွင်းမှာပင် သူ၏ ဝမ်းဗိုက်ထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးသို့ စူးရှကျဉ်တက်သွားသော ခံစားမှုတစ်ခု ပျံ့နှံ့သွားလေ၏။ သူ၏ စိတ်အာရုံများပင် ထိုင်းမှိုင်းကာ ရှုပ်ထွေးသွားပြီး လုံးဝ စဉ်းစားတွေးတော၍ မရတော့သကဲ့သို့ ခံစားလိုက်ရလေတော့သည်။

သူ အလိုအလျောက် အောက်သို့ ငုံ့ကြည့်လိုက်ရာ သားရဲကြီး၏ အစွယ်ထိပ်ဖျားသည် သူ၏ ဝမ်းဗိုက်ကို ဖောက် ဝင်နေပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရလေသည်။ အရာအားလုံးသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပေသည်။

*ဘုရားရေ...ဒီအရာက ဘာကြီးလဲ...။*

ဤသည်မှာ ထိုစစ်သည်၏ နောက်ဆုံး တွေးတောမှုပင် ဖြစ်လေတော့၏။

ချီတက်လာသော တပ်ဖွဲ့သည် အတန်အသင့် ခရီးရောက်နေပြီ ဖြစ်ပြီး သူ၏ စစ်သည်များ တပ်ဖွဲ့ထဲသို့ ပြန်မလာ သေးသည်ကို မြင်သောအခါ နောက်ချန်တပ်စုမှူးသည် တဖြည်းဖြည်း စိတ်မအေးဖြစ်လာခဲ့လေသည်။

“ဟေ့... လူနည်းနည်း ခေါ်သွားပြီး အိမ်သာသွားတဲ့ ကောင်တွေကို သွားကြည့်စမ်း...။ ဘာလို့ တပ်ဖွဲ့ထဲ ပြန်မလာ ကြသေးတာလဲ...။”

သူ စကားပြော၍ပင် မဆုံးသေးမီ မလှမ်းမကမ်းမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

“ကယ်ကြပါဦး... ကယ်ကြပါဦး...။”

လူတိုင်းသည် အသံလာရာဘက်သို့ ကြည့်လိုက်ကြရာ အပေါ့အလေးသွားရန် ထွက်သွားသော ညီနောင်များထဲမှ တစ်ဦးသည် သူတို့ဆီသို့ ပြေးလာနေသည်ကို မြင်လိုက်ရလေသည်။

သူ၏ အနောက်တွင်တော့ တစ်ခါမှ မမြင်ဖူးသော ကြောက်မက်ဖွယ် သတ္တဝါကြီး တစ်ကောင် ရှိနေခဲ့၏။

သူ ခြေလှမ်းအနည်းငယ်မျှပင် မပြေးရသေးခင်မှာပင် ဧရာမသားရဲကြီးက သူ့ကို ချက်ချင်း ထိုးဖောက်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ကိုယ်အလေးချိန် များစွာ လျော့ကျသွားသကဲ့သို့ ညှိုးနွမ်းသွားခဲ့ လေတော့သည်။ အကယ်၍ အနီးကပ် သေချာကြည့်မည်ဆိုလျှင် သူ၏ မျက်နှာသည် သွေးဆုတ်ကာ ဖြူရော်နေ သည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။

“ဘုရားရေ...ဒီအရာက ဘာကြီးလဲ...။”

“ကြည့်ရတာ...၊ ဧရာမ ခြင်ကြီးတစ်ကောင်နဲ့ တူတယ်...။”

“ဘာ... ခြင်...။ ဒီလောက် ကြီးမားတဲ့ ခြင်တွေလား...။ စိမ့်တော ခြင်ဘီလူးကြီးတွေလား...။”

“ဒဏ္ဍာရီထဲက ခြင်ဘုရင်များလား...။”

“ဘုရားရေ...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ တကယ့်ကို ခြင်ဘုရင်ကြီး ရှိနေတာပဲ...။”

သူ၏ အနောက်ဘက်တွင် အနည်းငယ် ဖရိုဖရဲဖြစ်နေသော တပ်ဖွဲ့ကို သတိထားမိလိုက်သော ယန်ရှိုယီသည် ဒေါသတကြီးဖြင့် ခြေလှမ်းကျဲကြီးများလှမ်းကာ အနောက်သို့ ပြန်လာပြီး သူ၏ လက်အောက်ငယ်သားများကို ဆူပူကြိမ်းမောင်းရန် ပြင်ဆင်လိုက်လေ၏။

အနီးသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဤကြောက်မက်ဖွယ်ကောင်းသော ခြင်ကြီး၏ အပြုအမူကို မြင်တွေ့ လိုက်ရလေသည်။

“ကျစ်... တပ်ဖွဲ့ကို အခုချက်ချင်း စုစည်းလိုက်စမ်း...။”

“တပ်စုအားလုံး သတိ... ငါ့အမိန့်ကို နားထောင်...။ မင်းတို့လူတွေကို ဦးဆောင်ပြီး အမြန်ချီတက်...။ ရှေ့ကို အမြန်တိုးပြီး ဒီနေရာကနေ ထွက်သွားကြ...။ နောက်ချန်ကို ငါ တာဝန်ယူမယ်...။”

“တပ်မှူး...၊ မလုပ်ပါနဲ့...။ ကျွန်တော်တို့ အတူတူ သွားရပါမယ်...။”

“အပိုတွေ ပြောမနေနဲ့...။ ဒီနေရာက သူ့ရဲ့ပိုင်နက်ပဲ...။ ညီနောင်တွေအားလုံး ဒီနေရာမှာ သေမသွားဖို့နဲ့ တစ်ယောက်မှ လွတ်မသွားတာမျိုး မဖြစ်အောင် သတိထားကြ...။ ငါ့မှာ အပြည့်အစုံ ကာကွယ်ပေးနိုင်တဲ့ သံချပ်ကာ ရှိတယ်...။ ငါ တစ်ယောက်တည်းဆို လုံလောက်တယ်...။”

တပ်မှူး တစ်ဦးအနေဖြင့် ယန်ရှိုယီ၏ သံချပ်ကာသည် စစ်သည်များ၏ ရင်အုပ်ကာ သံချပ်ကာ တစ်ချပ်တည်း ထက် ကာကွယ်မှုအပိုင်းတွင် များစွာ ပိုမို စိတ်ချရပေသည်။

စစ်သည်များမှာ အမိန့်ကို နာခံပြီး အလျင်အမြန် ထွက်ခွာသွားရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

ယန်ရှိုယီသည် သူ၏ ဓားကို ဆွဲထုတ်လိုက်ပြီး တစ်ခါမှ မကြုံဖူးသော ဤအစွမ်းထက်သည့် ရန်သူကို ကြည့်ကာ သူ၏ မျက်နှာအမူအရာမှာ လေးနက်သွားခဲ့လေ၏။

ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် ဤခြင်ဘီလူးကြီးတွင် အတောင်ပံများ ရှိနေသဖြင့် အတောင်ပံများကို ဖြန့်ကာ ချီတက်သွားသော တပ်ဖွဲ့ကို အလွယ်တကူ ဆက်လက် လိုက်လံ ဖမ်းဆီးနိုင်ပေသည်။

သို့သော်ငြားလည်း ခြင်ဘီလူးကြီးသည် ယန်ရှိုယီ၏ လုပ်ရပ်များကြောင့် ဒေါသထွက်သွားပုံရပြီး ရှည်လျားသော အော်သံကြီးတစ်ခုကို ပြုလုပ်ကာ သူ့ဆီသို့ ချက်ချင်း ပြေးဝင်လာခဲ့လေသည်။

ဤခြင်ကြီးသည် အစွမ်းထက်သော လင်းယုန်ကြီး တစ်ကောင်ခန့် ကြီးမားလေ၏။ ၎င်းက အတောင်ပံများကို ခတ်လိုက်သောအခါ ဧရာမ အသံကြီးသည် စိမ့်တောထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ အနီးနားရှိ သာမန်ခြင် များသည် ခြင်ဘီလူးကြီး၏ အတောင်ပံများမှ ထွက်ပေါ်လာသော လေတိုက်ခတ်မှုကြောင့် အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားခဲ့ကြလေတော့သည်။

ယန်ရှိုယီ၏ မျက်လုံးများတွင် ခိုင်မာပြတ်သားသော အရိပ်အယောင်များ တောက်ပနေခဲ့၏။ သူသည် အသက် ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဓားရိုးကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

နောက်တစ်ခဏတွင်တော့ ယန်ရှိုယီသည် သူ၏ဓားကို ဝှေ့ယမ်းကာ ခြင်ကြီး၏ ခေါင်းကို ပိုင်းချလိုက်လေ၏။ ဓားရောင်လက်သွားချိန်တွင် ခြင်ကြီးက အလွယ်တကူ ရှောင်တိမ်းသွားခဲ့ပြီး ၎င်း၏ အန္တရာယ်များလှသော နှာမောင်းက ယန်ရှိုယီဆီသို့ ထိုးစိုက်လာခဲ့လေသည်။

ယန်ရှိုယီသည် ရှောင်တိမ်းရန် မြေပြင်ပေါ်တွင် အလျင်အမြန် လိမ့်ချလိုက်ပြီး တစ်ချိန်တည်းမှာပင် ခြင် ဘီလူးကြီး၏ ထက်မြက်သော ပါးစပ်အင်္ဂါများကို ရည်ရွယ်ကာ သူ၏ဓားဖြင့် အလျားလိုက် ပိုင်းဖြတ် လိုက်လေတော့သည်။

All Chapters